Saturday, September 18, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၈)

"ညီလေး ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စိတ်ပင်ပန်းမခံနဲ့၊ ကိုကို အမွေရထားတဲ့ငွေနဲ့ ကိုကို့ လခဟာ ညီလေးကလွဲပြီး ဘယ်သူ့ကိုမှ ပေးကမ်းစရာ မရှိဘူး၊ ညီလေး စိတ်တိုင်းကျသာ ဖြစ်ပါစေ၊ ငွေ လိုသလောက် မှာနော်၊ ဘာမှ စဉ်းစားမနေနဲ့"

ကိုအောင်စိုး၏ ညီလေးအပေါ် ကြီးမားသော မေတ္တာစေတနာဖြင့် ရက်ရောစွာ မှာကြားချက်ကြောင့် တစ်ကြောင်း၊ ပူပန်သောက ဖြစ်စရာအကြောင်း ကင်းမဲ့၍တစ်ကြောင်း မောင်မောင်မျိုးက ငွေ လိုသလောက် မှာကြားသုံးစွဲနေခဲ့သည်။ အစ်ကိုဖြစ်သူ၏ မေတ္တာ စေတနာကို အလွန် အကျူး ကျေးဇူး တင်သည်။ ချစ်ခင်စိတ်တွေ ပိုမိုတိုးပွားလာသည်။ ထို့ကြောင့် ...
"ငါ့ကို မငြိုငြင် ငွေပို့ပေးနေတဲ့ အစ်ကိုကို ငါ အမွေရထားတဲ့ ရတနာတွေထဲက အစ်ကို ကြိုက် သလောက် ပြန်ကန်တော့ လိုက်မယ်"
ဟူသော ရည်ရွယ်ချက်က မောင်မောင်မျိုးမှာ ရှိထားခဲ့သည်။

ယခု မရီးဖြစ်သူ မိမိလေးက စာရင်းရှင်းပြရာမှာ မောင်မောင်မျိုးအတွက် ကျောင်းစရိတ်ပို့ရန် မောင်မောင်မျိုးပိုင် ရတနာတွေကို ရောင်းချပေးပို့ခဲ့ရကြောင်း၊ မည်သည့် လက်ဝတ်ရတနာကို ရောင်းချရာမှာ ဈေးအနှိမ်ခံရ၍ မည်မျှသာလျှင်ရကြောင်း၊ မည်သည့် လက်ဝတ်ရတနာကိုမူ ၀ယ်မည့် သူပင် မရှိ၍ ငွေဖြစ်လျှင်ပြီးရော သဘောမျိုးထား ရောင်းရကြောင်း၊ ထို့ကြောင့် မောင်မောင်မျိုး ပညာသင် စရိတ်၊ အသုံးစရိတ်အတွက် လက်ဝတ်ရတနာတွေ၊ အတွင်းပစ္စည်းတွေ ကို ရောင်းချလာခဲ့ရာမှာ ယခု အချိန်တွင် ဤမျှလောက်သာ ကျန်ရစ်တော့ကြောင်း စသည်ဖြင့် နေ့စွဲ ရက်စွဲ၊ ပစ္စည်း အကောင်အထည် အမျိုးအမည်၊ ရောင်းချရသော ငွေမည်မျှ၊ မောင်မောင်မျိုးထံ ပေးပို့ရသောငွေမည်မျှကို မိမိလေးက စာရင်း အတိအကျ ပြသောအခါ မောင်မောင်မျိုးပိုင် လက်ဝတ်ရတနာ အတွင်းပစ္စည်းတွေမှာ မူလရရှိထားသော ပစ္စည်း၏ လေးပုံ ပုံလျှင် သုံးပုံကျော် ကုန်ခန်းခဲ့ပြီး အနည်းအကျဉ်းမျှသာ ကျန်တော့ကြောင်း မောင်မောင်မျိုး သိရသည်။

မိမိလေးက စာရင်းရှင်းပြပြီး ဆက်ပြော၏။
"မျိုး အစ်ကိုကလဲ လူပျိုဘ၀နဲ့နေတော့ ပစ္စည်း မစုမိဘူးလေ၊ မိမိနဲ့ လက်ထပ်ပြီးမှ မိမိက အားလုံး သိမ်းပြီး စည်းစနစ်ကျအောင် လုပ်ရတာ မျိုးရဲ့၊ မျိုးပစ္စည်းကိုလဲ မိမိက စည်းကမ်းရှိရှိလုပ်လို့ အခု လောက်ကျန်တာ ကျန်သေးတဲ့ ပစ္စည်းကိုလဲ မိမိလက်ထဲမှာ ထားနော်၊ မျိုးက ယောက်ျားဆိုတော့ သိမ်းတတ်မှာ မဟုတ်ဘူး၊ မျိုး ဘာအားငယ်စရာရှိလဲ၊ မိမိနဲ့ မောင်က ချစ်စရာရယ်လို့ မျိုး တစ်ယောက်သာ ရှိတာပဲ၊ မျိုးတာဝန်ကို မိမိ တို့က တစ်သက်လုံးယူမယ်ဆိုတာ စိတ်ချ ယုံကြည် ထားစမ်းပါမျိုးရယ်"

ချောမောလှပသော မရီးတော် မိမိလေး၏ ချစ်စရာကောင်းလှသော နှုတ်ခမ်းနှစ်လွှာမှ သာယာ ချိုလွင်သော အသံဖြင့် နှစ်သိမ့်ကြည့်နူးဖွယ်သော အားပေးစကား ချစ်ခင်ကြင်နာစကားတွေကို ကြားရသော မောင်မောင်မျိုးသည် နဂိုရ်ကပင် ချစ်လှသော အစ်ကိုပေါ်မှာ စေတနာရှိထားပြီးဖြစ်၍ ယခု မရီးတော်က စာရင်းရှင်းပြ၊ အားပေးနှစ်သိမ့်စကားတွေ ပြောပြသောအခါ မောင်မောင်မျိုး စိတ်ထဲမှ ထူးထူးထွေထွေ မတွေးတော့ချေ၊ အတွင်းပစ္စည်း ရတနာတွေ အဆမတန် ကုန်သွားသည့် အတွက်လည်း စိတ်မကွက်မိ၊ ဆယ်ရတီရှိသော စိန်နားကပ်ကြီးကို ဘာကြောင့် သုံးထောင်ထဲနှင့် ရောင်းပစ် ရသနည်းဟုလည်း မမေးမိ။ အလားတူပင် မတန်တဆနည်းပါးသော တန်ဖိုးထားပြီး ရတနာများစွာ ရောင်းချပစ် ရသလား ဟူ၍ပင် အပြစ်မတင်မိတော့ဘဲ အစ်ကိုနှင့်မရီုးကို ချစ်သော စိတ်တစ်ခုသာ လျှင်ထားပြီး မရီးတော်အား စကားပြန်လိုက်သည်။

'' ပစ္စည်းတွေအတွက်ရော၊ ငွေကြေးအတွက်ရော ကျွန်တော်ဘယ်လိုမှ စိတ်ထဲမှာ မရှိပါဘူး မမမိ၊ ကျွန်တော်လိုချင်တာက ငွေကြေးပစ္စည်း ဥစ္စထက် အစ်ကိုနဲ့ အစ်မရဲ့ မေတ္တာကိုသာ လိုချင်ပါတယ်၊ ကျွန်တော်အဖို့ ချစ်စရာဟာ ကိုကိုနဲ့ မမမိဘဲ ရှိတယ် ဟုတ်လား''
'' မှန်လိုက်တာ မျိုးရယ်၊ မိမိလေ မျိုးကို မမြင်ဘူးခင်ကပဲ မောင်လေးအရင်းလို ချစ်လာခဲ့ရတာ၊ အခုလိုမျိုးရဲ့ မေတ္တာကို သိရတော့ ရင်ထဲမှာ ကြည်နူးလိုက်ပါဘိနော်..မိမိမှာ ညီအစ်ကို မောင်နှာမ မိဘဆွေမျိုးရယ်လို့ မရတော့ မျိုးတို့ညီအစ်ကိုက အခုလိုထားတဲ့ မေတ္တာကို ခံယူရတဲ့ မိမိဘ၀ဟာ သေပျော်ပါပြီ မျိုးရယ်၊ သေပျော်ပါပြီ။

ချောမောလှပသူကလေးက ယခုလိုရင်ထဲ အသည်းထဲက ထွက်လာသော လှိုက်လှဲတုန်ရင်သည့် အသံဖြင့် သနားသဖွယ် ပြောသည်ကို ကြားရသောအခါ မောင်မောင်မျိုးသည် မရီးတော်ကို အတိုင်းမသိသော ကြင်နာခြင်းဖြင့် ဤတစ်သက်မှာ ငါ့အစ်ကို ငါ့မရီးကို ငါတတ်နိုင်သမျှ စိတ်ချမ်းသာမှု ဖြစ်စေရမည် ဟူသောစိတ်ကို ခိုင်မာစွာ ချမှတ်လိုက်သည်။
မတ်တော်သူ၏ စိတ်ဓာတ်ကပင် ဤမျှလောက် ဖြစ်နေပါလျှင် လင်ယောင်္ကျားဖြစ်သူ ကိုအောင်စိုး မှာကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့မည်နည်း။

''ငါ့မယားမှ ငါ့မယား၊ ဒါလောက် ချောမောလှပပြီး ချစ်စရာကြင်နာစရာကောင်းလှတဲ့ ငါ့မယား တစ်သက်တာမှာ သူစိတ်ချမ်းသာမှု ဖြစ်ဖို့ သူစိတ်တိုင်းကျဖြစ်ဖို့ရာ ငါ့တာသ၀န် မဟုတ်ပါလား''
ဟူသော ကြီးမားသည့် အဓိဌာန်ချက်ကြီးကို ဓိဌာန်လိုက်လေသည်။

အခန်း (၅)

မောင်မောင်မျိုးက သူတာဝန်ရှိရာမြို့ကို ထွက်ခွာသွားသလို ကိုအောင်စိုးနှင့် မိမိလေးတို့ကလည်း သူတို့တာဝန်ထမ်းဆောင်ရမည့်မြို့သို့ ပြောင်းရွှေ့သွားသည်ဖြစ်ရာ အခိုက်အတန့်အားဖြင့် ညီအစ်ကိုချင်း ဝေးကွာသွားကြပြန်သည်။ သို့သော် ညီအစ်ကိုချင်း အလွန်အမင်း ချစ်ကြသောကြောင့် စာအဆက်အသွယ်ကား မပြတ်ချေ။ လူချင်းခွဲခါနီးတွင် မိမိလေးက..
''မျိုးအနေနဲ့ တစ်မြို့တစ်ရွာကို သွားရတာ အလုပ်လက်ရှိ ဆိုပေမယ့် လက်တလောငွေကြေး လုံးလုံးခဲခဲ လက်ထဲမှာမရှိရင် စိတ်ငယ်နေမယ်၊ မိမိအနေနဲ့ မျိုးကိုချစ်လို့ မုန့်ဖိုးပေးတာကို လက်ခံနော်.. မောင်လေးမျိုးရယ်.. ''

ဟုပြောကာ မောင်မောင်မျိုး၏ နဖူးပြင်ကို မခင်က သားငယ်အား နမ်းသလို ယုယညင်သာစွာ နမ်းပြီးအိတ်ထဲသို့ ငွေငါးရာ ထည့်ပေးလိုက်သည်။ ငါးကြင်းဆီဖြင့် ငါးကြင်းကြော် လိုက်သည်ကိုကား မောင်မောင်မျိုး လေးလေးနက်နက် မတွက်မိ။ မရီးတော်အား ချစ်ခင်ကြင်နာ ရင်းစွဲအပေါ်မှာ ကြည်ညိုစိတ်ကပါ ထပ်လောင်းသွားသည်။
'' ငါ့အပေါ်မှာ အစ်မကြီး အမိအရာ ဂုဏ်အင်္ဂါနဲ့ အညီမျှတဲ့ မရီးပါလား.. ''
ဟုနှစ်သိမ့်စွာ တွေးမိခြင်း၊ ကျေနပ်ကြည်နူးမိခြင်းကြောင့် သူပိုင်ကျန်နေသမျှ အတွင်းပစ္စည်းတွေ မိမိလေးလက်ထဲမှာ ရှိနေသေးသည်ကို ပြန်တောင်းရန်ပင် သတိမရလိုက်တော့ဘဲ သူတာဝန် ယူရမည့်မြို့သို့ ထွက်ခွာလာခဲ့သည်။

အလုပ်ဝင်ခါဖြစ်၍ တာဝန်ကျေပွန်စေရန်၊ အလုပ်နားလည်စေရန်၊ ပတ်ဝန်းကျင်ကို ရောနှောနိုင်စေရန် ကြိုးစားနေရခြင်းဖြင့် မောင်မောင်မျိုးသည် သူမြတ်နိုးစုံမတ် နှစ်သက်ချစ်ခင်လှ သောမေမေခင်ထံကိုပင် သွားရန်အခြေအနေက မရောက်နိုင်ဘဲ ဖြစ်နေသည်။ လူမရောက်နိုင်ရန် ကောဟူ၍  မောင်မောင်မျိုးက စာရေးမေးမြန်းရန်လည်း စိတ်မကူးချေ။
''ငါအသေအချာ ပြောထားခဲ့သားပဲ၊ သူကလဲ ကံတရားစီမံရာလို့  ပြောလိုက်တယ်၊ စာမရေးဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်လောက်အောင်နေပြီးမှ သွားကြည့်မယ်၊ ငါ့ကိုသူစိတ်ထဲက စွဲလန်းနေရင် နှောင်ကြိုးကမ်းမဲ့တဲ့ အခြေအနေမှာပဲ တွေ့ရမှာ၊ သူ့လို အဖက်ဖက်က ပြည့်စုံပြီးသား မိန်းမတစ်ယောက်အဖို့ နှောင်ကြိုးချည်ချင်တဲ့သူတွေ ပေါပါတယ် ကံကောင်းရင်တော့ သူ့မေတ္တာကို ပိုင်ဆိုင်နိုင်ပါစေလို့သာ ဆုတောင်းရမှာပဲ''

မောင်မောင်မျိုးက မေမေခင်ကို သတိရ လွမ်းဆွတ်စွာဖြင့် ရေရွတ်တမ်းတမိသည်။ သူသည် မေမေခင်ကို ပြောခဲ့သော စကားအတိုင်း မေမေခင် အခြားသူရင်ခွင်ထဲ မရောက်သမျှ ကာလပတ်လုံး စွဲမြဲသော မေတ္တာဖြင့် သူချစ်နေမည်သာ ဖြစ်သည်။

''တကယ်လို့ ခင်တစ်ယောက် နှောင်ကြိုးငင်သူနဲ့ တွေ့သွားမှဖြင့် ငါ့ဘ၀အဖို့ ပျော်ရွှင်ကြည်နူးစရာ တွေအားလုံး ဆိတ်သုဉ်းရတော့မယ်၊ ခင့်ကို ငါပိုင်ဆိုင်အောင် ကြိုးစားမယ်၊ အလုပ်တာဝန်ကလဲ တစ်ဖက်နဲ့ ငါဘာလုပ်ရပါမလဲ''
မောင်မောင်မျိုးသည် အလုပ်ကိစ္စမှလွဲလျှင် သူ့စိတ်ထဲမှာ မေမေခင်သာလျှင် ရှိနေသည်။ တပိန်ပိန် တလိန်လိန် စိုးရိမ် စိတ်ပူလျက်က မောင်မောင်မျိုးအဖို့ အလွန်အမင်း ၀မ်းသာစရာ အကြောင်းက ပေါ်လာသည်။ ထိုအကြောင်းကား အလုပ်တာဝန် ထမ်းဆောင်၍ ရှစ်လခန့်ကြာမြင့်လာသော တစ်နေ့မှာ အလုပ်တာဝန်နှင့်ပတ်သက်၍ ရန်ကုန်သို့သွားရန် ကိစ္စကပေါ်လာသည်။ အကြောင်း
ပြစရာအလို၊ ခွင့်ယူရန်မလိုဘဲ တိုင်းယက်သည့် ပက္ကလာ မိုးရွာသည်နှင့် အဆင်သင့်ဖြစ်သော မောင်မောင်မျိုးတစ်ယောက် ရန်ကုန်သို့ တက်သုတ်နှင့် ထွက်လာခဲ့သည်။
အလုပ်တာဝန်ကို ဦးစားပေးဆောင်ရွက်၍ ပြီးစီးသည်နှင့် တစ်ပြိုင်နက် ကံ့ကော်မြိုင်သို့ မျှော်လင့်ခြင်းကြီးစွာဖြင့် ရောက်လာခဲ့သည်။

မေမေခင်တို့ သူငယ်ချင်းသုံးယောက် ဆုံတွေ့နေကြ စနေနေ့နှင့် တနင်္ဂနွေနေ့ကိုရှောင်ပြီး ကြားရက်ညနေစောင်းမှာ လာခဲ့သည်။ ရတနာဆောင်သို့ မေးမြန်းစုံစမ်းကြည့်လိုက်လျှင်ပင် ခဲခဲယဉ်းယဉ်း  မဖြစ်ဘဲ မေမေခင်ကို ချောချောမောမောပင် တွေ့လိုက်ရ၏။
"ခင် ကိုမျိုးကို မှတ်မိသေးရဲ့လား"

ယခင်ကထက်ပိုပြီးချစ်စရာ ကောင်းနေသည်ဟု သူ့စိတ်မှာထင်သော မေမေခင်ကို မောင်မောင်မျိုး ကမ၀နိုင်သော ကြည့်ခြင်းဖြင့် တစိမ့်စိမ့်ကြည့်ရင်း မေးသည်။
"မှတ်မိပါတယ် ကိုမောင်မောင်မျိုး၊ ကြိုးကြိုးစားစား အပင်ပန်းခံပြီး ရောက်အောင်လာတာကို ခင်ကတော်တော်လေး အံ့သြချီးကျူးမိပါတယ်ရှင်"
မေမေခင်က ဖော်ရွေစွာပင် ပြန်ပြောသည်။ သူပြောသည့်အတိုင်းပင် မေမေခင် စိတ်ထဲမှာ တော်တော်ပင် အံ့သြမိ၏။ လွန်ခဲ့သောနှစ်က လူချင်းခွဲခါနီးတွင် မောင်မောင်မျိုး ပြောသွားသော စကားကို မမေ့သော်ငြားလည်း ယခုလိုစိတ်မပျက်ဘဲ ပြန်လာလိမ့်မည်ဟု မေမေခင်က မျှော်လင့် မထားချေ။ ယောကျာ်းတစ်ယောက်ပီပီ တွေ့သည်အခိုက်ချွဲနွဲ့၍တို့ပြန်သော မေတ္တာကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနေဝေးလျှင် သွေးအေးပြီး ပေါ့ပေါ့ဆဆ သဘောထားကာ မေ့ပျောက်သွားလိမ့်မည်ဟု ထင်ခဲ့၏။ ယခုမမျှော်လင့်ဘဲ ရောက်လာခြင်းဖြင့် သူပြောသွားသော စကားကို မြဲမြံစွာထိန်းကြောင်း သိရသည်တွင် မေမေခင်စိတ်မှာ မောင်မောင်မျိုးစိတ်သဘော ထားခိုင်မာတည်ကြည်သူ တစ်ယောက်ဟု မှတ်ယူ လိုက်၏။

"လာရမှာပေါ့ ခင်ရယ်၊ ကိုမျိုး အခုအသက်အရွယ် ရောက်ခဲ့သည့်တိုင် ခင်ကလွဲပြီး ဘယ်မိန်းမ ကိုမှ စိတ်မကူး ခဲ့ဘူး၊ မချစ်ခဲ့ဘူး၊ ခင့်ကိုတော့ စိတ်ထဲမှာ သိပ်စွဲလမ်းမိတယ်၊ အလုပ်တာဝန်ကြောင့် မလာနိုင်ခဲ့တဲ့ အချိန်တွေမှာလေ ခင်တစ်ယောက် နှောင်ကြိုးငင်သူနဲ့များ တွေ့သွားလေပြီလား လို့ စိုးရိမ်ခဲ့ စိတ်ပူခဲ့ရပါတယ်၊ အခုလဲစိတ်ထဲမှာ စိုးရိမ်မှုမကင်းသေးဘူး၊ ခင်အနှောင်အဖွဲ့ မရှိသေးဘူး ဟုတ်လား"

သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း စိုးရိမ်ကြီးစွာ ပြောဆိုမေးမြန်းနေသော မောင်မောင်မျိုးကို မေမေခင်က သနားသလိုလို ရယ်ချင်သလိုလို ဖြစ်လာသည်။ တည်ငြိမ်သော မေမေခင်မျက်နှာမှာ ၀င်းလက်သော အပြုံးက လွှမ်းသွား၏။
ဤအပြုံးကြောင့်ပင် မောင်မောင်မျိုးက လန့်သွားရပြန်သည်။

"ခင့်အပြုံးက ဘယ်လိုလဲ၊ ကိုမျိုးနောက်ကျသွား လက်လွတ်သွားလို့ သရော်ပြုံး ပြုံးတလား၊ ကိုမျိုး ၀မ်းသာစေမယ့် အပြုံးလားဟင်"
မောင်မောင်မျိုးက မ၀ံ့မရဲ လေသံဖြင့် မေးသည်ကို မေမေခင်က ပြန်မဖြေသေးဘဲ ပြုံးရယ်လျက်က ပင်ပြန်မေးလိုက်၏။
"သြော်.............ကိုမောင်မောင်မျိုးက အလုပ်တာဝန်နဲ့ ဖြစ်နေပြီကိုး အခုခွင့်နဲ့လာတာလား"

"တာဝန်နဲ့လာတာ ခင်၊ ကိစ္စပြီးလို့ ခင့်ဆီမှာ စကားအေးအေးပြောမယ်လို့လာတာ၊ ကိုမျိုးမေး တာ ဖြေစမ်းပါဦး ခင်..............."
"အခုအချိန်မှာတော့ ခင့်မှာစိတ်ကျဉ်းကျပ်စရာ ကောင်းတဲ့ နှောင်ကြိုးတစ်ပင်မှ မရှိးသေးပါဘူး"
တည်တည်ငြိမ်ငြိမ် ဖြေလိုက်သော မေမေခင့်စကားကြောင့် မောင်မောင်မျိုး မျက်နှာသည် ၀င်းလက် ကြည်လင်သွားသည်။
"ဒါဖြင့်.............ဒါဖြင့်........ကိုမျိုးအတွက် မျှော်လင့်ချက်ပေးနိုင်မလား ခင်ရယ်....."
"စဉ်းစားပါဦးမယ် ကိုမောင်မောင်မျိုးရယ်"

မေမေခင်ထံမှ ဤစကားမျှ ရသည်ဆိုလျှင်ပင် မောင်မောင်မျိုးမှာ အလွန်အမင်း ၀မ်းသာသွားရှာ သည်။ နှောင်ကြိုးတစ်ပင်မှ မရှိသေးသည့် လွတ်လပ်သော ဘ၀ဖြင့် သူ့ကိုစိတ်ကူးထဲသည့် စဉ်းစားပါမည် ဟူသောစကားသည်ပင် မောင်မောင်မျိုးကို အားသစ်လောင်းလိုက်ဘိသို့ အမောပြေ သွားရှာသည်။ အညှာခိုင်သော ဣနြေ္ဒရှင် ချို့ယွင်းချက် ကင်းစင်သူကလေးအား မောင်မောင်မျိုး၏ စိတ်တွင် ဆတက်ထမ်းပိုး တိုး၍သာမြတ်နိုးစုံမက်လာသည်၊ တန်ဖိုးထားလာသည်။

"ခင် ဘယ်လောက်ကြာကြာ စဉ်းစားမှာလဲ ခင်ရယ်"
"အခြေအနေအရပေါ့ ကိုမောင်မောင်၊ မြန်ဖို့ ဖြစ်လာရင်လဲ မြန်မြန်၊ နှေးဖို့ဖြစ်လာရင်လဲ နှေးနှေး၊ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဆိုရင်လဲ"
မေမေခင်စကားမဆုံးမီ.........
"ဟာ....ခင်ရယ် ဘယ်လိုမှမဖြစ်နိုင် ဆိုတာတော့ မကြားပါရစေနဲ့၊ နှေးချင်နှေးပါစေ၊ ခင်ကသာ ကိုမျိုးမေတ္တာကို လက်ခံမယ်ဆိုရင် ဟိုအချုပ်တန်းဆရာဖေ ရေးတဲ့ တေးထပ်လို ကိုမျိုးနေနိုင်ပါ တယ်"
ဟုထိတ်ထိတ်ပျာပျာ မောင်မောင်မျိုးက တောင်းပန်ရှာသော အခါ မေမေခင်က ချစ်စရာအပြုံးဖြင့် ပြန်မေးသည်။

"အချုပ်တန်း ဆရာဖေ တေးထပ်က ဘယ်လိုဆိုထားပါလိမ့်"
မောင်မောင်မျိုးက ၀မ်းသာအားရ ပြန်ပြောသည်။
"တေးထပ်အစက.........သံသရာဆုံးအောင် စောင့်နိုင်ရဲ့၊ ဘုန်းမောင်မောင့်သက်ကို ပြုံးယောင် ယောင် မျက်နှာချိုရယ်၊ ပျက်မပြိုစတမ်းလို့ ချီထားပြီး၊ ဆုံးကာနီးမှာတော့ မင်းမမေ့ရက်ဘူးဆို လျှင် အသက်ကိုလျှေစွန့်လို့ သေ၀ံ့ငဲ့ယုံလိုယုံပါ။ ဘုန်းခင်တွယ်တာ.......တဲ့၊ အဲဒီအတိုင်းပဲ ခင်ရေ၊ ကိုမျိုးရင် ခွဲပြလို့ရရင် ခွဲပြနိုင်ပါတယ်"
အားပါတရ အူလှိုက်သဲလှိုက် ပြောနေသော မောင်မောင်မျိုးကို မေမေခင်က ရယ်ချင်စိတ်ပျောက်ပြီး သနားစိတ်က ပိုလာသည်။ ထို့ကြောင့် မောင်မောင်မျိုး မျက်နှာကို ခပ်တွေတွေ စိုက်ကြည့် လိုက်၏။
"ကိုမျိုး မျှော်လင့်ချက် အကျိုးမဲ့တော့ မဖြစ်နိုင်ပါဘူး ခင်ရယ်နော်........."

မေမေခင် အမူအရာကြောင့် မောင်မောင်မျိုးက အားတက်ဟန်ဖြင့်မေး၏။ မေမေခင်က မသိမသာ သက်ပြင်းချပြီး ပြောသည်။
"ခင်စဉ်းစားဖို့အခြေအနေ ဖြစ်လာရင်တော့ ကိုမောင်မောင်မျိုးကို ဦးဆုံးနေရာက ထားပြီး စဉ်းစားပါမယ်"
"တကယ်နော် ခင်"
"တကယ်ပါ"

"ဒီလိုဆိုရင် ကိုမျိုးစာလဲ မပြတ်ရေးမယ်၊ ရန်ကုန်လာစရာ အကြောင်းရှိလို့ ရောက်တိုင်း ခင့်ဆီကို ရောက်အောင်လာမယ်၊ ခင့်မှာကိုမျိုးနဲ့ ပတ်သက်တဲ့ အကူအညီ၊ ကိုမျိုးဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စမျိုးပေါ်ပေါက်လာရင် အချိန်မရွေး အကြောင်းကြားနော် ခင်၊ ဟောဒီမှာ ကိုမျိုးရဲ့ လိပ်စာကတ် ကလေးခင့်ကို ပေးထားခဲ့မယ်"

တက်ကြရွှန်လန်းသော လေသံဖြင့် ပြောရင်း မောင်မောင်မျိုးက သူ့အင်္ကျီအိတ်ထဲမှာ လိုလိုမယ် မယ်ဆောင်ထား လေ့ရှိသော သူ့နာမည်၊ ရာထူးအဆင့်၊ ရုံးလိပ်စာ၊ အိမ်လိပ်စာ ပြည့်ပြည့်စုံစုံ ရိုက်နိုပ် ထားသည့် ကတ်ပြားကလေးကို မေမေခင်က လက်လှန်းယူပြီ......
"ကိုမောင်မောင်မျိုးကိုတော့ အားနာပါတယ်၊ ခြောက်နာရီထိုးတော့မယ်နော်"
ဧည့်သည်ထွက်ရန် ငါးမိနစ်မျှသာ လိုတော့သဖြင့် အဆောင်စည်းကမ်းကို မေမေခင်က သတိပေး လိုက်သည်။ မောင်မောင်မျိုးက သူ့လက်မှ လက်ပတ်နာရီကို ငုံ့ကြည့်သည်။

ဆက်ရန်
.

No comments: