Wednesday, May 26, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၆)

အခန်း (၆)

တနင်္ဂနွေ နေ့သို့ ဆိုက်ရောက်လာသောအခါ ကောင်စစ်ဝန်သည် ဘာတန်တို့ လင်မယားအား အိမ် အပြင် ပန်းဥယျာဉ် ထဲ၌ ဧည့်ခံမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုနေ့ မွန်းလွဲပိုင်းမှာ သာယာ၍ နွေးနွေး ထွေးထွေး ရှိသည်။ အခုလို ရာသီတွင် နေကလည်း စောစော ၀င်တတ်သဖြင့် သူ့ဧည့်သည် များသည် အိမ်တွင် ကြာကြာ အချိန်ဖြုန်းနေဖို့ အခွင့်အရေးရစရာ အကြောင်းမရှိ။ ကောင်စစ်ဝန်သည် ဂရေစီယာ အား ခေါ်၍ ပန်းခုံး တခု အောက်တွင် စားပွဲတလုံးချခိုင်းသည်။

ပေါင် မုန့်ဆင်းဒ၀စ်များ၊ ဘက်တာ ရိုးလ်ကိတ် များ၊ စပိန်ဘာသာဖြင့် ပန်ဒီဂျေဘုံဟု ခေါ်သော ကိတ်မုန့် များနှင့် လက်ဖက်ရည်ပွဲတခု စီစဉ် ပေးရန် အမိန့်ပေးသည်။ စပိန်မုန့်ကို အထူးတလည် ထည့်၍ မှာခြင်းမှာ ဘာတန် ၏ ဇနီးအနေဖြင့် ထိုမုန့် ကို သဘောကျလိမ့်မည်ဟု သူ တွေးမိ၍ ဖြစ်လေသည်။

ကောင်စစ်ဝန် အဖို့တော့ ထိုနေ့သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိသည်။ သူ့သား နီကိုလတ်စ်နှင့် အတူ တမနက်ခင်းလုံး သားအဖနှစ်ယောက်တည်း ဆယ့်ရှစ်ရာစုခေတ်က အင်ဒါလူစီယန် ပန်းချီ ကား စာအုပ်ကြည့်ရင်း အချိန်ကုန်ခဲ့ကြ၏။ ထိုစာအုပ်မှာ သူ့ရုံးအနီးရှိ စာအုပ်ဆိုင်လေး တဆိုင်မှ သူကိုယ်တိုင် ပီဆိုငွေအနည်းငယ်မျှနှင့် ၀ယ်လာခဲ့ခြင်း ဖြစ်၏။ သူသည် နက်ပြာရောင် ၀တ်စုံနှင့် ထိုင်နေသော သူ့သား ကို လှမ်းကြည့်ပြီး ပီတိဖြစ်လျက်ရှိသည်။ သူ့သား နီကိုလတ်စ်သည် ယခင် ကထက် အနည်းငယ် ပို၍ ၀လာသယောင်ရှိသည်။

ယခင်က အမြဲတစေ ဖြူရော်ရော် ရှိနေခဲ့သော အသားအရေ မှာလည်း အညိုရောင်သို့ ပြောင်းလဲလျက်ရှိ၏။ သူ့သား ၏ ကျန်းမာရေး အခြေအနေ သည် ဤအိမ်ရောက်ခါမှပင် သိသိသာသာ တိုးတက် ကောင်းမွန် လာသည်ဟု သူထင်သည်။

အေလ်ဗင် ဘာတန်တို့ လင်မယားသည် ချိန်းထားသည့် အချိန်တွင် အငှားကားတစီးဖြင့် ရောက် လာသည်။ ကောင်စစ်ဝန်က တလေးတစား ဆီးကြိုနှုတ်ဆက်ပြီး ပန်းဥယျာဉ်ထဲတွင် ခဏတဖြုတ် လျှောက်ကြည့်ဖို့ ဖိတ်ခေါ်သည်။ အေလ်ဗင်ဘာတန်နှင့် နီကိုလတ်စ်တို့ရှေ့မှ လျှောက်သွားနေစဉ် အတွင်း သူက မစ္စက် ဘာတန်နှင့်တွဲ၍ နောက်မှ ခပ်ဖြည်းဖြည်း လျှောက်လိုက်သည်။ မစ္စက်ဘာ တန်မှာ အသက်ငယ်ငယ်ပင် ရှိသေး သည်။

မျက်မှန်နှင့်ဖြစ်၏။ စကားနည်းပုံရသည်။ ချောမွေ့ နူးညံ့သော အသားအရေနှင့် မိန်းမချော လေးတဦး ပင်ဖြစ်သည်။ ၀တ်စားဆင်ရင်ပုံကလည်း ရိုးရိုး ယဉ်ယဉ် ပင်ဖြစ်သည်။ သူ့ အ၀တ်အစားများသည် သူ့ ဘာသာသူ အိမ်တွင် ညှပ်၍ အိမ်တွင် ချုပ်ထားခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းသည်။ ကောင်စစ်ဝန် ခန့်မှန်းသည့် အတိုင်းပင် မစ္စက်ဘာတန် သည် မီချီဂန် ပြည်နယ်အတွင်းရှိ မြို့လေးသေး တမြို့၌ ကြီးပြင်း လာခဲ့ သူဖြစ်သည်။ မွေးချင်း ပေါက်ဖော် အလွန်များသော မိသားစုမှ လာခဲ့ရသူ ဖြစ်သည်။

