Wednesday, June 9, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၈)

အခန်း (၁၈)

နောက်သုံးရက်အကြာတွင် ပါမောက္ခ ဟေးလီးဗီး ပါရီသို့ ပြန်သည်။ ကောင်စစ်ဝန်၏ အစီအစဉ်အရ ဂရေစီယာက မော်တော်ကားနှင့် ဘာစီလိုးနားမြို့အထိ လိုက်ပို့ပေးရမည်ဖြစ်၏။ ခရီးလမ်းမှာ အနည်းငယ် ကြမ်းသဖြင့် သည်းခံပြီး စီးသွားဖို့ ကောင်စစ်ဝန်က ဟေးလီးဗီးအား တောင်းပန်စကား ဆိုသည်။ နှစ်ယောက်သား ခန်းမထဲတွင် ရပ်နေကြသည်။ ဘရန်းဒီးက သူ့မိတ်ဆွေ စိတ်ကုဆရာဝန်ကြီး၏ လက်ကို ဆွဲ၍ နှုတ်ဆက်သည်။

' ဒေါက်တာ ဟေးလီးဗီး...၊ ကျွန်တော့်အနေနဲ့ မိတ်ဆွေကြီးရဲ့ ကျေးဇူးကို ဘယ်လိုတုံ့ပြန်ရမှန်း တောင် မသိတော့ဘူး '

ပါမောက္ခဟေးလီးဗီးက ပြုံးသည်။ နံနက်ခင်းအလင်းရောင်အောက်တွင် ခရီးသွား ၀တ်ရုံအနက်ကြီး ကို ခြုံထားသော သူ၏ ကိုယ်ခန္ဓာသည် ပို၍ ကြုံလှီသေးကွေးသည်ဟု ထင်ရသည်။ ဖြူဖပ်ဖြူရော် ဖြစ်နေသော သူ့မျက်နှာပေါ်ရှိ မျက်လုံးများ၏ အကြည့်မှာ အစာရေစာကို အငမ်းမရ ဆာလောင် မွတ်သိပ်နေသော ကိုက်ဝါး စားမျိုတတ်သည့် တိရစ္စာန်တကောင်နှင့်တူနေသည်။

' သိပ္ပံပညာရှင် တယောက်အနေနဲ့ ကျွန်တော်ဟာ ကျေးဇူးတင်ခံရအောင် လုပ်ဖို့ဝါသနာမရှိပါဘူး' ဟု ပြောသည်။ ' ဒါပေမယ့် ကျွန်တော့်ရဲ့ ရှာဖွေတွေ့ရှိချက်ဟာ ခင်ဗျားအတွက် အများကြီး အထောက် အကူဖြစ်သွားတာ တွေ့ရလို့ ဂုဏ်ယူမိတာ အမှန်ပဲ၊ ကျွန်တော် ... ခင်ဗျားသားနဲ့ နောက်ဆုံး နှစ်ကြိမ် စစ်ဆေးမေးမြန်းကြည့်ပြီးတဲ့အခါမှာ ကျွန်တော့်ရဲ့ ရှာဖွေတွေ့ရှိချက်ဟာ လုံးဝ မမှားနိုင် တော့ဘူးလို့ ပိုင်ပိုင် နိုင်နိုင် ဆုံးဖြတ်လို့ ရခဲ့တယ်၊ ဒီအကောင်ကို ရှင်းပစ်နိုင်တာနဲ့အမျှ ခင်ဗျားတို့ ရင်ဆိုင် နေရတဲ့ ပြဿနာတွေဟာ ပျောက်သွားမှာပါ ' သူသည် ဘရန်းဒီး၏ မျက်နှာကို တချက်မော့်ကြည့်သည်။ ' ပြီးတော့ ခင်ဗျားရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လည်း ကျွန်တော် ထပ်ပြီး မှာခဲ့ပါရစေ'

' ကျွန်တော့် ကျန်းမာရေး... ' ဘရန်းဒီးက တအံ့တသြ ရေရွတ်သည်။

' ဟုတ်တယ် ဘရန်းဒီး၊ ခင်ဗျားက ဒီ စပိန် လူငယ်ကောင်လေးကိစ္စကို သိပ်အလေးအနက်ထားပြီး ခေါင်းထဲသွင်းလိုက်တော့ ကျန်းမာရေးထိခိုက်စရာ အကြောင်း ဖြစ်လာတာပေါ့ '

