Sunday, August 1, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃)

အခန်း (၃)

ဘာဝူ အမည်ရှိ ဇိမ်ခံ (ယော့တ်)သင်္ဘောသည် အလျား လေးဆယ့်ငါးပေရှိ ခေတ်မီသင်္ဘော တစ်စင်းဖြစ်ပြီး ခရိတ်က အပိုင်ဝယ်ယူပြီးနောက် ပို၍ကောင်းသည်ထက် ကောင်းအောင် ပြုပြင် ထားလေသည်။
ယခု ဘာဝူ သင်္ဘောသည် နယူးယောက်မြို့ ဆိပ်ကမ်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်သင်္ဘောများထားရှိရာ           ဆိပ်ကမ်း တွင်ဆိုက်ကပ်ထားလေသည်။ သင်္ဘော၏ သက်တမ်းက ငါးနှစ်ရှိပြီဖြစ်သော်လည်း အသစ် ကဲ့သို့ ပင် အလွန်အခြေအနေ ကောင်းမွန်လျက် ရှိပေသည်။

ဆိပ်ကမ်း ၌ ကိုယ်ပိုင်သင်္ဘောများ ဆိုက်ကပ်ထားရာတွင် တာဝန်ယူ စောင့်ရှောက်ပေးသည့် မာရီနာ ရုံးတစ်ရုံး ရှိရာ ခရိတ်သည် ၀င်းတံခါးမှ ရုံးရှိရာသို့ လျှောက်သွားစဉ် တာဝန်ကျ မိန်းကလေးက သူ့အား လှမ်းခေါ် လေသည်။
' မစ္စတာခရိတ် ရှင့်၊ ခဏကြွပါဦး။ ရှင့်ဆီကို တယ်လီဖုန်းတွေ လာတာကျွန်မ ဟောဒီမှာ မှတ်ထားပါတယ်။ ရှင် ပြန်ဆက်ချင်ရင် ဒီက တယ်လီဖုန်း သုံးနိုင်ပါတယ် '
ပြောပြော ဆိုဆို မိန်းကလေးသည် ရေးမှတ်ထားသော စာရွက်ငယ်များကို လှမ်းပေးလေသည်။

ခရိတ်လည်း စာရွက်များကို ယူကြည့်ရာ တစ်ခုက သူ၏ စီးပွားရေးလုပ်ငန်းပွဲစာထံမှ အရေးတကြီး ပြန်ဆက်သွယ် စေလိုကြောင်း ရေးမှတ်ထားသည်ကို တွေ့ရသည်။ နောက် စာရွက်တစ်ရွက် မှာ အမေရိကန်ပြည် အနောက်အလယ်ပိုင်းဒေသ သတင်းစာတစ်စောင်မှ စာပေရေးရာ အယ်ဒီတာထံမှ ဖြစ်လေ သည်။
ခရိတ်သည် ရှေးဦးစွာ သူ၏ ပွဲစားထံသို့ တယ်လီဖုန်းဆက်လိုက်ရာ သူ ၀ယ်ယူထားသောရွှေများကို (၀ယ်စဉ်က တစ်အောင်စလျှင် ဒေါ်လာ သုံးရာ့ နှစ်ဆယ်ဈေး) ယခု ဈေးကောင်းရသဖြင့် ဒေါ်လာ ငါးရာ့ နှစ်ဆယ် နှုန်း ဖြင့် ရောင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ခရိတ်က ငွေများကို သူ၏ ဘဏ်စာရင်းတွင် သွင်းထား ရန် ညွှန်ကြားလိုက်သည်။
ထို့နောက် စာပေရေးရာ ဘယ်ဒီတာထံသို့ တယ်လီဖုန်း လှည့်လိုက်ပြန်သည်။

တာဝန်ကျ မိန်းကလေးသည် ခရိတ်အား စိတ်ဝင်စားဟန်ဖြင့် အနီးတွင် မယောင်မလည် လုပ်နေလေ သည်။ သူမ ၏ ခန္ဓာကိုယ် အချိုးကျ လှပပုံကိုလည်း ဖြစ်ကြောင်း သိသာထင်ရှားပေသည်။
တစ်ဖက် မှ စာပေရေးရာ အယ်ဒိတာ ဆိုသူက အမျိုးသမီး ဖြစ်နေသည်။
' ဟဲလို မစ္စတာခရိတ်၊ ရှင့် စာအုပ်သစ်ကို ဘယ်တော့လောက် ထုတ်ဝေမှာလဲရှင့် '
' စာအုပ်သစ် ထုတ်ဝေဖို့ရယ်က သိပ်မသေချာသေးပါဘူး။ ဘာလဲ၊ ခင်ဗျားက ကျုပ်နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အင်တာဗျူး လုပ်ပြီး ရေးချင်လို့လား' ခရိတ်က ပြန်မေးလိုက်သည်။
' မဟုတ်သေးပါဘူး၊ ရှင့်စာအုပ် ထွက်လာတော့မှပဲ တွေ့ဆုံလိုပါတယ် '
' ဒါဖြင့် ခင်ဗျား အကြာကြီး စောင့်ရမှာပဲ '
ဤသို့ ပြောပြီး ခရိတ် စကားဖြတ်လိုက်သည်။

တာဝန်ကျ မိန်းကလေးသည် ခရိတ်အား စကားလာပြောပြန်သည်။
'ဒီနေ့ည ဖိုင်ယားဝါတာ သင်္ဘောပေါ်မှာ ပျော်ပွဲရွှင်ပွဲပါတီရှိတယ် ရှင့် ' ပြည့်ဖြိုး လှပနေသည်ကို သတိပြု မိလေသည်။
ဤမိန်းကလေးသည် ယောက်ျားအဖော် လိုချင်တောင့်တနေပုံရသည်ဟု ယူဆမိသိဖြင့်
' ငါကလည်း ငါ့သင်္ဘော ဘာဂူပေါ်မှာ ဒီည ပါတီပွဲလုပ်မလို့ပဲ၊ ဒါပေမဲ့ ငါ့ပါတီက လူနှစ်ယောက်အတွက်ပဲ ဖြစ်တယ်။ မင်းလာခဲ့မလား' ဟု အဓိပ္ပာယ်ပါပါ ပြုံး၍ ပြောလိုက်ရာ မိန်းကလေးသည် ချက်ချင်း စိတ်ဝင်စား ဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။

' ဒီမှာ ကျွန်မရဲ့ တာဝန်က ငါးနာရီဆိုရင် ပြီးပါမယ် '
' အေး ကောင်းတယ်၊ ဒါဖြင့် မင်းရဲ့ ဂျူတီ ပြီးပြီးချင်း တိုက်ရိုက်သာ လာခဲ့ပေတော့ '

