Saturday, July 31, 2010

ပန်းသတင်း (ဂျူလိုင် ၃၁)

၁၅ရာခိုင်နှုန်း


လှည်းပုံတောင်း မြည်သံသည် အသံငါးမျိုးကို ဆိုးရွားစွာဆူညံစွာ ထုတ်လွှင့်လျက် အိမ်ဝိုင်းထဲသို့ ၀င်လာသည်။ ၀က်အော်သံ၊ ပုစဉ်းရင်ကွဲမြည်သံ၊ အိမ်မြှောင်စုတ်ထိုးသံ၊ ခွေးဟောင်သံနှင့် ကြက်တွန်သံတို့ ထူးခြား ဆန်းကြယ်စွာ ရောနှောထားသော လှည်းအီသံပါ။ သည်မျှ ဆူညံဆိုးရွာစွာ အော်သော လှည်းသံကို ရီးကျီးဒန် မကြားဘဲ မရှိပါ။ ကြားရမည်။ ကြားပါလျက် ပျာပျာသလဲ ထမလာခြင်းကို ထောက်လျှင် တစ်ခုခု တော့ဖြစ်ပြီ။ အရေးတကြီးကိစ္စ ဖြစ်ပွားနေပြီဟု နားလည်လေ၏။ လှည်းပေါ်တွင် လေးလေးလံလံ မပါလှပါ။ များများစားစားလည်း မပါပါ။ ထမ်းပိုးတုံး၊ ရေဘူး၊ ထမင်းထုပ်၊ ဓားမ၊ ထွန်သွားဟောင်း သုံးလေးချောင်းနှင့် အခြောက်ထွန် သည်မျှသာ။

စင်စစ်သည်အချိန်မှာ အထွန်သမားပြန်ရောက်ချိန်မဟုတ်။ ထွန်ဖြုတ်ချိန်ပင် မတိုင်သေးပါ။ မန်ကျည်း ချိုပင် ၏ အရိပ်သည် ကပြင်နှင့်မလွတ်သေး။ သို့ဖြစ်ပါက ဆွမ်းခံဝင်ဆဲ ရှိဦးမည်။ စက်နာရီအားဖြင့် ဆယ်နာရီ ၀န်းကျင် သို့သော်ပူလှသည်။ ဖုန်ပူသည် နွားခွာ ကျက်လုနီးပါးရှိ၍ နေပူသည် ရီးဆေးရိုး၏ ကျော အရေကွာ တော့မည်သို့ ပူသည်။ တောကျီးကန်းတစ်ကောင်သည်။ မန်ကျည်းကိုင်းကြားတွင် ခိုနေ၏။ ပူလွန်းသဖြင့် ပါးစပ်မှ ဟပြဲနေ၏ သူ့အောက်သို့ ရီးဆေးရိုး၏ လှည်းထိုးအရပ်တွင် လန့်ဖျပ်ပျံ၏ မောကလည်းမော၊ ပူကလည်းပူ၊ သစ်ခက်နှင့်လည်း ရိုက်မိသဖြင့် လှည်းပေါ်သို့ ထိုးကျလာသည်။ ရီးဆေးရိုးမှာ ကန်ကြိုး နှစ်ချောင်းကို လှည်းဦးသို့ ပစ်ချရုံသာရှိသေးသည်။ လှည်းကပ်နှင့် ဖင်နှင့် မခွာရသေး။ ယောင်ယောင် ယမ်းယမ်းဖြင့် ကျီးကမ်းကို လှမ်းရိုက်မိပြီးမှ “ဘယ်လိုဖြစ်တာတုံး ကျီးကန်းရယ်” မြည်တမ်း သည်။

ကျီးကန်းထပျံမှ ရီးဆေးရိုးသည် လှည်းဦးမှဆင်းကာ  လှည်းထောက် ထောက်ပေးပြီး နွားလည်ပတ်ကြိုးဖြုတ်သည်။ နွားများသည် ကန်ကြိုးတန်းလန်းဖြင့်ပင် တင်းကုပ်တွင်းသို့ ခွာသံ ဖရိံရဲဖြင့်  ဒရော သောပါး ၀င်ပြေးကြတော့သည်။ ရီဆေးရိုးသည် ဓားမ၊ ရေဘူးနှင့် လွယ်အိတ် ကို သာယူပြီး တင်းကုပ်တွင်း ၀င်ခဲ့သည်  တင်းကုပ်ပြင်နှင့် တင်းကုပ်တွင်းကား ကွာခြားပါဘိသည။ မှောင်သော်ငြား အေးသည်။  နွားစာအသင့် ရေအသင့်ရှိပြီမို့ ရီးဆေးရိုး တစ်စုံတစ်ရာမလုပ်။ နွားစာခေါင်း ထိပ်ပြင် ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ခေါင်တိုင်ကို ကျောမှီနေလိုက်တော့သည်။ တစ်စုံတစ်ရာမလုပ်။ နွားစာခေါင်း ထိပ်ပြင်ပေါ်တွင်  ဆောင့်ကြောင့်ထိုင်လျက် ခေါင်တိုင်ကို ကျောမှီနေလိုက်တော့သည်။

