Sunday, January 24, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၇)
အခန်း(၃၇)
ထောင်သွင်းအကျဉ်းချထားခြင်းခံရသော ရနောင်မြို့စားမင်းသား မောင်မောင်တုတ်မှာ တစ်နေ့ပြီး တစ်နေ့ နှင့် တရွေ့ရွေ့ ရက်ကြာခဲ့သည်။ မိမိနှင့် ဆက်သွယ်ပတ်သက်သမျှသော အရာရှိထဲက တစ်ဦး တစ်ယောက် မျှ လာရောက်မျက်နှာမပြကြခြင်းမှာ ရာဇ၀တ်သင့်ရာတွင် အားလုံး ပါဝင် ကုန်ကြသလော၊ သာယာစီး သဘော နှင့် ကြောက်ရွံ့သောကြောင့် ရှောင်ဖယ်နေကြခြင်းလော၊ မိမိကို မှီခိုကာ ကျေးဇူးများစွာ ဖြစ်ထွန်း ခဲ့သူများ ကလည်း အနားမျှ မသီလာ၍ သတင်းစကား အကျိုးအကြောင်း ကောင်းဆိုးနှစ်ရပ်ကို မကြား မသိရ၊ လူ့လောကကြီးနှင့် လုံးဝ အဆက်ပြတ်လျက် မသက်မသာ ရှိနေရတော့၏။
မသိရသဖြင့် သိချင်လှသော အကြောင်းများမှာ ရွှေနန်းရှင်ဘုရား ဝေဒနာတော် ပျောက်ကင်း ကျန်းမာခြင်း ရှိမရှိ၊ မိမိချစ်လှသော ရောင်းရင်းဘက် ရွှေတိုက်စိုး တောင်သမန်လယ်စား စာဆိုတော် မောင်မောင်ငယ်နှင့် မိဖုရား ဖြစ်ပါစေမည်ဟု အသွယ်သွယ်အ၀၀ အကျိုးဆောင်သမှု ပြုခဲ့ရသော ဒိုင်းခင်ခင်ကြီးတို့၏ အခြေ အနေ သတင်းများ ဖြစ်လေသည်။
မိမိအဖို့မှာမူကား မည်သို့သော အပြစ်ကြီးမျိုးကို ကျူးလွန်စော်ကားထားသည် ဖြစ်စေဦး အသက် သေသည် အထိ အဆုံးစီရင်နိုင်မည့် အခွင့်အလမ်းမရှိ၊ ဤသို့နှယ် ထောင်ထဲမှာ ကြာရှည်ထားရုံမျှသာ အပြစ် ပေး နိုင်မည်ဟု ယုံကြည်ပြီး ဖြစ်လျက် မိမိအသက်အန္တရာယ်ကို စိုးရိမ်ခြင်း လုံးဝမဖြစ်မိ၊ သိလိုသော ကိစ္စကို သိချင်ရုံမျှရှိတော့သည်။
သို့ရာတွင် ဘယ်သူ တစ်ဦး တစ်ယောက်ယောက်ဆီကမှ သတင်းအစအန ထွက်လာ မည့် အရိပ်လက္ခဏာ မပြ၊ အကျဉ်းထောင်တွင်းမှာ နေ့စဉ်တွေ့မြင်နေရသော ထောင်ကြပ်၊ ထောင်ဝှမ်း ထောင်အမှုထမ်း များမှာလည်း မိမိက မမေးရသေးမီ အနီးအပါးသို့ ရောက်တိုင်း အချင်းချင်း အော်ငေါက် မာန်မဲသွား ခြင်းကိုသာ ကြားရလေရာ ထောင်အမှုထမ်းချင်းပင် မိမိဘက်မှ ပင်းနေသည်လားဟု အယုံသင်္ကာ မကင်း သော မျက်နှာထားတွေနှင့် ရှိနေကြလေသည်။ နောက်နောင်သောအခါက ရနောင်မြို့စား မင်းသား ကြီးဟု ပြားပြားဝပ်မျှ ကြောက်ရွံ့ရိုသေကြရသည့် ထောင်အရာရှိကြီးများမှာ မောင်မောင်တုတ်က လက်ညိုး ညွှန်ရာ ရေဖြစ်အောင် ချက်ချင်းပင် ကြံဆောင် ထမ်းရွက်ခဲ့ကြရသည်။
မင်းညီမင်းသားတွေ သတ်ပစ်စဉ်အခါက ညဥ့်တွင်းချင်း ထောင်ထဲမှာ ကျင်းကြီးတွေ တူးပေးရသည်။ သတ်ချ လိုက်သော အလောင်းများကို ကျင်းကြီးတွင် ထိုးချပြီး မသေမရှင် အထပ်ထပ် ဖိညှပ်နေရာက နောက်တစ်နေ့ မှာ ထမ်းကာ ထမ်းကာ သယ်ယူပြီး မြေတွင်းကြီးများ၌ စုလိုက်ပုံလိုက် မြေဖို့မြှုပ်ပေးခြင်းဖြင့် တစ်နေ့ နှင့် တစ်ည အတွင်း ပင်ပန်းကြီးစွာ လုပ်ဆောင်ပေးကြရသည်အထိ တန်ခိုးထက်မြက်လှခဲ့ည့် လက်သုံး တော် မြောက်ဒ၀ယ်ဗိုလ် မင်းသားကြီး ဖြစ်ခဲ့သည်။
ယခုကား ပြားပြားဝပ် ကြောက်ခဲ့ရသည့် ထောင်ကြပ် ထောင်အုပ်များ မဆိုထားနှင့် အာဏာ ပါးကွက် များကပင် မထီမဲ့မြင် ပြုကြလေသည်။ အရာရှိအချင်းချင်း အဆင်းတွန်းလိုက် မည်တကဲကဲနှင့် မောင်မောင်တုတ် အနား ရစ်ဝဲနေသူရှိက ရုတ်ချည်းသိရအောင် မယောင်မလည် ချောင်းဖမ်း နေကြ ပြန်သည်။ အလွန်အကျူး အထူးသဖြင့် တန်ခိုးထက်မြက်ခဲ့သူဖြစ်သောကြောင့်လည်း တစ်နည်းနည်းနှင့် ကြံစည် ကာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပြုသွားမည်ကို စိုးရိမ်ကြဟန် ရှိလေသည်။
ဤနေ့ ဤရက်အထိ အသက်ကို မသေစေဘဲ ထောင်ချရုံမျှ ချထားသည့်ကိစ္စမှာလည်း သူတို့အဖို့ နောက်ပိုင်း မအေးနိုင် စရာ ကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေတော့သည်။ ဘုရင့်ကိုယ်တော်စား ရွှေလွှတ်တော် ၀န်ကြီးတို့ ဦးစီးအုပ်ချုပ်နေရသော အလုပ်ား တရားလမ်းမှန်အတိုင်း စီမံအုပ်ချုပ်သွားရသည်။ ဘုရင် ထားသော ကတိစကားအတွက် ထီးနန်း လုပ်ကြံမည့် ပုန်ကန်မှုကြီးအရ ရာဇ၀တ် အပြစ်ပေး ချရသည့်  တိုင်အောင် မောင်မောင်တုတ်မှာ သီပေါရွှေနန်းရှင်ဘုရား လက်ထက်တော်တွင် ဘုရင်၏ လက်နက် တော်နှင့် မသတ်ရဘဲ ထောင်ထဲ၌ လုံခြုံစွာ မကျဉ်းချရုံသာ ချထားရလေသည်။ မတော်တဆ မောင်မောင်တုတ် မှာ တန်ခိုး အာဏာ ပြန်လည်ရရှိရပါကလည်း ရှေးဦးစွာ လက်စားချေ ခံရမည့်သူများမှာ ထောင်အရာရှိ များသာ ဖြစ်နေပြန်သည်။
ထောင်ချုပ်ချ ထားစဉ် အမြော်အမြင်နှင့် မောင်မောင်တုတ်အပေါ်မှာ ညှာညှာတာတာ ပြုပြန်ကလည်း အချင်းချင်း တို့မီးရှို့မီးလုပ်၍ လောလောဆယ် ဒုက္ခတွေ့ရဦးမည်ဟု အရာရှိ အချို့မှာ မလွဲသာ မလှုပ်သာ နှင့် အလွန်တရာ စိတ်ကျဉ်းကျပ်ရှာကြသည်။ "တောက်... ဒီဂြိုလ်ကောင်ကြီးဟာ တစ်ခါတည်း သေသွား ရင်လည်း ကိစ္စအေးသား"ဟု နှုတ်စကား အလွယ်တကူ ထွက်တတ်သူတို့က မူးမူးရူးရူးနှင့် ရေရွတ် တတ်ကြ ပြန်လေသည်။
အဆိုပါ လူတစ်စုဖြစ်သော ထောင်အမှုထမ်းအရာထမ်းဆို့အပေါ်တွင် မြို့ဝန်၊ မြို့အုပ်တို့ကလည်း အဆက် မကင်းခဲ့ရာ မောင်မောင်တုတ်အပေါ်တွင် အညံ့ခံလာခဲ့ရသော မြို့ဝန်တစ်ပါး ဖြစ်သော ဦးချစ်သည် မှာလည်း ရန်ငြိုးအကြီးဆုံးဖြစ်နေလေ၏။
မောင်မောင်တုတ် တန်ခိုးအာဏာ ထွားစဉ်က မယားလုဘက် တန်ခိုးပြိုင်ဘက်ဖြစ်၍ တပည့်လက်သား နောက်လိုက် လူမိုက်များမှာ မကြာမကြာ ရန်ပွဲစည်ခဲ့ရာတွင် မြို့ဝန်၏ လူများမှာ တန်ခိုးချင်းမမျှ၍ ရှုံးဘက် ကသာနေခဲ့မြဲ ဖြစ်သောကြောင့် ချုံထဲက စောင့်၍ ချိုသွေးခဲ့သလို မောင်မောင်တုတ်အား အလဲတွင် ဖိထောင်းရန် အချိန်ကောင်းရခိုက်၌ ကတိုက်ကရိုက် အချုပ် ထောင်တွင်းသို့ ဆိုက်ရောက်လာကာ စီစဉ်မှု ကိစ္စများကို ထောင်အမှုထမ်းတို့အား စည်းဝါး ကိုက်ထားလိုက်ပြီး ဖြစ်လေသည်။
