ရော့ကီ မရှိတော့ပါ
စစ်သားအများအပြား ကျဆုံးကြသည်။ အစားအသောက်များတဖြည်းဖြည်း ရှားပါးလာသည်။ လူတိုင်းသည် တထိတ်ထိတ် တလန့်လန့် ဖြစ်နေကြသည်။ သို့သော်လည်းနွေရာသီမှာမူ ရောက်နေကြ အတိုင်း ရောက်လာသည်။ နေရောင်ခြည်သည် အနိုင်ရသည့် တိုင်းပြည်နိုင်ငံများပေါ်၌ ကျရောက်သလို အနိုင် မရနိုင်သော တိုင်းပြည်နိုင်ငံများ အပေါ်သို့လည်း ကျရောက်ပါသည်။
တော့တိုး-ချန်သည် ကာမာကူးရားရှိ သူမ၏ ဦးလေးနေအိမ်မှ တိုကျိုမြို့သို့ ပြန်ရောက်ခါစပင်ရှိ သေးသည်။
တိုမိုကျောင်းတွင် စခန်းချခြင်းနှင့် ရေပူစမ်းသို့ အပန်းဖြေခရီး ထွက်ခြင်းကို မလုပ်နိုင်ကြတော့။ ကလေး များသည် ယခင့်ယခင် နွေရာသီများကလို ပျော်ရွှင်ဖွယ်ရာ အလုပ်များကို မပြုလုပ်နိုင်ကြတော့။ တော့တိုး-ချန် သည် နွေရာသီရက်များ၌ ကာမာကူးရားရှိ သူမ၏မောင်နှမ၀မ်းကွဲများရှိရာသို့ သွားရောက် လည်ပတ် လျက်ရှိသည်။ယခုနှစ် နွေရာသီတွင် ထူးခြားမှု့ တစ်ခုနှင့် ကြုံရသည်။

သူမကို တစ္ဆေပုံပြင်များ ပြောပြလေ့ရှိသော သူမ၏ အစ်ကိုဝမ်းကွဲတစ်ယောက်သည် ယခုနှစ်တွင် တစ္ဆေပုံပြင် များကို မပြောပြနိုင်တော့။ သူသည်စစ်ထဲသို့ လိုက်ပါသွားရသောကြောင့်ဖြစ်သည်။သူမ ကို အမေရိကန် ပြည် အကြောင်း များများ ပြောလေ့ရှိသော သူမ၏ ဘကြီးဖြစ်သူမှာလည်း ရှေ့တန်း တစ်နေရာသို့ ရောက်နေသည်။ သူ၏အမည်မှာ ရှုဂျီတာဂူချီဖြစ်သည်။ သူသည် ထိပ်တန်းဓာတ်ပုံ ဆရာ တစ်ယောက် ဖြစ်သည်။ သူသည် နယူးယောက်မြို့တွင် နီဟွန်သတင်းဌာန၏ အကြီးအကဲ အဖြစ် လည်းကောင်း၊ အမေရိကန် မက်ထရိုသတင်းဌာနတွင် အရှေ့ဖျားဒေသ ကိုယ်စားလည် အဖြစ် အမှုထမ်း ခဲ့ဖူး လေသည်။ သူသည် အဖေ၏အစ်ကိုကြီး ဖြစ်သည်။
ယခုရှေ့တန်းမှ ထုတ်ပြန်သော သတင်းဓာတ်ပုံများ အားလုံးမှာ ဘကြီး၏ဓာတ်ပုံများဖြစ်သည်။ ရှေ့တန်း ကျသောနေရာများသို့ သွားရောက်ပြီး ဓာတ်ပုံများရိုက်ကူးနေရသော ဘကြီးအတွက် တော့တိုး-ချန် ၏ ဆွေမျိုးသားချင်း များက စိတ်ပူပန်နေကြရသည်။
ကာမာကူးရာတွင် နေရစဉ်က တော့တိုး-ချန်သည် ညအိပ်ရာဝင်ချိန်တွင် စိတ်ညစ်ညူးမှုနှင့်ကြုံရ သည်။ ဘကြီးရှုဂျီ၏သားကြီး ရက်-ချန်ကြောင့်ဖြစ်သည်။ ရက်-ချန်သည် တော့တိုး-ချန်ထက် အသက်တစ်နှစ်ခန့် ပိုငယ်သူဖြစ်သည်။ ကလေးများအားလုံးသည် ညအိပ်သည့်အခါ ခြင်ထောင် ကြီးတစ်လုံးထဲ၌ အတူတူ အိပ်ကြရသည်။ အိပ်ရာသို့ မ၀င်မီ ရက်-ချန်က "ဘုရင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ" ဟုအော်ပြီး အိပ်ရာထဲသို့လှဲအိပ်ချလိုက်သည်။
