Sunday, January 24, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၆)
အခန်း (၃၆)
     လက်သုံးတော်ကြီး ရနောင်မြို့စားမင်း မောင်မောင်တုတ်သည် ရွှေနန်းရှင်ဘုရား ရုတ်တရက် ရှောင်တခင် ကျန်းခန့်တော်မမူခြင်းနှင့် ဆောင်တော်တွင်း သို့ပင် ၀င်ရောက်ဖူးမြင်ခွင့် မရခဲ့ခြင်းများကို လည်း ကောင်း၊ ခင်ခင်ကြီးအတွက် အကြံအစည် ပျက်ခဲ့ရခြင်းကို လည်းကောင်း စဉ်စားမိတိုင်း စိတ်ထိခိုက် လှုပ်ရှား၍ ထိုနေ့တစ်နေ့လုံး မိမိအိမ်တော်ကြီးတွင် ဇနီးကြင်ယာတို့ကိုမျှ အပါးသို့ မကပ်လာစေရဘဲ တစ်တည်း အကြံအစည် နည်းသစ်လမ်းစ ရှာဖွေကာ အချိန်ဖြုန်းနေခဲ့လေသည်။
စီးတော်မြင်းဝန်၊ ရွှေတိုက်စိုး၊ တောင်သမန်လယ်စား ညဥ့်ဦးကပင် အကြောင်းအကျိုး သတင်းဆိုး တို့ကို လာရောက်ပြောကြားပြီး နောက်တစ်နေ့တွင်  ရွှေနန်းတော်သို့ ခစားရန် မ၀င်သေးလို သဖြင် အနားယူ နေလေသည်။ လမ်းစရှာနေသလောက် မောင်မောင်ငယ်မှာ စိတ်ကူးခရီးမရောက် နိုင်အောင် ဖြစ်တော့ သည်။
ဒိုင်းဝန်ကတော်ကြီးသည် အလယ်ခန်းမကြီးတွင် အစုလိုက်အပုံလိုက အသင့်ပြင်ထားသော ယမန် နေ့က ပစ္စည်းအသုံးအဆောင်များကိုကြည့်ရင်း သက်ပြင်းချလျက်ရှိနေသည်။
"မောင်မောင်ရေ........ဒီပစ္စည်းတွေကို ဒီလိုပဲ စုပုံလျက်ထားတော့မလား၊ လူသူလေးပါးမြင်လို့မေး
လျှင်ဘယ်လိုအဖြေပေးရမည်မသိ၊ ရှက်စရာကောင်းလှပါဘိတယ်"ဟု ပြောမိလေသည်။
"မေဖုရားက ဒီစကားမျိုး မိန့်တော်မူမှဖြင့် ခင်အကြီးကသာလို့ဆွေးပါတော့မည်။ မောင်တို့လည်း အကြံအစည် ပြုလျက်မို့ အချိန်နည်းနည်းသည်းခံစောင့်စားဖို့ တောင်းပန်စကား ပြောပါရစေ မေဘုရား ရယ်၊ ရက်ရာဇာ အခါရွေးပြီးပြင်ဆင်ချိန်းဆိုထားပြီး ဖြစ်သည်ကိုလည်း သိတော်မူသည့် အတိုင်းပါ ကံမကောင်း ချင်သေးလို့ ဒီအချိန်အခါကိုမှ ရွေးချယ်တိုက်ဆိုက်လျက်  ရုတ်တရက် ရွှေနန်းရှင်ဘုရား နာမကျန်း ဖြစ်တော်မူရပါသည်။ မကြာမီ ကျန်းမာတော်မူလာလျှင် ဆက်လက် ရွက်ဆောင်ကြရန်သာ ဖြစ်ပါတယ်" ယင်းသို့ မောင်မောင်ငယ်က နှစ်သိမ့်စေသော်လည်း ဒိုင်းအ တွင်းဝင်ကတော်ကြီးမှာ စိတ်လက် မချမ်းသာလှသော မျက်နှာနှင့် ဖက်ဖြူချောဆေးပေါ့လိပ်ကြီးကို သောက်လျက် တစ်ချက် တစ်ချက်မှာလည်း ရွှေနန်းရှင်ဘုရား မကြာခင် ကျန်းမာလာတော်မူပါရန် ဘုရားစင်ဘက်သို့ လက်အုပ် ချီကာ ဆုတောင်းပတ္တနာပြု၍သာ နေတတ်တော့သည်။
မျှော်လင့်ကိုးစားခြင်း အားရ၀မ်းသာဖြစ်လာခဲ့ပြီးမှ ညဦးကလာရောက်ပြောကြားသော မောင်မောင်ငယ်၏ သတင်းစကားကိုကြားသိရသည့်အချိန်က အစပြု၍မျှော်လင့်ချက် ပျက်ဆုံး ရသောကြောင့် ချုံးချုံးချ လူပါနုံးပြီး ယနေ့တစ်နေ့လုံး အိပ်ရာထက်တွင် စောင်းလျက်တခွေခွေငို မျက်ရည်မစဲ ဖြစ်နေရသမှာ ဒိုင်းခင်ခင်ကြီးသာ ဖြစ်လေသည်။
သနားတော်မူထားသော  ရွှေချူလုံး၊ ရွှေနောင်ဇကုံးတို့မှအစ အိုးပုတ်ချိုးရုပ်ကလေးများပါ မကျန် ယမန်နေ့က ရွှေနန်းတော်ပေါ်သို့ ပြောင်းရွှေ့နေမည်ဟူသော ရွှေနန်းရှင်ဘုရား အမိန့် တော်အရ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ စီမံသမျှကို နှစ်လိုဝမ်းသာစွာနှင့် ပြင်ဆင်ထုပ်ပိုးထားကာ နံနက်ဖန် အကြိုတော် ဝေါယာဉ်များ ဆိုက်ရောက်လျှင် ပျော်ရွင်စွာလိုက် ပါရတော့မည်ဟု မျှော်လင့်ခြင်း ကြီးစွာ ထားခဲ့ပြီုး အကြောင်းမညီ ကပ်ခါသီခါပျက်ရချက်နာပြီးလျှင် မိမိချစ်ကြည့်မြတ်နိုး  အားကိုး အားထား ပြရာ ပုဂ္ဂိုလ်ဖြစ်သော ရွှေနန်းရှင်ဘုရားမှာ ရုတ်တရက် ဝေဒနာတော်ခံ၍  မကျန်းမမာ ဖြစ်တော် မူရခြင်းအတွက်လည်း ပူပင်စိတ်နှင့် တထိတ်ထိတ် စိုးရိမ် ကြည့်ကြ ဖြစ်ရတော့သည်။
မကြာမထင် အပြေးကလေးဝင်၍ ခြေရင်းတော်တွင် နှိယ်နယ်ပြုစု  တယုတယ လုပ်ချင် လှသော်လည်း ဖြစ်ရပုံက အဆင်မပြေနိုင်သဖြင့် မကြံနိုင် လက်မှိုင်ချလျက် မျက်ရည်စက်ကိုအ ဖော်ပြုကာ ကျန်းမာ တော် မူစေကြောင်းနှင့် ဆုတောင်ရင်း ငိုယိုပူဆွေးနေရာ တစ်ခါတစ်ခါ မောင်မောင်ငယ် အနီးသို့ ရောက်လာပြီး "ခင်အကြီးရယ် မငိုပါနှင့်ကွယ်၊ ရွှေနန်းရှင်ဘုရား မကြခင် ဝေဒနာတော် ကင်းစင်သွားပါစေလို့သာ ဆုတောင်းပါ၊ မည်သူမှ ဖျက်ဆီးလို့ ပျက်စီးရတဲ့ကိစ္စ မဟုတ်ပါဘူး၊ ကျန်းမာတော်မူလျှင် အမိန့်တော် ၀င်ခံပြီး မြန်မြန်ကြီး ခင့်ကို လိုက်၍ ပို့ပါမည်" ဟု အားပေးစကား ပြောကြားလာသည်တိုင်အောင် -
"အစ်ကိုရယ် မငိုဘဲ နေချင်တယ်၊ ခင်ကြီးရဲ့ ကုသိုလ်ကံကိုက အင်မတန်ဆိုးတယ် ထင်ပါရဲ့၊ ငိုရ၊မဲ့ရတဲ့ အနှောက် အယှက်တွေဟာ မကြာမကြာ ပေါ်လာပါတော့သည်၊ အဆောင် တော်နှင့်ထားတဲ့ မိဖုရား ဘ၀ကိုလည်း မမှန်းချင်ပါဘူး၊ ရွှေနန်းရှင်ဘုရားကို အားပါတရ အမြဲတမ်း ဖူးမြင်နေရလျှင် ခင်ကြီး စိတ်ပျော် ပါပြီ၊ ခုတော့ အပါးတော်ကိုလည်း မကပ်ရ၊ အရှင်နန်မတော်ဖုရာ ကလည်း အမျက်တော်ရှ၊ အစ်ကိုတို့ ကိုလည်း ခင်သနားလှပါပြီ"ဟု ပြောကာ ငိုကြောကို ဆွလိုက် သလို ဟစ်၍သာ ငိုပစ်တတ်သဖြင့် မောင်မောင်ငယ်မှာကြာသော် ခပ်ရှောင်ရှောင်လုပ်နေ လိုက်ရတော့သည်။
နေတစ်ချက်တီး ကျော်လောက်ရှိလျှင် ဒိုင်းအတွင်းဝန်မင်းမှာ ဗြဲတိုက်တော်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာလေရာ မျက်နှာမသာမယာနှင့် ရှိနေကြသော အိမ်သူအိမ်သားများကို မြင်လျှင်-
"ဟင်…….ခင်ကြီးတို့အမေနဲ့ မောင်မောင်တို့ ဘာဖြစ်နေကြသလဲဟူသော အမေးကိုစ တင်၍ မေးလိုက်လျှင် ၀န်ကတော်ကြီးက ထူးထူးထွေထွေ အဖြေမပေးတော့ဘဲ "ကျွန်မတို့လည်း ရွှေနန်းရှင်ဘုရား ရုတ်တရက် နာမကျန်ဖြစ်တော်မူသည်ကြား၍ စိတ်များမကောင်းကြပါ၊ ခင်ကြီးတို့ ဘဘ ဘယ်လိုများ သတင်းရဲခဲ့ပါသေးသလဲ"ဟု ညှိုးငယ်စွာပြန်၍မေးမိလေသည်။
    "ကျုပ်လည်း ထူးထူးထွေထွေ မကြားခဲ့ပါဘူး၊ ယနေ့နံနက်ကမှ  ရွှေနန်းရှင်ဘုရား မှာကောက်ကာငင်ကာ ရုတ်တရက် ဝေဒနာတော် ခသဖြင့် ဗြဲတိုက်ဆောင် ညီလာခံသို့ ထွက် တော်အခြေအနေကို သိနိုင်ရန်  အခစားဝင်မည့်ကြံတော့လည်း အဆောင်တော်ထဲ ဘယ်သူမှ မ၀င် ရဘူး၊ ဒိုင်းဝန်မင်း အေးအေးသာ အိမ်ပြနိကြွပါလို့ ဗြဲတိုက်သံတော်ဆင့်တစ်ဦးက ပြောတာနှင့် ပြန်လာခဲ့ရပါသည့်" ဟု ကြုံကြိုက် ကြားသိခဲ့ရသမျှ ပြောပြလေ၏။
    ဒိုင်းအတွင်းဝန်မင်း အထင်မှာ အရှင်နန်းမတော်ဖုရာနှင့်တကွ ရွှေနန်းတော်တစ်ခု လုံးသည် ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရား ရုတ်တရက် နာမကျန်ဖြစ်တော်မူသည့်အတွက် စိုးရိမ်သောကဖက်၍ စိတ်လက်မချမ်းသာကြသောကြောင့်သာ မျက်စိမျက်နှာ မသာဖြစ်နေကြသည် ဟုထင်မှတ်လာခဲ့လေသည်။ အိမ်သို့ ရောက်ပြန်ပါလည်း အတွင်းဝန်ကတော်ကြီးနှင့်တကွ သားသမီးတို့ မျက်နှာမကောင်းသည်ကို တွေ့ရပြန်သည်။ သို့သော် အတွင်းဝန်ကတော်ကြိး၏ အဖြေအတိုင်ူး အထူအထွေ မမေးမြန်ဘဲ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူသော သတင်းစကား ကိုကြားသိကြပြီးဖြစ်၍ စိတ်လက်မကောင်းကြခြင်းသာဟု နှလုံးပြုကာ နောက်ထပ် တစ်စုံတစ်ရာမ မေးဘဲ အရှင်သခင် ဘုရာမင်းမြတ် ကပ်ရောက်သော ဝေဒနာတော်မှ သက်သာရာရစေရန် ဆိတ်ငြိမ်စွာ ဆုတောင်းမေတ္တာပို့လျက် ရှိနေလေသတည်း။
