Tuesday, June 8, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၇)

အခန်း (၁၇)

နီကိုလက်စ်အဖို့တော့ မိုးရွာပြီး နေသာသလိုဖြစ်လျက်ရှိသည်။ ထိုနေ့သည် အ၀တ်အစားလဲပြီး အခန်း ထဲမှ ထွက်ခွင့်ရသောနေ့...။ သူ့အဖေတို့နှင့်အတူ နံနက်စာစားခွင့်ရသော နေ့...။ အခန်း ထဲတွင် တယောက် တည်း နေခဲ့ရြ့ပီး အခုလို အပြင်ထွက်ခွင့်ရလာတော့လည်း ပတ်ဝန်းကျင်သည်  အသစ်အဆန်း ဖြစ်လျက် ရှိရ၏။ စိတ်လက်မပျော်မရွှင်ဖြစ်ခဲ့ရသော အချိန်များသည် ကုန်ဆုံးသွားပြီ ဟုထင်ရသည်။ သို့သော်လည်း စိတ်ထဲကတော့ စနိုးစနှောင့်ဖြစ်ဆဲ...။ သူ့အခန်းထဲမှ မထွက်ရ သည့်နေ့များ အတွင်းက တစုံ တခုများ ဖြစ်ခဲ့လေသလား...။

မည်သို့ပင်ဖြစ်စေ အခုလောလောဆယ် တွေ့နေ၇သည့် အခြေအနေကတော့ သာတော့သာယာရှိ သည်။ သူ့အဖေရော၊ ဆရာဝန်ဟေးလီးဖီးရော နှစ်ဦးစလုံးက သူ့ကို ချိုသာစွာ ဆက်ဆံလျက် ရှိ ကြ၏။ သူ့အဖေ သည် ပါရီပဲ့တင်သံဂျာနယ်ကို ဖတ်နေရာမှ သူ့အား မကြာ...မကြာ လှမ်း၍ကြည့် သည်။ ပါမောက္ခကတော့ သူ့ကို စကားအမျှင်မပြတ်အောင် ပြောလျက်ရှိ၏။ နံနက်စာ စားပြီးသော အခါ နီကိုလက်စ်သည် ရုတ်တရက် ထိုင်ရာမှမသေးပဲ သူ့အဖေ၏အမိန့်ကို စောင့်သည်။ ကောင် စစ်ဝန်သည် သူ့စာအုပ် အပေါ် မှ ကျော်၍ နီကိုလက်စ်အား လှမ်းကြည့်သည်။

    'ငါ့သား ကနေ့မနက် ဥယျာဉ်ထဲ သွားချင်ယင် သွားနိုင်တယ်' ကောင်စစ်ဝန် ၏ မျက်နှာ ဟေးလီး ဗီးဘက်သို က ချက်ချင်းပြန်လှည့်သွားသည်။ 'ကျွန်တော် ကနေ့မနက်ပိုင်း ရုံးမတက်ဘူး၊ တကယ်လို့ ခင်ဗျား မငြီးငွေ့ဘူးဆိုယင်တော့ ကျွန်တော်ရဲ့ လက်ရေးစာမူ နောက်ဆုံးပိုင်းကို ဆက်ဖတ်စေချင်တယ်'
    'မငြီးငွေ့ပါဘူးဗျာ၊ ဆက်ဖက်မှာပေါ့' လက်သုတ်ပ၀ါဖြင့် သူ့နှုတ်ခမ်းများကို သုတ်နေယင်း ဟေးလီးဗီး နှင့် သူ့အဖေတို့ အပေါ်ထပ်တက်ကြပေတော့မည်။ ထိုအချိန် သူလွတ်လပ်စွာနေနိုင် ခွင့်ရသည့်အချိန်…။ သူသည်ချက်ချင်းပင် အိမ်ရှေ့တံခါးကိုဖွင့်၍ အပြင်သို့ထွက်ခဲ့သည်။

    သန့်စင်အေးမြသော လေသည် သူ့အား ဆီးကြိုနှုတ်ဆက်သည် အပြင်လောက၌ လွတ်လပ်စွာ နေရခြင်း သည် မည်မျှကောင်းပါသနည်း။ ဂျိုစီထံချက်ချင်း သွားလို့ကတော့မဖြစ်သေး ဟု သူတွေးသည်။ သူသည် တဖြည်းဖြည်း မှန်မှန်လျှောက်ကာ ပန်းဥယျာဉ်အတွင်းသို့ ၀င်ခဲ့သည်။ ပန်းများကတော့ ဝေေ၀ဆာဆာ ဖူးပွင့်လျက် ရှိကြပေပြီ။ တနေရာရောက်သော် သူသည် ပန်းကိုင်းတကိုင်းပေါ်၌ တွားသွား နေသော ပတ်ကျိတစ်ကောင်ကိုမြင်သည်။ သူသည် ပတ်ကျိ၏ လှုပ်ရှားသွားလာပုံကို စိတ်ဝင်တစား ရပ်ကြည့် နေမိသည်။

    ထိုအခိုက်မှာပင် ထိုင်ခုံတစ်ခုကို လက်တဘက်ဖြင့် ကိုင်၍ သူ့အဖေ၏စာမူကို ချိုင်းတွင် ညှပ်ကာ အိမ်ထဲ မှ ထွက်လာသော ဒေါက်တာဟေးလီးဗီးကို မြင်လိုက်ရ၏ ပန်းရုံတခုဘေးတွင် အသင့်ချထားသည့် ပက်လက် ကုလားထိုင်တွင် ဟေးလီးဗီးဝင်ထိုင်လိုက်သောအခါ နီကိုလတ်စ် သည် အသာကလေး ခြေဖျား ထောက် ၍ မြင်းဇောင်းဘက်သို့ ထွက်လာခဲ့သည်။ မြင်းဇောင်းဘက်ဆီမှ ထွက်ပေါ်လာသော ထင်းဖြတ်သံ ကို နီကိုလတ်စ်အား ဆွဲဆောင်လျက်ရှိသည်။

    သို့သော်လည်း ထင်းဖြတ်နေသူမှာ ဂျိုစီမဟုတ်။ ဂရေစီယာ….။ ဂရေစီယာသည် ကြံခုတ် ဓားတစ်ချောင်း ဖြင့် အလုပ်ရှုပ်လျက်ရှိသည်။ နီကိုလတ်စ်သည် ဂရေစီယာကို မြင်သောအခါ လန့်သွား သည်။ စိတ်လည်းပျက်သွားသည်။ သူသည် ဂျိုစီ မကြာသေးခင်ကမှ အပြီးသတ်သွားသော ကျောက်ပန်းတောင်း ဥယျာဉ်ဆီသို့ အသာကလေး ဆက်လျှောက်လာခဲ့၏။ ထိုနေရာတွင်လည်း ဂျိုစီမရှိ။ နီကိုလတ်စ် သည် အိုလင်ဒါပန်းရုံကို ကျော်ဖြတ်ကာ ပစ္စည်းထားရာ တဲအနီးမှ ဖြတ်လျှောက်သည် တဲအတွင်း ၌ လည်း လူမရှိ။ သူသည် နောက်ပိုင်းသို့ ပြန်လျှောက်လာခဲ့သည်။ နောက်ဆုံးတွင် ဒေါက်တာ ဟေလီးဗီး ထိုင်နေသည့် ပန်းရုံဘေးသို့ ရောက်လာခဲ့လေ၏။

