အင်းသားအိုးစည်ထုသံနှင့်တူသော အသံများသည် ရမ်းဘိုကုန်းရွာထဲသို့ မှန်မှန်ထွက်ပေါ်နေ၏။ ကောင်းစွာ မိုးမလင်းမီကတည်းက ထပြီးအိုးပုတ်ကြခြင်းဖြစ်၏။
မိကြီးဒေါ်ကြော့ကို နာကြည်းသဖြင့် အိုးထလုပ်သော ကျီးဒန်လင်မယားမှာ ရွှေတွဲလွဲ ငွေတွဲလွဲဖြစ် သည်ကို မြင်သောအခါ တစေ့တစောင်း လာကြည့်ပြီး အိုးထလုပ်ကြ၏။ အိုးဖိုတည်ကြ၏။
" ငါမပြောလား၊ မဟာပထ၀ီမြေကြီးကို ရိုက်ဟယ်ပုတ်ဟယ် မီးဖုတ်ဟယ်လုပ်ရင် မကြီးပွားပါဘူးလို့ "
ရွာခေါင်း ဦးဘရီတို့၊ ဆယ်အိမ်ခေါင်း စံမြင့်တို့အတွက် ပြောစရာစကား ရတော့သည်။ နောက်ထလုပ် သူများ၏ အိုးတွေကို ဖောက်သည်က မ၀ယ်။ လုပ်ကိုင်ရာတွင်လည်း တွက်ချေတွက် သား မကိုက်။ အိုးလေးဖိုထက်ပိုပြီး ရပ်တည်နိုင်သူမရှိချေ။ ထိုအခါတွင် ရမ်းဘိုကုန်းရွာတွင် အစဦး စွာ အိုးလုပ်သော ကျီးဒန်လင်မယားသာ ခေါင်းမာမာနှင့် ကျန်ခဲ့သည်။ သူတို့မှာ မဇာညွန့်၊ မအေးညွန့် တို့ကဲ့သို့သော လူခံရှိသည်။ မဇာညွန့်တို့က လနှင့်ချီပြီး လက်ထပ်သင်ပေးခဲ့သဖြင့် အိုး လုပ်ငန်းကို စနစ်တကျ တတ်မြောက်သည်။ စနစ်တကျ တတ်မြောက်သူက မပျင်းမရိပေ။ မြေကြီးကို "စေး" ပြီးသားပါဆိုတာ ပေါ့ပေါ့ တန်တန်မလုပ်။ ကျကျနန နင်းသည်။ သို့အတွက် မိကျီးဒန်၏ လက်ထွက်အိုးများမှာ ဆီအိုး၊ ထမင်းအိုး၊ ဟင်းအိုး၊ ရေအိုး၊ သပိတ်ဖြစ်စေ ကုန်သည်များထံ၌ ငွေကြိုတင်ယူ၍ရသည်။ ကျီးဒန်ကို အားကျပြီး ထလုပ်သူများအား ငွေကြိုတင် ပြီး ထုတ်ပေးသူမရှိ။ လူကိုမယုံ၊ လက်ရာကို မကြိုက်သဖြင့်။
ချိုးကူသံနှင့် အိုးပုတ်သံတို့ ပြိုင်ဆိုင်နေကျဖြစ်သည်။ ဥသြသံနှင့် အိုးပုတ်သံတို့ ပြိုင်ဆိုင်သောအခါ ချိုးကူသံများ တစ်လကိုးသီတင်း ပျောက်သွားတတ်သည်။ စင်စစ်သော်ကား မပျောက်ပါ။ ခဏတစ် ဖြုတ် မှေးမှိန်သွားခြင်းမျှသာဖြစ်ပါသည်။ ဥသြသံလောကတွင် ကျီးဒန်၏ အိုးဖိုမှာ မနားရပေ။ တစ်လလျှင် သုံးလေးဖို တိုက်သွင်းရသည်။ ထိုအချိန်တွင် မောင်ဆေးရိုး၏ တလင်းထဲမှ စပါးများ ကျီဝင်ခဲ့ပြီ။ အပြည့်အ၀ ကူညီနိုင်ပြီ။ မောင်ဆေးရိုးသည် မိကျီးဒန်နှယ် မကျွမ်းကျင်ငြား အကုန်တတ်သည်။ မိကျီးဒန်မူ ကျွမ်းကားကျွမ်းကျင်၏။ ကလေးတစ်ဖက်နှင့်မို့ အလုပ်မတွင်ပေ။ ကလေးကလည်း ဖူးဖူးမှုတ် ထားသော ဘိုးအေဘွားအေကို ပစ်ပြီး မအေထံ ကပ်၏။
