Tuesday, June 8, 2010

ပန်းသတင်း (ဂျွန် ၈)

မယ်မချည့်ပါဘူး
ဆင်ဖြူကျွန်းအောင်သိန်း

မိုးကလင်းကတည်းက တိတ်သည်မရှိ။ တဖွဲဖွဲသွန်ချနေရာက အော်မြည်ဟစ်ကြွေးလျက် တိုးဆင့်ထန်သည်း လာပြန်သည်။ ရမ်းဘိုကုန်းရွာအတွင်းရှိ သစ်ပင်ကြီးငယ်တို့မှာ မိုးမိခင်၏ ရင်ကြားဝယ် မိန်းမော မူးမေ့ နေကြ ၏။ ရွာစောင်းရန်ရှိ ချုံတန်းမှ နွယ်ပင်များမှာလည်း မြရည်စိုရွှမ်း ကြော့လန်းစွင့်ထောင်နေကြသည်။

"ဟေ့" မကျီးဒန်က ကောက်ညှင်းပေါင်းထည့်ထားသော တောင်ပေါ်မှ ခမောက်ကို လက်တစ်ဖက်ဖြင့် ထိန်းထားကာ တဖြောဖြောသွန်းကျနေသော တံစက်မြိတ်အောက်သို့ ဖြုတ်ခနဲ ဖြတ်ကူးလိုက်၏။ မိုးသည်း သည်း အောက်ဝယ် ၀ပ်နေသော ရွာကလေးအား လှမ်းမျှော်ကြည့်လိုက်မိ၏။ တစ်အိမ်စ နှစ်အိမ်မစမှာမူ မီးခိုးကလေးများ အူနေသည်ကို မြင်ရ၏။ မူလနေရာကို ရေ၀င်သဖြင့် ပြောင်းရွှေ့ပြေးဝင်လာသော ခွေးတစ်ကောင် တလေ ကိုသာ မြင်ရသည်မှအပ ရွာငယ်ကလေးမှာ လှုပ်ရှားမှု ကင်းမဲ့လှပါ၏။

    မိုးက ညာသံသို့ကူးသွားသော ဆိုင်းဝိုင်းလို ရုတ်တရက် အသံဆိတ်သွားသည်။ နားငြီးအောင် ဆူညံနေရာမှ ဖြုန်းခနဲ့ငြိမ်သက်သွားရခြင်းမှာ တစ်မျိုးလိုထင်ရ၏။ သို့သော် မိုးသေမျှင်မျှင်ကလေးများ ကတော့ ပါးပါးကလေမျှ ကြဲသွန်နေသေးသည်။ မကျီးဒန်မှာ တစ်နွေလုံး ဖုန်တောဖြစ်ရာမှ ဗွက်ဖြစ် လာသော ရွှံ့ပြင်ကြီးကို ကျော်ဖြတ်၍ ထဘီတစ်စကို စွန်တောင်ဆွဲကိုင်ထားသည်။

    "မကျီးဒန်တို့ မပိတ်သေးဘူးလား"
    မကျီးဒန်က  အသံလာရာသို့ ခေါင်းလှည့်ကြည့်လိုက်ပြီးမှ "အေး ကနေ့ဆိုရင် ပိတ်ပါပြီအေ" ဟု သူ့အိမ် နှင့် နှစ်အိမ်ကျော်မှ မငွေသိန်၏ အမေးကို လမ်းသွာရင်း ပြန်ဖြေလိုက်၏။
    "မိုးကလည်းတော် သဲတော့ သဲလွန်း"
    "ဟုတ်ပါ့အေးရယ်၊ခဏတဖြုတ်ကလေးမှမရပ်ဘူး"
    မိုးရွသည်မှာ ငါးရက်ခန့်ရှိသွားပြီ။ အညာသူ အညာသားအဖို့ ဒါလောက်ရွာလျှင် မနေတတ် မထိုင် တတ်တော့။ ထင်ကအစ ခက်လာတော့သည်။ ရက်ရှည်လများ စုဆောင်းထားလေ့မရှိသဖြင့် ထင်းအထွက် ကလည်း တစ်မှောင့်။ သွားရလာရနေရထိုင်ရရာတွင် စိုစိုစွတ်စွတ်ဖြစ်နေခြင်းကိုပင် မကြိုက် နှစ်သက် ကြပေ။ မိုးကိုအားကိုးပြီ လယ်စိုက်နိုင်လောက်အောင မိုးကောင်းမည်ဆိုလျှင်လည်း ကောင်းပါ၊  သည်လိုမှ မဟုတ်လျှင် မလိုလည်းလိုလည်း ကလေးသာ တစ်ခါတစ်ရံရွာပြီး၊ သွေ့သွေ့ခြောက်နေခွင့် ပေးပါတော့။

    ဟုတ်သည်။ မကျီးဒန်တို့လယ်စိုက်သည့်နေ့ကစပြီး ရွာလိုက်သည့်မိုးက တကတည်းမစဲတော့ပါ။ စိုက်ပြီးသား ကောက်ပင်များ၏ ပင်ခြေကို မိုးပေါက်မှန်သဖြင့် ကောက်ပင်တွေကျွတ်ကုန်ရသည်။ ဒါတွေကို လျှောက်ပြီး ဖာရ စိုက်ရ တာက တစ်မှောင့်နှင့်။ ကြောင့်ကြမှုထွေအောင် မွှေရက်တဲ့ ကိုမိုးရယ်။
    "စနေနေ့က ရွာတဲ့မိုးတော်ရဲ့"
    မငွေသိန်း က ခပ်လှမ်းလှမ်းသို့ရောက်သွားသော မကျီးဒန်ကို ဆက်ပြီးပြောလိုက်ရာ
    "ဟေ့၊ ဒီလိုဆိုရင် ခုနစ်ရက် ခုနစ်လီ စွေတတ်တယ်လို့ပြောကြ တာပဲအေရဲ့"

 တဖြည်းဖြည်းနှင့်မကျီးဒန်မှာရွာပြင်ဘက်သို့ရောက်လာလေသည်။  ရွာတောင်ဘက်ရှိ မြောင်းဟောင်းမှာ ခြေသလုံး ခန့် နက်အောင်ရေများဝင်နေ၏။ တစ်နွေလုံး တစ်ဆောင်းလုံး စွန့်ပစ်ထားသော အမှိုက်သရိုက် နှင့် အညစ်အကြေးများ ရောစွတ်ထားသောရေပြင်ကို ဖြတ်ကူးရမှာ ၀န်လေးပါဘိသည်။
    "ဟယ် တတ်နိုင်တော့ပါဘူး"
    ခပ်ဆိုင်းဆိုင်းကလေးရပ်နေမိရာက နောက်ဆုံးတွင် မျက်စိကိုမှိတ်ပြီး ရေထဲသို့ ဆင်းလိုက်လေ၏။ မိုးက ဟစ်၍ ဟစ်၍ သဲလာပြန်ရာ၊ မကျီးဒန်းမှာ လန့်သွား၏။ သူ့ရှေ့ရှိ ထန်းတောကြီကလည်း ယပ်တောင် ကြီး တွေလို ခပ်ကြမ်းကြမ်းလှုပ်ယမ်းလျက် ပြင်းထန်စွာ ရယ်မောနေပေ၏။

"ယမထာ ရွှေကြိမ်လုံးရယ်နဲ့၊ ထွန်တုံးကိုတဲ့ ခြေတော်တင်၊ နွားကြန်စုံရှင်"
    မိုးတဖွဲဖွဲအောက်ဝယ်၊ စိုက်ပြီးခါစ ၀ါကြန့်ကြန့် ကောက်ပင်ကလေးများက ကုပ်နေကြသည်။ သမန်းပြင် ၏ ထိန်းကူခြင်းမှ လွတ်ထွက်လာရသည့် ကောက်ပင်ကလေးများမှာ မိုးပေါက်များအောက်တွင် ရွေ့လျား မျောပါနေကြ၏။ ကိုဆေးရိုးပိုင်ဧရိယာ၏ အနောက်ဖျားဝယ်  ရေပြင်အတိသာရှိနေရာ၊ တလှုပ်လှုပ် တရွရွ နှင့် လုပ်အားကို ရောင်းချ ပေးအပ်နေကြရသော ကောက်စိုက်သမများမှာ ရေပြင်နှင့် ၀ါကြန့်ကြန့် ကောက်ခင်း ကို ဆက်စပ်ပေးနေကြသည်။
    "ပျိုးခင်းကို ၀င် အင်းဟင်၊ ကောင်းကင်က၊ သြော်မိုးပေါ်က ပစ္စုမင်းရယ်၊ မိုးဟို့အို၊ခေါ်လို့ဆင်း"

