Monday, January 18, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၁)
အခန်း (၃၀) နဲ့ (၃၁) ကြားထဲမှာ တခန်းစာ ကျန် နေပါတယ်..နန်းတက်တဲ့ အခန်း၊ စုဘုရားကြီး မိဘုရား ကြီးရာထူး ကို စိတ်ပျက်သွားတဲ့အခန်း (အောက်လမ်း နည်းပညာ တွေကိုပါ စုဘုရားလတ် က သုံးလိုက်သေးတယ်ဗျ) နောက်ပြီး တခြားသားတော် တွေကိုပါ သတ်ပစ် တဲ့ အခန်း၊ အသံ မကြားအောင်လို့ ပျော်ပွဲ ရွှင်ပွဲ တွေ နန်းတော်မှာ ရက်ပေါင်းများစွာ ကျင်းပ ပေးနေတဲ့ အခန်း၊ အဲဒီလို သတ်ပစ် ခဲ့ တာကို အခုထိ ဆင်ဖြူမရှင် လက်ချက်လား စုဘုရားလတ် နဲ့ သီပေါ လက်ချက်လား ဆိုတာ အငြင်းပွား နေကြဆဲ ပါ......။ (ဒါပေမဲ့ သေတော့ သေကြပြီ)
 ဒီအခန်း ကျန်ခဲ့ မှန်းသိရဲ့ သားနဲ့  ကျနော် တင်လိုက်မိတယ်. စာအုပ်ထဲ စစ်လိုက်တော့လည်း Page no ရော Chapter ရော ကိုက်နေတယ်.. ကျနော် စီမှာ ရှိတဲ့ စာအုပ်က နောက်ဆုံးထုတ် တတိယအကြိမ် မြောက်ဖြစ်နေတယ်..ကျနော့် ရဲ့ ပျောက်သွားတဲ့ ပထမ အကြိမ် ထုတ် စာအုပ်ထဲမှာ ပါ ပါတယ်၊ အခုစိစစ်ရေးက ဖြုတ်တာလားတော့ မသိပါ.. ကျနော် သိရဲ့သားနဲ့ ဖြေရှင်းချက် မပေးဘဲ တင်လိုက်မိတယ်.. စာချစ်သူ ညီမ မမိုမိဂျိ မန့် လာတော့ မှ ပေါ့ပေါ့ဆဆ လုပ်လိုက်မိတာကို သတိပြုမိတယ်..အားလုံးကို တောင်းပန်ပါတယ်..။ ရှာလို့ရရင် ပြန်တင်ပေးပါ့မယ်..
ညီမ မိုမိဂျိ ရဲ့ Comment လေးဖတ်ပြီးမှ ဆက်ဖတ်ကြတာပေါ့...
အမရေ..
တကယ်တော့ အဲ့ဝတ္တုကို ၆တန်းကျောင်းပိတ်တုန်းကစဖတ်တာပဲ။ နောက်တော့ ၇တန်း၈တန်းထိ ကျောင်းကြီး ပိတ်တိုင်းဖတ်တာ..။ နောက်ကျတော့ မဖတ်တော့ဘူး စာတွေပိလို့.. ကျောင်းတွေ အားလုံး ပီးတော့ ဖတ်မယ်လုပ်တော့ ကိုကိုက ရောင်းစား ပစ်လိုက်လို့ ရန်ဖြစ်ရတယ်။
ပြတ်သွားတဲ့ ဇာတ်လမ်းကို ဆက်ပေးမယ်...အကျဉ်းချုပ်ပေါ့..
သီပေါမင်းကို ဘိသိက်ခံတော့ ဆင်ဖြူမရှင်က စုဖုရားကြီးကို အဂ္ဂမဟေသီမြှောက်တယ်။ ပုဏားတွေ ခ၇ာ မှုတ်နေတဲ့ အဲ့အချိန်မှာ စုဖု၇ားလတ်က သီပေါနဲ့ စုဖုရားကြီး ရဲ့ အလယ်မှာဝင်ထိုင်တော်မှုတယ်။ အဲ့ဒီတော့ သီပေါ က တပြိုင်တည်း မိန်းမ၂ယောက်ဖြစ်သွားတယ်။
ဒါပေမဲ့ စုဖုရားလတ်က ထက်တယ်ဆိုတော့ သီပေါကို သူ့အမတော် စုဖုရားဆီသွားခွင့်မပေးခဲ့ဘူး။ သီပေါကို အစစ အရာရာနိုင်စားတယ်။ ဒီတင် ဆင်ဖြူမရှင်လဲ သူတင်တဲ့စစ်ကဲကို သူမနိုင်တော့ဘူး။ စုဖု၇ားက အမဆိုပီး မညှာ အမ ကိုတောင်မငဲ့ပဲ နိုင်ငံအရေးတွေမှာ ၀င်ရှုပ်တော့တာပဲ။ သီပေါဆိုတာ နာမည်ခံ ဖြစ်ပီး စုဖုရားလတ်က ပဲ အုပ်ချုပ်နေတာ။ ကင်းဝန်မင်းကြီးတို့ဘာတို့လဲ အရေးမထားဘူး။ သီပေါ ဘိသိက်ခံ နေတဲ့ အချိန်မှာပဲ တဖက်က ဖမ်းဆီးထားတဲ့ မင်းသားတွေအားလုံးကို လည်မျိုကို ဒုတ်နဲ့ ရိုက်သတ်ပစ်လိုက်တယ်။ မင်းတို့ သွေးမြေမကျ ရဘူးဆိုတာကိုး။
သီပေါက သိသလား မသိလားတောင်သေချာမသိတော့ဘူး။ ဖြစ်နိုင်တာကတော့ သိနိုင်ပါတယ်။ သူက အာဏာ ကိုစားဖူးပီး သွားတော့ ကြောက်တာလဲတကြောင်း မက်တာလဲတကြောင်းနဲ့ မသိချင်ယောင် ဆောင် နေတာ ပဲဖြစ်မယ်။
စုဖုရားကလဲ သီပေါကိုနိုင်လိုက်တာမှ ဒါနဲ့ပဲ မောင်မောင်တုတ်တို့ မောင်ဖေငယ်တို့က ဘုရင်ဆိုတာ မိန်းမ တယောက်ထက် ပိုယူလို့ရတယ် ..ဆိုပီးမြှောက်ပေးကြတယ်။ သီပေါကိုသိပ်နီုင်တဲ့ စုဖုရားကို အမြင် ကတ်လို့လေ။ ဒီလိုနဲ့ မိန်းမရှာနေကြတာ တနေ့ကျတော့ မောင်ဖေငယ်တို့က ဒိုင်းခင်ခင်ကို ယောင်္ကျား အသွင်ဝတ်ပီး ဆက်လိုက်တာ တခါတည်းတမ်းတမ်းစွဲသွားတာ။ ဒိုင်းခင်ခင်က အပျိုတော် ဘယ်လို ဘယ်ပုံ ဖြစ်တယ် ဆိုတာတော့ မေ့သွားပီ ..။
မှတ်မိသလောက် ရေးပြတာပါ.
အမရေ..အဲဒီအချိန်တုန်းကတော့ အဲဒီနေရာလေးမှာ လုပ်လိုက်တဲ့ စုဖုရား သီပေါမင်းဘေးဝင်ထိုင်လိုက်တဲ့ အပြုအမှုကို သိပ်ကြိုက်ခဲ့တာပေါ့။ မုန့်ကိုသာဝေစားမယ် အချစ်ကိုမဝေစားနိုင်ဘူးပေါ့။ ဒါပေမဲ့ စုဖု၇ား လုပ်ရပ်တိုင်း ကိုမုန်းတယ်။ တလင်တမယားစနစ်ကို တန်ဖိုးထားတဲ့အကြောင်းတခုကလွဲရင် ကျန်တာ အားလုံး ကို မကြိုက်ဖူး။
အခန်း (၃၁)   
    စံပယ်မြတ်လေး တတိုင်းမွှေးတို့မှ ထုံရနံ့သင်းသော ပန်းခုံတော်အတွင်းရှိ မြတ်ခင်းသာယာ စိမ်းလဲ့ ပြာ တွင် နာရဏီရွှေသား၊ ရွရွကြွားလျက်၊ နယားရုပ်ဖေါ်၊ သဉ္စမော်တွင်၊ တစ်ကိုယ်တည်း တည်းငြီးငွေ့စွာ စံနေတော် မူလျက်ရှိသော ရွှေနန်းရှင်အပါးသို့ ရနောင်မင်းသား တောင်သမန်လယ်စားနှင့် ဒိုင်းခင်ခင်ကြီး တို့ သုံးဦးသား ခစားမိကြလေ၏။
    ခင်ခင်ကြီးကား ကျီးလန့်စာစား ရှက်ကြောက်အားငယ်သော မျက်နှာကလေးနှင့် သလွန် တော်ဘေးတွင် ကပ်၍ခစားကာ ဘာများအမိန့်တော် ရှိလေမည်လဲဟု မောင်မောင်၏ လက်မောင်း တစ်ဖက်ကို ကုတ်ကပ် လျက် ကိုင်တွယ်ထားစဉ် -
    " မှန်လှပါ ခင်ခင်ကြီးကို ရှေ့တော်ရောက်ဆောင်ကြဉ်းခဲ့ကြောင်းပါဘုရား"ဟု မောင်မောင်တုတ်က စ၍ သံတော်ဦး တင်လိုက်သောကြောင့် ရွှေနန်းရှင်ဘုရားက အားရတော်မူသည်နှင့် -
    "အရှင်အမူ့တော်ထမ်းရာမှာ အားရတော်မူလှတဲ့ ငယ်ကျွန်တော်ကြီးများကို အားရတော်မူသည် မောင်မင်း" ဟု မိန့်တော်မူလိုက်သောအခါ အလိုက်သိတတ်စွာသော မောင်မောင်တုတ်က -
    "မှန်ပါ ကျွန်တော်မျိုးမျာ အမူတော်ထမ်းလို့ပြီသဖြင့် မနီးမဝေးမှ ခစားလျက်ရှိမည်ဖြစ် ကြောင်းပါ ဘုရား" ဟုလျှောက်တင်ကာ မောင်မောင်ငယ်ကို လက်တို့ကာ တဖြည်းဖြည်း နောက်သို့ ယို့၍ယို့၍ ထွက်ခွာ နေလျှင် ခင်ခင်ကြီမှာ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေရှာလျက် မောင်မောင်ငယ်၏ လက်မောင်း တစ်ဖက်ကို မလွှတ်ဘဲ ဇွတ်ဆွဲ၍ုကုပ်ထားသော "အစ်ကို ဘယ်သွားမှာလဲ၊ ခင့်တစ်ယောက်တည်း ရှေ့တော်မှာ မထားခဲ့ပါနဲ့" ဟုတီးတိုးပြောပြီး တုန်တုန်ရီရီ ကြီး ဖြစ်နေလျှင် မောင်မောင်ငယ်တွင် မနေသာ သောကြောင့် အောင့်အည်းမျိုသိပ်ထားရသည့် စိတ်ချောက်ချားမှုကို ဟန်မထိန်းနိုင် တော့လောက်အောင် ကြောင့်ကြ အက်ကွဲ၍ သည်းလန်အူလန် ထုတ်လိုက်ရသည့် လေသံတုန်ကြီးနှင့်
    "ခင့်ကို ရွှေနန်းရှင်ဘုရားက တိုင်ပင်တော်မူရန် ကိစ္စရှိ၍ ခေါ်တော်မူသည်၊ အစ်ကိုတို့အနီး အပါးမှာ ခစား နေလို့ မတော်ပါဘူး ခင်ရယ်၊ ဒါကြောင့် အပါးတော်က ခွာပြီး မနီးမဝေးမှာ ခစားရပါ လိမ့်မယ်၊ ခင့်လက်ကလေး ကို ဖယ်တော်မူလိုက်ပါတော့" ဟုချော့မော့ပြောကာ ဖိစီးနေသော ဝေဒနာကို အံခဲခါ မျိုသိမ့်၍ ကြိတ်မှိတ်ခံလိုက်သည့်အလား လည်ပင်းကြောကြီးများ ကြွတတ်လာ သည်အထိ သက်ပြင်းကြိး ဖိ၍ ရှုလိုက်ကာ မောင်မောင်တုတ်ကဲ့သို့ပင် နောင်ဆုတ်နောက်ဆုတ်နှင့် အပါးတော်မှ ခွာလျက် ပန်းခုံ တော် တစ်ဖက်သို့ ရှောင်တိမ်းပျောက်ကွယ်သွားကြလေသတည်း။
    ခင်ခင်ကြီးလည်း တစ်ယောက်တည်း ကျန်ရစ်သောအခါ သာ၍ပင် အနေရအထိုင်ရခက် လျက်မျက်နှာ အောက်ချနှင့် ကြောက်ရွံ့လှစွာ ခစာနေရှာလျှင် ကြင်နာချစ်ခင်သနားစိတ် ၀င်တော်မူ ပြီးသော သီပေါ ရွှေနန်းရှင်သည် ပြုံးချိုတင့်လျှမ်း ရွှမ်းရွှမ်းစားစား ကြည့်တော်မူကာ-
    "ခင်ခင်ကြီးငဲ့ တစ်ယောက်တည်း ခစားရလို့ ကြောက်အားတော်ပို၍ ကိုယ်တော်ကို မရွံ့ပါနှင့် ၀ံ့ဝံ့စားစား အပါးတော် နီးနီးသာ တိုးစမ်းပါ၊ ပြောတော်မူစရာတွေ  အများကြီးရှိသည်ကွဲ့" ဟုမိန့်တော်မူလျှင် ခင်ခင်ကြီး သည် အကြောက်နည်းနည်း ပြေသွားသဖြင့် -
    "အမိန့်တော် ဗျာဒိတ်သံ နာခံလျက်ရှိသောကြောင့်ပါဘုရား"ဟု လျှောက်ထားလိုက်လျှင် ရွှေနန်းတော် ရှင်လည်း လဲ့လဲ့ရွှင်ရွှင် ချစ်ခင်ကြနာတော်မူဟန်နှင့် ရှုစားတော်မူကာ -
    "မူရာပုံတွင် ကောင်းအင်ငါးဝနှင့် မြင်မြတ်သူမောရတဲ့ စောလှမိမြတ် သူဇာနတ်ရယ် ကြောင့်သက် လျှပ်ဖိုမိ ဆင်ခြင်ဘိလည်း ချိတရိနော် ရွှေကိုယ်တော်မှာ မြင်တော်မူစ ဟိုနေ့ကပင် ရွှေဘ၀င် အသည်းမြေ့လို့ အငွေ့ငွေ့ကျွမ်းခဲ့သည်မှာ ကြာရင်ဖြင့် လတောမယ်၊ ပွဲတော်ကိုမှတည်း နိုင်ဘူး၊ ကြည်နူး အောင်သာ ကိုယ်တော်မြတ်ကဲ့သို့ နတ်သူဇာကရွှေမေတ္တာမျှစမ်းပါလားခင်ရယ်" ဟုမိန့်တော်မူကာ ဆံရင်စ ကလေးကို လက်တော်နှင့် ယုယဖေးကိုင်လိုက်လျှင် ခင်ခင်ကြီးမှ ကညာယမင်း စင်းလုံးချော အပျိုစင် ဖြစ်၍ ကြင်သူချစ်သူ မည်သူနှင့်မျှ ချစ်ရေးခင်ရေးဆံခြည် မျှင်ကလေးလောက် ပင် စိတ်ဝင်စား၍ နားလည်မု မရှိရှာသေး ကလေးပမာ သန့်ရှင်းစွာနေခဲ့ရာက ချစ်ကြောက်ရိုသေ ရေမြေသနင်း ပြည့်ရှင်မင်း တစ်ပါးက ချစ်စကားနှုတ်ချို ရုတ်တရက်ဆိုလျှင် ဘယ်လိုတင် ဘယ်လိုလျှောက်ရမှန်းမသိ၊ မိမိအပါး မှာလည်း မည်သူမျှမရှိ ကြောက်ရသည့်အပေါ် တွင်ရှက်စိတ်တွေဝင်၍ ငိုချင်ရယ်ချင်ဖြစ်ပြီး အနီးမှ ထပြေးရန် လည်း မ၀ံ့မရဲစွန့်၍ ထိုင်နေရမည် လည်းအခက် ရုတ်တရက် ကြံရာမရ ရှိနေလေ၏။
    ရွှေနန်းရှင်ဘုရားသည် အခက်ကြွယ်၍ သနားဖွယ်ဖြစ်နေသူ ခင်ခင်ကြီးအား ယှက်ထား သောလက်ဖျား ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ဖမ်းယူတော်မူရင်း " ရင်တွင်းမဆန့် ချစ်ရနံ့ကြိုင်လှိုင် လို့ပိုင်တော်မူလိုလှပါပြီ၊ ခင်ကြီးရယ်၊ ဘယ်သို့ဘယ်ညာ လျှောက်တင်ချက်ပန်ပြီး ငြင်းဆန်လို့နေ တော်မမူစမ်းပါနှင့်၊ ရွှေရောင် လျှမ်းတဲ့ ဆောင်ခန်းသာမှာ ခင်သာလျှင် ဆောင်ရမိဖုရားတစ်ပါး ဖြစ်ပါ စေတော့"
    ဟုချော့ချော့မော့မော့ မိန့်တော်မူပြန်ရာ-
    "မှန်လှပါဘုရား မတန်မရာ နေနွယ်ညွှန့်ကို မ၀ံ့ပါဘူး ရွံ့ရာက တစ ဖျကျွန်မကို အဂ္ဂမဟေ သီဒေ၀ီဥက္ကဌ် ပြည်လုံးနတ်များ ရွှေနားတော်ကြားခဲ့လျှင် ဓားတော်နှင့်  သတ်ပါလိမ့်မယ်၊ လတ်သလော မသေပါရစေနှင့် ခြေတော်ကို ဦးခိုက်ပါရဲ့၊ အမိုက်ကို ချမ်းသာပေးတော်မူပါဘုရား"
    ဟု ကြောက်အားနှင့် လျှောက်ထားသံတော်ဦးတင်သော်လည်း -
    "စိန်ခြူး ခရာသီး လေခပ်သို့ တီးသလို တွတ်တီးတွတ်တာ ပြောတတ်ရှာပေတဲ့ ကလျာ တော်ဝင် မြကြိုးမျှင်ကလေးရယ် ရှစ်သောင်းညာတင် ခင့်သခင်က သင့်ရာကြည်ြဖူ အလိုတော် လိုက်၍ ကိုယ်တော်ကြိုက်ရာ ယူတော့လို့ မဥ္မူရွှေခွန်း ကြူကြူညွှန်းသော်ကြော့် စွန်းလွန်းတမန် ကိုယ်တော်မြတ် ကြံပါတယ် ပူရန်မရှိပါဘူး သက်လယ်ရယ်၊ ငြင်းပယ်တော်မူစမ်းပါနှင့်"
    ဟု တစ်ဆင့်တက်၍ ခွန်းမြွတ်သာယာ ကျီစယ်တော်မူကာဖြင့် ကြင်နာသမူ ယုယုယယ ပိုက်ဖျား စပြု လေ၏။
    ဆောင်းဦးကာလ ဟေမန္တအ၀င်တွင် ကောင်းကင်အဇာပူ၌ ကြယ်ညီလာရံခသော လမင်း စန္ဒာ ယုန်စင်္ကြာမှ  သာယာတင့်ဆန်း ငွေရောင်ဖျန်းလျက်ရှိလေ၏။ နှင်းမှုံနှင်းပေါက်တို့လည်း မြောက်လေ နှင့်ရောရော၊ သုတ်ဖြူး၍ပါခဲ့သည်ကြောင့် မြသားရွက်ပြိုင်၊ ပန်းညွှန့်ခိုင်တို့တွင် ပုလဲ ဆိုင် ပုလဲဥတို့ နှင်းဝတ်ရည် စုသဖြင့် တစ်ခုနှင့်တစ်ခု တစ်ခက်နှင့်တစ်ခက်၊ ရွက်ချင်းပွင့်ချင်းထပ် လျက်ပန်းခက်ချင်း နှောမိ ကြသည်။ တလောကလုံး ဆိတ်သုဉ်းနေဟန်ရှိသော်လည်း ရွှေနန်းတော် ကြီးအရှေ့ပိုင်းမှ နောင်ဒိုင်း သံချို စည်ပဟိုရ်သည်ကား အချိန်ကိုရည်ညွှန်း၍ ယွန်းဆော်ရိုက်ဟီး မှန်မှန်တီးလျက် ရှိလေသည်။
    အနောက်ပိုင်းတစ်ဝိုက်၊ ပွဲကြည့်ဆောင်တော် ပတ်လည်၌ကား ဟိုးဒယားဇာတ်ကြီးမှ ကြေး သံပတ်သံ ချိမ့်ချိမ့်ညံတို့သည် လေဟုန်နှင့်ပျံ၍ ညဥ့်နက်သန်းလွဲ မှောင်ထုထဲမှ ဖောက်ခွဲထွက်ပေါ် လျက်ဆိတ်ငြိမ်မှုကို နှောက်ယှက် လိုက်သောအခါ ပန်းခုံတော်အတွင်းမှ အတောင်ချင်းရှက်နွှဲ၍ ပျော်ပွဲခံလျက်ရှိသော လိပ်ပြာ မောင်နှံတို့လည်း ပန်းဝတ်လွှာနှင်းအိုင်တွင် သူနိုင်ငါနိုင် တစ်ပြိုင်တစ် လှည့်၊ ချစ်ကြိုးညှိလျက်၊ အသိ ကင်းကွာ ရှိလေရာမှ သတိညဏ်ဝင်စား၍ လှုပ်ရှားလာကြတော့ သည်။ အတန်ကြာလျှင် ရတနာ သဇင် ဒိုင်းခင်ခင် မှာလည်း ကာကွယ်အံတု ပြုဝံ့ရှာနိုင်အားဘဲ နီိးရာ ဓားကို ကြောက်အားပိုသဖြင့် အလိုတော် ကို လိုက်၍ စိတ်ကြိုကိုမျှောခဲ့ရပြီးဖြစ်ရာ ငိုတမဲ့မဲ့ မျက်နှာ ဖြင့်-
    "ဘ၀ါးကျွန်တစ်ပါးဖြင့် ခက်အားပိုလို့  ငိုချင်လှပါပေါ့ဘုရား၊ အလွန်ထက်မြတဲ့နှစ်ဖက်ရ ဓားသွားနှင့် အသက်ဆံဖျားကြုံရပါပြီ၊ ဆင်နှင့်ကျား အင်းအားအတအတူတူမှာ ဘယ်ဟာကို ကြောက်တယ်လို့ လူနောက်ကို လာ၍ မေးပေတဲ့ အဖြေမပေးတတ်သည်တွက် ဆင်နင်းလို့မသေ မရှင်အခါမှာ၊ ကျားလာ၍ အဆွဲခံ ရသည့်အလား သေမင်းနှစ်ပါး အပြိုင်လုသဖြင့် ဘယ်သူ့ဆီလိုက် ရမှန်းမသိတတ်ပါကြောင်း"ဟု  ခေါင်းငုံ့ကာ ငိုညည်း၍  ယိုစီးသော မျက်ရည်စကို မြပ၀ါနှင့် သုတ်ရင်း တင်လျှောက်လေသည်တွင် ရွှေနန်းရှင် လည်း ချစ်စရာတွင် သနားပိုတော်မူပြန်ကာ-
    "ဘာကိုမျှ စိုးရိမ်နှောင့်လို့ ကြောင့်ကြပါနှင့် ခင်ရဲ့၊ ကြင်တောမူတဲ့ ခင့်သခင်မှာ ရာဇာပဓာ နဆိုတဲ့ စကားလို ဘုရင်တစ်ပါး၏ အလိုတော် အတိုင်း အခါခပ်သိမ်း မိဖုရားကလေးရယ်"ဟု ကျလာသော မျက်ရည် ကို မြရထည်နှင့် သုတ်၍ ချော့မော့ယုယတော်မူသောအခါ-
    "ကနွတ်ဆိုင်ပလ္လင်ဗွေ့တွင်ဖြင့် ဇွတ်အနိုင်အရှင်ပွေ့ဒါကြောင့် မလွတ်နိုင်ခင် တမေ့မှာ တော့ အရင် တွေ့ကြောက်ရပြီ၊ နီးရာဓားပေမို့ ငြင်းအားတော်သန်မရနိုင်ဘု၊ မာန်ချကာလက်လျှော့ ပေးခဲ့တယ် အေးခွင့် မညီ၊ ရ၀ိဆွေတစ်ယောက်အားကိုလ ဂတိသွေ မဖောက်ပြားစေဖို့ ထောက် ထားလို့ စာနာကာ ညှာတာ ပ ဘုရား။ အရယ်ကြင် နှစ်ဘုရင်မို့ အရှင်ကို လင်လိုတွေးရတော့မယ် ကိုတော်ရေ ရှေးဝဋ်တရား"
    မပါးမနပ် စကားပင်မတတ်စေကာမူ ကြုံရသည့်အခင်းက ကွင်းကွင်းကွက်ကွက်အခက်နှင့် အသက် တစ်ဝက်စီ ဝေခွဲ၍ ကြောက်ရင်းစွဲ နဂိုမူကြောင့် အလိုတူ လက်ခံမိသော်လည်း ရှေ့နောက် အရေး စိတ်မအေး တိုင်း ကလေးတစ်ပိုင်း လူကြီးတစ်ဝက်နှင့် ထွက်လာသမျှအဖြေမှာ ကဗျာလင်္ကာ စီကုံးသလို စကားလုံးပြေပြစ်သဖြင့် ချစ်ပွင့်ဝေစီ ချစ်ဝတ်ရည်ထုံလျှမ်းတော်မူခဲ့သော ရွှေနန်းရှင် ဘုရားမှာ သနား ကြင်နာစိတ် ပိုကဲလာတော်မူရသည့်အတိုင်း ရစ်သိုင်းပိုက်ခြုံ ရွှေညဥ့်ရုံအလားခါးပုံ တော်စမြသားကရ၀ိက် လွန်းပြန်ချိပ် နှင့် သိပ်ထည့်၍ထွေးပြီး ကလေးလို့မြှူကာ -
    "ပူတော်မူပါနှင့်  ကိုယ်တော့အချစ် မြဆံနှစ်ကလေးရယ်၊ကသစ်စံပျော် ဖြူရိပ်လွှမ်းတဲ့ နန်းမတော်က အမျက် တော်ပွား ရှိလို့များသာဖြင့် ကိုယ်စားခင့်ဒဏ် ပြောင်ပြောင်ထားလို့ မောင်ဘု ရားခံပေမယ့် တွေးကြံ၍ စိုးရိမ်တော်မူပါနှင့် ခင်ရယ်"
    ဟု မိန့်တော်မူသည်တွင် -
    "အမိန့်တော် ဗျာဒိတ်ထားတာကဖြင့် အားရစရာပင်ဖြစ်ပါတော့သည်ဘုရား၊ သို့ရာတွင် အရှင်နှစ်ပါး စိတ်ထားတော် မနီးစပ်ပါလျှင် ကျွဲနှစ်စီးခတ်ရာတွင် စပ်ကြားက မြေဇာပင်ဖြင့် ရှင်နိုင် တော့မည်  မဟုတ်ပါ၊ ဖျကျွန်မမှာ ဓားသွားနီးရာကို ကြောက်ရတဲ့ တုံးအောက်ကဖားပမာ အားငယ် လှပါသည်ဘုရား၊ ဆူးကြား မှာသီးတဲ့ လဘူးသီးကဲ့သို့ အလူးအလွန့် ခက်နေပါပြီး မင်းမျက်တော် ရာဇဒဏ်နှင့် ဓားစာခံ အပြစ်မျိုး ကြောင့် သက်ဆိုးရှည်နိုင်မယ် မတင်ပါဘုရား"
    "စိတ်မချနိုင် တမှိုင်မှိုင်တွေး၍ ပူဆွေးတော်မူပါနှင့် ရတနာမျက်ပျံ မောင့်သက်နှံရယ်၊ ဘယ်သူပင် ဘယ်လိုပြောပြော သဘောတော်ကြီးကြီးနှင့် ရင်းနှီးတဲ့သူ မနောဖြူကလေးကို တစ်ဆူ သမု သူကောင်း ပြုပေမယ်၊ နန်းမတော်ဘုရား ထံတော်ပါးက ဖ၀ါးမသွေ ခစားလို့သာ နေပေရော့၊ ဟန်တွေမပျက်စေနဲ့ဦး ခင်ကြီးငဲ့"
    "ကောင်းလှပါပေါ့ ဘုရားကျွန်မ အပါးတော်ကခွာ၍ အဆောင်တော်ပြန်ပါရစေတော့ဘုရား"
    "အခြေကြံ့ခိုင် သစ္စာတော်လဲပြိုင်ကြပြီ၊ ခင်ဆိုင်တဲ့ ဆောင်ဗွေဦးကို လွမ်းရက်နှင့် ကူးပေဦ တော့ခင်ခင်ရယ်"
    ဒိုင်းခင်ခင်ကြီးရယ် ရွှေနန်းရှင်ဘုရားထံတော်ပါးမှ ခွဲခွါပြီး ၀မ်းနည်းရမလိုလို ၀မ်းသာရ တော့မလို့ ငိုချင် ရယ်ချင်နှင့် စပယ်ပင် မြတ်လေးပင်များအကြား၌ မသွားတတ်မပြန်တတ်ဖြစ်နေ စဉ် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ ၀င်လာပြီး "သြော်………ခင်ကြီးအဆောင်တော်ပြန် ချိန်တန်လို့ အစ်ကိုတို့ လိုက်ပို့ရန် အဆင်သင့်ရောက်လာပြီးလေ၊ အို………မျက်ရည်တွေနှင့်ပါ ကလား" ဟု မောင်မောင်ငယ်က အံ့အားသင့်စွာ မေးလိုက်သည်တွင် ခင်ခင်ကြီးလည်း တစ်ခါ တည်းပြေးလျက် မောင်မောင်ငယ် ကိုဖက်ကာ ကြူကြူ ပါအောင် ငိုလိုက်ရှာတော့သည်။ မောင်မောင်ငယ်လည်း မချိလှသည့်မျက်နှာနှင့်-
    ငယ်။    ။ "ခင်ရယ် တိတ်ပါ၊ ရွှေနန်းရှင်ဘုရားက ဘာတွေများ ၀န်းနည်းစရာ မိန့်တော်မူ လိုက်ပါ သလဲ"
    ခင်။    ။"အစ်ကိုနှင့် ရနောင်ကိုကိုကြီးတို့ကဖြင့် ခင့်ကို မသနားလို့ ကျားရှေ့အရောက်ပို့ သလို ခင်ကြီး ကို မလိမ့်တပတ် ခေါ်ပြီး ရှေ့တော်သွင်းကြတယ်နော်၊ အင်မတန်တော်သည့် အစ်ကို ပေပဲ"
    ငယ်။    ။"ဒီလိုဖြင့်  မစွမ်စွဲပါနှင့် အစ်ကိုအသည်းနင့်လှပါပြီ ခင်ကြီးရယ်"
    တုတ်။    ။ "ကိုဖေငယ်နှင့် ကိုကိုကြီးတို့မှာ အရှင်သခင်၏ အလိုတော်အတိုင်းစေသည့် ကျွန်၊ ထွန်သည့်နွားကဲ့သို့ ခစားထမ်းရွက်ရသူများ ဖြစ်ပါတယ်။
