အခန်း [၂၄]
အေဘယ်သည် "ရှီကာဂိုထရီဗွန်း"သတင်းစာ စီးပွားရေးကဏ္ဍတွင် ဖော်ပြထားသော "လက်စတာကိန်း အင်ကုမ္ပဏီ" အကြောင်း သတင်းစာ ဖတ်ရှုနေည်။
သတင်းစာ မျက်နှာဖုံးတွင် ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲတိုက်ခိုက်သော သတင်းကိုသာ ဝေေ၀ ဆာဆာ အသားပေး ဖော်ပြထားသည်။ အကယ်၍သာ ၀ီလျံကိန်း၏ ခေတ်မမီသော ဓာတ်ပုံသေးသေး ကိုသာ မကြည့်မိပါက အထက်ဖော်ပြပါ သတင်းတိုကလေးကို အေဘယ်လုံးဝ ဖတ်မိမည်မဟုတ်။ ယခုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်က ဘော့စတွန်မြို့တွင် ၀ီလျံထံသို့ အေဘယ်သွားရောက်ခဲ့စဉ် မြင်တွေ့ ခဲ့ရသည့် အတိုင်း ၀ီလျံ၏ ဓာတ်ပုံကို ရုတ်တရက် သွားမြင်မိသောကြောင့် အဆိုပါ သတင်းတိုကလေးကို အေဘယ် က အမှတ်မထင် ဖတ်မိခြင်းဖြစ်သည်။
ဝီလျံအား အသစ်ပူးပေါင်းဖွဲ့စည်းလိုက်သော "လက်စတာကိန်းအင်ကုမ္ပဏီ"၏ အလွန်တော်သော ဥက္ကဋ္ဌသစ်ဟူ၍ သတင်းစာက အမွှမ်းတင် ချီးကျူးထားသည်။ ထို့ပြင် နယူးယောက်မှ လက်စတာဘဏ်နှင့် ဘော့စတွန် မှ ကိန်းနှင့် ကဘော့ဘစ်တို့ကို တစ်ပေါင်းတည်း ဖွဲ့စည်းတည်ထာင်လိုက်သော လက်စတာ ကိန်း အင်ကုမ္ပဏီသည် တစ်နေ့သောအခါ အမေရိကန်နိုင်ငံ၏ အရေးအပါဆုံးသော ဘဏ်လုပ်ငန်းကြီး တစရပ်ဖြစ် လာနိုင်စရာရှိသည်။ ကျွန်ုပ်တို့ သတင်းထောက်က စုံစမ်းသိရှိရသည့်အတိုင်း ဆိုလျှင် အဆိုပါဘဏ်၏ အစုရှယ်ယာများကို စီးပွားချင်းဆက်စပ်နေသော ပုဂ္ဂိုလ် ၂၀ ခန့်က သို့မဟုတ် လက်စတာ နှင့် ကိန်းမိသားစုကြီးနှစ်ခု၏ ဆွေမျိုးသားချင်းများက ပိုင်ဆိုင်ထားသည်ဟု ဆို၏'ဟူ၍ သတင်းစာက ဆက်လက် ဖော်ပြထားသည်။
အေဘယ်သည် အထက်ပါ သတင်းတိုကလေးကိုဖတ်ပြီး ၀မ်းသာမိသည်။ အဘယ်ကြောင့်ဆိုသော် ၀ီလျံကိန်း အနေဖြင့် အဆိုပါ ဘဏ်လုပ်ငန်းကြီးတစ်ခုလုံးကို ဘယ်နည်းနှင့်မျှ နိုင်နိုင်နင်းနင်း ချုပ်ကိုင် နိုင်မည် မဟုတ်ဟု သူက ယုံကြည်သောကြောင့် ဖြစ်သည်။
ဝီလျံ သည် သူနှင့် ပဋိပက္ခဖြစ်ခဲ့ပြီးသည့် အချိန်မှစ၍ ဘဏ်လုပ်ငန်းတွင် တစ်ရှိန်ထိုး ထင်ရှား လာခဲ့သည်။ သူလည်း ၀ီလျံကဲ့သို့ပင် ဟိုတယ်လုပ်ငန်းတွင် နာမည်ကျော်လာခဲ့သည်။
သို့သော် ၀ီလျံနှင့် သူတို့၏ ဇာတ်လမ်းက ဤမျှနှင့် မဆုံးသေး။ ရှေ့ကိုဆက်ရန် ကျန်နေသေးသည်။ ၀ီလျံ က သူ့အပေါ်တွင် တင်နေသော ရာဇ၀င်ကြွေးကို ဖြစ်သည့်နည်းဖြင့် ဆပ်ခိုင်းရဦးမည်ဖြစ်သည်။
အေဘယ်အနေဖြင့် လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလအတွင်းတွင် စီးပွားရေး တိုးတက် လာခဲ့သော ကြောင့် သူ့အား ကျောထောက်နောက်ခံ အကူအညီပေးခဲ့သော ပုဂ္ဂိုလ်ကြီးထံမှ ချေးယူခဲ့သည့် ငွေအားလုံးကို အကျေအလည် ပေးဆပ်နိုင်ရုံမျှမက ဟိုတယ်လုပ်ငန်းတစ်ခုလုံး၏ အစုရှယ်ယာ အားလုံး ကိုပင် ပိုင်ဆိုင်သူ ဖြစ်လာနိုင်ခဲ့သည်။
သူသည် ၁၉၃၉ ခုနှစ်အကုန်တွင် အကြွေးအားလုံးကို ပေးဆပ်နိုင်ခဲ့သည်။ ထိုနှစ်အတွင်း ၁၉၄၀ ပြည့်နှစ် တွင် အသားတင် အမြတ်ငွေ ဒေါ်လာငါးသိန်းရရှိခဲ့သည။ ထိုနှစ်အတွင်း ၀ါရှင်တန်နှင့် ဆန်ဖရန် စစ္စကိုမြို့ များတွင် "နယ်စားဟိုတယ်" နှစ်ခု တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။
ယင်းကာလများတွင် သူသည် ဇနီးသည် ဇာဖီယာအား ယုယမှု နည်းပါးလာခဲ့သော် လည်း သမီးဖြစ်သူ ဖလော်ရင် တီနာကိုကား အထူးတလည် ဂရုစိုက်ခဲ့သည်။
ဇာဖီယာက သမီးတစ်ယောက်တည်းနှင့် မကျေနပ်၍ နောက်ထပ် ကလေးလိုချင် လာသည်။ ဖြစ်နိုင်လျှင် သားယောက်ျားကလေး လိုချင်သည်။ ထို့ကြောင့် အေဘယ်အား ဆရာဝန်ထံ သွားရောက် စစ်ဆေးရန် မကြာ ခဏ နားပူနားဆာလုပ်လာသည်။ နောက်ဆုံး မနေသာတော့ အေဘယ်သည် ဆရာဝန်နှင့် သွားရောက် စစ်ဆေးသည်။ သို့သော် ပထမ ကမ္ဘာစစ်အတွင်း ခံစားခဲ့ရသော နာမကျန်းဖြစ်ခြင်း၊ အာဟာရ ချို့တဲ့ခြင်းတိုကကို အကြောင်းပြု၍ သုတ်ပိုးအားနည်းမှုကြောင့် သူ့အနေဖြင့ ဘယ်နည်းနှင့်မျှ သန္ဓေ သားမျိုး စေ့မအောင်မြင်နိုင်တော့ဟု ဆရာဝန်ကပြောသည်။
သို့ဖြင့်သူသည် ယောက်ျားကလေး ရရှိရေး မျှော်လင့်ချက်ကို လုံးဝစွန့်လွှတ်ပြီးလျှင် တစ်ဦးတည်းသော သမီးငယ် အပေါ်တွင်သာ ရှိသမျှ အခ်ျကို စုပုံထားလိုက်တော့သည်။
ယခုအချိန်တွင် အေဘယ်၏ ဂုဏ်သတင်းသည် အမေရိကန်တစ်ပြည်လုံးတွင် ပျံနှံ့နေပြီ။ သူ့အား စာနယ်ဇင်းများက "ရှီကာဂိုနယ်စား"ဟူ၍ တင်စားခေါ်ဝေါ်ကြပြီး။ သူ့နောက်ကွယ်တွင် ပြောင်နောက် ပြောဆို နေကြသည်ကိုလည်း လုံးဝဂရုမစိုက်တော့။
၁၉၄၁ ခုနှစ်တွင် သူ၏ ဟိုတယ် ၁၃ ခုမှ အသားတင်အမြတ်ငွေ ဒေါ်လာ တစ်သနးနီးပါးရသည်။ ထို့ကြောင့် သူက အားရှိလာပြီး ရင်းနှီးငွေ ထပ်ဖြည့်လျက် လုပ်ငန်းများ ပိုမိုတိုးချဲ့ရန် ဆုံးဖြတ်လိုက်သည်။
ကံဆိုးချင်တော့ ထိုအချိန်တွင်ပင် ဂျပန်က ပုလဲဆိပ်ကမ်းကို ၀င်ရောက်တိုက်ခိုက် တော့သည်။
အေဘယ်သည် ပိုလန်အမျိုးသား စစ်ပြေးဒုက္ခသည်များအား ထော့ပံ့နိုင်ရေး အတွက် ဗြိတိသျှ ကြက်ခြေနီအသင်းသို့ ငွေကြေးအမြောက်အမြား ပေးလှူလိုက်သည်။ တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံအနေဖြင့် စစ်ထဲဝင်ရန် ကိစ္စအတွက်လည်း သူက ဒီမိုကရက် တစ်ပါတီ အတွင်း၌ လည်းကောင်း၊ စာနယ်ဇင်းများမှ တစ်ဆင့်လည်းကောင်း သဲကြီးမဲကြီး လှုံဆော်စည်းရုံးသည်။ သည် လုပ်ရပ် အတွက် သူ့အနေဖြင့် အတိုက်အခံတွေ အများကြီးနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည်။
သို့သော် သူ၏ ကြိုးပမ်းမှုမှာ ဘာမှအရာမထင်ခဲ့။
ဒီဇင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့တွင်မူ ဂျာမနီနှင့် အီတလီနိုင်ငံတို့က အမေရိကန်အား စစ်ကြော်ငြာကြောင်း သတင်းပေါ်ထွက်လာတော့သည်။ ဤတွင် အမေရိကန်နိုင်ငံသည် စစ်ကို ဘယ်နည်း နှင့်မျှ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း အေဘယ်က သဘောပေါက်မိတော့သည်။
မိမိကိုယ်တိုင်စစ်ထဲဝင်လိုသောဆန္ဒလည်း တဖွားဖွားဖြစ်ပေါ်လာမိသည်။ သို့သော် သူ့အနေဖြင့် အမျိုးသားရေး စစ်ပွဲကို မစတင်မီ ပုဂ္ဂိုလ်ရေးစစ်ပွဲကို အလျင်စတင်ရန် ရှိသေးသည်။
ထို့ကြောင့်သူသည် ကွန်တီတင်တယ် ဘဏ္ဍာထိန်းဘဏ်တိုက်မှ မစ္စတာ ကာတစ်ဖင်တန်သို့ တယ်လီဖုန်း လှမ်းဆက်သည်။ မစ္စတာဖင်တနသည် အေဘယ်အတွက် နှစ်ပေါင်း တော်တော်ကြာကြာ ကတည်းက ပင် သစ္စာရှိစွာဖြင့် အကျိုးဆောင်လာခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် အေဘယ်က သူ့အား "နယ်စားကုမ္ပဏီ" အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင် ဒါရိုက်တာလူကြီးအဖြစ် ခန့်ထားခဲ့သည်။ မစ္စတာဖင်တန် သည် နယ်စားကုမ္ပဏီနှင့် ကွန်တီနင်တယ်ဘဏ်တို့အား စီးပွားဖက်အဖြစ် သို့ရောက်အောင် ဆောင်ကြဉ်း ပေးခဲ့သဖြင့် အေဘယ်အတွက် ငွေရေးကြေးရေးကိစ္စများ တွင် အလွန်အားထားရသူလည်းဖြစ်သည်။
တစ်ဖက်မှ လိုင်းဝင်လာသည်။ မစ္စတာဖင်တန်၏ ယဉ်ကျေးပျူငှာသော ကြားနေသော အသံကိုကြားရသည်။
"ဟလို..... ဖင်တန် စကားပြောနေပါတယ်"
'ကျွန်တော်ပါ.. မစ္စတာဖင်တန်၊ အေဘယ်ပါ၊ လောလောဆယ် ဘစ်တိုက်မှာ ကျွန်တော့်စုငွေ ဘယ်လောက် များ ရှိပါသေးသလဲ မစ္စတာဖင်တန်'
မစ္စတာဖင်တန်က စားပွဲပေါ်တွင် အသင့်ရှိနေသော ဖိုင်တွဲတစ်ခုကို ကမန်းကတန်း ကောက်လှန် လိုက်သည်။
'စုစုပေါင်း နှစ်သန်းမပြည့်တပြည့်လောက် ရှိပါသေးတယ်'
'ကောင်းတယ် အတော်ပဲ၊ အဲဒီတော့ နောက်တစ်ခု ဆက်လုပ်ပေးပါဦး၊ လက်စတာ ကိန်းအင် ကုမ္ပဏီနာမည်နဲ့ အသစ်ဖွင့်တဲ့ဘဏ်တိုက်ကို မစ္စတာဖင်တန် သိမှာပေါ့၊ အဲဒီဘဏ်ကို စုံစမ်းကြည့်ပါ၊ အဲဒီဘဏ် မှာ ရှယ်ယာဝင်ထားတဲ့လူတွေနဲ့ နာမည်ရယ်၊ သူတို့ပိုင်ဆိုင်တဲ့ အစုရှယ်ယာ ရာခိုင်နှုန်းရယ်၊ ပြီးတော့ အဲဒီရှယ်ယာတွေကို တစ်ယောက်ယောက်က ၀ယ်မယ်ဆိုရင် ဘယ်လိုစည်းကမ်း သတ်မှတ်ချက်နဲ့ ရောင်းမယ် ဆိုတာတွေကို အသေးစိတ် သိချင်တယ်၊ ဒီလိုလုပ်တာကို အဲဒီဘဏ်ဥက္ကဋ္ဌ မစ္စတာဝီလျံကိန်း လုံးဝ မသိစေချင်ဘူး၊ ကျွန်တော်နာမည်ကို လုံးဝမသိပါစေနဲ့'
မစ္စတာဖင်တန်က ဟင်းကနဲ သက်မတစ်ချက် ချလိုက်သည်။ သူက ဘာမှပြန်မပြော။ သူ၏ အံ့အားသင့် သွားသော မျက်နှာကို အေဘယ် မမြင်နိုင်သည်ကိုပင် သူက တွေးပြီးဝမ်းသာမိသည်။ အေဘယ်သည် ၀ီလျံကိန်း ပိုင်တဲ့ဘဏ်မှာ ဘာကြောင့်များ အရင်းအနှီးမြှုပ်နှံချင်ရတာပါလိမ့်။
နာမည်ကျော် ဘဏ်တိုက်ကြီးနှစ်ခု ပူးပေါင်းလိုက်သည့် သတင်းကို "ဝေါလ်စထရိ ဂျာနယ်"တွင် သူလည်း ဖတ်လိုက်ရသည်။ တစ်ချိန်တည်းတွင် ပုလဲဆိပ်ကမ်းကို ဂျပန်ဝင်ရောက်ဗုံးကြဲသည့် သတင်းကိုလည်း ဖတ်လိုက် ရသည်။ ယင်းသတင်းနှစ်ပုဒ်မှာ ဆင်နှင့်ဆိတ်လို ပမာဏချင်း ကွာခြားလွန်းသောကြောင့် ဘဏ်တိုက် နှစ်ခု ပူးပေါင်းသည့် သတင်းကို သူ့အနဖြင့် မျက်စိပင် ရှန်သွားမိသေးသည်။
အင်း.. သူဖုန်းဆက်တာအတော်ပဲ၊ ၀ီလျံကိန်းဆီ သံကြိုးရိုက်ပြီး ၀မ်းသာကြောင်း သ၀ဏ်လွှာ ပို့ပေးဦး မှာပဲ။
သူက ယင်းသို့တွေးမိပြီး ဖိုင်တွဲအောက်နားတွင် ခဲတံနှင့် တေးမှတ်ထား လိုက်သည်။
အေဘယ်အသံ ပြန်ပေါ်လာသည်။
'အားလုံးအပြည့်အစုံ သိရတဲ့အခါ ကျွန်တော်ကို လူကိုယ်တိုင်လာပြီး တင်ပြပါ၊ အစီရင်ခံစာတွေ ဘာတွေနဲ့ လုပ်မနေပါနဲ့'
'ကောင်းပါပြီ မစ္စတာရိုစနော့စကိး'
အင်း... ဒီလူတော့ တစ်မျိုးထွင်ပြန်ပြီ၊ သူတို့နှစ်ယောက် ဘာတွေဖြစ်ကြဦးမလဲ မသိဘူး။
အေဘယ်က ဆက်ပြောသည်။
'ပြီးတော့ ကျွန်တော့ဆီ သုံးလပတ်အစီရင်ခံစာတင်တဲ့အခါ လက်စတာဘဏ်ရဲ့ လှုပ်ရှားမှု အားလုံး ကိုလည်း တစ်ခန်းသပ်သပ်ထည့်ပေးပါ၊ အဲဒီဘဏ်တိုက်ဲ့ ဆက်သွယ်နေတဲ့ ကုမ္ပဏီတွေအကြောင်းလည်း ပါပါစေ'
'စိတ်ချပါ မစ္စတာရိုစနော့စကီး'
'ကျေးဇူးတင်ပါတယ် မစ္စတာဖင်တန်၊ ဒါနဲ့ စကားမစပ် သတင်းကောင်း တစ်ခု ပေးရဦးမယ်၊ ဈေးကွက် သုတေသန အဖွဲ့ရဲ့ အကြံပေးချက်အရ ကနေဒါက မွန်ထရီရယ်မြို့ မှာ နယ်စားဟိုတယ်သစ်ဖွင့်ဖို့ ဆုံးဖြတ် လိုက်ပြီ ချင်ဗျ'
'ဟင်... ဘယ်နှယ့် ဒီလောက်စစ်ကြီးဖြစ်နေတာ မစ္စတာရိုစနော့စကီးက ထည့်မတွက် ဘူးလား'
'ဟင့်အငး၊ မတွကပါဘူး၊ ဂျာမန်တွေ မွန်ထရီရယ်မြို့ကို ၀င်လာရင် ပိတ်ပစ်လိုက်ရုံ ပဲပေါ့၊ ကွန်တီနင်တယ်ဘဏ်လည်း ဒီအတိုင်းနေမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီကောင်တွေ အလျင် တစ်ကြိမ် ကလည်း အပြတ်ဆော်ခဲ့ပြီးပြီ၊ ဒီတစ်ကြိမ်လည်း အပြတ်ဆောရဦးမှာပဲ၊ ဒါပေမဲ့ ကျွန်တော် ကတော့ ဒီကောင်တွေကို ဒီတစ်ချီမှာ ကိုယထိလက်ရောက် ၀င်ဆော်နိုင်လိမ့်မယ် ထင်တာပဲ၊ ကဲ... ဒါပါပဲ။ မင်္ဂလာေ န့ ပါ မစ္စတာဖင်တန်'
ဒီလူဦးနှောက်ထဲ ဘာတွေများဝင်နေသလဲ မသိပါဘူး မစ္စတာဖင်တန်က တွေးလိုက်ပြီး တယ်လီဖုန်းကို ပြန်ချ လိုက်သည်။
ထို့နောက် သူကဆက်တွေးနေမိသည်။
ဒီလူ လက်စတာဘဏမက အစုရှယယာတွေအကြောင်း ဘာလို့သိချင် နေရတာလဲ၊ အဲဒီဘဏ်မှာ အစုရှယ်ယာ ၀င်ချင်လို့လား၊ ၀ီလျံကိန်းနဲ့ သူနဲ့က အလျင်တုန်းကလည်း ဘာမှအဆကအဆံ မရှိခဲ့ပါဘူး၊ သူတို့နှစ်ယောက် ဆက်မိသွားရင် နှစ်ယောက်စလုံးတွက် အကျိုးထက် အပြစ်သာများလာဖို့ ရှိတယ်...
ဖင်တန် က ယင်းသို့ စဉ်းစားမိပြီး လောလောဆယ်တွင် သူတို့နှစ်ယောက်၏ ခြေလှမ်းကိုသာ အကဲခတ် စောင့်ကြည့် နေရန် ဆုံးဖြတ်လိုက်သည်။
တစ်ချိန်တည်း တွင် အေဘယ်ကလည်း ချီတုံချတုံဖြစ်နေမိသည်။
လက်စတာဘဏ်မှာ ငါဘာကြောင့် ရှယ်ယာပါချင်တဲ့အကြောင်း ဖင်တန်ကို ဖွင့်ပြော လိုက်ရင် ကောင်းမလား၊ အင်း... ဖြစ်သေးပါဘူးလေ၊ ငါ့လုပ်ရပက လူမသိလေ ကောင်းလေပါပဲ။
သူသည် ၀ီလျံကိန်းအကြောင်း ခေါင်းထဲမှ ခဏဖယ်ထုတ်ထားလိုက်ပြီးနောက် ဂျော့အား သူ့ရုံးခန်း ထဲသို့ လွှတ်လိုက်ရန် အတွင်းရေးမှူး စာရေးမအား ဖုန်းနှင့်လှမ်းပြော လိုက်သည်။
ဂျော့မှာ ယခုခါ နယ်စားကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်နေပြီ။ ရေမြင့်ကြာတင့် ဆိုသလို အေဘယ် ကြီးပွား လာခဲ့သည်နှင့်အမျှ ဂျော့မှာလည်း အလုပ်လက်မဲ့ဘ၀မှ လူတစ်လုံးသူတစလုံး ဖြစ်လာခဲ့သည်။ ယခုဆိုလျှင် ဂျော့သည် အေဘယ်၏ အားအကိုးရဆုံး ညာလက်ရုံးပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်နေပြီ။
အေဘယသည် ရှီကာဂိုနယ်စားဟိုတယ်၏ လေးဆယ့်နှစ်ထပ်ရှိ သူ၏ ရုံးခန်းတွင် ထိုင်ကာ မီချီဂန် ရေအိုင်ကြီးကို အပေါ်စီးမှ လှမ်းကြည့်လျက်ရှိသည် မျက်လုံးများက ရေအိုင်ကြီးကို ကြည့်နေသောလည်း စိတ် ကတော့ ပိုလန်နိုင်ငံသို့ လွင့်မြောပါသွားသည်။ ငါ့တစ်သက်မှာ ရဲတိုက်ကြီးကိုများ တစ်ခါတစ်ခေါက် ပြန်ရောက် နိုင်ပါဦးမလား။
ယခုအခါ ရဲတိုက်ကြီးမှာ ရုရှားနယ်မြေထဲသို့ ရောက်ရှိသွားခဲ့ပြီ။ သူသည် ပိုလန်နိုင်ငံတွင် ဘယ်တော့မှ အခြေမချနိုင်တော့ဆိုသည်ကို အေဘယ်က ကောင်းစွာ သဘောပေါက်မိသည်။ သို့သော် တစ်ချိန်က သူ ပိုင်ခဲ့သော ခမ်းနားကြီးကျယ်သည့် သမိုင်းဝင် ရဲတိုက်ကြီးကိုတော့ ဖြစ်နိုင်လျှင် ပြန်လိုချငပါသေးသည်။ ယခု ဆိုလျှင် သူ၏ ရဲတိုက်ကြီးထဲတွင် ရုရှတွေက ၀င်ရောက်တပ်စွဲပြီး ထင်သလို ကြဲနေကြပေရော့မည်။
အေဘယ်သည် ယင်းသို့တွေးမိရင်း မိမိတို့မျိုးဆက်ပိုင် ရဲတိုက်ကြီးကို မျိုးခြားနယ်ချဲ့တို့လက်မှ ပြန်လည်ရယူလိုသည့်ဆန္ဒ တဖွားဖွား ဖြစ်ပေါ်လာမိသည်။
ထိုအခိုက်အခန်းထဲသို့ ဂျော့ဝင်လာသဖြင့် သူ့အတွေးများ ပြတသွားရသည်။
'ကျွန်တော့ကို တွေ့ချင်တယ်ဆို အေဘယ်'
အေဘယ်အား ငယ်နာမည်နှင့် ခေါ်လေ့ရှိသောလူမှာ နယ်စားကုမ္ပဏီတစ်ခုလုံး တွင် ဂျော့ တစ်ယောက် သာ ရှိသည်။ သူတို့နှစ်ယောက်က ငယ်ပေါင်းမိတ်ဆွေ များမို့ တစ်ယောက်ကိုတစ်ယောက် ငယ်နာမည်ဖြင့်ပင် ရင်းရင်းနှီးနှီး ခေါ်ကြခြင်းဖြစ်သည။
'ဟုတ်တယ်ဂျော့၊ ကျွန်တော် သုံးလေးလလောက် ခွင့်ယူရကောင်းမလားလို့ စိတ်ကူးမိတယ်၊ အဲဒီတော့ ကျွန်တော် မရှိတုန်းမှာ ခင်ဗျားအနေနဲ့ ဟိုတယ်တွေကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ပါ့မလား'
'ရပါတယ် အေဘယ် ကျွန်တော် အုပ်ချုပ်နိုင်ပါတယ်၊ ဒါနဲ့ ဘာလဲ ချင်ဗျားက ခွင့်ရရှည်ယူပြီး အပန်းဖြေဖို့ ခရီးထွက် မလို့လား'
'မဟုတ်ဘူး၊ စစ်ထဲဝင်မလို့'
'ဘာ...ဘာ...ဘယ်လို၊ စစ်ထဲဝင်မလို့ဟုတ်လား'
'ဟုတ်ပါတယ်၊ ကျွန်တော်တကယ် ပြောနေတာပါ၊ ကျွန်တော် မနက်ဖြန်မနက် နယူးယောက်ကိုသွားပြီး စစ်တပ်ထဲ ၀င်လိုက်တော့မယ်'
'ဘယ်နှယ့်... ချင်ဗျား ရူးများ ရူးနေပြီလား အေဘယ်၊ စစ်ထဲဝင်ရင် ခင်ဗျား သေသွားမှာပေါ့'
'ကျွန်တော်မသေပါဘူး၊ သေမှာက ဂျာမန်နယ်ချဲ့တွေပါ၊ သူတို့ကို ကျွန်တော် သွားသတ်မယ်၊ ပထမ အကြိမ် တုန်းက သူတို့ကို ကျွန်တော်သတ်ခွင့်မရလိုက်ဘူး၊ ဒီတစ်ချီတော့ ဒီငတိတွေကို အပြတ်ဆော် ရတော့မယ်'
ဂျော့က အေဘယ်၏ မျက်နှာကို တည့်တည့်ကြည့်လိုက်သည်။ သူတကယ်ပင် လုပ်တော့မည်ဆိုသည်ကို သူ့ မျက်နှာ အမူအရာက ထင်ထင်ရှားရှား ဖော်ပြနေသည။