    မိုးထဲလေထဲမှာပင် တေးသံတကြော်ကြော်နှင့် ပျော်အားကိုမွေးလျက် လုပ်ရေးကိုနှင်နေကြရ၏။ ကောက်စိုက်မများ၏ နောက်ပြန်ဆုတ်လာသော ခြေသံကို ဆူညံနေသည့်ကြားထဲမှ တဇွက်ဇွက်ကြားနေ ရသည်။ တစ်ချက်တွင် တစ်ယောက်ထံမှ တစ်ယောက်သို့ ကောက်ဖတ်ပစ်ပေးသံများကိုလည် ဖြန်းခနဲ ကြားရ လေ၏။
    "ဟဲ့ စိန်ခင်၊ တယ်ဒီကောင်မလေးဟာ ဘာလုပ်နေတာလဲဟင်၊ နင့်နောက်ကိုပြန်ကြည့်စမ်း"
    မမြဆိုသူက သူ့ညီမနှင့်တူသော ကလေးမကလေးအား လှမ်းပြီးမာန်လိုက်သည်။ စိန်ခင်မှာ စိုက်တတ်ခါစမို့ မကျင်လည်သေးသဖြင့် နောက်ကျကျန်ရစ်ခဲ့ခြင်းဖြစ်၏။
    "ခြေထောက်ကို ကားထားပါလို့ ဘယ်နှခါပြောရဦးမှာလဲဟင်။ ပျိုးဖတ်ကို တစ်ပင်လိုချင်မှ တစ်ခါ ဖန်နေရင် နင့်လင်လယ်ကွက်ကြီးက ပိတ်မသွားဘူးသိလား။ တစ်ခါတည်း ဘယ်ဘက်က အဆင့်သင့် ဖန် ထား ပါလား။ ခြေနုတ်ကလည်း လေးလိုက်တာ အေးရယ်။ ညည်းဒီလိုသာ သေနာနာလုပ်နေရင်တော့ ညည်း လင် ကောက်စိုက်စည်းခေါင်းက ညည်းကို ထုတ်ပစ်မှာပဲ"

    အစ်မဖြစ်သူ၏ လေရှည်ကြီးမြည်တွန်တောက်တီးသံကြောင့် စိန်ခင်ကလေးမှာ ပိုသွက်လာသည်။
    "ဆူလိုက်တာတော် ကတည်းမှပဲ။ ဒီကောင်မကလေးကလည်း ဟုတ်သားပဲ"
    "ဟောဒီ မမယ်မြကြီးကို ရှည်တယ်။ စိန်ခင် ဟဲ့ကောင်မလေး။ ဆင်းခဲ့။ တို့ပိတ်လိုက်မယ်။ သိန်းညွန့်ရေ ပိတ်လိုက် စမ်းပါအေ"
    မမယ်မြနှင့် စိန်ခင်၏ ၀ဲဘက်ယာဘက်ရှိ စိုက်ဖော်များက တစ်ယောက်တစ်ပေါက်ပြောပြီး စိန်ခင်၏ ငန်းကွက်ကို ကူညီညာဝိုင်းလျက် တစ်ယောက်တစ်လက် ပိတ်ပေးလိုက်ကြသည်။

    "ဟုတ်ဘူးဟေ့၊ဒီကောင်မလေးကို အလွန်းနုံလွန်းလို့၊ ငါတစ်ခါတစ်ခါ ကိုင်ဆောင့်ပစ်ချင်လာတယ်"
    မမယ်မြက မကျေနပ်သေး။ ပြန်လှန်တွန့်တက်ရင်း စိုက်ဖော်များဘက်သို့ ခေါင်းလှည့်ကာ လေကြောရှည်လိုက်ရာ "ကဲအေ တော်စမ်းပါ၊ ကဲချောစိန်က သီချင်းကလေးတစ်ပုဒ်လောက် ဆိုလိုက် စမ်းပါအေး"
    ချောစိန်၊ချောစိန်။ ကိုဆေးရိုး၏ သမီး မျက်ရွဲဒါရူလှ ညိုညက်ကလေးဖြစ်သော၊ နာမည်နှင့် လိုက်အောင် ချောသည့်  ချောစိန်သည် ကောက်စိုက်စည်းထဲမှာပါလာသည်။ ကိုယ့်အတွေးနှင့် ကိုယ် တစ်ချိန်လုံး နှုတ်ဆိတ် နေခဲ့ရာ မမယ်မက ပွဲတောင်းလိုက်သောကြောင့် ပြုံးပြုံးကလေးလှည့်ကာ
        "တခြားအဆိုခိုင်းစရာလူ  ရှားသလား ရီးမယ်မရဲ့"

    "ညည်းအသံကို ကြားချင်တာကိုအေ့။ လူတင် ချောတလှတာမဟုတ်ဘူး၊ အသံလည်း ကောင်းသေးတယ် ဆိုပြီး ငါက ကိုယ့်ချွေးမ တော်ကြောင်း၊ လှကြောင်း ပွဲထုတ်ချင်တာပေါ့"
    "အို ဒီမိန်းမကြီး" ချောစိန်၏ အပြုံးကလေးမှာညို့သွားပြီ မမယ်မအား ပျိုးဖတ်ဖြင့် ပေါက်လိုက် လေသည်။ ငှားပြီး ကိုယ့်သာသာကိုယ်ဆိုဖို့ အခုကတည်းက ကျင့်ထားတာပေါ့"
    "ဆေးတံတို ဓားမ ခက်ရင်းရယ်နဲ့၊ ယာခင်းကိုတဲ့ ထွက်မယ်ပြင်၊ ဘယ်ယာ ကို ဘယ်အခါ ထွန်မတုန်း ရယ် လို့၊ အိမ်က မမင်း ကို သံချိုနှော ပြောလေ ပြောလိုက်ချင်"
    "ဟေဟေ့ တယ်ကောင်းပါလား"
    "ကဲမဆိုတော့ဘူး"
    ချောစိန်ရှက်သွားသည်။ မိုးတိတ်သွားလေပြီ။ ကောင်းကင်ဝယ် တိမ်ဖြူများ တရိပ်ရိပ်ပြေးသွား နေကာ လယ်ကွင်း တစ်ခုလုံး ကြည်လင်တောက်ပသွားလေသည်။
    "ဆေးရိုးရေ၊ ကနေ့ပိတ်ရောပေါ့။ ဟုတ်လား"
    "အေးကွ။ ပိတ်နိုင်လိမ့်မယ်ထင်တာပဲကွာ"

    အနောက်ဘက်လယ်မှ သာဒွန်းဇံ၏ အသံဖြစ်၏။ တစ်ကိုယ်လုံးမှာ မိုးရေတွေရွှဲနေသည်။ တစ်ကိုယ် လုံးတွင်မြှောင်နေအောင် ခါးတောင်းကျိုက်ထားသော လုံချည်စုတ်မှအပ ဘာမျှမရှိ။ မိုးရေရွှဲရွှဲဝယ် လေက သဲထား သည့် ဒဏ်ကြောင့် အသားမှာ တဆတ်ဆတ်တုန်နေကာ နှုတ်ခမ်းများမှာ ပြာဟောက်နေပေသည်။ တဲ အတွင်းရှိ မီးဖိုသို့ ပြေးလွှားကပ်ရောက်လာပြီး လက်ဝါးနှစ်ခုကို ဖြန့်ကာကင်နေရှာ၏။

    "တစ်မိုးတောင် ကုန်ခါနီးပြန်ပြီကွနော်။ တို့ဆီမှာတော့ လယ်မြေဝေခြမ်းရေးဆိုတာတောင် မကြားရ သေးပါ ကလားကွ"
    "အံမာ မင်းက ဘာကိစ္စမျှော်နေရတာလဲ၊ ဗြိဇုံနဲ့ ဗြုံဇိဖြစ်မယ့်ဥစ္စာကိုများ"
    ဘယ်မှာဖြင့် လယ်ဝေလိုက်ပြီးဆိုသည့် သတင်းစာဟောင်းများမှာ သတင်းများကိုကြားရရာမ မျှော်လင့်သံ ပေးလိုက်သော သာဒွန်းဇံ၏ တမ်းတသံကို ကိုဆေးရိုးက ဘေးဖဲ့၍ စကားဆိုလာသည်။
    "နေပါဦးဆေးရိုးရ၊ မင်းတစ်ကောင်ဟာ အခုတလော ဘာဖြစ်နေတာလဲ၊ အရင်နဲ့လည်းမတူတော့ ပါပဲလား။ အခုလို လယ်ခွန်တော်နှစ်ဆ သီးစားခဘ၀ကနေပြီး ကိုယ်ပိုက်ဖြစ်သွားရင် မကောင်းဘူးလားကွ ကဲ"