အေလ်ဗင်ဘာတန်နှင့် ပြည်နယ် တက္ကသိုလ် နယ်မြေတွင် တွေ့ဆုံချစ်ကြိုက်ခဲ့ကြခြင်းဖြစ်သည်။
မစ္စက်ဘာတန် သည် တဘက်သား၏ မျက်နှာရိပ် မျက်နှာကဲကို လည်း သိရှိပုံရ၏။ အလိုက်သိ အားနာ တတ်သော သဘောလည်း ရှိပုံရ၏။ သဘော ကောင်းဟန်လည်းရှိသည်။ ဤ အရည်အသွေး များကြောင့် ကောင်စစ်ဝန် သည် မစ္စက်ဘာတန်အား သဘောကျသွားသည်။ ဤ အရည်အသွေး များ ကြောင့်ပင် မစ္စက်ဘာတန်အား အဆင့်အတန်းမရှိသူဟု မသတ်မှတ်နိုင်ပဲ ဖြစ် သွားသည်။ ဤအချက် ကြောင့်ပင်လျှင် ကောင်စစ်ဝန် သည် လက်ဖက်ရည်စားပွဲ၌ ထိုင်မိကြသည် နှင့် တပြိုင်နက် မစ္စက်ဘာတန် ဘက်သို့လှည့်၍ လိုက်လိုက် လျောလျောပြောသည်။

' ကဲ ... မင်းကပဲ တာဝန်ယူပြီး တို့များကို ဧည့်ခံပေးပါတော့၊ မင်းသိတဲ့အတိုင်းပဲ တို့အိမ်က လူပျို အိမ်ဖြစ် နေတယ်၊ အမျိုးသမီးအိမ်ရှင်မရဲ့ အပြုအစု အယုအယနဲ့ ဝေးနေတာကြာပြီ '
မစ္စက်ဘာတန်သည် သူ့စကားကို ကြားသောအခါ ရှက်သွေးဝင်သည်။ သို့သော်လည်း သူ့ဆန္ဒအ တိုင်း လက်ဖက်ရည် ပန်းကန်များကို လိုက်ထည့်ပေးသည်။ ကောင်စစ်ဝန်ကတော့ မစ္စက်ဘာတန်၏ တုံ့ပြန်မှု ကို ကြည့်ပြီးသဘောကျလျက်ရှိ၏။

စိတ်သာယာနေသည့် အားလျော်စွာ သူ၏လိမ္မာပါးနပ်မှုကို ပြပြန် သည်။ သူသည် စကားပြော ကောင်းသူ တဦးဖြစ်၏။ အတွေ့အကြုံများ သူလည်းဖြစ်၏။ သို့ဖြစ်ရာ သူ့မှာ တဘက်လူများ စိတ်ဝင်စားအောင် ပြောပြ နိုင်သည့် အကြောင်း အရာတွေ အများကြီး ရှိနေသည်။ သူသည် ဥရောပတခွင်ရှိ သူရောက်ခဲ့သမျှ နိုင်ငံမြို့ရွာ များ၏ အကြောင်းကို တခမ်းတနား ချဲ့ထွင် ၍ အေလ်ဗင် ဘာတန်တို့ စိတ်ဝင်စားလာအောင် ပြောပြ နေလေ သည်။

' သိပ်ကို ကြည့်လို့ကောင်းမှာပဲ ' ကောင်စစ်ဝန်က သူဘယ်လ်ဂျီယံနိုင်ငံတွင် တာဝန်ကျခဲ့စဉ်က တက်ရောက် ခဲ့ရသော ဘရပ်ဆဲလ်မြို့တော် ဘုရားးရှိခိုး ကျောင်းအတွင်း၌ ကျင်းပခဲ့သည့် အဲလဘတ် ဘုရင် ၏ နန်းတက်ပွဲ အခမ်းအနား အကြောင်းကို အဆုံးသတ်လိုက်သည့်အခါ အေလ်ဗင်ဘာတန် က တအံ့ တသြ ရေရွတ်သည်။

' အဲသလို ကြီးကျယ် ခမ်းနားတဲ့ ပွဲမျိုးကိုသာ တက်ခွင့်ရမယ်ဆိုရင် ဘာပဲ ပေးရ ပေးရ ပေးပြီး တက် ပစ်လိုက် မှာပဲ၊ မောင်ပြောတာ မဟုတ်ဘူးလား ကာလို '
' ဒါပေါ့ ' ဟု မစ္စက်ဘာတန်က မျက်လွှာကိုချကာ အလိုက်သင့် ပြန်ပြောသည်။
' မင်းတို့ အနေနဲ့ တနေ့ကျရင် ဒီအခွင့်အရေးမျိုးတွေ ရလာမှာပါ ' ဟု ကောင်စစ်ဝန်က အားပေးစကား ဆိုလေ သည်။
' ကျွန်တော်တို့ကလည်း အဲသလို အခွင့်အရေးမျိုး ရဖို့ကျတော့ မျှော်လင့်မိပါတယ် ခင်ဗျာ၊ မဟုတ် ဘူးလား အချစ်ရယ် '

