ရပ်စပြူတင်ဂိုဏ်းဝင်ယောက်ျားရှာ
ငပလီ၌ မိန်းမသုံးယောက်လောက် စုမိလျှင် တီးတိုးခေါင်းချင်းဆိုင် ပြောသည်။ ကျမ ခြေသံကြား လျှင် ပြောလက်စ စကားကို ရပ်လျက် လူချင်း ခွဲပစ်လိုက်သည်။ ဤမြင်ကွင်းမျိုးကို နေ့စဉ် ရက်ဆက် တွေ့မြင် နေရသော ကျမအဘို့မှာ ဘာလိုလိုကြီး ဖြစ်လာသည်။ တခါတရံလည်း ဘာပြောကြသည်သိ၍ ၀င်ထိုင် ပြီး မေးမိသည်။ သူတို့သည် ဘာမှမဟုတ်ကြောင်း ဝေ့လယ်ကြောင် ပတ်လုပ်ပစ် တတ်သည်။ ဒါပေမဲ့ ကျမသာ မရှိလျှင် လက်ဟန် ခြေဟန်နှင့် လေးလေးပင်ပင် ပျစ်ပျစ် နစ်နစ် ပြောနေလေ့ ရှိသည်။
တဦးဦး၏အတင်းကို ဆေးပေါ့လိပ်ကို လက်ကြားညှပ်၍ အားလပ်နေသော မိန်းမများပီပီ ပြောနေ ခြင်းဘဲ ဖြစ်မည် ဟု ထင်မိပါသည်။ တခါတရံ ကျမက ပျင်းလွန်းလို့ ကြားစမ်းပါရစေ၊ ပြောလက်စကို ဆက်ပြောကြပါ ဆိုသည် တိုင်အောင် မပြောကြဘဲ လှီးလွဲ သွားတတ်သည် သည်တော့ သူတို့ ပြောတာသော လေးလေး ပင်ပင် ဟန်အမူအရာ ပါသည့် စကားများမှာ မကြားစေချင်သော စကား များသာဖြစ်မည်ဟု တထစ်ချ ယူဆ မိလာတော့သည်။ သို့သော် ရန်ကုန်အိမ်က အတွင်းရေးဟူ၍ နဲနဲလေးမှ မရိပ်မိပါ။ ငပလီမှာ ဖြစ်ပေါ်လာသော ကျမ မသိစေလိုသည့် စကားတင်းများ ဖြစ်မည်ဟု တလွဲချော်၍ တွေးမိသည်။
တပေါင်းလ မှ စ၍ ကဆုန်လကုန်လောက်ထိ ကျမနှင့် ငပလီသို့ အတူပါလာပြီး အမြဲနေကြသည့် အဖေါ်တည်း မှ ယောက်ျားရှာ အမျိုးသမီးတဦးလည်း ပါဝင်ခဲ့သေးသည်။ ၎င်းယောက်ျားရှာ အမျိုးသမီးမှာ စိတ်လို လျှင်လိုသလို အကျိုးဆောင်တတ်၍ မလိုလင် မလိုသလို ဖောက်ပြန် တတ် သည်။ သဘာဝ မမှန်သူတိုင်း ရှိတတ်သော ညဉ်ဖြစ်၍ အပန်းမကြီးလှသော်လည်း အတူနေလူများ နှင့် ရောနှော အားကြီး ပြီးသူ့ စိတ်ထည်းမတွေ့လျှင် ရန်လိုငြူစူချင်သော ၀သီရှိသည။် လူငယ်လူကြီး မရွေး သြဇာကလည်း အလွန်ပေးချင်သည်။ ထို့ကြောင့် ခဏပန်း အလွမ်းသင့်ကြသော်လည်း တော်တော်ကြာလာသောအခါ မသင့်မမြတ် ဖြစ်လာတတ်သည်။ ရန်ကုန်အိမ်ကြီးမှာလည်း တပည့် တပန်းများနှင့် မကြာခဏဂြိုဟ်ကျလေ့ ရှိသည်။ ငပလီမှာလည်း ဤနည်းအတိုင်း ရက်ရှည်သော အခါ၌ ဖြစ်လာပါသည်။
ကျမကနားအေး စိတ်အေးလာနေသူ ဖြစ်ရာသည်လို “အိမ်ပူရေဆာ” ကိစ္စမျိုးကိုလည်း မကြားချင် မမြင် ချင်ပါ။ နောက်ပိုင်းမှာ ကျမအရိပ်ခိုလျက် ကျမ၏ ပတ်ဝန်းကျင်ရှိ ဓာတ်ပုံဆရာ၏ အစ်မများ အား ကျမ၏ အမပါ စကားတင်းများ ပြောလျက် ရှိသည်။ နောက်ရက်များတွင် သည့်ထက်အခြေ အနေ ပြောင်းလာသည်။ မူလည်း အတော်ကြီး ပျက်လာသည်။ ကျမက ယောက်ျားရှာဟူ ယူဆကာ ထွေထွေရောရော မတွေးပါ၊ သို့ရာတွင် ရပ်စပြူတင်၏ဂိုဏ်းဝင်ဖြစ်ခါ မပေါ်လာခဲ့သေးဘဲ ရှိပါသည်။ နောက်ဘေးမီးဖိုဆီမှ လူတွေ ကလည်း တဖြည်းဖြည်း ချဉ်စ ပြုလာသည်။ သို့ကြောင့် နောက်ဆုံးမှာ နားအေးစေတော့ဟု ရန်ကုန်ပြန်ရန် လေယာဉ်ပျံ လက်မှတ်ဝယ်ပေးလိုက်ရပါသည်။
ထိုယောက်ျားရှာနှင့် သူ့တွဲဘက် အမျိုးသမီးငယ်တို့ ပြန်သွားသောအခါ ကျန်ရစ်ခဲ့သော မိန်းမ သုံးယောက်က ခေါင်းချင်း ဆိုင်ကာ တီးတိုးပြောကြေသည်။ သူတို့သုံးယောက်မှာ ဓာတ်ပုံဆရာ၏ အမနှစ်ယောက်နှင့် ကားဒရိုင်ဘာ ၏ မိန်းမတို့ ဖြစ်ကြသည်။ ကားဒရိုင်ဘာမယားမှာ ကျမအတွက် အဖေါ်ဟု ထည့်ခေါ် လာခြင်းဖြစ်၍ ဒရိုင်ဘာကလည်း ငပလီမှာ ယူလာသော ကားကို မောင်းပေး ရန် ဖြစ်ပါသည်။ ၎င်းဒရိုင်ဘာ၏ မယား မှာ ရှစ်စပ်ကလယ်ထားသူ ဖြစ်သည်။ လင်ဖြစ်သူ ဒရိုင်ဘာ ကလည်း ဆရာလုပ်သူက အိတ်ထည်းမှာ ရာတန် စက္ကူအထပ်လိုက် ထည့်ခိုင်းထားပြီး လမ်းကြို လမ်းကြား သွားလိုရာ နေရာရပ်ကွက်များသို့ အချိန် မရွေး ပို့ဆောင်ပေးရသူ တပါးကျွန်ကိုယ်ရံတော် လက်ဝဲ၀င်းမှူးကြီးအဖြစ်နှင့် အဆီရစ်နေအောင် စားနေရသူ ဖြစ်ပါ သည်။
ကျမသည် သူတို့သုံးယောက် တီးတိုးပြောတိုင်း အလွဲမထင်ဘဲ ပြန်သွားသော ယောက်ျားရှာ အကြောင်း များပါ ပြောနေကြသည်ဟု ထင်ရသဖြင့် မိန်းမတွေဟာ ရှိတုန်းမှာ စည်းလုံး၍ အတင်း ပြောတတ်သည်။ သည်အထဲက တယောက်လျှော့သွားလျှင် လျှော့သွားသူ၏ အကြောင်း ပြောလေ့ ရှိသည် နှစ်ယောက် ကျန်လျှင် လည်း အထက်နည်းအတိုင်း ပြောသည်။ နောက်ဆုံးတယောက် တကျန်ခဲ့သည်တိုင်အောင် ထသွား သော မိန်းမအကြောင်းကို ပြောစရာအဖေါ်မရှိက