Saturday, July 31, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၅)

မာလီ
ဂျာနယ်ကျော် မမလေး
 အမား...အမား...အမား
ဤ အသံသည် အဝေးကလိုလိုလည်းထင်ရ၏။အနီးက လိုလိုလည်း မှတ်ရ၏။အသံမှာ တစ်ယောက်ယောက် ကြားရအောင် ဖျစ်ညှစ် အော်ဟစ်နေရသော အသံမျိုးနှင့်လည်း တူသည်။
    သေတ္တာထဲသို. အဝတ်အထည်များ ထည်.နေခိုက် နားထဲတွင် ရောက်ရောက်လာသော အသံကို သတိပြုလိုက်မိ၊မပြုလိုက်မိ ဖြစ်နေပေသည်။ မော်စကိုသွားရန် ခရီးသေတ္တာ ပြင်နေစဉ် အခိုက်အတန်. ထိုအသံ က တခြား၊ ကျွန်မစိတ်ဝင်စားနေသည်က တခြား။

    မော်စကိုမှာ အေးမည်။အနွေးထည်တွေ များများ ယူသွားနိုင်မှ ဖြစ်မည်။
    ဗီရိုထဲရှိအဝတ်အထည်များကို တစ်ထည်စီ ရွေးကာ ရွေးကာ သေတ္တာထဲသို. ဖိသိပ်ထည်.နေသည်။
    အအေးကို ကြောက်ကြောက်ဖြင့် ထူထူထဲထဲ အဝတ်အထည်တွေကို လက်စမသတ်နိုင်အောင် စိမ်ပြေနပြေ ရွေးရွေးထည်.နေရာ၊သေတ္တာထဲရှိ အဝတ်ပုံကြီး မောက်မြင့်နေတော့မှ သံသေတ္တာကို ပိတ်ကြည်. သည်။ လူတစ်ကိုယ်လုံးတက်ဖိကာ တအား ပိတ်သော်လည်း၊ အဖုံးနှင့်အပိတ် မစေ့၍ သေတ္တာ ထဲ က အဝတ် တွေကို ပြန်နုတ်ရန် ရွေးရပြန်လေသည်။

    အမား...အမား...အမား...
    ဒီအသံကလည်းဘာသံပါလိမ့်ဟု အသံကိုစူးစိုက်လျက် နားထောင်ကြည်.သည်။ ဂရုစိုက်၍ နားထောင် လိုက်သော အခါ ရင်ခေါင်းသံကြီးဖြင့် ဝါးနေသည်.အသံကြီး ကြားရ၍ လက်ထဲက အဝတ်တွေကို ပစ်ချ လိုက်မိ သည်။

    အသံမှာ အိမ်အောက်ထပ် ကားရုံဘက်ဆီမှ လာသော အသံဖြစ်သည်။ မည်သူ. အသံမှန်း ကွဲပြားရန် နား ကို စွင့်ထားသည်။ စူးစိုက်ကာ စွင့်ထားသောနားထဲ၌ အမား...အမား ခေါ်နေသံမှာ ပီပီသသ မဟုတ်တော့၊ မောသံကြီး ဖြင့် ညည်းခေါ်နေသည့် အသံကို ကျက်မိမှ မျက်လုံးမျက်ဆန် ပြူးသွားလေသည်။
    ကျွန်မ သည် သေတ္တာများ၊ အဝတ်ပုံများကို ခုန်ကျော်လွှား၍ အောက်ထပ်သို့ အပြေးဆင်းသွားလေသည်။

    အချိန်မှာ ညဥ့် ဆယ်နာရီခန့် ရှိပေမည်။ အောက်ထပ် ဧည့်ခန်းတွင် မီးများမှတ်ထား၍ မှောင်နေ၏။ အခန်းထဲ မှ ပြေးထွက်ကာ လှေကားကို အပြေးဆင်းခဲ့ရာ ကျွန်မ နောက်မှ ပြေးလိုက်လာကြသော မိန်းကလေး နှစ်ယောက်ကားတစ်ယောက်က အိမ်တွင် ကျွန်မနှင့် အဖော်နေသော အုန်းလှ ဖြစ်သည်။ တစ်ယောက် မှာ ယနေ့ ညနေစောင်းမှ အိမ်သို့ စွပ်စွပ်ရွပ်ရွပ် ပေါက်လာသော သိမ်ကြီးဈေးတွင် ဆိုင်ထွက် နေသည့် ညီမဝမ်းကွဲ မခင်ရီ ဖြစ်လေသည်။

      မမ...မာလီ ဘာဖြစ်ပါလိမ့်၊ မာလီအသံပါ၊ မီးဖွင့်ပါ မီး...မီး 
    နောက်မှ ကပ်၍ မခင်ရီက ကသောကမျော ပြောနေလေလေ၊ မီးခလုတ်မှာ စမ်းမတွေ့နိုင်ဘဲ ဖြစ်လေလေ နှင့် မွှန်ထူ၍သာ နေတော့သည်။
    ဘယ်သူ့လက်ဖြင့် နှပ်မိမှန်းပင် မသိနုင်သော ခလုတ်သံနှင့်တကွ ဧည့်ခန်းထဲတွင် မီးရောင် ထွန်းလင်း သွားပေသည်။
    ဧည့်ခန်းရှိ အပြင်ထွက်နိုင်သည့် သံတံခါးကို တွန်းဖွင့်ကြကာ သူ့ထက်ငါ အရှေ့ရောက်အောင် တံခါးပေါက် က တိုးထက်၍ခြံထဲသို့ ပြေးဆင်းခဲ့ကြသည်။
    မာလီ ၏ တဲဝသို့ ရှေ့က အလျင်ရောက်နှင့် သွားသူမှာ မခင်ရီဖြစ်လေသည်။

      အမယ်လေး...မမရယ်။ မျက်လုံးကြီး ပြူးပြီး ဗိုက်ကြီး ပူလိုက်ရှုံ့လိုက်နဲ့၊ ဟောတော့...ဗုန်းခနဲ လဲသွားပြီ
    ဗုန်းခနဲ အသံကြားသည်နှင့် ပြေးလာသော ကျွန်မ ခြေထောက်များတစ်ခါတည်း ရပ်တန့်သွားတော့သည်။
    မာလီသည် အင်္ကျီ မရှိဘဲ ကာကီဘောင်းဘီတိုနှင့် တဲအတွင်း မြေကြီးပေါ်၌ ထိုင်နေရာကပင် လဲခွေကျကာ အသက်ထွက်သွားလေပြီ။
    မာလီ၏ တဲအိမ်နောက်ဘက် မော်တော်ကားရုံနောက်ဆွယ်တွင် နေကြသော ကားမောင်းသမား မောင်အေးပါတို့ လင်မယားကို ခေါ်ထုတ်ကာ  မာလီ သေပြီ၊ သွား...သွား (အိမ်နီးနားချင်း) အစ်မကြီး မပြုံး ကို သွားခေါ်စမ်း  ဟု ကျွန်မ ပါးစပ်က အော်နေသည်။

    အမှန်ပင် မာလီမှာ အသက်ထွက်သွားပေပြီ ဖြစ်ရာ မြန်ဆန်လိုက်ပုံကိုရင်ထဲတွင် အချိတင်ကဲ ဝမ်းနည်းသွားတော့သည်။
    ဘာရောဂါ နှင့် သေမှန်းကို ထင်မြင်ချက်ပင် မပြောနိုင်တော့ဘဲ စိတ်ထိခိုက်လွန်းလှ၍ တဲရှေ့တွင် တွေတွေကြီး ရပ်နေမိလေ၏။
    လာရောက်ကြသော အိမ်နီးနားချင်း မိတ်ဆွေများ၏ တစ်ယောက်တစ်ခွန်း ပြောနေကြသော အသံများကို ကြားမိ ပါ၏။

      နှလုံးရောဂါနဲ့ တူတယ်။ ပန်းနာလား၊ ရင်ကျပ်တာပဲဖြစ်မယ်
    ညနေက အကောင်းသားပကတိ၊ ကျွန်မ အပြန် ခြံတံခါးပင် ကားဝင်နိုင်အောင် သူကိုယ်တိုင် ရပ်စောင့် ဖွင့်ပေးသေး၍ လူမမာတစ်ယောက်လည်းအဟုတ်ပေ။
    တော်တော် စောစောက ကျွန်မကို အော်ခေါ်နေသော အသံတွင် ပထမသူမှန်းပင် မထင်ခဲ့။ ကျွန်မတို့ အိမ်နား တွင် နွားနို့ကုလားတဲများ ထူထပ်၍လမ်းသွား ကုလားတစ်ယောက် အသံလိုလို၊ ဘာလိုလို မကြား တကြား နမော်နမဲ့မေလိုက်မိ၏။

    ယခုမှ စောစောက ခေါ်တာကို ကြားသလိုလို ရှိသား ဟု စိတ်ထဲတွင် ကိုယ့်ကိုယ်ကို အပြစ်တင်ကာ စကားမပြောနိုင်အောင် ဖြစ်နေရ၏။
    ဝေဒနာ ခံစားပုံ မဆိုထားနှင့်၊ အသက်ပင် မမီလိုက်၍ဘယ်လို ဖြစ်တာလဲကို မတွေးတတ် နိုင်အောင် ဖြစ်မိသည်။
    မာလီ၏ အမည်ကို ကျွန်မ မသိပေ။ အိမ်တွင် မာလီတစ်ဦး ထွက်သွားပြီးနောက် ထိုမာလီက အစားရှာ ထားခဲ့သော မာလှီဖြစ်သည်။ ကျွန်မတို့သူ့ကို မာလီဟုပင် ခေါ်ကြသည်။ သူ့အသက်မှာ ၄၀ ခန့်ရှိမည်။ စကားနည်း၍ ရိုးသားသည်။

    နံနက်လင်းလျှင် ခြံထဲရှိ ပန်းပင်များကို ရေလိုက်လောင်းပြီးနောက် ရေတွင်းမှ သုံးရေချိုးရေ ထမ်းထည့် လေသည်။ ရေခပ်ပြီး သူ့ခြေလက်ကိုရေတွင်း၌ စင်စင်ကြယ်ကြယ် ဆေးကြောလျက် သံပုံးတွင် ရေထည့် ကာ အိမ်ထဲ သို့ ဆွဲဝင်လာသည်။

    အိမ်အောက်ထပ်၊ အပေါ်ထပ်ဖုန်ခါ၍ တံမြက်စည်းလှည်းကာ ရေပုံးထဲရှိရေနှင့် ကြမ်းကို ချောပြောင် နေအောင် ပွတ်တိုက်လေသည်။
    ကျွန်မနှင့်နေသော အဖော်မိန်းကလေး အုန်းလှမှာ နံနက် ဈေးထွက်ကာ မီးဖိုထဲတွင် ချက်ပြုတ်နေခိုက်၊ တစ်မနက်စာ လုံး တစ်အိမ်လုံးအလုပ်ကို သူသာလျှင် လုပ်ကိုင်နေသည်။
    စာရေးစာပွဲပေါ်ရှိ စာအုပ်၊ စာရွက်များကို ဖုန်ခါ ရှင်းလင်းထားတတ်သည်။ ကျွန်မ အိပ်ရာခုတင်ကို လှလှပပ ကျကျနန ခင်းပြု ဖုံးအုပ်ပေးထားသည်။ မှန်ခုံပေါ်ရှိ ပစ္စည်းများကို ကျွန်မ ထားတတ် သည့် အတိုင်း မှတ်သားလျက် ဖုန်သုတ်ရှင်းလင်းကာ နေရာတကျ  ပြန်ထားသည်။ အကြောင်းကိစ္စ မရှိဘဲနှင့် စကား မပြော၊ မြန်မာစကားလည်း မပြောတတ်။ သူ့အလုပ်များ ပြီးစီးလျှင် တဲထဲတွင် သူ့ဟာသူ အေးအေး နေ တတ်သည်။

    တစ်ညလုံး စားပွဲတွင် ထိုင်ကားမိုးလင်းအထိ စာထိုင်ရေးနေသည့်နေ့ဆိုလျှင်၊ နံနက် အလုပ်လုပ်ရန် အိမ်ပေါ် သို့ သူ တက်လာကာ အနားတွင် လာရပ်နေလေသည်။
    သူ့ကို လှည့်မမေးမချင်းရပ်နေတတ်သည်။   ဘာလဲ မာလီ  ဟု မေးမှ မျက်နှာကလေး ပြုံးကာ စကားဖြင့် မပြောဘဲ ပွင့်နေသော မီးလုံးကို လှမ်းပိတ်လိုက်ရန် လက်ညှိုးထိုး၍ ပြနေလေသည်။
    ဘယ်အခါကြည့်ကြည့်၊ ချိုသာသော မျက်နှာထားနှင့် အေးအေးဆေးဆေး အသွင်ကို မျက်စိထဲတွင် မြင်ယောင် ကာ အလောင်းကိုပင် သတိမရ ဖြစ်နေလေသည်။
      မနက်စောစော မသာချလိုက်ပေါ့  ဟု မိတ်ဆွေ အစ်မကြီးများက ပြော၍ အားလုံး ပြန်သွားကုန်ကြမှ တဲထဲ တွင် လဲသေနေသော မာလီ အလောင်းကြီး ကို အစောင့်ထားရန် ကုလားများ လိုက်ရှာခိုင်းရသည်။

    မောင်အေးပါ ကုလား လိုက်ရှာနေခိုက် ကျွန်မ၊ မခင်ရီ၊ အုန်းလှ၊ မောင်အေးပါ မိန်းမဗြူးတေ၊ မိန်းမ တွေသာ ခြံထဲ၌ ရှိကြသည်။ အားလုံးမြေပေါ်တွင် စု၍ ထိုင်ကြကာ မောင်အေးပါ အပြန်ကို မျှော် နေကြ ရသည်။
    ဗြူးတေ က ကြောက်လှချည်ရဲ့ဟု ပြောကာ အုန်းလှနှင့် ပူးကပ်ထိုင်သည်။
      ဘာကြောက် စရာ ရှိသလဲ  ဟုကျွန်မက အားပေးလိုက်လျှင် ကုလားတဲဘက် လှည့်ကြည့်လိုက်ကာ ကြက်သီး တဖြန်းဖြန်း ထကြလျက်   အစိမ်းသေကြီး၊ ကြက်သီးထ လိုက်တာ  ဟုဆိုကြသည်။


ထိုညက လရောင်မရှိ။ အိမ်ထဲမှ ထွက်နေသော မီးရောင်အလင်းဖြင့်သာ မာလီတဲနားတွင် ထိုင်နေကြ ရသည်။ တစ်ယောက်မျက်နှာ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရ။ တဲထဲ၌လဲနေသော အလောင်းကို မြင်နေ ကာ တုန်နေအောင် ကြောက်ရွံ့နေကြသည်။
    မောင်အေးပါ ခေါ်လာသော ကုလား အဘိုးကြီးကို အလောင်းစောင့်ရန် တောင်းတောင်းပန်ပန် ပြောရကာ တဲထဲ၌ အစောင့်ထားခဲ့ပြီးနောက်၊ ကျွန်မတို့ အိမ်ပေါ်သို့ ပြန်တက်ခဲ့ကြသည်။
    မောင်အေးပါ တို့ လင်မယားမှာ ကားရုံနောက်ရှိ သူတို့အိမ်ကလေးသို့ ပြန်မသွားဝံ့ကြ၍ အိမ် အောက်ထပ် ၌ အိပ်ခိုင်းလိုက်ရသည်။

    အခန်းထဲက သေတ္တာတွေနှင့် ချပုံထားသော အထည်တွေကို ကြည့်ချင်စိတ်၊ ထည့်ချင်စိတ် မရှိတော့၍၊ အခန်း နံရံနား သို့ တွန်းရွှေ့ပုံတင် ထားလိုက်ရသည်။
    အိပ်ယာထဲ သို့ ဝင်ကြရသော်လည်း အိပ်ချင်စိတ် လုံးလုံးမရှိ၍ မခင်ရီနှင့် စကားလှမ်းပြောနေကြသည်။

      လူတွေဟာ မသေခင် နေ့စဉ်ရက်ဆက် သေခြင်းတရားကို နေ့ညမပြတ်ရှေးရှု နှလုံးသွင်း နိုင်မယ် ဆိုကြရင် လောဘ၊ ဒေါသ၊ မောဟ တရားတွေ နည်းပါးကုန်မှာ အမှန်ပဲ။ ကြည့်စမ်း...မာလီဟာ မနက်က အကောင်း၊ ဟော...အခု ည သေသွားပြီ မဟုတ်လား
    မခင်ရီထံမှ စကားပြန် မရ။ သင်္ခါရ ကို စဉ်းစားတွေးတောနေသလို တိတ်ဆိတ်နေ၏။ အတန်ကြာမှ   မမ ... မာလီ ကို လခ ပေးပြီးပြီလား   ဟု ကောက်မေးလိုက်သည်။
      မပေးရသေးဘူး
      ကုလားများ ဟာ ပိုက်ဆံ ခင်တွယ်တယ် မမရဲ့၊ သူ့စိတ်က စောသွားမှာနော်
    မခင်ရီ ၏ အသံကားရှေ့မဆက်တော့ချေ။

    တစ်အိမ်လုံး ဘာသံမှ မကြားရဘဲ ငြိမ်ဆိတ်လျက် ရှိပေ၏။ မီးပိတ်ထား၍ မှောင်နေလေသည်။ လမ်းမီး ဓာတ်တိုင် အလင်းရောင်ကလေးသည် ပြတင်းတံခါးပေါက်သို့ ဖြာဟပ်နေလေသည်။
    ခုတင်အောက်၌အိပ်ပျော်သွားသော မခင်ရီ၏ အသက်ရှုသံကိုသာ မှန်မှန်ကြားနေရစဉ်၊ စစ်တပ်မှ ခေါက် လိုက်သော သံချောင်းသံကို ကြားရ၍ ဟင်တစ်ချက် ထိုးပါပကော ဟု အိပ်ယာထဲတွင် တော်တော်နှင့် အိပ် မပျော်နိုင် ဖြစ်နေခြင်းကို စိတ်ညစ်သွားသည်။

    အိပ်ရာမှ ထ၍ ဆေးလိပ်သောက်ရန် မီးခြစ်ရှာဖွေရာ အခန်းပြင်ဘက်သို့ ရောက်သွားမိသည်။ အခန်း ပြင်ဘက် ၌ အိပ်နေသော အုန်းလှမှာ ကျွန်မအသံကြားသည်နှင့် အိပ်နေရာမှ ငေါက်ခနဲထရပ်ကာ   အမယ်လေး  ဟု ခုန်အော်လိုက်သည်။

      မမပါဟဲ့၊ ဆေးလိပ်သောက်မလို့ ထလာတာ။ မကြောက်ပါနဲ့၊ ဘာကြောက်စရာ ရှိသလဲ
      လန့်လိုက်တာ မမရယ်  ဟု ဆိုကာ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေလျက် ပြန်၍ လှဲအိပ်သည်။ ခြေလက် ပင် မဆန့်ရဲဘဲ ကွေးပုနေလေသည်။
    မီးခြစ် ရှာမတွေ့၍ အောက်ထပ်သို့ ဆင်းခဲ့ကာ မီးခလုတ်ကို ဖွင့်လိုက်ရာ၊ မောင်အေးပါတို့ လင်မယား နှစ်ယောက် မှာ လှဲဆန့် မအိပ်ဝံ့ကြဘဲ ကုန်းစပ်နေကြသည်။အကြောက်လွန်ကာ ရောဂါရကုန်မည်စိုး၍ မကြောက်လန့်ရန် အားပေးစကား ပြောဆိုပြီး မီးခြစ်ယူ၍ အပေါ်သို့ ပြန်တက်လာခဲ့သည်။ ထိုညအဖို့ မိုးလင်း ခါနီး မှ ပင် အိပ်ပျော်သွားသည်။
 
 ၃

မိုးလင်းလေလျှင် ကုလားထုံးစံအတိုင်း မာလီကို အဝတ်ဖြူနှင့် ထုပ်ကြလျက်၊ ကုလားလေးယောက်က ထမ်းစင် နှင့် ထမ်းကာ သင်္ချိုင်းသို့ ယူဆောင် သွားကြလေသည်။
    ကျွန်မလည်း အိမ်အပေါ် ဆင်ဝင်ပေါက်မှ ထွက်လျက် ချသွားသော အလောင်းကို လမ်းကွေ့ လွန်သွား သည့် အထိ စိုက်၍ ရပ်ကြနေသည်။
    အလုပ်တိုက်သိုက ကိုးနာရီလောက် ထွက်ခဲ့သည်။ အိမ်တွင် မောင်အေးပါ မိန်းမ ဗြူးတေနှင့် အုန်းလှတို့ နှစ်ယောက် သာ ကျန်ရစ်ခဲ့သည်။ မခင်ရီကို သိမ်ကြီးဈေး သူ့ဆိုင်ဘေးတွင် ချပေးလိုက်ပြီးနောက်   ညနေ လာခေါ်မယ်၊ လိုက်ခဲ့ပါဦး  ဟု ပြောလိုက်ရသည်။

    အလုပ်တိုက်သို့ခေတ္တသာ ဝင်ကာ မော်စကို သွားရေးအတွက် ဗီဇာရကြရန် တစ်နေက လုံးလုံး တစ်ယောက် တည်း သံရုံး တကာ ရုံးသို့သွား နေရလေ၏။ ဗီဇာ ရပြီး တစ်ဖန် ပုလိပ်ရုံးကြီးပေါ်သို့ တက်သွားကာ ပုလိပ်မင်းကြီးအား သွားတောင်းပန်ရပြန်သည်။ ဆိုဇီယက်သွား မြန်မာယဉ်ကျေးမှုအဖွဲ့ အတွက် ထိုနေ့က ခရီးထွက် လက်မှတ်များ ချောချောမောမော ပြီးစီးသွားရန် တစ်နေကုန်တစ်နေခန်း တစ်ယောက် တည်း ဖားနေအောင် လုပ်နေရသည်။

    ညနေ ငါးနာရီလောက်တွင် မခင်ရီကို ဈေး၌ ဝင်ခေါ်ကာ အိမ်သို့ ပြန်ခဲ့ကြသည်။
    အိမ်ရောက်လျှင် အုန်းလှကလည်း အနေဝံ့တော့၍ ပြန်တော့မည်ဟု အထုပ်အပိုး ပြင်ထားသည်။ မောင်အေး ပါ မိန်းမကလည်း မနေရဲတော့၍ သူတို့လင်မယား ည ရှစ်နာရီ ရထားနှင့် သွားကြတော့မည်ဟု လာပြောသည်။

    တစ်အိမ်လုံး ကျွန်မနှင့် မခင်ရီသာ ရှိ၍ သူတို့အား မပြန်ကြရန်၊ မနက်မှ သွားကြပါဟု အတန်တန် တောင်းပန် ရလေ၏။
    သူတို့မျက်နှာတွေတွင် သွေးမရှိတော့ဘဲ နေစရာ ထိုင်စရာ မရှိအောင်ထိတ်လန့်နေကြ၏။ ဒရိုင်ဘာ မောင်အေးပါ မှာ သူ့မယားထက်ပင် သူက ကြောက်သေး၏။ သူ၏ မွေးစကလေး သေဆုံးသွားစဉ်က မအိပ်ဝံ့ ကြောင်း ပြောပြသည်။

      ယောကျာ်းပဲကွယ်၊ ဘာကြောက်ရမှာလဲ  ဟု အားပေးသော်လည်း အားလုံးထက် သူက အကြောက်ဆုံး ဖြစ်နေ တော့သည်။
      မကြောက်နဲ့ ဆိုပေမဲ့ ကြောက်တာပဲ။ မမက မာလီ မသာချတုန်းက နှင်လည်း မနှင်လိုက်ဘူး၊ ဒီတော့ ကျွန်မ တို့ ဘယ်နေရဲမလဲ
    ထိုသို့အုန်းလှက ဝင်ပြောလိုက်မှပင် သတိမရသည့်အဖြစ်ကို သတိရလာစေသည်။

    မသာ ပို့လိုက်သည့်အခါ၌ အချို့မသာတွင် ဆိုင်ရာတို့ကာ သုသာန်တွင်အမိန့်ပြန်ကြပုံကို သွားတွေးမိ သည်။ အလုပ်နှင့် မကင်းရာ မကင်းကြောင်းပတ်သတ်နေလျှင် အကြီးအကဲ သက်ဆိုင်ရာက သေသူကို သွားလိုရာ သွားနိုင်ကြောင်း အမိန့်ပြန်သည့် ဓလေ့ထုံးစံကို သတိရမိသည်။
      အစ်ကိုလေး သေတုန်းကလည်း အမိန့်ပြန်ကြတယ်၊ မဟုတ်လား မမရဲ့ ဟု မခင်ရီက ပြောလေသည်။

    ကျွန်မခင်ပွန်း ဆုံးတုန်းက သင်္ချိုင်းတွင် ဖဆပလ ဥက္ကဠ ဗိုလ်ချုပ်က အမိန့်ပြန်ပုံ၊ စာရေးဆရာအသင်းမှ အမိန့်ပြန်ပုံ၊ အခြားဟိုအသင်း၊ ဒီအသင်းဝင်ထားမိသည့် အသင်းပေါင်းစုံက မြေမမြှုပ်ခင် တစ်သင်း တစ်ဖွဲ့စီ အမိန့်ပြန်ကြပုံများ ကို ပြန်လည်၍သတိရမိလေသည်။

      ကျောင်းသားကလေး သေတာတောင်မှ ကျောင်းဆရာက သွားလိုရာ သွားနိုင် ကြောင်း အမိန့် ပြန်ရတယ်
      မပြန်တော့ကောကွယ် ဘာဖြစ်သလဲ ဟု ကျွန်မက ရယ်မေးလိုက်သည်။

      ကျောင်းသားက စိတ်မစွဲရင်တော့ ဟုတ်တာပေါ့ မမရဲ့။ စိတ်စွဲသွားလို့ကျောင်းမှာ ကျောက်တံ သံကလေး တချောက်ချောက် လာပေးလို့ ဆရာက အမိန့်ပြန်လိုက်မှပဲ အသံ ပျောက်သွားသတဲ့
    ဆိုင်ရာက အမိန့်မပြန်လျှင် သေသောသူမှာ သွားလိုရာ မသွားနိုင်ဖြစ်တတ်ကြောင်းဟု နှင်ကြသည့် ထုံးစံ ကို အယုံအကြည် သိပ်မရှိုခဲ့။
      သေနေမှပဲ၊ ပြောလို့ကော ကြားဦး သိဦးမှာလားဟယ် ဟု နောက်ပြောင်လိုက်မိသည်။

    သို့သော် ယနေ့ညအဖို့ စိတ်သံသယ ကင်းကင်းရှင်းရှင်းနှင့် သူတို့မှနေရဲအိပ်ရဲ ရှိပါစေတော့ဟု ရည်ရွယ် ကာ   ကိုင်း...ဒါဖြင့် မာလီတဲ သွားပြီး မမ အမိန့်ပြန်လိုက်မယ်လေ။ ဒီလိုဆိုရင် မကြောက် ကြဘူး...ဟုတ်လား
      အခု ညကြီးမင်းကြီးတော့ သွားမပြောပါနဲ့မမရယ်၊ သူ့တဲဝသွားရမှာ ကြောက်စရာကြီး။ မနက်မှပဲ သွားပြော ပါတော့
      ပြောမဲ့လူက ငါပါဟ၊ ငါက မကြောက်ဘဲနဲ့ မင်းတို့က ကြောက်နေသလား။ သွားပြောမယ်လေ 
  ဌာန်ကရိုဏ်း ကျကျ အာဏာသံနဲ့ အကျယ်ကြီး ပြောရတယ် မမရဲ့။ ညကြီးမင်းကြီး မပြောပါနဲ့၊ မနက်မှ ပြောပါ

    အထိတ်တလန့် ကျွန်မအားဝိုင်းတားနေကြသည်။ ကျွန်မမှာ မာလီကို ဌာန်ကရိုဏ်းကျကျ ပြောရမည် ဆိုခြင်း ကို ဟက်ဟက်ပက်ပက် ရယ်မောမိလေသည်။
    အောက်ထပ်ဧည့်ခန်းထဲတွင် ထိုင်ကြကာ သရဲတစ္ဆေအယုံအကြည်မရှိထိုက်ကြောင်း တရားထိုင် ဟောရ သဖြင့် မအိပ်ချင်အောင် မျက်လုံးများပင်ကျယ်နေသည်။ အဝေးမှ သန်းခေါင်ကျော် နာရီပြန် တစ်ချက် သံချောင်း ခေါက်သံ ကြားရမှပင် အိပ်ဖို့ရန် အပေါ်ထပ်သို့ တက်ရတော့သည်။

    မနေ့ညက အတိုင်းပင် မောင်အေးပါတို့ လင်မယားက အောက်ထပ်ဧည့်ခန်းထဲတွင် အိပ်သည်။ ကျွန်မ အခန်းထဲ တွင်ကား ခုတင်ပေါ်တွင် ကျွန်မအိပ်၍၊ မခင်ရီနှင့် အုန်းလှက ခုတင်အောက်တွင် အိပ်ကြ လေသည်။

    မီးမှိတ် လိုက်၍ တစ်အိမ်လုံး မှောင်ကျသွားသည်။ ညဥ့်နက်လှပြီဖြစ်၍ စကားမပြောတော့ဘဲ အိပ်ရာထဲ တွင် ငြိမ်နေ လိုက်သည်။ သူတို့မြန်မြန် အိပ်ပျော်ကြပါစေဟု ကျိတ်၍သာ ဆုတောင်းနေရသည်။
    သူတို့အိပ်ပျော်လောက်ပြီ ထင်တော့မှ အိပ်ရာက ထလိုက်သည်။ မခင်ရီမှာ မအိပ်သေး၍ကျွန်မ ထလျှင် သူလည်း အတူလိုက်ထသည်။
    မီးဖွင့်လိုက်၍ မီးရောင်အောက်တွင် ဖြူဖျော့နေသော မခင်ရီ၏ မျက်နှာကို မြင်မိသဖြင့် ဒီည သူ့ ခေါ်လာ ခဲ့ခြင်း ကို စိတ်မကောင်း ဖြစ်သွားမိကာ   မအိပ်သေးဘဲကိုး။ဆာလိုက်တာကွယ်၊ အိပ်လို့လည်းမရ ဘူး  ဟု သူ့အကြောင်းကို မသိချင်ယောင်ဆောင် ပြောလိုက်သည်။

    ကျွန်မက ရယ်စရာ မောစရာ စကားတွေ ရှာကြံပြောလေသည်။ ဣနြေ္ဒ   ကဲ...အိပ်ပေတော့ ညဥ့်နက် လှပြီ။ မမ မင်းတို့နားမှာပဲ ဆင်းအိပ်
မယ်၊ အိုက်တယ်ကွယ်
    အကြောင်းပြေပါစေတော့ဟု အကြောင်းပြကာ သူတို့ အနားတွင် အိပ်ရာပြင်လိုက်သည်။ သူတို့ နှစ်ယောက် နှင့် ယှဉ်မအိပ်ဘဲ သူတို့နှစ်ယောက်ကို ခေါင်းတိုက်၍ ကန့်လန့်အိပ်လေသည်။
    မီးမှိတ် လိုက်လျှင် မခင်ရီလည်း မော်စကို ခရီးစဉ်ကို လျှောက်မေးနေပြန်၍ သွားရမည့် ခရီးစဉ်ကို ပြောပြ နေရ လေသည်။
    အမှောင်ထဲတွင် ကျွန်မတို့နှစ်ယောက် ပြောနေသော စကားသံမှာ တစ်ယောက်နှင့်တစ်ယောက် ကြားလောက် ရုံသာ ခပ်တိုးတိုး ပြောနေသည်။


စကားပြောနေကြခိုက် လှေကားအဖုံး ချထားသော တံခါးကို တစ်စုံတစ်ယောက်က မတင်နေသံ ကြားကြ ရလေသည်။
    သည်အသံ ကြားကြားချင်း နှစ်ယောက်စလုံး စကားပြော ရပ်သွားကြသည်။ အခန်းနှင့်လှေကားမှာ ကပ်နေ ၍ ထင်ထင်ရှားရှားကြီး ကြားရသော အသံကို နားစွင့်လိုက်ကြသည်။ အံဖုံးတံခါးကို ပင့်တင်နေသော အသံ ကား ပီသလှ၏။

      မမ...မမ...မမ  ဟု လေသံလေးဖြင့် အဆက်မပြတ် ထွက်ခေါ်နေသော မခင်ရီ၏ အသံမှာ ရင်ထဲတွင် ဆို့ကျပ်၍ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် တုန်တုန်ယင်ယင် ထွက်နေသော အသံမျိုး ဖြစ်သည်။
      ဘယ့်နှာပါလိမ့်  ဟု ကျွန်မ အံအားသင့်ကာ ရုတ်တရက် ကြက်သေသေသွားသည်။

    လှေကားအံဖုံး ပွင့်သွား၍ လှေကားထစ်ကို တစ်ထစ်ပြီး တစ်ထစ် နင်းတက်လာနေသော ခြေသံသည် တဖြည်းဖြည်း ကျွန်မတို့ အခန်းခေါင်းရင်းသို့ ရောက်လာသည်။
    မခင်ရီ သည် ကြောက်အားလန့်အားနှင့် ဆွဲမိဆွဲရာ ကျွန်မ ခေါင်းက ဆံပင်ကို တအား လှမ်းဆွဲလိုက်ကာ လေသံ၊ အဆက်မပြတ်   မမ...မမ..မမ  နှင့် တခေါ်တည်း ခေါ်နေလျက် ဆံပင်ကို ဆွဲဆောင့်နေတော့သည်။

    ကျွန်မက သူ့လက်ကို ဖမ်းဆုပ်လိုက်ပြီး   မခင်ရီ...လူ...လူ...လူတက်လာတာ၊ သူခိုးနဲ့ တူတယ်၊ သူခိုးပါ  ဟု သူကြားလောက် အောင် လေသံနှင့် ပြန်ပြောနေသည်။
    ခြေသံသည် အိပ်ခန်းခေါင်းရင်း စာရေးစားပွဲနားတွင် ပျောက်သွားသည်။

    ကျွန်မလည်း အသက်ကို မျှဉ်းပြီး ရှူလျက် အသံကို နားစွင့်နေသည်။ စားပွဲခုံပေါ်မှ စာအုပ်များကို ကြမ်းပေါ် သို့ ယူယူချနေသော အသံထွက်လာပြန်သည်။
    မခင်ရီကား အသံအထွက်တော့။ သူ့လက်နှင့် ဆုပ်ထားသော ကျွန်မ ဆံပင်တွေကို အပြင်က အသံကြား ရဲ့လား ပြသော အထိမ်းအမှတ်ဖြင့်သာ အသံနှင့် ထပ်တူ ဆွဲဆောင့်ပြနေလေသည်။    ပထမ လူတက် လာတယ်၊ သူခိုးဟု ခြေသံအရ မခင်ရီအား ပြောမိသည်။ စားပွဲခုံပေါ်မှာ စာအုပ်များ ချလျက် ဖုန်သုတ်ခါ လှည်း နေသော အသံကို ထင်ထင်ရှားရှားကြီး ကြားရတော့မှပင် လူမဟုတ်ဘူး အသိနှင့် တစ်ကိုယ်လုံး ဖြန်းခနဲ သိမ့်သွားတော့သည်။

    မခင်ရီသည် မျက်လုံး မဖွင့်ရဲဘဲ ကျွန်မ ဆံပင်ကိုသာ ဆွဲလှုပ်ပြနေရင်း ဆတ်ဆတ်တုန်နေရှာလေသည်။ မခင်ရီ၏ လက်မောင်းကို ဆုပ်ကိုင်ထားလျက် ဘာလုပ်ရမှန်း မတွေးတတ်တော့အောင် စိတ်အားငယ် မိသည်။
    စားပွဲခုံ ကို တဖုတ်ဖုတ် တဖတ်ဖတ် ခါသုတ် ရှင်းလင်းနေသည့် အသံသည် နားထဲတွင် မခံမရပ်နိုင်အောင် အကြားရ ဆိုးနေလျက်၊ ရင်ထဲက တဒိတ်ဒိတ် ခုန်လွန်း၍ အသက်ရှူမှားနေသည်။
    တကယ့် တကယ် အရေးကျတော့မှပင် တစ်ယောက်တည်း နေထိုင်သောဘဝကို စိတ်အားငယ်အောင် ချောက်ချား ပေးနိုင်သည်။ ထိုအချိန်အခါ၌ စိတ်ထဲတွင် အပြင်းထန်ဆုံး တောင့်တ ဖြစ်ပေါ်မိသော အရာ ကား ယောင်္ကျားတစ်ယောက်အပေါ်ထပ်တွင် ရှိစေလှချင်သော စိတ်ပင်ဖြစ်၏။

    ကျွန်မ၏ ခင်ပွန်း ကွယ်လွန်သွားသည်မှာ ခုနစ်နှစ်ခန့် ရှိတော့မည်။ ဘဝတစ်လျှောက်လုံး အိမ်တွင် ယောင်္ကျား အဖော်ရှိမှ နေထိုင်၍ ဖြစ်မည်ဟူသောအသိမျိုး၊ စိတ်ကူးမျိုါ် မဖြစ်ပေါ်ဖူးချေ။ ဖြစ်သလိုပင် ကျွန်မ ဘာသာ နေထိုင်ခဲ့သည်။ ကြောက်စိတ် လန့်စိတ်လည်း မရှိ။ တစ်ခါတစ်ရံ အိမ်တွင် မိန်းကလေးအဖော် ပြန်သွားက တစ်အိမ်လုံး တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။ မိန်းမတစ်ယောက် ဖြစ်ပါလျက် ယောင်္ကျား တစ်ယောက် ကဲ့သို့ နေထိုင်ခဲ့ရသည်။ အခြေအနေအရ အစစ အရာရာ ကိုယ့်ကိုယ်ကိုယ် အားကိုးရ လွန်းသဖြင့် မိန်းမသဘာဝ၊ မိန်းမစိတ်ကို ပေါ်ထွက်ခွင့်ပင် မပေးလေသော ဘဝမျိုးသို့ ရောက်နေပေသည်။

အိမ်တွင် ညအိပ်ညဥ့်နေ ယောင်္ကျားတစ်ယောက်ယောက် အစောင့်ခေါ်ထားမှ၊ အဖော်ခေါ်ထားမှ ဟူသော ဆန္ဒမှား ဘယ်အခါကမှ မပေါ်ပေါက်ခဲ့ဘဲလျက်၊ ယခု အရေးအကြောင်းဒ ဖြစ်နေမှ ယောင်္ကျားအားကိုးစိတ် ပေါ်ပေါက် လာခြင်းမှာ စင်စစ် မိန်းမတို့၏ သဘာဝအမှန်ပင် ဖြစ်တော့သည်။

    အသံကို နားစိုက်လျက် မျက်လုံးကို တအားပိတ်၍ ဖိုလှိုက်ကာ ခေါင်းနားပန်းများ ကြီးနေ၏။ ကျောထဲ၌ စိမ့်၍ ဆို့နစ်မောလာကာ ကျပ်လာလေ၏။
    ညဥ့်မှာ တိတ်ဆိတ်နေလေ၏။ အဝေးမှ နှစ်ချက် ခေါက်လိုက်သော သံချောင်းသံမှတစ်ပါး လမ်းပေါ်မှ အသံဗလံ မကြားရ၊ ဆိတ်ငြိမ်နေပေသည်။

    အိမ်တွင်း၌ ဖြစ်ပေါ်နေသော အသံကား ရဲတင်းလှ၏။ ကြမ်းပေါ်တွင် ကြက်မွေးနှင့် ဖင်ရွှေ့ ဖင်ရွှေ့ လိုက်လှည်း နေသော အသံသည် တစ်အိမ်လုံးကို စိုးမိုးလျက် ရှိနေသည်။
    တအား မှိတ်ထားသော မျက်စိထဲတွင် ရှပ်အင်္ကျီလက်တို၊ ကာကီဘောင်းဘီတို၊ ခေါင်းတုံးနှင့် ဆောင့်ကြောင့် ထိုင်ကာ တံမြက်စည်း လှည်းနေသော မာလီကို အတိုင်းသား မြင်နေရကာ၊ အခန်းပြင် ဘက်တွင် မာလီ ရောက်နေသောအသိ နှင့် သေပြီးမှ မျက်စိထဲတွင် တွေ့နေသော ထိုပုံသဏ္ဌာန်မှာ ကိုးကွယ်ရာ မရှိလောက်အောင် ကြောက်စရာ ကောင်းလှသည့် အဖြစ်ဆိုးကို တွေ့ကြုံနေရပေ၏။

    မခင်ရီကား ကျွန်မ၏ ဆံပင်ကို တင်းတင်းကြီးသာလျှင် ဆွဲဆုပ်၍ လှုပ်ခါခြင်း မပြုတော့သဖြင့်၊ မြော့များနေပြီလားဟု သူ့အတွက် ပူလိုက်မိခြင်းမှာလည်း မပြောဖွယ်နိုင်။ အလွန့်အလွန့် စိတ်အားငယ် နေသည့် စိတ်ကို သတိဖြင့် ခဲယဉ်းစွာတင်းနေရခြင်း၏ ပင်ပန်း ခြင်းမှာလည်း တစ်သက်နှင့်တစ်ကိုယ် တစ်ခါ မှ မကြုံဖူးလောက် အောင် ပင်ပန်းလှချေသည်။
    ဘာလုပ်ရမည်နည်း၊ အော်လိုက်ရမည်လား၊ အသံပေးလိုက်ရမည် လား။ အော်လိုက်လျှင် အုန်းလှနှင့် အောက်ထပ် က မောင်အေးပါတို့ နိုးကုန်ကာ တစ်အိမ်လုံ အုပ်မနိုင် ထိန်းမရ ဖြစ်ကုန်တော့မည်။ အချိန် ကလည်း မလှ။

    ရှပ်ရှပ် ရှပ်ရှပ်နှင့် လှည်းနေသည့် အထဲမှ ငှက်မွေးတွင် ကပ် နေသော ဖုန်ကို ပြင်နှင့် ဆောင့်၍ဆောင့်၍ ခါချနေသည့် အခါများတွင် လူတစ်ကိုယ်လုံး အဆမတန် ကြီးသွားလိုက်၊ တစ်ဖန် ပြန်ငယ်သွား လိုက်နှင့် အသံ က လူကို ဖမ်းစားနေလေ၏။

    သည်အရေးကို စိတ်ရှိသလို ကြောက်လန့်နေ၍လည်း မဖြစ်နိုင်။ မခင်ရီ ဘယ်လို ဖြစ်နေသလဲ မသိ။ မောင်အေးပါ တို့ နိုးသွား၍ သည်အသံများ ကြားကြလျှင် ဘာတွေ ဖြစ်ကုန်ကြမည်နည်း။ ကြောက်စိတ်ကို ထိန်းနိုင်အောင် ထိန်းမှဖြစ်တော့မည်။ သူတို့ကို ငဲ့ကွက်လိုက်ကာ မလှုပ်ဝံ့ဘဲ အသေလို ဖြစ်နေသော ခန္ဓာကိုယ် ကြီးကို ဇွတ်ထူထောင်လိုက်ရတော့သည်။
    မှောင်ထဲတွင် အတင်းထ၍ထိုင်ကာ မီးခလုတ်ကို ပြေးဖွင့်လိုက် သည်။ အိပ်ရာမှ တအား ကျုံးထလိုက်စဉ် မခင်ရီ လက်ထဲတွင် မိနေ သော ဆံပင်များကို လွတ်အောင် ရုန်းထရသည်မှာ တစ်သက်တွင် မမေ့နိုင် ဖွယ်ရာ နာကျင်လှသည်။
       


    မီးပွင့်လျှင်ပွင့်ချင်း အဟမ်း... အဟမ်းဟု အသံထွက်အောင် ဇွတ်ညှစ်ဖျစ်ထုတ်လိုက်ရသည်။ မျက်စိ များကား ပြာနေလေသည်။
    ပြင်ဘက်က အသံများမှာ တစ်ခါတည်း ပျောက်သွားသည်။ ကြက် မွေးလှည်းသံကြားထဲမှ မီးထဖွင့် လိုက်ရာ မိုးလင်း၍ ကျွန်မ အသံထွက် မှပင် ထိုအသံများ ပျောက်သွားခြင်း ဖြစ်သည်။
    ကပျာကယာ မခင်ရီနား၌ ဒူးထောက်လိုက်ကာ   မခင်ရီ...မခင်ရီ  ဟု ကတုန်ကယင်ကြီး ခေါ်ကြည့်သည်။

    မခင်ရီသည် မျက်လုံးကို မှေးမှေးကလေး ဖွင့်ကြည့်လျက်   မမ...ကိုအေးပါတို့ နှိုးပြီ အပေါ် ခေါ်တင်ပါ၊ ကျွန်မ ကြောက်တယ်။ နှိုးပါ...နှိုးပါ  ဟု မောကြီး ပန်းကြီး ပြောလေသည်။
    မောင်အေးပါတို့ အနှိုးခိုင်းနေသည့်အတွက် သွားနှိုးရန် မလွယ်ကူ ချေ။ သရဲချောက်တယ်၊ ထကြဟု ပြောဖို့ ရာလည်း အခက်။ မာလီ လာခြောက်တယ်၊ အပေါ်လာကြပါ သွားခေါ်လျှင် တစ်ခါတည်း ဘာမှမ မြင်၊ မဆင်ခြင်ဘဲ အိမ်ပေါ်က ဆင်းပြေးကြပေလိမ့်မည်။

    အိမ်တွင် ကျွန်မက လူကြီးဖြစ်၍ ကျွန်မ အကြောက်ကို ဖော်ပြဖို့ရာ လည်း မဖြစ်နိုင်။ တစ်ညတာ ကြိတ်မှိတ် ၍ အောင့်အည်းနေရသော အလွန်ကြောက်နေသူများအား ထပ်မံ၍ မညှင်းဆဲ မနှိပ်စက်ချင်ပေ။ ကျွန်မ သွားခေါ်လျှင် အခြေအနေမှာ သာ၍သာ ဆိုးသွားစရာ ရှိသည်။

      မမ...ကျွန်မ မနေဝံ့လို့ပါ၊ ခေါ်ပါ...ခေါ်ပါ 
    မခင်ရီမှာ မျက်လုံးမှိတ်ကာ အသက်မရှူဘဲ ပြောနေသည်။

      အေး...အေး နှိုးလိုက်ပါ့မယ်၊ သူတို့ မသိစေနဲ့နော်  ဟု မခင်ရီ အား ပြောရလျက်၊ နံဘေး၌ အိပ်နေသော အုန်းလှကို နှိုးလိုက်သည်။
      အုန်းလှ...ထ...ထ မခင်ရီ မူးနေတယ်၊ ထစမ်းပါ  အုန်းလှ အိပ်ရာ မှ ငေါက်ခနဲ ထ တာမြင်လျှင် မခင်ရီ လည်း ငြိမ်နေလိုက်သည်။
      ဟင်... မူးနေတယ် ဟုတ်လား၊ ကျွန်မ နှိုးရောပေါ့၊ မမရီ...မမရီ 

    မခင်ရီကား သူ့ကို ခေါ်နေသည်ကို မထူးဘဲ မူးနေသူတစ်ယောက် ကဲ့သို့ မလှုပ်မယှက် ငြိမ်နေ လေသည်။
    မခင်ရီ အကယ်ပင် မူးနေသည် အထင်ဖြင့် အုန်းလှ ပူပူပင်ပင် ဖြစ်သွားခြင်းကို မြင်ရ၍ သဘောကျမိကာ၊ သည် အကြံ ရသည်ကို များစွာ ကျေနပ်သွားမိသည်။
      မောင်အေးပါတို့ သွားနှိုးစမ်း၊ သိပ်မူးနေတယ်နဲ့ တူတယ်၊ သွား စမ်း...သွားစမ်း

    ညဦးက အခန်းအပြင်ဘက်သို့ တစ်ယောက်တည်း အသွားဝံ့သော အုန်းလှမှာ အခန်းအပြင်ဘက်သို့ ပြေးထွက်ကာ မီးခလုတ် သွားဖွင့်လျက် လှေကားအံဖုံးကို မ ဖွင့်၍ စိုးရိမ်ကြီးစွာ ပြေးဆင်ခေါ်လေသည်။

      မခင်ရီ ဟန်မပျက်နေနော်၊ အဲသလိုပဲ မူးချင်ယောင်ဆောင်နေနော်၊ သူတို့ကို အပေါ်မှာ ခေါ်ထား နိုင်အောင်
    လှေကားမှ ပြေးတက်လာသော အသံတွေ အပေါ်မရောက်လာမီ မခင်ရီကို မြန်မြန်ဆန်ဆန် ပြောရသည်။
    မခင်ရီ အနားတွင် ဝိုင်း၍ ယပ်ခတ်ပေးသူကပေး၊ နှိပ်သူက နှိပ်နှင့် ကျွန်မတို့အားလုံး ပျာယာခတ် နေကြပေ၏။
    အစအန ခွဲစိတ်ထားသော တောင်တန်ကတိုးများကို ခွက်ထဲတွင် ထည့်ကာ မီးရှို့လိုက်သည်။ မခင်ရီ နှာဝ သို့ အနံ့ရောက်အောင် တွင် တွင်ကြီး ယပ်ခတ်ပေးနေရလေသည်။
      မခင်ရီ...ဘယ့်နှယ်နေသေးသလဲ

    မခင်ရီကား တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်နေလေသည်။
      သိပ်မူးနေတယ်နဲ့ တူတယ်၊ စောစောက မမ နှိုးရောပေါ့ကွယ်၊ ရှူလိုက်နော်၊ ရှူလိုက်  ဟု မခင်ရီကို အသံပေး ရင်း လူမမာနှင့် တူ အောင် ဟန်လုပ်ကာ ဆေးကုနေရ၏။
    ကျွန်မတို့ နှစ်ယောက်မှာမူ အခန်အပြင်တွင် မာလီ ရှိသေးသလို စွဲလမ်းကာ အသည်းအေးအေးဖြင့် မနည်းဟန်ဆည်နေကြရသည်။
    မခင်ရီကား ပကတိ လူမမာကြီးဖြစ်၍ နေ၏။ လင်းထိန်သော မီးရောင်အောက်၌ သက္ကလတ်စောင်ကြီး ခြုံ၍ မလှုပ်မယှက် ပက်လက်လှန်ကာ သွေးမရှိသလို နွမ်းလျ ဖြူဖျော့နေသော မျက်နှာကလေးနှင့် မျက်လုံး ကလေး မှေးစင်းလျက် အသက်ရှူမြန်နေပုံက လေးမှာ လူမမာနှင့် တစ်ထေရာတည်း တူသည်။

      မမ...ခေါ်ကြည့်ပါဦး၊ သတိရရဲ့လားလို့ ခေါ်ကြညည့်ပါဦး
    လေသံကလေးနှင့် အုန်လှက တိုးတိုးကလေး ကပ်ပြောလေသည်။ အသံမကျယ်၊ အသံမမြည် အောင်လည်း ဖြည်းဖြည်းသက်သာကလေး လုပ် ကြကိုင်ကြသည်။ ခြေဖျားထောက်ကား ဖော့နင်း နေကြ သည်။ ထိုအချိန်၌ အိမ်မှာ သရဲခြောက်သည့် အိမ်နှင့် အတူဘဲ လူမမာရှိသည့် အိမ်နှင့်တူ နေလေ၏။

      မခင်ရီ...ဘယ့်နှယ်နေသေးသလဲ
    အတန်ကြာ မှ မခင်ရီ မျက်နှာနားသို့ ကပ်၍ လူမမာ သတင်းမေးပုံ မျိုးမေးကြည့်လိုက်သည်။
      နည်းနည်း တော့ သက်သာပါတယ်

    အဖြေစကားအဖြစ်သာ နည်းနည်း သက်သာပါတယ်ဟု ဖြေလိုက်ရ သော၊ သိပ်မသက်သာသည့် အနေမျိုးဖြင့် ပြန်ပြောသော လူမမာ၏ ဟန်အမူအရာမှာ သဘာဝ ကျလှသည်။
    အပေါ်ထပ် တစ်ထပ်လုံး မီးထိန်ထိန်လင်းလျက် ရှိသော်လည်း တစ်ထောင့်ထောင့်၊ တစ်နေရာရာမှာ မာလီ အသံပေးလိုက်မည်ကို ဖုံးဖိနေသည့်ကြားထဲ စိုးရိမ်လိုက်ရသည် ဖြစ်ခြင်းမှာလည်း တထိတ်ထိတ်။

      နည်းနည်း သက်သာရင် အိပ်လိုက်ပါလားကွယ်၊ တို့အနားမှာ နေပါ့မယ်၊ ဘာမှ အားမငယ် ပါနဲ့...အိပ်လိုက်နော်
လူမမာက ခေါင်းညိတ်၍ပြကာ မှိန်းနေလေသည်။ မခင်ရီ၏ ခြေရင်း ဘက်တွင် အုန်းလှနှင့်ဗြူးတေတို့က တစ်ဖက်စီ ထိုင်ကာ ခြေသလုံးကို ဆုပ်နှိပ်ပေးနေကြသည်။ လူမမာ နည်းနည်း သက်သာသည်ဆိုမှ မောင်အေးပါ လည်း အခန်ဝသို့ ရွှေ့ကား သတင်းစာ ဆွဲယူကြည့်နေ သည်။

    လူမမာနားမှ ထ ခဲ့ကာ ပြတင်းပေါက်နား၌ သွားရပ်သည်။ လမ်းပေါ်သို့ လှမ်းကြည့်ရင်း ရင်ထဲတွင် မသက် မသာ ဖြစ်နေသည့် အဖြစ်ကြီးကို သူတို့မမြင်အောင် ပင့်သက်ကြီး ချပစ်လိုက်သည်။
    မိုးမှာ မလင်းသေးချေ။ ထိုအခိုက် သုံးနာရီ ခေါက်လိုက်သော သံချောင်းသံသည် နားထဲသို့ နင့် ဝင်သွားလေသည်။ မိုးမြန်မြန် လင်းသ ချင်လှသည်။ အိမ်ထဲတွင် နောက်ထပ် ဘာသံမှ မကြားရပါရစေနဲ့ဟု ဆုတောင်းရသည်။ နောက်ထပ်ချွတ်ချက် မကြားရသော်လည်း ဘယ်နေရာ ကြည်ြ့ကည့် မျက်စိထဲတွင် မာလီ ကို မြင်လိုက်ရမလားဟု စိတ်အထင် ကြောင့် ရင်ထဲတွင် တလှပ်လှပ် ဖြစ်နေသည်။

    မခင်ရီကား မလှုပ်မယှက် ငြိမ်၍နေသည်။ သူ့စိတ်ထဲတွင် ဘယ်လို တွေး၍ ဘယ်လို ဖြစ်နေရှာမည်ကို သနား လှသည်။
      မမ  ဟု ခေါ်သံကြား၍ မခင်ရီ အနား၌ ပြန်ထိုင်ကာ   ဘာလိုချင်သလဲ မခင်ရီ  ဟု ကုန်းမေးလိုက်သည်။
      မမ ပရိတ်ရွတ်ပါ၊ ကျွန်မ ရင်တွေ တုန်နေတယ်

    စောင်ကို ခေါင်းမြီးခြုံမလို ဆွဲ့ကွယ်၍ အုန်းလှတို့ မမြင်အောင်၊ မကြားအောင် လေသံကလေးနှင့် ပြောနေ၏။ မျက်စိမျက်နှာပျက်ပျက်နှင့် စောင်ကာထားကာ ပရိတ်ရွတ်ရန်သာ မျက်ရိပ်မျက်ကဲ တွင်တွင်ကြီး ပြနေ လေသည်။
    အခြေအနေမှာ ပရတ်ရွတ်ဖို့လည်း ခက်သည်။ မောင်အေးပါနှင့် ဗြူတေမှာ ခရစ်ယာန် ကရင်မှားဖြစ်၍ ပရိတ် အဓိပ္ပါယ် ကို နားမလည်ကြ သော်လည်း မခင်ရီနှင့် တိုးတိုး တိုးတိုး ပြေကြပြီး ကျွန်မ ပရိတ်ရွတ် လိုက်သည် ဆိုလျှင် အုန်းလှက ရိပ်မိ၍ ကြောက်စိတ် ဝင်လာမည်ကိုလည်း စိုးရိမ်မိသေးသည်။   

မခင်ရီအား အုန်းလှ မရိပ်မိအောင် မျက်စိမှတ် ခေါင်းညိတ်ပြရင်း   သက်သာတယ်လား၊ သက်သာရင် အိပ်...အိပ်  ဟု ဖာထေး ပြောလိုက်ရ ကာ၊ ဘယ်ပုံဘယ်နည်း ပရိတ်ရွတ်ရမည်ကို စဉ်းစားရလေသည်။
မခင်ရီနား မှ ထခဲ့လျက် အခန်ထဲတွင် ညောင်းညာ၍ လမ်းလျှောက် နေသလို ခေါက်တုံ့ခေါက်ပြန် ခပ်ဖြည်းဖြည်း စင်္ကြံလျှောက်ပြရင်း   အုန်းလှ၊ ညဦးက မမ ဘုရားရှိခိုးမိရဲ့လား  ဟု လှမ်းမေးလိုက်သည်။
ကုန်း၍ နှိပ်ပေးနေသော လက်များကို တန့်လျက် ကျွန်မကို မော့ကြည့်ကာ သူစဉ်းစားနေခိုက် သူ့အဖြေ မရပ်ခင်   မရှိခိုးမိဘူး ထင်တယ်  ဟု ဖြည်းညင်းသက်သာ ညည်းပြောလိုက်သည်။ သတိမေ့၍ ပြုမူသော အပြုအမူ မျိုးဖြင့် စင်္ကြံလျှောက်ရင်း အေးအေးဆေးဆေး သံနေ သံထားနှင့် ကြည်ကြည်နူးနူး ပရိတ် စရွတ် ရလေသည်။

အခန်းဝတွင် သတငိးစာ ထိုင်ကြည့်နေသော မောင်အေးပါမှာ သတင်းစာကို ဘေးချ၍ ကြမ်းပေါ် တွင် ခွေလှဲကာ အိပ်နေလေသည်။
သမန္တာ စက္ကဝါဠေသု... မှ စ၍ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ ခန္တသုတ်၊ မောရသုတ်၊ စသည့် သုတ်စဉ်အတိုင်း ရွတ်လျက်နေဆဲပင် အုန်းလှနှင့် ဗြူးတေတို့ မခင်ရီ အနား တွင် တစ်ယောက်ပြီး တစ်ယောက် အိပ်ပျော်သွားကြလေသည်။

ပရိတ်မပြီးခင် မခင်ရီကို လှမ်းကြည့်လိုက်ရာ သူပါ အိပ်ပျော်သလို တွေ့ရ၍ အိပ်ပျော် မပျော် သူ့အနားသို့ နှုတ် ကလည်း ရွတ်ရင်းသွားငုံ့ ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံမျိုး မဟုတ်ပေ၊ စိတ်ပန်း ကိုယ်နွမ်းဖြစ်ပြီး မလွန်ဆန်နိုင်၍သာ မှေးခနဲ မေ့သွားပုံကို တွေ့မြင်ရသည်။ အိပ်ပျော်နေသည်ကို သိတော့ မှပင် ရွတ်ဖတ်ခြင်းကို ရပ်ကာ ကြမ်းပေါ်တွင် အတုံးအရုံး အိပ်နေကြသူတွေကို တစ်ယောက်စီ လှမ်းကြည့် မိလေသည်။

သူတို့ကား ချမ်းသာစွာ အိပ်ပျော်လျက် ရှိကြပေပြီ။ တစ်အိမ်လုံး တိတ်ဆိတ်၍ နေပြန်ချေသည်။ အခန်း အလယ်ကောင် တွင် မတ်တတ်ရပ် ၍ ဟိုကြည့်သည်ကြည့် ကြည့်နေရာက မှန်ခုံရှေ့ရှိ ထိုင်ခုံ ကလေး ပေါ်တွင် သွားထိုင်လိုက်သည်။

ပရိတ်ရွတ်နေစဉ်က သံချောင်းလေးချက် ခေါက်သံကို သတိပြုလိုက် သဖြင့် မိုးလင်းဖို့ရန် အချိန်လိုသေးသည်။ အားလုံး စိတ်ချလက်ချ အိပ်ပျော်နေကြလျက်၊ အခန်းထဲတွင် ကျွန်မ တစ်ယောက် တည်း ကြောင် တောင်တောင်ကြီး ဖြစ်နေခြင်းကို ကျောချမ်းလာပြန်သည်။
အိမ်ကြီး ကား တိတ်ချက်သား ကောင်းလှသည်။

ပြတင်းပေါက် အပြင်ဘက်တွင် မည်းမှောင်နေသည်။ အခန်းတံခါး ဇာခန်းဆီးမှ မီးရောင်နှင့် အခန်း အပြင်ဘက် ကို အတိုင်းသား မြင်ရလေ ရာ မကြည့်ရဲအောင် ထိတ်လန့်လျက်၊ ဘယ်လိုနေ၍ ဘယ်လို ထိုင်ရမှန်း မသိအောင် ချောက်ချားလာပြန်၏။
ထိုင်နေရင်း နေရင်းပင် အသက်ရှူခက်အောင် ရင်ထဲတွင် တဒိတ် ဒိတ်ဆောင့်ခုန်လာကာ၊ ခေါင်းထဲ၌လည်း သွေးရောက် ၍ ထိန်းမနိုင် သိမ်းမနိုင် ကြက်သီးတဖြန်းဖြန်း ထ နေ၏။
ထိုင်ခုံပေါ်တွင် ဘယ်မှ မကြည့်ဝံ့တော့ဘဲ ခေါင်းကို ငုံ့ချ၍ မလှုပ်ရဲအောင် ဖြစ်နေသည်။ အိပ်နေသည့် သူတွေ ကို နှိုးလိုက်ချင်၏။ နှိုးလိုက်ချင်လျက်နှင့် ချမ်းချမ်းသာသာ အိပ်ကြပါစေတော့ဟု သည်းခံ အောင့်အည်းကာ စိတ်ကို မနည်း ထိန်းသိမ်းရလေသည်။

တိတ်ဆိတ်ခြင်းမက တိတ်ဆိတ်လှ၏။ တိတ်ဆိတ်နေသည့် အတွင်း၌ ချွတ်ခနဲဆို၍ ဘာသံမှလည်း မကြားလို၊ လင်းအားကြီးအချိန် ဘယ်အသံမှ မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်ကြီး ရှိနေခြင်းသည်လည်း အနေရ ခက်နေပေသည်။ မိုးကလည်း မလင်းနိုင်၊ မိုးလင်းပါစေတော့။

    ဘာသံမှ မရှိနေသည့်အထဲတွင် မာလီ မဆုံးခင်က အမား အမားဟု တညည်းနေသော အသံကြီးကို ပြန်၍ ကြားလေသည်။ စောစော က ဖုန်ခါသုတ်လှည်းနေသော အသံတွေကိုလည်း ကြားယောင် မိသည်။ ထိုအခါ ချွေးပြန် လာကာ လည်ပင်းကို ဖျစ်ညှစ်ထားသည့်အတိုင်း အသက်ရှု မဖြစ်အောင် အစ်လျက် ခေါင်းနားပန်း ကြီးသထက် ကြီးလာတော့သည်။
ငုံ့ထားသော ခေါင်းကို မထောင်ဝံ့။ မာလီ မတ်တတ်ကြီးရပ်က အခန်းဝက ကျွန်မကို ကြည့်နေသလို အောက်မေ့ကာ ကိုယ့်ကိုယ်ကိုယ် ခြောက်နေသည်။

    စွင့်ထားသော နားကလည်း ကြားရတော့မည်၊ ကြားရတော့မည် ထင်နေသည်။ ဖွင့်ထားသော မျက်စိကလည်း မြင်ရတော့မည်၊ မြင်ရတော့မည် မှတ်နေသည်။ မမြင်ရ မကြားရမချင်း ကြောက်နေသော အကြောက်သည် မြင်ရကြားရ၍ ကြောက်ရသည်ထက် ဆင်းရဲ ပင်ပန်းလှချေသည်။

တစ်ခဲနက် ငြိမ်သက်လျက် ဆိတ်သုဉ်းနေသော အကာလကြီး၌ ခြံထောင့်မှ ခွေးတစ်ကောင် ဆွဲငင်ကာ အူလိုက်သည့် အသံကို ကြားရ လေသည်။ 
ဖြန်းခနဲ ကြက်သီးမွေးညင်းကြီး ထသွားသည်။ ခွေးအူသံကြီး သိသိသာသာလျှင် ကြမ်းပေါ်တွင် အိပ်မောကျ နေသူများ၏ အသက်ရှုသံ မှာ ကျွန်မ၏ ရင်ခုန်သံနှင့်အတူ မြည်ဟည်းနေသည်ဟု မှတ်ထင် ရသည်။

ဤသို့ တစ်ယောက်ထီးတည်း အဖြစ်ကို မဖုံးမကွယ် သိသိသာသာ ခံစားရရင်း၊ စောစောက မာလီ အသံ များသည် ပေါ်လာလေကာ စိတ်က စိတ်ကို ချောက်ချားလျက် ရှိသည်မှာ တစ်သက်တွင်သာ ခံစားရဖူး လိုက်သည်။
      ဟင်...မမ မအိပ်သေးဘူးလား၊ မိုးလင်းပြီလား
    လူးလွန့်ရင်း ပြောလိုက်သော အုန်းလှ၏ အသံကိုကြား၍ ငုံ့ချ ထားသော ခေါင်းကို အသာထောင် လိုက်ကာ၊ မျက်စိထဲတွင် အုန်းလှအား သဲသဲကွဲကွဲ မြင်မိအောင် ထိုင်ခုံပေါ်မှ အားယူ၍ ကြည့်ရလေသည်။

    အုန်းလှ လှိမ့်၍လွန့်ရင်း စကားပြောနေသော အသံကြောင့် တစ်ယောက်ပြီးတစ်ယောက် နိုးကုန် ကြသည်။
    လင်းသလောက်သာ လင်းစပြုသေး၍ အပြင်ဘက်၌ မှောင်လည်း မမှောင်၊ လင်းလည်း မလင်း၊ မှုန်ဖြူဖြူ အရောင် ကလေး သမ်းကာ ဝိုးတိုးဝါးတား လင်းလျက်ရှိသည်။
    ကျေးငှက်တို့၏အိပ်တန်းထသံ၊ ဟိုတစ်ကောင် သည်တစ်ကောင်စ ကြားလိုက်ရသည့် အိမ်ကြီကား ကျက်သရေ ကင်းလှသော အသွင်ကို ဆောင်နေလေသည်။
    အိပ်ရာမှထ သူတို့ကား ဖျတ်ဖျတ်လတ်လတ် မရှိကြ၊ မလှုပ်ချင် မသယ်ချင်ဟန်နှင့် မရွှင်မလန်း ညှိုးနေ ကြသည်။

