Sunday, January 24, 2010

တော့တိုး-ချန်

တိုမိုကျောင်းတွင် ဒုတိယနှစ်

ကျောင်းဝင်းထဲရှိ သစ်ပင်များ အားလုံးပေါ်တွင် သစ်ရွက်စိမ်းများ ပေါ်ထွက်လျက် ရှိနေလေပြီ။ ပန်းခင်း များရှိ ပန်းပွင့်များမှာလည်း ပွင့်နေကြလေပြီ။ ပန်းပွင့်များက "နင်တို့နေကောင်းကြရဲ့လား" ဟု တိုမို ကျောင်းသူ ကျောင်းသားများကို နှုတ်ဆက်နေကြပုံရသည်။

ရေကူးကန်နံဘေးရှိ ကွန်ကရစ် ရေကန်ငယ်ကလေးများထဲ၌ မွေးမြူထားသော ရွှေငါးကလေးများ မှာလည်း ပျော်မြူးစွာဖြင့် ရေကူးနေကြလေပြီ။
"နွေဦးရာသီ ရောက်လာပြီ"ဟု ပြောစရာမလိုပါ။ အလုံးစုံသောအရာများသည် လန်းလန်းဆန်းဆန်း၊ ဖျတ်ဖျတ် လတ်လတ်၊ တောက်တောက်ပပ ရှိလာပြီဖြစ်သောကြောင့် နွေဦးရာသီရောက်လာပြီဆို သည်ကို မပြော ဘဲနှင့် သိနိုင်လေသည်။ နွေဦးရာသီကို လူတိုင်း သိကြပါ၏။

တိုမိုဂါကူးအန်သို့ အမေနှင့်အတူ တော့တိုး-ချန် ပထမဆုံး စရောက်သည့် နံနက်ခင်းမှ ရေတွက် လျှင် တစ်နှစ် တင်းတင်းပြည့်ခဲ့လေပြီ။ ထိုနေ့နံနက်က သူမသည် ကျောင်းခြံဝင်းဝရှိ အပင်ပေါက်နေ သော တံခါးကို ကြည့်၍ အံ့သြခြင်း ဖြစ်ခဲ့ရသည်။ မီးရထားတွဲထဲ၌ ပြုလုပ်ထားသော စာသင်ခန်း များကို မြင်ရသော အခါ သူမသည် စိတ်လှုပ်လှုပ်ရှားရှား ဖြစ်မိသည်။ ကျောင်းအုပ်ဆရာကြီး အိုဆာကူး ကိုဘာ ယာရှီသည် သူမ၏ မိတ်ဆွေကြီးဖြစ်လာပြီဆိုသည်ကို အသေအချာသိရှိသော အခါက သူမသည် ပျော်ရွှင် လွန်း၍ ခုန်လိုက်ပေါက်လိုက် ပြုလုပ်မိသည်ကိုလ်း သူမ မမေ့ပေ။

ယခုအခါတွင် တော့တိုး-ချန်နှင့် သူမ၏ အတန်းသားများသည် ဒုတိယတန်းသို့ တက်လာကြပြီ ဖြစ်သော ကြောင့် ပျော်ရွှင်နေကြလေပြီ။ ပထမတန်းကျောင်းသူ အသစ်ကလေးများမှာလည်း ကျောင်းသို့ ရောက်ရှိ လာကြလေပြီ။ သူတို့တတွေသည် ယမန်နှစ်က တော့တိုး-ချန်နှင့် သူမ၏ အတန်းသားများ ပြုလုပ်ခဲ့ကြသည့် နည်းလမ်း အတိုင်း ပတ်ဝန်းကျင်ကို ထူးဆန်းအံ့သြစွာဖြင့် ကြည့် လျက်ရှိနေကြလေပြီ။