မြို့ဝန်မှာ လွှတ်တော်ဝန်ကြီးများ၏ တရားသဖြင့် ပြုမူမှုကိုလည်း ကျူးလွန်စော်ကားခြင်းမပြုသာပေ။ ထီးနန်း လုယူမှုကြီးအတွက် ကြီးလေးလှသော ရာဇ၀တ်အပြစ်သင့်ထိုက် စီရင်ကွပ်မျက် သုတ်သင် ထိုက်လျက် ဘုရင့်လက်နက်တော်နှင့် မသေရအောင် ထောင်တစ်သက်ထားလိုက်ရုံသာ စီရင်ချက်ချ ထားသူကို မိမိလို မြို့ဝန်တစ်ဦးက လွန်ကျူးထိုက်သည်လည်း မဟုတ်ရကား မည်သို့သောနည်းဖြင့် ကလဲ့စား ချေရမည်နည်းဟု စဉ်းစားပြီး ဖြစ်လေသည်။
မြို့ဝန်မင်းသည် ထောင်အတွင်းရှိ အကျဉ်းချထားသူ ရာဇ၀တ်ကောင်များကို မကြာမကြာ လာရောက် စစ်ဆေး ကြည့်ရှုရသူလည်းဖြစ်သည်။ မောင်မောင်တုတ်အပေါ်တွင် မြို့ဝန်မင်း ရန်ငြိုးထားကြောင်း ကိုလည်း ထောင်မှူးနှင့် ထောင်အရာရှိများ ရိပ်မိကြပြီး ဖြစ်လေသည်။ သို့ကြောင့်လည်း အဘယ် သို့သော ထောင်အမှုထမ်းများမှအစ အာဏာပါးကွက်တို့ အဆင့်အတန်းအထိ မောင်မောင်တုတ်ကို အရေး လုပ်ဝံ့သူ မရှိ၊ အရေးလုပ်လိုသော စေတနာလည်း မပေါ်ပေါက်၊ နောက်နောက်က ကြောက်လန့် ခဲ့ရသမျှ ကိုသာ အတိုးချကာချကာ နာနာဖိ၍ နင်းပစ်ချင်သူများလေသည်။
ထို့ကြောင့် အစာရေစာ ပေးလာသော အမှုထမ်းတို့ကပင် မထေမဲ့မြင်ပြုကာ "ဒီမှာ ဒီမှာ သူများတကာရဲ့ မယားခိုးခဲ့တဲ့၊ မင်းသားဆိုးကြီးရဲ့ သုံးဆောင်လှည့်ပါ၊ ပွဲတော်စာတွေ အေးကုန်ပါမယ်"ဟု မဲ့မဲ့ရွဲရွဲ့ပြောပြီး ကျောက်ကာဗျပ်စုတ်ထဲ ထည့်ယူလာသော ၀က်စာကျိုထား၏သို့ ထမင်းပျော့စိစိများကို မလှမ်းမကမ်းမှ ချထားပြီး အနီးသို့ရောက်အောင် ဗျပ်ကို ခြေနှင့် ထိုးကော် ပို့သည့်အခါ ပို့ခဲ့၍ တချို့ကလည်း "စည်းစိမ်ကြီးမနေနဲ့ မင်းသား၊ ခင်ဗျာ့ မယားတွေ လင်ငယ်နေကုန်ပြီ"ဟု ခနိုးခနဲ့ ပြောလိုပြော မထိခလုပ် ထိခလုတ်၊ ပုတ်ခတ်ညှဉ်းဆဲသွားသူက သွားကြ၍ အံကြီးတခဲခဲနှင့် မနည်းကြိတ်ခံခဲ့ရသော အခါပေါင်း လည်း မောင်မောင်တုတ်မှာ မရေတွက်သာအောင် ရှိခဲ့လေသည်။
ငါကိုယ်တိုင် စီရင်လိုက်ရမှ ဒီတစ်သက် အားရမယ်ဟု အခဲမကြေခဲ့သမျှ အကွက်ချ၍ အကြံအစည်း ပြုထားသူ မြို့ဝန်မင်းမှာ တစ်နေ့တွင် ထောင်တွင်းသို့ အမှန်မထင် ရောက်လာလေသည်။ တပည့် လက်သား ထောင်မှူးထောင်ကြပ်များလည်း ၀တ္တရားအတိုင်း မြို့ဝန်မင်း စစ်ဆေးကြည့်လိုသော ထောင်အခန်း များကို သွားလိုရာနောက်က လိုက်လံပြသကြရလေသည်။
အချိန်ကား နေ၀င်ဖျိုးဖျ ဖြစ်လေသည်။ အပြင်လောကတွင် နေခြည်မှာ ရွှေရည်သန်းလျက် ရှိသေး သော်လည်း အကျဉ်းထောင်ကြီးအတွင်းရှိ အခန်းများမှာ မှောင်ရိပ်လွှမ်းလျက် ရေနံဆီ မီးခွက် ကလေး များပင် တလက်လက် လင်းနေရလေပြီ။
မြို့ဝန်နှင့်နောက်ပါတို့သည် စစ်ဆေးလိုသော အခန်းများအနက် မောင်မောင်တုတ်ကို ချုပ်ထားသော အကျဉ်းခန်းသို့ တန်းတန်းမတ်မတ် ရှေ့ဦးစွာ ၀င်သွားလေသည်။ မောင်မောင်တုတ်မှာ ထိုအချိန်တွင် ပျဉ်ထောင် ထရံအနီး၌ စုပုံထားသော ကောက်ရိုးစများကို မှီလျက် ငြိမ်သက်စွာ ခေါင်းစိုက်ရင်း စဉ်းစားခန်း ၀င်နေလေသည်။
"ဟေ့ကောင် မင်းလား ကွ ရှင်ဘုရင်ကို နန်းချခဲ့လူ"ဟု ပြောလျှက် ခြေတစ်ဖက်နှင့် မျက်နှာကို ထိုးကော် မော့ယူကြည့်လိုက်သည်။ မောင်မောင်တုတ်သည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မိမိကသာ အမြဲ အနိုင်ယူလာခဲ့သော မြို့ဝန်ကို တွေ့လိုက်သဖြင့် မိုက်ခနဲ ဒေါသထွက်ပြီး လက်သီး လက်မောင်း တန်းကာ-
"အောင်မာ ငချစ်ရာ ငါ့ကို ခုမှ လာစော်ကားဝံ့တဲ့အကောင်ကိုး၊ သတ္တိရှိရင် မင်းနဲ့ငါ ဓားချင်းခုတ် ကြည့်ရအောင်" ဟု တောက်တောက် ခါးခါး ပြောလိုက်မိသည်။
မြို့ဝန်က ပြုံးမဲ့မဲ့လုပ်လျက် စက်ဆုပ်ရွံရှာသော လက္ခဏာနှင့် ဗျစ်ဗျစ်ပါအောင် တံတွေးထွေးလိုက်ပြီးမှ -
"မင်းလို ရာဇ၀တ်ကောင်ကိုလားကွ၊ ငါက ဓားချင်းယှဉ်ခုတ်ရာမှ၊ ဟေ့ ငကျားတို့ ငလွှားတို့ ဒီအကောင် ဖမ်းကိုင် ချုပ်ထားလိုက်စမ်း၊ ကပြားက ပါးမော့သွားအောင် သင်းသျှောင်ကို နောက်လှန်ဆွဲထား"ဟု ဆိုကာ ဗျန်းဗျန်း ပါအောင် ရိုက်လေတော့သည်။ တပည့်လေးငါးယောက်က ၀ိုင်းချုပ်၍ ရှုပ်ယှက်ခတ် ဖြစ်နေသော အခါ မြို့ဝန်လုပ်သူကိုယ်တိုင် ပါးနားရိုက်လျက် ရုတ်ရုတ် ရက်ရက် ဖြစ်သွားလေသည်။ မီးရောင် မလင်း တလင်း မှောင်တိုက်တွင်းဝယ် ဘယ်ပြန် ညာနက် အဆက်မပြတ် အားရ လောက်အောင် ရိုက်နှက်၍ မောင်မောင်တုတ် ကလည်း တစ်ချက် တစ်ချက် ရုန်းကန် ဆဲရေး လျက်ရှိရာမှ ငြိမ်ကျသွားလေသည်။ မြို့ဝန်နှင့် နောက်ပါများလည်း အခြားသော အကျဉ်းထောင်ခန်းများကို ဆက်လက်ကြည့်ရှုရန် တံခါးပိတ် ခဲ့လျက် ထွက်ခွာ သွားကြ လေ၏။
မြို့ဝန်မင်းတို့ လူတစ်သိုက် ထွက်ခွာသွားပြီးသောအခါမူကား မောင်မောင်တုတ်မှာ နှုတ်ရောလူပါ လှုပ်ရုံမျှပင် မလှုပ်နိုင် မဆဲရေးနိုင်တော့ဘဲ တစ်ချီတည်း ငြိမ်သက်ကျသွားတော့သည်။ အချိန်အတန်ငယ်မျှ ကြာသောအခါ အခြားသော အခန်းများကို စစ်ဆေးကြည့်ရှုပြီးခဲ့ပြီဖြစ်၍ တစ်ပတ်လှည့်၍ လာကြသော မြို့ဝန်မင်းတို့ လူတစ်သိုက်သည် ထောင်ကြီးတစ်ဖက်တွင်ရှိနေသော ထောင်မှူးထောင်ကြပ်များကိုပါ ခေါ်လာပြီး မောင်မောင်တုတ်ကို ချုပ်ထားရာ အခန်းထဲသို့ ရေနံချေးမီးတိုင်များ ကိုင်ဆောင်ကာ အလင်းရောင် ထိုးရင်း ၀င်လာကြလေသည်။
"ကျုပ်ကို ပြန်ဆဲလို့ ဒီအကောင် တော်တော်ပဲ ဆုံးမထားခဲ့တယ်၊ ဒါကြောင့် ဘယ်လိုများ နေသလဲလို့ လာကြည့်တာ"ဟု မြို့ဝန်မင်းက ပြောသည်။
ထောင်မှူးနှစ်ယောက်မှာ မီးရောင်အောက်၌ မြင်ရသော မောင်မောင်တုတ်ကိုကြည့်ပြီး ဟင် ... ဟု တစ်ပြိုင်တည်း ဆိုလိုက်ကြလေ၏။
