အခန်း(၂)
ကျွန်တော်သည် ရှပ်အကျီလျှော်ပြီးသားကလေးနှင့် ရွာရက်လုံချည် တစ်ရေချကလေးကို ၀တ်ကာ တဘက် ပျော့ဖတ် ကလေးကို ခေါင်းမှာပတ်၍ အတော်ပင် သပ်သပ်ရပ်ရပ် ရှိနေချေပြီ။ ကျွန်တော်တို့ မင်္ဂလာဆောင် တုန်းက ၀ယ်တဲ့စားပွဲတင်မှန် (သားတော်မောင် ဟစ်တလုံး၏ လက်ချက်ကြောင့် ကွဲအက်၍တော့ နေပါပြီ) ၄င်း မှန် ကို ဖုန်သုတ်ပြီး ကိုယ့်ရုပ်ကိုယ် ကြည့်လိုက်တယ်၊ အမယ်တက်ပုတို့က ဒီလိုဆင်လိုက် ပြင်လိုက် တော့ အတော်နုပျိုတုန်းပါကလား'
ခါတိုင်းနေ့မျိုးဆိုလျှင် အင်္ကျီဝတ်ရိုးလား၊ ပုဆိုးညစ်ထပ်ထပ်ပင် တစ်ထည်စည်း တစ်ထည်ပေါင်းနှင့် ဘယ်တော့ မှ မဆုံးနိုင်တဲ့ အိမ့်တာဝန်တွေကို တစ်နေကုန် တစ်နေခန်း လုပ်ရတယ်၊ သြာ်...ဒီနေ့မျိုး ဆိုတော့ အနား လည်းရ ကုသိုလ်လည်းရပေါ့၊ သို့သော် ညစာမစားရတာက ခက်လှတယ်၊ ဒါပေမဲ့ ကျုပ်တော့ ဆာရင် ထတွယ်တာပဲ။
ဤအချိန်၌ ကျွန်တော့ အုံမာဒါနီသည် ဆန်နို့ဆီဘူးနှစ်လုံးခန့်ကို ထမင်းပန်ကန်ပြားထဲမှာ ခပ်မောက်မောက် ကလေး ထည့်ပြီး အပေါ်က အိမ်ရှေ့ပင်ကပွင့်တဲ့ စံပယ်ပန်းကုံးကလေးကို ရစ်ခွေ၍ထားလို့။
'ကိုတက်ပုရေ... ဟောဒီ ပန်းကလေးတွေ ရှင်ကိုယ်တိုင်ဘုရားမှာ ကပ်လိုက်ပါနော်'
'ဟောဒီ ပန်းဒကာမကလေးဟာ ဖြစ်လေရာ ဘ၀မှာ ဤစံပယ်ပန်းလို ဖြူဖြူဖွေးပြီး ကြူကြူမွှေးပါစေ ဆိုတဲ့ ဆုတောင်း နဲ့ ပေါ့နော်'
အလဲ့၊ ကျွန်တာ့်မယား၏ မျက်စောင်းကလေးဟာ ချစ်စရာကောင်းတုန်းပါပဲကလား။
ထို့နောက် ကျွန်တော်သည် ဤနေရာ ထိုနေရာတို့၌ ဟိုမှောက်သည်လှန် လုပ်နေရာမှ....
'ဟေ့.... မနော်ရေ၊ ပုတီးကောကွ'
'မသိတော့လား၊ ရှင်အရင်လာက ဘယ်နေရာ ပစ်ထားလိုက်လဲ'
'အဲဒါ မသိတော့လို့ပေါ့ကွ'
'တော့သား များ ယူဆော့မလား၊ သူ့ခေါ်မေးကြည့်ပါဦး'
'ကောင်လေး ဘယ်များ ဆင်းသွားပါလိမ့်' ကျွန်တော်အိမ်ရှေ့ လှည်းကြည့်လိုက်ရာ 'ဟဲ့...ကြည့်စမ်း ... ကြည့်စမ်း၊ လူကလေး ဒီရဲတင်း ပုစိန်ယူပြီး ထန်းပင်လပ်ကို မခုတ်နဲ့ ပြောနေတာ'
'ခုတ်တော့ ဘာဖြစ်ရဲဂျ၊ ခညားကြီးတောင် ခုတ်တတ်ပစ်ချင်တေးတယ်'
ကြက်ကိစ္စ နဲ့ ပတ်သက်ပြီး သူကျွန်တော့်ကို စိတ်မျက်နေသည်။
'ပုဆိန်ကြီးက လေးတော့ မင့်ချော်ချက် ရှမှာစိုးလို့ ပြောတာဟေ့'
'ခြခြဂျ'
'ကဲ...ဒါဖြင့် မင့်သဘောပဲ၊ ငါ့ပုတီးများ ဘယ်တွေ့မိလဲတော့ ပြောပါဦး'
'ကျွန်တော် က ခည လိုမှ နေ့တိုင်း တရား အားမထုတ်နေတာ၊ ဘယ်တိမရဲဂျ'
'အောင်မယ်... ငါသတိရပြီ၊ မင်းဟိုနေ့က ကြောင်မ ပုတီး' နဲ့ ချည်ပြီး မြင်းလုပ်ကစားနေတယ် မဟုတ်လား'
ဤတွင် သူ့အမေက မီးဖိုချောင်ထဲမှ...