*

ခရိတ်သည် သူ၏သင်္ဘော ဘာဝူပေါ်ရှိ အိပ်ခန်းထဲတွင် လဲလျောင်းရင်း စဉ်းစားနေလေသည်။ သူ၏ ဘေးတွင် ကား မာရီနာရုံးမှ စာရေးမ အမျိုးသမီးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။
မိန်းကလေးသည် ခရိတ်အား စိတ်ဝင်စားနေခဲ့သဖြင့် ယခုကဲ့သို့ နှစ်ယောက်ချင်း လွတ်လပ်စွာ လာရောက် တွေ့ဆုံ ခဲ့ခြင်းဖြစ်လေသည်။ သို့ရာတွင် ခရိတ်သည် စိတ်တွေ ဂနာမငြိမ်ဖြစ်ခြင်းကို ပြေ ပျောက်လိုငြား ထို မိန်းကလေး နှင့် ကိုယ်ထိလက်ရောက် ချစ်တင်းနှီးနှောခဲ့ခြင်းဖြစ်လင့်ကစား ယခု သူ၏ စိတ်လှုပ်ရှားမှုများ လုံးဝ မပြေပျောက် ဘဲ ဖြစ်နေပြန်လေသည်။
သူ၏ အတွင်းစိတ်သည် မွေးရပ်မြေ အာဖရိကသို့ပင် ရောက်နေလေရာ အမျိုးသမီးဓာတ်ပုံဆရာ ဆယ်လီ ရိုက်ကူး ခဲ့သော အာဖရိကတိုက်မှ ဓာတ်ပုံများကိုလည်း မြင်ယောင်နေမိလေသည်။ သူ၏ နားထဲတွင်လည်း အာဖရိက တိုက် တောတွင်းဒေသမှ သဘာဝအသံများကို ကြားယောင်နေမိလေသည်။

အထူးသဖြင် အာဖရိကတိုက်မှ တိုင်းရင်းသား လူမည်းများ ညအချိန် ရိုးရာ ဂိတအဖြစ် တိုင်းရင်းဖြစ်စဉ် (သို့မဟုတ်) ဗုံရှည်ကြီးမျး တီးသံကို ကြားယောင်ကာ လွမ်းဆွတ်သတရနေမိသည်။ အာဖရိကတိုက်ရှိ မြစ်ကြီး များထဲမှ တသွင်သွင် ရေစီးသံများကိုလည်း ပြန်လည် ကြားချင်စိတ် ဖြစ်ပေါ်မိလေသည်။
ယင်းသို့ အာဖရိကတိုက်အကြောင်း တောက်လျှောက် စဉ်းစားနေမိခြင်းကြောင့် ခရိတ်သည် ထိုညအဖို့ နောက်ထပ် အိပ်မပျော်တော့ချေ။
နံနက် မိုးလင်းသောအခါ စာရေးမကလေးက နံနက်စာကို ကျနစွာ ချက်ပြုတ်တည်ခင်းကျွေးလေသည်။ သူမ သည် အပျိုစင်မဟုတ်ကြောင်း သိသာလင့်ကစား ခရိတ်က ဘာမှမပြောဘဲ မသိချင်ဟန်ဆောင် နေလိုက် သည်။

နံနက်စာ စားသောက်ပြီးသောအခါ ခရိတ်သည် သင်္ဘောအပေါ်ထပ်အခန်းရှိ စာရေးစားပွဲဆီသို့ တက်သွား လေသည်။
စားပွဲပေါ်တွင် ရေးလက်စ စာမူများရှိရာ ခရိတ်သည် ရေးပြီးသား စာရွက် ဆယ်ရွက် ကိုပြန်ဖတ်ကြည့် ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ကြိုးစားကာ ဆက်ရေးနေလေသည်။
စားပွဲပေါ်တွင် ရေးလက်စ စာမူများရှိရာ ခရိတ်သည် ရေးပြီးသား စာရွက်ဆယ်ရွက်ကို ပြန်ဖတ်ကြည့်ပြီး နောက် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားကာ ဆက်ရေးနေလေသည်။
သို့ရာတွင် စိတ်လှုပ်ရှားနေခြင်းကြောင့် အာရုံစူးစိုက်ရန် ခက်ခဲနေလေသည်။ တစ်နာရီခန့် ကြိုးစားရေး သော်လည်း လက်မသွက်ဘဲ ဖြစ်နေသည်။ အရေးထဲ သူ၏ စာမူတွင် ထည့်ရေးရမည့် စာလုံးတစ်လုံးကို မသေချာ သဖြင့် ဝေါဟာရအဘိဓာန်စာအုပ်ကို ကြည့်ရန် စားပွဲဘေးရှိ စာအုပ်စင်မှ အဘိဓာန် စာအုပ်ကို ဆွဲယူ လိုက်သည်။
စာအုပ်ကို ဖွင့်လိုက်သောအခါ လှပသော လက်ရေးစက္ကူစာရွက်တစ်ရွက် ခေါက်လျက်သား စာအုပ် ကြားမှ ထွက်ကျ လာလေသည်။
ခရိတ် သည် ထိုစာရွက်ကို ဖြန့်ကြည့်လိုက်ရာ အံ့အားသင့်သွားမိလေသည်။

စာမှာ ဂျေနီအမည်ရှိ မိန်းကလေးတစ်ဦးက သူ့ထံသို့ ရေးလိုက်သောစာဖြစ်လေသည်။ ထိုစာကို ရရှိခဲ့ သည်မှာ ကြာပြီဖြစ်၍ ခရိတ်က ဖတ်ပြီးသားဖြစ်သော်လည်း ယခုတစ်ဖန် ပြန်တွေ့ရ၍ အံ့သြမိခြင်း ဖြစ်လေ သည်။
အမှန်တော့ ဂျေနီသည် တစ်ချိန်က အာဖရိကတိုက်တွင် ခရိတ်နှင့် ခင်မင်ရင်းနှီးခဲ့သူဖြစ်သည့်ပြင် ရိုဒီးရှား (ဇင်ဘာဘွေ) နိုင်ငံ ပြည်တွင်းစစ်အတွင်းက သူနှင့်အတူ ရှိနေခဲ့သူလည်းဖြစ်သည်။
ပြည်တွင်းစစ်ဖြစ်နေစဉ် ခရိတ်ဒဏ်ရာ ရခဲ့စဉ်ကလည်း ထိုမိန်းကလေးက သူ့အား အထူးဂရုစိုက်ပြီး အနီးကပ် ပြုစု ခဲ့သည်။ ခရိတ်၏ ခြေတစ်ဖက်ဖြတ်ပစ်လိုက်ရပြီး ဒဏ်ရာပျောက်ကင်း၍ ခြေတုတပ်ကာ စတင်စမ်းသပ် လမ်းလျှောက်ခဲ့စဉ်ကလည်း ထိုမိန်းကလေးက သူနှင့်အတူ ရှိခဲ့သည်။
ခရိတ် ကလည်း ထိုမိန်းကလေးအား အထူးခင်မင်မိကာ လက်ထပ်ထိမ်းမြားရန်ပင် စိတ်ကူးခဲ့သေးသည်။