' အိုဗျာ၊ ကျွန်တော့် ကျန်းမာရေးအတွက်ကတော့ သိပ်ပြီး စိတ်မပူပါနဲ့' ဟု ကောင်စစ်ဝန်က ရယ် မော၍ ပြောသည်။ ' ခင်ဗျားဟာ ကျွန်တော့်အပေါ်မှာ သံယောဇဉ်ရှိနေတဲ့ လူဆိုတော့ စိတ်ပူသင့် တာထက် ပိုပြီး ပူမိမှာပေါ့၊ ကျွန်တော် နားလည်ပါတယ်၊ ဒီလောက်လည်း မပူပါနဲ့၊ အခုတလော နေ လို့ထိုင်လို့ သိပ်ကောင်းတယ်၊ ဘယ်တုန်းကမှ အခုလောက် နေလို့ ထိုင်လို့ မကောင်းဖူးသေးဘူး'

' အင်းပေါ့လေ၊ လက်စားချေခွင့်ရခြင်းဟာ လူတယောက်ကို အခိုက်အတန့်အားဖြင့်တော့ အားဖြစ်စေနိုင်တဲ့ အမျက်ဒေါသမျိုးပဲ မဟုတ်လား၊ ဒါပေမယ့် ဒီဟာမျိုးက ဈေးကြီးကြီးပေးပြီးမှ ရတတ်တဲ့သဘောရှိတယ် ဘရန်းဒီး...၊ ဒီ တချက်ကိုတော့ ခင်ဗျားသတိထားဖို့ လိုလိမ့်မယ်၊ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...၊ ခင်ဗျားအနေနဲ့ အစွန်းမရောက်အောင် သတိထားပါ၊ အလယ်အလတ် လမ်းဟာ  ခင်ဗျားနဲ့ အသင့်ဆုံးလမ်းပဲ '

ဟေးလီးဗီးသည် ရပ်နေရာမှ အိမ်ရှေ့တံခါးဆီသို့ ရွှေ့ရှားသွားရန် ဟန်ပြင်သည်။

' ကဲ... ကျွန်တော်သွားမယ်၊ တနေ့နေ့ တချိန်ချိန် ပါရီမှာ လူချင်းပြန်ဆုံကြသေးတာပေါ့၊ လူချင်း ပြန်တွေ့ဖို့ သေချာတာ ကတော့ ခင်ဗျားရဲ့စာအုပ် ပုံနှိပ်ထုတ်ဝေတဲ့ အချိန်ပေါ့၊ မဟုတ်ဘူးလား... '

ဘရန်းဒီးသည် သူ့မျက်စိအောက်မှ ထွက်သွားတော့ မော်တော်ကားကို လှမ်းမျှော်ကြည့်ရင်း အိမ် ရှေ့ဆင်ဝ်ငအောင်၌ ရပ်လျက်ကျန်ခဲ့လေသည်။ ပထမတော့ရုံးမသွားခင် သူ့သား နီကိုလတ်စ်ကို တက်၍ တွေ့လိုက်အုံးမည်ဟု စိတ်ကူးသည်။ သို့သော်လည်း ချက်ချင်းပင် ထိုစိတ်ကူးကို သူ့ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။ လောလောဆယ်တော့ဖြင့် အခုလို ခပ်စိမ်းစိမ်း လုပ်ထားလိုက်ခြင်း သည်သူ့အတွက် အကောင်း ဆုံးဖြစ်လိမ့်မည်ဟု သူ ထင်မိသည်။

နီကိုလတ်စ်သည် သူ့ကို ပစ်ထားမှန်း သိလေ၊ စိတ်အားငယ်လေ ဖြစ်လာလိမ့်မည်။ ထိုအခါတွင် နီကိုလတ်စ်ကစ၍ သူ့အား လက်ကမ်းလာလိမ့်မည်။ ထိုအခါကျမှ သူကပြန်၍ အရေးတယူ လုပ်လိုက်မည် ဆိုလျှင် နှစ်ဦးနှစ်ဘက် ပို၍ အဆင်ပြေသွားမည်။ ဘရန်းဒီးသည် သူ့အတွေးနှင့်သူ ကျေနပ်လျက်ရှိသည်။ သူသည် ဦးထုတ်နှင့် တုတ်ကောက်ကို ကောက်ယူကာ မြို့ဘက်သို့ ထွက်လာခဲ့သည်။

    နံနက်ခင်းမှာ သာယာကြည်လင်နေသည်။ နေပူရှိန်ကလည်း မပြင်းသေး။ ကောင်စစ်ဝန် အဖို့တော့ လမ်းလျှောက်လို့ ကောင်းရုံမျှသာရှိ၏။ သူ့စိတ်ကြည်လင် လန်းဆန်းနေသည်နှင့် အမျှ သူက ခြေလှမ်း များသည် သွက်လက်ဖျတ်လတ်နေပေသည်။