ဦးခေါင်းကို ထမ်းပိုးထားရသော ပခုံးမှာ ယခုမှ သက်သာရရသွားသည်။ နာအောင့်ကိုက်ခဲမှုများသည် ကျောရိုး ဦးခေါင်းတစ်လျှောက်မှ ပျောက်ကွယ်သွား၏ အိမ်အောက်ဆီမှ ရီးကျီးဒန်၏ ရင်ကွဲသံကြီးဖြင့် ပြောသံ။ သမီးကြီးမချောစိန်၏ စာစာ စာစာအသံများသည် နွားတင်းကုပ်တွင်းသို့ လွင့်ပျံ့လာ၏ ထိုအသံ များကို ကောက်ရိုးအောက်က ရေကို နွားနှစ်ကောင်စုပ်ယူသံက ဖုံးလွှမ်း၏ အိမ်အောက်မှ လာနေသော တိုးတိုး တိုးတိုး ဒီးဒီး ဒီးဒီး တွတ်တွတ် တွတ်တွတ် အသံများကိုရီးဆေး၇ိုး အာရုံမရောက်။ လေးလံလာသော မျက်ခွံကို အလိုလိုက်ကာ မှေးမှိတ်ထားသည်။ မျက်ခွံသည် လေးလံသည်ထက် လေးလံလာ၏။ ကောက်ရိုးခြောက် နှင့် ဖွဲ့နုအပြင် အခြာတစ်စုံတစ်ရာ ရှိလေနိုးဖြင့် နွားနှစ်ကောင်၏ အစာထိုး မွှေသံသည်လည်း တိုးသည်ထက် တိုး ညင်းသည်ထက်ညင်းသွားပြီ။

    "အမေ့မြေးအသက်လည်း ကြည့်ပါဦး၊ ၁၆နှစ်တောင် မပြည့်သေးဘူး အမေရဲ့၊ အဲဒါ..."
    "အမယ်... ၆လပဲ လိုတော့တာပါနော်"
    ရီးကျီးဒန်၏ လက်သည် ဖင်ထိုင်ခုံ ထန်းဖုံးဖက်ကို ဖင်ကြွလျက် ဆွဲယူမိသွားသည်။ မအေ၏ စကားတစ်ဝက် တစ်ပျက်တွင် ရန်တွေ့သံဖြင့် ခင်ခင်ကြီး ၀င်ပြောသောကြောင့်ဖြစ်သည်။ သို့သော် ရီးကျီးဒန် ဆင်ခြင်သည်။ စဉ်းစားသည်။ သည်ရောဂါမျိုးဟာ ဆေးမရှိဘူး။ အနာတက်နေတုန်းမှာ ဆေးချက် မတွေ့ဘူး ဆို မဟုတ်လား။ အင်း...လျှော့မှ လျှော့မှ။ ရောဂါတက်ချိန်မဟုတ်လျှင်ကား ရီးကျီးဒန် ၏ ဖင်ထိုင်ခုံသည် ခင်ခင်ကြီးခေါင်းကို ဂေါင်ဂေါင်မည်အောင် ခေါက်မ်။ အဆဲမျိုးစုံမိုးမွှန်သွားမည် ၊ ယခုသော် မဖြစ်။ မဖြစ်သောကြောင့် မျက်စောင်းသာထိုးရတော့သည်။