သို့သော် ခက်နေသည်ကား ယခု ခရိတ်သည် ထိုမိန်းကလေး၏ ပုံပန်းသဏ္ဍာန်မည်သို့ရှိသည်ကို လုံးဝ မမှန်မိတော့ခြင်းပင် ဖြစ်လေသည်။
ထိုစာကို ဂျေနီကသူ၏ ဇာတိနေရပ် အင်္ဂလန်နိုင်ငံ ယောက်ရှိုးယားခရိုင်မှ ရေးလိုက်ခြင်းဖြစ်သည်။ ရေးသည့် အချိန် က သူမသည် တိရစ္ဆာန် ဆေးကုဆရာဝန်တစ်ဦးနှင့် လက်ထပ်ခါနီး သုံးရက်အလိုက ရေးလိုက်ခြင်း ဖြစ်သည်။
စာကလည်း တိုတိုတုတ်တုတ် မဟုတ်။ စာမျက်နှာ ဆယ်ရွက်တိတိရှိသော စာရှည်ကြီးဖြစ်သည်။
ခရိတ် သည် ထိုစာကို ရရှိပြီးနောက် အဘိဓာန် စာအုပ်ကြားတွင် ညှပ်ကာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ယခုတစ်ဖန် ပြန်၍ ဖတ်ကြည့်သောအခါ ဂျေနီ၏ စာတွင် စိတ်ဝင်စားဖွယ်ကောင်းသော အချက်များပင် ရှိနေကြောင်း တွေ့ရလေသည်။ အထူးသဖြင့် ဂျေနီက ခရိတ်အား ဝေဖန်သုံးသပ်ထားပုံ အချက်များက အလွန် မှန်နေပေသည်။
ဂျေနီ၏ စာထဲမှ အောက်ပါ စာပိုဒ်များဆိုလျှင် မိမိ၏ ချို့ယွင်းချက်၊ အားနည်းချက်များကို ပွင့်လင်းစွာ ထောက်ပြထားသလို ဖြစ်နေသည်။
' ရှင်ဟာ ဘ၀ခရီးလမ်းတစ်လျှောက် ဘာမှ အောင်မြင်မှုမရဘဲ အရေးနိမ့်ခဲ့တာချည်း များလွန်းတဲ့အတွက် အခု ရှင်မမျှော်လင့်ဘဲ ရုတ်တရက် တိုးတက်အောင်မြင်လာတာကြောင့် အောက် ခြေလွတ်သွားတဲ့ သဘောမျိုးပဲရှင့် '
' ဒီမယ် ခရိတ်၊ ရှင်ဟာ တစ်ချိန်က ရိုးသား အပြစ်ကင်းတယ်၊ သိမ်မွေ့ညင်သာတယ်၊ ချစ်ဖို့လည်း ကောင်းတယ်၊ ကျွန်မက ရှင့်ကို အဲဒီပုံအတိုင်း သဘောကျလို့ အမြဲတမ်း ဒီလိုပဲ နေလိမ့်မယ်လို့ မျှော်လင့် ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မတို့ အာဖရိကတိုက်က ထွက်ခွာလာပြီးတဲ့နောက်ပိုင်း ကျတော့ ရှင်ဟာ တစ်မျိုးပြောင်းလဲလာတယ်၊ ချစ်စရာကောင်းတဲ့ သိမ်မေ့မှုတွေ ပျောက်ကွယ်ပြီး ကြမ်းတမ်းလာတယ်'

' ရှင်နဲ့ ကျွန်မ ပထမဆုံး တွေ့ဆုံခဲ့ရတဲ့နေ့ကို မှတ်မိသေးရဲ့လား၊ အဲဒီတုန်းက ကျွန်မက ရှင့်ကို 'ရှင်ဟာ မိဘ အလို လိုက်ထားလို့ ပျက်ပြီး နွဲ့ဆိုး ဆိုးနေတဲ့ကောင်ကလေး တစ်ယောက်နဲ့တူတယ်'လို့  ပြောခဲ့သေး တယ်လေ၊ နောက်ပြီး ရှင်ဟာ စိတ်တွေ မတည်ငြိမ်တဲ့ကလေးငယ်လို ရပြီးသား အရာဝတ္ထုကို လွယ်လွယ်နဲ့ စွန့်လွှတ် ချင်တယ်လို့လည်း ကျွန်မက ဝေဖန်ခဲ့တယ်၊ အဲဒါ သိပ်မှန်တာပေါ့၊ ရှင်ဟာ ကျွန်မနဲ့ ဆက်ဆံရေးကို စွန့်လွှတ်ခဲ့တယ် မဟုတ်လား၊ ကဲ ဒါတွေ ထားပါတော့လေ၊ ရှင့်ကို ကျွန်မ တစ်ခုအကြံပေးပါရစေ၊ ရှင်ဟာ ဘာမဆို လွယ်လွယ်နဲ့ စွန့်လွှတ်ချင်တဲ့ ၀ါသနာရှိပေမယ့် တစ်ခု ကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့လို့ ကျွန်မ အကြံပေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့လို့ ကျွန်မ အကြံပေး ချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ရှင်စာရေးတဲ့ အလုပ်ပါပဲ၊ စာရေးတာကိုတော့ ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့၊ အမြဲတမ်း ဆက်ပြီး စာရေးနေဖို့ ကြိုးစားစေချင်ပါတယ် '
ယင်းစာပိုဒ်ကို ဖတ်ရင်း ခရိတ်သည် စိတ်လှုပ်ရှား ချောက်ချားမိလေသည်။ ဂျေနီ၏ ဝေဖန်ချက်က မှန် လွန်း၍ စိတ်ထိခိုက်မိခြင်း ဖြစ်လေသည်။

နောက်တစ်ပုဒ်ကို ဆက်ဖတ်ကြည့်မိပြန်သည်။
' ကျွန်မလေ ရှင့်ကို တကယ်ပဲ ချစ်ခဲ့မိပါတယ်။ ချစ်တာကလည်း ရုတ်တရက် အလောတကြီး ချစ်တာ မျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ သဘောမျိုး အချိန်ယူပြီး ချစ်ခဲ့တာမျိုး ဖြစ်ပါတယ်။ အဲဒီလို အချစ်မျိုးဆိုတာ ပြန်ပြီး ဖျောက်ဖျောက်ပစ်ဖို့က မလွယ်ဘူးရှင့်။ ကဲပါလေ၊ ကျွန်မ ရှင်းရှင်း ပြော ပါတော့မယ်၊ ကျွန်မ အခု ရှင့်ကို မချစ်တော့ဘူး၊ ရှင့်ကိုသာ မဟုတ်ဘူး၊ ကျွန်မအနေနဲ့ တခြားဘယ် ယောက်ျားကိုမှလည်း ချစ်နိုင်တော့မှာ မဟုတ်ဘူး။ ကုန်ကုန်ပြောမယ်ရှင့်၊ အခုလာမယ့် စနေနေ့ ကျွန်မနဲ့ လက်ထပ်မယ့်လူကိုလည်း ကျွန်မ တကယ်ချစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ခင်မင် ပါတယ်၊ နောင်ကိုလည်း အမြဲပဲ ရှင့်ကို ခင်မင်နေမှာပါပဲ။ ရှင် တိုးတက်ကြီးပွားပါစေ၊ စိတ်ချမ်းသာပါစေ လို့လည်း မျှော်လင့်ပါတယ်၊ တစ်ခုတော့ ရှင် သတိထားဖို့ လိုလိမ့်မယ်။ ရှင့်မှာ သတိထားရမယ့် ရန်သူ တစ်ဦး ရှိနေတယ်၊ အဲဒီရန်သူက တခြား မဟုတ်ဘူး၊ ရှင်ကိုယ်တိုင်ပဲ ဖြစ်နေတယ် '
ခရိတ်သည် စာကို ဖတ်ပြီးလျှင် ပြန်ခေါက်သိမ်းလိုက်သည်။ ထိုအချိန်၌ သူသည် အာခေါင်ခြောက် လာသလို ဖြစ်လာကာ ယမကာတစ်ခုခု သောက်ချင်စိတ်ဖြစ်ပေါ်လာမိလေသည်။
ထို့ကြောင့် သင်္ဘောအောက်ထပ် စားသောက်ခန်းသို့ ဆင်းသွားပြီး အရက်တစ်ခွက် ငှဲ့သောက်ရင်း ဂျေနီ၏ စာကို တစ်ခေါက်ပြန်ဖတ်ကြည့်ပြန်သည်။