ကောက်ရိုး ပုံပေါ်တွင် ခပ်မော့မော့ ပက်လက်လန်၍ လက်တစ်ဖက်မှာ တန်းလန်းကျလျက်  သံကတ်ကြေး ဦးချွန် အပျက်တစ်ခုကို ဆုပ်ကိုင်ထားသည်။ မော့ထားသော မျက်နှာအောက် လည်မျို တည့်တည့်တွင် သွေးစိမ်းရှင်ရှင် စီးယိုကျနေသော ထုတ်ချင်းခတ် အပေါက်ကြီးဖြစ်လျက် မလှုပ်မယှက် အသက်ထွက်နေလေသည်။ လက်တွင်းက ကတ်ကြေးပျက် အချွန်တစ်လုံးမှာလည်း သွေးရောင် သွေးစ တွေဖုံးကာ ရဲရဲတောက် နီးမြန်းလျက်ရှိလေသည်။
"သူ့ကိုယ်သူ ထိုးသတ်လိုက်ပြီ"ဟု မြို့ဝန်မင်း၏ တပည့်များက တစ်ပြိုင်တည်း ပြောကြားလိုက်လေသည်။
မြို့ဝန်မင်းက အချုပ်ခန်းထဲမှာ ဘယ်ကလာ၍ လက်နက်ရသလဲဟု ပြူးပြူး ပြဲပြဲလုပ်၍ မေးနေ ပြန်သေးသည်။ လက်ထဲက သွေးရဲနေသော ကတ်ကြေးသံချေးတက် တစ်ခြမ်းပျက် ကို ယူကြည့်သူက ကြည့်ကာ "ဟာ ... ကတ်ကြေးပျက် သံချေးတက်ကြီးပါ၊ ထောင်နံရံမှာ ထိုးညှပ်ထားတာ ကြာလှပေါ့ပဲ၊ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျွန်တော် မြင်နေတယ်" ဟု ထောင်အချုပ်ခန်းစောင့် တစ်ဦးက ပြောလိုက်သည်။
"ဟင် ... စောစောက ကျုပ်ကို ဆဲလို့ ပါးရိုက်ခဲ့တယ်၊ သူ ကျုပ်တို့ကို ပြန်မလုပ်နိုင်တာနဲ့ ဒေါသဖြစ်ပြီး သူ့ကိုယ်သူ တွေ့ရာလက်နက်နဲ့ ထိုးသတ်တာပဲ ဖြစ်မှာပေါ့"ဟု မြို့ဝန်မင်းက ပြောလေ၏။ 
ထောင်မှူး များက ၀န်ကြီးများ အပြစ်တင်မည်ကို များစွာ စိုးရိမ်ထိတ်လန့်သွားကြသည်။
"ကျွန်တော်မျိုးများ ကောင်းကောင်းမကြည့်ကောင်းလားလို့ လွှတ်တော်ကြီးက အပြစ်များ တင်ဦး မလား ဘုရား"ဟု ပြောကြသည်။
"သူ့ဘာသာသူ သတ်သေတာပဲ ဘယ့်နှယ့်မှ မတတ်နိုင်ဘူး။ ကျုပ်တို့ ခင်ဗျားတို့ရော အားလုံးမြင်တဲ့အတိုင်း အစီရင်ခံစာပို့လိုက်ရုံပေါ့ဗျာ၊ တစ်ဦးတစ်ယောက်က သတ်သွားတယ်ဆိုရင်လည်း ဆွဲဖမ်းပေးရလေသေးရဲ့၊ ခုတော့ သူ့တရား သူစီရင်သွားတာဖြစ်လို့ တစ်နည်းအားဖြင့် ခင်ဗျားတို့ကျုပ်တို့တာဝန်ပေါ့သွားတာပဲ"ဟု မြို့ဝန်မင်းက ယပ်လှဲတရားဟောပြီး အထက်လူကြီးများကို အစီရင်ခံစာ ရေးသားတင်ပို့ရန် ဆုံးဖြတ် လိုက်ကြ လေ၏။
ဤနည်းဖြင့် တစ်ချိန်က တန်ခိုးအလွန်ကြီးခဲ့သော ရေနံချောင်းမင်းကြီး၏ သား လက်သုံးတော်ကြီး ကိုင် မြောက်ဒ၀ယ်ဗိုလ် ရနောင်မြို့စားမင်းသား မောင်မောင်တုတ်သည် အကျဉ်းထောင်ထဲတွင် ကတ်ကြေး ပျက်တစ်ဖက်နှင့် အသက်ကို စွန့်လိုက်ရရှာသည်။ ထိုကတ်ကြေးမှာ ရမည်းသင်းအရပ်ရှိ ပန်းပဲဖိုများမှ လုပ်ကိုင် ရောင်းချလေ့ရှိသော သံကတ်ကြေးဦးချွန်းမျိုးဖြစ်သည်။ ထိုအခါမှစ၍ ကတ်ကြေး ဦးချွန်ကို ရနောင် ကတ်ကြေး ဟု ခေါ်စမှတ်ပြုခဲ့ကြလေသည်။
လွှတ်တော်ဝန်ကြီးများလည်း မြို့ဝန်နှင့် ထောင်မှူးထောင်ကြပ်တို့၏ အစီရင်ခံချက် အရ ရနောင်မြို့စား ဟောင်း မောင်မောင်တုတ်သည် ထောင်ထဲ၌ သူ့ကိုယ်သူ လုပ်ကြံသေဆုံးကြောင်းနှင့် မှတ်တမ်းဖွင့်၍ ရေးတင် ထားလိုက်လေသတည်း။
ဧရာဝတီမြစ်ရေပြင်သည် တသွင်သွင် တအေးအေး ငြိမ့်လေးစွာ စီးဆင်းလျက်ရှိလေ၏။
မြူခိုးများ ယှက်နေသော မြစ်ကမ်းတစ်ဖက်တစ်ချက်ရှိ တောင်ကမ်းပါးယံကြီးများမှာ မတ်စောက် မြင့်မားစွာ တည်ရှိကြလေသည်။
မြစ်ရေပြင်ဖွေးဖွေး၌ တဖြည်းဖြည်း ဆန်တက်လျက်ရှိသော အညာလှေကြီးငါးစင်းမှာ တင်းမာ ဖောင်းကော့ လျက်ရှိသော ရွက်ကြီးများနှင့် လေလွှင့်ရာသို့ ရင်ပေါင်တန်း ရွ့လျားလျက် ရှိလေသည်။
ရွက်စုံဖွင့်၍ လွှင့်လျက်ရှိသော အဆိုပါလှေကြီးများမှာ တစ်စင်းနှင့်တစ်စင်း လှမ်း၍ မြင်သာရုံမျှ ရှိလေသည်။ လှေပဲ့တွင် ထိုင်လျက်ရှိသော ပဲ့နင်းကြီးများမှာ တစ်ဦးနှင့်တစ်ဦး အချက်ပြ ဆက်သွယ်ခြင်းဖြင့် ရေကြောင်း လေကြောင်းသင့်ရာ စောင်းကာကွေ့ကာ ပဲ့ကိုင်လိုက်ပါလာကြ သည်။ ထိုးဝါးသမားများ မှာမူကား လှေနှုတ်ခမ်း ပေါ် တွင် လေငြိမ်လျှင် ငြိမ်သလို အလုပ်များလျက် လေအားကောင်း၍ ရွက်ဖောင်းလျှင် လေသာ ခိုကာ လိုက်ပါလာကြသည်။
လှေကြီး၏ ပေါင်းမိုးအထက်ရှိ ဦးပိုင်းတွင် ခါးတောင်းကနား မျှောင်လောက်အောင် ကျိုက်လျက် ထိုးကွင်း ဒူးချ ရဲပုဆိုးရဲတဘက် ၀တ်ဆင်ပေါင်းထုပ်ထားသော မင်းမှုထမ်းလုလင်များက ဓားလှံထမ်းကာ အလှည့် စောင့် သူက စောင့်၍ ထမင်းဟင်းချက်သူက ချက်ရင်း ပါလာကြသည်။
လှေဝမ်းတိုက်အတွင်းမှာ ၀က်ခြံပမာ ၀ါးတို့ဖြင့် ခြံခတ်ကာရံပြီး အပေါ်မှာ ၀ါးကပ်ဖိထားသော ယာယီ အချုပ်ခန်း ငယ်အတွင်းမှာမူကား ရာဇ၀တ်သင့်သဖြင့် မိုးကောင်းသို့ အကျဉ်းချုပ်နှင့် အပို့ခံ ရသော ရာဇ၀တ် အကျဉ်းသမားများ ဖြစ်လေ၏။ လှေကြီးတစ်စင်း တစ်စင်း အတွင်းရှိ အချုပ်ခန်းအတွင်းမှာ အပြစ် အလျောက် အကျဉ်းပို့ခံရသော ရာဇ၀တ်ကောင်(တစ်ကျိပ်) ဆယ်ဦးစီ သယ်ယူလာရလေသည်။ အချို့ ရာဇ၀တ်သားများကို မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်မှအစ မဲဇာရွှလီ စခန်းအထိ လွှတ်တော်အမိန့်ချမှတ်ရာ ဌာနအရပ်ရပ်သို့ အရောက်ပို့အပ်ရန် သယ်ယူဆောင်ကြဉ်း လာခဲ့ရခြင်းဖြစ်ပေ၏။
ထိုလှေကြီးများ ထွက်လာသောအခါက်မှာပင် စီးတော်မြင်းဝန် ရွှေတိုက်စိုး တောင်သမန်လယ်စား ဘုရင့် စာဆိုတော်ကြီးဘ၀မှ အရာချ၍ မိုးကောင်းသို့ ပို့ကာ ကွပ်မျက်ခံရရှာမည့် မောင်မောင်ငယ် နှင့်တကွ တစ်ချိန် တည်း ဖမ်းဆီးအရေးယူခြင်းခံရသော အမှုထမ်းများဖြစ်သည့် ကောင်ဟောင်ဝန်၊ ငွေခွန်မှူး၊ ဘုန်းတော်တိုး ဗိုလ်များ၊ သံတော်ဆင့်မြို့စာရေး အသုံးစာရေး ဒိုင်းစာရေး စသူတို့အားလည်း တစ်ပါတည်း မိုးကောင်း မြို့ အကျဉ်းထောင်သို့ပို့ရန် ပါရှိလာကြလေသည်။