ရုံးရောက်သည့်အခါ ကောင်စစ်ဝန်သည် သူ့အခန်းသို့ တန်းဝင်သည်။ သူ့ကုလားထိုင်တွင် ဖင်ချမိ သည်နှင့်တစ်ပြိုင်နက် စပိန်လူမျိုး စာရေးဖာနန်ဒိုသည် တံခါးကို ခေါက်၍ အသံပေးပြီး ၀င်လာသည်။

'မစ္စတာ ဘာတန်ပေါ်တိုအေလီဂျိုးကို သွားပြီခင်ဗျ...၊ အီစတင်းစတား ကုန်တင်သင်္ဘောဆီကို သွားတာပါ၊ ၀န်မင်းကို အရေးကြီးတဲ့ စကားတခွန်း ပြောစရာရှိနေတယ်လို့ ပြောသွားပါတယ်'

'စာမရေးခဲ့ဘူးလား.........'

'မရေးခဲ့ဘူး ခင်ဗျ၊ သူညနေငါးနာရီ အရောက်ပြန်လာမယ်လို့ ပြောသွားပါတယ်....၊ သူ ပြောချင်တဲ့ စကားကလဲ အရေးကြီးတယ်လို့ သိရပါတယ်'

'အရေးကြီးတယ်....ဟုတ်လား'

'ဟုတ်ကဲ့......၊ မစ္စတာဘာတန်ကို ကြည့်ရတာ တခုခုအတွက် စိတ်ပူနေသလိုဖြစ်နေပါတယ်'

'ကောင်းပြီလေ၊ သူပြန်ရောက်တဲ့အခါ ငါ့ဆီလွှတ်လိုက်ပေါ့'

'နောက်တခုရှိပါသေးတယ်....ခင်ဗျ' စပိန်စာရေးသည် မျက်လွှာချထားသည်။ 'ဒီမနက် ကိုးနာရီ ထိုးလောက်မှာ ရဲက ဖုန်းဆက်ပါတယ်၊ ဂျိုစီဆန်တီရိုကို ဘာစီလိုးနား မြို့ပို့ပြီး တရားရုံး တင်မယ်လို့ အကြောင်း ကြားတာပါ၊ ဂျိုစီကို ကြာသပတေးနေ့  နေ့လယ်ရထားနဲ့ပို့မယ်လို့ ပြောပါတယ်'

ဤသတင်းကတော့ သူကြားချင်နေသော သတင်းဖြစ်၏။ ဂျိုစီ၏ အမှုကို ဆန်ဂျော်ဂျီမြို့ တရားရုံး၌သာ တင်၍ စစ်လျှင် မမှန်မကန် ဖြစ်ဖွယ်ရာရှိသည်ဟု သူတွက်ထားသည်။ ဂျိုစီသည် ပီလိုတာ ဘောလုံးသမားတဦးအဖြစ် လူသိများနေသူတဦးဖြစ်ရာ မြို့ပေါ်မှ လူများစုသည် ဂျိုစီဘက်မှ ရပ်တည်ကြ လိမ့်မည်ဖြစ်သည်။ သို့ဆိုလျှင် တရားသူကြီးသည် ဂျိုစီအား တဘက်သတ် မျက်နှာသာပေး၍ စစ်ဆေးဖွယ်ရာ ရှိ၏။ ဘာစီလိုးနားမြို့က တရားရုံးမှာဆိုလျှင်တော့ ဤအဖြစ်မျိုး ပေါ်စရာအကြောင်း မရှ။ ချမှတ်သော အမိန့်သည် မှန်လည်းမှန်ကန်မည်။ တရားဥပဒေနှင့် အညီအညွတ်ရှိလှသော ပြင်းထန်ကြီး လေးသည့် ပြစ်ဒဏ်မျိုးလည်းဖြစ်မည်။ ဘရန်းဒီးသည် ၀မ်းသာလွန်း၍ စိတ်လှုပ်ရှားလာသည်။ သို့သော် လည်း သူ့စိတ်သဘောထားကို သူ့ လက်အောက်ဝန်ထမ်း မရိပ်မိအောင် ထိမ်းချုပ်ထားသည်။ သူသည် အထက် အရာရှိကြီးတဦးဟန် နှင့် လေသံကိုမပျောက်စေရ။

'ကျေးဇူးတင်တယ် ဖာနန်ဒို၊ မင်းမှာပြောစရာဒါအကုန်ပဲ မဟုတ်လား'