လွန်ခဲ့သော တစ်နှစ်လုံးသည် တော့တိုး-ချန်အဖို့ မှတ်သားဖွယ်ရာကောင်းသော နှစ်ပင် ဖြစ်တော့ သည်။ သူမသည် နံနက်ခင်းတိုင်းကို အမြဲတမ်းစောင့်မျှော်သမှု ပြုခဲ့၏။ သူမသည် လမ်းပေါ်က အဆိုတော်များကို အခု အချိန်ထိ သဘောကျနေဆဲပင် ဖြစ်သည်။ သို့သော်လည်း သူမအနေဖြင့် ပတ်ဝန်းကျင်၌ ဖြစ်ပျက် နေသည်များကို များစွာလေ့လာသိရှိထားခဲ့လေပြီ။ ကျောင်း၌ အနှောင့် အယှက် ဖြစ်သည်ဟူသော အကြောင်း ပြချက်ဖြင့် ကျောင်းမှ နုတ်ပယ်ခြင်းခံခဲ့ရသော မိန်းကလေး ငယ်သည် တိုမိုကျောင်း၏ တန်ဖိုးရှိ ကလေးငယ် တစ်ယောက် ဖြစ်လာပေပြီ။

အချို့သော ကျောင်းသားသမီးများသည် တိုမိုကျောင်း၏ ပညာသင်ကြားပုံ နည်းစနစ်အပေါ် မယုံကြည် သလိုလို ဖြစ်လာကြသည်။ တော့တိုး-ချန်၏ အမေနှင့်အဖေတို့သည်ပင်လျှင် သူတို့၏ လုပ်ရပ် မှန်ရဲ့ လားဟု စဉ်းစား ကြသည့်အချိန်များ ရှိခဲ့သည်။ မစ္စတာ ကိုဘာယာရှီ၏ ပညာ သင်ကြား ပုံနည်း စနစ်အပေါ် သံသယ ရှိလာကာ အပေါ်ယံကြောကိုသာ ကြည့်ပြီး မကြိုက်ဟု ဆုံးဖြတ်ကြသော အချို့ ကျောင်းသား မိဘ များသည် သူတို့၏ကလေးများကို ကျောင်းပြောင်းထားရန် စီစဉ်ကြလေသည်။

သို့သော် ကလေးများအနေဖြင့် တိုမိုကျောင်းမှ မခွဲခွာလိုကြပေ။ သူတို့ ငိုကြသည်။ ကံအားလျော်စွာ တော့တိုး-ချန်၏ အတန်းမှ မည်သူတစ်ဦးတစ်ယောက်မှ ကျောင်းထွက်သွားခြင်း မရှိပေ။ သို့သော် လည်း သူတို့ထက် အတန်းကြီးသော ကျောင်းသားတစ်ယောက်မှာမူ အခြားကျောင်းသို့ မပြောင်း လိုသောကြောင့် ဆရာကြီး၏ ကျောကုန်းကို အတင်းတွယ်ဖက်ထားသည်။ သူ၏မျက်နှာမှာလည်း မျက်ရည်များဖြင့် ပေကျံ နေတော့သည်။ ဆရာကြီး၏ မျက်လုံးများမှာလည်း ငိုထားသဖြင့် နီရဲလျက် ရှိသည်။ နောက်ဆုံး၌ ထိုကျောင်းသားသည် သူ၏မိဘများနှင့်အတူ လိုက်ပါသွားရာလေရာ သူသည် ကျောင်းကို လှည့်ကြည့်ရင်း ခဏခဏ လက်ဝှေ့ ယမ်းပြသွားရှာလေသည်။

ဤကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်များသည် ခဏခဏ မပေါ်ပေါက်ခဲ့ပေ။ တော့တိုး-ချန် သည် ယခု အခါ ဒုတိယတန်းကျောင်းသူ  ဖြစ်လာခဲ့လေပြီ။ သူမသည် အံ့သြဖွယ်ရာများ၊ ရွှင်မြူး ဖွယ်ရာများနှင့် မှတ်သား ဖွယ်ရာများကို နေ့စဉ် တွေ့ရှိရန်ကိုလည်း မျှော်လင့်ထားပြီး ဖြစ်လေသည်။
ယခု အခါ၌ တော့တိုး-ချန်၏ ကျောင်းလွယ်အိတ်သည် သူမ၏ ကျောကုန်းနှင့်ပါ ထိတွေ့မှု များလာ သောကြောင့် ပို၍ယဉ်ပါးလာလေပြီ ဖြစ်သည်။

ငန်းတို့၏ ရေကန်

ဟီဘီရာဇာတ်ရုံတွင် တင်ဆက်လျက်ရှိသော 'ငန်းတို့၏ ရေကန်' ဘဲကလေးကပွဲကို တော့တိုး-ချန် သည် ကြည့်ခွင့်ရသည်။ အဖေက တယော ထိုးသည်။ ဘဲကလေး သူများမှာလည်း အလွန်တော် သူများ ဖြစ်သည်။ သူမအနေဖြင့် ဘဲလေးအကကို ယခုမှ ပထဦးဆုံးအကြိမ် ကြည့်ဖူးခြင်း ဖြစ် သည်။

ငန်းတို့၏ဘုရင်မအဖြစ် သရုပ်ဆောင်သူသည် သေးငယ်ပြီး အရောင်တဖျပ်ဖျပ် တောက်နေသည့် သရဖူကို ဆောင်းထားသည်။ လေထဲ၌ ခုန်ပျ့နေသည်မှာ တကယ့်ငန်းနှင့် တူသည်။ မင်းသားသည် ငန်းဘုရင်မနှင့် ချစ်ကျွမ်းဝင်လျက် ရှိသည်။ အခြားငန်းများကို တခြားသို့ သွားစေပြီးနောက် သူတို့ နှစ်ဦးသားသည် ညက်ညောစွာဖြင့် ကခုန်ကြလေသည်။

တော့တိုး-ချန်သည် တေးဂီတသံများကိုလည်း အလွန်နှစ်သက်မိသည်။ သူမ အိမ်ပြန်ရောက်သည့် အခါတွင်လည်း ပြန်မစဉ်းစားမိဘဲ မနေနိုင်ချေ။ နောက်တစ်နေ့နံနက် အိပ်ရာမှ နိုးလျှင်နိုးချင်း သူမသည် ဆံပင်ကို မဖြီးနိုင်သေးဘဲ အမေရှိရာ မီးဖိုချောင်သို့ သွား၍ "ကျွန်မ သူလျှိုတစ်ယောက် လည်း မဖြစ်ချင် တော့ဘူး။ လမ်းပေါ်က အတီးအမှုတ်သမားလည်း မလုပ်တော့ဘူး။ မီးရထား လက်မှတ်ရောင်းသမားလည်း မဖြစ်ချင်တော့ဘူး။ ကျွန်မလေဲ ဘဲလေးကချေသည် တစ်ယောက် ဖြစ်အောင် လုပ်ပြီး 'ငန်းတို့ရဲ့ ရေကန်'မှာ ၀င်က တော့မယ်"ဟု ပြောလိုက်သည်။
"အိုး ..."
အမေသည် ထိုမျှသာ အသံပြုလိုက်သည်။ သူမသည် အံ့သြခြင်းဖြစ်ဟန်မတူ။

တော့တိုး-ချန်သည် ဘဲလေးအကကို ယခုမှပထမဆုံးအကြိမ် ကြည့်ဖူးခြင်းဖြစ်သော်လည်း ကျောင်းအုပ် ဆရာကြီး ထံမှ ဘဲလေးအကကို လှပစွာကနိုင်သော အမေရိကန်ဘဲလေး ကချေသည် အိုင်ဆာ ဒိုးရာဒန်းကင် အကြောင်းကိုမူ ကြားဖူးထားလေပြီ။ အိုင်ဆာဒိုးရာဒန်းကင်သည် မစ္စတာ ကိုဘာယာရှီ ကဲ့သို့ပင် ဒါးလ်ခရိုဇီ၏ အနုပညာလွှမ်းမိုးခြင်းကို ခံရသူ ဖြစ်သည်။ တော့တိုး-ချန်သည် အိုင်ဆာ ဒိုးရာဒန်းကင်၏ အဆိုအကကို မမြင်ဖူးသော်လည်း သူမနှင့် သိကျွမ်းနေသည်ဟု သူမ၏ စိတ်ဝယ် ထင်မှတ်နေမိသည်။

တိုမိုကျောင်းတွင် ယိမ်းအကကို လာရောက်သင်ပြပေးသော ဆရာသည် မစ္စတာကိုဘာယာရှီ၏ မိတ်ဆွေ တစ်ယောက်ဖြစ်သည်။ သူသည် ကျောင်းအနီး၌ အကသင်တန်းဖွင့်ထားသည်။ ကျောင်းဆင်းချိန်၌ သူ၏ သင်တန်းတွင် အကသင်ခန်းစာများကို သင်ကြားနိုင်ရန် အမေသည် တော့တိုး-ချန်အတွက် စီစဉ်ပေးသည်။ အမေသည် တော့တိုး-ချန်ကို ဟိုဟာလုပ်၊ ဒီဟာမလုပ်နဲ့ဟု ဘယ်တော့မှ မပြောပေ။ သို့သော်လည်း တော့တိုး-ချန်က တစ်စုံတစ်ရာလုပ်ချင်ပါသည်ဟု ပြော လာလျှင် သူမသည် လိုက်လျောလေ့ ရှိသည်။ သူမသည် သမီးဖြစ်သူကို မေးခွန်းအမျိုးမျိုးမေးလေ့ မရှိဘဲ လိုအပ်သော အစီအစဉ်များကိုသာ ပြုလုပ် ပေးသည်။

တော့တိုး-ချန်သည် 'ငန်းတို့၏ ရေကန်'တွင် ပါဝင်ကပြနိုင်ရန် ဟူသော မျှော်လင့်ချက်ဖြင့် အက သင်တန်း၌ သင်ခန်းစာများကို စတင် သင်ကြားသည်။ ဆရာ၌ သူ၏ကိုယ်ပိုင်သင်ကြားနည်း ရှိသည်။ တိုမိုကျောင်း၌ သူတို့ သင်ကြားရသော ယိမ်းအကအပြင် ဆရာသည် သူ၏တပည့်များကို စန္ဒရားတီး၍ လည်းကောင်း၊ ဓာတ်ပြား ဖွင့်ပြ၍လည်းကောင်း၊ စာပိုဒ်ငယ်များကို ရွက်ပြ၍ လည်းကောင်း သင်ကြားပေသည်။ သို့သော် တော့တိုး-ချန် ၏ ရင်ထဲဝယ် အရောင်တလဲ့လဲ့ တောက်ပနေသော သရဖူကို ဆောင်းထားသည့် ငန်းသာ ရှိသည်။ ဆရာ၏ သင်နည်းများကို သူမ စိတ်မ၀င်စားပေ။

တစ်နေ့တွင် တော့တိုး-ချန်သည် စိတ်အားတင်း၍ ဆရာ့ထံသွားသည်။ ဆရာ၏ဆံပင်များမှာ ရှည် ပြီး ကောက်ကွေး နေသည်။ တော့တိုး-ချန်သည် သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်း၍ ငန်းအတောင် ပံများ ခတ်သလို ပြုလုပ်လိုက်သည်။

"ကျွန်မတို့ဒီလို မလုပ်ကြဘူးလား" ဟု မေးလိုက်သည်။
ဆရာသည် ရုပ်ချောသူတစ်ယောက် ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ကြီး၍ လုံးဝိုင်းသည်။ သူ့တွင် ကောက်သော နှာခေါင်းရှိသည်။
ဒီမှာ ငါ့တို့ အဲဒါမျိုး မသင်ဘူး
ဆရာ ကပြောလိုက်သည်၊
ထို့ကြောင့် တော့တိုး-ချန်သည် ဆရာ၏သင်တန်းသို့ ဆက်မတက်တော့ချေ.
နောင်နှစ်အတန်ကြာသောအခါ တော့တိုး-ချန်သည် သိရှိလာခဲ့သည်မှာ ထိုဆရာ၏အမည်မှာ ဘာကူးအစ်ရှီ ဖြစ်ပြီး သူသည် ဂျပန်ပြည်၌ ဘဲလေးအကဆန်းတစ်မျိုးကို တီထွင်ခဲ့သူဖြစ်သည် သာမက ထိုဒေသကိုပင် 'ဂျီယူဂါ အိုကာ' (လွတ်လပ်သောတောင်ကုန်း)ဟု အမည်ပေးခဲ့သည် ဆိုသည့် အချက်များပင် ဖြစ်သည်။

လယ်သမား ကျောင်းဆရာ ဆက်ရန်

.
(တောတိုး-ချန် ကို ချစ်သူများ ခင်ဗျား ကျနော် စာအုပ်အကြီး အတွက်ဆို အပိုရိုက်ထားပြီး သမီးများ မအားတဲ့ နေ့အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ..၊ အခု တောတိုး-ချန် လို စာအုပ် အပါးမျိုး နဲ့ ပန်းသတင်း လိုမျိုးဆိုရင် တော့ တနေ့စာတနေ့ ရိုက်ပါတယ်..ပြောချင်တာကတော့ ဒီနေ့ သမီးများ မအားတဲ့ အတွက် နဲနဲဘဲ တင်နိုင်ပါတယ်..ခွင့်လွှတ်ကြပါ..)
.

3 comments:

အင်ကြင်းသန့် said...

ခွင့်လွှတ်ပါတယ်ဗျား....
ဒီလိုနေ့စဉ် မပျက်မကွက်တင်ပေးတာကိုပဲ ကျေးဇူးတင်လှကြောင်းပါဗျား... :D

ချစ်ညီမလေး

အင်ကြင်းသန့် said...

မမရေ...
ခုန ပြောဖို့ ကျန်ခဲ့လို့
ဟုတ်တယ်နော် တကယ်ဆိုရင် ကလေးတွေက တစ်ခုခုလုပ်ချင်တဲ့အခါ မလုပ်နဲ့လို့ မတားမြစ်သင့်ဘူး
သူတို့ကို ကိုယ်က ဘေးကနေစီစဉ်ပေးရမယ် ဘေးအန္တရာယ်မဖြစ်စေရအောင် ကိုယ်ကအသာလေး ကြပ်မတ်ပေးမယ် ဆိုရင် ဒီလိုလုပ်ခြင်းအားဖြင့် ကောင်းကျိုးဆိုးကျိုးဘယ်လိုရှိတယ်ဆိုတာကို သူတို့သိ၇ှိသဘောပေါက်သွားနိုင်တယ်လေ...ဟဲဟဲ ၀င်ပြီး ဝေဖန်လေကန်ကြည့်တာ

ချစ်ညီမလေး

မေဓာဝီ said...

ဟုတ်ပါတယ်။ မပျက်မကွက် တင်ပေးတာပဲ ကျေးဇူးတင်ပါတယ် မရွှေစင်ဦး။

ဒီကနေ့ဖတ်တဲ့ထဲမှာ မှားနေတာလေး တခုတွေ့လို့။

(ဟီဘီရာဇာတ်ရုံတွင် တင်ဆက်လျက်ရှိသော 'ငန်းတို့၏ ရေကန်' ဘဲကလေးကပွဲကို တော့တိုး-ချန် သည် ကြည့်ခွင့်ရသည်။ အဖေက တယောက် ထိုးသည်။ )

အဲဒီနေရာမှာ အဖေက တယောထိုးတာ ဖြစ်မယ် ထင်တယ်နော်။ (က်) ပိုနေလို့။ :)