    "သြော် သူငယ်ချင်းရ၊ မင်းက အရင်နဲ့မတူတော့တာကိုသာ မြင်တာကိုကွ။ တစ်နှစ်ပြီး တစ်နှစ် ဆင်းရဲ၊ လုပ်တိုင်း မွဲတဲ့ဘ၀ကိုများ ပြန်ပြီးစဉ်းစားကြည့်စမ်းပါဦးကွာ။ အဲဒီလိုဖြစ်နေတော့ စိတ်ကောင်းလည်း မရှိနိုင် တော့ဘူး၊ သူငယ်ချင်းရာ"
    ရေဝေးသည့် ညှိုးနွမ်းနေသော ပန်းရော်ရော်ကလေးလိုပင် ညှိုးနွမ်းနေသော ကိုဆေးရိုး၏ မျက်နှာ ကို သာဒွန်းဇံ မှာ အငေးသားကြည့်နေပြီးဟင်းခနဲသက်ပြင်းချလျက် ခေါင်းငိုက်စိုက်ချပစ်လိုက်မိသည်။

    "အဲဒီတော့ ဒီလယ်အကြောင်း၊ မြေအကြောင်းကို စကားစပြီး ပြောလာရင် ခံခဲ့ရတာတွေ ခံနေရတာတွေဟာတမြည့်မြည်နဲ့ပြန်ပြန်ပြီးပေါ်လာလွန်းလို့ပါကွာ။အဲဒီအခါကျရင်အသည်းတွေ အူတွေပါ တုန်လာရတယ် သူငယ်ချင်းရ။ ထမင်းစားပြန်တော့လည်း မစားနိုင်တော့ဘူး။ ရင်ဝမှာ ဆို့ဆို့နေတာပဲ"
    ကိုဆေးရိုး၏ အသံမှာ ကြေကွဲဆွေးမြည့်နေသံဖြစ်၏။ နာကြည်းခြင်းနှင့်မကျေချမ်းနိုင်ခြင်းတို့ကို ဒေါသသံရစ်ခြယ်ထားသော အသံက ဖော်ပြနေသည်။ မျက်လုံးအိမ်မှာမီးပွင့်ခမန်း တောက်ပြောင် နေသော်လည်း  စိုစွတ်နေ၏။

    "အင်း လယ်သမား၊ လယ်သမား ခွေး ခွေး"
    "ခွေးကမှ ဘာမျှမလုပ်ဘဲနဲ့ စားတစ်လှည့် ငတ်တစ်လှည့်မို့ တော်ပါသေးတယ်ကွာ။ ဒီမယ် သူငယ်ချင်း၊ မင်းစဉ်းစားကြည့်စမ်း။ ဒီလယ်တွေကို တို့ပဲ အခွန်ချိန်နေရတာပဲကွ။ လယ်ပိုင်ရှင်က တောင်းလည်း မတောင်း၊ လာလည်းမလာတော့ဘူး။ အဲဒါတောင်မှ မနှစ်တုန်းက မင်းမှာ အခွန်ချိန်ဖို့ စပါးမရှိလို့ နွားမကလေး ကပျာကသီ ရောင်းပေးရတယ်မဟုတ်လား"
    "အေး"
    "ငါ့မှာလည်း အခွန်ချိန် ကြွေးဆပ်ပြီးတော့ စပါးကလေး လေးဆယ်ပဲ ကျန်ခဲ့ပါကလား။ ဟိုနှစ်တုန်း ကတော့ ဒါ့ထက်ဆိုးတာပဲ။ ဟိုတစ်မြန်နှစ်တုန်းကကော ကြွေးမကျေဘူ။ ရှုံးတယ်"
    "ဟေ့ ဘာတေများ တိုင်ပင်ကြလဲ"

    ဖဲထီးတစ်လက်ကိုချိုင်းကြားညှပ်ပြီးကောက်စိုကစည်းခေါင်းကိုပွကြီးဝင်လာသည်။ နှစ်ယောက်သား ပြိုင်တူလှည့်ကြည့်လိုက်ကြ၏။
    "လယ်တွေရှုံးတာ လေး ငါး ခြောက်နှစ် ရှိပြီဆိုတာကို ပြောပြနေတာပါဗျာ"
    "အေးဟေ့ ဟုတ်တယ်ဟ။ လူတေလည်း သရဲစိတ် သဘက်စိတ် တွေ ၀င်နေကြပြီကွ။ ဆီဖြူပင် တညောင်ဘက် မှာလည်း တိုက်လိုက်တဲ့ ဓားပြ။ အမှူးရွာ၊ တောင်ဘို၊ ကြက်ဟင်းခါးကျွန်း၊ ဆင်မကျွန်း ဘက်မှ မလွတ်ဘူးဟ။ ပြန်ပေးကလည်း ဆွဲလိုက်သေးတယ်"
    ကိုပွကြီး က လွယ်အိတ်ထဲမှ အရက်ပုလင်းကို ထုတ်ပြီး မော့နေသည်။

    "အဲဒီတော့" ကိုဆေးရိုးက စကားအစကို ပြန်လည်ဆက်စပ်လိုက်၏။ "အဲဒီတော့ တို့လိုချင်တာက ရေမှန်မှန် ရရမယ်။ ရေလည်းမမှန်၊ မိုးကလည်း ခေါင်နေရင် စပါးထွက်ပါ့မလား"
    "ဘယ်ထွက်မလဲကွ"
    "စပါးမရှိဘဲနဲ့ ကိုးပိဿဈေးပေးတော့ကော သရော်တာနဲ့ တူမနေဘူးလား။ ရေမှန်းမိုးမှန်ပဲထားဦး၊  တို့ ဒေသက လယ်ထွက်ကို ညံ့နေတယ်ကွ။ အမြဲတမ်းငါးရာပေးမှ မင်းတို့ငါတို့အငတ်ပြဿနာ ဖြေရှင်း မှာကွ"
    ဤစကားသည် ကိုဆေးရိုးတို့ဒေသရှိ လယ်သမားများ၏ အသံပင် ဖြစ်ချေသည်။ ရေမှန်မှန် မရခြင်းမှာ ဆင်ခြင်ကင်းမဲ့စွာ မြောင်းမကြီးကို ပင်ပြီး ရေယူသောကြောင့်ဟု ဆည်းဘက်ဌာနက အဖြေပေး ပေးလိမ့်မည်။
    ဟုတ်ပြီ။ သူတို့တစ်တွေ မြောင်းမကြီးကို ဘာကြောင့်ပိတ်ပြီး ရေယူကြရသနည်း။ သူတို့အကျိုး အတွက် ဖြစ်သော မြောင်းကြီးကျိုးသွားရင် ခက်ကုန်မည်ဆိုသည် မသိကြရော့သလား။ အလုပ်သမားကို အသိဥာဏ် မပေးရ ဆိုတာနှင့်အညီ လယ်သမားတွေကို အသိဥာဏ်မပေး၍ မသိကြတာလား။
    သိကြပါသည်။

    သိလျက်နှင့်လုပ်ခြင်းမှာကား ရေဝေပေါက်ကလေးတွေက သေးသောကြောင့်ဟူ၍ အဖြေထွက်လာ ပါသည်။ လယ်ဧကပေါင်းက တစ်ထောင် သည်ဧကတစ်ထောင်အတွက် ပြုလုပ်ထားသော ရေဝေပေါက်၏ အမြင့် အကျယ် က မည်မျှ ခုနစ်လအတွင်း လယ်ဧက တစ်ထောင်အတွက် ဂါလံပေါင်း သည်မျှဝင်လျှင်ဖြင့် ပိုလို့တောင် နေသေးသည်ဟု စာရွက်ကြီပေါ်မှာ ချတွက်၍မရ။ အပူတပြင်းလိုချင်သော အချိန်၊ သင်တင့်ရုံ သာ ယူသောအချိန်း၊ လုံးဝမလိုချင်သော အချိန်ဟူ၍ရှိနေရာ၊ အပူတပြင် လိုချင်သောအချိန်များဝယ် ရေလုပွဲ များက သွေးချောင်းစီးစေခဲ့သည်။ မြေပြင်ကို မြရောင်လွှမ်းရမည့်အစား အလောင်းဖြင့် ဖုံးခဲ့ကြ ရသည်။ ဥပဒေချိုးဖောက်သည့် သဘောဖြင့် မြောင်းမကြီးကို ပင်ဖြိုးရေယူကြလေသည်။

    "လယ်တွေ ဝေပြီးနောက်မှာလည်း ရေမမှန်၊ စပါးဈေး ပိုမပေးရင်ဖြင့် မျောက်လောင်း ဟာ မျောက်လောင်း နေမှာပါပဲကွ။ ဒါကြောင့် တို့ဆီကလူတွေက သိပ်ပြီးတော့လည်း မမျှော်လင့်ဘူးကွ"
    "အင်း ခက်တာပဲကွာ"
    သာဒွန်းဇံက ပုဆိုးကိုလှည့်ပတ်မီးကင်နေရင်းမှ ချူသံပါအောင် ညည်းလိုက်သည်။