စာရေးက ဦးခေါင်းတချက် ညွှတ်၍ အရိုအသေပေးကာ ပြန်ထွက်သွားသည်။ ကောင်စစ်ဝန်သည် ထိုင်ရာမှ ထကာ အခန်းကျဉ်းကလေးထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခြင်းပြုသည်။ မကောင်းစိတ် နှင့်ယှဉ်သော ၀မ်းသာမှုအရှိန်သည် သူ့ရင်ထဲတွင် လှိုင်းထလျက်ရှိသည်။ ဤစိတ်သည် သူ့အား ငြိမ်ငြိမ် ဆိတ်ဆိတ် နေ၍မရအောင် လှုံ့ဆော်လျက်ရှိသည်။ သူ မုန်းတီးစက်ဆုပ်နေသူအပေါ်၌ ပြန်လည်၍ လက်စား ချေလိုစိတ်သည် ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိ၏။ တဘက်သားကို ထိထိခိုက်ခိုက် ဖြစ်စေချင် သောဆန္ဒ ပြင်းပြလေလေ ငြိမ်ငြိမ်သက်သက်နေ၍ မရလေလေ။

သူသည် လက်နျစ်ဘက်ကို နောက်ပစ်ကာ လှောင်ချိုင့်အတွင်း ရောက်နေသည့် သားရဲ တိရစ္ဆာန်တကောင် သဖွယ် အဆက်မပြတ် လှည့်ပတ်လျှောက်လျက်ရှိသည်။ တရားရုံးသို့ သူကိုယ်တိုင် တက်ရောက် မှ ဖြစ်မည်ဟု တွေးလိုက်မိသောအခါ တရားရုံးမြင်ကွင်းသည် သူ့စိတ်ကူး အာရုံထဲတွင် ပေါ်လာသည်။ နောက်ပြီး တော့ သူကိုယ်တိုင် ဘာစီလိုးနား မြို့သို့သွားသည့်အခါ တရားခံကိုပို့မည့် နေ့ခင်းရထားနှင့်ပင် သူ လိုက်ချင်သည်။ တရားခံနှင့်အတူ တတွဲတည်းစီးပြီး တရားခံနှင့် မနီးမဝေးမှ ထိုင်၍လိုက်ကာ လက်ထိတ်တန်းလန်းနှင့် တရားခံဂျိုစီ ခံစားနေရသည့် ဆင်းရဲဒုက္ခများကိုလည်းကောင်း၊ အရှက်တကွဲ အကျိုး နည်းဖြစ်နေသည့် ပုံကိုလည်းကောင်း အရသာခံ၍ ကြည့်မြင်ချင်သည်။

သူ့စားပွဲပေါ်တွင် အလုပ်အနည်းငယ်ရှိသေးသည်။

အရေးကြီးသော အလုပ်များတော့ မဟုတ်။ သာမန်လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ ပြည်ဝင်ခွင့် ဗီဇာ လျှောက်လွှာများ၊ ထုတ်ကုန်များအတွက် အကောက်ခွန် တောင်းခဲ့သော ပြေစာများနှင့် ဆယ့်ငါးရက် တကြိမ် ပို့ရသည့် ဆန်ဂျော်ဂျီဆိပ်ကမ်း၏ ကုန်သွယ်မှု အခြေအနေ အစီရင်ခံစာ။ သို့သော် လည်း သူလုပ်၍ မရ။ လုပ်ချင်စိတ်လည်းမရှိ။ စိတ်မငြိမ်သက်မှု အရှိန်သည် အခုထိ ကျဆင်းသွားခြင်း မရှိသေး။ တက်ပြီး ယင်းတက်ယင်း....။ အရှိန်မြင့်သည်ထက်သာ မြင့်လာလျက်ရှိသည်။ သူသည် စားပွဲ၌ ပြန်ထိုင် သည်။ သူတို့ လျှောက်လအာများကို ကြည့်ရှုစစ်ဆေးပြီး လက်မှတ်ထိုးလိုက်သည်။ ထို့နောက် ထိုင်ရာမှ ပြန်ထကာ ချန်တာကိုး ကဖီးသို့ နေ့လယ်စာစားရန် ထွက်ခဲ့လေသည်။

    ပုံမှန် အလေ့အကျင့်အတိုင်းဆိုလျှင် သူသည် နေ့လယ်စာကို များများ စားသောက်လေ့မရှိ။ တခါ တရံ တွင် ကော်ဖီတခွက်နှင့်သာ ပြီးတတ်သည်။ သို့သော်လည်း ယနေ့တော့ သူ့ စိတ်သည် တမျိုး တဖုံ ဖြစ်လျက် ရှိသည်။ ဗိုက်ထဲက ဆာလောင်သလို ဖြစ်လျက်ရှိသည်။ အမဲကြော်တပွဲ၊ ကြက်ဥကြော် တပွဲ နှင့် ဆိတ်နို့ ဒိန်ခဲ စသည်များကို မှာလိုက်၏။ နေ့ခင်းနေ့လည်တွင် အရက်သောက်လေ့မရှိသော ဘရန်းဒီး သည် အရက်သုံးပက်ကို ဆက်တိုက် သောက်ချလိုက်သည်။ တံငါလှေသူကြီး တစုသည် သူနှင့် မနီးမဝေးမှ စားပွဲတွင် ထိုင်ကာ ဘီယာ သောက်နေကြသည်။