အချိန်နာရီအားဖြင့် နေ့သုံးပဟိုရ်ပြောင်း၍ သုံးမောင်ခန့်ရှိလေသည်။ ရနောင်မြို့စား မောင်မောင်တုတ်သည် သူ၏ အိမ်တော်ကြီးတွင် ပင်ကျရေနှင့် အနားယူ စည်းစိမ်ခံရင်း နန်းတွင်း ကိစ္စများ စဉ်စားကြံထုတ်နေချိန် ဖြစ်လေ၏ မြောက်ဒ၀ယ်ဗိုလ်၊ လက်သုံးတော်ကြီးကိုင် ရနောင်မြို့ စားမင်း မောင်မောင်တုတ်ဟူသော အမည်သတင်းနှင့် တန်ခိုးအရှိန်အ၀ါမှာ အလွန်တရာ ကြီးမား နေသူဖြစ်သည့်အလျှောက် မင်းမူထမ်း အရာရှိကြီးငယ်များမှာလွန်စွာ လေးစားခဲ့ကြသည်တွင် အချို့သော မှူးမတ်အရာရှိးများမှ မောင်မောင်တုတ် ခြေဖျားထောက်သမျှကို မနိုင်၍ သည့်ခံရသော ခန္တီတရာမျိုးနှင့် မျက်စိစပါးမွေးစူးလျက်နှင့် သည်းခဲ့ကြရာ ယခုကဲ့သို့  နန်းမတော်ဖုရာက အပြစ်အ လျောက်မထောက်မညှာ ပြုပေါတော့ဟု အခွင့်တော်သာလျှင်ပင် ယခင်အခါများကသည့်ခံခဲ့ရသမျှ အတိုးချ၍ အခွင့်အာဏာကို သုံးပြတော့မည်ဟု အားတက်သရော ဖြစ်လာကြလေ၏။
မောင်မောင်တုတ်၏ အခြွေအရံ ဘက်တော်သားများကလည်း အင်အားတောင့်တင်းလှရုံမ ကအစစ အရာရာ သူတို့ဘက်မှ လုပ်ရည်ကြံရည် သာခဲ့တတ်သောကြောင့် ယခုကိစ္စတွင် သေချာ ဂန မိမိရရ ဖြစ်စေခြင်း ငှာ အရာရှိကြီးများနှင့် ရဲဘက်တော်တို့ လျှို့ဝှက်သိမ်သည်းစွာ စီမံခန့်ခွဲလာ ပြီးစစ်သည်တော် ဗိုလ်ပါ အများနှင့် ဘွားခနဲ အိမ်တော်ကြီးကို ၀ိုင်းထားပြီးမှ မောင်မောင်ငယ်မှလည်း စိတ်ထဲတွင် လေးလေး ထိုင်းထိုင်း ရှိလှ၏ မောင်မောင်တုတ်ထံသွားပြီး ကြံစည်ဆွေးနွေးရန် စိတ်ကူးမိရာ ရွှေနန်းတော်မှာ ယနေ့ည တွေ့ဆုံကြရန် ချိန်ဆိုးထားခဲ့သည့်ကို သွား၍ သတိရမိမှ မသွားတော့ပါဘူးလေဟု ခြေလှမ်းကို ရုပ်သိမ်း ပြီး မိမိနေထိုင်လေ့ရှိသည့် အခန်းထဲ့သို့ ၀င်ခဲ့လေ သည်။
သို့နှင့် အိမ်ထဲတွင် နေရန်မှလည်း စိတ်ရင်းကပင် ရွှေနန်းရှင်အတွက် မငြိမ်မသက်လှုပ်ရှား ရင်းလေးလျက် ရှိနေသူ ဖြစ်၍ ရပ်တည်မှု မရနိုင်သောကြောင့် အိမ်ကြီး၏ တစ်ဖက်အစွန်းရှိ မန်ကျည်းပင်ရိပ် လွှမ်းထား သော မိုးရေခံကြမ်းပြင်ကို ထွက်လာသော ၀ါသနာအလျှောက်မွေးမြူ ထားခဲ့သော စဥ့်အင်တုံကြီးအတွင်းမှ ရွှေငါး၊ ငွေငါးကလေးများ ကြည့်ရှုရင်း အစာများကျွေးနေမိ သည်။
ရှေးယခင်အခါကဆိုလျှင် ၀ါသနာအလျှောက် စိတ်အေးလက်အေး ပန်မန်ယျာဉ်ကလေး များ  စိုက်ပျိုခြင်း၊ မွေးမြူထားသော ရွှေငါး၊ ငွေငါးကလေးများနှင့် စိတ်လက်ပျော်ပါးကြည်လင်စွာ နေတတ်လျက် စာပေ ရပိုက်များ ဖက်ရှုကာ ရေးတန်ရာကိုရေး မှတ်တန်ရာကိုမှတ်နှင့် အလွန်တရာ လွတ်လပ်ခဲ့သည်။
ယခုအခါ မိမိဇာတိချက်ကြွေဖြစ်သော အမရပူရ ရွှေခဲရပ်ရှိ အိမ်ဂေဟာမှာ ကျန်ရစ်ခဲ့သော ပန်းမန်ယျာဉ် ကလေးများ၊ ရွှေငါး၊ ငွေငါးများကိုမှလည်း သွား၍မကြည့်အားနိုင်၊ မိမိ အဆွေမျိုများဖြစ်သော ရေကူ မင်းသား ကြီး၏ အနွယ်တော်များနေထိုင်ရာ ဗောဓိကုန်းအရပ်သို့ လည်းလုံးဝမရောက်နိုင်ရှိခဲ့သည်။ ခင်ခင်ကြီးနှင့် အရှင်သခင် ရွှေနန်းရှင်ဘုရားတို့ ဆက်သွယ်မှုကိ စ္စတွင် ပါဝင်မိကာမှ နေ့ညမအား ချစ်ခင် သည်ပင် မရှိခဲ့သော မိမိဖြစ်အင်ကို ဆင်ခြင်သုံး သပ် မိ တော့သည်။ မိဘအရင်းကဲ့သို့ ချစ်ခင်ကြင်နာ သံယောဇဉ် နှောင်ကြိုး ခိုင်မာနေပြီဖြစ်သော ဒိုင်းဝန် မင်းနှင့် ဒိုင်းအတွင်းဝန်ကတော်ကြီးတို့ကိုလည်း အားကိုးအားထား သားယောက်ျာမရှိရာသဖြင့်  အရေးကိစ္စမှန်သမျှ့တို့တွင်  တိုင်တိုင်ပင်ပင်နှင့် လုပ်ကိုင် ဆောင်ရွက်ရန် တာဝန်များမှ မိမိကာသာ အခါခပ်သိမ်းဦးဆောင်ရမည့် အလှည့်ကျရောက်နေသည်ဟု အတွေး အယူ ရှိနေလေ၏။
ယင်းသို ငြိမ်သက်စွာ စဉ်းစားလျက် ရေအင်တုံထဲမှ တစ်ချက်တစ်ချက် ပွတ်လိုက်၊အစာလု လိုက်နှင့် ငုပ်ချည် ပေါ်ချည် ဖြစ်နေသော ရွှေငါးကလေးများကို စူးစိုက်ကြည့်နေစဉ် ၀င်းအပြင်ဘက် လမ်းမဆီ မှ စိုင်းလာသော မြင်းခွာသံများကို ကြားရသည်။ ခြံဝင်းကြီးရှေ့နောက်မှ ရုတ်ရုတ် ရက်ရက်လှုပ်ရှားသော လူသံ သူသံများလည်း ပေါ်လာသည်။ ထိုနောက်ငြိမ်သက်သွားပြီး  အိမ်ရှေ့ လှေခါးဆီမှ အသံပြင်းပြင်း နင်း၍ တက်လာသော ခြေသံများကို ကြားရပြီလျှင် နောက်ဖေးလှေကား မှလည်း တစ်စုတရုံတည်း တက်လာသော ခြေသံများကို ကြားရပြန်၍ အိမ်ကြမ်းပြင် လသာဆောင် မှစောင်းငဲ့ကြည့်မိရာ ၀ိုင်းဝန်း တက်လာ သူတို့ကား အံ့အားကြီးသင့်နေမိသည်။
ထို့နောက် သတိရ၍ မည့်သို့ဖြစ်ကြသည်ဟု သိရှိရန် အိမ်ဦးခန်းသို့ လာခဲ့ရာ အခန်းတစ် ခုသို့ ဖြတ်ကူး နေစဉ်မှပင်-
"ဟောဒီမျာ ရွှေတိုက်စိုး" ဟုပြောလျက် စစ်ကြပ်တစ်စုက ၀ိုင်းဖမ်းလိုက်ခြင်း ခံရသည်။
"အို…….ဘယ်လိုဖြစ်ကြတာလဲ" ဟု ပြောလိုက် သည်တိုင်အောင် အဖြေကားမရ ကယောင်ကတမ်းနှင့် အိမ်ရှေ့ခန်းကြီးသို့ ရောက်ခဲ့ရသည်။ အိမ်ရှေ့ခန်းသို့ ရောက်ခဲ့သော တစ်ခဏ ၌ မကြည့်ရက် မမြင်သာ သော ရှုမြင်ကွင်းကြီးကို ရင်ဆိုင်ရသောကြောင့် မောင်မောင်ငယ်၏ မျက်လုံးများမှ ပြာနောက် မှိုင်းဝေ သွားလေသည်။
မောင်မောင်ငယ်၏ မကြည့်ရက်သော ရှုမြင်ကွင်းကား ဘုရားခန်းဘက်မှ လက်တွင် စိပ်ပုတီးကြီး တန်းလန်း နှင့် ဖမ်းဆီးခေါ်ဆောင်ရာသို့ ကသီကရီ လိုက်ပါလာသော ဒိုင်းအတွင်းဝန်ကြီးကို တွေ့မြင်ရခြင်း ဖြစ်လေ သည်။ ဒိုင်းဝန်မင်းနှင့် မောင်မောင်ငယ် အခန်းလယ်သို့ ရောက်ကြ၍မျှ တစ်ခဏမကြာမီ အတွင်းခန်းဆီမှ ခင်ခင်ကြီး၏ စူးစူးရှာရှာ ဟစ်အော်လိုက်သောအသံကို ကြား လိုက်ရသော တစ်ခဏ၌ မောင်မောင်ငယ်မှာ ဖျင်းခနဲ့ သွေးဆူလျက် ရုတ်တရက် ရုန်းထွက်လိုက် မိရာ ကျပ်တည်းစွာ ကိုင်းဖမ်းထားသော စစ်ကြပ် စစ်အမှုထမ်း များက ဆောင့်ဆွဲခံလိုက်ရမှ နောက်ပြန်ယိုင်သွားရတော့သည်။
    ဤသည်နှင့် မရှေးမနှောင်းတွင် ခေါင်းရင်းခန်းမှ စစ်ကြပ်မှုထမ်းတစ်ခု ဆွဲခေါ်လာသော ဒိုင်းအတွင်းဝန် ကတော်ကြီးမှာ "ညှာညှာတာတာ ပြုကြပါ မောင်တို့ရယ်၊ ဝေဒနာသည်မို့ ဘယ်မှမ ပြေးနိုင်ပါဘူး"ဟု အသံယဲယဲနှင့်ပြောရင်း ဒရွတ်တိုက်ပါလာသည်ကို တွေ့မြင်ရပြန်သည်။ မောင်မောင်ငယ်သည် မျက်လုံးကို လက်နှင့်ပိတ်၍ အံ့ကြိတ်နေလိုက်ရုံမှတပါး မတတ်နိုင်တော့ပေ။ "ဖယ်ကြပါ ကျွန်မဘာသာလိုက်မယ်၊ အသားကို မထိကြပါနဲ့၊ ရွှေနန်းရှင်မောင်မောင်ဘုရား၊ စစ်သားတွေ ခင်ကြီးကို လာဖမ်းနေကြပါပြီ ကယ်တော် မူလှည့်ပါဦးဘုရား" ဟူ၍ ဟစ်ဟစ်ကလေး ငိုကြွေးလိုက်သော အသံနှင့်အတူ စစ်သား စစ်ကြပ် များ ရံဝိုင်းထားသော ခင်ခင်ကြီး အလယ်ခန်းကြီ သို့ရောက်လာသောအခါမူကား ဒိုင်းဝန်မင်း၊ ဒိုင်းဝန် ကတော်နှင့် မောင်မောင်ငယ်တို့မှ မိမိတို့ ခံစားရသော ဝေဒနာကို မေ့ပျောက်သွားပြီး ခင်ခင်ကြီးအတွက် အသည်း ဆတ်ခတ်ခါ နာကျင်ခြင်း ဖြစ်ကြရလေ၏။
    ခင်ခင်ကြီးကလည်း ယင်းသို့နည်းတူ မိမိမှိခိုးအားထားရာ မိဘနှစ်ပါးနှင့်တကွ ချစ်လှသော အစ်ကိုတို့မှာ စစ်အရာရှိများ အလယ်တွင် ယုန်သူငယ် ပိုက်တွင်မိသလို မချိသည့် မျက်နှာနှင့် ထိတ်လန့်စွာ အဖမ်း အဆိးခံနေရရှာပုံနှင့် လှမ်းခေါ်ဟစ်အော် ပြောလိုက်ငြားလည်း ဒိုင်းဝန်က တော်ကြီး၏ စကားရ နန်းခုံ တို့လူစုမှာ ခင်ခင်ကြီးအနီးအပါးသို့မျှ မသွားရ၊ မကပ်ရ စစ်မှုထမ်းတို့ က ကန်ကျောက် မောင်းမဲ လွှတ်ခြင်းကြောင့် ကြောက်ရွံ့စွာ လက်မှိုင်းချနေရသည်။ သို့နှင့် အချိန်အနည်းငယ်အတွင်းမှာ ဂြိုလ်ဆိုး ကြမ္မာ ၀င်ရောက်လာသော မိသားဖသားတစ်စုတို့သည် ဖမ်းဆီးထားသော စစ်မှုထမ်းများအလယ်တွင် မျက်နှာငယ် နှင့် ဘယ်အပြစ် ဘယ်အမှုဟူ၍ မသိရ သဖြင့် ဒိုင်းအတွင်းဝန်မင်း ကိုယ်တိုင် မျက်နှာသိ စစ်အရာရှိ တစ်ဦးအား-
    "မောင်ရယ် ဦးကြီးတော်တို့ တစ်အိမ်သားလုံး ဖမ်းဆီးထားသည့်မှာ ဘယ်လိုအပြစ်မျိုးများ ကျူးလွန်မိ လို့ပါတဲ့လဲ၊ မောင်တို့သိခဲ့ရလျှင် ကြားပရစေကွယ်"ဟု မေးမိရာ-
    "ကျွန်တော်တို့မှာ လွှတ်တော်ကြီးက အမိန့်တော်နှင့် ၀တ္တရားအရ လာရောက်ဖမ်းဆီးကြ ခြင်းဖြစ်တယ်၊ ဘာကြောင်းနှင့် ဖမ်းဆီးရန် အမိန့်တော်နှင့် ကျွန်တော်တို့ သိဖို့ မလို၍ မသိကြပါ၊ ကျွန်တော်တို့  တာဝန် ၀တ္တရားမှ ဖမ်းဆီးရန် အမိန့်ကျလျှင် ရမိအောင် ဖမ်းပေးဖို့နှင့် ဖမ်းဆီးပြီး ရာဇာဝတ်သားကို လွတ်မြောက် မသွားဖို့မျှသာ ဖြစ်ပါသည်။
    ဟုသာ ပြန်ပြောသောကြောင့် သိလိုသော အကြောင်းအရင်းကို မသိ၇တော့ပေ၊ မောင်မောင်ငယ် စဥ်းစား မိသည်မှ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူခိုက်  ဖြစ်သောကြောင့် ဘုရင်မင်းမြတ်၏ အမိန့်တော် အရ ဖမ်းဆီးခြင်း မဟုတ် အရှင်နန်းမတော်ဖုရားက မျက်တော်မူသ ဖြင့် လွှတ်တော်ဝန်ကြီးတို့မှတဆင့် ချပေးသော အမိန့်သာဖြစ်ရမည်ဟု ယုံကြည်လိုက်သည်။ ဖမ်းဆီးသည်ဆိုရာမှလည်း  အပြစ် ကြီးငယ် ရှိမှသာ ဖမ်းဆီးနို်င်ခွင့်ရှိလေရာ မိမိတို့အပေါ်တွင် မတရားစွမ်စွဲသော အမှုဖြစ်ပါကလည်း လွှတ်တော်တွင် လျှောက်လဲချေပနိုင်ခွင့် ရှိသေးသည်။ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူလာလျှင်လည်း မိမိတို့အား ပစ်၍ ထားတော် မူမည်မဟုတ်သောဟု မျှော်လင့်ချက်တစ်ခုကို လက်ကိုင်ပြုကာ ၀မ်းနည်းထိတ်လန့်လှသော အမူအရာ မျိုးကို များစွာမ ပြဘဲ ရှိနေတော့သည်။ ထို့ကြောင့်-
    "ဘဘဘုရားနဲ့ မေးဖုရားတို့ရယ်၊ တရားကို နတ်စောင့်ပါတယ်၊ ဒါလောက်လည်း အားငယ်တော် မမူကြပါနဲ့၊ ဘယ်အပြစ် ဘယ်အမှုကြောင့် ဖမ်းသည်ဖြစ်စေ လမ်းဆုံးလျှင် ရွာတွေ့ဆိုတဲ့ စကားအတိုင်း ရွှေလွှတ်တော် ပေါ် ရောက်တဲ့အခါ ရှင်းလင်ချေပနိုင်ပါသေးတယ်"ဟု အားပေးလေ့ရှိသည်။
    ဆို့တတ်သွားရာမှ သဘာဝအလျှောက်ပင် သတိပြန်ဝင်လာသော ခင်ခင်ကြီးမှာ လူးလွန် ကာ အားယူ ထပြီး မိခင်၊ ဖခင်များကို လှမ်းကြည့်မိပြန်ရာမှ ကြောက်ရွံ့ထိတ်လန့်လှသော မျက်နှာ နှင့်"မိဖုရားရဲ့ ဖခင်ကြီး တို့ကို ဘာလုပ်ဖို့ ဖမ်းကြတာလဲဘုရား၊ အစ်ကိုလည်း မကယ်နိုင်တော့ပါ ကလား၊ အစ်ကို့ ရွှေနန်းရှင် ဘုရားကို ဘယ်သူသွားပြီး သံတော်ဦးတင်ပေပါမလဲ"ဟု ရေရွတ်တသ ရင်း အတွင်းဝန် ကတော်ကြီး၏ ရင်ခွင်သို့ ပြေးဝင်ကာ ဖက်၍ငိုလိုက်မိရာ ဖမ်းထားသော စစ်မှုထမ်း များလည်း ခင်ခင်ကြီး ကို ကြမ်းတမ်းသော လက်ကြီးများဖြင့် တအားဆွဲယူ၍ လူချင်းခွဲလိုက်လေ သည်။
    အကြီးအကဲ စစ်ဗိုလ်တစ်ဦး ခေါင်းဆောင်သော စစ်မှုထမ်း လေးငါးဦးမှာ မြောက်ရွှေရေး ဆောင်တော် သို့ သယ်ယူရန် အသင့်စုပုံပြင်ဆင် ထုပ်ပိုးသော ပစ္စည်းများကို တစ်ခုမကျန် လှန်လှောရှာဖွေ စစ်ဆေး လျက် ရရှိသမျှ ပစ္စည်းများကို အမျိုးအမည် ဦးရေခွဲခြားပြီး ပုရပိုက်တစ်ခု ဖြင့်တင်ပြရန်  သိမ်းယူ သွားကြလေ၏။
    သို့နှင့် မောင်မောင်ငယ် အပါအ၀င် ဒိုင်းအတွင်းဝန်မင်းတို့ မိသားစုတစ်စုတို့အား အချုပ် စခန်းသို့ ခေါ်ဆောင် သွားကြတော့သည်။ ထောင်သို့ရောက်သောအခါလည်း တစ်စုတစ်ရုံးတည်း မထားဘဲ တစ်ကိုယ် လျှင် တစ်ခန်းစီခွဲလျက် အဆက်အသွယ်မရှိ တစ်ယောက် အကြောင်းတစ် ယောက် မမြင်မသိ နိုင် အောင် အချုပ်ထောင်အခန်းချင်း အလှမ်းဝေးရာသို့ ပို့ထားခြင်းခံရလေသ တည်း။
    လက်သုံးတော်ကြီး မြောက်ဒ၀ယ်ဗိုလ် ရနောင်မြို့စားမင်းသား မောင်မောင်တုတ်နှင့် ရွှေတိုက်စိုး ထောင်သမန်လယ်စား စာဆိုတော် မောင်မောင်ယ်၊ ဒိုင်းခင်ခင်ကြီးနှင့် ဒိုင်းအတွင်းဝန်မ မင်း၊ ဒိုးအတွင်းဝန် ကတော်ကြီးတို့ကို ဖမ်းဆီးသောအချိန်နှင့် တစ်ပြိုင်နက် တစ်ချိန်တည်းမှာပင် ရွှေနန်းတော်ကြီးတွင် အမှုထမ်း လျက်ရှိသော လက်သုံးတော်ကိုင်များ၊ ၀င်မှူးများကိုလည်း အမိန့် တော်နှင့် ဖမ်းဆီး လိုက်လေ သည်။
    ရေနံချောင်းမင်းကြီး၏သား မြောက်ဒ၀ယ်ဗိုလ် လက်သုံးတော်ကြီးကိုင် ရနောင်မင်းသား မောင်မောင်တုတ် နှင့် ပေါင်းအသင်းပြုကာ မတရားပြုကျင့် ဆိုးသွမ်းသူများအဖြစ်နှင့် တစ်နွယ်ငင် တစ်စင်ပါ တစ်ချိန်တစ်ခါတည်း ဖမ်းဆီးခြင်းခံရသူများမှ မောင်မောင်တုတ်၏ ညီသူရဲဝန်ကျပင်းမြို့စား၊ ပင်သား  မင်းသား မောင်မောင်ဗြောင်း၊ ရွှေတိုက်စိုး စီးတော်မြင်းဝန်တောင်သမန်လယ်စား မောင်မောင်ငယ် (ကိုဖေငယ်)၊ ကောင်ဟောင်ဝန် မောင်မောင်လတ်၊ ငွေခွန်ဝန်မှူး ကိုမောင်ငယ်၊ ဘုန်းတော်တိုး ဗိုလ် ကိုပေါ်ညွှန်း၊ နတ်ရှင့်ရဲတင်ဗိုလ် ကိုမှန်၊ နတ်ရှင့်လူတော်ဗိုလ် ကိုဘိုးမောင်၊ နတ်ရှင့်တိုးဗိုလ် ကိုညို၊ သံတော်ဆင့် ကိုစော၊ မြို့စားရေးကိုမြို့၊ မြို့စာရေး ကိုကံကော်၊ အသုံးစာ ရေး ကိုဗာလီ၊ ဒိုင်းစာရေး ကိုသက်ရှည်၊ ဗြဲတိုက်သံဆင့် ကိုတုတ်၊ ဗြဲတိုက်သံဆင့်ကိုခင်၊ ပန်းပဲစား ရေးကိုဘိုးအို စသူတို့ ခေါင်းဆောင်လျက် ၎င်းတို့နှင့် အနီးကပ်ဆုံးသော အတူနေအချို့ပါ ဖမ်းဆီးခြင်းခံရပြီး အကျဉ်ထောင် ထဲတွင် လူချင်းခွဲထားလေ၏။
    ဖမ်းဆီးချင်းနှောင်ခံရသူတို့အား တစ်ဦးနှင့်တစ်ဦး  တိုင်ပင်ဆွေးနွေးကလေးမျှ မတွေ့မ မြင်ရ၊ မိမိတို့ ဆိုင်ရာ အဆွေအမျိုးများကလည်း မလာနိုင်၊ အဆက်သွယ် ကင်းပြတ်ကာ လွှတ်တော်ကြီးမှ စီရင်ချက် တစ်ခု သာလျှင် မည်သို့သောအပြစ်နှင့် မည်သို့သော ရာဇ၀တ်ပြစ်ဒဏ်ခံရမည်ဟု ပိုင်းခြား သိသာနိုင် တော့မည်ကဲ့သို့ ရှိနေလေ၏။
    နောက်တစ်နေ့ ရွှေနန်းရှင်ကြီးနှင့် လွတ်တော်ကြီးတစ်ရပ်ကွက်လုံး ရှိသမျှ မင်းခစားတို့မှာ ယမန်နေ့က မောင်မောင်တုတ်နှင့် အပေါင်းပါတစ်စုကို တစ်ပြိုင်နက် ဖမ်းဆီးလိုက်သော သတင်း များကြောင့် တုန်လှုပ် ချောင်ချား လျက် ရှိလေ၏ မောင်မောင်တုတ်တို့နှင့် အပေါင်းဝန်ဆန့်သူတို့ မှာ ကြားရသော သတင်း ကြောင့် စိတ်မချမ်းမသာ ဖြစ်ကြရလျက် ရနောင်မောင်မောင်တုတ်တို့ ကောင်းစားသည်ကို အကြောင်းမဲ့ မနာလို သူတို့သည်လည်းကောင်ုး၊ မောင်မောင်တုတ်တို့ လူသိုက်၏ ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်အထက် နှိပ်စက်မှုများကို  ခံစားရဖူးသူတို့ကလည်းကောင်း၊ မတရာမှုကို မလိုလားသော်လည်း စကားနည်းရန်းနည်း နှုတ်ပိတ်နေခဲ့၇သော ဖြောင့်မတ် တည်ကြည်သူ မင်းမှုထမ်းကြီးငယ်များသည်လည်း၊ မောင်မောင်တုတ်တို့  အချုပ်အမနှောင်ဖမ်း ဆီးခံရပြီးဟူသော သတင်းကို ကြားရသောခါ မာန်မာနဂုဏ်ရောက်၍ ခြေဖျား ထောက် လွန်းသူများ ၏ သွားရာလမ်းဆုံးသို့ ရောက်ကြလေပြီးတကားဟု အားရကျေနပ်ကုန်ကြသည်။ ရနောင် မောင်တုတ်၏ မတရား နှိမ်စက်မှု ခံရဖူးသူများကလည်း တရားရုံးတော်မှ အစစ်အဆေး အမေးအမြန်း ရှိ လျှင် မိမိတို့ခံခဲ့ရသမျှ ကိစ္စကို အားရပါးရ သွားရောက်လျှောက်တင်မည်၊ တကဲကဲ ဖြစ်နေကြသည်။
    အရှင်နှစ်ပါးက သဒ္ဒါကြညဖြူ မြှောက်စးသူကောင်းပြုတော်မူထား၍ မတရားပြုမှုတွေကို သိရှိ သော်ငြားလည်း မှူးတော်မတ်တော်ကြီးများကပင် အရေးမယူနိုင်သလောက် ရှိခဲ့ရာ ယခုကဲ့သို့ မောင်မောင်တုတ်ကို ရုတ်တရက် ဖမ်းဆီးလိုက်ခြင်းအတွက်လည်း ရွှေနန်းတော်ကြီးတစ်ဝိုက်တွင် အံ့သြခြင်း ကြီးစွာနှင့် ဖြစ်ကြလေ၏ အချို့မှလည်း သူကောင်းပြုသူ အရှင်နှစ်ပါးကပင် အမျက်တော် ၀င်လောက် အောင် ဆိုးသွမ်း၍ ဖမ်းဆီးအရေးယူခြင်း ပြုရသည်အထိ ရောင့်တက်လွန်းလှသည်ဟု ပြောကြ၍ အချို့ကလည်း မောင်မောင်တုတ်တို့သည် နေပြည်တော်တစ်ဝိုက်တွင်သာမက အရှင် နှစ်ပါး စံတော်မူရာ ရွှေနန်းတော်ကြီး တစ်ခို၌ပင် ထင်သလိုပြုကျင့် သောင်းကျန်းနေကြသောကြောင့် သာ ဖြစ်ပေ လိမ့်မည်ဟု မှတ်ချက်ချကြကုန်သည်။
    ထို့ကြောင့် မောင်မောင်တုတ်တို့ကို မည်သို့သော ရာဇ်ဝတ်အပြစ်ကိုပင် ပေးသည်ဖြစ်စေ အပြစ် ကျူးလွန် ၍သာ ခံရသည်ဟု လူတိုင်းက ယုံကြည်ကြမည့်အခြေသို့ ရောက်နေသည်။ ရနောင်မြို့စား၏ မတရား ပြုမှုများမှာလည်း၊ မိမိကိုယ်ရေးကိုယ်တာအတွက်နှင့်သော်လည်းကောင်း၊ မိမိအပေါင်း အသင်း တို့ အတွက်သော် လည်းကောင်း၊ မိမိအရှင်သခင် ရွှေနန်းရှင်နှင့် အရှင်မိဖုရား ခေါင်းကြီး စုဖုရားလတ် အတွက်သော်လည်းကောင်း၊ သောင်းပြောင်းအရောရာ အမှုကိစ္စအဖြာဖြာ တို့ကိုပြတ်ပြတ်သားသား ဆောင်ရွက် ခဲ့ဝံ့သဖြင့်လည်း တစ်ပြိုင်နတ်တည်း မောင်မောင်တုတ် အပေါ်၌ အပြစ်ကြီးတွေ မရေမတွက် နိုင်အောင် ရှိနေသည်ဟု ယူဆကြသည်။
    မိန်းမ မှု့နှင့် ရန်ဘက် ဖြစ်ပျက်ကြဖူးသော မြို့တော်ဝန်ကလေးနှင့်တကွ အပေါင်းပါတစ်စု တို့ကလည်း မောင်မောင်တုတ် အလဲ တွင် ဖိထောင်းရန် အချက်ကောင်း စောင့်စားနေကြလရာ မြို့ဝန်မြို့ချုပ်တို့မှာ အကျဉ်းထောင် ရာဇ၀တ်ထောင်များကို စီမံအုပ်ချုပ် အကြီးအမှူးလုပ်သူများ ဖြစ်သောကြောင့် အကျဉ်းထောင် အတွင်းမှ မောင်မောင်တုတ်ကို သူတို့ လက်ခုပ်ထဲရောက်လာ သောရေပမာ သွန်လိုရာ သွန် မှောက်လို့ရာမှောက်နိုင်တော့မည်ဟု ပီတိဖြစ်လျက် ရှိကြလေသည်။
    အချို့ အမြော်အမြင်နှင့် ဆင်ခြင်စဥ်းစားတတ်သူများကမူ မောင်မောင်တုတ်မှာ မည်ကဲ့သို့ ပင်အပြစ်ကြီးမား၍ ရွှေနန်းရှင်ဘုရားက အမျက်တော်ထားစေကာမူ အထွတ်အမြတ်ရောက်တော်မူ စဉ်က "မောင့်မင်းတစ်သက် ငါ့လက်နှင့် မသေစေရ” ဟုကတိသစ္စာ ဆုတော်ပေးထားသဖြင့် ထောင်တန်းချ၊ ရာထူးမှ ရုပ်သိမ်းရုံမျှသာ၊ အပြစ်ပေးတော်မူလိမ့်မည်၊ ငယ်ကျွေးငယ်ကျွန် ဖြစ်ခဲ့ရုံမ ကအရှင့်အကြိုက်ကို  တုံးတိုက်တို ကျားကိုက်ကိုက် မိုက်မိုက်ကန်းကန်းဆောင်ကျဉ်းဝံ့ခဲ့ဖူးသော ကျေးဇူးတရားကလေးကို တွေးမိပြီး သနားကြင်နာတော်မူလာသည့် တစ်နေ့တွင် ယခင်ရာထူး စည်းစိမ်း ကိုပြန်လည် ချီးမြှင့်တော် မူလိမ့် မည်သာ၊ သည်အခါရောက်လျှင် အောက်ကျနိမ့်လျှေစဉ်က အဆင်းတွန်းခဲ့သူများကို မောင်မောင် တုတ်က ကလဲ့စား ပြန်ချေနိုင်သေးသည့်အတွက် အစွန်းအကွက်မလွတ်အောင် မပြုရဲသလောက် ရှိကြပြန် လေသတည်း။
    သီပေါရွှေနန်းရှင် ဘုရား၏ အပါးတော်တွင် စောင့်နေခစားလျက်ရှိသော ခင်ဘွားသစ်အမှူး ရှိသည့်  အပျိုတော် သုံးလေးဦးနှင့် ညီမတော် ရမည်းသင်းစုဖုရားကလေးတို့မှာ အရှင်နန်းမတော် ဘုရား၏ အမိန့်တော် အတိုင်း ရွှေနန်းရှင်ဘုရား ငြိမ်ငြိမ်သက်သက် စက်ပျော်တော်မူသောအခါ ခြေတော်ကို အသာ အယာ ဆုပ်နယ်ခြင်း၊ ဒေါင်းမြီူးယပ်လေ ခပ်နေရခြင်းနှင့် စက်တော်ရာမှ လူးလွန့်လှုပ်ရှားတော်မူလာလျှင် ပြင်ဆင် ထားသော ဆေးတော်များ ဆက်ခြင်းတို့ကြောင့် နောက်တစ်နေ့မှာ အော်ငေါက် ကြိမ်းဝါး တော် မူတတ်သော အမိန့်တော်များ မိန့်ကြားခြင်းမပြု ယုယစွာ ပြုစုစောင့်ရှောက်မူကိုသာ ခံတော်မူတော့သည်။ သို့ရာတွင် မျက်တောင်တော်များလေး လျက်မှေးယှက်ထားသည်က များသောကြောင့် အပါးတော်တွင် ဘယ်သူဝင်၍ ခစားပြုစုနေသည် ကိုမျှ သတိတော်မရသေးဘဲ ရှိတော်မူလေသည်။
    သမားတော်ကြီးများ လျှောက်ထားချက်အရ ဝေဒနာတော်မှ စိုးရိမ်ဖွယ်ရာ  မဟုတ်သော အာဂန္တု ဝေဒနာမျှသာဖြစ်၍ နေ့ရက်မကြာမီ ကျန်းမာတော်မူပါလိမ်မည်။ စိတ်တော်ထိခိုက်လှုပ်ရှား မှုကို အခြေပြု၍ ဖြစ်တော် မူသော ဝေဒနာတော်ဖြစ်ပါ၍ သီတင်းတစ်ပတ်ခန့် ငြိမ်သတ်စွာ စံတော်မူ စေလျက် ဆေးတော် များ ဆက်နေပါက လုံးဝပကတိ ကျန်းမာတော်မူပါတော့မည်။ သို့ရာတွင် ကျန်းမာတော် မူလာသည့် တိုင်အောင် တိုင်းနိုင်ငံတော်အရေးမှ စ၍ စိတ်တော်ရှုပ်ထွေးထိခိုက်စေ မည့် အကြောင်းကိစ္စ သတင်း စကားများ ကြားသိတော်မမူစေရန် အတန်တန် စောင့်ရှောက်ထိန်း သိမ်းမှု ပြုကြစေလိုကြောင်း လျှောက်ထား သည့်နှင့် အရှင်နန်းမတော်ဖုရားနှင့်တကွ ၀န်ကြီးအတွင်း ၀န်တို့ အညီအညွတ်ညှိုနှိုင်းကာ ဘမရာသန နန်းမတော်ကြီးအတွင်၌ ဂရုတစိုက်ထား၍ ရွှေနန်းရှင် ဘုရားအရိပ်အကဲခက်လျက်သာ ငြိမ်ဝပ် တိတ်ဆိတ်စွာ ခစားနေထိုင်ကြရလေ၏။
    အရှင်နန်းမတော် စုဖုရားလတ်သည် မောင်တော် ရွှေနန်းရှင်ဘုရား ကျန်းမာတော်မမူမီ အတွင်း အရေး တကြီး စီမံခန့်အပ်ဖွယ် ကိစ္စများကို ဘုရင့်ကိုယ်တော်စား နိုင်ငံတော်ကို ဘုရင်မင် မြတ်နှင့်ညီတူညီမျှ အစိုးရ တော်မူသော အဂ္ဂမဟေသီ မိဖုရားခေါင်းကြီး ဖြစ်တော်မူသည့် အားလျှော် စွာဝန်ကြီး၊ အတွင်းဝန် များနှင့် ရွှေဆောင်တော်တွင် ဆွေးနွေးတိုင်ပင် စီရင်ခန့်အပ်တော်မူရန် တာဝန်ကို လက်ခံတော် မူထားသည်။ နန်းမတော်ဖုရားသည် အခြားသော အမှုကိစ္စများကိုလွှတ် တော်ကြီများနှင့် စပ်လျဉ်းသော ကိစ္စများကိုမူကား အရေးတကြီးထား၍ ကိုယ်တော်တိုင် အမိန့်ချ မှတ်လျက် စစ်ဘက်ဆိုင်ရာ အမှုထမ်းများ၊ မြို့ဝန်မြို့ကွပ် များကို ဆင့်ခေါ်ကာ  လျှို့ဝှက်စွာ ဖမ်းဆီး ၍ အကျဉ်းထောင်ထဲ ချုပ်ထားပြီမှ အမှုကိစ္စကို သက်သေ သက္ကာသ ခိုင်ခိုင်လုံလုံရှိစေရန်၊ အထောက်အထား စုံစမ်းကြသောအခါ ဒို်င်းအတွင်းဝန်အိမ်မှ သိမ်းဆည်း ရမိခဲ့သမျှ ရတနာရွှေငွေ တို့ဖြင့်ပြီးသော ထီးသုံးနန်းသုံး မင်းခမ်းမင်းနားဝင် ပစ္စည်း အမျိုးအမည် များကို စာရင်းအင်းနှင့်တကွ ဖတ်ကြားလျှောက်တင်ကြလေ၏။
    သီတင်းရက်သတ္တပတ်အတွင်း ရွှေဆောင်တော်တွင် စီရင်ဆွေးနွေးတော်မူသောအခါ၌ အသင့် ရှိနေကြသော ၀န်ကြီးအတွင်းဝန်တို့သည် မောင်မောင်တုတ်၏  ရှုပ်ခဲ့သမျှသော အမှုတို့ကို လည်းကောင်း၊ နန်းတွင်းဝယ် အမျိုးမျိုး ခြယ်လှယ်နေခဲ့သည့်တို့ကိုလည်းကောင်း၊ ဒိုင်းအတွင်းဝန် ကတော်ကြီးက ပန်းတိမ်တော်မှာ စုဆောင်းလုပ်ဆောင်ထားသမျှ မင်သုံးမင်းဆေတာင် ပစ္စည်းတို့နှင့် အခြားသော ကိစ္စ အ၀၀ တို့ကိုလည်းကောင်း၊ မောင်မောင်ငယ်နှင့် မောင်မောင်တုတ် တို့က ညအခါရောက်တိုင်း ဒိုင်းခင်ခင်ကြီးကို တောင်ဘက် ပန်းခုံတော် အုတ်တိုက်နံ့သာဆောင် သို့ လျှို့ဝှက်စွာ ပို့ရသည် တို့ကိုလည်းကောင်း၊ ရွှေနန်းတော်အရှင်ပိုင်းရှိလက်သုံးတော်၊ ကိုယ်ရံ တော်၊ အိမ်ဖန်တော်သား အမှုထမ်များကို မောင်မောတုတ်၏ အမိန့်သြဇာနာခံသူ လူရင်းများကို သာရွှေးချယ်အသစ် မွမ်းမံ ပြင်ဆင်ခြင်း ကိစ္စကို မောင်မောင်တုတ်က ဦးစီးဦးဆောင်လုပ်၍ စီမံနေခဲ့သည်တို့ကိုလည်းကောင်း၊ အကြောင်း ကြောင်း အချက်ချက်တို့သည် ကွင်းကွင်းကွက်ကွက် အမှုသွားပေါ်ထွက်လာသောကြောင့် နောက်ထပ်၍ အထူးအထွေ စစ်ဆေး နေရန်မလိုတော့ဘဲ ထီးနန်းလုပ်ကြံမှု အစီအရင်များ ထင်ရှား နေပြီဖြစ်သော အမှုသွားကို နန်းမတော်ဖုရား အမိန့်တော်ခံပြီးနောက် မှုပြစ်နှင့် ထိုက်လျောက်သော ရာဇ၀တ် အပြစ်ဒဏ်ကို ပေးချရန်သာ လိုတော့ကြောင်း နန်းမတော်ဖုရား၏ အလိုတော်ကို ခွင့်လျှောက် တောင်းဆိုကြ ရတော့သည်။
နန်းမတော်ဖုရားကလည်း ရနောင်မောင်တုတ်အပေါ်တွင် ကိုယ်မွေးသောမျောက် ကိုယ့် ကိုချောက်ဆိုသော ဥပမာအတိုင်း ရိုင်းစိုင်းယုတ်ညံ့စွာ အကြံအစည် ပြုရက်လေသည်ဟု အမျက်တော်ထားသလောက် မထောက်မညှာ ကျူးလွန်လာသောသူတို့ အပြစ်အမှု ကလည်း တစ်ခုပြီးတစ်ခု ရှုမဆုံး၊မျှော်မဆုံး ဖြစ်နေ သည်ကို သိရှိတော်မူရသောအခါ-
" ကိုင်း...ကိုင်း ... ကျေးရင်းကျွန်ရင်းရယ်လို့ ကျွန်မကလည်း မညှာသာပေဘူး၊ သူတို့ ကျူးလွန်ထားတဲ့ အပြစ်က ရှင်ဘုရင်ကို နန်းချရန် အကြံကြီးကြံကြတဲ့ကိစ္စ၊ သက်သေသက္ကာယက အခိုင်အမာ တွေ့ရတဲ့ အတွက် လွှတ်တော်ကြီးက တရားနည်းလမ်းရှိသလောက် စီရင်ချက် ချလိုက်ပေတော့၊ သို့သော် တစ်ခု ကျွန်မ မှာလိုတာကတော့ တိုင်းပြည်နိုင်ငံ ပုန်ကန်မှုဆိုသည်မှာ လက်ညှိုး မကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ၊ တစ်ဦးတစ်ယောက်တည်း အပြစ်ခံရ တဲ့ကိစ္စမျိုး မဟုတ်ပေဘူး၊ ဆွေမျိုးတစ်စု၏ အသက်ပါ တစ်နွယ်ငင် တစ်စင်ပါ ရာဇ၀တ်ခံကြရတဲ့ ထုံးစံပါပဲ၊ သို့သော်လည်း ယခုကိစ္စမှာ သူတို့ရဲ့ နောက်လိုက်နောက်ပါအများကိုတော့ သနားသဖြင့် အပြစ်လွှတ်ပစ်လိုက်ကြပါ၊ ခေါင်းစီးအချို့ကိုလည်း အသက် ချမ်းသာပေးပြီး အဝေးပို့ခြင်း၊ ရာထူးစည်းစိမ် ရုတ်သိမ်းခြင်းတို့ကိုသာ ပြုပါလေ၊ လုံးဝ အပြစ်လွှတ်၍ မရမည့် မူလပင်မ ရေသောက်မြစ်ကဲ့သို့ ဖြစ်ကြသော မောင်တုတ်၊ မောင်ဖေငယ်၊ မိခင်ကြီး၊ ဦးဘိုးကြီး လင်မယားနှင့် ရေနံချောင်းမင်းကြီး ကိုမောင်ကလေး၊ ခန်းပတ်မင်းကြီး တို့မှာတော့ အပြစ်ကို ပေါ့၍ ရနိုင်တော့မည် မထင်သဖြင့် ထီးနန်းလုပ်ကြံရန် ကြံစည်ကျူးလွန်သောအခါ သုံးမြဲဖြစ်တဲ့ ရွှေလွှတ်တော် ရာဇ၀တ် ဖြတ်ထုံးအတိုင်း စီရင်ပါလေတော့" ဟု မိန့်တော်မူလိုက်လေသည်။
ဝန်ကြီးနှင့် အတွင်းဝန်အချို့မှာ မောင်မောင်တုတ်ကို ရာဇ၀တ် အပြစ်တော်ပေးရာ၌ အသက်ဆုံးရှုံးအောင် စီရင်ပိုင်ခွင့် မရှိကြောင်း။ ရွှေနန်းရှင်ဘုရား ကတိက၀တ် ပြုတော်မူထားကြောင်း ပြန်ပြောင်းစဉ်းစားမိ၍ စီရင်ရာ၌ အခက်အခဲတွေ့ နေရပြန်သောကြောင့် ထောင်တစ်သက်လွတ်ရက် မရှိ၊ ထောင်ထဲတွင်လည်း ကျပ်တည်း ဆင်းရဲစွာထားရန်သာ အမိန့်ချမှတ်ကြရတော့သည်
များမကြာမီ စီရင်ချက်အမိန့်တော် ထွက်လာလေ၏။
    ရနောင်မြို့စား ရာထူးဘွဲ့မည်နုတ်၍ အကျဉ်းထောင်တွင် လွတ်ရက်မရှိ ကျပ်တည်းစွာ ထားစေ၊၎င်း၏ညီ ကျပင်းမြို့စားကိုလည်း ရာထူးဘွဲ့မည်နုတ်သိမ်း၍ ထောင်အကျဉ်းသား ထားစေ။
    ဒိုင်းအတွင်းဝန် ပုဂံမြို့စား ဦးဘိုးကြီး၏အဖေ ခန်းပတ်မင်းကြီးအားလည်း ရာထူးစည်းစိမ် ရုပ်သိမ်းလျက် ထောင်အကျဉ်းသား ထားစေ။
    ရေနံချောင်းမင်းကြီး ဦးမောင်ကလေးကိုလည်း ရာထူးဘွဲ့မည်နုတ်၍ အချုပ်တွင်ထားစေ။
    ဒိုင်းအတွင်းဝန် ပုဂံမြို့စား အတွင်းဝန်ဦးဘိုးကြီးအား ရာထူးဘွဲ့အမည်နုတ်၍ ထောင်အကျဉ်းထားရာမှ အသက် ဆုံး စီရင်ကွပ်မျက်စေ။
    ရွှေတိုက်စိုး တောင်သမန်လယ်စား မောင်ဖေငယ်အား မိုးကောင်းမြို့သို့ ထောင်အကျဉ်း ပို့၍ ကွပ်မျက် စေ။
    ဒိုင်းအတွင်းဝန်ကတော်ကိုလည်း အကျဉ်းမှ ယူ၍ ကွပ်မျက်စေ။
    ဒိုင်းမိခင်ကြီးအားလည်း အကျဉ်းမှ ကွပ်မျက်စေ။
    ရွှေမြို့တော်ဝန် မြို့သာမြို့စားအား ရာထူးမှချ၍ ထောင်အကျဉ်းထားစေ။
    မြစ်ကွေးမြို့စား ၀န်ထောက်၊ ပထနဂိုရ်မြို့စား ၀န်ထောက်တို့အား ရာထူးမှ နုတ်ပယ်စေ။
    ဟောင်ကောင်ဝန် မောင်လပ်၊ ငွေခွန်ဝန် မောင်ငယ်၊ ဘုန်းတော်တိုး ဗိုလ် မောင်ပေါ်ညွန့်၊ နတ်ရှင့်ရဲတင် ဗိုလ်မောင်မှန်၊ နတ်ရှင့်လူတော် ဗိုလ်မေင်တိုးမာင်၊ နတ်ရှင့်တိုး ဗိုလ်မောင်ညို၊ သံတော်ဆင့် မေင်စော၊ မြို့စာရေး မောင်မြို့၊ မြို့စာရေး မောင်ကန်တော်၊ အသုံးစာရေး မောင်ဗာလီ၊ ဒိုင်းစာရေး မောင်သက်ရှည် ဗြဲတိုက်သံဆင့် မောင်တုတ်၊ ဗြဲတိုက်သံဆင့် မောင်ခင်၊ ပန်းပဲစာရေး မောင်ဘိုးအို တို့ကို အရာမှနုတ်၍ မိုးကောင်းမြို့ အကျဉ်ထောင်သို့ပို့စေ။ နေပြည်တော် လေးပြည်လေးရပ်နှင့်တကွ ရွှေနန်းတော်နှင့် ဆက်သွယ်သမျှ အရာရှိ အမှုထမ်းတို့မှာ မောင်မောင်တုတ်ကို ရာဇ၀တ် အပြစ်ဒဏ်ပေးခြင်းအတွက် ထူးထူး ခြားခြား အံ့သြမှုများ မရှိကြတော့ပေ။ ဘယ်သူမပြု မိမိမှု ဟုသော စကားအရသာ နှစ်ဦးနှစ်ဖက် အကျိုးကို ကြည့်ရှုဆင်ခြင်လျက် ငြိမ်သက်ကြောက်ရွံ့စွာ နေကြလေတော့၏။
    ဒိုင်းခင်ခင်ကြီးတို့ သားသမီးတို့အတွက်မူကား သနားကြင်နာသောစိတ်နှင့် တိုးတိုးတိတ်တိတ် စုပ်သပ်ကာ စိတ်မချမ်းမသာ ဖြစ်ကြကုန်သည်။
    အကျဉ်းထောင်တွင်းမှာ ဆိုင်ရာဆိုင်ရာ သီးသန့်အချုပ်ခန်းများ၌ တလှိုက်လှဲလှဲ ကြေကွဲဝမ်းနည်းစွာနှင့် လွတ်မြောက်ရေးကို မျှော်တွေးစောင့်စားနေကြသူတို့အနက် နုနယ်ငယ်ရွယ်ရှာသူ ဒိုင်းခင်ခင်ကြီးကား ဆိုးဝါးသော မိမိအပြစ်ကို ဟစ်၍ ငိုလိုက်ချင်ပါသော်လည်း အနီးအပါးမှ အစောင့်အနေများ၏ ကြိမ်းမောင်းခြောက်လှန့်ထားမှုကြောင့် စိတ်တင်း၍ အောင့်ထားရင်းမှ မျက်ရည်သွယ်သွယ်ကျလျက်သာ ရှိရှာတော့သည်။
ကယ်သူကင်းဝေး ဒုက္ခဘေးကြီးဆိုက်လျက် ရှိစဉ်မှာပင် မိခင်ဖခင်တို့နှင့်လည်း တကွဲတခြားဖြစ် ကာဘယ်သူဘာဖြစ်၍နေသည်ဟု မသိရ၊မောင်မောင်ငယ်မှအစ တောင်မင်းမြောက်မင်း မကယ်နိုင် ကြသလို ကိုယ်စီကိုယ်ငှ အကျဉ်းထောင်သို့ ကျရာက်နေကြရသည်မှာ အချိန်အခါ မည်မျှကြာလေ မည်မသိ၊ လွတ်ရက်မျှရှိပါလေဦးမည်လား၊ ရွှေနန်းရှင်ဘုရားမှာလည်း ဝေဒနာတော် မသက်သာ သေးသမျှ မိမိကို သတိရတော်မူနိုင်မည် မဟုတ်၊ မောင်မောင်တုတ်ကိုလည်း ယနေ့အထိ မတွေ့ မမြင်ရဘဲ ရှိခဲ့ သည်မှာ သူ့ခမျာပါ ဘေးအန္တရာယ် ရောက်နေရှလေပြီလားဟု တွေးတော၍ သောကပွားမိပြန်သည်။
    ရွှေနန်းရှင် မောင်မောင်ဘုရား မြန်မြန်ကျန်းကျန်းမာမာရှိပြီး ခင်ကြီးကို သတိရတော်မူပါစေ၊ သတိတော်ရလို့ မေးတော်ရှိလျှင် ခင်ကြီးတို့ဒုက္ခကို သိတော်မူသွားမှ ထောင်ထဲကမြန်မြန် ထွက်ရပါ တော့မယ်၊ မြတ်စွာဘုရား ကယ်တော်မူပါဘုရားဟု မြတ်ဘုရားနှင့် နတ်သိကြားတို့အား ပန်ကြား တိုင်တည် ကာ နေရရှာလေသည်။
    ထောင်ချုပ်ထဲတွင် ဒုက္ခကြီးခံနေရသောအခါမှ လွန်ခဲ့ပြီးသော အချိန်ကာလတုန်းက မိသားတစ်စု ပျော်ပျော် ရွှင်ရွှင် နေထိုင်ခဲ့ကြရသည်များကို အိပ်မက်အလား စမ်းတ၀ါးဝါးထင်မြင် တွေးဆကာ တမ်းတ မိရှာသည်။ ရွှေနန်းရှင်ဘုရား၏ သနားချစ်ခင်မှုကို အားကိုးပြုစအခါကလည်း တစ်စုံတရာ တွေးတော ပူပန်စရာများကို နားမလည်၊ မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့က လည်းတဖက်တစ်လမ်းမှ အားပေးအားမြှောက်ပြုကြသည်နှင့် ထောင်ချောက်ကိုမမြင်၊ မြက်ခင်းပြင် စိမ်းလဲ့လဲ့စားချင်တဲ့အသာငင်၍ မဆင်မခြင် ပြေးဝင်မိသော သမင်မကလေးကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင် တိုးမိမှ ကံဆိုးလှသော ဘ၀ကြောင်းကို ပြန်ပြောင်း တွေးဆ ယူကျုံးမရ ဖြစ်လေတော့သည်။
    မိမိအတွက်နှင့် မိဘနှစ်ပါးမှာလည်း ဒုက္ခကြီးစွာ တွေ့ရသည်။ မိခင်ဒိုင်းဝန်းကတော်ကြီးမှာ သန်သန် စွမ်းစွမ်း မဟုတ်ရှာ၊ ကျန်းမာခြင်းကလည်း ချို့ယွင်းနေသူဖြစ်သောကြောင့် ဆင်းရဲကျပ် တည်းစွာ အချုပ် အနှောင်ကို ဘယ်မျှဒုက္ခရောက်စွာ ခံစားနေရှာလေမည်လဲဟု အသည်းကြွေမ တတ်အခံရ ကျပ်လှ တော့သည်။ နှမလေးကို ကောင်းစားစေချင်ပါတယ်ဆိုကာ အနည်းနည်းအဖုံဖုံ ကြိုးပမ်းရွက်ဆောင်ခဲ့ရှသော အစ်ကိုကြီး မောင်မောင်ငယ်မှာလည်း ယခုအခါအချုပ်ခန်းထဲ၌  အကြံကြီးခဲ့သမျှ ဒုက္ခအမြတ်ပေါ်၌ နေရှာလေပြီ။ မိမိကို အကြောင်းပြု၍တစ်စုံတစ်အုံလုံး မြှုံးမသော ငါးတစ်သိုက်ကဲ့သို့ ဂြိုလ်ဆိုးကြမ္မာ ဆိုက်ရလေပြီ။ ဤဒုက္ခကိုဘယ်လိုပုဂ္ဂိုလ်မျိုးမှ ကယ်နိုင် မည် မထင်၍ ရွှေနန်းရှင်ဘုရားကိုသာ အားထား မျှော်ကိုး၍ နေမိတော့မည်။
    အမှတမ်မထင် နေထိုင်ခဲ့ရင်း ယမန်နေ့ကမှ ရိပ်မိခဲ့ရသော မိမိဘ၀ ဓမ္မတာအခြေအနေ ပြောင်းလဲ လာမှုကလည်း ဒုက္ခဘေးကြောင့် ၀မ်းနည်းပူဆွေး စိတ်မအေးဖြစ်နေစဉ် ဘူးလေးရာဖရုံ ဆင့်သလို တနင့်နင့် တဆို့ဆို့ ပျို့ကာအန်ကာ မကြာမကြာမူးဝေယိုင်လဲသွားပြီးလျှင် ရင်ထဲတွင် တလှပ်လှပ်နှင့် သွေးတဆတ်ဆတ် ခုန်၍ ကတုန်ရီ ဖြစ်နေပြန်သော်လည်း အနီးအပါးမှ ယုယုယယ ဖေးမပြုစုမည့်သူ မရှိ သဖြင့် မချိမဆန့် အားငယ်စွာနှင့်သာ နေရလေတော့သတည်း။
    သို့နှင့်တစ်နေ၀င် တစ်နေထွက် နေ့ရက်တွေ ကုန်ခဲ့ရာ အရေးကြုံ၍ သက်လုံကောင်းနေရ ရှာသူ ခင်ခင်ကြီးမှာ အစားမမှန် အနေပြောင်းလဲ၊ ဆင်းရဲပင်ပန်းလှစွာနှင့် ပိန်ချုံးနွမ်းညှိုးလျက်က မျော်လင့်ချက် ကို လက်မလျှော့ဘဲ အံခဲ၍ စောင့်စားနေမိစဉ် တစ်နေ့သောအခါအစောင့် အာဏာ သားများ ရုတ်တရက် ပေါ်လာပြီး ခင်ခင်ကြီးကို နှေင်ကြိုးတဲကာ အပြင်သို့ထုတ်လာကြလေ၏။
    မိမိကို ကိစ္စငြိမ်း သုတ်သင်ရန်ပင်ဖြစ်မည်ဟု ထင်ခဲ့သောခင်ခင်ကြီးမှာ ကြောက်ရွံ့အား ငယ်စိတ်နှင့် ဒုက္ခ ဆင်းရဲမူများ ထုံပေနေခဲ့သဖြင့် ထိတ်လန့်ခြင်းပင်မရှိနိုင်၊ မသယ်နိုင်သောကိုယ်ကို ဖြစ်သလို ကြိုးစား သယ်ယူလျက် မိမိဖြတ်သန်းလာခဲ့သော ၀ဲယာအချုပ်ခန်းများကိုသာ စိတ်အား ထက်သန်စွာ လှမ်းမျှော် ကြည့်ရင်း မိဘ၊ မောင်ဘွား၊အသိအကျွမ်းများကို ရှာဖွေမိလေသည်။
    သို့ရာတွင် ထောင်နှင့်အ၀ှမ်း မိမိတွေ့လိုသူများကို အရိပ်အခြည်မျှ မတွေ့မမြင်ခဲ့ရသဖြင့် သေ၍များ ကုန်ရှာကြပြီလားဟု စဉ်းစားမိကာ ရင်ထဲတွင်ဆို့၍လာပြန်သည်။ အို....သူတို့တစ်တွေမှ မရှိလျှင် ငါအသက်ရှင် နေလို့ ထူးတော့မှာလား ဟူသော စိတ်ထားကို ပြောင်းလိုက်ရာမှ ရွှေနန်းရှင် ဘုရား မျက်နှာတော် နှင့် သွေးတော်၊သားတော်၊သန္ဓေတော်ဖြစ်သည့် ရင်နှစ်သည်းချာအလေး အတွက်ကွက်ခနဲ စိတ်စော လိုက်မိသောအခါ သေရမှာစိုးရွံ့၍ စိတ်တွန့်သွားပြန်လေသည်။
    မသယ်နိုင်သယ်နိုင် ခြေလှမ်းနှေးမှုကြောင့် မလှမ်းတစ်ချက် လှမ်တစ်ချက်ရှိနေရာ နောက် ဆုံးတွင် ကြမ်းတမ်းစွာ ဆွဲခေါ်လာသူ အာဏာသားတို့လက်၌ ဒရွတ်တိုက်ပါခဲ့ပြီး အကျဉ်းထောင် ကြီးအပြင်သို့ ရောက်ကာမှ လူသတ်ကုန်းသို့ ထုတ်ယူခြင်းမဟုတ်ဘဲ တရုတ်ကပ်လှည်းတစ်စီးပေါ် သို့ပွေ့ခေါ် တင်ယူ သွားခြင်း ခံရပြန်သည်။
    ဘုရား....ဘုရား ဘယ်အရပ်ကိုများ ဆောင်ကြဉ်း၍ သွားမှာပါလိမ့်ဟု တစိမ့်စိမ့်ကြေညက် လန့််ရင်း လိုက်ပါ လာခဲ့ရာ အတန်ကြာလျှင် လှည်းကလေးမှာ တစ်ခုသောဝင်းခြံကြီး၏ နောက်ဖေး ပေါက်မှ မောင်းဝင် သွားပြီး တန်းလျားဆောင်ကြီး တစ်ခုအနီးတွင် ရပ်လိုသည်။
    အချိန်မှ နေ၀င်ဆည်းဆာဖြစ်လေရာ မည်သည့်နေရပ်ဟု အမှတ်အသားမရှိ၍ အသိနိုင်စေ ကာမူ တန်းလျားကြီး တစ်ဖက်တွင် ကကြိုးဆင်သော မြင်းများ၊မြင်းစားခွက်များ ရှိနေသောကြောင့် မင်းမှုထမ်း အရာရှိကြီး တစ်ဦး၏ မြင်းဇောင်းဖြစ်မည်ဟု သိနိင်လေသည်။ မြင်းဇောင်းတစ်ဖက် မြင်း စာများ သိုလှောင် ရန် လုံခြုံစွာ ကာရံပိတ်ဆို့ထားသော  အခန်းငယ်တစ်ခုကိုလည်း မသဲမကွဲ တွေ့ မြင်ရသည်။
    လှည်းရပ်၍ခဏကြာသော် ပါလာသော အစောင့်အရှောက်များနှင့် မြင်းဇောင်းအတွင်းမှ ထွက်လာသော သူများ တီးတိုးတီးတိုးနှင့် စကားအနည်းငယ်ပြောကြပြီး ပိတ်ထားသော မြင်းဇောင်း တံခါးကို ဖွင့်လိုက်ရာ အတွင်းမှ တုတ်တုတ်ခိုင်ခိုင် ထဘီရင်လျားနှင့် မိန်းမကြီးတစ်ဦး ရေနံချေးမီး ခွက်ကြီးကိုကိုင်လျက် ထွက်လာသည်။ အစောင့်များသည် မိန်းမကြီးအား တရုတ်ကပ်လှည်းကို လက်ညွှန်ပြလျက် တစ်စုံတစ်ရာ စေခိုင်း သည်ကို  မီးရောင်တွင် တွေ့မြင် ရပြန်သည်။
    ခင်ခင်ကြီးမှာ ဖြစ်လတံ့သော အနာဂတ်အရေးကို တွေးတောစဉ်းစားခွင့် မရနိုင်အောင် ကြောင်တောင် ငေးလျက်သာ ကြည့်နေမိရှာသည်။ မိန်းမကြမ်းကြီးလည်း မီးခွက်ကို ကိုင်မြှောက်ကာ လှည်းအနီး သို့ ရောက်ပြီး ခင်ခင်ကြီးအား လက်ကမ်းကာ ဆွဲခေါ်လျက် လှည်းပေါ်မှ ချပေး သည်း။
    ပျော့ပျော့နွမ်းနွမ်းနှင့် အားအင်ကုန်ခမ်းနေသော မိန်းကလေးအား လက်ပြန်ကြိုးများတဲ ထားရုံမက ကြိုးရှည် တစ်စမှာ လှည်းရံတိုင်တွင် ခိုင်မာစွာ ချည်နှောင်လျက် ပါလာသည်ကို တွေ့ရသောအခါ မိန်မကြီး မှာ အတော်အံ့သြသွားပုံ လက္ခဏာ ဖြစ်ပေါ်လာလေသည်။ တရှဲရှဲမြည် နေသော မီးခွက်ကိုမြှေက်ကိုင်ပြီး မျက်နှာကို သေသေချာချာ ကြည့်ပြန်သည်။ ဆီမတွေ့ဘဲဖွာရရာ ကျဲနေသော ဆံပင်အစအနများ ၀င်းဝါသော မျက်နှာပေါ်၌ စာပေါင်းသိုက်သမျှ ရှုပ်ပွနေလျက် မျက်ရည်ပေါက်စက်စက်နှင့် တစ်ချက် တစ်ချက် ရှိုက်နေသော ခင်ခင်ကြီး၏ မျက်နှာကလေးမှာ လင်းတစ်လှည့် မှောင်တစ်ခါ အရှိန်ဝါ ညံ့နည်း သော မီးရောင်အောက်တွင် တွေ့မြင်လိုက်ရသည် တွင်-
    "ဟင်....ဒီမိန်းကလေး"ဟု ယောင်ယောင်မှားမှား စကားသံ ထွက်သွားသော မိန်းမကြီးအား အစောင့် များက စကားမပြောရန် လက်ပြပြီး အခန်းထဲလှောင်ထား ဟူသောအမှတ်အသားကိုပြကာ ပြန်သွား ကြသည်တွင် ယခင်မိန်းမကြမ်းကြီးလည်း ခင်ခင်ကြီးကို ဆွဲရင်းတွဲရင်း မြင်းဇောင်းတစ်ဖက်ရှိ အခန်းငယ် အတွင်းသို့ သွင်းခဲ့လေရာ အရုပ်ပမာ ယူငင်ပြောင်းရွှေ့ရာကို အလိုက်သင့် ပါလာရသော ခင်ခင်ကြီး လည်း မြက်ခြောက်ကောက်ရိုးများ အကြား၌ မူးမေ့ခွေပျော့သွားပြန်လေသတည်း။
    "အမယ်လေး........ဘဘဘုရားနဲ့ မေမေဖုရား၊ ခင်ကြီးအဖြစ်ကို မြင်ဝံ့ကြပါသေးရဲ့လား" ဟုပြောပြီး အားရ ပါးရကြီး ဖက်၍ငိုလိုက်မိသည်။
    "သမီး....သမီး၊ ဘာမှအားမငယ်နဲ့၊ ဘဘဘုရားနဲ့ မေမေဖုရားတို့အနားမှာ ရောက်နေကြ ပြီး၊ ဒီဒုက္ခက မကြာခင် လွတ်မြောက်ကြပြီး သမီး ဘဘတို့နှင့် ချမ်းသာသုခ ရှိတဲ့အရပ်ကိုရောက် ရတော့မယ်”
    ဟု ဒိုင်းအတွင်းဝန်မင်းနှင့် ၀န်ကတော်တို့က ပွေဖက်ယုယ နှစ်သိမ့်စေကြသည်။. ခင်ခင် ကြီးမှ ချစ်လှစွာသော မိဘနှစ်ပါးနှင့် ပြန်လည်တွေ့ဆုံရသောကြောင့် မိမိခံစားနေသော ဒုက္ခကို တစ်ခဏမျှမေ့ပြီး ၀မ်းသာ ၀မ်းနည်းကြီး ဖြစ်သွားလေသည်။
"ဘုရား…ဘုရား မေဖရားတို့ လူ့လောကကြီးမှာမှ ရှိရှာကြပါသေးရဲ့လား"ဟု ထိတ်လန့်ခြင်း ဖြစ် သွားလေသည်။ ၀တ်ဖြူစင်ကြယ်နှင့် ဒုက္ခသည် သမီးကလေး ခင်ခင်ကို သံယောဇဉ် မပြတ်နိုင်ရှာ ကြလို့ ဖြစ်ရာ ဘ၀က ကိုယ်ထင်ပြကြလျှင် မြန်မြန်ပင်သေ၍ လိုက်ချင်လှတော့သည်။
ညဦးက ကောက်ရိုးကို အိပ်ခင်း၊ မြက်ထုံးကို ခေါင်းအုံးလျက် ရုတ်တရက် မေ့မြောနေခဲ့သည်မှာ မျက်လုံး ဖွင့်ကြည့်လိုက်သော ယခုအချိန်ရောက်ကာမှ နံနက်နေခြည်ရောင် ထွက်နေပြီဟု သိရှိရ သည်။ မိမိအား ဤနေရာ သို့ ဘယ်သို့သော အကြောင်းကြောင့် ပြောင်းရွှေ့ခေါ်ယူလာခြင်းပေလဲ၊ ရွှေနန်းရှင်ဘုရား သိရှိတော်မူသွားလို့များ တစ်စုံတစ်ယောက်အား ကယ်ဆယ်စောင့်ရှောက်ထား ရန် စီမံတော်မူ ခြင်းပေလားဟု စဉ်းစားကာ တအား တက်လာပြန်သည်။
တစ်ဖန်လည်း ဤမြင်းစောင်းတန်းလျားကဲ့သို့ နိမ့်ကျသောနေရာ၌ လျှို့ဝှက်စွာ ချုပ်နှောင်ထားခြင်း ခံရသော အဖြေကို ထောက်သော် မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့၏ အကြံအစည် တစ် ရပ်ဖြင့် ဘေးလွတ်ရန် ဌာနသို့ ပို့ရန်ပင်လောဟု တွေးတောမိပြန်သည်။ သို့ရာတွင် အင်အားကုန် ခမ်း၍ နွမ်းနယ် ပျော့ခွေနေပြီဖြစ်သော မိမိအား ကျွဲနွား တိရစ္ဆာန်နှင့်မခြား လက်ပြန်ကြိုးထဲထားရုံ တွင်မက ကြိုးရှည် တစ်စဖြင့် ထရံတွင် ချည်နှောင်ထားပြီး တံခါးပေါက်ကိုလည်း အပြင်မှ ကျပ် တည်းခိုင်ခံ့စွာ ပိတ်ဆို့ ထားသောကြောင့် ဘေးကင်းလွတ်လပ်ရာသို့ ပို့ထားရန် အမှတ်လက္ခဏာ မျိုး မဟုတ်သော ကြောင့် ထပ်လောင်း၍ စဉ်းစားမိပြန်လျှင် ယခင်က တက်ကြွမိသမျှသော မျှော် လင့်စိတ်ကလေးများမှာ တစ်ခါ တည်း မြေခသက်လျှောသွားပြီး အားငယ်ဝမ်းနည်းခြင်း ဖြစ်ရပြန်ရှာ သည်။
ယင်းသို့ မျှော်လင့်စိတ်ကလေးများ မြင့်ချည်နိမ့်ချည် အတည်မကျ ဖြစ်နေစဉ် ပိတ်ထားသော ၀င်ပေါက် တံခါးတစ်ချပ် ဖျက်ခနဲပွင့်လာပြီး ညဦးက မိန်းမကြီး၏ မျက်နှာကို ရှေးဦးစွာ တွေ့မြင်ရလေ သည်။ ယက်မန်းရည် (ဆန်ပြုတ်ကြဲ)ကို စဥ့်အင်တုံငယ်နှင့် တည့်လျက် ယူလာသည်။ မိန်းမကြီး သည် ခင်ခင်ကြီး အနီးတွင် စဥ့်အင်တုံကို ချပေးလေသည်။
"ဒီဟာ ညည်းအတွက် အာဟာရပဲ"ဟု တစ်ခွန်းတည်းပြောလျက် ပြန်ထွက်သွားတော့မည်ပြုလျှင် ခင်ခင်ကြီး မှာ ကပျာကယာလှမ်းပြီး "ဒေါ်ဒေါ်ကြီးရယ်၊ ကျွန်မကို ဘာလုပ်ဖို့ အချုပ်ခန်းက ဒီကိုခေါ် လာပါသလဲ"ဟု အရဲစွန့်၍ မေးလိုက်လေသည်။
"မသိပါဘူးအေ မေးမနေစမ်းပါနှင့်" ဟု စိတ်မရှည်သလိုပြောလက် သွက်လက်စွာ ထွက်ခွာသွား တော့သည်။ သို့သော် တံခါးပြန်မပိတ်မီ လူရိပ်တစ်ခု ပေါ်လာပြန်သည်။ သဏ္ဌာန်မှာ ခံ့ခံ့ညားညား ရှိသဖြင့် မျက်ရည် တွေဆိုင်း၍ မှိုင်းမှိုင်းဝါးဝါး ဖြစ်နေသော မိမိမျက်လုံးများကို လက်ဖမိုးသားနှင့် ပွတ်တိုက်၍ ကြည့်လိုက်ကာမှ မိမိအနားတွင် မားမား မတ်မတ်ရပ်နေသော တိုင်တားမင်းကြီးကို တွေ့မြင်ရလေ၏။
မိဘ ဘိုးဘွား ပမာ မျက်နှာနာခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ပါးကို အားငယ်နေစဉ်အခါ ရုတ်တရက် လာ၍ တွေ့မြင် လိုက်သောကြောင့် ၀မ်းနည်းလှိုက်လှဲစွာနှင့် ကပျာကယာ ခြေကိုဖက်ပြီး တိုင်တား ဘိုးဘိုး ကြီးဖျ ခင့် ဒုက္ခ ကယ်တော်မူ ပါဦးဟု ချုံးချုံးချ၍ ငိုကြွေးရင်း ပြောမိရှာသည်။
တိုင်တားမင်းကြီးမှာ မျက်နှာမကောင်းလျက်နှင့်ပင် ခင်ခင်ကြီး၏ ခေါင်းကိုသပ်ကာ
"တိတ်ပါဦးဟဲ ခင်ကြီးရဲ့၊ ဘိုးဘိုးဘုရား မေးချင်တဲ့စကားကလေးများ မေးစမ်းပါရစေဦး"
ငိုနေသော ခင်ခင်ကြီး၏ မျက်လုံးရွဲကြီးများကို ကော့ညွတ်သော မျက်တောင်နှစ်ခုက ဖွင့်မပေး လိုက်သည်။ မျှော်လင့်ချက် နှင့် ၀င်းလက် စိုပြောင် အရောင်တွေ လဲ့လဲ့နှင့် မော်တဲ့၍ ကြည့်ကာ-
"ဘိုးဘိုး မေးတော်မူချင်ရာမေးပါ၊ ခင်ကြီး မငိုပါဘူးဘုရား"
"အင်း ... ခင်ကြီး ... ခင်ကြီး၊ ကိုယ့်မီး ကိုယ့်မွှေးကြတာပဲဟယ်၊ ကဲ ... ကဲ ဘိုးဘိုး မေးတာတွေ မှန်ရာကို ပြောစမ်း ရွှေနန်းရှင်ဘုရားက ခင်ကြီးကို သိမ်းပိုက်တော်မူထားတာ ဘယ်လောက်ကြာပြီလဲ"
"သမီးတော် ထိပ်စုမြတ်စုဖုရားကြီးကို မီးရှူးတော်မြင်ပြီးစကပါဘုရား"
"မောင်တုတ်နဲ့ မောင်ဖေငယ်တို့က ခင်ကြီးကို လက်ဆောင်ပို့ကြ၊ အောင်သွယ်ကြတယ်ဆိုတာ ကော အမှန် ပဲလား"
"ရနောင် ကိုကိုကြီး တို့ကစပြီး လက်ဆောင်တော်ဆက်ကြတာ မဟုတ်ပါဘူး တိုင်တားဘိုးဘိုးဘုရား၊ ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်က ခင်ခင်ကြီးကို မြတ်နိုးတော်မူလှတယ်၊ ရှေ့တော်ခေါ်၍ ဆက်ကြ ရမယ်ဆိုလို့ သူတို့က ခင်ကြီးကို လာခေါ်ကြခြင်း အမှန်ပါ"
"ဘယ်လိုနည်းနှင့် ဖြစ်စေပေါ့လေ၊ ရွှေနန်းရှင်ဘုရားကို ပရိယာယ်နှင့် ဖြားယောင်းလှည့်စားပြီး ထီးနန်း စည်းစိမ်ကို လုပ်ကြံကြရန် စီမံစိုင်းပြင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်များအတိုင်း သက်သေခံ အထောက် အထားက တရားဝင်နေပြီ၊ ဒီကို မေးလာရတဲ့ကိစ္စကတော့ ကွပ်မျက်ခြင်းမပြုမီ ဘိုးဘိုးကိုယ်တိုင် ခင်ခင်ကြီး ကို မေးစရာကိစ္စတစ်ရပ် ပေါ်ပေါက်လာတဲ့အတွက်ပဲ"
"ခင်ကြီးကိုသတ်ဖို့ အမိန့်တော်မှတ်ပြီတဲ့လား ဘိုးဘိုးဘုရား"
"အေး ဟုတ်သကွဲ့၊ မင်းတို့ကလည်း အတင့်ရဲလွန်းကြသကိုးကွယ်"
"ခင်ကြီးတို့မှာ တုံးအောက်ကဖားကဲ့သို့ စေစားရာခံရတဲ့ ကျေးကျွန်များသာ ဖြစ်ပါတယ်ဘုရား၊ နီးရာဓားကို ကြောက်ရသူဖြစ်တဲ့အတွက် အဆုံးတစ်ရက်မှာ မြေနိမ့်ရာ လှံစိုက်ခြင်း ခံရမြဲ ဓမ္မတာ ပါဘုရား"
"ဒါတွေကို ပြောမနေပါနှင့်တော့ မြေးရယ်၊ ကဲ ... ဘိုးဘိုး မေးစမ်းမယ်၊ အချုပ်ထောင်စောင့် အစောင့် အရှောက်များ ထံက အစီရင်ခံချက်အရ ခင်ကြီးမှာ ပေါ့ပေါ့ပါးပါး မရှိဟန် လက္ခဏာများ တွေ့မြင်ကြ ရတယ် ဆိုသည်မှာ ဟုတ်ကဲ့လား"
ခင်ခင်ကြီးမှာ မိမိမှတစ်ပါး ဘယ်သူ့ကိုမျှ ဖွင့်ဟပြောကြားခြင်း မပြုရသေးသော အရေးကိစ္စကို ထောင် အစောင့် အရှောက်များ မည်သည့်နည်းနှင့် သိရှိနိုင်ကြသလဲဟု စိတ်ထဲဝယ် အံ့သြခြင်း ဖြစ်သွားသည်။ သို့ရာတွင် မိမိအခြေအနေမှာ ကိုယ်ရောစိတ်ပါ ဆင်းရဲလျက် အစားပျက် အအိပ်ပျက် ဖြစ်ခဲ့ရသော နေ့ရက်များ ကြောင့် အသားအရေ ပိန်ချုံးနုံးချည့်လာသောအခါမှ ပိုမို သိသာထင်ရှား သည့် အမှတ် လက္ခဏာများ ပေါ်၍လာသည်ကို သတိပြုလိုက်မိလေသည်။
    "မှန်ပါတယ် ဘိုးဘိုးဘုရား၊ ရွှေနန်းရှင်ဘုရား သွေးသားတော်တစ်ပါး ထွန်းကားရပါ တော့မယ်"
    "အဲဒီအတွက် ခင်ကြီးရဲ့အသက်ကို ခေတ္တ ကဲ့ဝှက်လို့ ထားရတော့မယ်"
    ခင်ခင်ကြီးမှာ ရုတ်တရက် အားရ၀မ်းသာဖြစ်လာပြီး-
    "ကျေးဇူးတော်ကြီးလှပါပေရဲ့ တိုင်းတားဘိုးဘိုးဘုရား၊ ရွှေနန်းရှင်ဘုရားက သနားကြင်နာ တေမူလာတဲ့အတွက် အသက်ကို ချမ်းသာပေးမယ်တဲ့လားဘုရား"
    "ဒီလိုမဟုတ်ဘူးဟဲ့၊ ရွှေနန်းစဉ်အဆက်ရဲ့ ထုံးစံမှာ ဧကရာဇ်ဘုရင်မင်းမြတ်တို့၏ သွေးတော် သားတော် ဖြစ်တဲ့ သန္ဓေသားတော်များကို စီရင်သတ်ဖြတ်မိလျှင် ထိုဘုရင်တို့၏ မင်းဆက်ပြတ်တတ်သဖြင့် မသတ် စကောင်း ဘူးတဲ့၊ ခင်ကြီးကို သတ်မဲ့ဆဲဆဲ က ဘိုးဘိုးဆွဲဖယ်ထား ရခြင်းမှာလည်း သည် ထုံးတမ်း စဉ်လာ ကိစ္စကြောင့်ပဲ"
    "သြော်....သန္ဓေတော်သားကို ဖွားသန့်စင်ပြီးလျှင် ခင်ကြီးကို စီရင်မယ်ဆိုပါတော့ဘုရား"
    "အင်း...အင်း အပြစ်ထင်ရှားလို့ စီရင်ကွပ်မျက်စေရန် အမိန့်တော်မှတ်ထားပြီးသားပဲ"
    "ကောင်းကြပါပေရဲ့ဘုရား၊ ဒီအမိန့်မြတ်ကို ရွှေနန်းရှင်ဘုရား ကိုယ်တိုင်တော် ပေးမှတ်တော် မူတယ်ဆိုလျှင် ခင်ကြီးကို ချစ်လှပါတယ်၊ ကြင်နာလှပါတယ်၊ မိဖုရားအရာပေးပြီး မြောက်ရွှေရေး ဆောင် ပေါ်မှာ ပျော်ပျော်ထားလို့ စံစားပါမယ်စေမယ်ဆိုတဲ့ မုသားမျိုးတွေသုံးပြီး မိခင်ကြီးကို အညွန့်တုံး အောင် ပြုပါပဲလား ဘိုးဘိုးဘုရား"
    "အို...ဒီလိုလည်း ရွှေနန်းရှင်ဘုရားကို ရမ်းရမ်းကားကား မစွပ်စွဲလေနဲ့ဟဲ့.... ခင်ကြီးတို့ရဲ့၊ အမှုကိစ္စ တွေ ကလည်း ငြင်းကွယ်လို့မရအောင် သက်သေသက္ကာယ ခိုင်လုံနေလို့ ရာဇာဝတ် ကြောင်း ဓမ္မသတ် အတိုင်း ဖြစ်ကြရတယ်လို့ သဘောထားရမယ်"
"ဓမ္မသတ်တွေ ရာဇသတ်တွေနဲ့ ဥပဒေဘယ်လိုပြုပြု ခင်ကြီးတော့ ချစ်တာတစ်ခုတည်း နားလည်ခဲ့ ပါတယ်၊ ရှင်ဘုရင်ကိုချစ်ကြိုက်မိတဲ့ မိန်းမတွေသာ ရာဇ၀တ်မှုရောက်ရမယ်ဆိုလျှင် မင်းတုန်းဘုရားရဲ့ မိဖုရားတွေ အကုန်သေကြမှာပေါ့ဘုရား၊ ခင်ကြီးကို သက်သက်မဲ့ မတရား နှိပ်စက်ကြတာပါ မသေမီ ရွှေနန်းရှင်ဘုရားကိုသာ တစ်ကြိမ်လောက်ဖူးစမ်း ရစေလား ဘိုးဘိုးဘုရား၊ ခင်ကြီးအားရပါးရ လျှောက်တင် ချင် လွန်းလို့ပါ၊ ယခုအခါ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူပြီ ပေါ့နော်"
    "ရွှေနန်းရှင်ဘုရားမှာ ကောင်းစွာ ကျန်းမာတော်မူလာပေမဲ့ မင်းရေးမင်းခွင့် ကိစ္စမှန်သမျှ ဘာမှပြန်လည် စစ်ဆေးတော် မမူသေးဘဲ စိတ်အေးသက်သာ အတွင်းတော်မှာသာ စံနေတော်မူဆဲ ဖြစ်တယ်"
    "ဒါဖြင့်ခင်ကြီးကို ရာဇ၀တ်အပြစ်ဒဏ် ခံစေဆိုတဲ့အမိန့်ဟာ ရွှေနန်းရှင်ဘုရားနှုတ်တော် က အမိန့် ချတော် မူတာ မဟုတ်ဘူးပေါ့နော် ဘိုးဘိုးဘုရား"
    "နှုတ်တော် တိုက်ရိုက် အမိန့်မချပေတဲ့ နိုင်ငံတော်၏ လွှတ်တော်ရုံးတော်များမှ စီရင်ချမှတ်သမျှ အမိန့် များဟာ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ချည်းပေါ့ ခင်ကြီးရဲ့"
    "သိပါပေါ့ဘုရား.......သိပါပေါ့၊ ခင်ကြီးတို့မှာ ခြေဖ၀ါးအောက်က နင်းပြားများဖြစ်ကြတဲ့အ တိုင်း အသိုင်း အ၀ိုင်း တွေနဲ့ လေးဘက် လေးတန်မှာ မပြေးသာ မလွတ်အောင် အမိခံရတာပါပဲ"
    "ကဲ.......ကဲ ကံအကြေင်းတရားလို့ အောက်မေံတော့မြေးရယ်၊ ဘိုးဘိုးတို့ ကယ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ် ဘူး"
    "မကယ်နိုင်လျှင် ရှိပါစေတော့ဘုရား၊ ခင်ကြီးသိလိုတဲ့ အကြောင်းကလေးများတော့ သနားသဖြင့် ပြောတော် မူပါဦးဘုရား၊ ဒီနေ့အထိ မိဘနှစ်ပါးအကြောင်းကိုလည်း မသိရတဲ့အတွက် သူ့ခမျာများ ဘယ်လို ဖြစ်လျက်ကုန်ရှာကြပါသလဲ ဘိုးဘိုးရယ်"
    "မင့်မိဘများလား.......မသိချင်ပါနှင့်တော့ကွယ်၊ အတ္တသမံပေမံနတ္တိ ဆိုတဲ့စကားအတိုင်း ယခုငါ့မြေးမှာ ကိုယ့်ရာဇ၀တ်အပြစ်ဒဏ်အတွက်ပင် မျက်ရည်မျက်ခွက်ဖြစ်အောင် ဒုက္ခရောက်နေ တဲ့အပေါ်မှာ ကိုယ်မချိ အမိသော်လည်း သားတော်ခဲတဲ့၊ သူတို့ဒုက္ခနဲ့သူတို့ ရှိပါစေ"
    "သေလို့များကုန်ကြပြီလားဘုရား"
    "အင်း.........သူတို့လည်း ရာဇ၀တ်အပြစ်မကင်းသူတွေထဲမှာ စာရင်းပါသကိုး"
    "ရနောင်ကိုကိုကြီးနဲ့ အစ်ကိုကြီး မောင်မောင်ငယ်တို့ကော ရှိကြပါသေးရဲ့လားဘိုးဘိုး ဘုရားရဲ့"
    "မသိချင်ပါနဲ့တော့လို့ ပြောနေပြီမဟုတ်လားမြေးရယ်၊ ကိုဒုက္ခနဲ့ကိုယ် ခံစားနေရာက သူတစ်ပါးကိစ္စကို လက်လျှိုပြီး ၀င်မပူချင်ပါနှင့်တော့"
    "ရာဇ၀တ်မှု အပြစ်ချပြီးသူများ မဟုတ်စေကာမူ လူ့ဘ၀ရောက်လာကြတဲ့လူတွေဟာ တစ်နေ့ကျ သေရမှာ ချည်းပဲလို့ တွက်ထားပေတော့၊ ခုမသေသေးလည်း တဖြည်းဖြည်းသေရမှာပဲ ငါ့မြေး ကိုယ်တိုင် လည်း အမှုအပြစ်မရှိသည်ထားဦး တစ်နေ့သေရမှပဲ၊ ဘိုးဘိုးတို့လည်း ဒီသေဘေးကြီးကိုတော့ ပြေးလို့ မလွတ်ဘူး ကွဲ့၊ ကဲ.........ကဲ ဘိုးဘိုးသွားတော့မယ်၊ ငါ့မြေးကတော့ ဒီလိုပဲ ဟောဒီကဘိုးဘိုးရဲ့ မြင်းဇောင်း ထဲမှာ ၀ှက်ထားရဦးမှာပဲ၊ ကယ်လည်းမကယ်နိုင် ဘူးကွဲ့"
    ဟုပြောဆိုကာ ခင်ခင်ကြီးထံမှ နောက်ထပ်ပြောမည့်စကားကိုပင် မစောင့်တော့ဘဲ တိုင်တားမင်းကြီးက ကျောပေးလျက် ထွက်သွားသောကြောင့် ခင်ခင်ကြီးမှာ သြော်.........ငါတော့ ရုတ်တရက်မသေရသေးဘူး၊ ဒီကြးထဲမှာ ကံကောင်း ထောက်မလာလျှင်လည်း ကယ်ဆယ်မည့်သူ များတွေ့စရာရှိသေးရဲ့ဟု မျှော်လင့်ချက် အလင်းရောင်ကလေးမှာ တစ်ချက်တစ်ချက်လက်ခနဲ ၀င်းခနဲဖြစ်လာလေသည်။ သေသည် ရှင်သည် မသိရတော့ပြီးဖြစ်သော မိဘနှစ်ပါးနှင့် အစ်ကိုကြီး များအတွက်လည်း တစ်သက်သက် စိတ်မော နေရင်း အသက်ပြင်းနေသေးသော မိမိဘ၀ကိုသာ ရွံရှာ စက်ဆုပ် နေရှာတော့သည်။
    ခန်းပတ်မင်းကြီး မှာလည်း သားချွေးမတို့ကို အကြောင်းပြုကာ တစ်နွယ်ငင်တစ်စင်ပါ မျက်တော်မူခြင်း ခံရသဖြင့် ၀န်ကြီးရာထူးမှ ချထားခြင်းခံရသောအခါ မိမိအသက်ဘေးကိုပင် ငဲ့ညှာရ သောအားဖြင့် သားဖြစ်သူ ဒိုင်းအတွင်းဝန် ပုဂံမြို့စားရာဇ၀တ်သင့်သည်ကို ကူညီစောင့်မခြင်းမပြုဝံ့ ရှာဘဲ ဘုရားခန်း ထဲတွင် ပုတီးနာနာစိပ်၍ စိတ်မကောင်းသမျှကို မေ့မေ့လျော့လျော့ပြုနေပြုနေရရှာ သကဲ့သို့ ရေနံချောင်း မင်းကြီးမှာလည်း သားကြီးရနောင်မြို့စားအတွက် တစ်စုံတစ်ရာစွတ်ဖက် ပြောဆိုဝံ့ခြင်းမရှိ၊ မိမိရာထူး စည်းစိမ် ပါ အနုတ်အသိမ်းခံရရုံမျှနှင့် မပြီးဘဲအသက်စည်းစိမ်ပါ ဆုံးရှုံးမခံရ လေအောင်ပင်အင်မတန် ကြံစည် ရဦးမည်ကဲ့သို့ ဖြစ်နေလေ၏။
    ဒိုင်းအတွင်းဝန်မင်းနှင့် ဒိုင်းဝန်ကတော်ကြီးတို့မှာလည်း သမီးကလေး မည်သို့ဖြစ်သည်ဟု မသိနိုင် ကြရုံမက မိမိတို့ ဇနီးမောင်နှံချင်းပင် တစ်ဦးနှင့်တစ်ဦး မတွေ့မမြင်ရ၊ သေလေပြီလား ရှင်နေသည်လားဟု မေးမြန်း စုံစမ်းလိုပါသော်လည်း ရာဇ၀တ်အပြစ်တော်ကြီးကို ကြောက်ရွံ့ကာ မည်သူမှ အနားကိုမလာဝံ့ကြ၊ ထောင်အာဏာသားများကို စွန့်စားမေးမြန်းမိသော အခါတိုင်းမှာ လည်း မျက်နှာထား ဆိုးကြီးတွေနှင့် အမျိုးမျိုး ကြိမ်းဝါး မာန်မဲခံရရင်းဖြင့်သာ လူရွာမှ တစ်ခန်းရပ်၍ ဇာတ်သိမ်းသွား ကြရရှာတော့သတည်း။
အခန်း (၃၇) ဆက်ရန်
.
5 comments:
Anonymous said...
ဖတ်လို့ကောင်းလိုက်တာ...
ခင်ခင်ကြီး သနားစရာကောင်းတယ်..
ဘုရင့်လက်ထက်က အပြစ်ပေးတာ.တနွယ်ငင်တစင်ပါ
..အင်းးးးးးးးးးးးးအခုလဲပဲ....
မောင်မိုး said...
အစ်မရေ..ဒီစာအုပ်ကို အရင်တုန်းကတစ်ခါ ဖတ်ဖူးတယ်။ အခု အစ်မပြန်တင်တော့ ဖတ်တော့ဖတ်ရပါရဲ့။ ဆန့်ငင်ငင်ကြီးဖြစ်နေတာက ဆိုးတယ်။ အစ်မဒီပို့စ်တွေကို ပြန်စုပြီး အီးဘုတ်နဲ့ ပြန်တင်ပေးဦးနော်။
ချစ်ခင်စွာဖြင့်
မောင်မိုး
ဆောင်း said...
ဖတ်ရတာ လွမ်းသလိုလို ၀မ်းနည်းသလိုလို မတရားသလို ခံစားရတယ်။
သတ်ဖြတ်တာ တွေ ဖတ်ရ ပြီးသိပ်စိတ်ညစ်တာ လူ့ ဘ၀ရောက်ရတာ ခက်ရခက်နဲ့ ရယ်နော်
Anonymous said...
့ပြီးခါနီးလာလေ
ဗမာရာဇ၀င် ဖတ်ရတာ စိတ်ညစ်တယ်ဗျို့
သမိုင်းကြောင်းက ဘယ်တော့ ကောင်းမှာလဲ
နောင် အနှစ် ၂၀ ကျွန်တော်တို့ သေပြီးရင်
သမိုင်းကြောင်းတွေ ပိုပိုဆိုးဆိုးလာမှာပေါ့
အယင်တုန်းက ဘုန်းဘုရားတွေ မသတ်ဘူးနော
သူတို့အချင်းချင်းဘဲ ဂျိကျ ဂျိတ်ကျတာ အခုတော့ အခုတော့ ပြောရင်းငိုချင်လာပြီဗျာ............
ဗမာ့သမိုင်းရာဇ၀င်.......အတုပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တယ်.........
Unknown said...
ဒိုင်းခင်ခင်တကယ် သေခဲ့ပါသလား ကျနော်ဇတ်အိမ်တွေအတောများများဖတ်ခဲ့တယ် စဉ်းစားစရာတွေများစွာရှိနေတယ်