Saturday, July 31, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၅)

မာလီ
ဂျာနယ်ကျော် မမလေး
 အမား...အမား...အမား
ဤ အသံသည် အဝေးကလိုလိုလည်းထင်ရ၏။အနီးက လိုလိုလည်း မှတ်ရ၏။အသံမှာ တစ်ယောက်ယောက် ကြားရအောင် ဖျစ်ညှစ် အော်ဟစ်နေရသော အသံမျိုးနှင့်လည်း တူသည်။
    သေတ္တာထဲသို. အဝတ်အထည်များ ထည်.နေခိုက် နားထဲတွင် ရောက်ရောက်လာသော အသံကို သတိပြုလိုက်မိ၊မပြုလိုက်မိ ဖြစ်နေပေသည်။ မော်စကိုသွားရန် ခရီးသေတ္တာ ပြင်နေစဉ် အခိုက်အတန်. ထိုအသံ က တခြား၊ ကျွန်မစိတ်ဝင်စားနေသည်က တခြား။

    မော်စကိုမှာ အေးမည်။အနွေးထည်တွေ များများ ယူသွားနိုင်မှ ဖြစ်မည်။
    ဗီရိုထဲရှိအဝတ်အထည်များကို တစ်ထည်စီ ရွေးကာ ရွေးကာ သေတ္တာထဲသို. ဖိသိပ်ထည်.နေသည်။
    အအေးကို ကြောက်ကြောက်ဖြင့် ထူထူထဲထဲ အဝတ်အထည်တွေကို လက်စမသတ်နိုင်အောင် စိမ်ပြေနပြေ ရွေးရွေးထည်.နေရာ၊သေတ္တာထဲရှိ အဝတ်ပုံကြီး မောက်မြင့်နေတော့မှ သံသေတ္တာကို ပိတ်ကြည်. သည်။ လူတစ်ကိုယ်လုံးတက်ဖိကာ တအား ပိတ်သော်လည်း၊ အဖုံးနှင့်အပိတ် မစေ့၍ သေတ္တာ ထဲ က အဝတ် တွေကို ပြန်နုတ်ရန် ရွေးရပြန်လေသည်။

    အမား...အမား...အမား...
    ဒီအသံကလည်းဘာသံပါလိမ့်ဟု အသံကိုစူးစိုက်လျက် နားထောင်ကြည်.သည်။ ဂရုစိုက်၍ နားထောင် လိုက်သော အခါ ရင်ခေါင်းသံကြီးဖြင့် ဝါးနေသည်.အသံကြီး ကြားရ၍ လက်ထဲက အဝတ်တွေကို ပစ်ချ လိုက်မိ သည်။

    အသံမှာ အိမ်အောက်ထပ် ကားရုံဘက်ဆီမှ လာသော အသံဖြစ်သည်။ မည်သူ. အသံမှန်း ကွဲပြားရန် နား ကို စွင့်ထားသည်။ စူးစိုက်ကာ စွင့်ထားသောနားထဲ၌ အမား...အမား ခေါ်နေသံမှာ ပီပီသသ မဟုတ်တော့၊ မောသံကြီး ဖြင့် ညည်းခေါ်နေသည့် အသံကို ကျက်မိမှ မျက်လုံးမျက်ဆန် ပြူးသွားလေသည်။
    ကျွန်မ သည် သေတ္တာများ၊ အဝတ်ပုံများကို ခုန်ကျော်လွှား၍ အောက်ထပ်သို့ အပြေးဆင်းသွားလေသည်။

    အချိန်မှာ ညဥ့် ဆယ်နာရီခန့် ရှိပေမည်။ အောက်ထပ် ဧည့်ခန်းတွင် မီးများမှတ်ထား၍ မှောင်နေ၏။ အခန်းထဲ မှ ပြေးထွက်ကာ လှေကားကို အပြေးဆင်းခဲ့ရာ ကျွန်မ နောက်မှ ပြေးလိုက်လာကြသော မိန်းကလေး နှစ်ယောက်ကားတစ်ယောက်က အိမ်တွင် ကျွန်မနှင့် အဖော်နေသော အုန်းလှ ဖြစ်သည်။ တစ်ယောက် မှာ ယနေ့ ညနေစောင်းမှ အိမ်သို့ စွပ်စွပ်ရွပ်ရွပ် ပေါက်လာသော သိမ်ကြီးဈေးတွင် ဆိုင်ထွက် နေသည့် ညီမဝမ်းကွဲ မခင်ရီ ဖြစ်လေသည်။

      မမ...မာလီ ဘာဖြစ်ပါလိမ့်၊ မာလီအသံပါ၊ မီးဖွင့်ပါ မီး...မီး 
    နောက်မှ ကပ်၍ မခင်ရီက ကသောကမျော ပြောနေလေလေ၊ မီးခလုတ်မှာ စမ်းမတွေ့နိုင်ဘဲ ဖြစ်လေလေ နှင့် မွှန်ထူ၍သာ နေတော့သည်။
    ဘယ်သူ့လက်ဖြင့် နှပ်မိမှန်းပင် မသိနုင်သော ခလုတ်သံနှင့်တကွ ဧည့်ခန်းထဲတွင် မီးရောင် ထွန်းလင်း သွားပေသည်။
    ဧည့်ခန်းရှိ အပြင်ထွက်နိုင်သည့် သံတံခါးကို တွန်းဖွင့်ကြကာ သူ့ထက်ငါ အရှေ့ရောက်အောင် တံခါးပေါက် က တိုးထက်၍ခြံထဲသို့ ပြေးဆင်းခဲ့ကြသည်။
    မာလီ ၏ တဲဝသို့ ရှေ့က အလျင်ရောက်နှင့် သွားသူမှာ မခင်ရီဖြစ်လေသည်။

      အမယ်လေး...မမရယ်။ မျက်လုံးကြီး ပြူးပြီး ဗိုက်ကြီး ပူလိုက်ရှုံ့လိုက်နဲ့၊ ဟောတော့...ဗုန်းခနဲ လဲသွားပြီ
    ဗုန်းခနဲ အသံကြားသည်နှင့် ပြေးလာသော ကျွန်မ ခြေထောက်များတစ်ခါတည်း ရပ်တန့်သွားတော့သည်။
    မာလီသည် အင်္ကျီ မရှိဘဲ ကာကီဘောင်းဘီတိုနှင့် တဲအတွင်း မြေကြီးပေါ်၌ ထိုင်နေရာကပင် လဲခွေကျကာ အသက်ထွက်သွားလေပြီ။
    မာလီ၏ တဲအိမ်နောက်ဘက် မော်တော်ကားရုံနောက်ဆွယ်တွင် နေကြသော ကားမောင်းသမား မောင်အေးပါတို့ လင်မယားကို ခေါ်ထုတ်ကာ  မာလီ သေပြီ၊ သွား...သွား (အိမ်နီးနားချင်း) အစ်မကြီး မပြုံး ကို သွားခေါ်စမ်း  ဟု ကျွန်မ ပါးစပ်က အော်နေသည်။

    အမှန်ပင် မာလီမှာ အသက်ထွက်သွားပေပြီ ဖြစ်ရာ မြန်ဆန်လိုက်ပုံကိုရင်ထဲတွင် အချိတင်ကဲ ဝမ်းနည်းသွားတော့သည်။
    ဘာရောဂါ နှင့် သေမှန်းကို ထင်မြင်ချက်ပင် မပြောနိုင်တော့ဘဲ စိတ်ထိခိုက်လွန်းလှ၍ တဲရှေ့တွင် တွေတွေကြီး ရပ်နေမိလေ၏။
    လာရောက်ကြသော အိမ်နီးနားချင်း မိတ်ဆွေများ၏ တစ်ယောက်တစ်ခွန်း ပြောနေကြသော အသံများကို ကြားမိ ပါ၏။

      နှလုံးရောဂါနဲ့ တူတယ်။ ပန်းနာလား၊ ရင်ကျပ်တာပဲဖြစ်မယ်
    ညနေက အကောင်းသားပကတိ၊ ကျွန်မ အပြန် ခြံတံခါးပင် ကားဝင်နိုင်အောင် သူကိုယ်တိုင် ရပ်စောင့် ဖွင့်ပေးသေး၍ လူမမာတစ်ယောက်လည်းအဟုတ်ပေ။
    တော်တော် စောစောက ကျွန်မကို အော်ခေါ်နေသော အသံတွင် ပထမသူမှန်းပင် မထင်ခဲ့။ ကျွန်မတို့ အိမ်နား တွင် နွားနို့ကုလားတဲများ ထူထပ်၍လမ်းသွား ကုလားတစ်ယောက် အသံလိုလို၊ ဘာလိုလို မကြား တကြား နမော်နမဲ့မေလိုက်မိ၏။

    ယခုမှ စောစောက ခေါ်တာကို ကြားသလိုလို ရှိသား ဟု စိတ်ထဲတွင် ကိုယ့်ကိုယ်ကို အပြစ်တင်ကာ စကားမပြောနိုင်အောင် ဖြစ်နေရ၏။
    ဝေဒနာ ခံစားပုံ မဆိုထားနှင့်၊ အသက်ပင် မမီလိုက်၍ဘယ်လို ဖြစ်တာလဲကို မတွေးတတ် နိုင်အောင် ဖြစ်မိသည်။
    မာလီ၏ အမည်ကို ကျွန်မ မသိပေ။ အိမ်တွင် မာလီတစ်ဦး ထွက်သွားပြီးနောက် ထိုမာလီက အစားရှာ ထားခဲ့သော မာလှီဖြစ်သည်။ ကျွန်မတို့သူ့ကို မာလီဟုပင် ခေါ်ကြသည်။ သူ့အသက်မှာ ၄၀ ခန့်ရှိမည်။ စကားနည်း၍ ရိုးသားသည်။