    "တို့အဖို့အကျိုးထူးမယ့်ဟာ မဟုတ်လို့ မင်းပြောတဲ့စကားကို ငါက ဆီးပိတ်လိုက်တာကွ သူငယ်ချင်းရ" လယ်ကွက်တစ်ခုသို့ ပြောင်းတိုက်ပြောင်းတိုင်း ဟေးခနဲ့ ဟေးခနဲ တဲတွင်းကို ပြေးဝင်လာ လေသည်။ ကိုပွကြီး က အရက်ပုလင်းကို ပြန်ပိတ်လိုက်ပြီး အမဲခြောက်ကို ၀ါးရင်းမှ စကားဆိုပြန်၏။
    "ခက်တာပဲကွ၊ မင်းတို့လယ်သမားတွေ ဆူဖြိုးမှ ငါ့မှာလည်း အလုပ်လုပ်လို့ကောင်းတာ။ မနှစ် တုန်းကဆိုရင် ကောက်စိုက်၊ပျိုးနုတ်၊ ကောက်ရိတ်ခတွေကို တချို့ အကျေမပေးနိုင်ကြဘူးကွဲ့။ အဲဒါတွေ ကို ငါ့မှာ စည်းသားတွေကို နှစ်ရာနီးပါးလောက် စိုက်ပေလိုက်ရတယ်"
    "အခုလည်း အဖွဲ့က နှစ်ခြမ်းကွဲရဦးတော့မလိုလိုဖြစ်ပြန်ပြီ" သာဒွန်းဇံက မြည်တမ်းပြန်၏။

    "ရှုပ်လှချည်လား သာဒွန်းဇံရ မင်းတို့ဟာက" ကိုပွကြီးက မော့ကြည့်ပြီး မျက်နှာကို ရှုံမဲ့ကာ ဆိုလေသည်။
    "သိပါဘူးဗျာ။ကျူပ်တို့ဘာသာကျူပ်တို့ တိုက်နယ်ကိုယ်စားလှယ်တွေက သဘောတူတင်မြှောက် ထားတဲ့ မြို့နယ် အမှုဆောင်အဖွဲ့ကို ဘေးချိတ်ပြီး ဘယ့်နှာကဘယ့်နှယ်မိုးပေါ်ကျ အမှုဆောင်အဖွဲ့ ပေါ်လာ ရတယ် မသိပါဘူး"

    "အင်း"
    ကိုဆေးရိုးက သူ့ဝါသနာအလျောက် အဓိပ္ပာယ်ပြည့်ဝလှစွာသော ညည်းချင်းကို ဆိုရွတ်လျက် တဲအပြင် သို့ ထွက်သွားလေသည်။
    "ကိုဆေးရိုးရေ"
    "ဟဲ့ ဘာတုံးဟ"
    "ဘာတုံးလုပ်လုပ်ပြီး ညာလုံးထုတ်မနေနဲ့၊ လာဦး။ ပျိုးမလောက်တော့ဘူး။ ပျိုးချပေးဦး။ နို့မို့ရင် ဖြဲပစ် ခဲ့မယ်"
    "အမယ်၊အမယ်။ မလုပ်နဲ့ မယ်မင်းကြီးမရယ်"
    "မဂျမ်းဘုံ အာကကြမ်းပါဘိသနှင့်။ စွာကျယ်စွာကျယ်နှင့် ပြောတတ်သည်။ ကိုဆေးရိုးကိုတော့ ငယ်နိုင်ဖြစ်သည်"။
    "ကိုဆေးရိုးကို သူ့လင်ကျနေတာပဲ၊နိုင်လိုက်တာ"
မယ်မြက မျက်စောင်းဖြင့် ခနဲ့လိုက်၏။

    "ငါ့လင်ပေါ့ဟဲ့။ ဆေးရိုး တို့များ ကျီးဒန်နဲ့ မကြိုက်ခင်တုန်းက ငါ့ကို ကြိုက်လိုက်တာ လျှာ အလျား လိုက် ထွက်လို့။ ငါ့ကို ကြောက်လည်းကြောက်၊ ကြိုက်လည်းကြိုက်။ ငါက မကြိုက်ဘူးပြောလို့ ကျီးဒန် နဲ့ရသွားတာအေရဲ့၊ သိလား"
    မဂျမ်းဘုံက ခေါင်းခါခါ လည်ခါခါနှင့် မဲ့ရွဲ့ပြီးပြောနေစဉ် ပျိုးစည်းများကို ၀ါးလုံးလျှိုထမ်းလာသော ကိုဆေးရိုး က အနားသို့ ရောက်လာ၏။
    "ဟယ် နင့်မလဲ ဒါတွေပြန်ပြန်ပြီး အသားယူနေတာနဲ့ပဲ အပျိုကြီးဖြစ်နေတာ"
    "ဖြစ်ပစေ၊ ဖြစ်ပစေ။ အေးလိုက်တာမှလွန်ရော"
    "တော်စမ်းပါ ဂျမ်းဘုံရာ။ ငါနဲ့ ကျီးဒန်နဲ့ ရသွားတော့ နင်မစားနိုင်မသောက်နိုင် ဖြစ်နေရတာဟာ ငါ ကိုဆေးရိုး ကို မူလိုက်မိလို့ လက်လွတ်ရတာဆိုပြီး ယူကျုံးမရ ဖြစ်နေတာ မဟုတ်လား"

    ကောက်စိုက်မတွေ ညာသံပေးပြီး ရယ်လိုက်ကြ၏။ မဂျမ်းဘုံက "မသာနော်၊ ငါ တုတ်လိုက်ရမလား"ဟု မာန် လိုက်သည်။
    "နောက် နင် နေမကောင်းတာကို ငါ လာပြီးမေးတော့ 'ကိုဆေးရိုးရယ်၊ ကျုပ်မှားပါပြီ။ ကျုပ်တော့ကို ကြိုက် ပါပြီ'လို့ နင်မပြောဘူးလား။ ကဲ နင်မလိမ်နဲ့"
    "မဂျမ်းဘုံ ရှက်နေတယ်ဟေ့"
    "ဟုတ် ဟုတ်တယ်ပေါ့တော့၊ ဘာရှက်စရာရှိလို့လဲ"
    "သွားသွား ကိုဆေးရိုး၊ ငါ ပျိုးဖတ်နဲ့ ပေါက်လိုက်မယ်"
    "ဟေး ရှက်ရှက်၊ ဟေး ရှက်ရှက်"
    ညာသံပေး၍ လှောင်သံက မြရောင်ဝေသည့် လယ်တောအပြင်ဝယ် ပျံ့၍ပျံ့၍ ဟိန်းသွားလေ၏။

    "ကဲဟေ့ ကောက်ညှင်းပေါင်း ပူပူနွေးနွေးကလေး စားလှည့်ကြဦးဟေ့။ ခါးချည့်ရင် အားမရှိဘူးတဲ့။ မပိတ် သေးရင် ထားခဲ့ကြဦး"
မကျီးဒန်၏ အသံက ကောက်စိုက်မများကို ခေါင်းထောင်ကြည့်စေသည်။ မကျီးဒန်က ကောက်ညှင်း ပေါင်းတောင်း ကို ညောင်ပင်ရိပ်မှာချပြီး ပြင်ဆင် လုပ်ကိုင်နေ၏။
ကောက်စိုက်မများမှာ တစ်စုပြီး တစ်စု ညောင်ပင်အောက်သို့ ရောက်လာကြရာ ကိုပွကြီးကလည်း လွယ်အိတ် ထဲမှ ဗလာစာအုပ်ကိုထုတ်ပြီး တဲအပြင်သို့ ထွက်လာကြသည်။
"ဂျမ်းဘုံ လာသလားဟေ့"
"တယ် ဒီမသာကြီးက လူမမြင်ဘူးလား"

ကိုပွကြီးက ကောက်စိုက်မာရင်းကို ငုံ့ခြစ်မှတ်သားနေရာက မဂျမ်းဘုံကို ပြန်ပြောလိုက်ရသေး၏။
"ကဲဟေ့ လူခေါ်မလို့ ဒီနားလာကြဦး။ စိန်ခင်"
"လာတယ်"
"ဘယ်မလဲ"
"'ဒီမှာတော့"
"အေးအေး ဟုတ်ပြီ"
"ချောစိန်လာတယ်"
"မယ်မလာတယ်"
"မယ်မြလာတယ်"
ကောက်ညှင်းပေါင်း လက်နှင့်ဆုပ်ယူပြီး တဲတွင်းသို့ ၀င်တိုးကာ အချမ်းဖြေနေကြသည်။