ရီးကျီးဒန်သည် သမိးကြီး ခင်စိန်အား ကြင်နာမျက်လုံးဖြင့် ငေးကြည့်ရင်း မျက်ရည်စို့သည်။ သြော်... ငါ့သမီးမပူလိုလို့ ယောက်မရှာလိုက်တာ။၏၊ နေ့မအား ညမနား အိုးလုပ်ရ၊ ကောက်စိုက်ကောက်ရိတ်ရ။ အင်း... တဲပုတ်ကသာ မတက်တယ်၊ ကလေးတွေက ဟောတစ်ယောက် ဟောတစ်ယောက်။ ကျွေးလိုက် မွေးလိုက် စောင့်ရှောက်လိုက်ရတာ။ ဒုက္ခပေးမယ့် ဒုက္ခကောင်တွေကို ချီလိုက် ပိုးလိုက် နမ်းလိုက် ရပ်လိုက် နဲ့ မီးကို မီးမှန်းမသိ။ အခုလောင်တော့မှပဲ မီးမှန်းသိရှာပါကလာ။ မချောစိန်သည် မအေတူသမီးပီပီ ပိန်လှီ၏။ သို့ရာတွင် မအေထက် မည်းသည်။ မအေကို တုပလျက် တန်းတူရည်တူ ဆံပင်လည်း ဖြူပြီ ဖြစ်သောကြောင့် ထုံးတို့ထားသော မီးသွေးချောင်းနှင့် တူလှပါဘိသည်။ ရင်ထဲတွင် ပေါ်လာသည် များကို သမီးဝမ်းနည်းမည် စိုး၍ ရီးကျီးဒန် မျိုသိပ်ငြား မချောစိန်မှာမူ အန်ချသည်။

    "ဆယ်တန်းအောင်အောင်နေပါ သမီးရယ်၊ အမေတို့ အငတ်ခံပြီးထားရထားရလို့ ပြောတာတောင် မနေဘဲ ရှစ်တန်းနဲ့  ထွက်လာတာလည်း အမေအသိ"
    "သိပါ့တော်၊ သမီးကြီးရယ်လို့ အားကိုးရပါ့၊ အမိငက်တသောသော၊ ခွေးတရုန်းရုန်း ကျီးတအုန်းအုန်း"
    မျက်စောင်းခဲကာ ခဲကာ၊ မေးချီကာချီကာ ငေါ့လိုက်ရသဖြင့် ရီးကျီးဒန် ကျေနပ်၏။ သို့ဖြစ်၍ ခင်ခင်ကြီး မကျေနပ်။ ခပ်လိုက်ရသည့်ရေ၊ စဉ်းလိုက်ရသည့် နွားစာ၊ ကောက်ရိတ်ကောက်စိုက်၊ စပါးနယ် ပဲနယ် ဖားဖားဝေနေပါတကား။ အားလပ်ခိုက် ခဏတစ်ဖြုတ် ကားတွန်းကလေး ၀တ္ထုကလေး ဖတ်မိခြင်းသည် အပြစ်လော။ မကျေနပ်ငြား ခင်ခင်ကြီး မချေပ၀ံ့ပါ။ ခုနက ဖင်ထိုင်ခုံကို အမေကြီးလက်ဖြင့် ထိလိုကသည်ကို မြင်လိုက်ပြီး ဖြစ်သည်။

    "ကျောင်းမနေတော့ရင်လည်း စီးပွားဘက်ကို ကျားစီးဖားစီး အာရုံစိုက်ပေါ့။ ထိုင်နေသလား မေးရင် အမေ့မြေး ထိုင်မနေရပါဘူး။ မိးဖိုချောင်ဝင်ရင် ဆားအိုးက ဟောင်းလောင်း၊ ငါးပိအိုးက ပွင့်လို့၊ ဆီပုလင်းအဆို့ရှာမတွေ့ဘူး၊ ကြက်သွန်တောင်းထဲမှာ မြွေအောင်းမှာ ကြောက်ရတယ်"

ကြက်သွန်ထည့်သော တောင်းထဲမှာပင် ငရုပ်အညှာခြွေ၊ ကြက်သွန်အခွံသင်သည်။ ပြီးလျှင် သွားပစ်မည်စိတ်ကူးဖြင့် ထားသည်။ မပစ်မိ၊ မစွန့် မသွန်မိ။ မပစ်မိကြိမ်များလာသောအခါ ကြက်သွန်တောင်းသည် ဆင်နေ ကျားအောင်း ဖြစ်လာ၏။

