ခွေလဲတော့မလို ဖြစ်သွားလေ၏၊ တခုခုသွားဝယ်စားမှဖြစ်ချေမည်၊ စားဘို့သောက်ဘို့ မေ့လျော့နေသဖြင့် ဘာတခု မျှဗိုက်ထဲမသွတ်ရသေး။
လမ်းဘေးဆိုင် ကလေးတခုထဲသို့ဝင်ခဲ့ပြီး စာပွဲပေါ်သို့ပိုက်ဆံ ၂-ပဲနိ ကိုပစ်တင်လိုက်ရင်း ထိုင်ချလိုက် လေ၏၊
ညစ်ပတ် မဲတူ နေသော စာပွဲထိုးကလေး တယောက် အနားရောက်လာရာ၊ ၀မ်လန်းက ''ဖက်ထုပ်၂-ခွက်ပေး'' ဟုမှာလိုက်လေ၏၊ ရောက်လာသောအခါ တူ၂-ချောင်း ဖြင့် ကုန်း၍ အားရပါးရ လွေးလေ၏ စားပွဲထိုး ကောင်ကလေးကား မဲညစ်နေသော လက်ချောင်းများဖြင့် ပိုက်ဆံကို လှဲ့ကစားရင်း အနီးမှ ရပ်နေ လေသည်။
''ဘာယူအုံးမလဲဗျ'' ဟုကောင်လေးက မေးသောအခါ ၀မ်လန်းသည် ခေါင်းခါ၍ပြလေ၏၊ ခါးဆန့််ပြီး ပတ်ဝန်းကျင် ကိုကြည့်သောအခါ စာပွဲတို့ဖြင့် ပြည့်ကြပ်နေသော မဲမှောင် ကျဉ်းမြောင်း လှသည့် အခန်း ကလေး ထဲ၌ မိမိအသိဆို၍ တဦးတယောက်ကိုမျှ မတွေ့ရ၊ လူအနည်းငယ်လောက်သာ ထိုင်၍ စားသောက် နေကြ သည်ကိုမြင်ရ၏၊ ထိုနေရာကားဆင်းရဲသားများ၏ စံပျော်ရာကလေး ဖြစ်လျှက် ထိုလူစုထဲ၌ ၄င်းမှာ အ၀တ်အစား သန့်သန့််ပြန့်ပြန့်နှင့် လူရည်တတ် တဦးလောက် အခြေရောက်နေ၏၊ သို့ဖြစ်ရာအနီးသို့ သူတောင်းစား တယောက်ရစ်ဝဲရောက်လာလျက်၊ ''သနားပါဆရာရယ်၊ ငတ်နေလို့ပါ၊ အကျွေကလေးရှိ ရင် တပြား လောက် ပေးသနားတော်မူပါ''ဟု တောင်းလာ၏။
တခါဘူးမျှ သူတောင်းစား တဦး၏ ပိုက်ဆံတောင်းခြင်း ကို ၄င်း ''ဆရာ'' ဟု ခေါ်ဝေါ်ခြင်းကို၎င်း မခံခဲ့ရ ဘူးသော ၀မ်လန်းမှာ သဘောကျ သွားလျက် ပိုက်ဆံအကျွေကလေး နှစ်ပြားကိုခွက်ထဲသို့ ပစ်ထည့် လိုက် လေသည်၊ သူတောင်းစားလည်း ဂျီးထူ၍မဲနက်နေသော လက်သည်းတွေ ရှည်နေသည့်လက်ဖြင့် သွက်သွက် ကြီး ပိုက်ဆံ ကို နှိုက်ယူကာ စုတ်ပြတ်နေသော အင်္ကျီအိတ်ထဲသို့ ထည့်လိုက်လေသည်။
ဝမ်လန်းကား ထိုင်မြဲထိုင်နေလေရာ နေပင် အတော်ကလေးမြင့်လာလေ၏၊ စာပွဲထိုးကောင် ကလေးသည် စိတ်မရှည် သကဲ့ သို့ အနီးသို့ချည်းကပ်လာပြီး'' ခင်ဗျားနောက်ထပ်ဘာမှ ၀ယ်မစားရင် ကုလားထိုင် ထိုင်ခ ပေးရလိမ့်ဗျ''ဟုမောက်လှသည့်အသံဖြင့် ပြောလေ၏။
ဝမ်လန်းမှာ မောက်မောက်မာမာ မထောက်မညှာပြောလာသော ကောင်ကလေးအား၊ ဟုံးကနဲဒေါပွ သွားလျက်၊ အကယ်၍ ဟွမ်အိမ်ကြီးထဲသို့ ၀င်ရန်အရေး ရင်လေး၍သာမနေမိခဲ့ပါမူ၊ နေရာမှ ချက်ခြင်း ထသွား မည်ဖြစ်၏၊ ၄င်း၏တကိုယ်လုံးမှာ လယ်ကွင်း၌ ပင်ပင်ပမ်းပမ်း အလုပ်လုပ်လိုက် ရသကဲ့သို့ ချွေးပြန် ၍ လာလေ၏။