အားလုံးက သူ့အးဆီး၍ နှုတ်ဆက်ကြသည်။ အရက်ကောင်တာ၏ နောက်ဘက်မှ လက်ဆွဲ ဘာဂျာသံ သည် မှန်မှန်ထွက်ပေါ်လျက်ရှိ၏။ သီချင်းက အလွန်မြူးမြူး ကြွကြွရှိသည့် ကက်တလန် တေးသီချင်း....။ သူ့အာရုံသည် တေးဂီတတွင် နစ်မျောလိုက်ပါသွား နေသည်။

    သူသည် ဆေးလိပ်တလိပ်ကို မီးညှိဖွာကာ မက်ဒရစ်နေ့စဉ် သတင်းစာဖတ်ဖို့ အားထုတ်သည်။ သို့သော်လည်း ဖတ်၍မရ။ သတင်းစာအပေါ်တွင် လုံးဝ စိတ်ဝင်စားခြင်းမရှိ။ သူသည် ငွေစက္ကူတရွက်ကို စားပွဲပေါ်၍ ချထားခဲ့ပြီး ခြေဦးတည့်ရာသို့ လျှောက်သွားသည်။ သင်္ဘောဆိပ်ရှိ ဆိပ်ခံ ဗောတံတား များအောက်တွင် လူသွားလူလာကင်းမဲ့ကာ တိတ်ဆိတ်ခြောက်သွေ့ နေကြပေသည်။ မွန်းတည့်နေသည့် အရှိန်ပြင်းစွာ ကျရောက်လျက် ရှိ၏။ ဆီချေးနံ့များသည် လေနှင့် လိုက်ပါလာပြီးသူ့နှာခေါင်းသို့ တိုးဝှေ့ ကြသည်။

ဟေးလီးဗီးမပြန်ခင် တညနေခင်းက သူ့အား ပြောခဲ့သည့် စကားတခွန်း....။ သူ့နားတွင် ပြန်၍ ကြားယောင် လာသည်။

    'မိတ်ဆွေကြီးရယ်...၊ ခင်ဗျားဟာ သန်တုန်း မြန်တုန်း သွေးသာကောင်းတုန်း အရွယ်ပါဗျာ၊ အရွယ် ကလည်း အရွယ်ကောင်းပဲ ရှိပါသေးတယ်၊ ဒါနဲ့တောင်မှ ခင်ဗျားအခုလို နေနိုင်တာ ကျွန်တော် အံ့သြလို့ မဆုံး ဘူး'

    ရုတ်တရက် သူ့အတွင်းစိတ်သည် ပြင်းထန်သော အရှိန်ဖြင့် တစုံတခုသော အမှုကို ပြုရန် လှုံ့ဆော် တိုက်တွန်းလျက်ရှိသည်။ သူသည် ခေါင်းမှဦးထုပ်ကို မျက်နှာဖုံးသွားအောင် အရှေ့သို့စိုက်၍ ဆောင်း လိုက်ပြီး သူ့ခြေထောက်များကို မြို့ထဲဘက်သို့ ဦးတည်ပေးလိုက်၏။ ထူးဆန်းသော လမ်း တလမ်း...။ အခုလို အချိန်မျိုးတွင် လူသွားလူလာ မရှိ။ အနည်းငယ်တော့ စိုးရိမ်စရာ ကောင်းသည်။ သူသည် ထိုလမ်း ထဲသို့ ၀င်လာခဲ့သည်။ ပြီးတော့... မှောင်ရိပ်သန်းနေသည့်....။

သူရုံးသို့ ပြန်ရောက်သောအခါ ငါးနာရီထိုးလုနေပြီဖြစ်၏။ သူ၏ ခက်ထန်တင်းမာနေသော မျက်နှာသည် မလုံမလဲ ဖြစ်လျက်ရှိသည်။ သူသည် သူ့ရုံးခန်းအတွင်းသို့ပင် တောက်လျှောက်ဝင်လာခဲ့သည်။ ဘေးပတ်ဝန်း ကျင်ကို မကြည့်မိအောင် သတိထားလာသည့် ကြား မှပင် သူ့မျက်လုံးများသည် အေလ်ဗင် ဘာတန် ပြန်ရောက်နေသည်ကို မြင်ခဲ့လေသည်။

သူ့လက်ထောက် ဖြစ်သူ ဘာတန်သည် ကောင်စစ်ဝန်ပြန်ရောက်အလာကို တမျှော်မျှော် ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူသည် လည်ပင်းမှ နက္ကတိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်လိုက်သည်။ သင်္ဘောဆိပ် သွားစဉ်ကတင်လာခဲ့သော သူ့အင်္ကျီ နှင့်ဘောင်းဘီပေါ်မှ ဖုန်များကို လက်ဝါးဖြင့် ရိုက်၍ ခါသည်။

ဘရန်းဒီး သည် သူ၏ဆုံလည်ကုလားထိုင်တွင် လေးလံထိုင်းမှိုင်းစွာ ၀င်ထိုင်သည်။

လက်ကိုင်ပ၀ါကို ထုတ်၍ နဖူးမှ ချွေးစီးများကို သုတ်သည်။ ထို့နောက် သူ့ရှေ့ တည့်တည့်သို့ မိနစ်ပေါင်းများစွာ ငေး စိုက်၍ ကြည့်နေသည်။ အဓိပ္ပာယ်ကင်းမဲ့စွာဖြင့် ပြုလုပ်ခဲ့သော သူ၏ စွန့်စားမှု့  အတွက် သူ့ကိုယ်သူ ဒေါပွ၍ မဆုံးနိုင်အောင်ဖြစ်လျက်ရှိသည်။ သူပြုခဲ့မိသော ကိစ္စအတွက် စိတ်၏ ဆင်းရဲခြင်းလည်း ဖြစ်နေရ၏။ နောက်ဆုံးကျတော့လည်း သူ့ကိုယ်သူ ဖြေသိမ့်၍ ရလာသည်။ သူသည် စားပွဲပေါ်မှ ဘဲလ်ကို နှိပ်လိုက်၏။ ချက်ချင်းလိုလိုပင် ဘာတန် ၀င်လာသည်။ ကောင်စစ်ဝန်သည် မတုန်မလှုပ် ကျောက်ရုပ်သဖွယ် တောင့်တောင့်မတ်မတ်ကြီး ထိုင်နေရာမှ သူ့ရှေ့မှောက်သို့ ရောက်လာ သော ဘာတန်ကို မော့်ကြည့်သည်။

' ကဲ… မင်း ငါ့ကို ပြောစရာရှိတယ်ဆိုတဲ့ ကိစ္စကဘာလဲ၊ ဆိုစမ်း '

မကြည်မလင် ဖြစ်နေသော ကောင်စစ်ဝန်၏ မျက်နှာကို ကြည့်ကာ ဘာတန်မှာ အနေရခက်လျက် ရှိ၏။

' ၀န်မင်းကို စိတ်ပူအောင် လုပ်မိတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော် တကယ့် ကိုစိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကိစ္စကလည်း စိတ်ပူစရာ ဖြစ်နေလို့ပါ၊ ကျွန်တော့်ဆီကို အေဂျင် စီက စာတစောင် ရောက်လာပါတယ်ခင်ဗျာ '

' ဘာ … အေဂျင်စီလဲ '

' အိမ်တွင်းမှု အလုပ်သမား ရှာဖွေရေး အေဂျင်စီကပါ ခင်ဗျာ ' ဟု ဘာတန်က ဖြေသည်။ ' အမှန် တော့ ကျွန်တော် တတ်နိုင်သမျှ အဆင်ပြေအောင် လုပ်ခဲ့ပါတယ်၊ မက်ဒရစ်မြို့ပေါ်က အကောင်း ဆုံးဆိုတဲ့ အေဂျင်စီနဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့တာပါ၊ ၀န်မင်း စတ်ကျေနပ်မှုရအောင် လုပ်ချင်တဲ့ ဆန္ဒနဲ့ အထူးတလည် ကြိုးစားပြီး လုပ်ခဲ့တဲ့ ကိစ္စတခုပါ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပါ ဘူး'

' မင်း ဘာပြောနေတာလဲ၊ ဒီထက်ရှင်းအောင် ပြောမပြနိုင်တော့ဘူးလား '

' ကိစ္စက ၀န်မင်းရဲ့ ဘဏ္ဍာစိုး ဂရေစီယာနဲ့ ပတ်သက်နေပါတယ်ခင်ဗျာ၊ ကျွန်တော် ငှားပေးခဲ့တဲ့ လူကို ပြောတာပါ၊ သူ့မှာ အကျင့်စာရိတ္တ ကောင်းကြောင်း ထောက်ခံစာတွေ ပါခဲ့ပါတယ်၊ ခုကျတော့ အေဂျင်စီဌာနမှူးက ကျွန်တော့်ဆီ အတွင်းစာတစောင်ရေးပြီး အကြောင်းကြားပါတယ်၊ ဂရေစီယာရဲ့ ထောက်ခံစာ တွေဟာ အတုတွေ ဖြစ်ပါတယ်တဲ့၊ ပြီးတော့ သက်ဆိုင်ရာ ရဲတွေက ရော့ဒရီး ဂိုးအီစပန်တာဂိုး ဆိုတဲ့ လူတယောက်ကို ဖမ်းဖို့ လိုက်ရှာနေပါတယ်တဲ့၊ အဲဒီ လူဟာ ဂရေစီ ယာပဲ ဖြစ်လိမ့် မယ်လို့ ယူဆနိုင်စရာ ရှိနေပါတယ်တဲ့၊ သူ့ကို ရဲ့ အလိုရှိနေတာက လုယက်မှုနဲ့ တပ် ပြေးအမှု နှစ်မှုကြောင့် ဖြစ်ပါတယ်တဲ့၊ သူ့ကို စစ်ဆေးဖို့ဆိုပြီး မာလာဂါမြို့က အကျဉ်းထောင် စိတ္တဇ ဆေးကုခန်းမှာ ပို့ထားတုန်း ထွက်ပြေး သွားခဲ့ပါတယ်တဲ့ '

ဘရန်းဒီး ငြိမ်ဆိတ်သွားသည်။ သူသည် အတန်ကြာမျှ တွေဝေစဉ်းစားလျက်ရှိ၏။

' စာပြစမ်းပါဦး ' သူသည် မလှုပ်မယှက် လုပ်နေရာမှ စာကို တောင်းသည်။

ဘာတန် က စာကို ထုတ်ပေးသောအခါ နှစ်ကြိမ်တိတိ စေ့စပ်သေချာစွာ ဖတ်သည်။ ထို့နောက် မိနစ် အနည်းငယ်မျှကြာ စဉ်းစားနေပြန်သည်။ ပြီးတော့မှ မျက်ခုံးများကိုပင့်၍ ဘာတန်အား ကြည့် သည်။

' စာထဲမှာတော့ ဘာမှ တိတိကျကျ မရှိပါဘူး၊ ခိုင်လုံတဲ့ အထောက်အထားလဲ မပြနိုင်ဘူး '

' ဟုတ်ပါတယ် ခင်ဗျာ၊ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် မသင်္ကာစရာ အခြေအနေမျိုး ဖြစ်နေ ပါတယ်၊ ကျွန်တော့်မိန်းမ ဘာလိုနဲ့ တိုင်ပင်ကြည့်တော့လဲ သူက သိပ်ပြီး စိတ်ပူလာပါတယ်၊ ၀န်မင်းဆီ ချက်ချင်း သွားပြီး အသိပေးထားဖို့ တိုက်တွန်းပါတယ်၊ ဒီအခြေအနေအတိုင်းဆိုရင် ၀န်မင်းတခုခုလုပ်ဖို့ လိုမယ် ထင်ပါတယ် ခင်ဗျာ '

ဘရန်းဒီး က နှုတ်ခမ်းကို မဲ့လိုက်သည်။

' မင်းနဲ့ မင်းမိန်းမက ငါလာလုပ်သင့်တယ်ဆိုတာ ညွှန်ကြားနေတဲ့ သဘောလား '

' အို … ဒီလိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူးခင်ဗျာ' ဟု ဘာတန်က ကသောကမျော တောင်းပန် သည်။ ' ဒါပေမယ့် … ဒီ … ဒီ … အကောင်ဟာ ကြောက်စရာ ကောင်းလောက်အောင် အန္တရာယ် ပြုနိုင်တဲ့ လူမျိုး ဖြစ်တယ်လို့ ယူဆမိတာနဲ့' ကောင်စစ်ဝန်က ငြိမ်ဆိတ်နေပြန်သည်။

' အခုဆိုရင် ဂရေစီယာ ငါ့အိမ်မှာနေတာ လပေါင်းအတော်ကြာခဲ့ပြီ၊ ငါနဲ့ နီးနီးကပ်ကပ်နေခဲ့တာပဲ၊ ငါကိုယ်တိုင် သူ့ကို လေ့လာခွင့်ရခဲ့တယ်၊ အပွင့်လင်းဆုံးထားပြီး ပြောရမယ်ဆိုရင်တော့ ဂရေစီယာ လောက်တော်တဲ့ အခိုင်းအစေမျိုး၊ ယုံကြည်စိတ်ချရတဲ့ တပည့်မျိုး ငါဘယ်တုန်းကမျှ မရခဲ့ဖူးသေး ဘူး၊ အတိုချုပ်ပြီး ပြောရရင်တော့ ဒီစာဟာ သိပ်ပြီး ခိုင်လုံတဲ့စာ မဟုတ်ဘူးလို့ပဲ ငါထင်တယ် '

' ဒါပေမယ့် ၀န်မင်းအနေနဲ့ စုံစမ်း စစ်ဆေးကြည့်ဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်ခင်ဗျာ၊ ဒီကိစ္စက ကျွန်တော့် မှာလဲ တာဝန်မကင်းသလို ဖြစ်နေတော့…'

ငါ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှကိုတော့ ငါ လုပ်သွားမှာပဲ ' ဟု ကောင်စစ်ဝန်က သိပ်ပြီး မကျေ နပ်သော လေသံဖြင့် ပြန်ပြောသည်။ ' ဒီကိစ္စအတွက် မင်းမှာ အင်မတန် ကြီးမားတဲ့ တာဝန်ကြီးတခု ကိုထမ်းဆောင်နေရသလိုတော့ လုပ်မနေပါနဲ့ ' သူသည် လက်ထဲမှစာကို ခေါက်၍ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ ' ဒီစာနဲ့ပတ်သက်လို့ တခြား ဘယ်သူ့ကိုမှ မပြောသေးဘူး မဟုတ်လား၊ အခုလို လျှို့ဝှက်ထားရမယ့် ကိစ္စမျိုးမှာ ကျရင် ငါ အလေးအနက်ထားပြီး စဉ်းစား တတ်တယ်ဆိုတာ မင်း သိထား စေချင်တယ် '

' မပြောသေးပါဘူး ခင်ဗျာ ' ဟု ဘာတန်က ဖြေသည်။ ' ဒါမျိုးကျတော့ ကျွန်တော့်အပေါ် ယုံကြည် စိတ်ချနိုင်ပါတယ် '

' အေး … ငါကလဲ ယုံကြည်ထားပါတယ် ' ဟု ဘရန်းဒီးက ပြောသည်။ သူသည် ကုလားထိုင်ပေါ်မှ ထရပ်ကာ ဦးထုပ်ကို ကောက်၍ ဆောင်းလိုက်သည်။ တံခါးဝသို့ အရောက်တွင် ရုတ်တရက် ထွက် မသွား သေးပဲ ခဏမျှ ရပ်နေသေးသည်။ ထို့နောက် ရုံးခန်းအတွင်းမှ အပြင်သို့ ထွက်သည်။ သစ်သား လှေကားပေါ် နင်းသွားနေသော သူ့ခြေလှမ်းများသည် နှေးကွေးလေးလံလျက်ရှိလေ သည်။
………………………………….
အခန်း (၁၉) ဆက်ရန်
.

1 comment:

Anonymous said...

အမ..ကျေးဇူး..မအိပ်ခင်လာဖတ်သွားတယ်.

အမ..ကျနော်ပြောတဲ့ကျေးဇူးဆိုတာ တကဲ့ကို စိတ်ထဲကလာပီးပြောတယ်ဆိုတာ အမသိမှာပါနော်။
ကျနော်တို့လို စာငတ်နေသူတွေအတွက် အမရေးပေးတဲ့ စာကောင်းပေမွန်တွေဟာ တန်ဖိုးဖြတ်လို့မရနိုင်အောင်တန်ဖိုးရှိပါတယ်။

ကျနော်ထင်ပါတယ်..အမကတော့ ငါဟာ စာတွေရေးတင်ပေးနေတာ ကျေးဇူးတင်တာခံချင်လို့ ရေးနေတာ မဟုတ်ဘူးဆိုတာ ကျနော်သိနေပါတယ်..ဟီးးးငါက စာတွေရေးနေတာ နင်တို့ကျေးဇူးတင်လို့ပြောမှာလဲမဟုတ်တာသိနေပါတယ်..ဟီးဟီး

အမရေ....ကျနော့်ဖက်ကတော့ အမကိုတကယ်ကျေးဇူးတင်ပါတယ်။ စာငတ်နေတုန်းစာတွင်းထဲကျသွားခွင့်ရလို့ပါ။ ဒါကြောင့်သာ အမကို လဲမမြင်ဖူး မသိဖူးပဲ သိတာ လတောင်သိပ်မကြာပဲ ကျေးဇူးတင်လွန်းလို့ လူကြုံလေးလဲ ရှိနေတာနဲ့ ကျေးဇူးတင်လက်ဆောင်ပေးလိုက်တာပါ။ အမကို အထပ်ထပ်ပြောနေချင်တာက ကျေးဇူးတကယ်တင်ပါတယ်။
ဒီနေ့ဆို .အမတို့ဆီမှာ ကွန်နက်ရှင်ကလဲအဆင်မပြေဘူး..အမစိတ်ရှုပ်ရမယ်ဆိုတာ ခန့်မှန်းမိပါရဲ့..ဒါတောင်အမ ကြိုးစားပီးတင်ပေးနေတာ ..ဘယ်လောက်များကျနော်တို့စာဖတ်သူတွေဘက်က ကျေးဇူးတင်ထိုက်ပါသလဲ..။


မြတ်နိုး