အခန်း (၇)
နောက်တနေ့ နံနက်တွင် ဘရန်းဒီးသည် စောစောစီးစီး အိပ်ရာမှ ထကာ နံနက်စာ စားပွဲသို့ ရောက် လာသည်။ မနေ့က တနေ့ခင်းလုံး စိတ်ရှုပ်ခဲ့ရသဖြင့် ညတွင် ကောင်းစွာ အိပ်ပျော်လိမ့်မည် မဟုတ် ဟုထင်ခဲ့ မိ၏။ သို့သော်လည်း သူထင်သလို မဟုတ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့၏။
ဂရေစီယာက သူ့ဆရာ ကောင်စစ်ဝန်အတွက် ကော်ဖီနှင့် သစ်သီးများ ယူလာသည်။ သစ်သီးများ ကို ငွေပန်းကန် တချပ်တွင် စားချင်စဖွယ် ဖြစ်အောင် လှပစွာ ထည့်ထားသည်။ သူ ယူလာသော နံနက်စာကို စားပွဲပေါ် ၌ ချထားပေးပြီးသော အရိပ်အခြည်ကို ကြည့်နေသည်။ လိုအပ်သမျှကို လုပ် ကိုင်ပေးရန် အဆင်သင့် စောင့်နေသည့် သဘော ...။
ကောင်စစ်ဝန်သည် ဂရေစီယာ၏ အကြောင်းကို စဉ်းစားတွေးတောလျက်ရှိသည်။ ဂရေစီယာ၏ အပြုအမူနှင့် ပြောဟန် ဆိုဟန်များကတော့ သဘောမကျစရာမရှိ။ အလုပ်ကျတော့လည်း တာဝန် ကျေသည်။ အလိုက်သိတတ်သော သဘောလည်း ရှိသည်။ မိမိအနေဖြင့် သူ့အား ယုံကြည် စိတ်ချ၍ ဖြစ်ပါ မည်လော။ သူ့ကို ကြည့်ရသည်မှာ နှုတ်လုံပုံလည်းရ၏။ နောက်ဆုံးတွင် ကောင်စစ် ၀န်သည် ဂရေစီယာအား သူ့လူယုံတဦးအဖြစ် မသိမသာ မွေးသွားရန် ဆုံးဖြတ်လိုက်လေသည်။
' ဂရေစီယာ...၊ ငါ မင်းကို တခု မေးချင်တယ် '
ဂရေစီယာက သူ ရပ်နေသော နေရာမှ ရှေ့သို့ တိုးလာပြီး ရပ်သည်။
' ဒီကိစ္စက ငါတို့ရဲ့ ဥယျာဉ်မှူးအသစ် ဂျိုစီနဲ့ ပတ်သက်နေတယ် ' ဘရန်းဒီးက သူ့သောက်လက်စ ကော်ဖီ အပေါ်၌သာ စိတ်ဝင်စားလေဟန်ဆောင်ကာ စကားကို စသည်။ ' တခါ တလေ ဒီကောင် ငါ့သားနဲ့ စကား ပြောပြော နေတာ မင်း မြင်ဖူးသလား '
အဖြေ ချက်ချင်းမရ။ တဒင်္ဂမျှ ငြိမ်ဆိတ်နေသည်။ ဂရေစီယာ၏ မျက်နှာသည် ပြုံးခြင်း ရယ်ခြင်းမရှိ။ မေးခွန်း အတွက် အံ့သြဟန်လည်း မပြ။ တည်တည်ငြိမ်ငြိမ်ပင် ရှိသည်။
' တခါတရံ စကားပြောနေတာ တွေ့ဖူးပါတယ် ဆီညော် ဘရန်းဒီး၊ သူ အလုပ်ခွင်မှာ ရှိနေသမျှ တချိန်လုံး ဆီညော် ရဲ့ သားနဲ့ စကားပြောနေတာပဲ ဆိုတဲ့ အဖြေက ပိုပြီး မှန်ပါလိမ့်မယ်၊ သူတို့ နှစ် ယောက်ဟာ အမြဲတမ်း တတွဲတွဲနေကြတာပါ။ စကားပြောကြတယ်၊ ရယ်ကြတယ်၊ ပြီးတော့ အလုပ်လဲ အတူတူ လုပ်ကြ တယ် '
' အတူတူ အလုပ် လုပ်ကြတယ်...ဟုတ်လား ' သူ၏ သဘောထားအမှန်ကို မဖော်ပြမိအောင် သတိထား နေသည့် ကြားမှပင် ဘရန်းဒီးသည် စိုးရိမ် မကင်းသော အသံဖြင့် အမှတ်မထင် ရေရွက် မိသည်။
' မှန်ပါတယ် ခင်ဗျာ ' ဂရေစီယာက ခပ်ပေါ့ပေါ့ လေသံဖြင့် ထပ်ပြောသည်။ စ၍ စကားပြောပြီ ဆိုကတည်း က ဂရေစီယာသည် ကောင်စစ်ဝန်၏ မျက်နှာကို ဂရုတစိုက် အကဲခတ်ခဲ့သည်။ အခုလည်း အကဲခတ်ဆဲ...။ သူ့မျက်လုံး များသည် ကြောင်တကောင်၏ မျက်လုံးများနှင့်တူသည်။
' ပြီးခဲ့တဲ့ အပတ်ထဲက ဆိုရင် ဆီညော်ရဲ့ သားက အင်္ကျီချွတ်ပြီး ကိုယ်တုံးလုံးနဲ့ ကျွန်တော် ပြူတင်း ပေါက်က လှမ်းမြင်နေရတာပဲ၊ နေပူကြီးထဲမှာ ပေါင်းခုတ် ဓားတလက်နဲ့ အလုပ် ရှုပ်နေတယ် '
' မင်း ဒီအကြောင်း ဘာပြုလို့ စောစောက မပြောခဲ့တာလဲ ' ကောင်စစ်ဝန်က နဖူးကြောများ ထောင် ၍မေး သည်။
' ကျွန်တော် အတင်းပြောတာ ၀ါသနာမပါဘူး ဆီညော် ' ဟု ဂရေစီယာက ပခုံးနှစ်ဖက်ကို တွန့်၍ ဖြေသည်။ ' အတင်းအဖျင်း ပြောတာကို ကျွန်တော် ကိုယ်တိုင်ကလဲ မကြိုက်ဘူးခင်ဗျ၊ ၀န်မင်းရဲ့ သားဟာ အလွန် နူးညံ့ သိမ်မွေ့ တဲ့ ကလေးတယောက်ပါ...၊ လူအေး လူပျော့ကလေး တယောက်လို့ ဆိုရင်လဲ မမှားပါဘူး၊ ပြီးတော့ လူချောကလေး တယောက်ပါ၊ ဟို ...ဂျိုစီဆိုတဲ့ ကောင်ကတော့...၊ ကျွန်တော် ၀န်မင်းကို မေးပါရစေ...၊ ဂျိုစီဟာ ဘာကောင်လဲ '
ကောင်စစ်ဝန် ငြိမ်နေသည်။ သူသည် ဇွန်းတချောင်းကို လက်နှစ်ဘက်နှင့် ကိုင်၍ အမှတ်တမဲ့ လှည့်နေ မိသည်။ တွေးတော၍ ပူမည်ဆိုပါက ပူစရာတွေ တသီကြီး ရှိလာသည်။ ဂရေစီယာကို ဆက်၍ မေးချင်စိတ် ရှိနေသော်လည်း မမေးဝံ့။
' ကျေးဇူးတင်တယ် ဂရေစီယာ ' ဟု သူက ပြောသည်။ ' ငါ မင်းဆီက အကူအညီ အများကြီး ရခဲ့ ပါတယ်၊ မင်းပြောပြ တဲ့ စကားတွေကိုလည်း ငါ ယုံကြည်ပါတယ် '
ဂရေစီယာ က အလွန် အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် တရိုတသေ တလေးတစား ဦးညွတ် လိုက်သည်။
သို့သော်လည်း ကောင်စစ်ဝန်အား ကျောခိုင်းပြီး ထွက်ခွာလာသည့်အခါတွင် မူ သူ့မျက်နှာသည် သိသိ သာသာကြီး ပြောင်းလျက် ရှိသည်။ ကျေနပ်အားရခြင်းကို ဖုံးဖိမထား နိုင်။ သူ၏ စွေစောင်းစောင်း မျက်လုံး အစုံသည် ၀င်းလက်တောက်ပလျက်ရှိသည်။ ပြုံးချင်ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။ ဟန်လည်း ပေါ်နေသည်။ သူ့နှုတ်ခမ်းများတွင် ထင်ဟပ်နေသည့် လှောင်ပြောင်သရော်လိုသော အရိပ် လက္ခဏာ ကတော့ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံး...။
*
တယောက်တည်း ကျန်ခဲ့သော ဟာရင်တန် ဘရန်းဒီးသည် သူ့လက်ချောင်းများဖြင့် စားပွဲကို တဒေါက်ဒေါက် ခေါက်ကာ တွေတွေငေးငေး ဖြစ်လျက်ရှိသည်။ သူသည် နံနက်စာ စားပြီးတိုင်း ဆေးလိပ်ကို အရသာခံ၍ သောက်တတ်သော အလေ့အထ ရှိသူဖြစ်၏။ သို့သော်လည်း အခုတော့ ဖြင့် ဆေးလိပ် ကို သတိမရ။ လောလောဆယ် ဖြစ်ပေါ်နေသည့် သူ၏ဆန္ဒမှာ ဂျိုစီအား ချက်ချင်း အလုပ်ဖြုတ်ပစ်ရန်ဖြစ်သည်။
သို့တစေလည်း အသေအချာပြန်၍ ဆင်ခြင်သုံးသပ်ကြည့်လိုက်သည့်အခါ ဂျိုစီကို အလုပ်မှ ထုတ် ပစ်ရုံမျှဖြင့် သူရင်ဆိုင်နေရသော အခက်အခဲသည် ပြေလည်သွားလိမ့်မည် မဟုတ်ဟု တွက်မိပြန် သည်။ အကယ်၍ အလုပ်ဖြုတ်လိုက်ပါမူ သူနှင့် ဂျိုစီ၏ကြားတွင် ပြဿနာကတော့ ရှိလာနိုင်၏။ ရေးကြီးခွင်ကျယ် မလုပ် လောက်သည့် ကိစ္စတခုကို အကြောင်းပြု၍ မိမိထက် အဆင့်အတန်းအားဖြင့် များစွာ နိမ့်ကျသော ဂျိုစီ လို လူတယောက်နှင့် ဖက်ပြိုင်သင့်ပါ၏လော။
မိမိ၏သား နီကိုလတ်စ်နှင့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံနေ၍ အလုပ်မှထုတ်ပစ် ခြင်းဖြစ် သည်ဟု ဆိုလျှင် လူကြား၍ပင် ကောင်းမည်မဟုတ်။ ဤမျှလောက် ကလေးအတွက် မိမိ လက်အောက် မှ အလုပ်သမား တဦးကို အလုပ်မှ ထုတ်ပစ်သည်အထိ အရေးယူသည့်အတွက် သူ့ သိက္ခာ ကျရမည် မှာကတော့ သေချာလျက်ရှိ၏။ ဘာမှမဟုတ်သည့် အောက်တန်းစားတယောက် အတွက် မိမိ၏ဂုဏ်နှင့် သိက္ခာ ကို အကျခံသင့်ပါ၏လော။
ဂျိုစီကို အလုပ်မှ ဖြုတ်တော့မည်ဆိုပါက သည့်ထက်ကောင်း၍ သည့်ထက်ခိုင်လုံသော အကြောင်း ပြချက် တခု လည်း ရှိသင့်သည်ဟု သူတွေးမိ၏။ ပြီးတော့လည်း နီကိုလတ်စ်သည် သူ့သားဖြစ်သည်။ သူမကြိုက်သောအလုပ်ကို မလုပ်ဖို့ သူ့သားကို သူ တားမြစ်နိုင်ရမည်။ သူတို့ နှစ်ဦး၏ ခင်မင် ရင်းနှီးမှု ကိုမတိုးတက် မကျယ်ပြန့်လာအောင် မိမိကိုယ်တိုင် ဣနြေ္ဒရရ သိက္ခာရှိရှိနှင့် ပိတ်ပင်တားဆီးနိုင်ရမည်။ လောလောဆယ် အခြေအနေအရ ထိုလုပ်နည်းလုပ်ဟန်သည် သူ့ အတွက် အမှန်ကန်ဆုံးနှင့် အကောင်း ဆုံး ဖြစ်လိမ့်မည်ဟု သူ ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက်ရသည် နှင့် တပြိုင်နက် သူ ပထမဆုံး လုပ်သင့်သည့် အလုပ်ကို စဉ်းစားသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ရန်သူဟု သတ်မှတ်ထားသော ဂျိုစီအား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ရမည်။ မိမိက အလုပ်ရှင် အနေဖြင့် အပေါ်စီးရထားသူဖြစ်ရာ ဂျိုစီ၏ စိတ်ကို ချိုးနှိမ်ပစ်ရမည်။
သူ မော်တော်ကားဆီသို့ လျှောက်သွားချိန်တွင် ပီတူးနီးယား ပန်းခင်းကို ရေလောင်းနေသော ဂျိုစီ အား သတိထား မိသည်။ ဂျိုစီကတော့ သူ့ကို မြင်ဟန်မတူ။ ရုံးရောက်ပြန်တော့လည်း တမနက်ခင်း လုံး အလုပ် လုပ်၍ မရ။ ထိုနေ့ မွန်းလွဲပိုင်းတွင် သူသည် ခါတိုင်း အိမ်ပြန်လာနေကျအချိန်ထက် တနာရီ တိတိ စော၍ ပြန်လာသည်။
သူ အပြန်တွင် သူ့သားနှင့် ဂျိုစီတို့ တပူးတွဲတွဲ လုပ်နေကြသည်ကို ဖမ်းမိလိမ့်မည်ဟုလည်း မျှော်လင့် ထားသည်။ သို့သော်လည်း နီကိုလတ်စ်မှာ အိမ်အပေါ်ထပ်တွင် စာကျက်လျက်ရှိ၍ ဥယျာဉ်မှူးဂျိုစီမှာ အိမ်ဝင်း အုတ်ထရံအနီးရှိ မြက်ပင်ကြီး များကြားတွင်ရပ်ကာ မြက်ရိတ်တံစဉ်ကို သွေးနေသည်။ ဟာရင်တန် ဘရန်းဒီး သည် ကားပေါ်မှ ဆင်းမိလျှင် ဆင်းမိချင်း ဂျိုစီထံသို့ တိုက်ရိုက်လျှောက်သွားသည်။
' ငါ မင်းနဲ့ စကားပြောစရာရှိတယ် ... '
' ဟုတ်ကဲ့ပါ ...ဆီညော် ' ဂျိုစီ၏ အသံမှာ တရိုတသေပင်ဖြစ်သည်။ မနေ့ကလို မခံချင်စိတ်နှင့် ယှဉ် သော အသံမျိုးမဟုတ်။ အမူအရာကလည်း ကျိုးကျိုးနွံ့နွံ့ပင် ဖြစ်သည်။ သို့သော်လည်း အလျင်ကလို သူ ပြောသမျှ လုပ်သမျှကို ခေါင်းငုံ့ခံမည့် အမူအရာမျိုးတော့မရှိ။ ရင်ဆိုင်စရာရှိလာလျှင် တိကျပြတ်သားစွာ ရင်ဆိုင် မည့်ပုံမျိုးဖြစ်သည်။ ဂျိုစီ၏ အမူအရာသည် ကောင်စစ်ဝန်၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား သည်။
' မင်း ... နီကိုလတ်စ်နဲ့ စကားမပြောပါနဲ့ '
ဂျိုစီသည် လက်ထဲမှ ဓားသွေးကျောက်ကို အတန်ကြာမျှ စိုက်ကြည့်နေသည်။
' ဘုရားသခင်က ကျွန်တော့်ကို လျှာပေးထားခဲ့ပါတယ် ဆီညော်...၊ ကျွန်တော့်လျှာကို မသုံးရဘူးလို့ တားမြစ် လိုပါသလား... '
' ဟုတ်တယ် ... ငါ တားမြစ်တယ် ' ဟု ကောင်စစ်ဝန်က ဒေါသတကြီးနှင့် ပြောသည်။ ' ငါ့သားနဲ့ ပတ်သက် နေရင် လုပ်ခိုင်းတယ်၊ သူ့ကိုမင်းက မြေတူးခိုင်းတယ်၊ ပေါင်းသင်းခိုင်းတယ်၊ ချုံပင်တွေ ခုတ်ခိုင်း တယ်'
' သူ့ကို သန့်သန်စွမ်းစွမ်း ဖြစ်လာစေချင်တဲ့ စေတနာနဲ့ ကျွန်တော် လုပ်ခဲ့တာပါ ' ဟု ဂျိုစီက ဖြေသည်။ ' အချိန်ရှိသမျှ နာဖျားမကျန်းဖြစ်နေတဲ့ မိန်းကလေးတယောက်လို အိပ်ရာပေါ်မှာချည်း လှဲမနေသင့်ပါဘူး '
' မင်း တော်တော်လူပါးဝတဲ့ အကောင်ပါလားကွ ဟေ ... '
' သူဟာ အလျင်ကထက် အများကြီး ကျန်းမာလာပါတယ် ' ဟု ဂျိုစီက အလျှော့မပေးပဲ ဇွတ်တိုးပြောသည်။ ' ဆီညော်ကိုယ်တိုင် မြင်နိုင်ပါတယ် ...၊ ရောက်စက ဖြူရော်ရော် ၀ါကြန်ကြန်ဖြစ်နေတဲ့ သူ့ အသား အရေဟာ အခုဆိုရင် အညိုရောင်ကို ပြောင်းလာတာ တွေ့နိုင် ပါတယ်..၊
ပြီးတော့ သူကိုယ်တိုင်ကလဲ တံစဉ် ပေါ့ပေါ့ပါးပါးကလေးနဲ့ သဲမြေပေါ်မှာ ပေါက်တဲ့ ကျောက်ခက်ပင်လို အပင်မျိုးတွေကို ရိတ်ရတာ သဘောကျတယ်၊ ကျွန်တော်ကလဲ ဒီလို ပေါ့ပါးတဲ့ အလုပ်မျိုးကိုပဲ ခိုင်းတာပါ၊ ကျွန်တော် နဲ့ နေတဲ့အခိုက်မှာ လေကောင်းလေသန့်ရှူရင်းနဲ့ သူ့အကြော တွေကို အသုံးပြုနိုင်အောင် လုပ်ပေးတဲ့ သဘောပါ '
ဂျိုစီ၏ စကားသည် ဘရန်းဒီး၏ ဒေါသကို ပို၍ ကြီးလာစေသည်။ ဒေါသအရှိန်ဖြင့် တမျက်နှာလုံး ညိုမည်း လာသည်။ သို့သော်လည်း သူ့ဒေါသကို ပေါက်ကွဲမထွက်အောင် ထိန်းချုပ်ထားသည်။ သူ သည် ဂျိုစီအား အံကြိတ်၍ ကြည့်သည်။
' မင်း ငါပြောတာကို လိုက်နာရင် လိုက်နာ မလိုက်နာရင် အလုပ်ကထွက် '
အချိန် အတော်ကြာမျှ ငြိမ်ဆိတ်သွားသည်။ ဂျိုစီက ကောင်စစ်ဝန်၏ မျက်နှာကို မော့ကြည့်သည်။ ချက်ချင်းပင် သူ့အကြည့်ကို အဝေးသို့ ပြောင်းလိုက်၏။ သူ့မျက်နှာမှာ မှုန်မှိုင်းလျက်ရှိလေသည်။
' ကျွန်တော် လိုက်နာဖို့ ကတိပေးတယ် '
သူ၏ သြဇာအာဏာ တည်သွားသဖြင့် ကောင်စစ်ဝန်သည် ကျေနပ်အားရသွားသည်။ သူ့ဘက်က အပေါ်စီးရခိုက်တွင် ဂျိုစီအား ဦးကျိုးသွားအောင် လုပ်ရမည်။ ဂျိုစီ၏ အစွယ်များကို စေစောစီးစီး ချိုးထားမှဖြစ်မည်။ နောင်ကြဉ်သွားအောင် သင်ခန်းစာပေးမှ ဖြစ်မည်ဟု သူတွေးသည်။
ဂျိုစီကတော့ ဘာတခွန်းမှ မပြောတော့ပဲ သူ့အလုပ်ကို ပြန်လုပ်ရန် ဟန်ပြင်သည်။
' နေဦး၊ ပြောစရာကိစ္စ တခုရှိသေးတယ်၊ ဥယျာဉ်က ငါမျှော်လင့်ထားတဲ့ပုံစံ ဖြစ်မလာသေးဘူး၊ ဒီကိစ္စမှာလဲ ငါမကျေနပ်ဘူး၊ ငါ မင်းကို လက်တွေ့ဥပမာ တခုပြမယ်၊ ဟောဒီမှာကြည့် ' ကောင်စစ် ၀န်က ကက်တား ပါးပင် ၏ တဘက်ရှိ မြေကွက်အလွတ်တခုကို လက်ညိုးထိုးပြသည်။
ထိုမြေမှာ မြေကြမ်းမြေရိုင်း ဖြစ်နေဆဲ။ လုံးဝ ပြန်လည် ပြုပြင်ရှင်းလင်းခြင်းမပြုရသေး။ ' မင်း မြင်တဲ့ အတိုင်းပဲ၊ ဒီမြေပေါ်မှာ ဘာမှမရှိဘူး၊ မြေလွတ်ကြီး၊ ဒီမြေကို ကျောက်ဆောင် ကျောက်တုံးတွေ ခင်းပြီး၊ ကြည့်လို့ လှပမယ့် ကျောက်ပန်းဥယျာဉ်တခု လုပ်မယ်လို့ ငါ စိတ်ကူးထားတယ် '
' ကျောက်ပန်း ဥယျာဉ် လုပ်မယ် ဟုတ်လား ဆီညော် ' ဂျိုစီက တအံ့တသြ ရေရွတ်သည်။
' ဟုတ်တယ်၊ ဟောဟိုဘက် အနိမ့်ထဲမှာရှိနေတဲ့ မြေကွက်ထဲက ကျောက်တုံးကို မင်းသယ်ပြီး လုပ်နိုင်တယ် '
ဂျိုစီက ကောင်စစ်ဝန် ညွှန်ပြနေသော မြေကွက်ကို လှမ်းကြည့်သည်။
' ဒီကျောက်တုံးကြီးတွေက အကြီးကြီးတွေပဲ၊ သယ်ဖို့မလွယ်ဘူး၊ သိပ်လေးပါတယ် ... ဆီညော် '
' မင်းက အလုပ်ကြမ်း လုပ်ရမှာ ကြောက်နေသလား ' ဘရန်းဒီးက မလိုတမာ အသံဖြင့် သရော် သည်။
' အလုပ်ကြမ်း လုပ်ရမှာ မကြောက်တဲ့ အကြောင်းကို ကျွန်တော် လက်တွေ့ပြခဲ့ပြီးပါပြီ ဆီညော် ' ဂျိုစီက သူ့အသံကို ထိန်း၍ ပြောသည်။ သူ့ လေသံမှာ မသိနားမလည်သော ကလေးငယ် တယောက်အား နားဝင်အောင် ရှင်းလင်း ပြောပြနေသည့် လေသံမျိုး ...။ ' ဒါပေမယ့် အဲဒီ မြေကွက် ပေါ်က ကျောက်တုံးကြီးတွေကို ဒီဘက်ရွှေ့ဖို့ ဆိုတာက အလုပ်သမားအများကြီး လိုလာပါလိမ့်မယ်၊ သံကြိုးတွေနဲ့ ကရိန်း တခုလဲ ရှိမှဖြစ်မှာပါ '
' အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောမနေပါနဲ့ကွာ၊ လူတော်တယောက်ဆိုရင် တယောက်တည်း လုပ် နိုင်တဲ့ အလုပ်မျိုးပါ '
' ဆီညော်ဟာ လူတော် တယောက်ပါ ခင်ဗျာ၊ ဆီညော် တယောက်တည်း ဒီကျောက်တုံးတွေကို သယ်နိုင် ရွှေ့နိုင် ပါ့မလား' ဟု ဂျိုစီက လေအေးကလေးဖြင့် ပြန်မေးသည်။
' မင်း ငါ့ကို စောကား မော်ကား မပြောနဲ့ '
ဂျိုစီသည် နှုတ်ခမ်းကို ကိုက်ကာ အနိမ့်ပိုင်းထဲမှ မြေကွက်ဆီသို့ ငေးကြည့်နေသည်။ ကျောက်ဆောင် ကျောက်တုံး များမှာ သေးသေးငယ်ငယ်များ မဟုတ်။ အလွန် ကြီးမားသော ကျောက်တုံးကြီးများဖြစ်သည်။ အချွန် အတက်များနှင့် အလွန်ကြမ်းသော ကျောက်တုံးကြီးများ ဖြစ် သည်။ အချို့ကျောက်တုံးကြီးများသည် မြေကြီး ထဲတွင် နစ်ဝင်လျက် ရှိကြသည်။ ပို၍ ဆိုးသည်မှာ တခြားမဟုတ်။
အချို့ နေရာများတွင် ယူကလစ်ပင် အမြစ်များသည် ကျောက်တုံးကြီးများ အောက်ခြေဘက်၌ တွယ်ပတ် မြုပ်ဝင်လျက် ရှိခြင်းဖြစ်၏။ ဤကျောက်တုံးကြီးများအား သယ်ဖို့ ရွှေ့ဖို့ဆိုသည်မှာ အလွန် အလွယ် ကူသော အလုပ်တခုဖြစ်၏။ လုပ်၍ ဖြစ်မြောက်နိုင်သည် ဆိုဦး တော့...။ အဆမတန် အပင်ပန်း ခံရပေလိမ့်မည်။ ပီလိုတာ ဘောလုံးပွဲအတွက် မွေးထားသည့် ခွန်အား ဟူသမျှ အကုန်ခံရပေလိမ့်မည်။
ဤအလုပ် မှာ မလုပ်ခင် ကတည်းက စဉ်းစား တွေးတောရုံမျှဖြင့် ဂျိုစီမှာ စိတ်ထိခိုက် ကြေကွဲခြင်း ဖြစ်ရ သည်။
မလုပ်နိုင်ဟု ငြင်းဆန်ဖို့ ဆိုသည်မှာလည်း သူ့အဖို့ မလွယ်။ သူ့အိမ်အခြေအနေမှာ ကောင်းသည် မဟုတ်၊ သူ့အမေ ဆိုလျှင် တနေကုန် တနေခန်း မိုးလင်းမှ မိုးချုပ် အများသုံး ရေချိုးကန်တွင် ထိုင်၍ အ၀တ် လျှော်ရသည်။ ရသည့် လုပ်ခက မဖြစ်စလောက်။ သူ့အောက် ညီမငယ် ငါးယောက်မှာ လူလား မြောက်ကြသေးသည်မဟုတ်။ သူတု့သည် စာပေါက်စကလေးများ သဖွယ် အမြဲတစေ ပါးစပ်များကို ဟလျက် အစားအစာကို ငံ့လင့်နေကြသူများ ဖြစ်၏။ သူ့အဘိုး ပက်ဒရိုကိုတော့ ထည့်၍ စဉ်းစားရန်ပင် မလို။ သူ့အဘိုးမှာ အိုမင်းမစွမ်း အရွယ် ရောက်နေပြီဖြစ်၍ ၀င်ငွေ တပြားတချပ်မှ ရှာဖွေ နိုင်တော့ သည်မဟုတ်။ အမှန်တော့ သူ့အမေ အပါအ၀င် တအိမ်သား လုံးသည် သူ့လုပ်စာကို မှီခိုနေရသူများဖြစ်၏။
သို့ဖြစ်ရာ အခု ကောင်စစ်ဝန်ခိုင်းသည့် အလုပ်ကို သူမလုပ်၍ မဖြစ်။ နောက်ဆုံး ဖြစ်လိုရာ ဖြစ်စေ တော့ဟု သဘောထားကာ လုပ်ရမည်သာ ဖြစ်သည်။ အရေးကြီးသည်မှာ ရထားသည့် အလုပ်မှ မပြုတ်ရန် သာဖြစ်၏။ ထို့အပြင်လည်း နီကိုလတ်စ်၏ မျက်နှာက ရှိသေးသည်။ ဘာကြောင့် ရယ်တော့ မသိ...။ နီကိုလတ်စ် ကို သူ တွေ့စကတည်းက ညီလေး တယောက်သဖွယ် ခင်မင်မိခဲ့ သည်။ သူသည် တွေဝေ ငေးငိုင် နေရာမှ တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ကောင်စစ်ဝန် အား မော့်ကြည့်သည်။
' ကောင်းပြီလေ...၊ ကျွန်တော် လုပ်မယ် '
' အေး ... ၊ ငါကလဲ မင်း လုပ်လိမ့်မယ်လို့ ထင်ထားပြီသားပါ ' ဟု ဘရန်းဒီးက လှောင်ပြောင် သရော်သံဖြင့် ပြောသည်။ ' ကောင်းကောင်း လုပ်ပေါ့ကွာ၊ မလုပ်နိုင်တော့လဲ မင်း ဘာကြောင့် မလုပ်နိုင်ရသလဲဆိုတဲ့ အကြောင်း ကို ငါ သိလားရမှာပေါ့ '
သူသည် နောက်သို့ လှည့်ကာ အိမ်ဘက်သို့ ပြန်လျှောက်လာသည်။ သူ၏ လက်ကိုင်တုတ်နှင့် ဦးထုပ်ကို ဆီးကြို၍ ယူရန် တံခါးဝမှ ရပ်စောင့်နေသော ဂရေစီယာကို ကျေနပ်နှစ်သိမ့်လှသော အမူအရာဖြင့် ခေါင်း တချက် ဆတ်ပြပြီး အိမ်ထဲသို့ ၀င်သည်။ ယနေ့ည ဘုရားရှိခိုးအပြီးတွင် သူ့သားနီကိုလတ်စ်နှင့် ပြောစရာ ရှိသမျှ စကားများကို ပြောရပေဦးမည်။
*
နောက်တနေ့ နံနက်မှစ၍ ဂျိုစီသည် ကျောက်ပန်းဥယျာဉ်ကို စလုပ်သည်။ သူ့တွင် လက်နက် ကိရိ ယာ ပြည့်ပြည့် စုံစုံ မရှိ။ ရှိသမျှမှာလည်း သိပ်ပြီး အရာရောက်နိုင်သည့် ပစ္စည်းများမဟုတ်။ ပေါက်ချွန်း တလက်၊ သံတူရွင်း နှစ်ချောင်းနှင့် ၀င်ရိုးပျက်နေသော လက်တွန်းလှည်း တစ်စီးသာ ဖြစ်သည်။ အများအားဖြင့် ကျောက်တုံးကြီးများမှာ မြေကြီးထဲ နစ်ဝင်နေကြသဖြင့် သံတူရွင်းများကို ကုပ်သဖွယ် အသုံးပြု၍ ကော်ထုတ် ရသည်။ ထို့နောက် လက်တွန်းလှည်းပေါ်တင်၍ ဆွဲယူရသည်။
တင်၍ မရသည့် အခါများတွင်မူ ကျောက်တုံးကြီးများကို ကြိုးနှင့်ချည်၍ လှည်းနှင့် ဆွဲယူရသည်။ ကျောက်တုံးများ တည်ရာမြေနှင့် ဥယျာဉ်မြေမှာ ဂိုက်ငါးဆယ်ကျော်ကျော် ခန့်ဝေးသဖြင့် များစွာ အပင်ပန်းခံ၍ သယ်ရလေသည်။ ကျောက်တုံးကြီးများ၏ အောက်ခြေသို့ သံတူရွင်းများကို ကုပ်သဖွယ် ထိုးသွင်း ၍ မထားပြီးခါမှ ပြန်၍ ကျသွားသည့် အခါများတွင် ဂျိုစီမှာ အကြီးအကျယ် စိတ်မောလူမော ဖြစ်ရသည်။
ဤအဖြစ်မှာ မကြာခဏ ကြုံရသောအဖြစ်တခုမို့ ကြာတော့လည်း အရေထူလာသည်။ တခါတရံတွင် တွန်းလှည်းပေါ် ရောက်နေပြီဖြစ်သော ကျောက်တုံးသည် အမြင့်ပိုင်း ရောက်လုနီးခါမှ ထွက်ကျပြီး အောက်ဘက်သို့ ပြန်၍ လိမ့်ဆင်းသွားတတ်သည်။ ထိုအခါမျိုးတွင်လည်း ဂျိုစီမှာ စိတ်ပျက်လက်ပျက်ဖြင့် တခေါက် ပြန်၍ သယ်ရတတ်လေသည်။
အလုပ်ကတော့ အဆမတန် ပင်ပန်းလွန်းလှချေသည်။ ရာသီဥတုကလည်း ပူနွေးသော ရာသီဖြစ်၍ ပို၍ ခက်ခဲ ပင်ပန်း ရခြင်းဖြစ်၏။ မနက်ပိုင်း အရုဏ်တက်ချိန်လောက်တွင်သာ အအေးဓာတ်ရှိ၍ နေထွက် လာသည်နှင့်တပြိုင်နက် အပူရှိန်သည် သိသိသာသာ တက်လာတတ်သည်။ ဂျိုစီ၏ လက်နှစ်ဘက်မှာ ကျောက်တုံး အစွန်းများနှင့် ထိခိုက်မိသဖြင့် ဒဏ်ရာအနာအဆာများနှင့် ဗရပွ ဖြစ် လာသည်။ ပေါက်ပြဲ နေသော ထိုဒဏ်ရာများမှ သွေးများသည် စို့ထွက်နေကြ၏။
တကိုယ်လုံးမှာလည်း ရေချိုးထားသည့်နှယ် ချွေးများဖြင့် ရွှဲရွှဲစိုလျက် ရှိသည်။ နဖူးမှ ချွေးသီးချွေးပေါက်ျား သူ့မျက်စိများအတွင်းသို့ စီးမ၀င်စေရန်အတွက် သူ့လက်ကိုင်ပ၀ါ အနီကို နဖူးမှ ပတ်၍ စည်းထား ရလေသည်။ သူ့အတွက် စိတ်ချမ်းမြေ့စရာ အကောင်းဆုံးအချိန်မှာ တချိန်သာလျှင်ရှိ၏။ ထိုအချိန်မှာ လိမ္မော်ရောင် နေလုံးကြီး အနောက်ဘက်ပင်လယ် ရေပြင် အောက်သို့ ငုပ်ဆင်းသွားသည့် အချိန်ပင်တည်း။
ဤမျှလောက်အထိ ပင်ပန်းကြီးစွာ လုပ်နေရသော်လည်း ဂျိုစီသည် အလုပ်ကို ဆက်မလုပ်ပဲ ရပ်လိုက်တော့ မည်ဟု စိတ်ကူးခြင်းမပြု။ မတရားသဖြင့် ခိုင်းမှန်းလည်း သူသိသည်။ မတရားသဖြင့် လုပ်မှန်း သိ၍ပင် သူ့စိတ် သည် တိုး၍ခိုင်မာလာသည်ဟု ထင်သည်။
ဤသို့ဖြင့် ရက်တွေ တရက်ပြီးတရက် ကုန်လာသည်။ သူကလည်း နေ့စဉ်မှန်မှန်ပင် သူ လုပ်ရမည့် အလုပ် ကို လုပ်သည်။ ပန်းခုံးအောက်တွင်ထိုင်၍ စာကျက်နေရသော နီကိုလတ်စ်သည် သူ့မိတ်ဆွေ ဂျိုစီ၏ အဖြစ် ကို ကြည့်၍ စိတ်မကောင်းဖြစ်နေရသည်။ အလွန်လေးလံသော ကျောက် တုံးကြီးများကို မနိုင့်တနိုင် သယ်ယူ ရသည့်အဖြစ်မှာ သူ အမြဲတစေ မြင်တွေ့နေရသောရှုခင်းဖြစ်နေသည်။ ကျောက်တုံးတတုံး ဂျိုစီ၏ ခြေထောက် ပေါ် ကျသွားသည်ကို မြင်တွေ့လိုက်ရသည့် အခါကဆိုလျှင် သူ့မှာ များစွာ စိတ်ထိခိုက်ခဲ့ရ၏။
အဆိုးဆုံးကား တခြား မဟုတ်။ ဂျိုစီက သူ့ကို မကြည့်ခြင်းပင်တည်း။ သူ့ရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်နေ သော်လည်း သူ့ကို လှည့်မကြည့်။ အမှတ်တမဲ့ မျက်နှာချင်း ဆိုင်မိပြန်တော့လည်း ပြုံးဖော် ရယ်ဖော် ပင်မရ။ သူ့ မျက်နှာသည် အမြဲတစေ ရှေ့တည့်တည့်ကိုသာ စူးစိုက်ထားသည်။ သူ မျက်နှာမှာ ယခင်ကလို ရွှင်ရွှင် လန်းလန်းမရှိ။ တစုံတခုသော အကြောင်းကြောင့် နာကျည်းဟန် ပေါက်လျက်ရှိလေသည်။
နီကိုလတ်စ် အနေဖြင့် ဂျိုစီအား စကား ပြောချင်ပါ၏။ မပြောဝံ့။ ဤအဖြစ်ကြောင့် သူ့နှလုံးသားမှာ နာကျင် ရသည်။ သူ့အဖေက ဘာကြောင့် ဂျိုစီအား စကားမပြောရဟု ပိတ်ပင်ထားရပါသနည်း..။ သူ့ အဖေ၏ သဘောထားနှင့် သူ့အဖေ၏ အမိန့်ကို သူ နားမလည်။ သူ့အနေဖြင့် သူ့ အဖေကို ချစ်ပါ၏။ ဤအချက် နှင့် ပတ်သက်၍ နည်းနည်းကလေးမှ သံသယဖြစ်စရာမရှိဟု သူ ထင်သည်။ တဘက်တွင်လည်း ဂျိုစီအား သူချစ်သည်။ သို့သော်လည်း ဂျိုစီကို ချစ်ပုံနှင့် သူ့အဖေကို ချစ်ပုံမှာ တူတော့မတူ။ တမျိုးစီ တဘာသာစီ ဖြစ်သည်။ သူ့ အဖေသည် ဘာကြောင့်များ သူတို့ နှစ်ယောက် ၏ခင်မင်မှုကို တားမြစ် ပိတ်ပင် ချင်ရပါသနည်း။
ရုတ်တရက် သူ့ ခေါင်းထဲသို့ စိတ်ကူးတခု ၀င်လာသည်။ သူ့ စိတ်ကူးမှာ သူတို့နှစ်ယောက်အတွက် ထွက်ပေါက် တခုဖြစ်သည်။ ဤစိတ်ကူး အတိုင်းသာ လုပ်လျှင် သူ့အဖေ၏ အမိန့်ကို မလိုက်နာရာ ရောက်လိမ့် မည်မဟုတ်။ ဂျိုစီနှင့်လည်း အဆက်အသွယ် ပြတ်စရာအကြောင်းမရှိ။ သူသည် အတန် ကြာမျှ ငိုင်၍ စဉ်းစားနေသေးသည်။ ထို့နောက် စားပွဲပေါ်မှ စာရေးစက္ကူတရွက်ကို ယူကာ ခဲတံဖြင့် စာတစောင် ရေးသည်။
ချစ်သောဂျိုစီ ...
ကျွန်တော် ခင်ဗျားနဲ့ စကားမပြောပါဘူးလို့ ကတိပေးထားရတယ်။ ဒါပေမယ့် ခင်ဗျားဆီ စာမရေးပါဘူးလို့တော့ ကတိ ပေးမထားဘူး။ ဒါကြောင့် ကျွန်တော် ဒီစာကို ရေးတာ၊ အခုလို စာရေး တာတော့ ကျွန်တော် မမှားဘူးလို့ ထင်တယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ စာရေးရမှာပဲ။ ဘာကြောင့် လဲ ဆိုတော့ ကျွန်တော် ခင်ဗျားကို သိပ် သတိရလို့ပါ။ ညအိပ်တဲ့ အချိန်ဆိုရင် ခင်ဗျားကို သတိရလွန်းလို့ အိပ်လို့ တောင် ကောင်းကောင်းမပျော်ဘူး။
ဂျိုစီရာ ခင်ဗျား သိပ်အပင်ပန်းခံတယ်။ သိပ်ပြီးတော့လဲ မလုပ်နဲ့ဗျာ။ နားနားနေနေ လုပ်ပါ။ ကျွန်တော် ခင်ဗျားကို ကူညီပြီး လုပ်ကိုင်ပေးချင်ပါတယ်။ တကယ်ပါ။ ကျွန်တော်တို့ ပန်းပင်တွေ စိုက်ကြတုန်းက ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ ကျွန်တော်ဟာ သိပ်ပြီး အကူအညီရတာပဲလို့။
တကယ်လို့ ခင်ဗျားကျောအောင့်ရင် မာရီယာကို ခေါ်ပြီး နှိပ်ခိုင်းပေါ့ဗျာ။ ဒီစကားက ခင်ဗျား ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ စကားပဲ။ ကျွန်တော် ခင်ဗျားနဲ့အတူတူ အလုပ် မလုပ်နိုင်ပေမယ့် ခင်ဗျား သင်ထားတဲ့ ကာယ လေ့ကျင့်ခန်း တွေကို မှန်မှန် လုပ်တယ်။ ဒါကြောင့်မို့ အလျင်ကလို သန်သန် မာမာပဲ၊ နောက်တနေ့ကျရင် ကျွန်တော် လည်း ခင်ဗျားလို ပီလိုတာ ဘောလုံးသမားကောင်း တယောက်ဖြစ်ချင် ဖြစ်လာမှာပါဗျာ။ စာပြန် ရေးပါ။ ခင်ဗျား သဘောထားကိုလည်း ထည့်ရေးဖို့ မမေ့ပါနဲ့။
ဟိုနေ့က ခင်ဗျားရလာတဲ့ငါးတွေကို အဘိုးပက်ဒရိုနဲ့ ညီမလေး ငါးယောက်က ကြိုက်ကြတယ် မဟုတ်လား။
ခင်ဗျား ကလည်း ကျွန်တော့်ကို သတိရနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။
နီကိုလတ်စ်
စာရေးပြီးသောအခါ နီကိုလတ်စ်သည် စက္ကူကို သေးသေးကလေး ဖြစ်သွားအောင် အထပ်ထပ် ခေါက်သည်။ အိမ်ပြူတင်းပေါက်များမှ သူ့အား ချောင်းမြောင်းကြည့်နေသူ ရှိ မရှိ မသိမသာ မျှော် ကြည့်ရင်း ဂျိုစီ သူ့ရှေ့မှ ဖြတ်အသွားကို စောင့်နေသည်။ ဂျိုစီ သူ့ရှေ့တည့်တည့် ရောက်သည်နှင့် တပြိုင်နက် လက်ထဲ၌ ဆုပ်ထားသော စက္ကူခေါက်ကလေးကို တွန်းလှည်းပေါ်သို့ လှမ်းပစ်လိုက်၏။ စာရွက် ခေါက်ကလေးသည် တွန်းလှည်းပေါ်ရှိ ကျောက်တုံးနှစ်တုံးကြားသို့ ကျရောက် ပျောက်ကွယ် သွားလေ၏။
ဂျိုစီကတော့ အံ့အားသင့်သွားသည့် အရိပ်အရောင် မပြ။ တွန်းလှည်းကို အရှိန်မပျက် ဆက်၍တွန်း သွားသည်။ သူပစ်ထည့်လိုက်သည့် စာကို မမြင်၍များလား။ နီကိုလတ်စ်သည် သူ့အတွေးနှင့်သူ ရင်ခုန် လျက်ရှိသည်။ ဂျိုစီဘက်သို့ တချက်လှမ်းကြည့်သည်။
ဂျိုစီသည် တွန်းလှည်းအတွင်းမှ ကျောက်တုံးများကို သွန်ချလိုက်ပြီး စာရွက်ခေါက်ကို ဆက်ကနဲ ကောက်ယူကာ လက်နှင့် ဆုပ်ထား သည်။ ထို့နောက် အောက်ဘက်မြေကွက်ဆီသို့ ပြန်ဆင်းသွားသည်။ သူသည် တခါတရံ တွင် ပစ္စည်းများထားရာ တဲ အတွင်းသို့ဝင်၍ ရေသောက်ရင်း အမောဖြေတတ်သည်။ အခု တခေါက် တွင်လည်း တော်တော်နှင့် ပြန်၍ ပေါ်မလာ။ သူ ပြန်ပေါ်လာသည့်အခါတွင်မူ သူ့နားတဘက် ၌ ခဲတံ တချောင်း ညှပ်ထားသည်ကို မြင်ရလေသည်။
ဂျိုစီသည် စောစာကလိုပင် ပုံမှန်ပြန်လျှောက်လာသည်။ သူ့ရှေ့မှ အဖြတ်တွင် တချက်မျှပြုံးသည်။ ဂျိုစီ၏ လက်တဘက်သည် သွက်လက်လျင်မြန်စွာ လှုပ်ရှားသွားသည်။ တဆက်တည်းပင် သူ့ ရင်ခွင်ထက်သို့ ကျစ်ကျစ် လျစ်လျစ် ထုပ်ထားသော စာရွက်ခေါက်တခုကျလာသည်။
နောက် တခဏတွင် ဂျိုစီသည် ပိုင်ယာတဲလ် ပန်းချုံနောက်ဘက်သို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။
ဂျိုစီ ကတော့ အံ့အားသင့်သွားသည့် အရိပ်အရောင် မပြ။ တွန်းလှည်းကို အရှိန်မပျက် ဆက်၍ တွန်း သွားသည်။ သူပစ်ထည့်လိုက်သည့် စာကို မမြင်၍များလား။ နီကိုလတ်စ်သည် သူ့အတွေးနှင့်သူ ရင်ခုန် လျက်ရှိသည်။ ဂျိုစီဘက်သို့ တချက်လှမ်းကြည့်သည်။
ဂျိုစီသည် တွန်းလှည်းအတွင်းမှ ကျောက်တုံးများကို သွန်ချလိုက်ပြီး စာရွက်ခေါက်ကို ဆတ်ကနဲ ကောက်ယူကာ လက်နှင့်ဆုပ်ထား သည်။ ထို့နောက် အောက်ဘက်မြေကွက်ဆီသို့ ပြန်ဆင်းသွားသည်။ သူသည် တခါတရံတွင် ပစ္စည်းများထားရာ တဲအတွင်းသို့ဝင်၍ ရေသောက်ရင်း အမောဖြေတတ်သည်။ အခု တခေါက်တွင် လည်း တော်တော်နှင့် ပြန်၍ပေါ်မလာ။ သူ ပြန်ပေါ်လာသည့်အခါတွင်မူ သူ့နားတဘက် ၌ ခဲတံ တချောင်း ညှပ်ထားသည်ကို မြင်ရလေသည်။
ဂျိုစီသည် စောစောကလိုပင် ပုံမှန် ပြန်လျှောက်လာသည်။ သူ့ရှေ့မှ အဖြတ်တွင် တချက်မျှပြုံးသည်။ ဂျိုစီ ၏ လက်တဘက်သည် သွက်လက်လျင်မြန်စွာ လှုပ်ရှား သွားသည်။ တဆက်တည်းပင် သူ့ရင်ခွင်ထက်သို့ ကျစ်ကျစ်လျစ်လျစ် ထုပ်ထားသော စာရွက်ခေါက်တခုကျလာသည်။ နောက် တခဏတွင် ဂျိုစီသည် ပိုင်ယာတဲလ် ပန်းချုံနောက်ဘက်သို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။
နီကိုလတ်စ် သည် အခုမှ စိတ်အေးသွားသည့်နှယ် သက်ပြင်းတချက် ချလိုက်ပြီး စာကို ကောက်ယူ သည်။ လက်ရေးက ၀ိုင်းဝိုင်းစက်စက်...။ သပ်သပ် ရပ်ရပ် ညီညီညာညာတော့ မဟုတ်။ ခဲတံအမာ စားနှင့် ရေးထား သည့် ဂျိုစီ၏ လက်ရေး...။
နီကိုလတ်စ် ...
မင်းက ငါ့ထက်ဦးနှောက်ကောင်းတယ်။ ဦးနှောက်ကောင်းလို့မင်း ဒီနည်းလမ်းကို သိတာပေါ့။ စာထပ်ရေးဦးကွာ။ စာရေးတာကတော့ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ အခု ငါ လုပ်နေ ရတဲ့ အလုပ်က မဖြစ် လောက်ပါဘူးကွာ။ မင်းလည်း သိသားပဲ။ ငါက အင်ဒါလူစီယန် မြည်းတကောင်လို ပေတေတေ ကောင်စားပါ။
အင်ဒါလူစီယန် အလွန် ဇွဲကောင်းတယ်ကွ။ သိလား။ စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် တနင်္ဂနွေကျလို့ အေရင်းရိုးမြစ်ကို သွားပြီး ငါးမျှားတဲ့အခါ ငါ ကောင်း ကောင်း အနားရပါတယ်ကွာ။ အေရင်းရိုး မြစ်ကိုသွားတဲ့အခါ မင်းပါ လိုက်လာနိုင်ရင် သိပ်ကောင်းမှာပဲ။ ညီမလေးငါးယောက်လည်း နေကောင်းကြပါတယ်။
အဘိုးပက်ဒရိုကတော့ ဟိုနေ့က ငါးကို အငမ်းမရ စားတာပေါ့ကွာ။ မင်း ... ငါ့ကို သတိရတယ်ဆိုတာ တကယ် မှ ဟုတ်ရဲ့ လားကွာ။ မင်းက သတိရတယ်ဆိုတော့လည်း ငါ့မှာ အားတက်တာပေါ့ကွာ။
ဂျိုစီ
နီကိုလတ်စ်သည် စာကိုဖတ်ကာ ၀မ်းသာလုံးဆို့လျက် ရှိသည်။ ဂျိုစီ သူ့ကိုအခင်အမင်မပျက်သေး။ သူ့ကို သတိရနေဆဲ။ သူသည် တချက်မျှ အသံထွက်၍ ရယ်လိုက်ပြီး ခဲတံကို လှမ်းယူပြန်သည်။
ခင်ဗျားလို ဆန်ဂျော်ဂျီမြို့ပေါ်မှာ အကောင်းဆုံး ပီလိုတာဘောလုံးသမားတယောက်ဟာ အင်ဒါလူစီယန် မြည်းတကောင်နဲ့ ဘယ်လိုလုပ်ပြီး တူမှာလဲဗျာ။ မတူပါဘူး။ ပြီးတော့လဲ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အခင် မင်ဆုံးနဲ့ အကောင်းဆုံး သူငယ်ချင်းမဟုတ်လား။
အလျင်တုန်းက ကျွန်တော့်မှာ သူငယ်ချင်းတယောက်မှ မရှိခဲ့ဘူး။ အခု ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ရလို့ ကျွန်တော် အရမ်းဝမ်းသာတာပဲ။ ဟဲ ... ဟဲ။ ခင်ဗျားရဲ့ လက်တွန်းလှည်း ၀င်ရိုးကို ဘာပြုလို့ ဆီမထိုး တာလဲဗျာ။ တကျည်ကျည်နဲ့ လွှတ်နားငြီးတယ်ဗျ။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ အဲဒီ အသံကို ကျွန်တော် နားထောင် နိုင်ပါတယ်။ အဲဒီအသံက ကျွန်တော့်အဖို့ တေးဂီတသံ တမျိုးနဲ့ တူတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအသံကြားနေရရင် ခင်ဗျားဟာ ကျွန်တော့်ရဲ့ အနီးအနားမှာ ရှိနေတယ်ဆိုတာ သိနိုင်တယ် မဟုတ်လား။ ကျွန်တော်ဖြင့် ပျော်တယ်ဗျာ။
နီကိုလတ်စ်
ထုံးစံအတိုင်း နီကိုလတ်စ်၏ စာသည် ဂျိုစီ၏ လက်တွန်းလှည်းထဲသို့ ရောက်သည်။ ခဏမျှကြာတော့ ဂျိုစီ၏ စာသည် နီကိုလတ်စ်၏ ခြေရင်းရှိ ခြေသုတ်ခုံပေါ်ရောက်လာသည်။ ခဏမျှကြာတော့ ဂျိုစီ၏စာသည် နီကိုလတ်စ်၏ ခြေရင်းရှိ ခြေသုတ်ခုံပေါ်ရောက်လာသည်။
ငါ့လှည်းဝင်ရိုးကို တကျည်ကျည်မြည်နေအောင် ငါတမင် လုပ်ထားတာကွ။ ဒါမှ ဥယျာဉ်မှူး ငပျင်း တကောင် အလုပ် တကယ်လုပ်နေတယ်ဆိုတာ လူတိုင်းသိမှာ။ ဒါပေမယ့် မင်း အတီးအမှုတ် ၀ါသနာ ပါတယ်ဆိုရင်တော့ တနေ့လောက် ငါ ကလဲရီနက် မှုတ်ပြမယ်။ ငါတို့ ကက်တာလန် စပိန် တေးဂီသံတွေကို မင်းကြားရင် မင်း ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်ဘူး။ ထပြီး ခုန်ပေါက်နေမှာ သေချာ တယ်။ ငါတို့ နှစ်ယောက်စာရေးပြီး စကားပြောရုံမကဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့ ဘောလုံးကစားနိုင် တဲ့နည်းပါ ရှိတယ်ကွ။ ငါလဲ လူအ လူနတယောက် မဟုတ်ပါဘူးကွာ။
မြည်း ဂျိုစီ။
ထို့နောက် နီကိုလတ်စ်ထံမှ စာ ...။
ခင်ဗျားက မြည်းဆိုရင် ကျွန်တော်က သန်းတကောင်ဖြစ်ရမှာပေါ့ ဂျိုစီရာ။ ဒါမှလဲ ဘယ်သူမှ အမြင်မခံရပဲ ခင်ဗျားနဲ့ တွဲနိုင်မှာဗျ။ ပြီးတော့ ခင်ဗျားခုန်ချင်သလောက်ခုန် ကျွန်တော် လွင့်စင် ထွက်မသွား နိုင်ဘူး။ ဒါပေမယ့် တခုတော့ သေချာတယ်ဗျ။ ခင်ဗျားက ကျွန်တော့်ကို မခင် တော့ဘူးဆိုတဲ့ တနေ့ကျရင် ကျွန်တော် ခင်ဗျားကို တအားကိုက်ထားနိုင်တယ် ...။
သန်း နီကို။
နောက်တခေါက် နီကိုလတ်စ် ရှေ့မှ ဖြတ်သွားသည့်အခါ ဂျိုစီသည် မပြုံးတော့ပေ။ စာကိုတော့ ထုံးစံအတိုင်း ပစ်သွားသည်။
နီကိုရေ...သတိ။ ဂရေစီယာဆိုတဲ့ ကောင်ကြီး ၀င်းခြံနားမှာ ရပ်နေတယ်။ ငါတို့ လုပ်နေ တာတော့ မမြင် ပါဘူး။ ဒါပေမယ့် စာတွေ ဆက်ရေးနေလို့မဖြစ်တော့ဘူး။ ရပ်ထားဦးမှ။ မနက်ဖြန် ပေါ့ကွာ။ ငါမင်းကို သတိရ နေပါတယ်။
ဂျိုစီ
နီကိုလတ်စ်သည် ထိတ်လန့်သော စိတ်ဖြင့် တကိုယ်လုံး တောင့်တင်းသွားသည်။ ရုတ်တ ရက် ဘာလုပ်ရမှန်း မသိ။ သို့သော်လည်း ချက်ချင်းပင် သူ့ကိုယ်သူ ဟန်မပျက်အောင် ထိန်းကာ ဂျိုစီ၏စာကို ရှပ်အင်္ကျီ အိတ်ကပ်ထဲသို့ ထိုးထည့်သည်။ သူ ဖတ်ခဲ့ဖူးသော စာအုပ်များထဲမှ စာဖျောက်ဖျက် နည်းတနည်းကို သူ သိထားသည်။ စာကို ၀ါးချေပြီး မျိုချလိုက်ရန်ဖြစ်သည်။ သို့သော်လည်း စာရွက်တွေက သေးသေး မဟုတ်။ ကြီးနေသဖြင့် ၀ါးဖို့မလွယ်။ မျိုချ၍လည်းမဖြစ်။
ထို့ပြင်လည်း ဂျိုစီ၏စာများကို သူ အမှတ်တရ သိမ်းချင်သည်။ သူ့အင်္ကျီအိတ်ကပ်ထဲမှ ဂျိုစီ၏ စာ သည် ခိုးလိုး ခုလု ဖြစ်လျက်ရှိသည်။ သူ့အသက် ရှူလိုက်တိုင်း တလှုပ်လှုပ်ဖြစ်ကာ သူ့အသားကို ပွတ်တိုက် လျက်ရှိလေသည်။
အခန်း (၈) ဆက်ရန်
.
2 comments:
အဲဒီကောင်စစ်ဝန်ကတော့နော်..
ကောင်စစ်ဝန်ဖြစ်တာပဲတော်လှပီ။အတော်အတ္တကြီးတယ်..
မြတ်နိုး
စောင့်စောင့်ပြီး ဖတ်နေတယ် မရွှေစင်ရေ. .
Post a Comment