"အိမ်အလုပ်၊ လယ်အလုပ်သာ အမေ့မြေးက အဖြစ်မရှိတာ၊ အခုရည်းစားနဲ့ဖြစ်နေပြီ။ ဟဲ့ နင့် အသက် ငယ်သေးတယ်၊ ထမင်းဟင်းမှ လူစဉ်မီအောင်မချက်တတ်သေးဘူးပြောပေမဲ့ ငပြောပါပဲ အမေရာ ကျုပ်တော့ သေသာသေချင်တာပဲ"
    သည်ကိစ္စကို ကိုထွန်းရ သိသေးဟန်မတူ။ သိလျှင်လည်းစဉ်းစားနေမည်မဟုတ်၊ တွေးနေမည်မဟုတ်။ သို့အတွက် ရီးကျီးဒန်မှာ မမေးချင်ဘဲ မေးရသည်။
    "ဘယ်က ဘယ်သူ့သားသမီးတဲ့လဲအေ၊ ပြောပဲ ပြောစမ်းပါဦး"
    "လင်းပင်စုက ငကြွက်သား"
    "အမယ်လေး… မျိုးကောင်းရိုးကောင်းပါကလား"

    ပြောသံနှင့်အတူ ရီးကျီးဒန် ပက်လက်လန်ကာ ရင်ဘတ်ကို ဖိ၏ ရီးကျီးဒန် ပက်လက်လန်အောင်၊ ရင်ဘက်ဖိရအောင် ကိုကြွက်က သတင်းမွှေးသည်။ ကိုကြွက်မည်သည့် အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ပါ သနည်း မေးအံ့။ မကောင်းမှုမှန်သမျှ အကုန်လုပ်ပါသည်။ ဖြေရလိမ့်မည်။ ရင်ဘတ်ကိုဖိကာ ရီးကျီးဒန် လှည့်ကြည့်ရင်း "မိုက်လှချည်လား သမီးကလေးရယ်၊ နွားခိုးသတ်တဲ့လူ၊ အရက်ချက်တဲ့လူ၊ ဓားပြရဲ့ သားကိုမှ အေ။ ကြိုက်စရာရှားသလားဟင်" မေးမိ၏။

    သည်နှယ် ရစရာမရှိအောင် နာမ၀ိသေသနတွေ ဆင်ယင်ပေးငြား ခင်ခင်ကြီးမျက်နှာ မညှိုးပါ။ သူ့အမေ ၏ စကားအဆုံးတွင် လှပသောချေပချက်သည် လှစ်ခနဲထွက်၏။
    "ရွှံ့နွံထဲကလည်း လှပမွှေးကြိုင်တဲ့ ပဒုမ္မာကြာ ပေါက်ပါသေးတယ် အမေကြီးရာ"
    မချောစိန် ပါးရွဲ့ပစ်၏။ "လှပပါ့၊ မွှေးကြိုင်ပါ့တော် သရက်ချင်ဘုရားကြီးက ရွှေတွေပွတ်သွားတာ သူမှသူ။ ပုရပိုက်တန်း မှာ ထဘီပျောက်ရင်သူ။ အက်ႌေပ်ာက္ရင္သူပဲတဲ့။ ဒါထက်မွှေးရဦးမှာလား" ခါးကုန်းကာ လည်စောင်း ကာပြော၏

    "အခုသူဘာလုပ်သတဲ့တုံး၊ ကျောင်းနေသေးလား"
    ရီးကျီးဒန့်အမေးကြော်င့ ခင်ခင်ကြီး ခေါင်းငုံ့သည်။
    "အထင်မသေးနဲ့အမေရေ့၊ ငါးတန်းကို ငါးခါကြီးများတောင်ကျပြီး ကျောင်းထွက်ထားတာ တဲ့။ အလုပ် အကိုင် ကတော့ ကျုပ်ပြောသလိုပေါ့ အမေရာ၊ ဟိုဟာခိုး သည်ဟာခိုး မစားရတစ်ချက် စားရ တစ်ချက်ပေါ့။ ဘုရား ဆင်းတုတော်တွေ ပျောက်သွားတယ်၊ ခေါင်းလောင်းတွေ အခိုးခံရတယ်ဆိုရင် ပြောင်ပြောင် ရောင်ရောင် ဖြစ်လာတတ်သတဲ့"
    ရီးကျိးဒန်မှာ ရင်ဘတ်ကို ဖိပြီးရင်း ဖိနေရသည်။ ခင်ခင်ကြီးမှာလည်း မျက်နှာကလေး နီထွေးလျက် မျက်စောင်းထိုးလိုက် ခေါင်းမော့လိုက် ငုံ့လိုက်ဖြစ်နေ၏။

    "ငကြွက်မိဘက သရက်ချင်ကလား၊ ပိုက်တန်းကလား"
    သူ့သား၊ သူ့သမီးအရွယ် ရွာနီးချုပ်စပ်သားများသည် ရီးကျီးဒန်နှင့် စိမ်းပြီမို့မေးယူရသည်။
    "သည်အနီး အနားကကို မဟုတ်ဘူးအမေ။ အုတ်ကြားမြက်ပေါက် ရေမျောကမ်းတင်၊ မုန်းနားဘက်မှာ ခိုးလွန်း လို့နယ်နှင်လိုက်ရာမှာ ဒေါက်ဖိုမှာ ကပ်ရပ်ပေးစာကမ်းစာ စားရင်း သောင်တင်နေတာ"

    ရီးကျီးဒန်မှာ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရာက မြေးမအား စုံမက် ကြင်နာစွာ ကြည့်၏။
    "သမီးလေးရယ်၊ ဓာတ်သိနှမ်းဖတ်ချဉ် မျိုးမှန်ရိုးမှန်တွေ ပြည့်လို့ပါ သမီးရယ်။ မျိုးစေ့မမှန် ပင်မသန်ဖူးတံ ငုံကင်း အသီးဖျင်းသတဲ့။ အလုပ်မရှိ အကိုင်မရှိ သူခိုးသူဝှက်ကို ယူရင်တော့ ငါ့မြေး ဒုက္ခရောက်တော့မှာ"
    ဥသြာသံသည် သာယာကြည်လင်သည့်နည်းတူ တံလျှပ်မျှင်များသည်လည်း တင်မောင်ဝင်း အတွက် ပုလဲမျှင် များဖြစ်ကာ လှပနေသည်။ အရိုးပြိုင်းပြိုင်း သစ်ပင်ချုံန်ွများသည် ပကာသနခြုံထည်ကို စွန့်လျက် တင်မောင်ဝင်း အား ရိုးသားစွာ ကြိုဆိုလျက်ရှိသည်။ ပုရပိုက်တန်း ကုက္ကိုပင် ရိပ်ကိုခွာ၍ တာလမ်းသို့ ကူးလိုက် လျှင် ရမ်းဘိုကုန်းရွာခြေကို ကပ်မိပြီ။ မန်ကျည်းရိုးတံ ခက်လက်သွယ်ထူများသည် ရွာမသို့တိုင် လက်ချင်း ယှက်၏။

    တင်မောင်ဝင်းသည် ဈေးဆိုင်ကလေးတွင် ခင်ခင်ကြီး ရှိမရှိ ငဲ့စောင်းကြည့်၏။ ထို့နောက် တောင်တံခါး နား တွင် ခင်ခင်ကြီးလာတတ်သော အိမ်စုတွင်လည်း ကြည့်၏ မရှိ။
    'သည်ကောင်မလေးဟာ အထူလေးပါ၊ ဘာပြုလို့များ သည်နေရာတွေမှာ ရောက်နေပါလိမ့်'

    ခင်ခင်ကြီးသည် တင်ောမင်ဝင်း အရောင်ပြလိုက်လျှင် အိမ်ပြန်ကာ ရေအိုးဆွဲထွက်လေ့ရှိသည်။ သည်နည်းဖြင့် ချောင်းတိမ် ယာခရိုးများသည် သူတို့မှီခိုရာနေရာများဖြစ်ခဲ့သည်။ ယနေ့မတွေ့ရ။ ဈေးများသွားရော့သလား ဈေးသွားလျှင်လည်း ပြန်လောက်ပါပြီ။ ခငခင်ကြီးတို့အိမ်ကိုလည်း လှမ်းကြည့် သည်။ လယ်ထဲမှ ပြန်လာခါစ ကိုထွန်းရနှင့် ကလေးများသာ။ ခင်ခင်ကြီးရော၊ သူ့အမေပါ အရိပ် အယောင် မမြင်ရ။ တင်ောမင်ဝင်း မျှော်လင့်စရာမှ တစ်နေရာသာ ရှိတော့သည်။ သူ့ဘနှင့်အမေကြီးအိမ်။