သို့သော ဂျော့က သူ့ကို ဆက်၍ တားသည်။ အမေရိကန်နိုင်ငံသည် အေဘယ်မပါဘဲနှင့်လည်း ဤစစ်ပွဲကြီး အောင်ပွဲခံနိုင်ပါသည်ဟု ဂျော့က အကြောင်းပြပြီး သူ၏ အချစဆုံး သူငယ်ချင်းကို အတန်တန် တားသည်။
တစ်ချိန်တည်းတွင် ဇနီးသည် ဇာဖီယာကလည်း မျက်ရည်စက်လက်နှင့် တောင်းပန်ရှာသည်။ သူမက စစ်ဆိုလျှင် အန်ချင်အောင် အလွန်မုန်းသည်။ ဖြစ်နိုင်လျှင် နားမှာပင် ထပ်၍ မကြားချင်။ ထို့ပြင် ရှစ်နှစ် အရွယ် သမီးငယ် ဖလော်ရင်တီနာကလည်း ဘုမသိဘမသိနှင့် အဖေ့မျက်နှာတစ်လှည့်၊ အမေ့ မျက်နှာ တစ်လှည့် ကြည့်ပြီး တစ်ငိုတည်း ငိုနေတော့သည်။ သို့သော် သူမ၏ အချစ်ဆုံး ဖေဖေသည် သူမနှင့် သူမ၏ မေမေတို့အား ပစ်ထားခဲ့ပြီး ဘာကြောင့်များ အကြာကြီး ခရီးထွကချင်ရပါလိမ့် ဆိုသည်ကိုတော့ သူမ အနေဖြင့် လုံးဝနားမလည်နိုင်ပါချေ။
*
ဂျော့နှင့် ဇာဖီယာတို့က အတန်တန် တားနေကြသည့်ကြားထဲမှပင် အေဘယ်သည် ဇွတ်မှိတ်ပြီး နောက်တစ်နေ့နံနက်တွင် လေယာဉ်ဖြင့် နယူးယောက်မြို့သို့ ထွက်လာခဲ့လေသည်။
အမေရိကန်တစ်ပြည်လုံးသည် အရပ်လေးမျက်နှာသို့ ဦးတည်လျှောက်လှမ်းလျက် ရှိသည်။ နယူးယောက်မြို့ထဲတွင် ကာကီယူနီဖောင်းဝတ် လူငယ်များဖြင့် ပြည့်နှက်နေသည်။ သူတို့သည် မိဘများ၊ ဇနီးမယား နှင့် ချစ်သူများအား နှုတ်ဆက်နေကြ သည်။ မကြာမီ စစ်ကြီးပြီးဆုံးသွားမှာပါဟု သူတို့က ပါးစပ်က ပြောနေကြသော်လည်း နှလုံးသားကတော့ လုံးဝ မယုံကြ။
အေဘယ်သည် ညနေစာအမီ နယူးယောက် နယစားဟိုတယ်သို့ ရောက်ရှိ လာသည်။ စားသောက်ခန်းကျယ်ကြီးထဲတွင လူငယ်တွေ ခြေချင်းလိမ်နေကြသည်။ ကြည်းတပ်သား၊ ရေတပ်သား၊ လေတပ်သား အစုံပါဝင်သည်။ မိန်းကလေးတွေက သူတို့၏ ချစ်သူစစ်သည် မောင်များအား သွေးရူး သွေးတန်း ဖက်ထားကြသည်။ တွမ်မီ ဒေါ်ဆေ၏ တီးဝိုင်းကြီးကလည်း မြိုင်လှသည်။ အဆိုကျော်မင်းသား ဖရန့် ဆင်နာထရာ၏ အသံကလည်း လှိုင်လှသည်။
အေဘယ်သည် ဇာတ်ခုံပေါ်တွင် မိမိတို့၏ မိမိတို့၏ ချစ်သူများနှင့် တပျော်တပါး တွဲကနေကြသော စစ်သည် လူငယ်များကို စိတ်ဝင်စားစွာဖြင့် ရပ်ကြည့်နေမိသည်။ သူတို့အနက် ဘယ်နှစ်ယောက်များ သည်လို ပွဲမျိုးကို နောက်တစ်ကြိမ် ပြန်လည် ဆင်နွှဲနိုင်ကြပါဦးမလဲဟု သူက တွေးနေမိသည်။ သူ အလုပ် လုပ်ခဲ့ဖူးသော ပလာဇာဟိုတယ်မှ စားပွဲထိုးသုံးယောက် မကြာမီကလေးကမှ အနောက်ဘက် စစ်မျက်နှာက ပြန်ရောက် လာခဲ့ကြသည်။ သူတို့တွင် ခြေထောက်တစ်ဖက်စီသာ ပြန်ပါလာခဲ့ကြတော့သည်။ ယခု ပျော်ပျော် ရွှင်ရွှင် ကခုန်နေကြသော လူငယ်များသည် စစ်ဆိုတာ ဘာဟူ၍ အတိအကျ သိကြသူ များမဟုတ်။
သူက ကပွဲတွင် ၀င်မကဘဲ သူ့အခန်းသို့သာ လှည့်ပြန်လာသည်။
အေဘယ်သည် နောက်တနေ့နံနက်တွင် အနက်ရောင်ဝတ်စုံကို ၀တ်လျက် တိုင်းစတွဲယား ရင်ပြင်ရှိ စစ်သားစုဆောင်းရေးရုံးသို့ လာခဲ့သည်။ သူသည် ရှီကာဂိုတွင် မ၀င်ဘဲ နယူးယောက်သို့လာဝင်ခြင်းမှာ သူ့ကို အသိတစ်ယောက်ယောက်က မြင်သွားမည် ကြောက်သောကြောင့်ဖြစ်သည်။
စစ်သားစုဆောင်းရေးရုံးတွင် မနေ့ညက ကပွဲခန်းမမှာထက်ပင် ပို၍ လူတွေ စည်ကားနေသည်။ သို့သော် သည်နေရာမှာတော့ ဘယ်သူ့ကိုမှ ဘယသူတစ်ယောက်က ဆွဲထားခြင်း၊ ဖက်ထားခြင်း လုံးဝမရှိ။
သူသည် ပုံစံတစ်ခုဖြည့်ရဖို့အတွက် တစ်မနက်လုံး ရပ်စောင့်ရသည်။ ယခုမြင်ရသော စစ်သား လောင်း အားလုံး လိုလိုပင် သူ့ထက အရပ်အမောင်း ကောင်းကြသည်ကို တွေ့ရသည်။
ပုံစံဖြည့်ပြီးတော့ လူတွေ့စစ်ဆေးရန်အတွက် နှစ်နာရီကျော်ကျော်မျှ တန်းစီရသည်။ နောက်ဆုံး သူ့အလှည့် ရောက်လာသည်။ တပ်ကြပ်ကြီးတစ်ယောက်က သူ့ကိုမေးမြန်းသည်။
'ဘာလုပ်သလဲ'
'ဟိုတယ်လုပ်ငန်း'
ပြီးတော့ သူက ပထမကမ္ဘာစစ်အတွင်းက အတွေ့ကြုံများကို တစ်ဆက်တည်း ပြောပြလိုက်သည်။
တပ်ကြပ်ကြီးက အရပ် ငါးပေ ခုနှစ်လက်မ၊ ကိုယ်လေးချိနပေါင် ၁၉၀ရှိသော သူ့ကို သေသေချာချာ စူးစိုက် ကြည့်နေသည်။
တကယ်လို့ သူသည် "ရှီကာဂိုနယ်စား"ဖြစ်ကြောငး ပြောပြလိုက်လျှင် သူစောစောက ပြောခဲ့သော အကျဉ်းကျ ခံရပုံများ၊ ထွက်ပြေး လွတ်မြောက်လာပုံများကိုလည်း တပ်ကြပ်ကြီးက သံသယမရှိဘဲ ယုံကြည် သွားနိုင်စရာ ရှိသည်။ သို့သော် သူက ယင်းအကြောင်းကို မပြောရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုလည်း အခြားသူ တွေလိုပင် သာမန်နိုင်ငံသားတစ်ယောက်အဖြစ် ဆက်ဆံစေချင်သည်။
'မနက်ဖြန်မနက်မှာ ကျနးမာရေးစစ်ဆေးခံရမယ်၊ အခုလို စေတနာအလျောက် တပ်မတော်ထဲ ၀င်လာတာ ဂုဏ်ယူပါတယ်'
တပ်ကြပ်ကြီးက ဤမျှသာပြောပြီး နောက်နေ့နံနက်တွင် ထပ်လာရန် ချိန်းလိုက်သည်။
နောက်တစ်နေ့ မနက်တွင်လည်း အကြာကြီး တန်းစီစောင့်နေရပြီးမှ ကျန်းမာရေး စစ်ဆေးခံရသည်။
သူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ဆရာဝန်ကပြောင်ပြောင်ပင်ပြော သည်။
'ခင်ဗျားက ကိုယ်အလေးချိန်လည်း များနေတယ်၊ မျက်စိလည်းမကောင်းဘူး၊ နှလုံးကလည်း အားနည်းနေတယ်၊ ပြီးတော့ ခြေတစ်ဖက်ကလည်း ဆာနေသေးတယ်၊ ဗြောင်ပြောရရင် ခင်ဗျားဟာ စစ်သား ၀င်လုပ်ဖို့ အရည်အချင်းမပြည့်စုံဘူး၊ ရို့စနော့စကီး၊ ဒီလိုလူစားမျိုးကို တို့က စစ်မြေပြင်ကို မပို့နိုင် ဘူး၊ ရန်သူမမြင်ခင် အသက်ပျောက်သွားမှာ စိုးရတယ်၊ သို့ပေမဲ့ ဒီအတွက်ကြောင့် စစ်တပ်ထဲ မ၀င်ရဘူး လို့တော့ ပြောတာမဟုတ်ဘူး၊ ခင်ဗျားရဲ့ အခြားအရည်အချင်းတွေကို တပ်မတော်မှာ အသုံးချ လို့ရပါတယ်၊ ခင်ဗျား စိတ်ဝင်စားမယ်ဆိုရင် ရုံးလုပ်ငန်းမှာ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်'
အေဘယ် က ဆရာဝန်ကို လက်သီးနှင့်သာ ပိတ်ထိုးလိုက်ချင်သည်။ သို့သော် ထိုး၍မဖြစ်။ ထိုးလျှင် သူ့အနေ ဖြင့် ယူနီဖောင်းမ၀တ်ရတော့ရုံသာမက အချုပ်ထဲတန်းဝင် သွားရလိမ့်မည်။
'ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ ဒါပေမယ့် ဒေါက်တာပြောတာတော့ ကျွန်တော် မလုပ်ချင်ပါဘူး၊ ကျွန်တော်က ဂျာမန်တွေကို တိုက်ပဲတိုက်ချင်ပါတယ်၊ သူတို့ဆီစာတော့ သွားမပေးချင်ပါဘူး'
ထိုနေ့ညနေက အေဘယ်သည် စိတ်ပျက်လက်ပျက်ဖြင့် ဟိုတယ်သို့ ပြန်လာခဲ့သည်။ သို့သော် လက်မလျော့ သေး။ မရရအောင် ကြိုးစားမည်ဟု ဆုံးဖြတချက် ချလိုက်သည်။ သို့ဖြင့် နောက်တစ်နေ့တွင် စစ်သား စုဆောင်းရေးတပ်တစ်ခုသို့ ထပ်သွားသည် သို့သော ယခင်အတိုင်းပင် ဟိုတယ် သို့ ပြန်လာခဲ့ ရပြန်သည်။
နောက်ဆရာဝန်က ယခင်ဆရာဝန်လောက်မဆိုး။ သို့သော် တိုက်ပွဲကိုတော့ ဘယနည်းနှင့်မှ သွား၍ မဖြစ်ဟု သူကပြောသည်။ သို့ဖြင့် အေဘယမှာ ပထမအကြိမ်တုန်း ကလိုပင် ၄(အက်ဖ်) ကျန်းမာရေးအမျိုးအစားဖြင့် အပယ်ခံခဲ့ရပြန်သည်။
သူ့ကိုသူ ပြနတွေးပြီး ရှကလည်းရှက်မိသည။ ဒေါသလည်း ထွက်မိသည်။ အရပ်ထဲတွင် သူ့ကို ယခုလို ချိုးချိုး နှိမ်နှိမ် ပြောရဲသူ တစ်ယောက်မျှမရှိ။ ဒါကလည်း သူ့အဆင့်အတန်းနှင့် သူ့အောင်မြင်မှုကြောင့်ပင် ဖြစ်လိမ့် မည်။
ဘာပဲဖြစ်ဖြစ် စစ်တပ်ထဲတော့ ၀င်ဖြစ်အောင် ၀င်ရမည်။ သို့သော ဒီအခြေအနေ မျိုးနှင့်တော့ လုံးဝ မဖြစ်နိုင်တော့။ ကိုယ်အလေးချိန် လျော့ကျပြီး ကျန်းမာရေးကောင်း လာအောင် ဘာလုပ်ရမလဲ။ ဟုတ်ပြီ.... အကြံ ရပြီ။
*
နောက်တစ်နေ့မနက်တွင် အနောက် ၅၇ လမ်းမှ ကျန်းမာရေး အားကစားရုံသို့ လာခဲ့သည။ ပြင်သစ် အားကစား နည်းပြဆရာတစ်ယောက်ကို ပိုက်ဆံပေးပြီး ငှားသည်။ သူ၏ ပြင်ပ ကိုယ်ခန္ဓာအနေအထားကို အချိုး ကျအောင် ပြုပြင်ပေးရန် ပြောသည်။
သို့ဖြင့် သူသည် ကိုယ်အလေးချိန် လျော့သွားရန်နှင့် အထွေထွေ ကျန်းမာရေးကောင်းလာရန်အတွက် သုံလလုံးလုံး အားသွန်ခွန်စိုက် ကြိုးစားပြီး လေ့ကျင့်ခန်းများလုပ်သည်။
သူသည် ဘောက်ဆင်ထိုးသည်။ နပန်းသတ်သည်။ ပြေးသည်။ တန်းခုန်သည်။ အလေးမသည်။ အစာငတ် ခံသည်။ သည်လိုနှင့် ကိုယ်အလေးချိန် ၁၅၅ ပေါင်သို့ ရောက်လာသောအခါ နည်းပြဆရာက ဒီထက် ပို၍ မကျနိုင်တော့ဟု၍ ပြောသည်။
သို့ဖြင့် သူသည် ပထမဆုံးသွားခဲ့သော စစ်သားစုဆောင်းရေးတပ်သို့ ပြန်လာခဲ့သည်။ ၀လာဒက်ကော်စကေ၀စ်ဟူ၍ နာမည်ပြောင်းပြီး ပုံစံဖြည့်လိုက်သည်။ သည်တစ်ကြိမ်တွင်တော့ တခြား တပ်ကြပ်ကြီး တစ်ယောက်က စစ်ဆေးသည်။ တပ်ကြပ်ကြီးတစ်ယောက်က စစ်ဆေးသည်။ တပ်ကြပ်ကြီးက တောတော် သက်သက်ညှာညှာ စစ်ဆေးပြီးတော့ အရန်တပ်သားအဖြစ် ရွေးချယ်လိုက်သည်။ လိုအပ် သောအခါ ခေါ်မည်ဟုလည်း ပြောသည်။
'ဒါပေယ့် ကျွန်တော်က တိုက်ပွဲပဲ သွားချင်တယ် ဆာဂျင်၊ ကျွန်တော်က ဂျာမန်တွေ ကိုတိုက်ချင်လို့ အခု လို ၀င်လာတာပါ'
'ကျွန်တော်တို့ အမြဲတမ်း ခင်ဗျားနဲ့အဆက်အသွယ်ရှိနေမှာပါ မစ္စတာ ကော်စကေ၀စ်' တပ်ကြပ်ကြီးကပြောသည်။ 'ကိုယ့်ကိုကိုယ် ကျန်းမာအောင်သာ နေပါ၊ လိုအပ်တဲ့အခါ ချက်ချင်း လိုက်နိုင် အောင်သာ ပြင်ဆင်ထားပါ၊ ဒါပေမဲ့ ဘယ်နေ့ခေါ်မယ် ဆိုတာတော့ အတိအကျ ပြောလို့မရပါဘူး'
အေဘယ်က တော်တော်ကလေး ဒေါသထါက်သွားသည် သူ့ထက် အသက်ငယ်ပြီး သူ့ထက်ပိန်သော အမေရိကန်လူငယ်များကိုတော့ တစ်ထိုင်တည်းနှင့် တိုက်ပွဲသို့သွားရန် ချက်ချင်းရွေးလိုက်သည်ကို မြင်ရ၍ ပို၍ ဒေါသဖြစ်မိသေးသည်။
သူသည် တံခါးဖွင့်ပြီး အပြင်သို့ ထွကလာခဲ့သည်။ လောလောဆယ် ဘယ်သွား၍ ဘာလုပ်ရမှန်မသိ။
သူက ဒေါသတကြီးနှင့် ခပ်သုတ်သုတ် လျှောက်လာစဉ် အပြင်ဘက်တွင် ပိန်ပိန်ရှည်ရှည်နှင့် ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တစ်ယောက်ကို အမှတ်မထင် ၀င်တိုက်မိသည်။
'မတော် လို့ပါခင်ဗျာ'
အေဘယ်က မော်ကြည့်ပြီး တောင်းပန်လိုက်သည်။ ထိုပုဂ္ဂိုလ်၏ ပုခုံးထက်တွင် ကြယ်ပွင့်တွေ တပ်ဆင် ထားသည်။ ဧကန္တတော့ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နိုင်သည်။ အေဘယ်က လှည့်မကြည့် တော့ဘဲ ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။
'ဟေ့ သူငယ်' ဗိုလ်ချုပ်က လှမ်းခေါ်လိုက်သည်။
အေဘယ်က သူ့ကို ခေါ်သည်ဟု မထင်၍ ဆက်လျှောက်မြဲ လျှောက်သည်။ အသက် ၃၅ နှစ်ရှိပြီ ဖြစ်သော သူ့အား ဘယ်သူကမှလညး "သူငယ်"ဟု ခေါ်မည်မထင်။
ဗိုလ်ချုပ်က ထပ်ခေါ်ပြန်သည်။
"ဟေ့....သူငယ်"
အေဘယ်က လှည့်ကြည့်လိုက်ပြီး
'ကျွန်တော့ကို ခေါ်သလားဗျာ'
'ဟုတ်ပါတယ်'
အေဘယ်က ဗိုလ်ချုပ်ထံသို့ ပြန်လျှောက်လာခဲ့သည်။
'ကျုပ်ရုံးခန်းထဲ ခဏကြွပါ မစ္စတာ ရို့စနော့စကီး'
'ဟာ... အဲဒါမှ ဒုက္ခပဲ၊ ဒီပုဂ္ဂိုလ်ငါ့သိတယ်ထင်တယ်၊ ဒါဆိုရင်တော့ ငါဘယ်တော့မှ တိုက်ပွဲကို သွားရမှာ မဟုတ်ဘူး'
အေဘယ်က ယင်းသို့ စဉ်းစားရင်း ဗိုလ်ချုပ်နောက်မှ လိုက်လာခဲ့သည်။ ဗိုလ်ချု့ပ်၏ ရုံးခန်းမှာ ပင်မအဆောက်အအုံကြီး၏ အနောက်ဘက် အခန်းကျဉ်းကလေးဖြစ်သည်။
စားပွဲတစ်လုံးနှင့် သစ်သားကုလားထိုင်နှစ်လုံးသာ ရှိသည်။ တစ်ခန်းလုံးကို အစိမ်းရောင်သုတ်ထားပြီး တံခါး တစ်ပေါက်သာ ရှိသည်။ ဗိုလ်ချုပ်၏ ရုံးခန်းမှာ အေဘယ်၏ နယ်စားဟိုတယ်မှ သာမန်အမှုထမ်း တစ်ယောက် ၏ နယ်စားဟိုတယ်မှ သာမာန်အမှုထမ်း တစ်ယောက်၏ အခန်းလောက်ပင် မသားနား။
'ကျုပ်က ဗိုလ်ချုပ်ကြီး မတ်ကလပ်ပါ မစ္စတာရို့စနော့စကီး' ဗိုလ်ချုပ်က စားပွဲတွင် ၀င်ထိုင်ရင်း ပြောသည်။ အေဘယ်ကလည်း ကုလားထိုင်အလွတ်တွင် ၀င်ထိုင်လိုက်သည်။ 'ကျုပ်က အမှတ်(၅) အမေရိကန်တပ်မတော်၊ တပ်မဟာမှူးပါ၊ ဒီကို စစ်ဆေးရေးထွက်လာရင်း ခင်ဗျားနဲ့ မမျှော်လင့်ဘဲ တွေ့ရတာ ၀မ်းသာပါတယ်၊ ခင်ဗျားက ကျုပ်ကိုမသိပေမယ့် ကျုပ်ကတော့ ချငဗျားကို သိနေတာ ကြာပါပြီ၊ ခင်ဗျား ကိုသိနေတာ ဆိုတာထက် လေးစားနေတာ ကြာပြီလို့ပြောရင် ပိုမှန်လိမ့်မယ်၊ ခင်ဗျားရဲ့ ဘ၀ ဇာတ်လမ်း က ဒီနေ့ အမေရိကန်လူငယ်တွေ အားကျစရာ အလွန်ကောင်းတာပဲ၊ ဒါနဲ့ ပြောစမ်းပါဦး၊ ခင်ဗျား ဒီမှာ ဘာလာလုပ်တာလဲ'
'ဗိုလ်ချုပ်က ဘာလာလုပမယ်ထင်လို့လဲ၊ ခွင့်လွှတ်ပါ ခင်ဗျာ၊ ကျွန်တော်စကား နည်းနည်း ရိုင်းသွား သလား မသိဘူး၊ ကျွန်တော့ကို ဘယ်သူကမှ စစ်ထဲဝင်ခွင့်မပြုတာနဲ့ စိတ်ဆိုးပြီး ပြောမိတာပါ'
'ခင်ဗျားက စစ်ထဲဝင်ပြီး ဘာလုပ်မလို့လဲ'
'ဂျာမန်တွေကို တိုက်မှာပေါ့'
'ခြေလျင်စစ်သားအနေနဲ့လား'
'ဟုတ်ပါတယ်၊ ၀င်ချင်တဲ့လူတိုင်း ၀င်လို့မရဘူးလား'
'ရပါတယ်၊ ဒါပေမဲ့ ခင်ဗျားအရည်အချင်းကို ခြေလျင်စစ်သားထက် အသုံးဝင်တဲ့ နေရာမှာ သုံးမှ ပိုကာင်းမှာပါ့'
'ဘာပဲ လုပ်ရလုပ်ရ၊ ကျွန်တော်ဝင်ချင်ပါတယ်'
'အခု ၀င်မှာလား၊ ဒါနဲ့ ခင်ဗျားတဲ့ နယူးယောက်ဟိုတယ်ကို ယာယီစစ်ဌာနချုပ် ဖွင့်ရင် သဘောတူ နိုင်ပါ့ မလား၊ အမှန်အတိုင်းပြောရရင်တော့ ခင်ဗျားကိုယ်တိုင် စစ်မြေပြင် ထွက်ပြီး ဂျာမန်စစ်သား တစ်ဒါဇင် သတ်တာ ထက် အဲအလုပ်က ပိုပြီး တန်ဖိုးရှိပါတယ် မစ္စတာ ရို့စနော့စကီး'
'ကောင်းပါပြီ၊ နယ်စားဟိုတယ်ကို ဗိုလ်ချုပ်ကြိုက်သလို အသုံးပြုပါ၊ ဒါနဲ့ ကျွန်တော့်ကိုရော စစ်ထဲဝင်ခွင့်ပြုမလား'
'ခင်ဗျား ရူးနေသလား မစ္စတာရို့စနော့စကီး'
'ကျွန်တော်မရူးပါဘူး၊ ကျွန်တော်ပိုလန်သားပါ ဗိုလ်ချုပ်' နှစ်ယောက်စလုံး ရယ်လိုက်ကြသည်။ 'ဒါဆို ဗိုလ်ချုပ် နားလည်ပါလိမ့်မယ်၊ ကျွန်တော့်ကို စလိုနင်မြို့ပြင်မှာ မွေးခဲ့ပါတယ်၊ ကျွန်တော့အိမ်ကို ဂျာမန်တွေ သိမ်းသွားတယ်၊ ကျွနတော်အစ်မကို ရုရှတွေ သတ်သွားတယ်၊ နောက်ပိုင်းဆိုက်ဘေးရီးယား အကျဉ်း စခန်းက ကျွန်တော် ထွက်ပြေး လွတ်မြောက်လာခဲ့တယ်၊ အခု ဒီကောင်တွေ ထပ်ပြီး ကျူးကျော်လာပြန်ပြီ ကျွန်တော် မရူးပါဘူး ဗိုလ်ချုပ်၊ ကျွန်တော် လူကောင်းတစ်ယောက်ပါ'
'ဒါဆိုလည်း ကောင်းပြီလေ၊ ခင်ဗျားက ဒီလောက်တောင်မှ စိတ်အားထက်သန် နေရင်လည်း တစ်နေရာရာမှာ တာဝန်ပေးရတာပေါ့၊ ဒါပေမယ့် ချင်ဗျား စိတ်ကူးထားသလို တော့ ဖြစ်မှာမဟုတ်ဘူး၊ ဗိုလ်ချုပ်ကြီး ဒင်းဗားက သူတို့ရှေ့တန်းမှာ တိုက်နေတုန်း နောက်တန်းမှာ တပ်ထောက်တစ်ယောက် လိုနေတယ်လို့ ပြောတယ်၊ စစ်တပ်တစ်တပ်ဟာ လက်နက်နဲ့ တိုက်ခိုက်တာမဟုတ်ဘူး၊ ၀မ်းဗိုက် နဲ့ တိုက်ခိုက်တာဖြစ် တယ်လို့ နပိုလီယံပြောတာ ခင်ဗျားယုံမယ်ဆိုရင် ဒီတာဝန်က အလွန်အရေးပါတဲ့ တာဝန်ပဲ၊ အဆင့်ကတော့ ဗိုလ်မှူးအဆင့်ရမယ်၊ ဒါဟာ စစ်အောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီခြင်း ပါပဲ၊ ဘယ်လိုသဘောရသလဲ'
'ကျွန်တော်လုပမယ် ဗိုလ်ချုပ်'
'ကျေးဇူးတင်ပါတယ် မစ္စတာ ရို့စနော့စကီး'
ဗိုလ်ချုပ်ကြီးက စားပွဲပေါ်မှ ခလုတ်ကို နှိပ်လိုက်သည်။ ဗိုလ်ကလေးတစ်ယောက် ၀င်လာသည်။ ဗိုလ်ချုပ်ကြီးကို အလေးပြုသည်။
'လက်ဖတင်နင်... ဒီကဗိုလ်မှူးရို့စနော့စကီးကို မှတ်တမ်းဌာနကို ခေါ်သွားပါ၊ ပြီးတော့ ငါ့ဆီ ပြနခေါ်လာခဲ့'
'ဟုတ်ကဲ့ ဗိုလ်ချုပ်' လက်ဖတင်နင်က အေဘယ်ဘက်သို့ လှည့်လိုက်ပြီး 'ဒီဘက်ကို ကြွပါ ဗိုလ်မှူး'
အေဘယ်က ထိုင်ရာမှထ၍ လိုက်သွားသည်။ တံခါးဝသို့ရောက်တော့မှ နောက်ပြန် လှည့်ပြီး....
'ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်'
*
အေဘယ်သည် စနေနှင့် တနင်္ဂနွေရက်အားတွင် ရှီကာဂိုသို့ပြန်ပြီး ဇနီးနှင့် သမီးငယ်တို့နှင့် အချိန်ဖြုန်း သည်။
'ဒါနဲ့ ရှင့်ဝတ်စုံ ၁၅ စုံ ရှိနေတာ ဘယ်လိုလုပရမလဲ အေဘယ်'
ဇာဖီယာက မေးသည်။
'ဘာလုပ်ရမှာလဲ၊ သိမ်းထားပေါ့ကွ' အေဘ်က ဇာဖီယာ ဘာပြောမှန်းနာမလည် သဖြင့် ပြန်ဟောက် လိုက်သည်။ 'မင်းတို့က စစ်တပ်ထဲဝင်ရင်ပဲ သေဖို့ဝင်တယ်လို့ ထင်နေကြသလား၊ ငါမသေနိုင် ပါဘူးကွ'
'ဟုတ်ပါတယ်.. ရှင်မသေနိုင်ပါဘူး၊ ကျွန်မက အဲဒါပြောတာ မဟုတ်ဘူး အေဘယ်၊ ရှင့်က ကိုယ် ပေါင်ချိန်လျော့သွားလို့ အခုရှင့်ဝတ်စုံတွေက ရှင်နဲ့မတော်တော့ဘူး၊ ရှင့်ကိုယ်ထက် သုံဆလောက် ကျယ် သွားကြပြီ၊ အဲဒါ ဘာလုပ်ရမလဲလို့ ကျွန်မက မေးတာပါ'
အေဘယ်က ရယ်သည်။ ပြီးတော့ သူက ၀တ်စုံအားလုံးကို ပိုလန်စစ်ပြေး ဒုက္ခသည်များ စခန်းသို့ သွား၍ လှူပစ်လိုက်သည်။
ထို့နောက် နယူးယောက် နယ်စားဟိုတယ်သို့ ပြန်လာခဲ့သည်။ ကြိုတင်ဧည့်သည်စာရင်းကို လုံးဝ လက်မခံတော့ဘဲ ပိတ်ပစ်လိုက်သည်။
နောက် ၁၂ ရက်ကြာသောအခါ ဟိုတယ်တစ်ခုလုံးကို အမှတ်(၅) အမေရိကန်တပ်မဟာသို့ လွှဲပြောင်း ပေးလိုက်သည်။ အေဘယ်၏ လုပ်ရပ်ကို စာနယ်ဇင်း များက "ကိုယ်ကျိုးစွန့်သောလုပ်ရပ်၊ ပထမ ကမ္ဘာစစ်တွင်းက ကိုယ်တိုင် စစ်ဘေးဒုက္ခသည် တစ်ယောက်ဖြစ်ဖူးသော ပုဂ္ဂိုလ်တစ်ယောက်၏ ဂုဏ်ပြု ထိုက်သည့် မြင့်မြတ်သော လုပ်ရပ်" ဟူ၍ ချီးကျူးကြသည်။
အေဘယ်သည် ဟိုတယ်၌ပင် ဆက်လကနေထိုင်ပြီး ဗိုလ်ချုပ်ကြီးကလပ်၏ လုပ်ငန်းအောင်မြင်ရေးအတွက် အစစအရာရာ စီမံခန့်ခွဲပေးရန် သုံးလခန့် အချိန်ကုန်လွန်သွားခဲ့သည်။ ထို့နောက် တွင် ဗိုလ်သင်တန်းတက်ရန် "ဖို့ထ်တင်းနင်း" စစ်စခန်းသို့ လာခဲ့ရသည်။ သင်တန်းပြီး ဆုံးသောအခါ အမှတ်(၅) တပမဟာဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး ဒင်းဗားလက်အောက်၌ အမှုထမ်းရသည်။ မကြာမီ တွင် အာဖရိကမြောက်ပိုင်း တစ်နေရာသို့ တပ်ထွက်ရသည်။ သူက ဂျာမနီကိုမှ ရောက်နိုင် ပါတော့မလားဟု တွေးပူမိသည်။
သူသည် အာဖရိကသို့ မထွက်မီ သေတမ်းစာတစ်စောင် ရေးထားခဲ့သည်။ သေတမ်းစာတွင် နယ်စားကုမ္ပဏီကို ဒေးဗစ်မက်တွန်အား စည်းကမ်းချက်များ သတ်မှတ်၍ ပေးထားသည်။ ကျန်သော သူ၏ အိုးအိမ်ခြံမြေ ပစ္စည်းများကိုမူ ဇနီး ဇာဖီယာနှင့် သမီး ဖလော်ရင်တီနာတို့အား ခွဲဝပေးထားသည်။ ဤ အကြိမ်သည် အာဖရိကမြောက်ပိုင်း တစ်နေရာသို့ တပ်ထွက်ရသည်။ သူက ဂျာမနီကိုမှ ရောက်နိုင် ပါတော့ မလားဟု တွေးပူ မိသည်။
သူတို့တပ်သည် နယူးယောက် ဆိပ်ကမ်းမှ သင်္ဘောဖြင့် ထွက်ခွာသည်။ အေဘယ်က လေဘာတီအထိမ်းအမှတ် ကျောက်ရုပ်ကြီးကို သင်္ဘောကုန်းပတ်ပေါ်မှ ရပ်ကြည့်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က အမေရိကသို့ ထွက်ခွာလာစဉ်က ဤအထိမ်းအမှတ် ကျောက်ရုပ်ကြီးကို ပထမဆုံး အကြိမ် စတင်မြင်ခဲ့ရသည်ကို ပြန်လည် သတိရမိသည်။
မီးရှူးတိုင် ကိုင်မြှောက်ထားသော အမျိုးသမီးကျောက်ရုပ်ကြီးကို သင်္ဘောကျော် သွားတော့ သူက နောက် တစ်ကြိမ် ပြန်လှည့်၍ မကြည့်တော့။ သို့သော် ပါးစပ်ကတော့ အသံထွက်၍ ပြောလိုက်မိသည်။
'သွားလိုက်ပါဦးမယ် အမေရေ၊ နောက်တစ်ကြိမ် ကျွန်တော်တို့ ပြန်လာတဲ့အခါ တော့ အောင်ပွဲခံလို့ ပြန်လာပြီ လို့သာ မှတ်ပေတော့ အမေရေ'
အေဘယ်သည် သူနှင့်အတူ စားဖိုးမှူးနှစ်ယောက်နှင့် မီးဖိုခန်းလုပ်သား ငါးယောက်ကိုလည်း ခေါ်လာခဲ့သည်။
သူတို့ သင်္ဘောသည် အတ္တလန္တိသမုဒ်ပြင်ကျယ်ကို ဖြတ်ကျော်ခုတ်မောင်းလာခဲ့ သည်။
နောက်ဆုံး ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အယ်လ်ဂျီးရီးယားသို့ ရောက်ရှိလာသည်။
သူသည် ဖုန်ထူသော၊ နေပူရှိနပြင်းသော သဲကန္တာရထဲတွင် တပ်သားအားလုံး ၀၀လင်လင် အဆင် ပြေပြေ စားသောက်ရအောင် စီမံခန့်ခွဲရင်း တစ်နှစ်တာတိတိ နေခဲ့ရသည်။
'ကျုပ်တို့တပ်မှာ ဖုတ်ပူမီးတိုက် စားကြရပေမယ့် အစားအသောက်ကတော့ ဟိုတယ်လောက် ကောင်းတယ်ဗျို့'ဟု ဗိုလ်ချုပ်ကြီး ကလပ်က ချီးကျူးစကားဆိုသည်။
အေဘယ်သည် အယ်လ်ဂျီးရီးယားရှိ တစ်ခုတည်းသော ဟိုတယ်ကို အုပ်ချုပ်ရသည်။ ထိုဟိုတယ်ကို ဗိုလ်ချုပ်ကလပ်၏ ဌာနချုပ်အဖြစ် ပြောင်းလဲလိုက်သည်။ သူ့အနေဖြင့် အရေးကြီးသောတာဝန်ကို ထမ်းဆောင် နေရသည် မှန်သော်လည်း အေဘယ်က တာဝန်ယူရသော ဗိုလ်မှူးများအားေ၇ှ့တန်းသိုက ပို့ခဲ့ သဖြင့် သူ့အဖို့ အခက်ကြုံနေရလေသည်။
သူသည် ဇာဖီယာနှင့် ဂျော့တို့ထံသို့ မကြာခဏ စာရေးသည်။ သမီးငယ်ကိုလည်း ဓာတ်ပုံတွင် မြင်ရသည်။ ဖလော်ရင်တီနာကလေးသည် တစ်နေ့ထက် တစ်နေ့ ချောလာသည်ဟု ထင်မိသည်။ မစ္စတာ ကာတစ်ဖင်တန် ထံမှလည်း ကြိုးကြားကြိုးကြား စာလာသည်။ နယ်စားကုမ္ပဏီစီးပွားရေး အလွန်ကောင်း နေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်ရှိ ဟိုတယ်တိုင်းလိုလို စစ်သားများနှင့် အရပ်သားများ ပြွတ်ခဲ နေသောကြာင့် ဖြစ်သည်ဟု မစ္စတာဖင်တန်က သတင်းပို့သည်။
မွန်ထရီယယ်မြို့တွင် နယ်စားဟိုတယ်သစ် ဖွင့်ပွဲသို့ မတက်ရောက်နိုင်ခြင်း အတွက် အေဘယ် အတော်ကလေး စိတ်မကောင်းဖြစ်မိသည်။ သူ့ကိုယ်စား ဂျော့က တက်ရောက်ရသည်။ ဤတစ်ကြိမ်သည် နယ်စားဟိုတယ်သစ်တစ်ခုဖွင့်ပွဲကို အေဘယ်ကိုယ်တိုင် မတက်ရောက်နိုင်ဖြစ်ရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သို့သော် ဟိုတယ်သစ်များလည်း စီးပွားရေး ကောင်းမွန်နေကြောင်း ဂျော့က စာရေး သောကြောင့် အေဘယ်က ၀မ်းသာမိသည်။ တစ်ချိန်တည်းတွင် အမေရိက၌ သူ့အနေဖြင့် ဘယ်အတိုင်း အတာ အထိ စီးပွားရေး ကောင်းမွန်နေကြောင်း ဂျော့က စာရေးသောကြောင့် အေဘယ်က ၀မ်းသာမိသည်။ တစ်ချိန် ထဲတွင် အမေရိက၌ သူ့အနေဖြင့် ဘယ်အတိုင်းအတာအထိ ကျေးဇူးပြန်ဆပ်ရမှာလဲဟူသော မေးခွန်း ကိုလည်း သူ့ကိုယ်သူ မေးမိလာသည်။
တဖြည်းဖြည်းနှင့် အာဖရိကတွင် နေရသည်ကို အေဘယ်ငြီးငွေ့လာသည်။ တစ်နေ့လာလညးဒါဖြင့် အပြောင်းအလဲမရှိသော ဘ၀တွင် နေနေရသည်ကို ပျင်းလာသည်။
သူသည် တကယ့်ရင်ဆိုင်တိုက်ပွဲတစ်ခုကိုလည်း တစ်ခါမျှ မမြင်ရသေး။ ရှေ့တန်းသို့ ရိက္ခာသွားပိုကရင်း သေနတ်သံများကိုတော့ ကြားခဲ့ရပါ၏။ သို့သော် ယင်းအချက်ကပင် သူ့အား ပို၍ ရိုးတိုးရွတ ဖြစ်စေ ခဲ့သည်။ ပို၍ ဒေါသထွက်အောင် လှုံဆော်ပေးခဲ့သည်။ သူသည် တကယ့်တိုက်ပွဲတွင် ရင်ဆိုင် တိုက်ချင် ၍ စစ်ထဲဝင်လာခဲ့သူ မဟုတ်ပါလား။
တစ်နေ့တော့ ဗိုလ်ကြီးကလပ်၏ အမှတ်(၅) တပ်မဟာကို ဥရောပတောင်ပိုင်းသို့ ချီတက်ရမည်ဟု အမိန့်ကျလာသည်။ အေဘယ်မှာ စိတ်ကူးဖြင့် အူမြူးနေရတော့သည်။
အမှတ်(၅)တပ်မဟာသည် ကုန်းရေသွား တင့်ကားများဖြင့် အီတာလျံကမ်းခြေသို့ တက်ရောက်တိုက်ခိုက် သည်။ လေတပ်မတော် တိုက်လေယာဉ်များက အပေါ်မှ ကူတိုက်ပေးသည်။
အန်ဇီယိုတွင် တစ်ကြိမ်၊ မွန်တီကတ်စီနိုတွင် တစ်ကြိမ် ရန်သူတပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားသည်။ သို့သော် ယင်းတိုက်ပွဲနှစ်ပွဲစလုံးတွင် အေဘယ်မပါ။ သို့ဖြင့် သူသေနတ်တစ်ချက်မျှ မဖောက်လိုက် ရဘဲလျက် စစ်ပွဲကြီး ပြီးဆုံးသွားမည့်အရေးကို တွေးပီးစိတ်မချမ်းမသာပင်ဖြစ်မိသည်။ သို့သော် သူ့လား ရှေ့တန်းသို့ ပို့စေနိုင်မည့် နည်းလမ်းကိုလည်း သူက ကြံဆ၍မရ။ သည်လိုနှင့် သူ့အား ဒုဗိုလ်မှူးကြီး အဆင့် သို့ တိုးမြှင့်ပေးပြီးနောက် နောက်ထပ် အမိန့်ကိုစောင့်ရန် လန်ဒန်သို့ ပို့လိုက် တော့သည်။
*
၁၉၄၄ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ဥရောပစစ်မျက်နှာများသို့ မဟာမိတ်တပ်များ အလုံးအရင်းနှင့် ချီတက်၍ ထိုးစစ်ဆင်သည်။ သြဂုတ်လ (၂၅)ရက်နေ့တွင် ပြင်သစ် နိုင်ငံ သို့ ချီတက်၍ ပါရီမြို့တော်ကို ပြန်လည်သိမ်းပိုက်လိုက်သည်။
အေဘယ်သည် အမေရိကန်နှင့် လွတ်လပ်သေ ပြင်သစ်စစ်သည်တော်များနှင့် အတူ ပြင်သစ်ဗိုလ်ကြီးချုပ်ကြီး ဒီဂေါ၏နောက်မှ ချီတက်လာစဉ် စစ်ဒဏ်ကို အလူးလဲခံရ သော်လည်း လှပ ခမ်းနားလျက် ပင်ရှိသေးသော ပါရီမြို့တော်ကို အလွန်သဘောကျ သွားသည်။ သို့ဖြင့် စစ်ကြီးပြီး သောအခါ ပြင်သစ်နိုင်ငံတွင် နယ်စား ဟိုတယ် ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မဟာမိတ်တပ်များသည် ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ဆက်လက်ချီတက်ကာ ဂျာမနီနယ်စပ်ကို ဖြတ်ကျော်ပြီး ဘာလင်မြို့တော်သို့ ၀င်ရောက်လာသည်။ အေဘယ်သည် အမှတ် (၁) တပ်မလာသို့ ပြောင်းရွှေပြီး ဗိုလ်ချုပ်ကြီး ဘရက်ဒလေလက် အောက်၌ အမှုထမ်းရသည်။ တပ်သားများအတွက် စားနပ် ရိက္ခာကို အများအားဖြင့် အင်္ဂလန်မှ ပို့ပေးနေရသည်။ တပ်ဆုတ်သွားသော ဂျာမန်တပ်များက ရောက်လေရာ မြို့တိုင်း၌ ရိက္ခာများကို မြေလှန်စနစ်ဖြင့် ဖျက်ဆီးပစ်ခဲ့သောကြောင့်ဖြစ်သည်။
မြို့တစ်မြို့သို့ရောက်လာလျှင် အခြားတပ်ထောက်တာဝန်ခံ အရာရှိများက လိုနေသော စားနပ်ရိက္ခာကို ဘယ်နေရာ တွင် သွားရှာနေရမှန်း မသိကြသေးခင် အေဘယ်က အချိန်အနည်းငယ်အတွင်း ရှာဖွေရရှိပြီး ဖြစ်နေတတ်သည်။ အမေရိကနှ်င့် ဗြိတိသျှ စစ်သားများသည် အေဘယ်တို့တပ်တွင် စားသောက်ရသည်ကို အလွန် ကျေနပ်ကြသည်။ ရိက္ခာတာဝန်ခံဖြစ်သော အေဘယ်၏ စွမ်းရည်ကိုလည်း ချီးမွမ်းမဆုံး ဖြစ်ကြ သည်။
တစ်နေ့တွင် ဗိုလ်ချုပ်ကြီးပေတန်သည် ဗိုလ်ချုပ်ကြီး ဘရက်ဒလေနှင့်အတူ ညစာလာစားသည်။ သူ့တပ်သား များအား ဆင်စွယ်ရိုးတပ် ခြောက်လုံးပြူးသေနတ်များ တ၀င့်ဝင့်ဖြင့် အမြဲတမ်း ချီတက်ခိုင်းလေ့ ရှိသော ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီးနှင့် အေဘယ်တို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံသိကျွမ်းကြရသည်။
ညစာစား ပြီးသောအခါ ဗိုလ်ချုပ်ကြီးပေတန်က -
' စစ်ကာလ တစ်လျှောက်လုံး စားခဲ့ရသမျှထဲမှာ ဒီနေ့ညစာ အမြိန်ဆုံးပဲဗျ ' ဟူ၍ ချီးကျူးသွားသည်။
*
၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အေဘယ်သည် စစ်မှုထမ်းသက် သုံးနှစ်နီးပါးရှိခဲ့ပြီ။ စစ်ကြီးသည် လပိုင်း အတွင်း ပြီးဆုံးတော့မည်ဆိုသည်ကို သူက ခန့်မှန်းမိသည်။ ဗိုလ်ချုပ်ကြီး ဘရက်ဒလေက သူ့ထံသို့ ချီးကျူး စာတွေနှင့် အဓိပ္ပာယ်မရှိသော ဂုဏ်ပြုတံဆိပ်တွေကိုသာ အမြဲတမ်း ပို့နေသည်။ သူ၏ စစ်အင်္ကျီအဟောင်း ကြီးတွင် တံဆိပ်တွေ တစ်ပြုံကြီး တပ်ထားရသော်လည်း သူက လုံးဝ ၀မ်းမသာ။ ရှေ့တန်းသို့ ထွက်ချင် သော ဆန္ဒသာ မီးလိုပြင်းပြနေမိသည်။ သူက တစ်ချီတစ်ပွဲလောက်ဖြစ်ဖြစ် တိုက်ပါရစေဟု ဗိုလ်ချုပ်ကြီး ထံတွင် ခွင့်တောင်းသော်လည်း ဗိုလ်ချုပ်ကြီးက မကြားချင်ယောင်သာ ဆောင်နေသည်။
အစဉ်အလာအရ ရှေ့တန်းစစ်မျက်နှာသို့ ရိက္ခာကားများ သွားပို့ခြင်းနှင့် ရှေ့တန်းရောက် စစ်သားများအတွက် အစားအသောက် ချက်ပြုတ်စီစဉ်ခြင်းများကို အငယ်တန်း အရာရှိများကသာ ကြီးကြပ် ရသည်။ သို့သော် အေဘယ်သည် မကြာခဏဆိုသလို ယင်းတာဝန်ကို သူကိုယ်တိုင် ဆောင်ရွက် တတ်သည်။ ထို့ပြင် သူ့ဟိုတယ်များကို စီမံအုပ်ချုပ်သကဲ့သို့ပင် သူဘယ်အချိန်တွင် ဘယ်နေရာ ၌ ဘာအလုပ် ကို လုပ်မည်ဆိုသည်ကိုလည်း သူ့လက်အောက် အမှုထမ်းများအား ဘယ်တော့မှ ကြိုတင် ပြောထား လေ့မရှိ။
' စိန့်ပက်ထရစ်နေ့ ' တွင် သူတို့စခန်းသို့အပေါ်မှ စောင်ဖုံးထားသော လူနာထမ်းစင်တွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ရောက်လာသောအခါ အေဘယ်သည် ရှေ့တန်းသို့ ကိုယ်တိုင်သွားရောက်ချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာမိသည်။ နောက်ဆုံး သည်းမခံနိုင်လောက်တော့သည့် အဆင့်အထိ ရောက်လာသောအခါ သူ့ လူများ ကို စုပြီး ရိက္ခာတင်ကား ၁၄ စီးဖြင့် စိတ်ကူးနှင့်သူ ရှေ့တန်းသို့ ထွက်လာခဲ့ကြသည်။ သူနှင့်အတူ ဗိုလ်တစ်ယောက်၊ တပ်ကြပ်ကြီးတစ်ယောက်၊ တပ်ကြပ်နှစ်ယောက်နှင့် ရဲဘော် ၂၈ ယောက် ပါလာသည်။
ရှေ့တန်းသို့ ခရီးတာမှာ မိုင် ၂၀ မျှသာရှိသော်လည်း ထိုနေ့ နံနက်ခရီးသည်နှေးကွေးပြီး ပင်ပန်းလှသည်။ အေဘယ်သည် ရှေ့ဆုံးထရပ်ကားကို ကိုယ်တိုင်မောင်းလာခဲ့သည်။ မိုးကလည်း အလွန်သည်းသည်။ လမ်း ကလည်း ရွံ့ဗွက်ထူသောလမ်း။ သည်ကြားထဲ သူတို့ကားများကို လမ်းဘေးသို့ ထိုးချကာ ရှေ့တန်းပြန် လူနာတင် ကားများအား မကြာခဏ လမ်းပေးနေရသေးသည်။ လူနာတင်ကားများပေါ်တွင် ဒဏ်ရာရစစ် သားတွေ တစ်ယောက်အပေါ်တစ်ယောက် ထပ်နေကြသည်။ ဒဏ်ရာရရုံလောက်ပဲ ဖြစ်ကြပါစေဟု အေဘယ် က ကျိတ်ပြီး ဆုတောင်းမိသည်။
ရီမာဂျင်ရှိ ရှေ့တန်းကွပ်ကဲစခန်းသို့ ရောက်သောအခါ ခပ်လှမ်းလှမ်းမှ သေနတ်သံများ ကြားလာရသည်။ သည်တစ်ကြိမ်တော့ နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မှာပဲဟု အေဘယ်က တွေးလိုက်သည်။ ရင်တွေလည်း ခုန်လာမိသည်။ အလောင်းတွေနှင့် လူနာတွေ ပို၍ ပို၍ ရောက်လာသောအခါ အေဘယ်မှာ ခြေတစ်ဆောင့် ဆောင့်ဖြင့် အလွန်ဒေါသဖြစ်မိသည်။ သူသည် သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲတွင် ပါဝင်နေရသော်လည်း တကယ့်တိုက်ပွဲကို တစ်ကြိမ်မျှ မကြုံဖူးသေး၍ သူ့ကိုယ်သူ ဘယ်လိုမှ မကျေနပ်နိုင်အောင် ဖြစ်နေရသည်။ တကယ့်စစ်ပွဲ တစ်ပွဲအကြောင်းကို နယူးယောက်တိုင်း သတင်းစာဖတ် ပရိသတ်ကပင် သူ့ထက် ပိုသိနေ လိမ့်ဦးမည်ဟု တွေးပြီးလည်း မချင့်မရဲဖြစ်နေမိသည်။
အေဘယ်သည် သူ၏ရိက္ခာကားအုပ်စုကို ရှေ့တန်းထမင်းချက်စခန်းဘေးတွင် ရပ်ရန် အမိန့်ပေးလိုက်သည်။ မိုးကလည်း သည်းလိုက်သည့်ဖြစ်ခြင်း။ သူတို့တပ်စုက မိုးကို ရှောင်နေကြစဉ် တခြားတပ်များက ကျည်ဆန် ကိုရှောင်နေကြရသည်ဟု တွေးမိပြီး အေဘယ်က အလွန်ရှက်မိသည်။
ထို့နောက် သူက ရိက္ခာများကို ကားပေါ်မှ ချကြရန် အမိန့်ပေးလိုက်သည်။ ရိက္ခာများမှာ စွပ်ပြုတ်ဂါလန် တစ်ရာ၊ အမဲသားတစ်တန်၊ ကြက်ကောင်ရေ ၂၀၀၊ ထောပတ်တန်ဝက်၊ အာလူးသုံးတန်၊ စည်သွတ် ပဲဘူး ပေါင်း ၁၁၀ ပါဝင်ပြီး ရှေ့တန်းထွက် ရှေ့တန်းပြန်တပ်များအတွက် အဆင်သင့် ယူလာခဲ့ခြင်းဖြစ်သည်။
ရှေ့တန်းထမင်းစားဆောင်သို့ အေဘယ် ၀င်သွားသောအခါ စားပွဲရှည်ကြီးများနှင့် ခုံရှည်များကိုသာတွေ့ရ သည်။ ဘာစားစရာမျှမရှိ။ သို့ဖြင့် စားဖိုမှူးနှစ်ယောက်အား ချက်ချင်း ထမင်းဟင်း ချက်ပြုတ်ရန် အမိန့်ပေး သည်။ ဘာစားစရာမျှ မရှိ။ ရဲဘော်များအားလည်း အာလူးအလုံးတစ်ထောင် အခွံနွှာခိုင်းသည်။ ထို့နောက် သူက တာဝန်ကျအရာရှိကို ရှာရန် ထွက်လာခဲ့သည်။
သူသည် အခြေအနေကို လေ့လာရန် ဗိုလ်မှူးချုပ် ဂျွန်လီယိုနတ်၏ ရွတ်ဖျင်တဲဘက်သို့ လျှောက်လာစဉ် လူနာထမ်းစင်များ ဆက်တိုက် ၀င်လာနေကြသည်။ သေသူများနှင့် ဒဏ်ရာရသူများ၊ သာမန်လူတစ် ယောက်အနေဖြင့် ကြည့်ပင် ကြည့်ရဲမည်မဟုတ်။ သို့သော် သည်နေရာမှာတော့ ရိုးနေပြီ။ ဖြစ်ရိုးဖြစ်စဉ်လို ပင်သဘောထားကြတော့သည်။
အဘယ်က ရွတ်ဖျင်တဲထဲသို့ ၀င်မည်လုပ်တုန်း ဗိုလ်မှူးချုပ် လီယိုနတ်နှင့် သူ့လက်ထောက်တို့ ထွက်အလာ နှင့် သွားဆုံသည်။ သို့ဖြင့် ဗိုလ်မှူးချုပ်က ဆက်လျှောက်ရင်း အေဘယ်နှင့် စကားပြောလာခဲ့သည်။
' ဘာလုပ်ပေးရမလဲ ဗိုလ်မှူးကြီး '
' ဗိုလ်မှူးချုပ် တပ်မအတွက် ကျွန်တော် ထမင်းချက်ဖို့ စီစဉ်နေပါတယ် ဗိုလ်ချုပ် '
' လောလောဆယ် ထမင်းက အရေးမဟုတ်ဘူးဗျ၊ ဒီနေ့မနက် တိုက်ပွဲတုန်းက ရီမာဂျင်နောက်ဘက်မှာ ရထားလမ်းတံတားတစ်ခု မပျက်မစီးဘဲ ရှိနေတာကို တပ်ရင်း (၉)က ဗိုလ်ဘာရိုးက တွေ့လာခဲ့တယ်၊ ကျုပ် ကအဲဒီတံတားကို ချက်ချင်းဖြတ်ကျော်ပြီး မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ လိုအပ်တဲ့ တံတားတွေ အမြန်ဆုံး ဆောက်လုပ်သွားဖို့ အမိန့်ပေးလိုက်တယ်၊ အခုအချိန်အထိတော့ ဂျာမန်တွေက ရိုင်းနယ်မြေတစ်လျှောက် မှာ တွေ့သမျှ တံတားတွေကို ဖောက်ခွဲဖျက်ဆီးတာ အလုပ်ဖြစ်နေတာပဲ၊ အဲဒါ ဒီတံတားမပျက်နိုင်အောင် အချိန်မီ တားဖို့ အရေးကြီးနေတယ်၊ ဒါကြောင့် နေ့လယ်စာ စားဖို့ အချိန်မရှိတော့ဘူး '
' တပ်ရင်း (၉)က တံတားကို အောင်အောင်မြင်မြင် ဖြတ်နိုင်ခဲ့ရဲ့လား '
' ဖြတ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ မြစ်တစ်ဖက်က တောထဲရောက်တော့ ပြင်းပြင်းထန်ထန် တိုက်ပွဲတော့ ဖြစ်သေး တယ်၊ ပထမတစ်စုကို ချုံခို တိုက်ခိုက်ခံရတယ်၊ ဘယ်နှစ်ယောက်ကျတယ်ဆိုတာ ဘုရားသခင်ပဲ သိလိမ့် မယ်၊ အဲဒီတော့ ခင်ဗျားထမင်း ခင်ဗျားပဲ စားတော့၊ ကျုပ်ကတော့ ကျုပ်လူတွေ အသေအပျောက်နည်းနိုင် သမျှ နည်းအောင် လုပ်ဖို့ပဲ အရေးကြီးနေတယ် '
' ကျွန်တော် လုပ်နိုင်မယ့် အလုပ်ရှိရင်လည်း ခိုင်းပါ ဗိုလ်ချုပ် '
ဗိုလ်မှူးချုပ်က ခြေလှမ်းတုံ့သွားပြီ အေဘယ်၏မျက်နှာကို စိုက်ကြည့်လိုက်သည်။
' ခင်ဗျားလက်အောက်မှာ လူဘယ်နှစ်ယောက်ရှိသလဲ '
' ဗိုလ်တစ်ယောက်၊ တပ်ကြပ်ကြီးတစ်ယောက်၊ တပ်ကြပ်နှစ်ယောက်၊ ရဲဘော်နှစ်ဆယ့် ရှစ်ယောက်၊ ကျွန်တော်ပါဆို စုစုပေါင်း ၃၃ ယောက် ရှိပါတယ်ခင်ဗျာ '
' ဒါဆို ဟုတ်ပြီ၊ စစ်မြေပြင်ဆေးရုံကို အမြန်ဆုံး သတင်းပို့၊ ပြီးတော့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ခင်ဗျား လူတွေ အားလုံးနဲ့ အမြန်ဆုံး သယ်ယူဖို့ လုပ်ပေတော့ '
' ကောင်းပါပြီ ဗိုလ်ချုပ် '
အေဘယ်သည် စားသောက်ဆောင်သို့ အမြန်ပြန်ပြေးလာခဲ့သည်။
' ကဲ ... ဟေ့လူတွေ၊ မြန်မြန်လုပ်ကြ၊ ရှေ့တန်းထွက်ဖို့ အသင့်ပြင် '
အေဘယ်က အမိန့်ပေးလိုက်သည်။
သူရဲဘော် ၃၂ ယောက်စလုံး သတိအနေအထားဖြင့် ကမန်းကတန်း ထရပ်လိုက်ကြသည်။
' ကဲ ... အားလုံး၊ ငါ့ နောက်လိုက်ခဲ့ကြ၊ နှစ်ဆတိုးပြီး မြန်မြန် လျှောက်ကြ '
အေဘယ်က သူ့ရဲဘော်များအား စစ်မြေပြင်ဆေးရုံသို့ ခေါ်လာခဲ့သည်။
သူတို့ ရောက်သွားချိန်တွင် လူငယ်ဆရာဝန်တစ်ယောက်က ဆေးတပ်ဖွဲ့ဝင် ၁၆ ယောက်ကို ညွှန်ကြားချက် များပေးနေသည်။
' ကျွန်တော် ဘာကူညီရမှာလဲ ခင်ဗျာ ' ဒေါက်တာက မေးသည်။
' ခင်ဗျား ကူညီစရာမလိုဘူး၊ ကျုပ်တို့က ခင်ဗျားကို ကူညီဖို့လာတာ၊ ကျုပ်မှာ လူ ၃၂ ယောက် ပါလာတယ်၊ ဗိုလ်မှူးချုပ် လီယိုနတ်က ခင်ဗျားတပ်ဖွဲ့နဲ့ ပူးတွဲလုပ်ဖို့ ညွှန်ကြားလိုက်တယ် '
ဆရာဝန်က အေဘယ်အား စေ့စေ့စပ်စပ်ကြည့်ပြီး -
' ဟုတ်ကဲ့ ... ခင်ဗျား '
' ခင်ဗှားတွေ ဘာတွေ လုပ်မနေပါနဲ့၊ ကျုပ်တို့ လုပ်စရာတွေကိုသာ မြန်မြန်ပြောပါ '
' ဟုတ်ကဲ့ ... ခင်ဗျား '
ထို့နောက် ဆရာဝန်က အေဘယ်အား ဆေးတပ်ဖွဲ့ လက်ပတ်များ ထုတ်ပေးပြီး လူဒင်ဒေါ့တံတားတစ်ဖက်ရှိ တောထဲတွင် သွားရောက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြသည်။
ပြီးတော့ သူက ဆက်ပြောသည်။
' တပ်ရင်း (၉)က တော်တော် အထိနာသွားတယ်၊ အဲဒီတော့ ဆေးဘက်ကျွမ်းကျင်တဲ့ ရဲဘော်တွေက စစ် မြေပြင်မှာ နေရစ်ပြီး ကျန်တဲ့ရဲဘော်တွေက ထိခိုက်ဒဏ်ရာရသူတွေကို အမြန်ဆုံး ဆေးရုံကို သယ်ယူလာဖို့ ပဲ '
အရေးပါသော လုပ်ငန်းတစ်ခုကို လုပ်ရတော့မည်ဖြစ်၍ အေဘယ်က အလွန်ဝမ်းသာမိသည်။
ထို့နောက် ဆရာဝန်က လူပေါင်း ၄၉ ယောက်ကို ဦးဆောင်ပြီး အရေးပေါ် ဆေးတပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့လိုက်သည်။ တပ်ဖွဲ့ဝင်များအး လူနာထမ်းစင် ၁၈ ခုနှင့် လူစေ့ဆေးသေတ္တာတစ်လုံးစီ ထုတ်ပေးသည်။
ဆရာဝန် ဦးဆောင်ပြီး လူဒင်ဒေါ့တံတားသို့ ချီတက်လာခဲ့ကြသည်။ အေဘယ်က ဆရာဝန်နောက်မှ လိုက်ပါ လာသည်။
မိုးရေကြောင့် လမ်းတွေ ဗွက်ပေါက်နေသည်။ သို့သော် ရဲဘော်တွေက သီချင်းတကျော်ကျော်ဖြင့် ဟန်မပျက် ချီလာခဲ့ကြသည်။ တံတားသို့ ရောက်တော့မှ သီချင်းဆိုရပ်သွားကြသည်။
သူတို့အား လူနာထမ်းစင်တွေက အသင့်ကြိုဆိုနေကြသည်။ ထမ်းစင်ပေါ်တွင် အ၀တ်ဖြူများ ဖုံးထားကြ သည်။
သူတို့သည် ရထားလမ်းကြောင်းအတိုင်း တံတားကို ဖြတ်ကျော်ပြီး ဆက်လက်ချီတက်လာခဲ့ကြသည်။ တစ်ယောက်မှ စကားမပြောကြ။ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်၍ လိုက်လာကြသည်။
ရထားလမ်းတံတားကို ဂျာမန်တပ်များက မိုင်းခွဲဖျက်ဆီးခဲ့ကြသေးသည်။ သို့သော် အုတ်မြစ်ခိုင်ခံ့၍ တံတား မပျက်ခဲ့။
တောစပ်သို့ ရောက်တော့ သေနတ်သံများကြားလာရသည်။ ရန်သူနှင့် နီးလာပြီဟူသော အတွေးကြောင့် အေဘယ်သည် ရင်ခုန်ပြီး စိတ်ဓာတ်တက်ကြွလာသည်။ တစ်ချိန်တည်းတွင် ရန်သူ့လက်ချက်ကြောင့် မိမိတို့ ဘက်မှ ရဲဘ်ေတွေ အမြောက်အမြားသေကြေကြရသည်ကို မြင်ရ၍ အကြီးအကျယ် တုန်လှုပ်ချောက်ချား ခြင်းဖြစ်သည်။ ဘယ်ဘက်ကိုပင် ကြည့်လိုက် ကြည့်လိုက် ပြန့်ကြဲနေသော အလောင်းများနှင့် အော်ညည်း နေသော လူနာများကိုသာ မြင်နေရသည်။
သူတို့သည် စစ်ကြီးပြီးဆုံးတော့မည်ဟူသော အသိဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် စစ်ကြီးကား မပြီးဆုံး သေး။ သူတို့၏ ဘ၀သာ ပြီးဆုံးသွားခဲ့ကြရသည်။
ဆရာဝန်ကလေးသည် တစ်နေရာပြီး တစ်နေရာရပ်ကာ ဒဏ်ရာရသူများအား တတ်နိုင်သမျှ လိုက်လံပြုစု နေသည်။ အေဘယ်မှာလည်း ဒဏ်ရာရသူများအား လူနာထမ်းစင်များပေါ်သို့တင်ရင်း မနားတမ်း အလုပ် များနေသည်။ ထမ်းစင်သယ်ရဲဘော်များ ထွက်ခွာသွားကြသည်။ ဆရာဝန်ရယ်၊ သူရယ်၊ တခြားရဲဘော်လေး ယောက်ရယ်သာ တောစပ်တွင် ကျန်နေရစ်တော့သည်။
သူတို့သုံးယောက် တောထဲသို့ ၀င်လာခဲ့ကြသည်။ ရန်သူ့သေနတ်သံများ နီးကပ်စွာ ကြားလာရသည်။ အေဘယ်သည် တံတားဘက်သို့ ပြောင်းဝလှည့်ထားသော သေနတ်ကြီးတစ်လက်ကို ခပ်လှမ်းလှမ်းတွင် ရုတ်တရက် မြင်လိုက်ရသည်။ ထို့နောက် သေနတ်သံများ နားကွဲမတတ် ပေါ်ထွက်လာကြသည်။ ရန်သူ သည် သူနှင့်ကိုက် ၁၀၀ ကျော်မျှသာဝေးကြောင်း သတိပြုမိလိုက်သည်။
အေဘယ် က ဒူးတစ်ဖက်ကို မြေကြီးတွင် ထိုင်ချလိုက်သည်။ မျက်လုံးကို ဖွင့်နားကိုစွင့်ထားသည်။ အော် ညည်းသံများ ကြားနေရသည်။
ထိုအခိုက် သူ့ရှေ့တွင် သေနတ်သံတစ်ချက် ရုတ်တရက် ပေါက်ကွဲပေါ်ထွက်လာသည်။
သူက ရုတ်တရက်ထခုန်ပြီး ရှေ့သို့ ပြေးတက်လာခဲ့သည်။ သူ့နောက်မှ ဆရာဝန်နှင့် ရဲဘော်ကလေးတို့ လိုက်ပါလာသည်။
သုံးယောက်သား ရှေ့ဆီသို့ တအားစွတ်ပြေးလာခဲ့ကြသည်။ ကိုက် ၁၀၀ ခန့်မျှ ရောက်လာသည်။
မြက်ခင်းပြင်တစ်ခုပေါ်တွင် အမေရိကန် စစ်သားအလောင်းတွေ ပြန့်ကြဲနေသည်ကို တွေ့ရတော့သည်။ အေဘယ်နှင့် ဆရာဝန်တို့က တစ်လောင်းပြီးတစ်လောင်း လိုက်ကြည့်သည်။ ' အုပ်စုလိုက် သတ်ပစ်ထား တာနဲ့ ဘာထူးသေးသလဲ ' အေဘယ်က နာကျည်းစွာဖြင့် ညည်းပြောလိုက်သည်။ ရန်သူတပ်များ ဆုတ်ပစ် သွားသံများ အဆက်မပြတ် ကြားနေရသည်။ ဆရာဝန်ကလေးကတော့ ဘာစကားမှမပြော။ ညည်းလည်း လုံးဝ မညည်း။ သူက သုံးနှစ်လုံးလုံး ညည်းခဲ့ရပြီ မဟုတ်လား။
' သေတဲ့လူတွေ ဂရုစိုက်မနေနဲ့ ' ဆရာဝန်က ပြောသည်။ ' မသေသေးတဲ့လူတွေပဲ အမြန်သယ်ယူဖို့လုပ်ပါ '
' ဟိုမှာတစ်ယောက် '
အေဘယ်က ခပ်လှမ်းလှမ်း ဗွက်တောထဲ လဲနေသော တပ်ကြပ်ကြီးတစ်ယောက်ဆီ ပြေးသွားသည်။
' သူက သေနေပါပြီ ဗိုလ်မှူးကြီး '
ဆရာဝန် က လှမ်းပြောလိုက်ပြီး နောက်ထပ်လှည့်၍ပင် မကြည့်တော့။
အေဘယ်သည် လဲနေသော လူတိုင်းဆီသို့ ပြေးလိုက်ကြည့်သည်။ တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်သည်။ အတူတူချည်းပင်။
ဗွက်ထဲမှ ခေါင်းထောင်ကြည့်သော ရဲဘော်တစ်ယောက်ဆီ အပြေးကလေးလိုက်သွားသည်။ ခေါင်းသာ ထောင် နိုင်တော့သည်။ ကိုယ်က လုံးဝလှုပ်၍ပင် မရတော့။
' ဘာမှမထူးဘူး၊ အတူတူချည်းပါပဲ '
သူက ညည်းလိုက်သည်။
' စစ်မြေပြင်ပါ ဗိုလ်မှူးကြီး '
ဆရာဝန်က ပြန်ပြောသည်။
အေဘယ်က ဆက်လက်ပြီး တစ်ယောက်ပြီး တစ်ယောက် လိုက်ကြည့်နေသည်။ သုံးဆယ်ကျော် လေးဆယ်နီးပါးရှိမည်။ အားလုံး အတူတူချည်းပင်။
ထို့နောက် ဆရာဝန်ဆီသို့ လိုက်သွားသည်။ ဆရာဝန်က မသေသေးသော ဗိုလ်ကြီးတစ်ယောက်ကို ပြုစု နေသည်။ ဗိုလ်ကြီးက မျက်လုံးကို စုံမှိတ်ထားသည်။ ပါးစပ်မှ သွေးတွေ စီးကျနေသည်။
အေဘယ် က ဆရာဝန်အပေါ်မှ စီး၍ ရပ်ကြည့်နေသည်။ ဗိုလ်ကြီး၏ ပခုံးမှ တပ်ရင်းတံဆိပ်ကို ကြည့်လိုက်။ (၉)တပ်ရင်း မှ ဖြစ်သည်။
တပ်ရင်း ဦးစီးမှူး ဗိုလ်မှူးချုပ် လီယိုနတ် ပြောခဲ့သောစကားကို ရုတ်တရက် သတိရလိုက်မိသည်။
' ဘယ်နှစ်ယောက် ကျဆုံးတယ်ဆိုတာ ဘုရားသခင်ပဲ သိပါလိမ့်မယ် '
' ခွေးမသားတွေ ... ' အေဘယ်က ဒေါသဖြင့် ကျိန်ဆဲလိုက်သည်။
' ဟုတ်တယ် ဗိုလ်မှူးကြီး '
' သူ အသက်ရှိသေးသလား '
' ရှိသေးတယ်၊ ဒါပေမဲ့ သွေးက အရမ်းထွက်နေတယ်၊ အချိန်ပိုင်းပဲ ကျန်တော့တယ်၊ ဗိုလ်မှူးကြီး ဒီမှာရပ်နေ လို့ အလကားပဲ၊ ဒဏ်ရာရသူကို သယ်ယူပြီး တပ်ရင်း မြန်မြန် ပြန်ပို့ရရင် ကောင်းလိမ့်မယ်။ ပြီးတော့ ကျွန်တော် က ရှေ့ဆက် ချီတက်ချင်တယ်၊ တပ်ရင်းကရှိတဲ့လူ ထပ်ပို့ဖို့လည်း ပြောပေးပါ '
' ကောင်းပြီ ... ဒေါက်တာ '
ထို့နောက် ဗိုလ်ကြီးအား လူနာထမ်းစင်ပေါ် ချီတင်ပြီး အေဘယ်နှင့် ရဲဘော်ကလေးတို့က ထမ်းစင်ကို စစ် မြေပြင်ဆေးရုံသို့ သယ်ယူလာခဲ့ကြသည်။ သူတို့သည် နှစ်မိုင်တိတိ မနားစတမ်း လျှောက်လာခဲ့ကြသည်။ သူက လူနာ ဗိုလ်ကြီးအား အတတ်နိုင်ဆုံး ကူညီလိုက်ချင်သည်။ မသေထိုက်က မသေစေချင်။ ပြီးတော့ ဆရာဝန် ကိုလည်း စစ်မြေပြင်သို့ မြန်မြန် ပြန်သွားစေချင်သေးသည်။
တစ်နာရီ ကျော်ကျော်အထိ မိုးထဲ ရွံ့ထဲတွင် ထမ်းစင်ကို သယ်လာခဲ့ကြသည်။ လူနာဗိုလ်ကြီးမှာ ထမ်းစင် ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေသည်။ အေဘယ်ကတော့ အသက်ပျောက်သွားပြီဟု ထင်သည်။
ဆေးရုံ ရောက်တော့ အေဘယ်နှင့် ရဲဘော်ကလေးတို့မှာ လျှာထွက်နေကြသည်။ ထမ်းစင်ကို အရေးပေါ် ဆေးတပ်ဖွဲ့ သို့ လက်ဆင့်ကမ်းလိုက်ကြသည်။
ဗိုလ်ကြီးက မျက်လုံးကို အားယူဖွင့်ပြီး အေဘယ်ကို စိုက်ကြည့်နေသည်။ သူက လက်ကိုမြှောက်ရန် ကြိုးစား သည်။ အေဘယ်က ဆလုရိုက်၍ အလေးပြုလိုက်သည်။ ဗိုလ်ကြီး မသေသေး၍ သူက အလွန်ဝမ်းသာသွား သည်။ သူ အမြန်ဆုံး ကျန်းမာလာပါစေဟု ကျိတ်ပြီး ဆုတောင်းလိုက်သည်။
ထို့နောက် စစ်မြေပြင်သို့သွားရန် အေဘယ်က ဆေးရုံအပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။ တာဝန်ကျ အရာရှိက သူ့ကို ကမန်းကတန်း လိုက်ခေါ်သည်။
' ဗိုလ်မှူးကြီး .... ဗိုလ်မှူးကြီး ခဏနေပါဦး၊ ကျွန်တော် တစ်ချိန်လုံး ဗိုလ်မှူးကြီးကို လိုက်ရှာနေတာ၊ ဒီမှာ လူ သုံးရာကျော် ထမင်းမစားရသေးဘူး၊ ဒုက္ခပါပဲ၊ ဒါနဲ့ ဗိုလ်မှူးကြီး ဘယ်သွားနေတာလဲ '
' တန်ဖိုး ရှိတဲ့ အလုပ်တစ်ခု သွားလုပ်နေတာဗျ '
အေဘယ်သည် ပြန်လှည့်ပြီး စားသောက်ဆောင်ဆီသို့ လျှောက်လာရင်း စောစောက ဗိုလ်ကြီး အကြောင်း ကို တွေးလာခဲ့သည်။
သူနဲ့ငါနဲ့ အတူတူပါပဲ။ တို့နှစ်ယောက်စလုံးအတွက် စစ်ကြီးပြီးသွားပြီ။ သူလည်း မတိုက်ရတော့ဘူး။ ငါလည်း မတိုက် ရတော့ဘူး။
..................................
အခန်း (၂၅) ဆက်ရန်
.
No comments:
Post a Comment