    မခင်ရီသည် အိပ်ရာထလာကာ ကျွန်မခုံနားတွင် လာ၍ ထိုင်နေလေသည်။ ညက ခံစားလိုက်ရသော ဒဏ်ရာ ဒဏ်ချက်ဖြင့် ပျော့နေ ရှာသည်။ ညှိုးလျနွမ်းနယ်နေကာ မျက်နှာကလေးတွင် စိုးရိမ် ထိတ်လန့် သည့် အရိပ်အယောင်များ ထွက်လျက် တော်တော်နှင့် စကား မပြောနိုင် ရှာပေ။
    ကျွန်မလည်း ထိုင်ခံမှကို မထဘဲ ပြတင်းပေါက်ကိုသာ ငေးစိုက်ကြည့်လျက် ငြိမ်သက်စွာ ထိုင်နေလေသည်။ ညက အဖြစ်ကို တစ်ယောက်နှင့် တစ်ယောက် ပြန်မပြောချင်လောက်အောင် ဖြစ်နေ ကြသည်။

    သည်အိမ်တွင် ဆက်လက်၍ နေထိုင်ရမည့် အရေးအတွက် စိတ်ပျက်လက်ပျက်ကြီး ဖြစ်နေသည်။ မောင်အေးပါ၊ ဗြူးတေ၊ အုန်းလှ တို့ ယနေ့သွားကြတော့မည်။ မခင်ရီလည်း အဖော်လာ၍ အိပ်ရဲတော့မည် မဟုတ်ပေ။ သည်အိမ်မနေ၍ ဘယ်အိမ်သွားနေရမည်နည်း။

    ဤအိမ်တွင် ယခင် ယခသင်က တစ်ယောက်ထီးတည်းပင် နေရဲ ထိုင်ရဲခဲ့သော သတ္တိများ ယခုတွင် ကုန်ဆုံးရခြင်းကို နှမြောတသမိသည်။ ဆက်လက်၍ တစ်ယောက်တည်း နေရတော့မည့် အရေးကို စိတ်မချမ်း မသာဖြစ်လာသည်။ ညက လင်းအားကြီး တစ်ယောက်တည်း ပေတေ ကြိတ်မှိတ် ခံစား လိုက်ရသော အဖြစ်ဆိုးကို ဝမ်းနည်းလာကာ ကိုယ့်ကိုယ် ကိုယ် သနားမိသည်။
      မမရယ်... မော်စကို မသွားပါနဲ့တော့။ သွားခါနီး လာခါနီး နိမိတ် မကောင်းပါဘူး

    မခင်ရီသည် တောင်တွေးမြောက်တွေးနှင့် ငြိမ်နေရာမှ ကောက် ပြောက်လိုက်၍ လှည့်ကြည့်လိုက်သည်။ သူ့ မျက်နှာလေးမှာ ချောင်ကျ နေလေသည်။
    ကျွန်မအဖို့တွင် ယနေ့ညသည် အိမ်မှာ အိပ်ရသည့်အဖြစ် မရောက်ဘဲ၊ ယနေ့ပင် လေယာဉ်ပျံပေါ်တင် တက်ကာ ခရီးထွက်သွားချင် မိသည်။
    လေးလံ ထိုင်းမှိုင်းစွာဖြင့်ပင် ကျွန်မတို့နှစ်ယောက် အောက်ဆင်း၍ မျက်နှာသစ်ရန် အခန်း အပြင်ဘက် သို့ ထွက်လာကြသည်။ အပြင်ဘက် တွင် အချို့စာရွက်များ အောက်သို့ လွင့်ကျနေသည်။ စာအုပ်ပုံကြီးမှာ စားပွဲပေါ်တွင် သူ့အတိုင်းပင် တွေ့ရသည်။ ကြက်မွေးလေးကား လှေကားပေါ်တွင် ထောင်လျက်။

    အောက်ထပ်ရောက်လျှင် သည်အိမ်မှ သွားကြတော့မည်ဟု အထုပ် အပိုးပြင်၊ သိမ်းဆည်းနေကြသော မောင်အေးပါတို့နှင့် အုန်းလှတို့ကို ကြည့်ကာ စိတ်ထဲတွင် ဟာ၍ ဝမ်းနည်းသွားသည်။
    မာလီ၏ ဦးလေးတော်သူ ကုလားအဘိုးကြီး တစ်ယောက်နှင့် တစ်ဖက် အိမ်က မာလီတစ်ယောက် စောစော စီးစီး ပေါက်လာကြ လေသည်။ မာလီ့လခပေးရန် သူ့အမျိုး ရှာခေါ်ခဲ့ပါဟု မှာထား၍ ခေါ်လာခြင်း ဖြစ်သည်။

      မမ... လခပေးရင်း မာလီကို တစ်လက်စတည်း နှင်လိုက်ပါ မမရယ်  ဟု ဝိုင်းပြောကြလေသည်။
    မခင်ရီက အတိုက်တွန်းဆုံး ဖြစ်သည်။ မာလီ၏ တဲကလေးထဲသို့ ကျွန်မဝင်သွားကာ သူ့ပစ္စည်းများကို သူ့ဦးလေး အား အကုန် ပေးအပ် လိုက်ပြီးနောက်၊ သူ့လခကို အဘိုးကြီး လက်ထဲတွင် ထည့်ကာ ပါးစပ်မှ ပြောရလေသည်။
      မာလီ... မာလီ့ လခကို ပေးလိုက်ပြီ၊ မာလီ သွားလိုတဲ့ဆီ သွားတော့။ သည်နေ့ကစပြီး သည်အိမ်မှာ မာလီ အလုပ် မရှိဘူး၊ သွားပေ တော့ 

ရှုမဝ၊ ဖေဖော်ဝါရီ ၁၉၅၃
စာရေးသူ - ဂျာနယ်ကျော် မမလေး
.
>>>ဆက်ဖတ်ရန်>>> >>

ပန်းသတင်း (ဂျူလိုင် ၃၁)

၁၅ရာခိုင်နှုန်း


လှည်းပုံတောင်း မြည်သံသည် အသံငါးမျိုးကို ဆိုးရွားစွာဆူညံစွာ ထုတ်လွှင့်လျက် အိမ်ဝိုင်းထဲသို့ ၀င်လာသည်။ ၀က်အော်သံ၊ ပုစဉ်းရင်ကွဲမြည်သံ၊ အိမ်မြှောင်စုတ်ထိုးသံ၊ ခွေးဟောင်သံနှင့် ကြက်တွန်သံတို့ ထူးခြား ဆန်းကြယ်စွာ ရောနှောထားသော လှည်းအီသံပါ။ သည်မျှ ဆူညံဆိုးရွာစွာ အော်သော လှည်းသံကို ရီးကျီးဒန် မကြားဘဲ မရှိပါ။ ကြားရမည်။ ကြားပါလျက် ပျာပျာသလဲ ထမလာခြင်းကို ထောက်လျှင် တစ်ခုခု တော့ဖြစ်ပြီ။ အရေးတကြီးကိစ္စ ဖြစ်ပွားနေပြီဟု နားလည်လေ၏။ လှည်းပေါ်တွင် လေးလေးလံလံ မပါလှပါ။ များများစားစားလည်း မပါပါ။ ထမ်းပိုးတုံး၊ ရေဘူး၊ ထမင်းထုပ်၊ ဓားမ၊ ထွန်သွားဟောင်း သုံးလေးချောင်းနှင့် အခြောက်ထွန် သည်မျှသာ။

စင်စစ်သည်အချိန်မှာ အထွန်သမားပြန်ရောက်ချိန်မဟုတ်။ ထွန်ဖြုတ်ချိန်ပင် မတိုင်သေးပါ။ မန်ကျည်း ချိုပင် ၏ အရိပ်သည် ကပြင်နှင့်မလွတ်သေး။ သို့ဖြစ်ပါက ဆွမ်းခံဝင်ဆဲ ရှိဦးမည်။ စက်နာရီအားဖြင့် ဆယ်နာရီ ၀န်းကျင် သို့သော်ပူလှသည်။ ဖုန်ပူသည် နွားခွာ ကျက်လုနီးပါးရှိ၍ နေပူသည် ရီးဆေးရိုး၏ ကျော အရေကွာ တော့မည်သို့ ပူသည်။ တောကျီးကန်းတစ်ကောင်သည်။ မန်ကျည်းကိုင်းကြားတွင် ခိုနေ၏။ ပူလွန်းသဖြင့် ပါးစပ်မှ ဟပြဲနေ၏ သူ့အောက်သို့ ရီးဆေးရိုး၏ လှည်းထိုးအရပ်တွင် လန့်ဖျပ်ပျံ၏ မောကလည်းမော၊ ပူကလည်းပူ၊ သစ်ခက်နှင့်လည်း ရိုက်မိသဖြင့် လှည်းပေါ်သို့ ထိုးကျလာသည်။ ရီးဆေးရိုးမှာ ကန်ကြိုး နှစ်ချောင်းကို လှည်းဦးသို့ ပစ်ချရုံသာရှိသေးသည်။ လှည်းကပ်နှင့် ဖင်နှင့် မခွာရသေး။ ယောင်ယောင် ယမ်းယမ်းဖြင့် ကျီးကမ်းကို လှမ်းရိုက်မိပြီးမှ “ဘယ်လိုဖြစ်တာတုံး ကျီးကန်းရယ်” မြည်တမ်း သည်။

ကျီးကန်းထပျံမှ ရီးဆေးရိုးသည် လှည်းဦးမှဆင်းကာ  လှည်းထောက် ထောက်ပေးပြီး နွားလည်ပတ်ကြိုးဖြုတ်သည်။ နွားများသည် ကန်ကြိုးတန်းလန်းဖြင့်ပင် တင်းကုပ်တွင်းသို့ ခွာသံ ဖရိံရဲဖြင့်  ဒရော သောပါး ၀င်ပြေးကြတော့သည်။ ရီဆေးရိုးသည် ဓားမ၊ ရေဘူးနှင့် လွယ်အိတ် ကို သာယူပြီး တင်းကုပ်တွင်း ၀င်ခဲ့သည်  တင်းကုပ်ပြင်နှင့် တင်းကုပ်တွင်းကား ကွာခြားပါဘိသည။ မှောင်သော်ငြား အေးသည်။  နွားစာအသင့် ရေအသင့်ရှိပြီမို့ ရီးဆေးရိုး တစ်စုံတစ်ရာမလုပ်။ နွားစာခေါင်း ထိပ်ပြင် ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ခေါင်တိုင်ကို ကျောမှီနေလိုက်တော့သည်။ တစ်စုံတစ်ရာမလုပ်။ နွားစာခေါင်း ထိပ်ပြင်ပေါ်တွင်  ဆောင့်ကြောင့်ထိုင်လျက် ခေါင်တိုင်ကို ကျောမှီနေလိုက်တော့သည်။

ဦးခေါင်းကို ထမ်းပိုးထားရသော ပခုံးမှာ ယခုမှ သက်သာရရသွားသည်။ နာအောင့်ကိုက်ခဲမှုများသည် ကျောရိုး ဦးခေါင်းတစ်လျှောက်မှ ပျောက်ကွယ်သွား၏ အိမ်အောက်ဆီမှ ရီးကျီးဒန်၏ ရင်ကွဲသံကြီးဖြင့် ပြောသံ။ သမီးကြီးမချောစိန်၏ စာစာ စာစာအသံများသည် နွားတင်းကုပ်တွင်းသို့ လွင့်ပျံ့လာ၏ ထိုအသံ များကို ကောက်ရိုးအောက်က ရေကို နွားနှစ်ကောင်စုပ်ယူသံက ဖုံးလွှမ်း၏ အိမ်အောက်မှ လာနေသော တိုးတိုး တိုးတိုး ဒီးဒီး ဒီးဒီး တွတ်တွတ် တွတ်တွတ် အသံများကိုရီးဆေး၇ိုး အာရုံမရောက်။ လေးလံလာသော မျက်ခွံကို အလိုလိုက်ကာ မှေးမှိတ်ထားသည်။ မျက်ခွံသည် လေးလံသည်ထက် လေးလံလာ၏။ ကောက်ရိုးခြောက် နှင့် ဖွဲ့နုအပြင် အခြာတစ်စုံတစ်ရာ ရှိလေနိုးဖြင့် နွားနှစ်ကောင်၏ အစာထိုး မွှေသံသည်လည်း တိုးသည်ထက် တိုး ညင်းသည်ထက်ညင်းသွားပြီ။

    "အမေ့မြေးအသက်လည်း ကြည့်ပါဦး၊ ၁၆နှစ်တောင် မပြည့်သေးဘူး အမေရဲ့၊ အဲဒါ..."
    "အမယ်... ၆လပဲ လိုတော့တာပါနော်"
    ရီးကျီးဒန်၏ လက်သည် ဖင်ထိုင်ခုံ ထန်းဖုံးဖက်ကို ဖင်ကြွလျက် ဆွဲယူမိသွားသည်။ မအေ၏ စကားတစ်ဝက် တစ်ပျက်တွင် ရန်တွေ့သံဖြင့် ခင်ခင်ကြီး ၀င်ပြောသောကြောင့်ဖြစ်သည်။ သို့သော် ရီးကျီးဒန် ဆင်ခြင်သည်။ စဉ်းစားသည်။ သည်ရောဂါမျိုးဟာ ဆေးမရှိဘူး။ အနာတက်နေတုန်းမှာ ဆေးချက် မတွေ့ဘူး ဆို မဟုတ်လား။ အင်း...လျှော့မှ လျှော့မှ။ ရောဂါတက်ချိန်မဟုတ်လျှင်ကား ရီးကျီးဒန် ၏ ဖင်ထိုင်ခုံသည် ခင်ခင်ကြီးခေါင်းကို ဂေါင်ဂေါင်မည်အောင် ခေါက်မ်။ အဆဲမျိုးစုံမိုးမွှန်သွားမည် ၊ ယခုသော် မဖြစ်။ မဖြစ်သောကြောင့် မျက်စောင်းသာထိုးရတော့သည်။

ရီးကျီးဒန်သည် သမိးကြီး ခင်စိန်အား ကြင်နာမျက်လုံးဖြင့် ငေးကြည့်ရင်း မျက်ရည်စို့သည်။ သြော်... ငါ့သမီးမပူလိုလို့ ယောက်မရှာလိုက်တာ။၏၊ နေ့မအား ညမနား အိုးလုပ်ရ၊ ကောက်စိုက်ကောက်ရိတ်ရ။ အင်း... တဲပုတ်ကသာ မတက်တယ်၊ ကလေးတွေက ဟောတစ်ယောက် ဟောတစ်ယောက်။ ကျွေးလိုက် မွေးလိုက် စောင့်ရှောက်လိုက်ရတာ။ ဒုက္ခပေးမယ့် ဒုက္ခကောင်တွေကို ချီလိုက် ပိုးလိုက် နမ်းလိုက် ရပ်လိုက် နဲ့ မီးကို မီးမှန်းမသိ။ အခုလောင်တော့မှပဲ မီးမှန်းသိရှာပါကလာ။ မချောစိန်သည် မအေတူသမီးပီပီ ပိန်လှီ၏။ သို့ရာတွင် မအေထက် မည်းသည်။ မအေကို တုပလျက် တန်းတူရည်တူ ဆံပင်လည်း ဖြူပြီ ဖြစ်သောကြောင့် ထုံးတို့ထားသော မီးသွေးချောင်းနှင့် တူလှပါဘိသည်။ ရင်ထဲတွင် ပေါ်လာသည် များကို သမီးဝမ်းနည်းမည် စိုး၍ ရီးကျီးဒန် မျိုသိပ်ငြား မချောစိန်မှာမူ အန်ချသည်။

    "ဆယ်တန်းအောင်အောင်နေပါ သမီးရယ်၊ အမေတို့ အငတ်ခံပြီးထားရထားရလို့ ပြောတာတောင် မနေဘဲ ရှစ်တန်းနဲ့  ထွက်လာတာလည်း အမေအသိ"
    "သိပါ့တော်၊ သမီးကြီးရယ်လို့ အားကိုးရပါ့၊ အမိငက်တသောသော၊ ခွေးတရုန်းရုန်း ကျီးတအုန်းအုန်း"
    မျက်စောင်းခဲကာ ခဲကာ၊ မေးချီကာချီကာ ငေါ့လိုက်ရသဖြင့် ရီးကျီးဒန် ကျေနပ်၏။ သို့ဖြစ်၍ ခင်ခင်ကြီး မကျေနပ်။ ခပ်လိုက်ရသည့်ရေ၊ စဉ်းလိုက်ရသည့် နွားစာ၊ ကောက်ရိတ်ကောက်စိုက်၊ စပါးနယ် ပဲနယ် ဖားဖားဝေနေပါတကား။ အားလပ်ခိုက် ခဏတစ်ဖြုတ် ကားတွန်းကလေး ၀တ္ထုကလေး ဖတ်မိခြင်းသည် အပြစ်လော။ မကျေနပ်ငြား ခင်ခင်ကြီး မချေပ၀ံ့ပါ။ ခုနက ဖင်ထိုင်ခုံကို အမေကြီးလက်ဖြင့် ထိလိုကသည်ကို မြင်လိုက်ပြီး ဖြစ်သည်။

    "ကျောင်းမနေတော့ရင်လည်း စီးပွားဘက်ကို ကျားစီးဖားစီး အာရုံစိုက်ပေါ့။ ထိုင်နေသလား မေးရင် အမေ့မြေး ထိုင်မနေရပါဘူး။ မိးဖိုချောင်ဝင်ရင် ဆားအိုးက ဟောင်းလောင်း၊ ငါးပိအိုးက ပွင့်လို့၊ ဆီပုလင်းအဆို့ရှာမတွေ့ဘူး၊ ကြက်သွန်တောင်းထဲမှာ မြွေအောင်းမှာ ကြောက်ရတယ်"

ကြက်သွန်ထည့်သော တောင်းထဲမှာပင် ငရုပ်အညှာခြွေ၊ ကြက်သွန်အခွံသင်သည်။ ပြီးလျှင် သွားပစ်မည်စိတ်ကူးဖြင့် ထားသည်။ မပစ်မိ၊ မစွန့် မသွန်မိ။ မပစ်မိကြိမ်များလာသောအခါ ကြက်သွန်တောင်းသည် ဆင်နေ ကျားအောင်း ဖြစ်လာ၏။

"အိမ်အလုပ်၊ လယ်အလုပ်သာ အမေ့မြေးက အဖြစ်မရှိတာ၊ အခုရည်းစားနဲ့ဖြစ်နေပြီ။ ဟဲ့ နင့် အသက် ငယ်သေးတယ်၊ ထမင်းဟင်းမှ လူစဉ်မီအောင်မချက်တတ်သေးဘူးပြောပေမဲ့ ငပြောပါပဲ အမေရာ ကျုပ်တော့ သေသာသေချင်တာပဲ"
    သည်ကိစ္စကို ကိုထွန်းရ သိသေးဟန်မတူ။ သိလျှင်လည်းစဉ်းစားနေမည်မဟုတ်၊ တွေးနေမည်မဟုတ်။ သို့အတွက် ရီးကျီးဒန်မှာ မမေးချင်ဘဲ မေးရသည်။
    "ဘယ်က ဘယ်သူ့သားသမီးတဲ့လဲအေ၊ ပြောပဲ ပြောစမ်းပါဦး"
    "လင်းပင်စုက ငကြွက်သား"
    "အမယ်လေး… မျိုးကောင်းရိုးကောင်းပါကလား"

    ပြောသံနှင့်အတူ ရီးကျီးဒန် ပက်လက်လန်ကာ ရင်ဘတ်ကို ဖိ၏ ရီးကျီးဒန် ပက်လက်လန်အောင်၊ ရင်ဘက်ဖိရအောင် ကိုကြွက်က သတင်းမွှေးသည်။ ကိုကြွက်မည်သည့် အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ပါ သနည်း မေးအံ့။ မကောင်းမှုမှန်သမျှ အကုန်လုပ်ပါသည်။ ဖြေရလိမ့်မည်။ ရင်ဘတ်ကိုဖိကာ ရီးကျီးဒန် လှည့်ကြည့်ရင်း "မိုက်လှချည်လား သမီးကလေးရယ်၊ နွားခိုးသတ်တဲ့လူ၊ အရက်ချက်တဲ့လူ၊ ဓားပြရဲ့ သားကိုမှ အေ။ ကြိုက်စရာရှားသလားဟင်" မေးမိ၏။

    သည်နှယ် ရစရာမရှိအောင် နာမ၀ိသေသနတွေ ဆင်ယင်ပေးငြား ခင်ခင်ကြီးမျက်နှာ မညှိုးပါ။ သူ့အမေ ၏ စကားအဆုံးတွင် လှပသောချေပချက်သည် လှစ်ခနဲထွက်၏။
    "ရွှံ့နွံထဲကလည်း လှပမွှေးကြိုင်တဲ့ ပဒုမ္မာကြာ ပေါက်ပါသေးတယ် အမေကြီးရာ"
    မချောစိန် ပါးရွဲ့ပစ်၏။ "လှပပါ့၊ မွှေးကြိုင်ပါ့တော် သရက်ချင်ဘုရားကြီးက ရွှေတွေပွတ်သွားတာ သူမှသူ။ ပုရပိုက်တန်း မှာ ထဘီပျောက်ရင်သူ။ အက်ႌေပ်ာက္ရင္သူပဲတဲ့။ ဒါထက်မွှေးရဦးမှာလား" ခါးကုန်းကာ လည်စောင်း ကာပြော၏

    "အခုသူဘာလုပ်သတဲ့တုံး၊ ကျောင်းနေသေးလား"
    ရီးကျီးဒန့်အမေးကြော်င့ ခင်ခင်ကြီး ခေါင်းငုံ့သည်။
    "အထင်မသေးနဲ့အမေရေ့၊ ငါးတန်းကို ငါးခါကြီးများတောင်ကျပြီး ကျောင်းထွက်ထားတာ တဲ့။ အလုပ် အကိုင် ကတော့ ကျုပ်ပြောသလိုပေါ့ အမေရာ၊ ဟိုဟာခိုး သည်ဟာခိုး မစားရတစ်ချက် စားရ တစ်ချက်ပေါ့။ ဘုရား ဆင်းတုတော်တွေ ပျောက်သွားတယ်၊ ခေါင်းလောင်းတွေ အခိုးခံရတယ်ဆိုရင် ပြောင်ပြောင် ရောင်ရောင် ဖြစ်လာတတ်သတဲ့"
    ရီးကျိးဒန်မှာ ရင်ဘတ်ကို ဖိပြီးရင်း ဖိနေရသည်။ ခင်ခင်ကြီးမှာလည်း မျက်နှာကလေး နီထွေးလျက် မျက်စောင်းထိုးလိုက် ခေါင်းမော့လိုက် ငုံ့လိုက်ဖြစ်နေ၏။

    "ငကြွက်မိဘက သရက်ချင်ကလား၊ ပိုက်တန်းကလား"
    သူ့သား၊ သူ့သမီးအရွယ် ရွာနီးချုပ်စပ်သားများသည် ရီးကျီးဒန်နှင့် စိမ်းပြီမို့မေးယူရသည်။
    "သည်အနီး အနားကကို မဟုတ်ဘူးအမေ။ အုတ်ကြားမြက်ပေါက် ရေမျောကမ်းတင်၊ မုန်းနားဘက်မှာ ခိုးလွန်း လို့နယ်နှင်လိုက်ရာမှာ ဒေါက်ဖိုမှာ ကပ်ရပ်ပေးစာကမ်းစာ စားရင်း သောင်တင်နေတာ"

    ရီးကျီးဒန်မှာ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရာက မြေးမအား စုံမက် ကြင်နာစွာ ကြည့်၏။
    "သမီးလေးရယ်၊ ဓာတ်သိနှမ်းဖတ်ချဉ် မျိုးမှန်ရိုးမှန်တွေ ပြည့်လို့ပါ သမီးရယ်။ မျိုးစေ့မမှန် ပင်မသန်ဖူးတံ ငုံကင်း အသီးဖျင်းသတဲ့။ အလုပ်မရှိ အကိုင်မရှိ သူခိုးသူဝှက်ကို ယူရင်တော့ ငါ့မြေး ဒုက္ခရောက်တော့မှာ"
    ဥသြာသံသည် သာယာကြည်လင်သည့်နည်းတူ တံလျှပ်မျှင်များသည်လည်း တင်မောင်ဝင်း အတွက် ပုလဲမျှင် များဖြစ်ကာ လှပနေသည်။ အရိုးပြိုင်းပြိုင်း သစ်ပင်ချုံန်ွများသည် ပကာသနခြုံထည်ကို စွန့်လျက် တင်မောင်ဝင်း အား ရိုးသားစွာ ကြိုဆိုလျက်ရှိသည်။ ပုရပိုက်တန်း ကုက္ကိုပင် ရိပ်ကိုခွာ၍ တာလမ်းသို့ ကူးလိုက် လျှင် ရမ်းဘိုကုန်းရွာခြေကို ကပ်မိပြီ။ မန်ကျည်းရိုးတံ ခက်လက်သွယ်ထူများသည် ရွာမသို့တိုင် လက်ချင်း ယှက်၏။

    တင်မောင်ဝင်းသည် ဈေးဆိုင်ကလေးတွင် ခင်ခင်ကြီး ရှိမရှိ ငဲ့စောင်းကြည့်၏။ ထို့နောက် တောင်တံခါး နား တွင် ခင်ခင်ကြီးလာတတ်သော အိမ်စုတွင်လည်း ကြည့်၏ မရှိ။
    'သည်ကောင်မလေးဟာ အထူလေးပါ၊ ဘာပြုလို့များ သည်နေရာတွေမှာ ရောက်နေပါလိမ့်'

    ခင်ခင်ကြီးသည် တင်ောမင်ဝင်း အရောင်ပြလိုက်လျှင် အိမ်ပြန်ကာ ရေအိုးဆွဲထွက်လေ့ရှိသည်။ သည်နည်းဖြင့် ချောင်းတိမ် ယာခရိုးများသည် သူတို့မှီခိုရာနေရာများဖြစ်ခဲ့သည်။ ယနေ့မတွေ့ရ။ ဈေးများသွားရော့သလား ဈေးသွားလျှင်လည်း ပြန်လောက်ပါပြီ။ ခငခင်ကြီးတို့အိမ်ကိုလည်း လှမ်းကြည့် သည်။ လယ်ထဲမှ ပြန်လာခါစ ကိုထွန်းရနှင့် ကလေးများသာ။ ခင်ခင်ကြီးရော၊ သူ့အမေပါ အရိပ် အယောင် မမြင်ရ။ တင်ောမင်ဝင်း မျှော်လင့်စရာမှ တစ်နေရာသာ ရှိတော့သည်။ သူ့ဘနှင့်အမေကြီးအိမ်။

    တင်မောင်ဝင်း ခြေလှမ်းသွက်သွက်လှမ်းသည်။ မျက်နှာကို အင်္ကျီလက်ဖျား အတွင်းပိုင်းနှင့် သုတ်သင်သည်။ ဆံပင်ကို လက်ဖြင့်သပ်သည်။ ရပြီ။ သည်မျှဆိုပါက ကြည့်ပျော်ရှုပျော်ရှိပြီ။ အိမ်အောက် တွင် မြေးအဘွားသုံးယောက် ထိုင်နေကြသည်ကို အဝေးမှပင် မြင်ရသည်။ ခင်ခင်ကြီးကလည်း လှမ်းကြည့် နေသည်။ လက်ဟန်ပြမည့် ဟန်ပြင်ငြား မပြသာ။ သူ့အမေနှင့် အမေကြီးပါ ကြည့်နေသည်။

    "အို…အမေကြီးတွေ မှုန်တိမှုန်ဝေနဲ့ မြင်မှာမဟုတ်ပါဘူး"အထင်ဖြင့် လက်ကို ခေါင်းပေါ်တင်စဉ် မမျှော်လင့် သော အသံကို ကြားရ၏။
    "သူငယ်လေး… အမ်ထဲဝင်ပါဦးကွယ့်"
    လှမ်းအော်သူ မှာ မချောစိန်။ အော်ပြောရသော အကွာအဝေးသည် လမ်းပေါ်ရှိလူသာ ဖြစ်ရမည်။ လမ်းပေါ် တွင် မိမိသာရှိသည်။ ဒေါ်ချောစိန် လည်ရှည်နေပုံကလည်း မိမိဘက်သို့။ တင်မောင်ဝင်း ခြေလှမ်း မှားချင်ပြီ။ ဆုတ်ပြေးရမည်လော။ မ၀င်ဘဲ ဆက်သွားရမည်လော။ အတွေးကို "သည်ကခေါ်တာပါကွယ့်၊ လာပါဦး" အော်သံနှင့်အတူ မချောစိန် သွက်သွက်လှမ်းထွက်လာ၏။

    "ဘာကိစ္စလဲ"
    မချောစိန်မှာ မျက်နှာကွက်ကခနဲ ဖြစ်၏။ ရိုသေရမည့်အရွယ်ကို သည်လေသံ၊ သည်စကားလုံးမျိုးဖြင့် သုံးနှုန်း ဆက်ဆံသူသည် မချောစိန့်ဝန်းကျင်၌ မရှိချေ။
    "မေးမြန်းစရာ ကလေးရှိလို့ပါကွယ်၊ လာပါ။ ခွေးမရှိပါဘူး။ အဲ…အဲခေါင်းငုံ့၊ ဟုတ်ပြီထိုင်ထိုင်၊ ဖျာပေါ် မှာထိုင်"
    ရီးကျီးဒန်သည် မျက်လုံးရှုံ့လျက် တင်မောင်ဝင်းအား ကြည့်၏။ သူ့မြေးကိုကိုကြီး၊ ခင်မောင်ငြိမ်း မောင်မောင်လှ တို့နည်းတူ မသပ်မရပ်ပါတကား။ အင်း…မျက်နှာထားက ခပ်ရိုင်းရိုင်း၊ မျက်လုံးများက မရိုး မသား ပါတကား။ မချောစိန်ရင်၌ ဘယ်လိုခံစားရမည်မသိငြား၊ ရီးကျီးဒန်မှာ ဤနှယ်သာ မှတ်ချက် ချမိ၏။

    မချောစိန်က စကားစလိုက်သဖြင့် တင်မောင်ဝင်း၏ မျက်လုံးများသည် ခင်ခင်ကြီးထံမှ ရုပ်သိမ်း၏။
    "ငါ့တူရဲ့နာမည်က တင်မောင်ဝင်း၊ အဖေက ဦးကြွက် လင်းပင်စုမှာနေတယ်ဆိုဟုတ်လား"
    "ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"

    "ဘာမှတော့မဖြစ်ပါဘူးကွယ်၊ ဟောသည်က ငါ့သမီးနဲ့ လူငယ်တို့ဘာဝ မေတ္တာရှိနေကြတယ်ဆိုတာ ဟုတ်သလားလို့ပါ။ အရီးက သိချင်လို့ မေးတာပါကွယ်၊၊ အပြစ်တင်မလို့ မဟုတ်ပါဘူး"
    တင်မောင်ဝင်းမှာ မသင်္ကာစိတ်များဝင်လာဟန်ဖြင့် ကိုယ်ကိုယို့လိုက်ရာက "ဘယ်သူပြောလဲ" ပြန်မေးသည် မချောစိန်မူ မည်းခနဲ ဖြစ်သွားသော မျက်နှာကို ချက်ချင်းပြင်၏။
    "ငါ့တူတို့ ယာကြားမှာ စကားပြောပြောနေတာ လူတိုင်းလိုလို မြင်နေရတာပဲကွယ်။ အဲသည်တော့ ငါ့တူမှာ ဘာအလုပ်ရှိသလဲ၊ တစ်ဦးနဲ့ တစ်ဦး မေတ္တာရှိရင် အလုပ်အကိုင်ရှိမှ ဖြစ်တော့မပေါ့"
    တင်မောင်ဝင်း ခေါင်းတစ်ချက်ခါသည် ခင်ခင်ကြီးအား ရှုတ်ချအကြည့်ဖြင့် ကြည့်သည်။

    "သူ့ဘာသာသူကြိုက်နေတာ ဘယ်တတ်နိုင်မတုံးဗျ။ အဲဒါနဲ့ ကျုပ်အလုပ်မရှိတာ ဘာဆိုင်သလဲ။ အသည်းနှလုံးဆိုတာ အလုပ်ရှိမှ ကြိုက်ရမယ်၊ အလုပ်မရှိရင် မကြိုက်ရဘူး အမိန့်ပေးလို့ မရဘူးဗျ။ ဒါဟာ လောက နိယာမ တရား။ ကျုပ်တို့ကြိုက်တာ မကြိုက်တာဟာ ကိုယ်ရေးကိုယ်တာပါ၊ ဘာမှ ၀င်ရောက် စွက်ဖက် နိုင်ခွင့်မရှိဘူး၊ ဒီမယ်…"
    မချောစိန်၏ ဒေ၀စ္ဆရာမျက်နှာသည် သရဲသဘက်သို့ ပြောင်းလွဲသွားသည်နှင့် တစ်ပြိုင်နက်တည်း အိုးလက် ခွက်ကိုင်သော လက်ဝါးကြမ်းကြီးသည် လေထဲသို့ မြောက်တက်သွားလေ၏။