    နံနက်လင်းလျှင် ခြံထဲရှိ ပန်းပင်များကို ရေလိုက်လောင်းပြီးနောက် ရေတွင်းမှ သုံးရေချိုးရေ ထမ်းထည့် လေသည်။ ရေခပ်ပြီး သူ့ခြေလက်ကိုရေတွင်း၌ စင်စင်ကြယ်ကြယ် ဆေးကြောလျက် သံပုံးတွင် ရေထည့် ကာ အိမ်ထဲ သို့ ဆွဲဝင်လာသည်။

    အိမ်အောက်ထပ်၊ အပေါ်ထပ်ဖုန်ခါ၍ တံမြက်စည်းလှည်းကာ ရေပုံးထဲရှိရေနှင့် ကြမ်းကို ချောပြောင် နေအောင် ပွတ်တိုက်လေသည်။
    ကျွန်မနှင့်နေသော အဖော်မိန်းကလေး အုန်းလှမှာ နံနက် ဈေးထွက်ကာ မီးဖိုထဲတွင် ချက်ပြုတ်နေခိုက်၊ တစ်မနက်စာ လုံး တစ်အိမ်လုံးအလုပ်ကို သူသာလျှင် လုပ်ကိုင်နေသည်။
    စာရေးစာပွဲပေါ်ရှိ စာအုပ်၊ စာရွက်များကို ဖုန်ခါ ရှင်းလင်းထားတတ်သည်။ ကျွန်မ အိပ်ရာခုတင်ကို လှလှပပ ကျကျနန ခင်းပြု ဖုံးအုပ်ပေးထားသည်။ မှန်ခုံပေါ်ရှိ ပစ္စည်းများကို ကျွန်မ ထားတတ် သည့် အတိုင်း မှတ်သားလျက် ဖုန်သုတ်ရှင်းလင်းကာ နေရာတကျ  ပြန်ထားသည်။ အကြောင်းကိစ္စ မရှိဘဲနှင့် စကား မပြော၊ မြန်မာစကားလည်း မပြောတတ်။ သူ့အလုပ်များ ပြီးစီးလျှင် တဲထဲတွင် သူ့ဟာသူ အေးအေး နေ တတ်သည်။

    တစ်ညလုံး စားပွဲတွင် ထိုင်ကားမိုးလင်းအထိ စာထိုင်ရေးနေသည့်နေ့ဆိုလျှင်၊ နံနက် အလုပ်လုပ်ရန် အိမ်ပေါ် သို့ သူ တက်လာကာ အနားတွင် လာရပ်နေလေသည်။
    သူ့ကို လှည့်မမေးမချင်းရပ်နေတတ်သည်။   ဘာလဲ မာလီ  ဟု မေးမှ မျက်နှာကလေး ပြုံးကာ စကားဖြင့် မပြောဘဲ ပွင့်နေသော မီးလုံးကို လှမ်းပိတ်လိုက်ရန် လက်ညှိုးထိုး၍ ပြနေလေသည်။
    ဘယ်အခါကြည့်ကြည့်၊ ချိုသာသော မျက်နှာထားနှင့် အေးအေးဆေးဆေး အသွင်ကို မျက်စိထဲတွင် မြင်ယောင် ကာ အလောင်းကိုပင် သတိမရ ဖြစ်နေလေသည်။
      မနက်စောစော မသာချလိုက်ပေါ့  ဟု မိတ်ဆွေ အစ်မကြီးများက ပြော၍ အားလုံး ပြန်သွားကုန်ကြမှ တဲထဲ တွင် လဲသေနေသော မာလီ အလောင်းကြီး ကို အစောင့်ထားရန် ကုလားများ လိုက်ရှာခိုင်းရသည်။

    မောင်အေးပါ ကုလား လိုက်ရှာနေခိုက် ကျွန်မ၊ မခင်ရီ၊ အုန်းလှ၊ မောင်အေးပါ မိန်းမဗြူးတေ၊ မိန်းမ တွေသာ ခြံထဲ၌ ရှိကြသည်။ အားလုံးမြေပေါ်တွင် စု၍ ထိုင်ကြကာ မောင်အေးပါ အပြန်ကို မျှော် နေကြ ရသည်။
    ဗြူးတေ က ကြောက်လှချည်ရဲ့ဟု ပြောကာ အုန်းလှနှင့် ပူးကပ်ထိုင်သည်။
      ဘာကြောက် စရာ ရှိသလဲ  ဟုကျွန်မက အားပေးလိုက်လျှင် ကုလားတဲဘက် လှည့်ကြည့်လိုက်ကာ ကြက်သီး တဖြန်းဖြန်း ထကြလျက်   အစိမ်းသေကြီး၊ ကြက်သီးထ လိုက်တာ  ဟုဆိုကြသည်။


ထိုညက လရောင်မရှိ။ အိမ်ထဲမှ ထွက်နေသော မီးရောင်အလင်းဖြင့်သာ မာလီတဲနားတွင် ထိုင်နေကြ ရသည်။ တစ်ယောက်မျက်နှာ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရ။ တဲထဲ၌လဲနေသော အလောင်းကို မြင်နေ ကာ တုန်နေအောင် ကြောက်ရွံ့နေကြသည်။
    မောင်အေးပါ ခေါ်လာသော ကုလား အဘိုးကြီးကို အလောင်းစောင့်ရန် တောင်းတောင်းပန်ပန် ပြောရကာ တဲထဲ၌ အစောင့်ထားခဲ့ပြီးနောက်၊ ကျွန်မတို့ အိမ်ပေါ်သို့ ပြန်တက်ခဲ့ကြသည်။
    မောင်အေးပါ တို့ လင်မယားမှာ ကားရုံနောက်ရှိ သူတို့အိမ်ကလေးသို့ ပြန်မသွားဝံ့ကြ၍ အိမ် အောက်ထပ် ၌ အိပ်ခိုင်းလိုက်ရသည်။

    အခန်းထဲက သေတ္တာတွေနှင့် ချပုံထားသော အထည်တွေကို ကြည့်ချင်စိတ်၊ ထည့်ချင်စိတ် မရှိတော့၍၊ အခန်း နံရံနား သို့ တွန်းရွှေ့ပုံတင် ထားလိုက်ရသည်။
    အိပ်ယာထဲ သို့ ဝင်ကြရသော်လည်း အိပ်ချင်စိတ် လုံးလုံးမရှိ၍ မခင်ရီနှင့် စကားလှမ်းပြောနေကြသည်။

      လူတွေဟာ မသေခင် နေ့စဉ်ရက်ဆက် သေခြင်းတရားကို နေ့ညမပြတ်ရှေးရှု နှလုံးသွင်း နိုင်မယ် ဆိုကြရင် လောဘ၊ ဒေါသ၊ မောဟ တရားတွေ နည်းပါးကုန်မှာ အမှန်ပဲ။ ကြည့်စမ်း...မာလီဟာ မနက်က အကောင်း၊ ဟော...အခု ည သေသွားပြီ မဟုတ်လား
    မခင်ရီထံမှ စကားပြန် မရ။ သင်္ခါရ ကို စဉ်းစားတွေးတောနေသလို တိတ်ဆိတ်နေ၏။ အတန်ကြာမှ   မမ ... မာလီ ကို လခ ပေးပြီးပြီလား   ဟု ကောက်မေးလိုက်သည်။
      မပေးရသေးဘူး
      ကုလားများ ဟာ ပိုက်ဆံ ခင်တွယ်တယ် မမရဲ့၊ သူ့စိတ်က စောသွားမှာနော်
    မခင်ရီ ၏ အသံကားရှေ့မဆက်တော့ချေ။

    တစ်အိမ်လုံး ဘာသံမှ မကြားရဘဲ ငြိမ်ဆိတ်လျက် ရှိပေ၏။ မီးပိတ်ထား၍ မှောင်နေလေသည်။ လမ်းမီး ဓာတ်တိုင် အလင်းရောင်ကလေးသည် ပြတင်းတံခါးပေါက်သို့ ဖြာဟပ်နေလေသည်။
    ခုတင်အောက်၌အိပ်ပျော်သွားသော မခင်ရီ၏ အသက်ရှုသံကိုသာ မှန်မှန်ကြားနေရစဉ်၊ စစ်တပ်မှ ခေါက် လိုက်သော သံချောင်းသံကို ကြားရ၍ ဟင်တစ်ချက် ထိုးပါပကော ဟု အိပ်ယာထဲတွင် တော်တော်နှင့် အိပ် မပျော်နိုင် ဖြစ်နေခြင်းကို စိတ်ညစ်သွားသည်။

    အိပ်ရာမှ ထ၍ ဆေးလိပ်သောက်ရန် မီးခြစ်ရှာဖွေရာ အခန်းပြင်ဘက်သို့ ရောက်သွားမိသည်။ အခန်း ပြင်ဘက် ၌ အိပ်နေသော အုန်းလှမှာ ကျွန်မအသံကြားသည်နှင့် အိပ်နေရာမှ ငေါက်ခနဲထရပ်ကာ   အမယ်လေး  ဟု ခုန်အော်လိုက်သည်။