စာထဲမှာ အောက်ပါစာပိုဒ်ကို ပြန်ဖတ်မိသည်။
' အာဖရိကတိုက်က ထွက်ခွာလာပြီးတဲ့နောက်ပိုင်း ရှင်ဟာ တစ်မျိုး ပြောင်းလဲလာတယ်၊ သိမ်မွေ့မှုတွေ ပျောက်ပြီး ကြမ်းတမ်းလာတယ် '
စာပိုဒ်ပါ ဝေဖန်ထောက်ပြချက်က မှန်ကန်သလောက် သူ၏ နှလုံးသားကို ပြင်းစွာ နာကျင်အောင် ဆုပ် ကိုင် လှုပ်ရှား လိုက်ဘိသကဲ့သို့ ခံစားရလေသည်။
' ဟုတ်ပါတယ်၊ ငါဟာ ပြောင်းလဲလာခဲ့တယ်၊ သိမ်မွေ့မှုတွေ ပျောက်ပြီး ကြမ်းတမ်းလာခဲ့တယ် '
ဤသို့ တစ်ယောက်တည်း ရေရွတ်ရင်း ခရိတ်သည် စာရွက်များကို အစိတ်စိတ် အမြွာမြွာဖြစ်အောင် ဆုတ်ဖြဲ ပစ်လိုက်ပြီးနောက် ပန်းကန်ဆေးသည့် ရေခွက်တွင် သွန်ချကာ ရေဖြင့် လောင်းချပစ်လိုက် သည်။

ထိုအချိန်၌ သူ၏ စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချပြီးနေပြီဖြစ်သည်။
ခရိတ် သည် သင်္ဘောမှ ကမ်းပေါ်သို့ တက်၍ အများသုံး တယ်လီဖုန်းတစ်ခုမှ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ မစ္စတာ ဟင်နရီ ထံသို့ ဆက်လိုက်သည်။
' ဟဲလို ကျုပ် ခရိတ် စကားပြောနေတယ် '
' ဟဲလို မစ္စတာခရိတ်၊ ဘယ်လိုလဲဗျ၊ နေကောင်းရဲ့နော်'
တစ်ဖက်မှ ဟင်နရီက နှုတ်ဆက်လိုက်လျှင် ခရိတ်က
' ဒီမယ်၊ ဇင်ဘာဘွေနိုင်ငံက မာတာဘတ်လီ တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းဆိုရိုးစကားတစ်ခု ရှိတယ်။ ဇမ်ဘေဇီမြစ်ရေ ကို တစ်ခါသောက်ဖူးရင် နောက်ထပ်သောက်ဖို့ ပြန်မလာဘဲ မနေနိုင်ဘူးတဲ့' ဟု ပြော လိုက်သည်။

' သြော် ... ဒီလိုလား၊ ဒါဖြင့် ခင်ဗျား အခု ရေငတ်နေပြီဆိုပါတော့ ကျုပ်လည်း ထင်မိသားပဲ '
' ခင်ဗျားဆီ တယ်လီဖုန်း ဆက်ပါဆိုလို့ အခု ဆက်လိုက်တာပဲ '
' ကျုပ်နဲ့ လာတွေ့ပါလား '
' ဘယ်တော့လဲ၊ ဒီနေ့ပဲ လာရမှာလား '
' ဟာ ခင်ဗျားက လောမယ့်လောတော့ ခုချက်ချင်းမှ ဆိုသလို ဖြစ်နေပါပေါ့လား။ နေဦးဗျ၊ ကျုပ်ရဲ့ ဒိုင်ယာရီ မှတ်တမ်းမှာ တခြားကိစ္စတွေ ရှိသလား ကြည့်လိုက်ဦးမယ်။ အိုကေ ကောင်းပြီ၊ ဒီနေ့ညနေ ခြောက်နာရီမှာ ကျုပ်ဆီ လာခဲ့ပါလား။ ဒါထက်စောပြီး' တွေ့ဖို့ အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်'
မစ္စတာဟင်နရီက ဤသို့ပြောသဖြင့် ခရိတ်လည်း လာတွေ့ပါမည်ဟု ကတိပေးလိုက်သည်။

*
ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ မစ္စတာဟင်နရီ၏ ရုံးခန်းမှာ နယူးယောက်မြို့ ဗဟိုဥယျာဉ်ကြီးနှင့် မလှမ်း မကမ်းရှိ မိုးမျှော်တိုက်ကြီး တစ်ခု၏ နှစ်ဆယ့်ခြောက်ထပ်တွင် တည်ရှိလေသည်။
ခရိတ် ရောက်သွားသောအခါ ဟင်နရီက ဖော်ရွေစွာ ခရီးဦးကြိုပြုပြီး ၀ီစကီအရက်ဖြင့် တည်ခင်း ဧည့်ခံ လေသည်။
အလွန် မြင့်မားသော တိုက်ဖြစ်၍ ၀င်လုဆဲနေမင်း၏ ညနေရှုခင်းသာယာလှပပုံကို ကောင်းစွာ မြင်နေရ လေသည်။
နှစ်ယောက်သား ၀ီစီ့ဖန်ခွက်ကိုယ်စီဖြင့် ခေတ္တသောက်နေကြပြီးနောက် ခရိတ်က လိုရင်းကိစ္စကို တိုက် ရိုက်ပြော ရန် ဆုံးဖြတ်လိုက်သည်။

' ကိုင်း မစ္စတာဟင်နရီ၊ ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပဲ စကားပြောကြရင် ကောင်းမယ်ထင်တယ်၊ ခင်ဗျား ကျုပ်ကို ဘာလုပ်စေချင်တယ်ဆိုတာ အမှန်အတိုင်းသာ ပြောစမ်းပါ။ '
' ကောင်းပြီလေ၊ ခင်ဗျားက အခုလို စပြောမှတော့ ကျုပ်ကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောရတာပေါ့။ ဇင်ဘာဘွေနိုင်ငံအကြောင်း စာအုပ်ရေးဖို့ဆိုတာက အများသိအောင် ဟန်ပြလုပ်ငန်း သဘောသာဖြစ် တယ်။ ကျုပ်ကိုယ်တိုင်ကတော့ ခင်ဗျားက စာအုပ်ရေးပြီး အဲဒီစာအုပ်မှာ ဆယ်လီရိုက်တဲ့ ဓာတ်ပုံတွေ ဖော်ပြတာ ကို တကယ်လိုလားပါတယ် '
ဤတွင် ခရိတ်က လိုရင်းအချက်ကိုသာ သိလိုသဖြင့် စိတ်မရှည်ဟန်ဖြစ်လာရာ ဟင်နရီကလည်း ရိပ် မိပြီး
' ဒီလိုပါ၊ ကျုပ်က ဒီကမ္ဘာ့ဘဏ် အဖွဲ့အစည်းမှာ အာဖရိကတိုက်ဆိုင်ရာ ဌာနရဲ့ အကြီးအကဲ ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်' ဟု ပြောလေသည်။ခရိတ် က ခေါင်းညိတ်လိုက်သည်။

 ' ခင်ဗျားရဲ့ ရုံးခန်း ပြင်ဘက်မှာရှိတဲ့ ဆိုင်းဘုတ်မှာလည်း ဒီအတိုင်းရေးထားသားပဲ '
' ဟုတ်ပြီ ကျုပ် ဆက်ပြောပါ့မယ်၊ ကျုပ်တို့ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းဟာ တချို့လူတွေ ယူဆသလို ဒေါ်လာငွေတွေကို ဖြုန်းတီးသလို အလကား လျှောက်ပေးပစ်နေတာမဟုတ်ဘူး။ ကမ္ဘာ့ဘဏ် ဟာ အရင်းရှင် စီးပွားရေးစနစ်ရဲ့ အဓိကမဏ္ဍိုင်တစ်ခုတော့ဖြစ်တယ်။ ဒါကို ထားပါတော့၊ အာဖရိကတိုက်ကြီးရဲ့ အခြေအနေကို ကြည့်လိုက်ရင် စီးပွားရေး အခြေမခိုင်တဲ့နိုင်ငံတွေ အများဆုံး ရှိနေတာ တွေ့ရလိမ့်မယ်။ မျက်နှာဖြူအစိုးရ အုပ်ချုပ်တဲ့ တောင်အာဖရိကနဲ့ မြောက်ပိုင်းက ရေနံထွက်တဲ့ နိုင်ငံတချို့က လွဲရင် အာဖရိက နိုင်ငံ အများစုဟာ လယ်ယာကိုင်းကျွန်း အလုပ်ကိုသာ မှီ နေရပြီး စက်မှုလက်မှု လုပ်ငန်း မရှိသလောက် နည်းပါးတဲ့အပြင် သယံဇာတ သဘာဝပစ္စည်းတွေလည်း မထွက်သလောက် နည်းပါးကြတယ် '
ဤတွင်လည်း ခရိတ် ၀န်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရာ ဟင်နရီက ဆက်ပြောလေသည်။

' အဲဒီ အာဖရိကနိုင်ငံတွေထဲက လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ အရင်ကိုလိုနီဟောင်းက မျက်နှာဖြူ မျိုးတွေ အခြေစိုက် လုပ်ကိုင်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အကျိုးခံစားခွင့် ရရှိနေတဲ့ နိုင်ငံ တချို့တော့ ရှိတယ်။ တချို့နိုင်ငံတွေ ကျတော့လည်း (ဥပမာ ဇမ်ဘီယာနဲ့ တန်ဇန်နီယာနိုင်ငံတို့လို) လွတ်လပ်ရေးရပြီးကာမှ စီးပွားရေး ကမောက်ကမ ဖြစ်တာတို့၊ နိုင်ငံရေး သဘောတရား အယူအဆတွေ ကြောင့် အချင်းချင်း သဘော ကွဲလွဲပြီး စည်းလုံးညီညွတ်မှု ပျက်ပြားတာတို့ရှိခဲ့တယ်။ သို့သော်လည်း ဇင်ဘာဘွေရယ်၊ ကင်ညာနဲ့ မာလာဝီနိုင်ငံတို့က တိုးတက်ဖွံ့ဖြိုးဖို့ မျှော်လင့်ချက် အလားအလာ ရှိသင့် သလောက် ရှိနေတယ်။ မျက်နှာဖြူတွေ လုပ်ကိုင်သွားခဲ့တဲ့ စွးပွားရေး လုပ်ငန်းတချို့ဆိုရင်လည်း အခုထိ ဆက်လက်ရပ်တည် လည်ပတ်နေတယ်။ ဒါ့အပြင် ကြေးနီလို သတ္တုမျိုးထွက်လို့ နိုင်ငံခြား ၀င်ငွေလည်း ရသင့်သလောက် ရရှိ နေတယ်။ ဒီနိုင်ငံမျိုးကျတော့ ဆက်ပြီး တိုးတက်ဖွံ့ဖြိုးလာအောင် ကျုပ်တို့က ကူညီဆောင်ရွက်ရင် ဖြစ်မြောက် နိုင်စရာရှိတယ် '
' နေပါဦးဗျ၊ ခင်ဗျားတို့ ကမ္ဘာ့ဘဏ်က ငွေတွေကို အလှူပေးနေတာ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ဒီအာဖရိက နိုင်ငံတွေကို စိတ်ဝင်စားနေရတာလဲ '
ခရိတ် က ပြန်မေးလိုက်သည်။

' ဘာဖြစ်လို့လဲဆိုတော့ ကျုပ် ပြောပြပါမယ်၊ ဘာကြောင့်လည်းဆိုတော့ အဲဒီနိုင်ငံတွေက လူတွေကို ကျုပ်တို့ အစာရေစာ ၀၀လင်လင် မကျွေးဘဲထားရင် တစ်နေ့ ဒီလူတွေနဲ့ ကျုပ်တို့ တိုက်ခိုက်ရမယ့် အခြေအနေမျိုး ရောက်သွားနိုင်တယ်။ ရှင်းရှင်းပြောရရင် အာဖရိကနိုင်ငံက တိုင်းရင်းသားတွေ ငတ်မွတ် လာတဲ့အခါ မလိုလား အပ်တဲ့ နိုင်ငံရေးပယောဂတွေ ၀င်လာနိုင်တယ်။ နိုင်ငံကြီးတွေက ၀င်ရောက် စွက်ဖက် ခြယ်လှယ်ပြီး နိုင်ငံရေးသြဇာ လွှမ်းမိုးနိုင်အောင် ကြံစည်ကြိုးစားတာတွေ ဖြစ်လာ နိုင်တယ် '
' ဒါတော့လည်း မှန်ပါတယ် '
ခရိတ်က ၀ီစကီဖန်ခွက်ကို ယူသောက်ရင်း ပြောလိုက်သည်။

' ကျုပ်တို့ စိတ်ဝင်စားတဲ့ အာဖရိကနိုင်ငံတွေမှာ ရွှေလည်း မထွက်ပါဘူး အဖိုးတန် သယံဇာတ ပစ္စည်း တွေလည်း မရှိပါဘူး။ ဒါပေမဲ့ သဘာဝတောတောင်ရေမြေ အနေအထားအရ ကမ္ဘာ လှည့်ခရီးသည်တွေ အထူးစိတ်ဝင်စားကြတဲ့အတွက် တိုးရစ္စခရီးသွားလုပ်ငန်း အကြီးအကျယ် ဖြစ်ထွန်း လာနိုင်တယ်။ နိုင်ငံခြား ငွေတွေလည်း အများကြီး ရလာနိုင်တယ်။ ကျုပ်တို့ ကမ္ဘာ့ဘဏ်က ဒေါ်လာငွေ တွေ ကုဋေနဲ့ချီပြီး ကူညီ ထောက်ပံ့ ထားတာကို နှစ်စဉ် ကျသင့်တဲ့ အတိုးငွေ မှန်မှန်ပေးဆပ်နိုင်အောင်  အဲဒီနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ကောင်းမှ ဖြစ်မယ် မဟုတ်လား '
' ဟုတ်ပါပြီ၊ အခြေအနေကောင်းအောင် ခင်ဗျားတို့က ဘယ်လို လုပ်နိုင်မှာလဲ '

