Thursday, November 11, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၂)

စပြီ ပြသနာကတော့ သားလုပ်သူရဲ့ မျက်နှာဒီလိုစိတ်ပျက်နေပုံမျိုး ဖိုးဘတင် မတွေ့ဘူး သေးဘူး။ ခက်တာပဲ အမေ နဲ့ ကတော့ ဒီအချိန်ဈေးမှာ ဘာမှမရှိတော့ဘူးလေအမေရဲ့ မသွားနဲ့ သင်းသင်းမနက်မှ ၀ယ်ပေး မယ်နော် ဟုတ်လား" သမီးလုပ်သူက ၀ရန်တာ တံခါးပေါက်ကနေ မအေကိုလက်ဆွဲပြန်ခေါ်လာတယ်။ ငါ့နောက်ဖေးအိုး ကို ငါအိပ်တဲ့နားမှာထားနော်" စိတ်ချပါ အမေရယ်"
ဒီနေ့ညစာ ထမင်းကတော့ လည်ချောင်းထဲကနေ ဘယ်လိုဝမ်းထဲ ကျသွားမှန်းတောင် ဖိုးဘတင် မသိလိုက် တော့ဘူး မြန်မြန်စားပြီး စကားတွေဗလုံးဗထွေးပြောနေတဲ့  အဘွားကြီး နားကနေ ဧည့်ခန်း ထွက်ပြေး ခဲ့တယ်။

ဘုရား.......ဘုရား ပက်လက်ကုလားထိုင်ပေါ်မှာ ဖိုးဘတင်မှီထိုင်လိုက်တယ် ဒီအဘွား ကြီးဒဏ်ကို ဖိုးဘတင် တို့ ဘယ်လောက်ကြာကြာခံရပါလိမ့် တစ်ပတ်လား၊ နှစ်ပတ်လား တစ်လလား။ အင်း....... တစ်နှစ် ဆိုရင်တော့ ဖိုးဘတင် အညာပြန်တော့မယ်။ နောက်နေ့ တွေမှာတော့ ပူပြင်းလှတဲ့ ရာသီဥတုဒဏ်နဲ့အတူ ပ၀ါနှစ်စ အသာချတဲ့ မင်းကတော်ကြီး ဒေါ်မြမေရဲ့ ဒဏ်ကိုသုံးထပ်တိုက် တစ်တိုက်လုံး ခံကြရတော့တယ်။

မင်းကတော်ကြီး ရောက်ပြီးနောက်တစ်နေ့ နံနက်အစောကြီးမှာ ကြားကြရတဲ့ အမြွှာအငယ်မ ကြည်ပြာရဲ့ စူးစူးဝါးဝါး အော်သံက စတော့တာပါပဲ။
ဖိုးဘတင်တို့ အားလုံး လန့်နိုးကုန်တဲ့အပြင် ဟိုဘက်လွှာက ကိုဝင်းအောင်တို့ပါ ကြားကြရ တယ်။

ဘာလဲ ဘာဖြစ်တာလဲ ကြည်ပြာ ကြည်ပြာ မီးဖိုထဲက မအေလုပ်သူက အလျင်ထွက်လာတယ် ဧည့်ခန်းအိပ်ရာ ပေါ်က ဖအေကလဲ ဒီတစ်ခါတော့ သွက်သွက်လက်လက်နဲ့ သမီးဆီလူး လဲထပြေးတယ်။
"ဖေကြီး....... .ဖေကြီး လုပ်ပါဦး အဲဒီမှာ ကြည့်ပါဦး ဖိုးဘတင်ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး သားနောက်ကနေ အခန်းထဲ လှမ်းဝင်လိုက်တော့ ကြည်ပြာက မျက်ရည်တွေနဲ့ ဖအေကိုအတင်းဖက်လို့။ အိပ်ရာကလန့်နိုးတဲ့ အကြီးမဖြူပြာ က ပြူးကြောင်ကြောင်။ သူတို့ မအေက ခုတင်ဘေးက ခေါင်းကြီးထဲမှာ ပက်လက်ကြီး ၀င်အိပ် နေတဲ့ ဘုရားအစ်မကြီးပါလား ကလေးကြောက်မယ်ဆို ကြောက်ထိုက်တာပေါ့ဗျာ။

အမေ...အမေဘာလုပ်တာလဲ၊ နိမိတ်မရှိနမာမရှိထစမ်းပါ။ သမီးသူရဲ့ ခပ်ဆတ်ဆတ်ခေါ်သံ ကြားမှ မင်းကတော်ကြီး မျက်လုံးနှစ်လုံး အသာအယာပွင့်လာတယ်။ ထလေအမေ ဟိုမှာအမေမြေးက အရမ်းကြောက် နေတယ် ဘာလို့အဲလိုကြီးအိပ်နေရတာလဲ အမေရယ် အဲဒါကြီးကို ဘယ်အချိန်က ဆွဲထုတ်တယ် မသိဘူး၊ ညကခုတင်အောက်သွင်းထားတာ။
"လာ...လာ သမီးလာ၊ အပြင်ထွက်" မျက်ရည်တွေနဲ့ သမီးကို ဖအေကခေါ်ထုတ်သွားတော့ ဘွားအေကြီးက ခေါင်းထဲ ကနေ ဟက်ဟက်ပက်ပက်ရယ်တော်မူပြီး" အမယ်လေးဟဲ့၊ ဗန္ဓုလသွေးတဲ့။
အလို......... ဒီစကားက ကိုယ့်ပါ ထိခိုက်မနေဘူးလားဗျာ တော်ပါပြီ။ ဖိုးဘတင်ဝင်မပါတာပဲ ကောင်းပါတယ်။

အဲဒီနေ့ အဲဒီအချိန်ကစပြီး နောက်ရက်တွေမှာ အမြွှာညီအစ်မရဲ့ လန့်လန့်အော်သံကို ကြားကြရတယ်။ ခေါင်းကြီး ထဲမှာ အလစ် အလစ်ဝင်ဝင်အိပ်တတ်တဲ့ ဘွားအေကို တွေ့လို့လေ။
ပြီးတော့ အိမ်သားတွေ တင်မက တိုက်မှာနေလူသားအားလုံကိုလဲလိုက်ပြီး ဘယ်လိုမွှေနှောက် ချောက်ချား စေသေးသလဲ ဆိုတော့  အဘွားကြီးက နံနက်ဆိုသမီးလုပ်တဲ့သူ အိမ်ကထွက်တာနဲ့  သူလဲ ဆွဲခြင်းတစ်လုံးနဲ့ ထွက်တော့ တာပဲ။ ပြီးရင်ဈေးကနေ၀ယ်လာပြီ။ ဈေးမှာရှိသမျှ တို့စရာ ဟင်းသီးဟင်းရွက်အစုံလေ။ တို့လို့ရတာ အကုန်တို့ ဆောင်ပုဒ်ကိုလက်ကိုင်ပြုပြီး ၀ယ်လာတဲ့ တို့စရာ ဆွဲခြင်းနဲ့်တစ်လုံးကို မီးဖိုထဲမှာ စီမံ တော့တယ်။ ရေနွေးဖြောသင့်တာဖြော ပြုတ်သင့်တာပြုတ် အစိမ်းတို့သင့်တာကို သင်ဖျင်ပြီး ရေမိုးဆေး နဲ့ လုပ်ပလေ တာ။ မီးဖိုပေါ်မှာ ငါးပိရည်အိုးကြီးကလဲ တဗွက်ဗွက်နဲ့ပွက်လို့ သူထင်တိုင်းကြဲနေတာ။ အိမ်မှာ ဘယ်သူမှ မရှိဘူးလေ။ ဖိုးဘတင်ကိုတော့ ဘုရားအစ်မကြီးက ဖုတ်လေတဲ့ ငါးပိရှိတယ်လို့မှ ထင်တာ မဟုတ်တာ။

နံနက်ဆယ်နာရီ ကျော်ကျော်လောက်ဆို မင်းကတော်ကြီးရဲ့ ငါးပိရည်တို့စရာ စီမံကိန်းကြီးပြီ။ ပြီးတာနဲ့ ပလက်စတစ် ချိုင့်လေးတစ်ချိုင့်ထဲမှာ ငါးပိရည်ဖျော်ကိုထည့် သံပန်းကန်ပြားတစ်ခုမှာ တို့စရာအစုံထည့်ပြီး ထွက်လာပြီ။ ရွက်လှပန်းဥယျာဉ် ၀ရန်တာမှာ ကုတ်ကတ်ထိုင်နေတဲ့ ဖိုးဘတင်ကို မေးငေါ့ပြပြီး ၀ရန်တာ တံခါး ဖွင့်ခိုင်း တတ်တယ်။ ဖိုးဘတင်က ဖွင့်ပေးလိုက်ရင် ကော့ကော့ကော့ကော့နဲ့ ထွက်သွားပြီ။ တခြားအခန်း တွေကို လိုက်ပြီး ငါးပိရည်တို့စရာ ဝေတာလေ။ ဘာသဘောမှန်းလဲ မသိဘူး။ ပေးချင် ကမ်းချင် တဲ့ စေတနာလေး ရှိတာတော့ သာဓုခေါ်ပါရဲ့၊ ဒါပေမယ့် အိမ်နီးနားချင်းတွေမှာ ကောင်းကောင်းမနေရဘူး ငါးပိရည် တို့စရာ ပေး ပန်းကန်ပြန်လှယ်ယူပြန်ခဲ့ပေါ့ မဟုတ်ဘူးဗျာ။

အခန်းထဲဝင်ပြီး ချက်ချင်းစားခိုင်းသတဲ့။ မစားပါရစေနဲ့ဆိုလဲမဟုတ်ဘူး။ အတင်းစား ခိုင်းတတ် သတဲ့။ ခုဆို သူငါးပိရည် လာပေးမှာကို ကြောက်လန့်နေကြပြီ။ မကြောက်မလန့်တာဆိုလို့ ဟိုဘက်လွှာက မောင်ဝင်းအောင် တစ်ယောက်ပဲရှိတယ်။ တခြားသူတွေတော့မပြောနဲ့။ အားလုံးကြောက်ပဲ ဖိုးဘတင်လဲ သူ့ ကို ကြောက်တယ် အခန်းကျဉ်းလေးထဲမှာ အိပ်ချင်ယောင် လိုက်ရ၊ ပုတီးစိပ်ချင်ယောက်ဆောင်လိုက်ရနဲ့ တစ်နေကုန် သူ ရှောင်နေရတာလဲ ဖိုးဘတင်မယ် စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်လှပြီ။ သူအိပ်ပျော်သွားရင် ဖိုးဘတင် ဟင်းခနဲသက်ပြင်းကြီး ချရတယ်။

