Thursday, November 25, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၁၅)

အခန်း (၁၂)

"ဟေ့ ... အစ်ကိုကြီး"
ကျွန်တော့်ပုံးအတွက် ရေငင်ရင်း ကျွန်တော် သူ့အလှတရား ဘာဝနာကို စီးဖြန်းနေစဉ် သူ နောက်တစ်ခေါက် ပြန်လာကာ နောက်မှ ခပ်ဆတ်ဆတ် ခေါ်လိုက်သဖြင့် ကျွန်တော် ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီး ...
"အမယ်လေး ... လန့်လိုက်တာ ပတ်ပတ်ကလူ"
သူ ရေအိုးကို တွင်း နှုတ်ခမ်းပေါ် တင်ပြီး ခေါင်းဖုချရင်း ...
"ကိုကြီး က ဒါတွေ ရှိတယ်၊ ဟိုဟာတွေတော့"

ကျွန်တော်က ဖြတ်၍ ...
"ကိုယ်တို့တောသားတွေက အပေါင်ဆိုင်တော့ မသွားဘူး ဆရာ၊ မကောင်းကျောင်းပို့ပစ်လိုက် တာပဲ"
"အလဲ့ ... ဒါတွေလဲ ရှိသေးတာပဲ"
"ဘုန်းကြီး က လက်မခံလို့ ကျန်နေတာလေ"
သူသည် ခေါင်းဖုစနှင့် သူ့နားထင်က ချွေးစရေစတွေ သုတ်ရင်း ...
"အစ်ကိုကြီး နဲ့ စကားပြောရတာ သိပ်ပျော်တာပဲကွာ၊ ဒီလိုအစ်ကိုကြီးမျိုး အရင်းတစ်ယောက် လောက် ရှိချင်တယ်"

"အရီမှာ အစ်ကိုရင်း မရှိဘူးလား"
"မောင်ရင်းလဲ မရှိဘူး၊ ညီအစ်မရင်းလဲ မရှိဘူး၊ ဘုန်းမယ့်တစ်ကောင်တည်းပဲ"
"ဒါဖြင့် အစ်ကိုကြီး ၀င်စားတစ်ကောင် ခေါ်လာတယ်ဆိုပြီး ကြိုးနဲ့ချည်ဆွဲသွားလေ၊ ကိုယ်က နောက်က အသာ အမြီးကလေးကုပ် လိုက်ခဲ့မယ်"
"ကိုယ့်ကိုယ်က ဒီလိုမပြောပါနဲ့ အာကိုစီးရာ၊ တော်ကြာ ခွေးတွေကြားတော့ စိန်စား သေကုန်ကြလို့ အရပ်ထဲ သူခိုးပူနေပါဦးမယ်"
ကျွန်တော် သဘောကျမိကာ ...
"အဲလို အပြောမျိုးမှ ကြိုက်သကွာ၊ ကာလဆန်ဆန် ခွန်းဝစနာ နှောက်ပါလု့ ဟာသဥာဏ်ဆိုတာ လွမ်းတာပျောက်သတဲ့၊ အဲဒါကြောင့် ညီမလေးရေ ... မင်းနဲ့စကားပြောရတာ ရွာက သားမယား လွမ်းတဲ့စိတ်တောင် ပျောက်သကွယ်၊

ကဲ ... သွား၊ ဟိုမြက်ခင်းကလေးပေါ်မှာ တင်ပျဉ်ခွေကြီး ထိုင်ပြီး လောကကြီးအကြောင်း စဉ်းစား နေချေဦး၊ ကိုကြီး ရေငင် ထည့်လိုက်ဦးမယ်"
"ဟင် ... ဒီတစ်ခါ အရီ့ဟာ အရီ ငင်မယ်လေ၊ အစ်ကိုကြီး သနားပါတယ်"
ရေပုံးကြိုး လှမ်းဆွဲသော သူ့လက်ကို ဖယ်၍ ...
"ခုမှ သနားမနေစမ်းပါနဲ့ သွားပါ၊ လက်ဖ၀ါးတော် နုနု သွေးခြည်တွေ ဥကုန်ပါဦးမယ်"
"မုန်းစိမ်း ... ကိုကြီးလက်ကတော့" ကျွန်တော့်လက်ဖ၀ါးကို ဖြန့်ကိုင်ကြည့်ကာ "ဟင် ... ကျောက်သလင်းခဲလိုပဲ ဖြူပြီး မာနေတာပဲ"
"အလုပ်ကြမ်း လုပ်ရတာကို အရီရဲ့"