    ဖတ်နေသည့်စာအုပ်အပေါ်တွင် များစွာ စိတ်ဝင်စားနေဟန်ရှိသော ဟေးလီးဗီးအနီးသို့ ရုတ်တရက် ချက်ချင်း မသွားဝံ့။ အသာကလေးရပ်၍ အကဲခတ်နေသည်။ သို့သော်လည်း သူကြာရှည်ရပ်မနေနိုင်။ အရဲစွန့် ကာ အနားသို့ကပ်သြွးသည်။ ဟေးလီးဗီးက သူ့အားမော်ကြည့်သည်။ 'ဒီအနီးအနားမှာ ရေပန်း ကရားကြီး တလုံးမတွေ့မိဘူးလား…ခင်ဗျာ'
    'မတွေ့ဘူးကွ'ဟု ဟေးလီးဗီးက လိုလိုချင်ချင်ဖြသည်။ 'မင်းရှာမတွေ့လို့လား'ဟု ပြန်မေးသည်။
    'မတွေ့လို့၊ ပီးတူးနီးယားပန်းတွေ ညှိုးကုန်ပြီ၊ ရေလောင်းပေးဖို့လိုနေတယ်'
    'ဟုတ်လား…..၊ ဒါဆိုယင်…ထပ်ရှာကြည့်ဦးလေ၊ တွေ့ချင်တွေ့မှာပေါ့'

    'ဘယ်နေရာမှာထားမှန်း ကျွန်တော်လဲမသိဘူး၊ တကယ်လို့တွေ့လဲ ကျွန်တော်နိုင်မှာ မဟုတ်ဘူး ရေပုံးက အကြီးကြီး၊ သိပ်လေးတယ်'
    'ဒီလိုဆိုယင်တော့ ရေလောင်းဖို့ဆိုတဲ့ စိတ်ကူး မင်းခေါင်းထဲက ထုတ်ပစ်လိုက်တာက အကောင်းဆုံး ပဲကွ'
    'ဒါပေမယ့် ပီတူးနီးယားပန်းတွေ သေကုန်လိမ့်မယ်၊ တစ်ယောက်ယောက်ကို ရေလောင်းခိုင်းယင် ကောင်းမယ်'
    'မသေပါဘူးကွာ၊ စိတ်မပူပါနဲ့၊ မင်းပန်းတွေရှင်မှာပါ'

    နီကိုလတ်စ်ဘာပြောရမှန်းမသိ။ စိတ်ရှုပ်ဟန်ဖြင့် ဟေးလီးဗီးအား ကြည့်နေသည်။ ပါမောက္ခ ဟေးလီးဗီး ကတော့ ဘာမှတန်ဖိုးမရှိသည့် သူ့လက်ထဲက စာမူကိုပြန်ဖတ်ကြည့် နေသည်။ ပြီးတော့မော့မကြည့်ပဲ ဆက်ပြော သည်။

    'မင်းဆက်လျှောက်ဦးမှာမဟုတ်လား၊ ဆက်လျှောက်လေကွာ၊ ကနေ့ညပိုင်းကျမှ မင်းနဲ့စကားပြောမယ်၊ အခုတော့ မပြောနိုင်သေးဘူး၊ ငါ့ကိုမနှောင့်ယှက်တော့နဲ့'
    နီကိုလတ်စ်သည် ဟေးလီးဗီး အပါးမှ ခွာလာခဲ့သည်။ သူ့ခြေထောက်များသည် အိမ်နောက်ဖေး မီးဖိုချောင် ဘက်သို့ ဦးတည်နေသည်။ သူ့ခေါင်းထဲသို့ မက်ဂ်ဒါးလီးနားအကြောင်း ၀င်လာသည်။ မနေ့က သူမြင်တွေ့ခဲ့ရသည့် မက်ဂ်ဒါးလီးနား၏ အပြောအဆိုနှင့်အပြုအမူများ အံသြဖွယ်ကောင်းလှ၏။ မက်ဂ်ဒါး လီးနား မှ ဟုတ်ရဲ့လားဟုပင် စိတ်ထဲက သံသယဖြစ်ခဲ့မိ၏။ အခုသူဒီဘတ်ရောက်လျှင် မက်ဂ်ဒါးလီးနားနှင့် ဆုံမိ တော့မည်။ မည်သို့ပင် ဖြစ်စေခဲ့ကာမူ မက်ဂ်ဒါးလီးနားသည် သူ့အပေါ် အခင်မင်ပျက်ဦးမည်မဟုတ်။

    သူတွက်သွားသည့်အတိုင်းပင် မက်ဂ်ဒါးလီးနားသည် မီးဖိုချောင်အထွက် တံခါးဝ လှေကားခုံတွင် ထိုင်၍ ကြက်တကောင်ကို ပေါင်ပေါ်တင်ကာ အမွေးနုတ်လျက် ရှိလေသည်။ သူ့နောက်ဘက်မီးဖိုပေါ်တွင်မူ အိုးတလုံး ပွက်ပွက်ဆူလျက်ရှိ၏။ နီကိုလတ်စ်သည် သူ့အင်္ကျီအိတ်များတွင် လက်နှိုက်ထား၍ ရပ်ကာ မက်ဂ်ဒါး လီးနားအားကြည့်နေသည်။ မက်ဂ်ဂါးဒါးလီးနား ကြက်မွေးနှုတ်ပုံမှာ ဇိုးဇိုးဇတ်ဇတ် နိုင်လှ၏ လုပ်ကိုင် နေပုံမှာ စိတ်မရှည်သည့် ပုံ…။ မျက်နှာကလည်း အောက်သိုးသိုး စူတူတူ…။ မက်ဂ်ဒါလီးနား စိတ်တို နေမှန်းချက်ချင်း ရိပ်မိသည်။ နီကိုလတ်စ်က ချော့မော့သော လေသံဖြင့် လှမ်းမေးသည်။

    'မက်ဂ်ဒါးလီးနား….၊ ဂျိုစီဘယ်ရောက်နေလဲ'
    မက်ဂ်ဒါလီးနားက ခေါင်းကို ခပ်ကြမ်းကြမ်းယမ်းခါပြီး လက်ထဲမှကြက်သေကို လက်ဝါးတဘက်ဖြင့် တအား ပုတ်လိုက်သည်။
    'သွား….သွား….၊ ငါဘာမှမသိဘူး၊ ဘာမှလဲ မသိချင်ဘူး ငါ့မှာမနက်ရော၊ နေ့လည်ရော၊ ညရော လုပ်စရာ အလုပ်တွေ အများကြီး ရှိနေတယ်၊ ငါလူအားမဟုတ်ဘူး၊ ကျွန်မကြီးတစ်ယောက်လို အလုပ် လုပ်နေ ရတဲ့လူ….၊ သိလား၊ ငါပြောတာကြားရဲ့လား၊ သွား၊ သွား၊ ငါ့ဆီမလာနဲ့'