      မမပါဟဲ့၊ ဆေးလိပ်သောက်မလို့ ထလာတာ။ မကြောက်ပါနဲ့၊ ဘာကြောက်စရာ ရှိသလဲ
      လန့်လိုက်တာ မမရယ်  ဟု ဆိုကာ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေလျက် ပြန်၍ လှဲအိပ်သည်။ ခြေလက် ပင် မဆန့်ရဲဘဲ ကွေးပုနေလေသည်။
    မီးခြစ် ရှာမတွေ့၍ အောက်ထပ်သို့ ဆင်းခဲ့ကာ မီးခလုတ်ကို ဖွင့်လိုက်ရာ၊ မောင်အေးပါတို့ လင်မယား နှစ်ယောက် မှာ လှဲဆန့် မအိပ်ဝံ့ကြဘဲ ကုန်းစပ်နေကြသည်။အကြောက်လွန်ကာ ရောဂါရကုန်မည်စိုး၍ မကြောက်လန့်ရန် အားပေးစကား ပြောဆိုပြီး မီးခြစ်ယူ၍ အပေါ်သို့ ပြန်တက်လာခဲ့သည်။ ထိုညအဖို့ မိုးလင်း ခါနီး မှ ပင် အိပ်ပျော်သွားသည်။
 
 ၃

မိုးလင်းလေလျှင် ကုလားထုံးစံအတိုင်း မာလီကို အဝတ်ဖြူနှင့် ထုပ်ကြလျက်၊ ကုလားလေးယောက်က ထမ်းစင် နှင့် ထမ်းကာ သင်္ချိုင်းသို့ ယူဆောင် သွားကြလေသည်။
    ကျွန်မလည်း အိမ်အပေါ် ဆင်ဝင်ပေါက်မှ ထွက်လျက် ချသွားသော အလောင်းကို လမ်းကွေ့ လွန်သွား သည့် အထိ စိုက်၍ ရပ်ကြနေသည်။
    အလုပ်တိုက်သိုက ကိုးနာရီလောက် ထွက်ခဲ့သည်။ အိမ်တွင် မောင်အေးပါ မိန်းမ ဗြူးတေနှင့် အုန်းလှတို့ နှစ်ယောက် သာ ကျန်ရစ်ခဲ့သည်။ မခင်ရီကို သိမ်ကြီးဈေး သူ့ဆိုင်ဘေးတွင် ချပေးလိုက်ပြီးနောက်   ညနေ လာခေါ်မယ်၊ လိုက်ခဲ့ပါဦး  ဟု ပြောလိုက်ရသည်။

    အလုပ်တိုက်သို့ခေတ္တသာ ဝင်ကာ မော်စကို သွားရေးအတွက် ဗီဇာရကြရန် တစ်နေက လုံးလုံး တစ်ယောက် တည်း သံရုံး တကာ ရုံးသို့သွား နေရလေ၏။ ဗီဇာ ရပြီး တစ်ဖန် ပုလိပ်ရုံးကြီးပေါ်သို့ တက်သွားကာ ပုလိပ်မင်းကြီးအား သွားတောင်းပန်ရပြန်သည်။ ဆိုဇီယက်သွား မြန်မာယဉ်ကျေးမှုအဖွဲ့ အတွက် ထိုနေ့က ခရီးထွက် လက်မှတ်များ ချောချောမောမော ပြီးစီးသွားရန် တစ်နေကုန်တစ်နေခန်း တစ်ယောက် တည်း ဖားနေအောင် လုပ်နေရသည်။

    ညနေ ငါးနာရီလောက်တွင် မခင်ရီကို ဈေး၌ ဝင်ခေါ်ကာ အိမ်သို့ ပြန်ခဲ့ကြသည်။
    အိမ်ရောက်လျှင် အုန်းလှကလည်း အနေဝံ့တော့၍ ပြန်တော့မည်ဟု အထုပ်အပိုး ပြင်ထားသည်။ မောင်အေး ပါ မိန်းမကလည်း မနေရဲတော့၍ သူတို့လင်မယား ည ရှစ်နာရီ ရထားနှင့် သွားကြတော့မည်ဟု လာပြောသည်။

    တစ်အိမ်လုံး ကျွန်မနှင့် မခင်ရီသာ ရှိ၍ သူတို့အား မပြန်ကြရန်၊ မနက်မှ သွားကြပါဟု အတန်တန် တောင်းပန် ရလေ၏။
    သူတို့မျက်နှာတွေတွင် သွေးမရှိတော့ဘဲ နေစရာ ထိုင်စရာ မရှိအောင်ထိတ်လန့်နေကြ၏။ ဒရိုင်ဘာ မောင်အေးပါ မှာ သူ့မယားထက်ပင် သူက ကြောက်သေး၏။ သူ၏ မွေးစကလေး သေဆုံးသွားစဉ်က မအိပ်ဝံ့ ကြောင်း ပြောပြသည်။

      ယောကျာ်းပဲကွယ်၊ ဘာကြောက်ရမှာလဲ  ဟု အားပေးသော်လည်း အားလုံးထက် သူက အကြောက်ဆုံး ဖြစ်နေ တော့သည်။
      မကြောက်နဲ့ ဆိုပေမဲ့ ကြောက်တာပဲ။ မမက မာလီ မသာချတုန်းက နှင်လည်း မနှင်လိုက်ဘူး၊ ဒီတော့ ကျွန်မ တို့ ဘယ်နေရဲမလဲ
    ထိုသို့အုန်းလှက ဝင်ပြောလိုက်မှပင် သတိမရသည့်အဖြစ်ကို သတိရလာစေသည်။

    မသာ ပို့လိုက်သည့်အခါ၌ အချို့မသာတွင် ဆိုင်ရာတို့ကာ သုသာန်တွင်အမိန့်ပြန်ကြပုံကို သွားတွေးမိ သည်။ အလုပ်နှင့် မကင်းရာ မကင်းကြောင်းပတ်သတ်နေလျှင် အကြီးအကဲ သက်ဆိုင်ရာက သေသူကို သွားလိုရာ သွားနိုင်ကြောင်း အမိန့်ပြန်သည့် ဓလေ့ထုံးစံကို သတိရမိသည်။
      အစ်ကိုလေး သေတုန်းကလည်း အမိန့်ပြန်ကြတယ်၊ မဟုတ်လား မမရဲ့ ဟု မခင်ရီက ပြောလေသည်။

    ကျွန်မခင်ပွန်း ဆုံးတုန်းက သင်္ချိုင်းတွင် ဖဆပလ ဥက္ကဠ ဗိုလ်ချုပ်က အမိန့်ပြန်ပုံ၊ စာရေးဆရာအသင်းမှ အမိန့်ပြန်ပုံ၊ အခြားဟိုအသင်း၊ ဒီအသင်းဝင်ထားမိသည့် အသင်းပေါင်းစုံက မြေမမြှုပ်ခင် တစ်သင်း တစ်ဖွဲ့စီ အမိန့်ပြန်ကြပုံများ ကို ပြန်လည်၍သတိရမိလေသည်။

      ကျောင်းသားကလေး သေတာတောင်မှ ကျောင်းဆရာက သွားလိုရာ သွားနိုင် ကြောင်း အမိန့် ပြန်ရတယ်
      မပြန်တော့ကောကွယ် ဘာဖြစ်သလဲ ဟု ကျွန်မက ရယ်မေးလိုက်သည်။

      ကျောင်းသားက စိတ်မစွဲရင်တော့ ဟုတ်တာပေါ့ မမရဲ့။ စိတ်စွဲသွားလို့ကျောင်းမှာ ကျောက်တံ သံကလေး တချောက်ချောက် လာပေးလို့ ဆရာက အမိန့်ပြန်လိုက်မှပဲ အသံ ပျောက်သွားသတဲ့
    ဆိုင်ရာက အမိန့်မပြန်လျှင် သေသောသူမှာ သွားလိုရာ မသွားနိုင်ဖြစ်တတ်ကြောင်းဟု နှင်ကြသည့် ထုံးစံ ကို အယုံအကြည် သိပ်မရှိုခဲ့။
      သေနေမှပဲ၊ ပြောလို့ကော ကြားဦး သိဦးမှာလားဟယ် ဟု နောက်ပြောင်လိုက်မိသည်။

    သို့သော် ယနေ့ညအဖို့ စိတ်သံသယ ကင်းကင်းရှင်းရှင်းနှင့် သူတို့မှနေရဲအိပ်ရဲ ရှိပါစေတော့ဟု ရည်ရွယ် ကာ   ကိုင်း...ဒါဖြင့် မာလီတဲ သွားပြီး မမ အမိန့်ပြန်လိုက်မယ်လေ။ ဒီလိုဆိုရင် မကြောက် ကြဘူး...ဟုတ်လား
      အခု ညကြီးမင်းကြီးတော့ သွားမပြောပါနဲ့မမရယ်၊ သူ့တဲဝသွားရမှာ ကြောက်စရာကြီး။ မနက်မှပဲ သွားပြော ပါတော့
      ပြောမဲ့လူက ငါပါဟ၊ ငါက မကြောက်ဘဲနဲ့ မင်းတို့က ကြောက်နေသလား။ သွားပြောမယ်လေ 
  ဌာန်ကရိုဏ်း ကျကျ အာဏာသံနဲ့ အကျယ်ကြီး ပြောရတယ် မမရဲ့။ ညကြီးမင်းကြီး မပြောပါနဲ့၊ မနက်မှ ပြောပါ

    အထိတ်တလန့် ကျွန်မအားဝိုင်းတားနေကြသည်။ ကျွန်မမှာ မာလီကို ဌာန်ကရိုဏ်းကျကျ ပြောရမည် ဆိုခြင်း ကို ဟက်ဟက်ပက်ပက် ရယ်မောမိလေသည်။
    အောက်ထပ်ဧည့်ခန်းထဲတွင် ထိုင်ကြကာ သရဲတစ္ဆေအယုံအကြည်မရှိထိုက်ကြောင်း တရားထိုင် ဟောရ သဖြင့် မအိပ်ချင်အောင် မျက်လုံးများပင်ကျယ်နေသည်။ အဝေးမှ သန်းခေါင်ကျော် နာရီပြန် တစ်ချက် သံချောင်း ခေါက်သံ ကြားရမှပင် အိပ်ဖို့ရန် အပေါ်ထပ်သို့ တက်ရတော့သည်။