''လဘက်ရည် ယူခဲ့ကွယ်''ဟုအသံကလေး ပြော့ပြော့ ဖြင့်သာ ပြောလိုက် ရလေ၏၊ မျက်နှာမှ ပြန်မလှည့် ရသေးမီ လဘက်ရည်ခွက် တခါတည်းရောက်လာလျက် ''ဘယ်မလဲပိုက်ဆံ'' ဟုကောင်ကလေးက မာဆတ်ဆတ် အသံဖြင့် တောင်းနေလေ၏။
''ဓါးပြ တိုက်သလို ပါဘဲလား'' ဟုတကိုယ်တည်းညည်းသွားရင်း ၀မ်လန်းမှာမကျေမချမ်း ဖြစ်နေလေ သည်၊ ထိုနောက် မင်္ဂလာ ထမင်းဟင်း ကျွေးရန် မိမိ ဘိမန္တက ပြုထားသော အိမ်နီးချင်းတဦး ဆိုင်ထဲသို့ ၀င်လာသည်ကို မြင်ရလေရာ၊ ပိုက်ဆံ ကို စားပွဲ ပေါ်သို့ လျှင်မြန်စွာ ပစ်တင်လိုက်ပြီး လဘက်ရည်ကို တဂျိုက် ထဲဖြင့် သောက်ချ၍ ဆိုင်ဘေးပေါက် မှ ခတ်သုတ်သုတ် ထွက်ခဲ့ရာ လမ်းပေါ်သို့ ရောက်သွား လေ၏။
"ကိစ္စပြီး အောင်တော့ လုပ်မှဘဲ"ဟု စိတ်ပျက်ပျက်နှင့် တကိုယ်တည်း ပြောရင်း အိမ်ကြီး၏ အဝင်ဝ ဆီသို့ လေးကန်စွာ လှမ်းခဲ့လေ၏။
ဤအကြိမ်၌ကား နေအတော်မြင့်ပြီ ဖြစ်သောကြောင့် ၀င်တံခါးများဖွင့်ထားပြီ ဖြစ်၏။ တံခါး စောင့် တစ်ယောက် ကား ပျင်းပျင်းရိရိနှင့် တံခါးဝတွင် သွားကြားထိုးလျက်ရှိလေသည်၊ ထိုသူကား အရပ်မြင့်မြင့် ဖြစ်လျက် လက်ဝဲဘက်ပါးတွင် ရှည်လျားနက်မှောင်သည့် မင်းမွေးသုံးချောင်းပေါက် နေသော မှဲ့ကြီး တလုံး လည်းရှိ၏၊ ဆွဲခြင်းတလုံးကိုင်၍ ရောက်လာသော ၀မ်လန်းကို မြင်သောအခါ ဈေးသယ် ထင်မှတ်လျက်။
"ဘာလဲဟေ့" ဟု ခတ်မာမာ မေးလေ၏။
"လယ်သမားဝမ်လန်းပါ" ဟု ၀မ်လန်းမှာ မနည်းကြိုးစား ဖြေရလေ၏။
" လယ်သမား ၀မ်းလန်း ကောင်းပြီဘာကိစ္စ" ဟု သခင် သခင်မများ၏ အပေါင်းအဖော် သူဌေးပိုင်း လောက်ကိုသာ ရိုရို သေသေ ယဉ်ယဉ်ကျေးကျေး ဆက်ဆန်တတ်သော တံခါးစောင့်က ပြန်မေးလေ၏။
"ကျုပ်လာခဲ့တဲ့ ကိစ္စကတော့ အင်း... လာရတာကတော့" ဟု ၀မ်လန်းမှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်လေ၏။
"ဒါသိပါပြီလေ" ဟု အလွန်တရာမှ ကြိုးစားပမ်းစား သီးခံ၍ နားထောင်နေရသည့် ဟန်မျိုးဖြင့်၊ မှဲ့ကြီးမှ ရှည်လျား သော မင်းမွေးများကို လိမ်ကျစ်ရင်း တံခါင်းစောင့်က ကြားဝင် ဖြတ်လိုက်လေ၏။
" ဒီမှာ မိန်းမတစ်ယောက်"
