Wednesday, May 26, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၃)
အခန်း (၂၃)
နောက်တစ်နေ့မနက် နံနက်စားနေချိန်တွင် ကိတ်က''ဘော့စတွန်ဂလုပ်'' သတင်းစာစာမျက်နှာ ၁၇မှ မျက်နှာဖုးံသတင်းတိုကလေးတစ်ပုဒ်ကို လက်ညှိုးထိုးပြသည်။
ဝီလျှံကသတင်းကို ဖက်ကြည့်ပြီး ပြုံးမိသည်။ သူကရစ်ခ်ျမွန်ကုမ္မဏီကိုငွေထုတ်ချေးရန် အကြံပေးသည်ကို အုပ်ချုပ်ရေး အဖွဲ့က လက်မခံ။ အလွန်မိုက်မဲသော လုပ်ရပ်သည်။ သူက အေဘယ်ရို့နော့စကီး၏ အစွမ်း အစကို အကဲခတ်မိခဲ့သည်။ ယခုသူထင်သည့်အတိုင်းပင် အေဘယ်ကဟိုတယ်ကြီး တစ်ခုကို အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့ပြီ။
''ရှီကာဂိုနယ်စား'' ဟူသော နာမည်ကို ဖတ်မိသောအခါ သူကပို၍ပြုံးမိသည်။ ပြီးတော့ရုတ်တရက် စိတ်မကောင်း ဖြစ်မိသည်။ သူသည်သတင်းဓာတ်ကို စေ့စေ့စပ်စပ်ကြည့်နေသည်။ ဟုပါတယ်။ သူမှ သူ အစစ် ပါ။ ဓါတ်ပုံအောက် မှပုံစာတွင် ''နယ်စားကုမ္မဏီဥက္ကဋ္ဌ အေဘယ်ရို့စနော့စကီးကို ပြည်ထောင်စု ဘဏ်အုပ်ချုပ်ရေး အဖွဲ့ ၀င်ဇိုင်မာဇက်နှင့် မြူနီစီပယ်အရာရှိ ဟင်နရီအော့စဘွန်းတို့နှင့် အတူ တွေ့ရစဉ်'' ဟူ၍ ရေးထားသည်။
ဝီလျံက သတင်းစာကို ပြန်ချထားလိုက်ပြီး အတန်ကြာမျှ စဉ်းစားနေမိသည်။
သူရုံးခန်းသို့ရောက်လျှင် ရောက်ချင်း တယ်လီဖုန်းကောက်ကိုင်လိုက်ပြီး ''ကိုယ်ဟင်နှင့် ယာဘလွန် ရှေ့နေ လုပ်ငန်း ဋ္ဌာန''သို့ဆက်သည်။
'အား…မစ္စတာကိန်းလား၊ မတွေ့ရတာ တော်တော်ကြာသွားပြီနော်'တစ်ဖက်မှ မစ္စတာသော မတ်ကိုဟင် ကပြောသည်။ 'ခင်ဗျားရဲ့မိတ်ဆွေကြီး မက်သယူးလက်စတာ ဆုံးသွားကြောင်း သိရလို့ ကျုပ် အများကြီး စိတ်မကောင်းဖြစ်မိပါတယ်ဗျာ၊ ဒါနဲ့ခင်ဗျားဇနီးနဲ့ သားကလေးတို့ သားကလေးတို့ နေကောင်း  ကြပါတယ်နော်၊ သားကလေးနာမည်က ရစ်ချက်မဟုတ်လား'
ဝီလျံ က သောမက်ကိုဟင်၏ လှိုက်လှိုက်လှဲလှဲ ဆက်ဆံတတ်ပုံကို အလွန်သဘောကျမိသည်။
'ဟုတ်ပါတယ် ရစ်ချတ်ပါ၊ အားလုံးနေကောင်းကြပါတယ်။ ကျေးဇူးတင်ပါတယ် မစ္စတာကိုဟင်'
'ကိုင်း…အဲဒီတော့ လိုရင်းပြောပါဦး ကျုပ်ဘာအကူအညီပေးရမလဲ'
'ယုံကြည် စိတ်ချရတဲ့ ထောက်လှမ်းရေးသမား တစ်ယောက်ကျွန်တော့်ကို ရှာပေးစေချင်တယ်၊ ဟင်နရီ အော့စဘွန်း အကြောင်း အသေးစိတ် သိချင်လို့ပါ၊ ဒီအကြောင်း ဘယ်သူမှ မသိစေချင်ဘူး၊ သူဘော့စတွန် က ထွက်သွားပြီးကတည်းက ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တစ်ခုမကျန် သိချင်တယ်၊ အထူး သဖြင့် အေဘယ်ရို့စနော့စကီးနဲ့ သူနဲ့ဘယ်ဆိုဆက်စပ်နေသလဲ ဆိုတာသိချင်ပါတယ်"
မစ္စတာကိုဟင်က အတန်းကြာမျှ တိတ်ဆိတ်နေသည်။ ပြီးတော့မှ-
'ရပါတယ်'
'တစ်ပတ်အတွင်း သိရပါ့မလား'
'နှစ်ပတ်လောက်လုပ်ပါ၊ နှစ်ပတ်လောက်'
'ကောင်းပြီလေ၊ နှစ်ပတ်အတွင်း အသေးစိတ်စုံးစမ်းလွှာ ကျွန်တော့စားပွဲပေါ် အရောက်ပို့ပါ'
'ကောင်းပါပြီ'
၁၅ရက်မြောက်နေ့နံနက်တွင် ၀ီလျံ၏ စားပွဲပေါ်သို့ ထောက်လှမ်းရေး အစီရင်ခံစာ ရောက်လာ သည်။ သူသည် အစီရင်ခံစာကို စေ့စေ့စပ်စပ်ဖတ်သည်။
အေဘယ်ရို့စနော့စကီးနှင့် ဟင်နရီအော့စဘွန်းတို့ကြားတွင် စီးပွားရေးဆက်စပ်မှု လုံးဝမရှိ။ အေဘယ်က အော့စဘွန်း အား နိုင်ငံရေးကျောက်ထောက်နောက်ခံအဖြစ် အသုံးချရန် ပေါင်းထား ခြင်းသာဖြစ်သည်။ ဘော့စတွန်မြို့မှ အော့စဘွန်းထွက်သွားပြီး ကတည်းက အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်ကိုင်းခဲ့သည်။  နောက်ဆုံး တွင် 'ဂရိတ်ဝက်စတန်' အသက်အာမခံကုမ္ပဏီတွင် ၀င်လုပ်သည်။ ယခင်ရှီကာဂိုရစ်ချစ်မွန် ဟိုတယ် ကို 'ဂရိတ်ဝက်စတန်' အသက်အာမခံကုမ္ပဏီတွင် မီးအာမခံထားခဲ့ရာမှ အော့စဘွန်းနှင့် အေဘယ် တို့ ဆက်သွယ်မိကြခြင်းဖြစ်သည်။ ဟိုတယ်မီး လောင်သွားသောအခါ အာမခံကုမ္ပဏီက လျော်ကြေး ပေးရန် ငြင်းဆိုသည်။
မန်နေဂျာဟောင်း ဒက်စမွန်ပါစီဆိုသူအား ဟိုတယ်မီးရှို့မှုဖြင့် ထောင်ဒဏ်ခုနှစ်နှစ် ချလိုက်သည်။ မီးရှို့မှု တွင် အေဘယ်ရို့စနော့စကီးလည်း ပါဝင်ပတ်သက်နိုင်သည်ဟု သင်္ကာမကင်းဖြစ်ကြသေး သည်။ သို့သော် ယင်းသို့ ပါဝင်ပတ်သက်ကြောင်း တစ်စုံတစ်ရာ အထောက်အထား မတွေ့ရ။ ထို့ကြောင့် အာမခံကုမ္ပဏီက လျော်ကြေးငွေ ခုနှစ်သိန်းခွဲထုတ်ပေးသည်။ ယခုအခါ အော့စဘွန်း သည် အာမခံကုမ္ပဏီမှ ထွက်၍ မြူနီစီပယ် အဖွဲ့ရှီကာဂို မဲဆန္ဒနယ်မြေမှ လွှတ်တော်အမတ်ဖြစ်လာ ရန်ရည်မှန်ထားသည်။ သူသည် ပိုက်ဆံ ချမ်းသာ သော ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦး၏ သမီးဖြစ်သူ မစ္စစ်မာရီအက်စတန်ဆိုသူ အမျိုးသမီး တစ်ဦးနှင့် မကြာမီက လက်ထပ်ခဲ့သည်။ သူတို့တွင် သားသမီးတစ်ယောက်မှ မရှိ။
အေဘယ်ရို့စနော့စကီးနှင့် ဟင်နရီအော့စဘွန်းတို့သည် လုပ်ငန်းသဘောအရ ဆက်သွယ်မှုမရှိ သော်လည်း သူတို့နှစ်ယောက်ပူးပေါင်းမှုသည် ၀ီလျံအတွက် အန္တရာယ်ရှိနိုင်သည်။ အဘယ် ကြောင့် ဆိုသော် သူတို့နှစ်ယောက်စလုံးပင် ၀ီလျံအားအကြီးအကျယ် မုန်းတီးနေကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ၀ီလျံက သောမတ်ကိုဟင်ထံ ချက်တစ်စောင် ပို့လိုက်ပြီးနောက် နောက်လေးလကြာ လျှင် တစ်ကြိမ် ထပ်မံ၍ စုံစမ်းပေးရန်လည်း မေတ္တာရပ်ခံလိုက်သည်။
နောက်လေးလ ပြည့်တော့ အစီရင်ခံစာ ရောက်လာသည်။ သို့သော်ဘာမှမထူး။ ယခင်အတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် ၀ီလျံမှာ စိုးရိမ်စိတ်ပျောက်သွားသည်။
၁၉၃၇ခုနှစ်၊ နွေဦးပေါက်တွင် ကိတ်သည် သမီးကလေးတစ်ယောက် မွေးဖွားသည်။ သမီးကလေးကို ဗာဂျင်နီယာဟု နာမည်မှည့်သည်။
သားကြီးရစ်ချတ်မှာ နှစ်နှစ်ခွဲသားအရွယ် ရှိနေပြီ။ သူကအသစ်ရောက်လာသော ညီမလေးအား သိပြီး ဂရုမစိုက်။ အနာလိုလည်းမဖြစ်။ သူ့ကစားစရာ စစ်သားရုပ်ကလေးနှင့် အလုပ်ရှုပ်နေသည်။
နှစ်ကုန် သောအခါ ၀ီလျံ၏ဌာနက ဘဏ်အတွက် အမြတ်တော်တော် ရှာပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် မက်သယူးသေပြီးကတည်းက ကျနေခဲ့သော သူ့သိက္ခာလည်း ပြန်တက်လာခဲ့ရသည်။ သူသည် စတော့ ဈေးကွက် တွင် လာဘ်မြင်သော စီးပွားရေးသမားတစ် ယောက်အဖြစ်နာမည်ထွက်လာသည်။
သို့သော် သူက၀မ်းသာခြင်း မဖြစ်မိ။ သူ့အနာဂတ်အတွက် စိုးရိမ်စိတ်သာပို၍ တိုးပွားလာမိသည်။ အကြောင်းကတော့ ဆိုင်မွန်သည် အနောက်ထပ်၁၇နှစ်တိတိ လုပ်ကိုင်ပြီးမှ အငြိမ်းစားယူမည် ဖြစ်သော ကြောင့်တည်း။
သည်အတိုင်း ဆိုလျှင် သူ့အနေဖြင့် ဘဏ်ဥက္ကဋ္ဌဖြစ်ရန်အတွက် ၁၇နှစ်တိတိစောင့်ရဦးမည်။ မဖြစ်၊ မဖြစ်၊ လုံးဝ မဖြစ်။
ထို့ကြောင့် သူသည် အခြားဘဏ်တစ်ခုတွင် ပြောင်း၍လုပ်ကိုင်ရန်ကိုပင် စိတ်ကူးလာမိလေသည်။
ဝီလျံနှင့် ကိတ်တို့သည် နယူးယောက်မြို့မှ မစ္စတာချားလ်စ်တက်စတာထံသို့ တစ်လတစ်ခေါက် မှန်မှန် သွားလည် ကြသည်။ လွန်ခဲ့သော သုံးနှစ်လောက်က မက်သယူးသေဆုံးသွားပြီးကတည်း က အဘိုးကြီး သည် အလွန် အရွယ်ကျသွားခဲ့သည်။ သူသည်အလုပ်တွင် လုံးဝစိတ်ဝင်စားမှု မရိှ တော့ကြောင်း၊ ဘဏ်တိုက် သို့လည်း အချိန်မှန်မသွားတော့ကြောင်း စီးပွားရေးရပ်ကွက်တွင် သတင်းဖြစ်နေသည်။
ဒီအတိုင်း ဆို အဘိုးကြီး အသက်မှရှည်နိုင်ပါ့မလားဟု တွေးပြီးဝီလျံက စိုးရိမ်မိသည်။
သူ စိုးရိမ်သည့် အတိုင်းပင် နောက်တစ်လခန့်အကြာတွင် အဘိုးကြီးသည် ရုတ်တရက် ကွယ်လွန် သွားခဲ့ သည်။
ဝီလျံက နယူးယောက်သို့ ဆင်းလာပြီး အသဘုအခမ်းအနားသို့ တက်သည်။ အခမ်းအနားသို့ အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ဂျွန်နန့်စ်ဂါနား အပါအ၀င် အရေးကြီးသောပုဂ္ဂိုလ် တော်တော် များများ တက်ရောက်ကြသည်။
အသုဘအခမ်းအနားပြီးတော့ ၀ီလျံနှင့် ကိတ်တို့သည် စိတ်မကောင်းစွာဖြင့် ဘော့စတွန်သို့ ပြန် လာခဲ့ကြ သည်။ သူတို့အတွက် လက်စတာမိသားစုနှင့် ဘယ်လိုမှ အဆက်အသွယ်မရှိတော့သည့် အဖြစ်ကို တွေးပြီး နှစ်ယောက် စလုံးပင် စိတ်မကောင်း ဖြစ်မိကြသည်။
နောက်ခြောက်လ ခန့်ကြာသောအခါ ၀ီလျံထံသို့ လုံးဝမမျှော်လင့်သော စာတစ်စောင် ရောက်လာ သည်။ ယင်းစာမှာ နယူးယောက်မြို့မှာ နာမည်ကျော် ဆူလီဗန်နှင့် ကရွမ်းဝဲရှေ့နေ လုပ်ငန်းဌာနမှ ပေးလိုက် သောစာ ဖြစ်သည်။ ဝေါလ်စထရိရပ်ကွက်ရှိ သူတို့၏ အလုပ်ဌာနတွင် ကွယ်လွန်သူ ချားလ်စ်လက်စတာ၏ သေတမ်းစာ ဖတ်ပွဲ ပြုလုပ်မည်ဖြစ်၍ ၀ီလျံအားလည်း တက်ရောက်ရန် ဖိတ် ကြားလိုက်ခြင်း ဖြစ်သည်။
သေတမ်းစာဖတ်ပွဲသို့ ၀ီလျ လာခဲ့သည်။ သို့သော် မက်သယူး၏ ဖခင်ကြီးက သူ့အတွက် ဘာပစ္စည်းတွေများ ပေးထား ခဲ့ပါလိမ့်ဆိုတာထက် လက်စတာမိသားစုအပေါ် ခင်မင်လေးစားမှု စိတ်က ပို၍ အလေးသာ နေသည်။
သူသည် မကြာမီကမှ ၀ယ်ထားသော ဒိန်းမလားကားသစ်ကလေးဖြင့် နယူးယောက်သို့ တစ်ရက် ကြို၍ ဆင်းလာ ခဲ့သည်။ ဟားဗတ်ကလပ်တွင် ညအိပ်သည်။ နောက်တစ်နေ့နံနက် ၁၀နာရီတွင် သေတမ်း စာဖတ်ပွဲ သို့ တက်ရောက်သည်။
ဆူလီဗန် နှင့် ကရွမ်းဝဲရှေ့နေလုပ်ငန်းဌာန ရုံးခန်းထဲတွင် လူပေါင်း ငါးဆယ်ခန့် ရော်ကနေကြသည်။
ရုံးခန်း ထဲသို့ ၀ီလျံ ၀င်လာတော့ အားလုံးကပင် သူ့ကို စောင့်ကြည့်ကြသည်။ သူက မက်သယူး၏ ၀မ်းကွဲ ညီအစ်ကို၊ မောင်နှမများနှင့် အဒေါ်များအား နှုတ်ဆက်သည်။
သူ့မျက်လုံးများက မက်သယူး၏ ညီမငယ် ဆူဆန်ကို လိုက်ရှာနေသည်။ ဆူဆန်ကို မတွေ့ရ။
၁၀နာရီတိတိတွင် ရှေ့နေကြီး မစ္စတာ အာသာကရွမ်းဝဲ ရောက်လာသည်။ သူ့နောက်မှ လက်ထောက် တစ်ယောက် လည်း ပါလာသည်။ လက်ထောက်၏ လက်ထဲတွင် အညိုရောင် သာရေဖုံး ဖိုင်တွဲကြီးတစ်ခု ကိုင်ထား သည်။
မျှော်လင့်ချက်ကိုယ်စီဖြင့် တစ်ခန်းလုံး ငြိမ်သက်နေကြသည်။
"မစ္စတာ လက်စတာရဲ့ သေတမ်းစာကို ယခုလို ခြောက်လကြာမှ ဖတ်ရတာကတော့ သူမသေခင် က ညွှန်ကြား ထားခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ်"
ဝီလျံက ပရိသတ်များ၏မျက်နှာကို လှည့်ကြည့်လိုက်သည်။ အားလုံးပင် အသက်မရှုနိုင်အောင် အာရုံစိုက် နေကြသည်။
ရှေ့နေကြီး က သေတမ်းကို တစ်နာရီနီးပါးမျှ ဖတ်ပြသည်။
ထုံးစံအတိုင်း မစ္စတာလက်စတာက သူပိုင်ငွေအချို့ကို စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များနှင့် ဟားဗတ် တက္ကသိုလ် တို့သို့ လှူဒါန်းပြီးနောက် သမီးဖြစ်သူနှင့် သူ၏ဆွေမျိုးသားချင်းများအတွက် အမွေ ခွဲတမ်း ချထားခဲ့ကြသည်။
ယင်းခွဲတမ်း အရ အိမ်ရာခြံမြေ ဝေစုတော်တော်များများကို သမီးဖြစ်သူ ဆူဆန်က ရရှိပြီး အကျန်ကို တူငါးယောက် နှင့် တူမသုံးယောက်တို့အား အညီအမျှစီ ခွဲဝေပေးခဲ့သည်။ သူတို့ရရှိသော ငွေကြေး နှင့် ပစ္စည်း အားလုံး ကို သူတို့အသက် ၃၀ပြည့်သည်အထိ ဘဏ်တိုက်က ခန့်ထားပေးသော ဘဏ္ဍာထိန်းအဖွဲ့ ထိန်းသိမ်း စောင့်ရှောက် ထားရမည် ဖြစ်သည်။ တခြားညီအစ်ကို မောင်နှမ၀မ်းကွဲ များ၊ အဒေါ်များနှင့် ဆွေမျိုး သားချင်း များကိုမူ ခြံမြေပစ္စည်းများမပေးဘဲ ငွေကြေးများသာ အချိုးကျ ခွဲဝေပေးခဲ့သည်။"
