Wednesday, November 10, 2010

ပန်းသတင်း (နိုဝင်ဘာ ၁ဝ)

ပြင်ဦးလွင်စံ သက်တော်ရှည်မင်းသားကြီး
စာရေးသူ - မောင်သန်းဆွေ (ထားဝယ်)

    သီပေါမင်းတရားနှင့် အရှင်နန်းမတော်ဘုရား (စုဘုရားလတ်)တို့၏ စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ် ဘုရားကလေး နှင့် မြောက်သားတော် ကိုကိုနိုင်တို့တွင် သားတော်၊ သမီးတော် ခြောက်ပါး ထွန်းကားသည်။ တော်ဘုရားကြီး၊ ထိပ်စုဘုရားကြီး၊ တော်ဘုရား၊ တော်ဘုရားငယ်၊ တော်ဘုရားကလေးနှင့် ထိပ်စုဘုရားထွေး တို့ ဖြစ်ကြပါသည်။ တော်ဘုရားသည် တတိယမြောက် ဖွားမြင်သော သားတော်ဖြစ်သည်။ ယခုအခါ သီပေါမင်းတရား ၏ မြေးတော်များဆို၍ ထိပ်ဘုရားကြီးနှင့် တော်ဘုရားတို့ မောင်နှမနှစ်ယောက်သာ ကျန်တော့ သည်။

    စာရေးသူသည် တော်ဘုရား၏ ညီတော်၊ တော်ဘုရားကလေးနှင့် ခင်မင်ရင်းနှီးသော်လည်း တော်ဘုရား နှင့် ကား မသိကျွမ်းသေးပါ။ တော်ဘုရားကလေးကလည်း မိတ်ဆက်စာ ရေးမပေးပါ။ စာရေးသူကလည်း သူတို့ မောင်နှမများ ၏ အထာကို သိ၍ မရေးခိုင်းခဲ့ပါ။ တော်ဘုရားနှင့် ကိုယ်တိုင်ပင် သွား၍ မိတ်ဆက် ခဲ့ရ ပါသည်။ တော်ဘုရားနေသည့် အိမ်တော်ကို ရှာ၍လွယ်သည်။ ပြင်ဦးလွင်မြို့၊ သစ်တောလမ်းမှ တရုတ်ဘုရား ကျောင်း ရှေ့တွင် ဖြစ်၏။ ပြင်ဦးလွင်မှ တရုတ်ဘုရားကျောင်းကျောင်းသည် ပြင်ဦးလွင်ကို အလည် လာသည့် ဧည့်သည်များတိုင်း လာရောက်ကြရသည့် နေရာတစ်ခုဖြစ်နေရာ အလွန်စည်ကား ပါသည်။ ထိုတရုတ်ဘုရားကျောင်းရှေ့မှ ကိုလိုနီခေတ် ပုံစံ အိမ်နီကြီးကို မြင်ဖူးသော်လည်း သီပေါမင်း မြေးတော်များ နေသည့် အိမ်တော်ဟု အစက မသိသေးပါ။ ဒေါ်ဒေါ်မာညွှန်လိုက်မှသာ သိရခြင်းဖြစ်ပါသည်။

တော်ဘုရားအိမ်တော် သို့ ပထမဆုံးရောက်သွားသည့်အခေါက်ကို မှတ်မိနေပါသေးသည်။ တရုတ်ဘုရား ကျောင်း ရှေ့ မှ ညွှန်လိုက်သည့် အိမ်ဝင်းအတွင်းသိုက ကားဝင်သွားသောအခါ ခွေးများက ဆီး၍ ဟောင်သည် အိမ်ဝင်းကြီးသည် (၃)ဧကမျှ ကျယ်ဝန်းပုံရသည်။ ခွေးများကြောင့် ကားပေါ် မှ မဆင်းရဲပါ။ ဧည့်သည် လာကြောင်း သိအောင် ဟွန်းလည်း မတီးရဲပါ။ တစ်ခါမျှ မသိကျွမ်းရသေးသည့်အိမ်ရှင်အား အနှောင့် အယှက် မပေးလို၍ဖြစ်သည်။ ကားသံကြား၍ထင်ပါသည်။ အမျိုးသမီးတစ်ယောက်ထွက်လာ၏။ (နောက်မှ သိရသည်မှာ  ထိုအမျိုးသမီးသည် တော်ဘုရား၏ သမီးတော် စုဘရားလေးဖြစ်သည်။) ထိုအမျိုးသမီး က မည်သူ့ကို တွေ့ချင်ကြောင်းမေး၍ တော်ဘုရားနှင့် တွေ့ချင်ကြောင်း ပြောလိုက်ရာ ခွေးများ ကို နှင်ပစ်လိုက်ပြီး စာရေးသူအား အိမ်အတွင်းသို့ ယဉ်ကျေးသိမ်မွေ့စွာ ဖိတ်ခေါ်ပါသည်။ ထိုအခါ မှ ကားပေါ်က ဆင်းရဲသည်။ အုတ်လှေကားအထစ် နှစ်ထစ် ခန့်တက်သွားပြီး အောက်ထပ် ၀ရန်တာ ရောက်မှ ဧည့်ခန်းတံခါးကို ဖွင့်ပေးသဖြင့် ဧည့်ခန်းအတွင်း၌ ၀င်ထိုင်လိုက်ပါသည်။