' ကျုပ်ပြောပြပါမယ်၊ ဥပမာ ကင်ညာနိုင်ငံကို လေ့လာကြည့်ကြပါစို့။ ကမ္ဘာလှည့်ခရီးသည်တွေ သဘောကျတဲ့ ပင်လယ်ကမ်းခြေရှုခင်းလှလှတွေ မရှိတာမှန်တယ်။ ဒါပေမဲ့ ဂရိနိုင်ငံနဲ့ ဆာဒီနီးယားတို့ မှာ လည်း ပင်လယ်ကမ်းခြေလှလှ မရှိပါဘူး။ မြေထဲပင်လယ် ရှုခင်းပဲရှိတယ်။ အဲဒီ မြေထဲပင်လယ်မှာ လုံးဝ မရှိတာက ဘာလဲဆိုတော့ အာဖရိကတိုက်က တောရိုင်း တိရစ္ဆာန်တွေနဲ့ သဘာဝတောတောင် ရေမြေ ရှုခင်း တွေပဲ။ ဒါတွေကို ကမ္ဘာလှည့်ခရီးသည်တွေက လွန်သဘောကျတယ်။ သူတို့ သဘောကျတယ် ဆိုရင်ပဲ တိုးရစ္စခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင်မြင်လာပြီး ဒေါ်လာငွေတွေလည်း ရနိုင်တယ်။ ရှင်းရှင်း ပြောရရင် ကျုပ်တို့ ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ထားတဲ့ နိုင်ငံတွေမှာ တိုးရစ္စ ခရီးသွား လုပ်ငန်း အောင်မြင် ရင် ကျုပ်တို့အဖို့ အလုပ်ဖြစ်တာပဲ '
' ဟုတ်ပါပြီ၊ ဒါပေမဲ့ ဒီကိစ္စမှာ ကျုပ်က ဘယ်လိုပါဝင် ပတ်သတ်နိုင်ပါတယ်ဆိုတာ ကျုပ်ဖြင့် စဉ်းစားလို့ မရဘူး '

' ကျေးဇူးပြုပြီး ခင်ဗျားက နည်းနည်းလေး စိတ်ရှည်ရှည်ထားပြီး နားထောင်စေချင်ပါတယ်။ ဘယ်လို ပတ်သက် နိုင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ အာဖရိကတိုက် နိုင်ငံတစ်ခုဟာ လွတ်လပ် ရေးရပြီး မျက်နှာဖြူလူနည်းစုတွေ ထွက်ခွာသွားတာနဲ့ ပထမဆုံး မျက်စိကျစရာ ဘာလဲဆိုတော့ ဆင်စွယ် တွေ၊ ကြံသတ္တ၀ါ ရဲ့ ဦးချိုတွေ၊ တိရစ္ဆာန်အသား (အစာအာဟာရ)တွေပဲ ဖြစ်တယ်။ တိုင်းရင်း သား လူမည်း တစ်ယောက် အဖို့ ဆင်ထီးကြီးတစ်ကောင် သို့မဟုတ် ကြံ့ကြီးတစ်ကောင် ရလိုက်မယ် ဆိုရင် သူအလုပ်ကမ်း ဆယ်နှစ် လုပ်လို့ရတဲ့ ၀င်ငွေထက် အဆမတန် ပိုများများရပြီး ချမ်းသာလာနိုင် တယ်။ မျက်နှာဖြူ အစိုးရက တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်တဲ့ ဌာနတစ်ခု သီးသန့် ဖွင့်ထားပြီး ဆင်တွေ၊ ကြံ့တွေ ပစ်ခတ်သတ်ဖြတ်မှုကို ကာကွယ်ပိတ်ပင်ထားခဲ့တယ်။ အခုတော့ မျက်နှာဖြူလူမျိုးတွေက သြစတြေလျ သို့မဟုတ် တောင်အာဖရိက (မျက်နှာဖြူအစိုးရရှိရာ) ကို အပြီးပိုင် ပြောင်းထွက်သွားတော့ အဲဒီဌာနလည်း မရှိတော့ တဲ့ အတွက် တိုင်းရင်းသား လူမည်းတွေအဖို့ အလွန်အခွင့်အရေး ကောင်းလာတယ်။ ရနိုင်တဲ့ အမြတ် အစွန်း အလားအလာကိုလည်း ကြည့်ဦးလေ၊ အလွန်ကြယ်ဝတဲ့ အာရပ်စော်ဘွားတွေဆိုရင် ကြံ့ချို အစစ်နဲ့ လက်ကိုင်လုပ်ထားတဲ့ ဓားမြှောင်တစ်လက်ကို ဒေါ်လာငွေ နှစ်သောင်းကျော် ပေးဝယ်ကြတယ်။ ဒီနေ့ တိုင်းရင်းသား လူမည်း တွေ ပြောက်ကျား စစ်ဆင်နွှဲခဲ့တာမို့ သူတို့လက်မှာ အေကေ ၄၇ မောင်းပြန် သေနတ်တွေလည်း အဆင်သင့် ရှိနေတယ်။ ဒီတော့ ဘာတွေ ဖြစ်မလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့ '
' ဟုတ်ကဲ့၊ သဘောပေါက်ပါပြီ '
ခရိတ် က ခေါင်းညိတ်ရင်း ၀န်ခံလိုက်သည်။

' ကျုပ်တို့ လေ့လာကြည့်ရသလောက် ကင်ညာနိုင်ငံမှာဆိုရင် ဒီတိုင်းဖြစ်ခဲ့တယ်။ တောရိုင်းတိရစ္ဆာန် တွေ တရားမ၀င် တိတ်တိတ်ခိုးပြီး သတ်ဖြတ်မှု အလွန်ကြီးကျယ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာရုံမက ထိပ်သီးပိုင်း က ကြီးကြီးလူတွေ ပါဝင်နေတယ်။ ကြီးကြီးလူဆိုတာ တကယ့် ထိပ်သီးအာ ဏာပိုင် အဆင့်က လူတွေကို ဆိုလိုတယ်။ အဲဒီလို တိရစ္ဆာန်တွေ တရားမ၀င်သတ်ပြီး ဆင်စွယ်တွေ၊ ကြံ့ချိုတွေ မှောင်ခိုထုတ်ရောင်းနေတာကို ပိတ်ပင်တားမြစ်ဖို့ ကြိုးစားခဲ့တာ ဆယ့်ငါးနှစ်တောင် ကြာခဲ့ တယ်။ ဒီအတော အတွင်း မှာ အာဖရိက တိုင်းရင်းသား သမ္မတ တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ အခုတော့ ကင်ညာ နိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်မှုကို ကာကွယ်စောင့်ရှောက်ဖို့ အလွန် တင်းကျပ်တဲ့ စည်းကမ်း ဥပဒေ ပြဋ္ဌာန်းပြီး စနစ်တကျ ဖန်တီးထားတာဟာ အာဖရိကမှာ အကောင်းဆုံး အခြေအနေဖြစ်နေတယ်။ ဒီလို ဖြစ်လာအောင် ကျုပ်တို့ရဲ့ သြဇာအများကြီးသုံးပြီး တွန်းအားပေးခဲ့ရ တယ်။ ကျုပ်တို့ ကမ္ဘာ့ဘဏ်ရဲ့ ကူညီ ထောက်ပံ့မှုတွေ ရပ်စဲပစ်လိုက်မယ်လို့တောင် ခြိမ်းခြောက် ခဲ့ရ သေးတယ်။ ကောင်းပြီ၊ အဲဒါ ထားပါတော့။ လက်တလော ပြဿနာက ဇင်ဘာဘွေ နိုင်ငံမှာဖြစ်တယ်။ ဆင်အုပ်ကြီး တစ်အုပ်လုံး မိုင်းဗုံး တွေ ထောင်ထားတဲ့နေရာကို မောင်းသွင်းပြီး ရက်ရက်စက်စက် သတ် ဖြတ်ခဲ့တဲ့ ဓာတ်ပုံတွေ ခင်ဗျား မြင်ရပြီးပြီ မဟုတ်လား။ ဇင်ဘာဘွေမှာ အဲဒီလို တိရစ္ဆာန်တွေ ခိုးသတ် နေတာကို အကြီးအကျယ်စနစ်တကျ လုပ်နေပုံ က ထိပ်သီးပိုင်းက ပုဂ္ဂိုလ်ကြီးကြီးတစ်ယောက် ပါဝင် ပတ်သက်နေတယ်လို့ ကျုပ်တို့ သင်္ကာမကင်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလုပ်ရပ်ကို ဖြစ်တဲ့နည်းနဲ့ ရပ်ဆိုင်းပစ်ဖို့ လိုတယ် '