ကောင်မ ဘာမှုပွေလို့ ထသွားရပါလိမ့်ဟု တဦး တည်း မဲ့ရွဲ့ညည်းညူ ရေရွတ်လေ့ ရှိသောထုံး နှလုံးမူကာ ကျမပြုံးမိပါသည်။ သို့သော် သူတို့ပြောကြသည်မှာ ရန်ကုန် အိမ်ကြီးပေါ်မှ အရှုပ်တော်ဇာတ်ထုပ်များ သတင်းအသစ်ကြားရတိုင်း ကြားရတိုင်း တစ်ယောက် နား တစ်ယောက် က ဖေါက်သယ် ချရခြင်း ဖြစ် ပါသည်။
ပင်လယ်ကမ်းခြေဖြစ်၍ နယုန်လတလလုံးမိုးသက်မုန်တိုင်းများ နေ့တိုင်း ကျလျက် ရှိသည်။ ငပလီ ပင်လယ် ကမ်းခြေ တလျှောက်ရှိ အိမ်များတွင် အပန်းဖြေ လာသော ဧည့်ပရိသတ်များ ဆိတ်သုဉ်း သွားပြီး ကျမတစ်ဦး တည်း အိမ်တစ်လုံးနှင့် ကျန်နေပါသည်။ မိုးသက်မုန်တိုင်းများကြောင့် အိမ်တံခါးမျာအလုံ ပိတ်ထားရသော အချိန်က များပါသည်။ ပင်လယ်မှာလည်း ရေချိုး၍ မကောင်း တော့ဘဲ လှိုင်းလုံးကြီးများ အလွန်ကြမ်း လျက်ရှိရာ ရေတက်ချိန်များဆိုလျှင် အိမ်လှေခါးအရောက် ပင်လယ်လှိုင်း ရေတွေ ရိုက်ခတ်လျက် ရှိပါသည်။
တီးတိုးပြောသည့်ကိစ္စကို စုံစမ်း၍ မရ
မိုးက နေ့ညမစဲ တသဲသဲ ရွာသွန်းလျက် ရှိသည်။ အိမ်ပတ်လည်ရှိ အုန်းပင်များမှာ ပင်လယ်ဘက်မှ တိုက်ခတ် လာသော လေပြင်းကြောင့် အုန်းပင်၊ အုန်းလက်တို့ တရှဲရှဲ လှုပ်ရှားသော အသံနှင့် မိုးပေါက်သဲသဲကျသံ၊ ပင်လယ် စပ်မှ လှိုင်းလုံးကြီးများ ရိုက်ခတ်သံမှ လွဲ၍ အခြား စိတ်ဝင်စားဘွယ် ရာ အသံတစ်ခုမျှ မရှိတော့ပါ။ ရွာထဲ က လူတွေမှာလည်း မိုးကြီး၊ လေကြီးကြောင့် ကိုယ့်အိမ်ကို တံခါးပိတ်ခါ ကုတ်နေကြသော အချိန် ဖြစ်ပါ သည်။
နွေရာသီ၏ သာယာလှသော ပင်လယ်သဘာဝကို ကြည့်ရသည်က တမျိုး၊ မိုးရာသီ၏ ကြမ်းတမ်း ခက်ထန်သော သဘာဝကို ကြည့်ရသည်က တဖုံ၊ သဘာဝ အာရုံပြောင်းလဲစေသော ရှုခင်းများ တွင် ကျမ၏ စိတ်ကို မြှုပ်နှံကာ သံသရာ ကောင်းကျိုးအတွက် ရည်မှန်းလျက် ဘုရားတည်မည့် တောင်ထိပ်သို့ တက်၍ ပုဗ္ဗ စေတနာ ကို ပွားသည့်အခါ ပွား၍ မိုးများ သဲလာသောအခါ တံခါးပိတ်၍ အိမ်တွင်းမှာ စင်းကြန်လျှောက်ပြီး ပုတီးစိပ် နေရသည်။ နယုန်လ ကုန်ခါနီးလျှင်တော့ ရန်ကုန်သို့ ခဏပြန်ရန် စီမံထားသည်။ သို့ခဏပြန်ခြင်းမှာ ပြည်မြို့ နိဗ္ဗန္ဒချောင်၌ ရှင်အပါး ၁၀၀-ပြုရန် ကြိုတင် စီမံဘို့ သွားရောက်လိုသောကြောင့် ဖြစ်ပါသည်။