ဧည့်ခန်းမှာ (၁၂)ပေ ပတ်လည်ခန့်ရှိမည်ဟု ထင်ပါသည်။ ကြိမ်ထိုးထားသော သစ်သား ဆက်တီများ ခင်းထားသည်။ အိမ်ကြီးကို ပြင်ဦးလွင်မှ အိမ်များ စတိုင်အတိုင်း မီးလင်းဖိုနှင့်ဖြစ်၏ မီးလင်းဖိုအပေါ် နံရံ၌ အရှင်နှစ်ပါး ပုံတော်ကို ရွှေချထားသည့် ကနုတ်ပန်းပေါင်ကြီးဖြင့် ချိတ်ဆွဲထားသည်။ (နောက်မှ သိရသည်မှာ ဤပုံတော်သည် ရန်ကုန်၌ သီပေကော်မရှင် ဆင်ဒီကိတ် လုပ်စဉ်က ရုံးခန်း၌ ချိတ်ဆွဲထားသည့်ပုံဟု ဆိုသည်) အခြားနံရံများတွင်လည်း တော်ဘုရားတို့၏ မိသားစုပုံများကို မှန်ဘောင်သွင်း၍ ချိတ်ဆွဲ ထား ပါသည်။

    မကြာမီပင် အရိုးအရပ်မြင့်မြင့်၊ ဒေါက်ကောင်းကောင်း၊ အသားဖြူဖြူ၊ ဥပဓိရုပ် ကျက်သရေရှိလှသော တော်ဘုရားကို မြင်ရပါသည်။
    "ဘာကိစ္စရှိလို့ပါလဲ"
    ဟု မေးသဖြင့် စာရေးသူ မည်သူမည်ဝါဖြစ်ကြောင်း ကိုယ့်ဟာကို မိတ်ဆက်ရသည်။ ထို့နောက် စာရေးသူ သုတေသနပြုနေသည့် 'ကုန်းဘောင်အလွန်'အကြောင်းကို ပြောပြကာ သီပေါမင်းတရား အနွယ်တော်များ အခန်း အတွက် လာတွေ့ရပါကြောင်း ရိုရိုသေသေ ပြောရပါသည်။

ရည်မွန်ဖော်ရွေလှစွာသော အပြုံးရောင်သမ်းနေသည့် နှုတ်ခမ်းမှ-
    "သြော်... အိမ်က သမီးလေး ကျောင်းက ငှားလာတဲ့စာအုပ်တွေထဲမှာ ခင်ဗျားရေးတဲ့ စာတွေကို ဖတ်ရဖူးပါတယ်၊ သိချင်တာမေးပါ"
    ဟု ဖွင့်ဟပြောဆိုပါသည်။ ထိုစဉ်က  တန်းပြီး ကိုယ်မေးချင်းသည်များကို ယခုခေတ် 'ဗျူး' သည်ဆိုသည့် စကား အတိုင်း မမေးခဲ့ပါ။ တစ်ဦးနှင့် တစ်ဦး ရင်းနှီးအောင် မိတ်ဆက်သည့် သဘောဖြင့် အာလာပ သလ္လာပ စကားများကိုသာ ပြောဆိုခဲ့ကြပါသည်။

    ပထမဆုံးတော်ဘုရားနှင့် တွေ့ဆုံမှုသည် ဤမျှလောက်သာဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက်လည်း ခင်မင်ရင်းနှီးသွားကြပါသည်။ စာရေးသူက နှစ်စဉ်သြဂုတ်လ၌ မန္တလေးသို့ လာတတ်ကြောင်း ပြောပြ၍ ရောက်သည့်အခါတိုင်း လာလည်ရန်လည်း ဖိတ်ခေါ်ပါသည်။ စာရေးသူသည် တစ်ခါတစ်ရံ၊ တစ်နှစ်အတွင်း မန္တလေးသိက နှစ်ခေါက် သုံးခေါက်လည်း ရောက်တတ်သည် ရောက်သည့်အခါတိုင်းလည်း ပြင်ဦးလွင်သို့ တက်၍ တော်ဘုရားနှင့် တွေ့ဆုံတတ်ပါသည်။ ယခုဆိုလျှင် စာရေးသူတို့နှစ်ယောက် တွေ့ဆုံခြင်းမှာ အနှစ်(၂၀) ခန့်ပင်ရှိသွားပြီ။ တစ်ခါတစ်ရံ စာရေးနေရင်း လိုသည့်အချက်အလက်များရှိလျှင် တော်ဘုရားထံ စာရေး ၍ မေးရသည်။ တော်ဘုရားက စာရေးလျှင် သူ့အမည်ကို 'ဦးထွဏ်းအောင်'ဟု ရေးစေသည်။ သာမာန် အရပ်အမည်ဖြင့်ပင် စာဆက်သွယ်ရန် ကောင်းကြောင်း ပြောပြသည်။ ၍အမည်မှာ သူ၏ ဇာတာ အမည်ဖြစ်၏။

    တော်ဘုရားကလည်း သူသိလိုသည့် အချက်အလက်များကို ထားဝယ်သို့ စာလှမ်းရေး၍ မေးလေ့ရှိသည်။ သို့ကြောင့် စာရေးသူ၏ ဖိုင်များထဲတွင် 'တ်ာဘုရားထံမှပေးစာ ပြန်စာများ'ဟူသော ဖိုင်တစ်ဖိုင် တိုးလာ ပါသည်။ ကြားရက်များတွင် သူ့ထံ ရောက်သွားသောအခါ တအံ့တသြဖြစ်နေတတ်သည်။ ပုံမှန်ရောက်သည့် သြဂုတ်လများတွင် ရောက်မည့်ရက်၌ မရောက်က မျှော်နေတတ်သည်ဟု ဆို ၏။ တစ်ခါတစ်၇ံ ထိုရက်ပတ်ဝန်းကျင်၌ မန္တလေးသိ့ ဆင်း၍ ဆေးစစ်ရန်ရှိလျှင် လာသော်လွဲနေမည်စိုး၍ စာရေးသူထံ ကြိုတင် စာရေးတတ်သည်။