"ရီးပွကြီး"
"ဟဲ့ ဘာလဲ စိန်နွဲ့"
ကိုပွကြီးက ဗလာစာအုပ်ကိုပိတ်ကာ မျက်နှာကမော့ပြီး စိန်နွဲ့ထံသို့ အာရုံစိုက်လိုက်သည်။
"တော့်စာရင်းထဲမှာ လူဘယ်နှယောက်ရပလဲ။ ပေါင်းကြည့်စမ်းပါဦး"
"ဘာဖြစ်လို့လည်းဟ။ အလကား အလုပ်ရှုပ်အောင်"
"မဟုတ်ဘူး။ သုံးရက်တစ်ခါ၊ လေးရက်တစ်ခါ ပေါင်းကြည့်တာကောာင်းတယ်။ ဟိုတစ်နေ့တုန်းက စာရင်းပေါင်းတာမှာ တစ်ယောက်ကွာနေတယ်။ တော့်အဖို့မှာ မထူးပေမဲ့ ကျုပ်တို့မှာ တစ်နေ့ဆိုတစ်နေ့ သေအောင်စိုက်ရတာ"

စိန်နွဲ့၏ မျက်နှာက တည်သည်။ စကားသံက ပြတ်တောင်းတောင်းဖြစ်၏။ ကောက်စိုက်စည်း ခေါင်း ဆိုတာမျိုးကလည်း လူပေါ်လူညွန့်ခူးစားနေသည့် လူစားမို့ ခိုးချင်လည်း ခိုးမည်။ ယုံရသည်မဟုတ်။
"ကနေ့ ပါဆို လေးဆယ့်တစ်ယောက်ရှိပြီဟုတ်လား"
"ဟုတ်တယ်"
"အလကားဟဲ့။ ညည်းမှမဟုတ်ဘူး၊ ငါ့လည်း ဟိုတမြန်နေ့တုန်းက တစ်ယောက်လျှော့ပြီး ပေါင်းထားလို့ ရန်ဖြစ် လိုက်ရတာအေ။ အဲဒီတော့မှ ပြန်ပေါင်းကြည့်ပြီး အပေါင်းမှားသွားလို့တဲ့"
လှမှီက ကိုပွကြီး၏ အညစ်တော်ပုံကို ဖွင့်ချလာသည်။
"သက်သက်အပါးတင်တာပါအေ။ တကယ်ဆို သွေးရိုးသားရိုး မှားတာဆိုရင် တစ်ခါတစ်ရံ ပိုပြီးမှားပါလား မဟုတ်ဘူး။ လျှော့ပြီးမှားရသတဲ့၊ အလကား သွေးစုပ်ကောင်ကြီး၊ ခြင်ကောင်ကြီး၊ မသာကြီး"

မဂျမ်းဘုံက ဆေးပေါ့လိပ်ကြီး ကားကားကားကားနှင့် ၀င်စွက်လာကာ ကိုပွကြီးအား သုံးဖက်သုံးတန် ၀ိုင်း၍ တိုက်ခိုက်ကြလေသည်။ သူတို့ဘာပဲပြောပြော ကိုပွကြီးကတော့ အရေထူ အရိုးရင့်သမို့ ခံနိုင်ရည်ရှိပါ၏။ တစ်သက်လုံး စားလာခဲ့သည်မှာ နောနေပြီဖြစ်သဖြင့် ဒီနေရာမှာတော့ သူက ခံလိုက်ပါဦးမည်။ ငွေပေးရာ၊ စာရင်း မှတ်ရာကျတော့ သူ့အလှည့်ပေကိုး။

"ကဲ အချိန်ရှိတုန်းမျာ လယ်ကွက်ကလေး မှန်မှန်နဲ့ သွက်သွက်သာ စိုက်ကြဟေ့။ ဂျမ်းဘုံတို့၊ မယ်မြ တို့ ကလည်း ကြည့်ပြောကြနော်"
ကိုပွကြီးက ထိုင်ရာမှထလိုက်ပြီး ကောက်စိုက်မများဘက်သို့ လှည့်ကာ သတိပေးလိုကသ်ည။ စင်စစ်တော့ ကိုပွကြီးက 'လယ်ကွက်မှန်မှန်ကလေး'မှာ ငှားသူ၏ ရှေ့မို့ ၀တ်ကျေဝတ်ကုန်ပြောခြင်းသာဖြစ်၏။ ထို့ပြင် ကောက်စိုက်မများ၏ "ဟုတ်ကဲ့၊ ဟုတ်ကဲ့ စိတ်ချပါ။ ကျုပ်တို့က စေတနာနဲ့ စိုက်တာပါ"ဆိုတာကလည်း ကောင်းအောင်ပြောခြင်းသာဖြစ်သည်။ တကယ်တမ်းကျတော့ လယ်ရှင်မြင်နိုင်မည့် ကန်သင်းနား တစ်လျှောက် သာ ကောင်းကွက်ကောင်း ကောင်း စိုက်ခဲ့သော်လည်း၊ လယ်ကွက်အလယ်သို့ရောက်လျှင် ဖြဲချပစ် သည်သာများ၏။ တစ်ပင်နှင့် တစ်ပင် တော်ငတစ်ဆုတ်ခန့် ကွာအောင်ပင် ပြဲသည့် ကောက်ကွက် များကို လယ်ရိတ်သည့်အခါကျမှ တွေ့ရခြင်းကို ထောင်ချင့်ခြင်းအားဖြင့် စည်းခေါင်းနှင့် စည်းသား များ သည် ဘုတ်နှင့် ကျီး တစ်ကိုင်းတည်းဖြစ်ကြောင်း သိသာနိုင်လေသည်။

မွန်းတိမ်းခဲ့လေပြီ။ မိုးသားများ ပြန်လည်ရစ်လွှားလာ၏။ ကောက်စိုက်မများ၏ ရွှေရင်အေးစဖွယ် မိုးနတ်သား က ထီးအုပ်ပေးသောအခါ လေနတ်သားက ယပ်ခတ်ပေးပြန်လေသည်။ အတန်ကြာလျှင် ဟေးခနဲ ဟေးခနဲ အော်ဟစ်ပြီး ကန်သင်းပေါ်သို့ တက်လာကြတော့်၏။ လယ်ကွင်းတစ်ခုလုံးမှာ ကောက်ပင် များ ဖြင့် ပြည့်ဝေသွားလေသည်။ ကောက်စိုက်မောင်းသံကလေးကလည်း တထိုထိုနှင့်ဟစ် ကြွေး လာ၏။

"ကဲ မိန်းကလေး၊ အမေနဲ့ ပြန်လိုက်သွား။ ဟိုမြောင်းပေါင်မှာ မြက်ထုံးရှိတယ်"
ချောစိန် မှာ တဲအတွင်းဝယ် ထမင်းစားနေသည်။ မိုးက မည်မျှအေး၍ လေက ဘယ်မျှသွေးသော်လည်း ကုပ်ပိုး ကလေး ထက်ဝယ် ချွေးများက ရွှဲစို့နေ၏။ မျက်နှာကလေး ဆီမှာလည်း သမန်းဆီများ ဝေ့နေကာ ခြေသလုံးမှ သမန်းဆီများမှာမူ အရောင်ထွက်၍ တလက်လက်ဖြစ်နေစေသည်။ လက်ချောင်းများမှာ ၀ါကြန်ကြန် ဖြစ်နေသည်။
"အမယ်လေး၊ အမောကလေးများ ဖြေပါဦး သမီးရယ်"
မကျီးဒန် က မီးဖိုနားတွင် လာထိုင်ပြီး ဆေးပေါ့လိပ်ကြီကို မီးတို့နေ၏။

"အင်း၊ တစ်ဝန်တာတော့ အေးသွားပြန်ပြီ မိန်းကလေးရေ့"
"ကဲ မိုးချုပ်နေမယ်။ ပြန်နှင့်ကြ"
ကိုဆေးရိုးက ငန်းပြားကို တဲရှေ့တါင် စိုက်ထောင်ပစ်ခဲ့ပြီး မီးဖိုရှိရာသို့ ငုံ့ဝင်လာသည်။ အပြင်မှာမူ မိုးကလည်း အော်၍ ရွာသွန်းလာ၏။ မိုးဖွဲကလေးများမှာ တဲအတွင်းသို့ စွေစောင်းပက်ဖျန်းပေးနေသည်။ နံနက်ခင်း က မည်းမှောင်အုံ့ဆိုင်းကာ မစဲတမ်း ထန်သည်းနေခဲ့သောမိုးမှာ ချက်ချင်းပင် တိတ်သွား၏။ ကောင်းကင်ပြင်ကြီးတစ်ခုလုံး ကြည်လင်လာသည်။ တရွေ့ရွေ့နိမ့်ဆင်းသွားသော နေရောင်၏ ရောင်ခြည် နုနု ကလေးမှာ ရမ်းဘိုကုန်းရွာပေါ်သို့ ဖြန့်သွန်းပေးနေ၏။
"ငါးသည် တော်တို့၊ ငါးသည်"
ရွာလယ်မှ ကျယ်လောင်စွာ ဟစ်လိုက်သော ငါးသည်၏အသံမှာ ရွာကလေးအတွင်းဝယ် ဆူညံသွားသည်။