    နီကိုလတ်စ်သည် ထိပ်လန့်တကြားဖြစ်ကာ ပြန်လှည့်လာသည်။ သူသည် ထိကရုံး ချုံးကြီးနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။ တစ်ဘက်တွင် အိမ်ဝင်းခြံ၏ နံရံသဖွယ်ဖြစ်သော ကျောက်ဆောင် ကြီှးရှိရာသို့ ရောက်လာသည်။ သူသည် ကျောက်ဆောင်ပေါ် တက်၍ထိုင်ကာ ပင်လယ်ဘက်သို့ စိတ်ပျက် လက်ပျက်ဖြင့် ငေးကြည့်နေသည်။ ပင်လယ်ပြင်ဘက်တွင် ဘာမှမရှိ။ ဘာဆိုဘာမှမရှိ။ ဂျိုစီ ဘယ်ရောက် နေသနည်း။ သူ့အမေကများ ကိစ္စတခုရှိ၍ အပြင်သိ့ခိုင်းလိုက်လေသလား။ ဘာပဲဖြစ်ဖြစ် နေ့ခင်းပိုင်း ကျလျှင်တော့ ဂျိုစီပြန်ရောက်လာမည်ထင်၏။

    စီးကရက်မီးခိုးများကို မြင်လိုက်ရသဖြင့် နောက်သို့ လှည့်၍ကြည့်လိုက်မိ၏။ အားလွန်ပြီး ကျောက်တုံး ပေါ်မှ ကျသွားတော့မည့်နှယ် ဖြစ်သွးသည်။ သူ့နောက်တွင် ရောက်နေသူမှာ ဂရေစီယာ…..။ ဂရေစီယာ သည် မြင်းဇောင်းဘက်မှ ထွက်လာခြင်းဖြစ်၏ သူစီးထားသည့် ဖိနပ်က ညှပ်ဖိနပ်မို့ သူ့ခြေသံကို နီကိုလတ်စ် မကြားရခြင်းစြဖ်သည်။ ဂရေစီယာသည် နီကိုလတ်စ်ဘေး၌ လာရပ်ပြီး ပင်လယ်ပြင်ဘက်သို့ လှမ်းမျှော် ကြည့်သည်။ ၀ါထိန်နေသော သူ့လက်ညှိုးနှင့် လက်ခလယ်ကြားမှ စီးကရက်မီး သည် တငွေ့ ငွေ့…..။
    'ပင်လယ်ကြီးကိုကြည့်စမ်း'ဟု သူကစကားစသည်။ 'မကြီးကျယ်၊ မခန့်ညားဘူးလား၊ ဧရာမ သတ္တ၀ါကြီး တကောင် လဲလျောင်းနေတဲ့အတိုင်းပဲ လှိုင်းလုံးကြီးတွေကတော့ လျှာကြီးနဲ့ တူတယ်'

    တုန်လှုပ်ချောက်ချားလျက်ရှိသော နီကိုလတ်စ်သည် စကားပြန်မပြောဝံ့။ သူသည် ကျောက်တုံးပေါ်တွင် ငြိမ်ကုပ်ပြီး ထိုင်နေသည်။ သို့သော်လည်း ဂရေစီယာ၏ စိတ်ကြည်လင်ရွှင် လန်းနေမှန်းသူ အကဲခတ် မိသည်။ တစုံတခုသော အကြောင်းကြောင့် သူ့စိတ်ပျော့ပျောင်းနေဟန် တူ၏ ပီတိဖြစ်နေပုံလည်းရ၏။ သူ့မျက်လုံး အစုံသည် ရီဝေလျက်ရှိသည်။ သူသည် စီးကရက်ကို အားရပါးရဖွာလိုက်လေသည်။

    'လူတွေနဲ့ဝေးရာကို သွားနေရတာအကောင်းဆုံးပဲကွ သိလား၊ လူတွေဟာ အလကားပဲ၊ ဘာမှ အသုံးကျတဲ့သတ္တ၀ါတွေ မဟုတ်ဘူး၊ အလွန်ရယ်စရာကောင်းတဲ့ သတ္တ၀ါတွေ….၊ ငါပင်လယ်အကြောင်း ကောင်းကောင်းသိတယ်၊ ငါဟာ ကမ္ဘာ သမုဒ္ဒရာတွေထဲမှာ သဘောင်္နဲ့ ခရီးသွားခဲ့ဖူးတယ် ၊ ငါဆာဂိတ်ဆိုး ဘက်ကိုလဲ ရောက်ခဲ့ဖူးတယ်၊ ဘယ်ကိုပဲ ကြည့်….ကြည့်၊ စိမ်းစိုနေတဲ့ ပေါင်းပင်တွေချည်းပဲ၊ ရေမျက်နှာပြင် အောက်မှာ တပင်ကို တပင်တွယ်ပတ်ပြီး ပေါက်နေကြတာကွ၊ အော်တိုပတ် ရေသူရဲရဲ့ လက်ချောင်း တွေနဲ့တူတာပဲ' သူသည်လက်မှ စီးကရက်တိုကို လွင့်ပစ်လိုက်သည်။ ထို့နောက် သူ့အိပ်ကပ်မှ ဆေးအိတ် ကို ထုတ်ကာဇစ်ကြိုးကို ပါးစပ်နှင့်ကိုက်၍ ဖွင့်လိုက်ပြီး နောက်ထပ် အသစ်တလိပ်ထပ်လိပ်နေသည။်

    'ကျွန်တော်က ခင်ဗျားကို စစ်သားလုပ်ခဲ့ဖူးတယ်လို့ ထင်ခဲ့တာ'ဟု နီကိုလတ်စ်က မ၀ံမရဲ လေသံဖြင့် ပြောသည။်
    'ဟား……ငါဆိုတယ့်အကောင်ဟာ အကုန်ဖြစ်ခဲ့ဖူးတာပဲ၊ သဘောင်္သားလည်းဖြစ်ခဲ့သေး တယ်၊ ရှန်ဟဲ မှာပေါ့ကွာ နှစ်နှစ်လောက်ကြာခဲ့တယ်၊ မင်းငါပြော မယုံဘူးလားကွ…ဟင်'
    သူသည်ပြောပြောဆိုဆို ရင်ဘတ်ကြယ်သီးများ ဖြုတ်၍ ဟထားသော ရှပ်အင်္ကျီကို လက်တဘက်ဖြင့် ဆွဲလှန်ပြီး သူ့ကျောပြင်ကို နီကိုလတ်စ်ဘက်သို့ လှည့်ပြသည်။ ကျော်ပြင်တွင် ဖြူဖွေးသော အမာရွတ် များသည် အစင်းလိုက်တန်းလျက်ရှိလေသည်။

    'ကဲ….အခုလို ကြိမ်နဲ့ အရိုက်ခံထားရတဲ့ ငါ့ကျောပေါ်က ဒဏ်ရာတွေကို မင်းအခုမြင်ပြီမဟုတ်လား၊ ရိုက်တာမှပေါ့သေးသေးရိုက်တာမဟုတ်ဘူး၊ ကျောပေါ်မှ သွေးချောင်း စီးနေအောင်ရိုက်တာ၊ အဲဒီ ဟာကော ရာဇ၀တ်မှုပဲမဟုတ်လား၊ ဒါပေမယ့် ဒီကောင်တွေ ငါ့ကို ဒူးထောက်အရှုံးပေးအောင် မလုပ်နိုင် ခဲ့ပါဘူးကွာ၊ ဘယ်တော့မှမရဘူးမှတ်ပါ၊ သူတို့ပေါင်မုန့်နဲ့ ရေလာပို့တဲ့အခါမှာ ငါက ခပ်တည်တည်ပဲ ရွှေပလ္လင်ကြီးပေါ်မှာ ဘုရင်တပါးထိုင်နေသလို ငါ့အချုပ်ခန်းမှာ ဣနြေ္ဒမပျက် ထိုင်လိုက်တယ်။"