တစ်ခါက မန္တလေးမှ စာရေးသူနှင့် အလွန်ခင်မင်သည့် စာရေးဆရာ စိုးနိုင် (မန္တလေးတက္ကသိုလ်)က လိုက်ချင်မည်ပြော၍ တော်ဘုရားအိမ်သို့ ခေါ်သွားပါသည်။ ထိုစဉ်က ဒေါ်ဒေါ်မာကလည်း ပြင်ဦးလွင် တွင်ရှိ၍ ဆရာစိုးနိုင်နှင့် ဒေါ်ဒေါ်မာအိမ်သို့လည်း ရောက်ပါသည်။ တော်ဘုရားနှင့် စာရေးသူတို့ အမေး အဖြေ လုပ်နေသည့် အချိန်တွင် နားထောင်နေသော ဆရာစိုးနိုင်သည် ပြန်လာသောအခါ ကားပေါ်၌-
    "ဆရာဗျူးနေပုံမျိုး၊ ဘယ်သူမှ မလုပ်နိုင်ဘူး ဆရာ၊ ဒီလိုလုပ်တာ ဘယ်နှနှစ်ရှိပြီလဲ"
    ဟု မေးပါသည်။
    "ကြာလှ ပေါ့ ဆရာရယ်၊ သူတို့ကို ဗျူးရတာက ရုပ်ရှင်မင်းသား၊ မင်းသမီးများကို ဗျူးရသလို တရစပ် မေးလို့ ရတာ မဟုတ်ဘူး။ သူတို့အကြောင်းကိုလည်း ကိုယ်က သိသင့်တာတွေကကို ကျေညက်အောင် သိထား ရတယ်။ အဲဒီထဲကမှ မရှင်းမလင်းတာတွေကို ထပ်မေးရတယ် မသိတာတွေကိုလည်း တဖြည်းဖြည်း မေးရ သေးတယ်။ တစ်ခါတလေ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး အစတစ်စပေါ်လာ၇င် စိတ်ရှည် လက်ရှည် နဲ့ အဲဒီအစကို တဖြည်းဖြည်းဆွဲပြီး မေးရတယ်။ တစ်ခါတစ်လေ မမျှော်လင့်တဲ့ အကြောင်းအရာ သစ်တွေ သိခဲ့ရတယ်။ တစ်ခါလေတော့လည်း အစပြတ်သွားပြန်ပါရော"

    ဟုဆရာစိုးနိုင်ကို ဖြေလိုက်ရသည်။ တော်ဘုရားအိမိသို့ သွားတိုင်း အခြားအိမ်သူအိမ်သားများကို မတွေ့ရပါ။ ဧည့်ခန်းတွင်းသို့လည်း ၀င်၍ မလာတတ်ပါ။ တော်ဘုရား၏သမီး စုဘုရားလေးတစ်ယောက်သာ ကော်ဖီ နှင့် မုန်းများ လာချတတ်ပါသည်။ စာရေးသူပြနှ်လျှင် ကားနားအထိ တော်ဘုရားက ပြန်ပို့ တတ်သည်။
    "နောက်နှစ်မျှော်နေမယ်နော်"
    ဟူ၍လည်း ပြောတတ်သည်။ ဒီအကြောင်းများကို ရန်ကုန်မှ တော်တော်(တော်ဘုရားလေး)အိမ်၌ ပြောပြသော အခါ ဒေါ်လေးမေက -
" အမယ်လေး ကိုသန်းဆွေရယ်၊ ဒါ ရှင့်ကို အင်မတန်ခင်မင်လို့ပေါ့ " ဟု ပြောပြပါသည်။

ရန်ကုန်မှ တော်တော် (တော်ဘုရားကလေး) အိမ်နှင့် ပြင်ဦးလွင်မှ တော်ဘုရားတို့အိမ်ချင်း နေမှု၊ ထိုင်မှု စနစ် မှာ မတူပါ။ တော်တော်တို့အိမ်၌ နေကြသည်က အရပ်ဆန်ပါသည်။ ၀င်ထွက်နေသည့် ဧည့်များ ကလည်း စာရေးဆရာများနှင့်နိုင်ငံရေးသမားများသာ ဖြစ်သည်။ ပြင်ဦးလွင်မှ တော်ဘုရား တို့အိမ်တော်သို့ တော်ရုံ တန်ရုံ လူများဝင်ထွက်လေ့မရှိပါ။ အနေအထိုင်၊ အပြောအဆိုကလည်း ထီးဟန်။ နန်းဟန်အပြည့် ရှိနေ သေးသည်။ တော်ဘုရား၏ အိမ်သူမှာလည်း သီပေါမင်းဖြစ်နေ၍ တစ်ကြောင်း၊ တတိယ သမီးတော်ကြီး နှင့်လည်း နှစ်ပေါင်းများစွာ အတူနေခဲ့ကြ၍တစ်ကြောင်း၊ ဖြစ်မည်ဟု ထင်ပါသည်။ တော်ဘုရား နှင့် ထိပ်စုကြီးဘုရားတို့။ မောင်နှမတစ်ဝမ်းကွဲချင်း၊ မောင် လည်နှမလည် လက်ဆက် ထားသည့် အကြောင်းကို " ရတနာဂီရိနိဒါန်းလ မှ မှာတော်မူသည့် အတိုင်းပါဘုရား " အခန်းတွင် ရေးသား ဖော်ပြထားပြီး ဖြစ်သည်။

တော်ဘုရား နှင့် ထိပ်စုကြီးဘုရားတို့မောင်နှ့တွင် သားတော်၊ သမီးတော် (၆)ပါး ထွန်းကားသည်။ တော်ဘုရားမြတ်ကြီး (Richard)၊ တော်ဘုရားမြတ် (David)၊ တော်ဘုရားမြတ်အေး (Joseph)၊ စုဘုရားလေး (Anne Marie)။ တော်ဘုရားမြတ်သိုက် (Paul)နှင့် စုဘုရားနိုင် (Rose Marie) တို့ ဖြစ် သည်။ သူတို့တွင် သာမန်အရပ်နာမည်များလည်း မှည့်ထားသည်။ တော်ဘုရားမြတ်အမည်က ကိုမြတ်၊ တော်ဘုရားမြတ်အေး အမည် က ဦးမြတ်အေး၊ စုဘုရားလေးအမည်က လေးလေးမြတ်၊ တော်ဘုရားမြတ်သိုက် အမည်က ဦးမြတ်သိုက်၊ စုဘုရားနိုင်အမည်က နိုင်နိုင်ဝင်းဟု ဖြစ်ကြသည်။

တော်ဘုရားမြတ်ကြီးသည် Marine Engineer ဖြစ်၍ သင်္ဘောလိုက်နေသည်။ တော်ဘုရားမြတ်က ဗန်းမော် မှ ရဲမှူးဖြစ်သည်။ ယခု အငြိမ်းစားယူသွားပြီ။ တော်ဘုရားမြတ်အေးက ဗြိတိသျှသံရုံးတွင် လုံခြုံရေး အရာရှိ ဖြစ်သည်။ စုဘုရားလေးက အိမ်ထောင်ရှင်ဖြစ်၍ အလုပ်မလုပ်ပါ။ သူ၏ခင်ပွန်း ဦးအောင်သူရှိန်သည် သစ်ထုတ်လုပ်ရေးမှ အရာရှိဖြစ်သည်။ ယခု ကွယ်လွန်ရှာပြီ။ တော်ဘုရားမြတ်သိုက်က သစ်ထုတ်လုပ်ရေး မှာလုပ်သည်။ စုဘုရားနိုင်မှာ ပြင်ဦးလွင် အထက(၁)၌ အင်္ဂလိပ်စာ သင်သော ဆရာမဖြစ်သည်။ သူတို့ အသီးသီး စုဘုရားနိုင်မှာလွဲ၍ အိမ်ထောင်နှင့် ဖြစ်ကြသည်။ တော်ဘုရားမြတ်ကြီးသည် သူ၏ အရီးလေး ဘုရား၊ ထိပ်စုဘုရားထွေးနှင့် ပြန်၍ လက်ဆက်သဖြင့် သားကိုအောင်ခိုင်ကို မွေးသည်။ တစ်ခါက တော်ဘုရား သည် သူငယ်စဉ်မှ အကြောင်းကို စိတ်လိုလိုက်ရ ပြောပြပါသည်။

" တော်ဘုရားတို့ ငယ်ငယ်က အခြေတကျ မနေရပါဘူး၊ ဟိုပြောင်းဒီပြောင်းနဲ့ နေခဲ့ရတယ်။ ပထမ ရန်ကုန်မှာနေတယ်။ နောက် မန္တလေး ပြောင်းပြီးနေရတယ်၊ မန္တလေးကနေ မော်လမြိုင်ပြောင်းပြန်ရ ပါရော၊ မော်လမြိုင် မှာ (၃)နှစ်လောက်နေပြီး အရှင်ဘုရား (သူ၏မယ်တော်ကို ဆိုလိုသည်) ကံကောင်းကုန်တော့ မော်လမြိုင် ကနေ ရန်ကုန်ပြန်ပြောင်းရတယ်။ အဲဒီတော့ တော်ဘုရားအသက် (၁၂)နှစ်လောက်ရှိပြီ။ မော်လမြိုင်မှာ(၁၀)နှစ်လောက်နေခဲ့ရတယ်။ ငယ်ငယ်က ဟိုပြောင်းဒီပြောင်းပြီး နေရတော့ ကျောင်းလည်း အမျိုးမျိုး ပြောင်းနေရတာပေါ့။ ပထမ ရန်ကုန်နဲ့ မန္တလေးမှာ စိန်ပ၈ျိုးဇက်ကွန်ဗင့် ကျောင်းမှာ နေခဲ့ရတယ်။ မော်လမြိုင် ရောက်တော့ စိန့်ပက်ထရစ် ကွန်ဗင့်ကျောင်းမှာ နေရတယ်။ ရန်ကုန်ရောက်ပြန်တော့ စိန့်ပေါလ် ကျောင်း ကို ရောက်ပြန်ရော တော်ဘုရားကိုးတန်းအထိပဲ နေခဲ့ရပြီး တစ်ဝက်တစ်ပျက်နဲ့ အိမ်ထောင်ကျ ခဲ့ရတာ။

ထိပ်စုကြီး ဘုရားကတော့ ပြင်ဦးလွင်မှာ တောက်လျှောက်ကေဂျုီ (သူငယ်တန်း)ကစပြီး ဆယ်တန်းအထိ နေခဲ့ရတာ တော်ဘုရားတို့ မန္တလေးမှာ မင်္ဂလာဆောင်ပြီးတော့ သုံးလေးရက်ပဲ နေပြီး စစ်ကိုင်းကို ပြန်ကူး လာကြတယ်။ ဂျပန်ခေတ်တစ်ခေတ်လုံး စစ်ကိုင်းမှာပဲ နေကြတယ်။ (၃)နှစ်လောက်ပေါ့။ နောက်မှ ပြင်ဦးလွင် က ညံတောအိမ်သို့ ပြန်ပြောင်းလာကြတာ "
တော်ဘုရား က သူတို့ငယ်စဉ်အကြောင်းများကို ပြောပြပြီး စာရေးသူက မေး၍ အစိုးရဆီက ပင်စင်ရပုံနှင့် သူ အလုပ်လုပ်ခဲ့ပုံ များကို ဆက်၍ ပြောပြပါသည်။