"ကဲ ဒီနားက ငါးသည်။ ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ရင်ပေါင်စာ"
ငါးရံ့ကလေး အစိတ်သားလောက်ကို ငရုတ်သီးကလေးနဲ့ ချက်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ မကျီးဒန်က တဲအ၀မှ ခေါင်းပြူ၍ အသံလာရာဘက်သို့ ခေါင်းငဲ့ကြည့်လိုက်၏။ ငါးသည်၏ အသံကို ကြားရ ၍ ကိုဆေးရိုးအတွက် ဖွယ်ဖွယ်ရာရာကလေး ချက်ထားချင်သော်လည်း ခေါင်းပြူ၍ ကြည့်ရုံသာ ကြည့်နိုင်ချေ သည်။
"မကျီးဒန် ငါးမ၀ယ်ဘူလား"

အရှေ့ပိုင်းမှ မငွေသိန်းက လမ်းပေါ်မှရပ်ပြီး မကျီးဒန်ကိုလှမ်းခေါ်၏။ ငါးကိုလိုချင်သော်လည်း ပိုက်ဆံ မရှိ သဖြင့် မျိုသိပ်ထားနေရဆဲမှာ ငွေသိန်းက လာပြီး အဖော်ညှိပြန်သည်။ အေးလေ ကြည့်ရုံကလေး ကြည့်ချေ ပါဦးမယ်ဟု စိတ်ကူးကာ ဆေးပေါ့လိပ်ကို လက်ကြားညှက်လျက် ထွက်လိုက်လာ၏။
"သုံးကျပ်ခွဲ ပဲ။ ရင်ပေါင်စာကို သုံးကျပ်က တစ်ပြားမှ မလျှော့နိုင်ဘူး၊ လိုချင်ယူ မလိုချင်နေ"
ငါးသည်၏ ပြင်းထန်မာကျောသော အော်ဟစ်သံကို ခပ်ဝေးဝေးကပင် ကြားရသည်။ ရွာ၏ ဓလေ့မှာ သည် အတိုင်းပင် ဖြစ်သည်။ တစ်နေရာတည်းသို့ စုအုံလာကြကာ ပိုက်ဆံအဆင်သင့်ပါ လျှင် ပေးပစ်ခဲ့ပြီး မပါလျှင် လည်း ငါးကို ချိန်ယူသွားကြပြီးမှ ငါးဖိုးငွေကို လာပေးလေ့ရှိ၏။ တချို့ကလည်း မကျီးဒန်လို ဘ၀တူ အိမ်ရှင်မ တွေ ထင်ပါ၏။ ရပ်၍သာ ကြည့်နေကြရသည်။ မ၀ယ်နိုင်။

"ဒါကလေးတော့ အဆစ်ထည့်ပါတော်"
မိန်းမကြီးတစ်ယောက်က ငါးသည်၏ ဗျပ်ခွက်ထဲမှ ငါးခပ်သင့်သင့် ကလေးနှစ်ကောင်ကို ကောက်ယူပြီး အဆစ်တောင်း လိုက်ရာ
"မပေးဘူး မပေးဘူး"
"ဒါကလေးတော့ ပေးပါတော်"
"မပေးဘူး မလိုချင်ရင်ထားခဲ့"
ငါးဝယ်သူ မိန်းမကလည်း မပေးနိုင်ဘူးဆိုသည့်ကြားထဲမှပင် ငါးနှစ်ကောင်ကို သူ့တောင်းကလေးထဲသို့ ဇွတ်အတင်း ထည့်လိုက်၏။
"မရဘူး၊ မရဘူး ပြန်ထည့်"
"ဒါလေး တော့ ပေးပါညီမရယ်"

မပေးနိုင်ဘူးဆိုကာမှ ချွဲနေသောကြောင့် ငါးသည်က ငါးဝယ်၏တောင်းထဲမှ ငါးနှစ်ကောင်ကို အတင်းလုယူပြီး ဗျပ်ခွက်ထဲသို့ ပြန်ထည့်လိုက်၏။ ငါးဝယ်က "တစ်ကောင်တော့ ပေးပါညီမရယ်"ဟု ပြောကာ တစ်ကောင် နှိုက်ယူပြနသည်။ "မပေးဘူး မပေးဘူး" ဟုဆိုကာ ငါးသည်က ပြန်လုနေစဉ်
"ငါးရံ့ က ဘယ်ဈေးလည်း"
"ငါးခူကကော"
"ဆန်နဲ့မရောင်းဘူးလား"ဟူသော အမေးများနှင့် ၀ိုင်းဝိုင်းလည်လာပြန်သောကြောင့် ငါးသည်မက
"ကဲ တော့ကို မရောင်းတော့ဘူး"
ငါးထည့်ထားသော တောင်းကလေးထဲမှ ငါးများကို ဗျပ်ခွက်ထဲသို့ သွန်ချလိုက်ပြီး တောင်းကို ပြန်ပေး လိုက်သည်။
"ငါးရံ့ ငါးကျပ်၊ ငါးခူ ငါးကျပ်မတ်တင်း၊ ငါးသန်းနု လေးကျပ်"

ချိန်ခွင်ကို လက်တစ်ဖက်က မြှောက်ရင်း လုံချည်စကို လက်တစ်ဖက်က ဒူးကောက်ကွေးကြားသို့ ထိုးသွင်း လိုက်၏။
"ဆန်နဲ့ကော ရောင်းသလား"
"ဘာဆန်လဲ"
"ဆံရွှေဒွန်းပေါင်"(ငစိန်နှင့်တူသော ဆန်တစ်မျိုး)
"ယူခဲ့လေ၊ တော့်ဥစ္စာ ဒါလောက်ရွေးနေလို့ ဘယ်ဖြစ်ပါ့မလဲ။ တော်ရုံသဖြင့် ရွေးရင် ခံနိုင်သေးတယ် အခု တော့ တရားလွန်နေပြီ"
ငါးသည်က တစ်ဖက်သို့ လှည့်ပြောလိုက်ရပြန်သည်။
ဆန်နဲ့ လဲ ရောင်းသည်ဆိုသော စကားကြောင့် မကျီးဒန်၏ မျိုသိပ်ထားရသော ဆန္ဒမှာ ပွင့်ပေါက်သွား၏။ မငွေသိန်းနှင့်အတူ ဗျပ်ခွက်နားသို့ တိုးကာ ခပ်လတ်လတ် ငါးရံ့တစ်ကောင်ကို ရွေးယူလိုက်ပြီး ချိန်ခွင် ထဲသို့ ထိုးထည့်ပေးလိုက်၏။

"သုံးဆယ့်နှစ်ကျပ်ခွဲယုတ်သားရှိတယ်။ အစိတ်သားဖိုးပဲထား"
မကျီးဒန်က ငါးကို ဖက်ကလေးနှင့်ထုပ်ပြီး အိမ်ပြန်လာခဲ့သည်။ ငါးလိုချင်သည့် ဆန္ဒကတော့ ပြည့်လေပြီ။ ဆန်အိုးထဲ မှာ တမြန်နေ့တုန်းကတော့ တစ်စိတ်လောက်ရှိသေးတာပဲ ဟူသော မှတ်ဥာဏ်ကောင်း က လည်း ဦးနှောက် ၏ တစ်နေရာမှာ ခုန်ပျံအန်ကျလာသောကြောင့် နက်ဖြန်ခါမှပဲ ချေးငှားချက်တန် ချက်မယ် ဟူ၍ ဆုံးဖြတ်လိုက်သည်။
"မိန်းကလေးရေ၊ ဟောဒီမှာ ငါးဝယ်ခဲ့တယ်"
မီးဖိုအနီး တွင်ထိုက်လျက် ထမင်းအိုးတည်နေသော သမီးအား ငါးထုပ်ကို လှမ်းပေးပြီး ဆန်အိုးဘက်သို့ လျှောက်သွားကာ ဆန်အိုးကို ဖွင့်လိုက်၏။