"ကွယ်လွန်သူ မစ္စတာလက်စတာရဲ့ သေတမ်းစာက မဆုံးသေးပါဘူး၊ ဆက်ဖတ်စရာ ကျန်ပါသေး တယ်"
မစ္စတာ အာသာကရွမ်းဝဲက ယင်းသို့ပြောလိုက်သောအခါ အခန်းထဲရှိ ပရိသတ်အားလုံးပင် လှုပ် လှုပ်ရွရွ ဖြစ်သွား ကြသည်။ ရှေ့နေကြီးက ဆက်ပြောသည်။
"အခု ကျန်နေသေးတဲ့အပိုင်းကို ကျွန်တော် ဆက်ဖတ်ပါ့မယ်၊ ဘဏ်တိုက်တစ်ခု၏ တိုးတက်ရာ တိုးတက် ကြောင်းသည် ငွေကြေးအပေါ်တွင် မတည်ဘဲ ယင်းဘဏ်တိုက်ကို ကြီးကြပ်အုပ်ချုပ်သူ နှင့် အမှုထမ်း များ အပေါ်တွင် တည်နေသည်"ဟု ကျွန်ုပ် အမြဲတမ်း ခံယူထားသည်။
လက်စတာ ဘဏ်၏ ဥက္ကဋ္ဌရာထူးကို ကျွန်ုပ်၏ သားဖြစ်သူ မက်သယူးလက်စတာက ဆက်ခံရလိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း သူသည် ကံဆိုးစွာဖြင့် အချိန်မတန်ဘဲနှင့် အသေ စောသွားသောကြောင့် ကျွန်ုပ်၏ မျှော်လင့်ချက်မှာ အချည်းနှီး ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်သော ကွယ်လွန်သူ ရစ်ချတ်လိုဝယ်ကိန်း၏သား၊ လက်ရှိ ကိန်းနှင့် ကဘော့ဘဏ်တိုက်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ၀ီလျံလိုဝယ်ကိန်းအား လာမည့်အုပ်ချုပ်ရေး အစည်းအဝေးတွင် လက်စတာဘဏ်နှင့် ဘဏ္ဍာထိန်းကုမ္ပဏီ၏ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်ထားရန် ကျွန်ုပ်က အလေးအနက် အဆိုပြုခဲ့ ပါကြောင်း ..... "
ပရိသတ်အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ အားလုံးပင် ၀ီလျံအပေါ်သို့ မျက်စိရောက်သွားကြ သည်။
"သေတမ်းစာက မဆုံးသေးပါဘူး" မစ္စတာ ကရွမ်းဝဲက ထပ်မံပြောလိုက်သည်။
ပရိသတ်များ ငြိမ်သက်သွားကြသည်။ သူတို့၏ မျက်နှာတွင် အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်း၊ မနာလိုခြင်း  အရိပ် လက္ခဏာများ ပေါ်လွင်နေကြသည်။
ရှေ့နေကြီး သေတမ်းစာကို ဆက်ဖတ်သည်။
"ဤသေတမ်းစာအရ အမွေရရှိသည့် ပုဂ္ဂိုလ်အားလုံးသည် မစ္စတာဝီလျံကိန်းအား ထောက်ခံကြ မှသာလျှင် အမွေကို ခံစားနိုင်ခွင့် ရှိသည်။ မစ္စတာကိန်းအနေဖြင့် ဖော်ပြပါ ရာထူးတွင် လုပ်ကိုင်လို သော ဆန္ဒမရှိပါက သူ့သဘောအတိုင်း ငြင်းပယ်နိုင်ခွင့် ရှိသည်။ သို့မဟုတ်ပါက အဆိုးပါရာထူးတွင် အနည်းဆုံး ငါးနှစ်တိတိ ဆက်လက် လုပ်ကိုင်သွားရမည် ဖြစ်သည်။"
ပရိသတ်များထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြန်သည်။ ၀ီလျံက ဖြစ်နိုင်လျှင် သည်အခန်းထဲမှ ပြေးထွက် သွား လိုက်ချင်သည်။ အားလုံးက သူ့ကို မလိုလားသော မျက်လုံးများဖြင့် ၀ိုင်းကြည့်နေကြ သည်။
"ကွယ်လွန်သူ မစ္စတာလက်စတာရဲ့ သေတမ်းစာကို အပြည့်အစုံဖတ်လို့ ပြီးသွားပါပြီ ခင်ဗျား"
ရှေ့နေကြီးက မစ္စတာကရွမ်းဝဲ၏ အသံကို ရှေ့တန်းမှ ပုဂ္ဂိုလ်အချို့သာ ကြားသွားလိုက်ကြသည်။
ဝီလျံက တစ်နေရာကို လှမ်းကြည့်လိုက်သည်။ ဆူဆန်သည် သူ့ဆီသို့ လျှောက်လာနေသည်။ ၀ီလျံက ပြုံးပြလိုက်သည်။ သူမက မျက်နှာလွှဲပစ်လိုက်ပြီး ၀ီလျံအနားက ဖြတ်လျှောက်သွာသည်။ ၀ီလျံက တော်တော် စိတ်မချမ်းမသာ ဖြစ်သွားသည်။
ပရိသတ်တွေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေသည့်ကြားမှ အရပ်ရှည်ရှည် ဆံပင်ဖြူဖြူနှင့် လူကြီး တစ်ယောက်က ၀ီလျံဆီသို့ လျှောက်လာသည်။ သူသည် စင်းဖောက်ဝတ်စုံနှင့် ငွေရောင်လည်စင်း ကို ၀တ်ထားသည်။
"၀ီလျံကိန်းဆိုတာ မောင်ရင်လား" သူက မေးသည်။
"ဟုတ် ... ဟုတ်ပါတယ်ခင်ဗျာ" ၀ီလျံက ကမန်းကတန်း ပြန်ဖြေလိုက်သည်။
"ကျုပ်နာမည် ပီတာ ပါဖစ်ပါ"
"လက်စတာဘဏ် ဒုတိယဥက္ကဋ္ဌ"
"ဟုတ်ပါတယ်၊ မောင်ရင့်ကို ကျုပ်မသိဘူး၊ ဒါပေမဲ့ မောင်ရင့်အကြောင်းကိုတော့ ကြားဖူးတယ်၊ ကျုပ်က မောင်ရင့်အဖေနဲ့တော့ ရင်းနှီးတယ်၊ မစ္စတာလက်စတာက မောင်ရင့်ကို လက်စတာဘဏ် ဥက္ကဋ္ဌရွေးဖို့ အဆိုပြု ခဲ့တာ လူမှန် နေရာမှန်ပါပဲ"
ခုတော့မှ ၀ီလျံမှာ အတော်ကလေး နေသာထိုင်သာ ဖြစ်သွားသည်။
"ဒါနဲ့ အခု မောင်ရင် ဘယ်မှာတည်းနေသလဲ"
"ဟားဗတ်ကလပ်မှာပါ"
"ကောင်းတယ်၊ ဒီတော့ ဒီနေ့ညနေစာအတွက် ကျုပ် ဖိတ်ပါရစေလား"
"ပထမတော့ ကျွန်တော် ဒီနေ့ညနေပဲ ဘော့စတွန်ပြန်မလို ရည်ရွယ်ထားခဲ့ပါတယ်၊ ဒါပေမဲ့ ခုတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက် ဆက်နေဦးမယ်လို့ ဆုံးဖြတ်လိုက်ပါပြီ"
"ကောင်းပါတယ်၊ ဒီည၈နာရီမှာ ကျုပ်အိမ်ကို ဆက်ဆက် ကြွဖြစ်အောင် ကြွပါ။"
မစ္စတာပါဖစ်က ၀ီလျံအား လိပ်စာကတ်ပြား ထုတ်ပေးသည်။
"ညစာစားရင် အေးအေးဆေးဆေး စကားပြောကြတာပေါ့"
"ကောင်းပါတယ် ခင်ဗျား၊ ကျေးဇူးတင်ပါတယ်"
တခြားပုဂ္ဂိုလ်တွေက ၀ီလျံအနားသို့ ၀ိုင်းလာကြသည်။ အချို့က ၀မ်းသာကြောင်း ပြောကြသည်။ တချို့ ကတော့ သူ့ကို မလိုတမာမျက်နှာဖြင့် ခပ်စိမ်းစိမ်း ကြည့်ကြသည်။
ကလပ် သို့ ပြန်ရောက်တော့ ၀ီလျံက ကိတ်ဆီသို့ ချက်ချင်းဖုန်းဆက်သည်။
"မက်သယူးက မောင့်အတွက် သိပ်ပြီး ၀မ်းသာမှာပဲ မောင်"
"ဟုတ်တယ်၊ ကိုယ်လည်း အဲဒီအတိုင်းပဲ တွေိးတယ်"
"ဒီတော့ မောင် ဘယ်တော့ ပြန်လာမလဲ"
"ဒီနေ့ည ဒုတိယဥက္ကဋ္ဌ မစ္စတာ ပီတာပါဖစ်အိမ်က ညစာစား ဖိတ်ထားတယ်၊ သူက ကိုယ့်အပေါ် စေတနာ ထားပုံ ရပါတယ်၊ အဲဒီတော့ ဒီည ကလပ်မှာပဲ ပြန်အိပ်မယ်၊ မနက်ကျတော့မှ ကိုယ် ဖုန်းပြန် ဆက်ဦးမယ်"
ကောင်းပါပြီ မောင်"
"အိမ်မှာ အားလုံးအဆင်ပြေပါတယ်နော်"
"ပြေပါတယ် မောင်၊ သမီးလေက ဖေဖေကြီးကို သိပ်အောက်မေ့နေပြီ"
ဝီလျံက ရယ်လိုက်သည်။
"ဟုတ်ပြီလေ၊ မနက်ဖြန် ပြန်ဆက်ဦးမယ်၊ အဲဒီတော့မျ ဘယ်နေ့ပြန်ဖြစ်မယ်ဆိုတာ ပြောမယ်"
"ဂုဏ်ယူ ပါတယ် မောင်၊ နယူးယောက်မှာ သွားနေရမှာကိုတော့ ကျွန်မ သဘောမကျဘူး၊ ဒါပေမဲ့ မစ္စတာလက်စတာရဲ့ လုပ်ဆောင်ချက်ကို ကျွန်မ သဘောတူပါတယ်"
ဝီလျံသည် ညရှစ်နာရိတိတိတွင် အရှေ့ ၆၄လမ်းမှ မစ္စတာပီတာပါဖစ်၏အိမ်သို့ ရောက်လာသည်။ အိမ်ရှင် က ထမင်းစားပွဲအတွက် ပွဲနေပွဲထိုင်ဝတ်စုံကို အကျအန ၀တ်ထားတာတွေ့ရတော့ သူက အံ့သြ နေမိသည်။ သူ့မှာတော့ အနက်ရောင် သာမန်ဝတ်စုံသာဖြစ်နေ၍ စိတ်ထဲမသိုးမသန့် ဖြစ်မိရ သည်။
အိမ်ရှင်မနှင့် စကားလက်ဆုံပြောဖြစ်၍ သူ့မှာ အတော်ကလေး နေသာထိုင်သာ ရှိသွားသည်။ ဒိုင်ယာနာဝါဖစ်မှာ မစ္စတာပါဖစ်၏ ဒုတိယအိမ်ထောင်ဖြစ်ကြောင်း သိရသည်။ သူမက ၀ီလျံအတွက် ဂုဏ်ယူဝမ်းသာမိကြောင်း ပြောသည်။
ဝီလျံက ထမင်းစားနေရင်းမှ မအောင့်နိုင်တော့သဖြင့် မစ္စတာပါဖစ်အား စကားတစ်ခွန်း မေးလိုက် မိသည်။
"ဒါနဲ့ မစ္စတာလက်စတာရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး တခြားဘုတ်အဖွဲ့ဝင်တွေက ဘယ်လို သဘောထားရှိကြပါသလဲ ခင်ဗျာ"
"သူတို့အားလုံးက တစ်ကျိတ်တည်း တစ်ဥာဏ်တည်းတွေချည်းပါပဲ၊ ဒါပေမဲ့ ကျုပ်က သူတို့အားလုံး နဲ့ စကားပြောပြီးပါပြီ၊ တနင်္လာနေ့မနက်မှာ ဘုတ်အဖွဲ့အစည်းအဝေး ရှိတယ်၊ အဲဒီမှာ ခင်ဗျားရဲ့ ရာထူးကို အတည်ပြုကြလိမ့်မယ်၊ ပြဿနာကလေးတော့ နည်းနည်းရှိလိမ့်မယ် ထင်တာပဲ"
"ဘယ်လိုပြဿနာပါပဲ" ၀ီလျံက သာမန်လေသံမျိုးဖြင့်ပင် မေးလိုက်သည်။
"ပြဿနာက တခြားမဟုတ်ပါဘူး၊ တခြားဒုတိယဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့ အက်ဒွပ်လိခ်ျကိစ္စပါ၊ သူက မစ္စတာလက်စတာပြီးရင် သူပဲ ဥက္ကဋ္ဌရာထူး ဆက်ခံရလိမ့်မယ်လို့ မျှော်လင့်ထားတယ်၊ ဒါပေမဲ့ အခုလို အခြေအနေက တစ်မျိုးပြောင်းသွားတော့ သူ့အနေနဲ့ အကြီးအကျယ် မခံချိ မခံသာ ဖြစ်သွားတော့တာပေါ့"
"ဒီတော့ သူက တိုက်ပွဲဆင်မယ်ဆိုပါတော့"
"ဆင်လိမ့်မယ် ထင်တာပဲ၊ ဒါပေမဲ့ စိုးရိမ်စရာ မရှိပါဘူး"
"သူ့နောက်ကွယ်မှာ ဒီလိုမပြောပါနဲ့ရှင်မရာ၊ မစ္စတာကိန်းက သူ့ကိစ္စသူ ဆုံးဖြတ်ပါလိမ့်မယ်၊ တနင်္လာနေ့ အစည်း အဝေးကတော့ မစ္စတာကိန်းကို ရွေးချယ်မှာ သေချာပါတယ်။ ဖြစ်နိုင်တာ ကတော့ မစ္စတာလိခ်ျက နှုတ်ထွက် ချင် နှုတ်ထွက်သွားနိုင်တယ်"
"ကျွန်တော့်ကြောင့် နှုတ်ထွက်သွားရတယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ပါဘူး"
"ဒီလို စိတ်ထားမျိုးရှိတာ ချီးကျူးစရာပဲ၊ သို့ပေမဲ့ ဘာမှမစိုးရိမ်ပါနဲ့၊ အားလုံးအဆင်ပြေသွားမှာပါ။ အဲဒီတော့ မနက်ဖြန် မှာ ဘော့စတွန်ကို စိတ်အေးအေးထားပြီးသာ ပြန်သွားပါ။ အခြေအနေကို ကျုပ်က ဖုန်းဆက်ပြီး အကြောင်း ကြားပါ့မယ်"
"မနက်ဖြန်မနက်မှာ ကျွန်တော် ဘဏ်တိုက်ကိုလာပြီး ဘုတ်အဖွဲ့ဝင်တွေကို နှုတ်ဆက်ရင် မကောင်းဘူး လား၊ နို့မဟုတ်ရင် ကျွန်တော့်အပေါ်မှာ တစ်မျိုးမြင်သွားမှာ စိုးလို့ပါ"
"အခြေ အနေအရ မလိုအပ်ဘူးထင်တယ်၊ တနင်္လာနေ့ အစည်းအဝေးပြီးသွားတဲ့အထိ ကိုယ့်ဘာသာကိုယ် ခပ်ရှင်းရှင်း ပဲ နေနေပေါ့၊ ကျုပ်ပြောသလိုသာ လုပ်ပါ ၀ီလျံ၊ ဘော့စတွန်ကိုသာ ပြန်သွားပါ၊ တနင်္လာနေ့ နေ့လယ်ပိုင်း ကျတော့ ကျုပ်က သတင်းကောင်ပို့ပါ့မယ်"
ဝီလျံက မစ္စတာပါဖစ် ၏ အကြံပေးချက်ကို စိတ်မပါတပါနှင့် လက်ခံလိုက်ရသည်။
ထို့နောက်တွင် ၀ီလျံနှင့် ကိတ်တို့ နယူးယောက်သို့ ပြောင်းလာလျှင် အမြဲတမ်းနေမည့် သင့်တော် သော အိမ်ခန်းတစ်ခန်း ရှာဖွေရေးကိစ္စကို ဆွေးနွေးကြသည်။ မစ္စတာပါဖစ်အနေဖြင့် ဘဏ်ကိစ္စကို တစ်ခွန်းမှ မပြောသည် ကို ၀ီလျံက အံ့သြမိသည်။ သူ့ဇနီးရှိနေ၍ မပြောတာဖြစ်မည်ဟု တွေးမိသည်။
ထိုညက ဘရန်ဒီကလေး တမြမြနှင့် စကားပြောကောင်းနေကြသဖြင့် ၀ီလျံမှာ ဟားဗတ်ကလပ်သို့ သန်းခေါင်ကျော် နာရီပြန်တစ်ချက်ထိုးပြီးမှ ပြန်ရောက်သည်။
ဝီလျံ သည် ဘော့စတွန်သို့ ပြန်ရောက်ရောက်ချင်း နယူးယောက်မှ သတင်းကို တိုနီဆိုင်မွန်အား ပြောပြ သည်။ တိုနီဆိုင်မွန်က မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေသည်။ ပြီးတော့ သူက ပြောသည်။
"အခုလို မင်းက တို့နဲ့ခွဲပြီး ထွက်သွားမယ်ဆိုရင် တို့အနေနဲ့ အများကြီး စိတ်မကောင်းဖြစ်ကြရမှာပဲ၊ လက်စတာ ဘဏ်ဟာ ကိန်းနှင့် ကဘော့ဘဏ်ထက် နှစ်ဆသုံးဆလောက်ကြီးတာတော့ မှန်ပါ တယ်၊ ဒါပေမဲ့ အဲဒီရာထူး လက်မခံခင် သေသေချာချာ ပြန်ပြီးစဉ်းစားပါဦး ၀ီလျံ"
ဝီလျံကလည်း တိုနီ၏ စကားကြားရ၍ အံ့အားသင့်မိသည်။
"အမှန် အတိုင်း ပြောရရင် အန်ကယ်အနေနဲပ ဒီစကားမျိုး ပြောလိမ့်မယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့် ခဲ့ပါဘူး၊ ကျွန်တော် ဒီက ထွက်သွားတာကို အကြီးအကျယ် ၀မ်းသာလိမ့်မယ်လို့လည်း ယူဆခဲ့မိပါတယ်"
"ငါ့အနေ နဲ့ ဒီဘဏ်တိုက် တိုးတက်ရာ တိုးတက်ကြောင်းကိုပဲ အမြဲတမ်း အာရုံပြုနေတယ်ဆိုတာ မင်းအသိ ပါပဲ ၀ီလျံ၊ ကနေ့အမေရိကန် စီးပွားရေးလောကမှာ မင်းဟာ အတော်ဆုံး လူငယ် တစ်ယောက်ဆိုတာ ငါ သံသယ မရှိ လက်ခံထားတယ်၊ အဲဒီတော့ မင်းက ဒီဘဏ်တိုက်က ထွက်သွားမယ်ဆိုရင် တို့ဘဏ် ရဲ့အရေးပါတဲ့ ဖောက်သည်တွေလည်း မင်းနောက်ကို ကောက် ကောက်ပါအောင် လိုက်သွားကြမှာ သေချာတယ်"
"ဒါပေမဲ့ ကျွန်တော့်ပိုက်ဆံတွေကိုတော့ လက်စတာဘဏ်မှာ ပြောင်းပြီး ဘယ်တော့မှ မအပ်ပါဘူး၊ ဖောက်သည်တွေလည်း ကျွန်တော့်နောက် လိုက်လာစရာ အကြောင်းမရှိပါဘူး"
"လိုက်ကြမှာပါ၊ ဒါကိုတော့ ငါ သေချာပေါက် ယုံကြည်တယ်။ သူတို့က သူတို့စာရင်းတွေကို မင်း ဆက်ကိုင်တာကိုပဲ သဘောကျကြလိမ့်မယ်၊ သူတို့လည်း မစ္စတာလက်စတာနဲ့ မင်းအဖေတို့လိုပဲ ဘဏ်လုပ်ငန်း ဆိုတာ ငွေအပေါ်မှာ မတည်ဘူး၊ လူအပေါ်မှာ တည်တယ်၊ ယုံကြည်မှုအပေါ်မှာ တည်တယ် ဆိုတဲ့ မူဝါဒကို လက်ကိုင်ထားကြမှာပါ"
ဝီလျံနှင့် ကိတ်တို့သည် တနင်္လာနေ့မနက်ကို ရင်တဖိုဖိုနှင့် စောင့်မျှော်နေခဲ့ကြရသည်။ နယူး ယောက်တွင် ကျင်းပနေသော လက်စတာဘဏ် အုပ်ချုပ်ရေးအဖွဲ့အစည်း ဆုံးဖြတ်ချက်သည် သူ၏ ကံကြမ္မာကို အဆုံး အဖြတ် ပေးမည့် ဆုံးဖြတ်ချက် ဖြစ်သည်။
သူသည် ထိုနေ့နံနက်က သူ့ရုံးခန်းစားပွဲတွင် စိတ်လှုပ်ရှားစွာဖြင့် ထိုင်နေသည်။ ဟိုမှ သည်မှ တယ်လီဖုန်းတွေ ခဏ ခဏ လှမ်းဆက်ကြသည်။ သို့ပေမဲ့ နယူးယောက်မှ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဘာသတင်း မှ မသိရသေး။
သူသည် နေ့လယ်စာ စားရန်င် အပြင်သို့ မထွက်ဘဲ တစ်မနက်လုံး ရုံးခန်းစားပွဲတွင် ထိုင်စောင့်နေ သည်။
ညနေ ခြောက်နာရီကျော်မှ မစ္စတာပါဖစ်ဆီကို ဖုန်းလာသည်။
"မမျှော်လင့်တဲ့ ပြဿနာကလေးတော့ ဖြစ်ရသေးတာပဲ ၀ီလျံ"
မစ္စတာပါပါဖစ်က အမင်္ဂလာစကားနှင့် နိဒါန်းချီလာသည်။
ဝီလျံ ၏ ရင်ထဲတွင် ထတ်ခနဲ ဖြစ်သွားသည်။
"ဒါပေမဲ့ မောင်ရင့်အနေနဲပ ဘာမှစိုးရိမ်စရာမရှိပါဘူး၊ ကျုပ်က အခြေအနေကို  ငြိမ်အောင် ထိန်းနိုင် မှာပါ။ ဘုတ်အဖွဲ့က မောင်ရင်နဲ့အပြိုင် သူတို့ စိတ်ကြိုက်ပုဂ္ဂိုလ်ကို စင်ပြိုင်တင်ပြီး အရွေးခံစေချင် တယ်၊ သူတို့က သေတမ်းစာပါ ညွှန်ကြားချက်အတိုင်း မလုပ်ပေမယ့် ဘာမှမဖြစ်နိုင်ဘူးဆိုပြီး ဥပဒေအချက်အလက်တွေနဲ့ ကိုးကားတင်ပြကြတယ်၊ အဲဒီတော့ မောင်ရင့်အနေနဲ့ ဘုတ်အဖွဲ့က တင်မယ့်ပုဂ္ဂိုလ်နဲ့ ယှဉ်ပြိုင်အရွေးခံရဲပါ့မလား"
"အဲဒီပုဂ္ဂိုလ်က ဘယ်သူပါပဲ ခင်ဗျား"
"အခုအထိတော့ ဘယ်သူ့ကိုမှ မရွေးရသေးဘူး၊ ဒါပေမဲ့ အက်ဒွပ်လိခ်ျပဲ ဖြစ်မှာ သေချာတယ်။ တခြား လူတွေက မောင်ရင်နဲ့ အပြိုင်အရွေးခံဖို့ စိတ်ဝင်စားဖို့ မပြကြပါဘူး"
"ဒီလိုဆို ကျွန်တော် နည်းနည်း ပြန်စဉ်းစားချင်ပါသေးတယ်၊ ဒါနဲ့ နောက်လာမယ် ဘုတ်အဖွဲ့ အစည်းအဝေးကိုစ်ပတ်အကြာမှာ လုပ်မယ်၊ ဒါပေမဲ့ မောင်ရင် ဘာမှမကြောက်ပါနဲ့၊ မောင်ရင်ပဲ အရွေးခံ ရမှာပါ၊ နောက်ထပ် သတင်းထူးရင် ကျုပ် ပြန်ဆက်ပါ့မယ်၊ စိတ်ချ လက်ချသာ စောင့်နေပါ"
"ကျွန်တော် နယူးယောက်ကို လိုက်လာဖို့ လိုပါသေးသလား"
"မလိုဘူးထင်တယ်၊ လောလောဆယ် လာစရာအကြောင်း မရှသေးပါဘူး၊ လာလို့လည်း အကြောင်းထူးစရာ မရှိပါဘူး"
"ကျေးဇူးတင်ပါတယ် မစ္စတာပါဖစ်"
ဝီလျံက ဖုန်းကို ပြန်ချလိုက်သည်။
ထို့နောက် စာရွက်စာတမ်းများကို လက်ဆွဲသားရေအိတ်တွင်ထည့်ပြီး ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့ သည်။ စိတ်ထဲတွင်လည်း များစွာ ကြည်ကြည်လင်လင် မရှိလှ။
ကားရပ် ထားသော ကွက်လပ်ရောက်တော့ တိုနီဆိုင်မွန်နှင့် ဆုံမိသည်။
"ဘယ်သွားမလို့လဲ အန်ကယ်"
"နယူးယောက်သွားမလို့၊ ဒီည ဘဏ်လုပ်ငန်းရှင်များ လစဉ် ညစာစားပွဲ ရှိတယ်၊ မနက်ဖြန် နေ့လယ်ပိုင်းမှ ပြန်ရောက်လိမ့်မယ်၊ အဲဒီတော့ ကိန်းနှင့်ကဘော့ဘဏ်တိုက်ကို လက်စတာဘဏ် ဥက္ကဋ္ဌလောင်း လက်ထဲ မှာ ၂၄နာရီလောက် လွှဲအပ်ထားခဲ့ပါရစေ"
ဝီလျံ က ရယ်လိုက်သည်။
"ကျွန်တော်က ဥက္ကဋ္ဌလောင်း မဟုတ်တော့ပါဘူး၊ ဥက္ကဋ္ဌဟောင်း ဖြစ်သွားပါပြီ"
ထို့နောက် နယူးယောက်မှ နောက်ဆုံးအခြေအနေကို တိုနီအား ပြောပြလိုက်သည်။ တိုနီစကား ကြောင့် ၀ီလျံမှာ ဒုတိယအကြိမ် အံ့အားသင့်ရပြန်သည်။
"အက်ဒွပ်လိခ်ျအနေနဲ့ ဥက္ကဋ္ဌရာထူးမှန်ထာတာ သဘာဝကျပါတယ်။ ဒါက စီးပွားရေးလောကရဲ့ ဖြစ်လေ့ဖြစ်ထ အစဉ်အလာတစ်ခုပါ။ သူက ဘဏ်အပေါ်မှာလည်း သစ္စာရှိတယ်၊ အဲဒီတော့ လက်စတာရဲ့ သေတမ်းစာ ညွှန်ကြားချကို သူ့အနေနဲ့ တိုက်ကို တိုက်လိမ့်မယ်"
"အန်ကယ်နဲ့ သူနဲ့ တော်တော်ရင်းနှီးပါသလား"
"သိပ်မရင်းနှီးပါဘူး၊ ယေးလ်တက္ကသိုလ်တုန်းက သူက ငါ့ထက် တစ်တန်းကြီးတယ်၊ နောက်ပိုင်း တော့ ဘဏ်လုပ်ငန်းရှင်များ ညစာစားပွဲမှာ သူနဲ့ ခဏခဏ တွေ့တယ်၊ မင်း ဥက္ကဋ္ဌဖြစ်လာရင်လည်း အဲဒီ ညစာစားပွဲ တက်ရလိမ့်မယ်၊ သူလည်း ဒီည ညစာစားပွဲ လာလိမ့်မယ်၊ မင်းဆန္ဒရှိရင် သူ့ကို ငါ စကား တစ်ခွန်း နှစ်ခွန်း တောက်ကြည့်လိုက်မယ်"
"ဟုတ်ကဲ့ ... တောက်ပါ ခင်ဗျာ၊ ဒါပေမဲ့ အခြေအနေတော့ ကြည့်ပြီးလုပ်ပါ"
"ဒီမှာ ၀ီလျံ၊ မင်းက ငါ့ကို အရာရာမှာ သတိလက်လွတ် လုပ်တတ်တယ်လို့ ပြောလာတာ ၁၀နှစ် တောင် ပြည့်တော့မယ်"
"ခွင့်လွှတ်ပါ အန်ကယ်၊ တစ်ယောက်ရဲ့ ပြဿနာကို တစ်ယောက် ဆုံးဖြတ်ချက် ပေးတာ ရယ်စရာ တော့ တော်တော် ကောင်းတာပဲ၊ ဒါပေမဲ့ ... ကျွန်တော် ပြဿနာကိုတော့ အန်ကယ်လက်ထဲပဲ ပုံအပ်ပါရစေ၊ အန်ကယ် ပြောသလို ကျွန်တော် လုပ်ပါ့မယ်"
"ကောင်းပြီ ... ၀ီလျံ၊ ငါ ကြည့်လုပ်ပါ့မယ်၊ လုခ်ျက မင်းအပေါ် ဘယ်လိုမြင်သလဲဆိုတာ ငါ နှိုက်ကြည့် လိုက်မယ်၊ ပြီးတော့ မနက်ဖုန်းဆက်ပြီး ပြောမယ်"
ထိုနေ့ည သန်းခေါင်ကျော်ကျော်တွင် တယ်လီဖုန်းမြည်သံကြောင့် ၀ီလျံ လန့်နိုးလာသည်။ သူက တယ်လီဖုန်း ကောက်ကိုင်ပြီး နားထောင်လိုက်သည်။
"ငါ့ကြောင့် အိပ်ရေးပျက်သွားပြီပေါ့ ၀ီလျံ"
"ဟုတ်ကဲ့ ... ဘယ်သူပါလိမ့်"
"ငါပါ၊ တိုနီဆိုင်မွန်ပါ"
ဝီလျံက ခုတင်ဘေးမှ မီးခလုတ်ဖွင့်လိုက်ပြီး စားပွဲတင်နာရီကို ကြည့်လိုက်သည်။ ၁၂နာရီ ၁၀မိနစ်။
"ဒါနဲ့ အန်ကယ်က မနက်ကျတော့မှ ဆက်မယ်ဆို၊ ဒါကြောင့် ကျွန်တော်လည်း စိတ်ချလက်ချ အိပ်ပျော် နေတာ"
တိုနီက ရယ်လိုက်သည်။
"ငါပြော ရမယ့် စကားကတော့ ရယ်စရာမဟုတ်ပါဘူး၊ မင်းကို လက်စတာဘဏ်ဥက္ကဋ္ဌ မဖြစ်အောင် ကျိတ်ပြီး စက်ပုန်းခုတ် နေတဲ့လူက အက်ဒွပ်လ်ခ်ျ မဟုတ်ဘူး၊ ပီတာ ပါဖစ်ကိုယ်တိုင် ဖြစ်နေတယ်"
"ဘာ ... ဘယ်လို ... ဘယ်လို" ၀ီလျံ၏ အပိချင်မူးတူး မျက်လုံးတွေ ပြူးကျယ်သွားကြသည်။
"သူက ဘုတ်အဖွဲ့ဝင်တွေကို သူ့ကို ထောက်ခံဖို့ လိုက်ပြီး စည်းရုံးနေတယ်၊ အက်ဒွပ်လိခ်ျကတော့ မင်းကိုပဲ လိုလားနေတယ်၊ ဒါပေမဲ့ အခုအချိန်မှာ ဘုတ်အဖွဲ့ဝင်တွေက နှစ်စိတ်ကွဲ သွားကြပြီ"
"အဲဒါမှ ဒုက္ခပဲ၊ ဒါနဲ့ ပထမအချက် အန်ကယ့်ကို အများကြီးကျေးဇူးတင်ပါတယ်၊ ဒုတိယအချက် ကတော့ ကျွန်တော် ဘာဆက်လုပ်ရမှာလဲ"
"မင်းက လက်စတာဘဏ်ရဲ့ဥက္ကဋ္ဌ ဖြစ်ချင်ရင်တော့ ဘုတ်အဖွဲ့ဝင်တွေက မင်းကို ဒီလူ ဘာကြောင့် ပုန်းနေရ သလဲဟု မတွေးမိခင် သူတို့နဲ့ မျက်နှာစုံညီ ဆုံလိုက်တာ အကောင်းဆုံးပဲ"
"ကျွန်တော် ပုန်းနေတယ်တဲ့လား"
"ပါဖစ်က ဘုတ်အဖွဲ့ဝင်တွေကို အဲဒီအတိုင်းပဲ သတင်းလွှင့်ထားတယ်"
"သေချင်းဆိုးကြီး"
"ကိုင်း ... ဒီတော့ ယေးလ်ကလပ်ကိုသာ အမြန်လာခဲ့ပေတော့။ မနက်ကျတော့ မင်းနဲ့ငါနဲ့ အသေးစိတ် ဆွေးနွေးကြတာပေါ့ ဟုတ်လား"
"ကောင်းပြီ ... အန်ကယ်၊ ကျွန်တော် ခုချက်ချင်း လာခဲ့ပါ့မယ်"
"မင်းရောက်လာချိန်မှာ ငါတော့ အိပ်ပျော်နေမှာပဲ၊ ဒီတစ်ချီကတော့ မင်းက ငါ့ကို တစ်လှည့်ပြန်နှိုး တာပေါ့ ဟုတ်လား"
ဝီလျံသည် ဖုန်းကို နေရာတွင် ပြန်ချထားလိုက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ကိတ်ကို ကြည့်လိုက်သည်။ သူမကတော့ လင်တော်မောင်၏ ပြဿနာသစ်တွေကို ဘာမှမသိရှာ။ သူမကို ဘယ်လိုလုပ်ပြောရပါလိမ့်။
ရုတ်တရက် အကြံရသဖြင့် ၀ီလျံက စာရွက်တစ်ရွက်ကို အကျိုးအကြောင်း ကမန်းကတန်း ကောက် ရေးပြီးတော့  အိပ်ရာဘေးမှ စားပွဲပေါ်တင်ထားလိုက်သည်။
ပြီးလျှင် အ၀တ်အစားလဲ၍ လက်ဆွဲသားရေအိတ်ထဲ ထည့်စရာရှိတာတွေ ထည့်သည်။ သည်တစ်ကြိမ်တွင်တော့ ညစာစားပွဲဝတ်စုံကိုပါ ထည့်ဖြစ်အောင် ထည့်သည်။
ထို့နောက် နယူးယောက်သို့ ကားမောင်းပြီး ထွက်လာခဲ့သည်။
ကားလမ်းတွေက ရှင်းနေသည်။ ဒိန်းမးလားကားသစ်ကလေးကလည်း ဂျက်လေယာဉ် ကျနေ သည်။ နယူးယောက်သို့ ငါးနာရီနှင့် ရောက်လာခဲ့သည်။
သူသည် သန့်ရှင်းရေးလုပ်သားများ၊ စာပို့သမားများ၊ သတင်းစာရောင်းသူများနှင့်အတူ နေထွက်ချိန် တွင် နယူးယောက်မြို့ထဲ့သို့ ၀င်လာခဲ့သည်။
ယေးလ်တက္ကသိုလ်ကလပ်ရောက်တော့ ၆နာရီ၁၅မိနစ် ရှိပြီ။ ပစ္စည်းတွေ နေရာချထားပြီးတော့ တိုနီဆိုင်မွန် အား မနှိုးသေးဘဲ တစ်နာရီခန့် စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
တစ်အောင့် လောက်ကြတော့ သူ့အခန်းတံခါးကို တစ်စုံတစ်ယောက်က တဒေါက်ဒေါက်နှင့် အဆက် မပြတ် လာခေါက်သည်။ အိပ်ချင်မူးတူးဖြင့် တံခါးဆီသို့ ထသွားပြီး ဖွင့်ပေးလိုက်သည်။ တံခါး ပြင်ဘက်တွင် ရပ်နေသူ က တိုနီဆိုင်မွန်။
"ဂွတ်မောနင်း ၀ီလျံ"
တိုနီဆိုင်မွန်သည် ၀တ်စုံကို သေသေသပ်သပ် ၀တ်ထားပြီး ဖြစ်သည်။
"ကျွန်တော် မှေးခနဲ အိပ်ပျော်သွားတယ် အန်ကယ်၊ ခဏလေးစောင့်ပါဦး၊ သိပ်မကြာပါဘူး"
"မဖြစ်ဘူး ... မဖြစ်ဘူး၊ ငါက ဘော့စတွန်ကို ရထားအမီ အမြန်သွားရမှာ၊ မင်းက ရေချိုးပြီး အမြန် အ၀တ်အစားလဲတော့၊ မင်း ရေချိုးနေတုန်း တို့စကားပြောကြတာပေါ့"
ဝီလျံ သည် ရေချိုးခန်းထဲ ၀င်လာသည်။ တံခါးကို မပိတ်ဘဲ ထားခဲ့သည်။
"ဒီတော့ မင်းရဲ့ အဓိကပြဿာနက ... " တိုနီ စကားစလိုက်သည်။
ဝီလျံက တံခါးမှ ခေါင်းပြူကြည့်ရင်း -
"ရေသံကြောင့် အန်ကယ်ပြောတော့ ဘာမှမကြားရဘူး"
တိုနီက ရေသံရပ်သွားတော့မှ ဆက်ပြောသည်။
"အဓိကပြဿနာက ပိတာပါဖစ်ပဲ၊ သူက ဥက္ကဋ္ဌ ဖြစ်ချင်နေတယ်၊ လက်စတာရဲ့ သေတမ်းစာ မှာ သူ့ကို ရွေးချယ်ဖို့ အဆိုပြုထားလိမ့်မယ်လို့တောင် မျှော်လင့်ထားခဲ့တာ၊ အခု သူမျှော်လင့်သလို ဖြစ်မလာတော့ ဖြစ်သလိုလုပ်ဖို့ အကြံထုတ်တော့တယ်၊ တခြားဘုတ်အဖွဲ့ဝင်တွေကို စည်းရုံး သိမ်းသွင်းတယ်၊ မင်း အကြောင်း မကောင်းသတင်းလွှင့်တယ်၊ အက်ဒွပ်လ်ခ်ျက အသေးစိတ် ပြောပြပါလိမ့်မယ်၊ ဒီနေ့ နေ့လယ်စာ စားချိန်မှာ အက်ဒွပ်လ်ခ်ျကို မက်ထရိုပိုလီတန်ကလပ်မှာ သွား တွေ့ပါ၊ သူနဲ့အတူ တခြား ဘုတ်အဖွဲ့ဝင် နှစ်ယောက် သုံးယောက်လည်း  ပါလာလိမ့်မယ်၊ သူတို့က မင်းဘက်က လူတွေပါ၊ ဒီအတိုင်းဆို ဘုတ်အဖွဲ့ ကတော့ နှစ်ခြမ်းကွဲမှာ သေချာတယ်"
"ခုနက အန်ကယ်ပြောတာ ဘာကလပ်"
"မက်ထရိုပိုလီတန်ကလပ်၊ အရှေ့ပိုင်းလမ်း ၃၀ထဲက ... "
"အဲဒီမှာ ဘာလို့ချိန်းရတာလဲ၊ ဝေါလ်စထရိလမ်းမှာဆို ပိုမကောင်းဘူးလား"
"၀ီလျံ၊ ပီတာပါဖစ်နဲ့ ဆက်ဆံတဲ့အခါမှာ ပေါ့ ပေါ့မယူဆပါနဲ့၊ ဒီလူက အင်မတန် လျင်တာ၊ ရင်ထဲမှာ ရှိတာတွေ အားလုံးဖွင့်မပြောနဲ့၊ ခေါင်းအေးအေးထားပြီး လုပ်ပါ၊ လိခ်ျကိုသာ ယုံယုံကြည်ကြည်နဲ့ ဆက်ဆံပါ၊ မင်း အောင်မြင်ပါလိမ့်မယ်"
ဝီလျံက ခါးမှာ ကိုယ်သုတ်ပ၀ါပတ်၍ ရေချိုးခန်းမှ ပြန်ထွက်လာသည်။
"စိတ်ချပါ အန်ကယ်၊ ကျွန်တော် ခေါင်းအေးအေးထားပြီး လုပ်ပါ့မယ်"
တိုနီက ပြုံးလိုက်ပြီး ...
"ကဲ ... ငါ ဘော့စတွန်ပြန်တော့မယ်၊ ဂရင်းဘူတာကြီးက ၁၀မိန်စအတွင်း ရထားထွက်တော့မယ်" သူက လက်ပတ်နာရီကြည့်လိုက်ပြီး "ဟာ ... ခြောက်မိနစ်ပဲ လိုတော့တယ်"
ထို့နောက် အိပ်ခန်းဘက်ကြည့်လိုက်ပြီး ခေတ္တစဉ်းစားနေပြီးတော့မှ
"မင်း သိထားစေချင်တာက မင်းအဖေက ပီတာပါဖစ်ကို ဘယ်တော့မှ စိတ်ချခဲ့တာ မဟုတ်ဘူး၊ ဒီလူက ညက်ညက် လေးနဲ့ ကောက်ကျစ်တယ်၊ အဲဒါ ကျပ်ကျပ်သတိထားပါ" လက်ဆွဲအိတ် ကောက်ကိုင် လိုက် သည်။ "ကိုင်း ... ငါသွားတော့မယ်၊ ကံကောင်းပါစေ ၀ီလျံ"
"ကျွန်တော် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး အန်ကယ်"
"ကျေးဇူးတင် စရာ မလိုတော့ပါဘူး၊ မက်သယူးအပေါ်မှာ ငါ ဆက်ဆံခဲ့တာနဲ့ ချေလိုက်ပါတော့"
အခန်းတံခါး ပြန်ပိတ်သွားသည်။
ဝီလျံက အင်္ကျီလည်စည်းတပ်ရင်း တွေးနေမိသည်။
ယခင်က သူနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း အမြဲတမ်း တိုက်ခိုက်နေခဲ့သော တိုနီဆိုင်မွန်။ ယခုတော့ သူ့အတွက် စိတ်ရောကိုပါ ကူညီလာသော တိုနီဆိုင်မွန်။ အင်း ... စိန်ကဲ ကျောက်ကဲ ထက် လူကဲခတ်ရတာ မလွယ် ပါလား။
ထို့နောက် စားသောက်ခန်းထဲသို့ ဆင်းလာခဲ့ပြီး နံနက်စာ မှာစားသည်။ စားပွဲထိုးက သူ့အား "ဝေါလ်စထရိ ဂျာနယ်" သတင်းစာတစ်စောင် လာပေးသည်။
အလယ်စာမျက်နှာ တစ်နေရာတွင် သူတို့သတင်းပါလာသည်။ ကွယ်လွန်သူ လက်စတာ၏ သေတမ်းစာ ကြောင့် ဘဏ်တိုက်တစ်ခုလုံး ဂယက်ရိုက်နေကြောင်း၊ ဥက္ကဋ္ဌရွေးချယ်ရေးကိစ္စနှင့် ပတ်သက်၍ ဘုတ်အဖွဲ့ဝင် များအတွင်း သဘောထားကွဲလွဲလျက် ရှိကြောင်း။
ဝီလျံသည် သူ့အခန်းသို့ ပြန်လာခဲ့ပြီးနောက် ဘော့စတွန်သို့ ဖုန်းလှမ်းဆက်သည်။ မိနစ်အနည်းငယ် စောင့်နေပြီး တော့ တစ်ဖက်မှ အသံကြားရသည်။
"မစ္စတာကိန်း နယူးယောက်ရောက်နေမယ်ဆိုတာ ကျုပ် လုံးဝမသိဘူး၊ လက်စတာဘဏ် ဥက္ကဋ္ဌ ရာထူး အတွက် ဂုဏ်ယူပါတယ် မစ္စတာကိန်း၊ ဒီအတိုင်းဆိုရင် ကျုပ်တို့ဌာနအနေနဲ့ ရှေ့အဖို့ အများ ကြီး အလုပ်ဖြစ် လာနိုင်စရာ ရှိတယ်"
"ဒါကတော့ လူကြီးမင်းတို့အပေါ် တည်နေပါတယ် မစ္စတာကိုဟင်"
ထို့နောက် ၀ီလျံက ဥက္ကဋ္ဌရာထူးကိစ္စနျင့် ပတ်သက်သော နောက်ဆုံးအခြေအနေကို ပြောပြလိုက် သည်။
မစ္စတာကိုဟင်က အရေးကြီးသော အချက်များကို လိုက်၍ ရေးမှတ်သည်။
"မစ္စတာလက်စတာရဲ့ သေတမ်းစာက တရားရုံးရောက်ရင် ခိုင်လုံပါဦးမလား" ၀ီလျံက မေးလိုက် သည်။
"ဒါတော့ ဘယ်သူပြောနိုင်မလဲ၊ ဒါမျိုးက ကြိုပြောလို့ မရဘူး၊ ၁၉ရာစု ပါလီမန် အမတ်တစ်ယောက် ဆိုရင် သူ  အရွေးခံခဲ့ရတဲ့ မဲဆန္ဒနယ်မြေတစ်ခုလုံးကို သေတမ်းစာနဲ့ အမွေလွှဲပေးခဲ့တယ်၊ နောက် ဆုံးတော့ အမွေဆက်ခံတဲ့လူက ၀န်ကြီးချုပ်တောင် ဖြစ်လာခဲ့တယ်၊ ဒါပေမဲ့ အဲဒါက နှစ်ပေါင်း တစ်ရာကျော်က အဖြစ်ပါ၊ အင်္ဂလန်မှာ ဖြစ်ခဲ့တယ၊ အခုကိစ္စကတော့ မစ္စတာလက်စတာရဲ့ သေတမ်းစာကို ဘုတ်အဖွဲ့က ဆန့်ကျင်ရင် ခင်ဗျားက တရားစွဲဆိုနိုင်တယ်၊ ဒါပေမဲ့ တရားသူကြီး က ဘယ်လိုစီရင်ချက် ချမယ်ဆိုရင်တော့ ကျုပ် မပြောတတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ တရားဥပဒေဆိုင်ရာ ပဟေဠိ အမှုတစ်ခု ဖြစ်လာမှာပဲ မစ္စတာကိန်း"
"အဲဒီတော့ မစ္စတာကိုဟင်က အကြံပေးပါဦး"
"ကျုပ် ဂျူးတစ်ယောက်ပါ မစ္စတာကိန်း၊ ကျုပ်ဟာ ၂ရာစုလောက်မှာ ဂျာမနီက သဘောင်္စီးပြီး ဒီနိုင်ငံ ကို ရောက်လာခဲ့တယ်၊ အဲဒီအချိန်ကစပြီး တစ်လျှောက်လုံး ရုန်းကန် လှုပ်ရှားလာခဲ့ရတယ်၊ ဒါနဲ့ ခင်ဗျားက လက်စတာ ဘဏ်ရဲ့ ဥက္ကဋ္ဌ တကယ်လုပ်ချင်လို့လား"
"ဟုတ်ပါတယ်၊ တကယ်လုပ်ချင်ပါတယ်"
"ဒါဆို ဆက်လုပ်ပါ၊ လိုချင်တာကို ရအောင်လုပ်တာဟာ လူတစ်ယောက်ရဲ့ ဘ၀ပါပဲ"
"နယူးယောကမြို့တော်အတွက် နယ်စားဟိုတယ်သစ်ကြီး ဆောက်လုပ်နေပါသည်။ နယ်စား ဟိုတယ်များ တွင် တည်းခိုဖူးသူတိုင်း ကျေနပ်နှစ်သက်ကြပါသည်"
ဝီလျံက ပြုံးလိုက်မိသည်။ ပြီးတော့ မက်ထရိုပိုလီတန်ကလပ်ဘက်သို့ ဆက်လျှောက်ခဲ့လေသည်။
အက်ဒွပ်လိခ်ျ က ၀ီလျံအား ဆင်ဝင်တွင် ရပ်၍ အသင့်စောင့်နေသည်။ သူက အရပ်ပျတ်ပျတ်နှင့် ဆံပင်က အညိုရင့်ရောင် မုတ်ဆုတ်မွေးက ခပ်ရေးရေးနှင့်။
သူနှင့် ၀ီလျံတို့ ဘေးချင်းယှဉ်ကာ အရက်ခန်းထဲသို့ ၀င်လာကြသည်။ ၁၈၉၄ခုနှစ် မှစ၍ အိုတိုခန်း နှင့် စတန်ဖို့ဒ်ဝှိုက် တို့၏ "ရီနေဆန်း" ခေတ်လက်ရာ ပုံစံတလပ်ကြီးကို ၀ီလျံက တော်တော် သဘောကျမိသည်။
"ဘာသောက်မလဲ မစ္စတာကိန်း" အက်ဒွပ်လိခ်ျက မေးလိုက်သည်။
"ရှယ်ရီဆိုရင် ကောင်းပါတယ်"
မကြာမီတွင် အပြာရောင်ဝတ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ထားသော လူငယ်ကလေးတစ်ယောက်က ရှယ်ရီတစ်ခွက်နှင့် စကော့ဝီစကီတစ်ခွက် ယူလာသည်။ လူငယ်က အက်ဒွပ်လုခ်ျ ကြိုက်တတ်သော ယမကာ ကို ကြိုတင်သိထားပြီး ဖြစ်သည်။
"ကဲ ... လက်စတာဘဏ်ဥက္ကဋ္ဌသစ်အတွက် ကံကောင်းပါစေ"
အက်ဒွပ်လိခ်ျက ဖန်ခွက်မြှောက်ရင်း ဆုတောင်းလိုက်သည်။
ဝီလျံက အင်တင်တင် ဖြစ်နေမိသည်။
"မသောက်တတ်ရင်လည်း မသောက်ပါနဲ့ မစ္စတာကိန်း"
ဝီလျံက ရယ်လိုက်သည်။ ပြီးတော့ ဖန်ခွက်ကို မြှောက်ပြီး တစ်ကျိုက်သောက်လိုက်သည်။
နောက်မိနစ်အနည်းငယ်ခန့်ကြာတွင်အသက်ကြီးကြီး ပုဂ္ဂိုလ်နှစ်ယောက် သူတို့စားပွဲသို့ လျှောက် လာကြသည်။ နှစ်ယောက်စလုံးပင် အရပ်ရှည်ရှည်နှင့် အနက်ရောင် ၀တ်စုံသစ်ကို အချိုးကျကျ ၀တ်ထား ကြသည်။
"မစ္စတာ အယ်လ်ဖရက်ရောဂျားနဲ့ မစ္စတာဝင်းသရော့ဒေးဗီးပါ"
အက်ဒွပ်လိခ်ျက ၀ီလျံအား အသစ်ရောက်လာသူများနှင့် မိတ်ဆက်ပေးသည်။
ဝီလျံက ခပ်တည်တည် အပြုံးဖြင့် နှုတ်ဆက်သည်။ သူတို့နှစ်ယောက်က ၀ီလျံအား အကဲခတ်နေကြ သည်။  တော်တော်ကြာသည်အထိ စကားမပြောဖြစ်ကြ။
"ကဲ ... ကျုပ်တို့ ဘယ်မှာထိုင်ကြမလဲ"
မစ္စတာရောဂျားက စတင်မေးလိုက်သည်။
"နေ့လယ်စာ စားပွဲ သွားကြတာပေါ့" အက်ဒွပ်လိခ်ျက ပြန်ပြောသည်။
ထို့နောက် သူတို့သုံးယောက်စလုံး ထိုင်ရာမှ ထလိုက်ကြသည်။ ၀ီလျံကလည်း သူတို့နောက်မှ လိုက်လာခဲ့သည်။
ဒုတိယထပ် မှ စားသောက်ခန်းမှာ တော်တော်ကျယ်သည်။ ခမ်းလည်း ခမ်းနားသည်။ စားပွဲထိုးမှူးက သူတို့အား လူရှင်းသော ပြတင်းနားမှ စားပွဲတွင် နေရာချပေးသည်။
"ကျုပ်တို့ အစားအသောက်တွေ မှာပြီးတော့ ပြောစရာရှိတာ ပြောကြတာပေါ့" မစ္စတာ အက်ဒွပ်လိခ်ျက ပြောသည်။
ဝီလျံက ပြတင်းပေါက်ဘက် လှည့်ကြည့်လိုက်တော့ ပလာဇာဟိုတယ်ကြီးကို လှမ်းမြင်ရသည်။ သူနှင့် မက်သယူး အထက်တန်းစာမေးပွဲအောင်တုန်းက သည်ဟိုတယ်ကြီးတွင် မစ္စတာလက်စတာ က လက်ဖက်ရည်ပွဲဖြင့် ဂုဏ်ပြုခဲ့သည်ကို ပြန်လည်၍ သတိရမိသည်။
"ဒီတော့ ကျုပ်ကပဲ စပြောပါ့မယ်၊ မစ္စတာကိန်း သိပြီးတဲ့အတိုင်း မစ္စတာလက်စတာရဲ့ သေတမ်းစာ ပါ ညွှန်ကြားချက် ကြောင့် ဘုတ်အဖွဲ့ဝင်တွေထဲမှာ အတော်ကလေး ဂယက်ရိုက်သွားခဲ့တယ်၊ ဒါပေမဲ့ တကယ်လို့ ဘုတ်အဖွဲ့က သူ့ဆန္ဒကို ဆန့်ကျင်ရင်လည်း ကျုပ်တို့ဘဏ်တိုက်အနေနဲ့ တော်တော့်ကို အခြေ အနေ ယိုင်သွားနိုင်တယ်၊ အဲဒီလိုအခြေအနေမျိုးကို ကျုပ်တို့က လုံးဝမလိုလား ပါဘူး၊ မစ္စတာလက်စတာက အလွန် အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်၊ မစ္စတာကိန်းကို ဥက္ကဋ္ဌရွေးဖို့ သူ စီစဉ်သွားတာဟာ အကြောင်းရှိလို့ ဖြစ်မှာပဲ၊ ကျုပ်အနေနဲ့တော့ သူ့လုပ်ရပ်ကို သဘောတူပါတယ်"
ဝီလျံ သည် သည်လိုစကားမျိုးကို မစ္စတာပီတာပါဖစ်ထံမှလည်း ကြားခဲ့ရပြီး ဖြစ်သည်။
 "ကျုပ်တို့ သုံးယောက်စလုံးဟာ ...... " မစ္စတာဝင်းသရော့ဒေးဗီးက ၀င်ပြောသည်။ "ကျုပ်တို့ သုံးယောက်စလံးအပေါ်မှာ မစ္စတာလက်စတာရဲ့ကျေးဇူးတွေ အများကြီး ရှိပါတယ်၊ နောက်ဆုံး အလုပ်က နုတ်ထွက် သွားချင်ရင် သွားရပါစေ၊ သူ့ဆန္ဒကိုတော့ မဆန့်ကျင်နိုင်ဘူး"
"တကယ် လို့ ပီတာပါဖစ်သာ ဥက္ကဋ္ဌဖြစ်လာမယ်ဆိုရင်တော့ အဲဒီအိုင်းပဲ ဖြစ်ရမှာပါပဲ" မစ္စတာလိခ်ျ က ပြောသည်။
"အခုလို ပြဿနာတွေ ပေါ်လာရတာကို ကျွန်တော် အများကြီး စိတ်မကောင်းပါဘူးခင်ဗျား၊ ကျွန်တော် လည်း အခုလို ဘဏ်တိုက်ကြီးတစ်ခုလုံးအတွက် တာဝန်ပေးအပ်ခြင်း ခံရလိမ့်မယ်လို့ လုံးဝမထင်ခဲ့ပါဘူး"
"မစ္စတာကိန်းရဲ့ အခြေအနေကို ကျုပ်တို့ နားလည်သဘောပေါက်ပါတယ်"
မစ္စတာလိခ်ျက ပြောသည်။ "ဒါပေမဲ့ စိုးရိမ်စရာ မရှိပါဘူး၊ ကျုပ်တို့ ကူညီဖို့ အဆင်သင့် ရှိပါတယ်။ မစ္စတာကိန်း အနေနဲ နောက်မဆုတ်ပါနဲ့၊ လုပ်စရာရှိတာသာ ဆက်လုပ်ပါ"
"လူကြီးမင်းတို့ကို ကျွန်တော် ယုံကြည်ပါတယ်ခင်ဗျား၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ တခြား ရွေစရာလမ်း မရှိတော့ပါဘူး၊ ဒါကြောင့်မို့ ကျွန်တော့်ကိုယ်ကျွန်တော် လူကြီးမင်းများ လက်ထဲ ပုံအပ်ပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာသာ ကျွန်တော့်ကို အကြံပေးကြ စေချင်ပါတယ်"
"အခြေအနေ ဒီလိုရှိပါတယ်" မစ္စတာလိခ်ျက ဆက်ပြောသည်။ "ပီတာပါဖစ်က ကျိတ်ကြံနေတာ ကြာပြီ၊ သူက သူပဲ နိုင်ရမယ်လု့ ကျိန်းသေပေါက် တွက်ထားတယ်၊ ဒါကြောင့်မို့ သူ့ကို အလဲထိုး မယ်ဆိုရင် ကျုပ်တို့ အချင်းချင်း စည်းလုံးရမယ်၊ ပွင့်လင်းရမယ်၊ ရဲရဲရင့်ရင့် ရင်ဆိုင်ရဲရမယ်၊ မစ္စတာ ကိန်းအနေနဲ့ ဒီသတ္တိမျိုးရှိတယ်ဆိုတာ ကျုပ်တို့ ယုံကြည်ပါတယ်"
"ဟုတ်ပါတယ် မစ္စတာလိခ်ျ၊ ဒါကြောင့်မို့လို့လည်း ကျွန်တော် ဒီကိုလာခဲ့တာပါ၊ အဲဒီတော့ လူကြီး မင်းများ ခွင့်ပြုမယ်ဆိုရင် သူ့ကို ဘယ်လိုအလဲထိုးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆန္ဒ တင်ပြချင်ပါတယ်"
"တင်ပြပါ၊ တင်ပြပါ" မစ္စတာလိခ်ျက အားတက်သရော ပြောသည်။
သုံးယောက်သား စိတ်ဝင်စားစွာ နားစွင့်နေကြသည်။
"မစ္စတာပါဖစ်က တိုက်စစ်အနေအထား ရောက်နေတာကြောင့် သူ့ကိုယ်သူ အောင်ပွဲခံရမယ် လို့ ယူဆ ထားတာ မှန်ပါတယ်၊ ပြီးတော့ သူက ဘာတွေ ဖြစ်ပေါ်လာမယ်ဆိုတာကိုလည်း အမြဲတမ်း သိနေ တယ်၊ အဲဒီတော့ အခြေအနေကို ပြောင်းပြန်လုပ်ပစ်လိုက်ပြီး ကျွန်တော်တို့က တိုက်စစ် အနေအထား ရောက်လာ အောင် ဖန်တီးဖို့ လိုပါတယ်"
"ဘာကိုဆိုလိုတာလဲ မစ္စတာကိန်း၊ ကျုပ်သဘောမပေါက်သေးဘူး" မစ္စတာဝင်း သရော့ဒေးဗီးက ဖြတ်မေးလိုက်သည်။
"သဘောပေါက်လာပါလိမ့်မယ်ခင်ဗျား၊ ဒါနဲ့ဘုတ်အဖွဲ့မှာ မဲဆန္ဒပေးနိုင်တဲ့ တင်းပြည့်အဖွဲ့ဝင် ဘယ်နှစ်ယောက် ရှိပါသလဲ"
"၁၆ယောက် ရှိတယ်" မစ္စတာလိခ်ျက ဖြေသည်။
"အဲဒီ ၁၆ယောက်အနက်က ဘယ်သူတွေက ဘယ်ဘက်ပေါက်မယ် ထင်ပါသလဲ"
"ဒါက ဖြေဖို့ မလွယ်တဲ့မေးခွန်းပဲ" မစ္စတာဝင်းသရော့ဒေးဗီးက ပြောသည်။ သူက အင်္ကျီအိတ်ထဲ မှ စာအိတ်တစ်အိတ် ထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင် ဖြန့်ကြည့်သည်။ ပြီးတော့ ဆက်ပြောသည်။ "ကျုပ်အထင်တော့ ကျုပ်တို့ဘက်မှာ ခြောက်မဲကျိန်းသေပေါက် ရှိနေတယ်၊ ပီတာပါဖစ်က ငါးမဲ သေချာပေါက် ရှိတယ်။ မစ္စတာလက်စတာရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ရုပတ်ကော့ခ်စမစ်ကတော့ ဒီနေ့မနက်ကတော့မှ စိတ်တစ်မျိုးပြောင်း သွားတယ်။
သူက မစ္စတာ ကိန်းကို မလိုလားဘူး၊ ပြီးတော့ ပါဖစ်ကိုလည်း မထောက်ခံချင်ဘူး၊ ဒီတော့ သူ့အနေနဲ့ ကြားနေ မဲလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ပါဖစ်ကိုပဲ ထောက်ခံချင် ထောက်ခံမယ်၊ အဲဒီတော့ အခြေ အနေ ကတော့ ခြောက်မဲ ခြောက်မဲ ပြိုင်နေဖို့ အလားအလာ ရှိနေတယ်"
"အဲဒီတော့ ဥက္ကဋ္ဌလောင်းနှစ်ယောက် ပယ်ပြီး နောက်ထပ် လေးမဲ ကျန်နေသေးတယ်၊ အဲဒီ လူတွေရဲ့ ဆန္ဒ ကိုတော့ ကြာသပတေးနေ့ကျမှ ပြတ်ပြတ်သားသား သိရမှာပဲ" မစ္စတာလိခ်ျက ပြော သည်။
"ကြာသပတေးနေ့ ..... ဘာဖြစ်လို့ သိရမှာလဲ" ၀ီလျံက မရှင်း၍ မေးလိုက်သည်။
"အဲဒီနေ့က နောက်တစ်ကြိမ် ဘုတ်အဖွဲ့အစည်း ကျင်းပမယ်နေ့လေ" လိခ်ျက မုတ်ဆိတ်မွေး လက်နှင့်ပွတ်ရင်းမှ ပြန်ဖြေသည်။ "အဲဒီနေ့မှာ ပထမဆုံးအစည်းအဝေး အစီအစဉ်အရ ဥက္ကဋ္ဌသစ် ရွေးချယ်ရမယ်"
"ကျွန်တော့်ကိုပြောတော့ နောက်အစည်းအဝေးက လာမယ့်တနင်္လာနေ့မှ လုပ်မယ်ဆို" ၀ီလျံက ပြန်မေးလိုက်သည်။
"ဘယ်သူပြောသလဲ" ဒေးဗီးက ပြန်မေးပြန်သည်။
"ပါဖစ်က ပြောတာ"
"တော်တော်ဆိုးတဲ့လူပဲ၊ အဲဒါသာကြည့်တော့ ..... ဘယ်လောက်ထိ လူကြီးလူကောင်း မပီသ လိုက်သလဲလို့" လိခ်ျက မကျေမနပ်သံဖြင့် ပြောသည်။
"သူ့အကြောင်း ကျွန်တော် ပြည့်ပြည့်စုံစုံ သိထားပြီးပါပြီ" ၀ီလျံကပြောသည်။
"သူ လုပ်ချင်သလို လုပ်ပါ စေ၊ သူ့ကို ကျွန်တော် အပြတ်တိုက်နိုင်မှာ သေချာပါတယ်"
"အပြောလွယ်ပေမယ့် အလုပ်က မလွယ်ဘူး မစ္စတာကိန်း၊ ဒီလူက လူလည်၊ သိပ်ပြီး ခြေပုန်း ခုတ်တဲ့လူ၊ ကျုပ်တော့ ဒီလူ့ခြေလှမ်းကို အထင်မသေးဘူး" ၀င်းသရော့ ဒေးဗီးက သတိပေးသည်။
"မပူပါနဲ့၊ မီးနီသာ ပြလိုက်ပါတော့၊ ဒါနဲ့ အစည်းအဝေးခေါ်နိုင်တဲ့ အာဏာက ဘယ်သူ့ရှိသလဲ" ၀ီလျံက မေးသည်။
"ဥက္ကဋ္ဌမရှိတဲ့အချိန်မှာ ဒုတိယဥက္ကဋ္ဌ နှစ်ယောက်စလုံးမှာ အာဏာရှိတယ်။ ပီတာဖြစ်ဖြစ်၊ ကျုပ်ဖြစ် ဖြစ် ခေါ်နိုင်တယ်" လိခ်ျက ပြောသည်။
"ဒါဖြင့် ဘယ်နှစ်ယောက်တက်ရင် အစည်းအဝေး ထမြောက်သလဲ"
"ကိုးယောက်"
"ပြီးတော့ ကုမ္ပဏီအတွင်းရေးမှူးက ဘယ်သူလဲ"
"အတွင်းရေးမှူးက ကျုပ်ပါ" တစ်ချိန်လုံး စကားမပြောဘဲ နားထောင်နေသော အယ်လ်ဖရက်ရောဂျားက ပြန်ပြောသည်။
ဒါ အတွင်းရေးမှုးကောင်းတစ်ယောက်၏ အရည်အချင်းပဲဟု ၀ီလျံက တွေးလိုက်သည်။
‘အစည်းအဝေးဖိတ်စာကို  ဘယ်နှစ်ရက် ကြိုတင်ပြီး ပို့ရပါတယ်၊ ပို့ရပါသလဲ မစ္စတာရောဂျား’
‘အနည်းဆုံး ၂၄နာရီကြိုတင်ပြီး ၁၉၂၉ခုနှစ် စီးပွားရေး အကျပ်အတည်းကာလမှသာ ကြုံခဲ့ရတာပါ၊ ဒါပေမဲ့ ဒီအဖြစ်မျိုး က မစ္စတာလက်စတာ လက်ထက်ကတော့ အနည်းဆုံး သုံးရက်ကြိုပြီး ပို့လေရှိပါတယ်’
‘ဒါပေမယ့် အရေးပေါ်အစည်းအဝေးပြုလုပ်ဖို့ လိုအပ်လာရင် ၂၄နာရီကြိုတင်ပြီး အကြောင်းကြားရမယ်လို့ ဘဏ်စည်းမျဉ်း ဥပဒေမှာ ခွင့်ပြုထားပါတယ် မဟုတ်လား’
‘ဟုတ်ပါတယ်၊ ခွင့်ပြုထားပါတယ်’
မစ္စတာရောဂျားက ၀ီလျံ၏မျက်နှာကိုစိုက်ကြည့်နေသည်။
‘ဒါဆို အတော်ပဲပေါ့၊ ဒါဖြင့် ကျွန်တော်တို့ ဘုတ်အဖွဲ့အစည်းအဝေးကိုလည်း အဲဒီစည်းကမ်း အတိုင်းပဲ လုပ်ကြတာပေါ့’
ဘဏ်လူကြီးသုံးယောက်စလုံး ၀ီလျံ၏စကားကိုမကြားလိုက်သလို ကြောင်ပြီး ကြည့်နေကြသည်။
‘လူကြီးမင်း များ ခင်ဗျာ၊ ဒီကိစ္စဖြစ်အောင် လုပ်ကြပါ’ ၀ီလျံက ဆက်ပြောသည်။
‘မစ္စတာလိခ်ျက ဒုတိယဥက္ကဌနဲ့ ဘုတ်အဖွဲ့အစည်းအဝေး ခေါ်ပါ၊ မစ္စတာရောဂျားက ကုမ္ပဏီ အတွင်း ရေးမှုး အနေနဲ့ အဖွဲ့ဝင်အားလုံးဆီကို စည်းကမ်းအတိုင်း ဖိတ်စာတွေပို့ပါ’
‘အစည်း အဝေးကို ဘယ်နေ့လုပ်မယ် ရည်ရွယ်သလဲ’
မစ္စတာအက်ဒွပ်လိ(ခ်ျ)က မေးသည်။
မနက်ဖြန် နေ့လယ်ပိုင်း လုပ်မယ်’ ၀ီလျံက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး ‘သုံးနာရီတိတိ လုပ်ပါ’
‘ဘုရားရေ....ဒါဆိုရင် အားလုံးကမန်းကတန်း ဖြစ်ကုန်တော့မှာပဲ’ မစ္စတာရောဂျားက ညည်းလိုက်သည်။
‘မစ္စတာပါဖစ်အတွက် ကမန်းကတန်းဖြစ်မှာကို ပြောတာလား’
‘ဟုတ်ပါတယ်၊ ကျုပ်တို့က ဘာအစီအစဉ်ကိုမှ မဆွဲရသေးတာ’
အက်ဒွပ်လိခ်ျက တွေးပူနေသည်။
‘ကိစ္စမရှိပါဘူး၊ အဲဒီကိစ္စ ကျွန်တော့တာဝန်ထားပါ၊ လူကြီးမင်းတို့က သက်ဆိုင်သူ ပုဂ္ဂိုလ်အားလုံးဆီကို စည်းကမ်းအတိုင်း ဖိတ်စာရောက်အောင်သာ ပို့လိုက်ပါ’
‘အဲဒါဆိုရင် ပီတာပါ့ဖစ်က ဘယ်လို တန်ပြန်ထိုးနှက်လာမလဲ မသိဘူး’
‘သူ့အတွက် မစိုးရိမ်ပါနဲ့၊ ဒါပေမယ့် ဖိတ်စာကိုတော့ သူ့ဆီကို နောက်ဆုံးမှပို့ပါ၊ ကျွန်တော်တို့က သူ့ကို ဘာမှကြောက်နေစရာမလိုပါဘူး၊ သူ့အနေနဲ့ တန်ပြန်တိုက်ခိုက်ဖို့ အချိန်မပေးလေ ကောင်းလေပါပဲ၊ ကျွန်တော် တစ်ခုတောင်းပန်ချင်တာကတော့ မနက်ဖြန် အစည်းအဝေးမှာ ကျွန်တော် ဘာစကားပဲပြောပြော ဘယ်လိုမှ မအံသြကြစေချင်ပါဘူး၊ ကျွန်တော်ဆုံးဖြတ်ချက်ကို စိတ်ချပါ၊ ကျွန်တော့်ဘက်က ထောက်ခံကြပါ’
‘မစ္စတာကိန်း ဘာပြောမယ်ဆိုတာ ကျုပ်တို့ ကြိုသိထားရရင် ပိုကောင်းလိမ့်မယ် ထင်တယ်’ 
‘မလိုပါဘူး၊ မစ္စတာလိခ်ျ၊ ဒီအတွက် ဘာမှပူမနေပါနဲ့၊ လူကြီးမင်းအနေနဲ့ ကိုယ့်တာဝန်ကိုယ် လုပ်ကိုင် သွားဖို့သာ ဂရုစိုက်ပါ’
ကွန်လွန်သူ မစ္စတာလက်စတာက ၀ီလျံကိန်းအား လက်စတာဘဏ်ဥက္ကဌသစ်အဖြစ် ရွေးချယ်ရန် ဘာကြောင့် သေတမ်းစာအဖြင့် အဆိုပြုသွားကြောင်းကို သည်ဆွေးနွေးပွဲတွင် အက်ဒွပ်လိခ်ျနှင့် သူ၏လုပ်ဖော်ကိုင်ဖက်နှစ်ယောက်တို့က ကောင်းစွာသဘောပေါက်သွားကြလေသည်။
သူတို့အနေဖြင့် မနက်ဖြန် ဘုတ်အဖွဲ့အစည်းအဝေးတွင်  ဘာတွေဖြစ်ပျက်လာဦးမည်ကို အတိအကျ မသိနိုင် သော်လည်း ယခင်ထက်တော့ ယုံကြည်ချက် ပိုရှိလာကြသည်။
သို့ဖြင့် သူတို့လေးယောက်သည် ပြုံးပြုံးရွှင်ရွှင်နှင့် လူစုခွဲလိုက်ကြသည်။
ဝီလျံအဖို့တော့ ရှေ့နေကြီး သောမက်ကိုဟင်၏ သြ၀ါဒကို လိုက်နာပြီး ပြဿနာ၏ ပထမပိုင်းကို အောင်မြင်စွာ ဖြေရှင်းလိုက်ပြီးဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။ တစ်ချိန်တည်းတွင် အခက်ဆုံးသော နောက်ဆုံးပိုင်ကို ဖြေရှင်းရန်အတ၊ွက်လည်း လေးလေးနက်နက် အကြံထုတ် လျက်ရှိသည်။
သူသည် ထိုနေ့ညနေပိုင်းကို ယေးလ်ကကပ်တွင်ပင် ကုန်လွန်စေပြီး အိပ်ရာဝင်ခါနီးကျတော့ ကိတ်ထံသို့ ဖုန်းလှမ်းဆက်သည်။
‘အခု မောင် ဘယ်ကဆက်နေတာလဲဟင်၊ ကျွန်မ မသိဘဲ ညဥ့်နက်သန်းခေါင်ကြီးတောင် ထွက်သွား ရသတဲ့ လား မောင်ရယ်’
‘မပူပါနဲ့...အချစ်ရယ်၊ ကိုယ်အခု နယူးယောက်က ချစ်သူကလေးဆီ လှမ်းဆက်တာလေ’
‘အင်း...တော်တော်သနားစရာကောင်းတဲ့ အဖြစ်ပါလား၊ ဒါနဲ့ မစ္စတာပါဖစ်အကြောင်း သူတို့က ဘယ်လိုပြောသလဲ မောင်’
‘အဲဒီအကြောင်း ဘာမှမပြောဖြစ်သေးဘူး၊ တခြားအရေးပေါ်ကိစ္စတွေ လုပ်နေရလို့၊ ကဲ...ဒီတော့ အချစ် ကကော ဘယ်လိုအကြံပေးမလဲ’
‘အလားတူ အခြေအနေမျိုးမှာ ချားလ်လက်စတာနဲ့ မောင့်ဖေဖေတို့ မလုပ်ခဲ့တဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါနဲ့’
‘အခု အချိန်မှာ သူတို့နှစ်ယောက် နတ်ပြည်မှာ ဂေါက်သီးရိုက်နေကြရင်းက ကိုယ့်အခြေအနေကို မျက်ခြည် လမပြတ် စောင့်ကြည့်နေကြမှာပါ’
‘ဟုတ်ပါတယ် မောင်၊ မောင့်ကို သူတို့နှစ်ယောက်က အမြဲတမ်း စောင့်ရှောက်နေပါတယ်ဆိုတာ မောင် သတိရ နေမယ်ဆိုရင် ဘာပဲလုပ်လုပ် မောင့်အနေနဲ့ မမှားနိုင်ပါဘူး’
‘ကျေးဇူးပါပဲ ဒါလင်......၊ ဂွတ်နိုက်’
နောက်တစ်နေ့တွင် အရုဏ်တက်တွင် ၀ီလျံ အိပ်ရာမှနိုးလာသည်။ ခြောက်နာရီကျော်ကျော် ကလေးတွင် အိပ်ရာမှထပြီး ရေအေးအေးကို တစ်ဝကြီး ချိုးပစ်လိုက်သည်။ ပြီးတော့ ဦးနှောက်ကြည်လင် သွားရန် အတွက် စင်ထရယ်ပတ်ပန်းခြံဘက်သို့ လမ်းလျှောက်ထွက်သည်။ နံနက်စာ စားချိန်တွင် ယေးကလပ်သို့ ပြန်ရောက် လာသည်။
ကလပ်ထဲဝင်လာတော့ ဧည့်ခန်းစာရေးမက တယ်လီဖုံးမက်ဆိတ်ခ်ျတစ်ခု ပေးသည်။ သူ့ဇနီးထံမှ ဖြစ် သည်။ ‘သားကြီးနဲ့ သမီးငယ်တို့က ဖေဖေကြီးကိုပဲ တစ်မျှောတည်း မျှော်နေကြတယ် မောင်၊ ဒါနဲ့ သားကြီးက သူ့အတွက် ဘေ့စ်ဘောလက်အိတ်တစ်စုံ ဖြစ်အောင် ၀ယ်လာခဲ့ပါတဲ့၊ မမေနဲ့နော်’ဟူသော စာကြောင်း ကိုဖတ်ပြီး ၀ီလျံက ရယ်လိုက်မိသည်။
ထို့နောက် “ဝေါလ်စထရိဂျာနယ်” သတင်းစာကို ကောက်ဖတ်သည်။ ဥက္ကဌနေရာအတွက် လက်စတာ ဘဏ်တိုက် ဘုတ်အဖွဲ့ဝင်များ မအိပ်မနေ စက်ပုန်းခုတ်နေကြကြောင်း ပုံကြီးချဲ့ပြီး သတင်းရေးထားသည်။ သို့သော် ကြာသပတေးနေ့ အစည်းအဝေးတွင် ဒုတိယ ဥက္ကဌ မစ္စတာပီတာပါဖစ် ဥက္ကဖြစ်လာဖို့ အလား အလာ အများကြီး ရှိနေသည်ဟုလည်း ဆိုသည်။
ကြည့်ကြ သေးတာပေါ့၊ မနက်ဖြန် သတင်းစာတွေမှာ အဖြေပေါ်လာပါလိမ့်မယ် ဟု ၀ီလျံက ကြိမ်းဝါး လိုက်မိသည်။
သူသည် မနက်ပိုင်းတွင် လက်စတာဘဏ်တိုက်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသများကို အသေးစိတ် လေ့လာမှတ်သားသည်။ ပြီးတော့ နေ့လယ်စာပင် မစားတော့ဘဲ ကုန်တိုက်သို့သွားပြီး သားကြီး ရစ်ချက် အတွက် ဘေ့စ်ဘောလက်အိတ်တစ်စုံ သွားဝယ်သည်။
မွန်းလွဲ ၂:၃၀ နာရီကျတော့ တက္ကစီတစ်စီးဌားပြီး ဝေါလ်စထရိလမ်းမှ ဘဏ်တိုက်သို့ ထွက်လာခဲ့သည်။ 3နာရီ မထိုးခင်ကလေးတွင် ရောက်လာသည်။
တံခါးစောင့်သူငယ်က ‘ဘယ်သူနဲ့ ချိန်းထားပါသလဲခင်ဗျား’ဟု ဆီးမေးသည်။
‘ကျွန်တော် ၀ီလျံကိန်းပါ’
‘အို...ဟုတ်ကဲ့ ခင်ဗျား၊ အစည်းအဝေး ကြွပါခင်ဗျာ’
ဘုရားရေ....အစည်းအဝေးခန်း ဘယ်မှာနေမှန်းတောင် မသိပါလားဟု ၀ီလျံက တွေးပြီး ခပ်ကြောင်ကြောင် ဖြစ်နေမိသည်။
တံခါးစောင့် လူငယ်က သူ့အခြေအနေကို အကဲခတ်မိပြီး -
‘ဘယ်ဘက် က စင်္ကြအတိုင်းသွားပါခင်ဗျာ၊ ပြီးတော့ လက်ယာဘက်ချိုးပြီး ဒုတိယထပ် တက်သွားပါ’
‘ကျေးဇူးတင်ပါတယ်’
ဝီလျံက စင်္ကြဆောင်အတိုင်း ခပ်တည်တည်ဖြင့် လျှောက်လာခဲ့သည်။ သို့သော် သူ့ရင်ထဲတွင်တော့ တဒိတ်ဒိတ် ခုန်နေသည်။ စည်းဝေးခန်း တံခါးဝရောက်တော့ တိုက်ကပ်နာရီကြီး က ၃နာရီ မထိုးခင် လေးတွင် ရောက်လာသည်။ 
တံခါးစောင့် လူငယ်က ‘ဘယ်သူနဲ့ ချိန်းထားပါသလဲခင်ဗျာ’ ဟုဆီးမေးသည်။
‘ကျွန်တော့် ၀ီလျံကိန်းပါ’
‘အို....ဟုတ်ကဲ့ ခင်ဗျာ၊ အစည်းအဝေးခန်း ကြွပါခင်ဗျာ’
ဘုရားရေ..အစည်းအဝေးခန်း ဘယ်မှာနေမှန်းတောင် မသိပါလားဟု ၀ီလျံကတွေးပြီး ခပ်ကြောင် ကြောင် ဖြစ်နေမိသည်။
တံခါးစောင့်လူငယ်က သူ့အခြေအနေကို အကဲခတ်မိပြီး -
‘ဘယ်ဘက် က စင်္ကြအတိုင်းသွားပါခင်ဗျာ၊ ပြီးတော့ လက်ယာဘက်ချိုးပြီး ဒုတိယထပ် တက်သွားပါ’
‘ကျေးဇူး တင်ပါတယ်’
ဝီလျံက စင်္ကြဆောင်အတိုင်း ခပ်တည်တည်ဖြင့် လျှောက်လာခဲ့သည်။ သို့သော် သူ့ရင်ထဲတွင်တော့ တဒိတ်ဒိတ်ခုန်နေသည်။ စည်းဝေးခန်း တံခါးဝရောက်တော့ တိုင်ကပ်နာရီကြီး က ၃နာရီတိတိ ထိုးသည်။
အခန်းဝ တွင် မစ္စတာအက်ဒွပ်လိခ်ျက ရပ်စောင့်နေသည်။
‘ပြဿနာတော့ တက်လိမ့်မယ် မစ္စတာကိန်း’ သူက တိုးတိုးပြောသည်။
‘ကောင်းပါတယ်၊ အဲဒီလိုဖြစ်မှ မစ္စတာလက်စတာက သဘောကျတာ၊ ကျွန်တော်တို့က အခြေအနေအရ ဆက်လုပ်ကြတာပေါ့’ ၀ီလျံကလည်း တိုးတိုးပြန်ပြောလိုက်သည်။
ဝီလျံသည် ခမ်နားသပ်ရပ်သော ၀က်သစ်ချသားကာ ခန်းမကျယ်ကြီးထဲသို့ လျှောက်ဝင်လာသည်။ အစည်း အဝေး သို့ လူစုံတက်ရောက်မရောက် အထူးတလည် ရေတွက်နေစရာ မလို။ သည်လို အစည်းအဝေးမျိုးကို ဘယ်ဘုတ် အဖွဲ့ဝင်မှ မပျက်ကွက်ရဲဆိုသည်ကို သူက ကြိုတွက်ထားပြီး ဖြစ်သည်။
ဝီလျံဝင်လာတော့ စကားပြောရပ်သွားကြသည်။ အားလုံးပင် မတ်တပ်ရပ်ပြီး   ငြိမ်သက်စွာဖြင့် ၀ီလျံကို အကဲခတ်နေကြသည်။ ၀ီလျံက ရှည်လျားသေ မဟောဂနီ စားပွဲထိပ်မှ ဥက္ကဌ ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီးနောက် -
‘ကဲ...လူကြီးမင်းများခင်ဗျား....အားလုံး ထိုင်ကြပါ’
အက်ဒွပ်လိခ်ျနှင့် အချို့လူကြီးများ ချက်ချင်းပင် ၀င်ထိုင်ကြသည်။ တချိ့ကတော့ ဇဝေဇ၀ါနှင့် မတ်တပ် ရပ်နေ ဆဲပင်။ အခန်းထဲတွင် တီးတိုးစကားသံများ ပေါ်ထွက်လာသည်။
ဝီလျံ မသိသော ဘုတ်အဖွဲ့ဝင် လူကြီးနှစ်ယောက်က စကားပြောရန် မတ်တပ်ရပ်လိုက်ကြသည်။ ၀ီလျံက သူတို့ပါးစပ်မဟနိုင်မီ ဖြတ်ပြောလိုက်သည်။
‘လူကြီးမင်းများ သဘောတူမယ်ဆိုရင် ဘယ်သူမှ မပြောခင် ကျွန်တော်ကပဲ အဖွင့်မိန့်ခွန်း ပြောရပါစေ၊ ပြီးတော့မှ ရှေ့ဆက်ပြီး လုပ်သင့်တာ လုပ်နိုင်ကြပါတယ်၊ ဒီအစီအစဉ်ဟာ ကွန်လွန်သူ မစ္စတာလက်စတာရဲ့ ဆန္ဒ အတိုင်း ကျင့်သုံးရာလည်း ရောက်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’
စောစော က ထရပ်သော ပုဂ္ဂိုလ်နှစ်ယောက် ပြန်ထိုင်သွားကြသည်။
‘ကျေးဇူးတင်ပါတယ် လူကြီးမင်းများခင်ဗျား၊ ခုအချိန်ကစပြီး အစည်းအဝေး စတင်ဖွင့်လှစ်ပါပြီ၊ အခု ကြွရောက် လာကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျွန်တော် ပဏာမအနေနဲ့ အစီရင်ခံချင်တာကတော့ ဘုတ် အဖွဲ့ဝင် ဒါရိုက်တာလူကြီးအများစု သဘောမတူဘူးဆိုရင်’ သူကစကားကို ခဏရပ်ထားလိုက် ပြီးတော့မှ ‘ကျွန်တော့် အနေနဲ့ လက်စတာဘဏ်ရဲ့ ဥက္ကဌရာထူးမှာ လုံးဝမလုပ်ချင်ပါဘူးဆိုတဲ့ အချက်ပါပဲ’
တစ်ခန်းလုံး ၀ီလျံဆီကို မျက်စိရောက်သွားကြသည်။
‘လူကြီးမင်းများခင်ဗျား၊ ကျွန်တော်ဟာ လက်ရှိရာထူးအားဖြင့် ကိန်းနှင့်ကတော့ ဘဏ်ရဲ့ ဒုတိယဥက္ကဌ ဖြစ်တယ်ဆိုတာ လူကြီးမင်းများလည်း အားလုံးသိကြပါတယ်၊ ကျွန်တော့်အနေနဲ့ အစုရှယ်ယာ၅၁ ရာခိုင်နှုန်း ကိုလည်း ပိုင်ဆိုင်ထားပါတယ်၊ ကိန်းနှင့်ကဘော့ဘဏ်တိုက်ကို လက်မွန်မဆွ စတင် တည်ထောင် ခဲ့သူဟာ ကျွန်တော့ဖေဖေရဲ့ဖခင်၊ ကျွန်တော့်အဘိုး ဖြစ်ပါတယ်၊ လက်စတာဘဏ်နဲ့ လုပ်ငန်း ပမာဏ ချင်း မယှဉ်သာပေမယ့်    ဂုဏ်သိက္ခာမှာတော့ သူမသာ ကိုယ်မ သာ ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်၊ ဒါကြောင့်မို့ မစ္စတာလက်စတာရဲ့ ဆန္ဒကိုလိုက်လျောပြီး လတ်စတာဘဏ်ရဲ့ ဥက္ကဌသစ် အဖြစ်နဲ့ ကျွန်တော့်ဘော့စတွန်ကို စွန့်ခွာပြီး နယူးယောက်ကို ပြောင်းလာရမယ်ဆိုရင်ဖြင့် ကျွန်တော့် အနေနဲ့ ရော၊ ကျွန်တော့်မိသားစုအနေ နဲ့ရော သိပ်ပြီး ၀မ်းသာစရာအဖြစ်မျိုးတော့ မဟုတ်ပါဘူးဆိုတာ ကျွန်တော် ဟန်မဆောင်ဘဲ အမှန်အတိုင်းပဲ ပြောလိုပါတယ်။’
‘ဒါပေမယ့် မစ္စတာလက်စတာလို နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဆုံးဖြတ်ချက်တစ်ခုကို ပေါ့ပေါ့ တန်တန် ဘယ်တော့မှ မချရဘူးလို့ ခံယူမိတဲ့အတွက် သူ့ဆန္ဒကို မလွှဲမရှောင်သာဘဲ ကျွန်တော့်အနေနဲ့ သဘောတူ လိုက်ရခြင်း ဖြစ်ပါတယ်။ တစ်ဆက်တည်းပဲ ကျွန်တော် ပြောချင်တာတစ်ခုကတော့ မစ္စတာ လက်စတာရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ ကွန်လွန်သွားရှာ သူ မက်သယူးလက်စတာဟာ ကျွန်တော်ရဲ့အရင်းနှီးဆုံးး ကျောင်းနေဖက် မိတ်ဆွေတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ၁၅နှစ်တိုင်တိုင် ပေါင်းသင်းလာခဲ့ကြတဲ့ မိတ်ဆွေရင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ဒီအစည်း အဝေးမှ မက်သယူးသာလျှင် လူကြီးမင်းတို့ ဥက္ကဌလောင်းအဖြစ်နဲ့ အဖွင့်စကားပြောရမယ့်အစား ကျွန်တော် က ပြောနေရတာကိုတော့ ကျွန်တော့်အနေနဲ့ ၀မ်းနည်းလို့မဆုံး ဖြစ်မိရပါတယ် ခင်ဗျား’
အချို့ ဒါရိုက်တာလူကြီးများက ခေါင်းညိတ်ကြသည်။
‘လူကြီးမင်းများ ခင်ဗျား၊ ဒီနေ့ အစည်းအဝေးပွဲမှာ လူကြီးမင်းများကသာ ကျွန်တော့်ကို ထောက်ခံ ကြမယ် ဆိုယင်.....ကျွန်တော်အနေနဲ့ ဘော့စတွန်မှာ ရှိတာတွေ အားလုံးကိုစွန်ပြီး လူကြီးမင်းများကို အလုပ် အကျွေးပြုဖို့အတွက် နယူးယောက်ပြောင်းလာပါ့မယ်ဆိုတာ အလေးအနက် ကတိပြုပါတယ်ခင်ဗျား......။’
‘ဒီနေရာမှာ ကျွန်တော်ရဲ့ ဘဏ်လုပ်ငန်းအတွေ့အကြုံ ဘယ်လောက်ရှိပါတယ်ဆိုတာ လူကြီးမင်းများကို ပြောပြနေစရာ မလိုပါဘူး၊ ဒါပေမဲ့ မစ္စတာလက်စတာက ကျွန်တော်ကိုမှ ရွေးပြီး ဘာကြောင့် ဆန္ဒပေးခဲ့ရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို မစ္စတာလက်စတာရဲ့ သေတမ်းစာကို ဖတ်ကြည့်ပြီးတဲ့ လူကြီးမင်း တို့အားလုံးပဲ ရှာကြည့်ပြီး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် တို့ရဲ့ ဘဏ်ဥက္ကဌကြီး တိုနီဆိုင်မွန်က ကျွန်တော်ဆီကိုလာမှာကို လုံးဝသဘောမတူပါဘူး၊ သူက ကျွန်တော့် ကို ကိန်းနှင့် ကတော့ဘဏ်မှာပဲ ဆက်နေစေချင်ပါတယ်။’
‘မနေ့ကသာ မစ္စတာပီတာပါဖစ်က ကျွန်တော့ဆီကို ဖုံးဆက်ခဲ့ရင် ကျွန်တော့်သဘောထားကို သူ့ကို ပြောပြဖို့ ရည်ရွယ်ခဲ့ပါတယ်၊ မစ္စတာပါဇစ်နဲ့ဇနီးတို့က လွန်ခဲ့တဲ့သောကြာနေ့ညနေက ကျွန်တော့်ကို သူတို့အိမ်ဖိတ်ခေါ်ပြီး ညစာကျွေးခဲ့ပါတယ်၊ အဲဒီအတွက် ကျွန်တော်အများကြီး ကျေးဇူးတင်ကြောင်း ဒီနေရာမှာ ထပ်မံပြောကြားလိုပါတယ်၊ အဲဒီထမင်းစားပွဲမှာ သူ့အနေနဲ့ ဘဏ်ရာထူးကို လုံးဝစိတ်မ၀င်စားပါဘူးလို့ မစ္စတာပါဖစ်က ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ ကျွန်တော်နဲ့အပြိုင် အရွေးခံ ရမယ့်လူက သူ့အထင်ကိုပြောရရင် တခြားဒုတိယဥက္ကဌတစ်ဦး ဖြစ်တဲ့ မစ္စတာအက်ဒွပ်လိခ်ျ ဖြစ်နိုင် တယ်လို့ သူကပြောခဲ့ပါတယ်။’
‘မစ္စတာလိခ်ျနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးပါပြီ၊ မစ္စတာလိခ်ျက ဥက္ကရာထူးကို စိတ်မ၀င်စားပါဘူး၊ သူ့အနေနဲ့ ကျွန်တော့်ကို ထောက်ခံဖို့ အဆင့်သင့်ပါလို့ ဖွင့်ဟ ပြောဆို ခဲ့ပါတယ်၊ ဒါကြောင့်မို့ ဒုတိယဥက္ကဌ နှစ်ယောက်စလုံးက ကျွန်တော့်ကို ထောက်ခံဖို့ အဆင့်သင့် ရှိနေကြတယ်လို့ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့မနက် “ဝေါလ်စထရိဂျာနယ်”ရဲ့ ကြိုတင် ခန့်မှန်းချက်အတိုင်း မမှန်ပါဘူးဆိုတာကို သက်သေပြရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်၊ အမှန်က “ဝေါစထရိ ဂျာနယ်”ကို ကျွန်တော် ရှစ်နှစ်သားအရွယ်ကတည်းက ဖတ်လာခဲ့ပါတယ်၊
အဲဒီကတည်းက သူတို့ခန့်မှန်းချက်ကို ကျွန်တော် လုံးဝအယုံအကြည် မရှိခဲ့ပါဘူး (တချို့ပုဂ္ဂိုလ်များ မပွင့်တပွင့် ရယ်ကြသည်။) ‘ဒီအစည်းအဝေးကို မစ္စတာလိခ်ျက ခေါ်ယူတာ ဖြစ်ပါတယ်၊ အဲဒီတော့ မစ္စတာလိခ်ျ ခင်ဗျား၊ ကွန်လွန်သူ မစ္စတာလက်စတာရဲ့ ဆန္ဒအတိုင်း လက်စတာဘဏ်ဥက္ကဌသစ်ရာထူးအတွက် မစ္စတာလိခ်ျအနေနဲ့ ကျွန်တော်ကိုလည်း ထောက်ခံမှာပါလား ခင်ဗျာ’
ခေါင်းငုံ နေသော မစ္စတာလိခ်ျဘက်သို့ ၀ီလျံက လှမ်းကြည့်လိုက်သည်။ မစ္စတာလိခ်ျဆီသို့ မျက်လုံး တွေ အားလုံး ရောက်သွားကြသည်။
မစ္စတာလိခ်ျက ခေါင်းကို ဖြည်းဖြည်းပြန်မော့ပြီး ပြောလိုက်သည်။
'မစ္စတာကိန်းကို ကျုပ်ထောက်ခံအပ်ပါတယ်'
ထို့နောက် ၀ီလျံက မစ္စတာပါဖစ်ဘက်သို့ လှည့်လိုက်သည်။ ယခုအကြိမ်သည် သူ့မျက်နှာကို ပထမဆုံး အကြိမ် စေ့စေ့ကြည့်ခြင်း ဖြစ်သည်။ မစ္စတာပါဖစ်သည် ဇောချွေးပြန်နေပြီ၊ သူက စားပွဲပေါ်မှ အ၀ါရောင် စာရေး စက္ကူကတ်ကို စိုက်ကြည့်ပြီး ပြန်ပြောလိုက်သည်။
'အခြေအနေ က ဒီလိုပါ၊ ဒါရိုက်တာလူကြီးတချို့က ကျုပ်ကို ယှဉ်ပြိုင်ပြီး အရွေးခံဖို့'
သူ့စကားမဆုံးမီ ၀ီလျံက ဖြတ်ပြီး -
'ဒီတော့ လူကြီးမင်းက ကျွန်တော့်ကို ထောက်ခံမယ်လို့ ပြောခဲ့တဲ့စကားကို ဖျက်ပြီး မစ္စတာလက်စတာရဲ့ ဆန္ဒ ကို ဆန့်ကျင်ပြီး ဆိုပါတော့'
မစ္စတာပါဖစ်က ခေါင်းကို နည်းနည်းမော့လိုက်ပြီးတော့ -
'ပြဿနာ က ထင်သလောက် မလွယ်ပါဘူး မစ္စတာကိန်း....'
'ဟုတ်ပါတယ်၊ ကျုပ်က မစ္စတာကိန်းကို မထောက်ခံနိုင်ပါဘူး'
'ဒီလိုဆို လွန်ခဲ့တဲ့ သောကြာနေ့က ကျွန်တော့ကို ထောက်ခံပါမယ့်လို့ ပြောခဲ့တာ ဘယ်လိုလုပ်မလဲ'
'ကျုပ်အခြေအနေကို ကျုပ် ပြည့်ပြည့်စုံစုံ တင်ပြပါမယ့်... မစ္စတာကိန်းကချည်းလုပြောမနေပါနဲ့၊ ကျုပ်တို့ ဘုတ်အဖွဲ့မှာ မစ္စတာကိန်း လုံးဝမပါဝင်သေးဘူးဆိုတာ မစ္စတာကိန်း လုံးဝမပါဝင်သေး ဘူးဆိုတာ သတိရ စမ်းပါ'
'ဟုတ်ပါတယ်ခင်ဗျာ၊ အမိန့်ရှိပါ'
အခြေအနေကတော့ ၀ီလျံကြိုတင် စီမံကိန်းချထားသည့်အတိုင်း "ခွင်"၀င်သွားပြီး သူ့စကားကို အဖွဲ့ဝင် တော်တော်များများ နားသွင်းသွားကြပြီ၊ ပီတာပါဖစ်မှာတော့ တိုက်ပွဲအစကတည်းက တစ်ပန်းရှုံးနေပြီ။
'လူကြီးမင်းများ ခင်ဗျား' သူကစကားလုံးရှာရင်း တုံ့ဆိုင်းနေသည်။ 'အဲဒီတော့ ကျုပ်ပြောချင်တာက.....'
လူတိုင်းက သူ့မျက်နှာကို စိုက်ကြည့်နေကြသည်။ သည်အချိန်တွင် ၀ီလျံအနေဖြင့် တခြားဒါရိုက်တာများ၏  မျက်နှာထားကို ကောင်းစွာအကဲချိန် ရသွားသည်။
မစ္စတာပါဖစ်က ဆက်ပြောသည်။
'အခုလို ကျုပ်အနေနဲ့ အခြေအနေပြောင်းလဲသွားရတာက မစ္စတာကိန်းနဲ့ ညစာစားပြီးတဲ့နောက်ပိုင်းမှာ တခြားဒါရိုက်တာလူကြီးတွေက ကျုပ်ဆီလာပြီး တိုက်တွန်းကြတဲ့ အတွက် မစ္စတာလက်စတာရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး၊ သူ့ကို ကျုပ်အင်မတန်မှ လေးစားခဲ့ပါတယ် ဒါပေမဲ့ အခြေအနေအရ မလုပ်မဖြစ်လို့ လုပ်ခဲ့ရတယ်ဆိုတာ လူကြီးမင်းများအားလုံး သဘောပေါက်ကြပါလိမ့်မယ်'
သူက အသက်ကို ၀အောင်ရှူလိုက်ပြီး ဆက်ပြောသည်။
'ကျုပ်ဟာ လက်စတာဘဏ်မှာ အမှုထမ်းလာခဲ့တာ ၂၂နှစ် တိတိရှိခဲ့ပါပြီ။ ဒုတိယဥက္ကအဖြစ်နဲ့ ခြောက်နှစ်အမှုထမ်းခဲ့ ပြီးပါပြီ၊ ဒါကြောင်မို့ ဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်အရွေးခံပိုင်ခွင့်ရှိတယ်လို့ ကျုပ်ယုံကြည်ပါတယ်၊ မစ္စတာကိန်းအနေနဲ့ ကျုပ်တို့ဘဏ်အုပ်ချုပ်ရေးအဖွဲ့ထဲ ၀င်လာတာကို ကျုပ်က ၀မ်းသာပါတယ်၊ သို့သော်လည်း ဥက္ကဌရာထူးအတွက်တော့ ကျုပ်ကသူ့ကို လုံးဝမထောက်ခံနိုင်ပါဘူး၊ အလားတူပဲ ကျုပ်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုသာ ထောက်ခံကြ လိမ့်မယ်လို့ ကျုပ် လုံးဝ ယုံကြည် ပါတယ်။ အမှန်ကလည်း တစ်ဦးတည်းသောသား သေဆုံးသွားလို့ သောကပရိဒေ၀ရောက်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက် ရဲ့ သွေးရူးသွေးတန်း ဆုံးဖြတ်သွားချက်အရ သူစိမ်းပုဂ္ဂိုလ်တစ်ယောက်ကို ဥက္ကဌ တင်မြောက် ရမယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျနိုင်ဘူးလို့ ကျုပ် အလေးအနက် ယုံကြည်ပါတယ်၊ ဒါပါပဲ၊ အားလုံးကို ကျေးဇူး တင်ပါတယ်'
သူက ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။
ဝီလျံက ပြန်ထလိုက်သည်။
လူကြီးမင်းများ ခင်ဗျား၊ အားလုံးကြားကြတဲ့အတိုင်း မစ္စတာပါဖစ်က ကျွန်တော်ဟာ လူကြီးမင်းများ လုံးဝမသိတဲ့ လူတစ်ယောက်ဆိုပြီး ပြောသွားပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ကိုယ်အကြောင်းကိုယ် တင်ပြရတော့မယ့် အခြေအနေမျိုး ရောက်လာခဲ့ရပါတယ်။
'ကျွန်တော် အစီရင်ခံပြီးတဲ့အတိုင်း ကျွန်တော်ဟာ အများသိတဲ့ ဘဏ်လုပ်ငန်းရှင်ကြီး နှစ်ယောက်ရဲ့ မြေးနဲ့သားဖြစ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း တစ်သက်လုံး ဘဏ်လုပ်ငန်း ထဲမှာပဲ ကျင်လည် ခဲ့ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော့်အနေနဲက လက်စတာဘဏ်ရဲ့ ဥက္ကရာထူးကို မလုပ်ချင်ပါဘူးလို့ ကျွန်တော် ဟန်ဆောင်ပြီး မပြောလိုပါဘူး၊ ဒါပေမဲ့...လူကြီးမင်းတို့အများစုက မစ္စတာပါဖစ်ကို ဥက္ကဌအဖြစ် ရွေးချယ် မယ်ဆိုရင်လည်း မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်၊
ကျွန်တော်အနေနဲ့ ဘယ်လိုမှမဖြစ်ပါဘူး၊ ဘော့စတွန်ပြန်ပြီး ကိုယ့်ဘဏ်မှာ ကိုယ်ပြန်လုပ်ရုံပါပဲ။'
'အကယ်၍ မစ္စတာပါဖစ်ရဲ့လက်အောက်မှာ ဒုတိယဥက္ကဌအဖြစ်နဲ့ လုပ်ပါလို့ လူကြီးမင်းတို့က တိုက်တွန်းရင်လည်း ကျွန်တော်က မလုပ်လိုပါဘူး၊ ကျွန်တော်ဟာ မစ္စတာပါဖစ် ပြောသွားသလို ဘယ်သူမှ မသိတဲ့ သူစိမ်းတစ်ရံဆံတစ်ယောက်ဆိုတာ မှန်သင့်သလောက် မှန်ပါလိမ့်မယ်၊ သို့သော်လည်း မစ္စတာ လက်စတာလို ပုဂ္ဂိလ်ကြီးတစ်ယောက်ရဲ့ ထောက်ခံချက်အရ ဒီနေရာကို ရောက်လာရတယ်ဆိုတာကိုတော့ မစ္စတာ ပါဖစ်အနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်၊ မစ္စတာလက်စတာဟာ ဆန္ဒစောတဲ့ ပုဂ္ဂိုလ် မဟုတ် ပါဘူး၊ ဆုံးဖြတ်ချက်တစ်ရပ်ကို သွေးရူး သွေးတန်း ချတတ်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး၊ ဒီအချက်ကို အားလုံးပဲ သိကြ ပါတယ်'
'အဲဒီတော့...အချိန်မဖြုန်းတော့ဘဲ လုပ်သင့်တာ ဆက်လုပ်ကြပါစို့ ရှိပါတော့တယ်၊ ကျွန်တော့်ကို မကြိုက်ရင် မထောက်ခံကြပါနဲ့၊ မစ္စတာပါဖစ်သာ အသင့်တော်ဆုံးလို့ထင်ရင် သူ့ကိုပဲ မဲပေးကြပါ၊ ကျွန်တော် ကတော့ ဒီရွေးကောက်ပွဲမှာ မဲမပေးပါဘူး၊ မစ္စတာပါဖစ်လည်း မပေးသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်'
'မောင်ရင် က ဘယ်လိုပေးလို့ရမှာလဲ၊ ဘုတ်အဖွဲ့ဝင်တောင်မှ မဖြစ်သေးတာပဲ၊ ကျုပ်က အဖွဲ့ဝင်၊ ကျုပ် မဲပေးမယ်'
မစ္စတာ ပါဖစ်က ဒေါသဖြင့် ပြန်ပြောသည်။
'ဟုတ်ကဲ့၊ မစ္စတာပါဖစ် သဘောကျသလို လုပ်နိုင်ပါတယ်၊ လူကြီးမင်း ရသင့်တဲ့မဲဆန္ဒအရေ အတွက်ကို မရပါနဲ့ လို့ ဘယ်သူကမှ တားပိုင်ခွင့်မရှိပါဘူး'
ဝီလျံက စကားကိုရပ်ပြီး အခြေအနေကို အကဲခတ်လိုက်သည်။ ထိုအခိုက် ဒါရိုက်တာ လူကြီးတစ်ယောက်က စကားပြောရန် အားယူလိုက်စဉ် ၀ီလျံက ဖြတ်ပြောလိုက်သည်။
'အဲဒီတော့ မစ္စတာရောဂျာက အတွင်းရေးမှုးအနေနဲ့ ရွေးကောက်ပွဲ အစီအစဉ်ကို စပါတော့၊ လူကြီးမင်းများက ဆန္ဒပေးစာရွက်ပေါ်မှာ ဖြည့်စွက်ပြီးတဲ့အတွက် ဆန္ဒပေးစာရွက်ကို အတွင်းရေးမှုးဆီ ပြန်ပေးကြဖို့ဖြစ်ပါတယ်'
မစ္စတာရောဂျား ခင်ဗျား၊ မဲဆန္ဒတစ်ခုစီကို အသံထွက်ပြီး ဖတ်ပြစေလိုပါတယ်၊ ဒါမှ အားလုံးအတွက် ပြတ်ပြတ် သားသား ဖြစ်သွားလိမ့်မယ်' ၀ီလျံက ပြောလိုက်သည်။
'ကောင်းပါတယ် မစ္စတာကိန်း'
'ဒီအစဉ် အစဉ်ကို သဘောတူပါသလား မစ္စတာပါဖစ်'
မစ္စတာပါဖစ်က ၀ီလျံအား လှည့်မကြည့်ဘဲ ခေါင်းကိုသာ တစ်ချက်ညိတ်ပြလိုက်သည်။
'ကျေးဇူး တင်ပါတယ် ခင်ဗျား၊ ကိုင်း...မစ္စတာရောဂျား၊ မဲဆန္ဒတွေကို တစ်ခုစီဖတ်ပြပါတော့'
မစ္စတာ ရောဂျားက ထိုင်ရာမှထရပ်ပြီး ပထမဆုံး မဲဆန္ဒစာရွက်ကို ဖွင့်ဖတ်လိုက်သည်။
'ပါဖစ်....'
ထို့နောက် ဒုတိယစာရွက်ကို ဆက်ဖတ်သည်။
'ပါဖစ်...'
ဝီလျံ၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ခဲလေသမျှ သဲရေကျပြီ ထင်ပါရဲ့။ အတွင်းရေးမှုး ၏အသံ ပေါ်ထွက်လာပြန်သည်။
'ကိန်း...ပါဖစ်...ကိန်း....'
ဝီလျံက သုံးမဲ၊ နှစ်မဲဖြင့် ရှူံးနေသေးသည်။ တိုနီဆိုင်မွန်နှင့် ယှဉ်ပြိုင်ခဲ့စဉ်ကလိုပင် အရှူံးနှင့် နိဂုံး ချုပ်လေ မလား၊ သူ့ရင်တွေ လှပ်လှပ်ခုန်လာသည်။ စိတ်ကိုထိန်းချုပ်၍ အိနြေ္ဒမပျက်အောင် ထိန်းထား ရသည်။
'ကိန်း...ကိန်း...ပါဖစ်...'
ဝီလျံက လေးမဲ၊ မစ္စတာပါဖစ်က လေးမဲပြိုင်နေကြပြီ။ မစ္စတာပါဖစ်က စားပွဲတစ်ဖက်မှာထိုင်ကာ ချွေးပြန် သည်။
"ပါဖစ်...."
မစ္စတာပါဖစ် ပြုံးလာသည်။ ၀ီလျံက နားစွင့်နေလိုက်သည်။
'ကိန်း...ကိန်း...ကိန်း...'
မစ္စတာပါဖစ် မျက်နှာညိုးကျသွားပြီ။
'ပါဖစ်....ပါဖစ်'
ခုနစ်မဲချင်း ပြိုင်သွားပြန်ပြီ။ နောက် နှစ်မဲသာ ကျန်တော့သည်။
မစ္စတာရောဂျားက မဲလိပ်ကို အကြာကြီး ဖွင့်နေရသည်။ တစ်ယောက်ယောက်က တွန့်လိမ့်ပြီး ခေါက်ထား သောကြောင့် ဖြစ်သည်။
အတွင်းရေးမှူး က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
'ကိန်း'
ရှစ်မဲ၊ ခုနစ်မဲဖြင့် ၀ီလျံဘက်က တစ်မဲသာသွားပြီ။
အဆုံး အဖြတ်မဲ တစ်မဲသာ ကျန်တော့သည်။ ၀ီလျံ က အတွင်းရေးမှူးမျက်နှာကိုသာ စိုက်ကြည့်နေသည်.။
အတွင်းရေးမှူးက မဲလိပ်ကို ဖွင့်လိုက်သည်။
'ကိန်း'
မစ္စတာပါဖစ် ခေါင်းငိုက်စိုက် ကျသွားသည်။
'လူကြီးမင်းများ ခင်ဗျား' အတွင်းရေးမှူး၏အသံ ဟိန်း၍ထွက်ပေါ်လာသည်။
'ရွေးချယ်ပွဲ ပြီးဆုံးသွားပါပြီ  ခင်ဗျား၊ အဲဒီတော့ စာရင်းပိတ်မဲရေတွက်လိုက်တဲ့အခါမှာ မစ္စတာကိန်းက ကိုးမဲ ရရှိပြီး မစ္စတာပါဖစ်က ခုနှစ်မဲသာ ရှိပါတယ်ခင်ဗျား၊ ဒါကြောင့်မို့လို့...ဒီအချိန်ကစပြီး မစ္စတာ ၀ီလျံကိန်း အား လက်စတာဘဏ်ရဲ့ ဥက္ကဌသစ်အဖြစ် အများသဘောတူ ရွေးချယ် တင်မြှောက်လိုက်ကြောင်း ကြေညာ အပ်ပါတယ်ခင်ဗျား'
တစ်ခန်းလုံး ငြိမ်ကျသွားသည်။ မစ္စတာပါဖစ်မှတစ်ပါး ကျန်ပုဂ္ဂိုလ်များက ခေါင်းမော့ပြီး ၀ီလျံကိုသာ စိုက်ကြည့်နေကြသည်။ သူတို့က ဥက္ကဌသစ်၏ ပထမဆုံးလုပ်ရပ်ကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည်နေကြခြင်း ဖြစ်သည်။
ဝီလျံသည် အသက်ကို တစ်ဝရှိုက်လိုက်ပြီးနောက် ထိုင်ရာမှ ထရပ်လိုက်သည်။ ပြီးတော့ တစ်ခန်းလုံးကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သည်။
'ကျွန်တော့် တို့ ယုံကြည်ကြောင်း၊ သက်သေပြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား'
'ကျွန်တော် ဟာ မစ္စတာလက်စတာရဲ့ ဆန္ဒကို လေးစားကြတဲ့အတွက် လူကြီးမင်းများကို ကျေးဇူးတင် ပါကြောင်း ထပ်လောင်းပြောပါရစေ ခင်ဗျား၊ ကျွန်တော့အနေနဲ့ ကိုယ်စွမ်းဥာဏ်ရှိသမျှ ဘဏ်တိုက်အကျိုးအတွက် ကြိုးစားထမ်းဆောင်ပါ့မယ်ဆိုတာကိုလည်း လေးလေးနက်နက် ကတိပေးပါတယ် ခင်ဗျား၊ ဘယ်လုပ်ရပ်မျိုးကိုမဆို ဘုတ်အဖွဲ့ရဲ့ သဘောတူညီချက်မရဘဲနဲ့ ကျွန်တော် မလုပ်ဘူး ဆိုတာကိုလည်း ကတိပေးပါတယ်ခင်ဗျား၊ အဲဒီတော့ မစ္စတာပါဖစ်ကို ကျွန်တော် တောင်းပန်ချင် တာက တော့......'
မစ္စတာပါဖစ်က ခေါင်းထောင်ပြီး ကြည့်လိုက်သည်။
'အခု အစည်းအဝေးပြီးသွားပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှာ ဥက္ကဌရုံးခန်းကို ကျေးဇူးပြု၍ ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား၊ မစ္စတာပါဖစ်နဲ့ တွေ့ပြီးတဲ့နောက် မစ္စတာလိခ်ျကို ဆက်လက်တွေ့လိုပါတယ်၊ ကျန်တဲ့ အဖွဲ့ဝင်လူကြီးတွေနဲ့တော့ မနက်ဖြန်မှပဲ တစ်ယောက်စီ တွေ့ဆုံပါမယ် ခင်ဗျား၊ နောက် အစည်း အဝေး ကတော့ ထုံးစံအတိုင်း လစဉ်အစည်းအဝေးပဲ ဖြစ်ပါလိမ့်မယ်၊ အခုအချိန်ကစပြီး ဒီအစည်းအဝေး ပြီးဆုံး ပါပြီခင်ဗျား'
အသီးသီးနေရာမှ ပြန်ထကြပြီး တစ်ယောက်တစ်ပေါက် စကားပြောနေသည်။ ၀ီလျံက လူအုပ်ထဲမှဖြတ်ပြီး စင်္ကြဘက်သို့ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ မစ္စတာလိခ်ျက သူ့နောက်မှ လိုက်လာပြီး ဥက္ကရုံးခန်းဘက်သို့ ခေါ်လာခဲ့သည်။
'တကယ့် စွန့်စားခန်းကြီးပါပဲ မစ္စတာကိန်း၊ ကျုပ်ဖြင့် ရင်တဖိုဖိုနဲ့ဖြစ်နေတာ မပြောပါနဲ့တော့၊ တကယ်လို့ များ မဲရှူံးသွားခဲ့ရင် မစ္စတာကိန်းအနေနဲ့ ဘယ်လိုလုပ်မလဲ'
'ဘာလုပ် စရာ လိုသေးသလဲ၊ ဘော့စတွန် တန်းပြန်ရုံပဲပေါ့ ခင်ဗျာ့'
မစ္စတာလိခ်ျက ဥက္ကဌရုံးခန်းတံခါးကို ဖွင့်ပေးသည်။ ရုံးခန်းမှာ ၀ီလျံမှတ်မိသည့်အတိုင်းပင် ကျယ်ဝန်းပြီး ခမ်းနားသေသပ်လှသည်။ သူအထက်တန်းကျောင်းသားဘ၀က တစ်နေ့ကျရင် ဒီဘဏ်ကြီးကို ကျွန်တော် အုပ်ချုပ်ရမှာပါဟု မစ္စတာလက်စတာအား သူပြောခဲ့သောစကားကို ပြန်လည် သတိရမိသည်။
သူသည် စားပွဲနောက်မှ နံရံပေါ်တွင် ချိတ်ဆွဲထားသော မစ္စတာလက်စတာ၏ ပုံတူကားချပ်ကြီးကို စိုက်ကြည့်ပြီး မျက်စိမှိတ်ကာ အရိုအသေပြုလိုက်သည်။
ထို့နောက် အနီရောင်သားရေဖုံး ကုလားထိုင်ကြီးတွင် ၀င်ထိုင်လိုက်ကာ မဟော်ဂနီစားပွဲကြီး ပေါ်တွင် ၀င်ထိုင် လိုက်ကာ မဟော်ဂနီစားပွဲကြီးပေါ်တွင် တံတောင်နှစ်ဖက်ကို တင်လိုက်သည်။
ထို အခိုက် တံခါးခေါက်သံ ပေါ်ထွက်လာသည်။
'၀င်ခဲ့ပါ'
ငွေလက်ကိုင်တပ် အနက်ရောင် တုတ်ကောက်ကို ထောက်ကာ အဘိုးကြီးတစ်ယောက် ၀င်လာသည်။ မစ္စတာ လိခ်ျက ရုံးခန်းထဲမှ ပြန်ထွက်သွားသည်။
ကျုပ်နာမည် ရူပတ်ကော့မ်စမစ်ပါ
အဘိုးကြီးက အင်္ဂလိပ်သံ ခပ်ဝဲ၀ဲဖြင့် ပြောသည်။
ဝီလျံက ထိုင်ရာမျ ထရပ်လိုက်သည်။ အဘိုးကြီးသည် လက်စတာဘဏ် အုပ်ချုပ်ရေးအဖွဲ့တွင် အသက်အကြီးဆုံး ဒါရိုက်တာလူကြီးလည်း ဖြစ်သည်။ သူ့ဆံပင်တွေက တစ်ခေါင်းလုံး ဖွေးဖွေးဖြူ နေကြပြီ။ နားသယ် တစ်ဖက်တစ်ချက်ကလည်း အရှည်ကြီး။ သူသည် ရွှေရောင် ရှေးဟောင်း လက်ပတ် နာရီကြီးကို ၀တ်ထားသည်။
ဘဏ်လုပ်ငန်းတွင် တိကျမှန်ကန်သူအဖြစ် နာမည်ကြီးကြောင်း ၀ီလျံက သိထားသည်။ ရူပတ်ကော့ခ် စမစ်နှင့် ဆက်ဆံလျှင် ဘယ်သူမှ စာချုပ်ချုပ်နေရန်ပင် မလို။ သူ့စကားက စာချုပ်ထက် တိကျ သည်။
သူက ၀ီလျံ၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောသည်။
'ကျုပ်က မောင့်ရင်ကို ဆန့်ကျင်မဲ ပေးခဲ့တယ်၊ ဒါကြောင့် မောင်ရင်က ကျုပ်ရဲ့နုတ်ထွက်စာကို တစ်နာရီအတွင်း လိုချင်မှာသေချာပါတယ်'
'နေပါဦး ခင်ဗျား၊ ကျေးဇူးပြုပြီး ထိုင်ပါဦး ခင်ဗျား'
ဝီလျံက လေးစားစွာဖြင့် ပြောလိုက်သည်။
'ကျေးဇူးတင်ပါတယ်'
'လူကြီးမင်းအနေနဲ့ ကျွန်တော့်အဘိုးနဲ့ ကျွန်တော့်ဖေဖေကို သိလိမ့်မယ်လို့ ထင်ပါတယ်'
'ဟုတ်ကဲ့...သိပါတယ်၊ မောင့်အဘိုးနဲ့ ကျုပ်နဲ့ဟာ ဟားဗတ်တက္ကသိုလ်တုန်းက ကျောင်းနေဖက်တွေပါ၊ မောင့်ဖေဖေ ရဲ့ သတင်းကြားရတာ ကျုပ်စိတ်မကောင်းပါဘူး'
'ဒါနဲ့ မစ္စတာလက်စတာနဲ့တော တော်တော်ရင်းနှီးသလား ခင်ဗျား'
'သူက ကျုပ်ရဲ့ မိတ်ဆွေရင်းချာတစ်ယောက်ပဲ၊ သူ့သေတမ်းစာပါ ညွှန်ကြားချက်ကြောင့် ကျုပ်အနေနဲ့ တော်တော် အကျပ်တွေ့ခဲ့ရတယ်၊ ကျုပ်ကပီတာပါဖစ်ကို ဘယ်တော့မှ မထောက်ခံဘူးဆိုတာ အလျင်ကတည်းက ဆုံးဖြတ်ထားပြိးသားပါ၊ ဒါပေမယ့် မစ္စတာလိခ်ျကိုတော့ ဘယ်အခြေ အနေပဲ ရောက်ရောက် ထောက်ခံမယ်ဆိုပြီး အားခဲထားခဲ့တယ်၊ အခြေအနေက ကျုပ်ထင်သလို ဖြစ်မလာတော့  မောင်ရင် နဲ့ အပြိုင်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ထောက်ခံရမယ့် အခြေအနေကို ရောက်လာခဲ့တယ်၊ ကျုပ်က စကား တောင် တစ်ခွန်းမပြောဖူးပေမဲ့ လူတစ်ယောက်ကိုတော့ အရမ်းကာရော မထောက်ခံနိုင်ဘူး'
'လူကြီးမင်းရဲ့စိတ်ထားကို ကျွန်တော်လေးစားပါတယ်....မစ္စတာကော့စ်စမစ်၊ အဲဒီတော့ ကျွန်တော်ဟာ အခုအချိန်က စပြီး ဘဏ်လုပ်ငန်းကြီးတစ်ခုကို အုပ်ချုပ်ရပါတော့မယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်အနေနဲ့ လူကြီးမင်း ရဲ့ အတွေ့အကြုံကို အများကြီး လိုအပ်နေပါတယ်၊ ကျေးဇူးပြုပြီး မနုတ်ထွက်ဖို့ တောင်းပန် ပါတယ်ခင်ဗျာ'
အဘိုးကြီးက ၀ီလျံ၏မျက်နှာကို စိုက်ကြည့်နေသည်။ ခဏကြာတော့မှ တုတ်ကောက်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး........
'အလုပ်ဖြစ်မယ် မထင်ပါဘူး မောင်ရင်၊ ကျုပ်က ဆုံးဖြတ်ပြီးသားကို တစ်ထိုင်တည်းနဲ့တော့ ပြန်မပြင်နိုင်ဘူး'
'ဒီလိုဆို ကျွန်တော့ကို ခြောက်လလောက် အချိန်ပေးပါခင်ဗျား၊ အဲဒီအတွင်းမှာမှ မစ္စတာကော့မ်စမစ် မလုပ်ချင်တော့ဘူးဆိုရင်လည်း ကျွန်တော်က မတားတော့ပါဘူး'
နှစ်ယောက်စလုံး ငြိမ်နေကြသည်။ မစ္စတာကော့ခ်စမ်စက ဆက်ပြောသည်။
'အင်း...ချားလ်စ် လက်စတာလုပ်တာ မှန်ပါတယ်၊ မောင်ရင်ဟာ ရစ်ချက်ကိန်းရဲ့သား စစ်ပါပေတယ်'
'ဒီတော့ လူကြီးမင်းဆက်ပြီး လုပ်မှာပါလားခင်ဗျာ'
'လုပ်ပါ့မယ် မောင်ရာ၊ လုပ့်ပါမယ်၊ ဒီလောက် ဖိတ်ခေါ်နေလို့မှ မလုပ်ရင် ကျုပ်အနေနဲ့ သက်ကြားအို အရူးကြီးလို့ အပြောခံရတော့မှာပေါ့'
အဘိုးကြီးက တုတ်ကောက်ထောက်ပြီး ထိုင်ရာမှ ပြန်ထလိုက်သည်။ ၀ီလျံက ဖေးမရန်လုပ်တော့ အဘိုးကြီးက အသာတွန်းဖယ်ပစ်သည်။
'ကံကောင်းပါစေ ငါ့မြေး၊ မင်းကိုကျူပ်အစွမ်းကုန် ကူညီသွားမယ်၊ စိတ်ချပါ'
'ကျေးဇူးအများကြီးတင်ပါတယ် အဘ'
ဝီလျံက တံခါးကို ဖွင့်ပေးသည်။ အပြင်ဘက် စင်္ကြံတွင် မစ္စတာပါဖစ် ရပ်နေသည်။ မစ္စတာရူပတ် ကော့ခ်စမစ်က ဘာစကားမှမပြောဘဲ သူ့ရှေ့မှ တဒေါက်ဒေါက်ဖြတ်လျှောက် သွားသည်။
မစ္စတာပါဖစ်က ၀ီလျံအားပြုံးပြီး ပြောသည်။
'ကျူပ် ကြိုးစားခဲ့တယ်၊ ရှုံးသွားတယ်၊ ဘယ်လိုမှ မတတ်နိုင်ဘူး၊ ကျူပ်ကို စိတ်ဆိုးမိသလား မစ္စတာကိန်း'
'မဆိုးပါဘူးခင်ဗျား……. စိတ်ဆိုးစရာမရှိပါဘူး၊ မစ္စတာပါဖစ် ပြောတဲ့အတိုင်း ကြိုးစားခဲ့တယ်၊ ရှုံးသွားတယ်၊ ပြီးတော့နုတ်ထွက်တယ်ပေါ့၊ အဲဒီတော့ ခုချိန်ကစပြီး နုတ်ထွက်စာ တင်ပါတော့'
'ဘယ့်နှယ်……….ကျုပ်ဘာလုပ်ရမယ်'
'နုတ်ထွက်စာ တင်ရမယ်'
'မရိုင်းဘူးလား မစ္စတာကိန်း၊ တကယ်တော့ ကျူပ်လုပ်တာက ပုဂ္ဂိုလ်ရေးလည်းမဟုတ်ဘူး၊ ပြီးတော့ …………'
'ရှင်းရှင်းပဲ ပြောမယ် မစ္စတာပါဖစ်၊ လူကြီးမင်းကို ကျွန်တော်ဘဏ်မှာ မရှိစေချင်တော့ဘူး၊ အဲဒီတော့ ဒီနေ့ညကစပြီး ထွက်သွားပါတော့၊ ဘယ်တော့မှ ပြန်လာဖို့ မလိုတော့ပါဘူး'
'ကျူပ်က မသွားဘူးဆိုရင် ဘယ်နှယ်လုပ်မလဲ၊ ကျူပ်က ဒီဘဏ်မှာ ရှယ်ယာတော်တော်များများ ' ပိုင်ထားတဲ့ သူပါ။ ပြီးတော့ကျုပ်ကို ထောက်ခံတဲ့ပုဂ္ဂိုလ်တွေလည်း မနည်းဘူး ရှိတယ်၊ မောင်ရင်က ဒိလို လုပ်မယ် ဆိုရင် ကျုပ်ကတရားစွဲမှာပေါ့'
'အဲဒီတော့ လူကြီးမင်းကို ဘဏ်တိုက်ရဲ့ နည်းဥပဒေပြန်ဖတ်ဖို့ ကျွန်တော်ကတိုက်တွန်းပါတယ်၊ ကျွန်တော် က အဲဒီဥပဒေကို မနက်ကတည်းက ကျေကျေလည်လည် ဖတ်ထားပြီးပြီ။
'၀ီလျံက စောစောတုန်းက စားပွဲပေါ် သူတင်ထားခဲ့သော သားရေဖုံး စာအုပ်နီနီကလေးကို ကောက်ယူ လိုက်သည်။ ပြီးတော့ သူမှတ်ထားသော စာမျက်နှာကိုလှန်ပြီး ဖတ်ပြသည်။ ''ဘဏ်ဥက္ကဋ္ဌသည် မိမိ ယုံကြည်မှု မရှိသော မည်သည့်ဏ်အမှုထမ်းကို မဆို အချိန်းမရွေး ထုတ်ပယ်နိုင်ခွင့်ရှိသည်'' သူက မစ္စတာပါဖစ်အား မော့ကြည့်လိုက်ပြီးတော့-
'မစ္စတာပါဖစ်အပေါ်မှာ ကျွန်တော်ယုံကြည်မှုမရှိတော့ဘူး၊ ဒါကြောင့် နှစ်နှစ်အတွက် လစာပြည့်နဲ့ နုတ်ထွက်သွားပါ၊ ဒီလိုမှမဟုတ်ဘဲ ကျွန်တောက ဖြုတ်ပစ်ရရင်တော့ လူကြီးမင်းရဲ့ အစုရှယ်ယာ ကလွဲပြီး ဘာမှမရ ဘဲနဲ့ ထွက်သွားရပါလိမ့်မယ်... အဲဒါကြိုက်ရာရွေးပါ။
'မောင်ရင် ကျုပ်ကိုနည်းနည်းမှ မသက်ညှာနိုင်တော့ဘူးလား'
'ကျွန်တော်သောကြာနေ့က သက်ညှာခဲ့ပါတယ်၊ ဒါပေမဲ့ လူကြီးင်းက ကျွန်တော်ကို လိမ်တယ်၊ လိမ်တဲ့ညာတဲ့ ဒုတိယဥက္ကဋ္ဌမျိုးကို ကျွန်တော်အလိုမရှိဘူး၊ အဲဒီတော့ ကိုယ်ဘာသာကိုယ် နုတ်ထွက်စာ တင်မှာ လား၊ ဒါမှမဟုတ်ကျွန်တော်ပဲ ထုတ်ပစ်ရမှာလား။
'ကောင်းပြီးလေ၊ ကျုပ်နုတ်ထွက်ပါ့မယ်'
'ဒါဖြင့် ထိုင်ပါ၊ ဟောဒီမှာ တစ်ခါတည်း နုတ်ထွက်စာရေးသွားပါ။
'မဖြစ်ဘူး၊ ကျုပ်မနက်ကျတော့မှ ရေးတင်လိုက်မယ်'
သူကထွက်သွားရန် ခြေလှမ်းလှမ်းလိုက်သည်။
'အခုချက်ချင်း ရေးသွားပါ၊ နို့မဟုတ်ရင် ကျွန်တော်ထုတ်ပစ်လိုက်ရလိမ့်မယ်'
မစ္စတာပါဖစ်က ခြေလှမ်းတုံ့သွားသည်။ ပြီးတော့မှ ပြန်လှည့်လာပြီး ကုလားထိုင်တွင် ထိုင်ချလိုက်သည်။
ဝီလျံက သူ့အား ဘဏ်တိုက်တံဆိပ်ပါသော စာရေးစက္ကူစာရွက်နှင့် ဖော်တိန်ကို ကမ်းပေးသည်။
မစ္စတာပါဖစ်က ကမန်းကတန်း ရေးချလိုက်သည်။
ဝီလျံက စာရွက်ကိုလှမ်းယူပြီး ဖတ်ကြည့်သည်။
'မင်္ဂလာနေ့ပါ မစ္စတာပါဖစ်'
မစ္စတာပါဖစ်က ဘာမှပြန်မပြောဘဲ အခန်းထဲမှ ပြန်ထွက်သွားတော့သည်။
မကြာမီတွင် အက်ဒွပ်လိခ်ျ ၀င်လာသည်။
'ကျုပ်ကိုတွေ့ချင်တယ်ဆို မစ္စတာကိန်း'
'ဟုတ်ပါတယ်ခင်ဗျာ၊ မစ္စတာလိခ်ျကို အာဏာပြည့် ဒုတိယဥက္ကဋ္ဌအဖြစ် ကျွန်တော်ခန့်အပ် ချင်ပါတယ် မစ္စတာပါဖစ် ကတော့ နုတ်ထွက်သွားပါပြီ'
ဝီလျံက နုတ်ထွက်စာကို ကမ်းပေးလိုက်သည်။ မစ္စတာလိခ်ျက စာကိုဖတ်ကြည့်သည်။ ပြီတော့ ၀ီလျံကိုကြည့်လိုက်ပြီး-
'ကျုပ်အပေါ်မှာယုံကြည်မှုရှိတဲ့အတွက် ၀မ်းသာပါတယ် မစ္စတာကိန်း'
'ကောင်းပါတယ်၊ အဲဒီတော့နောက်နှစ်ရက်အတွင်း တခြားဒါရိုက်တာတွေအားလုံးနဲ့ ကျွန်တော် တွေ့ချင် ပါတယ် မစ္စတာလိခ်ျ၊ အဲဒါကြည့်ပြီး စီစဉ်ပါ၊ ကျွန်တော်မနက်ဖြန်မနက် ရှက်နာရီ ကစပြီး အလုပ်ဝင်ပါ့မယ်'
'ကောင်ပါပြီမစ္စတာကိန်း'
'ဒါနဲ့မစ္စတာဖစ်ရဲ့နုတ်ထွက်စာကို ကုမ္ပဏီအတွင်းရေးမှုးကို ပေးလိုပ်ပါ'
'ကောင်းပါပြီ ခင်ဗျာ'
'ကျွန်တော်ကို ရင်းရင်းနှီးနှီး ၀ီလျံလို့ပဲ ခေါ်ပါခင်ဗျာ'
' ကောင်းပါပြီ ၀ီလျံ'
မစ္စတာလိခ်ျက ပြုံးပြီး ပြန်ထွက်သွားသည်။
ဝီလျံသည် မစ္စတာလက်စတာ ထိုင်ခဲ့သော ဆုံလည်ကုလားထိုင်ကြီးတွင် ထို်င်ကာစိတ်ဓာတ် ရွှင်လန်းစွာဖြင့် ကလေးငယ်တစ်ယောက်ပမာ ကိုယ်ကိုလှည့်၍ ကစားနေမိသည်။
ထို့နောက်ပြတင်းပေါက်ကို ကျော်ကာ ဝေါလ်စထရိလမ်းမကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ လမ်းမကြီး ပေါ်တွင် လူသွားလူလာ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ အမေရိကန်ပြည်ထောင်စု ၏စီးပွားရေး အချက် အချာဖြစ်သော ဘဏ်တိုက်ကြီးများနှင့် စတော့ပွဲစားလုပ်ငန်း ကုမ္မဏီကြီး များသည် အထပ်ပေါင်း များစွာ ပါဝင်ကာ မိုးယံသို့ ထိုးနေကြသည်။ မိမိသည်လည်းဤအရပ်၊ ဤဌာန၊ ဤလောက၏ အစိတ်အပိုင်း တစ်ခု ဖြစ်သွားခဲ့ပြီ။
သူ့ ဘ၀ ကုသိုလ်ကံကောင်းပုံကို တွေးပြီးအလွန်ပျော်ရွှင်အားတက်ခြင်း ဖြစ်မိသည်။
'ဟင်... ရှင်ဘယ်သူလဲ၊ ဒီမှာဘာလာလုပ်နေတာလဲ'
အရေးကောင်းဒိန်းဒေါင်းဖျက်ဆိုသလို သူ့နောက်ဘက်မှ မိန်းမတစ်ယောက်အသံကို ရုတ်တရက် ကြားလိုက် ရသဖြင့် ၀ီလျံသည် လန့်၍ပင် သွားမီသည်။
သူကဆုံလည်ကုလားထိုင်ကို ပြန်လှည့်ပြီး အသံရှင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ခေတ်မီရှိုးကျစွာ ၀တ်ဆင်ထားသော အသက်၄၀ကျော်အရွယ် အမျိုးသမီးတစ်ယောက်၊ သူမသည် မျက်နှာ ကြော တင်းတင်းဖြင့် ၀ီလျံအား စိုက်ကြည့်နေသည်။
ဝီလျံက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
'တကယ်တော့ခင်ဗျားမေးတဲ့ မေးခွန်းကို ကျွန်တော်ကလည်း ပြန်မေးရမှာပဲ'
သူမလည်း ခပ်တည်တည်ဖြင့်ပင် ပြန်ပြောသည်။
'ကျွန်မက ဘဏ်ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးစာရေးမ'
'ဒါဆိုရင်.... ကျွန်တော်ကဘဏ်ဥက္ကဋ္ဌပဲ'
သီတင်းသုံးပတ်ခန့် ကုန်လွန်သွားခဲ့ပြီ။
ထိုကာလအတွင်း ၀ီလျံနှင့် ဇနီးသားသမီးများသည် နယူးယောက်မြို့သို့ ပြောင်းရွှေ့ လာခဲ့ကြသည်။ အရှေ့ ၆၈လမ်း တွင် အိမ်တစ်လုံးရသည်။ မိသားစုအရွှေ့အပြောင်းနှင့်လိုပ်ငန်း အပြောင်းအလွဲ လုက်နေရ သည်မှာပင် တော်တော်အချိန်ကုန်သွားသည်။ လုက်ငန်း အဆင်ပြေအောင် တိုနီဆိုင်မွန်က အစစအရာရာ လိုလေ သေးမရှိစေတနာဖြင့် ကူညီသဖြင့် အလွန်ကျေးဇူးတင်မိသည်။ ကိန်းနှင့် ကဘော့ဘဏ် ဥက္ကဋ္ဌ ရာထူး အတွက်တိုနီဆိုင်မွန်အား အဆိုတင်ခဲ့သော အလန်လွိုက်၏ အမြော်အမြင်ကိုလည်း ချီးကျူးမိသည်။
ကိတ်မှာလည်း နယူးယောက် ရောက်လာပေမယ့် တစ်နေ့မှ အားသည်မရှိ။သူ့အလုပ်နှင့်သူ ရှုပ်နေသည်။ ကလေးနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်သည့်အလုပ်အပြင် နယူးယောက် ဘဏ်တိုက်ကြီးတစ်ခု၏ ဥက္ကဋ္ဌကြီးကတော်အဖြစ်ဖြင့် ကော့တေးပါတီပွဲများနှင့် ညစာစားပွဲများကိုလည်း မှန်မှန်စီစဉ်ပေးနေရသည်။ ယင်းပွဲများ သို့ ဘဏ်တိုက်ဒါရိုက်တာ လူကြီးများနှင့် လုပ်ငန်းရှင်ကြီးများ မပြတ်တက်ရောက်ကြသည်။
အမေရကန်နိုင်ငံသည် ဥရောပစစ်ပွဲတွင် ဘယ်နည်းနှင့်မျှ ၀င်ရောက်လိမ့်မည်မဟုတ်ဟု ၀ိလျံက ယူဆထားသည်။ သို့သော်သူက လန်ဒန်မြို့ရှိ လက်စတာဘဏ်ခွဲကို ဖွင့်မြဲဖွင့်ထားပြီး ဟမ်းပ်ရှိုင်းယားနှင့် လင်ကွန်းရှိုင်းယားနယ်များရှိ သူပိုင်ခြံမြေဧက တစ်သောင်းကျော်ကိုလည်း ရေင်းပစ်ရန် လောလောဆယ် လုံးဝမစဉ်းစားသေးချေ။
ဘော့စတွန်မြို့မှ တိုနီဆိုင်မွန်ကမူ လန်ဒန်မြို့ရှိ ကိန်းနှင့် ကဘော့ဘဏ်ခွဲကို ပိတ်ပစ်လိုက်တော့ မည်ဟု အကြောင်း ကြားသည်။ ထို့ကြောင့် ၀ီလျံကဘော့စတွန်သို့ လိုက်သွားပြီး တိုနီနှင့်တွေ့ဆ ဆွေးနွေးသည်။
သူတို့နှစ်ယောက်သည် လောက်စ်အိုးဘားဟိုတယ်တွင် နေ့လယ်စာစားရင်းဒူးတိုက် ဆွေးနွေးကြသည်။
မူလက တိုနီကြိုတင်နိမိတ်ဖတ်ခဲ့သည့်အတိုင်း ၀ီလျံလက်စတာဘဏ်ဥက္ကဋ္ဌဖြစ်သွားသောအခါ ကိန်းနှင့် အဘော့ ဘဏ်တိုက်မှ အဓိကဖောက်သည်အချို့ ဆုံးရှံးသွားခဲ့သ့ည်။
'ပထမ အကြောင်ကတော့ ရှင်းနေတယ်' တိုနီဆိုင်မွန်က တင်ပြသည်။ 'ဒီအတို်င်းဆက်လုပ်နေရင် ဒီထက် အရှုံး ပေါ်လာမှာ သေချာတယ်။
'ပိုက်ဆံနည်းနည်းရှုံးပေမယ့် စစ်အတွင်းမှာ ဗြိတိသျှအစိုးရကို ကူညီရာတော့ရောက်မှာပါ' ၀ီလျံကထင်မြင်ချက်ပေးသည်။
'ဘာကြောင့်လဲ၊ ဘာကိုကူညီရမှာလဲ၊ တို့လုပ်ငန်းက ကူညီထောက်ပံ့ရေးကလပ် မဟုတ်ဘူးဝီလျံ၊ တို့လုပ်နေတာက ဘဏ်လုပ်ငန်း....ဘဏ်လုပ်ငန်း'
'အင်္ဂလန်နိုင်ငံဟာ ဘေ့စ်ဘောအဖွဲ့တစ်ခု မဟုတ်ပါဘူး၊ ပြည်သူတွေပါဝင်တဲ့နိုင်ငံတစ်နိုင်ငံပါ၊ ကျွန်တော်တို့ ဘိုးဘွား ဘီဘင် အဆက်ဆက် သမိုင်းကြွေးရှိခဲ့တဲ့နိုင်ငံပါအန်ကယ်'
'ဒီလိုဆိုမင်းက နိုင်ငံရေးပဲ တောင်းတော့တယ်၊ ဘဏ်လုပ်ငန်းမှာတော့အချိန်ဖြုန်း မနေသင့်တော့ဘူး၊ ဒီလိုပိတ်ပစ်ဖို့ ရည်ရွယ်ရာမှာ အဓိကအကြောင်းတစ်ချက်ရှိသေးတယ်၊ ဟစ်တလာက ပိုလန်နဲ့ ပြင်သစ်ကို ကျူးကျော် ၀င်ရောက်သလို အင်္ဂလန်ကိုလည်း ၀င်လာမယ်ဆိုရင် သူကဘဏ်တိုက်တွေ သိမ်းယူမှာ ကျိန်းသေပဲ၊ အဲဒါဆိုရင် တို့အနေနဲ့ တစ်ပဲနိတောင် ပြန်ရနိုင်တော့မှာ မဟုတ်ဘူး'
'အဲဒီလို လုပ်လို့ ဘယ်ရမလဲ၊ ကျွန်တော်တော့ အသက်ပေးပြီး တိုက်မှာပဲ၊ ဟစ်တလာက အင်္ဂလန်မြေပေါ် ခြေချတဲ့နေ့မှ အမေရိကန်က ဒီအတို်င်း လက်ပိုက်ကြည့်မနေပါဘူး၊ စစ်ထဲဝင်ပြီး ဂျာမနီကို အပြုတ် တိုက် မှာပဲ'
တိုနီက ရယ်လိုက်ပြီး-
' ဒါနဲ့... မင်းဘယ်တော့ အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲဝင်မလဲ... ၀ီလျံ'
' ဘယ်တော့မှမ၀င်ဘူး'
' အဲလေ....ဘာပဲဖြစ်ဖြစ်၊ မင်းရဲ့အယူအဆကိုတော့ ငါလေးစားပါတယ်၊ ဒါပေမဲ့ ငါတော့ ပိတ်ပစ်လိုက်ချင်တာပဲ'
'အန်ကယ်က ဥက္ကဋ္ဌပဲ၊ ဘုတ်အဖွဲ့က သဘောတူရင် လန်ဒန်ဘဏ်ခွဲကို မနက်ဖြန်ကစပြီး ပိတ်ပစ် လိုက် လည်း ရတာပဲ၊ ကျွန်တော်ကတော့ အများစု သဘောတူရင် ဘယ်တော့မှအဆန့်ကျင် ပါဘူး'
'ဒါပေမဲ့ လက်စတာဘဏ်နဲ့ တို့ဘဏ်နှစ်ခု ပေါင်းစပ်မယ်ဆိုရင် မင်းကခေါင်းညိတ်မယ် မဟုတ်လား'
'အန်ကယ်ဥက္ကဋ္ဌဖြစ်နေသမျှတော့ အဲဒီလုပ်ရပ်မျိုး ကျွန်တော်တစ်သက်မလုပ်ပါဘူး၊ ဒါတကယ်ပြောတာပါ၊ အန်ကယ်ကိုကျွန်တော်လေးစားပါတယ်'
'ဒါပေမဲ့ငါ တကယ်ပြောနေတာ ၀ီလျံ၊ တို့ဘဏ်တိုက်နှစ်တိုက် ပေါင်းသင့်တယ်လို့ ငါတကယ်ယုံကြည် နေတယ်'
'ဒီစကားမျိုး အန်ကယ်ပြောလာလိမ့်မယ်လို့ ကျွန်တော်လုံးဝမထင်ခဲ့ဘူး၊ ဘယ်တော့မှလည်း ထင်မှာမဟုတ်ဘူး အန်ကယ်'
'ငါပြောမယ် ၀ီလျံ၊ မင်းသိတဲ့အတို်င်း ငါဟာ ဘဏ်လုပ်ငန်းကို အသည်းထဲက စွဲချစ်လာခဲ့တဲ့လူပါ၊ အဲဒီတော့ လက်ရှိအခြေအနေကို ခဏပြန်ကြည့်စမ်းပါ၊ အခုအချိန်မှာ နယူးယောက်မြို့ဟာ အလျင်ကထက်ပိုပြီး အမေရိကန်ငွေကြေးလောကရဲ့ ဗဟိုဌာနကြီးလာပြီ၊ အင်္ဂလန်နိုင်ငံ ဟစ်တလာလက်အောက် ရောက်သွား ခဲ့အချိန်ကျတော့ ကမ္ဘာ့ငွေကြေး ဗဟိုဌာနကြီးလာပြီ၊ အင်္ဂလန်နိုင်ငံ ဟစ်တလာလက်အောက် ရောက်သွား တဲ့အချိန်ကျတော့ ကမ္ဘာ့ငွေကြေး ဗဟိုဌာနကြီးဖြစ်လာလိမ့်မယ်၊ ပြီးတော့အကယ်၍ တို့ဘဏ်နှစ်ခုကို ပေါင်းစပ် လိုက်လို့ရှိရင် လိုပ်ငန်းအတိုင်းအတာအားဖြင့် အများကြီး ကြီးကျယ်လာနိုင်တယ်၊ လုပ်ငန်းချင်း တူပြီး ပွရေင်းရောင်းဖြစ်နေတာကိုလည်း ကျုံ့ပစ်လိုက်နိုင်မယ်'
'အန်ကယ်ပြောတာ ကျွန်တော်လက်ခံပါတယ်၊ ဒါပေမဲ့ အင်္ဂလန်ဘဏ်ခွဲကိုတော့လုံးဝ မပိတ်စေချင်ဘူး'
'ငါပြောလိတာက ဒိလိုပါ၊ အင်္ဂလန်က ကိန်းနဲ့ကဘော့ဘဏ်ခွဲကိုပဲ ပိတ်ပစ်မယ်၊ လက်စတာဘဏ်ခွဲကို ဆက်ဖွင့်ထားမယ်၊ ဒီကြားထဲ ပြဿနာပေါ်လာရင်လည်း သိပ်အရှုံးမရှိနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် တို့က ဘဏ်နှစ်ခုပေါင်းထားတဲ့အတွက် အားရှိနေတော့ သိပ်ပြီးအထိမနာနိုင်တဲ့သဘောပေါ့'
ထို့နေ့ညနေတွင် ၀ီလျံနယူးယောက်သို့ ပြန်ရောက်တော့ တိုနီဆိုင်မွန်၏ အဆိုပြုချက်ကို ဆွေးနွေးရန် လက်စတာဘဏ်ဘုတ်အဖွဲ့ အစည်းအဝေးကို ခေါ်ယူလိုက်သည်။
ဘဏ်တိုက်နှစ်ခု ပူးပေါင်းရန်ကိစ္စကို ဘုတ်အဖွဲ့ဝင်အားလုံးကပင် မူအားဖြင့် သဘောတူကြသည်။ သို့သော် အသေးစိတ် ဆွေးနွေးလိုသေးသဖြင့် ၀ီလျံက ဒါရိုက်တာလူကြီး အသီးသီးအား ပြည့်ပြည့် စုံစုံလေ့လာပြီးမှ အစီရင်ခံစာ တင်သွားကြရန် အချိန်ပေးလိုက်သည်။
ဌာနဆိုင်ရာ အကြီးအကဲများက သုံးလတိုင်တိုင် အသေးစိတ်လေ့လာပြီးတော့မှ ဘုတ်အဖွဲ့ အစည်းအဝေးသို့ အစိရင်ခံစာ တင်သွင်းကြသည်။ အစီရင်ခံစာအားလုံးကို ခြုံ၍သုံးသပ် လိုက်သောအခါ အားလုံးကပင်ပူးပေါင်းရေးကို သဘောတူကြောင်းအဖြေထွက်လာသည်။
သို့ဖြင့် နာမည်ကျော်ဘဏ်တိုက်ကြီးနှစ်ခု ပူးပေါင်းရေးလုပ်ငန်းအတွက် ရှေ့နေများငှားရမ်း၍ စာချုပ်စာတမ်းများ ပြင်ဆင်ရေးဆွဲခြင်းတို့ဖြင့် တစ်နှစ်တာမျှ အချိန်ကုန်သွားခဲ့သည်။
ပူးပေါင်းမှုပြင်ဆင်ရေးလုပ်ငန်း အားလုံးပြီးစီးသွားသောအခါ ၀ီလျံက စီးပွားရေးလောကတစ်ခုလုံး သိရှိ သွားစေရန် အတွက် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲကြီး ပြုလုပ် ရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် သတင်းစာရှင်းလင်းပွဲမတိုင်မီ တစ်ရက်အလို(ဒီဇင်ဘာ ၇ ရက်နေ့နံနက်)တွင် ဂျပန်က ပုလဲ ဆိပ်ကမ်းကို ၀င်တိုက်သောကြောင့် သတင်းစရှင်းလင်းပွဲကြီးလည်း ပျက်သွားခဲ့ရတော့သည်။
ထိုအချိန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် အကြောင်းကို စာနယ်ဇင်းအသီးသီးသို့ ကြိုတင် ပေးပို့ ထားပြီး ဖြစ်သောကြောင့် အင်္ဂါနေ့မနက်ထုတ် သတင်းစာများက ဘဏ်တိုက်နှစ်ခု ပူးပေါင်းခြင်းသတင်းကို သာမန် သတင်းတိုကလေးအဖြစ်တော့ ဖော်ပြကြသည်။
ယင်းသို့ဂျပန်တို့၏ စစ်ဆေးရေးကျူးကျော်မှူကြောင့် သူ၏အလွန့်အလွန်အားခဲထားသော အဓိက ရည်မှန်းချက်ကြီး တစ်ခု သဲထဲရေသွန် ပျက်စီးသွားရသောအခါ ၀ီလျံသည် ဂျပန်ကျူးကျော်ရေး သမား များအား အကြီးအကျယ်နာကြည်းသွားမိလေသည်။
သို့ဖြင့်သူသည် စစ်ထဲဝင်ချင်စိတ်ပြင်းပြစွာ ဖြစ်ပ်ါလာသည်။ သို့သော်သူ့ဆန္ဒကို ကိတ်အားဖွင့် ပြောရမည့် အရေး ကို တွေးပြီးရင်းလေးနေမိသည်။
အောင့်သည်းမထားနိုင်တော့သည့် အဆုံးတွင် သူကဇနီးသည်အား ဖွင့်ပြောလိုက်သည်။ ဤတွင် ကိတ်မှာ မျက်လုံးပြူး မျက်ဆံပြူးသွားပြီး လင်တော်မောင်အား အကျောက်အကန် တားမြစ်တော့ သည်။
'စိတ်ကူးမယဉ်စမ်းပါနဲ့ မောင်ရယ်၊ တခြားလူတစ်သန်းလောက်တောင့်မှ မလုပ်နိုင်တဲ့ အလုပ်တစ်ခုကို မောင်တစ်ယောက်တည်း လုပ်လို့ဖြစ်မှာတဲ့လား'
'ဖြစ်မယ် မဖြစ်မယ်တော့ ကိုယ်အသေအချာမသိဘူး ကိတ်၊ ဒါပေမဲ့ကိုယ်အနေနဲ့ သေချာပေါက် ပြောနိုင် တာ ကတော့ ဒီလိုအခြေအနေမျိုး ကြုံလာရင် ကိုယ့်အဘိုးနဲ့ ကိုယ်ဖေဖေတို့ လည်းကိုယ့်လိုပဲ လုပ်ကြ မှာပါပဲ'
'ဒါပေမဲ့သူတို့က မောင့်လို တဇောက်ကန်းဒေါသနဲ့ သွေးရူးသွေးတန်း လုပ်တာမဟုတ်ဘဲ ဘဏ်တိုက်ရဲ့ အကျိုး စီးပွား ကိုသာ အဓိကရှေးရှုပြီး လုပ်ကြမှာပါ'
'မဟုတ်ဘူးကိတ်၊ အဲဒီလိုလုံးဝမဟုတ်ဘူး၊ သူတို့ကဘဏ်တိုက်ရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး လုပ်ကြမှာ မဟုတ်ဘူး၊ သူတို့ရဲ့ အမိနိုင်ငံတစ်ခုလုံးရဲ့ အကျိုးစီးပွားကို အဓိကထားပြီး လုပ်ကြမှာပါ။
အခန်း (၂၄) ဆက်ရန်
.
1 comment:
littlebrook said...
အားပါးပါး မရွှေစင်တို့ ချီးကျူးတယ်
ဒီလို စာအုပ်အထူကြီးကို ရိုက်တင်တာဆိုရင်တော့ တကယ့်ကို မလွယ်ဘူး ..