ဒီ တကြိမ်ကျတော့ မစ္စက်ဘာတန်က နှုတ်မှ အဖြေမပေး။ သိမ်မွေ့ နူးညံ့လှသော အကြည့်ဖြင့် သူ့ ယောက်ျား အား လှမ်းကြည့်သည်။ တယောက်အပေါ် တယောက် ချစ်ခင်ကြင်နာပုံရသော ဤအိမ် ထောင် ကို မြင်ရသော အခါ မအောင်မမြင် ဖြစ်ခဲ့ရသော သူ့ အိမ်ထောင်အကြောင်းကို မတွေးပဲ မနေနိုင်။ တွေးလိုက် မိသည်။ ထိုအခါ သူ့ရင်ထဲဝယ် နာကျင်မှု ဝေဒနာသည် အသစ်တဖန် ပြန်ပေါ် ရလေသည်။

တကယ်တော့လည်း ဘာတန်တို့စုံတွဲ လပ်ထက်ခဲ့သည်မှာ ဆယ့်ရှစ်လမျှသာ ရှိသေး၏။ သို့တစေ လည်း တယောက်ကို တယောက် သံယောဇဉ်ကြီးကြပုံရှိသည်။ ပြီးတော့လည်း သူ့အဖို့ အထူး အဆန်း တခု လို ဖြစ်လျက်ရှိသည်။ သူ့ပါးစပ်မှ စကားတစ်ခွန်း ပြောလိုက်တိုင်း သူ့မိန်းမကိုလှည့် တိုင်ပင်သည့် နှယ် ရည်ညွန်း ပြောဆိုတတ်၏။ သူ့မိန်းမကိုလှည့်၍ တိုင်ပင်သည့်နှယ် ရည်ညွှန်းပြောဆိုတတ်၏။ သူ့မိန်းမ ကလည်း သူ့ယောက်ျားက မေးလိုက်တိုင်း ဆန့်ကျင်သောစကားမဆို။ သူ့ယောက်ျား၏ သဘော နှင့် လိုက်လျော ညီထွေ ဖြစ်အောင် အလိုက်သင့် အဖြေပေးတတ်သည်။ သူတို့ အိမ်ထောင် တွင် သူသည် နေရာတိုင်း အရာရာတိုင်း၌ အပေါ်စီးရခဲ့သူဖြစ်သည်။ သို့ပါလျက်နှင့် သူ အလွန် ချစ်မြတ်နိုး ခဲ့သော သူ့မိန်းမ ထံမှ ယခုလို တုံ့ပြန်မှုမျိုးကို မရခဲ့။

အမှန်တော့ ကောင်စစ်ဝန် ဘရန်းဒီးသည် နေရာတကာတွင် အဆိုးချည်းမြင်တတ်သူဖြစ်သည်။ အကောင်းမြင် ၀ါဒသမားမဟုတ်။ သို့သော်လည်း သူ၏ ဤအားနည်းချက်ကို သူ သတိမထားမိ။ သူ သည် မစ္စက် ဘာတန်ဘက် လှည့်ကြည့်သည်။

' အလျင်ကတော့ သတိမထားမိခဲ့ပါဘူး' ဟု သူက နူးညံ့သိမ်မွေ့သောလေသံဖြင့် ပြောသည်။ ' အခုမှ ပိုပြီး သတိထား မိလာတယ် ဆိုပါတော့၊ ဆန်ဂျော်ဂျီမြို့ဟာ အမျိုးသမီးတယောက်အတွက် အလွန်ကို ပျင်းရိ ငြီးငွေ့ ဖို့ ကောင်းတဲ့နေရာတနေရာဖြစ်မယ်ထင်တယ် '
မစ္စက်ဘာတန် ကတော့ သူ့စကားကြောင့် အံ့အားသင့်ဟန်ပြသည်။

 ' မဟုတ်ပါဘူးရှင့်၊ ပျင်းစရာမကောင်းပါဘူး'
' သူ့အခန်းနဲ့သူ အလုပ်ရှုပ်နေတော့လဲ သူ့မှာ ပျင်းဖို့အချိန်မရသလောက်ပါပဲ ခင်ဗျာ'ဟု ဘာတန်က ရယ်စရာ လိုလိုနှင့် အဆင်ပြေအောင် ၀င်ပြောသည်။ ' သူကတော့ အချိန်ရှိသမျှ အခန်း ကိုပဲ အိမ်နဲ့ တူအောင် လုပ်နေတာ ခင်ဗျ '
' အိမ်နဲ့ တူအောင် လုပ်တယ် ဟုတ်လား ' ဟု ကောင်စစ်ဝန်က အမှတ်မထင် ရေရွက်လိုက်မိသည်။

' ဟုတ်ပါတယ်ခင်ဗျ၊ ကျွန်တော် ဟိုတနေ့က ပြောပြခဲ့သလိုပါပဲ၊ အခန်းက သေးပေမယ့် အလွန်ကို တခမ်း တနား ဖြစ်အောင် လုပ်ထားတာပါ'
' ပျင်းစရာ မကောင်းဘူးဆိုပေမယ့် မင်းတို့လို လူရွယ်စုံတွဲ အဖို့ အပျင်းဖြေ ပေါင်းစရာ သင်းစရာ လူ တော့ များများစားစား ရှိမယ် မထင်ဘူးနော် 'ဟု ကောင်စစ်ဝန်က ပြောပြန်သည်။ ' အင်မတန် မှ သေးတဲ့ မြို့ ကလေးထဲမှာ ချောင်ပိတ်နေသလို ဖြစ်မနေဘူးလား '