    'အချုပ်ခန်း ဟုတ်လား'ဟု နီကိုလတ်စ်က ရေတွက်သည်။ ဤစကားကြောင့် သူ့မှာ ကြောက်စိတ်လည်း ၀င်သည်။ စိတ်ဝင်စားမှုလည်း တိုးလာသည်။ 'ခင်ဗျား ထောင်ကျခဲ့လို့လား'
    ဂရေစီယာ ငြိမ်သွားသည်။ သူသည် မတုန်မလှုပ်ကျောက်ရုပ် တရုပ်သဖွယ် တောင့်တောင့်ကြီး ရပ်ကာ နီကိုးလတ်စ်အား ကြည့်နေသည်။ သူ့မျက်နှာထားသည် တင်းမာလျက်ရှိ၏။ ခြစ်ပြီးစ မီးခြစ်ဆံသည် တရဲရဲ တောက်လောင်လျက်ရှိသည်။ သူ့လက်ချောင်းများသည် ပူ၍ ပူမှန်းသိဟန်မတူ
    'ငါ့ ကိုယ်ရေးကိုယ်တာ ကိစ္စမှာ မင်းကမဆိုင်ဘဲ ၀င်ရှုပ်ချင်နေသလား မရှုပ်ချင်နဲ့ကွ'ဟု ကြိမ်းဝါးသည်။ ထို့နောက် စီးကရက်မီးညှိပြီး ဟက်ဟက်ပက်ပက် ရယ်ချလိုက်သည်။ 'ထောင်...ထောင်...၊ ဟေ့... ဒီမှာ ထောင်ထဲ မှာ နေထိုင်ရတာ ကောင်းတယ်လို့ မင်းထင်သလား'

    'ဟင့်အင်း...မထင်ပါဘူး'
    'မထင်...ဘူး' ဂရေစီယာက ရယ်ပြန်သည်။ 'နောက်ဆုံးကျတော့လဲ မင်းအမှန်ကို မြင်တတ်သားပဲ ကွ၊ ငါတို့စပိန်ထောင်တွေအကြောင်း မင်းသိသလား၊ နံရံတွေဟာ အမြဲအစိုပြန်နေတယ်၊ အမြဲ ညစ်ပတ် နံစော်နေတာပဲ၊ ပိုးဟပ်ကြီးတွေ များကွာ တကောင်တကောင် မြေကြွက်ကြီးတွေလောက် ရှိတယ်၊ ညပိုင်း လူတွေ အိပ်နေပြီဆိုယင် ကိုယ်ပေါ်မှာ အနှံ့လျှောက်သွားနေတာပဲ၊ အခန်းထဲမှာဆိုယင် ပုပ်ဟောင် နေတာပဲ၊ ဘယ်ကမှာလဲ အလင်းရောင်မ၀င်ဘူး၊ အမှောင်တခုတည်းနဲ့ပဲ တဖြည်းဖြည်း ပိန်ခြောက်ပြီး သေသွား နိုင်တယ်၊ အပြင်က ကာထားတဲ့အုတ်နံရံကြီးတွေကလဲ အမြင့်ကြီးပဲ၊ အဲဒီအပေါ်မှာ ရိုင်ဖယ် သေနတ်ကြီး တွေ တကားကားနဲ့ ရပ်နေတဲ့ အစောင့်တွေကလဲ အများကြီးပဲ၊ အို...ကွာ၊ ဟောဟို မိုးကောင်းကင် ကြီးနဲ့ ထိတွေ့  သွားမှာစိုးလို့၊ ဟန့်တားစောင့်ရှောက်ထားသလိုပဲ၊ မင်းကိုမင်း ထောင်ကျ အောင် များတော့ မလုပ်လိုက်နဲ့ သခင်လေး...ရေ၊ ငါလို လူလည်ကျအောင် နေနိုင်ရမယ်၊ ငါဆိုယင် အပြင် မှာပဲ နေလို့ရအောင် လုပ်ပြီးနေတယ်၊ သိလား'

    'ကျွန်တော်လဲ ခင်ဗျားနေသလိုပဲ နေမှာပေါ့'ဟု နီကိုလတ်စ်က သူ့အကြိုက်လိုက်ပြောသည်။  ဒီလောက် ဆိုးတဲ့ နေရာမျိုးကို သွားချင်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ပါဘူးဗျာ'
    'ဟီး...ဟီး...ဟီး...' ဂရေစီယာက အသံတမျိုးဖြင့်ရယ်သည်။ 'သခင်လေးက တော်သားပဲ၊ သခင်လေး ပြောတာ သိပ်မှန်တာပေါ့ဗျာ၊ ဒါပေမယ့် တခါတရံကျတော့လဲ ထောင်ကိုသွားစရာအကြောင်းက ပေါ်လာ တတ်တယ်၊ အဲဒါဆိုယင်တော့ ရဲရောက်လာပြီး လက်ထိတ်ကြီးနဲ့ခတ်၊ လူကို တရွတ်သီ ဆွဲခေါ် သွားရော....' သူသည် ဆက်ပြောတော့မလိုလိုနှင့် ဆက်မပြောဘဲ ရပ်ထားသည်။ ပြီးမှ ခပ်တိုးတိုး ပြောသည်။ 'မနေ့က ဖြစ်သလိုမျိုးပေါ့'
    'မနေ့က...'နီကိုလတ်စ်က တအံ့တသြရေရွတ်သည်။

    'မင်း....မသိဘူးလား' အခုကျတော့ ဂရေစီယာသည် ရယ်မောခြင်း မပြုတော့ပေ။ မျက်နှာထား ခပ်တည် တည်။ နီကိုလတ်စ်အား ကြည့်နေပုံမှာ ပြောင်သလို လှောင်သလို လူမဆန်သောအကြည့်....။ 'ဂျိုစီ ကို မနေ့က ဖမ်းသွားပြီကွ၊ မင်းအဖေရဲ့ ပစ္စည်းတွေ ခိုးလို့'
    နီကိုလတ်စ် တကိုယ်လုံး တုန်သွားသည်။ အံ့အားသင့်လွန်းသဖြင့် နောက်သို့ လန်လဲလုမတတ်ဖြစ် သွးသည်။ သူသည် ကျောက်တုံးပေါ်မှ ခုန်ချလိုက်သည်။
    'မဖြစ်နိုင်ဘူး....' ဟု ပြောသည်။

    'အမှန်ပဲကွ'ဟု ဂရေစီယာက အခုင်အမာထပ်ပြောသည်။ 'အခုသူ ထောင်ထဲရောက်နေပြီ၊ အနည်းဆုံး ထောင်ငါးနှစ် တော့ အချခံရမှာ သေချာတယ်၊ မင်းဂျိုစီက သူခိုးတယောက်ကွ' ဂရေစီယာက ရင်ကို ကော့ လိုက်သည်။ 'ဂရေစီယာရဲ့လမ်းမှာ လာပြီးရပ်လို့မရဘူးသိလား၊ ငါ့လမ်းကို လာပိတ်တဲ့ လူမိုက် ပဲ၊ ဂလေစီယာကတော့ ဒီလူမိုက်ကို ရှင်းပစ်ရမှာပဲ'