သူ့ဟာသူအိပ်ချင်တဲ့နေရာအိပ်စမ်း။ သူအိပ်မှပဲ ဖိုးဘတင်လွတ်လွတ်လပ်လပ် ထမင်းစားရတော့တယ်။ သူရောက်မှ ထမင်းစားချိန်တွေထဲ ကမောက်ကမနဲ့ လူတောင် တယ်နေမကောင်းချင်ဘူး။
တစ်ခု ကောင်းတာက မင်းကတော်ကြီး နေ့လယ်ခင်းအိပ်ပြီဆိုရင်တော့ အကြာကြီးအိပ်တတ် တယ်။  အဲဒါ တစ်ခု က ဖိုးဘတင်အတွက်တော်သေးတာ။ ငါးပိကောင် ပုပ်အဲ့ အဲ့ အနံ့လို စူးစူးရှရှ ငါးပိရည်နံ့ကို နံနက်တိုင်း ရှူရှိုက်နေရတာ ဒီနေ့ပါနဲ့ဆို ခုနှစ်ရက်လောက်ရှိပြီ။ အောက်သူအောက်သားများကတော့ ငါးပိရည်ကျို နေတဲ့ အနံ့များရရင် ထမင်းစာလာတာပဲတဲ့။ အညသားကြီး ဖိုးဘတင်ကတော့ ဒီငါးပိရည် နံ့ ရတာနဲ့ ထမင်းစာဖို့နေနေသာသာ စားချင်စိတ် တောင်ပျောက်တယ်။

အမယ်.........သမီးလုပ်တဲ့သူကတော့ မအေ့ ငါးပိရည်ဖျော်ရည်ကို ချီးကျူးသဗျား။ သူ့အမေလက်ရာ ငါးပိရည် ဖျော်မျိုးကို ဘယ်သူမှ မဖျော်နိုင်ဘူးတဲ့ ငါးပိရည်ဖျော် ကြိုက်တဲ့ယောက်ျားလုပ်သူကို ဖေကြီးရေ... အမေ့ငါးပိရည် ဖျော်မကောင်းဘူးလား မကောင်း ဘူးလားနဲ့ ။အင်း..အမေက ငါးပိရည်ဖျော် လေးဖျော်ပေး ရှာတယ်ပေါ့။
 ဖိုးဘတင်သူငယ်ချင်း ကျောင်းဆရာကြီးတစ်ယောက်ပြောတဲ့ "တော့"ဘက်နဲ့ "ရှာ"ဘက်ဆို တာတယ် မှန်တာ ကိုး ဖိုးဘတင်သူငယ်ချင်းက ခဏခဏပြောဖူးတယ်။

"ဟေ့..........ဘတင်ကြီးရ ယောက်ျားဘက်နဲ့ မိန်းမဘက်ဆိုတာ ကွာတယ်ကွ ဟော ယောကျာ်းဘက်က အမေ လုပ်တဲ့ သူက သားစားဖို့ဆိုပြီး ရွာကလတ်လတ်ဆတ်ဆတ်ပေါ်တဲ့ အမဲသားတွဲကြီးတစ်တွဲ ပေးသွား တယ်။ မိန်းမလုပ်သူက ယောက်ျားကို အဲ......အဲဒီမယ် ရှင့်အမေကပေးသွားတယ်။ အမဲသားတဲ့တော့၊ "တော့"  အဆုံးသတ်လေး က ငေါ့တော့တော့၊ ဆတ်တတ်တတ်လေး။
"ဟော........ သူဘက်က မအေလုပ်သူက ပဲကြီးလှော်လေးတစ်ထုပ် ၀င်ပေးသွား တော့ဘယ် လိုပြောတယ် မှတ်လဲ၊ ကိုအ၀ှာရေ....ဟောဒီမှာ အမေရယ်...၊ ရှင်ကြိုက်တတ်တယ်ဆိုလို့ သမက်ကလေး ထန်းရည်နဲ့ မြည်းရအောင် လို့တဲ့၊ ပဲကြီးလှော်လေး လာပေးသွားရှာတယ် တဲ့...။ရှာတယ်...ရှာတယ်တဲ့။ "တော့"ဘက်နဲ့ ရှာဘက် ဆိုတာ အဲလိုကွာတာကွ။
ဟုတ်ပ...ဟုတ်ပ၊ မှန်ပ...မှန်ပ။ မအေလုပ်တဲ့သူရဲ့ ငါးပိရည်ဖျော်ကျ အမေက သမက်ကလေးကြိုက်တဲ့ ငါးပိရည် ဖျော် ဖျော်ပေးရှာတယ်ပေါ့။ ဖိုးဘတင်ကျတော့ ရှင့်အဖေက တိုက်ခန်းဝယ်ပေးတယ်တော့တာပေါ့။