" အင်္ဂလိပ် လက်ထက်က တော်ဘုရားသို့ သီပေါမင်းမြေးတော်တွေ ရူပီ (၆၀၀)စီ ပင်စင်ရကြတယ်။ ဒီတော့ တော်ဘုရား တို့ မောင်နှံဟာ ရှုပီ(၁၂၀၀)ရတာပေါ့။ မယ်တော်ကြီး (တတိယသမီးတော်ကြီးကို ဆိုလိုသည်) က တစ်ယောက်တည်း ရူပီ(၁၂၀၀)တောင် ရတယ်။ သူက ဘုရင့်သမီးတော်ကိုး။ အဲဒီတော့ သုံးယောက် ပေါင်း ရူပီ (၂၄၀၀)တောင် ရတာကလား။ ဟိုခေတ် တုန်းက (၂၄၀၀)ဆိုတာ အများကြီးပဲလေ။ ဂျစ်ကားတစ်စီး မှ ရူပီ(၁၅၀၀)ပဲ ပေးရတာ။ နောက်ပြီး သင်္ကြန်နဲ့ သီတင်းကျွတ်မှာဆိုရင် မယ်တော်ကြီးဟာ ရူပီ (၂၅၀) စီ အပိုရသေးတယ်။

အိမ်လခအနေ နှင့်လည်း ရူပီ(၂၅၀)ရတယ်။ ဒီတော့ ညံတောလမ်းမှာ နေကြရာက သစ်တောလမ်းက အိမ်ကြီးမှာ ပြောင်းနေကြတယ်။ အိမ်ရှင် မစ္စတာဖော်စတာ (Mr. Foster) က သူ့အိမ်ကြီး ငှားမယ်လို့လာစပ် တယ်။ တစ်လ(၂၅၀)အစိုးရက ထောက်ပံ့တော့ အဲဒီအိမ်ကြီးကို တစ်လ(၂၅၀)ပေးပြီး ငှားဖြစ်တာ ပေါ့ (၁၉၄၇)ခုနှစ် ဇွန်လလောက်မှာ ပြောင်းလာကြတယ်။
နောက်ပိုင်း ပင်စင်ရုပ်သိမ်းခံ၇တော့ မဖြစ်တော့ဘူးဆိုပြီး ညံတောအိမ်သို့ပဲ ပြန်ပြောင်းလာခဲ့ရတယ်"
စာရေးသူ က -
" ဘာဖြစ်လို့ ပင်စင်ရုပ်သိမ်းခံရတာလဲ "

" (၁၉၄၈)ခုနှစ်မှာ လွတ်လပ်ရေးရတော့ တော်ဘုရားတို့ ပင်စင်တွေ ရပ်သွားတယ်။ အသစ်ထွက် လာတဲ့ ပင်စင်ဥပဒေကြောင့် အသက် (၄၅)နှစ်ကျော်တဲ့ လူကို ပင်စင်ပေးမယ်ဆိုတော့ တော်ဘုရား တို့တွေက (၄၅)နှစ်တောင် မပြည့်ကြသေးဘူးလေ။ မယ်တော်ကြီး တစ်ယောက်ပဲ ပင်စင်ရတော့ တယ်။

အဲဒီအချိန်မှာ တော်ဘုရားလေးက ရန်ကုန်မှာ ကုမ္ပဏီထောင်တယ်။ လိုင်စင်ခေတ်ကိုး တော်ဘုရား လည်း ရန်ကုန် ဆင်းပြီး တော်ဘုရားလေးနှင့်အတူ အလုပ်လုပ်တယ်။ သူက ခေါ်လို့ပါ။ ဒီတော့ ၀င်ငွေ ပြန်ရှိ လာတာ နဲ့ ညံတောအိမ်ကို ကောင်းကောင်းပြန်ပြင်ပြီး နေကြတယ်။ တော်ဘုရားကတော့ ရန်ကုန်မှာ နေတယ်။ ကုမ္ပဏီ အဆောက်အအုံအပေါ်မှာ နေတာပါ။

(၁၉၅၂)ခုနှစ်မှာ ဆန်တင်ဒါ သွင်းဖို့လျှောက်တယ်။ အိန္ဒိယသံအမတ်ကြီးက ကူညီခဲ့တယ်။ ဒါပေမဲ့ သူ့ကိုတော့ (၁)ပေါင်ကို (၅)သျှီလင်ပေးရမယ်တဲ့။ တော်ဘုရားတို့ကလည်း ပေးမယ်ပေါ့။ ဒီတုန်းက တင်ဒါ ရလို့ ကျပ်(၁)သိန်းခွဲလောက် အမြတ်ရတယ်။ အဲဒီတုန်းက (၁)သိန်းဆိုတဲ့ ငွေဟာ အများကြီးပဲ ကိုသန်းဆွေ ရဲ့။
တော်ဘုရား အစုအမြတ်ငွေရတော့ အခုသစ်တောလမ်းက အိမ်ကြီးကို ၀ယ်လိုက်တယ်။ (၁)သောင်း လောက် ပဲ ပေးရတာ။ ဒါတောင် ဈေးများသေးသတဲ့၊ (၁၉၅၂)ခုနှစ်မှာ ဒီအိမ်ကီးကို အပြီး ပြောင်းခဲ့ကြတာ။

မိသားစုကသာ မယ်တော်ကြီးနဲ့ ပြင်ဦးလွင်မှာ နေကြရပြီး တော်ဘုရားကတော့ ရန်ကုန်မှာ ခွဲနေရတာလေ။ ဆန်တင်ဒါ ကိစ္စပြီးတော့ သစ်အိပ်စပို့ (Timber Export)ဆိုပြီး လုပ်ဖို့ စီစဉ်သေး တယ်။ နောက်ပိုင်း ပေါလစီ ပြောင်းသွားတာနဲ့ မလုပ်ဖြစ်ကြဘူး။ ဒီကြားထဲမှာ ဖားကန့်ကို ကျောက် စိမ်းလုပ်ငန်းလုပ်ဖို့ (၂)နှစ်လောက် သွားသေးတယ်။ ဒါပေမဲ့ ကိုယ်က ကျောက်အကြောင်းမှ မသိတာပဲ။ ဒါနဲ့ ရပ်လိုက်ရပြန်ရော။