    ငယ်။    ။ "နှမကိုလက်ဆောင်တော်ဆက်ပြီး မျက်နှာလိုအားရ ကိုယ်ကျိုးရှာကြခြင်း မဟုတ်ရပါ၊ ဘုန်းတော်ကြီး လှသော ရွှေနန်းရှင်က အင်မတန်နှစ်သက်စုံမက်တော်မူလှလို့ ဆောင်ရ မိဖုရားတစ်ပါး အဖြစ်နှင့် ချစ်ခင်မြှောက်စား သူကောင်းပြုထားလိုသည်ဟု အမိန့်တော်ရှိပြီး အတိ အလင်းခေါ်ချေဟု စေတော်မူ လိုက်ပါသည်။
တုတ်။    ။"ဟုတ်ပါသည် ခင်ခင်၊ ကိုကိုကြီးတို့ဆိုလျှင် ခင်ကောင်းစားသည်ကို ကိုလည်း ချက်ချင်းဖြည့်စွမ်း ဆောင်ရွက်အလိုတော်ဆက်ချင်တဲ့ စေတနာနှင့် ခိုင်းတော်မူရာကို တာဝန်ကျေ စွာ အမူထမ်းရခြင်းပါ"
    ခင်။    ။"အစ်ကိုတို့ ငဲ့ညှာမိလို့ ဘာမသိ ညာမသိနှင့် လိုက်ခဲ့ရပါသည်၊ ယခုတော့ တကယ့် ရာဇ၀တ်အိုးကို တုတ်ထိုးလို့မွှေမိသလို ဖြစ်ကုန်ပြီ၊ ဒီကိစ္စကို အရှင်နန်းမတော်ဖုရား သိတော်မူလျှင် သိတော်မူလျှငမ် ခင်ဒုက္ခရောက်ရပါလိမ့်မယ် ထင်ပါရဲ့ အစ်ကိုတို့ရယ်၊ မကယ်နိုင်ကြတော့ဘူးလား"
    တုတ်။    ။"ကိုကိုကြီးတို့ ရှိပါတယ်၊ ဘာမှမပူပါနှင့်၊ အဆင်သင့်တဲ့အချိန်အခါရောက်လျှင် ထင်ထင်ရှားရှား ချီးမြှောက်သူကောင်းပြုပါလိမ်မယ်၊ အရှင်းနန်းမတော်ဖုရား ကိုယ်တိုင်က အလို တော်ကျ သဘောတူခွင့်ပြုချက်ရသဖြင့် ဒီကိစ္စကိုဆောင်ရွက်ဝံ့ကြခြင်း ဖြစ်ပါတယ်"
    ငယ်။    ။ "ခင့်ကို ရွှေနန်းရှင်ဘုရားက ဘယ်လိုများ မိန့်မှာတော်မူလိုက်ပါသလဲ"
    ခင်။    ။"ရနောင်ကိုကိုကြီး ပြောသလိုပါပဲ၊ သို့သော်လည်း ရုတ်တရက် ဟန်မပျက်စေနှင့် ဦးတဲ့၊ သင့်တော်တဲ့ အချိန် အခါရောက်သည့် ကာလာမှာ ဆောင်ရမိဖုရားဖြစ်ရဦးမှာပါကလား"
    ငယ်။    ။"ဒါနဲ့များခင်ရယ်၊ အစ်ကိုတို့ကို အပြစ်တင်သံနှောပြီး ပြောတော်မူလိုက်တာ၊ ခင့်အလိုက ရွှေကိုယ်တော်ဘုရားကို စိတ်ထားမတူ ကြည်ဖြူတော်မမူနိုင်လို့ပေလားလို့"
    ခင်။    ။ "အစ်ကိုလည်း သိသားနဲ့ ခင်အကြီးမှာ ရည်းစားထားတတ်တဲ့စိတ်တောင်မ ရှိသေးလို့ အစ်ကိုတို့နဲ့ ကလေးကဲ့သို့ ပျော်ပျော်ပါးပါး ကစား၍နေခဲ့သည် မဟုတ်ပါလား၊ အခုမှ ဘွားခနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပြန်တော့လည်း သူများနှင့် မဟုတ်ဘဲ တကယ့်အထွဋ်အထိပ် ကရွှေနန်းရှင်ဘုရားနဲ့မှ လာလို့ တွေ့ရတော့ ကြောက်ရလန့်ရတဲ့ စိတ်တွေသာ ယ်ထိပ်သို့ ရောက်နေပါသည်၊ သဘောမတူ မကြည်ဖြူ လို့လည်း မဟုတ်သေးပါဘူး"
    တုတ်။    ။"ဒါဖြင့် ရွှေနန်းရှင်ဘုရားကို ကြောက်အားပိုလို့သာပါ၊ ချစ်စရာရယ်လို့တော့ သဘော မထားနိုင် သေးဘူးထင်ပါရဲ့"
    ခင်။    ။"အို……ကိုကိုကြီးကလည်း စိတ်ရှု့ပ်ရတဲ့အထဲမှာ ဘာတွေများလာ၍ မေးပြန်ပါ လိမ်နော်၊ ခင်လည်း အဓိပ္ပာယ်ပါအောင် မပြောတတ်တော့ပါ၊ စိတ်ထဲမှာတော့ မေမေဘုရားတို့ အစ်ကိုတို့ကို ချစ်တာမျိုးလည်း မဟုတ်သေးဘူး၊ ဘယ်လိုကြီးမှန်း မသိပါ၊ အဲဒါလောက်သာ ပြောတတ်ပါသည်"
    ငယ်။    ။"ကဲ…….ကိုယ်ရင်တုတ်ရယ်၊ ဒီနေရာ မယ်ကြာကြာနေလို့ မတော်ပါ၊ ခင့်ကို သူ့အဆောင် ရောက်အောင် ပြန်ပို့ကြပါစို့၊ ကဲလာလာ ခင်အကြီးမှာ စကားအတိုင်း ပိပိပြားပြား နေထိုင် ပါနော်၊ အမိန့်တော် ရှိတဲ့အခါ အစ်ကိုတို့ လာ၍ခေါ်ပါမည်"
    ခင်။    ။"ဟုတ်ကဲ့……အစ်ကိုပြောတဲ့စကား နားထောင်ပါမည်"
    ထို့နောက် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် ပန်းခုံတော်ထဲမှ ခင်ခင်ကြီးကို ခေါ်ခဲ့လျက် မှောင်ရိပ်ကျသည့်ဘက်က ခိုးပြီး နန်းမတော်ဆောင်ကြီး၏  မြောက်ဘက်ရှိဝဲဆောင်ထဲ ရောက်လျှင် အင်မတန် ဟန်ဣနြေမပျက်စေနှင့် ရွှေနန်းရှင်ဘုရား အမိန့်တော်မှာ စကားအတိုင်း ပိပိပြားပြား နေထိုင် ပါနော်၊ အမိန့်တော်ရှိတဲ့အခါ အစ်ကို တို့ လာ၍ခေါ်ပါမည်"
    ခင်။    ။"ဟုတ်ကဲ့……..အစ်ကိုပြောတဲ့စကား နားထောင်ပါမည်"
    ထို့နောက်မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် ပန်းခုံတော်ထဲမှ ခင်ခင်ကြီးကို ခေါ်ခဲ့လျက် မှောင်ရိပ်ကျသည့်ဘက်က ခိုးပြီး နန်းမတော်ဆောင်ကြီး၏ မြောက်ဘက်ရှိဝဲဆောင်သို့ ရောက်အောင်လိုက်ပို့ကာ လူချင်းခွဲထွက်လာခဲ့ကြလေ၏။
    သီပေါ ရွှေနန်းရှင်ဘုရားသည် ထို့နေ့မှစ၍ ရနောင်မင်းသား မောင်မောင်တုတ်၊ စာဆို တော် တောင်သမန် လယ်စား ရွှေထိုက်စိုး ဦးဖေငယ်ခေါ် မောင်မောင်ငယ်တို့နှစ်ဦးကိုသာ အတွင်း လူယုံတော် အဖြစ် အသုံြးုပုလျက် နှစ်သက်မြတ်နိုးတော်မူလှူသော ဒိုင်းခင်ခင်ကြီးနှင့် မွေ့ပျော် တော်မူလျက် နေရာ၊ နေ့ရက် အချိန်အခါ  အတော်ကြာခဲ့ပြီဖြစ်လေ၏။ နန်းမတော်ထိပ်စုဖုရား လတ်မှာလည်း မီးရှူး သန့်စင်တော် မူရာ ၄၅ရက် မပြည့်သေးသဖြင့် သွေးသားတော်နုချိန်ဖြစ် သောကြောင့် နန်းမတော် ဆောင်ကြီးသို့ ပြောင်းရွှေ့ခြင်းမပြုသေးဘဲ မီးရှူးဆောင်တော်မှာပင် စံနေ  တော်မူခိုက် ဖြစ်လေ၏။
    ထိုတောအတွင်း မြောက်ဘက်ဝဲဆောင်ရှိ အပျိုတော်များသည် ရက်အတန်အကြာသောအ ခါညဥ့်အိပ် ချိန် များတွင် ဒိုင်းခင်ခင်ကြီးကို မတွေ့မမြင် တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ် ယောက် မေးကြ မြန်းကြ ဖြစ်လာကြလေ၏။
    အချို့ကမူ အရှင်နန်းမတော်ဖုရားက ဒိုင်းခင်ခင်ကြီးကို ထူးထူးခြားခြား ချစ်ခင်တော်မူ၍   အပါး တော်တွင် ခေါ်ထားသဖြင့် ကျန်ရစ်သည့်ဟု အမှတ်မထင် ယူဆကြသည်။ ခင်ခင်ကြီးမှာ လည်း မောင်မောင်ငယ်တို့ နည်းပေးလမ်းပြ သင်ကြားထားသမျှအတိုင်း အိပ်ဖန်တော်စောင့်အ လှည့်ကုန်၍ အဆောင်တော်မှ ထွက်လာကြသော အပျိုတော်များနှင့် ခါတိုင်းကဲ့သို့ရောနှောလိုက် ပါမလာဘဲ မီးရှူး ဆောင်တော်ထဲဝယ် အကြောင်းတစ်ခုခု ရမယ်ရှာ၍ အသာချန်နေရစ်ပြီးမှ အပြင် ဘက်က လူအဆင် ပြတ်သွားသည့်အခါ မောင်မောင်ငယ်တို့ အလာကိုစောင့်ဆိုင်းရင်း အတွင်း ဆောင်ကတ္တီ ပါ လိုက်ကာ အကွယ်တွင် အမှတ်မထင် နေခဲ့လေ့ရှိသည်။
    ဤနည်းနှင့် ရက်အတန်ကြာလာသောအခါ အလှည့်ပြောင်း အလှည့်လဲကြသော အအပျို တော်ချင်းချင်း တွေ့ပြီး ခင်ခင်ကြီး အပါးတော်တွင် နေ့လှည့်ညဥ့်လှည့် အမြဲအပြတ်ခစားနေရသည့် အတွက် ပင်ပန်း လိမ့်မည့်ထင်ကြောင်း ပြောမိရာ ညဥ့်လှည့်ကျ အပျိုတော်များကလည်း ခင်ခင်ကြီးမှာ မိမိတို့နှင့်အတူ မရှိကြောင်း အရှင်နန်းမတော်ဖုရား၏ ကြာခြည်တော်အတွင်းမှာ လည်းအပျိုတော်ကြီးများသာ ခစား ၀င်ထွက်သမူ ပြုရကြောင်း အဖြစ်ကား ပေါ်လာသောအခါ အရွယ်ငယ်သူ အပျိုတော် ကလေးများ၏ ရပ်ကွက် တွင် ခင်ခင်ကြီးပျောက်ပုံ ထူးဆန်းကြောင်း သတင်းစကား ပြန့်ပွားလာခဲ့လေ၏။
    အချို့ကလည်း ဒိုင်းခင်ခင်ကြိးမှာ တောင်သမန်လယ်စား ရနောင်မြို့စားတို့နှင့် နီးစပ်သူ ဖြစ်သည်၊ သူတို့လည်း မကြာမဏ နန်းမတော်ဆောင်ဘက်သို့ ၀င်ထွက်နေရသူများဖြစ်သည်။ သို့ကြောင့် ခင်ခင်ကြီးမှာ ရနောင်မြို့စားနှင့်သော်လည်းကောင်း၊ တောင်သမန်လယ်စား တို့မှာလည်းကောင်း အရှင် နန်းမတော် ဖုရားက ထူးခြားသော အခွင့်အရေးကိုပေး၍ မြှောက်စားထားတော်မူ ခြင်း ခံရသူများ ဖြစ်သောကြောင့် ဤသတင်းကို အချင်းချင်းပင် သိသိသာသာမပြောဝံ့ဘဲ ရှိရှာကြ သည်။
    သို့ရာတွင် တစ်လကျော်ခန့် ရှိလသောအခါ ငယ်ရွယ်သူ အပျိုတော်ပိုင်းမှ အုံပွင့်လာ သောသတင်း စကားသည် အပျိုတော် အရွယ်လတ်တွင်းသို့ ရနံ့ထွက်လာပြီး လူကြီးပိုင်းအထိ ကြားသိပျံနှံ့ လာပြန်လေ၏ အပျိုတော်ကြီးများအထဲတွင် ဆတ်ဆတ်ကြဲ ဘွဲ့ရသော မံသကြီးရွာစား မှာ မောင်မောင်တုတ် မောင်မောင်ငယ် တို့နှင့် ဒိုင်းခင်ခင်ကြီး အဆက်အသွယ်ရှိနေခြင်းသည် ဘယ် ဇာတ်ကို ဘယ်ပုံ ခင်းသည်ဟု စဉ်းစား၍ မရနိုင်အောင် ရှိခဲ့လေသည်။
    မောင်မောင်တုတ်နှင့်သော်လည်းကောင်း၊ မောင်မောင်ငယ်နှင့်သော်လည်းကောင်း၊ အဆက်အသွယ် တကယ်ပင်ရှိသည်ဖြစ်စေ၊ နေ့စဉ်မပြတ် အမှတ်မထင် ခင်ခင်ကြီးနှင့်တွေ့ရန် လာရမည်မဟုတ်၊ သဒ္ဓါတော်မူသူများဖြစ်၍ အလိုအတိုင်း ပြည့်စုံရမည်ဖြစ်သည်။ ခင်ခင်ကြီး ပျောက်ပုံထူးဆန်း၍ သူတို့ ကူးသန်းပုံလည်း သင်္ကမကင်းစရာကောင်းသောကြောင့် အကြောင်းစုံ သိနိုင်ရန် အမြန်စုံစမ်းခိုင်းမည်ဟု ကြံစည်ကာ မံသကြီးရွာစားသည် လက်ပါးစေအမြဲချောင်းမြောင်း ကြည့်ရှုလျက် မျက်မြင်ကိုယ်တွေ့ အချက် အလက်များကို အားလုံးစုံလင်စွာ ပြောပြရမည်ဟု ခိုင်းစေထားလေ၏။
    ဒိုင်းခင်ခင်ကြီးသည် ရနောင်မြို့စားနှင့် တောင်သမန်လယ်စားသို့ လာတိုင်းပင် ယခင်အစီ အစဉ်အတိုင်း ညဥ့်ဦးချိန်မှာ လိုက်ပါသွားရပြီး နံနက်လင်းအားကြီးအချိန်ရောက်မှာ အဆောင်တော် သို့ပြန်ခဲ့ ရသည် ဖြစ်ရာ လာ၍ခေါ်ခြင်း၊ လိုက်၍ပို့ခြင်း ပြုကြသော ရနောင်မြို့စားနှင့် တောင်သမန် လယ်စားတို့မှာ ဒိုင်းခင်ခင်ကြီးကို မောင်လိုနှမလို ရိုရိုသေသေ လေးလေးစားစားလက်ပါးစေ မိန်းမငယ်သည်လည်း မံသကြီး ရွာစား အား မိမိ တွေ့မြင်ရသော အချက်အလက်တို့ကို တစ်လုံးတစ် ကွက်မကျန် ပြန်ပြောင်း အစီ အရင် ခံလေ၏။
    ထိုတွင် မံသကြီးရွာစားသည် အကြောင်းအားလျှော်စွာ သင်္ကာမကင်း ဖြစ်လေ၏။ "တစ်ခုခု ပါပဲ၊ ကိုဖေငယ် အတွက်လည်းမဟုတ်၊ ရနောင်မောင်မောင်တုတ်ကလည်း ရှု့ပ်ဝံ့မည်မထင်၊ ဧကန္တ ရွှေနန်းရှင် တို့များလာဘုရား……..ဘုရား၊ ငါ့အရှင် နန်းမတော်ဘုရား သိတော်မူလျှင် အင်မတန် အမျက်တော် ရှိလိမ်မည်။ ဒီကိစ္စကို ငါက ရိပ်မိလျက် ဖုံးဝှက်ထားလျှင် ဓားတော်နှင့် နီးလှသည်။  မျက်နှာလို အားရ လျှောက်တင်ပါကလည်း ရွှေနန်းရှင်ဘုရား၏ ဓားတော်အောက်ကို ခေါင်းလျှို၍ ရောက်အောင် ၀င်မိကဲ့သို့ ရှိတော့မည်၊ ဒီကိစ္စဟာ ငါထင်သလိုမမှန်လျှင်သာ၍ပင် ရာဇဒဏ်ရောက် ရဦးမည်၊ ထင်ထင်လင်းလင်း၊ စင်းစင်းကြီးတွေ့ရအောင် ကြံဆောင်ကြီုးစားပမ်းပြီးမှ နန်းမတော်အရှင်ကို လျှေက်တင်သင့်လျှင် လျှောက်တင် ရမှာပဲ" ဟုစိတ်ထဲဝယ် ပိုင်းဖြတ်၍ အတင်အထင် သိမြင် ရန်ထပ်မံချောင်းမြောင်းပြီး တစေ့ တစောင်း မှ အကဲခတ်လျက် ရှိလေသတည်း။
    တစ်နေ့သ၌ မံသကြီးရွားစာသည် ဖဲကန့်လန့်ကာကြားမှ ချောင်းမြောင်းစောင့်ကြည့်နေ ခိုက် အဆောင်တော် မှောင်ရိပ်မှ ပေါ်လာသော မောင်မောင်ငယ်တို့နောက်သို့ ကောက်ကောက်ပါ အောင်လိုက် ပါသွားသော ခင်ခင်ကြီးကို မြင်လိုက်ရသည်တွင် ဘယ်ဆီသို့ခေါ်ယူသွားသည်ကို သိရှိရန် နောက်ယောင် ခံ၍ လိုက်သွားရာ ဘမရာသန မှန်နန်းတော်ဆောင်ကြီး၏ မြောက်ဘက် မှောင်ရိပ်တွင် ပျောက်ကွယ် သွားသည်ကို တွေ့မြင်ရလေ၏။
    မံသကြီးရွာစား ခင်မကြီးသည် ဘမရာသနဆောင်၏ တစ်ဖက်၊ မင်းယောက်ျားများနေထိုင် ရာ အရှေ့ပိုင်းသို့ မိန်းမများ အကြောင်းမဲ့ သွားလာခြင်းမပြုရသော စည်းကမ်းအတိုင်း ဤတွင်ရပ် ဆိုင်း၍ ပြန်ခဲ့သည်တွင် စိတ်မကျေသေးသဖြင့် နန်းမတော်ဆောင်သို့ ခပ်သုပ်သုပ်ပြန်လာပြီး အရေးတကြီးပင် ပုဆိုး တစ်ထည်ရှာ ပ၀ါကို ကပျာကယာပေါင်းလိုက်လျက် ရုတ်တရက် ယောက်ျား  တစ်ယောက် သဏ္ဍာန် ကို အမြင် ပြောင်းလိုက်ကာ ဘမရာသန အဆောင်တော်ကြီ၏ အရှေ့ဘက် သို့ သွက်လက်စွာ လိုက်သွားပြီး ဇေတ၀န်ဆောင်တော်သို့ ကူးထားသည့်စနုဆောင်လက်ရမ်း အမှောင်လွှမ်းသောနေရာက ပန်းခုံတော်ဘက် သို့ မျှော်မှန်းကြည့်ရှုလျက်နေလေ၏။
မြောက်ဘက် ပန်းခုံတော်မှာ သာယာထိန်လင်းသော လမင်း၏ရောင်ခြည်က စပယ်မြတ်လေး တတိုင်းမွှေး များကို ငွေရည်ဖြင့် ရွှန်းစိုအောင် သွန်းလောင်းထားလေ၏။
မြသား ကဲ့သို့ စိမ်းလဲ့သော မြတ်ခင်းပြင်ရှိ သဉ္စာလီကြာကြွပေါ်တွင် လျောင်းတော်မူနေသော သီပေါ ရွှေနန်းရှင် ဘုရားနှင့် အနီးအပါးမှ ခစားနေကြသော လက်သုံးတော်များကို ယောက်ျားအသွင် သဏ္ဍာန် ဆင်ထားသော မံသကြီးရွားစားသည် အထင်အရှားတွေ့မြင်ရလေ၏။
သို့ရာတွင် သီပေါရွှေနန်းရှင်ဘုရား၏ အနီးအပါး၌ မိန်မတစ်ဦးတစ်ယောက်မျှမရှိ၊ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ကိုလည်း မမြင်သဖြင့် အထင်နှင့်ကွာခြားနေသည်ကို စဉ်စား၍ ရင်ဖိုသွားမိသည်။ ထိုခဏတွင် ပန်းခုံတော်တစ်ဖက်မှ ရုတ်တရက် ပေါ်လသော လူရိပ်သုံးခုကို တွေ့မြင်ရသောကြောင့် တအောင်မျှ စိုက်၍ကြည့်လိုက်သောအခါ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်ဖြစ်၍ အလယ်မှ လိုက်ပါ လာသူမှာလည်း ဒိုင်းခင်ခင်ကြီး မဟုတ်ဘဲ ရဲဘက်တော် အမှုထမ်း ရွှေဓားဆွဲ အရာရှိ ယောက်ျားပျို တစ်ဦး ဖြစ်နေသည်ကိုသာ တွေ့မြင်ရလေ၏။
မံသကြီးရွားစားသည် မိမိအထင်မှား အမြင်မှား ရှိမိသည်များကို နောင်တတရားရစွာဖြင့် ငေးကြည့် နေရာ၊ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် အလယ်ကပါလာသော ရွှေဓားဆွဲအရာရှိ ယေက်ျားပျို နှင့် အတူ ရွှေနန်းရှင်ဘုရား အပါးတော်သို့ ကြို့ကြို့ယို့ယို့ ၀င်ရောက်ခစားကြသည်ကို တွေ့ရပြီး အချိန် အနည်းငယ် ကြာသောအခါ  သီပေါရွှေနန်းရှင်ဘုရားသည် ရွှေဓားဆွဲ အမျှုထမ်း ယောက်ျားပျိုအား နောက်တော်ပါးမှ လိုက်ပါစေလျက် ပန်းခုံတော်၏ မြောက်ဘက်တွင်ရှိသော ချိုးရေတော်ဆောင်ဆီသို့ ထွက်ချီ ကြွသွားတော်မူသည်ကို တွေမြင်ရလေ၏။
"ဘုန်းတော်ကြီးလှသော  ရွှေနန်းရှင်ဘုရားကို ငါအထင်မှားမိပါကလား၊ ဘုရား………ဘုရား" ဟု ရင်ကိုမ၍ တသသ ရေရွတ်နေမိစဉ် မိမိအပါးသို့ ဘွားခနဲ ရပ်လာသော မောင်မောင်တုတ်ကို ရုတ်တရက် မြင်လိုက် ရသဖြင့် ဒိတ်ခနဲ ရင်ခုန်သွားမိလေ၏။ ထို့နောက် မိမိကိုတွင် ယောက်ျားအသွင် ၀တ်ဆင် လာခဲ့မိသည့် အတွက် ဣနြေ္ဒမပျက် ရပ်မြဲရပ်နေလိုက်သည်တွင် မောင်မောင် တုတ်မှာ  မံသကြီး ရွာစား၏ မျက်နှာကို ပြုံးစိစိကြီးကြည့်ပြီး၊ "အမယ်ရဲဘက်တော် အမူထမ်းကြီး တစ်ယောက်တည်းပါကား၊ ဒီမှာ ဘာများ လာလုပ်နေပါလိမ့် ဟား………ဟား……..ဟား သိပြီသိပြီ တန်တော့ အပျိုတော် ကလေး များရှိရာကို  သွားရစ် မယ်လို့ အလစ်ချောင်းထွက်လာထင်တယ်" ဟု ဆိုကာ ပခုံးကို နာနာကြီး ပုတ်ခတ် ကစားသွားသောကြောင့် အောင့်သက်သက်နှင့် ကြိတ်ခံလိုက်ရ သောမံသကြီးရွားစားမှာ စပ်ဖျင်းဖျင်းကြီး နာကျန်ရစ်သည့် မိမိပခုံးကို နှိပ်ရင်း "သေခြင်းဆိုးကြီး" ဟု အံကြိတ်ခါ ရေရွတ်လျက် နန်းမတော် ဆောင်ဘက်သို့ လှည့်ပြန်၍ ထွက်သွားလေလျှင် ကြက်ရုံးနှစ်ပင်ကြားမှ နှစ်ယောက်သား ကြိတ်ရယ် နေသော မောင်မောင်ငယ်နှင့် မောင်မောင်တုတ် တို့မှာ"ဘာရမလဲ ခင်မကြီးရာ၊ ဒါ မောင်မောင်တုတ်တဲ့၊ ပါးတဲ့နေရာမှာ လှစ်လှစ် လှစ်လှစ်မြည်နေ တယ်" ဟု တီးတိုးပြောလိုက်၍ "ဒါပေမဲ့ ကိုရင်တုတ်ရေ ပေါ့ပေါ့ ဆဆနေလို့ မဖြစ်ဘူးနော်၊ တော်တော်ကြ ဘာမှန်းမသိ ညာမှန်းမသိနှင့် ခင်မကြီး ဒီအထိ လိုက်ကြည့်ပုံထောက်တော့ ကြောက်ရမလိုလိုပဲ၊ ခင်အကြီးကိုလည်း သတိနဲ့နေဖို့ရာ မှာထား သင်ကြား လိုက်ဦးမှ ဖြစ်မယ်"
ဟု မောင်မောင်ငယ်က စိုးရိမ်စွာ သတိပေးမိလေ၏။
ညဥ့်သုံးယံအပြောင်း ရွှေမောင်းနရီ၊ အချိန်မှန်မြည်လိုက်လျှင် အိပ်ငိုက်လျက်ရှိသော မောင်မောင် ငယ်တို့ အပါးသို့ ယောက်ျားကလေးအသွင် ၀တ်ဆင်ထားသူ ဒိုင်းခင်ခင်ကြီး ရောက်ရှိလာလေ၏။
"သြော်……..အစ်ကို………အစ်ကို နှမကလေးအတွက် အိပ်ပျက်၊ စားပျက်နှင့် အင်မတန် ဒုက္ခခံ လျက် နေရှာ တယ်"
ဟုကြင်နာစွာ ပြောမိပြီး ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားအတွက် ဆိုလျှင်လည်း အသက် ကိုပင် ပုံ၍ ဆက်နိုင်သူများပီပီ ဤမျှချမ်းအေးသော ရာသီဥတု၏ ဒဏ်လောက်မျှကို အမူမထားဘဲ ပန်းခုံတော် အတွင်းရှိ ခင်းထားသော ခုံတန်းလျားပေါ်မှာ ပုဆိုးခါးပုံကို ခေါင်းမြီးခြုံရင်း လင်းအားကြီး အချိန်တိုင် နေ့စဉ်နှင့် အမျှ ထိုင်၍ရှာခဲ့ရှာကြသူ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ အနီး သို့ကပ်ကာ ယုယစွာ နှိုးပြီး-
"ကိုကိုကြီးနှင့် အစ်ကိုတို့ အိပ်လို့ပျော်နေကြပါသလား၊ သွားကြရအောင် ထကြပါတော့"
ဟုဆိုကာမှ နှစ်ယောက်လုံး ပုဆိုးခါးပုံထဲမှ ခေါင်းဖော်၍ ကြည့်ကြပြီး "သြော်………ခင်အ်ကြီးလား၊ ကဲ…… သွားသွား အဆောင်တော်ကြားမှာ အ၀တ်အစားလဲချေဦး"ဟု မောင်မောင်ငယ်က ပြောလေ၏ မောင်မောင်တုတ်ကလည်း "ဒါနှင့် ခင်ခင်ကြီးရေ ဒီယောက်ျားဝတ်စုံကို လုံလုံခြုံခြုံ သိမ်းထုတ်ထားနော်၊ အဆောင်တော်ထဲကို ယူသွားလို့ ဖြစ်ပမလား၊ မံသကြီးရွာစားတစ်ယောက် တော့ အစ်ကိုတို့ လိုက် စုံထောက်နေပြီ"
ငယ်။    ။ "ဒါဖြင့် ဒီဝတ်စုံကို ခင်အကြီး လုံခြုံအောင် သိမ်းဆည်းတတ်မယ် မထင်ဘူး၊ အရှေ့ပိုင်း ကူးမိမှ လဲ၍ ၀တ်ရမည့် အတူတူဖြင့် ကျုပ်တို့ပဲ ယူသိမ်းထားလိုက်ကြပါစို့"
တုတ်။    ။ "ဟုတ်တယ်၊ ဒီနေ့ကစပြီး ကျုပ်တို့က သိမ်းထား၊ ပန်းခုံတော်အတွင်းမှ ထုတ်ဆင်ပါ၊ ဒါမှ မံသကြီး ရွာစားကို မျက်စီလှည့်စားနိုင်မယ်"
ခင်ခင်ကြီး။    ။"ဘယ့်နှယ်ဖြစ်ကြတာလဲ အစ်ကိုတို့ရဲ့၊ အစကတော့ ဘာမှစိုးရိမ်စရာ မရှိဘူးဆို၊ ခုလိုပုံဖြင့် ကြောက်စရာကြီးပါကလား၊ မံသကြီးရွာစားကို ခင်အများကြီးလန့်တာပဲ"
ငယ်။    ။"အစ်ကိုတို့လည်း ဒါကိုပဲ ပြန်လို့စုံစမ်းရရပါဦးမယ်၊ မံသကြီးရွာစားက သူ့သဘောနှင့်သူ သိချင်၍ စုံစမ်းခြင်းးလား၊ အကယ်၍သိလျှင် အသျှင်နန်းမတော်ဖုရားကို မတော်မတရား ကုန်းချောလျှောက်တင်ဖို့ပင် ဖြစ်လေမလားဆိုတာကို စုံစမ်းစရာဖြစ်လာပြန်တယ်"
တုတ်။    ။"မံသကြီးရွာစားက ခင်အကြီးရဲ့အပေါ်မှာ မလိုတမာစိတ်ထား ရှိများနေသလာ မတွေး တတ်ပါ၊ လူဆိုသည်မှာ ကိုယ်ထက်သာလျှင် မနာလိုချင်တဲ့ မစ္ဆရိယတရား ရှိတတ်တာပဲ၊ နို့ပြီး တော့လည်း မံသကြီးရွားစားဟာ အရှင်နန်းမတော်ဖုရားပေါ်တွင် အင်မတန် မျက်နှာလိုအားရ ပြုတတ်လေသည်။
ငယ်။    ။"တကယ်ဆိုလျှင် ရွှေနန်းရှင်ဘုရားတစ်ပါးလုံး အစ်ကိုတို့ဘက်က ရှိပါသည်၊ ဘာမှမပူပါ နှင့်ခင်ရယ်၊ သို့ရာတွင် ခင်မကြီးရဲ့ အတွင်းသဘောကိုသိရန် သတိဝိရီယနှင့် နေထိုင်ပါ၊ ခင့်ကို သူက ဘာပဲ မေးမေး အဖြေမပေးနှင့်နော်။
ကြီး။    ။"သြော်……..ဒါမှခက်တာပါပဲ၊ ခင်ကလည်း လိမ်လို့မပြောတတ်ဘူး အစ်ကိုရယ်၊ ခင်ကြီး ဘယ်သွားတာလဲလို့မေးလျှင် အစ်ကိုတို့ လာခေါ်လို့ ပန်းခုံတော်ကို လိုက်သွားရပါသည်လို့ မပြောရ ဘူးလား"
ငယ်။    ။"မပြောပါနှင့်၊ သူ့သဘောက မလိုလားလျှင် အခက်သားခင်ရဲ့"
ကြီး။    ။"ဒါဖြင့် ဘယ်လိုပြောရမယ်ဆိုတာ သင်လို့ထားကြပါ၊ ခင့်သဘောနဲ့တော့ ကြံဖန်လို့ မပြော တတ်ဘူး အစ်ကိုရဲ့"
တုတ်။    ။"ခင့်အစ်ကိုများနှင့် ကိစ္စရှိလို့ လိုက်သွားရပါသည်လို့ ပြောလိုက်တာပခင်ရယ်"
ကြီး။    ။ ဘာကိစ္စလဲလို့ တစ်ဆင်မေးလျှင် ခင်မဖြေတတ်တော့ပါ၊ ခက်လိုက်တာအစ်ကိုရယ်၊ ရွှေနန်းရှင် မောင်မောင်ဘုရားကလည်း ခင်ကြီးကို သနားတယ်ဆိုဆိုပြီး ဘယ်လိုမှ စီမံတော်မမူ သေးပါကလား။ ဒီခြေကျမှ အရှင်နန်းမတော်ဖုရားက ကြည်ဖြူတော်မမူလျှင် ခက်တော့မှာပဲ၊ ခင်ကြီးကလည်း ရွှေနန်းရှင် ဘုရားကို သိပ်ချစ်သိပ် အားထားမိပြီး၊ တစ်နေ့မမြင်ရလျှင် အင်မတန် စိတ်ဆင်းရဲလှပါသည်၊   အချိန်ကျ မှဖြင့် ဖူးမျှော်ချင်တဲ့ဆန္ဒက ပြင်းပြင်းပြပြဖြစ်ပြီး ကိုကိုကြီးတို့ အစ်ကိုတို့ လာ၍ခေါ်ကို လည်းပင်း တရှည်ရှည်နှင့် မျှော်လင့်လို့ချည်း နေမိတာပဲ။
ငယ်။    ။"ကဲ…….ကဲ…..စိတ်မဆင်းရဲပါနှင့် ခင်ရယ်၊ အစ်ကိုတို့ရှိပါတယ်၊ ရွှေနန်းဘုရားကို အကျိုး အကြောင်း လျှောက်ထားပါဦးမယ်"
ဟုဆို၍ ခင်ခင်ကြီးအား သူ၏အဆောင်ရှိရာသို့ လိုက်ပို့ကာ လူချင်းခွဲခွာသွားကြလေ၏။
မံသကြီးရွာစားလည်း အဆောင်တော်သို့ ရောက်သောအခါ အ၀တ်အစားများ လဲလှယ်လျက် ဒိုင်းခင်ခင်ကြီး ပျောက်ချက်ဆန်းပုံကိုသာ မခံချည့်မခံသာ ဖြစ်၍နေသောကြောင့် ခင်ခင်ကြီး ပြန်အလာတွင် တစ်ခါတည်း ရင်ဆိုင်တွေ့နိုင်ရန် အဆောင်တော်လက်ရမ်းအကွယ်မှ ထိုင်စောင့်နေ လေ၏ သို့ရာတွင် သန်းခေါင်ကျော်လာသည့်တိုင်အောင် အရိပ်အယောင်ကိုမျှမမြင်ရသောကြောင့် ကြာသော် အိပ်ပျော်ခြင်း သို့ ရောက်ခဲ့လေ၏ သို့ရာတွင် နံနက်စောစောစီးစီး ခင်ခင်ကြီး အိပ်ရာသို့ စိတ်မကျေနပ်စွာ သွားရောက် ကြည့်ရှုရာ ခင်ခင်ကြီးမှာ အိပ်ရာကနိုးသဖြင့် ကြိုးထဘီအ၀ါချိတ် ကိုဝတ်ကာ မှုန့်နံ့သာများပင် မှန်တင်ရှေ့ တွင် ခြယ်လှယ်လျက်ရှိနေသည်ကို တွေ့မြင်ရလေစ၏။
ခင်မကြီး။    ။" အို……….ညီမလေး ဒိုင်းခင်ခင် နိုး၍ပင်နေပြီလား၊ ညဥ့ှ်ုဦးက ဘယ်ကိုထွက်၍ သွားသလဲ၊ မမ ရှာလိုက်တာများ အဆောင်တော်လုံး နှံ့နေတာပဲ"
ဒိုင်းခင်။    ။ "မကြာပါဘူး မမရယ်၊ ခဏနှင့် ပြန်လာပြီး ခင်ကြီး ခေါင်းကိုက်လို့ဝင်အိပ်လိုက်ပါသည်၊ မမသာ နောက်တစ်ခါ ၀င်ရှာလျှင်တွေ့မှာပါပဲ"
ဟုမျက်နှာမထားတတ် ထားတတ်နှင့် တတ်သမျှ မှတ်သမျှ ပြောလိုက်ရသည်တွင် မံသကြီး မှာလည်း နရီးနယား ဖြစ်ကာ "ဟုတ်ချင်လည်း ဟုတ်မှာပါပဲလေ၏" ဟု တွေးနေမိသည်။ ခင်ခင်ကြီးလည်း မံသကြီး ရွာစား ယုံကြည်ပုံရသွားသောအခါ-
"မမ ဘာများခိုင်းတော်မူချင်လို့ပါလဲ၊ ခင်မကြီးကလည်း မမ ခို်င်းတော်မူမှာကို လုပ်လို့ပေးချင် လိုက်တာ တစ်ပိုင်းကြီး ရှုးနေပါတယ် မမရယ်"
"အေးအေး ……..ညီမလေးက လိမ္မာလိုက်တာကွယ်၊ မမမယ် ခိုင်းစရာ မရှိပါဘူး၊ သိလိုတဲ့ကိစ္စက ညီမလေး ဒိုင်ခင်ခင် အပြင်ကို မကြာခဏ ထွက်ထွက်သွားတယ်လို့ ကြားသိရတဲ့အတွက် အပျက် အပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသလို အပျိုတော်တစ်ဦးတစ်ယောက်ဟာ တာဝန်မဲ့ထွက်ဝင်း သွားလာ နေလျှင် နောင်ခါ ရာဇ၀တ်တော် မကင်းတဲ့ အမှုအခင်များဖြစ်ပွားလာမည် စိုးရိမ်ရသည် ညီမရဲ့၊ ဒါနဲ့ မမ ကိုယ်တိုင် ဟုတ်မဟုတ်ကို သိလိုသဖြင့် ညီမလေးနှင့် မောင်မောင်ငယ်တို့ အတူ ထွက်သွားသည်ကို မျက်မြင် လာကြည့်ပါသည်၊ ဘယ်ကိုလိုက်၍သွားတာလဲ ညီမလေးရဲ့"
ဒိုင်းခင်။    ။ "မမရယ်……..ညီမလေးမှာ ဒီအစ်ကိုတစ်ယောက်ကို အင်မတန်ချစ်ပါတယ်၊ အမိန့်တော် ကိုမလွန်ဆန်သာလို့သာ ရှေ့တော်မှာ လာရောက်ခစားရပေမဲ့ အိမ်က မေမေဘုရားနဲ့ အစ်ကို တို့ကို အားကြီး လွမ်းဆွတ်ပါသည်။ မကြာမကြာ ပြန်ဖို့ရာလည်း အမိန့်တော်ခံရမှာရကို ကြောက်လန့် တာကြောင့် အလှည့်ကျ တဲ့ညအခါမှာ အစ်ကိုက ခဏလာလာခေါ်တာနှင့် လိုက် သွားပါသည် မမရယ်"
ကြီး။    ။"ဒီအတိုင်းမှန်ရင်တော့ အပြစ်တင်ရန် မရှိပေ ညီမရယ်၊ ယခုလက်ထက်တော်က ရွှေနန်း တော်ကြီးမှာ စည်းကမ်းသာလို့ ကြီးသည်ဆိုတာ ညီမလေး သိစရာ သတိပေးမည်၊ ဟိုတစ်လောဆီ ကအနောက်ပိုင်း က မင်းသမီးတစ်ပါး တိတ်တိတ်ပုန်း ရည်စားထားလို့ အမှုသွားပေါ်ပြီး ရာဇ၀တ် တော်ခံရ သည်ကို စံပြနမူများထားနော်"
ဒိုင်းခင်။    ။"ကောင်းပါပြီ မမ ညီမလေးမှာ အစ်ကိုတို့ မေဖျားတို့ကို လွမ်းဆွတ်ကလေးမှ မပြုဝံ့ ကြောင်း မမကို ကောင်းကောင်းကြီး အာမခံပါတယ်၊ ဘယ်လိုမှ အထင်လွဲတော်မမူပါနဲ့"
ကြီး။    ။"ဒါဖြင့် ကောင်းလှပါပြီတော်၊ မမက ညီမလေးကို ချစ်ခင်လို့ ကြိုတင်သတိပေးခြင်းပါ၊ ကိုင်း………ဒါပါပဲ မမလည်း အဆောင်တော်ပြန်လိုက်ဦးမယ်"
ဟုဆိုတာ မံသကြီးရွာစားသည် နန်းမတော် ဆောင်ကြီးသို့ ပြန်လာခဲ့လေ၏။
သို့ရာတွင် သင်္ကာယနမကင်းချင်သော စိတ်မှာ အဆိပ်တက်သလို တဖျင်းဖျင်းတက်၍ နေသော ကြောင့်စောင့်၍ဖမ်းရာတွင်လည်း မောင်မောင်တုတ်တို့၏ နည်းပရိယာယ်ကြောင့် အလွယ်နှင့် မမိ နိုင်ဘဲ ရှိခဲ့ရာ မံသကြီးရွားစားသည် နောက်တစ်ခါ အရှေ့ပိုင်းသို့ ယောက်ျားအသွင်ဖြင့် ကူး၍အလာ ၌ ပန်းခုံတော်မရောက်မိပင် အပြင်မှာ တကယ့် အိပ်ဖန်တော်လှည့်သမား မောင်မောင်တုတ်၏ တပည့်များ ဖြစ်သည့် ရဲဘက်အမှုတော်ထမ်း ယောက်ျားအစစ်များ ရောက်လာပြီး မံသကြီးရွာစားကို မသင်္ကာသလို ၀ိုင်း၍စစ်ဆေးမေးမြန်ကာ အိပ်ဖန်တော်သား အစစ်မဟုတ်လျှင် နောက်တစ်ခါမလာ ရန် မောင်းမဲ ခြိမ်းခြောက်လွှတ်လိုက်ကြသောကြောင့် မတော်တဆမိန်းမမှန်း သိသွားကြလျှင် အင်မတန် ရာဇ၀တ် မှုကြီးဖြစ်တော့မည်၊ မင်းမိန်းမပိုင်းကို ယောက်ျားကူးလျှင် ဒူးဖြတ်ခံသကဲ့သို့ မင်းယောက်ျားပိုင်းကို မိန်းမ ကူးလျှင် ဒူးဖြတ်ခံရပြီး အပျိုတော်ရင့်မကြီး နာမည်ပျက်လေဦးတော့ မည်ဟု စိုးရိပ်မိကာ နောက်တစ်ခါ အရှေ့ပိုင်းသို့ ယောက်ျားယောင်ဆောင်ကာ မကူးဝံ့ဘဲ အဆောင်တော်ထဲမှာသာ အကြိတ်အခဲနှင့် အရိပ် အကဲကြည့်နေရတော့သည်။
ဤသည်တွင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် မံသကြီးရွာစား၏ရန်ကို  အိပ်ဖန်တော် ကင်း သမားများနှင့် တစ်ပတ်လှည့်၍ တွန်းလှန်လိုက်ရသဖြင့်  သက်သာခွင့်ရရှိသွားကြရာ နန်းမတော် ဆောင်ရှိရာသို့ တစ်ခါတစ်ခါမှသာ သူတို့ကိုယ်တိုင် ခင်ခင်ကြီးကို လာခေါ်ကြတော့ လျက် အများအားဖြင့် ပန်းခုံတော် ဘက်မှ ချိုးမှုတ်သံနှင့် အချက်ပေးလိုက်သောအခါ ခင်ခင်ကြီးက သာရှေ့ပိုင်းသို့ အမှတ်တမဲ့ ကူးသွား ရသည်အထိ ချောင်ချောင်ချိချိဖြစ်လာပြန်တော့၏ သို့ရာတွင် အမှုမဲ့ အမှတ်မဲ့မနေ သတိကို လက်မလွတ်စေဘဲ ရှိနေခဲ့ကြသလို ခင်ခင်ကြီးကိုသာ အရိပ်ကြည့် လာခဲ့သော မံသကြီးရွာစားမှာလည်း မိမိမသင်္ကာမှုကို မျိုသိပ်မထားနိုင်တော့ဘဲ အရှင်နန်းမတော် ဖုရားအား လျှေက်ထား သံတော်ဦး တင်မိ လေ၏။
နန်းမတော်ဖုရားလည်း စဉ်စားတော်မူကာ "ခင်မကြီးရဲ့ မင်း သံတော်ဦးတင်တဲ့ အတိုင်းဆိုလျှင် ဒိုင်းခင်ကြီးဟာ သူ့အစ်ကိုနှင့် လိုက်သွားတာပဲ၊ ရွှေနန်းရှင်နဲ့လည်း ပတ်သက်သည့်ကိစ္စရယ်လို့ ယူဆရန် ခက်နေတယ် ဆိုတော့ ဘယ်လိုတွေးရမည်လဲ"