ကိုတက်ပုရေ... တိုးတိုးရှင့်၊ လူများကြား ရှက်စရာကြီး၊ ဟေ့ဒီမှာ တွေ့ပြီ၊ ငါးပိချက်အိုးအောက်က ကရွက်ခွေ ထဲက'
'ပြတ်သတ် များ နေသေးလားဟယ်၊ ပုတီး ၁၀၈လုံးထဲ ဘယ်လောက်များ ရှိတော့လဲ မသိပါဘူး'
'မပြတ်သေးဘူးရှင့်'
ဤတွင်မှ ကျွန်တော်မှာ ဥပုသ်စောင့်သွားရန် အတောင်အလက်စုံချေပြီ၊ လှူဖွယ်ဝတ္ထု ပန်းကန်ကို ညာလက်ဝါး ပေါ် မ၍ အိုးမည်းများ သုတ်သင်ပြီးသော ပုတီးကို ဘယ်ဘက် လက်ကောက်ဝတ်မှာ ရစ်ပတ်ကာ အိမ်ပေါ်မှဆင်းခဲ့တော့၏။
အောက်ေ၇ာက် မှ ကိုယ့်ဝမ်းအတွက်ကို သတိရပြန်ကာ.....
'ဒီမှာ မနော်ရေ၊ ခုမနက် ဥပုသ်ဆွမ်း အတွက်တော့ ဖွယ်ဖွယ်ရာရာကလေးလုပ်ပါကွာ'
ကျွန်တော့ မိန်းမသည် ကလေးတစ်ဖက် ဆေးပေါ့လိပ်တစ်ဖ်ကနှင့် ပြုံးစနဲ့နဲ့ကလေးထွက်လာကာ..
'ဒီမှ ဆရာတက်၊ ကိုယ့်အချင်းချင်းပဲ သပုသ်ဆွမ်းတွေ ဘာတွေ လုပ်မနေပါနဲ့ကွယ်၊ ရှင်ဘယ်တော့ များ ညစာလွတ် သလဲ'
'ဟဲ့... ဟိုဘက်အိမ်ကကြားပါဦးမယ်၊ ညစာမလွတ်ကော ခုမနက်မှာ ဘုန်းကြီးရှေ့ထိုင် ပုတီးကိုင်ပြီး ပါးစပ်က ပွစိပွစိ လုပ်နေတာ က မသက်သာဘူးကွ၊ ဟင်းသည် ကျွေးသည်ကလေးများလာ...၀ယ်ပါ ကွာ'
'၀ယ်နိုင်ပေါင် တော်၊ ယင်းတိုက်ရွက်ဟင်းချို၊ ငါးပိရေနဲ့ သခွပ်ရိုးခြောက် တို့စရာပဲ၊ ဥပုသ်စောင့် ရတယ်လို့ ဒီနေ့ မှ ရှင့်ပါးစပ်က ထူးပြီး မစားနိုင်ဘူးဆိုလဲနေရော'
'ငါ့လခွီးတဲ့... သွားမယ်ကွာ'
ကျွန်တော် စိတ်ပျက်ပျက်နှင့် ခေါင်းလှည့် အထွက်....