တိုက်ပွဲတွင် ကျဆုံးသွားသော စစ်သားများ လုပ်ပုံလုပ်နည်းအတိုင်း လုပ်ခြင်းဖြစ်သည်။ ရက်-ချန် က လူသေကောင် သဖွယ် မလှုပ်မယှက်ဘဲ ရှိနေသောကြောင့် ကျန်ကလေးများအဖို့ အိပ်ရသည်မှာ ကသိ၊ ကအောက် နိုင်လွန်းလှပေသည်။
တော့တိုး-ချန်၏ အမေနှင့် အဖေသည် ကာမာကူးရား သို့ လိုက်ပါလာခြင်း မရှိပေ။ အဖေသည် တိုကျို၌ အလုပ်ရှိ သောကြောင့်ဖြစ်သည်။ နွေရာသီရက်များ ကုန်သောအခါ တော့တိုး-ချန်ကို သူမ၏ အစ်မ၀မ်းကွဲ က တိုကျိုသို့ ပြန်ပို့ပေးသည်။
အိမ်သို့ပြန်ရောက်လျှင်ရောက်ခြင်း တော့တိုး-ချန်သည် သူပြုလုပ်နေကြအတိုင်း ရော့ကီကို ပထမဦးစွာ ရှာဖွေသည်။ ရော့ကီကို ဘယ်နေရာမှာမျှရှာမတွေ့ပေ။ ၎င်းသည် အိမ်ထဲမှာလည်းမရှိ၊ အိမ်ပြင် မှာလည်း မရှိ။တော့တိုး-ချန် စိတ်ပူသွားသည်။ ယခင်ကဆိုလျှင် ရော့ကီသည် သူမအိမ်သို့မရောက်မီ လမ်းသို့ထွက်၍ ကြိုလေ့ရှိသည်။ တော့တိုး-ချန်သည် အိမ်ပြင်သို့ထွက်၍ အိမ်ရှေ့လမ်းမပေါ်တွင် ရော့ကီ၏အမည်ကို တကြော်ကြော်အော်ခေါ်လိုက်သည်။ သို့သော်လည်း ၎င်း၏အရိပ်အရောင် ကို လုံးဝမတွေ့ရ။ သူမက ရော့ကီကို လိုက်ရှာနေစဉ် ရော့ကီသည် အိမ်သို့ပြန်ရောက်ကောင်း ရောက်နေမည်ဟု တော့တိုး-ချန် စဉ်းစား မိသဖြင့် သူမသည် အိမ်သို့ အမြန်ဆုံးပြန်လာသည်။ သို့သော် ၎င်းကိုမတွေ့ရ။
"ရော့ကီ ဘယ်မှာလဲ"
သူမက အမေ့ကို မေးလိုက်သည်။
သမီးဖြစ်သူက ရော့ကီကို အပူတပြင်းလိုက်ရှာနေသည်ကို အမေသည် မသိမဟုတ် သိပါ၏။ သို့သော် အမေသည် သမီးကိုဘာမျှမပြော။ အမေသည် သမီးကို အဖြေပေးရန် အခက်အခဲနှင့် ကြုံတွေ့ နေဟန် ရှိသည်။ "ရော့ကီပျောက်နေတယ်" ဟူ၍သာ သူမကပြန်ပြောလိုက်သည်။
တော့တိုး-ချန် မယုံပေ။ ရော့ကီဘယ်လိုလုပ်ပြီး ပျောက်ရမှာလဲ။
"ဘယ်တုန်းကလဲ"
တော့တိုး-ချန်သည် အမေ၏မျက်နှာကို ကြည့်ပြီမေးလိုက်သည်။
"သမီး ကာမာကူးရားသို့ သွားပြီး မကြာခင်မှာပဲ"
အမေက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ ၎င်းနောက်အမေကပင် ဆက်လက်၍ ခက်သွက်သွက် ကလေး ပြောလိုက်သည်။
"အမေတို့လိုက်ရှာကြသေးတယ်၊ တွေ့တဲ့သူတိုင်း ကိုမေးကြတယ်။ဒါပေမဲ့မတွေ့ဘူး သမီးရယ်၊ သမီးကို ဘယ်လို ပြောရမယ်ဆိုတာကို အမေစဉ်းစားနေတာပါ၊ အမေတို့ စိတ်မကောင်းဖြစ်ကြတာ ပေါ့"
တော့တိုး-ချန်သည် အဖြစ်မှန်ကို နားလည်လိုက်လေပြီ။ ရော့ကီသေသွားခြင်းသာဖြစ်ရမည်။