    မနေ့ညက အတိုင်းပင် မောင်အေးပါတို့ လင်မယားက အောက်ထပ်ဧည့်ခန်းထဲတွင် အိပ်သည်။ ကျွန်မ အခန်းထဲ တွင်ကား ခုတင်ပေါ်တွင် ကျွန်မအိပ်၍၊ မခင်ရီနှင့် အုန်းလှက ခုတင်အောက်တွင် အိပ်ကြ လေသည်။

    မီးမှိတ် လိုက်၍ တစ်အိမ်လုံး မှောင်ကျသွားသည်။ ညဥ့်နက်လှပြီဖြစ်၍ စကားမပြောတော့ဘဲ အိပ်ရာထဲ တွင် ငြိမ်နေ လိုက်သည်။ သူတို့မြန်မြန် အိပ်ပျော်ကြပါစေဟု ကျိတ်၍သာ ဆုတောင်းနေရသည်။
    သူတို့အိပ်ပျော်လောက်ပြီ ထင်တော့မှ အိပ်ရာက ထလိုက်သည်။ မခင်ရီမှာ မအိပ်သေး၍ကျွန်မ ထလျှင် သူလည်း အတူလိုက်ထသည်။
    မီးဖွင့်လိုက်၍ မီးရောင်အောက်တွင် ဖြူဖျော့နေသော မခင်ရီ၏ မျက်နှာကို မြင်မိသဖြင့် ဒီည သူ့ ခေါ်လာ ခဲ့ခြင်း ကို စိတ်မကောင်း ဖြစ်သွားမိကာ   မအိပ်သေးဘဲကိုး။ဆာလိုက်တာကွယ်၊ အိပ်လို့လည်းမရ ဘူး  ဟု သူ့အကြောင်းကို မသိချင်ယောင်ဆောင် ပြောလိုက်သည်။

    ကျွန်မက ရယ်စရာ မောစရာ စကားတွေ ရှာကြံပြောလေသည်။ ဣနြေ္ဒ   ကဲ...အိပ်ပေတော့ ညဥ့်နက် လှပြီ။ မမ မင်းတို့နားမှာပဲ ဆင်းအိပ်
မယ်၊ အိုက်တယ်ကွယ်
    အကြောင်းပြေပါစေတော့ဟု အကြောင်းပြကာ သူတို့ အနားတွင် အိပ်ရာပြင်လိုက်သည်။ သူတို့ နှစ်ယောက် နှင့် ယှဉ်မအိပ်ဘဲ သူတို့နှစ်ယောက်ကို ခေါင်းတိုက်၍ ကန့်လန့်အိပ်လေသည်။
    မီးမှိတ် လိုက်လျှင် မခင်ရီလည်း မော်စကို ခရီးစဉ်ကို လျှောက်မေးနေပြန်၍ သွားရမည့် ခရီးစဉ်ကို ပြောပြ နေရ လေသည်။
    အမှောင်ထဲတွင် ကျွန်မတို့နှစ်ယောက် ပြောနေသော စကားသံမှာ တစ်ယောက်နှင့်တစ်ယောက် ကြားလောက် ရုံသာ ခပ်တိုးတိုး ပြောနေသည်။


စကားပြောနေကြခိုက် လှေကားအဖုံး ချထားသော တံခါးကို တစ်စုံတစ်ယောက်က မတင်နေသံ ကြားကြ ရလေသည်။
    သည်အသံ ကြားကြားချင်း နှစ်ယောက်စလုံး စကားပြော ရပ်သွားကြသည်။ အခန်းနှင့်လှေကားမှာ ကပ်နေ ၍ ထင်ထင်ရှားရှားကြီး ကြားရသော အသံကို နားစွင့်လိုက်ကြသည်။ အံဖုံးတံခါးကို ပင့်တင်နေသော အသံ ကား ပီသလှ၏။

      မမ...မမ...မမ  ဟု လေသံလေးဖြင့် အဆက်မပြတ် ထွက်ခေါ်နေသော မခင်ရီ၏ အသံမှာ ရင်ထဲတွင် ဆို့ကျပ်၍ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် တုန်တုန်ယင်ယင် ထွက်နေသော အသံမျိုး ဖြစ်သည်။
      ဘယ့်နှာပါလိမ့်  ဟု ကျွန်မ အံအားသင့်ကာ ရုတ်တရက် ကြက်သေသေသွားသည်။

    လှေကားအံဖုံး ပွင့်သွား၍ လှေကားထစ်ကို တစ်ထစ်ပြီး တစ်ထစ် နင်းတက်လာနေသော ခြေသံသည် တဖြည်းဖြည်း ကျွန်မတို့ အခန်းခေါင်းရင်းသို့ ရောက်လာသည်။
    မခင်ရီ သည် ကြောက်အားလန့်အားနှင့် ဆွဲမိဆွဲရာ ကျွန်မ ခေါင်းက ဆံပင်ကို တအား လှမ်းဆွဲလိုက်ကာ လေသံ၊ အဆက်မပြတ်   မမ...မမ..မမ  နှင့် တခေါ်တည်း ခေါ်နေလျက် ဆံပင်ကို ဆွဲဆောင့်နေတော့သည်။

    ကျွန်မက သူ့လက်ကို ဖမ်းဆုပ်လိုက်ပြီး   မခင်ရီ...လူ...လူ...လူတက်လာတာ၊ သူခိုးနဲ့ တူတယ်၊ သူခိုးပါ  ဟု သူကြားလောက် အောင် လေသံနှင့် ပြန်ပြောနေသည်။
    ခြေသံသည် အိပ်ခန်းခေါင်းရင်း စာရေးစားပွဲနားတွင် ပျောက်သွားသည်။

    ကျွန်မလည်း အသက်ကို မျှဉ်းပြီး ရှူလျက် အသံကို နားစွင့်နေသည်။ စားပွဲခုံပေါ်မှ စာအုပ်များကို ကြမ်းပေါ် သို့ ယူယူချနေသော အသံထွက်လာပြန်သည်။
    မခင်ရီကား အသံအထွက်တော့။ သူ့လက်နှင့် ဆုပ်ထားသော ကျွန်မ ဆံပင်တွေကို အပြင်က အသံကြား ရဲ့လား ပြသော အထိမ်းအမှတ်ဖြင့်သာ အသံနှင့် ထပ်တူ ဆွဲဆောင့်ပြနေလေသည်။    ပထမ လူတက် လာတယ်၊ သူခိုးဟု ခြေသံအရ မခင်ရီအား ပြောမိသည်။ စားပွဲခုံပေါ်မှာ စာအုပ်များ ချလျက် ဖုန်သုတ်ခါ လှည်း နေသော အသံကို ထင်ထင်ရှားရှားကြီး ကြားရတော့မှပင် လူမဟုတ်ဘူး အသိနှင့် တစ်ကိုယ်လုံး ဖြန်းခနဲ သိမ့်သွားတော့သည်။

    မခင်ရီသည် မျက်လုံး မဖွင့်ရဲဘဲ ကျွန်မ ဆံပင်ကိုသာ ဆွဲလှုပ်ပြနေရင်း ဆတ်ဆတ်တုန်နေရှာလေသည်။ မခင်ရီ၏ လက်မောင်းကို ဆုပ်ကိုင်ထားလျက် ဘာလုပ်ရမှန်း မတွေးတတ်တော့အောင် စိတ်အားငယ် မိသည်။
    စားပွဲခုံ ကို တဖုတ်ဖုတ် တဖတ်ဖတ် ခါသုတ် ရှင်းလင်းနေသည့် အသံသည် နားထဲတွင် မခံမရပ်နိုင်အောင် အကြားရ ဆိုးနေလျက်၊ ရင်ထဲက တဒိတ်ဒိတ် ခုန်လွန်း၍ အသက်ရှူမှားနေသည်။
    တကယ့် တကယ် အရေးကျတော့မှပင် တစ်ယောက်တည်း နေထိုင်သောဘဝကို စိတ်အားငယ်အောင် ချောက်ချား ပေးနိုင်သည်။ ထိုအချိန်အခါ၌ စိတ်ထဲတွင် အပြင်းထန်ဆုံး တောင့်တ ဖြစ်ပေါ်မိသော အရာ ကား ယောင်္ကျားတစ်ယောက်အပေါ်ထပ်တွင် ရှိစေလှချင်သော စိတ်ပင်ဖြစ်၏။

    ကျွန်မ၏ ခင်ပွန်း ကွယ်လွန်သွားသည်မှာ ခုနစ်နှစ်ခန့် ရှိတော့မည်။ ဘဝတစ်လျှောက်လုံး အိမ်တွင် ယောင်္ကျား အဖော်ရှိမှ နေထိုင်၍ ဖြစ်မည်ဟူသောအသိမျိုး၊ စိတ်ကူးမျိုါ် မဖြစ်ပေါ်ဖူးချေ။ ဖြစ်သလိုပင် ကျွန်မ ဘာသာ နေထိုင်ခဲ့သည်။ ကြောက်စိတ် လန့်စိတ်လည်း မရှိ။ တစ်ခါတစ်ရံ အိမ်တွင် မိန်းကလေးအဖော် ပြန်သွားက တစ်အိမ်လုံး တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။ မိန်းမတစ်ယောက် ဖြစ်ပါလျက် ယောင်္ကျား တစ်ယောက် ကဲ့သို့ နေထိုင်ခဲ့ရသည်။ အခြေအနေအရ အစစ အရာရာ ကိုယ့်ကိုယ်ကိုယ် အားကိုးရ လွန်းသဖြင့် မိန်းမသဘာဝ၊ မိန်းမစိတ်ကို ပေါ်ထွက်ခွင့်ပင် မပေးလေသော ဘဝမျိုးသို့ ရောက်နေပေသည်။

အိမ်တွင် ညအိပ်ညဥ့်နေ ယောင်္ကျားတစ်ယောက်ယောက် အစောင့်ခေါ်ထားမှ၊ အဖော်ခေါ်ထားမှ ဟူသော ဆန္ဒမှား ဘယ်အခါကမှ မပေါ်ပေါက်ခဲ့ဘဲလျက်၊ ယခု အရေးအကြောင်းဒ ဖြစ်နေမှ ယောင်္ကျားအားကိုးစိတ် ပေါ်ပေါက် လာခြင်းမှာ စင်စစ် မိန်းမတို့၏ သဘာဝအမှန်ပင် ဖြစ်တော့သည်။

    အသံကို နားစိုက်လျက် မျက်လုံးကို တအားပိတ်၍ ဖိုလှိုက်ကာ ခေါင်းနားပန်းများ ကြီးနေ၏။ ကျောထဲ၌ စိမ့်၍ ဆို့နစ်မောလာကာ ကျပ်လာလေ၏။
    ညဥ့်မှာ တိတ်ဆိတ်နေလေ၏။ အဝေးမှ နှစ်ချက် ခေါက်လိုက်သော သံချောင်းသံမှတစ်ပါး လမ်းပေါ်မှ အသံဗလံ မကြားရ၊ ဆိတ်ငြိမ်နေပေသည်။

    အိမ်တွင်း၌ ဖြစ်ပေါ်နေသော အသံကား ရဲတင်းလှ၏။ ကြမ်းပေါ်တွင် ကြက်မွေးနှင့် ဖင်ရွှေ့ ဖင်ရွှေ့ လိုက်လှည်း နေသော အသံသည် တစ်အိမ်လုံးကို စိုးမိုးလျက် ရှိနေသည်။
    တအား မှိတ်ထားသော မျက်စိထဲတွင် ရှပ်အင်္ကျီလက်တို၊ ကာကီဘောင်းဘီတို၊ ခေါင်းတုံးနှင့် ဆောင့်ကြောင့် ထိုင်ကာ တံမြက်စည်း လှည်းနေသော မာလီကို အတိုင်းသား မြင်နေရကာ၊ အခန်းပြင် ဘက်တွင် မာလီ ရောက်နေသောအသိ နှင့် သေပြီးမှ မျက်စိထဲတွင် တွေ့နေသော ထိုပုံသဏ္ဌာန်မှာ ကိုးကွယ်ရာ မရှိလောက်အောင် ကြောက်စရာ ကောင်းလှသည့် အဖြစ်ဆိုးကို တွေ့ကြုံနေရပေ၏။

    မခင်ရီကား ကျွန်မ၏ ဆံပင်ကို တင်းတင်းကြီးသာလျှင် ဆွဲဆုပ်၍ လှုပ်ခါခြင်း မပြုတော့သဖြင့်၊ မြော့များနေပြီလားဟု သူ့အတွက် ပူလိုက်မိခြင်းမှာလည်း မပြောဖွယ်နိုင်။ အလွန့်အလွန့် စိတ်အားငယ် နေသည့် စိတ်ကို သတိဖြင့် ခဲယဉ်းစွာတင်းနေရခြင်း၏ ပင်ပန်း ခြင်းမှာလည်း တစ်သက်နှင့်တစ်ကိုယ် တစ်ခါ မှ မကြုံဖူးလောက် အောင် ပင်ပန်းလှချေသည်။
    ဘာလုပ်ရမည်နည်း၊ အော်လိုက်ရမည်လား၊ အသံပေးလိုက်ရမည် လား။ အော်လိုက်လျှင် အုန်းလှနှင့် အောက်ထပ် က မောင်အေးပါတို့ နိုးကုန်ကာ တစ်အိမ်လုံ အုပ်မနိုင် ထိန်းမရ ဖြစ်ကုန်တော့မည်။ အချိန် ကလည်း မလှ။

    ရှပ်ရှပ် ရှပ်ရှပ်နှင့် လှည်းနေသည့် အထဲမှ ငှက်မွေးတွင် ကပ် နေသော ဖုန်ကို ပြင်နှင့် ဆောင့်၍ဆောင့်၍ ခါချနေသည့် အခါများတွင် လူတစ်ကိုယ်လုံး အဆမတန် ကြီးသွားလိုက်၊ တစ်ဖန် ပြန်ငယ်သွား လိုက်နှင့် အသံ က လူကို ဖမ်းစားနေလေ၏။

    သည်အရေးကို စိတ်ရှိသလို ကြောက်လန့်နေ၍လည်း မဖြစ်နိုင်။ မခင်ရီ ဘယ်လို ဖြစ်နေသလဲ မသိ။ မောင်အေးပါ တို့ နိုးသွား၍ သည်အသံများ ကြားကြလျှင် ဘာတွေ ဖြစ်ကုန်ကြမည်နည်း။ ကြောက်စိတ်ကို ထိန်းနိုင်အောင် ထိန်းမှဖြစ်တော့မည်။ သူတို့ကို ငဲ့ကွက်လိုက်ကာ မလှုပ်ဝံ့ဘဲ အသေလို ဖြစ်နေသော ခန္ဓာကိုယ် ကြီးကို ဇွတ်ထူထောင်လိုက်ရတော့သည်။
    မှောင်ထဲတွင် အတင်းထ၍ထိုင်ကာ မီးခလုတ်ကို ပြေးဖွင့်လိုက် သည်။ အိပ်ရာမှ တအား ကျုံးထလိုက်စဉ် မခင်ရီ လက်ထဲတွင် မိနေ သော ဆံပင်များကို လွတ်အောင် ရုန်းထရသည်မှာ တစ်သက်တွင် မမေ့နိုင် ဖွယ်ရာ နာကျင်လှသည်။
       


    မီးပွင့်လျှင်ပွင့်ချင်း အဟမ်း... အဟမ်းဟု အသံထွက်အောင် ဇွတ်ညှစ်ဖျစ်ထုတ်လိုက်ရသည်။ မျက်စိ များကား ပြာနေလေသည်။
    ပြင်ဘက်က အသံများမှာ တစ်ခါတည်း ပျောက်သွားသည်။ ကြက် မွေးလှည်းသံကြားထဲမှ မီးထဖွင့် လိုက်ရာ မိုးလင်း၍ ကျွန်မ အသံထွက် မှပင် ထိုအသံများ ပျောက်သွားခြင်း ဖြစ်သည်။
    ကပျာကယာ မခင်ရီနား၌ ဒူးထောက်လိုက်ကာ   မခင်ရီ...မခင်ရီ  ဟု ကတုန်ကယင်ကြီး ခေါ်ကြည့်သည်။

    မခင်ရီသည် မျက်လုံးကို မှေးမှေးကလေး ဖွင့်ကြည့်လျက်   မမ...ကိုအေးပါတို့ နှိုးပြီ အပေါ် ခေါ်တင်ပါ၊ ကျွန်မ ကြောက်တယ်။ နှိုးပါ...နှိုးပါ  ဟု မောကြီး ပန်းကြီး ပြောလေသည်။
    မောင်အေးပါတို့ အနှိုးခိုင်းနေသည့်အတွက် သွားနှိုးရန် မလွယ်ကူ ချေ။ သရဲချောက်တယ်၊ ထကြဟု ပြောဖို့ ရာလည်း အခက်။ မာလီ လာခြောက်တယ်၊ အပေါ်လာကြပါ သွားခေါ်လျှင် တစ်ခါတည်း ဘာမှမ မြင်၊ မဆင်ခြင်ဘဲ အိမ်ပေါ်က ဆင်းပြေးကြပေလိမ့်မည်။

    အိမ်တွင် ကျွန်မက လူကြီးဖြစ်၍ ကျွန်မ အကြောက်ကို ဖော်ပြဖို့ရာ လည်း မဖြစ်နိုင်။ တစ်ညတာ ကြိတ်မှိတ် ၍ အောင့်အည်းနေရသော အလွန်ကြောက်နေသူများအား ထပ်မံ၍ မညှင်းဆဲ မနှိပ်စက်ချင်ပေ။ ကျွန်မ သွားခေါ်လျှင် အခြေအနေမှာ သာ၍သာ ဆိုးသွားစရာ ရှိသည်။

      မမ...ကျွန်မ မနေဝံ့လို့ပါ၊ ခေါ်ပါ...ခေါ်ပါ 
    မခင်ရီမှာ မျက်လုံးမှိတ်ကာ အသက်မရှူဘဲ ပြောနေသည်။

      အေး...အေး နှိုးလိုက်ပါ့မယ်၊ သူတို့ မသိစေနဲ့နော်  ဟု မခင်ရီ အား ပြောရလျက်၊ နံဘေး၌ အိပ်နေသော အုန်းလှကို နှိုးလိုက်သည်။
      အုန်းလှ...ထ...ထ မခင်ရီ မူးနေတယ်၊ ထစမ်းပါ  အုန်းလှ အိပ်ရာ မှ ငေါက်ခနဲ ထ တာမြင်လျှင် မခင်ရီ လည်း ငြိမ်နေလိုက်သည်။
      ဟင်... မူးနေတယ် ဟုတ်လား၊ ကျွန်မ နှိုးရောပေါ့၊ မမရီ...မမရီ 

    မခင်ရီကား သူ့ကို ခေါ်နေသည်ကို မထူးဘဲ မူးနေသူတစ်ယောက် ကဲ့သို့ မလှုပ်မယှက် ငြိမ်နေ လေသည်။
    မခင်ရီ အကယ်ပင် မူးနေသည် အထင်ဖြင့် အုန်းလှ ပူပူပင်ပင် ဖြစ်သွားခြင်းကို မြင်ရ၍ သဘောကျမိကာ၊ သည် အကြံ ရသည်ကို များစွာ ကျေနပ်သွားမိသည်။
      မောင်အေးပါတို့ သွားနှိုးစမ်း၊ သိပ်မူးနေတယ်နဲ့ တူတယ်၊ သွား စမ်း...သွားစမ်း

    ညဦးက အခန်းအပြင်ဘက်သို့ တစ်ယောက်တည်း အသွားဝံ့သော အုန်းလှမှာ အခန်းအပြင်ဘက်သို့ ပြေးထွက်ကာ မီးခလုတ် သွားဖွင့်လျက် လှေကားအံဖုံးကို မ ဖွင့်၍ စိုးရိမ်ကြီးစွာ ပြေးဆင်ခေါ်လေသည်။

      မခင်ရီ ဟန်မပျက်နေနော်၊ အဲသလိုပဲ မူးချင်ယောင်ဆောင်နေနော်၊ သူတို့ကို အပေါ်မှာ ခေါ်ထား နိုင်အောင်
    လှေကားမှ ပြေးတက်လာသော အသံတွေ အပေါ်မရောက်လာမီ မခင်ရီကို မြန်မြန်ဆန်ဆန် ပြောရသည်။
    မခင်ရီ အနားတွင် ဝိုင်း၍ ယပ်ခတ်ပေးသူကပေး၊ နှိပ်သူက နှိပ်နှင့် ကျွန်မတို့အားလုံး ပျာယာခတ် နေကြပေ၏။
    အစအန ခွဲစိတ်ထားသော တောင်တန်ကတိုးများကို ခွက်ထဲတွင် ထည့်ကာ မီးရှို့လိုက်သည်။ မခင်ရီ နှာဝ သို့ အနံ့ရောက်အောင် တွင် တွင်ကြီး ယပ်ခတ်ပေးနေရလေသည်။
      မခင်ရီ...ဘယ့်နှယ်နေသေးသလဲ

    မခင်ရီကား တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်နေလေသည်။
      သိပ်မူးနေတယ်နဲ့ တူတယ်၊ စောစောက မမ နှိုးရောပေါ့ကွယ်၊ ရှူလိုက်နော်၊ ရှူလိုက်  ဟု မခင်ရီကို အသံပေး ရင်း လူမမာနှင့် တူ အောင် ဟန်လုပ်ကာ ဆေးကုနေရ၏။
    ကျွန်မတို့ နှစ်ယောက်မှာမူ အခန်အပြင်တွင် မာလီ ရှိသေးသလို စွဲလမ်းကာ အသည်းအေးအေးဖြင့် မနည်းဟန်ဆည်နေကြရသည်။
    မခင်ရီကား ပကတိ လူမမာကြီးဖြစ်၍ နေ၏။ လင်းထိန်သော မီးရောင်အောက်၌ သက္ကလတ်စောင်ကြီး ခြုံ၍ မလှုပ်မယှက် ပက်လက်လှန်ကာ သွေးမရှိသလို နွမ်းလျ ဖြူဖျော့နေသော မျက်နှာကလေးနှင့် မျက်လုံး ကလေး မှေးစင်းလျက် အသက်ရှူမြန်နေပုံက လေးမှာ လူမမာနှင့် တစ်ထေရာတည်း တူသည်။

      မမ...ခေါ်ကြည့်ပါဦး၊ သတိရရဲ့လားလို့ ခေါ်ကြညည့်ပါဦး
    လေသံကလေးနှင့် အုန်လှက တိုးတိုးကလေး ကပ်ပြောလေသည်။ အသံမကျယ်၊ အသံမမြည် အောင်လည်း ဖြည်းဖြည်းသက်သာကလေး လုပ် ကြကိုင်ကြသည်။ ခြေဖျားထောက်ကား ဖော့နင်း နေကြ သည်။ ထိုအချိန်၌ အိမ်မှာ သရဲခြောက်သည့် အိမ်နှင့် အတူဘဲ လူမမာရှိသည့် အိမ်နှင့်တူ နေလေ၏။

      မခင်ရီ...ဘယ့်နှယ်နေသေးသလဲ
    အတန်ကြာ မှ မခင်ရီ မျက်နှာနားသို့ ကပ်၍ လူမမာ သတင်းမေးပုံ မျိုးမေးကြည့်လိုက်သည်။
      နည်းနည်း တော့ သက်သာပါတယ်

    အဖြေစကားအဖြစ်သာ နည်းနည်း သက်သာပါတယ်ဟု ဖြေလိုက်ရ သော၊ သိပ်မသက်သာသည့် အနေမျိုးဖြင့် ပြန်ပြောသော လူမမာ၏ ဟန်အမူအရာမှာ သဘာဝ ကျလှသည်။
    အပေါ်ထပ် တစ်ထပ်လုံး မီးထိန်ထိန်လင်းလျက် ရှိသော်လည်း တစ်ထောင့်ထောင့်၊ တစ်နေရာရာမှာ မာလီ အသံပေးလိုက်မည်ကို ဖုံးဖိနေသည့်ကြားထဲ စိုးရိမ်လိုက်ရသည် ဖြစ်ခြင်းမှာလည်း တထိတ်ထိတ်။

      နည်းနည်း သက်သာရင် အိပ်လိုက်ပါလားကွယ်၊ တို့အနားမှာ နေပါ့မယ်၊ ဘာမှ အားမငယ် ပါနဲ့...အိပ်လိုက်နော်
လူမမာက ခေါင်းညိတ်၍ပြကာ မှိန်းနေလေသည်။ မခင်ရီ၏ ခြေရင်း ဘက်တွင် အုန်းလှနှင့်ဗြူးတေတို့က တစ်ဖက်စီ ထိုင်ကာ ခြေသလုံးကို ဆုပ်နှိပ်ပေးနေကြသည်။ လူမမာ နည်းနည်း သက်သာသည်ဆိုမှ မောင်အေးပါ လည်း အခန်ဝသို့ ရွှေ့ကား သတင်းစာ ဆွဲယူကြည့်နေ သည်။

    လူမမာနားမှ ထ ခဲ့ကာ ပြတင်းပေါက်နား၌ သွားရပ်သည်။ လမ်းပေါ်သို့ လှမ်းကြည့်ရင်း ရင်ထဲတွင် မသက် မသာ ဖြစ်နေသည့် အဖြစ်ကြီးကို သူတို့မမြင်အောင် ပင့်သက်ကြီး ချပစ်လိုက်သည်။
    မိုးမှာ မလင်းသေးချေ။ ထိုအခိုက် သုံးနာရီ ခေါက်လိုက်သော သံချောင်းသံသည် နားထဲသို့ နင့် ဝင်သွားလေသည်။ မိုးမြန်မြန် လင်းသ ချင်လှသည်။ အိမ်ထဲတွင် နောက်ထပ် ဘာသံမှ မကြားရပါရစေနဲ့ဟု ဆုတောင်းရသည်။ နောက်ထပ်ချွတ်ချက် မကြားရသော်လည်း ဘယ်နေရာ ကြည်ြ့ကည့် မျက်စိထဲတွင် မာလီ ကို မြင်လိုက်ရမလားဟု စိတ်အထင် ကြောင့် ရင်ထဲတွင် တလှပ်လှပ် ဖြစ်နေသည်။

    မခင်ရီကား မလှုပ်မယှက် ငြိမ်၍နေသည်။ သူ့စိတ်ထဲတွင် ဘယ်လို တွေး၍ ဘယ်လို ဖြစ်နေရှာမည်ကို သနား လှသည်။
      မမ  ဟု ခေါ်သံကြား၍ မခင်ရီ အနား၌ ပြန်ထိုင်ကာ   ဘာလိုချင်သလဲ မခင်ရီ  ဟု ကုန်းမေးလိုက်သည်။
      မမ ပရိတ်ရွတ်ပါ၊ ကျွန်မ ရင်တွေ တုန်နေတယ်

    စောင်ကို ခေါင်းမြီးခြုံမလို ဆွဲ့ကွယ်၍ အုန်းလှတို့ မမြင်အောင်၊ မကြားအောင် လေသံကလေးနှင့် ပြောနေ၏။ မျက်စိမျက်နှာပျက်ပျက်နှင့် စောင်ကာထားကာ ပရိတ်ရွတ်ရန်သာ မျက်ရိပ်မျက်ကဲ တွင်တွင်ကြီး ပြနေ လေသည်။
    အခြေအနေမှာ ပရတ်ရွတ်ဖို့လည်း ခက်သည်။ မောင်အေးပါနှင့် ဗြူတေမှာ ခရစ်ယာန် ကရင်မှားဖြစ်၍ ပရိတ် အဓိပ္ပါယ် ကို နားမလည်ကြ သော်လည်း မခင်ရီနှင့် တိုးတိုး တိုးတိုး ပြေကြပြီး ကျွန်မ ပရိတ်ရွတ် လိုက်သည် ဆိုလျှင် အုန်းလှက ရိပ်မိ၍ ကြောက်စိတ် ဝင်လာမည်ကိုလည်း စိုးရိမ်မိသေးသည်။   

မခင်ရီအား အုန်းလှ မရိပ်မိအောင် မျက်စိမှတ် ခေါင်းညိတ်ပြရင်း   သက်သာတယ်လား၊ သက်သာရင် အိပ်...အိပ်  ဟု ဖာထေး ပြောလိုက်ရ ကာ၊ ဘယ်ပုံဘယ်နည်း ပရိတ်ရွတ်ရမည်ကို စဉ်းစားရလေသည်။
မခင်ရီနား မှ ထခဲ့လျက် အခန်ထဲတွင် ညောင်းညာ၍ လမ်းလျှောက် နေသလို ခေါက်တုံ့ခေါက်ပြန် ခပ်ဖြည်းဖြည်း စင်္ကြံလျှောက်ပြရင်း   အုန်းလှ၊ ညဦးက မမ ဘုရားရှိခိုးမိရဲ့လား  ဟု လှမ်းမေးလိုက်သည်။
ကုန်း၍ နှိပ်ပေးနေသော လက်များကို တန့်လျက် ကျွန်မကို မော့ကြည့်ကာ သူစဉ်းစားနေခိုက် သူ့အဖြေ မရပ်ခင်   မရှိခိုးမိဘူး ထင်တယ်  ဟု ဖြည်းညင်းသက်သာ ညည်းပြောလိုက်သည်။ သတိမေ့၍ ပြုမူသော အပြုအမူ မျိုးဖြင့် စင်္ကြံလျှောက်ရင်း အေးအေးဆေးဆေး သံနေ သံထားနှင့် ကြည်ကြည်နူးနူး ပရိတ် စရွတ် ရလေသည်။

အခန်းဝတွင် သတငိးစာ ထိုင်ကြည့်နေသော မောင်အေးပါမှာ သတင်းစာကို ဘေးချ၍ ကြမ်းပေါ် တွင် ခွေလှဲကာ အိပ်နေလေသည်။
သမန္တာ စက္ကဝါဠေသု... မှ စ၍ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ ခန္တသုတ်၊ မောရသုတ်၊ စသည့် သုတ်စဉ်အတိုင်း ရွတ်လျက်နေဆဲပင် အုန်းလှနှင့် ဗြူးတေတို့ မခင်ရီ အနား တွင် တစ်ယောက်ပြီး တစ်ယောက် အိပ်ပျော်သွားကြလေသည်။

ပရိတ်မပြီးခင် မခင်ရီကို လှမ်းကြည့်လိုက်ရာ သူပါ အိပ်ပျော်သလို တွေ့ရ၍ အိပ်ပျော် မပျော် သူ့အနားသို့ နှုတ် ကလည်း ရွတ်ရင်းသွားငုံ့ ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံမျိုး မဟုတ်ပေ၊ စိတ်ပန်း ကိုယ်နွမ်းဖြစ်ပြီး မလွန်ဆန်နိုင်၍သာ မှေးခနဲ မေ့သွားပုံကို တွေ့မြင်ရသည်။ အိပ်ပျော်နေသည်ကို သိတော့ မှပင် ရွတ်ဖတ်ခြင်းကို ရပ်ကာ ကြမ်းပေါ်တွင် အတုံးအရုံး အိပ်နေကြသူတွေကို တစ်ယောက်စီ လှမ်းကြည့် မိလေသည်။

သူတို့ကား ချမ်းသာစွာ အိပ်ပျော်လျက် ရှိကြပေပြီ။ တစ်အိမ်လုံး တိတ်ဆိတ်၍ နေပြန်ချေသည်။ အခန်း အလယ်ကောင် တွင် မတ်တတ်ရပ် ၍ ဟိုကြည့်သည်ကြည့် ကြည့်နေရာက မှန်ခုံရှေ့ရှိ ထိုင်ခုံ ကလေး ပေါ်တွင် သွားထိုင်လိုက်သည်။

ပရိတ်ရွတ်နေစဉ်က သံချောင်းလေးချက် ခေါက်သံကို သတိပြုလိုက် သဖြင့် မိုးလင်းဖို့ရန် အချိန်လိုသေးသည်။ အားလုံး စိတ်ချလက်ချ အိပ်ပျော်နေကြလျက်၊ အခန်းထဲတွင် ကျွန်မ တစ်ယောက် တည်း ကြောင် တောင်တောင်ကြီး ဖြစ်နေခြင်းကို ကျောချမ်းလာပြန်သည်။
အိမ်ကြီး ကား တိတ်ချက်သား ကောင်းလှသည်။

ပြတင်းပေါက် အပြင်ဘက်တွင် မည်းမှောင်နေသည်။ အခန်းတံခါး ဇာခန်းဆီးမှ မီးရောင်နှင့် အခန်း အပြင်ဘက် ကို အတိုင်းသား မြင်ရလေ ရာ မကြည့်ရဲအောင် ထိတ်လန့်လျက်၊ ဘယ်လိုနေ၍ ဘယ်လို ထိုင်ရမှန်း မသိအောင် ချောက်ချားလာပြန်၏။
ထိုင်နေရင်း နေရင်းပင် အသက်ရှူခက်အောင် ရင်ထဲတွင် တဒိတ် ဒိတ်ဆောင့်ခုန်လာကာ၊ ခေါင်းထဲ၌လည်း သွေးရောက် ၍ ထိန်းမနိုင် သိမ်းမနိုင် ကြက်သီးတဖြန်းဖြန်း ထ နေ၏။
ထိုင်ခုံပေါ်တွင် ဘယ်မှ မကြည့်ဝံ့တော့ဘဲ ခေါင်းကို ငုံ့ချ၍ မလှုပ်ရဲအောင် ဖြစ်နေသည်။ အိပ်နေသည့် သူတွေ ကို နှိုးလိုက်ချင်၏။ နှိုးလိုက်ချင်လျက်နှင့် ချမ်းချမ်းသာသာ အိပ်ကြပါစေတော့ဟု သည်းခံ အောင့်အည်းကာ စိတ်ကို မနည်း ထိန်းသိမ်းရလေသည်။

တိတ်ဆိတ်ခြင်းမက တိတ်ဆိတ်လှ၏။ တိတ်ဆိတ်နေသည့် အတွင်း၌ ချွတ်ခနဲဆို၍ ဘာသံမှလည်း မကြားလို၊ လင်းအားကြီးအချိန် ဘယ်အသံမှ မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်ကြီး ရှိနေခြင်းသည်လည်း အနေရ ခက်နေပေသည်။ မိုးကလည်း မလင်းနိုင်၊ မိုးလင်းပါစေတော့။

    ဘာသံမှ မရှိနေသည့်အထဲတွင် မာလီ မဆုံးခင်က အမား အမားဟု တညည်းနေသော အသံကြီးကို ပြန်၍ ကြားလေသည်။ စောစော က ဖုန်ခါသုတ်လှည်းနေသော အသံတွေကိုလည်း ကြားယောင် မိသည်။ ထိုအခါ ချွေးပြန် လာကာ လည်ပင်းကို ဖျစ်ညှစ်ထားသည့်အတိုင်း အသက်ရှု မဖြစ်အောင် အစ်လျက် ခေါင်းနားပန်း ကြီးသထက် ကြီးလာတော့သည်။
ငုံ့ထားသော ခေါင်းကို မထောင်ဝံ့။ မာလီ မတ်တတ်ကြီးရပ်က အခန်းဝက ကျွန်မကို ကြည့်နေသလို အောက်မေ့ကာ ကိုယ့်ကိုယ်ကိုယ် ခြောက်နေသည်။

    စွင့်ထားသော နားကလည်း ကြားရတော့မည်၊ ကြားရတော့မည် ထင်နေသည်။ ဖွင့်ထားသော မျက်စိကလည်း မြင်ရတော့မည်၊ မြင်ရတော့မည် မှတ်နေသည်။ မမြင်ရ မကြားရမချင်း ကြောက်နေသော အကြောက်သည် မြင်ရကြားရ၍ ကြောက်ရသည်ထက် ဆင်းရဲ ပင်ပန်းလှချေသည်။

တစ်ခဲနက် ငြိမ်သက်လျက် ဆိတ်သုဉ်းနေသော အကာလကြီး၌ ခြံထောင့်မှ ခွေးတစ်ကောင် ဆွဲငင်ကာ အူလိုက်သည့် အသံကို ကြားရ လေသည်။ 
ဖြန်းခနဲ ကြက်သီးမွေးညင်းကြီး ထသွားသည်။ ခွေးအူသံကြီး သိသိသာသာလျှင် ကြမ်းပေါ်တွင် အိပ်မောကျ နေသူများ၏ အသက်ရှုသံ မှာ ကျွန်မ၏ ရင်ခုန်သံနှင့်အတူ မြည်ဟည်းနေသည်ဟု မှတ်ထင် ရသည်။

ဤသို့ တစ်ယောက်ထီးတည်း အဖြစ်ကို မဖုံးမကွယ် သိသိသာသာ ခံစားရရင်း၊ စောစောက မာလီ အသံ များသည် ပေါ်လာလေကာ စိတ်က စိတ်ကို ချောက်ချားလျက် ရှိသည်မှာ တစ်သက်တွင်သာ ခံစားရဖူး လိုက်သည်။
      ဟင်...မမ မအိပ်သေးဘူးလား၊ မိုးလင်းပြီလား
    လူးလွန့်ရင်း ပြောလိုက်သော အုန်းလှ၏ အသံကိုကြား၍ ငုံ့ချ ထားသော ခေါင်းကို အသာထောင် လိုက်ကာ၊ မျက်စိထဲတွင် အုန်းလှအား သဲသဲကွဲကွဲ မြင်မိအောင် ထိုင်ခုံပေါ်မှ အားယူ၍ ကြည့်ရလေသည်။

    အုန်းလှ လှိမ့်၍လွန့်ရင်း စကားပြောနေသော အသံကြောင့် တစ်ယောက်ပြီးတစ်ယောက် နိုးကုန် ကြသည်။
    လင်းသလောက်သာ လင်းစပြုသေး၍ အပြင်ဘက်၌ မှောင်လည်း မမှောင်၊ လင်းလည်း မလင်း၊ မှုန်ဖြူဖြူ အရောင် ကလေး သမ်းကာ ဝိုးတိုးဝါးတား လင်းလျက်ရှိသည်။
    ကျေးငှက်တို့၏အိပ်တန်းထသံ၊ ဟိုတစ်ကောင် သည်တစ်ကောင်စ ကြားလိုက်ရသည့် အိမ်ကြီကား ကျက်သရေ ကင်းလှသော အသွင်ကို ဆောင်နေလေသည်။
    အိပ်ရာမှထ သူတို့ကား ဖျတ်ဖျတ်လတ်လတ် မရှိကြ၊ မလှုပ်ချင် မသယ်ချင်ဟန်နှင့် မရွှင်မလန်း ညှိုးနေ ကြသည်။

    မခင်ရီသည် အိပ်ရာထလာကာ ကျွန်မခုံနားတွင် လာ၍ ထိုင်နေလေသည်။ ညက ခံစားလိုက်ရသော ဒဏ်ရာ ဒဏ်ချက်ဖြင့် ပျော့နေ ရှာသည်။ ညှိုးလျနွမ်းနယ်နေကာ မျက်နှာကလေးတွင် စိုးရိမ် ထိတ်လန့် သည့် အရိပ်အယောင်များ ထွက်လျက် တော်တော်နှင့် စကား မပြောနိုင် ရှာပေ။
    ကျွန်မလည်း ထိုင်ခံမှကို မထဘဲ ပြတင်းပေါက်ကိုသာ ငေးစိုက်ကြည့်လျက် ငြိမ်သက်စွာ ထိုင်နေလေသည်။ ညက အဖြစ်ကို တစ်ယောက်နှင့် တစ်ယောက် ပြန်မပြောချင်လောက်အောင် ဖြစ်နေ ကြသည်။

    သည်အိမ်တွင် ဆက်လက်၍ နေထိုင်ရမည့် အရေးအတွက် စိတ်ပျက်လက်ပျက်ကြီး ဖြစ်နေသည်။ မောင်အေးပါ၊ ဗြူးတေ၊ အုန်းလှ တို့ ယနေ့သွားကြတော့မည်။ မခင်ရီလည်း အဖော်လာ၍ အိပ်ရဲတော့မည် မဟုတ်ပေ။ သည်အိမ်မနေ၍ ဘယ်အိမ်သွားနေရမည်နည်း။

    ဤအိမ်တွင် ယခင် ယခသင်က တစ်ယောက်ထီးတည်းပင် နေရဲ ထိုင်ရဲခဲ့သော သတ္တိများ ယခုတွင် ကုန်ဆုံးရခြင်းကို နှမြောတသမိသည်။ ဆက်လက်၍ တစ်ယောက်တည်း နေရတော့မည့် အရေးကို စိတ်မချမ်း မသာဖြစ်လာသည်။ ညက လင်းအားကြီး တစ်ယောက်တည်း ပေတေ ကြိတ်မှိတ် ခံစား လိုက်ရသော အဖြစ်ဆိုးကို ဝမ်းနည်းလာကာ ကိုယ့်ကိုယ် ကိုယ် သနားမိသည်။
      မမရယ်... မော်စကို မသွားပါနဲ့တော့။ သွားခါနီး လာခါနီး နိမိတ် မကောင်းပါဘူး

    မခင်ရီသည် တောင်တွေးမြောက်တွေးနှင့် ငြိမ်နေရာမှ ကောက် ပြောက်လိုက်၍ လှည့်ကြည့်လိုက်သည်။ သူ့ မျက်နှာလေးမှာ ချောင်ကျ နေလေသည်။
    ကျွန်မအဖို့တွင် ယနေ့ညသည် အိမ်မှာ အိပ်ရသည့်အဖြစ် မရောက်ဘဲ၊ ယနေ့ပင် လေယာဉ်ပျံပေါ်တင် တက်ကာ ခရီးထွက်သွားချင် မိသည်။
    လေးလံ ထိုင်းမှိုင်းစွာဖြင့်ပင် ကျွန်မတို့နှစ်ယောက် အောက်ဆင်း၍ မျက်နှာသစ်ရန် အခန်း အပြင်ဘက် သို့ ထွက်လာကြသည်။ အပြင်ဘက် တွင် အချို့စာရွက်များ အောက်သို့ လွင့်ကျနေသည်။ စာအုပ်ပုံကြီးမှာ စားပွဲပေါ်တွင် သူ့အတိုင်းပင် တွေ့ရသည်။ ကြက်မွေးလေးကား လှေကားပေါ်တွင် ထောင်လျက်။

    အောက်ထပ်ရောက်လျှင် သည်အိမ်မှ သွားကြတော့မည်ဟု အထုပ် အပိုးပြင်၊ သိမ်းဆည်းနေကြသော မောင်အေးပါတို့နှင့် အုန်းလှတို့ကို ကြည့်ကာ စိတ်ထဲတွင် ဟာ၍ ဝမ်းနည်းသွားသည်။
    မာလီ၏ ဦးလေးတော်သူ ကုလားအဘိုးကြီး တစ်ယောက်နှင့် တစ်ဖက် အိမ်က မာလီတစ်ယောက် စောစော စီးစီး ပေါက်လာကြ လေသည်။ မာလီ့လခပေးရန် သူ့အမျိုး ရှာခေါ်ခဲ့ပါဟု မှာထား၍ ခေါ်လာခြင်း ဖြစ်သည်။

      မမ... လခပေးရင်း မာလီကို တစ်လက်စတည်း နှင်လိုက်ပါ မမရယ်  ဟု ဝိုင်းပြောကြလေသည်။
    မခင်ရီက အတိုက်တွန်းဆုံး ဖြစ်သည်။ မာလီ၏ တဲကလေးထဲသို့ ကျွန်မဝင်သွားကာ သူ့ပစ္စည်းများကို သူ့ဦးလေး အား အကုန် ပေးအပ် လိုက်ပြီးနောက်၊ သူ့လခကို အဘိုးကြီး လက်ထဲတွင် ထည့်ကာ ပါးစပ်မှ ပြောရလေသည်။
      မာလီ... မာလီ့ လခကို ပေးလိုက်ပြီ၊ မာလီ သွားလိုတဲ့ဆီ သွားတော့။ သည်နေ့ကစပြီး သည်အိမ်မှာ မာလီ အလုပ် မရှိဘူး၊ သွားပေ တော့ 

ရှုမဝ၊ ဖေဖော်ဝါရီ ၁၉၅၃
စာရေးသူ - ဂျာနယ်ကျော် မမလေး
.

5 comments:

ဇော်သိင်္ခ said...

ဖတ်လို့ကောင်းတယ် ဖတ်နေရင်းနဲ့ ကြက်သီးမွှေးညင်းလေးတွေတောင် ထလာပြီး..အေးစက်သလိုလို လည်းဖြစ်လာတယ်.. ယောကျာ်းလေးဖြစ်ပြီး ကြောက်တာတော့ဟုတ်ဘူး.. ကြက်သီးထလာတာ....:)

ကိုဇော် said...

အသံတင် မကဘူး အစ်မ။
အကောင်လိုက်ပါ မြင်ဖူးတယ်။ ကြောက်စိတ်သိပ်မရှိလို့လား မသိဘူး သူလည်း သူ့ဖာသာ နေတာပါပဲ။ ကျနော် အဖေကလည်း ပြောထားဖူးတယ်လေ သူတို့ကိုလည်း သွားမစ မနှောင့်ယှက်နဲ့ ၊ ကိုယ်ကလည်း ကိုယ့်ဖာသာ နေ ဆိုတာ။
ဖတ်လို့တော့ ကောင်းလိုက်တာ...

Anonymous said...

အမရာ..တကယ်ကောင်းတယ်.. သရုပ်ဖော်ထားတာ မျက်လုံးတယ်ကွက်ကွက်ကွင်းကွင်းပဲ။

အမ..ဘာဖြစ်လို့လူတွေက ရောဂါကြောင့် ရုတ်တရက်သေတာကို အစိမ်းသေလို့သတ်မှတ်ရတာလဲ။ ကျနော်သိသလောက် အစိမ်းသေဆိုတာ ကားမှောက်တာတို့ဘာတို့ ရုတ်တရက် အက်ဆီးဒင့်ဖြစ်ပီးသေတာတို့ကိုမှ အစိမ်းသေလို့ခေါ်တာမှတ်လား

အမရာ..ဂျာနယ်ကျော်မမလေးကိုဖော်ပြပေးလို့.ကျေးဇူးပဲ..

မြတ်နိုး

နတ်ဆိုးလေး said...

ဖတ်လို့ကောင်းတယ် ဆရာမရေ..

အဟီး... ကြက်သီးတွေတောင်ထတယ်..
တရဲ ကြောက်တယ်.. ပြန်တော့မယ်

Anonymous said...

ဖတ်ပြီး မာလီအတွက် စိတ်မကောင်းဘူး။ သေခါနီးတောင် အနားမှာ ဘယ်သူမှမရှိ၊ ဘာရောဂါနဲ့ ဘာဖြစ်လို့ သေမှန်းတောင် မသိရ။ လူရိုးလူအေးတစ်ယောက်ဖြစ်ပြီး သေတော့ ဝမ်းနည်းမယ့်သူလဲ အနားမှာမရှိနဲ့။

သူ့အတွက် ကုသိုလ်ကောင်းမှုလေး ပြုပြီး အမျှဝေလိုက်ရင် ကောင်းမှာ။