ကာရိုးလ်ဘာတန်သည် သူ့မျက်နှာကို ၀ံ့ဝံ့စားစား ကြည့်သည်။ ရောက်ကတည်းက ယခုအကြိမ် သည် ပထမဆုံး အကြိမ် သူ့မျက်နှာကို တည့်တည့်ရင်ဆိုင်၍ ကြည့်ခြင်းဖြစ်၏။ သူက တရင်းတနှီး လေသံဖြင့် မေးလိုက်ခြင်း ဖြစ်သော်လည်း သူ့မေးခွန်း၏ ရည်ရွယ်ချက်ကို မှန်းဆရိပ်မိလေသလား မသိ။ မစ္စက် ဘာတန်က ချက်ချင်းပြန်ဖြေသည်။

*
' ကျွန်မတို့မှာ မိတ်ဆွေ အပေါင်းအသင်းတွေ အများကြီးရှိပါတယ်ရှင်၊ သူတို့တတွေဟာ ကြီးကြီး ကျယ်ကျယ် ပုဂ္ဂိုလ်တွေတော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် လူကောင်းတွေပါ၊ ပေါင်မုန့်ဖုတ်သမားနဲ့ ကုန်စုံ ဆိုင်ရှင် ရယ်၊ ပြီးတော့ ဘုန်းတော်ကြီး ဖာသာလီမာဇာရယ်၊ ကျွန်မတို့ အောက်ထပ်က စီးကရက်လိပ် အလုပ်သမား ရယ်၊ ကျွန်မတို့အနေနဲ့ မကြာ မကြာ မစ်ဂူးရဲလ်နဲ့အတူ ပင်လယ်ကွေ့ဘက်ကိုလည်း အလည် ထွက်ကြပါတယ်၊ တခါတလေကျတော့ ကျွန်မတို့ နှစ်ယောက်တည်း ထရိုးရုပ်ရှင်ရုံသွားပြီး ရုပ်ရှင် ကြည့်ကြပါတယ်။

 စပိန်ခေတ်ဟောင်း ရုပ်ရှင်ကား တွေဟာ သိပ်ကို ရယ်စရာ ကောင်းပါတယ်...၊ ရုပ်ရှင်ကြည့်ပြီးတော့ ၊ အဲဒီဆိုင် က ရေခဲစိမ်ဘီယာ ဟာ သိပ်ကို အရသာရှိပါတယ်၊ ပထမတန်းစား ဘီယာပါရှင်၊ ကျွန်မတို့ အခု ဆိုရင် ရပ်ကွက်ထဲက ယောက်ျားကလေးတွေနဲ့ မိန်းကလေးတွေအတွက် အသင်းလေး တသင်း ဖွဲ့ထားပြီးပါပြီ၊ ကစားနေ နိုင်ကြပါပြီ၊ ကျွန်မက သူတို့အားလုံးကို နေ့စဉ် ရေခဲမုန့် ကျွေးပါတယ်၊ အခုဆိုရင် အေလ်ဗင် က သူတို့ကို ဘေ့စ်ဘောကစားနည်း သင်ပေးနေပါပြီ'

စိတ်အား ထက်သန်စွာပြောနေခြင်းဖြစ်၍ မစ္စက် ဘာတန်၏ မျက်နှာသည် နီမြန်းလျက်ရှိ၏။ သူသည် စကားကို ဆက်ပြန်သည်။ ' နီကိုလတ်စ် လာကစားမယ်ဆိုရင် ကျွန်မတို့ သိပ်ဝမ်းသာမှာပါ၊ သူ့အနေနဲ့ ဒီအိမ်ကြီး ထဲမှာ တယောက်တည်း အထီးကျန် ဖြစ်နေမယ့်အစား တခြားကလေးတွေနဲ့ ပျော်ပျော် ပါးပါး ကစားနိုင် တာပေါ့ '

*
စကားဆုံးသွားသောအခါ လက်ဖက်ရည်စားပွဲမှာ ငြိမ်ဆိတ်သွားသည်။ ကောင်စစ်ဝန်၏ မျက်နှာထားမှာ စောစော ကလိုမဟုတ်။ ဣနြေ္ဒကြီးနှင့် တည်တည်ငြိမ်ငြိမ်ကြီး ဖြစ်လျက်ရှိ၏။ သူ့သားနီကိုလတ်စ်အား အောက်တန်းစား ကလေးသူငယ်များထံလွှတ်၍ ကစားခိုင်းရမည်ဟူသော စကားမှာ...။ အိမ်ရှင် အနေ ဖြင့် ယဉ်ကျေးမှု ဟူသော ၀တ္တရားက သူ့အား ချုပ်ကိုင်ထားသဖြင့် သူ့ စိတ်ကို အောင့်အည်း ချုပ်တည်း ထားနေ ရသည်။

အေလ်ဗင်ဘာတန်ကတော့ အရိပ် အခြည်ကို မသိ။ အားလုံးအဆင်ပြေပြေနှင့် ပြီးဆုံး သွားပြီ၊ သူတို့ပြန်ကြဖို့ အချိန်တန်ပြီဟု ယူဆသည်။ ထိုအချိန်တွင် ဘာတန်၏ အာရုံသည် သူ့ကိုယ်သူ၊ ကာရိုးလ်နှင့် နီကိုလတ်စ် တို့ အပေါ်၌သာ ရှိနေ သဖြင့် ကောင်စစ်ဝန်၏ စိတ်အပြောင်းအလဲကို သတိ မထားမိ။ သူသည် လက်မှ နာရီကို တချက်မျှ မြှောက်ကြည့်လိုက်လေသည်။

' ကျွန်တော်တို့ကြောင့် အချိန်တွေ သိပ် ကုန်သွားပါပြီ၊ ကျွန်တော်တို့ ပြန်ဖို့အချိန်တော်ပြီလို့ ထင်ပါ တယ်ခင်ဗျာ'
သူတို့ အားလုံး ထိုင်ရာမှ ထကြရန် ဟန်ပြင် နေခိုက်တွင် နောက်ဘက်မှ ခြေသံများ ကြားရသည်။ နီကိုလတ်စ် မှာ စောစောကတည်းက ဥယျာဉ်ထဲတွင် မျက်စိရှာနေသူ ဖြစ်ရာ ခြေသံများ ကြားလိုက် ရသည် နှင့် တပြိုင်နက် ခေါင်းထောင်လာသည်။

' သူလာပြီ၊ အခုမှ လာတယ်၊ ဟော...ဟိုမှာ၊ ဘာတွေ ယူလာသလဲ မသိဘူး ' သူ့အဖေက မတားလိုက နိုင်ခင်မှာပင် နီကိုလတ်စ်၏ စူးရှ ကျယ်လောင်သော အသံသည် ထွက်ပေါ်လာသည်။ 'ဂျိုစီ...၊ ဂျို...စီ...၊ ဒီကို လာပါဦး'
ရုတ်တရက် ချက်ချင်း ငြိမ်ဆိတ်သွားသည်။ ကောင်စစ်ဝန်သည် မျက်စိ မျက်နှာ ပျက်လျက် ရှိလေ သည်။

' မင်း ဘာလုပ်တာလဲ နီကိုလတ်စ်၊ အခု လုပ်တာ ဘာသဘောလဲ၊ အခု ချက်ချင်း မင်းပါးစပ်ကို ပိတ်ထားစမ်း' ဟု သို့တစေလည်း သူ နောက်ကျသွားခဲ့လေပြီ။
အမှန်တော့ ဂျိုစီရောက်နေသည်မှာ ကြာပြီ။ လက်ဖက်ရည် စားပွဲရှိရာသို့ ရုတ်တရက် မလာရဲသဖြင့် ပန်းဥယျာဉ် နောက်ဘက်ရှိ မြင်းဇောင်း အနီး၌ ရစ်သီရစ်သီ လုပ်နေခြင်းဖြစ်သည်။ အခု နီကိုလတ်စ်က လှမ်းခေါ် လိုက်သည့်အခါ ၀မ်းသာအားရနှင့် ရောက်လာသည်။ သူ့လက်ထဲ တွင် မိုးမခရွက်များဖြင့် ထုပ်ထားသော အထုပ်တထုပ် ကိုင်လျက် ...။

ကောင်စစ်ဝန်ဘရန်းဒီးသည် သူ့သားခေါ်လိုက်လိုက်ချင်း သူတို့အနီးသို့ ရောက်လာသော ဂျိုစီအား မယုံကြည် နိုင်သောမျက်နှာထားဖြင့် စူးစူးရဲရဲကြည့်လျက်ရှိသည်။ တနင်္ဂနွေနေ့ ရုံးပိတ်ရက်အခုလို အချိန်မျိုး တွင် သူ့အိမ်သို့ ဂျိုစီ ဘာအကြောင်းကိစ္စနှင့် လာရသနည်း။ ဂျိုစီအား မျက်တောင် မခတ် ကြည့်နေရင်း နှင့် သူ့ တကိုယ်လုံး အေးစက်လာသည်။ ထိုအခိုက်တွင် နီကိုလတ်စ်သည် သူ့ ကုလားထိုင် မှ ခုန်ထ လိုက်ကာ ဧည့်သည်များ ရှေ့မှောက်မှာပင် အော်ပြောပြန်သည်။

'ဟူးရေး ...ဂျိုစီ၊ ခင်ဗျားကို ချီးကျူးပါတယ်၊ ခင်ဗျားသိပ်တော်တာပဲ '
' မင်းပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်မနေနိုင်ဘူးလား နီကိုလတ်စ် ဘရန်းဒီးဒေါသကို ချုပ်တည်းထားရသည့် လေသံ ဖြင့် ခပ်တိုးတိုးပြောသည်။
ဂျိုစီကတော့ ပန်းခုံးအောက် ရောက်လာသည်။ သူသည် ဦးခေါင်းကို အသာအယာညွတ်၍ နှုတ်ဆက် လိုက်ပြီး ခေါင်းမှ ဦးထုပ်ကိုချွတ်၍ ဗယ်ဘက်လက်ဖြင့် ကိုင်ထားသည်။ သူသည် နီကိုလတ်စ်အား အလျင်ဆုံး ပြုံး၍ နှုတ်ဆက်သော်လည်း သူ့မျက်လုံးများသည် ကောင်စစ်ဝန် အပေါ်၌သာ အဓိက ထားပုံ ရ၏။

