Monday, January 18, 2010
ပန်းသတင်း (ဇန်နဝါရီ ၁၃)
တရုပ်ဟိမဝန္တာ
သော်တာဆွေ (အေးဆွေ-ပေါ်ဦး)
    “အား...အား... သွတ်သွတ်.... သွတ်သွတ်...ဟား”
    လွန်ခဲ့သောညက တက္ကသိုလ်ကြူတာကိုအုန်းခင်၏ လူပျိုဘ၀ နှုတ်ဆက်ပွဲည အရက်ပါတီတွင် အသောက် လွန်ခဲ့၍ ယခုနံနက်၌ ဇက်ကြောတွေ လေးလံနေသဖြင့် အပေါ်အူး၏ အနှိပ်ကိုခံရင်း သက်ပြင်း ကြီးကို မှုတ်ထုတ်လိုက်ကာ....
    “ကောင်းသဟေ့... မနက်စောစော အနှိပ်ခံရတာ... ဒါကြောင့် ငါ့သူငယ်ချင်း အောင်ရွှေကြီးက ပြောတာ၊ ညကများ အရက်မူးလွန်ရင်ကွာတဲ့ မနက်စောစော ၀မ်းပက်လောက် ထပ်သောက်။ ပရီးမီးယား ဆံပင် ညှပ်ဆိုင်သွား၊ ဆံပင်ညှပ်ရင်း အနှိပ်ခံဇိမ်ဘဲတဲ့။ ဒါကြောင့် ဒီကောင်ညများ အရက်မူးလွန်သွားတဲ့နေ့၊ နောက်တ မနက်မှာ တွေ့ချင်ရင် အဲဒီဆံပင်ညှပ်ဆိုင် လိုက်သွားရတယ်ကွ။ ဇိမ်တော့ အင်မတန် ခံတဲ့ကောင်ကြီး”
    ပေါ်အူးသည် ကျွန်တော်၏ ပခုံးကို တတောင်ဆစ်နှစ်ဘက် ဘယ်ပြန်ညာပြန် ထောက်ရင်း....
    ဒါဖြင့်ဆရာ သူ့ခေါင်းတော့ ဒုက္ခဘဲ၊ ဆံပင်မရှည်ရှည် ညအရက်မူးလွန်တိုင်း မနက်တိုင်း သွားညှပ် နေရမှာပေါ့....
    “ဟ ဒီလိုတော့ ဘယ်ဟုတ်မလဲကွ။ ငါအပြောလိုသွားလို့၊ အဲဒီပရီးမီးယားမှာ ဆံပင်မညှပ်လဲ အနှိပ်ခံနိုင်တယ်။ ခေါင်းတို့ ဇက်တို့တင် နှိပ်မလား တကိုယ်လုံးအနှိပ်ခံမလား၊ လျှပ်စစ်ဓာတ်နဲ့ နှိပ်တာ လဲရှိတယ်။ အား...အား.... မင်းလဲ ပရီးမီးယားကကောင်တွေလို အနှိပ်ကောင်းတာပဲ၊ အေး...အေး.. အဲဒီအကြော ဆွဲလိုက်စမ်းပါအုံးကွာ + x + အား... တကိုယ်လုံး ပူရှိန်းသွားတာဘဲ။
ဟေ့ဒီမှာပေါ်အူး လည်ပင်းမှာ မေ့ကြောရှိသတဲ့ကွ၊ အဲဒီမေ့ကြောကို နှိပ်လိုက်ရင် မေ့သွားရောတဲ့။ မင်းအဲဒီလို မေ့အောင်နှိပ်တတ်လား”
    “ကျွန်တော် အဲဒီမေ့ကြောနဲ့တော့ မလုပ်တတ်ဘူးဆရာ... ဟောဒီ အုပ်ဆက်နေရာကို တော့ လုပ်နိုင်တယ်”
    “ဘယ်လိုလုပ်မလဲ”
    ဒုတ်ကောင်းကောင်းနဲ့ နောက်ကနေတီးလိုက်တာပေါ့ ဆရာ”
    “အို... မင့်ဟာကလဲ ဒါတော့လူတိုင်း လုပ်နိုင်တာပေါ့ကွ၊ မေ့ရုံမကဘူး၊ အသက်ပါ ထွက်သွားအုံးမယ်”
    “ကျွန်တော်ပြောတာက ဒီလိုလူပြိန်းရိုကမဟုတ်ဘူး ဆရာ မေ့ရုံလေးတင်ရယ် ဒဏ်ရာလဲ မရရဘူး၊ အရိုက်ခံရမှန်းတောင် သူ့ကိုယ်သူမသိရဘူး၊ သတိရတဲ့အခါမှာတော့ “ငါဘာဖြစ်သွားပါ လိမ့် ခေါင်းထဲက မူးနောက်နောက်နဲ့”လို့ ကိုယ့်ကိုယ်ကိုယ်ပြန်တွေးနေရမယ်”
    “မင်းဒီလိုဖြစ်အောင် ရိုက်တတ်လား”
    “ဟိုအရင်က (ချစ်ဒုတ်ခ)ကို ခင်မောင်ဇော်ကိစ္စတုန်းက ဆေးရုံသုံးရက်တက် ငါးရက်တက် ရိုက်တတ် တဲ့လူလို ကျွန်တော်လဲ အဲဒီအမေ့ရိုက်ကို လေ့ကျင့်ခဲ့တာဘဲ ဆရာ၊ အ်ခုပြောရင်းဆိုရင်း လက်တွေတောင် ယားလာတယ်”
    “အမယ်မလုပ်ပါနဲ့ကွာ...၊ မင့်ဘယ်သူ့များ နှံချင်နေလို့တုန်း...”
    “သက်ရှိသတ္တ၀ါတော့မဟုတ်ပါဘူးဆရာ၊ ဟောဟိုဆရာတရုပ် ဟိမ၀န္တာကြီးကို ရိုက်ခွဲလိုက်ချင်တာပါဘဲ
    ကျွန်တော်သည် နှိပ်နေသော ပေါ်အူးလက်များမှ ဇတ်ကနဲ ရုန်းဖယ်လိုက်ကာ....
    “တော် တော် ပေါ်အူး မင်း...ဒီကိစ္စကို မလျှော့သေးဘူး။ ရိုက်ခွဲဘို့တောင် ကြံစည်နေတယ်၊ တယ်တော်တဲ့လူ။ ဒီနေရာမှာ မင့်မျက်စိဟာ သကြီးမက ဆယ်အိမ်ခေါင်းပါ လွှဲလိုက်လေကွယ် ဘယ့်နှယ် များ ဖြစ်ရတယ်လို့။ မင့်မျက်စိကို ပွတ်သပ်ပြီးများ... ကြည့်စမ်းပါအုံး၊ ဒီ... ငါ့တရုပ် ဟိမ၀န္တာကြီးဟာ ဘယ်လောက် ကျက်သရေရှိသလဲ၊ ဘယ်လောက်ကြီးမားခံထယ် သလဲ၊ ဒါတရုပ်ပြည်ဟောင်း သုခုမ ပညာကွဲ့”
    ကျွန်တော်တောင် တော်တော်ဘဲ ပြောပစ်လိုက်ပါသည်။ ကြည့်ပါမိတ်ဆွေ။ လွန်ခဲ့သော သုံးရက်က၊ ကျွန်တော်မြို့ထဲလျှောက်လည်ရင်း၊ လေလံပွဲတခုတွေ့သည်နှင့် တရုပ်ပန်းအိုးကြီး တလုံးကို သုံးရာနှင့် ၀ယ်ခဲ့ပေသည်။
    နားရွက်ချွန်လဲပါသည်။ မုတ်ဆိတ်မွှေးလဲပါသည်။ ကိုယ်မှာအတောင်နှင့် ခြေလေးချောင်းနှင့် ခွာလည်းပါသည်။ ဖနောင့်၌ အတက်လည်းရှိသေးသည်။ ကျောရိုးဆူး တောင်ကြီးများလည်း ထောင်နေ သေးသည်။ အမြီးမှာလည်း ကေသရာခြင်္သေ့ ရုပ်ကဲ့သို့ ကော့နေသေးသည်။ မိတ်ဆွေစဉ်းစားကြည့်ပါ ဘယ်လောက်များ ထူးဆန်းအံသြဘွယ် ကောင်းပါသလဲ ဤကောင်မျိုးတွေ တရုပ်ပြည်ကြီး၌ တကယ် ရှိမရှိ တော့ ကျွန်တော်မသိ၊ သို့သော် မြန်မာလူမျိုးတို့ ရွတ်ဖတ် သရဇ္ဈယ်လေ့ရှိသော နဂါးဂဠုန် ဂုံမ္ဘာန် ယက္ခံ၊ ဂန္ဓဗ္ဗ ဆိုသည့် အကောင်မျိုးတွေ ကဲ့သို့ ဖြစ်ချိမ့်မည်။ ကျွန်တော်တို့သည် ၄င်းတို့ကို တကြိမ်တခါမျှ မတွေ့ မမြင်ဘူး၊ တခါတရံ၌ အဖိုးတို့အဖွားတို့ ဘုရားရှိခိုးတွေထဲမှာသာ ကြားရပါသည်။ အကယ်တန္တိကား ဟိမ၀န္တာ ၌ ရှိသည်ဟု လူကြုံစာပါးမရသော ဌာနကို ဆိုထား၏။
    ထို့ကြောင့် ကျွန်တော်သည် ဤအကော်ငမျိုးတွေ ရေးချယ်ထားသော ထိုပန်းအိုးကြီးကို ယဉ်ယဉ် ကျေးကျေး “တရုပ်ဟိမ၀န္တာ”ဟု နာမည်ပေးကာ ဧည့်ခန်းတွင် အကျထားလိုက်၏။
    ဒါကို ပေါ်အူးက သဘောမကျဘူးတဲ့ မိတ်ဆွေရယ်
    “ဟေ့ ပေါ်အူး”ရ ကျွန်တော်စကားဆက်သည်။ “မင်းက သဘောမကျရှိရမည်၊ ငါ့ဖြင့် လေလံပွဲမှာ တရုပ် ပန်းချီကို လေ့လာနေတဲ့ လက်ဝဲစာရေးဆရာ တယောက်နဲ့ အကြိတ်အနယ် ဆွဲခဲ့ရတာကွ။ သူက ၂၇၅-ကျပ် အထိတောင် လိုက်ပေးတယ်။ ငါက ၃၀၀ိ-ပေးလိုက်တော့မှ သူ့မိန်းမက “တော်ပါတော့ ကိုကိုသိန်း ရယ်”တဲ့ “ဒီငွေသုံးရာကို ကြည်ကြည့်တို့ စိန်ကတ္တီပါ ထမီသာ ၀ယ်ပေးပါတော့၊ ကိုကို့ဟာက ပန်းချီ ဆောင်းပါး ဘယ်နှစ်ပုဒ် ထွက်မှာမို့လဲ”ဆိုတော့ ငနဲသွားကလေးဖြဲပြီး ငြိမ်ကြသွားတာကွ။ အမယ်... ငါ ကုလားတွေနဲ့ ချယ်ဂါလီပေါ်တင်နေတော့ သူလိုက်လာပြီး ပန်းအိုးကို သေသေချာချာကြည့်ပြီး တယ်တရုပ် ပြည် အနုပညာတွေဟာ တိုးတက်နေပါလား....။ ကြွေသားပေါ်မှာ ဒီလိုရေးဆွဲနိုင်တာ ကမ္ဘာပေါ်မှာ တရုပ်ဘဲရှိတယ်တဲ့၊ ကဲ...၊ ပေါ်အူး၊ စာရေးဆရာပညာရှိတောင် ချီးမွမ်းရတာကွာ မင်းက သုခုမ ပညာကို ဘာများနားလည်လို့လဲ”
    သို့သော် ပေါ်အူးသည် မလျှော့သော မျက်နှာထားနှင့်....