"ဟင်"
ဆန်တစ်စေ့မျှ မရှိ။
"မိန်းကလေး"
"တော်"
"ဆန်ကလည်း ကုန်လွယ်လှချည့်လား"
"စောစောကပဲ ဒေါ်ကြီးအုန်းက နှစ်ပြည်ချေးသွားတယ်"
ဆန်က မကျီးဒန်၏ တွက်ကိန်းနှင့် ညီတော့ညီပါ၏။ သို့ရာတွင် ချေးသူငှားသူပေါ်လာ သောကြောင့် မရှိ ဖြစ်နေရသည်။ ပိုက်ဆံကလည်း ငါးမူးသာရှိ၏။ တဘက်ကလေးကို ခေါင်းပေါ်တင်ပြီး ရွာတောင်ပိုင်းသို့ လျှောက် ခဲ့သည်။ ငါးသည်ထံတွင် ငါးဝယ်များက အုံနေမြဲရှိသေး၏။ မကျီးဒန်က သည်လူစုကို ဖြတ်ကျော် ပြီး တောင်ပိုင်းသို့ ခြေကုန်သုတ်နေသည်။

"စိန်ရင်ရေ၊ ဆန်နှစ်ပြည်လောက် ချေးစမ်းပါဟယ်။ သန်ဘက်ခါနေ့လယ်ကို ပြန်ပေးပါ့မယ်"
"မရှိပါဘူး မကျီးဒန်ရယ်၊ ညစာတောင်မှ မမြတို့ဆီက ချေးရတယ်"
ရွာ၏ တောင်ဖျားဆုံးအိမ်မှာ စိန်ရင်တို့အိမ်ဖြစ်သည်။ မကျီးဒန်မှာ အိမ်တန်းများကို ကြည့်ကာ ဖြတ် လျှောက် လာပြီး
"အင်း သူတို့အိမ်လည်း ရှိမှာမဟုတ်ပါဘူးလေ"
နောက် တစ်အိမ်ကျော်လိုက်ပြန်၏။

"မယ်မှုံတို့ကလည်း ဆန်ကွဲတောင်မှ အလျဉ်မီအောင် စားနိုင်ကြတာမှ မဟုတ်ပါဘူး"
နောက်တစ်အိမ် ကျော်လိုက်ပြန်၏။
"အစ်မ၀ိုင်းရေ၊ ဆန်နှစ်ပြည်လောက် ချေးစမ်းပါတော်။ သန်ဘက်ခါ နေ့လယ်ကျရင် ဆက်ဆက် ပြန်ပေး ပါ့မယ်"
ဒေါ်ဝိုင်းမှာ ကိုယ်ပိုင်လယ်ကလေး ဆယ်ဧကခန့်ရှိသည့် စားနိုင်သောက်နိုင် လူတန်းစားဖြစ်သည်။ မြို့မှ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်၊ ဆီ၊ ဆားများကိုလည်း တစ်ဆင့်တင်၍ ရောင်းချသည်။

"တို့က ဗျပ်ဆန်စားတာအေရဲ့၊ ညည်းတို့က ဗျပ်ဆန်စားလို့လား"
မကျီးဒန်မှာ ငိုင်ကျသွား၏။ တစ်ရွာလုံးမှာ သည်တစ်အိမ်သာလျှင် အားထားစရာရှိ၏။ သည်အိမ် ကျပြန်တော့လည်း အဆင်မပြေမှုနှင့် တိုးနေရပြန်လေပြီ။ ဟယ်တတ်နိုင်ပါဘူး။ နောင်ခါမှ ရောက်ရားပေါ့။
"ဒါဖြင့်လည်း ရောင်းပါ့လားအမ၀ိုင်းရယ်"

"ဟင့်အင်း၊ စားတဲ့ အထဲက မရောင်းပါဘူးအေ။ ဒီ့ပြင်ဟာတွေ ရောင်းပေမဲ့ ဆန်ကို မရောင်းတာ ကြည့်ပါ့လား။ တော်တော်ကြာပြီ။ တောင်းက မကိုက်ပြန်ဘူး၊ နို့ဆီဘူးက ပိန်သလေးနဲ့ စကားများ လွန်းလို့"
"မများပါဘူးတော်။ ရောင်းပါ၊ ရှိခိုးပါရဲ့"
"ဟယ်မရောင်းပါဘူးဆိုနေ"
ကိုယ့်ထက်ချောင်လည်သူကို ကျပ်တည်းသူက ကြောက်ရသော တောဓလေ့မို့ မကျီးဒန်မှာ အသာကလေး လှည့်ထွက် ခဲ့ရှာသည်။ နောက်တစ်အိမ် မှာလည်း ရှိတော့ရှိပါ၏။ တစ်ပြည်ပင်မပြည်သောကြောင့် မယူခဲ့နိုင်။ အနည်းဆုံး ဆန်တစ်ပြည်ရှိလျှင် နတ်ကိုးထားသော ပိုက်ဆံငါးမူးနှင့် ဖက်ပေးရလျှင်ဖြစ်၏ ယခုမူ ဆန်တစ်ပြည် ပြည့်အောင်မရှိသော အိမ်နှင့် လုံးဝမရှိသော အိမ်များကိုသာ တိုးနေရ၏။
"ကဲ ငါးဖိုးနော်၊ ငါးဖိုး။ ငါးဖိုးကလေးများ ပေးလှည့်ကြပါဦးတော်တို့"
ငါးသည်အနားမှ တစ်ဖန်ထပ်လျှောက်သောအခါတွင် ငါးသည်၏အပါးတွင် လူမရှိတော့ပြီ။ ငါးသည်ကသာ ကျန်နေသေးသော ငါးဖိုးများကို လာရောက်ပေးဆပ်လှည့်ကြရန် အော်ဟစ်နေခြင်း ဖြစ်သည်။ အစဉ်အလာ ကလည်း ဒီလိုအော်တောင်းမှ ကပျာကယာပြေးထွက်လာတတ်ကြ၏။

မကျီးဒန်မှာ တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့် ဒူးဆတ်ခေါက်လိုက်နေပြီးသော်လည်း ဆန်တစ်ပြည်ပင် ချေးငှား၍ မရချေ။ မော၍လည်းလာသည်။ စိတ်အားငယ်ဝမ်းနည်းခြင်းကပါ ရောမွှေလာပြန်သဖြင့် ကတုန် ကယင်ကြီး ဖြစ်လာ၏။ စိတ်ကိုချိုးနှိမ်၍ အိမ်ဘက်သို့ ဦးလှည့်မိသည်။
"ဟယ် ဒါလောက် မရှိ လှတာကို မစားတော့ပါဘူး။ သူလည်း မစားရနေပါစေတော့၊ ပြန်ပေးပါတော့မယ်"
မကျီးဒန် မှာ တဲအတွင်းသို့ ရှေးရှုလိုက်ရာမှ မွှေးကြိုင်သော ငါးဟင်းနံ့က ပျံ့ထုံလှစွာ ဆီးကြိုလိုက်လေ၏။ ဟင်းချက်ပြီး နေပြီဖြစ်သဖြင့် ဘာမျှမတတ်နိုင်တော့ပါ။ အိပ်ရာကွပ်ပျစ် ဘေးတွင် ရပ်လျက် ဘုရားစင်ကို မော့ကြည့် မိသည်။

"သူများရဲ့ကြွေး ငါးမတ်ကို အခု မှောင်ကြီးမှောင်တဲ့အထိ လာမပေးကြသေးဘူးလားဟင်။ နင်တို့ လင်စာသားစာ အတွက် သံသရာကို ယူသွားကြတော့မလို့လား"
ငါးဖိုးကို စုံစေ့အောင် လာမပေးကြသောကြောင့် ငါးသည်၏ ရန်ထောင်သံသည် မကျီးဒန်၏ နားတွင်းသို့ ပြေးဝင် လာ၏။
"မသထာရေစာ ကို လိမ်လည်လှည့်ဖြားပြီး ငါမသိအောင် ခိုးသွားကြတဲ့ဟာတွေ။ ဆို့ကြဟဲ့။ အပင်း အတောင့် ကြီး ဆို့ကြ။ ငါ့မှာဆုံးရှုံးကြသလို နင်တို့မှာ မဆုံးရှုံးကြပါစေနဲ့" ဟူသော စကားကလည်း 'ကုန်းကောက် စရာ မရှိအောင် မွဲကြပါစေ' ဟု မဆိုသော်လည်း မကျီးဒန် အား လက်ညှိုးထိုး၍ ကျန်ဆဲ နေသည် နှင့် တူညီလှသည်။