ရီးဆေးရိုး ၏ မှုန်သီဝေမျက်လုံးအစုံက ထန်းရွက်ကြားတွင် ထိုးထားနေကျ ဓားမကိုရှာဖွေသည်။ သည်မျှ အပြောအဆို ရိုင်းစိုင်းသူနှင့် သည်မျှ အောက်တန်းကျသူကိုမှ ရှာရှာဖွေဖွေ ကြိုက်တတ်သော မြေးမကို နုပ်နုပ် စဉ်းပစ်ရန် ဖြစ်သည်။ သို့သော် မသင့်ပါတကားဟူသော အသိနျင့်အတူ မျက်လုံးကို ပွတ်လျက် နွားစာ ခေါင်းပေါ် မှ ဆင်းသည်။ ဆေးလိပ်တိုတို မီးညှိလျက် ဆေးလိပ်မီးတရဲရဲဖြင့် အိမ်အောက်သို့ ၀င်ရန် ခေါင်းငုံ့စဉ် သူ့သမီး၏လက်လေထဲ ၀ဲပျံသည်ကို မြင်၏။ ငါးပိဿာဝင်အိုး အပျော့စားကိုလက်ခတ်ကြမ်းဖြင့် ရိုက်ဘိ သကဲ့သို့ အသံကြီးထါက်လာသည်။ သူစိမ်းသူငယ်၏ မျက်နှာ လည်ထွက်သွားစဉ် လက်သည် ထပ်မံမြင့်တက်ပြန်သည်။

    "မိကောင်းဖခင်သားသမီးမှတ်လို့ လူလိုခေါ်ပြီး ဆွေးနွေးတာဟေ့၊ အုတ်ကြားမြက်ပေါက် မိမစစ် ဖမစစ် မှန်းသိတော့ ဟောသည် ဟောသည်လို ဟော…"
    "ဟဲ့…လွန်မယ်၊ လွန်မယ်"
    ရီးဆေးရိုးသည် လူကြီးပီပီ ဆုံးမစကားဖြင့် ငုံ့ဝင်ခဲ့ငြား ရီးကျီးဒန်ကား ဖင်ထိုင်ခုံတရွယ်ရွယ်ဖြင့် ချက်ကောင်း ကို ရှာနေသည်။ "အစ်ကို့ကို မနှိပ်စက်ကြပါနဲ့"ဟူသော ခင်ခင်ကြီး အသံလည်း ပေါ်လာသည်။

    တင်မောင်ဝင်းသည် မချောစိန် ဖိရိုက်ဖိကန်နေသည့်ကြားက လူးလဲထသည်။ ရိုက်သမျှကို လက်မောင်းဖြင့် ကာနိုင်ပြီ သို့ရာတွင် အိမ်မှာနိမ့်သဖြင့် ပြန်လန်ခုခံအားမရှိ။ မရှိသည့်ကြားက မချောစိန်ကို တွန်း ပစ်သည်။ မချောစိန် ယိုင်ပြီး ဖင်ထိုင်အလဲတွင် ခင်ခင်ကြီးအော်ပြန်သည်။
    "အစ်ကို..အမေ့ကိုမလုပ်ပါနဲ့"
    ပွဲထဲသို့ ခင်ခင်ကြီးဝင်ရန် ကုန်းထနေစဉ် ရီးကျီးဒန်၏ ဖင်ထိုင်ခုံက တင်မောင်ဝင်း၏ မျက်နှာကို ထိုးသည်။ တင်မောင်ဝင်း ပုတ်ထုတ်ရာ ကုန်းထနေသော မချောစိန့်နဖူးကို ခုတ်မိတော့သည်။ မချောစိန် နဖူးကို ခုတ်မိချိန်တွင် အနားသို့ ခင်ခင်ကြီးရောက်လာပြီ။

    "ဟင် နင် နင်…ငါ့အမေကို လုပ်တယ်ပေါ့လေ"
    "လုပ်တယ်ဟေ့ လုပ်တယ်၊ မြွေပွေးဆိုတာ ဘယ်တော့မှ အထိမခံဘူး၊ သိရဲ့လား"
    ခင်ခင်ကြီးသည်တင်မောင်ဝင်းကို ပါးရိုက်ရန် လက်ရွယ်သည်။ သည်ခဏ၀ယ် ရီးဆေးရိုး အပြေးဝင်သည်။ "သမီး သွားသွား"ဆိုကာ ခင်ခင်ကြီးကို နောက်သို့တွန်းလွှတ်၏။ သို့တစေ တင်မောင်ဝင်းကိုကား မတွန်း။

    "ကောင်လေး သွားတော့ သွားတော့"
    "သွားမှာပါပဲ"
    နဖူးမှသွေး၊ ပါးစပ်မှသွေးကို လက်ဝါးဖြင့် သုတ်ရင်း ရီးဆေးရိုးအား ရန်စောင်၏ ရီးဆေးရိုး သည်းခံသည်။ အိမ်အောက် မှ သူ့မြေးထွက်မလာလျှင် တော်ပါပြီ။
    "ငါ့အမေကိုလုပ်တာ နင့်ကို တစ်သက်မကျေဘူး။ နောက်တစ်ခါ အိမ်ရှေ့ကဖြတ်လျှောက်ရင် ပါးကို ဖိနပ် နဲ့ထွက်ရိုက်မယ်"
    "ရိုက်ရဲရိုက်ကြည့်ပါလား"

    ခင်ခင်ကြီးသည် သူ့အမေ၏နဖူးမှ အဖူးအရောင်ကို လက်ဝါးပူတိုက်ပေးရာက အယုတ္တအနတ္တတွေ ဆဲသော အခါ ရီးဆေးရိုးဟန့်ရပြီ။
    "တော်စမ်း တိတ်စမ်း၊ ပြောနေတာမရဘူးလား၊ ဟေ့သူငယ်သွားသွား၊ သွားတော့"
    အိမ်ဝိုင်းအပြင် ဖုန်တောထဲသို့ တင်ောမင်ဝင်း ရောက်သွားလျှင် ရီးဆေးရိုးပြုံးမိ၏။ ထိုနည်းတူ နဖူးတွင် ဒဏ်ရာ ရလိုက်သော မချောစိန်မှာလည်း နာကျင်စပ်ဖျဉ်းသည့်ကြားက ပြုံးနေမိသည်။
    တံတွေးဖြင့်ဆက်ထားသော ကြိုးနှစ်ချောင်း၏အဆက်သည် ယာယီအားဖြင့် ခါးခါးတူးတူး ပြတ်တောက် သွားပြီမဟုတ်လား။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂)

အခန်း (၂)

ခရိတ်သည် နယူးယောက်မြို့ ပဥမရိပ်သာ လမ်းပေါ်တွင် တက္ကစီ ကားတစ်စီး ငှားစီး သွားရင်း စိတ်တွေ ဂနာမငြိမ် ဖြစ်နေလေသည်။ သူ၏ ဘ၀ကို မကျေနပ်သိလို ငြီးငွေ့သလိုလည်း ဖြစ်နေသည်။

    အမှန်တော့ သူသည် အလွန်နာမည်ကျော်ကြား လူကြိုက်များသော ၀တ္တုစာအုပ်များ ရေး၍ ၀င်ငွေ အထူး ကောင်းသူ ထိပ်တန်း စာရေးဆရာတစ်ဦး ဖြစ်သည်။
    [မှတ်ချက်။     ။သူ၏နာမည် အပြည့်အစုံမှာ ခရိတ်မယ်လို ဖြစ်သည်။ သို့သ်ာမြန်မာ စာဖတ်ပရိသတ် မှတ်သားရ လွယ်ကူစေရန် ခရိတ်ဟူ၍ ရေးသွားသွားမည် ဖြစ်ပါသည်။]
    သူသည် တက္ကစီကားပေါ် ထိုင်လိုက်လာသော်လည်း သူ၏စိတ်တွေက အဝေးသို့ ရောက်နေသည်။ နယူးယောက်မြို့ကြီးပေါ်မှ ကတ္တရာလမ်းတွင် တက္ကစီကား စီးရခြင်းထက် အာဖရိက တောတွင်းလမ်း များပေါ်၌ လင်းရိုဗာကား စီးရတာကမှ ပိုကောင်းသေးသည်ဟုလည်း ထင်နေမိလေသည်။

    စင်စစ်အားဖြင့် သူသည် အာဖရိကတိုက် ယခု ဇင်ဘာတွေဟု ခေါ်သော နိုင်ငံသား ဇာတိဖြစ်သည်။ မိဘမျိုးရိုး အားဖြင့် မျက်နှာဖြူလူမျိုး ဖြစ်သော်လည်း ဇင်ဘာဘွေသို့မဟုတ် ယာခင် အမည် ရိုဒီရှား နိုင်ငံ တွင် မွေးဖွားကြီးပြင်းလာသဖြင့် အာဖရိက တိုက်သားစစ်စစ် ဖြစ်လေသည်။

    သူသည် ယခု ကမ္ဘာပေါ်တွင် ကြီးကျယ်ခမ်းနားဆုံး မြို့တစ်မြို့ဖြစ်သော နယူးယောက် မြု့ကြီးသို့ ရောက်နေ သော်လည်း စိတ်ကြည်လင် ပျော်ရွှင်ခြင်း မရှိချေ။ သူ၏ ဇာတိ နေရပ် အာဖရိကတိုက် ဇင်ဘာဘွေ နိုင်ငံကိုသာ လွမ်းဆွတ် အောက်မေ့သလို တမ်းတသလို ဖြစ်နေမိသည်။ ဇင်ဘာဘွေ နိုင်ငံ အတွင်း ဖြတ်သန်းစီးဆင်းသော ဇမ်ဘေဇီ မြစ်ကြီးနှင့်တကွ မြစ်ရိုးတစ်လျှောက် သဘာဝ တောတောင် ရေမြေ ရှုခင်းများကိုလည်း မြင်ယောင်နေမိသည်။

    အာဖရိကတိုက်သား ခရိတ်သည် သူ၏ ဇာတိ နေရပ် အာဖရိကကိုပင် လွမ်းနေမိပြီ ဖြစ်သည်။
    ခရိတ်သည် စိတ်တွေ မတည်မငြိမ် ဖြစ်နေသဖြင့် စီးကရက် သောက်ချင်သလို ဖြစ်လာကာ  ဆေးလိပ် သောက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူသည် ဆေးလိပ် ဖြတ်ထားပြီးဖြစ်ကြောင်း ချက်ချင်း သတိရ မိသဖြင့် အသာငြိမ်နေလိုက်သည်။

    နယူးယောက်မြို့၏ ရှုခင်းသည် အလွန်ခေတ်မီလှပပြီး ရှုမငြီးအောင် ရှိလင့်ကစား ခရိတ်အဖို့မှာ အာဖရိကတိုက်၏ တောတောင် ရေမြေ ရှုခင်းများကမှ ပို၍ သာယာကြည်နူးဖွယ် ကောင်းသည်ဟု ထင်မိ လေသည်။

    သူသည် နယူးယောက်မြို့ကြီး၏ အိမ်ခြေ တိုက်တာများ၊ မြောက်မြားစွာသော မော်တော်ယာဉ်များ၊ မြို့သူ မြို့သားများ အကြားဝယ် အသက်ရှုကျပ်သလိုလည်း ဖြစ်မိလေသည်။ သူ၏စိတ်ထဲမှ အာဖရိကတိုက်၏ ကျယ်ပြန့် လွတ်လပ်စွာသော လွင်တီးခေါင် တောတောင် ရှုခင်းများနှင့် အမြဲတမ်း မြင်နေရသော ကျယ်ပြန့်သည့် ကောင်းကင်ပြင်ကြီးကိုလည်း သတိရ တမ်းတနေမိလေသည်။
    တက္ကစီ မော်တော်ကားသည် ရုတ်တရက် ရပ်သွားပြီး ယာဉ်မောင်းသူက
    "ဆယ့်ခြောက်လမ်းကို ရောက်ပြီခင်ဗျ" ဟု ပြောလိုက်သည်။

    ခရိတ်သည် ဆယ်ဒေါ်လာတန် ငွေစက္ကူ တစ်ရွက်ကို ဒရိုင်ဘာအား ထုတ်ပေးရင်း-
    "ပိုတဲ့ အကြွေကိုတော့ ခင်ဗျားပဲ ယူလိုက်ပါတော့" ဟု ပြောကာ ကားပေါ်မှ ဆင်းလိုက်သည်။
    ထို့နောက် သူ ရှာဖွေသည့် စားသောက်ဆိုင်ကို လှမ်းမြင်သဖြင့် ဆက်လျှောက် သွားလေသည်။ 

    လမ်းလျှောက်ရာ၌ သာမန်လူကောင်း တစ်ယောက်ကဲ့သို့ ဣနြေ္ဒမပျက် လမ်းလျှောက် သွားသော်လည်း စင်စစ်အားဖြင့် ခရိတ်၏ခြေတစ်ဖက်မှာ ဒူးဆစ်မှ ဖြတ်ထားရပြီး သစ်သားခြေတု တပ်ဆင်ထားလေသည်။ သို့သော် ဣနြေ္ဒမပျက် လမ်းလျှောက်နိုင်သောကြောင့် သူ၏ခြေတစ်ဖက် ပြတ်နေခြင်းကို ရုတ်တရက် မည်သူမှ မရိပ်မိနိုင်ချေ။
    စားသောက်ဆိုင်အတွင်းရှိ ရောက်သွားသောအခါ သူ၏ကိုယ်စားလှယ် (သို့မဟုတ်) မန်နေဂျာဖြစ်သူက ခရိတ်ကို လှမ်းမြင်ပြီး သူ၏စားပွဲသို့ ခေါ်လေသည်။

    "ဟဲလို ခရိတ်၊ ခင်ဗျားကို ကြည့်ရတာ ကျန်းမာလန်းဆန်းလို့ ပါပဲလား"
    အက်ရှီက ခရိတ် ပခုံးတစ်ဖက်ကို ရင်းနှီးစွာ ပုတ်ရင်း ပြောလိုက်သည်။
    [မှတ်ချက်။      ။ နိုင်ငံခြားမှ နာမည်ကြီး စာရေးဆရာများသည် မိမိတို့၏ စာမူများနှင့် ပက်သက်၍ ပုံနှိပ် ထုတ်ဝေရေး၊ ငွေရေးကြေးရေး ကိစ္စများကို တာဝန်ယူဆောင်ရွက်ရန် ကိုယ်စားလှယ် "ဧဂျင်း" သို့မဟုတ် မန်နေဂျာများ ထားလေ့ရှိသည်။ ယခုလည်း ခရိတ်က သူ၏ ကိုယ်စားလှယ်အဖြစ် အက်ရှီဆိုသူအား တာဝန် ပေးထားခြင်း ဖြစ်သည်။ မြန်မာပြန်သူ]
    ယခု အက်ရှီနှင့် ချိန်းထားသဖြင့် ခရိတ်က ဤစားသောက်ဆိုင်သို့ လာခဲ့ခြင်း ဖြစ်သည်။

    အက်ရှီသည် ရွှေကိုင်းမျက်မှန် တပ်ထားပြီး အ၀တ်အစားကို သားနား သပ်ရပ်စွာ ၀တ်စားလေ့ရှိသူ ဖြစ်သည်။  လူနေမှု အဆင့်အတန်းမြင်မြင့် အထက်တန်းကျကျ နေတတ်သူ ဖြစ်သည်။ ဆေးလိပ်သောက် ရာ တွင် အကောင်းဆုံး ဈေးအကြီးဆုံး ဆေးလိပ်အမျိုးအစားကိုမှ သောက်လေ့ရှိသူ ဖြစ်သည်။
    "ဒီစားသောက်ဆိုင်က အတော်ကလေး သားနားပါကလားဗျ၊ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီဆိုင်ကို ရှာတွေ့ တာလဲ"
    ခရိတ်က ဆိုင်အတွင်း လှည့်ပတ်ကြည့်ရင်း မှတ်ချက်ချသလို ပြောလိုက်ရာ အက်ရှီက သူ့ကိုယ်သူ သဘောကျ ဟန်ဖြင့် ပြုံးလိုက်သည်။

    "ဒါတော့ ဗျာ ကျုပ်က ခါဆိုင်းသွားလာနေကျ စားသောက်ဆိုင်တွေကို ကြာတော့ ငြီးငွေ့လာလို့ ဆိုင် ကောင်းကောင်း လိုက်ရှာတုန်း၊ ဒီဆိုင်ကို တွေ့တာပါ။ နောက်အကြောင်း တစ်ခု ရှိသေးတယ်ဗျ၊ ဒီမယ် ခရိတ်၊ ကျုပ်က ခင်ဗျားကို အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံစေချင်လို့ပါ"
    ပြောပြော ဆိုဆို အက်ရှီသည် ပြုံးလျက် သူ၏ ဘေးနားရှိ မိန်းကလေးတစ်ဦးအား ညွှန်ပြလိုက်သည်။

    သူမသည် စောစောပိုင်းက ဘာသိဘာသာနေရာမှ ယခု အက်ရှီက မိတ်ဆက်ပေးလိုက် တော့မှ ခရိတ် အား လက်ဆွဲနှုတ်ဆက်ရန် သူမ၏ ညာလက်ကို ဆန့်တန်း ပေးလိုက်သည်။
    ခရိတ်သည်  ယဉ်ကျေးမှုထုံးစံအရ မိန်းကလေး၏ လက်ကိုကိုင်ပြီး လက်ဆွဲ နှုတ်ဆက် လိုက်သည်။ သူမ၏ လက်သည် သေးသွယ်ပြီး အချိုးကျနေသော်လည်း လက်ချောင်းများ ထိပ်ဖျားတွင် ခပ်ကြမ်းကြမ်း ဖြစ်ကာ မာကျော နေသဖြင့် အလုပ်ကြမ်းလုပ်ဖူးသူတစ်ဦး ဖြစ်ရမည် ဟု ခရိတ်က ကောက်ချက်ချမိလေသည်။
    ဆက်လက်၍ သူမ၏ မျက်နှာ ကို အကဲခတ် ကြည့်လိုက်ပြန်သည်။ 

    အမျိုးသမီး၏ မျက်လုံးများက အစိမ်းရောင် အဆင်းရှိပြီး အထူးတောက်ပြောင်လှပလျက် မျက်ခုံးကလည်း မျက်နှာ နှင့် အဆင်ပြေ ပနံရကာ ကြည့်ကောင်းနေပေသည်။ ခြုံ၍ သုံးသပ်ရလျှင် လှပ ကြော့ရှင်းသော မိန်းကလေး တစ်ယောက်ပေတည်း။
    သူမသည် ခရိတ်အား မျက်နှာချင်းဆိုင်လျက် တိုက်ရိုက်ပင် လှမ်းကြည့်နေရာ ခရိတ်၏ စိတ်ထဲ၌ ဤအမျိုးသမီး သည် အလွန်ရိုးသား ပွင့်လင်းသူ ဖြစ်ရမည်ဟု ယူဆမိလေသည်။ 
    "ကိုင်း ဆယ်လီ၊ ဟောဒါက ကျုပ်ပြောတဲ့ စာရေးဆရာ မစ္စတာ ခရိတ်ဆိုတာပဲ"
    အက်ရှီက မိတ်ဆက်ပေးလိုက်သဖြင့် ခရိတ်လည်း မိန်းကလေး၏ နာမည်မှာ ဆယ်လီဖြစ်ကြောင်း သိရ လေသည်။ တစ်ချိန်တည်းမှာပင် အက်ရှီက ဆယ်လီအား ခရိတ်၏နာမည်ကိုပါ ကြေညာ မိတ်ဆက်ပြီးသား ဖြစ်သွား လေသည်။

    ခရိတ်သည် သူမ၏မျက်နှာကို ကြည့်လိုက်ပြန်သည်။ သည်တစ်ခါတော့ မိန်းကလေး၏ နှာတံနှင့် ပါးစပ် တို့ကို လေ့လာကြည့်နေမိသည်။
    ထိုအခိုက်မှာပင် ဆယ်လီအမည်ရှိ အမျိုးသမီးက ခရိတ်အား  လှမ်းစကားပြောလေသည်။
    "ကျွန်မ ရှင့်ရဲ့ နောက်ဆုံးစာအုပ်ကို ဖတ်ပြီးပြီးရှင့်၊ စာအုပ်ထဲပါတာတွေက အလွန်သဘာဝ ကျတယ်လို့ ယူဆ မိပါတယ်"
    စကားပြောလိုက်သည့် အသံကလည်း အလွန်သာယာကြည်လင်ပေသည်။ သို့သော် ယခု ဆယ်လီ ပြောလိုက်ခြင်း သည် မိမိအား ချီးကျူးခြင်းလော၊ ဝေဖန်သည့် သဘောဖြစ်နေသလောဟု ဝေခွဲ၍ မရချေ။

    "ဟုတ်ပါတယ် ရှင့်၊ အဲဒီစာအုပ်က တော်တော်ကောင်းပါတယ်"
    ဆယ်လီက ထပ်ပြောလိုက်တော့မှ ခရိတ်သည် သဘောကျ ကျေနပ်သွားမိလေသည်။ သူ ကျေနပ် သွားပုံ ကို ပြသည့်အနေဖြင့် ဆယ်လီ၏ လက်တစ်ဖက်ကိုလည်း ဆုပ်ကိုင်လိုက်သည်။ သို့သော် သူမက လက်ကို ချက်ချင်း ပြန်ရုပ်လိုက်သည်။
    "ကဲပါ၊ ဟောဒီက မိတ်ဆွေကြီး အက်ရှီကို ကျုပ်တို့အတွက် ယမကာ တစ်ခွက်စီ ၀ယ်တိုက်ခိုင်းကြရင် ကောင်းမယ် ထင်တယ်"
    ခရိတ်က ဆယ်လီအား ရွှန်းရွှန်းစားစားကြည့်ရင်း ပြောလိုက်ရာ အက်ရှီကလည်း အလိုက်သိစွာနှင့်ပင် အကောင်း ဆုံး ယမကာတစ်ခွက်စီ မှာယူပေးလေသည်။

    စားပွဲထိုးက အရက်ခွက်များ လာပေးချိန်တွင် အက်ရှီက 
    "ကျုပ်တို့ရဲ့ ဧည့်သည် နောက်တစ်ယောက် လာဖို့ရှိသေးတယ်၊ သူ့အတွက် ယမကာကိုတော့ သူလာ မှပဲ မှာတော့မယ်"
    ဟု ပြောလိုက်ပြီးမှ ခရိတ်နှင့် ဆယ်လီတို့ဘက်သို့ လှည့်၍
    "ကိုင်း၊ ဆယ်လီက မင်းရဲ့လက်ရာတွေကို မစ္စတာခရိတ်သိသွားအောင် ပြလိုက်စမ်းပါ" ဟု ပြောလိုက် သည်။
    ခရိတ်ကလည်း ဆယ်လီအားကြည့်ရင်း
    "ကောင်းသားပဲ၊ ကြည့်ရအောင် ပြစမ်းပါဦး"ဟု ပြောလိုက်သည်။

    ဆယ်လီသည် ကုလားထိုင် ဘေးနားမှ ကြမ်းပြင်ပေါ် ချထားသော ကတ်ထူဖုံးနှင့် ဖိုင်တစ်ခုကို ကောက်ယူပြီး ခရိတ်ရှေ့နား စားပွဲမှာ ချပေးလိုက်သည်။
    ဖိုင်တွဲကို ဖဲကြိုးဖြင့် သပ်ရပ်စွာ ချည်နှောင်ထားလေရာ ဆယ်လီက ဖဲကြိုးကို ဖြေ၍ ခရိတ်အား ဖွင့်ကြည့် ရန် လှမ်းပေးလေသည်။
    ခရိတ်လည်း ဖိုင်၏အဖုံးကို လှန်ကြည့်လိုက်ပြီး အလွန်အံ့အား သင့်သွားမိလေသည်။

    ဖိုင်တွင်း၌ကား အလွန်လက်ရာမြောက်သော ဓာတ်ပုံများ ပါရှိလေသည်။ ဗိသုကာ အနုပညာ လက်ရာ ပြောင်မြောက် လှသော ရှေးဟောင်း အဆောက်အအုံ ဘုရားရှိခိုးကျောင်း စသည့်တိုကို အလွန် သေသပ် လှပ စွာ ရိုက်ကူးထားသော ဓာတ်ပုံများပင်ဖြစ်သည်။
    ခရိတ်အနေဖြင့် အထူးတလည် စိတ်ဝင်စားမိသော ဓာတ်ပုံတစ်ပုံကို ငေးစိုက်ကြည့်နေ မိလေသည်။ ဓာတ်ပုံ က အာဖရိကတိုက်မှ ဆင်ထီးကြီးတစ်ကောင်၏ ပုံဖြစ်ပြီး ရိုက်ကူးထားသော ဓာတ်ပုံလက်ရာ က အလွန်ပင် အနုပညာမြောက်လှပေသည်။

    ဆင်ထီးကြီး၏ အနေအထားက ဓာတ်ပုံရိုက်သည့် ကင်မရာဘက်သို့ တည့်တည့်ကြည့် နေပြီး ဆင်နားရွက်ကြီး နှစ်ဖက်က ဘေးသို့ ကားထွက်နေသည်။ အနေအထားက အလွန်ခံ့ညား နေသည်။
    ဓာတ်ပုံတွင် ဆင်ကြီးနှင့်အတူ အာဖရိကတိုက်၏ သဘာဝ ရှုခင်းကိုပါ မြင်နေရလေသည်။ ဆေးရောင်စုံ ဓာတ်ပုံ ဖြစ်၍ နီကျင့်ကျင့် အဆင်းရှိသော အာဖရိကတိုက်၏ ဘသာဝ မြေပြင်နှင့်တကွ ကောင်းကင်ပြင် ကျယ်ကြီး တို့သည်လည်း ဓာတ်ပုံတွင် တစ်စိတ်တစ်ဒေသ မြင်နေရလေသည်။ ခပ်လှမ်းလှမ်း နောက်ခံကား အဖြစ် ဆီးနှင်းများ ဖုံးအုပ်နေသော တောင်တန်း ကြီးတစ်ခုလည်း ပါရှိနေသည်။
    ဓာတ်ပုံရိုက်သူ၏လက်ရာ အလွန်ကောင်းသဖြင့် သဘာဝရှုခင်း၏ အလှအပကို ရာနှုန်းပြည့် ဖော်ပြနိုင်စွမ်းရှိသော ပုံတစ်ပုံဟု ဆိုရမည် ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ဆယ်လီသည် ဓာတ်ပုံ ရိုက်ကူးခြင်း အတတ်ပညာ အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်း ထင်ရှားလှပေသည်။

    ခရိတ်သည် ဓာတ်ပုံထဲမှ သူ၏ဇာတိရပ်မြေ အာဖရိကတိုက်၏ ရှုခင်းကို မြင်လိုက်ရသည်တွင် စိတ်တွေ လှုပ်ရှား လာမိလေသည်။ အာဖရိကတိုက်ကို အထူးပင် လွမ်းဆွတ် သတိရသလို ဖြစ်လာမိသည်။
    "ဒါထက် ဆယ်လီက ဘယ်အရပ် ဇာတိများလဲ"
    ခရိတ်က မေးလိုက်ရာ ဆယ်လီက ချက်ချင်းပင် သွက်လက်စွာ ပြန်ဖြေလေသည်။
    "ကျွန်မရဲ့ဇာတိချက်ကြွေ အရပ်ကတော့ အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ် ဒင်ဗျာမြို့က ဖြစ်ပါတယ်။ ကျွန်မရဲ့ ဖခင်ကြီးက လန်ဒန်မြို့ အမေရိကန်သံရုံးမှာ တာဝန် ထမ်းဆောင် ကြာပါပြီ။ ကျွန်မ ကိုယ်တိုင် အင်္ဂလန်နိုင်ငံမှာပဲ ပညာသင်ကြားပေးခဲ့ပါတယ်။ ကျွန်မက ဆယ့်ရှစ်နှစ် သမီးအရွယ်တုန်းက အာဖရိက တိုက်ကို အလည်အပတ် ရောက်သွားပြီးတော့ အဲဒီ အချိန်ကစပြိး ကျွန်မဟာ အာဖရိကတိုက်ကို သံယောဇဉ် ကြီးစွာနဲ့ ချစ်ခင်မြတ်နိုးခဲ့ပါတယ်"

    ခရိတ်သည် နောက် ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်ပြန်သည်။
    ထိုပုံတွင် အာဖရိကတိုက်မှ တိုင်းရင်းသူ ကပ္ပလီ အမျိုးသမီးတစ်ဦး ကလေးငယ်အား ရင်ခွင်ပိုက်၍ နို့တိုက် နေပုံ ဖြစ်သည်။ ထို အမျိုးသမီး ၀တ်ဆင်ထားပုံအရ အာဖရိကတိုက်မှ အိုဗာဟင်ဘာခေါ် တိုင်းရင်းသား လူမျိုးအုပ်စုမှ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ခရိတ်က ချက်ချင်းပင် ရိပ်မိလေသည်။
    ဓာတ်ပုံရိုက်ကူးထားပုံက ယခုချက်ချင်း အာဖရိကတိုက်သို့ သွားကြည့်ရဘိသကဲ့သို့ ပကတိ နဂိုသဘာဝအတိုင်း ပီပြင်ထင်ရှားလှသဖြင့် ခရိတ်သည် ဆယ်လီ၏ ဓာတ်ပုံပညာ အစွမ်းကို စိတ်ထဲမှ ကျိတ်၍ ချီးကျူးမိလေသည်။

    နောက် ဓာတ်ပုံကိုလည်း ခရိတ်သည် ငေးစိုက်ကြည့်မိပြန်သည်။ ထိုပုံမှာ ခရိတ်ကိုယ်တိုင် အလွန်မြတ်နိုး နှစ်သက်သော အာဖရိကတိုက်မှ ဘီဂေလီယာခေါ် သဘာဝတောပန်းများ၏ ပုံ ဖြစ်လေသည်။ ပန်းများ ဝေေ၀ဆာဆာ ပွင့်နေပုံတို့ကို အလှဆုံးဖြစ်အောင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ အထူးသဖြင့် ဆေးရောင်စုံ ဓာတ်ပုံဖြစ်၍ သဘာဝ အရောင်အသွေးတို့၏ အလှကို ပြည့်စုံစွာ ဖော်ပြနိုင်ပေသည်။

နောက်ထပ် အခြားဓာတ်ပုံများကလည်း အာဖရိကတိုက်မှ ပုံများပင် ဖြစ်သည်။ ဓာတ်ပုံ တစ်ပုံမှာ ကပ္ပလီ လူမည်း ပြောက်ကျားတစ်ဦး ရိုင်ဖယ်သေနတ်ထမ်းလျက် ပြုံးနေပုံဖြစ်သည်။
ကိုင်ထားသော ရိုင်ဖယ်သေနတ်က အေကေ ၄၇ အမျိုးအစား မောင်းပြန်သေနတ် ဖြစ်သည်။ ထိုကပ္ပလီ (လူမည်း)ပြောက်ကျား၏ လည်ပင်းတွင် သူတို့တိုင်းရင်းသား မှော်ဆရာက အဆောင်အဖြစ်ပေးသော လက်ဖွဲ့ သို့မဟုတ် အကာအကွယ်ပစ္စည်းကို ပုတီးသဖွယ် ပြုလုပ်၍ ဆွဲထားလေသည်။

နောက်တစ်ပုံကတော့ အာဖရိကမှ ကပ္ပလီလူမည်း တိုင်းရင်းမှော်ဆရာ (ဆေးဆရာ)က အသက်ကြီးကြီး အဘိုးကြီး တစ်ဦးဖြစ်ပြီး ဦးခေါင်းတွင် တိရစ္ဆာန်ချို ခေါင်းဆောင်း တစ်ခု ဆောင်းထားကာ လည်ပင်း တွင်လည်း ပုတီးမျိုးစုံ ဆွဲထားလေသည်။ ဤပုံတွင်လည်း ဆယ်လီသည် အာဖရိကတိုက် ကျေးလက်ဒေသ မြင်ကွင်း ကို ပီပြင်အောင် ရိုက်ကူးထားပေသည်။
နောက်ပုံ တစ်ပုံမှာ အာဖရိကတိုက် ကျေးက်ဒေသ တစ်နေရာမှ စာသင်ကျောင်း တစ်ကျောင်းတွင် ကလေး သူငယ်များ စာသင်နေကြပုံ ဖြစ်သည်။

ကျောင်း အဆောက်အအုံက ၀ါးသက်ငယ်တို့ဖြင့် ဖြစ်ကတတ်ဆန်း ဆောက်လုပ် ထားသည်။ ကပ္ပလီ (လူမည်း) အမျိုးသမီး ဆရမတစ်ဦးက စာသင်ပေးနေရာ ကျောင်းပစ္စည်းအချို့ ချိုတဲ့သဖြင့် ဖတ်စာအုပ် တစ်အုပ်ကို ကလေးငယ် သုံးဦးတို့က အတူဝိုင်း၍ ဖတ်နေကြရသည်။ ထိုပုံကို ကြည့်ခြင်းအားဖြင့် အာဖရိက တိုက်မှ လူဦးရေ အများစုဖြစ်သော ကပ္ပလီလူမည်းတို့ ဆင်းရဲနွမ်းပါးကြောင်း သိသာ ထင်ရှားနေပေသည်။

ခရိတ်သည် ဓာတ်ပုံများကို ဆက်လက်ကြည့်သွားရင်း ပုံတစ်ပုံကို မြင်ပြီး အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ငေးစိုက် ကြည့်နေမိလေသည်။ ထိုပုံကို ဆယ်လီက ဆေးရောင်စုံ ဖလင်ဖြင့် မရိုက်ဘဲ ရိုးရိုး (အဖြူနှင့်အမည်း) ဖလင်ဖြင့် ရိုက်ကူးထားသောကြောင့် ရှုခင်းကို ပို၍ ပေါ်လွင် ထင်ရှားလျက် ရှိစေသည်။

ပုံမှာ အာဖရိကတောအတွင်း တစ်နေရာ၌ ဆင်ကြီးတွေ စုပြုံသေဆုံးနေရာမှ အချိန်ကြာမြင့်လာသဖြင့် ဧရာမ အရိုးစုကြီးတွေ စုပုံ ကျန်နေသည့်ပုံပင် ဖြစ်လေသည်။ ဓာတ်ပုံ ရိုက်ကူးချိန်က နေရောင် အလွန် ကောင်း နေသည်ဖြစ်၍ အရိုးစုကြီးများသည် အထူးပင် ပေါ်လွင် ထင်ရှားနေရာ မြင်ရသူအဖို့ စိတ် ချောက်ချား ဖွယ်လည်း ဖြစ်နေပေသည်။

အာဖရိကတိုက်တွင် လူတွေ ပြောလေ့ရှိသော ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဆင်သင်္ချိုင်းကြီးများသည် ဤသို့ပင် ဖြစ်လေ မည်လားဟုပင် ခရိတ်က ထင်လိုက်မိသည်။ အမှန်တော့ သူသည် တောရိုင်း တိရစ္ဆာန်များကို ချစ်ခင် တစ်သူဖြစ်ရာ ဆင်ကြီးတွေ ယခု အစုလိုက် အပြုံလိုက် အသတ်ခံရပုံကို မြင်သည်တွင် ရင်နာသလို စိတ်မကောင်း ဖြစ်မိလေသည်။

"အဲဒီမှာ ဆင်သေကောင်ပေါင်း နှစ်ရာ့ရှစ်ဆယ်ကျော် ရှိတယ်ရှင့်၊ ဆင်စွယ်လိုချင်တဲ့ လောဘသမားတွေက တိတ်တိတ် ခိုးပြီး ရက်ရက်စက်စက် သတ်တာပါပဲရှင်"
ဆယ်လီ က ရှင်းပြရာ ခရိတ်က သူမအား မော်ကြည့်လိုက်ပြီး -
"ဒီဆင်နှစ်ရာ့ ရှစ်ဆယ်ကျော်ကို တစ်ချိန်တည်းမှာ သတ်ခဲ့တာလား"ဟု မေးလိုက်သည်။

"မဟုတ်ဘူးရှင့်၊ ဆင်ခိုးသတ်တဲ့ ဂိုဏ်းက ဆင်အုပ်ကြီးကို မိုင်းဗုံးတွေရှိတဲ့ နေရာ ရောက်အောင် တောခြောက် မောင်းသွားလို့ ဆင်တွေခမျာ မိုင်းဗုံးထိပြီး သေကုန်ကြရှာတယ်"
ဆယ်လီက ရှင်းပြလိုက်ရာ ခရိတ်သည် ကြက်သီးထသွားပြီးမှ ဓာတ်ပုံကို တစ်ခေါက် ပြန်ကြည့်မိလေသည်။ သူသည် မိုင်းဗုံးများအကြောင်း ကောင်းစွာ သိပေသည်။ သူကိုယ်တိုင် တစ်ချိန်က မိုင်းဗုံးတစ်ခု တက်နင်း မိရာမှ ပေါက်ကွဲပြီး ခြေတစ်ဖက် ဖြတ်ပစ်ခဲ့ရသည်အထိ ပြင်းစွာ ဒဏ်ရာရခဲ့ဖူးလေရာ မိုင်းဗုံးများ ပေါက်ကွဲ လျှင် မည်မျှ ပြင်းထန်ပြီး ကြောက်စရာကောင်းကြောင်း ကောင်းစွာသိပေသည်။
ထိုအချက် ကို သတိရမိရင်း ခရိတ်သည် လက်တစ်ဖက်ဖြင့် ဖြတ်ထားသော ခြေထောက်မှ သစ်သား ခြေတု ရှိရာသို့ အသာ စမ်းလိုက်မိသည်။

ယင်း အပြုအမူကို ဆယ်လီက သတိပြုမိပြီး -
' ကျွန်မ ရှင့်အတွက် ၀မ်းနည်းပါတယ်၊ ရှင့် ခြေထောက် တစ်ဖက်အကြောင်း ကျွန်မ သိနေပါတယ် ' ဟု နှစ်သိမ့် အားပေး သလို ပြောလိုက်သည်။
သူ၏ ကိုယ်စားလှယ် အက်ရှီကလည်း ပြုံးလျက် -
' ဆယ်လီကမခေဘူးဗျ၊ သူ တွေ့ဆုံရမယ့် ပုဂ္ဂိုလ်အကြောင်း ကြိုတင်လေ့လာတတ်တဲ့ ၀ါသနာရှိတယ် ' ဟု ၀င်ပြောလေသည်။
ခရိတ်သည် သူ၏ ခြေတစ်ဖက် ဖြတ်ထားရခြင်းအကြောင်း ပြောလျှင် သဘောမကျဘဲ ပြောသူကို မုန်းတီး တတ်သည်။ ယခု ဆယ်လီက စကားစပ် ပြောလိုက်သဖြင့် သူမအပေါ် မကျေမနပ် ဖြစ်သွားမိ သည်။ ပက်ပက် စက်စက် ပြန်ပြောရန်လည်း စိတ်ကူးမိသည်။

သို့သော် ခရိတ်က ဘာမှ မပြောနိုင်သေးမီ အက်ရှီ ချိန်းထားသည်ဆိုသော ဧည့်သည် ရောက်လာသဖြင့် ခရိတ် လည်း ဆိတ်ဆိတ်နေလိုက်ရသည်။
အက်ရှီ က ဧည့်သည်နှင့် မိတ်ဆက်ပေးလေသည်။

' ကိုင်း ခရိတ်၊ မိတ်ဆက်ပေးပါရစေ၊ ဟောဒီ ပုဂ္ဂိုလ်က မစ္စတာ ဟင်နရီ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဘဏ်မှာ ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေပါတယ်။ ကမ္ဘာ့ဘဏ်ဆိုတော့ ခင်ဗျားသိတဲ့အတိုင်း ကမ္ဘာ့နိုင်ငံ အသီးသီး ကို ဒေါ်လာငွေ သန်းချီပြီး ထုတ်ချေး ထောက်ပံ့နေတဲ့ အဖွဲ့ အစည်းပါပဲ '
ဤသို့ ပြောပြီးနောက် အက်ရှီသည် ဧည့်သည်ဘက်သို့ လှည့်၍ -
' မစ္စတာ ဟင်နရီခင်ဗျား၊ ဟောဒါက အာဖရိကတိုက်သား ကမ္ဘာကျော် စာရေးဆရာကြီး မစ္စတာခရိတ်ပါပဲ။ အာဖရိကအကြောင်း သရုပ်ဖော်ရေးတတ်တဲ့ သူ့ရဲ့ စာအုပ်တွေက အလွန် နာမည်ကြီးနေပါတယ် ' ဟု မိတ်ဆက် ပေးပြန်သည်။

ဟင်နရီ ဆိုသူကလည်း -
' ဟုတ်ကဲ့၊ ကျုပ်လည်း သူ့စာအုပ် ဖတ်ဖူးပါတယ် ' ဟု ပြောလေသည်။
ဟင်နရီ ဆိုသူကား အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက် ဖြစ်လေသည်။ ထိုလူသည် ခရိတ်အား နှုတ်ဆက်ပြီးနောက် အနောက်တိုင်း ယဉ်ကျေးမှုအရ ဆယ်လီ၏ လက်တစ်ဖက်ကို နမ်း၍ နှုတ်ဆက်လေရာ ခရိတ်က ထိုလူအား သဘောကျသွားမိလေသည်။

ကုလားထိုင်တွင် ထိုင်ပြီးနောက် ဟင်နရီက စားပွဲပေါ်တွင် ချထားသော ဆယ်လီ၏ ဓာတ်ပုံဖိုင်တွဲကို လှမ်းကြည့် ရင်း -
' အဲဒါတွေကို မစ္စတာခရိတ်က ဘယ်လို သဘောရပါသလဲ ' ဟု မေးလေသည်။
ထိုစကား ကို ခရိတ်က ပြန်မဖြေမီ အက်ရှီက ၀င်၍ လျင်မြန်စွာ ဖြေလိုက်သည်။

' ဟာ ခရိတ်က သိပ်ပြီး သဘောကျနေတယ်ဗျ၊ သူဟာ အာဖရိကတိုက်က ပုံတွေ ကြည့်ပြီး မျက်တောင်မခတ်ဘဲ ငေးမောကြည့်နေတယ် '
' ဟုတ်လား၊ ဒါဖြင့် ကောင်းတာပေါ့၊ ဒါထက် မစ္စတာခရိတ်ကို ကျုပ်ရဲ့ အကြံပြုချက်အကြောင်း ပြော ပြီးပြီလား '
ဟင်နရီ ဆိုသူက မေးလိုက်ရာ အက်ရှီက ခေါင်းခါပြလေသည်။

' မပြောရသေးဘူးဗျ၊ ကျုပ်က ခင်ဗျားကိုယ်တိုင် ရောက်လာမှပဲ ပြောမယ်လို့ စိတ်ကူးထားတယ်၊ ဒါမှ သူ အံ့သြသွားအောင်လို့ပါ '
ဤသို့ ပြောပြီး အက်ရှီသည် ခရီတ်ဘက်သို့ လှည့်၍ ဆက်ပြောလေသည်။
' ဒီလိုဗျ၊ မစ္စတာ ဟင်နရီက ခင်ဗျားကို စာအုပ်တစ်အုပ် ရေးသားပြုစုဖို့ တာဝန်ပေးချင်တယ်၊ စာအုပ် နာမည် ကတော့ ' မစ္စတာခရီတ်၏ ကိုယ်တွေ့ အာဖရိက' ဆိုပါတော့။ ခင်ဗျားက အာဖရိကတိုက် ပြန်သွားပြီး အနီးကပ် လေ့လာရင်း အာဖရိကအကြောင်း စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးဖို့ပါပဲ။ ခင်ဗျားရဲ့ ဇာတိရပ်မြေ ကို ပြန်သွားပြီး ဟိုက လူတွေနဲ့လည်း တွေ့ဆုံရမယ် '
ဤတွင် ဟင်နရီ ဆိုသူက ကြားဖြတ်လျက်
' နေပါဦးဗျ၊ ကျုပ် သိသလောက် မစ္စတာ ရိတ်ဟာ အာဖရိကတိုက် ဇင်ဘာဘွေ နိုင်ငံက မာတာဘယ်လီ တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ ဆင်ဒီဘယ်လ်ဘာသာကို တတ်ကျွမ်းတယ်လို့ သိရတယ်၊ ဟုတ်ပါ သလား ' ဟု ၀င်မေးရာ အက်ရှီက ခေါင်းညိတ်လိုက်သည်။

' ဟုတ်တယ်၊ တတ်တာမှ ခရိတ်က တကယ့် တိုင်းရင်းသားအစစ် တစ်ယောက်လို ဆင်ဒီဘယ်လ် ဘာသာ စကားကို တတ်ကျွမ်းတယ် '
ဟင်နရီ ဆိုသူသည် အထူး သဘောကျသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ခရိတ်အား ဆက်၍ မေးပြန် သည်။
' ခင်ဗျားအနေနဲ့ ဇင်ဘာဘွေနိုင်ငံမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေ အများကြီးရှိတဲ့အပြင် ထိပ်တန်း အစိုးရ အရာရှိကြီး တွေနဲ့လည်း ခင်မင်တယ် ဆိုတာကော မှန်ပါသလား '
ထိုမေးခွန်း ကိုလည်း အက်ရှီကပင် ၀င်ဖြေလိုက်သည်။

' မှန်တာပေါ့ဗျ၊ ခရိတ်ရဲ့ မိတ်ဆွေတချို့ဆိုရင် အခု ဇင်ဘာဘွေ အစိုးရအဖွဲ့မှာ ၀န်ကြီးတွေ ဖြစ်နေပြီ၊ ဒါထက် ကောင်းတာ ဘာရှိသေးသလဲ '
ထိုအချိန်၌ ခရိတ်သည် ဓာတ်ပုံဖိုင်ထဲမှ ဆင်ကြီးများ သေဆုံးနေသည့် အရိုးစုများ ဓာတ်ပုံကို ပြန်ကြည့် နေလေ သည်။
သူ၏ စိတ်သည်လည်း ဓာတ်ပုံထဲမှ အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံဆီသို့ ပြန်ရောက်နေလေသည်။ အမှန်တော့ ခရိတ်သည် ဇင်ဘာဘွေ ဟူသော နာမည်ကိုသဘောမကျမိချေ။ တိုင်းရင်းသားလူမည်း (ကပ္ပလီ) များက မျက်နှာဖြူ အစိုးရအား တော်လှန် တိုက်ခိုက်အောင်မြင်ပြီးနောက် နိုင်ငံ၏ အမည်ကို ဇင်ဘာဘွေ ဟု ပြောင်းခဲ့ခြင်းဖြစ်လေသည်။ မူလနာမည်က ရှိဒီရှားဖြစ်သည်။
ခရီတ်အဖို့မှာ သူ၏ မွေးရာဇာတိလည်းဖြစ်သော ယင်းနိုင်ငံ၏ မူလအမည် (သူ၏မိဘ ဘိုးဘွား လက်ထက်က အမည်) ရိုဒီးရှားကိုပင် သဘောကျမိလေသည်။ ယခု ဇင်ဘာဘွေဟု ခေါ်တွင် နေသော ရိုဒီးရှားနိုင်ငံသည် သူ၏ ဇာတိရပ်ဖြေအစစ်အမှန်ဖြစ်သည်ဟုလည်း သံယောဇဉ်ကြီးစွာဖြင့် ယူဆ ထားလေသည်။
အက်ရှီ က စကားဆက်ပြောပြန်သည်။

' ဒီမယ် ခရိတ်၊ အခု ခင်ဗျားတို့ စာအုပ်ရေးဖို့ တာဝန် ပေးထားတာဟာ အခွင့်အရေး ကောင်းလွန်းလို့ လက်ခံ သင့်ပါတယ်။ စာအုပ်ရေးဖို့ လက်တွေ့ သွားရောက် လေ့လာရတဲ့ စရိတ်စက အားလုံးကိုလည်း ကမ္ဘာ့ဘဏ် က တာဝန်ယူမှာဖြစ်တယ်။ လိုတဲ့ အကူအညီ မှန်သမျှကိုလည်း ပေးလိမ့်မယ် '
အက်ရီ က အားပါးတရ ပြေလေရာ ခရိတ်က မစ္စတာ ဟင်နရီဆိုသူအား လှမ်းကြည့်ပြီး
' နေပါဦးဗျ၊ ကမ္ဘာ့ဘဏ်ကြီးက စာအုပ်ထုတ်ဝေရေး လုပ်ငန်းလုပ်လို့လား ' ဟု မေးလိုက်သည်။
ထိုအခါ ဟင်နရီသည် အက်ရှီ ဘာမှဆက်မပြောရန် ဟန့်တားလိုက်ပြီးနောက် သူကိုယ်တိုင် ခရိတ်အား ရှင်းပြ လေသည်။

' ဒီလိုရှိပါတယ်၊ ကျုပ်တို့ ကမ္ဘာ့ဘဏ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အဓိကတာဝန်က မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေကို ထောက်ပံ့ကူညီဖို့ပါပဲ။ ဇင်ဘာဘွေနိုင်ငံမှာဆိုရင် ကျုပ်တို့ကမ္ဘာ့ဘဏ် အနေနဲ့ ဒေါ်လာငွေ သန်းပေါင်း တစ်ထောင် လောက် ရင်းနှီးမြှုပ်နှံထားတယ်။ ဒီလောက်များများ ရင်းနှီးမြှုပ်နှံထားရတဲ့ ကျုပ်တို့ ငွေတွေ အလဟဿမဖြစ်အောင် ထိန်းသိမ်းကာကွယ်မှုလည်း လုပ်ချင်တယ်။ တစ်နည်းအား ဖြင့် အဲဒီနိုင်ငံ တိုးတက်ဖွံ့ဖြိုးလာအောင် မဖြစ်မနေ လုပ်ချင်တယ်။ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ဇင်ဘာဘွေနိုင်ငံဟာ ကမ္ဘာမှာ စံပြနိုင်ငံတစ်ခုအဖြစ် တိုးတက်ဖွံ့ဖြိုးလာတာကို ကမ္ဘာကို ပြချင်တယ်။ ဒါ့အပြင် လက်ရှိ အစိုးရက တိုင်းရင်းသား ကပ္ပလီ(လူမည်း)အစိုးရဖြစ်ပေမယ့် ကျုပ်တို့ အကူအညီနဲ့ ဆိုရင် ဘယ်လောက် တိုးတက် အောင်မြင် လာတယ်ဆိုတာ လက်တွေ့ပြချင်တယ်။ ဒီလို ဖြစ်လာအောင် ခင်ဗျားရေးမယ့်စာအုပ်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ကျုပ်တို့ ယုံကြည်မိတယ်' ' ထားပါတော့၊ ဒီဓာတ်ပုံတွေကကော ဘယ်လို ပတ်သက်နေတာလဲ ' ခရိတ် က ဆယ်လီ၏ ဓာတ်ပုံဖိုင်ကို ညွှန်ပြရင်း မေးလိုက်သည်။

' ခင်ဗျားရဲ့ စာအုပ်မှာ ဇင်ဘာဘွေ နိုင်ငံအကြောင်း ပိုပြီး သရုပ်ပေါ် ထင်ရှားအောင် ဓာတ်ပုံတွေလည်း ပါစေချင်တယ်။ ဒါကြောင့် ခင်ဗျားရဲ့ စာအုပ်အတွက် လိုအပ်မယ့်ဓာတ်ပုံတွေ စိတ်တိုင်းကျရိုက်ဖို့ ဆယ်လီက တာဝန်ယူပါလိမ့်မယ်'
ခရိတ်သည် ရုတ်တရက် ဘာမှ ပြန်မပြောဘဲ ခေတ္တစဉ်းစားနေမိလေသည်။ စာအုပ်ထဲ ဓာတ်ပုံတွေ ထည့်သွင်း ဖော်ပြရန် ကိစ္စကို သဘောမကျသလိုလည်း ဖြစ်မိသည်။ မိမိ၏ စာရေးသားမှု စွမ်းရည်ဖြင့် ပြည့်စုံအောင် သရုပ်မဖော်နိုင်၍ ဓာတ်ပုံအကူအညီ ရယူရမလို သဘောမျိုး ဖြစ်နေသည်ဟု ယူဆမိ သည်။ ဤအတိုင်းဆိုလျှင် နာမည်ကြီး စာရေးဆရာတစ်ဦးအဖြစ် သူ၏ နာမည်နှင့် ဂုဏ်သိက္ခာပါ ထိခိုက်ဖွယ်ရာ ဖြစ်နေမည်လော။

ဆယ်လီဆိုသူ အမျိုးသမီးသည် မိမိနှင့် အနုပညာ ယှဉ်ပြိုင်ဘက်သဖယ် ဖြစ်လာနိုင်ပေသည်။
ထိုအချိန်၌ ဆယ်လီကိုယ်တိုင်က ခရိတ်အား ရွှန်းရွှန်းစားစား စိုက်ကြည့်နေလေသည်။ သူမ၏ အမူအရာက ခရိတ်၏ စာအုပ်အတွက် ဓာတ်ပုံများ အာဖရိက တိုက်သို့ သွားရောက် ရိုက်ကူးရမည်ကို အထူး စိတ်ဝင်စား သည့်ဟန်မျိုး ဖြစ်နေပေသည်။ သူမ၏ ပါးစပ်နှင့် နှုတ်ခမ်းတို့က အလွန်လှပ ကြည့်ကောင်းနေလေရာ ခရိတ်သည် စိတ်တွေ လှုပ်ရှားချောက်ချားလျက် ရှိနေသည့်ကြားမှပင် ဆယ်လီ၏ နှုတ်ခမ်း လှလှ ကလေးကို နမ်းလိုက်ရလျှင် မည်သို့ နေမည်နည်းဟု မဆီမဆိုင် တွေးမိလေ သည်။

ထိုအခိုက် ဆယ်လီက လှမ်း၍ စကားပြောလေသည်။
' ဒီမယ် ခရိတ်၊ ကျွန်မအနေနဲ့ ရှင်နဲ့သာ အတူလိုက်ရမယ်ဆိုရင် အခု ရှင်မြင်နေရတဲ့ ဓာတ်ပုံတွေထက် ကောင်း တဲ့ ပုံမျိုးတွေ ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ ကျွန်မက ရှင်နဲ့အတူ လိုက်ပြီး အစွမ်းကုန် ကြိုးစားပေး ပါ့မယ်။ ဒါကြောင့် ကျွန်မကို အဲဒီအခွင့်အရေး ပေးစမ်းပါလားရှင် နော် '
သူမ က တိုးလျှိုးတောင်းပန်သလို ပြောရာ ခရိတ်သည် စိတ်ဝင်စားမိလေသည်။

' သြော် ဆယ်လီက ဆင်ကြီးတွေကို စိတ်ဝင်စားပြီး သဘောကျတယ် ထင်တယ်။ ဒါဖြင့် ကျုပ်က ဆင်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်တစ်ခု ပြောပြမယ်။ သေသေချာချာ နားထောင်နော်၊ ရှေးရှေးတုန်းက ဆင်ထီးအိုကြီး တစ်ကောင် ရှိသတဲ့။ အဲဒီဆင်ကြီးရဲ့ နားရွက်ထဲမှာ ပိုးမွှားသေးသေးကလေးတစ်ကောင်က အမြဲ နေတယ်။ တစ်နေ့တော့ ဆင်ထီးကြီးဟာ သိပ်ပြီး မခိုင်ခံ့ တော့တဲ့ တံတားတစ်ခုကို ဖြတ်ကျော် သွားတယ်။ တံတားဟိုဘက်ရောက်သွားတော့ ဆင်ကြီးနားရွက်ထဲက ပိုးကောင်ကလေးက
' ဟေ့ ဆင်ကြီး ခင်ဗျားနဲ့ကျုပ် တံတားပေါ် ဖြတ်ခဲ့တာ တံတားကြီးဟာ အကြီးအကျယ် တုန်လှုပ်သွားတာပဲ ' လို့ ပြော သတဲ့။
ဆယ်လီ သည် နားထောင်နေရင်းက မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ကာ မျက်ရည်များပင် လည်လာလေသည်။

ခရိတ်လည်း ဆယ်လီကိုကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိလေသည်။ သူမသည် စိတ်သဘောထား နူးညံ့ သိမ်မွေ့ သူဖြစ်ကြောင်း သိရသဖြင့် သနားသွားမိသည်။ နှစ်သိမ့် အားပေးလိုစိတ်လည်း ဖြစ်ပေါ် လာမိသည်။ သူကိုယ်တိုင် စိတ်လှုပ်ရှား ချောက်ချားနေမိပုံကိုလည်း နားလည်အောင် ပြောပြချင်သည်။
ဆယ်လီ သည် ဓာတ်ပုံများကို ပြန်လည်သိမ်းဆည်း၍ ထိုင်ရာမှ ထလိုက်သည်။

' ရှင်ရဲ့ နောက်ဆုံးစာအုပ်ကို ဖတ်ကြည့်ပြီးတော့ ကျွန်မဖြင့် ရှင်နဲ့အတူ လိုက်ပြီး အလုပ်လုပ်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာ မိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဆန္ဒပြည့်ဝဖို့က မလွယ်ဘူးဆိုတာ သဘောပေါက်မိပါ တယ်'
ဤသို့ ပြောပြီး သူမသည် အက်ရှီဘက်သို့ လှည့်၍
' ကျွန်မ ၀မ်းနည်းပါတယ်၊ သိပ်မဆာလို့ ဘာမှ မစားချင်တော့ဘူး ' ဟု ပြောလိုက်သည်။
အက်ရှီ လည်း ချက်ချင်းပင် ထိုင်ရာမှ ထလိုက်သည်။

' ဟုတ်လား၊ ဒါဖြင့် အတူတူ ပြန်ကြတာပေါ့၊ ကျုပ်ပါလိုက်ပြီး တက္ကစီကားတစ်စီး ငှားစီးသွားကြမယ်'
အက်ရှီက ဆယ်လီအားပြောပြီး ခရိတ်ဘက်သို့လှည့်၍
' အိုကေ၊ ခင်ဗျား နောက်ထပ်ရေးထားတဲ့ စာမူတွေ လက်နှိပ်စက်ရိုက်ပြီးရင် ကျုပ်ကို အကြောင်းကြား လိုက်ပါ 'ဟု ပြောကာ ဆယ်လီနှင့်အတူ လိုက်ထွက်သွားလေသည်။
ခရိတ် သည် ဆယ်လီအား နောက်မှ လှမ်းကြည့်နေရာ သူမကိုယ်လုံးကိုယ်ဟန် အချိုးကျ လှပပြေပြစ်ပုံကို သတိပြုမိ လေသည်။

ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ ဟင်နရီဆိုသူကတော့ စားပွဲတွင် ဆက်ထိုင်လျက် ရှိလေသည်။ သူသည် ယမကာခွက်ကို မသောက်ဘဲ ကြည့်နေရာ ခရိတ်က သတိပြုမိသဖြင့် -
' ဒီ အရက်က လုံးလုံး မစွံဘူးဗျ၊ နောက်တစ်မျိုးမှာသောက်မှ ကောင်းမယ် ' ဟု ဆိုကာ စားပွဲထိုးတစ်ဦး ကို လှမ်းခေါ် ၍ နောက် အရက်တစ်မျိုးမှာလိုက်သည်။
ဟင်နရီ သည် နောက်ရောက်လာသော အရက်ခွက်ကို စမ်းသောက်ကြည့်ပြီး -
' ဒါကမှ တော်သေးတယ် ' ဟု ပြောလေသည်။

ထို့နောက် ဟင်နရီကပင် သူ၏ လက်ပတ်နာရီကို ကြည့်ပြီး
' ကျုပ်တို့ စားစရာတွေ မှာကြဖို့ တော်ပြီထင်တယ်' ဟု ပြောကာ စားပွဲထိုးအား စားသောက်ဖွယ်များ မှာလိုက် လေသည်။
နှစ်ယောက်သား ထိုင်ရင်း စကားပြောကြရာတွင် အမေရိကန်သမ္မတ ရီဂင်၏ အစိုးရအဖွဲ့ အကြောင်း၊ မက္ကဆီကိုနိုင်ငံမှ ပြည်ပကြွေးမြီများ မဆပ်နိုင်ဘဲ အခက်အခဲတွေ့နေရသည့်အကြောင်း၊ လက်ရှိ ရွှေဈေး အခြေအနေ အကြောင်း စသည်ဖြင့် အကြောင်းအရာမျိုးစုံကို စကားစပ် ပြောဆို ဆွေးနွေးနေကြ လေသည်။
စားသောက်ဖွယ် များ စားသောက်ပြီး၍ ကော်ဖီသောက်နေချိန်တွင် ရွှေဝါရောင် ဆံပင်နှင့် လှပချောမော သော မိန်းကလေး တစ်ဦးသည် အခြားစားပွဲတစ်ခုမှ ထလာပြီး ခရိတ်အနီးသို့ ချဉ်းကပ်လာလေသည်။

' ရှင်က စာရေးဆရာကြီး မစ္စတာခရိတ်မဟုတ်လား ရှင့်၊ ရှင့်ကို ကျွန်မ ရုပ်မြင်သံကြားမှာလည်း ကြည့် ရတယ်။ ရှင်ရဲ့ စာအုပ်တွေကိုလည်း သိပ်သဘောကျမိပါတယ်။ ဒါကြောင့် အမှတ်တရ ဟောဒီမှာ ရှင့်လက်ုမှတ် (အော်တို) ထိုးပေးစေချင်ပါတယ် '
ပြောရင်းနှင့် မိန်းကလေးသည် ဟိုတယ်ဆိုင်၏ စားသောက်ဖွယ်များ စာရင်းစာရွက် (မီနူး)တစ်ခုကို ပေးလေရာ ခရိတ်ကလည်း လိုက်လျောစွာပင် လက်မှတ်ထိုးပေးလိုက်သည်။
မိန်းကလေးသည် ခရိတ်အနီးသို့ လိုသည်ထက်ပို၍ နီးကပ်စွာ မတ်တတ်ရပ်ပြီး ပြုံးလျက်
' ကျွန်မက ၅ လမ်းက အလှကုန်ပစ္စည်းဆိုင်မှာ အလုပ် လုပ်တယ်ရှင့်။ ကျွန်မကို တွေ့ချင်ရင် အဲဒီဆိုင် နေရာမှာ အချိန်မရွေး လာတွေ့ နိုင်ပါတယ် ' ဟု ကနွဲ့ကလျပြောပြီးမှ ပြန်ထွက်သွားလေသည်။

ဘေးမှ ထိုင်ကြည့် စိတ်ဝင်စားနေသူ ဟင်နရီသည် ခရိတ်အနီးသို့ကပ်၍ -
' ခင်ဗျားက ဘယ်လိုလဲ၊ မိန်းကလေး ချောချောလှလှကလေးတွေ အခုလို ချဉ်းကပ်လာရင် ခင်ဗျား ခပ်တည်တည် နဲ့ ပလွှတ်လိုက်တာချည်းပဲလား' ဟု မေးလေသည်။ ခရိတ်က ရယ်မောလိုက်သည်။
' ဒါတော့ဗျာ၊ ယောက်ျားမှန်သမျှ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ချည်းပါပဲ။ စဉ်းစားသာ ကြည့်ပေတော့'
ထိုမျှနှင့် စကားပြတ်သွားပြီးနောက် စားသောက်ဖွယ်များအတွက် ကျသင့်ငွေကို ဟင်နရီကပင် စိုက်ထုတ် ရှင်းပေး လိုက်သည်။
' ကျုပ်မှာ မော်တော်ကား ပါလာတယ်။ ခင်ဗျား သွားချင်တဲ့ဆီကို လိုက်ပို့ပေးပါမယ် '

' ကိစ္စမရှိပါဘူး။ ကျုပ်က လမ်းလျှောက်ချင်လို့ပါ '
' ဒီမယ် မစ္စတာခရိတ်၊ ခင်ဗျားစိတ်ထဲမှာ အာဖရိကတိုက်ကို ပြန်သွားချင်နေပုံ ရတယ်လို့ ကျုပ် အကဲခတ် မိတယ်။ စောစောက ခင်ဗျားဓာတ်ပုံတွေကို ကြည့်နေတုန်း ခင်ဗျားရဲ့ မျက်နှာမူအရာက အလွန် ဆာလောင် မွတ်သိပ် နေတဲ့ လူတစ်ယောက် ပုံမျိုးဖြစ်နေတယ်။ အာဖရိကကို ပြန်လွမ်းနေပုံမျိုးပဲဗျ'
' ဒါတော့ ဖြစ်နိုင်ပါတယ် '

' နောက်ပြီး ခင်ဗျားရေးမယ့် စာအုပ်အကြောင်း ဆက်ပြောချင်သေးတယ်။ ဒါနဲ့ ပတ်သက်လို့ မစ္စတာ အက်ရှီ က အပြည့်အစုံ မသိပါဘူး။ ခင်ဗျားက အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံ ထိပ်သီးလူမည်းခေါင်း ဆောင်တွေ နဲ့ သိကျွမ်းရင်းနှီးတယ် မဟုတ်လား။ အဲဒီအချက်ကို ကျုပ်တို့ အထူး စိတ်ဝင်စားမိတယ်။ ခင်ဗျား ရဲ့ စာအုပ်ထဲက ပါတဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း ကျုပ်တို့ လက်ခံသဘောတူပါ တယ်။ တကယ် လို့ ခင်ဗျားအနေနဲ့ အာဖရိကကို ပြန်သွားဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျုပ်ဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် လိုက်ပါ။ ခင်ဗျား နဲ့ ကျုပ်နဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကျေးဇူးပြုနိုင်လိမ့် မယ်ထင်ပါတယ် '

ဤသို့ စကားကို အဆုံးသတ်ပြီး ဟင်နရီသည် သူ၏ မော်တော်ကားဆီကို လျှောက်သွားလေသည်။ တစ်ဖန် ကားပေါ် တက်ပြီးနောက် ခရိတ်အား လှမ်း၍ -
' ကျုပ် သဘောအရတော့ ဆယ်လီရဲ့ ဓာတ်ပုံတွေက အလွန်ကောင်းတယ်လို့ ထင်မိတယ် ' ဟု ပြောသွား လေသည်။

အခန်း (၃) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကြယ်နီ အပိုင်း (၁၉)

ဘိန်းပုန်းစား
(၁)
' အောက် ... အီး ... အီး ... အွတ် '
ကိုဒေါင်းစိန် ၏ အိမ်မှ ကြက်ဖကြီးကား တောင်ပံကို တဖျတ်ဖျတ်ရိုက်ကာ တွန်ကျူးလိုက်၏။ တွန်သံ ကြားလျှင် သံယောင်လိုက်၍ တွန်တတ်သည်မှာကြက်ဖကြီးများ၏ သဘာဝဖြစ်၏။ ကိုဒေါင်းစိန်အိမ်မှ ကြက်ဖကြီး တွန်၍မှအသံ မဆိတ်သေးမီ ကိုဖိုးကွန့်၏ ပြာမီးခိုးရောင် တိုက်ကြက်ဖကြီးက ညံစာစာ တွန်လိုက်ပြန်၏။ တစ်ဆက်တည်းတွင် ကိုလူမောင်၏ ကြက်ဖကြီးက လည်း အားကျမခံ တုံ့ပြန် တွန်ကျူး လိုက်၏။

' ကြက်ဦးတွန် '
မရှေးမနှောင်းမှာပင် ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံက မြည်ဟည်းလာပြန်၏။ ချက်မှန်မှန် မြည်ဟည်း နေရာမှ တစ်စထက်တစ်စ မြန်၍ မြန်၍ တက်လာကာ တစ်ဖန် တဖြည်းဖြည်း နှေး၍ နှေး၍ သွားသလို၊ အသံမှာလည်း မြင့်၍မြင့်၍ တက်လာရာမှ နိမ့်၍နိမ့်၍ဆင်း လာကာ ဝေး၍ဝေး၍ ပျောက်သွား၏။ ရွာတွင်း မှ ခွေးအပေါင်းကား ကြေကွဲလွမ်းဆွတ်ဖွယ်ကောင်းလှသော လွမ်းချင်းတစ်ပုဒ်ကို သံရှည်ဆွဲ၍ အူနေ လိုက်ကြ၏။ ' အူ ... -၀ူး ... ၀ူး '

အဘိုးအို အမယ်အိုများ၏ လေးတွဲ့တွဲ့ ချောင်းဟန့်သံများပေါ်လာပြန်၏။ ' ဘုရား ... ဘုရား ... ဘုရား ' ဟု တုန်တုန်ယင်ယင် ရှိလှသော အသံဖြင့် မြတ်ဘုရားကို တသ လိုက်သောအသံများကလည်း နောက်ဆက်တွဲ ပါလာ၏။ သည့်နောက်တော့ ဘုရားရှိခိုးသံ၊ ကြေးစည်သံ။

မယ်စိန်သည် အိပ်ရာထက်မှ လူးလဲထကာ ပြေကျနေသော ထဘီကို ပြင်ဝတ်လိုက်၏။ မီးခြစ်ကို လက်ဖြင့် စမ်းကာစမ်းကာ ရှာဖွေ၍ မီးခွက်ကို ထွန်းညှိလိုက်ကာ ထိုမီးခွက် အလင်းရောင်ဖြင့်ပင် ကိုဒေါင်းစိန်အား လှမ်းကြည့်လိုက်၏။ ကိုဒေါင်းစိန်ကတော့ တခေါခေါဟောက်ကာ အိပ်မောကျနေပါကလား။ မယ်စိန်သည် ကာလနဂါး၏ စံချိန်ကို ချိုးနေသော သူ့လင်တော်မောင် ကိုဒေါင်းစိန်အား မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်မိ၏။ ယခုတလော သည်ကာလနာကောင်သည် အလုပ်ကို တယ် ဂရုမစိုက်တော့။

ဟိုတုန်းကလို စိတ်အားထက်သန်မှု မရှိတော့။ နိုးနိုးကြားကြား ထထကြွကြွ မရှိတော့။ သံပတ် ပေးထားသော စက်ရုပ်လိုသာ အဓိပ္ပာယ် ကင်းမဲ့စွာ လှုပ်ရှားတတ်၏။ အလုပ်တွင် နိုးနိုးကြားကြား ထထကြွကြွ မရှိတော့ သလောက် သူမအပေါ်တွင်မူကား ဟိုတုန်းဟိုတုန်းကထက် ပိုမို၍ နိုးနိုးကြားကြား ထထကြွကြွ ရှိနေ၏။ အလုပ် မှ ခွာမှန်းမသိ ခွာလာသလောက် သူမအပါးသို့ ကပ်မှန်းမသိ ကပ်လာ၏။ ညအိပ်ရာ ၀င်တုန်း ကလည်း အိမ်ထောင်ဦး ဘတုန်းကလောက်ပင် နိုးနိုးကြားကြား ထထကြွကြွ ရှိလှသဖြင့် သူမက စိတ်မရှည် နိုင်တော့ဘဲ ' ဟဲ့ သေနာကောင်၊ မနက်စောစော ငါးမျှားတန် သွားသိမ်းရဦးမှာ၊ စောစော အိပ်ပါတော့လား။

ငါ ချက်ချင်းသေသွားဦးမှာမှ မဟုတ်ဘဲ၊ ဒါလောက်တောင် အလောသုံးဆယ် လောဘတကြီး ရိက္ခာ ယူနေရသလား ' ဟု မာန်မဲလိုက်သည့် တိုင် မအိပ်သေးဘဲ နားပူနားဆာ လုပ်နေသဖြင့်၊ သူမမှာ ကိုဒေါင်းစိန် ၏ အလိုကို အိပ်ပျော်တစ်ခါ နိုးလာတစ်လှည့်ဖြင့် လိုက်လျောနေရ၏။ နောက်ဆုံး ကိုဒေါင်းစိန် ဘယ်အချိန် အိပ်စက် သွားသည် ဆိုတာကိုပင် သူမ မသိလိုက်။ ကိုဒေါင်းစိန် နိုးနိုးကြားကြား ထထကြွကြွ ရှိနေသည့် အချိန် ၌ပင် သူမက ထိုင်းမှိုင်းနွမ်းနယ်လာကာ အိပ်ပျော်သွားမိ၏။

ဟိုတုန်းကဆိုလျှင် အလုပ်ကို စိတ်စဲါလမ်းနေသဖြင့် မည်သူမျှ နှိုးလွှတ်ရန်မလိုဘဲ အလိုအလျောက် အစောကြီး နိုးကာ ထ သွားတတ်၏။ အလုပ်ကို စွဲလမ်းလွန်း၍ သူမအပေါ်၌ ပေါ့ပျက်ပျက်ဖြစ်နေကာ သူမ နှင့် ဆက်ဆံရာမှာပင် စိတ်ပါလက်ပါ မရှိလှဘဲ ပြီးစလွယ် ဆက်ဆံ တတ်၏။ ယခုတလော သူမနှင့် ဆက်ဆံ ရာတွင်မူ စိတ်ပါ လက်ပါ ရှိလွန်းလှ၍ အမြဲပင် ညဥ့်နက်သောကြောင့် သူမက အမြဲတစေ နှိုးလွှတ်နေရ၏။ အလုပ်သွား ခါနီးတိုင်း ပေကပ်ကပ်လုပ်နေတတ်သဖြင့် ကြိမ်ထူသော နွားကို မောင်းရသလို အလုပ်ရှိရာသို့ အတင်း အကျပ် မောင်းနှင်လွှတ်နေရ၏။ ယခုလည်း ကြည့်ပါဦးတော့။ ညက တစ်ညလုံး ရိက္ခာယူ လိုက်ရလို့ အိပ်ပျက် ကာ အတော်ကလေး မောပန်းသွားရော့ထင့်ု။ ယခုတိုင် မနိုးသေးဘဲ ကုလားသေ ကုလားမော အိပ်နေသည်။ မနှိုးဘဲနှင့်တော့ ထ မှာ မဟုတ်။
' ဒေါင်းစိန် ... ဟဲ့ ဒေါင်းစိန်၊ ထ တော့၊ အရုဏ်တောင် လာနေပြီ '

သူမသည် ကိုဒေါင်းစိန်၏ သလုံးသားကို ဆွဲလှုပ်ကာ နှိုးလိုက်၏။ သို့သော် ကိုဒေါင်းစိန်ကား မနိုး၊ လက်ဝဲဘက် နံစောင်းမှ လက်ယာဘက်နံစောင်းသို့ ပြောင်းကာ အိပ်လိုက်၏။ ပြီးတော့ တခေါခေါ နှင့် ဟောက်မြဲ။ သူမက စိတ်မရှည်။ ' ဒေါင်းစိန် ... ဟဲ့ ကာလနာရဲ့ ထ ပါတော့လား။ တော်ကြာ မိုးလင်း နေရင်တော့ ငါးမျှားတန်းတွေကိုတော့ ယောက်ဖ အင်းသားကြီး သိမ်းသွားလိမ့်မယ် ' သူမသည် ကိုဒေါင်းစိန် ၏ ပခုံးကို တအားကိုင်လှုပ်နိုးပြန်၏။ သို့သော်ကိုဒေါင်းစိန်ကား ' အင်၊ အာ ' နှင့် လုပ်နေရာမှ ပက်လက်လန် လိုက်ပြန်ကာ တခေါခေါ ဟောက်နေပြန်၏။

သူမက ဒေါသကို မချုပ်တည်းနိုင်တော့။ ' ဟဲ့ ကာလနာရဲ့၊ ထဟဲ့ ထဟဲ့ ထဟဲ့ ' သူမသည် နှုတ်ဖြင့် နှိုးရုံနှင့် အားမရ ဘဲ ကိုဒေါင်းစိန်၏ ရင်ဘတ်ကြီးအား လက်နှစ်ဖက်ဖြင့် စုံထုတော့၏။ သည်တော့မှ ကိုယ်တော်ချော မျက်စိ ပွင့်လာကာ ' အာ စောပါသေးတယ်ကွာ ' ဟု အိပ်ချင်မူးထူး အသံဖြင့် ဗလုံး ဗထွေးပြောကာ မျက်စိကို ပြန်မှိတ် လိုက်၏။ သို့သော် မယ်စိန်က အိပ်ခွင့်မပြုဘဲ အတင်းဆွဲထူလိုက် သဖြင့် ကိုဒေါင်းစိန်မှာ မထချင် ထချင် နှင့် ထလိုက်ရတော့ကာ၊ မျက်နှာသွား သစ်ပြီး ညတုန်းက ကွင်းထဲ၌ သူ ချပစ်ခဲ့သော ငါးမျှားတန်းကို သွားသိမ်းရန် လှေငယ်တက်စင်းကို ပြင်ဆင်နေရတော့သည်။

(၂)

ကိုဒေါင်းစိန်တို့ အိမ်ခေါင်းရင်းရှိ သရက်ပင်ပျိုပေါ်မှ သပိတ်လွယ် ငှက်ကလေးသည် သာယာသော တေးဂီတ ဖြင့် မိုးသောက်ရောင်ခြည်ကို ကြိုဆိုနေလေပြီ။ ရွာတွင်းမှ ကြက်အပေါင်းကလည်း မိုးသောက်ကဗျာကို ခွန်းဆင့် သီပြိုင် မြိုင်မြိုင်ကြီး တွန်ကျူးနေကြပေပြီ။ ကျီးများကလည်း တအားအား အော်မြည်ကာ မိုးသောက် ရောင်ခြည် လာတော့မည်ဖြစ်ကြောင်း ကြွေးကြော်နေကြပေ ပြီ။ ကိုဒေါင်းစိန်သည် လှေငယ်တက်စင်းကို ပြင်ဆင် ပြီးပြီဖြစ်၍ လှေကို ကမ်းစပ်မှခွာကာ ခပ်သုတ်သုတ် လှော်ခတ်လာခဲ့သည်။ သူ့အမူအရာမှာ အလုပ်ဆင်း နောက်ကျသူပမာ ရေးကြီးသုတ်ပျာ ပျာကယာ ဖြစ်နေလေသည်။ ငါးမျှားတန်းမှာ အင်းသားကြီး ပိုင် ကွင်းထဲတွင် ည ဘက်၌ တိတ်တဆိတ် သွားချထားရ၍ လူရော ကျီးရော မနိုးမီ နံနက် စောစောကြီး ထ ကာ သွားရောက် ရုပ်သိမ်းရသည်။

နေမြင့်၍ မိုးလင်းနေပါက အင်းသားကြီးနှင့်တွေ့ပြီး ကိစ္စများတတ် သည်။ ယခု သူသည် အိပ်ရာထ နောက်ကျ နေ၍ မိုးစင်စင်လင်းလုပြီ ဖြစ်သောကြောင့် သူ့အမူအရာမှာ ရေးကြီးသုတ်ပျာ ပျာကယာ ဖြစ်နေ ရသည်။ ဆောင်းဦးသို့ ရောက်လာပြီမို့ ရေမျက်နှာပြင်ပေါ်ဝယ် မြူနှင်းကလေးများမှာ ဟိုတစ်စု သည်တစ်စု ပျံဝဲ နေသည်။ ဆောင်းရာသီ၏ အအေးဓာတ်ကလည်း ဤကမ္ဘာလောကသို့ ချဉ်းနင်းဝင်ရောက်စ ပြုပါပြီ။ သို့ပေမဲ့ ကိုဒေါင်းစိန်ကတော့ အေးလို့မှ အေးမှန်းမသိပါ။ သူ့နဖူးပြင်ဝယ် ခေးကလေးပင် စို့နေပါသည်။

ရောက် ချင်ဇောဖြင့် လှေကို တက်သုတ်ရိုက်ကာမှပင် သူသည် သူ့မိတ်ဆွေ ကိုလူမောင်ကို ရုတ်တရက် သတိရ မိ၏။ ယခင်ဆိုလျှင် ဘယ်ကိုသွားသွား သူနှင့် ကိုလူမောင် ပါမြဲဖြစ်သည်။ ယခု တလော အလုပ်ကို စိတ်ပျက် လွန်းလှ၍ အလုပ်အကြောင်း တိုင်ပင်ဆွေးနွေးမှု မရှိကြ။ သွားလာ လုပ်ကိုင်ရာတွင်လည်း တကွဲတပြား ဖြစ်နေသည်။ ယခုတလော ကိုလူမောင်ကိုလည်း အတွေ့အမြင်ရနည်းသည်။ သူက အလုပ်ကို ခွာကာ မယ်စိန်အပါးသို့ ကပ်မှန်းမသိ ကပ်နေသလို ကိုလူမောင်လည်း အလုပ်ကို ခွာပြီး ဘယ်ချောင်ကိုများ ချဉ်းကပ် နေပါလိမ့်။

သူ၏ မျက်စိထဲတွင် ကိုလူမောင်၏ ရုပ်ပုံလွှာသည် ထင်းထင်းကြီးပေါ်လာသည်။ ဟိုတုန်းကလို အာဝဇ္ဇန်း ရွှင်ရွှင် ဖြင့် သွက်လက် ဖျတ်လတ်ခြင်းမရှိဘဲ စကားနည်း၍ ထိုင်းမှိုင်းငိုက်မျဉ်းနေတတ်သော ကိုလူမောင်။ စိုစိုပြည်ပြည် ရှိသော သူ့အသားအရေမှာ ယခုတလော မွဲခြောက်ခြောက် ဖြစ်နေသည်။ သူ့နှုတ်ခမ်းအစုံမှာ မည်းပြာနေ၍ သူ့မျက်လုံးများမှာ မှိန်ဖျော့နေသည်။ ကျယ်လောင်သော စကားပြောသံနှင့် ကျယ်လောင် သော အသံဗလံများကို နားမခံနိုင်ဘဲ လန့်ဖျပ်သွားတတ်သည်။ လူစုလူဝေးကို ကွင်းရှောင်ကာ ချောင် ကောင်းကောင်း တွင် တစ်ယောက်တည်း ငိုက်မျဉ်းနေတတ်သည်။ တန်တော့၊ ကိုလူမောင် တစ်ယောက် မရိုးဘူးထင်တယ်။ ဧကန္တ အောင်သိန်းရဲ့ ဘိန်းဆိုင်ကို ချဉ်းကပ်နေတာ ဖြစ်သည်။

သည်အတွေးက သူ့ကို ချောက်လှန့်လိုက်၍ သူ ထိတ်လန့်သွားသည် ဟိုတုန်းက သည်လို မတွေးမိသည်မှာ အံ့သြစရာကောင်းလှသည်။ စောစောကသာ ဒီလိုတွေးမိရင် ကိုလူမောင်ရဲ့ အရိပ် အခြည်ကို အကဲခတ်ကြည့်ရှုပြီး မိတ်ဆွေကောင်း ပိသစွာ သတိပေးတန် ပေးလိုက်ရရဲ့။ ဒါပေမဲ့ ငါတွေးသလို ဟုတ်ချင် မှ ဟုတ်မှာပါလေ။ ကိုလူမောင်ဟာ ဒါလောက်တောင် မိုက်မဲတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ သူသည် သူ့စိတ်ကို ကြံဖန်၍ နှစ်သိမ့်လိုက်သည်။ ယခုလို အဖော် မပါဘဲ တစ်ယောက်တည်း သွားလာ လုပ်ကိုင်ရသည်မှာ ပျင်းစရာကြီးပါတကား။ သူသည် တစ်ချက်မျှ ပျင်းရိစွာ သမ်းဝေလိုက်ပြီးနောက် လှော်တက် ကို ခပ်သွက်သွက် ခပ်ပြင်းပြင်းကလေး လှော်ပေးလိုက်ရာ မကြာမီပင် သူ ငါးမျှားတန်း ချရာနေရာသို့ ရောက်ခဲ့တော့၏။

လင်းရောင်ခြည်ကလေးကား ဖြာဆင်းနေလေပြီ။ မှိုင်းမှုန်နေသော ရှုခင်းမှာလည်း တဖြည်းဖြည်းနှင့် ကြည်လင်လာကာ အလင်းဘက်သို့ ကူးမှန်းမသိ ကူးပြောင်းစ ပြုလာလေသည်။ ရွာဘက်ဆီမှ ပျံ့လွင့် ထွက်လာသော ခွေးဟောင်သံနှင့် လူသံ အစအနကလေးများကိုပင် ကြားနေရသည်။ မိုးစင် စင်လင်းတော့ မှာပါကလား။ သူ လေးကန်ဖင့်နွဲ့နေ၍မဖြစ်။ သူသည် ကျင်လည်သွက်လက်စွာပင် လှေထဲမှ ၀ါးလုံးချိတ်ကို လှမ်းယူ လိုက်သည်။ အတော်ကလေး ရှည်လျားသော ၀ါးလုံးတစ်ချောင်း၏ ထိပ်တွင် ကွေးကောက် ထားသော သံချောင်းချိတ်ကို တပ်ဆင်ထားသည်။

သည်ဝါးလုံးချိတ်ဖြင့် ရေအောက်၌ ရှိနေသော သူ့ငါးမျှားတန်းကို စမ်းသပ်ရှာဖွေရသည်။ ရေထဲဆင်းငုပ်ပြီး စမ်းသပ် ရှာဖွေရလျှင် စောစောစီစီး ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေမှာပေါ့။ သူသည် သံချောင်းချိတ် တပ်ထားသော ၀ါးလုံးချိတ်ကို ရေအောက်မြေကြီးကို ထိကပ်သွားအောင် ထိုးစိုက်လိုက်ပြီးနောက် ဟိုဟို သည်သည် ဝှေ့ယမ်းစမ်းသပ်ရင်း တစ်စုံတစ်ခုကို ချိတ်မိရန် စိတ်အားထက်သန်စွာ မျှော်လင့် နေ၏။ ငါးမျှားတန်း မှာ ၂၅ ကိုက်ခန့် ရှည်လျားသော အုန်းဆံကြိုးတစ်ချောင်းတွင် တစ်တောင်ခန့် ရှည်သော ငါးမျှားကြိုး ၂၅ ချောင်းကို တစ်တောင်ကွာစီတွင် တပ်ချည်ထားကာ ရေအောက်မြေကြီး ၌ တစ်ဖက် တစ်ချက် ထိုးစိုက်ထားသော ၀ါးလုံးတိုင် နှစ်တိုင်တွင် အုန်းဆံကြိုး အစနှစ်ဖက်ကို ချည်နှောင်ထား၏။

သို့သော် ရှည်လျားသော အုန်းဆံကြိုးမှာ တင်းတောင့်မနေဘဲ မြေကြီး၌ ပုံကျ နေတတ်သည်ဖြစ်ရာ ထိုအုန်းဆံကြိုး၌ တပ်ချည်ထားသော ငါးမျှားကြိုးများရှိ ငါးမျှားမှ ငါးစာမှာ ပုပ်ပွ၍ ရေအောက်မြေကြီးနှင့် တစ်တောင် ခန့် ပေါ်တက်နေသည့်အခါတွင် ငါးရံ့များက ထိုးဟပ် တတ်သည်။ ယခု သူသည် ဤ အုန်းဆံကြိုး ကို ချိတ်မိရန် စမ်းသပ်ရှာဖွေနေရခြင်းဖြစ်သည်။

တော်တော်နှင့် စမ်းသပ်ရှာဖွေ၍ မတွေ့ရသည့်ကြားထဲခြင်တွေက ကိုက်လှသဖြင့် တဖတ်ဖတ် ရိုက် နေရသည် မှာ ကြာတော့ စိတ်များပင် တိုလာမိသည်။ သူည် ဒေါသထွက်ထွက်ဖြင့် ၀ါးလုံးချိတ်ကို ခပ်ကြမ်းကြမ်း ဝှေ့ယမ်းလိုက်ရ တစ်စုံတစ်ခုကို ချိတ်မိသလို ၀ါးလုံးချိတ်မှာ အရှိန်တန့်ရပ်သွားသည်။ အား ... ငါးမျှားတန်း ကို ချိတ်မိပြီလေ။ ချိတ်မိထားသော ငါးမျှားတန်း ပြန်၍ လွတ်ကျသွားမည်စိုးသည့်အတွက် သူသည် ညင်ညင်သာသာဖြင့် သတိထားကာ ဆွဲတင်လာ သည်။

အုန်းဆံကြိုးမှာလည်း တင်းခံမနေဘဲ ညွတ်ကွေးပြီး ပါလာသည်။ အုန်းဆံကြိုးရေမှ ကုန်းပြင် ပေါ်အရောက်တွင် သူသည် အုန်းဆံကြိုးကို လှမ်းကိုင်ကာ ၀ါးလုံးချိတ်ကို လှေထဲသို့ လွှတ်ချ လိုက်၏။ နောက် အုန်းဆံကြိုးအောက်၌ တွဲလောင်းကလေးတွေ ဖြစ်နေသော ငါးမျှားကြိုးများကို တစ်ချောင်းပြီး တစ်ချောင်းဆွဲဖော်ကာ မိသော ငါးများကို လိုက်ဖြုတ်၏။ အချို့ ငါးမျှား၌ ငါးရံ့ကြီး တွေ မိနေ၏။ အချို့ ငါးမျှားများ မှာတော့ မြွေပတုံ့တွေ မိနေကာ၊ အနည်းငယ်မျှသော ငါးမျှားများမှာ မူ ဘာငါးမှ မမိဘဲ ချိတ်ထား သော ငါးစာလေးသာပါလာ၏။

ငါးရံ့ကြီးများ မိထားသော ငါးမျှားကို တွေ့မြင်ရလျှင် သူ ၀မ်းသာအယ်လဲဖြစ်ရသလောက် ဗလာဖြစ်နေသော ငါးမျှားကို တွေ့ရသည့်အခါတွင်မူ ၀မ်းနည်းပက်လက်ဖြစ်သွားရကာ၊ မြွေပတုံ့ကို မိနေသော ငါးမျှားကို မြင်လိုက်ရသည့်အခါတွင်ကား စိတ်ဆိုးမာန်ဆိုးနှင့် တအားဆွဲဖြုတ်ကာ အဝေးသို့ ဒေါသတကြီး လွှင့်ပစ်လိုက်၏။ ငါးမျှားကြိုး ၂၅ ချောင်းလုံးဖြုတ်ပြီး၍ သူ့လှေထဲ ကြည့်လိုက်ရာ ငါးရံ့ခြောက်ကောင်လောက်သာ တွေ့မြင်ရ၏။ သို့သော် ရှိစေတော့။ အခြားနေရာ သုံးနေရာ၌ သူ ငါးမျှားတန်း သုံးတန်း၊ ငါးမျှားကြိုး ၇၅ချောင်း ရှိနေသေးသည်။
သူသည် တစ်နေရာမှ တစ်နေရာသို့ ကူးကာ သူ့ ငါးမျှားတန်းများရှိ ငါးမျှားကြိုးအားလုံး စုံစုံစေ့စေ့ လိုက်ဖြုတ် ပြီးနောက် လှေဝမ်းထဲမှ ငါးရံ့များကို ရေတွက်ကြည့်ရာ အကောင်နှစ်ဆယ်တိတိ ရှိ၏။ ဒါလောက် ဆိုရင်လည်း တော်လောက်ပါပြီလေ။ ကံပေးသမျှပေါ့။

သူသည် ငါးမျှားတန်းများကို ရေအောက် ပြန်ချပစ်ခဲ့ပြီး ရွာဘက်သို့ ခပ်သုတ်သုတ် လှော်ပြန်လာခဲ့ သည့်အခါ၌ကား မိုးစင်စင်လင်းနေပါပြီ။

(၃)

' ဘယ့်နှယ်လဲ ငါး တော်တော် ဟပ်ရဲ့လား၊ မိုးလင်းနေလို့ ကျုပ်ဖြင့် အင်းသားကြီးနဲ့များ တွေ့နေ မလားလို့ တထိတ်ထိတ်နဲ့ တွေးပူလိုက်ရတာတော်။ အခုမှ ဟင်းချလိုက်ရတော့တာပဲ '
သူ ပြန်လာမည့်လမ်းကို ကမ်းနဖူးမှ ထိုင်ကာ စောင့်မျှော်နေသော မယ်စိန်က သူ့လှေ ကမ်းမဆိုက် မီပင် ဟစ်မေးလိုက်၏။ သူက တစ်ခွန်းတစ်ပါဒမျှ ပြန်ကြားခြင်း မပြုဘဲ၊ လှေ ကမ်းသို့ ဆိုက်သည့် အခါတွင်မှ လှေကပ် ကိုဖွင့်၍ လှေကပ်အောက်ရှိ ငါးရံ့များကို ပြလိုက်၏။ ငါ ပြောစရာ မလိုဘူးလေ၊ မင်းဟာ မင်း ကြည့်ပေါ့ ဟူသော သဘောမျိုးဖြင့် ခပ်ကြွားကြွား လုပ်ပြလိုက်ခြင်းဖြစ်၏။
' ငါးမျှားတစ်ရာကို ဒါလောက် ရတယ်ဆိုရင်လည်း တော်လောက်ပါပြီလေ၊ ငါးမျှားတစ်ရာကို တစ်ရာလုံး အစေ့သာ ငါးမိမယ်ဆိုရင်တော့ မယ်စိန်တို့ ခုလောက်ရှိ ဇောတိက ဖြစ်နေရော့ပေါ့ '
မယ်စိန်သည် ပြောပြောဆိုဆိုပင် တောင်းတစ်လုံးကို ဆွဲဆင်းလာကာ လှေထဲမှ ငါးတွေကို တောင်းထဲသို့ ထည့်ပြီးနောက် အိမ်ပေါ်သို့ သယ်တင်သွား၏။ ကိုဒေါင်းစိန်ကလည်း လှော်တက်နှင့် ၀ါးလုံးချိတ်ကို ကိုင်ဆွဲကာ မယ်စိန်နောက်မှ တက်လိုက်သွား၏။

အိမ်ပေါ် အရောက်တွင် မယ်စိန်သည် ဆိုင်းငံ့မနေဘဲ စဉ်းတီတုံးနှင့် ဓားမကို ယူထုတ်ခဲ့ကာ ငါးရံ့များကို အကြေးထိုး၊ ခေါင်းဖြတ်၊ ကျောမှနေ၍ ဓားနှင့်ခွဲ၊ ငါးရံ့ဆီထုတ်၊ ဓားနှင့်ပေါက်၍ အမြှောင်းလုပ်နေ၏။ ကျင့်သား ရ၍ ကျင်လည်နေပြီ ဖြစ်သောကြောင့် တစ်ခဏအတွင်းမှာပင် ငါးရံ့ အကောင်များမှာ ခွဲပြီးသား ငါးရံ့ အဖြစ်သို့ ရောက်ရှိသွားသည်။
' ဟောဒီလို ရေသေ ငါးရံ့မျိုးဟာ ငါးရံ့ခြောက် ခွဲလှန်းလို့ ဘယ်တော့မှမကောင်းဘူး။ အသွေး အရောင် နီရဲ မနေဘဲ လူသေမျက်နှာလို ဖြူဖပ်ဖြူရော်ချည်း ဖြစ်နေတာပဲ။ လာဝယ်တဲ့ ကုန်သည် တွေက ဒါမျိုးကို မကြိုက်ဘူးတော့ '

မယ်စိန်သည် ကိုယ်ကာယသာ အလုပ်လုပ်ရင်း လှုပ်ရှားနေသည်မဟုတ်။ ပါးစပ်မှလည်း အငြိမ် မနေဘဲ ခြေပစ်လက်ပစ် လဲလျောင်းနေသော ကိုဒေါင်းစိန်ကို ကြည့်ကာ ကြည့်ကာ မနားတမ်း ပြော နေ၏။ သူမ ပြောတာကလည်း မှန်လွန်းလှသည်။ သည်လို ရေထဲမှာကတည်းက သေလာ သော ရေသေငါးရံ့မျိုးကို ငါးရံ့ခြောက် ခွဲလှန်းလျှင် အသွေးအရောင် မလှဘဲ ဖြူဖွေးနေ၍စားလို့ လည်း မကောင်းပါ။ ငါးရံ့အရှင်ကြီး တွေကို ထုရိုက်သတ်ဖြတ်ပြီး လတ်လတ်ဆတ်ဆတ် ခွဲလှန်းမှ အသွေးအရောင်ကလေး နီရဲ၍ စားချင့် စဖွယ် ဖြစ်သည်။ စားရာမှာလည်း အရသာရှိသည်။
' ဒါကြောင့်မို့ မြို့သွားတဲ့ လူတွေကို ယမ်းစိမ်းမှာပြီး ၀ယ်ထားရတယ်။ ယမ်းစိမ်း ပက်ပြီး လှမ်းလိုက် ရင် ရေသေငါး ပေမဲ့ အသွေးအရောင် နီရဲလာတာပဲ။ ဒီလိုမှ ဥာဏ်မကူ ပြန်ရင်လည်း တော်တော်နဲ့ ရောင်းထွက် မှာ မဟုတ်ဘူးတော့် '

ပြောပြောဆိုဆိုပင် မယ်စိန်သည် ဆားတောင်းကိုရွှေ့၍ ယမ်းစိမ်းထုပ်ကိုပါ သွားယူကာ ဆားနှင့် ယမ်းစိမ်းကို ရောစပ်နေ၏။ ပြီးလျှင် ခွဲထားသော ငါးရံ့များပေါ်သို့ ဖြူးလိုက်ပြီးနောက် လက်နှစ်ဖက် ဖြင့် အားရ ပါးရ ဆုပ်နယ်နေ၏။ ကိုဒေါင်းစိန်ကတော့ ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ မယ်စိန် လုပ်နေပုံကိုသာ မျက်လုံးဝိုင်းကြီးဖြင့် လိုက်ကြည့်နေ၏။
' အခု ကျုပ် ခွဲထားတဲ့ ငါးရံ့ အခွဲကို တော်လာကြည့်စမ်းပါဦး၊ ဟိုတုန်းကလို 'ငါးတွန့်' ' ဖိုးစိန်' 'မြကြိုးနွယ်' လို အခွဲမျိုးတွေ မဟုတ်ဘူးတော့်။ တစ်မျိုးတစ်ဖုံ ခွဲထားတာ၊ မပြားကြီးက စပြီး ထွင် လိုက်တာပေါ့။ အခု ဒီအခွဲမျိုးကို လူကြိုက်များလို့ ဒီအခွဲမျိုးသာ ခေတ်စားနေတယ်။ လူကြိုက်များ မှာပေါ့၊ ဒီအခွဲမျိုးခွဲပြီး လှန်းတဲ့ ငါးရံ့ခြောက်ဆိုရင် ပုဝိုင်းဝိုင်းကလေးနဲ့ ပုံပန်းကျပြီး လှနေတာကိုး။ တစ်ခါတုန်းက ငါးရံ့ခြောက်လာဝယ်တဲ့ ကုန်သည် တစ်ဦးက အဲဒီအခွဲမျိုးကို ' မော်တာ 'ခွဲလို့ အမည် တွင်နေတယ်၊ ဘာဖြစ်လို့ မော်တာခွဲလို့ အမည်ပေး တယ်ဆိုတာကိုတော့ ကျုပ်လည်း မသိ ပေါင်တော်။ ရှာရှာဖွေဖွေ သူတို့ပဲ အမည်ပေးတတ်တယ်

မယ်စိန်က သူ့လက်ရာ ငါးရံ့ခွဲကို ဟိမ၀န္တာချီးမွမ်းခန်းထက်သာအောင် အမွှမ်းတင် ပြောကြားနေ၏။ အမွှမ်းတင်မည်ဆိုလျှင်လည်း တင်လောက်ပါသည်။ မပြားကြီးက တီထွင်လိုက်၍ မယ်စိန် နည်းယူ ထားသော ဤငါးရံ့ခွဲမှာ ဟိုတုန်း ဟိုတုန်းက ပေါ်ပေါက်ခဲ့သော ' ငါးတွန့် ' ' ဖိုးစိန် ' ' မြကြိုးနွယ် ' စသော ငါးရံ့ခွဲများ၏ စံချိန်ကို ချိုးပစ်လိုက်၍၊ နောက်ဆုံးပေါ် အကောင်းဆုံးလက်ရာအဖြစ် ကုန် သည်လောက၌ မှတ်တမ်းတင်ခံရပြီး ဖြစ်ပါသည်။

' ငါးတွန့် 'ခွဲဖြင့် ခွဲလှန်းသော ငါးရံ့ခြောက်မှာ တစ်မျိုးတစ်ဖုံလှပါ၏။ အတွန့်ကလေးများ တွန့်ပြီး ခွဲလှန်းထားရာ ငါးရံ့ခြောက်မှာ တစ်မျိုးတစ်ဖုံ လှနေပါသည်။ ' မြကြိုးနွယ် ' အခွဲဖြင့် ခွဲလှန်းသော ငါးရံ့ခြောက်မှာလည်း အမည်ကလေး ကဗျာဆန် သလောက် ကြည့်ကောင်းပါသည်။ ငါးရံ့အမြှောင်ကလေးများ သေးသွယ်နွဲ့လျား၍ ' မြကြိုးနွယ် ' ကလေးနှင့်ပင် တူနေသော အချို့ အမြှောင်း ကလေးကို ခွေရစ်ပြီး လှန်းထားသည့် အတက်လည်း ' မြကြိုးနွယ် 'ဟူသေ အမည်နှင့် လိုက်ဖက်လှပါသည်။ သို့သော် ' မြကြိုးနွယ် ' အခွဲမှာ အမြှောင်သေး၍ ဖုတ်စားသည့်အခါ အသားမထွက်သဖြင့် အချို့က မကြိုက်။ ယခု မပြားကြီး ထွင်လိုက်သော ' မော်တာ ' ခွဲမှာမူ အမြှောင်းကြီး၍ အသားထူသဖြင့် ဖုတ်စားရာ၌ အသားထွက်သည်။ ပုံပန်းမှာလည်း ပုဝိုင်းဝိုင်းကလေးဖြစ်နေရာ ဆံရစ်ဝိုင်းကလေးနှင့် အပျိုပေါက် ကလေး ပမာ ကြည့်ကောင်းလှသည်။

ဆားနှင့် ယမ်းစိမ်း၊ ငါးရံ့အသားထဲသို့ စိမ့်ဝင်သွားလောက်အောင် ဆုပ်နယ်ပြီးသောအခါ မယ်စိန်သည် ထိုငါးရံ့ခွဲများကို ခြင်းတောင်းထဲသို့ ပြန်ထည့်ကာ ကမ်းနားဆင်း၍ ရေဆေး၏။ ပြီးလျှင် တအောင့်တနား ရေစစ်ထားကာ ငါးရံ့ခြောက်လှန်းရန် ဆောက်လုပ်ထားသော ယိုင်နဲ့နဲ့ ငါးရံ့စင်ပေါ်သို့ သယ်တင်သွား၏။ တစ်ကောင်ပြီး တစ်ကောင် ပြုပြုပြင်ပြင် လှန်းနေရာမှ ကိုဒေါင်းစိန်အား စကားလှမ်းပြောလိုက်သေး၏။

' ငါးရံ့အခွဲ ကောင်းပေမဲ့ နေလှန်းရာမှာ ပြုပြင်ပြင်ပြင် မလှန်းဘဲ ပြီးစလွယ်လှန်းလိုက်ရင် ပုံပျက် သွားရောတော့်၊ ဟောဒီလို ဘေးနှစ်ဖက်ကို ဆွဲပြီး လှန်းမှ ပုဝိုင်းဝိုင်းကလေးဖြစ်ပြီး ကြည့်လို့လှတာ'
ပြောပြောဆိုဆိုပင် မယ်စိန်သည် ငါးရံ့ခွဲ ဘေးတစ်ဖက်တစ်ချက်ရှိ အမြှောင်းနှစ်ချောင်းကို လက်တစ်ဖက်စီ ဆွဲကိုင်ပြီး ဘေးနှစ်ဖက်သို့ ဆွဲယူလိုက်ရာ၊ ငါးရံ့ခွဲမှာ ဘေးနှစ်ဖက်သို့ ပြန့်ကား သွားပြီး အောက်ဘက်၌ ရှူးသွားကာ ပုဝိုင်းဝိုင်းကလေး ဖြစ်သွားတော့သည်။

ကိုဒေါင်းစိန်သည် မယ်စိန်အား စိတ်ဝင်စားစွာ စူးစိုက်ကြည့်ရှုနေသည်။ မယ်စိန် ... မယ်စိန် ... အာဂမယ်စိန် ပါတကား။ သူ့အလုပ်နှင့်သူ သက်ဆိုင်သမျှ သူ မတတ်တာ ဘာမျှမရှိ။ သူကိုယ်တိုင် တီထွင်နိုင်စွမ်းမရှိပေမဲ့ သူတစ်ပါး တီထွင်ပြုလုပ်လိုက်သော ပစ္စည်းဝတ္ထုများကို သူ အလျင်သိ၍ ချက်ချင်းပင် နည်းယူ ပြုလုပ်တတ်သည်။ ဒီလောက်တော်တဲ့ မယ်စိန်ကိုတော့ သိကြားမာဃရဲ့ မယားငယ် သုဇိတာ နဲ့တောင် ငါတော့ မလဲနိုင်ပေါင်။

အခန်း (၄) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, July 30, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁)

ပထမအကြိမ် ထုတ်ဝေစဉ်က မြန်မာပြန်သူ၏ အမှာ

   
ဤစာအုပ်၏ မူရင်းဝတ္တုရေးသူ ကမ္ဘာကျော် စာရေးဆရာကြီး ၀ီးလ်ဘားစမစ် (WILBUR SMITH) ၏ အကြောင်းနှင့်တကွ ဤ ၀တ္တုဇာတ်လမ်း ဖြစ်ပျက်ရာ နောက်ခံဒေသ အကြောင်းကို စာဖတ်သူများ သိထာခြင်းအားဖြင့် ၀တ္ထုဇာတ်လမ်း အရသာကို ပိုမိုပြည့်စုံစွာ ခံစားနိုင်လိမ့်မည်ဟု ယူဆမိပါသဖြင့် စာရေးဆရာနှင့်တကွ ဇာတ်လမ်း၏နောက်ခံဒေသတို့အကြောင်းကို မိတ်ဆက်သဘော ရေးသားတင်ပြလိုက်ရပါသည်။

    စာရေးဆရာကြီး ၀ီလ်ဘားစမစ်သည် မျက်နှာဖြူလူမျိုးတစ်ဦး ဖြစ်လင့်ကစား အာဖရိကတိုက် ဇင်ဘီယာနိုင်ငံတွင် မွေဖွားခဲ့သူဖြစ်ပါသည်။ အာဖရိကရှိ ရို့ဒ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး သူ၏ ဘ၀တစ်လျှောက်လုံးတွင် အာဖရိက၌ပင် နေထိုင်ခဲ့သည်။ သူသည် အာဖရိကတိုက်ရှိ တောရိင်း တရိစ္ဆာန်များကို အထူးစိတ်ဝင်စားကာ ရှားပါး တိရစ္ဆာန် မျိုးဆက် မပြုတ်ရေးကိုလည်း အလွန်လိုလားသူဖြစ်သည်။

    သူသည် စာပေရေးသားမှု ၀ါသနာပါသည့်အလျောက် ၁၉၆၄ ခုနှစ်မှစ၍ အချိန်ပြည့် စာရေးဆရာအဖြစ် တောက်လျှောက် ရေးသားခဲ့ရာ သူ၏၀တ္ထု အားလုံး လိုလိုမှာ အာဖရိကတိုက်ရှိ နိုင်ငံများကို နောက်ခံကားအဖြစ် ထားပြီး ရေးသားလေ့ရှိသည်။

    အာဖရိကတိုက်တွင် မွေးဖွား ကြီးပြင်းပြီး အာဖရိကတိုက်တွင်ပင် တောက်လျှောက်နေခဲ့သူဖြစ်သည့်အလျောက် ၀ီးလ်ဘားစမစ်၏ ၀တ္ထုများမှာ အာဖရိကတိုက်၏ အခြေအနေ ကို အလွန်တိကျ မှန်ကန်စွာ သရုပ်ဖော်နိုင်စွမ်း ရှိရုံမက နိုင်ငံတကာ စာဖတ်ပရိတ်၏ စိတ်အာရုံကို ထူးခြားစွာ ဆွဲဆောင် ဖမ်းစားနိုင်သဖြင့် ယခုဆိုလျှင် သူ၏ ၀တ္ထုများသည် ကမ္ဘာ့စာပေ လောက တွင် အရောင်းရအတွင်ကျယ်ဆုံး၊ စောင်ရေအများဆုံး ဘက်စ်ဆယ်လာ စာရင်းဝင်ဖြစ်နေပေပြီ။

    ဤ၀တ္ထုတွင် အဓိဇာတ်ဆောင်အဖြစ် အာဖရိကတိုက်တွင် မွေးဖွား ကြီးပြင်းခဲ့သူ မျက်နှာဖြူလူမျိုး ကမ္ဘာကျော်စာရေးဆရာ ခရိတ်ဆိုသူအား ဖန်တီးထားပြီး ဇာတ်လမ်း ဖြစ်ပျက်ရာဒေသအဖြစ် အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံကို နောက်ခံ ဒေသအဖြစ် ရေးသားထားပါသည်။

    ဇင်ဘာဘွေနိုင်ငံအကြောင်း အနည်းငယ်ရှင်းပြရန် လိုပါမည်။
    ဇင်ဘာဘွေနိုင်ငံ၏ မူလနာမည်မှာ ရိုဒီးရှားနိုင်ငံဖြစ်လေသည်။ ထိုနိုင်ငံကို စတင် အခြေစိုက် တည်ထောင်ခဲ့သူ မျက်နှာဖြူလူမျိုး ရို့ဒ်ဆိုသူ၏ နာမည်ကို အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် ရိုဒီးရှားဟု အမည်ပေးခဲ့ပြီး မကြာသေးမီကာလအထိ မျက်နှာဖြူ လူနည်းစုကသာ စိုးမိုး အုပ်ချုပ်ခဲ့သည်။

    ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားသည့် နောက်ပိုင်းတွင် ထိုနိုင်ငံ၏ ဒေသခံ တိုင်းရင်းသား အများစုဖြစ်သော ကပ္ပလီ(လူမည်း)များသည် မျက်နှာဖြူ လူနည်းစု၏ အုပ်စိုးမှု လက်အောက်မှ လွတ်မြောက်ရန် လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြရာ ယင်းတော်လှန်ရေး တိုက်ပွဲမှာ ပြင်းထန်သလောက် အလွန်ကြာရှည်ခဲ့လေသည်။
    ထိုအခါ ကိုလိုနီ နယ်ချဲ့စနစ်ကို ဆန့်ကျင်သူ အာဖရိကတိုက်ရှိ အခြား အင်အားစုများကလည်း လူမည်းတို့၏ တော်လှန်ရေးကို အားပေးခဲ့ကြရုံမက အခြားနိုင်ငံများကပါ ထောက်ခံ အားပေးခဲ့ကြသည်။

    နောက်ဆုံးတွင် တိုင်းရင်းသား လူမည်းတို့၏ တော်လှန်ရေး အောင်မြင်ထမြောက်ပြီး လူမည်းများ အာဏာရကာ အောင်ပွဲခံနိုင်ခဲ့သည်။ နိုင်ငံ၏ အမည်ကိုလည်း ကိုလိုနီ နယ်ချဲ့စနစ်၏ အမှတ်အသားဖြစ်သည့် ရိုဒီးရှားအမည်ကို ပယ်ဖျက်ကာ မူလ အာဖရိက တိုင်းရင်းတို့၏ အခေါ်အဝေါ်ဖြစ်သော ဇင်ဘာဘွေဟု နာမည်ပြောင်းခဲ့ကြသည်။
    ယခုဆိုလျှင် ဇင်ဘာဘွေသည် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်ခွင့်ပင် ရရှိနေပြီ ဖြစ်သည်။

    သို့ရာတွင် ၀မ်းနည်းဖွယ် ကောင်သည်ကား ဇင်ဘာဘွေနိုင်ငံတွင် ဒေသခံတိုင်းရင်းသား လူမည်းများမှာ တစ်မျိုးတည်း မဟုတ်ဘဲ လူဦးရေ အင်အား အများဆုံးလူမျိုးအုပ်စု နှစ်ခု ရှိနေလေသည်။
    လူမျိုးအုပ်စု တစ်စုက ရှိုနာအုပ်စုဖြစ်ပြီး ကျန်အုပ်စု တစ်ခုမှာ မာတာဘယ်လီဟု ခေါ်လေသည်။

    လက်ရှိ အစိုးရအဖွဲ့တွင် ရှိုနာ အုပ်စုက အင်အားများ၍ လက်ဝါးကြီးအုပ်ကြီးစိုး ခြယ်လှယ်ကာ မာတာဘယ်ဘီအုပ်စုထဲမှ ၀န်ကြီးတစ်ဦးသာ နေရာရလေသည်။
    လူမျိုးအုပ်စုချင်း မသင့်မတင့် ရှိရုံမက တစ်ဖက်နှင့် တစ်ဖက် ရန်သူသဖွယ် မုန်းတီးကြလေရာ အာဏာရ ရှိုနာ တိုင်းရင်းသားတို့က မာတာဘယ်လီ လူမျိုးအုပ်စုတို့အား နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အနိုင်ကျင့် ညှင်းပန်းခြင်းများ ပြုလုပ်နေကြလေသည်။

    ဤသို့လျှင် ဇင်ဘာဘွေနိုင်ငံအတွင်း တိုင်းရင်းသား လူမျိုးအုပ်စုကြီးနှစ်ခု ပဋိပက္ခ ပြင်းထန်နေချိန်တွင် ကမ္ဘာ့နိုင်ငံကြီးများက မသိမသာ ၀င်ရောက် စွက်ဖက်ခြယ်လှယ်မှုများပါ စတင် ပေါ်ပေါက်လာလေသည်။

    ယင်းအခြေအနေတွင် ဇင်ဘာဘွေနိုင်ငံသား ဇာတိ မျက်နှာဖြူ စာရေးဆရာခရိတ်က သူ၏ ဇာတိနိုင်ငံသို့ တစ်ကျော့ပြန် ရောက်ရှိလာချိန်၌ လူမျိုးအုပ်စုကြီးများ ပဋိပက္ခမှုအကြား တွေ့ကြုံခံစား ရပုံများကို စိတ်ဝင်စားဖွယ် ဇာတ်လမ်း ဖန်တီးထားခြင်းဖြစ်ပါသတည်း။

အခန်း (၁)

အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံ တစ်နေရာရှိ တောတောင် ထူထပ်သော ဒေသတစ်ခုမှာ ဇမ်ဘေဇီ မြစ်ဝှမ်း ဒေသ တစ်နေရာပင် ဖြစ်သည်။
တောင်ဘက်စူးစူးရှိ နာမည်ကြီး ကာလာဟာရီ သဲကန္တာရကြီးပေါ်မှ ဖြတ်သန်းတိုက်ခတ်လာသော လေသည် ထိုဒေသ ရောက်ချိန်တွင် လေက မထန်လှတော့ချေ။
အလွန် ထွားကျိုင်းသော ဆင်ထီးကြီး တစ်ကောင်သည် တောင်ကုန်းတစ်ခု၏ အောက်ခြေတွင် ရပ်ပြီး လေကို ရှူရှိုက်ရင်း အနံ့ခံနေလေသည်။

ထိုဆင်ကြီးသည် ဆင်ရိုင်းအုပ်စုကြီးတစ်အုပ်၏ ဦးစီးခေါင်းဆောင် ဆင်ထီးကြီးပင် ဖြစ်ပြီး ကျန်ဆင် များ သွားလာ လှုပ်ရှားရာ ၌ ဘေးအန္တရာယ် ကင်းမည့်နေရာများကို ဆင်ထီးကြီးက ဦးဆောင် လမ်းပြ လျက် ခေါ်သွား တတ်လေသည်။
ဆင်ထီးကြီး၏ နှာခေါင်းတွင် သစ်ရိုင်းပင်၊ သစ်သီးရိုင်းပင်တို့၏ အနံ့၊ ဝေးလံသောဒေသမှ ငရုတ်ကောင်း နံ့များ၊ တောင်အောက်ရှိ ကျွဲရိုင်းအုပ်များ၏ အနံ့များရနေလေသည်။ သို့သော် ဆင်ထီးကြီး ရှာဖွေ နေသည့် အနံ့ မှာ ထိုအနံ့များ မဟုတ်ချေ။ သူ ရှာနေသည်ကား ဆင်တို့၏ အကြီး ဆုံး ရန်သူဖြစ်သော လူနံ့ဖြစ်သည်။ လူတို့ သောက်သော ဆေးလိပ်နံ့ အပါအ၀င် အသားစားသော လူသားတို့၏ အနံ့ကို ရှာနေခြင်းဖြစ်သည်။

ဆင်ထီးကြီးသည် အတန်ကြာကြာ ရပ်၍ အနံ့ခံနေပြီး နောက် သူ သတိထားရှာနေသော လူနံ့ကို ရလေ သည်။
ချက်ချင်းပင် ဆင်ကြီးသည် ဒေါသ ထွက်လာလေသည်။ သူတို့ ဆင်အုပ်ကြီးနောက်သို့ လူတွေ လိုက်နေခဲ့ သည်မှာ ရက်ပေါင်း အတော်ကြာပြီဖြစ်သည်။ ဆင်ထီးကြီးက လိမ္မာပါးနပ်စွာဖြင့် ရန်သူ ဖြစ်သော လူ၏ အနံ့ကို ခံကာ အန္တရာယ်ကင်းဝေးအောင် ဆင်အုပ်ကြီးကို ဦးဆောင်လျက် တိမ်းရှောင် နိုင်ခဲ့သည်။ သို့သော် ယခု တစ်ဖန် ရန်သူ၏ အနံ့ကို ရနေပြန်လေပြီ။

ဆင်ထီးကြီးသည် ငယ်ရွယ်စဉ် ဆင်ပေါက်ကလေး ဘ၀ကပင် လူသားတို့၏ အနံ့ကို ရလျှင် ရန်သူ ဟူ၍ သတ်မှတ် ရမည်ဖြစ်ကြောင်း နားလည်ခဲ့သည်။ လူနံ့ရပြီဆိုလျှင် အလွန်ကြောက်ရွံ့သလောက် မုန်းတီး ခဲ့သည်။ ထို့ကြောင့် အသက်ရှင်ရေးအတွက် လူနံ့ကို အထူး သတိထားလျက် အန္တရာယ်ကို ရှောင်နိုင် ခဲ့သောကြောင့် ယခု အချိန်အထိ အသက်ရှင်နေရခြင်းပင်ဖြစ်လေသည်။
ဇမ်ဘေဇီ မြစ်ဝှမ်းတစ်လျှောက် ရေကြည်ရာ မြက်နုရာ ဒေသသည်ကား တောရိုင်း ဆင်အုပ်များ သွားလာ လျက် ကျက်စားရာနေရာ ဖြစ်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်လှပြီ ဖြစ်သည်။ ထိုမြစ်ဝှမ်း တစ်လျှောက်မှာပင် လူသား တို့က အဆက်မပြတ် ဆင်များကို လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။ လောဘရမ္မက် ကြီးစွာဖြင့် ဆင်စွယ် များကို ဖြတ်ယူခဲ့ကြသည်။ ဆင်အုပ်များကလည်း လူသား မုဆိုးတို့၏ ရန်ကို လိမ္မာပါးနပ်စွာ တိမ်းရှောင် လျက် အသက်ရှင်ကာ ရပ်တည်နိုင်အောင် ကြိုးစားခဲ့ ကြလေသည်။

ဆင်ထီးကြီးအနေဖြင့် နားမလည်နိုင်သော အချက်တစ်ခုရှိသည်။ ယင်းကား ဇမ်ဘေဇီ မြစ်ဝှမ်း တစ်လျှောက် လူသားမုဆိုးများ ဆင်အုပ်များကို လိုက်လံ သတ်ဖြတ်ခြင်းမပြုဘဲ နေခဲ့သည့် ကာလ တစ်ခုပင်ဖြစ်သည်။ အချိန် ကာလ ဆယ့်တစ်နှစ်ခန့် မုဆိုးများ တောလိုက်ပြီး ဆင်များကို မပစ်မခတ် တော့ဘဲ နေခဲ့ကြသည်။ ထို့ကြောင့် ယင်းကာလအတွင်း ဆင်အုပ်ကြီးများမှာ အန္တရာယ် ကင်းနေ သည်။
ဆင်ထီးကြီး နားမလည်သော ယင်းသို့ ဆင်များ သတ်ဖြတ်မှု ရပ်စဲနေသည့် အကြောင်းကား ဇင်ဘာဘွေ နိုင်ငံ၌ ပြင်းထန်သော ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေခဲ့သောကြောင့်ပင် ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် အကြိတ် အနယ် တိုက်ခိုက်နေကြသော ပြည်တွင်းစစ် ကာလအတွင်း မုဆိုးများ အနေဖြင့်လည်း အန္တရာယ် များ လှသောကြောင့် ဆင်များကို ပစ်ခတ်မှု ရပ်စဲနေခဲ့ခြင်း ဖြစ်သည်။
ထိုကာလအတွင်း ဆင်အုပ်ကြီးများမှာ ဘေးအန္တရာယ်ကင်းစွာဖြင့် လှုပ်ရှားသွားလာကျက်စား နေနိုင် သောကြောင့် ဆင်အုပ်များတိုးပွားလာခဲ့သည်။

သို့ရာတွင် ယခုတစ်ဖန် ဆင်များကို သဲသဲမဲမဲ လိုက်လံ သတ်ဖြတ်မှုများ ပြန်လည် စတင်လာပြန် သဖြင့် ဆင်အုပ် များမှာ လူ တည်းဟူသော ရန်သူကို အထူးကြိုးစား ရှောင်တိမ်းနေရလေသည်။
ဆင်ထီးကြီး သည် လူနဲ့ ရပြီးဖြစ်၍ သူ၏ ဆင်အုပ်ထဲမှ အခြားဆင်များကို သတိပေးရန် တောင်ကုန်းမှ မြေနိမ့်ရာ သို့ ဆင်းလာခဲ့လေသည်။
ဆင်ထီးကြီး ဦးစီးခေါင်းဆောင်သော ဆင်အုပ်မှာ ဆင်ကောင်ရေ သုံးရာခန့် ရှိလေသည်။ ယင်းတို့ အထဲတွင် သားသည် အမေ ဆင်မများနှင့် ယင်းတို့ သားငယ်ဆင်ပေါက်ကလေးများလည်း ပါဝင် လေသည်။

ဆင်ပေါက် ကလေးများက မိခင် ဆင်မကြီးများထံ နို့စို့နေကြပြီး ကျန်ဆင်ကြီးများကမူ နီးရာ သစ်ပင်များမှ သစ်ရွက်များ၊ သစ်သီးရိုင်းများကို ဆွတ်ခူးစားသောက်နေကြလေသည်။ အရွယ် ရောက်ကာစ ဆင်ထီးငယ် နှစ်ကောင် သည် သစ်ရွက်စိမ်းများ ပေါများသော သစ်ပင်တစ်ပင်ကို နှစ် ကောင်ပေါင်းသော အင်အားဖြင့် ဆွဲလှဲကာ သစ်ရွက်စိမ်းများကို အားပါးတရ အန္တရာယ်ကို မသိကြသေးချေ။
ဆင်အုပ် မှ ဆင်များအနေဖြင့် အန္တရာယ်ကို မသိကြသေးချေ။

ခေါင်းဆောင် ဆင်ထီးကြီးသည် ဆင်အုပ်ရှိရာ ခပ်သွက်သွက် လျှောက်လာရာ ဆင်စွယ်ကြီးများ ထောင်နေအောင် ဦးခေါင်းထောင်လျက် နားရွက်များပါ ထောင်နေသဖြင့် အန္တရာယ်ကို သတိပေးရန် လာနေကြောင်း သိသာထင်ရှားနေပေသည်။

ဆင်အုပ်အနီးသို့ ရောက်လျှင် ဆင်ထီးကြီးသည် သူတို့ ဘာသာသဘာဝအန္တရာယ်ကို သတိပေးသည့ အနေ ဖြင့် နှာမောင်းကြီးကို ထောင်ကာ တအားမှုတ်လျက် အသံပေးလိုက်လေသည်။
ကျန် ဆင်များအားလုံးသည် ချက်ချင်းပင် ရိပ်မိဟန်ဖြင့် စားသောက်ခြင်းကို ရပ်ဆိုင်းကာ လေစုန် ဘက်ဆီ သို့ လျှောက်ပေးကြလေတော့သည်။ လေစုန်ဘက်သို့ ပြေးသည့် သဘောမှာ နောက်မှ ရန်သူများ လိုက်လာ လျှင် ရန်သူ၏ အနံ့ကို ဆင်များက ရမည်ဖြစ်ပြီး လွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးနိုင်ရန် ဖြစ်လေသည်။

ယခုကဲ့သို့ ရန်သူ လိုက်လာပြီဆိုလျှင် ဆင်များသည် လုံးဝ မရပ်နားဘဲ နှစ်ရက်နှင့် တစ်ညတိတိ တောက် လျှောက် ပြေးသွားနိုင်စွမ်းရှိပေသည်။
ခေါင်းဆောင် ဆင်ထီးကြီးသည် ရန်သူ (လူသား)တို့၏ အပြုအမူကို နားမလည်နိုင်အောင် ဖြစ်နေ လေသည်။ မှတ်မှတ် ရရ လူနံ့ ရခဲ့သည်မှာ ရှစ်ရက်ခန့်ရှိပြီဖြစ်သည်။ လူနံ့ ရလိုက် တိမ်းရှောင် ထွက် ပြေးလိုက်နှင့် ရှစ်ရက် ကြာခဲ့သည်။ ဘာောကာင့် လူတွေက သဲသဲမဲမဲ လိုက်နေရလေသနည်းဟု ဆင်ထီးကြီးမှာ နားမလည် နိုင်အောင် ဖြစ်နေရှာသည်။

လေစုန်အတိုင်း သွားနေသဖြင့် ဆင်များက လူနံ့ကို ကောင်းစွာရနေခြင်းဖြစ်သည်။ လူတွေကလည်း အတော် များပုံ ရသည်။ ဆင်တွေက လူနံ့ရနေအောင် တမင်သက်သက် လုပ်နေသည်ဟုလည်း ထင်ရသည်။ သို့သော် အနံ့သာရပြီး လူတွေကိုတော့ ဆင်များက မမြင်ရချေ။ တမင်သက်သက် ဆင်တွေ မမြင်အောင် ရှောင်နေခြင်းလည်း ဖြစ်နိုင်သည်။

ဆင်အုပ်ခေါင်းဆောင် ဆင်ထီးကြီးသည် တစ်ကြိမ်သာလျှင် လူ အရိပ်အယောင် မြင်ခဲ့ရသည်။ လူနံ့ရပြီး ငါးရက်မြောက်သော နေ့က ဆင်ထီးကြီးသည် စိတ်တိုတိုနှင့် ဆင်အုပ်မှ ခွဲထွက်လာကာ လာသည့် လမ်းအတိုင်း တောင်စူးစူးဘက်သို့ ပြန်လှည့်သွားကြည့်ရာ လူတွေကို မြင်ခဲ့ရသည်။ သို့သော် လူများက ဆင်ကြီး သွားသည့် လမ်းမှ ပိတ်ကာဆီးပြီး သံပုံးများ ဆူညံစွာ ရိုက်တီး၍ တော ခြောက်ခဲ့ကြသည်။
ဆင်ထီးကြီး ကလည်း ဆက်မသွားနိုင်တော့ဘဲ ပြန်လှည့်ကာ ဆင်အုပ်ရှိရာသို့ ပြန်လှည့်ခဲ့ရသည်။ ထို့နောက် ဆင်ထီးကြီး အား ရှေ့ဆောင်လျက် ဇမ်ဘေဇီမြစ်ကြီးရှိရာသို့ ဦးတည် ခေါ်ဆောင်သွား ပြန်လေသည်။

ဆင်အုပ်ကြီး ယခု သွားနေသော တောလမ်းမှာ ရှေးနှစ်ပေါင်း ထောင်ချီ၍ ဆင်များ လှုပ်ရှားသွား လာနေကျ ဆင်လမ်း တစ်ခုပင်ဖြစ်သည်။ လူတည်းဟူသော ရန်သူနှင့် ဝေးနိုင်သမျှ ဝေးအောင် သွားရန် လိုအပ်သော ကြောင့် ဆင်ထီးကြီးသည် ဆင်အုပ်မှ ဆင်များအား တစ်ညလုံး တောက်လျှောက် မရပ်မနား ဆက်သွား စေလေသည်။ လရောင် မရှိသောည ဖြစ်၍ မှောင်မိုက်ထဲ မှာပင် ဆင်အုပ်ကြီးများသည် သစ်တောများအကြား ဆက်လက်သွားလေသည်။

ည န်းခေါင်ယံ အချိန်တွင် ခေါင်းဆောင်ဆင်ထီးကြီးသည် ဆင်အုပ်နောက်မှ ချန်ရစ်ပြီး အခြေအနေကို စောင့်ကြည့်ရာ လူနံ့ ရနေသေးသဖြင့် ဆင်အုပ်ရှိရာသို့ လျင်မြန်စွာ ပြန်သွားပြီး ခပ်သွက်သွက် သွားစေ လေသည်။

နံနက် အရုဏ်တက်ချိန်တွင် ဆင်အုပ်ကြီးသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း မရောက်ခဲ့သော နေရာတစ်ခု သို့ ရောက်သွားလေသည်။ မြစ်ကမ်းနံဘေး တစ်နေရာဖြစ်ပြီး မကြာသေးမီက လူသား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသောပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားရာ စစ်တလင်း တစ်နေရာပင် ဖြစ်သည်။
ထို့ကြောင့် ပင်လျှင် ဆင်အုပ်များက ယင်းနေရာကို သတိထား ရှောင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုတော့မူ နော်မှ လူတွေက တောခြောက် မောင်းနှင်သဖြင့် ရှောင်ရင်းတိမ်းရင်း ဤနေရာသို့ ရောက်လာ ရခြင်းဖြစ်လေသည်။

ဆင်အုပ်ထဲမှ ဆင်များသည် အန္တရာယ် ဝေးသွားပြီဟု ယူဆလျက် စောစောကလောက် လျင်မြန်စွာ မသွားတော့ ဘဲ ခပ်ဖြည်းဖြည်း ခပ်မှန်မှန် သွားနေလေသည်။
ခေါင်းဆောင် ဆင်ထီးကြီးကမူ နောက်မှ လူတွေနှင့် ဝေးလာလင့်ကစားရှေ့တွင် အန္တရာယ် တစ်စုံတစ်ရာ ရှိနေ လိမ့်မည်ဟု အလိုလို သင်္ကာမကင်းဖြစ်မိသဖြင့် အထူးသတိထားလျက် ဖြည်းဖြည်းချင်း ဆက်သွား လေသည်။ အန္တရာယ်ရှိမည့်အသံတို့ကိုလည်း နားစွင့်လျက်သူ၏ ရှေ့ရှိ ရှုခင်းကို သေချာစွာ ရှာဖွေ ကြည့်လေ သည်။
ဆင်ကြီး သည် မသင်္ကာဖွယ် တစ်စုံတစ်ခု မြင်မိသဖြင့် ရုတ်တရက် ရပ်တန့်လိုက်သည်။

မြင်လိုက်သည့် အရာကား သူ၏ မျက်စိတစ်ဆုံးတွင် နံနက်ခင်း၏ နေရောင်ကြောင့် ၀င်းလက်နေ သော သတ္တုပစ္စည်း တစ်ခုပင်ဖြစ်လေသည်။
ဆင်ထီးကြီး သည် ကျန်ဆင်များအား အန္တရာယ်ရှိကြောင်း အချက်ပြသည့်အနေဖြင့် နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ရာ ဆင်အုပ်မှ ဆင်များလည်း ချက်ချင်း ရပ်တန့်သွားကြသည်။
အတန်ကြာကြာ ငေးစိုက်ကြည့်နေပြီးနောက် ခေါင်းဆောင် ဆင်ထီးကြီးသည် စိုးရိမ်မကင်းဖြစ်မှု လျော့ပါး သွားလေသည်။ သူ ကြည့်နေစဉ်အတွင်း လှုပ်ရှားမှု တစ်စုံတစ်ရာ အလျဉ်းမတွေ့ရသင့် အပြင် မိမိတို့၏ ရန်သူ လူအရိပ်အယောင်လည်း မတွေ့ရသဖြင့် စိုးရိမ်မှု လျော့ပါးသွားခြင်း ဖြစ်သည်။ သေချာစွာ ကြည့်လိုက် သောအခါ သတ္တုပြားပစ္စည်း အများအပြား မြေပြင်တွင် ရှိနေသည်ကို တွေ့ရလေသည်။ ယင်းသတ္တု ပစ္စည်းများတွင် ၀ါယာကြိုးများလည်း သွယ်တန်းထား လေသည်။

တိရစ္ဆာန်သာဖြစ်သော ဆင်ထီးကြီး နားမလည် နိုင်သော အရာဝတ္ထုတစ်ခုကား တစ်ချိန်က ရေးထားသော ဆိုင်းဘုတ်တစ်ခုပင်ဖြစ်သည်။
ဆိုင်းဘုတ်တွင် အန္တရာယ်ပြ အမှတ်အသားဖြစ်သော လူခေါင်းရိုးနှင့် အရိုးနှစ်ခုကြက်ခြေခတ် ပြထားပြီး အင်္ဂလိပ် ဘာသာဖြင့် ...
'အန္တရာယ်'
သတိ မိုင်းဗုံးများရှိသည် ဟု ရေးသားထားလေသည်။
ဆင်ထီးကြီး သည် သတိထား၍ အနံ့ခံ ကြည့်သော်လည်း လူနံ့လုံးဝမရချေ။
အမှန်က ထို မြေမြှုပ်မိုင်းဗုံးများမှာ ယခင်ရိုဒီးရှား (မျက်နှာဖြူ) အစိုးရက တပ်ဆင်ထားသော မိုင်းများ ဖြစ်လေသည်။ တိုင်းရင်းသား လူမည်း (ကပ္ပလီ) ဇင်ဘာဘွေ လူမျိုးများက မျက်နှာဖြူ အစိုးရအား ပြောက်ကျား စစ်ဆင်၍ လက်နက်ကိုင် တော်လှန်ခဲ့စဉ် ကာလက ဇမ်ဘေဇီ မြစ်တစ်ဖက်ကမ်းမှ လူမည်း ပြောက်ကျားများ မြစ်ကို ကူးလာလျှင် မိုင်းဗုံးထိစေရန် မျက်နှာဖြူ အစိုးရက မိုင်းဗုံးများ ဆင်ထား ခဲ့ခြင်းဖြစ်လေသည်။

ယခု ပြည်တွင်းစစ် ပြီးဆုံး၍ တိုင်းရင်းသား လူမည်းအစိုးရ အာဏာရကာ ရိုဒီးရှားနိုင်ငံကိုလည်း ဇင်ဘာဘွေဟု အမည်ပြောင်းလျက် လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် ထို မိုင်းဗုံးများကို မည်သူကမှ မရှင်းဘဲ ထားခဲ့သဖြင့် ယခုတိုင် ရှိနေခြင်း ဖြစ်သည်။ လူသူ နှင့် ကင်းဝေး ခဲ့ပြီး ဖြစ်၍ ဆင်ထီးကြီးက လူနံ့ရှာ၍ မရခြင်းဖြစ်လေသည်။
ဆင်ထီးကြီး သည် ရှေ့သို့ ဆက်သွားသင့် မသွားသင့် ဝေခွဲ၍ မရဟန်ဖြင့် ရပ်တန့်နေစဉ် ပတ်ဝန်းကျင် တစ်ခုလုံး ကျယ်လောင်စွာ ဆူညံသည့်အသံများ ထွက်ပေါ်လာလေသည်။ အသံတွေက ဆင်အုပ်ကြီး၏ နောက်ဘက်၊ တောင်စူးစူးဘက်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆင်အုပ်ကြီးအား လူတွေက တောခြောက်၍ မောင်းနှင်နေခြင်းဖြစ်လေသည်။ တောခြောက်သံများ ဆူညံ နေသည့်ပြင် သစ်ပင်များ၏ ထိပ်ဖျား အထက်နားဆီမှ ရဟတ်ယာဉ်၏ ပန်ကာ ဒလက်သံများ ကပါ ဆူညံစွာ ထွက်ပေါ် လျက်ရှိလေသည်။
ခေါင်းဆောင် ဆင်ထီးကြီးသည် လူသားတို့၏ အန္တရာယ်နီးကပ်လာပြီဖြစ်၍ သူ ရှေ့ဆောင်လျက် မိုင်းဗုံးများ ရှိရာနေရာ ဘက်သို့ ပြေးလေတော့သည်။ ကျန်ဆင်များကလည်း ဆင်ထီးကြီးနောက်မှ ပြေးလိုက် လာကြလေသည်။

ခေါင်းဆောင် ဆင်ထီးကြီးသည် မိုင်းဗုံးများဆင်ထားရာ နေရာအတွင်း ကိုက်ငါးဆယ်မျှ ၀င်သွားမိ ချိန်တွင် ပထမဆုံး မိုင်းဗုံးတစ်လုံးသည် ပြင်းထန်စွာ ပေါက်ကွဲလေတော့သည်။ ယမ်းအား အလွန် ပြင်းသော မိုင်း အမျိုးအစား ဖြစ်သောကြောင့် ပေါက်ကွဲသည်နှင့် ဆင်ထီးကြီး၏ နောက်ခြေထောက် ကို လွှနှင့် တိုက်ဖြတ် သလို ပြတ်ထွက်သွားစေကာ သွေးသံရဲရဲ ဖြစ်သွားစေလေသည်။
တစ်ချိန်တည်း မှာပင် နောက်ထပ် မိုင်းဗုံးတစ်လုံး ပေါက်ကွဲပြန်ရာ ဆင်ထီးကြီးသည် မြေပြင်ပေါ် လဲကျ သွားကာ ပြင်းစွာ နာကျင်ခြင်း ဝေဒနာကြောင့် ဟစ်အော်ညည်းညူနေရှာလေသည်။
ထိုအချိန် ၌ အခြားမိုင်းဗုံးများသည်လည်း တစ်လုံးပြီးတစ်လုံး ဆက်တိုက်ပေါက်ကွဲကုန်သဖြင့် အခြား ဆင် များလည်း မိုင်းဗုံးထိပြီး အတုံးအရုံး လဲကျကုန်ကြလေသည်။
ဆင်ပေါက်ငယ် တစ်ကောင်သည် မိုင်းဗုံး အတော်များများကို လွတ်ကင်းသွားပြီး တအား ကြိုးစား ပြေးသော်လည်း နောက် မိုင်းဗုံးတစ်လုံး ထိမှန်သွားရှာလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ဆင်များ၏ ဟစ်အော် ညည်းညူသံများဖြင့် ဆူညံလျက်ရှိလေသည်။

မိုင်းဗုံးများကလည်း အဆက်မပြတ် ပေါက်ကွဲလျက်ရှိရာ ဆင်အုပ်ကြီးထဲမှ ဆင်များအားလုံး ထိမှန် ကုန်လေသည်။ ဆင်မအိုကြီး တစ်ကောင်မှာ မိုင်းဗုံးထိ၍ ခြေထောက် လေးဘက်စလုံးပြတ်ထွက် လျက် ဘေးစောင်း လဲကျနေရာမှ နာကျင်သည့်ကြားမှပင် ပြန်ထရန် ကြိုးစားနေရှာလေသည်။
နောက် ဆင်တစ်ကောင်က ၀မ်းဗိုက်နှင့်ပင် မြေပြင်တွင် တွားပြီး ရှေ့သို့ တိုးရန် ကြိုးစားနေလေသည်။ ဆင်ပေါက်ငယ်များသည် မိခင် ဆင်မများနှင့် ကွဲသွားရာမှ ထိတ်လန့်တကြား ဟစ်အော်ရင်း လျှောက်ပြေး နေရင်း မိုင်းဗုံးထိမှန်ကုန်ကြလေသည်။

သို့နှင့် စိတ်ထိခိုက်ရင်နာဖွယ်ရာ ဖြစ်ရပ်မှာ အတော်ကြာကြာ ဖြစ်နေရာမှ နောက်ဆုံးဆင်များ၏ ဟစ်အော်သံ များ တိတ်ဆိတ် ရပ်စဲသွားလေသည်။
ထိုအခါ မိုင်းဗုံးများရှိရာ ရော၏ နေရာ၏အပြင်ဘက် မြေပြင်သို့ ရဟတ်ယာသ်တစ်စင်းဆင်းသက်လေသည်။ အင်ဂျင်စက် ရပ်သွားပြီးနောက် ရဟတ်ယာဉ်ပေါ်မှ လူတစ်ယောက် ဆင်းလာလေသည်။
ထိုလူမှာ ကပ္ပလီ (လူမည်း) တိုင်းရင်းသားတစ်ဦးဖြစ်ပြီး မျက်နှာဖြူ အစိုးရအား တော်လှန်စဉ် ကာလ အတွင်း က လူမည်း ပြောက်ကျားများ ၀တ်ဆင်သော ဘောင်းဘီ အင်္ကျီဝတ်စုံကို ၀တ်ဆင် ထားလေသည်။ သို့သော် ဖိနပ်ကမူ အနောက်နိုင်ငံသားများသုံးသည့် ဘွတ်ဖိနပ် အကောင်းစားတစ်ရန် စီးထားပြီး သူ၏ ညာဘက်လက်တွင် အေကေ ၄၇ အမျိုးအစား မောင်းပြန် ရိုင်ဖယ် တစ်လက် ကိုင်ထားလေသည်။ ပုံပန်း သဏ္ဍာန် အားဖြင့် သူသည် ဇင်ဘာဘွေ လူမည်း ပြောက်ကျားတပ်မှ အရာရှိကြီး တစ်ဦးဖြစ်ပုံရလေသည်။
ထိုလူကြီး သည် မိုင်းဗုံးများရှိရာ နေရာ အနီးသို့ လျှောက်သွားပြီး ဆင်ကြီးများမိုင်းဗုံးထိ၍ အတုံးအရုံး သေဆုံး နေသည်ကို ငါးမိနစ်ခန့် လေ့လာကြည့်ရှုနေလေသည်။ ထို့နောက် ရဟတ်ယာဉ် ရှိရာသို့ ပြန်လျှောက် လာလေသည်။

ရဟတ်ယာဉ်ပေါ်မှ ပိုင်းလော့ (လေယာဉ်မှူး)သည် ထိုအရာရှိကို မကြည့်ဘဲ သူ၏ ရဟတ်ယာဉ် ကိုသာ ဂရုစိုက် စစ်ဆေးနေလေသည်။
ရဟတ်ယာဉ်၏ ကိုယ်ထည် အပြင်ဘက်တွင် မူလက ပါရှိသော အမှတ်အသားများကို တိပ် (ပလတ်စတာ)ဖြင့် သေချာစွာ ကပ်၍ ဖုံးအုပ်ထားလေသည်။
ယင်း ရဟတ်ယာဉ်သည် မည်သည့် ဌာန သို့မဟုတ် အဖွဲ့အစည်းပိုင် ပစ္စည်းမှန်း ရုတ်တရက် မသိ အောင် အမှတ်အသား များကို ဖုံးကွယ်ထားခြင်းဖြစ်သည်။
ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသူ အရာရှိသည် သူ၏ အေကေ ၄၇ ရိုင်ဖယ်သေနတ်ကို သစ်ပင် ရင်းတွင် ထောင်ထား လိုက်ပြီးနောက် လက်ကိုင်ပ၀ါတစ်ထည် မြေကြီးပေါ်ခင်းပြီး ထိုင်ချလိုက်သည်။ ထို့နောက် စီးကရက် တစ်လိပ်ထုတ်ယူ၍ ဒန်းဟီးလ် အမျိုးအစား အဖိုးတန် ဓာတ်မီးခြစ် တစ်ခုဖြင့် မီးညှိ သောက် လေသည်။

သူသည် အခြေအနေကို ကျေနပ်သဘောကျဟန်ဖြင့် ပြုံးလိုက်သည်။ တစ်နည်းအားဖြင့် သူ၏ အကြံအစည် ချောမောအောင်မြင်ခြင်းကို ကျေနပ်၍ ပြုံးခြင်းဖြစ်သည်။ ယခုဆိုလျှင် ဆင်အုပ်ကြီးကို စိတ်ရှည်လက်ရှည် တောခြောက် မောင်းနှင်လျက်မိုင်းဗုံးများရှိရာသို့ ပြေးသွားစေခြင်းအားဖြင့် ဆင်များအားလုံးလိုလို သတ်ဖြတ် ပြီးသားဖြစ်နေပေသည်။
အကယ်၍သာ ဤဆင်အုပ်မှ ဆင်ကောင်ရေ သုံးရာခန့်ကို သမားရိုးကျနည်းအတိုင်း တစ်ကောင် ချင်း လိုက်လံ ပစ်ခတ် သတ်ဖြတ်ရမည်ဆိုလျှင် အချိန်များစွာ ကုန်ရုံမက လူအင်အားနှင့် ခဲယမ်းမီး ကျောက် ပမာဏ လည်း များစွာ ကုန်ရမည်မဟုတ်ပါလော။

သူသည် ဇင်ဘာဘွေ လွတ်လပ်ရေးအတွက် မျက်နှာဖြူအစိုးရအား လက်နက်ကိုင် တိုက်ခိုက်ခဲ့သော ပြောက်ကျားစစ်ပွဲ ဆင်နွှဲစဉ်ကကဲ့သို့ပင် ကြံရည် ဖန်ရည် စိတ်ကူးဥာဏ် အလွန် ကောင်းလျက် ရှိနေသေး ပေသည်။
စီးကရက် တစ်လိပ်ကုန်အောင် သောက်ပြီးနောက် ထိုလူသည် စီးကရက်တို့ကို မီးငြိမ်း သတ်လိုက် သည်။
တစ်ဖန် အိပ်ငိုက်ချင်သလို ဖြစ်လာသဖြင့် သစ်ပင်ကို အသာမှီပြီး မျက်စိမှိတ်ထားလိုက်ရာ ခဏချင်းပင် အိပ်ပျော် သွားလေသည်။

အတန်ကြာအောင် အိုပ်ပျော်နေပြီးနောက် လူသံများ ဆူဆူညံညံ ကြားရသဖြင့် အိပ်ရာမှ နိုးလာ လေသည်။ ထိုလူသည် ကောင်းကင်မှ နေကို မော်ကြည့်ရာ မွန်းတည့်လုနီးပြီဖြစ်ကြောင်း တွေ့ရ လေသည်။
ထိုလူသည် ချက်ချင်းပင် ထ၍ ရဟတ်ယာဉ်ဆီသို့ လျှောက်သွားလေသည်။ ရဟတ်ယာဉ် မောင်းသူ ပိုင်းလော့ (လေယာဉ်မှူး) မှာလည်း အိပ်ပျော်နေသဖြင့် ပခုံးကို ပုတ်နှိုးလိုက်ပြီး -
' ဟေ့လူ ထတော့၊ လူတွေ လာနေကြပြီ ' ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ရဟတ်ယာဉ်ပေါ်မှ ရဲအရာရှိ အသုံးပြုသည့် လက်ကိုင်အသံချဲ့စက် (ဟွန်း)တစ်ခု ယူလိုက်ပြီး ရပ်စောင့်နေလေသည်။
လာသည့် လူအုပ်မှာ နှစ်ရာ သုံးရာခန့် ရှိပြီး အ၀တ်အစား အနေဖြင့် အနောက်တိုင်းသားတို့၏ ဘောင်းဘီ ဟောင်း များ၊ တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသော ၀တ်စုံ စသည်တို့ကို ၀တ်ဆင်ထားသူ တိုင်းရင်းသား လူမည်း များ ဖြစ်လေသည်။

လူအုပ်တွင် ယောက်ျားက ရှေ့ဆောင်ပြီး သူတို့နောက်မှ အမျိုးသမီးများလည်း တန်းစီ လိုက်ပါလာ ကြသည်။ အမျိုးသမီးအတော်များများမှာ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် လုံးဝ အ၀တ်အစား မရှိဘဲ အောက်ပိုင်းသာလျှင် ဂါဝန်လိုလို အ၀တ်အထည်များ ၀တ်ဆင်ထားကြသည်။
လူအုပ်ထဲမှ လူအားလုံးသည် မိုင်းဗုံးထိ၍ အတုံးအရုံး လဲကျသေဆုံးနေသော ဆင်ကြီးများကို ကြည့်ပြီး သဘောကျ ဟန်ဖြင့် အချင်းချင်း စကားပြောလိုက်၊ ဆင်သေကောင်ကြီးများကို လက်ညှိုးထိုးပြပြီး ရယ်မော လိုက် နှင့် ပျော်ရွှင်အားရနေပုံ ရလေသည်။

ရဟတ်ယာဉ်အနီးမှ အရာရှိသည် ထိုလူများကို ကြည့်နေပုံမှာ အထင်အမြင်သေးဟန်၊ ကဲ့ရဲ့ ရှုတ်ချ သည့် ဟန်မျိုး ဖြစ်နေလေသည်။ သို့ရာတွင် လူများ ပျော်ရွှင်ကျေနပ်နေကြသည်ကို ဟန်တားခြင်း မပြုချေ။
အမှန်တော့ ထိုလူများသည် ရှစ်ရက်တိုင်တိုင် ဆင်အုပ်နောက်မှ လိုက်၍ တောခြောက်လျက် ဤ မိုင်းဗုံးများ ရှိရာနေရာ သို့ ဆင်များကို မရောက်ရောက်အောင် မနားတမ်း မောင်းနှင်ပေးခဲ့ကြသဖြင့် ယခု သူတို့၏ ကြိုးပမ်းချက် အောင်မြင်ခြင်းကြောင့် ၀မ်းသာအားရ ဖြစ်နေခြင်းကို မဟန့်တားဘဲ နေခဲ့ခြင်းဖြစ်လေသည်။

အတန်ကြာမှ အရာရှိသည် လက်ကိုင် အသံချဲ့စက် ကိရိယာကို သူ၏ ပါးစပ်တွင် တေ့ပြီး ' ဟေ့ အားလုံး ငြိမ်ကြစမ်း၊ အားလုံး ငြိမ်  ဟု ဟစ်အော် အမိန့်ပေးလိုက်သည်။
အားလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့မှ အရာရှိသည် လူများ အုပ်စုခွဲ၍ အလုပ်လုပ်ရမည့် တာဝန်များကို ပြောပြ လေသည်။ ပုဆိန်၊ ဓား၊ လက်နက်များ ကိုင်ဆောင်သူ ယောက်ျားများအား ဆင်သေကောင်များကို လှီးဖြတ် ဖျက်ရန် တာဝန်ပေးပြီး အမျိုးသမီးများကိုမူ မီးဖိုများ ဖိုရန်အတွက် ထင်းများအဖြစ် အသုံးပြုရန် သစ်ကိုင်း သစ်ချောင်းများ ရှာဖွေ စုဆောင်းခိုင်းလေသည်။
သူတို့ ရောက်ရှိနေသည့် နေရာနှင့် သေနေသော မိုင်းဗုံးရှိသော နေရာက အတော်ကလေး အလှမ်း ဝေးလေရာ ခုတ်ထစ် လှီးဖြတ်မည့် လူအုပ်စု တစ်စုကို ရဟတ်ယာဉ်ဖြင့် တင်လျက် အနီးဆုံး ဆင် သေကောင် ဆီသို့ ခေါ်သွားလေသည်။

ဆင်သေကောင်အနီးသို့ ရောက်သွားသောအခါ လူမည်းအဖွဲ့ထဲမှ အသက်ကြီးကြီး လူတစ်ယောက် အား ...
' ဟေ့ အရင်ဆုံး ဆင်စွယ်တွေကို ထုတ်ယူရမယ်၊ ပြီးတော့မှ အသားတွေ ဖျက်ယူကြရမယ်၊ နားလည်လား' ဟု အမိန့် ပေးလိုက်သည်။
လူမည်း အမျိုးသားကလည်း နားလည်ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။
အရာရှိ သည် သူကိုယ်တိုင် ဆင်ထီးကြီး ကိုယ်ပေါ်သို့ တက်ပြီး ကျေနပ်အားရဟန်ဖြင့် ကြည့်နေ လေသည်။

တိုင်းရင်းသား လူမည်းများက ဆင်သေကောင်ကို ခုတ်ထစ်၍ ဖျက်ရန် အဆင်သင့် ပြင်ဆင်ကြ လေသည်။
တစ်နေရာတွင် ဆင်မကြီး တစ်ကောင်သည် မသေသေးဘဲ လှုပ်ရှားနေသဖြင့် အရာရှိက သူ၏ အေကေ ၄၇ ရိုင်ဖယ်ဖြင့် အသေ ပစ်သတ်လိုက်သည်။
သည်တော့ မှ ဆင်မကြီးလည်း တုံးလုံးလဲကျကာ ငြိမ်သွားလေတော့သည်။

အလားတူ မသေမရှင် ဖြစ်နေသော ဆင်များလည်း ရှိလေရာ ထိုဆင်များကိုလည်း မောင်းပြန်ရိုင်ဖယ် သေနတ်ဖြင့် အသေပစ်သတ်လိုက်သည်။
တိုင်းရင်းသား လူမည်းများသည် အုပ်စုလိုက် တာဝန်ခွဲပေးထားချက်အရ ဆင်သေကောင်များကို ခုတ်ဖြတ် လှီးဖျက် လုပ်ငန်း စတင်ကြလေသည်။ သို့သော် ရိုင်ဖယ် သေနတ်ကိုင် အရာရှိ၏ ညွှန်ကြားချက်အရ ဆင်စွယ်ကြီး များကို ရှေးဦးစွာ လှီးဖြတ် ထုတ်ယူကြသည်။

တိုင်းရင်းသား လူမည်းများသည် ရိုင်ဖယ် သေနတ်ကိုင်အရာရှိကို အလွန်ကြောက်ကြပုံရသည်။ ထို့ ကြောင့် ဆင်စွယ်များကို ဖြတ်ထုတ်ရာ၌ အထူးသတိထားလျက် ဖြတ်ထုတ်ကြသည်။ တစ်ခါက တိုင်းရင်းသား တစ်ဦး က အမိန့်တစ်ခု မရှင်းလင်း၍ ပြန်မေးရာ အရာရှိက စိတ်ဆိုးပြီး ရိုင်ဖယ်သေ နတ်ဒင်ဖြင့် တအား လွှဲရိုက် လိုက်သောကြောင့် ထိုလူမှာ မေးရိုးကျိုးခဲ့ဖူးသည်။
ဆင်စွယ်များတွင် ဓား၊ ပုဆိန် လက်နက်များဖြင့် ခုတ်ထစ်မိသည့် အရာများထင်သွားပါက ဆင်စွယ် တန်ဖိုး များစွာ ကျသွားနိုင်ကြောင်း သိကြသဖြင့် အထူးသတိထားကာ ဆင်စွယ်များကို ဖြတ်ထုတ် ကြခြင်းဖြစ်သည်။ ဆင်စွယ် တွင် ထိခိုက်မှု အပြစ်အနာအဆာများ ဖြစ်သွားပါက အရာရှိက မည်သို့ ရက်စက်စွာ အရေးယူ မည်ကို မတွေးဝံ့ကြချေ။
ဆင်တစ်ကောင်မှ ဆင်စွယ် တစ်စုံကို ဖြတ်ထုတ်ပြီးသည်နှင့် ရဟတ်ယာဉ်ပေါ်သို့ စက်သီးကြိုးဖြင့် ဆွဲတင် ယူလိုက် လေသည်။ ထို့နောက် ရဟတ်ယာဉ်က နောက်ထပ် ဆင်တစ်ကောင် ရှိရာသို့ သွားလေသည်။

သို့နှင့်ပင် တိုင်းရင်းသား လူမည်းတို့၏ လုပ်အားဖြင့် ထိုနေ့ မွန်းလွဲပိုင်းမှ စပြီး မနားမနေ အလုပ် လုပ်ကြရာ ညလုံးပေါက် လုပ်၍ နံနက် အရုဏ်တက်ချိန် ရောက်သောအခါ ဆင်စွယ်အားလုံးလိုလို လှီးဖြတ် ထုတ်ယူပြီးသား ဖြစ်သွားလေသည်။ သူတို့သည် တစ်ညလုံး မီးတုတ်များ ထွန်းညှိ၍ တောက်လျှောက် အလုပ် လုပ်ခဲ့ကြသည်။
ဆင်စွယ်များ ထုတ်ယူခြင်းကို အဓိကဦးစားပေး လုပ်ပြီးသောအခါ ဆင်သေကောင်များမှ အသားများကို ခုတ်ထစ် ဖျက်ကြပြန်သည်။ ဆင်များ၏ ရင်ပုံနှင့် ပခုံးမှ အသားကောင်းကောင်း၊ ပေါင်သားကောင်း ကောင်းများကို ရဟတ်ယာဉ်ဖြင့် အခေါက်ခေါက်သယ်၍ မိုင်းဗုံးရှိရာ ဧရိယာမှ လွတ်လွတ်ကင်းကင်း ခပ်ဝေးဝေး နေရာသို့ ပြောင်းရွှေ့ယူဆောင်လေသည်။
ထိုနေရာတွင် တိုင်းရင်းသူ လူမည်း အမျိုးသမီးများက ဆင်သားများကို လှီးဖြတ်၍ မီးသွေးမီးဖိုများဖြင့် ကင်ကြ လေသည်။

ရိုင်ဖယ် သေနက်ကိုင် အရာရှိသည် တိုင်းရင်းသား လူမည်းများအား ကြီးကြပ်ကွပ်ကဲလျက်ရှိရာမှ ထိုနေ့အဖို့ ဆင်အုပ်ကြီး မှ ရရှိမည့် အကျိုးအမြတ်များကို စိတ်ထဲမှ ခန့်မှန်းတွက်ချက် ကြည့်လေ သည်။ ယခု ဆင်စွယ်နှင့် ဆင်သားများကိုသာ ယူပြီးဆင်သားရေများကို မသယ်ယူနိုင်ခြင်းအတွက် ၀င်ငွေ အတော်လျော့ သွားမည် ဟုလည်း တွက်မိသည်။
ဆင်တစ်ကောင် ၏ သားရေကို စနစ်တကျ ခွာယူ၍ ရောင်းချပါက တစ်ခုလျှင် ဒေါ်လာငွေ တစ်ထောင် တန်ဖိုး ရှိပေသည်။ သို့ရာတွင် ဆင်သားရေများသည် အလွန်ထုထည်ကြီးမားသဖြင့် သယ်ယူရာ၌ ခက်ခဲ သည့်ပြင် ကြာရှည်ခံအောင် ပြုပြင်စီမံရသည်မှာလည်း မလွယ်ကူလှသော ကြောင့် မယူဘဲ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်လင့်ကစား ဆင်စွယ်များနှင့် ဆင်သားများကို ရောင်း၍ ရမည့်ငွေ ပမာဏက အလွန်များလှ ပေသည်။ အာဖရိကတိုက်မှ တိုင်းရင်းသားများသည် ဆင်သားဆိုလျှင် အလွန်မက်မောစွာ ၀ယ်ယူ စားသောက်လေ့ ရှိကြပေသည်။

ယခု ဆင်သေများမှ ရရှိသည့် ဆင်သားက တန်ချိန် ငါးရာခန့် ရှိမည်ဖြစ်သည်။ မီးကင်ထားသော ဆင်သားကို ရောင်းလျှင် တစ်ပေါင်လျှင် နှစ်ဒေါ်လာနှုန်းရရှိရန်လည်း ကြိုတင် ပြောဆိုထားပြီး ဖြစ်သည်။ ယင်းနှုန်းဖြင့် ဆင်သားတန်ချိန်ငါးရာကို ရောင်းလျှင် အမေရိကန်ဒေါ်လာငွေ ဆယ်သိန်း ခန့် ရရှိ မည်ဖြစ်သည်။
ဆင်စွယ်များကိုလည်း ရဟတ်ယာဉ်ဖြင့် သီးသန့် တစ်နေရာသို့ သယ်ယူ၍ နေရာချထားပြီးဖြစ်သည်။ ထိုဆင်စွယ်များ ကို တိုင်းရင်းသား လူမည်းများက ဆေးကြော တိုက်ချွတ်၍ သန့်စင်အောင် ပြုလုပ် နေကြသည်။ ဆင်စွယ်များတွင် သွေးစ သွေးနများပင် မကျန် အောင် သန့်ရှင်းရေး လုပ်နေကြသည်။

စုစုပေါင်းဆိုလျှင် ဆင်စွယ် အချောင်းလေးရာခန့်ရှိရာ အချို့ ဆင်စွယ်များမှာ အရွယ်မရောက်သေးသော ဆင်များ မှ ဖြတ်ယူ၍ အလေးချိန် ခပ်ပေါ့ပေါ့ ဖြစ်နေသည်။
ဈေးလည်း အနည်းငယ်လျှော့၍ ရောင်းရမည် ဖြစ်သည်။ သို့သော် ဆင်ထီးကြီးများ၏ ဆင်စွယ်များ ကမူ တစ်ခု လျှင် အလေးချိန် (၈၀)ပေါင်ခန့် ရှိမည် ဖြစ်သည်။
ဟောင်ကောင်မြို့တွင် ဆင်စွယ်ဈေးနှုန်းမှာ တစ်ပေါင်လျှင် ဒေါ်လာ တစ်ရာခန့် ရှိသဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာငွေ ရှစ်သိန်းခန့်ရရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုနေ့ တစ်နေ့တာ အတွက် ရရှိသည့် ၀င်ငွေမှာ ဒေါ်လာငွေ ဆယ်သိန်းကျော် ဖြစ်သည်။

( မှတ်ချက်။    ။  အာဖရိကတိုက် ဇင်ဘာဘွေလို နိုင်င့၌ လူတစ်ယောက်၏ တစ်နှစ် ပျမ်းမျှ ၀င်ငွေမှာ ဒေါ်လာ ခြောက်ရာသာ ရှိသည်။ )
ထိုနေ့က ဆင်ကြီးများ သတ်ဖြတ်၍ ဆင်စွယ်၊ ဆင်သား ရယူခဲ့သည့် စစ်ဆင်ရေးတွင် ထိခိုက်မှုများ တော့ အနည်းငယ် ရှိခဲ့ပေသည်။
တိုင်းရင်းသား လူမည်းတစ်ဦးသည် ပုဆိန်ကိုင်လျက် ဆင်သေကြီးတစ်ကောင်ပေါ်သို့ တက်၍ ဖျက်နေခိုက် ခြေချော်ပြီး ဘေးသို့ လွင့်စဉ် ကျသွားရာ မပေါက် သေးသော မိုင်းဗုံးတစ်လုံးပေါ်သို့ တိုက်ရိုက်ကျသွားသဖြင့် မိုင်းဗုံးကွဲပြီး သေဆုံးခဲ့သည်။ နောက် တစ်ယောက်ကလည်း ဆင်သေကောင်ကို ပုဆိန်ဖြင့် တအားလွှဲခုတ်လိုက်စဉ် သူ၏ ခြေထောက်တစ်ဖက်ကို ခုတ်မိသွားသည်။ အလားတူပင် ထိခိုက်ဒဏ်ရာ ရသူ များလည်း ရှိခဲ့သည်။

ရိုင်ဖယ်သေနတ် အရာရှိကမူ တိုင်းရင်းသား လူမည်းများ ဆင်ခြင်ဥာဏ်ကင်းမဲ့လွန်း၍ ဖြစ်ကုန်ကြသည် ဟု သတ်မှတ် ကာ လျစ်လျူရှုလိုက်သည်။
တတိယမြောက် နံနက်ခင်းတွင် ဆင်စွယ်အားလုံးကို တိုက်ချွတ် ဆေးကြောသန့်စင်ခြင်း လုပ်ငန်း လုံးဝ ပြီးစီး သွားလေသည်။ ထိုအခါ ကပ္ပလီ အလုပ်သမားများသည် ဆင်သားများ လှီးဖြတ် မီးကင်ရာသို့ သွားရောက်၍ ကူညီ လုပ်ကိုင် ပေးကြရလေသည်။

လက်နက်ကိုင် အရာရှိသည် ဤလုပ်ငန်း တစ်ခုလုံးကို လာရောက် စစ်ဆေးကြည့်ရှုမည့ သူ၏ အထက် လူကြီးကို အသင့် စောင့်နေလေသည်။ ထိုပုဂ္ဂိုလ်ကြီး လာရောက်သည့်အခါ သူသည် မည်သူမည်ဝါ ဖြစ်ကြောင်း မည်သူမှ မသိရန် အရေးကြီးသဖြင့် တိုင်းရင်းသား လူမည်းများအား လုပ်ငန်းပြီးပြီးချင်း ခပ်ဝေးဝေး တစ်နေရာသို့ မောင်းနှင် လွှတ်လိုက်သည်။
မကြာမီ စစ်ဆေးမည့် ပုဂ္ဂိုလ်ကြီးသည် ရဟတ်ယာဉ်နှင့် ရောက်ရှိလာလေသည်။

သူသည် ထောင်ထောင်မောင်းမောင်းခံ့ညား ချောမွေ့သူ ဇင်ဘာတွေ အမျိုးသား လူမည်းတစ်ဦးပင် ဖြစ်သည်။ သို့သော် အလွန်လှပ ပုံကျစွာ ချုပ်ထားသော အနောက်တိုင်း ၀တ်စုံတစ်စုံကို ၀တ်ဆင် ထားလေ သည်။
ထိုပုဂ္ဂိုလ်သည် အသင့်စောင့်နေသော အရာရှိအား လက်ဆွဲနှုတ်ဆက်ပြီး ဆင်စွယ်များကို ကြည့်ကာ ကျေနပ် သဘောကျသွားပုံ ရလေသည်။
လူငယ်အရာရှိ က "ရဲဘော် နိုင်ငံရေး ခေါင်းဆောင်ကြီး ခင်ဗျား" ဟု စကားစလိုက်လျှင် ထိုပုဂ္ဂိုလ်က လက်ကာပြီး ပြုံးလိုက်သည်။

"ကျုပ်ကို ရဲဘော် နိုင်ငံရေးသမားလို့ မခေါ်နဲ့တော့၊ ကျုပ်က အခု ဗဟို အစိုးရအဖွဲ့မှာ ၀န်ကြီးတစ်ဦး ဖြစ်နေပြီဗျ၊ အရင်ကလို ပြောက်ကျား ခေါင်းဆောင် မဟုတ်တော့ဘူး"
ဤသို့လျှင် သူ၏ဂုဏ်ပုဒ်ကို ဖော်ထုတ် ပြောလိုက်သည်။
-----------------------------
အခန်း (၂) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>