    ဂရေစီယာသည် ခပ်တောင့်တာင့် မတ်တတ် ရပ်ကာ ကောင်းကင်ကို မော့်ကြည့်သည်။ ထို့နောက် စကားတစ်ခွန်းမှ ထပ်မပြောဘဲ နီကိုလတ်စ်၏ မျက်နှာကို ခပ်စိမ်းစိမ်းကြည့်သည်။ သူအကြည့်တွင် ခြိမ်းခြောက်မှု အပြည့်ပါသည်။ ထို့နောက်တော့ နီကိုလတ်စ်ကို ကျောပေးကာ ထွက်သွားသည်။

    နီကိုလတ်စ်သည် သူရပ်နေသောနေရာမှ ရွေ့လျားခြင်းမရှိ။ ကျောက်ချထားသည့်နှယ် ရပ်လျက်ရှိသည်။ သူ့နှလုံးသား သည် နာကျင်သော ဝေဒနာတရပ်ကို ခံစားနေရသည်။ အခုလိုဆိုတော့... ရှင်းနေသည်။ သူ့ အဖေက သူ့ကို ကြည်ကြည်သာသာ ဆက်ဆံသည်။ လိုက်လျောသည်။ အခွင့်အရေးပေးသည်။ ပါမောက္ခ ဒေါက်တာ ဟေးလီးဗီးကလည်း  သူ့ကို အလွန်ခင်မင်းရင်းနှီးစွာ ဆက်ဆံ ပြောဆိုလျက်ရှိသည်။ ပြီးတော့ ဂရေစီယာ တယောက် ရွှင်လန်းမြူးထူးလျက်ရှိသည်။

ဒါတွေအားလုံးကို ခြုံကြည်လိုက်တော့ အဖြေက ထွက်လာသည်။ ဂျိုစီထောင်ထဲရောက်နေပီ။ ဂျိုစီ သူခိုး...။ သူခိုး..ဂျိုစီ။ ဖြစ်နိုငပါမည်လော....။ သူကတော့မယုံ။ လုံးဝမဖြစ်နိုင်ဟု ထင်သည်။ သူတို့က သူ့အား သူ့ မိတ်ဆွေ ဂျိုစီအပေါ်တွင် အယုံအကြည်ကင်းမဲ့သွားအောင်၊ အခင်မင်ပျက်သွားအောင် လုပ်ကြံခြင်း ဖြစ်ပေ လိမ့်မည်။ သူ့ကို အခုလို လုပ်၍ ဘယ်တော့မှမရ။

    ခပ်လှမ်းလှမ်းမှ စကားပြောသံများ သူ့ဆီသို့ ရောက်လာသည်။ သူသည် နောက်သို့လှည့်ကာ နံရံပေါ်မှ ကျော်၍ ကြည့်သည်။ အိမ်ကြီးဘက်သို့ လျှောက်လာနေသော လူနှစ်ယောက်...။ ခပ်ဖြည်းဖြည်း ခပ်မှန်မှန် လျှောက်လာနေသော လူနှစ်ယောက်....။ နှစ်ဦးစလုံး အဘိုးကြီးတွေ ဖြစ်၏။ နှစ်ဦးလုံးအနက်ရောင်း အ၀တ် အစားများ ၀တ်ထားသည်။ စီးထားသည့် ဖိနပ်များကလည်း အရောင်အဆင်း ကင်းမဲ့ လောက်အောက် ပင် ညစ်ပတ်ပေရေလျက်ရှိသည်။ သူတို့နှစ်ယောက် ကြည့်ရသည်မှာ ကျီးကန်း အိုကြီး နှစ်ကောင် နှင့် တူလှသည်။

    အရပ်မြင့်မြင့် အဘိုးကြီး၏ လက်ထဲတွင် အရောင်လွင့်နေပြီဖြစ်သော ထီးအနက်တလက်ကိုင် ထားသည်။ သူ့ကိုယ်ပေါ်မှ ၀တ်ရုံရှည်ကြိးကို မြင်ရုံမျှဖြင့် ဘုန်းကြီးတပါးမှန်း သိသာနေ၏။ နီကိုလတ်စ် သည် အံ့အား သင့်ကာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိ၏။ ရုတ်တရက် သူသည် နံရံပေါ်သို့ ခုန်၍ တက်လိုက်သည်။ နံရံပေါ် ရောက်ခါမှပင် အဘိုးအို နှစ်ယောက်ကို ပို၍ သဲသဲကွဲကွဲ မြင်လာရသည်။ ဒုတိယ အဘိုးအိုမှာ တခြားလူမဟုတ်။ ပက်ဒရို....။ နီကိုလတ်စ်သည် နံရံပေါ်မှ ခုန်ဆင်းကာ ဥယျာဉ်ကို ပတ်၍ အဘက် ချုံဖုတ်များ နောက်ရှိ လမ်းအတိုင်း ကဆုန်ပေါက်၍ ပြေးသည်။ သူ့ကို မမြင်အောင်လည်း သတိထား ရသေးသည်။

    'ပက်ဒရို....'ဟု သူက လှမ်းခေါ်သည် 'နေကောင်းရဲ့လား ဂျိုစီကော.... ဘယ်လိုနေသလဲ၊ အဘိုး ဘာကိစ္စ နဲ့ ဒီကိုလာတာလဲ'
    အဘိုးအို ပက်ဒရိုက ၀မ်းနည်းကြေကွဲသော မျက်နှာထားဖြင့် နီကိုလတ်စ်ကို ကြည်သည်။
    'အဘိုးတို့ မင်းအဖေနဲ့ တွေ့ချင်လို့ လာတာပါ'
    'ဒါပေမယ့်.... ဘာကိစ္စလဲ၊ ကျွန်တော့်ကို အလျင်ဆုံး ပြောပြစမ်းပါ၊ အခုဂျိုစီ ဘယ်ရောက်နေလဲ'

    ဘုန်းကြီးသည် လမ်းလျှောက်ရာ၌ ပို၍ နှေးကွေးလေးလံသည်။ သူ့လက်ထဲမှ ထီးကိုအားပြုနေရသည်။ ပက်ဒရို က သူ့ကို လှမ်းကြည့်ပြီး အဖြေပေးသည်။
    'မင်းကိုပြောလို့ အလကားပဲ နီကို၊ အခြေအနေက သိပ်ဆိုးတယ်၊ ဒါပေမယ့် ပြန်ကောင်းလာပါစေလို့ အဘိုး ဘုရားသခင်ဆီမှာ ဆုတောင်းနေပါတယ်' ပက်ဒရိုက စကားကို မဆက်သေးဘဲ ရှေ့သို့ လှမ်းမျှော်ြ ကည့်သည်။ 'ကဲ....ရော့၊ ဒါကိုယူပြီး ငါ့မြေးသွားတော့၊ ဘာမှ ထပ်မပြောနဲ့ တော့'

    ပက်ဒရိုက သူ့လက်ထဲမှ စာတစောင်ကို နီကိုလတ်စ်လက်တွင်းသို့ ထိုးထည့်ပေးသည်။ ထို့နောက် အဘိုးအို ပက်ဒရိုသည် သူ့အဖော်နှင့်အတူ အိမ်တံခါးဆီသို့ လျှောက်သွးသည်။
    နီကိုလတ်စ်သည် ချက်ချင်းပင် လာလမ်းအတိုင်း ပြန်ပြေးကာ ချုံဖုတ်နောက်ကွယ်သို့ ၀င်သည်။ သူသည် ချုံဖုတ်တခု နောက်ကွယ်တွင် ထိုင်ချလိုက်ကာ စာကို ဖြန့်၍ ဖတ်သည်။