' ဆီညော် ... 'သူသည် မ၀ံ့မရဲ လေသံဖြင့် စ ပြောသည်။ ' ဆီညော်ကို အခုလို လာနှောင့်ယှက်မိ တာ ခွင့်လွှတ်ပါ။ ကျွန်တော် လက်ဆောင်တခု ယူလာပါတယ်၊ ကျွန်တော်မနေ့က ကိုယ်ပိုင် ပစ္စည်း မဟုတ်တဲ့ ပန်းတွေ ခူးခဲ့မိပါတယ်။ အဲဒါ ကျွန်တော့်အမှားပါ၊ ကျွန်တော့်ကို ခွင့် လွှတ်ဖို့ တောင်းပန် ပါတယ်၊ အဲဒီကိစ္စ အတွက် ကျွန်တော် ၀မ်းနည်းပါတယ်။ ဆီညော်၊ ဒါပေမယ့် ... အခု ကျွန်တော် ယူလာတဲ့ လက်ဆောင်က ကျွန်တော့် ကိုယ်ပိုင်ပစ္စည်းပါ ဆီညော် ...၊ ဒီ လက်ဆောင်ကိုတော့ လက်ခံဖို့ ကျွန်တော် တောင်းပန်ပါတယ်'

သူသည် လက်ထဲမှ အထုပ်တွင် ပတ်ထားသည့် မိုးမခရွက်များကို ဖြေလိုက်သည်။ အထဲမှ ၀၀ကစ် ကစ်နှင့် အလွန်ဆူဖြိုးသော ရေချိုငါးနှစ်ကောင် ပေါ်လာသည်။
ကောင်စစ်ဝန် ကတော့ မတုန်မလှုပ်။ နည်းနည်းကလေးမှ စိတ်ဝင်စားဟန်မပြ။ တုံ့ပြန်ခြင်းမပြု။ သို့သော် လည်း နီကိုလတ်စ်က စိတ်ဝင်စားမှုအပြည့်ဖြင့် ၀မ်းသာအားရ ကြည့်သည်။
' ငါးကြီး တွေက အကြီးကြီးတွေပဲ၊ လှလိုက်တာဗျာ၊ ဒီလောက်ကြီးတဲ့ ငါးတွေကို ခင်ဗျား ဘယ်က မိခဲ့တာလဲ၊ ဆိုင်ထဲကလား...၊ ချောင်းထဲကလား...ဟင်၊ ဂျိုစီ '

အားလုံးက သူ့အား ၀ိုင်းကြည့်နေသည်ကို သတိထားမိသော ဂျိုစီသည် ရှက်သွားသည်။ အနည်းငယ် နေရာ ပြင်၍ ရပ်သည်။ သူ့ရှူးဖိနပ်များတွင် အ၀ါရောင် ဖုန်မှုန့်များ ကပ်လျက်ရှိသည်။
' မြစ်ထဲ က ရလာတာ 'ဟုနီကိုလတ်စ်အား ပြုံးပြပြီး ဖြေသည်။ ထို့နောက် ကျန်လူများကိုပါ ရှင်း ပြသည့် သဘော ဖြင့် သူ ငါးရလာပုံကို ပြောပြနေသည်။ ' ဟိုး ... တောင်တန်းတွေ နောက်က အေရင်းဂိုးမြစ် အထိ ကျွန်တော် ကနေ့သွားခဲ့တယ်၊ အဲဒီမြစ်က ရေကလဲနက်တယ်။

 ကြည်လိုက် တာလဲ အလွန်ပဲ၊ မြစ်ထဲမှာ ကျောက်သလင်းလှလှလေးတွေလဲရှိတယ်၊ သိပ်လှတဲ့ မြစ်တခုပဲ၊ ဒါပေ မယ့် ငါးမျှား ရတာတော့ သိပ်ခက်တယ်၊ ကျွန်တော် ကနေ့ တမနက်ခင်းလုံး ငါးထိုင်မျှားနေတာ၊ တကောင်မှ ကို မရဘူး၊ စိတ်ပျက်ပျက်နဲ့ ပြန်တော့်မလို့ လုပ်နေတုန်း ဒီငါးနှစ်ကောင်ကို မိတာ၊ တကေင်ကို အနည်းဆုံး တကီလို ကျော်ကျော် လေးလိမ့်မယ် ထင်တာပဲ ' သူသည် ကောင်စစ်ဝန်၏ မျက်နှာကို မျှော်လင့်ချက် အပြည့်ဖြင့် မော့်ကြည့်ပြန်သည်။

သူ့အပေါ် နှုတ်ခမ်းထက်တွင် စို့ထွက် နေသည့် ချွေးပေါက်များကို လက်ခုံဖြင့် သုတ်လိုက်၏။ ' နှစ်ကောင် စလုံး သိပ်လတ်ဆတ်ပါတယ် ဆီညော်၊ ဆီညော် ... သဘောကျ လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် '
ဟာရင်တန် ဘရန်းဒီးသည် လက်နှစ်ဘက်ကို စားပွဲပေါ်တင်ကာ တောင့်တောင့် မတ်မတ်ကြီး ထိုင်လျက် ရှိသည်။ နည်းနည်းကလေးမှ လှုပ်ရှားခြင်း မရှိသဖြင့် လူအများ အပန်းဖြေရာ ပန်းခြံတခု တွင်းမှ ကျောက်ရုပ်ကြီး တရုပ်နှင့် တူနေသည်။ သူ့မျက်နှာသည် ဖုံးဖိ၍ မရနိုင်လောက်အောင် ခက်ထန် တင်းမာ လျက်ရှိ၏။ ဒေါသအရှိန်ဖြင့် သူ၏ သွေးခုန်နှုန်းမှာ အဆမတန် မြန်လျက်ရှိသည်။
' ငါ ၀မ်းနည်းပါတယ်ကွာ ' ဟု သူ့ကိုယ်သူ မနည်းထိန်းချုပ်နေရသော လေသံဖြင့် ပြောသည်။ 'ငါ ရေချိုငါး ဘယ်တော့ မှ မစားဘူး၊ ကြိုက်လဲ မကြိုက်ဘူး၊ ငါ့သားနဲ့လဲ လုံးဝ မတည့်ဘူး၊ ကျွေးလို့ မဖြစ်ဘူး၊ တက်စာ ဖြစ်နေတယ် '