" မအေချစ်ကြီး၊ နင့်အမေနား ကပ်နေပေတော့ဟေ့ "
ဒေါ်ရွှေအိမ်သည် တစ်ခါတစ်ရံ မြေးနှင့်ဖက်ပြီး စိတ်ကောက်သည်။ မြေးကို သမီးထံသို့ ထားခဲ့ပြီး ရေချိုးရန်၊ ထမင်းစားရန်၊ အိပ်ရန် လာမခေါ်တော့ပေ။
" အမေ ကလဲလေ၊ ကလေးနဲ့ဖက်ပြီး "
ကျီးဒန် လေချိုသွေးရငြား ကလေးကို လာထားပစ်ခဲ့သည်ကို သဘောကျသယောင် ရှိ၏။ ကလေးကလည်း အိုးကြိုအိုးကြားတွင် လျှောက်ပြီး ပြေးခွင့်၊ ဆော့ကစားခွင့်ရသဖြင့် ပျော်၏။ ကျီးဒန်လက်ခတ်ကိုင်၏။ ချောစိန်လည်း လက်ခတ်ကိုင်၏။ သို့ရာတွင် ကျီးဒန်ပုတ်ခတ်သော အိုးတွေမှာ ဖင်မပိတ် သေးသော အိုးဟောင်းလောင်းပေါက်တွေ၊ အထူအပါး အနေတော်မကျသေး သော အိုးတွေ ဖြစ်သည်။ ချောစိန်ပုတ်သော အိုးတွေကား တိုက်သွင်းရန် အသင့်ဖြစ်သော အိုးချောတွေ။ ကျက်ပြီးသား အိုးတွေ။
နှစ်ခါလည်သမီး၏ ပုတ်ခတ်အားကလည်း မသေးပါ။ အိုးနှုတ်ခမ်းပဲ့သည်။ မီးမဖုတ်ရသေးသောအိုး ထက်ခြမ်းကွဲသည်။
" သမီးရေ "
ကျီးဒန်သည် ပုတ်အံ့ဆဲဆဲ လက်ခတ်ကို ကိုင်ထားလျက် အသံပေး၏။
" သမီးကလေး မချောစိန် "
" ၀ူး ၀ူး "
အသံလာရာသို့ မိကျီးဒန် "ကဲ" ပြီးကြည့်သည်။ သမီးကို မြင်ရသော်ငြား မပီသပါ။
" သမီးလာ၊ အမေ့ဆီလာ "
ကျီးဒန် လက်ဝါးချင်းရိုက်ပြီး အသံပေးသည်။ အိုးတွေကြားမှ ချောစိန်ထွက်လာသည်။ မျက်နှာတွင် ရွှံ့တွေ ပေကျံနေသည်။
" ပေကျံနေတာပါကလား။ ဘာတွေလုပ်နေတာတုံး "
မိကျီးဒန်သည် ကလေး၏ " ရှင်မီးအင်္ကျီ" ရှေ့ပိုင်းအောက်စဖြင့် ကလေး၏မျက်နှာကို သုတ်ပေးသည်။
" အိုးတွေ ခြောက်ကုန်တော့မယ် သမီးရဲ့၊ လာ "
စိတ်ကြိုက်မပုတ်ခတ်မီ ခြောက်သွေ့သွားသော အိုးကြမ်းများကို ရေဆွတ်ပေး၍လဲ မရပါ။ ရွှံ့ပုံးထဲသို့ ပစ်ထည့်လိုက်ရုံသာရှိသဖြင့် မိကျီးဒန်သည် ကလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး အတင်း နို့တိုက်သည်။ ကသိကအောက်ဖြစ်သော်ငြား ထူးဆန်းသော အနေအထားဖြစ်သဖြင့် ကလေးက သဘောကျသည်။ မျက်လုံးကိုမှေးလျက် နို့စို့သည်။ မိကျီးဒန်မှာ လက်ခတ် မကိုင်မီသာ ကလေး၏မျက်နှာကို လက်ဝါးဖြင့် ပွတ်ရ၊ နှာခေါင်းကိုကိုင်ရ၊ နားရွက်ကို စစ်ဆေးရ လုပ်သော်ငြား လက်ခတ်ကို ကိုင်မိသောအခါ ရင်ခွင်ထဲက ကလေးကိုမေ့သည်။
အ၀တ်ဖြင့် ခုပြီး ကိုင်ထားသော အိုးသား၏ အထူအပါးသည် လက်ခတ်နှင့်ရိုက်လိုက်သော အထိအတွေ့ ပေါ်တွင် တည်ရှိ၏။ အိုးသားထူလွန်းလျှင် ဖုတ်၍မကျက်။ အိုးသား ပါးလွန်းလျှင် အသုံးမခံ။ သို့ဖြစ်၍ အိုးအတွင်းက ခံပေးသော လက်ခတ်နှင့် လက်ခတ်ကိုင်သော လက်တို့သာသိသော အိုး အထူအပါး သည် သားကို မေ့သောအကြောင်းဖြစ်သည်။ ကလေးသည် မျက်တောင်စင်းပြီး နို့စို့ သောကြောင့် မိကျီးဒန်သေချာ ပေါက်တွက်သည်။ ကလေးအိပ်ပြီ။
အမှန်တကယ် ကလေး အိပ် မအိပ်ကို မျက်လုံးအနေအထား တစ်ချက်ပြောင်းရုံဖြင့် သိနိုင်ပါလျက် မိကျီးဒန်သည် ကလေးကို မကြည့်အား။ လှပ်လှပ်ကလေးဖြစ်အောင် ပုတ်နေသော ဟင်းအိုးပေါ်မှ မျက်လုံးမခွာနိုင်။ ရင်ခွင်ထဲမှ ကလေး လျှောဆင်းသွားပြီ။ မိကျီးဒန်မသိရှာ။ အစိုအခြောက်မှာ သည်အနေအထားသည် ပုတ်၍ အကောင်းဆုံး။ ပန်းဖော် ပန်းသွင်း၍ အကောင်းဆုံးဖြစ်သည်။ အကြာကြီး ပုတ်ခတ်နေရန်လဲ မလိုအပ်ပေ။ ပန်းဖော်ရင်း လှပ်လှပ်ကလေးဖြစ်အောင် ပုတ်ပေးခြင်း ဖြစ်သည်။ စိတ်ဝင်စားသောကြောင့် တစ်လုံးအတွက် ပုတ်ခတ်ချိန်လည်း ကြာမြင့်သည်ဟု မိကျီးဒန် မထင်။
ပျဉ်ပြားတစ်ပြားစာ ငါးလုံးနှစ်ကြိမ် ကုန်သွားသောအခါ ကျီးဒန်မှာ လှမ်းယူ၍မရ။ ထရပြီ။ ထရတော့မှ ရင်ခွင်ထဲက ကလေး မည်သည့်အချိန်က ထသွားသနည်း၊ မည်သည့်နေရာသို့ ရောက် နေသနည်း။
" သမီးရေ၊ ချောစိန် မိန်းကလေးရေ "
ကလေး၏ ထူးသံ မကြားရ။
" သမီးရေ၊ တွေ့ကရာတွေ လျှောက်လုပ်မနေနဲ့နော် "
ကလေး၏တုံ့ပြန်သံကို ကျီးဒန် စောင့်မနေနိုင်ပါ။ ရေခွက်နှင့် လက်ခတ်အိုးရှိသောနေရာတွင် ထိုင် သည်။ အိုးတစ်လုံးကို အ၀တ်ခုလျက် ကိုင်သည်။ လက်ခတ်ကို ရေတွတ်သည်။ " သမီးကလေး ဘယ်ရောက်နေပါလိမ့်" ကြောင့်ကြစိတ်သည် ကျီးဒန်ကိုယ်မှ ခွာလေ၏။
လက်ခတ်တစ်ချက်တိုင်း ပန်းလျတောတစ်တော ပေါ်လာသည်။ ပန်းများဆက်ကာဆက်ကာ ပွင့် သည်။ ပတ်ရံသည်။
တွင်းထဲသို့ တစ်စုံတစ်ရာကျသံ ကြားရသည်။
" အမယ်လေး လာကြပါဦး၊ ကလေး ရွှံ့တွင်းထဲကျပါပြီ။ ကိုယ်ကျိုးနည်းပါပြီ၊ အမယ်လေး "
ကုန်းပြီးသာ အော်သည်။ ကျီးဒန်မထနိုင်။ ခြေနှင့်ခါးက ထပါသော်လည်း လက်ထဲက အိုးကို ချထား စရာနေရာ ရှာမတွေ့သဖြင့် ကုန်းကုန်းကြီးဖြစ်နေသည်။ အမှန်ပင် ကလေးသည် လျှောက်ဆော့ရာ ကအိုးထိန်းစက်ဘေးသို့ ရောက်သွားသည်။ အိုးထိန်းစက်ကို သူ့အဖေအမေ လှည့်သည့်နည်းတူ လှည့်သည်။ ရွှံ့အပျော့တွင် တင်ရမည့်အစား မြေကြီးခဲတွေ ထည့်သဖြင့် အိုးထိန်းပျဉ်သည် ငုတ် ပေါ်မှ ချော်ကျလေ၏။
အိုးထိန်းစက် လှည့်၍ မလည်သောအခါ ကလေးသည် စိတ်မပါတော့ပါ။ ဆော့စရာအသစ်ကို မျှော် ကြည့်သည်။ သူ့အဖေ မြေနင်းသည့် သားရေချပ်ကြီးမြင်သည်။ မြေအချို့လည်း ရှိနေသည်။
အမေကြီး ဒေါ်ရွှေအိမ်သည် မြေး၏အသံကို မကြားရသဖြင့် ကနားဖျင်းဘက်သို့ မျှော်ကြည့်၏။ တလှုပ်လှုပ်ဖြင့် ဆော့နေသော မြေးမကို မြင်ရငြား သေချာစေရန် စိုက်ကြည့်သည်။ ရှေ့သို့ တိုးလာ သည်။
ကလေးသည် သူ့အဖေ အမေ မြေနင်းသကဲ့သို့ နွားခွံပေါ်ရှိ မြေကြီးအခြောက်ကို နင်းသည်။ လက် သီးဆုပ်ရွယ် မြေကြီးခဲကို တင်အနင်းတွင် လိမ့်ပြီး တွင်းထဲသို့ လိမ့်ကျသွားတော့သည်။ တွင်းမှာ မြေကြီးတွေကို ရေစိမ်ထားသော တွင်းဖြစ်သည်။ သို့သော် တစ်တောင်မျှသာ နက်သည်။
" ဗွမ်း" ခနဲ ချောစိန်ကျသွားသံကို မိကျီးဒန် ကြားချိန်ဝယ်၊ ဒေါ်ရွှေအိမ် ပြေးဆင်းလာသည်။
" ကြည့်စမ်း ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ မငိုဘူးမဟုတ်လား။ ဟင် မျောက် "
ဒေါ်ရွှေအိမ်သည် ရွှံ့အနည်းငယ်နှင့် ရေများရှိသော ရွှံ့တွင်းထဲမှ မြေးမကို တွင်းနှုတ်ခမ်းသို့ ဆွဲတင် ပေးသည်။
" ကြောင်ချေးရုပ် "
ပြောပြောဆိုဆို ရေချိုးပေးရန် ကလေးကို အိမ်ခေါင်းရင်းဘက်သို့ ဆွဲခေါ်သွားလေ၏။ အိမ်ခေါင်း ရင်းတွင် ငါးဆယ်ဝင် အစိတ်ဝင် စဥ့်အိုးတွေဖြင့် ရေထည့်ထား၏။ စဥ့်အိုးတွေမှာ သင်္ဘောပင်အောက်၊ စပယ်ရုံအောက်၊ ဆိတ်ဖလူးပင်အောက်သို့ ရောက်နေသဖြင့် ရုတ်တရက် မမြင်ရ။ သေသေ ချာချာ ကြည့်မှသာ တွေ့မြင်နိုင်ပေသည်။ သို့အတွက် မိကျီးဒန် ပြေးလာချိန်ဝယ် ချောစိန် မရှိတော့ပေ။ အိမ်ပေါ် မှ အိမ်ခေါင်းရင်းသို့ လှမ်းကြည့်၏။ ကလေး မရှိ။
" ဘာလုပ်နေတာတုံး "
မောင်ဆေးရိုးဖြစ်သည်။ သူ့နှမ မယ်မျှင် အိမ်ထောင်ကျသွားပြီဖြစ်သော်ငြား မိဘအတွက် အထောက် အကူ မရပါ။ မောင်ဆေးရိုးသာလျှင် မိဘ၏လယ်ကို ထွန်ဦးစီးအဖြစ် ဆက်လက် လုပ်ကိုင် နေရသည်။ သို့အတွက် ကိုယ့်အိမ်မှာထက် မိဘအိမ်မှာ အနေများသည်။ ယခုလည်း ထွန်သွားအချွန် "အဲ" ရာက ထလာခြင်းဖြစ်၏။
" တော့်သမီးကို ရှာနေတာ "
မောင်ဆေးရိုးမှာ သူ့သမီးပျောက်သွားပြီအထင်ဖြင့် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားလေ၏။
" သမီးပျောက်သွားရအောင် ညည်းက ဘာလုပ်နေသတုံး "
" အိုးသမားပဲ တော်ရဲ့၊ အိုးတွေ အချိန်မီအောင် ပုတ်နေရတာပေါ့ "
" ခက်တာပဲ "
" မခက်ပါဘူး "
မိကျီးဒန်က ရွှံ့တွင်းကို ပြောပြောဆိုဆို လက်ညိုးထိုးပြ၏။ ရွှံ့တွေ ပေကျံနေဆဲ ရေစိုရွှဲနေဆဲဖြစ် သည်။ ရွှံ့တွင်းထဲသို့ ကလေး ချော်အကျတွင် တစ်ယောက်ယောက်က ခေါ်သွားသည့် လက္ခဏာဖြစ်သည်။ သို့ကြောင့် မိကျီးဒန်သည် အိမ်ပေါ်သို့ လှမ်းကြည့်၏။ တစ်ဖန် အိမ်ခေါင်းရင်း သို့ လှမ်းကြည့်၏။ မြေးအဘွား တိတ်ချက်သားကောင်းနေ၏။
" တော်က ဘာလာလုပ်တာတုံး "
" ငါ့မယားနဲ့ ငါသမီးကို လွမ်းလို့ ငါ့အိမ်ပြန်လာတာလေ "
" ရွှတ်နောက်မနေစမ်းပါနဲ့တော်၊ အကောင်းပြောစမ်းပါ "
" အမေ နေမကောင်းဘူးဟ "
မိကျီးဒန် မျက်လုံးပြူးသွားပြီးမှ အကျိုးအကြောင်း အခြေအနေများကို အသက်မရှူဘဲ မေးသည်။
" အသေးစိတ်သိချင်ရင် ညည့်ယောက္ခမကို ညည်းဘာသာ သွားမေး။ အခု "ထန်းရည်ချိုမုန့်" လုပ်တဲ့ နည်းအရီးဆီမှာ အမေးခိုင်းလို့ လာတာ "
ကျီးဒန် ခေါင်းစောင်းသည်။ ထို့နောက် မော့သည်။
" ထရည်ချိုမုန့်များ အမေ့မေးစရာမလိုပါဘူး။ ကျုပ် သိပါတယ် "
" သိရင် ညည့်ယောက္ခမကို ညည်းသွားပြော "
မောင်ဆေးရိုးသည် ဇနီးသည်ကို ခြံပြင်ဘက်သို့ တွန်းလွှတ်သည်။ သူကမူ ယောက္ခမ အိမ်ဘက်သို့ လာသည်။
လှေကားရင်းသို့ သူ မရောက်မီ အိမ်ခေါင်းရင်းမှ မြေးအဘွားထွက်လာသည်။
" အဖေ "
ချောစိန်သည် ပီပီသသ အော်ခေါ်ပြီး ဖအေ့ထံ ပြေးလာ၏။
" သွားသွား အင်္ကျီဝတ်ချေ။ " ကိုယ်ချည်းတုံး" မနေရဘူး"
မောင်ဆေးရိုးက သမီးကို ကောက်ယူပြီး အိမ်ပေါ်သို့ တင်ပေးလိုက်ရာက ယောက္ခမကို လှမ်းပြော၏။
" အမေ ကောင်းကောင်းနေမကောင်းဘူး၊ အရီး "
" တော်တော် မကောင်းတာလား "
ခမည်းခမက်ပင်ဖြစ်ငြား ဒေါ်ရွှေအိမ်လည်း ပျာပျာသလဲ ဖြစ်သွား၏။
" ထိုင်တော့ ထိုင်လျက်ပဲ အရီးရ။ နေမကောင်းဘူးဟယ်တဲ့၊ ထန်းရည်ချိုမုန့် ဘယ်လိုလုပ်ရသတုံး ရွှေအိမ်ဆီ သွားမေးပေးစမ်းဆိုလို့ ထွန်သွားအခွန် "အဲ" နေရာက ပြေးလာရတာ "
" ရေလျှော့ပြီး ထန်းရည်ချိုနဲ့ နဲတာပဲ ကွာတာပါဟယ်"
ဒေါ်ရွှေအိမ်မှာ သည်မျှသာပြောနိုင်သည်။ မြေးနောက်သို့ လိုက်သွားပြီး သနပ်ခါးလိမ်းပေးရ၊ ကြက် တောင်စည်းပေးရဖြင့် သမက်ထံသို့ အတန်ကြာအောင် စကားလှည့်ပြီး မဆက်နိုင်ဘဲ ရှိလေ၏။
ချောစိန်မှာ လူကသာ နှစ်နှစ်သားမျှသာရှိသေးငြား ကြေးအလွန်များ၏။ ခြေထောက်ကို သနပ်ခါး လိမ်းရကောင်းလားဆိုကာ ငို၏။
" ကျီးဒန်ရဲ့ လက်ဝါးကြိုက်သလား၊ ငါ့လက်ဝါးကြိုက်သလား "
" ဘယ်သူမှ မကြိုက်ဘူး "
စိတ်ဆိုးဟန်ဆောင်ထားသော ဒေါ်ရွှေအိမ်မှာ ထိုအပြောကြောင့် သဘောတွေ့သွားလေ၏။
" ခွေးမ၊ တော်တော်တတ် "
မြေးကို ပွေ့ပြီး နမ်း၏။ မနာအောင် ရိုက်၏။
" အမီးဝတ်မယ် "
" ဟုတ်ပါရဲ့ဟယ်၊ ကလေးက ထဘီပူဆာနေတဲ့ကြာက ငါကိုက မေ့တာပါဟယ် "
ဒေါ်ရွှေအိမ်သည် သူ့ကိုယ်သူအပြစ်တင်ပြီးမှ မြေးကို တောင်းပန်၏။
" အမေကြီးလေ မိန်းကလေးဖို့ ထဘီလှလှကလေး ဈေးကို မှာပေးမယ်နော် "
" အရဘူး အဒုဝတ်ပေး "
ထိုအခါ ဘွားအေဖြစ်သူမှာ အနှစ်နှစ်အလလက စုဆောင်းထားခဲ့သော ပိတ်စအတိုအစများကို မြေးမ မငိုရေးအတွက် ထုတ်ပြရသည်။
" အဲဒါတွေကိုလည်း "စပ်ထဘီ"ကလေးအမေကြီး ချုပ်ပေးမယ်နော် "
" ဒါချင့် ဒုချုပ်ပေး "
" သရက်တောကို သွားချုပ်ပေးမယ်နော်။ လောလောဆယ်တော့ "
အမေကြီး ဒေါ်ရွှေအိမ်သည် ကလေးကျေနပ်စေရန် နှစ်သိမ့်သောအားဖြင့် ယောက်ျားဝတ် ပုဆိုးစုတ် တစ်ထည်ကို ဆုတ်ဖြဲပြီး ပတ်ပေး၏။ ချောစိန်သည် အမေကြီးဝတ်ေးသော ထဘီကို သေချာစွာ ငုံ့ကြည့်နေ၏။
" ထန်းရည်ချိုမုန့်လုပ်တာ အလွယ်လေးပါဟယ် "
ကလေးကျေနပ်အောင် လုပ်ပေးပြီးမှ မောင်ဆေးရိုးထံသို့ လျှောက်လာပြီ စကားကိုဆက်သည်။ စကား ဆက်ရင်း က ချောစိန်ကို လှမ်းကြည့်သည်။ ကလေးသည် ရှုံ့မဲ့ပြီး ထဘီကို ဆွဲချွတ်ပစ်နေ သည်။
ဒေါ်ရွှေအိမ် သည် သမက်နှင့် ပြောနေသောစကားကို ဖြတ်ပစ်ခဲ့သည်။ မြေးထံသို့ ပြေးလာပြီး ဒူး ထောက်သည်။
" ဘာပြုလို့ ဆွဲချွတ်နေတာတုံး။ ပေါင်တွင်းကြော ဆွဲအလိမ်ခံချင်လို့လား "
" အဆင် အဆင် "
ကလေးသည် ဆွဲအချွတ်ကို မရပ်ပေ။ မြေး၏ စကားကို ဘွားအေ နားမလည်။ သမက်ကို လှမ်းမေး ရ၏။
" မင့်သမီး ဘာပြောတာတုံး "
" အရီးရဲ့ခါးကို သူ ထောက်ပြနေတယ်လေ။ သူ့ကို အခု ၀တ်ပေးထားတဲ့ ထဘီမှာ " အထက်ဆင့် "မပါလို့ မ၀တ်ချင်ဘူးတဲ့ "
" ဖြစ်မှ ဖြစ်ရလေတယ်အေ "
ဒေါ်ရွှေအိမ်သည် ကိုယ့်ရင်ဘတ်ကို ကိုယ့်လက်ဝါးဖိလိုက်ပြီး ချော့မော့စကားကိုဆို၏။
" သမီးရယ်၊ အခုတော့ ဒါလေးပဲ အဆာပြေ ဆင်လိုက်ပါကွယ်။ နက်ဖြန် ကျရင်လေ လက်ဝါးလောက်ရှိတဲ့ အထက်ဆင့်ကြီး ငါ့မြေးကို ချုပ်ပေးမယ် "
ဒေါ်ရွှေအိမ်သည် မြေးဖြစ်သူ၏ သဘောကျသွားဟန်ကို အရသာခံကာကြည့်နေပြီးမှ ထပ်မေး၏။
" သမီး ဘာရောင်ကြိုက်လဲ "
" အနီ "
ထိုအချိန်အခါက အမျိုးသမီးဝတ်လုံချည်များတွင် "အထက်ဆင့်" ဟူ၍ အစိတ်အပိုင်းအပိုတစ်ခု ပါဝင်လေ့ရှိသည်။ အမျိုးသမီးများ လုံချည်ဝတ်သောအခါ ထက်ဆင့်ပါ လုံးပြီးဝတ်လေ့ရှိသည်။ ဗြက် တစ်ထွာခန့်ရှိပြီး လုံချည်၏ အထက်ပိုင်းတွင် ထပ်ဆင့် တပ်ထားသောကြောင့် "အထက်ဆင့်" ခေါ် သည်။ အနီရောင်နှင့် အနက်ရောင်သာ အသုံးများသည်။ သို့ဖြစ်သောကြောင့် ချောစိန်ကလေးက "အနီရောင်" ကြိုက်သည်ဟု ပြောခြင်းဖြစ်ပေ၏။
" ထန်းရည်ချိုမုန့်ကို မင့်အမေ လာလုပ်မှာတုံး "
" ဓာတ်စာကျသလားဘာလားတော့ မသိဘူး အရီး၊ မင့်ယောက္ခမကို သွားမေးစမ်းဆိုလို့"
" အေး အေး၊ ငါ အခုပဲ သွားလိုက်မယ် "
ဒေါ်ရွှေအိမ်သည် ကလေးကို ကောက်ချီပြီးမှ သမက်ကို လှည့်မေး၏။
" အခု ဘယ်လဲ၊ ဘာလုပ်မလို့တုံး "
" ဘုန်းကြီးကျောင်းကို သွားရဦးမယ်။ ဘုရားကိုးဆူကျောင်းဆောင်ရှိသေးသလား၊ ရဟန္တာ ရှစ်ပါး ကောအစုံအစေ့ရှိသေးလား၊ ကြည့်ချေစမ်းပြောလို့ သွားရဦးမယ် "
မောင်ဆေးရိုးသည် ပြောပြောဆိုဆို အိမ်ပေါ်မှ ဆင်းလာသည်။ အလျင်အမြန် အလယ်တံခါးသို့ ရောက်လာပြီး ရွာ့ပြင်သို့ ထွက်လာခဲ့သည်။
ဆက်ရန်
.

No comments:
Post a Comment