' ဒီ ကိစ္စမှာ ကျုပ်က ဘယ်လို ပါဝင်ပတ်သက်နေနိုင်တယ် ဆိုတာကို ပြောပါဦးဗျ '
' ပြောမယ်လေ၊ ကျုပ်တို့ အဖွဲ့အစညးအနေနဲ့ ဇင်ဘာဘွေနိုင်ငံမှာ လူယုံဧဂျင်း (သူလျှို) တစ်ဦး လိုတယ်။ ဒီလူက ဒေသဆိုင်ရာ အတွေ့အကြုံရှိရမယ့်အပြင် အာဖရိကတိုက်က တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး ဌာနမှာ အလုပ်လုပ်ဖူးတဲ့လူ တိုင်းရင်းသား ဘာသာစကားကို တတ်ကျွမ်းတဲ့လူ၊ ပြီးတော့ အာဖရိကကို သွားပြီး လေ့လာမေးမြန်းစုံစမ်းဖို့ တရးဝင် အကြောင်းပြချက်ကောင်းကောင်း ရှိတဲ့ လူလည်းဖြစ်ဖို့ လိုအပ် တယ်။ ဥပမာ ဟိုနိုင်ငံက အစိုးရပိုင် ပုဂ္ဂိုလ်တွေနဲ့ သီကျွမ်းရင်းနှီးတဲ့ စာရေး ဆရာတစ်ယောက် ဆိုပါတော့။ စာအုပ်သစ် တစ်အုပ်ရေးဖို့ အကြောင်းပြပြီး လွတ်လပ်စွာ လှုပ်ရှားသွား လာနိုင်လိမ့်မယ်။ ကျုပ်တို့ရဲ့ လူယုံ ဧဂျင်းဆိုတာတော့ ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရမယ်။ မူလက ဟိုနိုင်ငံမှာ နေထိုင်ခဲ့ဖူးသူ အတွက် လည်း အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ်ရနိုင် တယ်။ တကယ်လို့သာ ဒီလူက ကျုပ်တို့ရဲ့ လုပ်ငန်း အပေါ် ယုံကြည်မယ်ဆိုရင် လုံးဝအောင်မြင်နိုင် တယ်'

' လက်စသတ်တော့ ကျုပ်က ဂျိမ်းစ်ဘွန်းလို သူရဲကောင်းစုံထောက် သူလျှိုမျိုးလုပ်ရမယ်ဆိုပါတော့ '
' ဒီလိုလည်း တိုက်ရိုက်ပြောလို့ မရဘူး။ ခင်ဗျားကို ကျုပ်တို့က တရားဝင် တာဝန်ပေးမှာက ကမ္ဘာ့ ဘဏ်ရဲ့ ကွင်းဆင်းလေ့လာရေး အရာရှိအဖြစ် ခန့်ပြီး လစာငွေကလည်း တစ်နှစ်ကို ဒေါ်လာငွေ လေး သောင်း ပေးမယ်။ ဒါ့အပြင် သွားလာ လှုပ်ရှားလေ့လာရတဲ့ ကုန်ကျစရိတ်အားလုံးကိုလည်း ကျုပ်တို့ကပဲ ကျခံပါ့မယ်။ တကယ် လို့ ကိစ္စတွေ ပြီးသွားချိန်မှာ ခင်ဗျားက စာအုပ်တစ်အုပ် မရေးနိုင်ခဲ့ဘူးဆိုရင်လည်း ပြဿနာမရှိဘူး'
' မစ္စတာ ဟင်နရီ ခင်ဗျား၊ ကျုပ် စောစောကပြောခဲ့သလို ကျုပ်ကို အစစအရာရာ ပွင့်ပွင့်လင်းလင်း ပြောစေ ချင်ပါတယ် '
ခရိတ်က ပြောလိုက်ရာ မစ္စတာ ဟင်နရီဆိုသူက ရယ်မောလိုက်သည်။

' သဘောကျသဗျား၊ ခင်ဗျား အခုလို ပြောလိုက်တာနဲ့ ကျုပ်က ခင်ဗျားကို တာဝန်ပေးဖို့ ရွေးချယ်တာဟာ မှန်ကြောင်းသေချာတယ်။ ခင်ဗျားက ကွက်ကျော်ကြိုမြင်တတ်တဲ့လူပဲ။ ကောင်းပြီ၊ ပွင့် ပွင့်လင်းလင်း ပြောရမယ် ဆိုရင် ခပ်ရှည်ရှည်ပဲပြောရလိမ့်မယ်။ ကဲ ... ခင်ဗျားရဲ့ ယမကာခွက်ကို ထပ်ဖြည့်လိုက်ပါရစေဦး။ ပြီးတော့ ဆက်ပြောပါမယ် '
ပြောပြောဆိုဆို ဟင်နရီက ၀ီစကီ ထပ်ဖြည့်ထည့်ပေးပြီး စကားဆက်လေသည်။
 ကျုပ်တို့ ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီထောက်ပံ့ထားတဲ့နိုင်ငံတွေမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ အမှန် အတိုင်းသိထားဖို့ အလွန်အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် အဲဒီနိုင်ငံတွေမှာ လျှို့ဝှက်ထောက်လှမ်း ရေး အစီအစဉ် ရှိထားဖို့ လိုတယ်။ ဇင်ဘာဘွေနိုင်ငံက ကျုပ်တို့ရဲ့ ထောက်လှမ်းရေးလုပ်ငန်းက ကျေနပ် အားရဖွယ် မရှိဘဲ ဖြစ်နေတယ်။ မကြာသေးခင်ကပဲ ကျုပ်တို့ရဲ့ လူယုံတစ်ဦး ဆုံးရှုံးခဲ့ရတယ်။ မော်တော်ကား တိုက်ခံရပြီး သေသွားတယ်။ ဒါဟာလည်း ရိုးရိုးသားသား မတော်တဆ ထိခိုက်မှုမှ ဟုတ်ရဲ့လားလို့ သံသယ ရှိစရာ ဖြစ်နေတယ်။ ဒီလူက မသေခင်မှာ သူမသင်္ကာတဲ့ အချက်တစ်ခု သတင်းပို့ခဲ့တယ်။ ဘာလည်း ဆိုတော့ ဇင်ဘာဘွေမှာ ရုရှရဲ့ တိတ်တိတ်ပုန်းအားပေးမှုနဲ့ အာဏာသိမ်း မှုတစ်ခု ဖြစ်ပေါ်လိမ့်မယ်ဆိုတဲ့ သတင်းပဲ '