ချစ်လှစွာသော နီကို

    ဒီစာမင်းဆီကို ရောက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ သူတို့ကတော့ ငါ့ကို ထောင်ကို ပို့ထားကြပြီ။ ရယ်စရာ မကောင်းဘူးလား။ အခုငါရောက်နေတဲ့ နေရာကတော့ ရူးလောက်တယ်။ လေ့ကျင့်ခန်း လုပ်တဲ့အနေနဲ့ ငါတော့ မကြာ...မကြာ ကင်းမြီးကောက် ထောင်နေရတယ်ကွာ။ ဒါပေမယ့် ဒီလိုလုပ်လို့လဲ ထူးခြားမလာပါဘူး။ ဒီအမှားကြီကို ဘယ်သူကပဲ လုပ်လုပ် အရေးမကြီးပါဘူးကွာ။ အရေးကြီးတာက ငါမြန်မြန် အပြင်ပြန်ရောက်လာဖို့ပါပဲ။ မင်းအားယင်တော့ ငါစိုက်ထားခဲ့တဲ့ ပန်းပင် အပင်ပေါက် လေး တွေကို ရေလောင်းလိုက်ပါကွာ။ မင်းကို ထပ်ပြီးသတိပေးရဦးမယ်။ ဂရေစီယာနဲ့တော့ ကင်းကွာအောင် နေပါကွာ။ မင်းကို ငါနှုတ်ဆက်လိုက်ပါတယ်။ ငါတို့ ငါးမျှားထွက်ကြသေးတာပေါ့။ ဒီစာကို မင်းဖတ်ပြီးယင် ဆုတ်ပစ် လိုက်ကွာ။ အဲဒါအကောင်းဆုံးနည်းပဲ။
                                မင်းရဲ့သူငယ်ချင်း
                                          ဂျိုစီ

    နီကိုလတ်စ်သည် စာကိုသုံးခေါက် တိတိဖတ်သည်။ ထို့နောက်စာကို အစိတ်စိတ် အမြွာမြွာဖြစ် သွားအောင် ဆုတ်ပစ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်၍ ညက်နေအောင် ၀ါးသည်။ နောက်ဆုံးကျတော့ သူသည် ဘာကိုမှ စဉ်းစားမနေတော့ပဲ မျိုချလိုက်သည်။ သူသည် ချုံဖုတ်များနောက်မှ ၀ပ်ကာ အပြင်သို့ ချောင်းကြည့် သည်။ အဘိုးအိုနျစ်ယောက်စလုံ အိမ်ရှေ့ဆင့်ဝင်အောက်မှာပင် ရပ်နေဆဲ...၊ ဂရေစီယာက အိမ်ထဲ သို့ ၀င်ခွင့်မပြုဘဲ တားထားသည်ကို မြင်ရ၏။ ခဏမျှအကြာတွင် ကောင်စစ်ဝန်သည် အိမ်ထဲမှ ထွက်လာပြီး ဧည့်သည်အဘိုးအို နှစ်ယောက်ရှေ့၌ ရပ်သည်။ မျက်နှာထားမှာ မှုကုပ်ကုပ်....။

    နီကိုလတ်စ်သည် သူလှမ်းမြင်ရသော ရှုခင်းကို စိတ်ဝင်တစားကြည့်နေမိ၏။ သူ့ရင်ထဲတွင် စောစောက ရှိနေသော ကြောက်စိတ်သည် ပြေသွားသည်။ သူသည် လေးဘက်ထောက်၍ ချုံဖုတ်များကို တိုးဝှေ့သွားသည်။ သူ့အဖေနှင့် အဘိုးအိုနှစ်ယောက် ပြောဆိုနေသမျှကို ကြားနိုင်လောက်သည့် နေရာလောက် တွင် အသာကလေး ငြိမ်၍နားစွင့်ထားလေသည်။

    'ကျွန်တော်တို့ အခုလိုလာပြီး အနှောင့်အယှက်ပေးရတာကို ခွင့်လွှတ်ပါဆီညော်'အလွန် ခယအောက်ကျို့ သံဖြင့် တောင်းပန်စကားပြောနေသည့် ပက်ဒရို၏ အသံကို ကြားရသောအခါ နီကိုလတ်စ် မှာ ၀မ်းနည်းပက်လက် ဖြစ်သွားသည်။ '၀န်မင်းမှာ အလွန်အရေးကြီးတဲ့ တာဝန်တွေနဲ့ အလုပ်ရှုပ် နေလိမ့်မယ် ဆိုတာ ကျွန်တော်တို့ မသိလို့မဟုတ်ပါဘူးချင်ဗျာ၊ ဒါပေမယ့်...'

    'ကျုပ်မှာ အလုပ်သိပ်များတယ်'ဟု ကောင်စစ်ဝန်က ကြားဖြတ်ပြောသည်။
    'မှန်ပါတယ်ခင်ဗျာ၊ ကျွန်တော်လဲသိပါတယ်၊ ဒါပေမယ့် အခုကိစ္စက ကျွန်တ်ာတို့အတွက် သေရေး ရှင်ရေး လောက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်နေလို့ လာရတာပါခင်ဗျာ၊ ကျွန်တော်ဟာ အလွန် ဆင်းရဲ ပါတယ် ခင်ဗျာ၊ ပညာဗဟုသုတလဲ လုံးဝမရှိပါဘူး၊ ၀န်မင်း အိမ်ကိုတောင် တယောက်ထဲ လာဝံ့တဲ့ သတ္တိ မရှိပါဘူး၊ မခုလဲ ဖာသာလင်မာဇာက ကျွန်တော့်ကို သနားလို့ ကျွန်တော်နဲ့ အတူတူလိုက်လာပြီး ကျွန်တော့ ကိုယ်စား ပြောဆိုပေးမယ်ဆိုတာနဲ့...'

    'လိုရင်းသာပြောပါ'
    နီကိုလတ်စ်သည် မြင်နေကြားနေရသမျှ မမြင်ရက် မကြည့်ရက်ဖြစ်လာသည်။ သူ့အဖေ ရပ်နေပုံမှာ ခန့်ညား ထည်ဝါလှပါ၏။ သို့သော်လည်း မောက်မာသော အပြုအမူက ပေါ်လွင်လျက်ရှိသည်။ ပက်ဒရို ကတော့ ကုပ်ကုပ်ရုပ်ရုပ်....။ လက်နှစ်ဘက်ကို ယှက်ကာ တောင်းပန် အသနားခံသည့် မျက်နှာဖြင့် ကောင်စစ်ဝန် အား မော့်ကြည့်လျက်ရှိသည်။