'တွား...တွား....ခညားကြီး လျှောက်ဂျကားညားတယ်၊ အိမ်ကကြက်မတော့' ဟု ဆိုပြီး သားတော် မောင် ဒေ၀ဒတ် က ရဲတင်းပုဆိန်နှင့် ရွတ်သောကြောင့် ကျွန်တော် ဗိမ္ဗိသာရကြီးမှာ ကျောင်းတော် ၀ိဟာသို့ အမြန် လစ်ခဲ့ရ ပါတော့သည်။
နံနက်ခင်းမို့ ရွာတွင်းမှာအေးမြသာယာတုန်းပါ။ ရွာရိုးတစ်လျှောက်မှာ နှစ်အိမ်ခြား သုံးအိမ်ခြားတို့မှ ဆန်ဖွပ်မောင်းထောင်းသံ၊ ရက်ကန်းစင်တို့်မှ လက်ခတ်သံ၊ အိမ်ရှင်ယောက်ျားကြီးများ၏ ထင်းခွဲ လွှဆွဲသံ၊ မိုးတစ်ပြိုင်နှစ်ပြိုက်ရွာပြီမို့ လယ်သမားတို့ရဲ့ ထယ်တုံးထွန်တံပြင်တဲ့အသံ။
ဤအသံများကို စုပေါင်းပြီးတော့ဖြင့် မိတ်ဆွေတိုလို့ မြို့ကြီးသား လူယဉ်ကျေးများကတော့ 'ကျေးရွာ၏ဂီတ' လို့ဆိုကြမယ်ပေါ့။ သို့သော် ဤ အသံများကို ပေါ်ထွက်စေတဲ့ လူများမှာတော့ မသက်သာရှာကြပါဘူး။ ဆန်ဖွပ်သမ ကလေးတွေက ခုမနက်စာ ထမင်းချက်မီ အောင်တဲ့ဗျ။ ရက်ကန်းသမတွေကိုလည်း 'လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်ကကြား' ဆိုတဲ့ သီချင်းနဲ့ ဘုရားလှုဖို့ မသိုးသင်္ကန်းများ ရက်နေတယ် မအောက်မေ့ ကြနဲ့ သူပိုင်ချည် မဟုတ်ပါဘူး။
သူ့ကို လက်စေားငှားတဲ့လူ အထည်သိမ်း လာရင် အချိန်မီပေးနိုင်အောင်တဲ့ဗျ။ ချွေးတပြိုက်ပြိုကနဲ့ ထင်းခွဲ လွှတိုက်နေ တဲ့ လူကြီးများအတော့ အိမ်မှုကိရိယာ မိုးမရွာမီ ပြီအောင်တဲ့ဗျ။ ဟိုထန်းသမားကြီးကိုလဲ အလကား သူအပျော်အပါး သောက်စားဖို့ လုပ်နေတယ် မအောက်မေ့နဲ့ဦး၊ သူက သက်စွန့်ဆံဖျား ထန်းတက် ပြီး အသက်မွေး ရတဲ့လူ။ အခုလေ သီးနှံ ရိုးတံတွေဖြုတ် ထန်းဖိုလက်ငုတ် လောက်သာ ကျန်တော့ လို့ သီးရင့်ခိုင်တံကို အမြန်နှံနေရတာ ခင်ဗျ။ ဒါမှ သူ မိုးတွင်းစာကလေး ရပေမယ်။ လယ်သမား တွေ ကိုတော့ အထူး ပြောစရာလိုမယ် မထင်ပါဘူး။ နွေပေါက်ရင် သူတို့ဖို့ ၀မ်းစာလေး မလောက်မင် ထားပြီး မိတ်ဆွေ တို့ မြို့ကြီးသားတွေစား ဖို့လေ၊ ခုနယ်ထဲက ပြင်ကြ ဆင်ကြ ရပြီ။
' တေားသား တွေ ဆင်းရဲကြမှာပေါ့၊ အသိညဏ်မှမရှိကြ တဘဲလို့ ဆိုချင်ဆို ကျုပ်တို့က ခံဖိုအသင့်ပါပဲ၊ သို့သော် ကျုပ်တို့လို့ အသိညဏ်မဲ့တဲ့လူတွေ မရှိရင်ဖြင့် ခင်ဗျားတို့ ရွှေမြို့တော်သူ ရွှေမြို့တော်သား ခါနာပြတ် လို့ မာလကဈာန် ကြွကုန်ကြလိမ့်မယ်၊ ဒီတော့ နည်းနည်းပါးပါး သက်ညှာ ကြပါဗျ၊ ကျူပ်တို့ တောကလူများ မြို့ဈေး ၀ယ်တက်လာရင် လယ်တောအမဲတဲဆိုပြီး သိပ်သိပ်မနှံလိုက်ကြပါနဲ့ ဒီကတော့ ခံဘက် ကချည်းပါဘဲ၊ ဘာမှ နားမလည် ရှာကြပါဘူး'
'ဟေ့.... မောင်တက်ပု၊ ဥပုသ်စောင့်လားကွ'
'ဟုတ်ကဲ့ ဦးကြီးဘိုးဆင်ရေ၊ နို့ ဦးကြီးဘိုဆင်ကော'
'ငါတော့ ဒီတပတ်အိမ်စောင့်ကျသကွာ၊ မင့်အရီးများ သွားကြလေရဲ့၊ ခြံထဲက သစ်ပင်ကလေးတွေ စိုက်စ ကြက်မောင်း စရာ ၀င်းကာစရာ ကလဲ ရှိတာနဲ့ဟေ့၊ အေး...သွားဟ သွားဟ၊ ဒါမှ ကိုယ်ဖို့ပါသကွ၊ ရေဘူးနဲ့ ဖိနပ်မပါ နွေအခါမှ သိမတဲ့၊ ဒါနနဲ့ သီလမပါ သေခါမှ သိမတဲ့''ဟုတ်တာပေါ့ ဦးကြီးဘိုးဆင်ရာ'
ဦးကြီးဘိုဆင် အိမ်မှ လွတ်မြောက်ခဲ့သော် ပိသာငါးဆယ် ကျော်ထွက်မည်ဟု ခန့်မှန်းရသော သူ့ဝက်ကြီးကို အရိပ် တကြည့်ကြည့်နှင့် စိတ်ကူးယဉ်ကာ ၀က်စာ ပိန်ရိုးစင်းနေသော ကိုဆက်ကလေးအား...
'ဗျို့... ကိုဆက်ကလေး၊ ခင်ဗျာ့ကောင်ကြီး ဘယ်တော့ပေါ်'
'ဟိုက်' ကျွန်တော် စကားမဆုံးမီ ရုတ်တရက် သတိရပါသည်။ ငါ ဥပုသ်စောင့်သွားမှာပါကလား၊ ကိုဆတ်ကလေး ကတော့ အဖြေပေးလေပြီ။
'ဖိန်နွှဲခါဟေ့... မင်းလာကွာ၊ အုတ်ရှစ်ပင်ရွာ အတွက် ငါးတွဲလောက် မင်းတာဝန်ယူကွာ'
'ဟယ်' မေးမိတော့မှဖြင့် မထူးတော့ပါဘူးကွာ၊ သီလလဲ ယူရသေးတာမှ မဟုတ်တာ။
'ကောင်းပြီလေ... ကျွန်တော်လာခဲ့မယ်၊ ဘယ်အချိန်လဲ'
'မနက်ရောင်းမီ ညနေတစ်စောင်းပေါ့'
ကျွန်တော် ၀က်ဖျက်တာထဲမှာ လက်သည်ပါရမည်။ ၀မ်းတွင်းသား၊ ခေါင်းသားနှင့် ခြေထောက် ရိုးများ စားရသည်။ နောက်တစ်နေ့၌ တစ်ပိသာတွဲများကို လက်သည်တွေ ခွဲဝေ၍ ဟိုရွာသည်ရွာ သွားရောက် ရောင်းရ သည်။ အုတ်ရှစ်ကုန်းရွာမှ ကိုဆက်ကလေး ဆွေမျိုးများရှိ၍ ကျွန်တော့်ကို လွှတ်ခြင်းဖြစ်သည်။ ဆွေမျိုး တို့ မည်သည် ကိုယ်ချင်းပဲဟာ ဆိုပြီး အကြွေးယူ၏။ နောင်ပြီး အတောင်းရခက်၏။
'အမယ်.. ဦးကြီးဖြိုးတို့ကတော့ ဇိမ်ပါပဲလား'
အရီးချစ်စုလင် ကျွန်တော့် ဘကြီးဖြိုးကိုကား မိတ်ဆွေမှတ်မိကောင်း မှတ်မိပါလိမ့်မည်။ ကျွန်တော့် အား ဦးကြီးမူ ဟူသော မူတစ်ခု ချပေးခဲ့ဖူးသူဖြစ်သည်။ ယခု သူသည် နံနက်စောစောပင် ထန်းရည် ကျည်တောက် ကို နံဘေးမှာ ထောင်၍ အုန်းမှုတ်ခွက်နှင့် ကြိတ်နေသည်။
'အေး... ဟိတ်...တက်ကလေး၊ တစ်ခွက်လောက် မော့သွားပါဦးလား'
'ဘယ်ဖြစ်မလဲ ဦးကြီးရာ ဥပုသ်စောင့်သွားရမှာကို'
'မင်း သီလ မှ မယူသေးတာဘဲကွ၊ ယူပြီးမှမသောက်ဘဲနေရတာ'
'ဖြစ် မထင်ပေါင်ဗျာ ပါးစပ်က နံနေပါ့မယ်၊ ဦးကြီးတို့တော့ အသက်ငါးဆယ်ကျော်တော့ ဘုန်းကြီးက မပြော တော့ဘူး၊ ဥပုသ်မစောင့်ချင်လဲ နေရပြီ၊ ထန်းရည်ကလေးသောက်ပြီး ဇိမ်ပဲ'
'မဇိမ်နဲ့မောင် ဒီထန်းရည်သောက်ပြီး ရိုးထိပ်က လယ်လေးမှာ ဆောက်မြစ်တွေ သွားပေါက်ရမှာကွ၊ ဒါကြောင့် နေပူခံကလေး လုပ်နေရတာ'
ကျွန်တော် ဆန်ခွက်ကလေးတမမနှင့် ဆက်လျှောက်ခဲ့ရာ...
'ဟာ.. ဘယ့်နှယ့် ဦးကြီးဘိုးသင်းရွာ စောစောစီးစီး လှည်းတစ်စီးနဲ့ ဘယ်အချိန်ကများ အိမ်က ထလာလဲ'
အကြောင်းမှာ ဦးကြီးဘိုးသင်း ရွာသည် ကျွန်တော်တို့ရွာနှင့် နှစ်တိုင်ခရီးမျှ ဝေး၏။ ဦးကြီးဘိုးသင်း သည် စိတ် ချမ်းသာစွာနှင့်...
'ဟာ...ပြောမပြောချင်ပါဘူး တက်ပုရာ တာလမ်းက ကျောက်စရစ်ခဲပုံ နှစ်ပုံလောက် လှည်းနဲ့တိုက် ယူမလို့ ၄နာရီ လောက်က မောင်းခဲ့တာ တာတစ်လျှောက် မိုးသာ စင်စင်လင်းရော ကျောက်စရစ် ခဲပုံမတွေ့ရဘူးကွ၊ ငါ့အရင် ယူသွားတဲ့ လူတွေက ရှိနေတာကိုး၊ ဟောဒီ မင်းတို့်အပိုင်းရောက်မှ တွေ့တော့တယ်၊ ဒီတော့ လူမြင် သူမြင် ဖြစ်နေပြီ၊ ဒါကြောင့်ခုည မင်းတို့ရွာမှာနေပြီး သန်းခေါင် ကျော်လောက်မှ ကျောက်ခဲတင် ပြန်မယ် လို့ကွ'
'နေပါဦး၊ ကျောက်ခဲက ဘာလုပ်ဖို့တုံး ဦးကြီးရ'
ဟာ..ငါ့အိမ်ဟောင်းကြီး နေမဖြစ်တော့လို့ပြင်တာ တိုင်သစ်မ၀ယ်နိုင်တော့ တိုင်ဟောင်းတွေပဲ အောက်ခြေ က ဖြတ်ပြီးက ကတစ်ခံရတယ်ကွ၊ အဲဒါ ရွာထဲ ကျောက်စည်လုပ်ရောင်းတဲ့ သူငယ်တွေဆီက ချေးထားတဲ့ ကျောက်စရစ်ခဲ ပြန်ပေးဖို့ကွ၊ နို့...မင်းကလဲ ကျောင်းဥပုသ်စောင့် လား၊ ငါ့တူက တယ်လိမ္မာနေပါလားဟေ့'
'ဟာ...လိမ္မာတာ ကောင်းတာပေါ့ကွ၊ ဦးကြီးတော့ ဒီအသက်အရွယ်ရောက်မှ တာလမ်းမက သံဃ ကပစ္စည်းခိုး ရတဲ့အဖြစ် ရောက်နေတယ်ဟေ့၊ အင်တိုင်းလဲ သွားတိုက်မပေးနိုင်ဘူးဟ၊ သူတို့လိုပဲ'
ကျွန်တော် သည် လမ်းတွင် ဟိုပြောသည်ပြောနှင့် လေဖောခဲ့ကာ မကြာမီ ကျောင်းတော်မဟာသို့ ရောက်ခဲ့ ပါတော့သည်။
အလို...မြို့က ဦးမြတ်ချမ်းတို့ဒေါ်အေးဆင့်တို့ အိမ်သားတွေလဲ လာကြပါလား၊ အမယ် မြို့သူ ကေင်မ လှလှကလေး တစ်ယောက်လဲ သူတို့အိမ်သားတွေလဲ ပါလာတယ်ဟေ့၊ အမောက် ထောင် ထောင်၊ နှုတ်ခမ်းနီနီ၊ နားသံသီးတွဲလောင်းကလေးလည်း၊ အဟိ...ဦးမဉ္ဇင်းကလေး မျက်စိကျွတ် ကျမှာစိုးရတယ်၊ ကောင်မ ကလေး အသားအရေကလဲ စိုစိုပြည် ပြည့်၀၀ကစ်ကစ်၊ ကြည့်စမ်း ...မအေပေးမျိုး မှိုနီရိုးတို့ သာအေး တို့ အောင်ခတို့ လူသိုက်က အနားတရစ်ရစ်နေကြ ပါလား၊ ကွမ်းအစ်တည်သလိုလို လက်ဖက်ရည် ပွဲ ချသလိုလို နဲ့၊ အေးလေ...ပိုးကြပန်းကြပါကွာ၊ မင်းတို့ အချိန်နဲ့ မင်းတို့အရွယ်ဝတ်ပေကိုး..
ဦးမြတ်ချမ်း နှင့် ဒေါ်အေးဆင့်တို့မှာ မူလပထမက ကျွန်တော်တို့ရွာက ဖြစ်ပါတယ်။ သို့သော် သူတို့မှာ ပစ္စည်းဥစ္စာ ချမ်းသာသူများဖြစ်၍ ယခုလို ခေတ်မကောင်းသည်၌ တောရွာမနေ၀ံ့တော့ဘဲ မြို့သို့ပြောင်းရွေ့ သွားရခြင်း ဖြစ်သည်။ သူတို့သည် မကြာခဏပင် ဥပုသ်နေ့များ၌ လှူဖွယ်ဝတ္ထု အစုစုနှင့် ဥပုသ်စောင့် ပြန်လာ သည်။ ရွာက ဆရာရင်း တပည့်ရင်းပေကိုး...။
အနှီလို သူတို့လာကြပြီဆိုလျှင် ရွာက လူကြီးအချို့နှင့် သူတို့လူသိုက်သာ ဘုန်းကြီးအနားမှာ ၀ိုင်းအုံ နေကြသည်။ ဒီက ဂျီးသာယာတို့ အရီးဗွေးတုပ်တို့လူစုဖြင့် နောက်ချောင်ကုပ်၍ နေရပေ သည်။
ကျွန်တော် သည် အရောက်လည်းနောက်ကျ၊ လူပုံလူပန်းကလည်း တယ်မခန့်လှသဖြင့် မရွံ့ မရဲနှင့်ပင် လူတော ထဲ ခပ်ကုပ်ကုပ်ကလေး လျှောက်သွားရာ...
'အံမာ...မောင်တက်ပုကလဲ ဥပုသ်စောင့် လာသကိုးလားကွ၊ ဒီဘက်ကို'
ဦးမြတ်ချမ်းကိုယ်တိုင်က လှမ်းခေါ်လိုက်သံကြားရတော့ လူကို အတော်ကလေး မျက်နှာထားရဲပြီး သူတို့ လူသိုက် ဆီသို့ ဆိုက်ရောက်ခဲ့ပါတော့၏။ ၄င်းတို့လူစုကို ပြုံးကြည့်နှုတ်ဆက်ပြီး လက်ထဲက ဆန်ပန်းကန်ကို ရှေ့မှာ ချပြီး ဘုန်းကြီးဝတ်ပြုစဉ်...
သို့သော် ဘယ်ဖြစ်မှာတုံး၊ အိမ်မ မရွှေနော်က ဘုရားကို တင်ဖို့ ပေးလိုက်တာ၊ အို...ဒီလိုလူတွေ မရှိဘူးဆိုလဲ ပေးချင် ပေးလိုက်မိမှာ လူ့စိတ်ဟာ မျောက်စိတ်ဆိုတာ တယ်မှန်။
'ဘယ်နှယ်လဲ မောင်တက်ပုတို့ အိမ်သူအိမ်သားတွေ ကျန်းမာကြရဲ့လား'
ကျွန်တော် ဘုန်းကြီး ၀တ်ဖြည့်အပြီး ဦးမြတ်ချမ်းက ပ်ဋိသန္ဓာရ ပြုသဖြင့် ကင်ပဆစ်တုပ်နှင့် သူ့ဘက် လှည့်ကာ….
'မာကြပါတယ်၊ နို့…. ဦးလေးချမ်း အိမ်သားများကော'
'ဟောဒီ မြင်တဲ့ အတိုင်းပဲ၊ ပုစုခရု အကုန်ပါခဲ့ရဲ့'
ကျွန်တော့်မှာ လူစေ့သက်စေ့ လှည့်ကြည့် ပြုံးပြရပြီး အငယ်ဆုံး အကောင်လေးအား…
'ဟေ.. ကိုမှတ်ကလေးက မြို့သားဖြစ်ပြီး ၀လို့လှလို့ပါလား' ဟု ဟိုကောင်မလေးကို ကြည့်ရင်း ပြောလိုက် ပါသည်။ စိတ်ထဲကတော့ ဘာရယ်လို့ မဟုတ်ပါ၊ ပုထုဇဉ်နောဥမ္မာသကောကြည် ကောင်းလို့သာ ကြည့်တာ ပါဗျာ။
'ဒါနဲ့… မောင်တက်ပု၊ မင်းမြို့များ မေ၇ာက်ဘူးလား၊ ရောက်ရင် တို့အိမ်ဝင်ပါထွက်ပါကွာ၊ ဟိုမှာ လာပြု စားသောက် နေချင်လဲနေပါ'
'ဟုတ်ကဲ့'
ကျွန်တော်မှာ ဤလိုလူကြီးနှင့် ဘုန်းပြန့်အေးမြသော ခပ်ဆွံ့ဆွံ့။
ဦးမြတ်ချမ်းလိုလူက ကျွန်တော်လိုကောင်အပေါ် ဤဖော်ရွေနေကြတာ ကြည့်ပြီးတော့ဖြင့်ဒီလူကြီး တယ်သဘောကောင်းပါလားလို့ အအောက်မေ့လိုက်ကြပါနဲ့ဦး ခင်ဗျာ။ အကြောင်းက ရှိပါသေး တယ်၊ ဒီလိုပါ၊ သူဟာ အခုမြို့မှ ကျန်နေပါတယ်၊ ဒါတွေကို ကျွန်တော်တို့လို လူငယ် လက်ဆော့ ခြေဆော့ ကောင်လေး တွေက သူတို့သောက်မြင်ကတ်ပြီး အလကားသက်သက် ဖျက်ဆီးပစ်မှာစိုး လို့ပေါ့၊ ဒါကြောင့် သူက ကျွန်တော့်ကို တရေးတရာ စကားပြောနေတာပါ။
'မင်းတို့ အသုံးအစားကော ချောင်လည်ရဲလားကွ စပါးဈေးလဲ သုံးပိဿ လယ်ခတွေကလဲ အရင်လို မဟုတ်ဘူး၊ လယ်ခွန် နှစ်ဆပေးရတာ'
'ဒါပေမယ့် ကုန်ဈေးတွေက အဆတန်ကြီးတော့ မထူးပါဘူး ဦးလေးချမ်းရာ'
ထူးပါ့မလား ကိုယ်တော်ကြီးသည် မူလက ကွမ်းညှပ်နှင့် တဖြောက်ဖြောက် ညှပ်နေသော ကွမ်းသီးစိတ် များကို ပါးစပ်ထဲ ပစ်သွင်းလိုက်ပြီး၊ လူစကားထဲ ၀င်လေပြီ။
ဦးမြတ်ချမ်း တို့ အိမ်သားများက ကျွန်တော့်ကို ကြည့်၍ ပြုံးကြသည်။ ကျွန်တော် ရှက်ပါသည်။ လူ့လောကထဲ မ၀င် ဘူးသော ဘုန်းတော်ကြီးကား သူ့ထုံးစံအတိုင်း ဆက်လက်၍ ကြိမ်းမောင်း လေသည်။
'လူုကလေး တွေက ချမ်းသာပါ့မလား၊ အတိတ်ဘ၀က ကုသိုလ်မရှိခဲ့၊ အခုပစ္စုန်ပ္ပန်လဲ ဒါနမပြုချင် နင်တို့က ပြော ဦးမယ်၊ မရှိလို့ မလှူတာလို့၊ အေး… မရှိလို့မလှူ မလှူလို့ မရှိတာဟ၊ လှူတယ် တန်းတယ်ဆိုတာက နည်းတာ များတာကို ပြောတာမဟုတ်ဘူး၊
စေတနာသာ ပဓာန၊ စေတနာ ကောင်းရင် ညောင်စေ့ ကလေးက ညောင်ပင်ကြီးဖြစ်တာမျိုးဟ၊ ခုမြတ်ချမ်းတို့ချမ်းသာတာ ဘာကြောင့်လဲ သိလား၊ အတိတ်ဘ၀က ကုသိုလ်ကံလဲပါတယ်၊ အခု ပစ္စုပ္ပန်မှာလဲ အလှူရေစက် လက်နဲ့မကွာဘူး၊ ဘုရား တရား သံဃာကိစ္စမှာလဲ နင်တို့ သိခဲ့တဲ့အတိုင်းပဲ၊ ဘယ်လောက် လုံ့လ ၀ီရိယရှိခဲ့သလဲ'
ဘုန်းဘုရား စကားကို ကျွန်တော်မျိုး မငြင်းပါလိုပါ၊ မငြင်းနိုင်ပါ၊ ဦးမြတ်ချမ်းကို ကျွန်တော်တို့ရွာ ရှေးခေတ်ကောင်း တွင် နေစဉ်တုန်းက ကျွန်တော်သတိရပါသည်။ သူတို့အိမ်ရှေ့က ခရီးသွားတို့ ၇ပ်နား အပန်းဖြေနိုင်ရန် အမိုးနှင့် ထိုင်ခုံများရှိသော ဇရပ်ကလေးဆောက်ကာ သန့်ပြန့်အေးမြသော အိုးစင်ကလေး ထားပါ သည်။
၎င်းဇရပ်လေး၏ မျက်နှာစာနမှာ (အာဂန္တု သံဃာတွေများ ဆွမ်းလုပ်ကျွေးပါသည်။ (ပုံ) ဒကာ မြတ်ချမ်းဒကာမ မအေးဆင့်) ဟု ဆိုင်းဘုတ် ရေးထားပါသည်။ ဤဆိုင်းဘုတ်မျိုးကို ဘယ်နေရာ ဘယ်ဌာနမှာ မိတ်ဆွေ တွေ့ဖူးပါသနည်း။ စေတနာ ထက်သန်လှတဲ့ ဦးမြတ်ချမ်း ဇနီးမောင်နှံမို့ သာပေါ့၊ အဓိပ္ပာယ်မှာ ခရီးကျွံလာသော ဘုန်းကြီး ဧည့်သည်များ ရောက်လာပါက ဆွမ်းကျွေးရန် အသင့်ဟု ဆိုလိုသည်။ (ဆယ်နှစ်ကြာလို့မှ ဘုန်းကြီးဘယ်နှစ်ပါး စားမယ်ဆိုတာတော့ မိတ်ဆွေ စာရင်း တွက်ကြည့်တော့)
ထို့ပြင် ရပ်ရွာ တရားဒေသနာ ကိစ္စနှင့် စပ်လျဉ်းလည်း စစ်မဖြစ်မီ ၃-၄နှစ်လောက်က အသံကောင်း အဟောကောင်း ဓမ္မကထိက ကိုယ်တော်များခေတ်စားစဉ် ဘယ်ဘုန်းကြီး တရားကောင်းသဟေ့ ဆိုလျှင် ဦးမြတ်ချမ်း ကိုယ်တော်ထံပါးသွား၍ှရွာကိုမရရအောင် ပင့်ဆောင်သည်။ ထိုကိုယ်တော်ကြွ လာမည့် ရက်ချိန်း ရခဲ့ပြီဆိုလျှင်ပင် ဘယ်ကိုယ်တော် ဘယ်နေရာမှာ ဘာတ၇ားဟောပါလိမ့်မည်ဟု ရွာနီးခြောက်စပ် ကို မောင်းကြေးနင်းခတ်စေသည်။
သူဆောက်ထားသော တရားမဏ္ဍပ်ကလည်း ကျယ်ပြန့်ခမ်းနား၏။ တရားဟောပလ္လင်ကလည်း သပ္ပာယ်လှ၏။ ဘယ်လောက် ငွေကုန်လူပန်း ဆောင်ရွက်သော သူပေနည်း။ လူမျိုးမရှားလား ခင်ဗျာ့။
အချိန်တန်လျှင် ပရိသတ်သည် မဏ္ဍပ်ပင် လျှံလေ၏။ ခေတ်(၁၉၃၅-၃၆-၃၇) တရားပွဲများသည် နွားလှည်းတွေ ညဈေးတန်းတွေနှင့် ဇာတ်ပွဲကဲ့သို့ စည်ပင်လေသည်။ ကိုယ်တော်များ ကလည်း ဇာတ်မင်းသားသာအောင် အသံကျကျနှင့် အဆွဲအငင် အလှည့်အပဲ့ အဖွဲ့အနွဲ့ အကောင်းလှသည်။
တရားတော်များကလည်း 'စိန်ခြူးကြာညောင်' 'ထောင်ရောင်နေ' 'လာပါ လာပါ မကြည်ရဲလို့'
ကိုယ်တော် သည် ပထမပိုင်း၌ ကြည်နူးစရာ အဖြာဖြာတွင် သောလုံးရွင်လုံးများနှင့် အလှူရေစက် လက်နှင့် မကွာဖို့ကို ဖိသွန်ပြီးနောက် 'ခေတ္တရပ်ဆိုင်း ဟတ်ဗဒိုင်း' ဟူ၍ အားလပ်ချိန်ပေးလိုက်၏။ ဤအခါ၌ ဦးမြတ်ချမ်း ၏ လက်စွဲတပည့်များက (ကျွန်တော်လဲ ပါခဲ့ဖူးသပေါ့) မောင်းထောင် ခွက်ကိုယ်စီကိုင်ပြီး 'ဂျလောင်… ဂျလောင်' နှင့်ပရိသတ်ထဲ အလှူခံဆင်း၇၏။
ယင်းကာလ၌ ရွေကျီးကန်း၊ ငွေဇီးကွက်၊ စိန်တစ်တီတူး(ကိုယ်တော်တို့၏ တရားဟော၍ရသော နာမည်များ ဖြစ်၏) စသော ကိုယ်တော်တို့်မှာ မူလမထမ ပင့်စဉ်ကပင် ပလ္လင်ဆင်းငွေချေ၊ မည်၍ ဟူ၍ စရန်တ၀က်ပင် နှက်ခဲ့ပြီ ဖြစ်သောကြောင့် 'ရတနာသုံးပါး ဂုဏ်ကျေးဇူးပါပဲဟေ့၊ ငါဘယ်တော့ မရှုံးဘူး' ဟု ဦးမြတ်ချမ်းက ပြောဖူး ပါသည်။
ဆက်ရန်
.
2 comments:
အပိုင်း (၄ ) ရောက်ပါပြီ အစ်မရေ.. အပေါ်မှာ (၃)လို့ မှားတပ်ထားလို့ပါ
ဖတ်သွားတယ် အစ်မ
မြစ်ကျိုးအင်း
Post a Comment