ဒါပဲ...ဒါပဲ။ အင်း...ကိုယ်က"တော့"ဘက်ကဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့လေ။ ဖိုးဘတင်နှာခေါင်းထဲ ငါးပိရည်နံ့ကြီးကပ်ကပ်ဝင်လာတာကြောင့် လမ်းမဘက်ငေးနေတဲ့ ဖိုးဘတင် ခေါင်းချာခနဲ လှည့်ကြည့်လိုက်တယ်။ "ဘာငေးနေတာလဲ၊ တံခါးဖွင့်စမ်းပါ" အလိုလေဗျာ... မသိလို့ပါ။ ဖွင့်ပါ့မယ်၊ ဖွင့်ပါ့မယ် ဖိုးဘတင် ကပျာကယာထဖွင့်ပေးလိုက်တယ်။
မင်းကတော်ကြီး ငါးပိရည်ပန်းကန်နဲ့ တံခါးကအထွက် ဟိုဘက်လွှာက မောင်ဝင်းအောင်တို့ အခန်းတံခါး ဖွင့်တာနဲ့ မောင်ဝင်းအောင်ကို ပြုံးဖြဲဖြဲလေးတွေ့ရတယ်။

"ဟာ........အဘွား....မွေးလိုက်တာဗျာ ဒါ ကျွန်တော်တို့ အခန်းအတွက်လား ကျွန်တော် စောင့်နေတာ ကြာလှပြီ အဘွားရ အပြင်သွားခါနီး စားချင်လို့ အဘွားမလာနိုင်လို့ အပြင်ထွက်တော့မလို့.....ဟဲဟဲ"
မောင်ဝင်းအောင် ရဲ့ အပြောမှာ အဘွားကြီးကျေနပ်သွားလိုက်ပုံကတော့ မပြောနဲ့။"ရော့...ရော့ သွားစားချည် သွား ငါကဒီပန်းကန်ကို အပေါ်ကဟိုသားအဖနှစ်ယောက်သွားပေးမလို့" ဟာအဘွားကလဲ မိုးကြိုး တွေ နွေခေါင်ခေါင်ပစ်ကုန်တော့မှာပဲ  အဲဒါသားအဖမဟုတ်ဘူး မောင်နှမ နှစ်မအငယ်ဆုံးလေးကို အစ်ကိုကြီး ဆုံးက လုပ်ကျွေးပြုစုနေရှာတာ အဘွားရ အဲအဘွားသွားပေးတဲ့ သူတို့မရှိဘူး ခရီးထွက်သွားပြီ။

"အေး......ကောင်းတယ်၊ ကောင်းတယ် ငါကမကောင်းတတ်လို့သာ သွားပေးရမှာ သူတို့ကို မပေးချင်ပေါင်၊ ငါပထမဆုံး ပေးတဲ့နေ့က ငါ့ကိုငေါက်လွတ်လိုက်တယ်၊ မျက်နှာပေါက်ဆိုးဆိုးနဲ့ လူပေါ့"
"ပါပါ ကလား၊ ဟဲဟဲ"

ဟိုကောင်မလေးကထွက်လာပြီး ယူလို့တော်သေးတယ် အဲဒီလူက ငါ့ကိုအော်တယ်၊ ငါးပိရည် သူဘယ်တော့မှ မစားဘူးတဲ့ ကြားဖူးပေါင်၊ ဒီကမ္ဘာလောကမှာ ငါးပိရည်မစားတဲ့ လူရယ်လို့ ကြားဖူးပေါင်"
အဘွားကြီးက ပါးရေတွေတွန့်နေတဲ့မျက်နှာကြီးကို ပိုပြီးရှုံ့တွသွားအောင် မဲ့ရွဲ့ပြီး မီးဖိုထဲကို တစ်ခေါက် ပြန်ဝင် သွားတယ်။ နောက်တစ်ခန်းအတွက် ယူဖို့လေ။ ဖိုးဘတင်ကို မောင်ဝင်း အောင်က မျက်စိ တစ်ဖက်မှိတ် ပြပြီး ငါးပိရည်ပန်းကန်လှယ်ဖို့ သူ့အခန်းထဲပြန်ဝင်သွားတယ်။

အဘဘယ်လိုလဲ နှစ်ယောက်တည်း ဆိုရင်စကားလက်ဆုံဝင်ဟဲဟဲ" ဖိုးဘတင်မျက်နှာမဲ့သွား တယ်။ စိတ်ပျက်လက်ပျက်နဲ့ တော်ပါကွာတဲ့။ ကိုဝင်းအောင်က တဟဲဟဲ"ရယ်တယ်။
အဘ ရေ၊ ကျွန်တော့် ယောက္ခမကြီးလဲ စိတ်နေမကောင်းရှာဘူး သူ့ပြိုင်ဘက်တစ်ယောက် တိုးလာလို့လေ၊ ဟဲဟဲ။
ဟေး...... ဟေး အမယ်ကြီး ကြားပါဦးမယ်ကွာ မင်းနောက်တံခါးကြီးလာဖွင့်လို့ မလုပ်ပါနဲ့ မကောင်းပါဘူး မောင်ဝင်းအောင် ရာ"

"ဟဲဟဲ....... ယောက္ခမကြီးရေ တံခါးလာပိတ်ပါဦး ကျွန်တော်သွားတော့မယ်။ မောင်ဝင်းအောင် က ဘယ်လဲ စာ သင်လား" 
ဟိုဘက်က အမယ်ကြီးက တံခါးလာပိတ်တာကို ဖိုးဘတင်မသိကျိုးကျွန်ပြုရင်းမေးရတယ်။ စာသင် မဟုတ်ပါဘူး အဘရာ ပိုက်ဆံချေးထွက်မလို့ပါ စာမသင်ရတော့ဘူးလေ.......ဟဲဟဲ ဧပြီလအဘရဲ့ ကျွန်တော် တို့ အတွက်တော့ ကုန်ပြီလပေါ့ သင်္ကြန်နားနီးပိုက်ဆံရှာထွက်လိုက် ဦးမယ် အဘရေ ဈေးဖိုးသုံးရက်စာ ပဲ ရှိတော့တယ်။
ပြုံးဖြဲဖြဲ နဲ့ အောက်ဆင်းသွားတဲ့ ကိုဝင်းအောင်ကို ဖိုးဘတင် အံ့သြသလို ငေးကြည့်ကျန် ရစ်ခဲ့တယ်။
"ဟိုကောင်လေး စားသွားပြီလား"

ဟော.......မင်းကတော်ကြီး ထွက်လာပြန်ပြီ။ သွားစားတယ်၊ သွားစားတယ်လို့ ဖိုးဘတင် မြန်မြန်ပြန်ဖြေ လိုက်တော့ မှ တံခါးဝကနေ အပေါ်လွှာဘက်ကို တက်သွားတယ်။နို့မဟုတ်ရင် တံခါးခေါက်ပြီး မောင်ဝင်းအောင် တို့ အခန်းဘက်ကိုဝင်ဦးမယ်။ သူ့နာမည်ကျော် ငါးပိရည်ကို အတင်းစားခိုင်းဦးမယ်။

နေပါဦး။ သူအပေါ်လွှာကိုတက်သွားတာ ဘယ်လဲ။ ဟိုသူငယ်မလေးလင်မယားမရှိဘူးဆို။ သြော်...... ဟိုဘက်ခြံအလွှာက အပျိုကြီး တူဝရီးဆီထင်တယ်၊ အပျိုကြီးတူဝရီးကလဲ ဒီအချိန်ဆိုဈေးသွားပြီပေါ့။ ဒီနေ့ ဥပုသ်နေ့ ဆိုရင်တော့မပြောတတ်ဘူး။ရန်ကုန်မြို့ဟာ ၀ါတွင်း ကလွှဲလို့ ဥပုသ်နေ့ဆိုရင်တော့ မပြောတတ်ဘူး ရန်ကုန်မြို့ဟာ ၀ါတွင်းကလွှဲလို့ ဥပုသ်နေ့ဆိုရင် သိကိုမသိသာဘူး။ ဥပုသ်နေ့ဆိုပြီး သားငါး လဲ အကုန်ရ ဟင်းသီးဟင်းရွက် လိုချင်တာမှန်သမျှလဲ အကုန်ရတာပဲ။ ဈေးရုံကြီးတွေသာပိတ်တာ၊ လမ်းမတန်း အပြင်ဈေးဆိုင် ခန်းတွေက ပိတ်မှမပိတ်ဘဲကိုး။
အညာမှာတော့ အဖိတ်နေ့ကတည်း ဥပုသ်နေ့အတွက်တင်ကူးပြီး စားစရာ သောက်စရာ ၀ယ်ခြမ်းထားရတာ။ ဥပုသ်နေ့ဆို ဆိုင်အားလုံးပိတ်၊ သားငါးလဲမပေါ်တော့ဘူး။ ဟင်းသီးဟင်းရွက်လေး၊ အခြောက် အခြမ်းလေး ကို ရွာလည်ဈေးသည်တွေ လှည့်ရောင်းကြ တာပဲရှိတယ်။

အင်း......... မင်းကတော်ကြီးချက်ချင်း ပြန်ဆင်းမလာပုံထောက်ရင် ဒီနေ့ဥပုသ်နေ့ဖြစ်လောက် တယ်။ ဒါဆို တော်တော် နဲ့ ပြန်ဆင်းလာမှာမဟုတ်ဘူး။ဖိုးဘတင် တံခါးပိတ်ထားမှ ဖြစ်လိမ့်မယ်။
"ဘာလုပ် နေကြတာလဲ၊ နတ်ပူးနေကြတာလား"

ကြားသူတိုင်း စိတ်ပျက်တဲ့ ဘုရားအစ်မကြီးအသံကို ဖိုးဘတင် တံခါးဝကနေ ကြားလိုက်ရတယ်။ ကက်ဆက် က နတ်ဆိုင်း တီးလုံးကိုလဲ ကြားရတယ်။ အပျိုကြီးတွေက နတ်ဝါသနာပါဟန်တူတယ်။ နတ်တင်နေတာလား၊ ဘာလား မသိ။ အားနာစရာဗျာ။ တော်ပြီ၊ တော်ပြီဒီကိစ္စ ဖိုးဘတင်မပါပါဘူး ကိုယ့်ဟာကိုယ် တံခါးပိတ် နေတာ ကောင်းတယ်။
ငါးပိရည်အဘွားကြီး တံခါးလာခေါက်တဲ့ အသံကိုကြားလိုက်ရတဲ့အချိန်မှာ ကိုကြီးကျော် လက်တွင်း မရှုမလှသက်ဆင်းကျရောက်နေတဲ့ မယဉ်မွန်တစ်ယောက် အရမ်းဝမ်းသာသွား တယ်။
မြို့တိုင်းမှာလေ ကျော်ကျော်ကို တကြပါတယ်၊ နယ်တိုင်းမှာလေ ဖေကျော်ကို တကြအပါ တယ်။ ဆိုတဲ့ ကက်ဆက် နတ်သီချင်းသံ တခြိမ့်ခြိမ့်အောက်မှာ ကိုကြီးကျော်ပူကပ်နေတဲ့ အန်တီခင်လေးက မောင်းမ မယဉ်မွန် ကို ဒေါသတကြီး ကြိမ်းမောင်းနေချိန်ပေါ့။

"ဟေ့.......မောင်းမ၊ နင့်အပြစ်ကို နင်သိရဲ့လား၊ ဟေး....နင့်မှာအပြစ်ရှိတယ်၊ ဖေကြီးမ ကြိုက်တာ နင်လုပ် ထားတယ်၊ ဟုတ်တယ်မဟုတ်လား၊ ဟေး.........မောင်းမ၊ ဖေကြီးမကြိုက် တာ၊ နင်လုပ်ထား တယ် မဟုတ်လား"
ဥပုသ်နေ့ နံနက် ထုံးစံအတိုင်း ကက်ဆက်နတ်ဆိုင်းတီးလုံးနဲ့ နတ်တွေကို ပန်းလဲ၊ရေလဲ ယပ်သွင်းတဲ့ အလုပ် ကို မေကြီးလုပ်နေရင်းက ရုတ်တရက်ထပြီး ကိုကြီးကျော်ကပ်တော့ မယဉ်မွန်လန့်သွားတယ်။ ကိုယ့်မှာလဲ အပြစ် ရှိနေတော့ မယဉ်မွန်ကြောက်တယ်။ ကြီးမေဒီလိုတစ်ခါမှ အိမ်မှာမဖြစ်ဘူးပါဘူး။ နတ်ဝင်ပုံကလဲ ကြမ်းတယ်။ ခြေထောက် ကိုမတရားဆောင့်ဆောင့်ပြီး ဒေါသကတစ်အားကြီးတာပဲ။ မယဉ်မွန် လက်အုပ်ချီ ပြီးရုံက လွဲပြီး ဘာမှမလုပ်တတ်ဘူး။

"ဟေ့... မောင်းမပြောလေ၊နင့်မှာ အပြစ်ရှိတယ်မဟုတ်လား၊ပြောလေ။ မယဉ်မွန်ကြောက် ကြောက်နဲ့ တံတွေး ကိုပဲ မျိုချနေမိတယ်။ နတ်ကမေးနေပြီ။ ဘယ့်နှယ်လုပ်မလဲ။ ညတုန်း ကတော့ ကြီးမေငိုယိုပြီး မေးတာ ကို မယဉ်မွန်ဘူးကွယ်နိုင်ခဲ့တယ်။ ခုဟာဖေကြီး ကျော်တစ်ကယ်ဝင်ပုံရတယ်။ နတ်ကိုတော့ မယဉ်မွန် မညာရဲဘူး။
"ဖေကြီး မေးတာ မပြောဘူးလား ဟေ့.........မောင်းမ နင့်မှာအပြစ်ရှိတယ်မဟုတ်လားဟင်" "ရှိပါတယ် ဖေကြီး"

ဖေကြီးကျော်မျက်စီမျက်နှာ အကြီးအကျယ်ပျက်သွားတာကို ခေါင်းငုံ့နေတဲ့ မယဉ်မွန်မမြင် လိုက်ပေမယ့် ဖေကြီးကျော်အသံတွေ ငိုသံပါလာပြီ တုန်လာတာကိုတော့ သတိထားမိတယ်။
"မိုက်လိုက်တဲ့ မောင်းမ၊ မိုက်လိုက်တဲ့မောင်းမ နင့်ကိုဖေကြီးဘယ်လောက်ချစ်တယ်ဆိုတာ နင်သိတယ် မဟုတ်လား...ဟေ" "သိပါတယ်ဖေကြီး" "နင်လုပ်တာတွေကို နင်ရပ်တမ်းက ရပ်မလားမရပ်ဘူးလား"
မယဉ်မွန် မပြောဘဲ ငိုင်နေတယ်။ နတ်ကိုကတိမပေးရဲဘူး။ မလှည့်စားရဲဘူး၊ ကတိပေးပြီးမှ ကိုယ်က မလိုက်နာ ရင် နတ်ရိုက်တတ်တယ်တဲ့။

"နှမကြီးက ဖေကြီးကျော်ရဲ့ ညီဘွားကို ကတိထားလိုက်မိပြီဘုရား။" ဘာကတိလဲ၊ ဘာကတိ ထားတာလဲ ဟင်" "ဟိုလက်ထပ်ပါမယ်ဆိုတဲ့ကတိ"
ဖေကြီးကျော် ရဲ့ ကိုယ်ခန္ဓာယိုင်သွားတယ်။ မျက်ရည်တွေလဲ အတောမသတ်စီးကျလာတယ်။ အံ့သြတစ်ကြီး ကြည့်နေ တဲ့ မယဉ်မွန်ရဲ့ ဆံပင်တွေကို ရုတ်တရက်ဖေကြီးကျော်က ဆွဲဆောင့်ယူလိုက်ရင်း နာနာ ကြည်းကြည်း အော်တယ်။

"နင့်ကိုငါသတ်ပစ်မယ်။ သတ်ပစ်မယ်၊ ဘယ်ညီဘွားနဲ့မှ ကတိမထားရဘူး၊ ကတိမထားရဘူး၊ နင့်ကတိကို ဖျက်မလားမဖျက်ဘူးလား........ပြော၊ပြော၊ပြောစမ်း"
မယဉ်မွန်ကြောက်အားကြီးပြီး ငိုချင်လာတယ်။ ဖေကြီးကျော်လား၊ ကြီးမေလား မပြောတတ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့လက်တွေထဲမှာ လူးလွန့်ရုန်းကန်ရင်း ထွက်ပြေးချင်လာတယ်။
"မွန့်ဆံပင် တွေနာလှပြီ၊ ဖေကြီးကျော် ကြောက်ပါပြီဖေကြီးကျော်" မယဉ်မွန် အသံထွက်အော် လိုက်တုန်း မှာပဲ သံတံခါးကို ဆွဲလှုပ်သံက ပေါ်လာခဲ့တာ။

ဖေကြီးကျော်ရဲ့လက်တွေထဲက မယဉ်မွန်ဆံပင်တွေ လွတ်ထွက်သွားတယ်။ နောက်ထပ်တစ်ခါ သံတံခါးကို ခပ်ကြမ်းကြမ်း လှုပ်သံပေါ်လာတာနဲ့ မယဉ်မွန်က သစ်သားတံခါးနားထပြေးသလို ဖေကြီးကျော်က သူ့မျက်ရည်စ တွေကို အလျင်အမြန်သုပ်တယ်။ ပြီးတော့ မျက်လုံးအစုံကို မှိတ်လိုက်ပြီး လက်တွေကို နဖူး ပေါ်တင် တဆတ်ဆတ်ရိုက်ခတ်လို့ အမြန်ထွက်တော့မလို လုပ်နေတုန်း သံတံခါးဆွဲသံနဲ့အတူ......
"ဘာလုပ် နေကြတာလဲ၊ နတ်ပူးနေကြသလား"

ဘုရား.........ဘုရား ငါးပိရည်မကြီးပါလား၊ ကျယ်လိုက်တဲ့အသံ။ အောက်လွှာကများကြား သွားသလား မသိ ပါဘူး။ စိတ်ပျက်လက်ပျက်၊ မျက်စိပျက်၊ မျက်နှာပျက်နဲ့ အန်တီခင်လေးက ငါးပိရည်အဘွားကြီးကို မကောင်း တတ် လို့ ဖိတ်ခေါ်လိုက်တဲ့ (နဂိုမူလ) ညှောင်ညိညိသံ ပေါ်လာတယ်။

"ဒေါ်လေးပါလား လာ....လာ၊ ဟင်း-ဟင်းဒီနေ့အိမ်တွင်းရိုးရာ ရေလဲပန်းလဲ၊ ဆုလေးဘာ လေးတောင်းတာနဲ့ နတ်ပင့် ရအောင် နတ်သီချင်းခွေ ဖွင့်ထားတာဒေါ်လေးရဲ့။
"သိပါဘူး၊ ငါကညဉ်းတို့ နတ်ပူးကြတာလားလို့၊ အမယ်နတ်ပူးရတာ သိပ်ကောင်းတာနော်၊ သိပ်က လို့ကောင်းတာ၊ နတ်ပွဲတွေမှာ ငါတော့ကြုံရင်ဝင်ပြီးကပစ်လိုက်တာပဲ၊ ဟဲ့ကောင်မ လေးရော့...ရော့၊ ငါးပိငါးပိရည် ပန်းကန်ယူစမ်း၊ ငါကစမ်းမယ်"

အန်တီခင်လေး ရင်ဘတ်ကို လက်နဲ့ဖိလိုက်တယ်။ ဘုရား၊ ဘုရားကက်ဆက်ကို မပိတ်မိလိုက်တာမှားတာပဲ။ ငါးပိရည်မကြီးပ၀ါနှစ်စ မတဲ့မတဲ့ပြီး ကနေပြီ။ သူခြေထောက် ဆောင့်ပုံနဲ့ အောက်လွှာနဲ့ ပြသနာတက်တော့မယ်။ မဖြစ်ဘူး၊ မဖြစ်ဘူး ဟိုကျောင်းဆရာ တက်လာလိုက်မှ ပိုဆိုးကုန်မယ်။

"လက်ခုပ်တီးကြလေ၊ လက်ခုတ်တီးကြ"
အဘွားကြီး က အားရပါးရခုန်ပေါက်နေရာက အန်တီခင်လေးတို့ တူဝရီးကို လှမ်းပြော လိုက်သေးတယ်။ အန်တီခင်လေး က မယဉ်မွန်ကို ကတ်ဆက်ပိတ်ဖို့ မျက်ရိပ် လှမ်း ပြလိုက် တယ်။ မယဉ်မွန်က ကက်ဆက် ခလုတ် ဆီ မသွားတော့ဘဲ မီးခလုတ်ကို လှမ်းပိတ်လိုက်တယ်။

"ဟေ့....ဘာလို့ ပိတ်ပစ်တာလဲ ပြန်ဖွင့်ပြန်ဖွင့် ငါကရတာကောင်းတုန်းရှိသေးတယ်။ မဟုတ်ဘူးဒေါ်လေး မီးပျက် သွားတာ ဖွင့်လို့မရတော့ဘူး" မီးပျက်ရင်ညဉ်းတို့ ခေါင်းပေါ်က မီးချောင်းက ဘာလို့လင်းနေလဲ..ကဲ
ဟုတ်သားပဲ။ အမြဲတမ်း ဖွင့်ထားနေတဲ့မီးချောင်းဆိုတော့ အန်တီခင်လေးက မေ့နေတယ်။ ကဲအေ.... မဖွင့်ချင်လဲနေကြ  ညဉ်းတို့ ငါးပိရည်နဲ့ ထမင်းစားကြတော့လေ၊ သွား...ဟိုကောင် မလေး ထမင်းပွဲပြင်လေ"

ဒုက္ခပါပဲ။တစ်မျိုးပြီးတစ်မျိုးဒီ မိန်းမကြီးကို ဘယ်သူမှမနိုင်ကြတော့ဘူးလား။ ဒေါ်လေးကျွန်မ တို့က ခုနတင် ထမင်းကြော် တွေ စားထားလို့ဒေါ်လေးရဲ့ နို့မို့ဆိုစားတာပေါ့၊ဒေါ်လေးငါးပိရည် ကို သိပ်ကြိုက်"
"ဟုတ်တယ်အဘွား၊ မွန်တို့မနက်စာစားရင်း အဘွားငါးပိရည်တွေ အကုန်စားမှားစိတ်ချ" တူဝရီးနှစ်ယောက် ဘယ်လောက်ပြောပြော အဘွားကြီးမျက်နှာက မှုန်ကုတ်ပြီး ကြမ်းပြင်ပေါ် ပုံ့ပုံ့ကြီးထိုင်နေတယ်။
"အဘွား လက်ဖက် စားမလား" "သွေးလေချုပ်ပြီး ငါသေအောင်လုပ်တာ"

ဟောတော်၊ ပြသနာ။ မယဉ်မွန်က အဘွားကြီးငါးပိရည် ပန်းကန်နဲ့ တို့စရာပန်းကန်ကို လှယ်ယူထားပြီး သူ့ရှေ့မှာ ချလိုက်တယ်။ အဘွားကြီးက ဘာမပြော ညာမပြောနဲ့ ပန်းကန်တွေကို ဆတ်ခနဲ့ ကောက်ယူ လိုက်တယ်။

"လေကုန်တယ်၊ ညဉ်းတို့ကိုလေကုန်ခံပြီးမပြောတော့ဘူး၊ စားချင်စား မစားချင်သွန်ပစ်" "စားမှာပါ အဘွားရဲ့"
အဘွားကြီးထိုင်ရာကထတော့ တူဝရီးနှစ်ယောက် ၀မ်းသာသွားတယ်။ မယဉ်မွန်စိတ်ထဲမှာ တော့် မယဉ်မွန်စိတ်ထဲမှာတော့ ကြီးမေနဲ့ရင်ဆိုင်ရမှာကို လန့်နေတယ်။
"ဟိုကောင်လေးဆီသွားပေးရဦးမယ်၊ ငါ့ဗီရိုထမ်းတင်ပေးတဲ့ အောက်ဆုံးထပ်ကကောင်လေး၊ သဘော ကောင်းတယ် အဲဒီကောင်လေး" "ဟုတ်တယ် ဆန်နီက သိပ်သဘောကောင်းတာ"
အန်တီခင်လေး က ရေလိုက်ငါးလိုက် စကားပြောရင်း အခန်းပေါက်ဝထိ အဘွားကြီးကို လိုက်ပို့လိုက်တယ်။

ဒေါ်လေးနက်ဖြန်ကျ ဒုက္ခခံပြီး လာပို့မနေနဲ့နော် ကျွန်မတို့မရှိဘူး၊ နက်ဖြန်ဈေးဖွင့်ပြီ" အန်တီခင်လေး စကားဆုံးတာ နဲ့ အဘွားကြီးက တံခါးဝကနေချာခနဲ လှည့်လာတယ်။ နက်ဖြန်လဲမလာဘူး၊ သန်ဘက်ခါလဲ မလာဘူး၊ ညဉ်းတို့ဆီငါမပျော်တော့ဘူး၊ ငါးသားလေး ငါ့ကို မျှော်လှရော့မယ် ငါပြန်တော့မယ်။
အန်တီခင်လေး တို့ တူဝရီးနှစ်ယောက် တဆောင့်ဆောင့်နဲ့ ဆင်းသွားတဲ့ အဘွားကြီးကို ငေးကြည့် ကျန်ရစ် ခဲ့ကြတယ်။

ဆက်ရန်
.

1 comment:

susu said...

ဟူး‌တော်ပါ‌သေးရဲ့.....အဘွားကြီးပြန်‌တော့မယ်တဲ့...။
"ရှာ"ဘက်မို့လို့သာ‌ပေါ့.."‌တော့"ဘက်သာဆိုရင်လင်မ
ယားကွဲရချည်ရဲ့.....။