ဝမ်လန်းကား အားတင်းကြိုးစား၍ ဖြေသော်လည်း အသံနိမ့်ဝင်သွားလျက် လေသံလောက် ထွက် လေ တော့သည်။
"သြော်...မင်းလား၊ ဒီနေ့ သတိုးသားတယောက်လာလိမ့်မယ်လို့တော့ အပြောသား ဒါပေမဲ့ မင်းက လက်ဆွဲခြင်း ကြီးနဲ့ ဖြစ်နေတော့မင်းရယ်လို့ ဘယ်ထင်တော့မလဲ ဟား..ဟား " တံခါးစောင့်သည် ကျားဟိန်း သလို ပြုလေ၏။
" ဟင်းရံကလေး နဲနဲပါးပါဗျာ" ဟု ၀မ်လန်းက အသနား ခံရင်း၊ ၄င်းအား အတွင်းသို့ ခေါ်အသွားကို စောင့်နေ လေသည် တံခါးစောင့်ကား နေရာမှပင် မရွေ့ပင်။
"ကျုပ်ချည့် ၀င်သွားနိုင်ရဲ့ မဟုတ်လား" ဟု ၀မ်လန်းက ၀င်ရလိမ့်နိုး မေးလိုက်သည်တွင်။
"မင့်ကို သခင်ကြီး သတ်ပစ်မှာပေါ့" ဟု ၀မ်လန်း က သနားခံရင်း၊ ၄င်းအား အတွင်းသို့ခေါ်အသွား ကို စောင့်နေ လေသည်တံခါးစောင့်ကား နေရာမှပင် မရွေ့ပင်။
''ကျုပ်ချည့် ၀င်သွားနိုင် ရဲ့ မဟုတ်လား''ဟု ၀မ်လန်း က ၀င်ရလိမ့်နိုး မေးလိုက်သည်တွင်။
''မင့်ကိုသခင်ကြီးက သတ်ပစ်မှာပေါ့''ဟုတံခါးစောင့်ကခပ်တည်တည်နှင့် ချောက်လေ၏၊ သို့ချောက်ရာက ၀မ်လန်း၏ ရိုးသားသော အကဲ ကို တွေ့မြင်ရသောအခါ။
''ငွေစ ကလေး နဲ့ဆိုတော့ လွယ်တာပေါ့ကွယ်'' ဟုပြောဆိုလေသည်။
ဤတွင် ၀မ်လန်းမှာမိမိအား ငွေညှစ်နေပြီ ဖြစ်ကြောင်း ရိပ်မိလာလျက်။
'' ကျုပ် မွဲ လှပါတယ်ဗျာ'' ဟု ခယတောင်းပန် သည့် တိုင်အောင်။
''မင့်အိတ်ထဲမှာ ပိုက်ဆံဘယ်လောက် ပါတယ်ဆိုတာကြည့်အုံမယ်'' ဟုအလျှော့မပေးပေ။
တံခါးစောင့် သူကား ရိုးတိရိုးအ နှင့် လက်ဆွဲခြင်းကလေးကို ကျောက်လမ်းမပေါ်၌ ချကာ အကျီင်္ရှည်ကြီး ကို မ လျက် ခါးပတ်မှ ပိုက်ဆံအိပ်ကလေးကို ဖြုတ်နေရှာသော ၀မ်လန်းကိုကြည့်ကာ စပ်ဖြဲဖြဲလုပ်နေလ၏၊ ၀မ်လန်းသည် ပိုက်ဆံအိပ် ထဲ မှ အကျွေ ကလေး များကို ဘယ်ဘက် လက်ဝါး ပေါ် သို့လှုပ်ခါ၍ ချလိုက်ရာ ဒင်္ဂါး တပြား နှင့် အကျွေကလေး ၁၄-ပြား ထွက်ကျလာလေ၏။
''ငါက ဒင်္ဂါး ယူမယ်ကွ'' ဟု ဧဧဆေးဆေး ပြောရင်း ၀မ်လန်း တားဆီးခြင်းမှ မပြုနိုင်မီ တံခါးစောင့်သည် ဒင်္ဂါး ကို အကျီင်္လက်ထဲ၌ ထည့်လိပ်လိုက် ပြီး ''သတို့သား သတို့သား '' ဟုကျယ်လောင်စွာ ဟစ်ကျွေးခြင်း ပြုလျက် ရှေ့မှ ရှောင်သွားလေ၏။