၁၉၆၉ ခုနှစ်ကနေပြီး ၆၈ ခုနှစ်အထိ ကိုရီးယားကောင်စစ်ဝန်ရဲ့ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် လုပ်သေးတယ်။ ပြင်ဦးလွင်က စိန့်အယ်လ်ဘတ်ကျောင်းရဲ့ ဘောင်ဒါဆောင်ကို တော်ဘုရား ဦးစီး ပြီး ဆောက်တယ်။ ကန်ထရိုက်ပေါ့။ ကျောင်းအုပ်ကြီးနဲ့ တော်ဘုရားတို့က မော်မမြိုင်မှာကတည်းက ခင်တာ။ ဒါကြောင့် သူက ကန်ထရိုက်ပေးတာ၊ တော်ဘုရားက ဘာမှမလုပ်တတ်တော့ မန္တလေးက မိတ်ဆွေ တစ်ယောက် နဲ့ စပ်တူလုပ်ကြတယ်။ နောက်တော့ ဘီအီးစစ်တပ် အဆောက်အအုံတွေပါ၊ ကန်ထရိုက်ယူပြီး ဆောက်ခဲ့ တယ် "

ဟု ရှည်လျားစွာ ပြောပြခဲ့ပါသည်။ စာရေးသူ မေးသည်က " ဘာကြောင့် ပင်စင်အသိမ်းခံရတာလဲ " မျှသာ ဖြစ်သည်။ ထိုသို့ အစတစ်စ ဆွဲထုတ်လိုက်သည်နှင့် အရှည်ကြီး ထွက်လာသည်။ တော်ဘုရားသည် အခြားမြန်မာ မင်းဆွေ၊ မင်းမျိုးအတိုင်း မွေးဖွားစဉ်ကတည်းက နယ်ချဲ့အစိုးရထံမှ အထောက်အပံ့ ရခဲ့ပြီး ပင်စင် လည်း တောက်လျှောက်ရလာရာ စီးပွားရေး အမြင်မရှိခဲ့ပေ။ လုပ် လည်းမလုပ်တတ်ရှာပါ။ ဤသို့ဖြစ်အောင် လည်း နယ်ချဲ့အစိုးရက နိုင်ငံရေးပင်စင်ပေး၍ တမင်ဖန်တီးထားခြင်းဖြစ်သည်။ နယ်ချဲ့ အလိုတော် အတိုင်းလည်း မြန်မာမင်းဆွေမင်းမျိုးတို့မှာ မလုပ်တတ်၊ မကိုင်တတ်နှင့် သူတို့ပေးသည့် ပင်စင် ကိုပင် အားကိုးနေရသည့်ဘ၀သို့ ရောက်ခဲ့ သည်။

တော်ဘုရားသည် ငယ်စဉ်ကတည်းက ပြေးခုန်ပစ်ကစား ၀ါသနာပါခဲ့၍ အစုံကစားခဲ့သည်။ သို့ကြောင့်ဟုထင်သည်။ ယခုထိ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်းနှင့် ကျန်းမာလျက်ရှိပါသည်။ ယခုလည်း တော်ဘုရား က အငြိမ်နေတတ်ပါ။ ခြံထဲဆင်းပြီး သစ်ပင်၊ ပန်းပင်များကို တူးဆွနေတုန်းပင်ဖြစ်သည်။ ခြံဝင်းတွင်းမှာပင် လမ်းလျှောက် သည်။ ပြင်ဦးလွင်ရာသီဥတုကလည်း ကောင်းသဖြင့် တော်ဘုရားကျန်းမာ၍ သက်တော်ရှည် နေပုံရပါသည်။ တော်ဘုရားသည် အချိန်မှန် မှန်စား၍ အချိန်မှန်မှန်အိပ်သည်။

သူနှင့် မတည့်သောစာမှန်သမျှ မစားပါ။ နံနက် (၇)နာရီလောက် တွင် ကော်ဖီသောက်သည် (၉)နာရီလောက်တွင် မုန့်အနည်းငယ်စားသည်။ နေ့လယ်စာကို (၁၂) နာရီခွဲနျင့် (၁)နာရီအကြားတွင် စားပါသည်။ နေ့လယ်နေ့ခင်း၌ အချိန်မှန်မှန် အိပ်သည်။ သို့ကြောင့် တော်ဘုရားထံ ဖုန်းဆက်လျှင် နေ့ခင်းဘက် ၌ အလိုက်သိစွာ မဆက်ပါ။ ညနေ (၃)နာရီခွဲနှင့် (၄)နာရီကြားတွင် လက်ဖက်ရည်နှင့် မုန့်စား သည်။ ညစာ ကို ည(၇)နာရီမှာစားသည်။ ထွေထွေထူး ထူး မစားပါ။ ဆန်ပြုတ်ဖြစ်စေ၊ ခေါက်ဆွဲပြုတ်ဖြစ်စေ အစာ ကျေလွယ် သည့် အာဟာရကိုသာစားသည်။
(၂၀၀၈)ခုနှစ်၊ သြဂုတ်လတွင် တော်ဘုရားနှင့် တွေ့ကြသောအခါ သစ်တောလမ်းမှ အိမ်ကြီးကို ရောင်းပြီး ပြင်ဦးလွင်အရှေ့ပိုင်းက မြေပဒေသာကွက်သစ်တွင် တိုက်အသစ်တစ်ဆောင် ကို ၀ယ်ထားသည်ဟု ပြောပြ ပါသည်။