"ကိုကြီး ဒီအိမ်မှာ ထင်းလဲပေါက်ရတယ်နော်၊ ဟိုနေ့က မန်ကျည်းတုံးကြီးတွေ လွှနဲ့ဖြတ်နေရတာလဲ မြင်တယ်၊ ဒီအိမ်က လူတွေနဲ့ ဒရိုင်ဘာတွေကတော့ တစ်ယောက်တစ်လှည့် ကိုကြီးကတော့ တစ်ယောက် တည်း ဒိုင်ခံပဲ"
"သူတို့ မြို့သားတွေက ကိုကြီးတို့ တောသားတွေလိုမှ မလုပ်နိုင်တာပဲကွယ်"
"ကိုကြီး ပင်ပန်းတယ်"
"မပင်ပန်းပါဘူး အရီရယ်၊  ကိုကြီးတို့လို လယ်ထဲ နွားနဲ့ ဖက်ရုန်းနေတဲ့ တောသားက ဒီအလုပ် ဗာဟီရ လောက်ကလေးတွေ စာရင်းထဲ ထည့်မသွင်းပါဘူးကွယ်"

သူသည် ကျွန်တော့ လက်မောင်းသား ရင်အုပ်သားများကို ကိုင်ကြည့်ကာ ...
"ဟင် ... ကိုကြီးအသားတွေဟာ ကျောက်ခဲလို မာနေတာပဲ၊ အစ်ကိုကြီး သိပ်သန်တယ်နော်"
"မြို့က မောင်ဘွဲ့ရတဲ့ လူတွေလောက်တော့ မသန်ပါဘူးကွယ်"

"အမယ် ... အလကား ဒီကောင်ကြီးတွေ သန်တာမှတ်လို့၊ သူတို့ အလေးမ ကျင့်နေလို့ အလေးသာ မ နိုင်တာ၊ ဒီ့ပြင် နေရာ ဘာအသုံးဝင်သလဲ၊ အစ်ကိုကြီးလို ထင်းတစ်တုံးကို ဖြစ်အောင်ပေါက်နိုင် တာ မဟုတ်ဘူး၊ တချို့ ရှိသေးတယ်၊ ၀ိတ်ကလေးမ၊ ကိုယ်အလှလေးပြင်၊ အလုပ်တော့ ဘာမှ မလုပ်ဘဲနဲ့ ယောက်ျားတန်မဲ့နဲ့ အမောက်ကြီး တစ်မိုက်လောက် မြင့်အောင်ထောင်ပြီး စွပ်ကျယ် လက်ပြတ်နဲ့ လမ်းလျှောက် လျှောက်ရှိုးပေးနေတာ အရီ တယ်သောက်မြင်ကတ်တယ်၊ အဲဒီလို ကောင် တစ်ယောက်က တစ်ခါ အရီကို လာပြီး လူပျို စကားပြောတယ်၊ ဒါနဲ့ ရှင့်လိုလူကို ကျွန်မက မိန်းမလျာလောက်မှ မလေးစား ဘူး" လို့ ပြောလိုက်တယ်"
"ဟင် ... အရီကလဲ"