    တင်မောင်ဝင်း ခြေလှမ်းသွက်သွက်လှမ်းသည်။ မျက်နှာကို အင်္ကျီလက်ဖျား အတွင်းပိုင်းနှင့် သုတ်သင်သည်။ ဆံပင်ကို လက်ဖြင့်သပ်သည်။ ရပြီ။ သည်မျှဆိုပါက ကြည့်ပျော်ရှုပျော်ရှိပြီ။ အိမ်အောက် တွင် မြေးအဘွားသုံးယောက် ထိုင်နေကြသည်ကို အဝေးမှပင် မြင်ရသည်။ ခင်ခင်ကြီးကလည်း လှမ်းကြည့် နေသည်။ လက်ဟန်ပြမည့် ဟန်ပြင်ငြား မပြသာ။ သူ့အမေနှင့် အမေကြီးပါ ကြည့်နေသည်။

    "အို…အမေကြီးတွေ မှုန်တိမှုန်ဝေနဲ့ မြင်မှာမဟုတ်ပါဘူး"အထင်ဖြင့် လက်ကို ခေါင်းပေါ်တင်စဉ် မမျှော်လင့် သော အသံကို ကြားရ၏။
    "သူငယ်လေး… အမ်ထဲဝင်ပါဦးကွယ့်"
    လှမ်းအော်သူ မှာ မချောစိန်။ အော်ပြောရသော အကွာအဝေးသည် လမ်းပေါ်ရှိလူသာ ဖြစ်ရမည်။ လမ်းပေါ် တွင် မိမိသာရှိသည်။ ဒေါ်ချောစိန် လည်ရှည်နေပုံကလည်း မိမိဘက်သို့။ တင်မောင်ဝင်း ခြေလှမ်း မှားချင်ပြီ။ ဆုတ်ပြေးရမည်လော။ မ၀င်ဘဲ ဆက်သွားရမည်လော။ အတွေးကို "သည်ကခေါ်တာပါကွယ့်၊ လာပါဦး" အော်သံနှင့်အတူ မချောစိန် သွက်သွက်လှမ်းထွက်လာ၏။

    "ဘာကိစ္စလဲ"
    မချောစိန်မှာ မျက်နှာကွက်ကခနဲ ဖြစ်၏။ ရိုသေရမည့်အရွယ်ကို သည်လေသံ၊ သည်စကားလုံးမျိုးဖြင့် သုံးနှုန်း ဆက်ဆံသူသည် မချောစိန့်ဝန်းကျင်၌ မရှိချေ။
    "မေးမြန်းစရာ ကလေးရှိလို့ပါကွယ်၊ လာပါ။ ခွေးမရှိပါဘူး။ အဲ…အဲခေါင်းငုံ့၊ ဟုတ်ပြီထိုင်ထိုင်၊ ဖျာပေါ် မှာထိုင်"
    ရီးကျီးဒန်သည် မျက်လုံးရှုံ့လျက် တင်မောင်ဝင်းအား ကြည့်၏။ သူ့မြေးကိုကိုကြီး၊ ခင်မောင်ငြိမ်း မောင်မောင်လှ တို့နည်းတူ မသပ်မရပ်ပါတကား။ အင်း…မျက်နှာထားက ခပ်ရိုင်းရိုင်း၊ မျက်လုံးများက မရိုး မသား ပါတကား။ မချောစိန်ရင်၌ ဘယ်လိုခံစားရမည်မသိငြား၊ ရီးကျီးဒန်မှာ ဤနှယ်သာ မှတ်ချက် ချမိ၏။

    မချောစိန်က စကားစလိုက်သဖြင့် တင်မောင်ဝင်း၏ မျက်လုံးများသည် ခင်ခင်ကြီးထံမှ ရုပ်သိမ်း၏။
    "ငါ့တူရဲ့နာမည်က တင်မောင်ဝင်း၊ အဖေက ဦးကြွက် လင်းပင်စုမှာနေတယ်ဆိုဟုတ်လား"
    "ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"

    "ဘာမှတော့မဖြစ်ပါဘူးကွယ်၊ ဟောသည်က ငါ့သမီးနဲ့ လူငယ်တို့ဘာဝ မေတ္တာရှိနေကြတယ်ဆိုတာ ဟုတ်သလားလို့ပါ။ အရီးက သိချင်လို့ မေးတာပါကွယ်၊၊ အပြစ်တင်မလို့ မဟုတ်ပါဘူး"
    တင်မောင်ဝင်းမှာ မသင်္ကာစိတ်များဝင်လာဟန်ဖြင့် ကိုယ်ကိုယို့လိုက်ရာက "ဘယ်သူပြောလဲ" ပြန်မေးသည် မချောစိန်မူ မည်းခနဲ ဖြစ်သွားသော မျက်နှာကို ချက်ချင်းပြင်၏။
    "ငါ့တူတို့ ယာကြားမှာ စကားပြောပြောနေတာ လူတိုင်းလိုလို မြင်နေရတာပဲကွယ်။ အဲသည်တော့ ငါ့တူမှာ ဘာအလုပ်ရှိသလဲ၊ တစ်ဦးနဲ့ တစ်ဦး မေတ္တာရှိရင် အလုပ်အကိုင်ရှိမှ ဖြစ်တော့မပေါ့"
    တင်မောင်ဝင်း ခေါင်းတစ်ချက်ခါသည် ခင်ခင်ကြီးအား ရှုတ်ချအကြည့်ဖြင့် ကြည့်သည်။

    "သူ့ဘာသာသူကြိုက်နေတာ ဘယ်တတ်နိုင်မတုံးဗျ။ အဲဒါနဲ့ ကျုပ်အလုပ်မရှိတာ ဘာဆိုင်သလဲ။ အသည်းနှလုံးဆိုတာ အလုပ်ရှိမှ ကြိုက်ရမယ်၊ အလုပ်မရှိရင် မကြိုက်ရဘူး အမိန့်ပေးလို့ မရဘူးဗျ။ ဒါဟာ လောက နိယာမ တရား။ ကျုပ်တို့ကြိုက်တာ မကြိုက်တာဟာ ကိုယ်ရေးကိုယ်တာပါ၊ ဘာမှ ၀င်ရောက် စွက်ဖက် နိုင်ခွင့်မရှိဘူး၊ ဒီမယ်…"
    မချောစိန်၏ ဒေ၀စ္ဆရာမျက်နှာသည် သရဲသဘက်သို့ ပြောင်းလွဲသွားသည်နှင့် တစ်ပြိုင်နက်တည်း အိုးလက် ခွက်ကိုင်သော လက်ဝါးကြမ်းကြီးသည် လေထဲသို့ မြောက်တက်သွားလေ၏။



ရီးဆေးရိုး ၏ မှုန်သီဝေမျက်လုံးအစုံက ထန်းရွက်ကြားတွင် ထိုးထားနေကျ ဓားမကိုရှာဖွေသည်။ သည်မျှ အပြောအဆို ရိုင်းစိုင်းသူနှင့် သည်မျှ အောက်တန်းကျသူကိုမှ ရှာရှာဖွေဖွေ ကြိုက်တတ်သော မြေးမကို နုပ်နုပ် စဉ်းပစ်ရန် ဖြစ်သည်။ သို့သော် မသင့်ပါတကားဟူသော အသိနျင့်အတူ မျက်လုံးကို ပွတ်လျက် နွားစာ ခေါင်းပေါ် မှ ဆင်းသည်။ ဆေးလိပ်တိုတို မီးညှိလျက် ဆေးလိပ်မီးတရဲရဲဖြင့် အိမ်အောက်သို့ ၀င်ရန် ခေါင်းငုံ့စဉ် သူ့သမီး၏လက်လေထဲ ၀ဲပျံသည်ကို မြင်၏။ ငါးပိဿာဝင်အိုး အပျော့စားကိုလက်ခတ်ကြမ်းဖြင့် ရိုက်ဘိ သကဲ့သို့ အသံကြီးထါက်လာသည်။ သူစိမ်းသူငယ်၏ မျက်နှာ လည်ထွက်သွားစဉ် လက်သည် ထပ်မံမြင့်တက်ပြန်သည်။

    "မိကောင်းဖခင်သားသမီးမှတ်လို့ လူလိုခေါ်ပြီး ဆွေးနွေးတာဟေ့၊ အုတ်ကြားမြက်ပေါက် မိမစစ် ဖမစစ် မှန်းသိတော့ ဟောသည် ဟောသည်လို ဟော…"
    "ဟဲ့…လွန်မယ်၊ လွန်မယ်"
    ရီးဆေးရိုးသည် လူကြီးပီပီ ဆုံးမစကားဖြင့် ငုံ့ဝင်ခဲ့ငြား ရီးကျီးဒန်ကား ဖင်ထိုင်ခုံတရွယ်ရွယ်ဖြင့် ချက်ကောင်း ကို ရှာနေသည်။ "အစ်ကို့ကို မနှိပ်စက်ကြပါနဲ့"ဟူသော ခင်ခင်ကြီး အသံလည်း ပေါ်လာသည်။

    တင်မောင်ဝင်းသည် မချောစိန် ဖိရိုက်ဖိကန်နေသည့်ကြားက လူးလဲထသည်။ ရိုက်သမျှကို လက်မောင်းဖြင့် ကာနိုင်ပြီ သို့ရာတွင် အိမ်မှာနိမ့်သဖြင့် ပြန်လန်ခုခံအားမရှိ။ မရှိသည့်ကြားက မချောစိန်ကို တွန်း ပစ်သည်။ မချောစိန် ယိုင်ပြီး ဖင်ထိုင်အလဲတွင် ခင်ခင်ကြီးအော်ပြန်သည်။
    "အစ်ကို..အမေ့ကိုမလုပ်ပါနဲ့"
    ပွဲထဲသို့ ခင်ခင်ကြီးဝင်ရန် ကုန်းထနေစဉ် ရီးကျီးဒန်၏ ဖင်ထိုင်ခုံက တင်မောင်ဝင်း၏ မျက်နှာကို ထိုးသည်။ တင်မောင်ဝင်း ပုတ်ထုတ်ရာ ကုန်းထနေသော မချောစိန့်နဖူးကို ခုတ်မိတော့သည်။ မချောစိန် နဖူးကို ခုတ်မိချိန်တွင် အနားသို့ ခင်ခင်ကြီးရောက်လာပြီ။

    "ဟင် နင် နင်…ငါ့အမေကို လုပ်တယ်ပေါ့လေ"
    "လုပ်တယ်ဟေ့ လုပ်တယ်၊ မြွေပွေးဆိုတာ ဘယ်တော့မှ အထိမခံဘူး၊ သိရဲ့လား"
    ခင်ခင်ကြီးသည်တင်မောင်ဝင်းကို ပါးရိုက်ရန် လက်ရွယ်သည်။ သည်ခဏ၀ယ် ရီးဆေးရိုး အပြေးဝင်သည်။ "သမီး သွားသွား"ဆိုကာ ခင်ခင်ကြီးကို နောက်သို့တွန်းလွှတ်၏။ သို့တစေ တင်မောင်ဝင်းကိုကား မတွန်း။

    "ကောင်လေး သွားတော့ သွားတော့"
    "သွားမှာပါပဲ"
    နဖူးမှသွေး၊ ပါးစပ်မှသွေးကို လက်ဝါးဖြင့် သုတ်ရင်း ရီးဆေးရိုးအား ရန်စောင်၏ ရီးဆေးရိုး သည်းခံသည်။ အိမ်အောက် မှ သူ့မြေးထွက်မလာလျှင် တော်ပါပြီ။
    "ငါ့အမေကိုလုပ်တာ နင့်ကို တစ်သက်မကျေဘူး။ နောက်တစ်ခါ အိမ်ရှေ့ကဖြတ်လျှောက်ရင် ပါးကို ဖိနပ် နဲ့ထွက်ရိုက်မယ်"
    "ရိုက်ရဲရိုက်ကြည့်ပါလား"

    ခင်ခင်ကြီးသည် သူ့အမေ၏နဖူးမှ အဖူးအရောင်ကို လက်ဝါးပူတိုက်ပေးရာက အယုတ္တအနတ္တတွေ ဆဲသော အခါ ရီးဆေးရိုးဟန့်ရပြီ။
    "တော်စမ်း တိတ်စမ်း၊ ပြောနေတာမရဘူးလား၊ ဟေ့သူငယ်သွားသွား၊ သွားတော့"
    အိမ်ဝိုင်းအပြင် ဖုန်တောထဲသို့ တင်ောမင်ဝင်း ရောက်သွားလျှင် ရီးဆေးရိုးပြုံးမိ၏။ ထိုနည်းတူ နဖူးတွင် ဒဏ်ရာ ရလိုက်သော မချောစိန်မှာလည်း နာကျင်စပ်ဖျဉ်းသည့်ကြားက ပြုံးနေမိသည်။
    တံတွေးဖြင့်ဆက်ထားသော ကြိုးနှစ်ချောင်း၏အဆက်သည် ယာယီအားဖြင့် ခါးခါးတူးတူး ပြတ်တောက် သွားပြီမဟုတ်လား။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.

1 comment:

Anonymous said...

Thank you ama. I like it