" ကိုသန်းဆွေ ... ဒီနှစ်လာရင် လွဲနေမှာစိုးလို့ မပြောင်းသေးတာ၊ အောက်တိုဘာလထဲမှာ အိမ် သစ်ကို ပြောင်းမယ် "
ဟု ပြောပြပါသည်။ သမီးကြီး စုဘုရားလေးက မုဆိုးမဖြစ်သွား၍ သူ့ခမည်းတော်နှင့်ပင် နေသည်။ အစ ကလည်း ခင်ပွန်းနောက် သို့ ခမည်းတော်ကို ထားခဲ့ပြီး လိုက်သွားလေ့မရှိပါ။ ခဏတစ်ဖြုတ်သာ လိုက်သွား တတ်သည်။ (၂၀၀၉)ခုနှစ်၊ သြဂုတ်လတွင် ပြင်ဦးလွင်သို့ ရောက်သောအခါ တော်ဘုရား၏ အိမ်တော်သစ်သို့ သွားရသည်။

ဆရာဝန် တစ်ဦးဆီမှ ဘိုဆန်ဆန်ဆောက်ထားသည့် တစ်ထပ်တိုက် ရှည်မြောမြောဖြစ်သည်။ အခန်းတိုင်း ရေချိုးခန်း၊ အိမ်သာတွဲလျက် ပါသည်။ တံခါးပေါက်များကလည်း အခုံးပုံစံ ခေတ်မီမီလုပ်ထားသည်။
ယခုတော့ မုဆိုးမသမီးကြီး မိသားစုနှင့် အပျိုသမီးငယ်တို့ဖြင့် မြေးမြစ်များပါ အိမ်တော်သစ်တွင် နေသည်။ တော်ဘုရား က (၂၂-၃-၁၉၂၄)ခု၊ ဘွားဖြစ်သဖြင့် ယခုအသက်တော် (၈၆)ရှိပြီ။

စာရေးသူ - မောင်သန်းဆွေ(ထားဝယ်)
ရုပ်ရှင်တေးကဗျာ - ၂၀၁ဝ ဒီဇင်ဘာလ ထုတ်
----------------------------------------------------------

10 comments:

ညိမ်းနိုင် said...

သီပေါမင်းအနွယ်တော်တွေအကြောင်းကို စိတ်တော့ဝင်စား
တယ်...ဒါပေမယ့်ဖတ်ဖြစ်ဘူးခင်ဗျ...။တော်ဘုရားလေးကို
တော့ သူကစာလည်းရေးတော့ ဖတ်ဖြစ်သေးတယ်..။
ခုမှတော်ဘုရားကြီးအကြောင်း အစ်မကျေးဇူးနဲ့ ဖတ်ဖြစ်တော့တယ်..။ကျေးဇူးပါအစ်မ

ချစ်ကြည်အေး said...

ထားဝယ် မောင်သန်းဆွေ ရေးတဲ့ တော်တော် အကြောင်းတွေ အရင်ကတည်းက ဖတ်ဖူးတယ် မမရဲ့၊ သူတို့က ရန်ကုန် သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်နားက အိမ်မှာ နေကြတယ်လေ။ ခဏခဏ ရှေ့က ဖြတ်သွားဖူးတယ်။

Anonymous said...

အင်္ဂလိပ်ကို မြန်မာပြည် မတရားသိမ်းတဲ့အတွက် နာပေမယ့် သီပေါမင်းအမျိုးတွေအတွက်တော့ အင်္ဂလိပ်ကို မနာမိဘူးဗျာ။ အင်္ဂလိပ်မို့လို့ သူတို့ကို ထောက်ပံ့ကြေးပေးတာ။ တစ်ပြည်လုံး အင်္ဂလိပ်လက်အောက်မှာ မွဲပြာကျနေတဲ့အချိန်မှာ သီပေါမင်း မျိုးဆက်တွေက သူဌေးလို နေရတာ။ အလုပ်မလုပ်ဖို့ အင်္ဂလိပ်က ဘာမှ မတားပါဘူး။ လုပ်တာမလုပ်တာက သူတို့ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ပါ။

ဦးနုအစိုးရက မင်းမျိုးပင်စင်တွေကို ဖြတ်တာလဲ အပြစ်မတင်ဘူး။ ဖြတ်ထိုက်တယ်။ သားစဉ်မြေးဆက် မဆုံးနိုင်အောင် ပေးနေဖို့ မလိုဘူးထင်တာပဲ။

Anonymous said...

နောက်ထပ် အဲဒီလို အကြောင်းမျိုးတွေရှိသေးရင် ဆက်တင်ပေးပါအုံး မရွှေစင်ရေ။ စိတ်ဝင်စားလို့ပါ။ မင်းဆွေမင်းမျိုးအဆက်အနွယ်တွေက လူတွေနဲ့ နဲနဲကင်းကင်းနေတတ်ကြတော့ တော်ရုံဗဟုသုတ ဖြစ်ဖွယ်ကိစ္စမျိုးတွေတောင် သိနိုင်ဖို့မလွယ်ဘူးလေ။ ဒီလိုမျိုးတွေဖတ်ရမှဘဲ မှတ်သားမိတော့တယ်။ ကနောင်မင်းသားရဲ့ အဆက်အနွယ်တွေ အကြောင်းရေးထားတာမျိုးကောမရှိဘူးလားအမ။

ရွှေရတုမှတ်တမ်း said...