အမေသည် သမီးဖြစ်သူ စိတ်မကောင်းဖြစ်မှာ စိုးသောကြောင့် အဖြစ်မှန်ကို မပြောပြခြင်းသာဖြစ်ရ မည်။ အမှန်ကတော့ ရော့ကီသေသွားသည်ဆိုသည်မှာ သေချာသည်ဟု တော့တိုး-ချန်စဉ်းစားမိသည်။
တော့တိုး-ချန် သည် အဖြစ်မှန်ကို ကောင်းစွာသိလိုက်လေပြီ။သူမ မည်မျှကြာကြာ ခရီးထွက်ထွက်၊ ရော့ကီ သည် အိမ်မှဝေးဝေး ဘယ်ကိုမျှသွားလေ့မရှိပေ။ သူမပြန်လာမည်ကို ရော့ကီအစဉ်အမြဲ သတိထားသည်။
"ရော့ကီဟာ ငါ့ကို မပြောဘဲ ဘယ်ကိုမှ သွားလေ့မရှိပါဘူး"
တော့တိုး-ချန်သည်စိတ်ထဲမှ ပြောလိုက်သည်။
သို့သော်လည်း တော့တိုး-ချန်သည် အမေ့ကို ဘာမျှမပြောတော့ပေ။ အမေ့စိတ်ထဲ မည်သို့ ခံစားနေရ မည်ကိုလည်း သူမသိထားသည်။
"ရော့ကီ ဘယ်ကို များ သွားနေပါလိမ့်"
တော့တိုး-ချန်သည် မျက်လွှာချပြီး ပြောလိုက်သည်။
၎င်းနောက် သူမသည် အိမ်ပေါ်ထပ်၌ရှိသော သူမ၏ အိပ်ခန်းသို့ တက်သွားသည်။ အိပ်ခန်းထဲသို့ ရောက်သော အခါ သူမသည် မငိုမိရန် တင်းထားလိုက်သည်။ ရော့ကီသည် သူမကို စိတ်ဆိုးပြီး ထွက်သွား လေရော သလား။ ရော့ကီ အပေါ် မကောင်းတာဘာများပြုမိပါလိမ့်၊ သူမပြန်စဉ်းစားကြည့်သည်။
"တိရ စ္ဆာန်များကို ဘယ်တော့မှ မစကြနဲ့နော်"
မစ္စတာကိုဘာယာရှီိသည် တိုမိုကျောင်းမှ ကလေးများကို အစဉ်ဆုံးမလေ့ရှိသည်။
"ဥပမာ ဆိုကြပါစို့၊ ခွေးကို အစာတောင်းခိုင်းရင် ခွေးက အစာတောင်း လိမ့်မည်။ အဲဒီအခါမှာ ခွေးကို စတဲ့ အနေနဲ့ အစာမပေးဘဲ ထားလိုက်ရင် ခွေးက မင်းတို့ကို အယုံအကြည် မရှိတော့ဘူး၊ ခွေး ဟာ စရိုက်ဆိုး လာလိမ့်မယ်"
တော့တိုး-ချန်သည် ဆရာကြီး၏ ဆုံးမစကားကို အမြဲနားထောင်သည်။ သူမသည် ရော့ကီကို ဘယ်တော့ မှမစပေ၊ ဘယ်တော့မှ မလှည့်စားပေ။ ရော့ကီအပေါ် မကောင်းတာ ဘာကိုမျှ မလုပ်ခဲ့ပါဟု သူမ စဉ်းစား မိသည်။
ထိုအခိုက် တော့တိုး-ချန်သည် ကြမ်းပြင်ပေါ်တွင် ရောက်နေသော သူမ ကစားစရာ ၀က်ဝံရုပ်၏ ခြေထောက်ကြား တွင် တစ်စုံတစ်ရာကို သတိပြုလိုက်မိသည်။ ထိုအရာကို မမြင်မီအထိ သူမသည် မငိုမိရန် စိတ်ကို ထိန်းချုပ် ထားနိုင်ခဲ့သည်။ သို့သော်လည်း ၀က်ဝံရုပ် ခြေထောက်ကြား၌ရှိသော ထိုအရာကို မြင်လိုက်ရသည်နှင့် သူမသည် သည်းထန်စွာ ငိုကြွေး လိုက်မိလေတော့သည်။ ထိုအရာမှာ ရော့ကီ၏ အညိုရောင် အမွှေး အချို့ဖြစ်သည်။ ထိုအမွှေးများသည် ကာမာကူးရား သို့ သူမ မသွားမီ နံနက်က သူမ အခန်းထဲ၌ သူတို့နှစ်ဦး ကစားရင်း ရော့ကီိထံမှ ကျွတ်ကျန်ခဲ့သော အမွှေးနု များ ဖြစ်သည်မှာသေချာသည်။