တံခါးစောင့်၏ အပြုအမူအတွက် ဒေါသ ထွက်ရမည့်အစား ၀မ်လန်း မှာ ၄င်း ရောက်ရှိလာသည့် အကြောင်း ကို ကျယ်လောင်စွာ အော်ဟစ် ကြွေးကြော် သွားနေသော အသံကို ကြားရသောကြောင့် ရင်ဖို ကြောက်ရွံ့ လာလျက် ထိုသူ၏နောက်သို့လိုက်သွားရုံမှတပါး ဘာမျှမကြံတတ်တော့သဖြင့် ဆွဲခြင်းကလေးကို ကောက်ယူ လျက် လက်ဝဲ လကျာ် မကြည့် နောက်မှ လိုက်သွားရလေ၏။

ယခု အကြိမ်သည် အိမ်ကြီးအိမ်ကောင်းများသို့ပဋ္ဌမဆုံအကြိမ် ရောက်ဘူးခြင်းပင် ဖြစ်စေကာမူ ၀မ်လန်းမှာ ဘာတခုမှ မမှတ်မိ၊ မျက်နှာကြီးနီးမြန်းလျက် ခေါင်းကြီးငိုက်စိုက် ကျလျက် ရှေ့မှ တကျော်ကျော် ဟစ်အော် သွားနေသော အသံကြီးနှင့် ဘေးတဘက် တချက်မှ ၀ါးကနဲဝေါကနဲ ပွဲကျသွားသော ရယ်သံများအကြောင်း၌ ဘုံဆောင် တွေတဆောင်ပြီးတဆောင် တခန်းပြီး တခန်း ဖြတ်ကာ သန်းကာ လိုက်ပါသွားရသည်ဟုသာ သိတော့ ၏၊
ဘုံဆောင်ပေါင်း အဆောင်တရာခန့် ကျော်လွန်ဖြတ်သန်းမိပြီဟု ထင်ရသောအခါ တံခါးစောင့်၏ အသံသည် ရုတ်တရက် ရပ်တန့် သွားပြီး ၀မ်လန်းမှာ ဧည့်ခန်း ကလေး တခုထဲသို့တွန်းပို့ လိုက်ခြင်းကို ခံရလေသည်၊ အတွင်းဘက် အခန်းတခန်းထဲသို့ ၀င်သွားသောတ့ခါးစောင့် ပြန်ရောက်လာသည့်တိုင်အောင် သူတယောက် တည်းရပ်နေလျက် တံခါးစောင့် လည်း ၀င်သွားသော အခန်းထဲမှ ပြန်ထွက်လာသော အခါ--
''သခင်ကြီးရှေ့ မင်းဝင်ရလိမ့်မကွဲ့'' ဟုပြောလေ၏။
ဝမ်လန်းသည် ၀င်တော့အံ့ဟု ခြေလှမ်းပြင် လိုက်ရာတံခါးစောင့်က ဘမ်းဆွဲထားလျက် စိတ်ပျက်လှသည့် အသံဖြင့်-
''မင့်လက်မောင်း မှာ ၀က်သားတွေ ပဲမုံ့တွေပါတဲ့ ဆွဲခြင်းကြီး တန်းလန်းနဲ့ မ၀င်ရဘူး ဒါကြီး တန်းလန်းနဲ့ဆိုရင် မင်း ဘယ်နဲ့ လုပ်ပြီး ဟိုရှေ့မှာဦးညွတ်မလဲ''
''ဟုတ်ပေသဗျို့''ဟုဝမ်လန်းသည် တုန်တုန်ရီရီနှင့် ပြန်ပြောရှလေ၏၊ သို့နှင့်လည်း လက်ဆွဲခြင်းထဲမှ ပစ္စည်း တခုခုကို ခိုးယူ ထားမည့် စိုးရိမ်ချက်ကို ရိပ်မိသော တံခါးစောင့်က ကြီးစွာ စက်ဆုပ်ရွံ့ရှာလှသည် ဟန်ဖြင့်-
ဒီအိမ်မျိုးမှာ မင်းဟာတွေမျိုးကို ခွေးကျွေးပစ်သကွ''ဟုအော်ဟစ်ရင်းဆွဲခြင်းကို လှမ်းဆွဲလျက် တံခါးကြီး၌ ထိုးထည့် ပစ်ခဲ့ပြီးလျင် ၀မ်လန်း အား၎င်း၏ ရှေ့သို့ တွန်းထုတ် လိုက်လေ၏။
ချောမွတ် သေသပ်လှသော ပွတ်လုံးများခံသည့် ခေါင်မိုးကော့ကြီးများအောက် ကျဉ်းမြောင်းသော ၀ရံတာ ကလေး တခု တလျှောက် နှစ်ယောက်သား လျှောက်လာခဲ့ကြရာက ၀မ်လန်းမှာ တသက်တွင် မကြုံ တွေ့ဘူးသော ခန်းမဆောင်ကြီး တခုထဲသို့ ရောက်ရှိခဲ့လေ၏၊
အမိုး ကော့ကြီး များသည် အတိုင်းမသိ မြင့်လွန်းလှကုန်လျက် အကျယ်အ၀န်းသည်လည်း တမျှော်တခေါ် ပြန့်ကျယ်ခြင်း ရှိရကား အိမ်ငယ်ကလေးပေါင်း၂၀-ခန့်နှင့် မိမိ၏ အိမ်တလုံးကို ထိုခန်းမဆောင်ကြီး ထဲသို့ သွင်းသွင်း ထည့်ထားလိုက်သည် ရှိသော် ပျောက်၍ပင် သွားဘွယ်ရာရှိသည်ကို တွေ့ရပေ၏၊ တပြောင်ပြောင် တလက်လက်ဝင်းလျှံတောက်ပနေသော ဆေးချယ်သုတ်လိမ်းထားသည့် ခေါင်ယက်မကြီး များကို တအံ့တသြ ခေါင်းမော့၍ အကြည့်လိုက် ၀မ်လန်း မှာ မြင့်လှသော တံခါးဘောင်ကို ခလုပ်တိုက်ကာ မှောက်ရက်လဲတော့မည် အပြုတွင်တံခါးစောင့်က ဘမ်းဆွဲထားလိုက်ရပြီး-
''ကိုင်း ကိုယ့်လူသခင်ကြီး ရှေ့ရောက်တော့လဲ ကိုယ့်လူအခုလဲတဲ့ မှောက်ရက်ကလေးမျိုး ရိုရို သေသေ လုပ်ရလိမ့် မနော်'' ဟု ပြောလိုက်လေသည်။
ကြီးစွာသော ရှက်ကြောက်လှခြင်းဖြင့် ၀မ်လန်းသည် ကာအနြေ္ဒကို ပြန်၍ဆယ်ယူရရင်း ရှေ့ဆီသို့ လှမ်းကြည့် လိုက်သည်တွင် ခန်းမဆောင်ကြီး၏ အလယ်ဗဟိုလောက်ဆီ၌ အရောင်တွေ တဖိတ်ဖိတ် တလက်လက် ပြိုးပြိုးပြက်ပြက်နှင့် တခဲနက်ဝင်းလျှံ တောက်ပနေသော ပုလဲစီ ဖဲဝတ်တန်ဆာများကို ဆင်မြန်း ကာ သေးသွယ်လှပ အချိုးအဆစ်ကျနသော ကိုယ်ပေါက် လက်ရောက်ရှိသည့် သက်ရွယ် အိုမင်း လှပြီ ဖြစ်သော အဖွားအိုကြီးတယောက်သည် သလွန်တခု ပေါ်တွင်ထိုင်လျက်ရှိသည်ကို တွေ့မြင်ရပေ၏၊
အဖွားအိုကြီး၏ နံဘေးခုံနိမ့်ကလေး တလုံးပေါ်တွင် ကား သေးငယ်သော မီးခွက်ကလေး တလုံး၏ မီးတောက် ဖြင့် အငွေ့တလူလူ ထွက်နေသည့် ဘိန်းပြောင်း တလုံးသည် ထောင်လျက် ရှိနေလေသည်၊ အဖွားအိုကြီး သည် ရှံ့တွပါးလှီလှသော မျက်နှာတွင် မျောက်အိုမကြီး၏ မျက်လုံး များကဲ့သို့ နိမ့်ဝင်ကာ တောက်ပြောင် စူးလျှနေသော သေးငယ်နက်မှောင်လှသည့် မျက်လုံးဖြင့် ၀မ်လန်း အား ကြည့်နေလေသည်၊ ဘိန်းပြောင်း ကို ကိုင်ထားသော အဖွားကြီး၏ လက်သည်အရိုးပေါ် အရေတင်ကလေးမျှ ရှိပေရကား အရိုးကို ဖုံးလွှမ်း ထားသော အပေါ်ရေမှာ အရုပ်ကလေးတခုကို ရွှေချထားဘိသကဲ့သို့ ရွှေဝါရောင် ပြေးလျက် ချောမွတ် နုးညံ လှဘိ၏၊ ၀မ်လန်းသည်ဒူးထောက်လျက် ဦးခေါင်း ကို ကြမ်းပြင် တွင်ထိလိုက်လေသည်။
ဆက်ရန်

.
No comments:
Post a Comment