' ဒီငါးတွေက ငါး အဖြူတွေပါ ဆီညော် ...၊ သိပ် မတက်ပါဘူး၊ လူနဲ့ တည့်ပါတယ်ခင်ဗျာ၊ တကယ့် တောင်ပေါ်ငါး စစ်စစ်တွေ... ' ဂျိုစီသည် ထစ်ထစ်ငေါ့ငေါ့ ဖြစ်လျက်ရှိသည်။ ' အလွန် လတ်ဆတ်ပြီး စားလို့ သိပ် အရသာ ရှိပါတယ် ... '
' ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် တို့ မစားဘူး ' ဟု ကောင်စစ်ဝန်က ရေရွတ်ပြီး ဧည့်သည်များအား လှည့်ကြည့်သည်။ ' မင်းတို့များ မကြိုက်ကြဘူးလား၊ ကြိုက်ရင် ယူသွားကြပါလား '
' အို ... ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ မယူချင်ပါဘူး ' ဟု အေလ်ဗင်ဘာတန်က ကပျာကယာ ၀င်ပြောသည်။ သူ့ အသံမှာ သိပ်ပြီး စိတ်သက်သာပုံမရ။

' ဒီလိုဆိုလဲ မီးဖိုထဲ သွားပို့ထားခဲ့ ' ကောင်စစ်ဝန်၏ အေးစက်မာကျောသော အကြည့်သည် ဂျိုစီ၏ မျက်နှာပေါ် ပြန်ရောက်သွားသည်။ ' အစေခံတွေ အတွက်တော့ အသုံးဝင်မှာပါ '
' ဖေဖေ ...၊ ဒီလို မလုပ်ပါနဲ့ ' ဟု နီကိုလတ်စ်က လှမ်းပြောသည်။ ' ဂျိုစီက ကျွန်တော်တို့အတွက် ယူလာတာ '
' မင်းက ဆရာဝန် ပေးထားတဲ့ ဓာတ်စာအတိုင်း စားနေရတာ၊ မင်း စားလို့ မဖြစ်ဘူး '

နီကိုလတ်စ်၏ မျက်လုံးများတွင် မျက်ရည်များစို့လာသည်။
' ဒါပေမယ့် ... ဖေဖေ ... ရယ် ... '
' တော်လောက်ပြီ နီကိုလတ်စ်၊ မင်း ဘာမှ ထပ်မပြောနဲ့တော့ ' ကောင်စစ်ဝန်၏ အသံမှာ တိုတိုပြတ်ပြတ်...။ ' ကဲ ... မင်း ပြန်ရင် ကောင်းမယ် '
ခဏမျှ ငြိမ်ဆိတ်သွားသည်။ ဂျိုစီသည် တစုံတခု ထပ်ပြောချင်ဟန်ရှိသည်။ သူ့ရင်သည် လှိုင်းထ နေသည့် နှယ် ရှိ၏။

သူသည် စကားပြောဖို့ အားထုတ်လျက်ရှိသည်။ နောက်ဆုံးတွင် သူ့ပါးစပ်မှ အထစ်ထစ် အငေါ့ငေါ့ဖြင့် စကားလုံး များ ထွက်လာသည်။ သို့သော်လည်း ဒေါသသံမပါ။ တည်ငြိမ် အေးဆေးသည်။  ရိုးသား ပွင့်လင်း ၍ သိက္ခာရှိလှသော စကားများဖြစ်သည်။

' ဆီညော်ကို စိတ်မချမ်းမမြေ့ဖြစ်အောင် လုပ်မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ကနေ့မနက် အိပ်ရာက အစောကြီး ထခဲ့ပါတယ်၊ ကျွန်တော် အိပ်ရာကထတော့ မိုးမလင်းသေးပါဘူး၊ မှောင်နေတုန်း ပဲ ရှိပါသေးတယ်၊ ဒီ ငါးနှစ်ကောင် ရဖို့အတွက် အိပ်ရာက အစောကြီးထပြီး ဆယ့်နှစ် ကီလိုမီတာ ခရီးကို ခြေကျင် လျှောက်ခဲ့ရပါတယ် ' သူ၏ နက်မှောင်သော မျက်လုံးများသည် အရောင် တဖျပ်ဖျပ် တောက်လျက်ရှိသည်။

' ဒီ ငါးနှစ်ကောင် ဟာ ဆီညော် အတွက် တန်ဖိုးမရှိတဲ့ ပစ္စည်းတွေ ဖြစ်နေလိမ့်မယ် ဆိုတာ ကျွန်တော် ကြိုပြီး သိဖို့ ကောင်းပါတယ်၊ ဒါကြောင့်မို့ ကျွန်တော့် ဘာသာကျွန်တော် အိမ်ပြန်ယူဖို့ ခွင့်ပြုပါ၊ ကျွန်တော် တို့ဟာ သိပ်ပြီး ဆင်းရဲပါတယ် ဆီညော်၊ ကျွေးရမယ့် ပါးစပ်ပေါက်တွေက အများကြီးပါ၊ ဒီငါးနှစ်ကောင်ဟာ ကျွန်တော်တို့ မိသားစုအတွက် အလွန် အဖိုးတန်တဲ့ ဟင်းကောင်းတနပ် ဖြစ်နိုင် ပါတယ် '