    ကျွန်တော် နားမလည်ဘူးဆိုတာ ၀န်ခံပါတယ်၊ အခုကျွန်တော်ပြောနေတာကလဲ ဒီကြွေပန်းအိုးမှာ ရှိတဲ့ ပန်းချီနဲ့ ဘာမှမပတ်သက်ပါဘူး။ ဒီလောက်ကြီးတဲ့ပန်းအိုးကို ဒီဧည့်ခန်းမှာ ထားတာသာ”
    “ဟပန်းအိုကို ဧည့်ခန်းမထားလို့ ရေချိုးခန်း သွားထားရမှာလားကွာ၊ အပါ့ကွာ ပေါ်အူးရာ မင်း.... အိမ်ကြီး အိမ်ကောင်းတွေ မရောက်ဘူးသလိုဘဲ၊ ဒါတ်(က) အဗင်းနယူးက ဦးကျော်မင်း K.S.M အိမ်သွား ကြည့်စမ်း ငါစစ်မဖြစ်ခင်က တွေ့ရတာအခုရှိသေးလားတော့ မသိဘူး၊ ဟောဒီလို တလုံးတာင် မဟုတ်ဘူး နှစ်လုံးကွ၊ ဧည့်ခန်းနဲ့ ထမင်းစားခန်းအကြားမှာ ထားတာ ဘယ်လောက် ကျတ်သရေရှိသလဲ၊ သူ့အိုးတွေ မှာ ဟော့ဒီ ငါ့အိုးလိုတောင် တရုပ်နဂါး ဂဠုန် ဂုမ္ဘဏ် ယက္ခဗ္ဗတွေ မစုံးသေးဘူး နို့ပြီး ငါ့အိုး လောက်လဲ မကြီးဘူး....”
    “အဲဒါ ပိုဆိုးတာပေါ့ ဆရာ”
    “ဘာ... ပိုဆိုးတယ်၊ မင့်စကား ငါနားမလယ်သေးပါဘူးကွယ်...”
    “ဒီလိုဆိုဆရာ... ကျွန်တော်ပြောတာကို အေးအေးဆေးဆေး နားထောင်ပါအုံး၊ ဆရာ့အိမ်နဲ့ အခုနကပြောတဲ့ ဦးကျော်မင်းအိမ်နဲ့ ဘယ်အိမ်ကကြီးသလဲ”
    “ဟ... ဦးကျော်မင်းအိမ်က ကြီးတာပေါ့ကွ၊ သူ့အိမ်အောက်ထပ်က တိုက်ခံ အပေါ်ထပ်ဘုံဆောင် မျှော်စင် လသာခန်းတွေနဲ့ နေရာထိုင်ခင်းချင်း စာမယ်ဆိုရင်၊ ငါ့အိမ်ဆယ်ခန်းမကဘူး”
    စင်စစ် ကျွန်တော့အိမ်မှာ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ ကပ်သီးကပ်သပ်မျှ ရှိရသော Cottageခေါ် တိုက်ပြားကလေးမျှ ဖြစ်ပါသည်။ လှပရုံသာရှိ၏ ဘယ်နေရာမျှ ကျယ်ကျယ်ဝန်းဝန်းမရှိချေ။ လူပျိုဘ၀ သို့မဟုတ် လင်ကိုယ်မယားလောက်နှင့်သာ သင့်လျော်၍ အိမ်ထောင်ကြီး လျှင်ကား မဟန်တော့ချေ။
    “နို့ပြီး... ဧည့်ခန်းချင်းကော ဘယ်ဒင်းက ကြီးသလဲဆရာ....”
    “ဟ..သူ့အိမ် ဧည့်ခန်းနဲ့ ထမင်းစားခန်းက အောက်ထပ် အလယ်ပိုင်းတခုလုံး လုပ်ထားတာ၊ ငါ့အိမ်တဆောင် လုံးလောက်ရှိတယ်ကွာ”
    “ဒီတော့ သူ့အိမ်မှာ ဒီပန်းအိုးမျိုး နှစ်လုံးမဟုတ်ဘူး၊ လေးလုံးထားနိုင်တယ်ဆရာ။ ဆရာ့ဧည့်ခန်း ကလေးထဲမှာ ဒါကြီးတလုံးထားလိုက်တာဟာ”
    “ဘာဖြစ်သလဲ”
    “တဲကုပ်ကလေးထဲ ကျွဲကြီး ဆွဲသွင်းထားတာနဲ့ တူတယ်ဆရာ”
    “အမာ...အမာ...၊ ငါ့အိမ်ကို တဲကုပ်နဲ့ နှိုင်းရမလားကွ”
    “ဒါဖြင့်ဆရာ.... ဘုရားတန်ဆောင်းထဲက ခေါင်းလောင်း၊ ဆွမ်းစားကျောင်း ပြောင်းထားတာ နဲ့ တူတာ ပေါ့ဆရာ”
    “အင်း... ဒီတော့ကော သူ့ဟာသူနေတာ ဘာဖြစ်သလဲ”
    “သူ့ဟာသူနေတာတော့ ဘာမျှမဖြစ်ပါဘူးဆရာ။ ဒါပေမယ့် အိမ်ထောင်ပရိဘောဂ အထားအသို အခမ်းအနား အပြင်အဆင် နားလည်တဲ့လူမြင်တော့ ဒီအိမ်ရှင်ရဲ့ စိသဘောအခြေအနေကို ထင်မြင်ချက် ဆိုးမှာပေါ့ဆရာ”
    “ဘယ်လိုဆိုးမှာလဲ”
    “အနီးဆုံး ဥပမာပြရရင်တော့ တိုင်ပြည်ပျက်တဲ့ ၁၉၄၀-၄၂ ခုနှစ်၊ ရန်ကုန်တဘက်ကမ်း အေးရွာတို့ ၀ါးရုံဆိပ်တို့က သမ္ဗာန်သမားတွေအိမ်ထဲမှာ ဆိုဖာတွေ ကြေးကုတင်ကြီးတွေ ရေဒီယိုတွေ မြင်ရသလို နေတာပေါ့ဆရာ”
    “တော်....တော်...ပေါ်အူး”
    သူပြောတာ ဟုတ်ချင်ဟုတ်မည်၊ မှန်ချင်မှန်မည်။ သို့မဟုတ် ကျွန်တော် မခံမရပ်နိုင်ဖြစ်ကာ ထိုင်ရာမှ ငေါက်ခနဲထလိုက်ပြီး...