တေားတိုး-ချန် သည် ထိုအမွှေးများကို လက်ဝယ်ကိုင်ထားရင်း အသံကျယ်စွာဖြင့် ငိုကြွေးမိလေ တော့သည်။ သူမ၏ မျက်လုံးအိမ်မှ ယိုစီးကျလာသော မျက်ရည်များသည် လည်းကောင်း၊ ရှိုက်သံများ သည်လည်းကောင်း ရပ်ဆိုင်းသွားခြင်းမရှိတော့ပေ။
ပထမ ယာဆူအာကီ-ချန်၊ ယခုတဖန် ရော့ကီ။ တော့တိုး-ချန်သည် မိတ်ဆွေ တစ်ယောက် နောက်ထပ် ဆုံးရှုံး ခဲ့ရပြန်လေပြီ။
လက်ဖက်ရည်ပွဲ
တိုမိုကျောင်းမှ ကလေးများ ချစ်ခင်ကြသော ကျောင်းစောင့်ကြီး ရာရိုး-ချန်သည် စစ်ထဲဝင်ရပေတော့မည်။ သူသည် ကလေးတစ်ယောက်ယောက် ဒုက္ခရောက်လျှင်၊ သို့မဟုတ် အခက်အခဲတွေ့ပြီး အကူအညီလိုလျှင် အမြဲတမ်း ကူညီလေ့ရှိသည်။ သူသည် ကလေးများ၏ ကယ်တင်ရှင်တစ်ယောက်ဖြစ်သည်။ရာရိုး-ချန်သည် ဘာကိုမဆို ပြုလုပ်နိုင်သူဖြစ်သည်။ သူသည် စကားများများ မပြော။ ပြုံးရုံသာ ပြုံးသည်။ သို့သော်လည်း သူသည် ဘာလုပ်ရမည်ကို သိသူဖြစ်သည်။ တော့တိုး-ချန်သည် အညစ်အကျေးကန်ထဲသို့ ကျသွားစဉ်က သူမကို လာရောက် ကယ်ဆယ်သူမှာ ရာရိုး-ချန်ပင်ဖြစ်သည်။ သူသည် မရွံမရှာဘဲ သူမကို ရေချိုး ပေးသူ ဖြစ်သည်။ သူ့ နှုတ်မှ ညည်းညူခြင်းလည်း မရှိပေ။
"ငါတို့တစ်တွေ ရာရိုး-ချန်ကို လက်ဖက်ရည်ပွဲနဲ့ တည်ခင်းကြရအောင်"
ဆရာကြီးက ပြောသည်။
"လက်ဖက်ရည်ပွဲ"
လက်ဖက်ရည်ပွဲနှင့် နှုတ်ဆက်မည့် အစီအစဉ်ကို တိုမိုကျောင်းမှကလေးများ သဘောကျကြသည်။ သူတို့သည် မလုပ်ဖူးသေးသော အသစ်အဆန်းကို လုပ်လျှင် သဘောကျလေ့ ရှိကြသည်။
ဆရာကြီးသည် လက်ဖက်ရည်ပွဲဟူသော အသုံးအနှုန်းကိုသာသုံးသည်။နှုတ်ဆက်လက်ဖက်ရည် ပွဲဟု မသုံးနှုန်းပေ။ ကျောင်းသားကြီးများက နားလည်သည်။နှုတ်ဆက်ပွဲ၏ နောက်ဝယ် ၀မ်းနည်းခြင်းက တွဲ၍ ပါလာတတ်သည်။ရာရိုး-ချန်ကို နှုတ်ဆက်မည်ဟုပြောလျှင် သူသည်ပြန်မလာတော့ဟု ဆိုလျှင် တိုက်ပွဲ၌ ကျဆုံး သွားသည်ဟူသော သဘောဖြစ်သည်။
ကျောင်းသားများသည် လက်ဖက်ရည်ပွဲကို တစ်ခါတစ်ရံမျှ မတက်ဖူးကြ။ ထို့ကြောင့် သူတို့သည် စိတ်လှုပ်ရှား နေကြသည်။
ကျောင်းဆင်းသောအခါ မစ္စတာကိုဘာယာရှီသည် ကျောင်းသားများအား စုဝေးခန်းမကြီးထဲ၌ နေ့လယ်စာ စားချိန်တွင် ခုံများကို ပြန်နည်းအတိုင်း စက်ဝိုင်းပုံသဏ္ဍန်ဖြစ်အောင် ပြင်ခိုင်းလိုက် သည်။ထို့နောက် ကျောင်းသား များအားလုံးကို နေရာယူခိုင်းလိုက်သည်။ ကျောင်းသာ၊ကျောင်းသူ တိုင်း၏ရှေ့တွင် လက်ဖက်ရည် ပန်းကန်လုံးများ ချထားသည်။ ဆရာကြီးသည် ရာရိုး-ချန်၏အနီး တွင် ကပ်၍ ထိုင်သည်။ ရာရိုး-ချန်၏ ရှေ့တွင်မူ ဖန်ခွက်တစ်လုံးချထားသည်။ ဖန်ခွက်ထဲတွင် ဆာကေ(အရက်)ရှိသည်။ ဆာကေကို ရှေ့တန်း စစ်မြေပြင်သို့သွားမည့် သူများသာ သောက်ရသည်။
"ယခု လက်ဖက်ရည်ပွဲ ဟာဆိုရင် တိုမိုကျောင်းရဲ့ ပထမဆုံး လက်ဖက်ရည်ပွဲဖြစ်တယ်" ဆရာကြီးက ပြောသည်။
"ငါတို့ တစ်တွေ ပျော်ပျော်ပါးပါး လက်ဖက်ရည် သောက်ကြရအောင်၊ မင်းတို့တစ်တွေ ရာရိုး-ချန်ကို ပြောစရာ ရှိရင် ပြောကြပါ။ မင်းတို့ အချင်းချင်းလည်း ပြောချင်တာပြောကြပါ။ ရာရိုး-ချန်ကိုမှ မဟုတ်ပါဘူး။တစ်ယောက်ပြီး တစ်ယောက် အလယ်ကို ထွက်ပြီး ပြောကြပါ"
သူတို့တစ်တွေ တိုမိုကျောင်း၌ ယခုလို လက်ဖက်ရည်ပွဲ ကျင်းပခြင်းသည် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ရာရိုး-ချန် ဆာကေ သောက်သည်ကို သူတို့မြင်ဖူးခြင်းမှာလည်း ပထမဆုံး အကြိမ်ပင် ဖြစ်သည်။
ကလေးများသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်၍ ရာရိုး-ချန်ကို ကြည့်ပြီး စကားပြော ကြသည်။ ပထမဆုံး စကားထပြောသော ကလေးများက ရာရိုး-ချန်ကို ကျန်းမာရေး ဂရုစိုက်ဖို့ နှင့် သတိဝီရိယ အမြဲရှိဖို့ ပြောကြသည်။ ထို့နောက် တော့တိုး-ချန်နှင့် တစ်တန်းတည်းသားဖြစ်သူ မီဂီးတာ က ပြောသည်။
"နောက်တစ်ကြိမ် ကျွန်တော် တိုင်းပြည်ကို ပြန်ရောက်လာရင် ခင်ဗျားတို့ အားလုံးအတွက် မီးသင်္ဂြိုလ် ထားတဲ့ ပြာတွေယူခဲ့မယ်"
ကလေးတိုင်းက ရယ်ကြသည်။ မီးသင်္ဂြိုလ်ထားသော ပြာတွေကို ယူခဲ့မည်ဟု လွန်ခဲ့သော နှစ်ကလည်း မီဂီးတာက သူ၏ သူငယ်ချင်းများကို ပြောဖူးသည်။ သူသည် စကားပြောခွင့်ရတိုင်း ထိုအတိုင်းပင် ပြောလေ့ ရှိသည်။ ပြောသာပြောသည် သူသည် ဘယ်တော့မျှ မယူခဲ့ပေ။
မီဂီးတာ၏ ပြောစကားကို ကြားရသောအခါ ဆရာကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ယခုလို အချိန် မျိုး၌ မီးသင်္ဂြိုလ်ထားသော ပြာအကြောင်း ပြောခြင်းသည် နိမိတ်မရှိပါဟု ယူဆစရာပင်ဖြစ်သည်။ သို့သော် လည်း မီဂီတာသည် အရိုးခံအတိုင်း ပြောလိုက်ခြင်းသာဖြစ်သည်။ သူ့စိတ်ထဲ၌ ထူးထူးခြားခြား ဘယ်လိုမျှ မရှိပေ။ ရယ်စရာပြောခြင်းတစ်မျိုးသာဖြစ်ကြောင်း ဆရာကြီးသိသည်။ ထို့ကြောင့် ဆရာကြီး သည် ကလေးများ နှင့် အတူတူ ရော၍ ရယ်လိုက်သည်။ ရာရိုး-ချန်ကလည်း လိုက်ရယ်သည်။
ထို့နောက် အိုအီသည် ထိုင်ရာမှထလိုက်ပြီး သူသည် ဂျပန်နိုင်ငံ၏ အတော်ဆုံး စိုက်ပျိုးရေးသမား တစ်ယောက် ဖြစ်အောင် ကြိုးစားမည် ဖြစ်ကြောင်း ရိုးရာ-ချန်ကို ကတိပေးလိုက်သည်။ ၎င်းနောက် ကီကိုအာအိုကီးသည် ထိုင်ရာမှထလိုက်သည်။ သူမသည် ရှက်တတ်သူ ဖြစ်သည်။ ထုံးစံအတိုင်း သူမ သည် ရယ်လိုက်ပြီးနောက် ဦးညွတ်ကာ ပြန်ထိုင်လိုက်သည်။ ထိုအခါ တော့တိုး-ချန် က ရှေ့သို့ထွက်၍ ကီးကိုအာအိုကီး ကိုယ်စား ပြောလိုက်သည်။
"ကီးကို-ချန်ရဲ့ ကြက်ပေါက်ကလေးတွေဟာ ပျံနိုင်တယ်၊ ဟိုတစ်နေ့တုန်းက ကျွန်မ မြင်လိုက်တယ်"
အခြား အလှည့်ကျသူ တစ်ဦးမှာ အာမာဒီရား ဖြစ်သည်။ သူက ပြောလိုက်သည်။
"ဒဏ်ရာ ရထားတဲ့ ကြောင်ကလေးတွေ၊ ခွေးကလေးတွေကို တွေ့ရင် ကျွန်တော့်ထံကို ခေါ်ခဲ့ကြပါ။ ကျွန်တော် ကုပေးမယ်"
တာကာဟာရှီ၏ အလှည့်သို့ ရောက်လာလေပြီ။ တာကာဟာရှီသည် သေးသေးညှက်ညှက် ကလေး ဖြစ်သောကြောင့် သူသည် ခုံအောက်မှ ငုံ့ထွက်၍ အပြင်သို့ ထွက်လာသည်။ သူက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရာရိုး-ချန်၊ အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်၊ အားလုံးသော ကိစ္စ အ၀၀ တွေကို ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့်ပါပဲ"
တာကာဟာရှီ ပြောပြီးသောအခါ အာအီကို ဆိုင်ရှိုး၏ အလှည့်သို့ ရောက်လာသည်။ သူမသည် မတ်တတ်ရပ် လိုက်ပြီး ပြောလိုက်သည်။
"ရာရိုး-ချန်၊ ကျွန်မ လိမ့်ကျတုန်းက ကျွန်မကို ပတ်တီးတွေ စည်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး"
ကျောင်းအုပ်ဆရာကြီး၏ သမီးဖြစ်သူ မိရိုး-ချန်သည် ရာရိုး-ချန်အကြောင်းကို အသိဆုံး ဖြစ်သည်။ သူမ၏ မျက်လုံးအိမ် များတွင် မျက်ရည်များ ပြည့်နေသည်။
"ဦးလေး ရာရိုး-ချန် အနေနဲ့ ဦးလေးကိုယ်ကို ဦးလေး ဂရုစိုက်ရမယ်၊ စာရေးပါ၊ ကျွန်မကလည်း စာရေး မယ်"တော့တိုး-ချန် တွင် ပြောစရာစကားတွေ အများကြီး ရှိသည်။ သို့သော် မည်သည့်နေရာက စပြောရမှန်း မသိ ဖြစ်နေသည်။ ထို့ကြောင့် သူမက "ဦးလေး ရာရိုး-ချန် ခရီးသွားပေမယ်လို့ ကျွန်မတို့ ကတော့ နေ့တိုင်း လက်ဖက်ရည်ပွဲ ကျင်းပပေးမှာပါ" ဟူ၍သာ ပြောသည်။
တော့တိုး-ချန်၏ ပြောစကားသည် မှန်၏။ နောက်တစ်နေ့တွင် ကလေးများသည် အချင်းချင်း စုမိသည့် အခါ လက်ဖက်ရည်ပွဲ ကျင်းပတမ်း ကစားကြသည်။ သူတို့သည် ရေကို လက်ဖက်ရည်ဟု သဘောထား ၍လည်းကောင်း၊ ဆာကေဟု သဘောထား၍ လည်းကောင်း သောက်ကြသည်။ တချို့ကျောင်းသား များက "ငါတို့ ပြာတွေယူခဲ့မယ်"ဟု၍ နောက်ပြောင်ကြသည်။ ထိုအခါ ကျောင်းသားများက ရယ်ကြ သည်။ ထို့နောက် သူတို့သည် သူတို့ပြောချင်သည့် စကားများကို ပြောကြသည်။
'လက်ဖက်ရည်ပွဲ'သည် ရာရိုး-ချန်က တိုမိုကျောင်းမှ ကလေးများအတွက် ချန်ထားခဲ့သော အံ့သြဖွယ်ရာ လက်ဆောင်တစ်မျိုး ဖြစ်သည်။ ထို လက်ဖက်ရည်ပွဲကစားနည်းသည် တိုမိုကျောင်းမှ ကျောင်းသားများ မခွဲခွာကြမီ နောက်ဆုံး ကစားသွားကြသော ကစားနည်းတစ်မျိုးပင် ဖြစ်တော့သည်။
ရာရိုး-ချန်သည် တိုယိုကို "မီးရထားကိုစီး၍ ထွက်ခွာသွားသည်။ သူထွက်ခွာသည့်အချိန်နှင့် အမေရိကန် လေယာဉ်ပျံများ ရောက်လာသည့်အချိန်မှာ တိုက်ဆိုင်လျက် ရှိသည်။ ၎င်းလေယာဉ်ပျံများသည် တိုကျို မြို့ပေါ်သို့ ရောက်လာကြပြီး၊ ဗုံးများကို ကြဲချလေသည်။ နေ့စဉ် ရက်ဆက် လာရောက်ကြဲချသည်။
ဆာယိုနာရာ၊ ဆာယိုနာရာ
တိုမိုကျောင်း မီးလောင်ပြာကျသွားလေပြီ။ ထိုအဖြစ်အပျက်သည် ညဘက်၌ ဖြစ်ခြင်း ဖြစ်သည်။ ကျောင်းနှင့် ဆက်လျက် တည်ရှိသည့် အိမ်တွင်နေထိုင်ကြသော မိရိုး-ချန်၊ သူမ၏ အစ်မ မိဆား-ချန်နှင့် သူတို့၏ မိခင်သည် ကူဟွန်းဘတ်စု ဘုရားကျောင်း၌ရှိသော ရေအိုင်အနီးရှိ တိုမို-စိုက်ခင်းသို့ တိမ်းရှောင် နေသည့်အတွက် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။
ဘီ ၂၉ဗုံးကြဲလေယာဉ်ပျံများပေါ်မှ ကြဲချသော မီးလောင်းဗုံးများသည် ကျောင်း၏ စာသင်ခန်းများအဖြစ် အသုံးပြု ထားသော မီးရထား တွဲဟောင်းများ ပေါ်သို့ ကျရောက်ခဲ့သည်။
ကျောင်းအုပ်ဆရာကြီးက တယုတယ ပြုစုပျိုးထောင်းသော ကျောင်းသည် မီးတောက်မီးလျှံများဖြင့် ဖုံးအုပ်ခြင်း ခံခဲ့ရသည်။ သူအလွန် နှစ်သက်မြတ်နိုးသော ကလေးများ၏ ရယ်မောသံများနှင့် ကလေးများ ၏ သီချင်းဆိုသံ များ၏နေရာတွင် ကြောက်စရာကောင်းသော အသံများက ကျောင်းထဲသို့ အစားထိုး ၀င်ရောက် လာခဲ့သည်။ ငြိမ်းသတ်ရန် မဖြစ်နိုင်သော မီးများကြောင့် ကျောင်းအဆောက်အအုံများ အားလုံး ပြာကျ သွားလေပြီ။ ဂျီယူဂါအိုကာ ရပ်ကွက်တစ်ခုလုံး မီးများဖြင့် ဟုန်းဟုန်းတောက်လျက် ရှိ သည်။
ကျောင်းအုပ်ဆရာကြီးသည် လမ်းမပေါ်၌ ရပ်ပြီး တိုမိုကျောင်း မီးစွဲလောင်နေသည်ကို ကြည့်နေပါ သည်။ သူသည် သူ၏ လက်နှစ်ဖက်ကို အပေါ်အင်္ကျီအိတ်များထဲသို့ နှိုက်ထားရင်း ကြည့်နေသည်။
"နောက်တစ်ခါ ကျောင်းပြန်ဆောက်ရင် ဘယ်လိုကျောင်းမျိုးဆောက်ရင် ကောင်းမလဲ"
ဆရာကြီး သည် သူ၏အနီး၌ ရပ်နေသော သားဖြစ်သူ တက္ကသိုလ်ကျောင်းသား တိုမိုကို မေးလိုက် သည်။ တိုမိုသည် ဖခင်၏ ပြောစကားကို အံ့အားသင့်စွာ နားထောင်နေမိသည်။
မစ္စတာကိုဘာယာရှီ ၏ ကလေးများအပေါ်ထားရှိသော မေတ္တာနှင့် စာသင်ရန် စိတ်အားထက်သန်နေ ခြင်းသည် ကျောင်းကိုစွဲလောင်နေသော မီးတောက်မီးလျှံများထက် ပို၍ အင်အားကြီးမား၏။ ပို၍ ခိုင်မာ တောင့်တင်း လေသည်။ ဆရာကြီးသည် စိတ်ညစ်ခြင်း မရှိပေ။ သူသည် ပျော်ပျော် ရွှင်ရွှင်ပင် ရှိသည်။
စစ်ပြေးဒုက္ခသည်များဖြင့် ပြည့်ကျပ်နေသော မီးရထားတွဲတစ်တွဲ၌ တော့တိုး-ချန်သည် လဲလျောင်း လျက် ရှိသည်။ သူမသည် လူကြီးများကြားထဲ၌ ညပ်နေသည်။ မီးရထားသည် အရှေ့မြောက်အရပ်သို့ ဦးတည်၍ သွားနေသည်။ သူမသည် မီးရထား ပြတင်းပေါက်ကို ဖြတ်ကျော်၍ အပြင်ဘက်သို့ ကြည့် လိုက်သည်။ အပြင်ဘက် ၌ မည်းမှောင်လျက် ရှိသည်။ သူမသည် ကျောင်းအုပ်ဆရာကြီး၏ ခွဲခွာခါနီး ပြောစကားများကို ကြားယောင် နေမိသည်။ "ငါတို့ ပြန်ဆုံကြဦးမှာပါ"ဟု ဆရာကြီးက ထပ်ခါတလဲလဲ ပြောခဲ့သည်။ ၎င်းအပြင် သူမကို ဆရာကြီးက အမြဲပြောလေ့ရှိသော စကားဖြစ်သည့် "မင်းဟာ တကယ့် ကို လိမ္မာတဲ့ မိန်းကလေး ငယ် တစ်ယောက် ဖြစ်တယ်။ မင်းသိတယ် မဟုတ်လား"ဟူသော စကားများ ကိုပါ ကြားယောင်နေမိသည်။ သူမသည် ဆရာကြီး၏ ပြောစကားများကို မမေ့လိုပေ။ မစ္စတာ ကိုဘာယာရှီနှင့်မကြာမီ ပြန်ဆုံရမှာပဲဟု စဉ်းစားရင်း သူမသည် အိပ်ပျော်သွားလေတော့သည်။

မီးရထားသည် တထိတ်ထိတ် တလန့်လန့်ဖြင့် လိုက်ပါလာကြသော ခရီးသည်များကို သယ်ဆောင်ရင်း အမှောင်ထုထဲ၌ ကျယ်လောင်စွာ အသံဖြင့် ခုတ်မောင်းသွားလျက် ရှိသည်။
ဖြည့်စွက်ချက် ဆက်ရန်
.
3 comments:
ဒီကနေ့ဖတ်ရတဲ့ အပိုင်းက ၀မ်းနည်းစရာ ကောင်းလိုက်တာ။
ရော့ကီလဲ သေသွားပြီ။ တိုမိုကျောင်းလဲ မီးလောင်သွားပြီ။
ချစ်ခင်သူတွေလဲ တကွဲတပြားစီ။ :(
အမ..တော့တိုးချန်လေးတောင်ပီးတော့မယ်နော်...
ပီးသွားမှာကို စိတ်မကောင်းဖြစ်မိတယ်။
အမ...စိတ်ချမ်းသာပျော်ရွှင်စွာပါစေ။ အလုပ်အကိုင်လဲ အဆင်ပြေပါစေလို့...။
စာတွေလဲ များများရေးပေးနိုင်ပါစေ။
မမရေ...
ဒီနေ့စာဖတ်ရတာတော့ စိတ်မကောင်းစရာကြီးပါပဲလား
ရော့ကီမရှိတော့တာ၊ တိုမိုကျောင်းမီးလောင်သွားတာ...
ညီမလေးက စာဖတ်ရင်စိတ်ကိုနှစ်ပစ်လိုက်ပြီးဖတ်တာဆိုတော့ ဇာတ်ကောင်တွေခံစားရတဲ့အရာတွေ အကုန်လုံးကို ကိုယ်ကပါထပ်တူလို လိုက်ခံစားရတယ်...:((
ချစ်ညီမလေး
Post a Comment