"စားကြဟဲ့၊ စားကြဟဲ့။ ငါ့ရဲ့မသထာရေစာကိုစားပြီး နင်တို့မှာ ၀၀ဖီးဖီး ကြီးဖြစ်လာပါလိမ့် မယ်။ သံသရာ ကျ မှ နင်တို့ပါးကို နင်းဆုပ်ပြီး ခိုင်းလိုက်မဟဲ့"
"ဒီငါးကို စားချင်မိလို့ ဒီလိုအကျန်ဆဲခံရတယ်။ သူ့ငါးကို ချက်ချင်းပြန်ပေးလိုက်မိရင် အကောင်းသား။ ဟယ် ဆဲတော့၊ ဆဲတော့"
ပြန်ပေး၍ မဖြစ်သောကြောင့် ပြန်မပေးနိုင်သော်လည်း ငါးသည်၏ ဆဲဆိုသံကို မကြားရခင် ကတည်းက စိတ်မကောင်းမိ။ ယခုမူ ဆဲသံ ကျန်သံ မျိုးစုံတို့သည် လှံဖျားအသွင်ဖြင့် မျိုးစုံတို့သည် လှံဖျားအသွင်ဖြင့် မကျီးဒန် ၏ အသည်းစပ်သို့ ထိုးမွှေနေလေပြီ။

"စားကြဟဲ့။ သွေးစိမ်းသွေးနက် ပွက်ပွက်အန်ပြီးသေပါစေ၊ မြွေပွေးမြွေဟောက်ကိုက်လို့ သေပါစေတော်"
မကျီးဒန်မှာ မကြားဝံ့တော့ပြီ။ နားကို ကျပ်အောင်ပိတ်ပြီး ကွပ်ပျစ်ပေါ်သို့ ပစ်လှဲချလိုက် သည်။ ထဘီစွန်တောင်ဆွဲပြီး ကုန်း၍ကုန်း၍ ရန်တွေ့နေသော ငါးသည်၏ မျက်နှာဆိုးကြီးကိုလည်း မြင်နေ၏။
"သွေးစိမ်း သွေးနက် ပွက်ပွက်အန်ပြီး သေပါစေ။ ဟင် ဟင် ငါလော်မာလို့၊ ငါလော်မာလို့"
မကျီးဒန်၏ မျက်လုံးအိမ်အတွင်းမှ မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာသည်။
'မြွေပွေးမြွေဟောက် ကိုက်ပါစေတဲ့။ ငါ့ကြောင့်၊ ငါ့ကြောင့် ငါ့သမီးကလေးကိုများ သွားပြီး ထိနေမလားဟဲ့။ ဟင် ကိုဆေရိုးလည်း ပြန်မလာသေးပါပဲလား။ ဘုရား၊ ဘုရား။ ဘုရားကိုယ်တော် မြတ်ကြီး ကယ်တော်မူ ပါဘုရား'

မကျီးဒန်၏ရင်တွင်းမှ နာကျင်ပူပြင်းသံကြီးက တိုးတိုးမျှင်းမျှင်းကလေးမျှ ထွက်ပေါ်လာ၏။ ဘယ်နံရော ကာလ မှ သည်လိုကြောက်မက်ဖွယ်ကျိန်ဆဲခြင်းမျိုးကို မခံရစေဖူးခဲ့။ ပြန်လှည့်၍ တွေးလေလေ ရင်ထဲမှာ နင့်၍ နင့်၍ လာရ၏။ ဘယ်တော့မျှ သည်လို မလုပ်ခဲ့ပါဘဲလျက်နှင့် ယခုမှ လုပ်မိခြင်းကိုလည်း နောင်တ ရနေ တော့သည်။
"မိန်းကလေး၊ ကျီးဒန်ကောဟဲ့"
"အိပ်နေတယ်အဖေ"
"ဟယ်အချိန်မရှိမှ အိပ်နေလို့ ဖျားနာနေတော့မှာပဲ"
ကိုဆေးရိုးက မကျီးဒန်ရှိရာ ကွပ်ပျစ်ဆီသို့ လျှောက်လာကာ
"ဟဲ့ ကျီးဒန်၊ ဟဲ့ ကျီးဒန်၊ ကျီးဒန်"
"တော်"
မကျီးဒန်၏ အသံက တိမ်ဝင်နေ၏။

"ထလေ ထမင်းစားရအောင်"
"မဆာသေးဘူးတော်၊ စားနှင့်ကြ"
သည် ငါးဟင်းကို မမြင်ချင်။ သည်ငါးဟင်းသည် မကျီးဒန်အား လက်ညှိုးထိုးပြီး ကျိန်ဆဲနေသည် ထင်ရ၏။ သည် ငါးဟင်းကိုမြင်လျှင် မကျီးဒန်မှာ အော်၍ ငိုလိုက်မိမည်ပင်ဖြစ်သည်။ စားလိုက်ရ မျိုလိုက် ရမည် ဆိုလျှင် အဆိပ်တုံးကို မျိုလိုက်ရသလို ရှိချေတော့မည်။ သို့သော် ကိုဆေးရိုးကတော့ ခေါင်း မျှပင် မဖော် နိုင်အောင် ခံတွင်းတွေ့နေရှာ၏။
"အင်း ကောင်းပါ့၊ တယ်ကောင်းပါလားဟေ့၊ ငါးဟင်းများ မစားရတာလည်း ကြာပါပြီဟာ၊ ကောင်းလိုက်တဲ့ ဖြစ်ခြင်း"

သည် အသံသည် မကျီးဒန်၏ ရင်ကို သံဖနောင့်ဖြင့် ဖိနင်းခံလိုက်ရသကဲ့သို့ စူးအောင့်နာကျင်စေသည်။ ရင်ထဲ က နင့်သွား၏။
"သူများရဲ့ ကျိန်စာဆဲစာ အပင်းလုံး ကိုမှ အရသာတွေ့ရသလား ကိုဆေးရိုးရဲ့"
မကျီးဒန် မှာ မြုံမထားနိုင်တော့ဘဲ ပွင့်အန်လာကာ ဟစ်၍ ငိုချလိုက်ရှာသည်။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.

9 comments:

ရွှေရတုမှတ်တမ်း said...

ကိုဆေးရိုးတို့ မကျီးဒန်တို့ မဖတ်ရတာကြာလို့
thank u ပဲရွှေစင်ရေ...

မဗေဒါ (၈၈) said...

အမရွေစင်

ဘယ်တုန်းက ဆင်ဖြူကျွန်း ရေးထားတဲ့ ဝတ္တုလေးလည်း.. ခေတ်စနစ်ကို ထင်ဟပ်နေ
လွန်းတာပဲနော်.. သိပ်တော်တဲ့ စာရေးဆရာပဲ.. ကြေကွဲစရာတွေ.. ဓလေ့တွေ.. ချစ်စရာကောင်းတာတွေ ကို ရေးဖွဲ့ထားတာ ပျော်စရာ ကောင်းသလို ရင်ထဲမှာလည်း နင့်သွားတာပါပဲ..။

အော် ..လူ့ဘဝတွေနော်..။

မဗေဒါ (၈၈)

Zuhra said...

သနားဖို့ ကောင်းလိုက်တာအမရယ်

Anonymous said...

ဖတ်ရတာ.. ဒီကောင်စစ်ဝန်ကိုကြည့်မရတော့ဘူး။
စိတ်ပျက်တယ်။

နီကိုလေးက အမှန်ကိုခဲခြားနာလည်ပါ့မလားပဲနော်...။
သူ့ဘ၀လဲ..သနားစရာ။


မြတ်နိုး

Anonymous said...

စိတ်ထိခိုက်စရာ။ ရေးတဲ့သူ တော်လိုက်တာနော်။
ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းကို အားကျလိုက်တာ

Anonymous said...

စိတ်ထိခိုက်စရာ။ ရေးတဲ့သူ တော်လိုက်တာနော်။
ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းကို အားကျလိုက်တာ

~ဏီလင်းညို~ said...

မကြီးရွှေစင်ရေ......

ဖတ်ရတာလေးက....သနားစရာကောင်းလိုက်တာ....။
တင်ထားပေးလို့.......ကျေးဇူးဇ်..........

ခင်မင်တဲ့
ဏီလင်းညို

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်ရတာ သောကတွေချည်းပဲနော်မမ။ ဒီလိုမျိုးဘဝတွေ အပြင်လောကမှာ အများကြီးရှိမှာပဲနော်။ စိတ်ညစ်စရာကြီး။ ရင်ထဲမှာ လေးပြီး ဆို့ကျန်ခဲ့တယ်။ ကိုဆေးရိုးတို့ မကျီးဒန်သမီးလေးတို့များ တခုခု ဖြစ်မလားလို့လဲ ပူရသေးတယ်။ အားလုံး ဒီလိုဒုက္ခမျိုးက လွတ်ငြိမ်းနိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။

Anonymous said...

ကိုဆေးရိုးတို့ မကျီးဒန်တို့ မဖတ်ရတာကြာပီ Thank you nor mama