' ဒီမယ် ကျုပ်တို့ အာဖရိကတိုက်သားတွေရဲ့ သဘာဝက ဒီမိုကရေစီစနစ်နဲ့ မဲဆန္ဒပေး ရွေးချယ်တင် မြှောက်တဲ့ စနစ်ကို တယ်ပြီး အယုံအကည်မရှိကြဘူး။ အရေးကြီးတာက တိုင်းရင်းသား လူမျိုးစုတွေ အချင်းချင်း သစ္စာရှိစွာစည်းရုံးနေဖို့နဲ့ အင်အားကောင်းနေဖို့ပဲ။ ရှင်းရှင်းပြောရရင် အာဖရိကတိုင်းရင်း သားတွေ က မဲပေး ရွေးကောက်ပွဲထက် အာဏာသိမ်းတာကမှ ပိုကောင်းတယ်လို့ ယူဆကြတယ် '
' ခင်ဗျားရဲ့ သဘောထားကကော၊ ကျုပ် ပြောတကို ဘယ်လို သဘောရသလဲ '
' နေဦးဗျ၊ ခင်ဗျားတို့က ကျုပ်အတွက် ကုန်ကျစရိတ်အားလုံး ကျခံမယ်ဆိုတာ လေယာဉ်စီးတဲ့ အခါ ပထမတန်း လက်မှတ် ၀ယ်စီးရင်ကော ကုန်ကျခံမှာလား '
ခရိတ် က ခပ်တည်တည်မေးလိုက်သည်။

' အင်း ... လူတိုင်းကတော့ ကိုယ်လိုချင်တဲ့ အခွင့်အရေး တောင်းကြတာပဲ၊ တစ်နည်းအားဖြင့် လူတိုင်းဟာ ကိုယ်ကြိုက်တဲ့ဈေး တောင်းတတ်ကြတယ်။ အခု ခင်ဗျားပြောတာ ခင်ဗျားရဲ့ ဈေးနှုန်းပဲလား'
 ကျုပ်က ဈေးပေါပေါနဲ့ လိုက်မှာမဟုတ်ဘူးဗျ။ သို့သော်လည်း ကျုပ်ရဲ့ ဇာတိရပ်မြေ၊ ကျုပ်ရဲ့ ခြေတစ် ဖက်ဖြတ်ပြီး မြှုပ်နှံထားခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံကို ရုရှသြဇာခံတွေ ခြယ်လှယ်တာကိုတော့ လက်မခံနိုင် ဘူး။ ဒါကြောင့် ကျုပ် အခုခင်ဗျားပေးတဲ့ အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ '
ဤတွင် မစ္စတာ ဟင်နရီက ခရိတ်အား လက်ဆွဲ နှုတ်ဆက်လေသည်။

' ကျုပ်လည်း ခင်ဗျား လက်ခံလိမ့်မယ်လို့ ထင်မိသားပဲ။ ကိုင်း ... ဒါဖြင့် ဒီလို လုပ်ကြမယ်။ ကျုပ်က ဖိုင်တစ်ခု ရယ်၊ နောက်ပြီး အာဖရိကမှာ အသုံးပြုဖို့ အသက်ရှင်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပါတဲ့ သေတ္တာ တစ်ခု ရယ်ကို ခင်ဗျားအခုနေတဲ့ သင်္ဘောပေါ် လူတစ်ယောက်နဲ့ ပို့ပေးလိုက်မယ်။ ခင်ဗျားက ဖိုင်ကို ဖတ်နေချိန် မှာ ကျုပ်လူက စောင့်နေပြီး ဖိုင်ကို ပြန်ယူလာခဲ့မယ်။ သေတ္တာကိုတော့ ခင်ဗျား ယူထား လိုက်ပေတော့ '

*
မစ္စတာဟင်နရီ ပို့ပေးလိုက်သော သေတ္တာတွင် ပါရှိသည့် ပစ္စည်းများမှာ စုံလှပေသည်။ စာရေးဆရာ သတင်းစာ ဆရာအဖြစ် အသုံးပြုရန်အတွက် တရားဝင် ကတ်ပြားများ၊ နာမည်ကြီး ' တီ၊ ဒဗလျူ၊ အေ' သံတမန် ကလပ်တွင် ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သက်သေခံကတ်ပြား၊ ကမ္ဘာ့ဘဏ် အမည်ဖြင့် နေရာတွင် ၀ယ်ယူသုံးစွဲနိုင်သော ကြွေးယူခွင့်ကတ်ပြား ၊ (ယင်းကတ်ပြားမှာ သုံးစွဲခွင့်တန်ဖိုး ကန့်သတ်ချက်မရှိ) ထို့အပြင် လှပသော ကြယ်ပွင့် (ရာထူးတံဆိပ်) တစ်ခု ပါရှိသော သားရေအိတ် (သားရေအိတ်တွင် ကမ္ဘာ့ဘဏ် ကွင်းဆင်းအရာရှိဟု ကမ္ဗည်းထိုးထားသည်) စသည်တို့ ပါရှိလေသည်။
ခရိတ် သည် သေတ္တာကို ပြန်ပိတ်ပြီး လက်ဖြင့် အသာဆကြည့်ရင်း ...

' အင်း ... ဒီသေတ္တာကတော့ တောထဲမှာ ခြင်္သေ့တွေ့ရင် လက်နက်အဖြစ် ရိုက်သတ်ဖို့ဖြစ်မယ်။ တခြားနည်း နဲ့ အသုံးဝင်စရာတော့ ရှိမှာ မဟုတ်ဘူး' ဟု တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ဖိုင်တွဲ ကတော့ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ခရိတ်သည် ဖိုင်ကို ဖွင့်ဖတ်ရင်း သူ လွန်ခဲ့သော နှစ်အနည်းငယ်မှ စွန့်ခွာခဲ့သော ဇာတိရပ်မြေဇင်ဘာဘွေနိုင်ငံ (မူလ အမည် ရိုဒီးရှား) အား အလွန် သတိရ နေမိလေသည်။
*
အခန်း (၄) ဆက်ရန်
.

3 comments:

Anonymous said...

အရမ်းဖတ်လို့ကောင်းစ်..

ကျေးဇူးအမ

မြတ်နိုး

လသာည said...

အရမ်းဖတ်လို့ကောင်းစ်..

ကျေးဇူးအမ

လသာညး))

ဇော်သိင်္ခ said...

ဆရာမရေ.. စာတွေက အရမ်းဖတ်လို့ ကောင်းတယ်ဗျ.. နောက်အပိုင်းတွေကိုလည်း အချိန်ရရင် ရသလို ဆက်ဖတ်သွားပါအုံးမယ်.. တစ်ချို့ စာကြောင်းလေးတွေက နှစ်ကြောင်းထပ်သွားတာလေးတွေတော့ ပါတယ်ဗျ.. စာများတော့လည်း ဖြစ်တက်ပါတယ်.. အာဖရိက ခရီးစဉ်လေး လည်း ဘယ်လိုတွေ လှုပ်ရှား သွားလာမလဲ ဆိုတာ ကို ဆက်ဖတ်လိုက်ပါအုံးမယ်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