ကြီး။    ။"ဘုရားကျွန်မလည်း ဒီဟာကို ၀ိဝါဒကွဲအောင် ယောက်ျား ယောင်ဆောင်၍ လိုက်ခဲ့ဖူးပါ သည်။ တစ်ခါ မှ မသင်္ကာဖွယ်ရာ မတွေ့ခဲ့ပါ။ ဒီလိုနှင့်သာ ကြာတော့ ဖျကျွန်မကို အိပ်ဖန်တော်သားတွေ ၀ိုင်း စစ်ဆေး လို့ ကြောက်ကြောက်နှင့် လှည့်ပြေးခဲ့ရပါသည်၊ နောက်တစ်ခါ မကူးဝံ့ကြောင်း ပါဘုရား"
နန်းမတော်။    ။"ကိုယ်တော်တိုင် စုံစမ်းလျှင် ပိုလို့ပင် လျှို့ဝှက်သွားကြပေလိမ်မ်မယ်၊ သင်းအိမ် ကိုခင်တွယ် လို့ တကယ်ပင် သွားတွေ့ကြသည်ထားဦး များလွန်တော့ ယုံကြည်ရန်ခက်သည်ကွဲ့"
ကြီး။    ။"ဘုရားကျွန်မတော့ ဘယ်နှယ့်ပင်ရှိညအခါ အပါးတော်မှာ ခေါ်ထားပြီးစောင်စားလို့ ကြည့်ရလျှင် သူ့ အကြော ရိပ်မိရန် ရှိကြောင်းပါဘုရား"
ဟု လျှောက်ထားသောကြောင့် နောက်တစ်နေ့ကစပြီး ခင်ခင်ကြီးတို့ အပျိုတော်တစ်သိုက်အား နန်းမတော် ဖုရားက အပါးတော်ခစာလျက် ညဘက်တွင် အမှုတော်ထမ်းစေဟု ခေါ်ယူမူလိုက်လေ သတည်း။
အခြားသော အပျိုတော်များမှာ ညနှင့်နေ့ပြောင်းလျက် အမှုတော်ထမ်းရွက်ရစေကာမူ တစ်စုံတစ် ရာထုးခြား ခြင်းမရှိကြပေ၊ ဒိုင်းခင်ခင်သာလျှင် သံယောဇဉ် အမျှင်မပြတ် မေတ္တာနှောင်ကြိုးက လွှမ်းမိုး ရစ်ပတ်စ အခါ အရွယ်ကလည်း ငယ်လှရှာ၍ အမှုအရာပျက်ပြီး သက်မကြီးမကြာမကြာ ချမိ ရှာတော့သည်။
ဤတွင် တစ်ထောင့်တစ်နားက အလစ်ကိုစောင့်စာနေသော ခင်မကြီးလည်း မျက်စိမလပ် အကဲ ခက်လျက် ရှိလေ၏ သို့နှင့် အရှေ့ပိုင်း မှန်နန်းတော်ကြီးဆီမှ ညညီလာခဲ့စဲချိန်ရောက်လတ်သော် မြောက်ဘက် ပန်းခုံတော်ဆီမှ "တကူးကူး-တကူးကူး"ဟု ထူးထူးခြားခြားချွဲချွဲပစ်ပစ် ကူနေသည့် ချိုးမှုတ်သံမှာ ခင်ခင်ကြီး၏နားကို မခံသာအောင် ကလိသကဲ့သို့ မချိတင်ကဲ ဖြစ်၍လာပြန်လေ သည်။
မြောက်ဘက်ပန်းခုံ စပယ်ရုံအကြားမှ ချိုးမှုတ်သံ အချက်ပေးလိုက်လျှင် ရွှေနန်းရှင်အပါးတော် မရောက် လာအောင်လား မလောက်လား မလောက်စားနှင့် အရောဝင်လို့ အရိုသေတန်တယ်လို့ ထင်မှတ်တော် မူသွားတယ်မယ်၊ ငါ ဘယ်လိုလုပ်၍ ထွက်ရပါမည်လဲဟု စိတ်ထဲတွင် ကြိတ်၍ပူကာ ကျီးကန်းတောင်မှောက် ထွက်ပေါက် ကိုရှာလျက် မျက်လုံးခြာခြာလည်၍ နေရှာလေတော့သည်။
မံသကြီးရွာစားသည် ချိုးမှုတ်သံနှင့် ခင်ခင်ကြီး ဂနာမငြိမ်ပုံကို နန်းမတော်ဘုရာအား မျက်လုံးနှင့် လျှောက်ထားလိုက်လျှင် အရှင်နန်းမတော်ဖုရားကလည်း အကင်းပါလှသော မံသကြီးရွားစားကဲ့သို့ ပင်မျက်ရိပ် ပြတော်မူလိုက်ပြန်လေ၏ ဒိုင်းခင်ခင်ကြီးမှာ မံသကြီးရွာစား၏ ပိုက်ကွန်ချက်ကို မရိပ်မိ ရှာဘဲချိုးမှုတ်သံနားထဲသို့ ၀င်လာလေမျှ တရိုးရိုးတရွရွဖြစ်လျက် တသက်သက် စိတ်မော၍သာ နေတော့သည်။ အတန်ကြာလျှင် ချိုးမှုတ်သံမှာ တစ်ချက်နှင့်တစ်ချက် အဆက်ချင်းဝေးကွားပြီး တစ်ခါ တည်း ဆိတ်သုဉ်းပျောက်ကွယ်သွားလေ၏။
ဤတွင်လည်း ခင်ခင်ကြီးမှာ ပိုမို၍ မနေတတ်မထိုင်တတ် အိမ်မြှောင်အမြီးပြတ်သလို တစ်ခါခါ ဘယ် နှင့် ညာ ဒူးနှစ်ဖက်ကို မကြာမကြာ ပြောင်းရွှေ့ထိုင်မိပြီလျှင် ရင်ကိုမိလိုဖိ ခါးကိုလိမ်လိုလိမ် အငြိမ်မနေနိုင် ဖြစ်နေသောအခါ အရှင်နန်းမတော်ဖုရားက စိမ်စိမ်းစားစား ကြည့်တော်မူပြီး "ဟဲ့… .ခင်ကြီး ဘာဖြစ် နေသည်လဲ၊ ငြိမ်ငြိမ်ပဲ မနေနိုင်ပါကလား" ဟု ပကတိ မျက်နှာထားရိုးရိုး နှင့်မိန့်တော် မူလိုက် သောအခါ ကပျာကယာ ဥာဏ်ဆင်၍ လျှောက်တင်ရန် အမချက်ရှာပြီး -
"မှန်လှပါဘုရား၊ အရှင်အပါး ခစားနေရင်း အပြင်းအပြ ရင်ဘက်ထဲက နာလှပါသောကြောင့် မလျှောက်တင်ဝံ့၍ ရွံ့လျက်ခစားနေရကြောင်းပါ၊ သနားတော်မူပါသဖြင့် အခွင်ပေးတော်မူလျှင် ၀ဲဆောင် တွင် ခေတ္တသွားပြီး ဆေးတစ်ခွက်မျှ စားရပါမည့်အကြောင်းပါဘုရား"
ဟု ခင်ခင်ကြီးက လျှောက်တင်လိုက်လျှင် အရှင်နန်းမတော် ပြုံးတော်မူကာ-
"သွားပါစေကွယ် ခင်မကြီးရယ်၊ မင့်ကိုယ်တိုင်လိုက်ပြီး ဆေးများတိုက်ချေပါ"
ဟု ခေါင်းတော်ညိတ်လျှင် စိတ်တော်သိပြီးဖြစ်သူ မံသကြီးရွာသားအား စေပါးတော်မူလိုက်ပြီး ကြာခြည်တော် ထဲသို့  ကြွဝင်တော်မူသွားလေ၏။
"ကဲ…လာ…..လာ ……ညီမလေး ဆေးသောက်ရအောင်၊ အဆောင်ကို လိုက်၍ပို့မည်" ဟု မံသကြီး ရွားစားကဆိုလျှင် ခင်ခင်ကြီး ရုတ်တရက်  ဥာဏ်ရပြန်ကာ-
"အားနာစရာကောင်းလိုက်ပါတယ်၊  မမရယ်၊ အရှင်နန်းမတော်ဖုရားက မမကိုယ်တိုင် ညီမလေးကို အရေးယူတော်မူခိုင်းပေမဲ့ ဒုက္ခရောက်တော်မူပါနှင့် မမရယ်၊ ညီမလေးဘာသာဆေးရှာ၍ သောက်ခဲ့ ပါမည်၊ ဒီနေရာကသာ စောင့်တော်မူပါ" ဟု ပြောလိုက်သောအခါ ဒီတစ်ခါသင်းကို မိအောင်စောင့်၍ ကြည့်တော့ မည်ဟု အကြံအစည်နှင့် လိုက်လာခဲ့သော မံသကြီးရွာစားက-
"ကဲ……ဒါဖြင့် သွားပါလေ၊ ညီမလေး ဆေးသောက်ပြီးရင်သာ မြန်မြန်လာ၊ မမ ဒီမှာတင် စောင့်၍ နေမည်" ပြောကာ အဆောင်တော် လေသာမှ ဆေးပေါ့လိပ်သောက်ကာ ချန်နေရစ်လေ၏။ ခင်ခင် ကြီးလည်း  နှောင်အိမ်ထဲက လွှတ်လိုက်သော ငှက်မကလေးအလား ၀ဲဆောင်ဆီသို့ ခပ်သွက် သွက်ပြေးတဲ့၍ သွားဟန်ပြုလျက် မှောင်ရိပ်ဘက်သို့ စောင်းငဲ့မျှော်ကြည့်ပြီး "အစ်ကိုကြီးတို့တော့ ချိုးမှုတ်သံပေးရက်နှင့် လာချိန်တန်လို့ မရောက်ပြန်ရင် လိုက်လာတော့မှာ အမှန်ပင် ရွှေနန်းရှင် ဘုရားကိုလည်း ကျပ်ကျပ် တည်းတည်း နေရတဲ့ ငါ့အဖြစ်ကို သံတော်ဦးတင်သူ မရှိလျှင် သိတော်မူ မယ်မဟုတ်ဘူး"ဟု စဉ်းစား စိတ်ကူးနေစဉ် ဒရင်စွန်းအရိပ်ကျနေသော အဆောင်တော်မှောင်ကွယ် တစ်မှ မောင်မောင်ငယ် တစ်ယောက် တည်း ထွက်လာသည်ကို တွေ့မြင်ရလေ၏
ခင်ခင်ကြီး လည်း မောင်မောင်ငယ်ကို  အဆောင်ရိပ်မှ တိတ်တဆိတ် လက်ရပ်၍ခေါ်လိုက်ပြီး တီးတိုး လေသံနှင့်-
ကြီး။    ။ "အစ်ကိုရေ…..ခင်တော့ ထွက်ပေါက်မရလို့  ဒီညမလာနိုင်တော့ဘူး၊ အဲဒါ………အဲဒါ  သံတော်ဦး တင်လိုက်ပါ"ဟု အမောတကြီး ပြောလေရာ-
ငယ်။    ။ "အစ်ကိုတို့လည်း ခင်ရောက်မလာတဲ့အတွက် ထူးခြားတဲ့ကြောင်းအချက်တစ်ခုခု ရှိတယ်ထင်လို့ တမင် လာ၍ မေးပါသည်၊ ဘယ်လိုအရေးကြောင့်ပါလဲ ခင်ရယ်"
ကြီး။    ။အရှင်နန်းမတော်ဖုရားက အပျိုတော်တစ်သိုက်ကို ညဥ့်အလှည့်ပြောင်း၍ ခစားဝင်စေ သဖြင့် ထွက်ခွင့်မရတော့ဘူး အစ်ကိုရယ်၊ ဘယ်တော့မှ အလှည့်ပြောင်းမှာလဲ မသိရပါ၊ ခင်တော့ ဒုက္ခပါပဲ စိတ်ထဲ ကလည်း အမြဲအောက်မေ့လွမ်းဆွတ်၍နေပါသည်။
ငယ်။    ။"နို့……အခုထွက်လာခဲ့သည်မျာ ခါတိုင်းလို အစ်ကိုတို့နှင့် လိုက်လာဖို့ မဟုတ်ပါဘူးလား ခင်ရဲ့"
ကြီး။    ။"မဟုတ်ပါဘူး အကိုရဲ့၊ ခင်မလိုက်နိုင်တဲ့အကြောင်း ပြောရုံလေးကိုပင် အင်မတန် လီဆယ်လျက် ခေတ္တခဏလေး ထွက်ခဲ့ရပါသည်၊  ယာဘက်အဆောင်ဆီမှာ မံသကြီးရွာစား မမကိုယ်တိုင် စောင့်၍ နေရစ် ပါသည်။
ငယ်။    ။ "သည်အတိုင်းမှန်လျှင် နက်ဖြန်ညကိုလည်း လာနိုင်ဖို့ အကွက်မပေါ်ဘူးဆိုပါတော့၊ မျှော်တော်မူလှရော့မယ်၊ ဘယ်လိုများ ကြံရဖန်ရပါဦးမလဲ"
ကြီး။    ။"ခင်ကလည်း အပါးတော်ကို လိုက်ချင်လိုက်တာ သေလုပါပြီ အစ်ကိုရယ်၊ စပယ်ရုံ ဟိုချုံ ပုတ်ဆီက ချိုးမှုတ်သံ အချက်ပေးမှဖြင့် ထွက်ခွင့်မရတဲ့ ခင့်ရင်ထဲမှာ အသည်းလန်အူလန်နှင့် အင်မတန် ပူလောင်၍လာပါသည်။ ကိုယ်တော်ဘုရား၏ ကတိစကားကို အားကိုးယုံကြည်လျက် အသက်ရောကိုယ်ပါ လိုရာကိုဆက်ထားတဲ့ တစ်ဖက်သား လူမမယ်ကို ကယ်ဆယ်ထောက်ညှာ တော်မူပါလို့ အစ်ကို့ကိုပဲ မှာလိုက်ပါရစေ၊ ခင်ပြောတဲ့ဟောဒီစကား အဓိပ္ပာယ်တွေဟာ ကဘောက်ချိကဘောကချာမို့ အစ်ကိုတို့ တာဝန် လွှဲပါ့မယ်၊ သာယာနေပျော်ရှိမည့်  စကားနှင့် မှာတမ်းတော် ရေးသားဆက်ပေးပါလား အစ်ကိုရယ်"
ငယ်။    ။"အစ်ကို ဆောင်ရွက်ပေးပါမယ်ခင်ရဲ့၊ မစိုးရိမ်ပါနဲ့၊ နောက်ကိုလည်း အကြောင်းထုးတွေ ရှိသည်ဖြစ်စေ ခင်လျှောက်တင်ချင်တဲ့စကားကိုဖြစ်စေ စာလွှာနှင့် ရေးမှတ်လျက် ဟောဒီအဆောင် တော်ထောင့်ကြားထဲ ထိုးဝှက်ထားပါ၊ အစ်ကိုလာတဲ့အခါ ယူသွားပြီး စကားပြေအောင် စီကုံးတင် ဆက်ပေးပါမည်။
ကြီး။    ။"ကျေးဇူးလိုက်တာ အစ်ကိုရယ်၊ ခင့်ဒုက္ခကို အစ်ကိုတို့ ကယ်ကြပါမှပဲ၊ ခုလိုသာ ကျပ်ကျပ် တည်းတည်း အကြာကြီးနေရလျှင် ရွှေနန်းရှင်ဘုရားကို လွမ်းအားနှင့် ရင်ဖိုပြီး အလိုလို သေမှာပါပဲ အစ်ကို ရယ်"
ငယ်။    ။"အို….လွမ်းတာနှင့်များတော့ သေမသွားစေရပါဘူး၊ အစ်ကိုတို့ကြံစီ ပေးပါ့မယ်၊ တယ်လို့ လည်း မပူပါနှင့် ခင်ရဲ့၊ ကတိတော်ပေးတဲ့အတိုင်း ရက်ကြာကြာမဆိုင်ဘဲ နောက်ပိုင်း အဆောင် တော် မှာ ခင်ပျော်ပျော် နေရပါစေမည်"
ကြီး။    ။"ကောင်းလှပါပြီ၊ ခင်ကြီးတော့ ဒီကိစ္စမှာ အစ်ကိုတို့ကိုသာ အားကိုးစရာရှိပါတော့သည်၊ ကဲ……အစ်ကို ပြန်တော့နော်၊ ခင့်ဖြစ်ပုံကို အကုန်သာ လျှောက်တင်လိုက်ပါအစ်ကိုယ်"ဟု မျက်ရည် ကလေး တလယ်လယ်နှင့် ပြောပြီး ပျာယီးပျာယာနှင့် ပြန်လှည့်လာခဲ့ရာ ဆေးပေါ့လိပ်ကြီး တငေါ့ငေါ့ နှင့် ကျော့ နေအောင်ထိုင်စောင့်နေသော မံသကြီးရွာစားအနီးသို့ရောက်လာခဲ့လေ၏။
"သြော်…….ညီမလေး ဆေးသောက်ပြီးခဲ့ပြီလား၊ ကဲ…….ကဲ၊ လာရှေ့တော်သွားကြစို့"
ဟုပြောကာ မံသကြီးရွာစားသည် ခင်ခင်ကြီးအား အတွင်းတော်သို့ အတူပြန်၍ ခေါ်ခဲ့ပြီးလျှင် ကြာခြည်တော်၏အပြင်မှ ခစားနေစေပြီးနောက် မံသကြီးရွာစားတစ်ယောက်တည်းသာ နန်းမတော် ဖုရား စက်တော်မူရာ ကြာခြည်တော်အတွင်းသို့ဝင်လျက် အနှိပ်တော်ဆက်၍ နေလေ၏။
ရင်တွေမအေး ပူးဆွေးသောက ဖြစ်ရှိရပြန်တော့သည်။ စေတနာထက်ထက်နှင့် ခက်ခဲစွာစွန့်စားခဲ့ ရခြင်းမှ ကျေးဇူးရှင် ရွှေနန်းရှင်ဘုရား၏ အလိုတော်ပြည့်ဝရန်တစ်ချက်၊ အသက်တမျှ ချစ်မ၀သည့် နှမကဲ့သို့တဖြာ ကြင်ယာတော်ကဲ့သို့တနည်း ရွယ်မှန်းပြီးဖြစ်သော ခင်ခင်ကြီး၏ ကောင်းစားမြင့် မြတ်ရေးကို အကျိုး လိုခဲ့သောကြောင့် ပင့်သက်ကိုအောင့်ပြီးလျှင် သခင်နှင့်နှမ ဆက်သွယ်မှုကိစ္စ တွင်အစစ တာဝန်ခံလျက် ဆောင်ရွက်ပေးလိုက်ရသည်။ သို့နှင့်  မိမိတာဝန်ကျေ၍ မျက်နှာလွှဲနေ ချင်ပါသော်လည်း ခရီးလမ်းပန်းက ဆုံးခန်းသို့မရောက်ရသေးဘဲ ယခုကဲ့သို့ အခက်ခဲပေါ်ပေါက် လာပြန်သောအခါ စိတ်မကောင်း အခံရှိရာ တွင် စိပ်ရှုပ်စရာကိစ္စတစ်ရပ်က အပူကပ်၍ လာပြန်ရ တော့၏။
နှမကလေး၏ ကောင်းစားမှုကို စေတနာထုထည်ကြီးကြီးနှင့် စွန့်စွန့်စားစားကြီးပြုလုပ်ရသည်တိုင် အောင် ပိုင်ပိုင် နိုင်နိုင်မရှိဘဲ အရေးထဲအရာပေါ်လာခြင်းမှာ လိုရင်းခရီး သို့မရောက်မိ အနှောင့်အ ယှက်အဖျက် အဆီးများနှင့် ရင်ဆိုင်တိုးနေရဦးမည်လားဟု  စဉ်းစားလိုင်လျှင် ယခင် အတိတ်ခါက မြင်မက်ဖူး သည့် မိမိ အိမ်မက်ကို ရုတ်တရက် ပြေး၍ သတိရမိလေသည်။
ဤကဲ့သို့ ဖြစ်ကြပျက်ကြလိမ့်မည်ဟု တစွန့်တစ်စ စိတ်ကူးရုံမျှ မကူးမိကြသည့် အချိန်အခါက နှမ ကလေး ခင်ခင်ကြီးနှင့်အတူ အပူအပင်မရှိ အိမ်ပြန်ရောက်သည့်အခါတိုင်း ပျော်ပျော်ပါးပါး သွားလာ လည်ပတ် နေချိန်တွင် ထိုအိမ်မက်သည် ရုတ်တရက် ရှေ့ပြေးနိမိတ်အဖြစ် တင်ပြခြင်းလေလားဟု ရုတ်ခနဲ ထိပ်လန့် တုန်လှုပ်မိလေ၏။
ယခုတွေ့ကြုံဆုံစည်းရသော အမှုသွားမှာ အိမ်မက်နှင့် အစင်သား တိုက်ဆိုင်လျက်ရှိသည်။ သာယာသော တောမြိုင်ကြီး အလယ်တွင် ချစ်စဖွယ်ကောင်းလှသော နှမခင်ခင်ကြီးက ဒန်းနွယ်ကြီး စီကာ ပျော်ရွှင်စွာ ရှိနေစဉ် မိမိကလည်း နွယ်ဒန်းကြီးကို တွန်းကာတွန်းကာ စေတနာနှင့် လွှဲ၍လွှဲ၍ ပေးလျက် ရှိရာမှာ တစ်စတစ်စ ကောင်းကင်ထိ မြင့်တတ်သွားပုံ၊ ထိုမှတစ်ဖန် ကောင်းကင်ယံမှာ ပန်းယာဉ်ရထားနှင့် မင်းသား တစ်ပါး ရောက်လာပြီး ခင်ခင်ကြီးကို နွယ်ဒန်ပေါ်မှာ ခေါ်ယူကာ ရထားပျံနှင့်  ဝေဟင်ယံသို့ ဆောင်ကြဉ်း သွားပုံ၊ ထိုမင်းသားမှာ အခြားသူမဟုတ်ဘဲ မိမိအရှင်သခင် သီပေါမင်းသားပင်  ဖြစ်နေသည်ကို တွေ့ရ သည့် အကြောင်းစုံတို့မှာ ယခုအဖြစ်အပျက်များနှင့် တစ်သားတည်း ထပ်တူကျလျက်ရှိခဲ့ရာ အိမ်မက် စခန်းမှာ လမ်းဆုံးထိ တွေး၍လမ်းဆုံးထိ တွေး၍ ကြည့်လျှင် ဒုက္ခဘေးငြိရန် ဖန်လာဦးမည်လားဟု စဉ်းစား မိပြန်သည်။
အိမ်မက်အရ ဆက်လက်တွေးရလျှင် ဝေဟင်ယံတွင် ခင်ခင်ကြီးကို ဆောင်ကြဉ်းသွားသော သီပေါ မင်းသား၏ ပန်းယာဉ်ပျံရထားသည် ထက်အဇဋာ အာကာတိမ်လိပ် မှိုင်းချိပ်ချိပ်၌ တရိပ်ရိပ် ပျံသန်းလျက် ရှိရာမှ ရုတ်တရက် ရှောင်သခင် တိမ်မဆင်မြူမသန့်းဘဲ လေနီကြမ်းကြီးရမ်းလာမည့် ပမာကြီး စွာသော ငှက်ဂဋုန်ကြီး တစ်ကောင်သည် တောင်ဟုန်သံပေးပြီး တိမ်ကြားထဲမှ ပေါ်ထွက် လာကာ ပန်းယာဉ်ပျံ၏ အထွတ်ကို ခြေဖြင်ကုတ်လျက်  နှုတ်သီးမှ ထိုးဆိတ်ပြီး ခင်ခင်ကြီးကို မြေပြင်သို့ ပစ်ချ လိုက်သော အချင်းအရာကိုလည်းကောင်း၊ သီပေါမင်းသားမှာ ကောင်းကင်မှ ဦးစောက် ဂျွမ်းပြန် ကျသွားရှာသော ခင်ခင်ကြီး အား မကယ်နိုင် မယူနိုင်ဖြစ်လျက် မကြည့်ရက်မမြင် သာမျက်နှာကို လက်နှင့်အုပ်ပြီး ငှက်ဂဋုန်ကြီး ဆောင်ကြဉ်းရာသို့ လိုက်ပါသွားရရှာသည်ကို လည်းကောင်း၊ စီကာစဉ်ကာ ပြန်လည် ထင်မြင် လာလေ၏။
လွန်ခဲ့သော သုံးနှစ်ခန့်က မြင်မက်ခဲ့သော ထိုအိမ်မက်မှာ ယခုအခါ ပြန်လည်သစ်ဆန်း၍ လာခဲ့ သည်။ ဤအိမ်မက်သည် မိမိနှင့် ခင်ခင်ကြီးတို့အတွက် ကိုယ်စောင့်နတ်ညွှန်ကြားချက်နှင့် နိမိတ် ထင်ခြင်း သက်သက် မျှဖြစ်ရမည်ဟု တိတိကျကျ ယူဆလိုက်မိသည်။ အိမ်မက်ပါ ဇာတ်ကွတ်ကဲ့သို့ ခင်ခင်ကြီး အတွက် စိတ်ပျက်ဝမ်းနည်းဖွယ်နှင့် အဆုံးသတ်ရလျှင် မိမိတို့ ကောင်းစေချင်လွန်း၍ မြင့်မြတ်ရာ တွန်းပို့မှုမှာ သူကလေးအဖို့ ကောင်းကွက်သို့ မရောက်ဘဲ မတ်စောက်သော ချောက်ကမ်းပါးမှ တအား ပစ်၍ ချလိုက်သည်နှင့် ထပ်တူဖြစ်နေလေပြီ။ ဤကိစ္စတွေ အဆင်မပြေသမျှငါတို့ပယောဂ မကင်းယောင် တကား ဟု နောင်တရားကြီးမားစွာ ဖြစ်ရှာလေ၏။
ထို့ကြောင့်ပင် ခင်ခင်ကြီးအတွက် အဘက်ဘက်ကပင်ပြီး စင်လုံးချော ဘေးအန္တယ်ကင်းရှင်း၍ အော်မြင် ထမြောက်ခြင်း ရှိစေရန် မိမိသာလျှင် အစစ တာဝန်ခံ၍ ကြိုးကြိုးပမ်းပမ်း ဆောင်ရွက်တော့ မည်ဟု စိတ်နှလုံး ဒုန်းဒုန်းချလိုက်ပြီးနောက် ခင်ခင်ကြီးမှာလိုက်သော စကားများကို သနားသဖွယ် အဓိပ္ပာယ် အပြည့် အစုံ ငုံမိအောင် အလွှာတော်ရေးရန် အဆောင်တော်မှောင်ရိပ်မှ ထွက်လျက် မှန်နန်းဆောင်တော် အတွင်းဘက် ရွှေတိုင်တော်များ လင်းလျက်ရှိရာသို့ဝင်ကာ ပုရပိုက်လွှာနှင့် အမှစာတမ်းကို ချက်ချင်း ရေးသား စီကုံးလျက် ပန်းခုံတော်ဘက်သို့ ဆက်လက်လျှောက်လာခဲ့ လေ၏။
ချိုးရေတော် နံ့သာဆောင်အပြင်ဘက်တွင် အသင့်စောင့်နေသော မောင်မောင်တုတ်ကို တွေ့ရ သောအခါ "ကိုရင်တုတ်ရေ ဘုန်းတော်ကြီးလှသောဘုရား ဘယ်မှာစံတော်မူပါသလဲ"ဟု မေးလျှင် မောင်မောင်တုတ် ကလည်း မျှော်နေဆဲဖြစ်သောကြောင့် -
"ဟင်………ခင်ခင်က်လည်း မပါပါလား ကိုဖေငယ်၊ ဘယ်လိုများဖြစ်ကြပါလိမ့်၊ ရွှေနန်းရှင်ဘုရားဖြင့် တထင့်ထင့်နှင့် မျှော်လင့်လို့ နေတော်မူလိုက်တာ ကိုဖေငယ် သွားလို့လည်း တော်တော်နှင့် ပေါ်မလာလို့ အေးတော်မူလှပါပေါ့ဘုရား ချိုးရေတော် နံ့သာဆောင်မှာ စံတော်မူပါလို့ လျှောက်ထားရ သည်"ဟု ဆီး၍ ပြောလေ၏
ငယ်။    ။"ခင်အကြီး မပါဆို မလာနိုင်တဲ့အကြောင်း ပေါ်နေတာကိုးဗျ၊ ကျုပ်လိုက်သွားသည်ပင် တော်တော်နှင့် မတွေ့ရပါ၊ သူ့ခမြာလည်း အတော်ပင်စိတ်ဆင်းရဲနေရှာသည် ကိုရင်ရဲ့"
တုတ်။    ။"အလို…………ဘယ်လိုများ အကြောင်းထူးပြန်သလဲ ကိုဖေငယ်ရဲ့၊ မံသကြီးရွာစားနဲ့ စနက် မကင်း ကြတဲ့ ကိစ္စများလား
ငယ်။    ။"မပြောတတ်ပါဘူး ကိုရင်တုတ်ရယ်၊ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်၊ ခင်ခင်ကြီး အပြင် မထွက်နိုင်တဲ့ ကိစ္စကတော့ ညလှည့်နှင့် နေ့လှည့်ပြောင်းပြီး ခစားရမည်ဆိုတဲ့ အရှင်နန်းမတော်ဖုရားရဲ့ အမိန့်တော်ကြီးပါ"
တုတ်။    ။"ဒါဖြင့်ဘယ်နှယ့်လုပ်ကြမတုံး၊ ဘုန်းတော်ကြီးလှသော ဘုရားကလည်း လွမ်းအားတော် တကြွယ်ကြွယ် နှင့်မျှော်တော်မူလို့ နေရှာတယ်"
ငယ်။    ။"ဘယ်လိုမှ မလုပ်တတ်သေးဘူး ကိုရင်၊ ခင်ခင်က သူ့ကိုယ်စား မှာလိုက်တဲ့ စကားက လေးများကို အသင့် ရေးသားလို့ လာခဲ့ရသည်။
တုတ်။    ။"ဒါဖြင့်ပေး …..ပေး၊ ဒီစာကလေးကိုပင် အမြန်ဝင်လို့ ဆက်ကြရအောင်"
မောင်မောင်တုတ်သည် မောင်မောင်ငယ် ယူလာသော အလွှာတော်ကိုယူကာ နှစ်ယောက်သား ရွှေနန်းရှင်ဘုရား စံတော်မူရာ အဆောင်တွင်းသို့ ၀င်ရောက်ခစားပြီး-
"မှန်လှပါ ခင်ခင်ကြီးမှ အရှင်နန်းမတော်ဖုရားအပါးတော်တွင် ယနေ့စ၍ ညဥ့်အိပ်ဖန်တော်အလှည့် ၀င်ရပါသဖြင့် အပါးတော်သို့ မလိုက်လာနိုင်ကြောင်း သိခဲ့ရပြီးလျှင် ကိုဖေငယ်လက်တွင် အရှင့်ကို ဆက်သရန် တင်လွှာတော် သလိုက်ကြောင်းပါဘုရား"ဟု မောင်မောင်တုတ်က လျှေက်တင်ပြီး  ခင်ခင်ကြီး ထံမှ  တင်လွှာတော်ကို ဆက်သလေ၏ သီပေါမင်းရွှေနန်းရှင်ဘုရာလည်း-
"သြော်…….ခင်ကြီး…………ခင်ကြီး…သူမလာနိုင်ရှာလို့ တင်လွှာတော်ဆက်လိုက်ရှာသည်၊ သနား စရာ ပါကလား ကွယ် တို့…….."
ဟုမိန့်တော် မူကာ မောင်မောင်တုတ်လက်ထဲမှ တင်လွှာတော်ကိုယူ၍ ရှုစားတော်လိုက်ရာ-
"နှစ်ကိုယ်တူ ကတိထားစဉ်က အပျိုဖြူအသိသားဟာမို့၊ စောင့်စားလို့တမင်မျှော်။ အယုံသွင်း ထုံသင်းငယ်တကြူကြူနှင့် စပယ်ဖြူဟိုချုံပုတ်ဆီက ငယ်သူကို ပျိုဂုဏ်ယုတ်အောင် ချိုးမှုတ်လို့ ခေါ်။     ။ မြစ်တားက တမင်ဖျက်သော်လည်း ချစ်အားနာ သခင်ကိုမက်တာကြောင့် သိုဝှက်လို့ တူပျော်ပျော် ငယ်အဖော်မဲ့ မယ်လိုက်မှား။    ။ပွေ့ပိုက်ခါ တွေ့ခိုက်ကို သူမညှာလို့ ကညာ၊ ခန္ခာနှိပ်ပါ လို့ ဘဏ္ဍာ ကို အသာကြိတ်တယ် ကိုယ်တော်ဘုရာချိုး ဆိတ်လို့သွား။
ပျိုကညာ သိုကာဝှက်ပါလို့၊ မဆိုသာ ငိုကာစက်ရပါပေါ့၊ အို…….တာထွက်သည့်လောက်တိုင်။    ။ အလွတ်ကြဲပါလို့၊ မလွတ်ဘဲသာပ၊ ဇွတ်ဆွဲဖေကြောင့် နိုင်လွန်းပါဘိ၊ တွန်းလို့မနိုင်။    ။ ချစ်ကြိုက် ပေါင်အာသာကိုချုပ်ပါလို့၊ ဟစ်လိုက်ယောင် မာယာလုပ်တောင်မှ ဆုတ်ပြီဟု အကပ်ကိုတယ်။ ပိုင်ပ့ါပေ့ သူ့လက်တွင်း၊     ။ အကျပ်ကြုံ ဆပ်ဆပ်ကလေး သည်မယ်တုန်လှလို့ ကျီစယ်ပုံဟန်မရ လေတော့ ရွှေရင်အုံ ဗလုံထတယ် (ရွှေနန်းရှင်ဘုရား) ဘုန်းကအတင်း။    ။
ရွှေနန်းရှင် ဘုရားသည် ခင်ခင်ကြီး၏ တင်လွှာမှာတမ်းတော် ရှုစားပြီး သနားကရုဏသတ်တော်မူ သဖြင့်-
"အင်း……အခါခွင့်ကိုကြည့်ြ့ပီး နန်းမတော်ကြီးနှင့် ညှိနိုင်းတိုင်ပင်တော်မူမည်၊ ဒီအတွင်း မောင်မင်း တို့ကလည်း ခင်ခင်ကြီး စိတ်အားမငယ်အောင် ကြံဆောင်ဖျောင်ဖျလို့ ထားကြပါဘိ" ဟု မိန့်တော် မူလေရာ လက်သုံးတော်ကြီးများ နောက်တော်ပါးမှ လိုက်ပါသွားကြရလေသတည်း။
နန်းမတော် ထိပ်စုဖုရားလက်သည် ညဥ့်က အဖြစ်အပျက်များကို အပါးတော်တွင် ခစားလျက်ရှိ သော မံသကြီး ရွားစား ခင်မကြီးအား ပွဲတော်စာအပြီးတွင် တီးတိုးမေမြန်းတော်မူလေ၏
ကြီး။    ။ "ဘုရားကျွန်မ သူ့တစ်ယောက်တည်း အယုံသွင်းလွှတ်လိုက်ပြီးမှ မှောင်ထဲမှ နောက်ယောင် ခံလိုက်သွားပါသည်ဘုရား၊ အဆောင်နှစ်ဆောင်ကြားက မှောင်ရိပ်မှာ သူု့အစ်ကိုဆို တဲ့ ကိုဖေငယ်နှင့် ကြိတ်ပြီး တီးတိုးတီးတို ပြောနေပါသည်"
နန်းမတော်။    ။"ဘာတွေပြောသလဲ၊ အဲဒီစကားကို ကြားရမှ သက်သေသကယခိုင်လုံမှ မံသကြီး ရဲ့"
ကြီး။    ။"စကားသံက အင်မတန် တိုးလွန်းလို့ အလုံးစုံအကုန်တော့ မကြားရပါဘုရား၊ အဆောင် တော်အတွင်း ထရံကြားက နားကပ်ပြီး ဆောင်လိုက်တဲ့အခါ" ညအလှည့်" လို့လည်း ကြားရပါ သည်၊ 'ချိုးမှုတ်သံ' ဆိုသည်လည်း ပါပါသည်။ 'ထွက်ခွင်မရ'ဟု၍ တစ်ခွန်း၊ 'ရွှေနန်းရှင်ဘုရားကို'လို့ လည်း တစ်စွန်း တစ်စ ကြားရပါသည်။ 'ကတိတော်ကိုယုံစားလို့'ဆိုတဲ့စကားနှင့် မှာတမ်းတော်လို့ လည်း တစ်ပိုင်း တစ်ပြတ် ကြားရပါသည်။ ဒါတွေကို စုပေါင်းပြီး အကျိုးအကြောင်း ဆင်ခြင်သုံးသပ်ကြည့်တော် မူပါလျှင် အရိပ်နိမိတ် မြင်တော်မူစရာ ရှိကြောင်းပါဘုရား"
နန်းမတော်။    ။"အင်း……….စဉ်းစားတော်မူမိပြီ၊ ညအလှည့်အခစားဝင်ရသောကြောင့် ချိုမှုတ်သံ အချက်ပြသော်လည်း ထွက်ခွင့်မရလို့ မလာနိုင်ကြောင်း ပြောခြင်းဖြစ်ရမည်။
ကြီး။    ။"မှန်လှပါဘုရား ယခုမှ စဉ်းစားလို့ သိတများရမိပါသည်၊ အရှင်နန်းမတော်ဖုရား၊ မီးရှူးဆောင် ၀င်တော်မူအချိန်ကစ၍ ညညကလျှင် ခဏခဏ ချိုးကူးသံများ ကြားကြရပါသည်ဘုရား၊ လက်စသတ် တော့ ဤချိုးကူသံ ဟာ တကယ့်တိရစ္ဆန်ချိုးကလေး၏ အသံမဟုတ်ဘဲ လူကလုပ်တဲ့ ချိုးမှုတ်သံ ဖြစ်နေပါ့ ကလား ဘုရား"
နန်းမတော်။    ။တကယ်ဆိုတော့ ဒီနှစ်ယောက်ကလည်း ရွှေနန်းရှင် မောင်မောင်ဘုရားရဲ့ တစ်ပါးကျွန်တော်များဖြစ်ဖို့ စစ်ဖို့ ဆေးဖို့ အခက်သားပဲ၊ နည်းနည်းကလေးမှ အမှန်တိုင်း လျှောက်ထား ကြမည်မသိဘူး၊ မေးလို့မရမည့်အတူတုဖြင့် ထူချင် အချင်ဟန်ဆောင်နေတော်မူရ တာကပင် အဆင်သင့် လျှင် မြန်မြန်ကြီးတွေ့မြင်တော်မူရလိမ့်ဦးမည် ခင်မကြီးရဲ့"
    ကြီး။    ။"မှန်လှပါ ရွှေဥာဏ်ရင် ဆင်ခြင်တော်မူ၍သာ အကဲခတ်တော်မူပါဘုရား၊ ဖျာ့ကျွန် မများကတော့ စေသည့် ကျွန်၊ ထွန်သည့်နွားကဲ့သို့ တစ်ပါးကျွန်ပီပီ ခို်င်းတော်မူသည်ကို မည်သည့် ကိစ္စမဆို အမှုတော် ထမ်းပြီး  ပွဲလမ်းယူလိုလှကြောင်းပါဘုရား"
    နန်းမတော်။    ။"ခင်မကြီးရဲ့ စေတနာကို ငါသိတော်မူးပြီးပါ၊ သို့ရာတွင် သေချာဂနသိရှိ တော်မူရမှ အမိန့််တော်ချမည် ယခုအချိန်မှာ အသာငြိမ်၍ နေရမယ် ခင်မကြီး"
    ကြီး။    ။"အမိန့်တော်မြတ်အတိုင်းပါဘုရား"
    အရှင်နန်းမတော် ထိပ်ဖုရားလတ်သည် ထို့နေ့မှစ၍ မောင်တော် သီပေါရွှေနန်းရှင်ဘုရား နှင့် ဒိုင်းခင်ခင်ကြီးတို့အပေါ် သင်္ကာယနတော် မကင်းသဖြင့် အလျဉ်းသင့်သလို အကဲခတ်၍ နေတော်မူ လေသည် တစ်ခါတစ်ရံ အပျိုတော်ကြီးများနှင့် အပျိုတော်ငယ်များ တစုတရုံး ခစားလျက် နေကြသော အခါ မံသကြီးရွာစား စသော အပျိုတော်ကြီးများနှင့် အပျင်းပြေ အလျှောက်အထား စကား အမိန့်တော် ရှိရင်းမှ ဘေးတော် ဘိုးတော်ဖြစ်သူ ရှေးမင်းများလက်ထက်နှင့် ခမည်းတော်မင်းတုန်း ဘုရင်မင်း လက်ထက် မှန်နန်း အပျိုတော်ကြီးများ၊ မိဖုရားဖြစ်ကြရသည့်အကြောင်း မိဖုရာနှင့် ကိုယ်လုပ်တော် အများအပြားကို မဂ္ဂ မဟေသီ မိဖုရားခေါင်းကြီးများက သည်းခံခြင်းတရာနှင့် သိမ်းပိုက်ထား တော်မူနိုင်ကြောင်းများ မိန့်တော် မူပြီးသည့် အဆုံးတွင် "ခင်ဘုန်းတို့ခင်မကြီးတို့ရေ ငါတို့များဖြင့် အရင်က မိဖုရားများနဲ့ စကြာဒေ၀ီ မိကြီးတော်ဖုရားကဲ့သို့ လင်သားအလိုကို လိုက်တော်မူလိမ့်မယ်လို့ မထင်စားကြနှင့်၊ ပွဲတော်ကို ဝေ၍ တည်တော်မူမည်။
ရွှေနန်းရှင်ကိုဖြင့် ဝေခြမ်းလို့ ချစ်ခင်နိုင်မည် မဟုတ်ဘူး၊ သူများကိုမဆိုထားနှင့် ငါ၏ အစ်မတော်ဖုရား အရင်းအချာ ကြီးကိုပင် မင်းတို့မြင်ကြတဲ့အတိုင်း မငဲ့မညှာ ပြုတော်မူလိုက်သည်မဟုတ်ပါလား၊ သည် အထဲ ကမှ ငါ့လင်ကို ယူဝံ့သောသူများ နောက်တစ်ကြိမ်တွေ့လျှင် မျက်စိကို ထိုး၍ဖောက်တော်မူမည်"ဟု မိန့်တော်မူသောအခါ ခင်မကြီးမှာ ဘာကိုရည်ရွယ်၍ မိန့်တော်မူလိုက်သည်ဟု သိရသော်လည်း အခြား အပျိုတော် ကြီးငယ်များသည် တစ်စုံတစ်ရာ မရိပ်မိရှာသောကြောင့် ငြိမ်ဝပ်စွာ ပု၍နေကြရာ တွင် ဒိုင်းခင်ခင်ကြီး မှာကား "ဘုရား……..ဘုရား"ဟု စိတ်တွင်းမှ ချောက်ချားရေရွတ်မိကာ လိပ်ပြာ မလုံနိုင် အောင် ရှိနေရှာ လေသတည်း။
အခန်း (၃၂) မျှော်ပါ
.
1 comment:
Anonymous said...
အမရေ..
တကယ်တော့ အဲ့ဝတ္တုကို ၆တန်းကျောင်းပိတ်တုန်းကစဖတ်တာပဲ။ နောက်တော့ ၇တန်း၈တန်းထိကျောင်းကြီးပိတ်တိုင်းဖတ်တာ..။ နောက်ကျတော့ မဖတ်တော့ဘူးစာတွေပိလို့..ကျောင်းတွေအားလုံးပီးတော့ဖဖတ်မယ်လိုပ်တော့ ကိုကိုက ရောင်းစားပလိုက်လို့ ရန်ဖြစ်ရတယ်။
ပြတ်သွားတဲ့ဇာတ်လမ်းကို ဆက်ပေးမယ်...အကျဉ်းချုပ်ပေါ့
သီပေါမင်းကို ဘိသိက်ခံတော့ ဆင်ဖြူမရှင်က စုဖုရားကြီးကို အဂ္ဂမဟေသီမြှောက်တယ်။ ပုဏားတွေ ခ၇ာမှုတ်နေတဲ့ အဲ့အချိန်မှာ စုဖု၇ားလတ်က သီပေါနဲ့ စုဖုရားကြီး၇ဲ့အလယ်မှာဝင်ထိုင်တော်မှုတယ်။ အဲ့ဒီတော့ သီပေါက တပြိုင်တည်း မိန်းမ၂ယောက်ဖြစ်သွားတယ်။
ဒါပေမဲ့ စုဖုရားလတ်က ထက်တယ်ဆိုတော့ သီပေါကို သူ့အမတော် စုဖုရားဆီသွားခွင့်မပေးခဲ့ဘူး။ သီပေါကို အစစအရာရာနိုင်စားတယ်။ ဒီတင် ဆင်ဖြူမရှင်လဲ သူတင်တဲ့စစ်ကဲကို သူမနိုင်တော့ဘူး။ စုဖု၇ားက အမေဆိုပီး မညှာ အမကိုတောင်မငဲ့ပဲ နိုင်ငံအရေးတွေမှာ ၀င်ရှုပ်တော့တာပဲ။ သီပေါဆိုတာ နာမည်ခံ ဖြစ်ပီး စုဖုရားလတ်က ပဲ အုပ်ချုပ်နေတာ။ ကင်းဝန်မင်းကြီးတို့ဘာတို့လဲ အရေးမထားဘူး။ သီပေါ ဘိသိက်ခံနေတဲ့အချိန်မှာပဲ တဖက်က ဖမ်းဆီးထားတဲ့ မင်းသားတွေအားလုံးကို လည်မျိုကို ဒုတ်နဲ့ ရိုက်သတ်ပစ်လိုက်တယ်။ မင်းတို့သွေးမြေမကျရဘူးဆိုတာကိုး။
သီပေါက သိသလား မသိလားတောင်သေချာမသိတော့ဘူး။ ဖြစ်နိုင်တာကတော့ သိနိုင်ပါတယ်။ သူက အာဏာကိုစားဖူးပီးသွားတော့ ကြောက်တာလဲတကြောင်း မက်တာလဲတကြောင်းနဲ့ မသိချင်ယောင်ဆောင်နေတာပဲဖြစ်မယ်။
စုဖုရားကလဲ သီပေါကိုနိုင်လိုက်တာမှ ဒါနဲ့ပဲ မောင်မောင်တုတ်တ်ု့ မောင်ဖေငယ်တို့က ဘုရင်ဆိုတာ မိန်းမတယောက်ထက်ပိုယူလို့ရတယ် ..ဆိုပီးမြှောက်ပေးကြတယ်။ သီပေါကိုသိပ်နီုင်တဲ့ စုဖုရားကို အမြင်ကတ်လို့လေ။ ဒီလိုနဲ့ မိန်းမရှာနေကြတာ တနေ့ကျတော့ မောင်ဖေငယ်တို့က ဒိုင်းခင်ခင်ကို ယောင်္ကျားအသွင်ဝတ်ပီး ဆက်လိုက်တာ တခါတည်းတမ်းတမ်းစွဲသွားတာ။ ဒိုင်းခင်ခင်က အပျိုတော် ဘယ်လိုဘယ်ပုံဖြစ်တယ်ဆိုတာတော့ မေ့သွားပီ ..။
မှတ်မိသလောက် ရေးပြတာပါ.
အမရေ..အဲဒီအချိန်တုန်းကတော့ အဲဒီနေ၇ာလေးမှာ လုပ်လိုက်တဲ့ စုဖုရား သီပေါမင်းဘေးဝင်ထိုင်လိုက်တဲ့ အပြုအမှုကို သိပ်ကြိုက်ခဲ့တာပေါ့။ မုန့်ကိုသာဝေစားမယ် အချစ်ကိုမဝေစားနိုင်ဘူးပေါ့။ ဒါပေမဲ့ စုဖု၇ားလုပ်ရပ်တိုင်းကိုမုန်းတယ်။ တလင်တမယားစနစ်ကို တန်ဖိုးထားတဲ့အကြောင်းတခုကလွဲရင် ကျန်တာအားလုံးကို မကြိုက်ဖူး။