ကုန်းဘောင်ဆက်ဘုရင်တွေ..ကိုယ့်နှမကိုယ်ပြန် ယူကြတဲ့ အရူးတွေချည့်ပဲ၊ သာယာဝတီမင်း၊ ပုဂံမင်း အကုန်ရူးပြီးသေတာ၊ ဖအေတူ မအေကွဲမောင်နှမအရင်းကြီးတွေယူကြတော့ ဘယ်မှာ ကောင်းတဲ့ မျိုးဆက်ရပါ့မလဲ...ဒင်းတို့ကို ထောက်ပံ့နေတာ အင်္ဂလိပ်အစိုးရက သဘောထားကြီးတယ်ပဲပြောရမလား..၊ သီပေါဆိုနန်းကျနေတာတောင် အတိုင်းအဆမရှိ ဆုတွေချ၊ သုံးဖြုံး မလောက်တော့ အင်္ဂလိပ်ဆီအတင်းတောင်း၊ သမီးက ကုလားနဲ့ ဗိုက်ကြီးနေတာတောင် ဖျင်းစွဲတယ်ထင်လို့ ဆီမန်းလိမ်းပေးသတဲ့..အံ့ရော..ဒီလိုဘုရင်တွေ နဲ့ပဲ ခုထက်ထိဗမာပြည်ကကြုံနိုင်လွန်းတယ်၊ အခုက တော့သမီး ဗိုက်ကြီးတာကို လှည်းကျိုးထမ်းခိုင်းတော့ မင်္ဂလာဆောင်လူပြောခံရတာလေးတခုပါပဲ

Anonymous said...

ပုဂံမင်းက သီပေါမင်းလက်ထက်မှာ ကျောက်ရောဂါနဲ့ ကွယ်လွန်တာပါ။ ရူးပြီးသေတာ မဟုတ်ဘူး။ သမိုင်း အမှတ်တွေ လွဲကုန်မှာ စိုးလို့ပါ။

သာယာဝတီမင်းကတော့ စိတ်ဝေဒနာခံစားရပြီးမှ ဆုံးတာ အမှန်ပဲ။ ဆုံးတာတော့ ဘာရောဂါမှန်း မသိဘူး။ သူကတော့ အစ်ကိုဆီက နန်းလုပြီး နန်းတက်တာနဲ့ သတ်လိုက်တဲ့လူတွေ သောက်သောက်လဲပဲ။ အပြစ်မရှိတဲ့ တူတော် စကြာမင်းသားလေးနဲ့ ဖွားဘက်တော်တွေကိုသတ်တယ်၊ သူ ကြည့်မရတဲ့ နန်းမတော်မယ်နုနဲ့ မောင်အိုကို သတ်တယ်။ တခြားသူတွေလဲ သတ်သေးတယ်။ ဒီဒဏ်တွေ သူပြန်ခံရပြီး စိတ်ဝေဒနာ ရသွားတာ ဖြစ်နိုင်ပါတယ်။

ကုန်းဘောင်ဆက် ဘုရင်တွေ ကိုယ့်နှမကိုယ် ပြန်ယူကြတဲ့ အရူးတွေချည်းပဲ ဆိုတာတော့ မပြောသင့်ဘူး ထင်ပါတယ်။ ဥရောပက ဘုရင်တွေလဲ ဝမ်းကွဲနှမတွေကို ပြန်ယူတာ သမိုင်းမှာ အများကြီးပဲ။ ရှေးခေတ်ကတော့ လူဦးရေလဲ နည်းတော့ နီးရာဆွေမျိုးချင်း ပြန်ယူတာ မထူးဆန်းကြတာ ဖြစ်နိုင်ပါတယ်။

သောစေယျံ said...

မရွှေစင်
ရေ ကျေးဇူး သမိုင်းတွေကိုဖတ်သွား တယ်နော် သမိုင်းကိုစိတ်လဲဝင်စားတယ် သမိုင်းဦးသန်းထွန်းပြောသလို မအအောင်လို့ပါ

မရွှေစင် ကျန်းမာပါစေ..ခုလိုသမိုင်းတွေလဲ အများကြီးတင်ပေးနိုင်ပါစေ

ဇွန်မ said...

အမရေ ရှာရှာဖွေဖွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော် မသိတာတွေ မှတ်သားသွားပါတယ်။ ဒီကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် VOA မှာ ဘလော့ဂါ အကြောင်းဖတ်ရင်း အမရဲ့ "သုံးတတ်ရင် အကျိုးဖြစ်" ဆိုတဲ့ ပညာပေးလေး နားထောင်ဖြစ်သေးတယ်း)

ရွှေရတုမှတ်တမ်း said...

ှအမယ်...ကိုယ့်နှမကိုယ် ..အဝှာလုပ်တာ မထူးဆန်းဘူးပြောတဲ့သူကရှိသေး..အဖေတူ အမေကွဲဆိုတာ အရင်းကြီးပါ..ဥရောပဘုရင်တွေထဲမှာ ရာဂရူးတွေပဲ ဒါမျိုးလုပ်တာ၊ ဒါတောင်တဝမ်းကွဲပါ၊ ဘုရင်တိုင်းမလုပ်ဘူး..
ဧကန်တ.... အမည်မသိသူမှာ တခုခုတော့..အကြောင်းရှိလို့ ..ထောက်ခံနေတာဖြစ်လိမ့်မယ်...
ဘကျောက်တို့ကတော့...နှမ (...)မျိုးမဟုတ်...၊

Anonymous said...

စိတ်ဝင်စားတယ် မရွှေစင်။ သီပေါဘုရင်နဲ့ စုဖုရားလတ်တို့ ကိုယ်တိုင်ပြောတဲ့ သူတို့ အကြောင်းလည်း အမှန်တိုင်း ဖတ်ရရင် ကောင်းမယ်။

သုံးတတ်ရင် အကျိုးရှိပါတယ်တဲ့ ဟိဟိ မီးမီး နားထောင်လိုက်ရတယ်။ ဗွီအိုအေမှာ။

မအယ်