သို့သော် ငပလီသို့ဘဲ ပြန်လာဦးမည် သီတင်းကျွတ်သည်တိုင် ထပ်မံ နေဦးမည်။ နွေရာသီကို ရောက်လျှင် လည်း ရန်ကုန်နှင့် ငပလီကို သွားချည်လာချည်သာ နေတော့မည်ဟု ပိုင်းဖြတ်ထားပါ သည်။ သို့ကြာင့် ရန်ကုန် အိမ်မှ လူများက ကျမ သီတင်းကျွတ် မိုးကုန်မှ ပြန်လာမည်ဟု ပုံသေတွက် ထားကြသည်။ ဒါကြောင့် လဲ စိတ်ချလက်ချ ထင်သလိုနေ နေကြလေသည်။
ရန်ကုန်အိမ်သို့ ခေတ္တ ပြန်လာမည့်အကြောင်းကို သတင်းမပို့သေးသော်လည်း တပါတ်အတွင်း ပြန်နိုင်ရန် လေယာဉ်ပျံ လက်မှတ်များ ၀ယ်ယူထားရန် စီမံလျက် ရှိပါသည်။ အိမ်ကို အလုပ်သမား များကို အစောင့် ထားခဲ့မည်။ ကျမနှင့် အတူပါလာမည့် သူမိန်းမ ၇-ယောက်ခန့်ရှိရာ လေယာဉ် လက်မှတ်က တစုတည်း ၈-ယောက် စာ မရသဖြင့် ရအောင် စောင့်နေရပါသေးသည်။ သို့စောင့် နေသော ရက်များအတွင်းမှာ ပင်လယ်ကမ်း တွင် နေ့-ညမစဲ မိုးကြဲသလျက် ရှိသည်။
လေကလည်း အပြင် မထွက်နိုင်အောင် ပြင်းပြင်းထန်ထန် တိုက်လျက်ရှိ၍ ညဥ့် အချိန်များမှာ လူကလည်း အလွန် ပြတ်သဖြင့် စိုးရိမ်ကြောက်ရွံ့တတ်သူများဆိုလျှင် နေ၀ံ့ကြမည် မဟုတ်ပါ။ ဦးစီးအလုပ်ဆောင်ရွက် သူအချို့ မှာလည်း မကြာခဏ ဖျားနာကြသည်ဟု တဦးပြီး တဦး တလှည့်စီ အိမ်ပြန်သွားကြပါ သည်။
ထိုရက်ပိုင်း မှာဘဲ အနီးဆုံးကပ်လျက် ရှိသော ဇီးဖြူကုန်းရွာထည်းမှာ လူသတ်မှုတခု ဖြစ်သဖြင့် ရွာကပါ ထိတ်လန့် တိတ်ဆိပ် နေကြပါသည်။ ထိုအခါက ကျမအား သွေးအေးအေးနှင့် ရန်သူ ၀ိုင်းမိ နေပြီဖြစ်ကြောင်းကို လုံးဝသိရှိရိပ်မိခြင်း မရှိသေးသော အချိန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ပူပင် စိုးရိမ်ခြင်း မရှိ အေးအေးဘဲ နေမိသည်။ ကမ္ဘညလှည့်၍ ပွဲတိုးထဲ့သော ဖေါင်တော်ဦး ဘုရား၏ သင်္ကန်းစနှင့် စိပ်ပုတီး ကတော့ ကျမလက်က ဘယ်တော့မှ မချခဲ့ပါ။ ညဥ့်အချိန်မှာ ခြံထည်းသို့ လူစိမ်းများ လာသည်ကို မသင်္ကာ၍ ဒရိုင်ဘာ က ညလုံးပေါက် သေနတ်ထမ်း စောင့်ရသည် ဆိုသော လေသံမှာ ကျမနားသို့ ရောက်လာသည်။ ထိုမျှ သာမက အတူနေ ညီအမနှစ်ယောက်နှင့် ဒရိုင်ဘာ၏မယားတို့မှာ ဤရက်ပိုင်းကလေးအတွင်း၌ ခေါင်းချင်း ရိုက်လုမတတ်တီးတိုး တီးတိုး သဲသဲ မဲမဲ လုပ်နေကြပြန်ပါသည်။