    'ကိစ္စကတော့ ဂျိုစီကိစ္စပါ ဆီညော်၊ ကျွန်တော့်မြေးကလေးပါ၊ သူဟာ အခုဒုက္ခရောက်နေပါတယ်'
    ကောင်စစ်ဝန် က နားသာထောင်ရသော်လည်း စိတ်မရှည်သည့် လက္ခဏာကို ဖော်ပြလျက်ရှိ၏။
    'ဒီကိစ္စကို ကျုပ်သိပါတယ်၊ ကိစ္စက ကျုပ်လက်ထဲမှာ မဟုတ်တော့ဘူး။ ခင်ဗျားတို့ ရဲဆီ ဘာကြောင့် မသွားကြတာလဲ'
    'ဆင်းရဲသား တွေဟာ ရဲအပေါ်မှာ သြဇာမရှိပါဘူး ဆီညော်၊ တကယ်လို့ ဆီညော်လို ပုဂ္ဂိုလ်ကြီးကသာ စကား တခွန်း ပြောလိုက်ယင်....'
    'ကျုပ်မှာ တရားဥပဒေကို တားဆီးနိုင်တဲ့ တန်ခိုးအာဏာမရှိဘူး ရှိသည့်တိုင်အောင် ကျုပ်မလုပ်ချင်ဘူး၊ ခင်ဗျားမြေး ဟာ သူပြုတဲ့အမှုအတွက် ထိုက်သင့်သလောက်တော့ ခံရမှာပဲ'

    'ဒါပေမယ့်... ဆီညော်၊ သူပြုခဲ့တဲ့ကိစ္စကလဲ' ပက်ဒရိုသည် ဘာဆက်ပြောရမှန်း မသိသည့်နှယ် ထစ်တီး ထစ်အ ဖြစ်လျက်ရှိသည်။ 'ဒီကိစ္စနဲ့ ပတ်သက်လို့လဲ ကျွန်တော်တို့ အားလုံး နားမလည်နိုင်အောင် ဖြစ်နေ.....'
    'ဂျိုစီဟာ လူကောင်းလေးတယောက်ပါ ဆီညော်' ဘုန်းတော်ကြီး လင်မာဇာက တည်ငြိမ်းအေးဆေး သော အသံဖြင့်ဝင်ပြောသည်။ 'သူ့အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ ကျုပ်အာမခံနိုင်ပါတယ်၊ သူ့ကို ကျုပ် ငယ်ငယ် ကလေးတည်း သိလာခဲ့တာပါ'

    ဘုန်းတော်ကြီး ၏ လေသံနှင့် ပြောဟန်မှာ အားရှိစရာကောင်းသည်ဟု နီကိုလတ်စ်က တွေးသည်။ သူသည် ဘုန်းတော်ကြီးဘက် လှည့်ကြည့်သည်။ ဘုန်းကြီးအို၏ အ၀န်အစားများမှာ သစ်လွင် တောက်ပခြင်း မရှိ။ တချို့နေရာတွင် ဟင်းစက်တွေ ပျေကျံလျက်ရှိ၏။ လက်ထဲကထီးမှာလည်း ထီးအို ထီးဟောင်း ....။ စီးထားသည့် ဖိနပ်ကျတော့လည်း ရွံ့များ အခဲလိုက်ကပ်လျက်ရှိ၏။ ဂျိုစီဘက်မှ ရှေ့နေ လိုက်လာသည့် ပုဂ္ဂိုလ်၏ အသွင်အပြင်လက္ခဏာသည် သူ့အဖေအထင်အမြင်ကြီးမည့် ပုံစံမျိုး မဟုတ် ပါတကား...။

    'ကျုပ်ကိုယ်တိုင်ပဲ ဒီကလေးကို နှစ်ခြင်းမင်္ဂလာ ပြုပေးခဲ့ရပါတယ် ဆီညော်၊ ကင်းပွန်းတပ်ပေးတာလဲ ကျုပ် ပါပဲ'
    'အတော်လွမ်းစရာကောင်းတဲ့ ဇာတ်လမ်းတခုပေါ့လေ' ကောင်စစ်ဝန်က သရော်ရှုတ်ချသည့်လေသံ ဖြင့် မလိုတမာ ပြုံးနေ၍ ပြောသည်။ 'သူခိုးတယောက်ဘ၀ရောက်အောင် အတော်ကြီး ပြုစု ပျိုးထောင် ပေးခဲ့ ရတယ် ထင်ပါရဲ့'

    'အမှန်တော့ ကျုပ်တို့အားလုံး ဒုစရိုက်သမားတွေချည်းပါ၊ ဒါပေမယ့် ဂျိုစီ သူခိုးတယောက်ဖြစ်တယ် ဆိုတာ တော့ ကျုပ်မယုံနိုင်ပါဘူး'
    'ဒီလိုဆိုယင် ကျုပ်ရဲ့စိန်တွေဟာ လေထဲပျံတက်သွားတယ်လို့ ဆိုရမှာလား'
    'ဒါဟာလဲ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး ဆီညော်၊ ဘုရားသခင်ရဲ့ ကောင်းကင်ဘုံအောက်မှာ အထူး အဆန်း တွေ အများကြီးဖြစ်ပျက်နေပါတယ်'
    'ဒီလိုဆိုတော့လဲ လက်ကြယ်သီးတွေကို သူ့အင်္ကျီအိတ်ကပ်ထဲရောက်အောင် လုပ်ပေးတဲ့ ကောင်းကင်ဘုံ အရှင်ဟာ သနားစရာကောင်းတယ်လို့ ပြောရတော့မှာပဲ'
    'မှန်ပါတယ် ဆီညော်၊ ဒါပေမယ့် ဂျိုစီက အဲဒီလက်ကြယ်သီးတွေကို သူယူပြီး ထည့် ထားတာ မဟုတ် ပါဘူးလို့ ငြင်းနေပါတယ်'

    ကောင်စစ်ဝန်က ပြုံးသည်။
    'တရားသူကြီးက သူ့စကားကို လက်ခံလာအောင် ပြောဖို့တော့ အခက်အခဲတွေ့မှာ သေချာ သလောက် ပါပဲ'
    'မှန်ပါတယ် ဆီညော်၊ ဒါပေမယ့် ကျုပ်တို့ဟာ သူ့ရဲ့ တရားသူကြီးမဟုတ်ပါဘူး' ဖာသာလင်မာဇာသည် တရိုတသေ လေးစားစွာဖြင့် ယဉ်ကျေးချိုသာစွာ ပြောသည်။ 'ဂျိုစီဟာ ဒီအမှုကို ကျူးလွန် တယ် ဆိုပါဦးတော့...။ ဆိုကြပါစို့ရဲ့၊ ဒီလောက်ဆိုးဝါးမိုက်မဲတဲ့ အမှုကို သူပြုမိတယ်ဆိုယင်လဲ တစ်ကြိမ် တစ်ခါ အနေနဲ့ ခွင့်လွတ်ပေးလို့ မရနိုင်တော့ဘူးလား'

    'ခင်ဗျားက ကျုပ်ကို အရူးတယောက်လိုများ ထင်နေသလား' ဘရန်းဒီးက ဒေါသတကြီး ပြန်ပြောသည်။ 'တန်ဖိုး ဖြတ်လို့ မရနိုင်လောက်အောင် အဖိုးတန်တဲ့ ကျုပ်ပစ္စည်းတွေကို သူကခိုးသွားတယ်၊ ပစ္စည်းတွေက အများကြီး...၊ ကျုပ်ရဲ့ နီလာလက်စွပ်ရယ်၊ ဆွစ်သံအမတ်ကြီးက လက်ဆောင်ပေးခဲ့တဲ့ အိတ်ဆောင် နာရီ ရယ်၊ အဲဒီပစ္စည်းနှစ်ခုကိုပဲ စဉ်းစားကြည့် အစားထိုးလို့ရမယ့် ပစ္စည်းတွေလား၊ ကျုပ်ဆီက ဒီလောက် တန်ဖိုး ရှိတဲ့ ပစ္စည်းတွေကို လုယူခိုးဝှက်သွားတာကို ကျုပ်က ဘာမှမပြောဘဲ ငြိမ်နေရမှာလား'