ရေသံ၊ မိုးသံတို့ ငြိုးငြိုးညံညံနှင့် အညာဆန်လှေ ၀မ်းဗိုက်ထဲမှာ ညိုးငယ်ကျဉ်းကျပ်စွာ ရာဇ၀တ်သား ဘ၀ဖြင့် ဆောင်ယူရာသို့ လိုက်ပါလာရသော (ဦးဖေငယ်) မောင်မောင်ငယ်မှာ မိမိနှင့် တစ်လှေတည်း စီးရသော ရာဇ၀တ်သင့်သူများတွင် အပေါင်းအသင်းဖြစ်ခဲ့သူ ရွှေနန်းတော်သားထဲက တစ်ဦးတစ်ယောက်မျှ မပါဘဲ နိုင်ငံတော်အောက်တလွှားဆီမှ ခိုးဆိုးလုယက် သတ်ဖြတ်မှုကျူးလွန်သူ လူမိုက် ရာဇ၀တ် ကောင် များချည်းသာ ဖြစ်နေသောကြောင့် မောင်မောင်ငယ်မှာ တိုးတိုးဖော် စကားနှီးနှောရန်မျှ မရှိ၊ မိမိကဲ့သို့ စိတ်ပျော့ နူးညံ့သော စာဆုတော်မျိုးသည် ဤလူဆိုးလူမိုက် စရိုက်ယုတ်ကြမ်းသူများအား မိမိကြားလိုသော အကြောင်း နှင့် စပ်လျဉ်း၍ တစ်ခွန်းသော စကားကိုမျှ မေးမြန်းပြောဆို၍ မရ၊ လူဆိုးလူမိုက်များကလည်း ယောက်ျား ရင့်မာကြီးက မိန်းမလိုမိန်းမရ ပျော့ပျော့ညံ့ညံ့ ရှိလှသည်ဟု အဖက်မလုပ်ဘဲ နေကြလေ၏။
ယင်းသို့ ဒုက္ခသည်ချင်း အပေါင်းအဖော်မရ ကျဉ်းကျပ်လှသော လှေဝမ်းတိုက် အချုပ်ခန်းထဲမှာ ဘယ်အရပ် ဘယ်နေရာက ရောက်လာသည်ဟုလည်း မသိရ၊ လောကနှင့် အဆက်ပြတ်လျက် မျက်မမြင် ဒုက္ခိတ နှင့် မခြား ဖြစ်နေရသောကြောင့် ဒူးပေါ်တွင် ခေါင်းတင်ပြီးတွင်တွင်ကြီး စဉ်းစား၍ အချိန်ကုန်စေရတော့၏။
မောင်မောင်ငယ် စဉ်းစားတွေးတောပြီး မျက်လုံးအိမ်ထဲတွင် အမြဲ ထင်မြင်နေသော အာရုံတို့သည် ကား မိဘနှစ်ပါးကဲ့သို့ ခင်မင်သူ ဒိုင်းအတွင်းဝန်မင်းနှင့် ၀န်ကတော်ကြီး နှမကလေး ခင်ခင်ကြီးတို့ပင် ဖြစ်လေ သည်။ မိမိရှေ့မှာပင် မိမိနှင့်အတူတကွ ဖမ်းဆီးခြင်းခံရသည်ကို မြင်လိုက် ရပြီးနောက် တစ်ယောက်သတင်း တစ်ယောက် မကြား မသိရတော့ဘဲ တစ်ခါတည်း ကွဲခဲ့ရသည်။ သူတို့ခမျာတွေ ဘယ်ဆီဘယ်လမ်း ဘယ်စခန်းများ ရောက်နေရှာကြသလဲ၊ အသက်နှင့် ကိုယ်မှ မြဲနေကြပါသေးစ စသော မေးခွန်းများကို မိမိကိုယ်ကို ပြန်မေးခြင်းဖြင့် ဘာမှမသိသော မိမိကလည်း မဖြေနိုင်၊ အတွေးအထင်နှင့် စိတ်ကူးချင်သလို စိတ်ကူး ၍သာ နေခဲ့ရတော့သည်။
သူ့ခမျာများ ဘယ်လိုအပြစ်မျိုးမှ မရှိကြတာ ငါအသိဆုံးပါ၊ ဒါကို ဘယ်လိုပင် အပြစ်ပြ၍ ဖမ်းသည်ထား အမှုသွား မခိုင်လုံတဲ့အတွက် ရက်မကြာခင် ပြန်လွှတ်ရမှာပါပဲ ဟူ၍လည်း တစ်နည်းတစ်လမ်း စိတ်အေးချမ်း သာအောင် တွေးလိုက်မိသည်။ အပြစ်မရှိ၍ လွှတ်လိုက်သည်ဟူ သော သတင်းမျိုးကလေးကို ကြားလို လှသောကြောင့် မေးမြန်းစုံစမ်း၍ ရနိုင်မည့်လူများကို စောင့်စားခဲ့ပါသော်လည်း အချည်းနှီးမျှသာ။
ယခုအခါ အညာဆန်လှေကြီးနှင့် သယ်ဆောင်ရာသို့ ပါလာခဲ့သည်အထိ သိလိုသော သတင်းကို မသိခဲ့ရ မကြားခဲ့ရ၊ ခင်မင်ရင်းနှီးလှသော မောင်မောင်တုတ်ကို တမ်းတခဲ့စဉ်ကလည်း အရိပ်အရောင်မျှ မပေါ်လာပုံ ထောက်ခြင်း အားဖြင့် မိမိကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံနေရရှာပြီဟု တစ်ထစ်ချ ယူဆ လိုက်လေ သည်။
အရွယ်ကြီးရင့် အိုမင်းကာ မစွမ်းမသန်ရှာသူ မိန်းမသားတစ်ယောက်ဖြစ်သော ဒိုင်းအတွင်းဝန် ကတော်ကြီး နှင့် မလိမ်တမာ ငယ်ရွယ်ရှာသော ခင်ခင်ကြီးကဲ့သို့ မိန်းကလေးမျိုးကိုပင် ရေးကြီးခွင်ကျယ်လုပ်ကာ ဖမ်းလား ဆီးလားနှင့် မဟားဒယား လုပ်ကြသေးလျှင် မောင်မောင်တုတ်ကိုလည်း မည်သည့်နည်းနှင့်မျှ ချန်၍ ထားကြမည်မဟုတ်ဟု ယခင်ထင်မြင်ချက်ကို လေးနက်ခိုင်မြဲအောင် ထောက်ခံသမှု ပြုလိုက် ပြန်သည်။
မိမိတို့ အားလုံးကို ယခုကဲ့သို့ သိမ်းကျုံးဖမ်းဆီးခံရခြင်းမှာ ရွှေနန်းရှင်ဘုရား အမျက်တော်ပွားလောက်သည့် အမှုအပြစ်ကြီးများမရှိ၊ မကျန်းမာတော်မူမည့်နေ့ နံနက် နောက်ဆုံးတွေ့ကြုံဖူးမြင်ရသောအခါကလည်း ခင်ခင်ကြီးနှင့် ပတ်သက်သော စေခိုင်းတော်မူချက်ကို ရွက်ဆောင်ရန် အပါးတော်မှ ထွက်ခွာခဲ့ရပြီး နောက် တစ်နေ့မှ အဖမ်းအဆီး ခံရခြင်းဖြစ်သည်။
အမျက်တော်ထားခြင်းထားလျှင် အရှင်နန်းမတော်ဖုရားကသာ ထားစရာရှိသည့်အတွက် နန်းမတော် ဖုရား၏ အလိုတော်အတိုင်း စစ်တပ်နှင့် ၀ိုင်း၍ ဖမ်းဆီးခြင်းသာ ဖြစ်ရာသည်။ ဤအတိုင်းမှန်လျှင် ဓားစာခံရသူ အိမ်တော်ပါ ကျွန်တော်ရင်းတို့အကြောင်းကို ရွှေနန်းရှင်ဘုရား သိရှိတော်မူမည်မထင်၊ မည်သူ ကမှ လည်း ကြားဝင် အမုန်းခံကာ လျှောက်တင်ခြင်း၊ သတင်းပေးခြင်း ပြုဝံ့ကမည်မဟုတ်တကားဟု စဉ်းစားရင်း အခံရခက်လှ တော့သည်။
မိမိတို့မှာ အရှင်သခင် အလိုတော်ကျ စေခိုင်းတော်မူသမျှ ဆောင်ရွက်ရသူများဖြစ်လေရာ ယခုလို အယူခံ ချက်မရှိ ပိပိရိရိ ဖမ်းဆီးအပြစ်ပေးနိုင်ရန် အဘယ်ဓမ္မသတ်၊ အဘယ်ရာဇသတ် ဘယ်ဖြတ်ထုံး ဥပဒေများနှင့် အကျုံးဝင်အောင် အပြစ်ပြကြလေသနည်း။ မည်သည့်နည်းနှင့်မဆို ခင်ခင်ကြီးကိစ္စနှင့် စပ်လျဉ်း၍ ကိုယ်တော်ချင်းချင်း စိတ်ဝမ်းကွဲပြား အမျက်တော်ပွားရာမှာ နောက်ဆုံးတွင် မိမိတို့သာ ဓားစာခံ ဖြစ်ရခြင်း ပါတကားဟု စဉ်းစားမိစေကာမူ ချစ်ခင်ကြင်နာလှသူ နှမငယ် ကောင်းစားရေးကို မိမိက အသက်ပေး၍ပင် ဆောင်ရွက်ဝံ့သော စေတနာရှိခဲ့သဖြင့် ခင်ခင်ကြီးသာ အပြစ်ချမ်းသာရာရလျှင် မိမိ သေချင်သေပေစေ သေရကျိုး နပ်လေသည်ဟု ကြည်ကြည်ဖြူဖြူ အသက်ကိုလှူရန် အသင့်ရှိသူဖြစ်ရကား ခင်အကြီးသာ ချမ်းသာ ကောင်းစား ရစ်ပါစေဟု စေတနာ ပြတ်ပြတ်သားသားနှင့် ထပ်မနား ဆုတောင်းလျက် ရှိလေသည်။
ရွှေနန်းရှင်ဘုရားမှာ ခင်ခင်ကြီးအား များစွာ စုံမက်မြတ်နိုးတော်မူသည်။ ကျန်းမာတော် မမူသေးလို့ မေးတော် မမူနိုင်ခင်သာ သူတို့ထင်သလို လုပ်ထားနိုင်မည်။ ရွှေနန်းရှင်ဘုရား အမေးတော်ရှိတဲ့ တစ်နေ့မှာ ၀ှက်ထား ရာမှ ထုတ်ပေးရမည် မုချဖြစ်တော့သည်။ မိဖုရားကြီးက ကြည်ဖြူတော်မမူ စေကာမူ ကောက်ယူ တော်မူပြီး မိဖုရားအရာ မြောက်၍နေလေပြီ။ သည်အခြေကျကာမှ ခင်ခင်ကြီး သည် မိဖုရား တစ်ပါးဟု အသိအူမှတ်ပြုကြရုံမှ တစ်ပါး ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်က ဖျောက်ဖျက် လျှို့ဝှက် ထားတော် မူနိုင်မည် မဟုတ်ဟု ယုံယုံကြည်ကြည်ကြီး ဆုံးဖြတ်သမှု ပြုလိုက် လေတော့သည်။
ရွက်စုံဖွင့်ထားသော အညာဆန်လှေကြီးကား တဖြည်းဖြည်းနှင့် မှန်မှန်ကြီးသွားလျက်ရှိလေ၏။ မောင်မောင် ငယ် မှာ လှေဝမ်းထဲတွင် ဆင်းရဲကြပ်တည်းစွာ လိုက်ပါမြဲ လိုက်ပါလျက် ရှိငြားသော်လည်း ခင်ခင်ကြီး ချမ်းသာ ကောင်းစားရေးကိုသာ တတွေးတွေး ဆုတောင်း ဆုယူပြုကာ လိုက်ပါခဲ့သည်။ အရှင်သခင် ၏ အလိုတော် ပြည့်ရန် ဦးဆွေးဆံမြည့် နေ့ရှိသရွေ့ ထမ်းရွက်ခဲ့လျက် အသက်ပါ ဆုံးရှုံးမှုဖြစ်ရ သော်လည်း စေတနာ ကြီးစွာထားလျက် အချစ်မပျက်နိုင်ရှာပေ။
မင်းခစား ကမ်းနားသစ်ပင် ဆိုသည့်စကားအတိုင်း သဒ္ဓါတော်မူတုန်းအခါ လျှမ်းလျှမ်းတောက် ကောင်းစား ခဲ့လျက် မင်းမျက်သင့်သည့်အခါမှာလည်း အသက်စည်းစိမ် အိုးအိမ်ပစ္စည်း ဆိုသမျှမှာ ဖွဲတစ်ထုပ်တစ်မျှ တန်ဖိုးမမြင် ဆံခြည်တစ်မျှင်ခြားနှင့် အပ်သွားပေါ် မုံညင်းစေ့ပမာသာရှိတော့ သည်ဟု နှလုံးပြုမိကာမူ ရွှေနန်း ဘုရားကိုကား အကြည်ညိုမပျက်၊ ရက်စက်တော်မူလိုက်သည့် နန်းမတော် စုဖုရားလတ် ကိုသာ ပြုရက်ပါပေရဲ့ ဘုရားဟု ညည်းတွား ရေရွတ်မိ ခဲ့သည်။
အရှင်နှစ်ပါး မင်းသားမင်းသမီးဘ၀မှာ မိမိတို့ ကျွန်တော်မျိုးရင်းများက အားပေးအားမြှောက် ပြုလျက် တောင်ဥယျာဉ်တော် ထွက်သည်အထိ ချစ်ကြိုးတော်ဆောင်ခဲ့ကြပုံများကိုလည်းကောင်း၊ မိမိကလည်း သဘောကျ၊ လူကြီးများကလည်း ရည်စူးပြီးသော ခင်ခင်ကြီးနှင့် တောင်သမန်အင်းကို သွား၍ ပျော်ပျော် ပါးပါး နေခဲ့ကြပုံများကိုလည်းကောင်း တီတီတာတာ ချစ်စရာတွေပြောရင်း ကျော သပ်လက်သပ်နှင့် သံယောဇဉ် အချစ်ကြိုးတွေ အမျိုးမျိုး ရစ်ပတ်နေမိပြီးမှ ရွှေနန်းရှင် အလိုတော်ရှိလှသည်ဟု သိရသော အချိန်အခါ ကစလျက် သံယောဇဉ် ချစ်နှောင်ကြိုးကို သစ်စိမ်းချိုး ချိုးဖြတ်လျက် အရှင်သခင်လက်သို့ ကြည်ဖြူ စွာ ပို့ဆက်ခဲ့သည်ကိုလည်းကောင်း၊ ချစ်သူကလေး၏ ကောင်းစားကြီးပွားရေးကိုလည်း တစ်နည်း တစ်လမ်း အားဖြင့် စေတနာ ထားခဲ့မိသည်။
အချစ်ရိုးအချစ်မှန်၊ အဖိုးတန်သော အချစ်စိတ်မှာ မြင့်မြတ် တည်ကြည်သော ကြင်နာမှုတွေ ဝေေ၀ ဖြာအောင် ခြံရံကာနေမြဲဖြစ်သည်။ ထိုစဉ်အခါက ဘာမသိ ညာမသိနှင့် မိမိတို့ ခြယ်လှယ်ကာ ရွှေနန်းရှင် ထံတော်ရောက် ပို့ဆက်ခြင်းခံရရှာသော ခင်ခင်ကြီးအတွက် တွေးမိတိုင်း တသက်သက် သနား လိုက်မိ သေးသည်။
အတိတ်အခါက ဖြစ်ခဲ့ပျက်ခဲ့ကြသော မိမိတို့ ရာဇ၀င်ဇာတ်အခန်းကို တစ်လမ်းလုံး ပြန်လည် ဖော်ထုတ် စိတ်တွင်းမှ အသစ်လုပ်ကာ ၀ိပဿနာ တင်လာခဲ့လေသည်။
တအိအိ တသက်သက်နှင့် ရွက်စုံဖွင့်၍ ဆန်တက်ခဲ့သော လှေကြီးများမှာ ရတနာပုံ နေပြည်တော်ကြီးနှင့် ခရီး တိုင်ပေါင်း များစွာ ဝေးကွာလာခဲ့လေပြီ။ ရာသီဥတု ပူပြင်းခြင်းမှလည်း တစ်စတစ်စ နည်းပါးကာ အေးချမ်းလာခဲ့လေပြီ။ ဧရာဝတီ နဒီမြစ်ကမ်းနှစ်ဖက်တို့ကိုလည်း ရုတ်ချည်း မြင်စွမ်းနိုင်ခြင်းမရှိပေ။ မြူခိုး တောင်ခိုးတွေ ဝေေ၀မှိုင်းခဲ့ရာမှ ဆီးနှင့်တွေ ဖြိုင်ဖြိုင်ကျ၍ ဌာနဒေသအလျောက် တစိမ့်စိမ့် တစမ်းစမ်းနှင့် အချမ်း ကြောင့် ခိုက်ခိုက်တုန်လာကြရာ လဲဝါဂွမ်းပုံ တို့ဖြင့် ခြုံရုံမကွေးနိုင်ရာသူ ရာဇ၀တ်ကောင် မောင်မောင်ငယ် ခမျာမှာ မြက်ခြောက် ကောက်ရိုးတည်းဟူသော ကြာဖုံပေါ်တွင် ၀တ်ဆင် လာရ ရင်း ဖြစ်သော ပိုးစင်ပုဆိုးဟောင်းခါးပုံစ တစ်ပိုင်းဖြင့် ရစ်သိုင်းလွှမ်းခြုံကာ အချမ်းလုံအောင် ကွေးလာခဲ့ ရရှာ တော့သည်။
သို့နှင့် တစ်နေ့သော နေထွက်တပြူ အချိန်လောက်တွင် တက်ကုန်ရွက်ကုန် ဖွင့်နှင်လာခဲ့သော နာဝါ လှေယာဉ်ကြီး များမှာ မှိုင်းမှိုင်းမှောင်သော တောင်စဉ်တောင်တန်းများ ပတ်သန်း ၀န်းရံထားသော မိုးကောင်းမြို့ ဆိပ်ကမ်းခြေသို့ ကပ်မိကြလေ၏။ မိုးကောင်းမြို့ကို စီရင် အုပ်ချုပ်ရန် နေပြည်တော်မှ ပို့အပ် ခန့်ထားခြင်း ခံရသော မိုးကောင်းဝန်မင်းသည် နောက်ပါ အမှုထမ်း တပည့်များနှင့် လှေဆိပ်သို့ ထွက်လာ ခိုက်ဖြစ်လေသည်။ ထိုအခါက နေပြည်တော်မှ အဆက်အသွယ်များမှာ လှေကြီးများနှင့်သာ ရောက်လာ တတ်သည်။ လွှတ်တော်ရုံးတော်မှ အမိန့် တော်စာချွန်များ၊ ရိက္ခာတော်များမှာ အဆိုပါ လှေကြီး များနှင့် တစ်လ တစ်ကြိမ်လောက်သာ ရောက်လာလေ့ရှိသည်။ ထိုလှေကြီးများနှင့်အတူ နေပြည်တော်မှ ရာဇ၀တ် သင့်ကြသူ ထောင်ပြောင်း ခံရသူများလည်း အမြဲပါလာတတ်လေသည်။ ထို့ကြောင့် နေပြည်တော်မှ လှေကြီးများ ဆိုက်ကပ်လျှင် မြို့ရွာအုပ်ချုပ်သူ မင်းမှုထမ်းတို့ ၀မ်းပန်းတသာ ဆီးကြို တတ်ကြ မြဲ ဓမ္မတာ ပင် ဖြစ်ချေသည်။
မိုးကောင်းဝန်မင်းမှာလည်း လှေပေါ်တွင် ပါလာသမျှ ပစ္စည်းရိက္ခာ လက်နက်ခဲယမ်း မီးကျောက်မှအစ ပုရပိုက် စာရင်းအင်းနှင့် တိုက်ဆိုင်လက်ခံကာ နေပြည်တော်မှ သတင်းထူးများကို လှေသမား မင်းစေ လုလင် အမှုထမ်းများအား ကိုယ်တိုင်တွေ့ဆုံ မေးမြန်းနားထောင်လေ့ရှိသည် ဖြစ်ရာ-
လှေသူကြီး များက နေပြည်တော်တွင် ထူးခြားသော သတင်းအရပ်ရပ်များကို ၄င်းတို့ တွေ့မြင်ကြားသိသမျှ ဖောက်သည် ချကြသည်။ ယခုအခေါက် ဖောက်သည်ချရသော သတင်းများမှာ အထူး များလှသည်။ နားထောင် သူများကလည်း တအံ့သြသြ ငေးမောနားထောင်ကြ ရသည်။
လှေသူကြီးနှင့် မင်းမှုထမ်းတို့ ကြားသိခဲ့သမျှ ပြောကြသော သတင်းများတွင် နေပြည်တော် ဆယ့်နှစ်ရာသီ ကြုံကြိုက် မြဲ ပွဲလမ်းသဘင်များ၊ ဆယ့်နှစ်ရာသီ အလှူတော်များ၊ နယ်စပ်သို့ ညောင်အုပ်မင်းသားတို့ လာရောက် နှောင့်ယှက်သော သတင်းများ၊ မြင်ကွန်းမင်းသားကြီး ပြင်သစ် ပိုင်နယ်မှ ဖြတ်လျက် ကြယ်ဖိုး နယ်ဘက်မှ အဆက်အသွယ် ပြုနေသော သတင်းများ၊ ညောင်ရမ်း မင်းသားကြီး ကုလားပြည် ရောက်နေ သည်ဆိုသော သတင်းများ၊ နိုင်ငံခြားသို့ သံတမန်တော်များ စေလွှတ်စေ့စပ်မှု မပြီးပြတ် သေးသော အကြောင်းများ၊ ပြင်သစ်တို့နှင့် မဟာမိတ်စာချုပ် ပြုလုပ်ရန် စကားကမ်းလှမ်းနေသော သတင်း များ၊ နန်းတော်တွင်း၌ ပြင်သစ်သူ အပျိုတော်များ ထွက်ဝင်စားနေကြသည်ကို သူလျှိုဟု အချို့က မယုံသင်္ကာ ရှိကြောင်းများ၊ အထက်ဗန်းမော် အောက်မြေလတ် သရက်၊ မင်းလှ၊ အင်းဝ စသော ခံတပ်တော်ကြီးများကို နေပြည်တော်မှ အလျင်စလို အမိန့်ပေးနိုင်ရန် သံကြိုး၊ ကြေးနန်းများ သွယ်တန်းထားသော သတင်းထူးများ၊ မိုးနဲ စော်ဘွား မကျိုးမနွံ တော်လှန်မည့် အရိပ်နိမိတ်နှင့် ရှမ်းပြည်နယ်ကိစ္စများ၊ နိုင်ငံတော် အလယ်ပိုင်း တွင် ဆိုးသွမ်းသောင်းကျန်းနေသော လူဆိုးဓားပြမှုများနှင့် လျှမ်းလျှမ်းတောက် ကောင်းစား၍ တန်ခိုး အာဏာ ကြီးမားခဲ့သော ရနောင်မင်းသားကြီး မောင်မောင်တုတ်တို့ ရုတ်တရက် ရာဇ၀တ်မှု ရောက်ရသော အကြောင်း များအထိ မိမိတို့ ကြားမြင်သိရှိခဲ့ကြသလောက် တစ်ယောက် တစ်ပေါက် လျှောက်တင် အစီရင်ခံ ကြလေသည်။
မိုးကောင်းဝန်မင်းမှာ ကြားရိုးကြားစဉ် သတင်းများထက် ရနောင်မင်းသားတို့ ကိစ္စအတွက် အထူး စိတ်ဝင် စားလျက် ရှိတော့သည်။ အပြန်ပြန် အထပ်ထပ် ရေငတ်သလို ခဏခဏ ပြန်၍ မေးမိသည်။ အမှုထမ်း တို့ကလည်း နားစွန်နားဖျား မိမိတို့ထောက်မှီ ကြားသိရသလောက် အသေးစိပ် ပြောရပြန် သည်။
နောက်ဆုံးတွင် "ကျွန်တော်မျိုးတို့တော့ ဤမျှသာ ကြားသိရပါသည်။ မိုးကောင်း အကျဉ်းထောင်သို့ လွှဲပို့ လိုက်သော လှေပေါ်က ရာဇ၀တ်ကောင် အများထဲမှာ ရနောင်မင်းသားကြီးနှင့် အမှုဖြစ်ရာတွင် ရောယှက် ပါဝင်ခဲ့သောသူများ ပါကောင်း ပါပါလိမ့်မည်။ ရာဇ၀တ်ကောင်တို့၏ ငယ်မည်စာရင်းကို ဖတ်ရှု ကြည့်တော် မူပြီးလျှင် သိချင်သေးသော အရေးကိစ္စများကို ရာဇ၀တ်သားတို့အား မေးမြန်းပါ" ဟု လျှောက်တင်ကာ မိုးကောင်း ၀န်မင်းအား ပါလာသမျှ ရာဇ၀တ်ကောင်တို့ စာရင်းကို ယူ၍ ပြကြရ သည်။
မိုးကောင်းမြို့ အကျဉ်းထောင်တွင် ထားရမည့်ရာဇ၀တ်ကောင် သုံးဆယ်ကျော်၏ ငယ်မည်စာရင်းကို အစဉ် လိုက် လျှောက်၍ ဖတ်ကြားသွားရာ ငလတ်၊ ငပေါ်ညွှန်း၊ ငမှန်၊ ငဘိုးမောင်၊ ငညို၊ ငစော၊ ငဗာလီ၊ ငသက်ရှည် မှအစ နေပြည်တော်မှာ နေစဉ်က မိမိကြားဖူးသော နာမည်များဖြစ်နေပြီး စိတ်ထဲမှ သင်္ကာယန မကင်းဖြစ်ခဲ့ရာ "ငဖေငယ်"ဟူသော အမည်ကို ဖတ်လိုက်သောအခါမူကား မိုးကောင်းဝန်မင်းမှာ ရုတ်တရက် ထိတ်ထိတ် ပျာပျာ ဖြစ်သွားလေ၏။
"ဟေ့ဟေ့ ... တော်စမ်းတော်စမ်း၊ ဘယ်မလဲ၊ အဲဒီရာဇ၀တ်သားတွေ၊ ထောင်ထဲသို့လိုက်ပြီလား၊ ငါ့ဆီ ခေါ်ခဲ့ စမ်းပါဦး"ဟု အမိန့်ပေးလိုက်လေသည်။
"ရှိပါသေးဘုရား၊ လှေဝမ်းထဲက မချရသေးပါ၊ ထောင်မှူးများလာမှ စာရင်းနှင့်တကွ အပ်ရပါမည်ဘုရား"ဟု ပြန်လည်ဖြေကြားကြသည်။
"ဟေ့ ... ဒါဖြင့် နေပါစေ၊ အားလုံးမချခဲ့နဲ့ ဟောဒီ ငဖေငယ်ဆိုတဲ့လူကို မေးပြီး သူ့တစ်ယောက်တည်း ရွေးခေါ်ခဲ့စမ်း"ဟု မိုးကောင်းဝန်မင်းက အမိန့်ပေးလိုက်သည်။ သူ့နယ်တွင် သူမင်း၊ ရုံးတစ်လုံးဓားတစင်းနှင့် ၀င်းဝင်းတောက် အခွင့်အာဏာရှိသော မိုးကောင်းဝန်မင်း၏ အမိန့်ကား ငယ်သားအရာများအတွက် ထိပ်ပေါ်တွင် သံမှိုနှက်သကဲ့သို့ ရှိလေသည်။
မိုးကောင်းဝန်မင်းသည် လှေဝမ်းထဲမှ ပေါ်လာမည့်သူမှာ မိမိထင်သူ မဟုတ်ပါစေနှင့်ဟု ကြိတ်ကာ ဆုတောင်းရင်း ကမ်းပါးစောင်း ကနားဖျဉ်းရိပ်မှ တထိတ်ထိတ် ဖြစ်နေသည်။ ခဏကြာလျှင် ပုသိမ်ပ၀ါ အ၀ါ ရင့်ရောင်ကို ကဖျစ်ကညစ် ဖြစ်သလို ရစ်လိမ်ပေါင်းထုပ်ထားလျက် မြောက်ပြင်ရက် ဘောင်စင်း ပိုးပုဆိုး ပန်းရောင် ညစ်ညစ် ပေပေကို ဒူးဖုံးမိရုံဝတ်ကာ ချေးညှော် အလိန်းလိန်းနှင့် ပိုးအင်္ကျီကရုပ်ပုံ လက်ကြပ်ကို ဖြစ်ကတတ် ဆန်း မြန်းထားသော လူရည်သန့် တစ်ယောက်အား မင်းလုလင်များက လက်ပြန်ကြိုး တည်းလျက်သား တဲအတွင်းသို့ ဆွဲသွင်းလာလေ၏။
မိုးကောင်းဝန်မင်းမှာ ခေါ်လာသူကို မြင်လျှင် မြင်ခြင်း "အမယ်မင်း ကိုကြီးဖေပါကလား" ဟု ထိတ်လန့် တကြား ပြောပြီး တစ်ခါတည်း ဖက်ထားလိုက်တော့သည်။ မင်းလုလင်များလည်း အံ့အားကြီးသင့်လျက် မလှုပ် မယှက် ကြည့်ကြလေ၏။
" ဟေ့ ... သူ့ကို ဒီမှာထားခဲ့၊ မင်းတို့ အပြင်ခဏထွက်နေကြ" ဟု ၀န်မင်းက အမိန့်ရှိလိုက် သောကြောင့် မင်းမှုထမ်းများ ထွက်သွားကြရသည်။
"ကိုကြီးဖေ ... ဘယ်အဖြစ်မျိုး ရောက်ရတာလဲ၊ ကျွန်တော်နဲ့သာ ခုလို အဆင်သင့် လာမတွေ့ရင် အခက် ပါလား"
မောင်မောင်ငယ်မှာ အဖမ်းအဆီးခံရသည့် နေ့မှစ၍ မိမိကို ကြင်နာစွာ ခေါ်ပြောသူဆို၍ ယခုမှ တွေ့ရတော့ သဖြင့် ၀မ်းနည်းဝမ်းသာ ဖြစ်မိရှာသည်။
"ညီမောင်ရာ ကိုကြီးနဲ့လာတွေ့တဲ့အတွက် အထက်က ညီမောင့်အပေါ်မှာ အပြစ်တင်စရာများ နေမလား" ဟု မိုးကောင်းဝန်မင်းအား သနားကရုဏာနှင့် ပြောမိလေသည်။
"ကိုကြီးဖေ၊ ဒါတွေကို စဉ်းစားပြီး မပူပါနှင့်၊ ကိုကြီးဖေရဲ့ ကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ များလှပါတယ်၊ ကျေးဇူးရှင်တစ်ယောက် ဒုက္ခရောက်နေတဲ့အခါ အစွမ်းကုန် ကူညီစမ်းပါရစေ၊ ကျွန်တော် ယခု အခြေ အနေ ရောက်အောင် ကြီးပွားခဲ့သည်မှာ ကိုကြီးဖေ ကျေးဇူးသာဖြစ်ပါတယ်၊ တတ်အားသမျှ ကျေးဇူးတပ်ပါရစေ"
"သာဓု သာဓု ညီမောင်ရယ်၊ ကျေးဇူးရိတဲ့သူကို ကျေးဇူးတုံ့ပြန်ဆပ်သည်မှာ သူတော်ကောင်း လက္ခဏာပါပဲ၊ သို့သော်လည်း အစ်ကိုကြီးမှာ ရာဇ၀တ်မှုနှင့် လူဖြစ်နေပြီ၊ ညီမောင်ကို ကိုကြီး အတွက်နဲ့ အကျိုးပျက် မခံစေ ချင်ပါဘူး"
"ကိုကြီးရယ်၊ ညီမောင့် စေတနာကို မချုပ်ချယ်ပါနဲ့၊ ယခု ညီမောင်ရရှိနေတဲ့ မိုးကောင်းဝန်ဆိုတဲ့ ရာထူးဟာ ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားကို ကိုကြီး သံတော်ဦးတင်ပေးတဲ့အတွက် ခန့်ထား သူကောင်း ပြုတော်မူခြင်းခံရတဲ့ ရာထူးစည်းစိမ် ဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော့် မျက်စိအောက်မှာ ကိုကြီး ဒီလို ဒုက္ခ ရောက်နေ တာကို ဘယ်လိုလုပ်၍ ကြည့်စိမ့်နိုင်မှာလဲ ကိုကြီးရယ်"
"ကဲ ... ကဲ ညီမောင်ရယ်၊ ဒီမြို့ ဒီနယ်မှာ ညီမောင် တန်ခိုးသြဇာ လွှမ်းမိုးနေတဲ့အခါ ကိုယ့်အပြစ် မရောက် မည့် ကိစ္စလောက်တော့ ကူညီထောက်မ တာပေါ့၊ ကိုကြီးတော့ ဒီနေ့ ဒီရက်အထိ ဘယ်လို အမှုမျိုးနှင့် အဖမ်းခံ ခဲ့ရပြီး ဒီမိုးကောင်းမြို့သို့ ခရီးထွက်လာရသည်ကို မသိခဲ့ရသေးပါဘူး"
"သိရပါစေမယ်၊ မင်းအမှုထမ်းများ လက်မှာပါလာတဲ့ အမိန့်စာချွန်တော်များကို ယခု ချက်ချင်း စိစစ် ဖတ်ရှု စေပါမည်" ဟု မိုးကောင်းဝန်မင်းသည် မိမိလက်အောက်တွင် ၀တ္တရားအရ အမှုထမ်းနေကြသော ၀န်စာရေးများ၊ ထောင်မှူးထောင်ဝှမ်းများကို ခေါ်ယူပြီး နေပြည်တော်ကြီးမှ အမိန့်စာချွန်တော်များ ဖတ်ကြား စေရာ -
"ငဖေငယ် အမှူးရှိသော မိုးကောင်းပို့ ရာဇ၀တ်ကောင်များသည် ထီးနန်းလုပ်ကြံသည့် ပြစ်မှုကြောင့် မိုးကောင်း အကျဉ်းထောင်တွင် ချထားရမည်၊ ဤရာဇ၀တ်ကောင်များအနက် ခေါင်းဆောင် ငဖေငယ်ကို အကျဉ်းမှ ထုတ်၍ သုတ်သင်ကွပ်မျက်ရန်ဖြစ်သည်၊ ပို့အပ်လိုက်သော ရာဇ၀တ်ကောင် တို့၏ ငယ်မည် စာရင်း ဦးရေနှင့်တကွ လက်ခံရရှိကြောင်း မိုးကောင်းထောင်မှူးက တင်လွှာတွင် လက်မှတ်ရေးထိုး ဆက်သ လိုက်ရမည်"
မောင်မောင်ငယ်သည် မိုးကောင်းဝန်၏ စာရေးကြီးက တိုးတိုး တိတ်တိတ် ဖတ်ပြသော အမိန့်ကို ကြားရမှ မိမိ ရာဇ၀တ် သင့်ရသောအမှုမှာ ဘယ်အခါကမျှ ကြံစည်ပြစ်မှားရန် စိတ်ကူးရုံမျှ စိတ်ကူး မရခဲ့သော ထီးနန်း လုပ်ကြံမှုကြီးဖြစ်နေကြောင်း သိရတော့လျက် အသက်ဆုံး ကွပ်မျက်ရန် မသေမီ ဆင်းရဲကြီးစွာ နှင့်နေရန် မိုးကောင်းအကျဉ်းထောင်ပို့ သို့ခံရသောအပြစ်မှာလည်း ကြီးလေးသော အပြစ်ကျူးလွနမိသူ မင်းမှုထမ်းအရာရှိကြီးများကို မင်းပြစ်မင်းဒဏ် ပေးမြဲထုံးစံအတိုင်း ပြုလိုက်ကြခြင်းဖြစ်၍ မည်သည့် သက်သေခံ ခိုင်လုံမှုများ တွေ့ရသောကြောင့် ဤသို့ တစ်ဖက်သတ် အယူခံခွင့်မရအောင် စီရင် လိုက်ကြ သနည်းဟု အမျိုးမျိုး စဉ်းစားမရ အံ့သြ၍သာ နေရ တော့သည်။
"ကိုကြီးဖေ အမိန့်တော်က ပြင်းလှချည့်လား၊ ညီမောင် ကြိုးစားနိုင်သလောက် ကြိုးစားပြီး ကိုကြီးဖေကို ကူညီ ပါ့မယ်ဗျာ။ ဘာမှ အားမငယ်ပါနှင့်"
"ဒီအနေ ရောက်မှတော့ ကိုကြီး သေရမှာလည်း မကြောက်ပါဘူး၊ ဒါပေတဲ့ သူတို့ စွပ်စွဲလိုက်တဲ့ ထီးနန်း လုရန် ကြံစည်မှုမျိုးကို ကိုကြီး နည်းနည်းကလေးမှ မကြံခဲ့ရိုး အမှန်ပါရက်နဲ့ သက်သက်မဲ့ နာမည်ပျက်၊ သစ္စာ ပျက်စေလျက် အမှုလေးနက်အောင် ဆင်လိုက်ခြင်းကိုသာ မခံချင်စိတ် ဖြစ်မိတယ်"
"ရနောင် မင်းသားကြီးကိုလည်း ထီးနန်းလုပ်ကြံမှုနဲ့ ဖမ်းတာပဲလို့ ညီမောင်တို့ ကြားရပါတယ်"
"ဟုတ်ပါတယ်လေ၊ ဒီအမှုမျိုးနဲ့ ဆင်ဖမ်း မှသာ ကိုကြီးတို့ လူစုကို အမှုရှာလို့ ကောင်းတော့မှာကိုး၊ ရွှေနန်းရှင် ဘုရား မကျန်းမာတော်မူ၍ သိတော်မမူလိုက် အငိုက် အရိုက်ခံရသလို မလိုသူများက မတရား အမှု့ ဆင်ပြီး တစ်ဖက်သတ် စီရင်လိုက်ခြင်းပါပဲ ညီမောင်"
"ဒီလို မတရားမှုမျိုးဆိုလျှင် ရွှေနန်းရှင်ဘုရား ရွှေနားတော်ကြားတဲ့နည်းကိုရှာပြီး သံတော်ဦး တင်လွှာ ဆက်ကြည့် စမ်းပါဦးလား၊ ရုတ်တရက် မသတ်ရအောင် ညီမောင် ကိုကြီးကို အချိန်ဆွဲ ထားပါစေမယ်"
"ကောင်းပါရဲ့ ညီမောင်ရယ်၊ သို့သော်လည်း ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင်က အထင်တော် မှားလောက် အောင် သက်သေခံ မတရားနှင့် အမှုသွားပေါ်နေလျှင်လည်း အချည်းနှီးဖြစ်ပေလိမ့်မယ်၊ ဒီတော့ ကိုကြီး ပြောမယ်၊ ညီမောင် ကိုကြီးကို ကူညီနိုင်မယ်ဆိုလျှင် နေပြည်တော်ကို လူယုံ တစ်ယောက် စေလွှတ်ပြီး ဒိုင်းအတွင်းဝန်သမီး ခင်ခင်ကြီးအကြောင်းကို စုံစမ်းပေးပါ၊ သူကလေး ချမ်းချမ်းသာသာနှင့် နေရတယ်ဆိုတဲ့ သတင်း စကားကို ကြားရမှ အစ်ကိုရဲ့ ကြိုးပမ်းမှုကြီး အောင်မြင်တယ်လို့ ယူဆလျက် အသက် ဖြောင့်ဖြောင့် ထွက်နိုင်ပါမည် ညီမောင်ရယ်"
"ကောင်းပါပြီ၊ ညီမောင် အမြန်ဆုံး စေလွှတ်စုံစမ်းပေးပါမည်၊ ဒီအတောအတွင်း မှာလည်း ကိုကြီးဖေ အနေ အထိုင် မဆင်းရဲရအောင် ညီမောင် ပြုစုယုယ ထားပါရစေ၊ ရွှေနန်းရှင်ဘုရားထံတော်သို့လည်း တင်လွှာ တော် ဆက်နိုင်တဲ့နည်းလမ်းကို ကြိုးပမ်းရှာဖွေပေးပါလို့ ညီမောင်ရဲ့ ဆွေမျိုးဥာတကာ တို့အား တိတ်တ ဆိတ် အကြောင်းကြား၍ အကူအညီ တောင်းလိုက်ပါမယ်"
"ကောင်းပါပြီ၊ သို့ရာတွင် ညီမောင်က ရာဇ၀တ်သား တစ်ဦးတစ်ယောက်ကို ယခုလောက် ကူညီ ဖေးမ နေပါက ငယ်သားမင်းမှုထမ်းများက"
"အို ... ဒီမြို့မှာ ညီမောင်ဟာ ရှင်ဘုရင်ပါပဲ၊ ဘယ်သူက ဘာပြောဝံ့မှာလဲ၊ ဘယ်နေ့ ဘယ်ရက်မှာ သတ်ပစ် ရမယ်လို့ ရက်ချိန်းနှင့် အတိအကျ အမိန့်တော်ပို့သည် မဟုတ်ပါ၊ တစ်လကြာမှ ဖြစ်စေ၊ တစ်နှစ်ကာမှဖြစ်စေ ထောင်အာဏာ ပိုင်များ၏ သဘောသာဖြစ်ပါတယ်၊ ထောင်အာဏာပိုင် အမှုထမ်းများ ဆိုသည်မှာလည်း ညီမောင်၏ အမိန့်သြဇာကို နာခံရသူများ ဖြစ်တဲ့အတွက် ကိုကြီးဖေ စိတ်လက်ဖြောင့်ဖြောင့်သာ နေတော် မူပါ"
နေ့ရက်ပေါင်းများစွာ ထောင်အရသာနှင့် ဒုက္ခဆင်းရဲ အဖြာဖြာတို့ကို ကြိတ်ခါမှိတ်ခါ ခံစားလာခဲ့ရသော မောင်မောင်ငယ်မှာ မိုးကောင်းဝန်မင်း၏ အားပေးယုယမှုတို့ကြောင့် စိတ်ချမ်းမြေ့ သက်သာလျက် လွတ်မြောက်ရေး မျှော်လင့်ချက်ကလေးများပင် ရိပ်ခြည် ၀င်းလက်လာ ပြန်လေသည်။
ထိုနေ့အဖို့ကစ၍ မိုးကောင်းအကျဉ်းထောင်ကြီးတွင် နေရသည်ဆိုစေကာမူ မောင်မောင်ငယ်မှာ ကောင်းမွန် သော အစားအစာ ပူနွေးသော အိပ်ခင်းအိပ်ရာ၊ ကမ္ဗလခြုံစောင်များနှင့် ချမ်းသာစွာ ပြုစု စောင့်ရှောက် ထားခြင်းခံရလျက် ကွပ်မျက်ရန် နေ့ကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းငံ့လင့် ထားလိုက် လေ သတည်း။
.......................
အခန်း (၃၈) ဆက်ရန်
2 comments:
Anonymous said...
သြော်.. အသက်ကြီးမှသေချာပြန်ဖတ်ရတော့ အဲ့ခေတ်ကတည်းက မင်းခစား ကမ်းနားသစ်ပင်ဆိုတာ ရှိခဲ့တာပဲနော်..အမ။
အဲဒါတွေက သမိုင်းအစဉ်အဆက်ရှိခဲ့တာများ...
လူတွေလူတွေ....
မျက်စိရှေ့မှာလဲ.. ရာထူးရှိနေတုန်း လူတွေကို နိုင်ထက်စီးနင်းလုပ်ကြ ဟော..ဗြုန်းဆိုရာထူးလဲမရှိရော.. မောင်မောင်တုတ်လိုအဖြစ်မျိုးတွေဖြစ်ကြရော..။
မောင်မောင်တုတ်ကို ပြန်နှိပ်စက်သူကရော..သူပြန်မခံရဘူးတဲ့လား..သံသရာတွေ..၀ဋ်တွေ...ကြောက်တယ်..။ဒီအကြောင်းကတော့ခုမှ ပြန်တွေ့တာ..
ဘဝကိုဖြတ်သန်းခဲ့ရတဲ့အထဲမှာ.. အင်းအသိုင်းအ၀ိုင်းထဲမှာဆိုပါတော့ ရာထူးမြင့်နေချိန် ဘာပဲလုပ်လုပ် တင့်တယ်..အင်း သူကတော့တင့်တယ်တယ်ထင်မှာပေါ့။ အောက်လက်ငယ်သားကို နင်ပဲငဆ ပြောဆိုကြိမ်းမောင်း လုပ်နေတာက ပညာတတ်တွေ ထဲမယ်ဆိုတော့ ရွံကြောက် ကြီးဖြစ်ပီး အချိန်တန် ပင်စင်လဲယူရော..ဟော..မျက်စိတမှိတ်ပဲ ဘ၀က ချက်ချင်းပြောင်းသွားတာ..။ အဲ့လိုမျိုး အဖြစ်အပျက်တွေ အများကြီးအတုယူစရာရှိကြတာတောင် ..အမရယ်။ အတုမယူကြဘူး . တူဖြစ်တုန်း ထုထားငါတူဖြစ်တဲ့အချိန်တဲ့..စောင့်နေကြတာ...။
ကိုယ်တိုင်လဲ.. အလုပ်ထဲမှာ ကြုံခဲ့ဖူးတယ်..။ ပေဖြစ်တုန်းခံတာ တူဖြစ်ရင်နာပီသာမှတ်တဲ့ ။ အဲဒါနဲ့ အဲလိုလူတွေကို ပြောလိုက်တယ်..။ လူဆိုတာ ကိုယ်ခံရတာနဲ့ ကိုယ်အပေါ်စီးရပီဆိုတာနဲ့ ကိုယ့်တုန်းက ခံခဲ့ရတာပါလားဆိုပီး ကိုယ်ချင်းစာစိတ်လေးထားလိုက်ပါလို့...။ အလှည့်တွေနဲ့ .ကြော်စရာသိပ်ကောင်းတယ်လို့ ပြောမိတယ်..ဒါပေမဲ့..ရာထူးဆိုတဲ့ အရှိန်အ၀ါအောက်မှာ အတော်များများက ဘ၀မေ့ကြတာများပါတယ်..။
တကယ်ဆို.. ရွံကြောက်နဲ့ချစ်ကြောက်မှာ လူတိုင်းက ချစ်ကြောက်ကိုပဲ ရွေးမယ်ဆို အကောင်းဆုံးပါပဲ။
အခုဆို ..မောင်ဖေငယ်နဲ့ မောင်မောင်တုတ်ဇာတ်သိမ်းမှာ.. ကြည့်ပီးအတုယူလို့ရတယ်နော်..အမ။
ကျေးဇူးအမရေ...။
Anonymous said...
သြော်.. အသက်ကြီးမှသေချာပြန်ဖတ်ရတော့ အဲ့ခေတ်ကတည်းက မင်းခစား ကမ်းနားသစ်ပင်ဆိုတာ ရှိခဲ့တာပဲနော်..အမ။
အဲဒါတွေက သမိုင်းအစဉ်အဆက်ရှိခဲ့တာများ...
လူတွေလူတွေ....
မျက်စိရှေ့မှာလဲ.. ရာထူးရှိနေတုန်း လူတွေကို နိုင်ထက်စီးနင်းလုပ်ကြ ဟော..ဗြုန်းဆိုရာထူးလဲမရှိရော.. မောင်မောင်တုတ်လိုအဖြစ်မျိုးတွေဖြစ်ကြရော..။
မောင်မောင်တုတ်ကို ပြန်နှိပ်စက်သူကရော..သူပြန်မခံရဘူးတဲ့လား..သံသရာတွေ..၀ဋ်တွေ...ကြောက်တယ်..။ဒီအကြောင်းကတော့ခုမှ ပြန်တွေ့တာ..
ဘဝကိုဖြတ်သန်းခဲ့ရတဲ့အထဲမှာ.. အင်းအသိုင်းအ၀ိုင်းထဲမှာဆိုပါတော့ ရာထူးမြင့်နေချိန် ဘာပဲလုပ်လုပ် တင့်တယ်..အင်း သူကတော့တင့်တယ်တယ်ထင်မှာပေါ့။ အောက်လက်ငယ်သားကို နင်ပဲငဆ ပြောဆိုကြိမ်းမောင်း လုပ်နေတာက ပညာတတ်တွေ ထဲမယ်ဆိုတော့ ရွံကြောက် ကြီးဖြစ်ပီး အချိန်တန် ပင်စင်လဲယူရော..ဟော..မျက်စိတမှိတ်ပဲ ဘ၀က ချက်ချင်းပြောင်းသွားတာ..။ အဲ့လိုမျိုး အဖြစ်အပျက်တွေ အများကြီးအတုယူစရာရှိကြတာတောင် ..အမရယ်။ အတုမယူကြဘူး . တူဖြစ်တုန်း ထုထားငါတူဖြစ်တဲ့အချိန်တဲ့..စောင့်နေကြတာ...။
ကိုယ်တိုင်လဲ.. အလုပ်ထဲမှာ ကြုံခဲ့ဖူးတယ်..။ ပေဖြစ်တုန်းခံတာ တူဖြစ်ရင်နာပီသာမှတ်တဲ့ ။ အဲဒါနဲ့ အဲလိုလူတွေကို ပြောလိုက်တယ်..။ လူဆိုတာ ကိုယ်ခံရတာနဲ့ ကိုယ်အပေါ်စီးရပီဆိုတာနဲ့ ကိုယ့်တုန်းက ခံခဲ့ရတာပါလားဆိုပီး ကိုယ်ချင်းစာစိတ်လေးထားလိုက်ပါလို့...။ အလှည့်တွေနဲ့ .ကြော်စရာသိပ်ကောင်းတယ်လို့ ပြောမိတယ်..ဒါပေမဲ့..ရာထူးဆိုတဲ့ အရှိန်အ၀ါအောက်မှာ အတော်များများက ဘ၀မေ့ကြတာများပါတယ်..။
တကယ်ဆို.. ရွံကြောက်နဲ့ချစ်ကြောက်မှာ လူတိုင်းက ချစ်ကြောက်ကိုပဲ ရွေးမယ်ဆို အကောင်းဆုံးပါပဲ။
အခုဆို ..မောင်ဖေငယ်နဲ့ မောင်မောင်တုတ်ဇာတ်သိမ်းမှာ.. ကြည့်ပီးအတုယူလို့ရတယ်နော်..အမ။
ကျေးဇူးအမရေ...။