ကျမသည် သူတို့၏ မူမမှန်သော ဟန်အနေအထားကို သံသယများစွာ ရှိသဖြင့် တီးတိုးပြော အားကြီး လှသည်။ အရေးကြီးသော ကိစ္စရှိလျှင် ပြောပါ၊ ထိန်ချန်မထားပါနှင့် ဖွင့်ထုတ်မေးရာ ရသည်။ သို့ရာတွင် ဘာမှ အကြောင်းမထူးဟု ဘူးခံ၍သာ နေကြပါသည်။ အိမ်ဦးဘက်ရှိ တစ်ယောက်စာ အခန်းတခုမှာတော့ ရန်ကုန် အိမ်မှ တကာကြီးကတဆင့် ပို့လိုက်၍ ငပလီသို့ ရောက်လာသော ရဟန်းတော်အာဂန္တု တပါး ရှိနေသည်မှာ ရက်ပေါင်း ၂၀-ခန့်ကြာပြီဟု ထင်ပါ သည်။ ထိုရဟန်းတော်မှာ မန္တလေးမြို့၌ အလွန် နာမည် ကြီးသော မစိုးရိမ်ကျောင်းတိုက်မှ ဦးဥာဏေဘာသ ကိုယ်တော် ဖြစ်ပါသည်။ ရန်ကုန်အိမ်မှာဘဲ လာတိုင်း လာတိုင်း သီတင်းသုံးလေ့ ရှိပါသည်။
ထိုဆရာတော် ဦးဥာဏေဘာသမှာ ဗိုလ်ချုပ်နေ၀င်း အစိုးရလက်ထက်က သူ့တကာကြီးကဘဲ ပင့်လာ၍ ကျမတို့ အိမ်တွင် တည်းခိုသီတင်းသုံးနေစဉ် ဗိုလ်အာဠာဝကကိစ္စနှင့် မေးမြန်းရန် ရှိသည် ဟု ဆို၍ စစ်ဘက်မှ လာရောက် ခေါ်ဆောင်သွားပါသည်။ ထိုအချိန်က ညအခါဖြစ်သောကြောင့် ဆိုင်ရာအရာရှိနှင့် အရပ် လူကြီး များသည် နေထိုင်မကောင်းသဖြင့် အိပ်နေပြီဖြစ်သော ကျမ၏ အိပ်ခန်းထည်းမှာပင် အခွင့်မတောင်းဘဲ ၀င်ရောက် လာပြီး ကျမအိပ်နေသော ကုတင်အောက် စားပွဲအောက်များကို လက်နှိပ်ဓာတ်မီးနှင့် ထိုး၍ ရှာဖွေ ကြည့်ရှု သွားခြင်းခံရပါသေးသည်။ ဘာကို ရှာသည်ဟု ယနေ့အထိ ကျမ နားမလည်နိုင်အောင် ရှိခဲ့ ပါသည်။
ငပလီသို့ ဦးဥာဏောဘာသကိုယ်တော် ရောက်လာသည်မှာ သူ့တကာကြီးက ခေါ်ခဲ့ခြင်း ဖြစ်ပါ သည်။ ကိုယ်တော် အား စစ်ဘက်မှ လပေါင်း အတန်ကြာထား၍ ရွေးကောက်ပွဲပြီးစကမှ ကိစ္စပြီး သဖြင့် လွှတ်လိုက် သည်။ လွတ်လျှင်လွတ်ခြင်း ငပလီသို့ ပင့်လာခြင်း ဖြစ်ပါသည်။
လက်ဝဲဝင်းမှုး ဒရိုင်ဘာလင်မယား ဆက်ရန်
.

2 comments:
မရွှေစင်ရေ....ကော်မန့်မှာပြောသွားတာကို ရှင်းပြဖို့ နေရာရွေးတာ ဒီနေရာပဲတွေ့တယ်။ မေးလ်လိပ်စာလည်းမသိတာလည်း ပါတယ်။ ဒီဟာကို ဖတ်ပြီးရင် ဖျက်ရင်လည်း ဖျက်လိုက်ပေါ့။ ပို့စ်နဲ့မှ မဆိုင်တာ။
ဘလော့ဂ်တွေမှာ Spam Comment တွေလာထည့်တာ အခုနောက်ပိုင်း တွေ့နေရပါတယ်။ သူတို့ရဲ့ လင့်ခ်တွေ၊ ကြော်ငြာတွေ၊ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေကြောင့် စာလာဖတ်ရသူတွေမှာ တော်တော် အနှောင့်အယှက်ဖြစ်ရပါတယ်။ ဥပမာ- ကလစ်တစ်ခုနှိပ်လိုက်ရင် မဆိုင်တဲ့ Pop Up လေးတွေ ပွင့်ပြီး Porn ဆိုက်တွေကို ရောက်သွားတာမျိုးပါ။ Blogspot ကသာမန်အားဖြင့် Safety ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို သုံးစွဲသူတွေက သူရဲ့ Features တွေကို အပြည့်အ၀အသုံးမချနိုင်လို့ အခုလို တိုက်ခိုက်ခံရ၊ Spam Comment တွေနဲ့ ချိတ်ဆက်ခံရတာတွေဖြစ်လာတာပါ။ နောက်ပြီး CBOX ကတစ်ဆင့်လည်း Virus, Trojan, Warms တွေကူးစက်ပါတယ်။ ရေးသားသူရဲ့နာမည်မှာ မလိုလားအပ်တဲ့ ပရိုဂရမ်တွေကို ချိတ်ထားပေးတာမျိုးပါ။ ကျွန်တော်တို့က Free User Account နဲ့သုံးနေလို့ ဒါတွေကိုတော့ ပိတ်ပင်တားဆီးလို့မရပါဘူး။Private Cam လို ဗိုင်းရပ်စ်မျိုးကို စီဘောက်မှာ လာချိတ်ထားရင် အဲဒီလင့်ကို ကလစ်လုပ်မိသူမှန်သမျှ ဒုက္ခနဲ့လှလှ လင်မယားဖြစ်ပြီး နောက်ဆို မရွှေစင်ဆိုက်ဆို ကြောက်ပါပြီ ဖြစ်သွားတတ်တယ်။
စီဘောက်မှာတော့ ကျွန်တော်တို့ ကာကွယ်လို့မရပါဘူး။ ကာကွယ်ချင်ရင် ပိုက်ဆံပေးပြီင်္း Upgrade လုပ်ပေါ့၊ ကော်မန့် Setting မှာ Word Verification ကို ထည့်ထားပေးလိုက်ပါ။ ဒီထက်တင်းကျပ်ချင်ရင် Anonymous လိုဟာမျိုးကို ပိတ်ထားလိုက်။ Name/URL ကို ပိတ်ထားလိုက်။
Word Verification လုပ်တာတစ်ခုတည်းနဲ့လုံလောက်ပါတယ်။ Spam Comments တွေလာချိတ်လို့မရဘူးပေါ့။ ကျန်တဲ့ အဆင့်တွေကတော့ အခြေအနေကြည့်ပြီးလုပ်ပေါ့။ နောက်တစ်ချက်က ကော်မန့်အဟောင်းတွေပြန်ကြည့်၊ မလိုအပ်တဲ့ လင့်ခ်တွေပါလာတဲ့ဟာဆိုရင် ဖျက်ပလိုက်။ အဲဒီလောက်ပါပဲ။ မရှင်းရင် ပြန်မေးပါ။ အခုတော့ လက်ညောင်းသွားပြီ။
တော်သေးဘီ။
ကျေးဇူးတင်ပါတယ် ကိုမိုး ဖတ်သူသိရအောင် တခုကိုတော့ မဖျက်ဘဲ ထားလိုက်ပါတယ်
နောက်လည်း မသိတာရှိရင် မေးပရစေ
ကျေးဇူးတင်စွာဖြင့်
ရွှေစင်ဦး
Post a Comment