    'ခင်ဗျားရဲ့ ဆုံးရှုံးမှုဟာ အဆမတန် ကြီးမားတယ်ဆိုတာ သဘာဝကျပါတယ်...ဆီညော်၊ ဒါပေမယ့် လူသား တစ်ယောက်ရဲ့ စိတ်ဓာတ်အင်အား ဆုံးရှုံးမှုဟာ ခင်ဗျားရဲ့ ပစ္စည်းတွေ ဆုံးရှုံးမှုထက် ပိုပြီး တန်ဖိုး ကြီးမားပါတယ်၊ ကျုပ်ဂျိုစီကို ကောင်းကောင်းသိတယ်လို့ ပြောခဲ့ပြီးပါပြီ၊ တကယ်လို့ သူ့ကို ထောင်ချ လိုက်မယ်ဆိုယင် အပြင်လောကမှာ လွတ်လွတ်လပ်လပ်နေရတဲ့ အခွင့်အရေးကို မြတ်နိုးလှတဲ့ သူ့စိတ်ဟာ ပျက်ပြား ရပါတော့မယ်'

    'ဒါက ကျုပ်နဲ့ လုံးဝဆိုင်တဲ့ကိစ္စမဟုတ်ဘူး'
    'နောက်တခု ပြောပါရစေဦး ဆီညော်'ဟု ဖာသာလင်မာဇာက ဇွတ်တိုး၍ ပြောပြန်သည်။ 'နောက်တချက် စဉ်းစားသင့် တာက အရွယ်မရောက် လူလားမမြောက်သေးတဲ့ ကလေးတွေ ဒုက္ခေ၇ာက်ကြပါလိမ့်မယ်၊ သူတို့ ခမျာ ဘာမှလဲ မသိ၊ ဘာအပြစ်မှလဲမရှိတဲ့ ကလေးတွေပါ၊ ဒီကိစ္စမှာ ဂျိုစီသာ ဒုက္ခရောက်သွားယင် သူတို့ အားလုံး ဒုက္ခရောက်သွားကြပါလိမ့်မယ်၊ ဂျိုစီဟာ သူ့နှမလေးတွေနဲ့ သူ့အဘိုးပက်ဒရိုကို လုပ်ကျွေး နေတဲ့ လူငယ်လေးတယောက်ဆိုတာ လူကြီးမင်းလဲ သိနေပါတယ်'
    'ဒီလိုဆိုတော့လဲ ခင်ဗျားရဲ့မိတ်ဆွေ အဘိုးကြီးပက်ဒရိုကို သူ့ဘာသာသူ ရှာစားပစေပေါ့ဗျာ'ဟု ဘရန်ဒီး က ရက်ရက်စက်စက်ပြောသည်။ 'သူဒီကိုလာတဲ့ ရည်ရွယ်ချက်က သူ့မြေးလုပ်စာကို အပျင်းထူပြီး ဆက်စား ဖို့ ပဲ ထင်ပါတယ် ဒါဆိုယင်တော့ သူ့ရည်ရွယ်ချက်ဟာ အလကားပဲ'

    ချက်ချင်းငြိမ်သက်သွားသည်။ ခေါင်းငိုက်စိုက်ကျလျက်ရှိသော အဘိုးပက်ဒရိုလည်း သူ့အဖော်ဖာသာလင်မာဇာအား မော့ကြည့်သည်။
    'ရမယ် မထင်ပါဘူး၊ ပြောမနေပါနဲ့တော့၊ ကျွန်တော်တို့ ပြန်ကြရအောင်'
    ဖာသာလင်မာဇာ၏ သိမ်မွေ့နူးညံ့သော မျက်လုံးများသည် မှုန်မှိုင်းသွားသည်။ သူသည် ခါးကို ဆန့်ကာ ကိုယ်ကို မတ်လိုက်၏။

    'ကျုပ် နောက်ဆုံး အကြိမ်အနေနဲ့ ထပ်ပြီး တောင်းပန်ပါတယ်... ဆီညော်၊ ကျုပ်တို့အပေါ်မှာ ကရုဏာ တရား ထားဖို့အတွက် ဒီလောက်အထိ ကတ်သီးကတ်သတ်လုပ်ပြီး နှမြောတွန့်တိုနေတာဟာ မတော်ပါဘူး၊ မာနဆိုတာဟာ အမြင်မှားနေတဲ့ တရားတခုပါ၊ ကျုပ်တို့ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဖြစ်ပျက်နေရတဲ့ လူတွေပါ၊ ဘု၇ားသခင်ရဲ့ အလိုဆန္ဒကို ထောက်ထားသောအားဖြင့် ဂျိုစီအပေါ် မှာ တိုင်ထားတဲ့အမှုကို ရုပ်သိမ်းပေးစေချင်ပါတယ်၊ တကယ်လို့ မရုပ်သိမ်းဘူးဆိုယင်တော့... လူကြီးမင်း အတွက် ကံဆိုးမိုးမှောင် ကျစရာ အကြောင်းတခုဟာ ပေါ်ပေါက်လာပါလိမ့်မယ်'

    'ကျုပ် မရုပ်သိမ်းနိုင်ဘူး'ဟု ကောင်စစ်ဝန်က ခါးခါးသီးသီး ငြင်းသည်။
    ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ငြိမ်ဆိတ်သွားသည်။ ဖာသာလင်မာဇာ၏ သက်ပြင်းချ သံကို ကြားလိုက်ရ၏။ နီကိုလတ်စ်၏ တကိုယ်လုံး နုံးခွေသွားသည်။ သူသည် ချုံဖုတ်နောက်ကွယ်တွင် ခြေပစ်လက်ပစ် ထိုင်ချကာ ၀မ်းနည်းကြေကွဲသော စိတ်ဖြင့် မျက်ရည်ကျမိသည်။ သူသည် မျက်လုံးများကို စုံမှိတ် လိုက်မိ၏။

သူ့အဖြစ်မှာ လွတ်မြောက်ရာ လမ်းပိတ်နေသော လှောင့်ချိုင့်တွင်းမှာ ငှက်ကလေးတကောင်နှင့် တူလှ ချေသည်။ အိမ်ရှေ့တံခါးကို ဆောင့်ပိတ်လိုက်သည့်အသံ......။  သူ့အဖေ အိမ်ထဲ ပြန်ဝင် သွားခြင်း ပေတည်း။ ထို့နောက် နှေးကွေးလေးလံစွာ လျှောက်သွားနေကြသော အဘိုးအိုနှစ်ဦး၏ ဖိနပ်သံ....။ ဖိနပ်သံ များသည် တဖြည်းဖြည်းနှင့် ဝေး၍ဝေး၍သွားကာ နောက်ဆုံးတွင် ပျောက်ကွယ် သွားလေသည်။

အခန်း (၁၈) ဆက်ရန်
.

No comments: