အခန်း (၂၅)
ဗိုလ်ကြီးကို ရွက်ဖျင်တဲထဲ သယ်ယူလာကြသည်။ ခွဲစိတ်စားပွဲပေါ်တွင် ညင်ညင်သာသာ တင်လိုက်ကြ သည်။
သူနာပြုဆရာမက ဗိုလ်ကြီးဝီလျံကိန်းအား ညှိုးငယ်သောမျက်နှာဖြင့် တွေ့တွေ့ကြီး ကြည့်နေသည်။ ဆရာမ ဘာစကားတွေပြောနေမှန်း ဗိုလ်ကြီးက လုံးဝမသိ၊ လုံးဝမကြား။
သူ မကြားရခြင်းသည် ခေါင်းတွင် ပတ်တီးစည်းထား၍လား၊ သူ့နားတွေ ပင်းကုန်ပြီဖြစ်၍လား ဆိုသည် ကိုလည်း လုံးဝမသိ။
ဆရာမနှုတ်ခမ်းတွေ လှုပ်နေတာကိုပဲ သူက စိုက်ကြည့်နေသည်။ သိုသော် ဘာသံမှတော့ မကြားရ။
သူက မျက်လုံးကို ပြန်မှိတ်လိုက်သည်။
ပြီးတော့ တွေးကြည့်နေသည်။
သူက အတိတ်ကိုသာ အများကြီးတွေးသည်။ အနာဂတ်ကို နည်းနည်းသာ တွေးသည်။
ငါ သေသွားရင် ဘာတွေဖြစ်လာမလဲ။
သေသွားရင် တွေးပူစရာတွေက တစ်ပုံကြီးပဲ။
သူ့အတွေးသည် နယူးယောက်သို့ ရောက်သွားသည်။ ကိတ်၏မျက်နှာကို မြင်ယောင်လာသည်။
သူမက သူ့အား စစ်ထဲမ၀င်ရန် အတန်တန်တားခဲ့သည်။
ကိတ်က ငါ့ရည်ရွယ်ချက် နားမလည်ပါဘူး။ ရှင်းပြတော့လည်း သဘောပေါက်မှာ မဟုတ်ပါဘူး။
ထို့ကြောင့် သူက ရှင်းပြမနေတော့ဘဲ သူထင်ရာ စွတ်လုပ်လာခဲ့ခြင်းဖြစ်သည်။
ကိတ်၏ စိုးရိမ်မကင်းဖြစ်နေသော မျက်နှာက သူ့ကို ခြောက်လှန့်လာပြန်သည်။
သူက သေဖို့ကို ဘယ်တော့မှ မစဉ်းစားခဲ့။ သူ မသေချင်သေး။ သူကိုယ့်အိမ်ကိုယ့်ရာသို့ ပြန်သွားချင် သေးသည်။
*
ဝီလျံသည် ဘဏ်တိုက်ကို သူပြန်ရောက်သည်အထိ စောင့်ရှောက်ထားရန် အက်ဒွပ်လိခ်ျနှင့် တိုနီဆိုင်မွန် တို့ နှစ်ယောက်အား ပူးတွဲလွှဲအပ်ထားခဲ့သည်။
သို့သော် အကယ်၍ သူပြန်မလတော့လျှင် ဘယ်လိုလုပ်ကြပါတော့ဟု ဘာညွှန်ကြားချက်မှ ပေးမထားခဲ့။
လိခ်ျ နှင့် ဆိုင်မွန်တို့က သူ့ကိုမသွားရန် တားကြသည်။ သူတို့လည်း သူ့ကို သဘောမပေါက်ကြပါလား။
နောက် နှစ်ရက် သုံးရက်အကြာတွင် သူ တပ်ထဲဝင်လိုက်သည်။
ကလေး တွေ၏ မျက်နှာကို ရင်မဆိုင်ရဲအောင် ခံစားရသည်။
၁၀ နှစ်သား ရစ်ချက်က သူ့ဘာသာသူ ဘူတာသို့ လိုက်ချလာသည်။ မျက်နှာတွင်လည်း မျက်ရည် အသွယ်သွယ် စီးကျလျက် ...။
'ဖေဖေ မသွားရင် မဖြစ်လို့ပါ သားရယ်။ ဖေဖေမသွားရင် နာဇီတွေကို ဘယ်တိုက်နိုင်တော့မလဲ '
သူက သားကြီး သဘောပေါက်အောင် ကြိုးစား၍ ရှင်းပြသည်။ သည်တော့မှ သားကြီး မျက်ရည်တိတ်သွား သည်။
ထို့နောက် သူသည် ဗားမွန့်မှ ဗိုလ်သင်တန်းကျောင်းသို့ ရောက်လာခဲ့သည်။ မက်သယူးနှင့် စကိတ်စီးထွက် တုန်းက ဗားမွန့်သို့ သူ နောက်ဆုံးရောက်ခဲ့ဖူးသည်။ ရေခဲတောင်ပေါ်သို့ အတက်တွင် ဖြည်းဖြည်း ကလေး၊ အဆင်းကျတော့ ရွှီခနဲ လျှောဆင်းလာခဲ့သည်။
အခုတော့ သူ့ဘ၀ခရီးက အတက်လည်း ဖြည်းလွန်းလှသည်။ အဆင်းလည်း နှေးလွန်းလှသည်။
ဗိုလ်သင်တန်း သုံးလတက်ရသည်။ သူ တော်တော် ကျန်းမာလာသည်။ ဟားဗက်တက္ကသိုလ်တုန်းက အခြေ အနေမျိုးအထိ သန်မာထွားကျိုင်းလာခဲ့သည်။
ဗိုလ်သင်တန်းပြီးတော့ လန်ဒန်မြို့သို့ ရောက်လာသည်။ လန်ဒန်မြို့တွင် အမေရိကန် စစ်သားတွေ အများအပြား တွေ့ရသည်။ သူက အမေရိကန်တပ်နှင့် ဗြိတိသျှတပ်အတွက် ဆက်ဆံရေး အရာရှိ လုပ်ရသည်။
သူသည် ဒေါ်ချက်စတာဟိုတယ်တွင် စခန်းချရသည်။ ပထမတုန်းက ဒေါ်ချက်စတာ ဟိုတယ်ကို ဗြိတိသျှ တပ်များအတွက် စစ်ရုံးဖွင့်ခဲ့သည်။ နောက်တော့ အမေရိကန်တပ်များ အတွက် ဌာနချုပ်အဖြစ် လွှဲပြောင်း ပေးခဲ့သည်။
အေဘယ်ရို့စနော့စကီးလည်း နယူးယောက်မှ သူ၏ နယ်စားဟိုတယ်ကို အမေရိကန်တပ်အတွက် ဌာနချုပ်ဖွင့်ခွင့်ပြုကြောင်း သတင်းစာတွင် ၀ီလျံဖတ်လိုက်ရသည်။ သူက အေဘယ်၏ စေတနာကို ချီးကျူး ခဲ့မိသည်။
တစ်ချိန်လုံးတွင် အရေးပေး အချက်ပေးဥသြဆွဲသံများ၊ ဗုံးကြဲသံများ၊ စက်သေနတ်သံများနှင့် တစ်မြို့လုံး မီးမှောင် ကျခြင်းများသာ ကြုံနေရသည်။ ဤအချက်က သူသည် တကယ့်ကြီးကျယ်သော စစ်ပွဲကြီး တစ်ပွဲ တွင် ပါဝင်ပတ်သက်နေရပြီ ဆိုသည်ကို သတိရစေသည်။
သူသည် ဘ၀တစ်လျှောက်လုံးတွင် ပွဲကြည့်ပရိသတ် ဘယ်တော့မှ မဖြစ်ခဲ့။ ဇာတ်ခုံပေါ်မှ ဦးဆောင် လှုပ်ရှား နေသူသာ အမြဲတမ်း ဖြစ်ခဲ့သည်။
ယခုတော့ သူ့မှာ အမေရိကန် ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါ၏ စစ်ဌာနချုပ်နှင့် ဗြိတိသျှ နန်းရင်ဝန် ချာချီ ၏ စစ်ရုံးနှစ်ခုကြားတွင် စကားပြန်အဆင့်လောက်တာဝန်မျိုးဖြင့်သာ စခန်းသွားနေရသည်။ ကိုယ်စွမ်း ကိုယ်စဖြင့် တီထွင်လုပ်ကိုင်သော အလုပ်ဟူ၍ ဘာမှမရှိ။ သည်အတိုင်းဆိုလျှင် ဟစ်တလာက ထရာဖာ လဂါ စကွဲယား ရင်ပြင်ကြီးကို လာတိုက်မှသာ သူ့အနေဖြင့် တကယ့်နဖူးတွေ့ဒူးတွေ့ စစ်ပွဲကို ၀င်နွှဲခွင့် ရတော့မည့်ကိန်းမျိုး ဆိုက်နေရပြီ။
ထို့နောက် အမှတ်(၁) တပ်ရင်းကို စကော့တလန်သို့ အထူးစစ်လေ့ကျင့်မှုအတွက် ပို့သောအခါ ၀ီလျံက လေ့လာသူအဖြစ် လိုက်ပါလာခဲ့ရသည်။ သူက တိုးတက်မှုများကို ဌာနချုပ်သို့ အစီရင်ခံရမည် ဖြစ်သည်။
သည်တာဝန်ကို ၀ီလျံက စိတ်မ၀င်စား။ သေသေကြေကြေ တိုက်ပွဲသာ ၀င်တိုက်လိုက်ချင်သည်။
ထို့ကြောင့် လန်ဒန်သို့ ပြန်ရောက်လျှင် သူ့အထက်အရာရှိ ဗိုလ်မှူးကြီးကို တောင်းပန်ပြီး တိုက်ခိုက်ရေး တာဝန် ပြောင်းပေးရန် ပြောသည်။ ဗိုလ်မှူးကြီးက ရှောရှောရှူရှူပင် ခွင့်ပြုလိုက်သည်။
ထို့နောက် စကော့တလန်သို့ပြန်ပြီး သုံးလတိတိ စစ်သင်တန်းပြန်တက်ရသည်။ သင်တန်းက ယခင် သင်တန်းများထက် ကြမ်းသည်။ တောတောင်အထပ်ထပ်ကို ကျော်ဖြတ် လေ့ကျင့်ရသည်။ သူက စိတ်မပျက်။
စစ်ထဲဝင်လာတာ တိုက်ဖို့ ၀င်လာတာ။ ပင်ပန်းခံနိုင်မှ တိုက်နိုင်မယ်ဆိုပီး ၀မ်းပင်သာနေသေးသည်။
သုံးလကြာတော့ ၀ီလျံတို့တပ်သည် ဥရောပစစ်မျက်နှာသို့ ၀င်ရောက်လာသော ဗိုလ်ချုပ်ကီး ဘရက် ဒလေ ၏ တပ်နှင့် ပူးပေါင်းရန် ပြင်သစ်ပြည်မြောက်ပိုင်းသို့ လေထီးဖြင့် ဆင်းကြရသည်။
ထိုအချိန် တွင် မဟာမိတ်တပ်များ အောင်ပွဲခံစပြုနေပြီ။ ၀ီလျံက ဘာလင်မြို့သို့ ၀င်ောက်သော ပထမဆုံး စစ်သားဖြစ်ချင်လှပြီ။
အမှတ်(၁) တပ်မဟာသည် ရိုင်းနယ်သို့ ချီတက်သည်။ လမ်းတစ်လျှောက်တွင် တွေ့သမျှ တံတားများကို ဖြတ်ကျော် သည်။
ထိုနေ့တွင် ဗိုလ်ကြီးဝီလျံကိန်းအား လူဒင်ဒေါ့တံတားဖြတ်၍ ရီမာဂျင် အရှေ့မြောက်ဘက် တစ်မိုင်အကွာရှိ ရန်သူတပ်ကို ရှေ့ပြေးသွားရောက်တိုက်ခိုက်ရန် အထက်မှ တာဝန်ပေးသည်။
သူသည် တောင်ကုန်းတစ်ခုပေါ်တွင်ရပ်ပြီး တံတားကို ကျော်ဖြတ်နေသော အမှတ်(၉)တပ်မကို လှမ်း ကြည့် နေသည်။ ရန်သူမိုင်းများ ရုတ်တရက် ၀ုန်းခနဲ ပေါက်ကွဲပြီး တံတားကြီးတစ်ခုလုံး မိုးပေါ်သို့ တက် သွား တော့မှာလားဟု တွေးကာ သူက အသည်းတထိတ်ထိတ် ဖြစ်နေမိသည်။
ဝီလျံ၏ အထက်အရာရှိ ဗိုလ်မှူးကြီးကလည်း သူ့တပ်နှင့်အတူ နောက်မှ ကပ်လိုက်လာသည်။ ၀ီလျံ၏ တပ်တွင် လူပေါင်း ၁၂၀ ပါလာသည်။ သို့သော် အားလုံးလိုလိုမှာ သူ့လိုပင် သည်တစ်ကြိမ်သာ စစ် မျက်နှာ သို့ ထွက်ဖူးကြသူများချည်းဖြစ်သည်။
သူတို့တပ် တောစပ်ရောက်လာသည်။ ရန်သူဘက်မှ ခုခံမှုတစ်စုံတစ်ရာ မရှိ။ သို့ဖြင့် သူတို့က တောနင်း ချီတက်ကြသည်။ ပိတ်ဆီးနေသော တောနက်ကြီးကို ထိုးဖောက်ရသောကြောင့် ခရီးက အလွန်နှေးသည်။ ရဲဘော် တွေလည်း အင်မတန် ပင်ပန်းကြသည်။ အမှန်က သည်လမ်းကို ဗိုလ်မှူးကြီး၏ တပ်မကသာ အလျင် ထိုးဖောက်ချီတက်သင့်သည်။ ၀ီလျံက ယင်းသို့ တွေးလိုက်မိသည်။
အတွေး ပင် မဆုံးလိုက်ပါချေ။
သူတို့ တပ်သားများပေါ်သို့ ကျည်ဆန်တွေ မိုးရွာသလို ရွာကျပါလေတော့သည်။ သူတို့ကား ရန်သူ၏ ချုံခို တိုက်ခိုက်ခြင်းကို အမှတ်မထင် ခံလိုက်ကြရပြီ။ မော်တာထုသံတွေ နားကွဲမတတ် တရစပ် ပေါ်ထွက် နေကြ သည်။ လက်ပစ်ဗုံးတွေ တ၀ုန်းဝုန်း ပေါက်ကွဲကြသည်။ ကျည်ဆန်တွေ တ၀ီဝီ ဖြတ်သွား ကြသည်။
အဖြစ်အပျက်သည် မြန်ဆန်လွန်းလှသည်။ ၀ီလျံ၏ တပ်သားတွေ အတုံးအရုံးလဲကျသွားကြသည်။ အချို့က သစ်ပင်များဆီ ပြေးကပ်ကြသည်။ ချုံပုတ်ကို ကာဘာယူကြသည်။ မြေနိမ့်ချိုင့်ဝှမ်းတွင် ပြေးဝပ်ကြသည်။
မြင်ကွင်းသည် ရုတ်တရက်အားဖြင့် ကမ္ဘာတစ်ခု ဖရိုဖ`ရဲ ပြိုကွဲပျက်စီးသွားသည်နှင့် တူလှတော့သည်။
စက္ကန့်ပိုင်း အတွင်းတွင် သူ့ရဲဘော်တွေ တစ်ဝက်ခန့် ကျဆုံးသွားကြသည်။
သည်တိုက်ပွဲသည် စုစုပေါင်း တစ်မိနစ်ပင် မကြာ။ ဒါကိုပင် တိုက်ပွဲဟု ခေါ်နိုင်ပါမည်လား။ တစ်ဖက်နှင့် တစ်ဖက် သူနိုင်ကိုယ်နိုင် အစွမ်းပြ၍ ရင်ဆိုင်မတိုက်ရသော တိုက်ပွဲကို တိုက်ပွဲဟု ခေါ်နိုင်ပါမည်လား။ ဘယ်တော့မှ မခေါ်နိုင်။ တကယ်တော့ တိုက်ပွဲမဟုတ်။ လူသတ်ပွဲသာ ဖြစ်သည်။
ဝီလျံက မကျေမချမ်းစွာဖြင့် ယင်းသို့ တွေးမိပြီး တင်းတင်းပါအောင် အံကြိတ်လိုက်မိသည်။
သူသည် နာဇီစစ်သားတစ်ယောက်၏ အရိပ်အရောင်ကိုမျှပင် မမြင်လိုက်ရ။
ဝီလျံက ရွံ့ဗွက်ထဲတွင် မှောက်လျက်ကီး ၀ပ်နေရာမှ ဗိုလ်မှူးကြီး၏ တပ်က နောက်မှ ချီတက်လာသည်ကို လှမ်းမြင် လိုက်ရသည်။
သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
ရန်သူ၏ ချုံခိုတိုက်ခိုက်မှု အန္တရာယ်ရှိကြောင်း နောက်တပ်ကို သတင်းပို့ရန် သူက ၀ပ်နေရာမှ ကမန်း ကတန်း ထပြီး သစ်ပင်တစ်ပင်ဆီသို့ စွတ်ပြေးသည်။
သူ့ ဦးခေါင်းကို ကျည်ဆန်တစ်တောင့် ထိမှန်သွားသည်။ သူ ဗွက်ထဲ လဲကျသွားသည်။
သူက အားယူပြီးနောက် တပ်ဆီသို့ လက်ကိုဝှေ့ယမ်းပြလိုက်သည်။
ဒုတိယကျည်ဆန်က သူ့လည်ပင်းကို လာမှန်သည်။ နောက်တစ်တောင့်က ရင်ဘတ်ကို ထိသည်။
သူသည် ရွှံ့ဗွက်ထဲတွင် မလှုပ်မယှက် စန့်နေသည်။ သေမည့်အချိန်ကို စောင့်နေသည်။ ရန်သူ့ မျက်နှာကိုပင် မမြင်လိုက်ရဘဲ သေရတော့မည်။ ဂုဏ်မရှိသော သူရဲကောင်းမဆန်သော သေခြင်းမျိုး။
နောက်တစ်ခု သူ မှတ်မိတာကတော့ သူ့ကို ထမ်းစင်နှင့် သယ်ယူသွားကြသည်။ သူ ဘာကိုမျှ မကြားရ၊ ဘာကိုမျှ မမြင်ရ၊ ညအချိန်လား၊ သူ့မျက်စိကန်းသွားပြီလား သူမသိ။
ခရီးတော်တော်ရှည်သည်။
သူ မျက်လုံးဖွင့်ကြည့်သည်။
အရပ်ပုပု ၀၀တုတ်တုတ် ဗိုလ်မှူးကြီးတစ်ယောက် ရွက်ဖျင်တဲထဲမှ ထွက်လာသည်။ သူက တစ်ခုခုကို မှတ်မိသလို ထင်မိသည်။ သို့သော် အသေအချာ စဉ်းစား၍မရ။
ထို့နောက် သူ့ကို ခွဲစိတ်စားပွဲပေါ် တင်လိုက်ကြသည်။ သူက သေခြင်းကို မတွေးချင်။ အိပ်ပျော် သွားချင် သည်။ မျက်လုံးတွေ ပြန်မှိတ်လိုက်သည်။ မကြာမီ အိပ်ပျော်သွားသည်။
*
သူ ပြန်နိုးလာသည်။ သူ့ဘေးတွင် လူနှစ်ယောက် ရပ်နေသည်။ သူတို့က သူ့ကို ညင်ညင်သာသာ ဖေးမ၍ တစ်ဖက်သို့ စောင်းလိုက်ကြသည်။ ထို့နောက် သူ့ကို ဆေးထိုးကြသည်။
သူ အိပ်မက် မက်သည်။ အိပ်မက်ထတွင် ကိတ်ကိုလည်း တွေ့ရသည်။ သူ့မေမေကိုလည်း တွေ့ရသည်။ မက်သယူး က သူ့သားကြီး ရစ်ချတ်နှင့် ကစားနေသည်။ ပြီးတော့ သူ အိပ်ပျော်သွားသည်။
*
သူ ပြန်နိုးလာသည်။
သူ့ကို ခုတင်တစ်လုံးသို့ ပြန်ပြောင်းကြသည်။ သူ မသေနိုင်တော့ဘူးဟု ယုံကြည်ချင်လာသည်။ သူ မလှုပ်မယှက် ပက်လက်ကီး လှဲနေသည်။ ရွက်ဖျင်တဲခေါင်းမိုးကို တွေတွေကြီး စိုက်ကြည့်နေသည်။ ခေါင်းကို လှုပ်၍ လုံးဝမရ။ သူနာပြုဆရာမ တစ်ယောက် ၀င်လာသည်။ လူနာရောဂါမှတ်တမ်း ကတ်ပြား ကို ယူကြ့်သည်။ ထို့နောက် သူ့ကို ကြည့်သည်။
သူ အိပ်ပျော်သွားပြန်သည်။
*
သူပြန်နိုးလာသည်။
အချိန်ဘယ်လောက်များ ကြာသွားပြီလဲ။ နောက်ထပ် ဆရာမတစ်ယောက် ၀င်လာပြန်သည်။ သူ့မျက်လုံးတွေ စောစောကထက် ပို၍ မြင်လာသည်။ သူ အလွန်ပျော်သွားသည်။ အများကြီး ပျော်သွား သည်။ ခေါင်းကို လှုပ်ကြည့်သည်။ လှုပ်လို့ရလာပြီ နာတော့ အလွန် နာသည်။ မအိပ်ဘဲနှင့် မှိန်းနေ ချင်သည်။ သူ မသေချင်။
သူ အိပ်ပျော်သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
ဆရာဝန်လေးယောက် ရောက်နေသည်။ သူတို့ ဘာတွေ လုပ်နေကြပါလိမ့်။ သူ ဘာမှမကြားရ။ ထို့ကြောင့် ဘာမှမသိ။
သူတို့က သူ့ကို နေရာရွှေ့ကြပြန်သည်။ သူ့ကို တပ်မတော် လူနတင်ကားပေါ်သို့ တင်ကြသည်။ ကားတံခါးတွေ ပြန်ပိတ်သွားသည်။ ကား စထွက်ပီ။ လမ်းက တော်တော် ကြမ်းသည်။ သူနာပြုဆရာမ အသစ် တစ်ယောက် သူ့ဘေးတွင် ထိုင်ကာ ညင်ညင်သာသာ ဖေးမပြီး လိုက်လာသည်။ တစ်နာရီ လောက် ကြာခဲ့ပြီ ထင်သည်။ သို့သော် အတိအကျတော့ မပြောနိုင်။
လူနာတင် ကားသည် လမ်းကောင်းပေါ်သို့ ရောက်လာပြီ။ ထို့နောက် ကားရပ်သွားသည်။
သူ့ကို နေရာရွှေ့ပြန်သည်။ သည်တစ်ကြိမ်မှာတော့ သူတို့က မြေညီပြင်ကို လျှောက်လာကြသည်။ ထို့နောက် လှေကားကို တက်သည်။ မှောင်နေသော အခန်းထဲ ရောက်လာကြသည်။ သူတို့ ခဏရပ်စောင့် နေကြ သည်။ ထို့နောက် အခန်းသည် ရွေ့လျားလာသည်။ နောက်ကားတစ်စီးဖြစ်မည် ထင်သည်။ အခန်း သည် အပေါ်သို့ မြင့်တက်သွားသည်။ ဆရာမက သူ့ကို ဆေးတစ်လုံးထိုးပေးသည်။
သည်ကြား ထဲတွင် သူ ဘာကိုမျှ သတိမရ။ သူတို့ကား တုံ့ခနဲ ရပ်သွားတော့မှ မျက်စိများ ပွင့်လာသည်။ သည်တော့ မှ လေယာဉ်ပျံ မြေပြင်တွင် ဆိုက်ကြောင်း သိရတော့သည်။
သူ့ကို ထပ်ပြီး နေရာပြောင်းကြပြန်သည်။ နောက်ထပ် ဆရာမအသစ် တစ်ယောက် နောက်ထပ် အနံ့ တစ်မျိုး၊ နောက်ထပ်မြို့ တစ်မြို့။
နယူးယောက်မြို့ဖြစ်မည်။ ဒါမှမဟုတ် အမေရိကန်နိုင်ငံ တခြားမြို့တစ်မြို့ဖြစ်မည်။
လူနာတင်ကား ဆက်ထွက်လာခဲ့သည်။ မြေညီပြင်တွင် မောင်းလာသည်။ ရပ်လိုက်၊ ဆက်မောင်းလိုက်ဖြင့် နောက်ဆုံး တစ်နေရာတွင် အမြန်ရပ်လိုက်ကြသည်။
သူ့ကို သယ်ယူလာကြပြန်သည်။ လှေကားအတိုင်း တက်လာကြသည်။ ဆေးဖြူသုတ် အခန်းကလေး တစ်ခန်း ထဲ ရောက်လာသည်။
သူ့ကို ခုတင်ပေါ်သို့ ချသည်။ ခုတင်က အိစက်နေသည်။ သူ့ဦးခေါင်းသည် ခေါင်းအုံးပေါ် ရောက်လာ သည်။
သူ အိပ်ပျော် သွားသည်။
*
သူ ပြန်နိုးလာသည်။
မျက်လုံးများကို အားတင်း၍ ဖွင့်ကြည့်သည်။ ကိတ်က သူ့အနီးတွင် ရပ်ကြည့်နေသည်။ သူက လက်ကို မြှောက်ကြည့်သည်။ မြှောက်၍မရ။ ပါးစပ်ဖွင့်ကြည့်သည်။ ဖွင့်၍မရ။
ကိတ်က ပြုံးပြသည်။ သူကလည်း ပြန်၍ ပြုံးပသည်။ သို့သော် သူ့အပြုံးကို ကိတ် မြင်မည်မထင်။
သူ အိပ်ပျော် သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
ကိတ်ကို တွေ့ရပြန်သည်။ အ၀တ်အစားတစ်မျိုးဖြစ်နေသည်။
ကိတ် ခဏခဏ လာလိုက် ပြန်သွားလိုက် လုပ်နေတာ ဖြစ်မည်။
ကိတ်က ပြုံးပြပြန်သည်။
သူက ခေါင်းကို နည်းနည်းစောင်းကြည့်သည်။
သားကြီး ရစ်ချက်ကို တွေ့ရသည်။ အရပ်တော်တော် ရှည်နေပြီ။ ချောလည်း ချောလာသည်။
သူက သမီးငယ်နှစ်ယောက်ကိုလည်း မြင်ချင်သည်။ ဒါပေမဲ့ ခေါင်းကို လှည့်မရ။ နောက်မှ သူ မြင်ရမည့် နေရာတွင် လာရပ်ကြသည်။
ဗာဂျင်နီယာ ... ဟုတ်မှ ... ဟုတ်ပါရဲ့လား။ အကြီးမြန်လှချည်လား။
ပြီးတော့ ... သမီးထွေး လူစီ။
ဟာ .. တကယ်ပါပဲလား၊ သူကလေးလည်း တော်တော် ကြီးနေပါရောလား၊ ဟုတ်မှ ဟုတ်ပါရဲ့လား။
အချိန် တောင် တော်တော်ကြာခဲ့ပါပကော။
သူ အိပ်ပျော် သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
အခန်းထဲတွင် တစ်ယောက်မှ မမြင်ရ။ သို့သော် ခေါင်းကိုတော့ ဘယ်ညာစောင်း၍ ရလာပြီ။ တချို့ ပတ်တီးတွေ ပြန်ခွာထားပြီးပြီ။ အလျင်ထက် ပို၍ မြင်လာပြီ။ စကားပြောကြည့်သည်။ သို့သော် ဘာသံမှ ထွက်မလာ။
သူ အိပ်ပျော်သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
ပတ်တီးတွေ ယခင်လောက် မရှိတော့။ ကိတ်ကို တွေ့ရပြန်သည်။
သူမ၏ အိစက်ရှည်လျားသော ဆံပင်များကို ပခုံးနှစ်ဖက်ပေါ် ဖြန့်ချထားသည်။ အပြာရောင် မျက်လုံး၊ အပြုံး မျက်နှာနှင့် ယခင်ထက် ပိုလှနေသလို ထင်ရသည်။ သူက သူမကို ခေါ်ကြည့်သည်။ သူမက ပြုံးပြ သည်။
သူ အိပ်ပျော်သွားပြန်ပြီ။
*
သူ ပြန်နိုးလာသည်။
ပတ်တီးတွေ နည်းနည်းသာ ကျန်တော့သည်။ သည်တစ်ကြိမ်တွင် သူ့သားကြီးက စကားပြောသည်။
' ဖေဖေ ... ဖေဖေ .... နေကောင်းတယ်နော် '
' ကောင်း ... ကောင်းပါတယ် ... သားရယ် '
သူက မနည်းအားယူပြီး ပြောလိုက်ရသည်။ သို့သော် ... သူ့အသံကို သူမမှတ်မိ။
သူနာပြုဆရာမက သူ့ကို ခုတင်ပေါ်တွင် မ ထူပေးသည်။ သူ ထိုင်နိုင်ပြီ။ ဆရာမကို ကျေးဇူးတင်သည်။ ဆရာဝန်က သူ့ပခုံးပေါ် လက်လာတင်သည်။
' မစ္စတာကိန်း ... အဆိုးဆုံးအခြေအနေ ကျော်လွန်သွားပါပြီ၊ မကြာခင် နေကောင်းသွားပါလိမ့်မယ်၊ အဲဒီတော့မှ အိမ်ပြန်တာပေါ့ ဟုတ်လား '
အခန်းထဲသို့ ကိတ် ၀င်လာသည်။ ဗာဂျင်နီယာနှင့် လူစီတို့လည်း ပါလာသည်။ သူက ပြုံးပြသည်။ သူက မေးခွန်းတွေ မဆုံးနိုင်အောင် မေးလိုက်ချင်သည်။ သို့သော် ဘယ်ကစ မေးရမှန်းမသိ။
သူ သေရွာက ပြန်လာတာဟု ကိတ်က ပြောသည်။ သူလည်း သိသည်။ သို့သော် သူ ရီမာဂျင်တိုက်ပွဲတွင် ဒဏ်ရာ ရခဲ့တာ တစ်နှစ်ပင် ကျော်လာခဲ့ပြီဆိုတာကိုတော့ လုံးဝမမှတ်မိ။
ရစ်ချတ်က ၁၂ နှစ်သားအရွယ်တောင် ရှိသွားပြီ။ အထက်တန်းအောင်လျှင် ဟားဗတ်တက္ကသိုလ် တက်မည် ဟုပင် ပြောနေပြီ။
ဗာဂျင်နီယာ ကိုးနှစ်သမီး။ လူစီက ခုနစ်ပြည့်တော့မည်။ သူတို့အ၀တ်အစားတွေက တိုလွန်းလှချည့်လား၊ သူတို့ကို နားလည်အောင် မနည်းကြိုးစားရဦးမည်။
ကိတ်က တကယ်လည်း လှနေသည်။ ယခင်ကထက် အများကြီး လှနေသည်။
ရစ်ချတ်က ဘတ်ကလေအထက်တန်းကျောင်းမှာ တက်နေကြောင်း၊ အလွန်စာတော်ကြောင်း၊ ဗာဂျင်နီယာနှင့် လူစီတို့က ဖေဖေ့ကိုပဲ တစ်မေးတည်း မေးနေကြကြောင်း ကိတ်က ပြောပြသည်။ ပြီးတော့ သူ့မျက်နှာ နှင့် ရင်ဘတ်ပေါ်မှ အမာရွတ်တွေက တစ်သက်လုံး မပျောက်တော့ကြောင်း၊ သို့သော် ဦးနှောက်ကို ဘာမှမထိခိုက်ကြောင်း ဆရာဝန်တွေက ပြောပြ၍ ကံကောင်းကြောင်း၊ မျက်လုံးများလည်း နဂို အတိုင်း ပြန်မြင်လာမည်ဖြစ်ကြောင်း ကိတ်က ဆက်လက် ပြောပြသည်။
' မောင် နဂိုအတိုင်း ပြန်ကောင်းလာအောင် ကျွန်မ အစွမ်းကုန် ပြုစုပါ့မယ် ... မောင်ရယ် '
ချစ်ဇနီး၏ စေတနာကို သိရ၍ သူ အလွန်ဝမ်းသာမိသည်။
သို့သော် သူနှင့် ကိတ်နှင့်က ရည်မှန်းချက်ချင်း မတူကြ။
ကိတ်က ဖြည်းဖြည်းသာ ပျောက်ကင်းစေချင်သည်။ သူက နေ့ချင်းရက်ချင်း ပြန်ကောင်းသွားစေချင်သည်။
သူ့အတွက် ဇနီးမယားနှင့် သားသမီးများက တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပြုစုကြသည်။
သူ တော်တော် ကျန်းမာလာပြီ။
ပထမ အသံထွက်လာသည်။ ထို့နောက် မျက်စိမြင်လာသည်။ ထို့နောက် စကားပြောနိုင်လာသည်။
ရစ်ချတ်က သူ့ဖေဖေကို လမ်းလျှောက်သင်ပေးသည်။ နောက်တော့ တဖြည်းဖြည်းနှင့် ချိုင်းထောက် လွှတ်သွားသည်။ လူစီက ထမင်းခွံ့သည်။ နောက်တော့ ကိုယ်တိုင် ယူစားနိုင်လာသည်။ ဗာဂျင်နီယာက စာရေးဆရာကြီး မတ်ခ်တွိန်း၏ ၀တ္တုတွေကို ဖတ်ပြသည်။ သားအဖနှစ်ယောက် အလွန်ပျော်ကြသည်။
သည်လိုနှင့် ခရစ်စမတ်ပွဲတော်ပြီးတော့ ၀ီလျံ အိမ်သို့ ပြန်ရောက်လာခဲ့တော့သည်။
သူသည် လျင်မြန်စွာပင် ကျန်းမာလာခဲ့သည်။ နောက် ခြောက်လဆိုလျှင် ဘဏ်တိုက် လုပ်ငန်းများကို လုပ်နိုင်ပြီ ဟု ဆရာဝန်များက ပြောသည်။
ယခုတော့ သူ့ဆီကို ဧည့်သည်တွေလည်း သဘောရှိလာနိုင်ကြပြီ။
ပထမဆုံး ရောက်လာသူမှာ အက်ဒွပ်လိခ်ျဖြစ်သည်။ ၀ီလျံ၏ ရုပ်ကိုမြင်တော့ လိခ်ျက မသိမသာ မျက်လုံး ပြူး သွားမိသည်။
လိခ်ျက သူ့လုပ်ငန်းအခြေအနေကို အသေးစိတ် ပြောပြသည်။ သူမရှိချိန်တွင် လက်စတာဘဏ်လုပ်ငန်းသည် အရှိမပျက် တိုးတက်နေကြောင်း၊ သူ အလုပ်ပြန်ဝင်လာလျှင်လည်း ဥက္ကဋ္ဌ အဖြစ်ပင် ပြန်ခန့်ရန် အားလုံးက သဘောတူကြကြောင်း ...။
သို့သော် တိုနီဆိုင်မွန် ယူလာသော သတင်းကတော့ ၀ီလျံအား အထူးပင် စိတ်မချမ်းမသာဖြစ်စေသည်။
အလန်လွိုက် နှင့် ရုပတ်ကော့ခ်စမစ်တို့ နှစ်ယောက်စလုံး ကွယ်လွန်သွားရှာကြပြီ။ သည်ပုဂ္ဂိုလ်ကြီး နှစ်ယောက် ၏ အသိပညာကို သူက အလွန့်ပင် နှမြောမိသည်။ ထို့နောက် ရှေ့နေကြီး သောမတ် ကိုဟင် ထံမှ တယ်လီဖုန်းဆက်သည်။
ဝီလျံနေကောင်းလာ၍ သူ အလွန်ဝမ်းသာကြောင်း ပြောပြီးနောက် မကြာမီတွင် သူ အငြိမ်းစား ယူတော မည် ဖြစ်၍ သူ့လုပ်ငန်းကို သားဖြစ်သူ သာဒီယပ်က ဆက်ခံလုပ်ကိုင်သွားမည်ဖြစ်ကြောင်း မစ္စတာ ကိုဟင် က ပြောပြသည်။
သူတို့သားအဖနှစ်ယောက်စလုံးသည် ခရစ်ယာန် သာသနာပြုပုဂ္ဂိုလ်ကြီးများ၏ နာမည်များကို ယူထား၍ ဂုဏ်ယူမိကြောင်း ၀ီလျံက ပြန်ပြောလိုက်သည်။
ဤတွင် မစ္စတကိုဟင်က သဘောကျ၍ ရယ်လိုက်ပြီး သူ အငြိမ်းစားယူပြီး နောက်တွင်လည်း သူ့သားနှင့် ယုံကြည် စိတ်ချစွာ ဆက်ဆံသွားစေချင်ကြောင်း ပြောသည်။
ဝီလျံ ကလည်း ဆက်ဆံသွားပါမည်ဟု ကတိပေးလိုက်သည်။
နောက်ဆုံး မစ္စတာကိုဟင်က ပြောသည်။
' ဒါနဲ့ ခင်ဗျားသိသင့်တဲ့ သတင်းတစ်ခု ကျန်သေးတယ် ဗျ '
' ဘာသတင်းပါလိမ့် ... မစ္စတာကိုဟင် '
ဝီလျံက တစ်ဖက်မှ စကားပြောသံကို စိတ်ဝင်စားစွာဖြင့် နားစွင့်လိုက်သည်။
မစ္စတာကိုဟင်၏ စကားကို ကြားရပြီးသောအခါတွင်ကား ၀ီလျံမှာ ယမ်းပုံမီးကျသလို ဒေါသအိုးကြီး ၀ုန်းခနဲ ပေါက်ကွဲသွားတော့သည်။
....................................................
အခန်း (၂၆) ဆက်ရန်
.

No comments:
Post a Comment