"ဟုတ်တယ်၊ တကယ်ပဲ မိဘ ပြည့်ပြည့်စုံစုံ ရှိတာနဲ့ ဘာအလုပ်မှ မလုပ်ဘဲ ဒီလိုကိုယ်အလှသ နေတဲ့ လူတော့ မိန်းမလျာလောက်မှ မလေးစားတာ အမှန်ပဲ၊ ဘာကြောင့်လဲဆိုရင် မိန်းမလျာက အလုပ်လုပ်တယ်၊ သူ တို့ကို ရှာကျွေးမယ့်လူလဲ မရှိဘူး၊ သူတို့ ရေသီနားခိုးပြီး ညာစားနေတဲ့ ယောက်ျားတွေတောင် ရှိသေးတယ်၊ ဒီကောင်မျိုးတွေက လူအောက်တန်းစားတွေ၊ လောကရဲ့ အလှေးအမွှားတွေ၊ အရီက အလုပ် လုပ်တဲ့ လူကိုမှ လေးစားတယ်၊ ကြည်ညိုတယ်၊ ချစ်တယ်၊ အရီ ကိုယ်တိုင်လဲ အလုပ်လုပ်တယ်၊ ကိုယ်တတ် တဲ့ ပညာကလေးနဲ့ တောရွာတစ်ရွာသွားပြီး စေတနာ့ ၀န်ထမ်းကျောင်းဆရာမကလေး လုပ်နေချင်တာ"

"ဟောဒီ အမေ ဈေးရောင်းတာမှာ ကိုယ်ခွဲက မရှိ၊ နေ့စဉ် ထမင်းချက်ရတာနဲ့ ဈေးထဲသွားပို့ရတာနဲ့ ရေခပ်ရတာနဲ့ ပြီးနေတာပဲ၊ အဲ ... ကျန်တဲ့အချိန်ကလေး စာဖတ်ရရဲ့"
"ဒါဖြင့် အရီက ဈေးရောင်းပါလားကွာ"
"အမယ်လေး ... အရီ ဈေးရောင်းလို့ မဖြစ်ဘူး၊ တစ်ခါက မအေက အိမ်မှာ ထမင်းချက်၊ သမီးချော ဆိုင်ခုံပေါ်တင်ရင် ပိုရောင်းရမှာပဲ ပြောကြတာနဲ့ အမေက ဆိုင်ပေါ်ထိုင်ခိုင်းတယ်လေ"
"နို့ ... ပိုမရောင်းရဘူးလား"
"ဟာ ... ရောင်းလိုက်ရတဲ့ဖြစ်ခြင်း မပြောနဲ့တော့၊ နှစ်ရက်လောက် ကြာတယ်၊ အမေက ကဲ ... ညည်းလုပ်ပုံနဲ ဆို ငါအရင်းပြုတ်တော့မှာပဲ ဆိုပြီး တောင်းပန် ယူရတယ်"
"ဟင် ... ဘာဖြစ်လို့လဲ"

"ဘာဖြစ်လို့လဲဆို အရီက တောကလူတွေ မြင်ရင် တယ်သနားတာပဲ၊ သူတို့ဆစ်သမျှ ဈေးပေးလိုက် တာနဲ့ အဆစ်တွေ အပိုတွေ ပေးလိုက်တာနဲ့ အမေ ထမင်းပို့လာရင်း မြင်တော့ မျက်ဖြူဆိုက်သွား တာပေါ့၊ ဒါနဲ့ အမေရယ် သမီးနဲ့ ဒီအလုပ်နဲ့ မဖြစ်ပါဘူး၊ သမီးမှာ ကုန်သည် ဈေးသည်စိတ် မရှိ တော့ဘူး၊ အိမ်မှာ ထမင်းချက် ပါရစေတော့လို့ ပြောရတယ်"
"ဟုတ်တယ် ဦးလေးတက်ပု၊ ဟင် ... အစ်ကိုကြီး၊ အရီလေ တောက လူတွေမြင်ရင် သိပ်သနား တာပဲ၊ တောသားတွေဟာ မြို့သားတွေကို လုပ်ကျွေးနေရတာပဲ"
"ဟင် ... ဘယ်လို လုပ်ကျွေနေရတာလဲ"

"ကြည့်ပါလား၊ မြို့သူမြို့သားတွေ စားနေတဲ့ အာဟာရတွေနဲ့ အ၀တ်အစားတွေဟာ တောက ထွက်တဲ့ စပါး တွေကြောင့် ဖြစ်နေတာ မဟုတ်လား၊ မြို့သားက  စပါးလုံးစေ့ မြေက ထွက်အောင် လုပ်နိုင်တာ မဟုတ်ဘူး၊ တောသားလုပ်စာ မြို့သားစားနေတာကို မနာလိုလို့ မဟုတ်ပါဘူး၊ ကိုယ့်ဆိုင်ရာဆိုင်ရာ  လုပ်ငန်းနဲ့ တတ်နိုင်သလောက် တစ်နေ့လုပ်အားကို စိုက်ထုတ်ရတာချည်းပါ ပဲ၊ သို့သော်လဲ ၀တ်ရစားရတာခြင်း မညီမျှ လို့ ပြောတာပါ၊ မြို့မှာဆိုရှု အဖျင်းဆုံး ဈေးထဲ ကုန်စိမ်းသည်မ တစ်ယောက်ဟာ အ၀တ်လတ်လတ်ကလေး ၀တ်နိုင်တယ်၊ မနက်နေ့ခင်း လက်ဖက်ရည်အချို ၀ယ်သောက်နိုင်တယ်၊ ယင်းကလေးတစ်ခွက် နှစ်ခွက် မြိုးမြိုး မြက်မြက် ချက်စားနိုင်တယ်၊ တောကလူတွေ ဘယ်လို ၀တ်ရ စားရသလဲဆိုတာတော့ ကိုကြီးအသိ"

"အင်း ... တို့တောက လူတွေမတော့ အ၀တ်ဆိုရင် ယောက်ျားက ကျောပြင်၊ မိန်းမက ထဘီရင်လျား၊ အစား ကျတော့ ငါးပိချက်နဲ့ တို့စရာ စားရတာများ ဆယ်အိမ်မှာ ကိုးအိမ်လောက်က ငါးပိရည်အဖျော် မှန်မှန်မပါဘူး၊ ငရုတ်သီး ကြက်သွန်လေး ထောင်းဖျော်ရတာမှ အနိုင်နိုင်၊ တစ်ခါ တစ်ရံ ဟင်းရည်သောက်ကလေးများ ငါးကျည်းခြောက် ပုစွန်ခြောက် ခတ်နိုင်လို့ရှိမှ ဒီအခတ် ကလေး ပြန်ဆယ်လို့ ထောင်းပြီး ငါးနဲ့ရည် ဖျော်ရတယ်၊ ဒီနေ့မျိုးကျတော့ ကိုကြီးတို့ တယ်မြိန်သ ဟေ့၊ ညီမလေးနှယ် ပြောပြောချင်ပါဘူး၊ လူ့ဘုံခန်းဝါ၊ ရောက်ခဲ့ တာမှာ၊ ချမ်းသာသုခ ပြည့်စုံလှပါပ ကောလို့ အောက်မေ့လိုက်မိတယ်၊ ဒီလိုသာ ရက်ဆက် စားနေရရင်ဖြင့် သေပျော်ပါပြီလို့"

"ကိုကြီးတို့ရွာမှာ
ဘာဘာတွေပေါ့
ပင်ပင်နီ ချောရယ်နဲပ
ယောထဘီ ... ယောထဘီ
"အဲဒါ ဟိုခေတ်က ဟုတ်ခဲ့တယ် ညီမလေးရဲ့၊ အခုတော့လေ ...
"ကိုကြီးတို့ရွာမှာ
ဘာဘာတွေပေါ
ကျောပြင်ယောက်ျားရယ်နဲ့
ထဘီရင်လျားပါတဲ့ မိန်းမတွေ ... မိန်းမတွေ
ငါးပိရည်လေ အဖျော်ကင်းရယ်နဲ့
ထမင်းကိုဗျ အတင်းမျိုလို့ သွင်းရတယ်
ဆင်းရဲလှတယ်လေး။

မြို့သူတို့ဘာဘာ ကော်ဖီရည်တွေ သောက်ကြတော့ ကိုကြီးတို့ရွာမှာ ဘာဘာတွေ သောက်သလဲ
လက်ဖက်ခြောက်ကြမ်းရယ်နဲ့ အဖန်ရည် အဖန်ရည် မြန်မြန်လေကွယ် ပူပူကို ကျိုက်လိုက်ပါ မှ ၀မ်းဗိုက်ပြည့်သမို့ အလုပ်ခွင်ကို
တမုစ်ဟုတ်လျှင် မဆုတ်ပင် ဆင်းနိုင်တော့တယ်လေး ...
"ကိုကြီး ... အဲဒီအတိုင်းပဲ ညည်းချင်းကလေးတွေ စပ်ဖူးတယ် ... ညီမလေးရယ်၊ ကိုကြီးက ရေးသာ ရေး တတ်တယ်၊ အဆိုတော့ မကျဘူး"

"အဆိုမကျပေမယ့် စကားလုံး အဓိပ္ပာယ်နဲ့ပဲ အရီတော့ ရင်စို့လာပါတယ် ကိုကြီးရယ်၊ ဒါပြည့်သူ ကဗျာ ခေါ်လောက်ပါတယ်" ပြောပြီး သူသည် မျက်နှာထားတင်း၍ အံကလေးကြိတ်ကာ "ဟင်း ... ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရတဲ့ တောသူတောင်သားတွေ တိုင်းပြည်ရဲ့ အသက်သခင် ကျေးဇူးရှင်တွေ ဒီမျှ ဆင်းရဲတာကို ကိုကြီးတို့က "ကံပဲ ... ကံပဲ" လို့သာည ချနေကြတော့မှာလား ဟင်၊ အကြောင်း မရှာကြ တော့ဘူးလား၊ တောသား၊ မြို့သား၊ အများလူထု၊ မျှမျှတတ၊ တင့်တောင့် တင့်တယ်၊ ဖူဖူလုံလုံ၊ ပြည့်ပြည့်စုံစုံ စားကြ ဖို့ ပစ္စည်းတွေ ဘယ်ရောက်ကုန်သလဲ၊ ဘယ်မှာ သွားစု နေသလဲ ... ဟင်၊ ကိုကြီး သိပြီလား ...

အရင်းရှင် ဒီစနစ်ဟာဖြင့်
အမြစ်ပါ မပြိုပျက်ရင်တော့
ခက်ပါလိမ့် ဤကမ္ဘာ မသာဘူ့ လူဘုံခန်းလို့ အရီ ဟိုနေ့က ဆိုသွားတဲ့ အတိုင်းပဲ ကိုကြီးရေ"
"ဒါဖြင့် ... ဒီအရင်းရှင်စနစ်ကြီးက ဘယ်တော့ ပျက်ပါ့မလဲ ... ညီမလေးရယ်"
"မကြာဘူး ... အစ်ကိုကြီးရေ့၊ အားမငယ်နဲ့ သိလား၊ ရီရီ ရဲဘော်တွေ ရှိတယ်၊ သူတို့အကြံ အောင်လို့ တမာန်ထောင်တော့ သိကြမှာပေါ့ ... အစ်ကိုကြီးရယ်"
"ဟင် ... ရီရီ မျက်ရည်တွေ စို့လို့ပါလား"

"စို့တယ် ... စို့တယ်၊ ဒါတွေ တွေးမိတိုင်း မချိဘူး၊ ဒီတောသူတောင်သားနဲ့ မြို့နေလူတန်းစားတွေ ပညာရေး၊ ၀တ်ရေး၊ စာရေးရော ဘယ်တော့မှ မျှမျှတတ ဖြစ်ကြပါ့မလဲဟင်၊ တောသူတောင်သား အများလူထု ချောင်ချောင်ချိချိရှိမှ သာသနာ ဘာသာ ထွန်းကားမှာပေါ့၊ ခုတော့ ကိုကြီးတို့ တောသားတွေမှာ ဥပုသ်စောင့်ချင်လို့မှ မစောင့်နိုင်ဘူး၊ ဘုန်းကြီးက တစ်လတစ်ကြိမ် မစောင့် မနေရဆိုတဲ့ အမိန့်တောင် ထုတ်ယူရတယ်၊ ၀မ်းရေး မတောင့်တော့ အကုသိုလ်စရိုက်တွေကို ပြုကြ ရတယ်၊ လောကမှာ ဘယ်သူ လူဆိုး ဖြစ်ချင်မလဲ၊ လူကောင်းဖြစ်ချင်တာချည့်ပေါ့၊ သို့သော် မဟုတ်ဘူးလား ကိုကြီး"
 
"သာသနာတာ ထွန်းကာတယ်ဆိုတာ ဘယ်လိုလဲ၊ ပစ္စည်းရှိတဲ့ လူတစ်ဦးတစ်ယောက်က မိမိနှစ်လို တဲ့ ဘုန်းကြီးတစ်ပါးကို ပုဂ္ဂလိက ရွှေကျောင်းကြီး ဆောက်ပေးတာ မလိုချင်ဘူး၊ အများ သံဃိက ပစ္စည်းနဲ့ သိဃိကကျောင်းဆောက်တာမှ လိုချင်တယ်၊ အာဏာပါဝါရှိတိုင်း ဘုရားစေတီတွေ အပွား ခတ် နေတာဟာလဲ သာသနာဘာသာ ထွန်းကားတာ မဟုတ်ပါဘူး၊ ဘုန်းကြီးတွေ ဆုလာဘ်ပေးပြီး စာတွေ အတင်းနင်းကျက်ခိုင်းနေတာကကော ဘာအဓိပ္ပာယ်လဲ။

"ဘုန်းကြီးတွေက စာတတ်ပြီး လူတေါက မဆည်းကပ်နိုင်တော့ ဘာအကြောင်းထူးမှာလဲ၊ ဒီဘုန်းကြီး စာကျက်ကောင်း လို့ ဗိုက်ထဲ စာတွေဖောင်းပြီး တစ်နေ့ ပျံတော်မူတော့ လူတွေက သူ့ဗိုက်ခွဲပြီး စာတွေ ဝေယူ ရမှာတဲ့လား" သူ့လက်သီးကလေး ကျစ်ကျစ်ဆုပ်ကာ "အမျိုးကို ချစ်စမ်းပါ၊ ဘာသာရင်းကို သိစမ်းပါ၊ တောသူတောင်သား တွေကို ၀တ်နေကြတဲ့ နိုင်လွန်တွေဟာ ဆင်းရဲသားတွေ လုပ်အားက ဖြစ်တာ မဟုတ် လို့ ဘယ်ရွှံ့စေး နဲ့ လုပ်တာတဲ့လဲ" ပြောရင်းပြောရင်း သူ့မျက်စိမှာ မျက်ရည်တွေ ၀ိုင်းဝိုင်းလည်လာပြီး "ဟင် ... အားတန်ကာ မာန်နဲ့ တင်းရသော်လဲ မိန်းကလေးမို့မျက်ရည်စို့မိတယ် ကိုကြီးရယ်၊ ရီရီ မျက်ရည်တွေကို သုတ် ပေးစမ်းပါ ကိုကြီးရယ်၊ ကိုကြီး လို လယ်သမားရဲ့ လက်ဖ၀ါးနဲမှ ရီရီပါးက မျက်ရည်သုတ်ပေးတာ ခံချင် လှပါတယ်"

ဆက်ရန်
.

No comments: