Saturday, September 18, 2010

တင်မောင်မြင့် ဘာသာပြန် (လေထန်ပေမယ့် ပန်းမကြွေ) အပိုင်း (၂)

ကန္တာရ၏သမီးငယ်

အိမ်မှထွက်မပြေးခင် ကျွန်မဘ၀သည် သဘာဝနှင့် မိသားစုအ၀န်းအ၀ိုင်းတွင် နစ်မြှုပ်နေခဲ့ပါသည်။ ကျွန်မ သည် အခြားအခြားသော ဆိုမာလီမိန်းကလေးများအတိုင်း ကန္တာရကျေးလက်ဘ၀တွင် ကြီးပြင်း ခဲ့၏။ သိုးတွေ ဆိတ်တွေမွေးရ၏။ ကျောင်းရ၏။

ကျွန်မတို့၏ ကျေးဇူးရှင်များကတော့ ကုလားအုပ်များ ဖြစ်ပါသည်။ ရေရှားလှသော နေရာမျိုးဖြစ်၍ ကုလားအုပ်နို့သည် ကျွန်မတို့၏ အာဟာရဖြစ်သလို ရေငတ်လည်းပြေစေ၏။ ကျွန်မတို့အတွက် ကုလားအုပ်နို့သည် နံနက်စာလည်းဟုတ်၊ ညနေစာလည်းဟုတ်သည်။
မနက်မိုးလင်းလျှင် နေရောင်ခြည်နှင့်အတူ ကျွန်မတို့ နိုးထကြရ၏။ ပထမဆုံး လုပ်ရသည့်အလုပ်မှာ ခြံထဲ ၀င်ပြီး ဆိတ်နို့၊ သိုးနို့ညှစ်ရသည့်အလုပ်ဖြစ်၏။

ကျွန်မတို့ဘယ်သွားသွား တွေ့ရာအပင်ပေါက်တွေကို ခြံကာဖို့ သယ်ပြန်လာကြရ၏။ သူတို့ည အပြင် မထွက်နိုင်အောင် ခြံလုံဖို့လိုသည်မဟုတ်လား။
သိုးဆိတ်တို့ကို အဓိကအားဖြင့် နို့အတွက် မွေးခြင်းဖြစ်၏။ နို့နှင့်အခြားပစ္စည်း အလဲအလှယ်လုပ်ကာ ကျွန်မတို့ အသက်ရှင်ကြရသည်။
ကျွန်မငယ်ငယ်ကလေးကတည်းက သိုးနှင့်ဆိတ် အကောင် ၆၀၊ ၇၀ ထိန်းကျောင်းခဲ့ရ၏။

သဲကန္တာရထဲမှ တိုရေရှားရေ မြက်ခင်းများဆီကိုမောင်းပြီး အစာကျွေးရ၏။ တုတ်တံရှည်ကြီးကို ကိုင်ပြီး သီချင်းတကျော်ကျော်အော်ဆိုရင်း သိုးကျောင်းရ၏။ ဆိတ်ကျောင်းရ၏။ ဆိုမာလီတွင် စားကျက်မြေပိုင် သူတစ်ယောက် မျှ မရှိ။ ထို့ကြောင့် ရေကြည်ရာ မြက်နုရာရှာပြီး ကိုယ့်သိုးတွေ ဆိတ်တွေကို ကိုယ်ကျွေး ရ၏။ သူတို့ အစာစားနေလျှင် ကျွန်မက ဟိုင်နီယားတောခွေးတွေကို ဂရုစိုက်ရ၏။ သူတို့က လစ်လျှင် လစ်သလို သိုးပေါက်ကလေးတွေကို ၀င်ဆွဲတတ်သည်။ ခြင်္သေ့တွေကိုလည်း ကြောက်ရ၏။

သူတို့က တောဘုရင်တွေဖြစ်၍ စားချင်လျှင် အချိန်မရွေး ၀င်ချီသွားသည်သည်သာ။
ကျွန်မသည် ကျွန်မ၏ အိမ်သားများနည်းတူ ကိုယ့်ကိုယ်ကို ဘယ်အရွယ် ရောက်နေမှန်းမသိပါ။ ခန့်မှန်း ခြေဖြင့်သာ ကျွန်မတို့အသက်ကို ပြောတတ်ကြပါသည်။
ကျွန်မတို့သည် ရာသီဥတုနှင့် နေကိုသာ အားထား၍ သဲကန္တာရထဲတွင် ဟိုပြောင်းသည်ရွှေ့ နေကြရပါ သည်။ မိုးရွာမည့် နေရာနှင့် အချိန်ကိုမှန်းပြီး ရွှေ့ပြောင်းနေထိုင်ကြခြင်းဖြစ်၏။ မိုးလင်းမှ မိုးချုပ်သည့်တိုင် တစ်နေ့တာ နေထိုင်စားသောက်မှုအတွက် ရုန်းကန်လှုပ်ရှားကြရ၏။

ကျွန်မတို့၏ နေအိမ်များမှာ ကိုင်းရိုးတံများကိုကွေးပြီး မြက်ခြောက်များ မိုးထားသည့် အချင်းစင်တီမီတာ ၁၈၀ မျှသာရှိသော လိပ်ခုံး တဲအိမ်ကလေးများဖြစ်ပါသည်။
ရွှေ့ရတော့မည်ဆိုလျှင် တဲကိုဖြိုချပြီး ကုလားအုပ်ကျောပေါ်တင်ပြီး သယ်သွားရုံပင်။ ရေအိုင်ကလေးရှိ မည့်နေရာ၊ သစ်ပင် ၀ါးပင်ကလေး အနည်းအကျဉ်းရှိမည့်နေရာတွေ့လျှင် ကျွန်မတို့ စတည်းချကြပြန် သည်။

လိပ်ခုံးတဲကလေးသည် နေ့လယ်ခေါင်နေပူကို အကာအကွယ်ပေး၏။ နို့ပုံးတွေထားဖို့ နေရာအဖြစ်လည်း အသုံး ၀င်၏။
ညညဆိုလျှင် ကျွန်မတို့ကလေးတွေက ကြယ်တွေကို မော့ကြည့်ရင်း အပြင်တွင် အိပ်ကြရ၏။ ဖျာတစ်ချပ် ပေါ်တွင် တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ကွေးကြရ၏။ အဖေကလည်း ကျွန်မတို့ကို စောင့်ရင်း အပြင် ထွက်အိပ်သည်။

အဖေက လူချောတစ်ယောက်ဖြစ်၏။ အရပ်က စင်တီမီတာ ၁၈၀ မြင့်ပြီး အမေ့ထက်စာလျှင် ပိုပြီး အသားလတ် သည်။ အမေကလည်း မိန်းမချောတစ်ယောက်ဖြစ်ပါ၏။ အမေ့မျက်နှာက မိုဒီလျာနီ၏ ပန်းပုရုပ်မျက်နှာမျိုး။ အသားအရေမှာ နုညက်နေ၏။ မဟူရာ ကျောက်တုံးတစ်တုံးကို စိတ်ကြိုက် ထွင်းထု ထားသည့် ပုံစံမျိုး။
အမေ့ပုံစံက အေးဆေးတည်ငြိမ်၏။ စကားနည်း၏။  သို့သော် ကျွန်မတို့အတွက်တော့ ရယ်စရာ ပုံတို ပတ်စ တွေပြောဖော်ရပါသည်။

အမေသည် မိုဂါဒစ်ရှူးတွင် ကြီးပြင်းလာသူဖြစ်၏။ အမေ့မိသားစုက ပိုက်ဆံချမ်းသာသည်။ အရှိန်အ၀ါရှိ သည်။ အဖေကတော့ သဲကန္တာရထဲတွင် ကျင်လည်ကျက်စားနေရသည့်မျိုးရိုး။
အဖေက အမေ့ကိုတောင်းတော့ အဘွားက ' ဘယ့်နှယ်တော် မတန်မရာ' ဟုဆိုကာ အပြတ်ငြင်းလွှတ် လိုက်သည်။ ၁၆ နှစ်ပြည့်သည်နှင့် အမေသည်အိမ်က ထွက်ပြေးလာခဲ့ပြီး အဖေနှင့် လက်ထပ်ခဲ့သည်။
အမေက ကျွန်မကို ' အဗ်ဒိုဟို ' ဟု ချစ်စနိုးခေါ်၏။ ကျွန်မ ပါးစပ်ပေါက်ကလေးက ကျဉ်းလို့တဲ့လေ။ သို့သော် ကျွန်မ၏ တရားဝင်နာမည်မှာ '၀ါးရစ်' ဖြစ်ပါ၏။ သဲကန္တာရထဲတွင် ပွင့်သည့်ပန်းဟု အဓိပ္ပာယ်ရ သည်။

ကျွန်မတို့ တိုင်းပြည်တွင် မိုးက ရွာခဲလှသည်။ ရံခါတွင် လပေါင်းများစွာ မိုးမလာ။ သို့သော် ရွာချလာ သည်နှင့် လိမ္မော်ရောင် ကန္တာရပန်းတွေ ဝေနေအောင် ပွင့်ကြတော့၏။ အံ့သြစရာကောင်းလှသည့် မိခင် သဘာဝ ၏ ဖန်ဆင်းမှုဖြစ်ပါသည်။
---------------------

အခန်း (၃) ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

ဇော်သိင်္ခ said...

ကျေးဇူး ဆရာမရေ..
ဖတ်သွားပါပြီ..