    “နောက်ထပ် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းဘာမျှမပြောနဲ့တော့ ငါ့ကိုသာ အ၀တ်အစားပြင် ပေး၊ ဒီနေ့ ဘယ်သူဘဲလာလာ ဘယ်သူကဘဲ ဖုန်းဆက်ဆက် ငါတနေ့ခင်းလုံး ရွှေကြာပင် မဂ္ဂဇင်း တိုက်မှာ ရှိတယ် ပြောလိုက်”
                x        x        x
    မိတ်ဆွေသည် ကျွန်တော့သူငယ်ချင်း စာရေးဆရာ အောင်မြသွင် (ကလောင်နာမည် စမ်းစိမ့်သွင်)ကို မှတ်မိလိမ့်မည် ထပ်ပါသည်။ တကြိမ်သောအခါတွင် ကျွန်တော်သည် သူ့အတွက်ကြောင့် သူယောင်ဆောင်၍ မြောင်းမြမြို့ စက်ရှင်မင်းကြီး ဦးဒေါင်စိုင်းအိမ်သို့ သွားရောက်ခဲ့ပြီး ရုတ်တရက် သွားလုလု ဂျောင်းခဲ့ ရသည် မိတ်ဆွေတွေးမိပါသေးစ။
    ကျွန်တော်မှာ စာပေသမားမဟုတ်မူ၍ ရွှေကြာပင်မက အခြေအနေကို နားမလည်ပါ ကိုယ်တိုင် အယ်ဒီတာလုပ်နေသော အောင်မြသွင်ပြောသည့်အတိုင်းဆိုလျှင် သူတို့မဂ္ဂဇင်း စာကောင်း အတတ် သာတတ်လျှင် မရေးနိုင်ဘဲ ဘ၀မြင့်ရောဂါ စွဲကပ်နေသူတို့ စီမံအုပ်ချုပ်သည်ဖြစ်၍ တိုင်းပြည် လူထုနှင့် အောက်ခြေလွတ်စာတွေသာ များနေသောကြောင့် အရောင်းရနည်းပါးသည်။ သို့ရာတွင် အကြောင်းသင့် သော အသင်းအဖွဲ့များကို အလကားပေးနေခြင်းဖြင့် ဆထက်တပိုး စောင်ရေတိုး လျက်ရှိ၏။
    ကျွန်တော်ကိုယ်တိုင်မှာလည်း ၄င်းရွှေကြာပင် မဂ္ဂဇင်းကြီး တိုးတက်ရာတိုးတက်ကြာင်းဖြင့် တနွယ်ငင် တစင်ပါဆိုဘိသို့ သူငယ်ချင်း အောင်မြသွင်နှင့် ပတ်သက်၍ တလလျှင် တစောင်ကျ ဖရီးလက်ခံနေရသူ ဖြစ်ပေရကား မိမိကိုယ်တိုင် စာပေ၀ါသနာမပါသည် မှန်သော်လည်း ကိုယ့်အပေါ်၌ ဤသို့ အမှီသဟဲ ပြုနေသော မဂ္ဂဇင်းတစ်ခုကို တခါတရံ၌ လူကိုယ်တိုင် သွားရောက်ချီးမြှောက်သင့်သည်ဟု ယူဆ သည့် အားလျော်စွာ ယခုလာခဲ့ခြင်းဖြစ်ပေသည်။
    ကျွန်တော် သူ့အခန်းထဲသို့ ရောက်သွားသောအခါ အောင်မြသွင်မှာ အများအားဖြင့် အယ်ဒီတာဆိုသူတို့၏ ထုံစံအတိုင်း မိမိရှေ့ရောက်လာသူအား သွေးကြီးပြလိုခြင်း၊ အလုပ်များ ချင်ဟန် ဆောင်ခြင်း၊ စာပေသမားဆိုတာ ဒီလိုဘဲဟူသော အူတူတူစတိုင်မျိုး လုပ်ပြလိုခြင်းစသော အတုမြင် အတတ် သင် သောက်ကျင့်ဆိုးတို့ စွဲကပ်နေမည် မှန်သော်လည်း ကျွန်တော့လိုလူကို ဤအမူအရာမျိုး လုပ်ပြ၍ ကား ကျွဲပါးစောင်းတီး နွားထီးနို့ညှစ်မြသာ ရှိမည်ဖြစ်ကြောင်း ဒီကောင်သိပြီးသည်နှင့် အထူး အထွေ ဘာမျှလုပ်မနေတော့ဘဲ မြင်လျှင်မြင်ခြင်းပင် ရင်းနှီးဖော်ရွှေစွာ...
    “ဟဲ့လို...အေးဆွေ....ကမ်းမွန်”
ကျွန်တော်သည် သူ့စားပွဲပေါ်သို့ ဦးထုပ်တင်၍ သူ့ရှေ့ကုလားထိုင်တွင် ထိုင်လိုက်ပြီး....
    “အခုလထုတ် ရွှေကြာပင်မဂ္ဂဇင်းဖြင့် တယ်.... ကောင်းကွာ”
    သူသည် အတွင်းစိတ်ဓာတ် ဘ၀င်မြင့်သွားမည် မှန်သော်လည်း အပြင်က တယ်ဝမ်းသာဟန်မပြဘဲ....
    “ကဗျာ တွေရော ဆောင်းပါးတွေရော ၀တ္ထုတွေရော မြိုင်တယ်ကွနော်”
    “ဟာ... ဘာမှပြောစရာမရှိဘူး”
    “ကျမ ကဝေမယ် ၀တ္ထု ဘယ်နှယ့်လဲ”
    အို...သိပ်ကောင်းတာဘဲ”
    “ဂန္တ၀င်ဝတ္ထုကွ၊ တကဲ့ စာကောင်းပေကောင်း”
    “အေး...ဟုတ်တယ်ကွ၊ ဘယ်သူရေးတာလဲ”
    “သူ့ကလောင်နာမည်ပါသားဘဲ”
    စင်စစ် ကျွန်တော်မှာ သူ့မဂ္ဂဇင်းတွင် စာတလုံးမျှ ဖတ်သည်မဟုတ်ချေ။ လာပို့သောနေ့၌ ဟိုလှန်ဒီလှန် အရုပ် မျှကြည့်ပြီး တနေရာရာ ပစ်တင်ထားလိုက်၏
    “အို...ငါက စာတွေဖတ်ပါများတော့ ကလောင်နာမည်တွေ မေ့မေ့နေတယ်ကွာ”
    “ကြူကြူအေးကွ”
    “အေး...ဟုတ်ပြီ... ဟုတ်ပြီ... ခုမှသတိရတယ်။ မိန်းခလေးလား....”
    “ဟုတ်တယ်”
    “ဘယ်လောက်ကြီးပလဲ”
    “နှစ်ဆယ့်တနှစ်”
    “အပျိုလား”
    “အစစ်”
    “ဟ...မင့်ဟာ သေချာလှချည့်လား၊ ရုပ်ကော ချောတယ်ထင်တယ်”
    “ချောတယ် အေးဆွေ... ချော်တယ်၊ တော့ထက်တော့... တော်တော်ချောတယ်၊ မချောမှန်က ငါရသေ့ ပျံ-ဈာမလျှော၊ ချောလို့သာပ၊ ငါစင်မက်မော၊ ရတက်ဇော၊ ဈာန်လျှော၍ ကျရသည်” ဆိုတဲ့ ဦးကြင်ဥ စာအတိုင်း ဘဲ သူငယ်ချင်းရ”
    ဤနေရာ၌ ကျွန်တော်ဒေါ်ကြီးစိုး၏တူ၊ မအပါ။ သူ့အမူအရာကို ကြည့်ခြင်းအားဖြင့် သူ့အတွင်း သဘောကို အစင်းချောကြီး သိနေပါပြီ။ ထို့ကြောင့် သူ့လက်ကိုဆုပ်ကိုင်လိုက်ကာ..
    “ဟေ့...သူငယ်ချင်း၊ ရင်းရင်းနှီးနှီးပြောစမ်းကွာ၊ မင်းသူ့ကို ကြိုက်နေပြီမဟုတ်လား”
    “အေးကွ”
    “ဘယ်လောက်ကြာပြီလဲ”
    “ခုနစ်လ ကျော်သွားပြီ”
    “မင်း သူ့ကို ဖွင့်မပြောသေးဘူးလား”
    “ငါဘယ့်နှယ်လုပ်ပြောမလဲကွာ”
    “မင့်ပါးစပ်ရှိသားဘဲ၊ ဒါမှမဟုတ် မင်းတို့ စာရေးဆရာချင်းဘဲ စာနဲ့ရေးပြောပေါ့”
    “မဖြစ်ဘူးအေးဆွေ... မဖြစ်ဘူး”
    “ဘာလို့မဖြစ်ရတာလဲ၊ မင့်ကို ပြန်ကြိုက်ပုံမပေါ်လို့လား”
    “ဒီလိုလဲမဟုတ်ဘူးကွာ၊ သူကက ငါ့ကိုဆရာဆရာနဲ့ သိပ်ကြည်ညိုတာ၊ သူ့ဝတ္ထုရေးခပိုက်ဆံရရင် ဖောင်တိန်ဝယ်ပေးတာနဲ့ စာအုပ်ဝယ်ပေးတာနဲ့ သူတို့အိမ် ထမင်းစားဘိတ်တာနဲ့“
    “ဟ...ဒီလိုဆို သာလွယ်တာပေါ့ကွ၊ ကိုယ့်ဘက် တ၀က်ကျိုးနေပြီဘဲ”
    မဟုတ်သေးဘူး အေးဆွေ၊ သူကငါ့ကို စာရေးဆရာ အယ်ဒီတာအဖြစ်နဲ့ လေးစားခင်မင်တာ၊ အဲ့သည်လိုနေတာ ငါကချစ်စကား ကြိုက်စကား သွားပြောလိုက်တော့”
    “အောင်မာ မင့်နှယ်ကွာ စာရေးဆရာရော အယ်ဒီတာရော ရဟန္တာမဟုတ်ဘူး၊ နွားမဟုတ်ဘူးဆိုတာ မိန်းကလေးတွေ ပိုသိပါတယ်ကွ”
    “နို့ပြီး သူက ငါနဲ့ဆိုရင် မြင့်လှတယ်ကွာ”
    “ဘာလဲ ခလေးမက သိပ်အရပ်ရှည်နေသလား၊ ဒီလိုဆိုလဲ ဘာလုပ်မလဲ”
    “မဟုတ်ဘူးကွ၊ အခြေအနေ အဆင့်အတန်းပြောတာ၊ ပညာက ဘီအေ မြန်မာစာဂုဏ်ထူးနဲ့ အမျိုး အနွယ်ကအထက်တန်းစား”
    “မင်းကကော အောက်တန်းစားမို့လား”
    “မဟုတ်ပေမဲ့ ငါ့မှာ နာမည်ပျက်ရှိတယ်လေကွာ...”
    “ဘာနာမည်ပျက်လဲ”
    “မနှစ်က ငါ့အရက်တိုက်ပြီး မင်းဘဲမြှောက်ပေးလို့ ပုလိပ်ကို လက်သီးနဲ့ထိုးမှုနဲ့ ထောင်တလ ကျတာလေ(သွားလုလုဂျောင်း ၀တ္ထု)
    ဤကိစ္စ မိတ်ဆွေသတိရကောင်း ရပါလိမ့်မည်။
    “အို...ဒါဘာဆိုင်လဲကွာ၊ အရက်မူးရမ်းလို့ ဒဏ်ရာရပြီး ဆေးရုံတက်ရတဲ့ စာရေးဆရာတောင် ရှိသေးတာ၊ စာရေးဆရာဆိုတာ လူထဲကလူဘဲမဟုတ်လား၊ ပုထုဇဉ်သားဘဲ... မှားချင်မှားမယ်၊ မိုက်ချင် မိုက်မယ်၊ ဒီလိုဖြစ်ဘူးမှလဲ လူ့ဘ၀နဲ့ ပိုမိုရင်းနှီးတယလို့ မင်းတို့စာေ၇းဆ၇ာတွေဘဲ ပြောကြတယ် မဟုတ်လား၊ နို့ပြီး စာရေးဆရာထောင်ကျတာကော အဆန်းလား၊ ငါ့ကိုတင်မောင်ရင်းမိန်းမ စာရေး ဆရာမကြီး ကျင်စာရီပြောဘူးတယ်။ ချားလ်စ်ဒစ်ကင်းစ်တို့ အိုဟင်နရီတို့ဟာ ထောင်ထွက်တွေဘဲတဲ့ ဒစ်ကင်းစ်ကြွေးမူ ဟာသ စာရေးဆရာကြီး အိုဟင်နရီက အလွဲသုံးစား ၄၀၆ နဲ့တဲ့”
    “နို့မင့် ကောင်မလေးက စာရေးဆရာမမဟုတ်လား ...”
    “သူကတော့ဟုတ်ပါပြီ။ သူ့မိဘ ဆွေမျိုးတွေက....”
    “ဟ... မင့်ဟာက သူနဲ့ပေါင်းမှာလား၊ သူ့မိဘဆွေမျိုးတွေနဲ့ ပေါင်းမှာလား”
    “ဒါတော့ဟုတ်တာပေါ့ကွ၊ နို့ပေမယ့် သူ့လူကြီးတွေဘက်က သဘောတူမှုရအောင်က
    “ဟကောင်ရ၊ တိုင်းပြည် လူထုကို နည်းပေးလမ်းပြ စာရေးဆရာမ လုပ်နေတဲ့လူက ဒီကိုယ်ရေးကိုယ်တာ ကိစ္စမှာ ကိုယ့်သဘောနဲ့မပြီးနိုင်ရအောင် မင့်ကောင်မလေးက ငါကြားဘူးတဲ့ ဟိုသူဌေးသမီး စာရေး ဆရာမလို သူပို့တဲ့စာလဲ ဆင်ဆာနဲ့အပြကလာတဲ့ ဆင်ဆာနဲ့ စစ်ဆေးပြီး အကျယ်ချုပ် ခံနေရတဲ့ ခလေးမ မျိုးလား”
    “ဒီလိုတော့လဲ၊ မဟုတ်ပါဘူးကွာ၊ တခါတလေ ငါ့ဆီလာပြီး တယောက်ချင်း တနေ့ခင်းလုံး စာပေ အကြောင်း ဆွေးနွေးနေသေးတယ်...”
    “အဲဒါ... ငါအစရခက်နေတယ်၊ သူနဲ့ငါစာပေအကြောင်းပြောရင်းက ဒီကိစ္စစမယ် စိတ်ကူးလိုက်ရင်ဘဲ ငါ့ရင်ထဲက ဒိတ်ဒိတ်..... ဒိတ်ဒိတ်ခုန်လာတယ်၊ လက်တွေခြေတွေ တုန်နေတယ်၊ လူမနေတတ် မထိုင်တတ် ဖြစ်လာတယ်၊ အသံတွေ ဘာတွေ ဆွံ့သလိုဖြစ်လာတယ်၊ ဒီတော့ သူက “ကိုသွင် ဘာဖြစ်လဲ နေမကောင်း ဘူးလားလို့ ကရုဏာသက်တဲ့ မျက်နှာထားနဲ့ မေးတတ်တယ်၊ ဒီတော့ ငါ့စိတ်ထဲ ဘယ့်နှယ်ဖြစ်မှန်း မသိဘူးကွာ...”
    “ဒေါက်ဒေါက်...ဒေါက်ဒေါက်...
    ယင်းသည့်အခိုက်ဝယ် အခန်းနောက်ဖေးဘက်အပေါက်မှ တံခါးခေါက်သံကြားရလေရာ အောင်မြသွင်မှာ အမှတ်သညာ ရပြီးသော အမူအရာမျိုးဖြင့် “ဟောလာပြန်ပြီကွ”ဟု တီးတိုးရေရွတ်လိုက်ပြီး “ခမ်းမင်း”ဟု ခေါ်လိုက်သည်နှင့် ကျွတော်မှာ သူ့မဒီတော့်ထက်တော် တော်တော်ချောကလေးကို မြင်ရတော့မည်ဟု ကိုယ်ဟန် အနေအထားကို ပြင်လိုက်ပါသည်။ သို့ရာတွင် ၀င်လာသူကား အသက်ငါးဆယ်ကျော် ဘူတာကြီး၊ သက္ကလပ် အင်္ကျီထူကြီး၊ ပိုးလုံချည်ကွက်တုံးကြီးနှင့် ခြေလှမ်းပုံမှာ ပိုင်စိုးပိုင်နင်းရှိလှသည် မျက်နှာထား မှာ ဧည့်သည် တယောက်အနေဖြင့်မဟုတ်ဘဲ စာသင်ခန်းထဲသို့ ဆရာကြီးဝင်လာသည့်နှယ်။
    အောင်မြသွင်လည်း ကျောင်းသားပမာ နေရာမှ ပြူးပြူးပြာပြာထကာ လူကြီးကို ထိုင်ရန် ကုလားထိုင်ပြင်ပေး၏။
    လူကြီးကလည်း ဤ၀တ္တရားပြုခြင်းမျိုးကို မထူးခြားသော အမူအရာနှင့် ထိုင်ချလိုက်ပြီး စာရွက် လိပ်ကြီးကို ထုတ်လိုက်က “ဒီဝတ္ထုတော့ မင်းကြိုက်မှာအမှန်ဘဲ၊ အရင်ပေးထား တာတွေထက် ကောင်းတယ်။ ဇာတိသွေးဇာတိမာန်တက်ကြွအောင် ရေးထားတာ၊ နာမည်က “ဗမာတို့ဘုန်း မိုးသို့ချုံး”ကွ၊ ခေါင်းစည်း ရုပ်ပုံကို ကောင်းကောင်းထည့်ပါ ငါ့သဘောတော့ စကြာမင်းသားနဲ့ မြစိမ်းမင်းသမီး၊ ဘက်နမ်း နေကြတာကို ဘိုးဘိုးအောင်က ချောင်းကြည့်ပြီး ပြုံးနေတဲ့ပုံဆွဲစေချင်တယ်၊ နို့ပြီး အဲဒီရုပ်ပုံ အောက် ကလည်း (ဗမာတို့ဘုန်း မိုးသို့ချုံး “မုံ့လုံးရေဘော် ပဲကြီးလှော်)လို့ စာလုံးမဲနဲ့ ထည့်စေချင်တယ်၊ အဲ့ဒါ ငါထွင်တဲ့ တပေါင်စကားကွ၊ အဓိပ္ပါယ်အကျယ် ၀တ္ထုမှာ မင်းဖတ်ကြည့်လေ...”
    အောင်မြသွင်မှာ လေးစားစွာပင်
    “ဟုတ်ကဲ့ ဆရာကြီး”
    “ကဲအဲဒါ ဘယ်လမဂ္ဂဇင်းမှာ ပါမယ်ဆိုတာ ငါနက်ဖန်ခါ သိချင်တယ်၊ ၁၂ နာရီမထိုးခင် လာခဲ့မယ်၊ ငါသဘက်ခါ မန္တလေးသွားမလို့၊ ငါ့ဝတ္ထုကို မန္တလေးကနေဘဲ ဖတ်တော့မယ်၊ မင့်ငါလိပ်စာ ပေးခဲ့မယ်၊ ကိုယ်စား လှယ်တွေ မပို့ခင် ငါ့ဆီကို အစောဆုံးပို့လိုက်နော်၊ ကဲငါသွားမယ်၊ ခရီးထွက်ဘို့ ပြင်စရာ လေးတွေရှိသေးတယ်၊ နက်ဖန် 12 နာရီမထိုးခင် လာခဲ့မယ်နော်...”
    သူ့ကိုယ်ကာယကြီး အခန်းထဲမှ ပျောက်ကွယ်သွားသောအခါ၌ မျက်လုံးအကြာင်သားနေ လိုက်ရသော ကျွန်တော်က....
    “ဟေ့..ဒါ ဘယ်သူကြီးလဲကွ”
    အောင်မြသွင်သည် ကျွန်တော်၏အမေးကို မဖြေသေး စာပွဲပေါ် တတောင်နှစ်ဖက်ထောက် ကာ လက်နှစ်ဖက် နှင့် ထိုးဖွရင်း....
    “သေချင်းဆိုးကြီး၊ လမ်းမရောက်ကားတိုက်ခံရပါစေကွာ၊ မန္တလေးသွား လေယာဉ်ပျံပျက် ကျပါစေ ကွာ...”
    “ဟ.. ဘာလို့ဒီလောက် ကျိန်နေရတာလည်း၊ လေယာဉ်ပျံပျက်ကျတော့ သူတယောက်ထဲ သေမှာ မဟုတ်ဘူး”
    “ဒါဖြင့် မန္တလေးရောက်မှ ရွှေဆိုင်တန်းထဲ ငှက်ပျောခွံတက်နင်းပြီး မြီးညောင့်ရိုး ကျိုးပါစေကွာ ဆန်တန်းထဲသွားရင်း လမ်းလယ်ချထားတဲ့ ဆန်အိတ် ပဲအိတ်တွေ ကွေ့ရှောင်ရင်း နှုတ်သီးကောင်းတဲ့ အပျိုကြီးနဲ့ တိုးမိပါစေကွာ၊ ရဲရင့်စာအုပ်ဆိုင်ရောက်ရင် ကိုဘဇံမိန်းမ နားထိုင်းပထိုင်းနဲ့ တွေ့ကရာတွေ လျှောက်ပြော ပါစေကွာ....”
    “ဟကောင်ရ... မေတ္တပို့လှချည့်လား၊ သူဘယ်သူမို့တုန်း”
    “ငါတို့ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီးကွာ...”
    “ဟာ... ကိုယ့်ဆရာကြီး ဒီလိုဘဲ ဆုတောင်းရသလားကွ”
    “ဆရာကြီးက လာဒုက္ခပေးနေတာတော့ မင်းကမသိဘူး။ မဟုတ်ကဟုတ်က ၀တ္ထုဆောင်းပါးတွေ ရေးလာကွ။ အတာ ဖတ်ခိုင်း၊ ဘယ်စာမူ ဘယ်အပတ်ပါမလဲမေး၊ သူ့ကိုယ်သူထင်နေတာက ငါတောင် စာရေးဆရာ အယ်ဒီတာတွေရဲ့ ဘိုးအေဖြစ်ရမယ်လို့ အောက်မေ့နေတာကွ၊ ရေလာတဲ့စာတွေလဲ ကြည့်အုံးလေ၊ မင်းအခုကြားတဲ့ နာမည်မျိုးတွေနဲ့ “ရွှေသစ္စာခေါ်ဘီအေ မောင်ဘခင်”၀တ္ထု၊ “ခင်လေကြီး၏ မေတ္တာစစ်” “ထီးလက်နှင့် မပိုးအူတို့၏ နတ်စိမ်းဘ၀ နောက်ဆက်တွဲဇာတ်လမ်း ၀တ္ထုဆန်း” ဆိုတဲ့ဟာမျိုးတွေကွ၊ ဘိုးတော်ဘုရားလက်ထက်က စာဖတ်ပရိတ်သတ်တော့ ဖတ်မလားမသိဘူး၊ အဲဒါ ငါက သူနားပူ နားဆာနိုင်လွန်းလို့ တပုဒ်တလေထည့်လိုက်ပြန်ရင်လဲ ငါ့အထက်လူကြီးတွေက ဆူကြမှာဘဲ”
    “ဟ မင့်ဘယ်ဒီတာ ခန့်ထားတာဘဲ၊ မင့်မဂ္ဂဇင်းမှာ မင်းထည့်ချင်တာ မထည့်နိုင်ဘူးလား”
    “အမယ်လေး... ဝေးပါသေးရဲ့ငါ့လူ၊ ထည့်မဲ့စာကို ပုံမနှိပ်ခင် သူတို့ပြရသေးတယ်ကွ၊ အထူးသဖြင့် ကွန်မြူနစ်အားပေး၊ လက်ဝဲလေသံပါမှာစိုးလို့ကွ၊ ငါ့မှာ အခုခက်နေတာက လက်ဝဲသူငယ်ချင်း စာရေးဆရာတွေက ဒီမဂ္ဂဇင်းတိုက်မျိုး ရန်သူအားပေး လုပ်ရပါမို့လားလို့ ဟော့ဒီရှေ့ပေါက်က တရုံးရုံးနဲ့တက်လာကြပြီး ဆူတာကတစ်မျိုး၊ ဟော့ဒီအဘိုးကြီးက နောက်ဖေးပေါက်က တက်တက်လာပြီး သူ့စာမူတွေ ကြိတ်ကြိတ်ပေးတာကတစ်မျိုး...”
    “အေး...အေး... သူ့ငါကြည့်နေတယ်။ တက်လာတော့လဲ နောက်ဖေးပေါက်၊ ပြန်ဆင်းလာတော့လဲ ဒီလမ်း၊ အိမ်ရှေ့က ဘာလို့မတက်တာတဲ့လဲ”
    အမယ်လေးကွာ သူ့လိုပုဂ္ဂိုလ်ကြီးက ငါ့လို လူငယ်ဆိုစာမူ လာပေးရတာ လူများမြင်ရင် ရှက်လို့တဲ့ကွာ။ အင်း.... နက်ဖန်တော့ ဒီမျက်နှာကြီး နောက်ဖေးတံခါးက ၀င်လာတာမြင်ရချေသေးရဲ့ကွာ...။ ငါ့ဘယ့်နှယ်လုပ်ရပါ့မလဲဧ
    “ဟကောင်ရ ကိုယ့်ဝတ္တရားအတိုင်း မှန်တဲ့အတိုင်း ပြောလိုက်ပေါ့ကွာ”
    “မင်းကပြောတော့ လွယ်လိုက်တာ... ငါ... သူ့မျက်နှာမြင်တော့ ဘယ်လိုဖြစ်ဖြစ်သွားလဲ မင်းသိလား”
    “သိပေါင်ကွယ်”
    “မင်း-မင်းတို့ ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီးက ငါငယ်ငယ်တုန်းကဘဲ အူအတက်ပေါက်ပြီး သေသွားတာ”
    “အေး... အဲဒါမင်းကုသိုလ် ကောင်းတယ်။ ငါဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြမယ်၊ ငါသူ့မျက်နှာမြင် သူ့အသံကြားရပြီဆိုဘဲ ငါဟာ တခါတည်း ဆယ့်ကိုးနှစ်သားလေး ပြန်ဖြစ်သွားပြီး ဟိုတုန်းက အတိုင်းဘဲ သူ့ကို ကြောက်သွားတယ်ကွ။ အဲဒီတုန်းက ခုံအောက် ကြံဖက်တွေပစ်လို့ ဒဏ်ပေးတာတွေ။ အမေပုကြီး ဇီတော်ပင် ဇီးသီးခိုးတာ လာတိုင်လို့ အရိုက်ခံရတာတွေ... သစ်ပင် တက်တာ မိသွားလို့ တိုင်ဘက် ခိုင်းတာတွေ.. ရေကူးတာသိသွားလို့ ကြိမ်ဒဏ်နှက်တာတွေ၊ ကောင်မလေးတွေ သွားစမိလို့ လက်မြှောက်ခိုင်းတာတွေ ပြန်သတိရပြီး ရင်ထဲတဒိတ်ဒိတ် ဖြစ်လာတယ်ကွာ၊ အခုဘဲ အော်ပြု ငေါက်လိုက်အုံးမလားလို့ အောက်မေ့မိတယ်ကွာ... ငယ်ကြောက် ငယ်နိုင်များဟာ တယ်အစွဲကြီးတာဘဲကွာ”
    “အဲဒါမင်းကိုယ်မင်း.... သတိထားပေါ့ကွ၊ ငါမငယ်တော့ဘူး၊ တိုင်းပြည်တာဝန်ထမ်းတဲ့ စာရေးဆရာကြီး အယ်ဒီတာကြီး ဖြစ်နေပြီ။ သူအခု ငါ့ကျောင်းအုပ်ဆရာကြီး မဟုတ်တော့ဘူး သူ့ကျောင်းကသင်ရတာက လေးတန်းရယ်၊ အခုငါက ကော်လိပ်ထွက် သူ့ထက်ပညာသာတယ်။ စာပေဗဟုသုတ ကြွယ်တယ်လို့ ကိုယ့်ကိုယ်ကို အားပေးပြီး အမြင်မှန်ကို ပြောပေါ့ကွာ...”
    “အေး- အဲလို ငါ့ကိုယ်ငါတင်းပြီး ပြောမယ်လို့ စိတ်ကူးတယ်၊ ကြိုးစားပေါင်းများလှပြီကွ၊ ဒါပေမယ့် ဒီနေရမှာသွားတူနေတာက ကြူကြူအေးကို ချစ်စကားပြောမယ်ကြံတာတွေလိုဘဲ ပါးစပ်ပြင်လိုက်ရင်း ရင်ထဲ တဒိတ်ဒိတ်ခုန်ပြီး အသံတွေ ဆွံ့ဆွံ့နေတယ်ကွ၊ ဘယ်လိုဖြစ်မှန်းမသိဘူး”
    “မင့်ဟာက တယ်ခက်တာကိုးကွ.. နေရာတကာ မကြောက်ရမှာ ကြောက်နေတာဘဲ"
သူငယ်ချင်း တယောက်မှာ အခက်အခဲ တွေ့နေပြီဆိုလျှင်၊ ကျွန်တော် မနေတတ်တော့ချေ။ ထိုနေ့ ညနေ အိမ်ပြန် ရောက်သောအခါတွင် (နေရာတကာ တပည့်အားကိုးဘဲ ဆိုချင်လဲဆိုကြပါတော့)
'ပေါ်အူး ... ရေ'
'ဆရာ'
'မနက်က မင်းနဲ့ ငါနဲ့ မကျေနပ်ကြတာကို ခဏရပ်ထားလိုက် ပြီးတော့၊ အခုမင်းဦးနှောက်ကို ခလောက်လိုက်စမ်းကွာ'
'ဆရာ ဘယ်သူ့ အမှုယူလာပြန်ပလဲ'
'အောင်မြသွင်ပေါ့ကွာ၊ မင်းစာရေးဆရာမကြူကြူအေးကို တာကြားဘူးလား....'
'အရပ်မြင့်မြင့်လေ သူနဲ့တွဲတော့ ခပ်ပုပုသူငယ်မ တယောက်နဲပ၊ ဆူးလေဘုရားလမ်း စာအုပ်ဆိုင် မှာတွေမှာ မကြာခဏ တွေ့တာဘဲ'
'ပေါ်အူး ... ကမ္ဘာမှာ မင်းမသိတာ မရှိပါလားကွာ'
'နို့ပြီး သူရေးတဲ့ ၀တ္ထုတွေ ကဗျာတွေလဲ ဘတ်ဘူးပါတယ်' ကျမ ကဝေမယ်' 'လိုက်ဘမ်းခြမ်းနှင့် ထွက်ပြေးခြင်း' 'ခွေးပြည်မှာ တသက် ငရဲပြည်မှာတရက်' 'နေ့ခင်းလယ်ကြီး အိပ်ပြီးတော့နေ' ဆိုတော တွေလေ၊ နာမည်တွေလဲဆန်းတယ်၊ စိတ်ကူးလဲ ထူးခြားတယ် အရေးအသားလဲ ထွင်တယ်'
'အေး ... အေး ... မင်းပြောမှ သတိရတယ်၊ ငါသူ့ကဗျာ တစ်ပုဒ်ဖတ်ဘူးတယ်ထင်တယ်၊ နာမည်က 'ရှင့်မဆလာ့ဆရာဆိုလားဘဲ ငါနည်းနည်းပါးပါးတောင် မှတ်မိပါသေးတယ် ......။ အဲ အဲ - သတိရ ပြီ၊ 'ရှင်အပ္ပနားကြီး၊ ထောင်းစမ်း မဆလာတဆုံလောက်။ ရော့ လေးညှင်းဖာလာ ဇီရာယူလေ၊ တမာဂူအိုး ဟိုနားတိုး ထားဆုံနဲ့ ကျည်ပွေ့ ဒီမှာ တွေ့လား၊ အမေ့ကိုလည်း မပြောနဲ့ ဟောတော့ ကြည့်စမ်း၊ အရမ်းကြီး ထောင်းတော့၊ နှာခေါင်းထဲတောင်မွှန်လိုက်တာ ဟတ် ချိုး - အဟွတ်၊ ရှင်က ဒီမှာ မဆလာ ကောင်းကောင်း မထောင်းတတ်ဘူးလား အရာကြီး'တဲ့ တော်တော် အရေးအသား နွဲ့တယ်ကွ၊ စကားပြောတော့လဲ တီတီ တာတာ ရှိလိမ့်မယ်ဒါနဲ့ အယ်ဒီတာ အောင်မြသွင်က အသဲ အမဲစွဲနေတယ်ကွ'
'ခလေးမကလဲ ပြန်ချစ်ပါလိမ့်မယ် ဆရာ၊ သူတို့ရေးကြတဲ့ ၀တ္ထုတွေ၊ ကဗျာတွေမှာ တယောက် တယောက် စောင်းချိတ်ကြူနွှဲထားတာတွေ တွေ့၇တယ်'
'အေး ... ဒါနဲ့တောင် ဒီကောင်က လူချင်းစရမှာ ခက်သတဲကွ'
'ဒါမျိုးဖြစ်တတ်တာဘဲ ဆရာ'
'ဖြစ်တတ်တာတင် မဟုတ်ဘူး၊ ဒီကောင်ကိုက ပိုဆိုးပါတယ်ကွာ၊ သူ့ကျောင်းအုပ် ဆရာကြီးဆို တာကိုလဲ အလုပ်နဲ့ ပတ်သက်ပြီး ပြောသင့်တဲ့ စကား မပြောဝံ့တာကလဲ တခက်ရှိနေသေးတယ်ကွ' အစချီပြီး အောင်မြသွင် ၏ ဖြစ်ထေါကို ပေါ်အူးခုံရုံးတွင် တင်ပြလိုက်ပါသည်။
ပေါ်အူးသည် ကျွန်တော် ပြောသည်တို့ကို နားထောင်ပြီး
'အင်း ... ဒါက ဆရာ ... ကိုယ့်မှာ ထိုက်တန်တဲ့ အခြေအနေ အခွင့်အရေးရှိရက်သားနဲ့ ကိုယ့်ကိုယ် ကို ယုံကြည်မှုမရှိဘဲ အစိုးရိမ်လွန် အကြောက်လွန်နေတာဘဲ ... ညံ့ဖျင်းတဲ့ စိတ်ဓာတ်ပေ။
အေး ... အေး ... အင်္ဂလိပ်လိုတော့ Inferiority Complex ခေါ်တယ်ကွ၊ ဒီကောင့်မှာ အဲဒီအတွက် နဲ့ဘဲ အခု ရင်ဆိုင်နေရတဲ့ ပြဿနာနှစ်ရပ်မှာ အခက်ကြုံနေရတယ်ကွ'
ဒါက ... ဆရာပထမတခု အောင်မြင်သွားရင်ဖြင့် ဒုတိယ ဟာပါ တဆက်ထဲ ကိစ္စပြီးသွားနိုင်ပါ တယ်။
'ဘယ်ဒင်းက ပထမလဲ'
'ကြူကြူ အေးပါ့ဆရာ့'
'ဒါဖြင့် ဘယ်လိုလုပ်မလဲ'
'စဉ်းစားပါရစေအုံး ဆရာ'
စဉ်းစားစဉ်းစား တည အိပ်လိုက်ရင်ဖြင့် မင်းခေါင်းဟာ အသစ်ဖြစ်ပြီး၊ ဦးနှောက်ထဲမှာ အသင့် ဖြစ်နေလိမ့်မယ်။
တနေ့တာလုံး ပင်ပမ်းနွမ်းနယ်ခဲ့သော သားတော် သမီးတော်တို့အားတို့အား အိပ်စက်နားနေ အားသစ်ကို ဖြစ်ပေါ်စေရန် ညဥ့်အချိန်ကို ဖန်တီးပေးတော်မသော ဘုရားသခင်ကို ကျေးဇူးတင်ပါ ၏။'
ခရာဇ်ယာန်ဘာသာ၏ နံနက်ခင်း ချီးမွမ်းခြင်းကို အောက်မေ့မိပါသည်။
ကျွန်တော်သည် ယခုနံနက်ခင်းမိုးသောက်၌ အားသစ်များ တိုး၍ ဦးနှောက်ထဲတွင် အကြံကောင်း ဥာဏ်ကောင်းများပင် ၀င်နေပါသည်။
'ပေါ်အူးရေ ...'
ချက်ခြင်းအဖြေမရ။ လျှပ်စစ်ဘဲလ်ကို တော်တော်ကြာကြီး  နှိပ်လိုက်မှ ပြာရိပြာယာ ရောက်လာ သဖြင့် ...
'မင်း ... ဘယ်မှာ သွားနေလဲ'
'ဧည့်ခန်းမှာထိုင်ပြီး ဆရာ့ပန်းအိုးကြီးကို ကြည့်နေပါတယ်'
'ဘာလဲ ... ငါ့ တရုပ်ဟိမ၀န္တာကြီးကို မင်း သဘောကျလာပြီလား'
'ကျပါဘူး ဆရာ'
ကျွန်တော် ခပ်ငေါက်ငေါက်ပင် ...
'နို့ ... ဘာလို့ ကြည့်နေရတာလဲ'
'ညက ကိုအောင်မြသွင်အတွက် စိတ်ကူးတာမှာ ဒါကြီးက မျက်စိထဲကို ကိုးလိုးကန့်လန့် ပေါ်လာလို့ ဆရာ'
'ဟေး ... တော်တော့ တော်တော့ ပေါ်အူး'
(ဒီကောင့်သဘောမှာ ဤပန်းအိုးကြီးကို သူ့ဆန္ဒအတိုင်း လိုက်နာမှ ကျွန်တော်ခိုင်းသည့်ကိစ္စကို သူဆောင်ရွက်မည်ဟု ဆိုလိုသည်။)
ထို့ကြောင့် 'မင့် ... အကူအညီကို ငါမလိုချင်တော့ဘူး၊ ငါ့ ... သူငယ်ချင်းအတွက် ငါ့ခေါင်းထဲမှာဘဲ အကြံဥာဏ်ပေါ်လာပြီ'
'ကောင်းပါပြီ ဆရာ'
'မင်း ... ငါ့အကြံဥာဏ်သိရရင်ဖြင့် အံ့သြမှာဘဲ'
'ဟုတ်ကဲ့ ဆရာ ...'
'မင်း ... ငါ့ကို ဂျုံမှုံ့ တပိသာလောက် ၀ယ်ပေး'
'အခု သွားဝယ်ရမလား ဆရာ'
'နေအုံး ... မင်း ငါ့စိတ်ကူးကို နားထောင်သွားအုံး၊ ငါ့ ... အကြံက စိတ်ပညာနဲ့ ပတ်သက်ပြီး တော်တော်လေးနက်တယ်ကွ၊ ဒီမှာ ပေါ်အူးမင့်ဆွေမျိုး မိတ်ဆွေတွေထဲမှာ မင့်ထက်ငယ်ပြီး မင့်ဂုဏ်သိက္ခာကို လေးစားကြည်ညို ရိုသေတဲ့ သူတွေရှိမယ် မဟုတ်လား ...'
'ရှိပါ တယ် ဆရာ'
'အေး ... အဲ့ဒီ လူတွေက မင့်ကိုကြောက်ရွံ့ပြီး ရွှတ်ရွှတ်နောက်နောက် မလုပ်ဝံ့ဘူး၊ မင်း အလို မကျမှာကို မပြောဝံ့ဘူးမဟုတ်လား ...'
'ဟုတ်ပါတယ် ဆရာ ...'
'နို့ပေမယ့် အကယ်၍ မင်းဟာ နဂိုအိနြေ္ဒ ဟန်မူရာမဟုတ်ဘဲ အရက်မူးပြီး အ၀တ်အစား ဖရိုဖရဲနဲ့ ကခုန်နေမယ်၊ သို့မဟုတ်  မင့်တူမအိမ် မီးဖိုခန်းအောက်ဖြတ်လျှောက်ရင်းနဲ့ အပေါ်ကလက်ဆေး ရေ သွန်ချလိုက်တာ တကိုယ်လုံး ရွှဲသွားမယ်ဆိုရင် အခုန လူငယ်တွေက မင့်ကို ခဏတာ လောက် လေးစားကြောက်ရွံ့မှု ပျောက်သွားပြီး လှောင်ကြ ပြောင်ကြမယ်၊ ရီမောကြမယ်။ ယခင်က မပြောခဲ့ ဘူးတဲ့ စကားလုံးမျိုးနဲ့ ပြက်ရယ်ပြုဝံ့ကြလိမ့်မယ် မဟုတ်လား'
'ဖြစ်နိုင်ပါတယ် ဆရာ'
'အေး ... အဲ့ဒါဟာ ငါ့ကိုယ်တွေ့ထဲက အသိဥာဏ် ရလာတာကွ၊ ဘယ်လိုလဲဆိုရင် ငါဟို အရင် မန္တလေးသွားနေတုန်းကကွ၊ တနေ့ခင်းမှာ ဦးကြီးသိန်းက ဘယ်လိုက ဘယ်လို စိတ်ကူးပေါက် တယ် မသိပါဘူး၊ တကတဲ ငယ်မူပြန်ပြီးတော့ ဒေါ်ကြီးစိုး အိပ်တယ်နေတာကို အိုးမဲနဲ့ နှုတ်ခမ်းမွေး တွေ မုတ်ဆိပ်မွေးတွေ ဆွဲတယ်၊ ဒေါ်ကြီးစိုးလဲ အိပ်ရာက နိုးရောဟေ့ ...၊ ငါက ရီရုံမကဘူး၊ 'ဟာ ဒေါ်ကြီးစိုးက နေ့ခင်း အအိပ်ကြီးလိုက်တာက တညလုံး က,ရတဲ့ မင်းသမီးမငွေမြိုင်ကြီးကျနေတာ ဘဲ' ဘာညာနဲ့ ပြောရောဟေ့ ဘာလို့လဲဆိုတော့ ငါ့စိတ်ထဲမှာက ဒေါ်ကြီးစိုးနေ့ခင်း နေ့ခင်း ရေချိုးပြီး သနပ်ခါး ခြေဆုံး ခေါင်းပိုင်းလိမ်း၊ မျက်ခုံးမွေးဆွဲနဲ့ လုပ်နေတာကို ကြည့်ကြည့်ပြီး 'ခင်ဗျား ကြီးကလဲ အိပ်နေတာဘဲ ပိုလိုက်တာဗျာ၊ မငွေမြိုင်ကြီးပွဲ ထွက်ခွာနီးကျနေတာဘဲ 'ဘာညာ ပြောချင်နေတာက ကြာပြီကိုးကွ၊ ကြောက်လို့သာ မပြောဘဲ နေခဲ့ရတာ၊ အဲဒီအခါကျတော့ ပြောရဲ သွားတယ်ဟေ့ ...၊ ကဲ ... အဲ့ဒါက မင်းစဉ်းစားကြည့်တေ့၊ ငါဆိုယင် ဒေါ်ကြီးစိုးကို ဘယ်လောက် ကြောက်သလဲ၊ မင်းသိတဲ့အတိုင်း အခု အောင်မြသွင်လဲ သူ့ဆရာကြီးအပေါ်မှာ ဒီစိတ်မျိုး ပေါက်အောင်လုပ်ပေးရမယ်ကွ'
'ဘယ်လို လုပ်ရမှာလဲဆရာ'
'ဘာခက်လဲကွာ၊ အခုန မင့် ၀ယ်ခိုင်းတဲ့ ဂျုံ့မှုံ့ကို အိတ်ထဲထည့် သူ့ဆရာကြီးဝင်မယ့် နောက်ဖေး လှေကားပေါက် တံခါးဘောင်ပေါ်တင်၊ တံခါးတွန်းဖွင့်လိုက်တဲ့အခါမှာ တခါထဲ လောင်းချလိုက် သလို ဖြစ်အောင် လုပ်ထား၊ သက္ကလပ်အင်္ကျီမီးခိုးရောင်ကြီးနဲ့ ပိုးလုံချည်ကွက်တုံးကြီး ၀တ်ထား တဲ့ ငနဲကြီးတခါထဲ ဖိုးသူတော်ဖြစ်သွားတာ မြင်ရရင် အောင်မြသွင် ခွက်ထိုးခွက်လန် မရီဘဲ နေမလား ကွာ၊ သူ့စိတ်ထဲ ပြောချင်တာလဲ တခါထဲ ထွက်လာရောပေါ့၊ အ ဟတ် ဟတ် ဟား ပေါ်အူး ငါ့အကြံ မကောင်းဘူးလား၊ သွားကွာ ... ဂျုံ့မှုံ့သာ ၀ယ်ချေပါ'
ကျွန်တော်သည် အခန်းဝ တံခါးဘောင်ပေါ်တို့၌ ရေပုံးတင်ထားခြင်း၊ ဂျုံ့အိတ် တင်ထားခြင်းတို့မှာ ငယ်စဉ်တောင်ကျေးကလေးဘ၀ကပင် ကျွမ်းကျင်သူဖြစ်ပေရကား အောင်မြသွင်၏ အလုပ်တိုက် သို့ ၁၀နာရီ မထိုးမီ သွားရောက်ကာ အဘိုးကြီးဝင်မည့် တံခါးပေါက်၌ သူ့အတွက် ထောင်ချောက် ကို ကျနစွာ စီမံထားလိုက်လေ၏။
မိမိအလုပ် မိမိကျေနပ်သောအခါ၌ တိုက်အောက်သို့ ဆင်းခဲ့ကာ ရှေ့မျက်နှာစာတွင် လမ်းလျှောက် ရင်း အောင်မြသွင်ကို စောင့်မြှော် နေခဲ့လေသည်။
သို့ရာတွင် ခွေးမသားမှာ ဒီနေ့မှ ဘာကြောင့် နောက်ကျသည် မသိ။ အခြား အလုပ်သမားတွေ ရောက်ပြီး ဆယ့်တချက်တီးသည်တိုင်အောင် ပေါ်မလာသေးချေ။
ထိုကြောင့် ကျွန်တော်သည် ၀မ်းထဲ ခပ်ဟာ ဟာ ရှိသည်နှင့် မနီးမဝေးရှိ လဘက်ရည်ဆိုင်သို့ သွား သည်။
နာရီဝက်မျှ ကြာမည် ထင်ပါသည်။ အောင်မြသွင် ရောက်လာပြီအထင်နှင့် သူ့အခန်းသို့ တက်ခဲ့ သောအခါတွင် ...
အလို ဘုရားရေ ...
ဒီကောင် မရောက်သေး။ သူ့ဆရာကြီးသာ ကျကျနန ထိုင်လျက် ရှိသည်။ သူ့ကိုယ်မှာလည်း အဖြူစက်ဆို၍ တမှုံ့မျှမရှိ။ ငနဲကြီးဒီနေ့မှ ရှေ့ပေါက်က အဘယ့်ကြောင့် ၀င်လေဘိသည်။
ကျွန်တော် မျက်နှာချို သွေးလိုက်ကာ ...
'အော် ... ဦး၊ ဦးတပည့် မရောက်သေးဘူးလား'
'မရောက်သေးဘူး ကွယ့် ...'
'ဒီကောင် ဒီနေ့မှ ဘာကြောင့် နောက်ကျရတယ် မသိပါဘူးဗျာ။ ရော့ ... ဦး စီကရက်သောက်ပါ'
စီးကရက်ဘူး ထိုးပေးလိုက်ပါသည်။
'ဦး ... ဆေးပြင်းလိပ် သောက်တယ်ကွယ့်'
သူ့ဆေးပြင်လိပ်ကြီးကို သူအိနြေ္ဒရရ ဖွာနေသည်။
ကျွန်တော် သူ့မျက်နှာကို တော်တော်ကြာမျှ ခပ်စိမ့်စိမ့် ကြည့်နေပြီးနောက် ....
'ဦး ... ဒီနေ့နောက်ဖေးလှေကားက ဟက်မလာခဲ့ဘူး မဟုတ်လား ...'
'အေးကွယ် ... သူတို့ တိုက်အုပ်က ဒီလှေကားက တက်တာ ဆင်းတာ မကြိုက်ဘူးဆိုတဲ့ အကြောင်း မနက်က ဘဲ စာလာပေးတယ်'
ကျွန်တော် မျက်လုံးပြူးကာ ...
'ဘယ်သူ လာပေးတာလဲ ...'
'မသိပါဘူးကွယ်၊ သူငယ်တယောက် ဂျုံ့မှုံ့ အိတ်ကလေး ကိုင်လို့ ...'
(မအေပေး ခွေးမသား ပေါ်အူး) ကျွန်တော့စိတ်ထဲမှ ရုတ်တရက် ရေရွတ်လိုက်မိသည်။
ယင်းသည့်အခိုက်ဝယ် ...
'ကျွန်တော် အလွန်ပျော်တာ ချစ်သူလေးရဲ့ ပျိုကညာပွေ့လို့သာနေချင်တာ လာဒါဒါ၊ ဒါဒါ ... ဒါ။ ငါလိုလူ ဇဗ္ဗူဝယ် ရှိတယ် စိတ်ကထင်ဘူးကွယ် လယ်ဒယ် ဒယ်ဒယ် ဒယ်'
အောင်မြသွင်၏ မမပျော်စဖူး ထူးထူးခြားခြား ကျူးရင့်သံနှင့်အတူ ခွေးမသား သဏ္ဍာတော်ငွေ့ အမှုမဖြစ်အောင် ဘုံးလိုက်ရသော ပြည်တော်ချစ်ပုဂ္ဂိုလ်ကြီး၏ မျက်နှာမျိုးနှင့် ၀င်လာကာ
'ဟဲ့လို့  အေးဆွေ ဟဲ့လို ဆရာကြီး ရောက်နေကြတာ ဘယ်လောက်ကြာပြီလဲ ဆရာကြီးကို ပြောစရာရှိတာ ပြောရအုံးမယ်။ ဆရာကြီးကို ကျွန်တော်က ကျေးဇူးသိသော တပည့်ဟောင်းကြီးအနေနဲ့ ချစ်ကြည် လေးစားစွာ အကြံပေးရယင်ဖြင့် ဆရာကြီးဟာ နောက်ထပ်ဘယ်တော့မှ ၀တ္ထုမရေးဘို့ အဲ ရေးပြီးသားရှိရင်လဲ ကိုယ့်အရှက် ကိုယ်ငဲ့သောအားဖြင့် လူမြင်မခံဘဲ မီးနဲ့ရှို့ပစ်ဘို့ပါဘဲ နို့ပြီးမန္တလေးသွား မြို့ရိုးကျုံး မြောင်းကြည့်ပြီး ရာဇ၀င်ဝတ္ထုရေးမယ်ဆိုတာလဲဘဲ အဲဒီ အကြံပယ်ဖျက်လိုက်ပြီးတော့"
သူဤသို့ ပြောနေစဉ်၌ လူကြီး၏မျက်နှာမှာနီရဲ၊ ရဲရာမှ မဲသွားပြီး ထိုင်ရာမှ ၀ုံးကနဲထကာ တဟုန်တည်း လစ်ပါတော့သည်။
ကျွန်တော်ပင် သနားအားနာဖြစ်မိကာ အဖိုးကြီး၏အတ္တဘောကြီး ပျောက်ကွယ်သွားသည်၌…..
'ဟေ့ …. အောင်မြသွင် မင်းဒီနေ့ဘာဖြစ်လာတာလဲကွာ…. မင့်အပြောင်းအလွှဲမြန်လှချည့်လား'
'မြန်ဆို ငါ အခုသိပ်ပျော်နေတယ် အေးဆွေ …. သိပ်ပျော်တယ်၊ ဒီအချိန်မှာ ငါမလုပ်ရဲ မပြောဝံ့ တာမရှိဘူး ကွမှတ်ထား၊ ငါကောင်မလေးကြူကြူအေးနဲ့လဲ သစ္စာနှံ့ခဲ့ပြီကွ'
'ဟေ့ ….. ဘယ်မှာလဲ'
'မင့်အိမ်မှာလကွာ မင်းမသိဘူလား ၁၀ နာရီလောက်ကဘဲငါ အလုပ်လိုက်သွားမယ်ပြင်နေတုန်း မင်းတပြည့် ပေါ်အူးက မင်းကဆို ဖုန်းဆက်ခေါ်လို့ငါ မင့်အိမ်သွားတယ်၊ ရောက်တော့ ပေါ်အူးက မင်းအပြင် ထွက်သွားလို့ ခဏစောင့်ပါဆိုလို့ ဧည့်ခန်းမှာ ငါသူညွှန်ပြတဲ့နေရာ ထိုင်ပြီး စာဖတ် နေတယ်၊ တော်တော်ကြာတော့ ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ငါမေ့လဲကျသွားတယ်၊ သတိ ရလို့မျက်စိဖွင့်ကြည့်တော့ လားလား ငါကကြမ်းပေါ်မှာတုံးလုံ ငါ့ကောင်လေးက ငါ့ကိုဖက်ပြီး မျက်ရည်စက်လက်နဲ့ ဒီတော့ငါက သူ့လက်ကလေးဆွဲပြီးချော့ရတာပေါ့ကွ ဟားဟား ဟားဟား…. အေးဆွေ မင်းမိန်းမကလေး အငိုတိတ်သွားအောင် ချော့ဘူလား။ ငါ အခု သူနဲ့ ရုပ်ရှင်သွားကြည့်မလို့ ခွင့်စာပေးရအောင်လာတာကွ အပေါက်ဝမှာဘဲ ကိုယ်ဘော့စ်နဲ့ တွေ့ပြီး ပြီ၊ သွားမယ်ကွ အေးဆွေ'
သူ ပြောပြောဆိုဆိုနှင့် ထွက်သွားလေရာ
'ဟေ့ ဟေ့ ကောင်ရ ငါနားလည်အောင်များရှင်းစမ်းပါအုံးကွ …..
'ငါ့မှာအချိန်မရှိဘူးကွ၊ အောက်မှာ မင့်တပည့် ပေါ်အူးရှိတယ်'
အခန်းထဲ၌ သူ့စကားသံကျန်ခဲ့သော်လည်း လူမှာပျောက်ကွယ်သွားလေပြီ' ကျွန်တော်အမြန်လိုက် ပါသော်လည်း အောက်ရောက်သောအခါ၌ သူ့ကိုမတွေ့ရတော့ မော်တော်ကားတစ်စီး ထွက်ခွာ သွားသည်ကိုသာ မြင်ရလေသည်။
ကျွန်တော်ပေါ်အူးကို ဟိုဟိုဒီဒီ ကြည့်လေရာ ခွေးမသားနောက်ဖေးဘက် စပယ်ရုံကလေးအနီး၌
'ဟေ့ …….. ပေါ်အူး ' …….ပေါ်အူး'
ကျွန်တော်သူ့ဆီကို အမြန်သွားသည်။ သူကတော့ သူ့အမူအတိုင်း အေးစက်စက်နှင့်ပင်……
'ဘာလဲဆရာ'
'မင်း အောင်မြသွင်ကို မေ့အောင် ဘယ့်နှယ်လုပ်လိုက်တာလဲ'
'ဒုတ်ကောင်းကောင်းနဲ့ နောက်ကနေ အုပ်ဆက်တီးလိုက်တာဘဲပေါ့ဆရာ'
'ဒီတော့ ဟိုကောင်မလေးက ဘယ်ကရောက်လာတာလဲ'
'ကိုအောင်မြသွင်ကို ကျွန်တော် မရိုက်ခင်ကဘဲ သူ့ဆီ ဖုန်းဆက်ပြီး …….. 'ဒီမှာ ကိုအောင်မြသွင် မတော်တဆ ဝေဒနာရပြီး ခင်ဗျာ့နာမည်ကို တ, တ, နေတယ် အမြန်လာခဲ့ပါ' ပြောလိုက်တော့ သူအတော်ဘဲ ပျာပျာယာယာ ဖြစ်တယ်၊ ဒီတော့မှ ကျွန်တော်က သူ့အရောက်မှန်းပြီး ကိုအောင်မြသွင် စာကုန်း ဖတ်နေတုန်း နှက်လိုက်တာဘဲဆရာ့'
'ကဲ …….. နောက် သူသတိရလာတော့ မင်းကဘာဖြစ်လို့ လို့ပြောလဲ ………'
'အထူးပြောနေစရာ မလိုပါဘူးဆရာ ဆရာ့တရုပ် ဟိမ၀န္တာကြီးက သူ့နဘေးမှာ လဲကျနေတာဘဲ'
'ဟေ့ …….. မင်းက တွန်းလှဲထားလို့လား'
'တွန်းမလှဲပါဘူးဆရာ ကိုအောင်မြသွင် အုပ်ဆက်တီးပြီး နောက်တချက်  တရုပ်ဟိမ၀န္တာကြီး လယ်ဆစ်ကို ဆော်လိုက် တာဘဲ'
' ဟာ …….. ဒီလိုဆိုတော့ မကွဲဘူလား'
'ကွဲလိုက်တာမှ အစိတ်စိတ်အမွှာမွှာပေါ့ဆရာ ဘယ့်နှယ်လုပ်မလဲ ဒီပန်းအိုးမျိုးဆိုတာက လဲရင်ကွဲရမယ်၊ ကွဲလောက်အောင်ပြင်းထန်မှလဲ သူ့နောက်ဆက်ထိလို့ သတိမေ့သွားတယ်ဆိုတာ ယုတ္တိရှိမပေါ့၊ မတတ်နိုင်ဘူး ဆရာ ကျွန်တော်လဲ သူ့ကို သတိမေ့အောင် တွယ်လိုက်ပြီးမှ 'ဟ သတိရရင် ဘယ်လို ပြောရပါ့မလဲ' ဆိုတာ ရုတ်တရက်အကြံရပြီး လုပ်မိလုပ်ရာ လုပ်လိုက်ရတာပါဘဲ ဆရာ'
ကျွန်တော် မအ, ပါသူ့နပ်နော အကုန်သိပြီးသား။
'ကဲ ….. လာ လာ ပေါ်အူး အိမ်ပြန်ကြမယ် ငါ့ခေါင်းနေပူလိုကတာ……….'
'ပူမှာပေါ့ဆရာ ဆရာ့ခေါင်းဦးထုတ်မှမပါခဲ့တာ အပေါ် ကိုအောင်မြသွင်အခန်းမှာ ကျန်ခဲ့လိမ့်မယ် ထင်တယ်၊ ကျွန်တော်သွားယူလိုက်မယ်'
'အို … နေပစေ နေပစေ' ကျွန်တော်သူ့ကို စိတ်ကောက်နေသည်ဖြစ်၍ 'ငါ့ဟာငါသွားယူမယ်' ကျွန်တော် ပြောပြောဆိုဆိုနှင့် လှေကားကို အပြေးတက်သည်။
တံခါး တွန်းဖွင့်လိုက်ရာ
အလိုလေး …. အလိုလေး ……
ဟတ်ချိုး … ဟတ်ချိုး ………
မျက်လုံးထဲလဲဝင် တကိုယ်လုံးလဲဖြူဖြူဖွေး။
ကိုယ့်ထောင်ချောက်နဲ့ကိုယ်မိနေပါပကော။
အကြောင်းမှာ ကျွန်တော်သည် တရုပ်ဟိမ၀န္တာကြီး ဆုံးရှုံးရသည်နှင့် မွှန်ထူပြီး နီးစပ်ရာ လှေကားမှ ကမူးရှူးထိုး တက်လာခဲ့သောကြောင့် ……..
'ဟတ်ချိုး …. ဟတ်ချိုး ဟေ့ ……… ပေါ်အူး လာပါအုံးကွ'
'အော် ……..ဆရာ …….. ဖြစ်မှဖြစ်ရလေ ဆရာ့ အပေါ်အင်္ကျီ ချွက်လိုက်ဆရာ'
သူ တကိုယ်လုံးပွတ်သတ်သုတ်သင်ပြီး
'ကိုယ်ကတော့ စင်သွားပါပြီ ခေါင်းကတော့ ဆူးလေဘုရားလမ်းသွားပေတော့ဆရာ'
'ဘာလုပ်ဆူးလေဘုရားလမ်းသွားရမှာလဲကွ'
'ပရီးမီးယား ကို ခေါင်းလျော်ရအောင်လေဆရာ၊ ဆရာဒီနေ့ ဂျုံ့အိတ်တင်ရ လူထိုင်စောင့်ရနဲ့ တော်တော် ညောင်းရော့မယ် အနှိပ်လဲခံခဲ့တာပေါ့ဆရာ'
ပြီးပါပြီ
ရွှေမန်းသင်္ကြန် မျှော် (အေးဆွေ-ပေါ်ဦး)
.
1 comment:
Anonymous said...
အမ..ဖတ်ပီးသွားပီနော်
ခေါင်းကိုက်တာတောင် အားလုံးပီးအောင်ဖတ်တာ
အမ..တင်သာတင်အမတင်သမျှအားလုံးဖတ်မယ်။
စာဆိုတော် ပီးသွားမှာတောင် ကြောက်နေတာ..အမက နောက်အသစ်ထပ်တင်ပေးမယ်ဆိုတော့ ပျော်ထှာ့အမရာ..။
အမစိတ်ချမ်းသာပါစေ
အလုပ်အကိုင်အဆင်ပြေပါစေ။ဒါမှ အမလဲအခုလိုအမြဲတမ်း စာကောင်းပေမွန်တွေမျှဝေနိုင်မှာလေ..။