သူသည် ငါးနှစ်ကောင်ကို ဖက်များဖြင့် ပြန်ထုပ်ကာ ကောင်စစ်ဝန်အား ခေါင်းတချက်ညွတ်၍ အရို အသေ ပေးပြီး လှည့်ထွက်သွားသည်။ နီကိုလတ်စ်သည် တကိုယ်လုံး ပူထူလျက် ရှိသည်။ သူသည် လက်သီး နှစ်ဘက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဂျိုစီအား လှမ်းမျှော်ကြည့်သည်။

' ကိစ္စမရှိပါဘူး ... ဂျိုစီ ' ဟု နောက်မှနေ၍ အော်ပြောသည်။ အသံကကျယ်လည်းကျယ်သည်။ မည်သူ့ကိုမှ ဂရုမစိုက် ဟူသော အရိပ်လက္ခဏာလည်းပါသည်။ ' ခင်ဗျားတို့ မိသားစု ညစာ ချက်စားလိုက်ကြပေါ့၊ အဘိုး ပက်ဒရို ကိုလဲ ကျွေးလိုက်ပါ '

သူ့မျက်စိအောက်မှ ဂျိုစီပျောက်သွားသည်နှင့်တပြိုင်နက် နီကိုလတ်စ်သည် ထိုင်ရာမှထရပ်ကာ သူ့ကို သွားခွင့် ပြုဖို့ တောင်းသည်။ သူ့အဖေ လုပ်ပုံကို မကျေနပ်ကြောင်း သူ့အသံနှင့် ဟန်အမူ အရာများက မသိ မသာ ဖော်ပြလျက်ရှိ၏။ ထို့နောက် သူသည် သူ့အခန်းဆီသို့ ပြေးထွက်သွား သည်။

ကောင်စစ်ဝန် ကတော့ အခြေအနေကို လိမ္မာပါးနပ်စွာဖြင့် ပြန်ထိန်းသည်။ စိတ်ရှုပ်လျက်ရှိသော် လည်း ဟန်လုပ်၍ ပြုံးကာ သူ့ဧည့်သည်များဘက်လှည့်၍ ပခုံးတွန့်ပြသည်။
' ဒီခေတ်ကလေးတွေဟာ အတော် ပြောရခက်တယ်၊ နီကိုလတ်စ်ဟာ မိုက်မဲတဲ့ အစေခံ တွေနဲ့မှ လာတွေ့ နေရတယ်၊ ဒီကြားထဲက သူက ဟိုအကောင်ကို သနားတော့ ပိုခွကျတာပေါ့ '

တဆက်တည်းပင် တချိန်သော အခါက သူစိတ်ရှည်လက်ရှည်ဖြင့် သည်းခံခဲ့ရသည့် အစေခံဆိုး တယောက် အကြောင်းကို ရယ်စရာ ပုံပြင်သဖွယ် ပြောပြသည်။ သူကြုံခဲ့ရသည့် အစေခံမှာ အီတလီ လူမျိုး နေပဲလ်မြို့ သား တဦးဖြစ်သည်။ သင်္ဘောပေါ်တွင် ထမင်းချက် လုပ်ခဲ့ဖူးသည်။ အစေခံ၏ အကျင့်စရိုက် မှာ ခပ်ဆန်းဆန်း...။ အစားအသောက်နှင့် မီးဖိုချောင်ပစ္စည်း သိုလှောင်ရာ အခန်းထဲ၌ ကြက်တူရွေး မွေးထားသဖြင့် သူ့မှာ ကသိကအောင့် ဖြစ်ခဲ့ရသည်။ ဤအဖြစ်ကို သူက အပြော ကောင်းကောင်းနှင့် ဘာတန် တို့ လင်မယား စိတ်ဝင်စားလာအောင် ပြောပြသည်။ ဘာတန် တို့အား မော်တော်ကားဆီ လိုက်ပို့ချိန် အထိ သူ့အမူအရာသည် အပြောင်းအလဲမရှိ။ အခြေလုံးဝမပျက်။ ပြုံးပြုံး ရယ်ရယ်ပင်...။

ဧည့်သည်များ၏ မော်တော်ကား ထွက်သွားသည့်အခါ သူ့မျက်နှာထားသည် ပြောင်းသွားသည်။ မျက်မှောင်ကို ကုပ်ကာ အေရင်းရိုးမြစ် စီးဆင်းနေသည်ဆိုသေ တောင်တန်းကြီးများဆီသို့ လှမ်းမျှော် ကြည့်သည်။ ပြာသော တောင်တန်းကြီးများသည် မိုးထိုးလျက်ရှိကြ၏။ တိမ်ဖြူဖြူလွလွများက အုပ်ဆိုင်း ရစ်ပတ်ထားသဖြင့် အချို့နေရများကို ပြက်ပြက် ထင်ထင် မမြင်ရ။

အခန်း (၇) ဆက်ရန်
.

2 comments:

Anonymous said...

Thank you very much. ( to ma sz,ma sss and those who typed this post).





Ray

Anonymous said...

i am also thanks ,ama..
ma SSS and ama's daughters.
Whatever,I am busy, I ever read,ama.

Myatnoe