Saturday, January 30, 2010
တော့တိုး-ချန်
ဖြည့်စွက်ချက်
တိုမိုကျောင်းကို တည်ထောင်သူ ဆိုဆာကူးကိုဘာယာရှီ အကြောင်းကို ကျွန်မ ရေးလိုသည်မှာ ကြာလှပြီ။
ကျွန်မ၏ ယခု ရေးသားချက်များသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသာ ဖြစ်ပါ သည်။
ကျွန်မအနေဖြင့် ထပ်မံဖြည့်စွက်လိုသည်မှာ ကျွန်မသည် မစ္စတာကိုဘာယာရှီအား ကျွန်မ လူကြီး ဖြစ်လာ လျှင် ဆရာကြီး၏ ကျောင်း၌ ကျောင်းဆရာမအဖြစ် အမှုထမ်းပါမည်ဟု ကတိပေးခဲ့ပါသည်။ သို့သော် မစ္စတာကိုဘာယာရှီ၏ အကြောင်းကိုသာ ယခုလို စာရေးပြီး လူအများသိအောင် သာ ပြုလုပ်ပေး နိုင်ခဲ့ပါ သည်။
မစ္စတာကိုဘာယာရှီသည် ခရစ်နှစ် ၁၉၆၃ ခုနှစ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့ပါသည်။ အကယ်၍သာ သူသည် ယခုအချိန်အထိ အသက်ရှင်နေဦးမည်ဆိုလျှင် သူ၏အကြောင်းကို ကျွန်မအား ပိုမို ပြောပြ နိုင်မည် ဖြစ်သည်။
တိုမိုကျောင်းသည် ၁၉၄၅ခုနှစ်တွင် တိုကျိုမြို့ ဗုံးကြဲခံခဲ့ရစဉ်က မီးလောင်ပြာကျခဲ့ရသည်။ မစ္စတာ ကိုဘာယာရှီသည် တိုမိုကျောင်းကို သူ၏ ကိုယ်ပိုင်ငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်လေရာ ကျောင်းကို ဆောက်ရာ၌ သူသည် အချိန်များများ ယူရပါသည်။ စစ်ပြီးသောအခါ မူလကျောင်းဟောင်း နေရာ၌ပင် မူလတန်း ကျောင်းကို စတင်သည်။ ထိုတစ်ချိန်တည်းမှာပင် သူသည် နောင်အခါ၌ ကူနီတာချီ ဂီတ ကောလိပ် ၏ ကလေးများ ပညာရေးဌာန ဖြစ်လာမည့် ဌာနတွင် လိုအပ်သော အကူအညီ များကို ပေးသည်။ သူသည် ဂီတသံဖြင့် ယိမ်းကနည်းတစ်မျိုးကို သင်ကြားပြီး ကူနီတာချီ မူလတန်း ကျောင်း တည်ထောင်ရေး ၌ အကူအညီ ပေးသည်။ သူသည် အသက်၆၉နှစ် အရွယ်တွင် ကွယ်လွန်ခြင်း ဖြစ်သည်။ သူသည် သူ၏ စံပြကျောင်းတစ်ကျောင်းကို နောက်ထပ် မတည်ထောင်နိုင်တော့ဘဲ ကွယ်လွန် သွားခြင်း ဖြစ်သည်။
တိုမိုဂါကူးအန် သည် တိုကျိုမြို့၏ အနောက်တောင်ပိုင်းတွင် တည်ရှိသည်။ တိုယိုကို မီးရထားလိုင်းပြေး ဆွဲရာ ဂျီယူဂါအိုကာ ဘူတာရုံမှ သုံးမိနစ်ခန့်ဝေး သော လမ်းလျှောက်သွားလျှင် ရောက်နိုင်သော အကွာ အဝေးတွင် တည်ရှိသည်။ ထိုကျောင်းနေရာသည် ယခုအခါတွင် 'ဥဒေါင်းငှက်ပဒေသာဆိုင်ကြီး' နှင့် မော်တော်ကား များ ခေတ္တအပ်နှံရာ နေရာအဖြစ်သို့ ရောက်ရှိနေလေပြီ.
ကျွန်မသည် နေ့တစ်နေ့တွင် ထိုကျောင်းနေရာဟောင်းသို့ ရောက်သွားပါသည်။ ကျွန်မတို့ ကျောင်း နေစဉ် က အနေအထားများ၊ အမှတ်အသားများ၊ ဘာမျှကျန်ရှိတော့မှမဟုတ် ဆိုသည်ကို ကျွန်မ သိပါ ၏။ သို့သော်လည်း ကျွန်မသည် မော်တော်ကားများ ခေတ္တအပ်နှံရာ နေရာ၊ သတ်မှတ်ထားသောနေရာ တွင် ကားကို ဖြည်းညင်းစွာ မောင်းသွားမိသည်။ ၎င်းနေရာသည် စာသင်ခန်း ရထားတွဲဟောင်းများ ရှိခဲ့ရာ နေရာနှင့် ကစားကွင်း တည်ရှိခဲ့ရာ နေရာပင် ဖြစ်သည်။ မော်တော်ကားများကို ခေတ္တအပ်နှံရာနေရာ ပေါ်မှ တာဝန်ခံ လူကြီးတစ်ယောက်ဖြစ်ဟန်တူသူက "မလာနဲ့၊ မလာနဲ့၊ ကားတွေ ပြည့်နေပြီ၊ နောက်ထပ် လက်ခံဖို့ နေရာမရှိဘူး"ဟု ကျွန်မကို အော်ပြောပါသည်။
"ကျွန်မ ကားအပ်ဖို့လာတာ မဟုတ်ဘူး၊ ကျွန်မရဲ့ နေရာဟောင်းကို လာကြည့်တာပါ"ဟု ကျွန်မ ပြန်ပြောလိုက်ချင်ပါသည်။ သို့သော်လည်း ကျွန်မဆိုလိုချက်ကို ထိုသူသိမှာ မဟုတ်ဟု စဉ်းစားမိသော ကြောင့် ကျွန်မသည် ကားကို ပြန်မောင်းထွက်လာပါသည်။ သို့သော်လည်း ကျွန်မသည် အတိတ်က အကြောင်းအရာများကို ပြန်လည်စဉ်းစားမိသဖြင့် ကားမောင်းသွားရင်း မျက်ရည်များ ကျလာပါသည်။
ဤကမ္ဘာလောကကြီးတွင် ပညာရေးဘက်၌ ကျွမ်းကျင်သူ လူအများရှိသည်ကို ကျွန်မ သိပါသည်။ သူတို့သည် ကလေးသူငယ်များကို ချစ်တတ်၊ ခင်တတ်သူများ ဖြစ်ကြပြီး သူတို့တွင် အဆင့်အတန်း မြင့်မားသော အတွေးအခေါ်များ ရှိကြပါသည်။ သူတို့သည် စံပြကျောင်းများကို တည်ထောင်လိုကြသူ များ ဖြစ်မည်မှာ သေချာပါသည်။
သို့သော်လည်း စိတ်ကူးထဲတွင် ရှိသော စံပြကျောင်းကို လက်တွေ့ အကောင်အထည် ဖော်ရေးသည် ခက်ခဲ သည်ဟု ကျွန်မသိရှိ နားလည်ထားပါသည်။ မစ္စတာကိုဘာယာရှီသည် နှစ်ပေါင်းများစွာကြာအောင် လေ့လာမှု့ များနှင့် ပြင်ဆင်မှု့ များကို ပြုလုပ်ခဲ့ပြီးမှ ၁၉၃၇ခုနှစ် တွင် တိုမိုကျောင်းကို စတင်ထည်ထောင် နိုင်ခဲ့သည်။ ၁၉၄၅ခုနှစ် တွင် တိုမိုကျောင်းသည် မီးလောင်ပြာကျခဲ့ရသည်။ ကျောင်း ၏ သက်တမ်းမှာ အလွန်ပင် တိုတောင်းလှပေရာ ကျွန်မအနေဖြင့် များစွာ စိတ်မကောင်းခြင်း ဖြစ်မိပါသည်။
လူ့လောကထဲသို့ စတင်ရောက်ရှိလာသော ကလေးများ၏ ပင်ကို စရိုက်သည် ဖြူစင်ပါသည်ဟု မစ္စတာ ကိုဘာယာရှီ ယုံကြည်ထားသည်။ သို့သော်လည်း ထိုကလေးများ၏ ပင်ကိုစရိုက်ကောင်း သည် သူတို့၏ ပတ်ဝန်းကျင် အခြေအနေများနှင့် အချို့လူကြီးများ၏ လွဲမှားသော လွှမ်းမိုးမှုများကြောင့် ပျက်စီး ယိုယွင်းခြင်းသို့ ရောက်ရှိသွားကြရသည်ဟု မစ္စတာကိုဘာယာရှီ ယူဆထားလေသည်။ သူ၏ ရည်ရွယ် ချက်မှာ ထိုကလေးများသည် တဖြည်းဖြည်း ကြီးပြင်းလာရင်း လူကောင်းများ၊ လူတော်များ ဖြစ်လာ လိမ့်မည် ဟု ယုံကြည် ထားလေသည်။
မစ္စတာကိုဘာယာရှီသည် သဘာဝလောကကြီးကို ချစ်မြတ်နိုး၏။ တန်ဖိုးထား၏။ ကလေးများ၏ ပင်ကို စရိုက်များကို သူတို့၏ ပုံမှန်အခြေအနေအတိုင်း ဖွံ့ဖြိုး တိုးတက် စေချင်၏။
သူ၏ သမီးငယ် မိရိုး-ချန်က သူမ၏ ဖခင်သည် သူမငယ်စဉ်က သူမကို လမ်းလျှောက်ခေါ်သွားလေ့ရှိ ကြောင်း၊ သဘာဝရဲ့ တေးဆိုသံတွေကို ငါတို့သွားနားထောင်ကြစို့" ဟု ပြောပြီး လမ်းလျှောက်ခေါ်သွား လေ့ရှိကြောင်းဖြင့် ကျွန်မကို ပြောပြဖူးပါသည်။ သူသည် သမီးဖြစ်သူကို သစ်ပင်ကြီးများ ရှိရာသို့ခေါ် သွားပြီးလျှင် သစ်ရွက်များနှင့် သစ်ကိုင်းများသည် လေပြည်လေညင်းများနှင့်အတူ လှုပ်ရှားနေပုံ၊ သစ်ရွက်များ၊ သစ်ကိုင်းများနှင့် ပင်စည်တို့ အပြန်အလှန် အထောက်အကူ ပြုနေပုံ၊ လေတိုက်ခတ်မှု နှုန်း အမြန်အနှေးကို လိုက်၍ သစ်ရွက်များ၏ လှုပ်ရှားမှုများမှာလည်း အပြောင်းအလဲရှိပုံကို ပြောပြ သည်။ လေငြိမ် နေလျှင် သူတို့သည် စိတ်ရှည်စွာဖြင့် လေတိုက်မည့်အချိန်ကို စောင့်နေတတ်ကြောင်း၊ သူတို့သည် မြစ်များ၊ ချောင်းများကိုလည်း လေ့လာကြကြောင်း။ သူတို့သည် အိမ်အနီးရှိ တာမာမြစ်ဆီ သို့ သွားကြပြီး ရေစီးသံကို နားထောင်ကြကြောင်း၊ ရေစီးဆင်းပုံကို ကြည့်ကြကြောင်း၊ ဤသို့သော အလုပ်မျိုးကို သူတို့သည် ဘယ်တော့မျှမငြီးငွေ့ဘဲ လုပ်ကြကြောင်းကို သူမက ကျွန်မအား ပြောပြခဲ့ဖူး ပါသည်။
မစ္စတာကိုဘာယာရှီသည် ထင်ပေါ်ကျော်ကြားမှုကို မလိုလားပေ။ သူသည် သူ၏ ကျောင်းအကြောင်းကို မကြေညာပေ။ ကျောင်းနှင့် ပတ်သက်၍ ဓာတ်ပုံများဖြင့် ဖော်ပြခြင်း၊ သတင်းဆောင်းပါးများ ရေးသား ခြင်းမျိုးကို မပြုလုပ်ပေ။ သို့သော်လည်း ပညာရေးဌာနအနေဖြင့် သူ့အား ကလေးများ ပညာရေးတွင် ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ်ဖြင့် အသိအမှတ်ပြုထားလေသည်။
တိုမိုကျောင်း အားကစားပြိုင်ပွဲကျင်းပသည့်နေ့ဖြစ်သော နိုဝင်ဘာ(၃)ရက်နေ့သို့ ရောက်သည့်အခါ တိုင်း တိုမိုကျောင်းသားဟောင်းများသည် ကူဟွန်းဘတ်စု ဘုရားကျောင်းတွင် စုဝေးတွေ့ဆုံလေ့ရှိကြ ပါသည်။ ကျွန်မတို့တစ်တွေ၏ အသက်များမှာ လေးဆယ်ကျော် ငါးဆယ်တွင်းသို့ ရောက်လာကြပြီဖြစ် သော်လည်း တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသည့်အခါ ငယ်စဉ်ကအတိုင်း ပြောကြဆိုကြ ဆက်ဆံလေ့ရှိ ကြပါသည်။ တစ်ယောက်ကိုတစ်ယောက် နောက်ကြ ပြောင်ကြပါသည်။ ငယ်ငယ်တုန်းက ခေါ်ခဲ့ကြ သော ငယ်နာမည် များ ခေါ်ကြပါသည်။ မစ္စတာကိုဘာယာရှီ ချန် ထားခဲ့သော အမွေအနှစ်များတွင် ဤ တွေ့ဆုံပွဲသည် တစ်ခု အပါအ၀င် ဖြစ်ပါသည်။
ကျွန်မသည် ပထမဦးဆုံး ပညာသင်ကြားခဲ့ရာ မူလတန်းကျောင်းမှ ကျောင်းထုတ်ခြင်း ခံခဲ့ရပါသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ကျွန်မကောင်းကောင်း မမှတ်မိတော့ပါ။ အမေက ကျွန်မကို လမ်းပေါ်က အတီးအမှုတ်သမားများအကြောင်းနှင့် စာရေးစားပွဲအကြောင်းကို ပြောပြဖူးပါသည်။ ကျွန်မကျောင်း ထုတ်ခံရသည်ဟု ပြောပြခြင်းကို ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်မိပါသည်။ ထိုအချိန်ထိုအခါက ကျွန်မ သည် ကျောင်းထုတ်ခံရလောက်အောင် ဆိုးခဲ့လေသလော။
လွန်ခဲ့သော ငါးနှစ်က ဖြစ်ပါသည်။ ကျွန်မသည် နံနက်ပိုင်း ရုပ်မြင်သံကြား အခန်းတစ်ခန်းတွင် ကျွန်မကို ငယ်စဉ်က သိခဲ့ပါသည်ဆိုသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခန်းကို ဖွင့်ခဲ့ရပါသည်။ သူမသည် ကျွန်မ၏ အတန်းပိုင်ဆရာမမဟုတ်ပါ။ ကျွန်မ ပထမဆုံး နေခဲ့ရာ မူလတန်းကျောင်းမှ ကျွန်မတို့၏ အတန်းနှင့် ကပ်လျက် အခန်းမှ အတန်းပိုင် ဆရာမဖြစ်ပါသည်။
    ထိုဆရာမ ပြောသည်များကို ကျွန်မသည် အံ့အားသင့်စွာဖြင့် နားထောင်နေမိသည်။
    "မင်းဟာ ဆရာမရဲ့အတန်းနဲ့ ကပ်လျက်အတန်းက ကျောင်းသူကလေးပေါ့၊ စာသင်နေချိန်မှာ ဆရာမက ဆရာတွေ စုဝေးရာအခန်းကို သွားတဲ့အခါမှာ မင်းဟာ စာသင်ခန်းအပြင်ဘက် လူသွားလမ်းပေါ်မှာ ထွက်ရပ် နေတတ်တယ်။ ဆရာမက မင်းရဲ့ရှေ့က ဖြတ်သွားတိုင်း မင်းက ဆရာမကို မေးလေ့ရှိတယ်။ " ကျွန်မဘာဖြစ်လို့ ဒီမှာ ရပ်နေတယ်ဆိုတာ သိသလား၊ ကျွန်မဘာအပြစ် လုပ်မိသလဲဆိုတာ သိရဲ့လား၊ ဆရာမ လမ်းပေါ်က အတီးအမှုတ်သမားတွေကို ဆရာမသဘောမကျ ဘူးလား" စသည်ဖြင့် မေးလေ့ ရှိတယ်။ ဆရာမက ပြန်မဖြေတတ်ဘူး။ ကြာတော့ ဆရာမဘယ်လိုဖြစ်လာသလဲဆိုရင်၊ ဆရာတွေ စုဝေးခန်းကို သွားတော့ မယ်ဆိုရင် လူသွားလမ်းပေါ်မှာ မင်းရှိမရှိဆိုတာကို အရင်ဆုံး ကြည့်ရသေးတယ်။ မင်းရှိနေရင် ဆရာမ မသွားသေးဘူး။ မင်းမရှိတော့မှ ဆရာမ ထွက်ဝံ့တော့တယ်။
    မင်းရဲ့အကြောင်းကို မင်းရဲ့ အတန်းပိုင်ဆရာမက ဆရာတွေ စုဝေးခန်းမှာ အမြဲပြောလေ့ရှိ တယ်။ ဒါ့ကြောင့် ဆရာမအနေနဲ့ မင်းကို အခြားကျောင်းသားတွေထက်ပိုပြီး သိတာပေါ့။ ရုပ်မြင်သံကြားမှာ မင်းပထမဆုံး ပါဝင် သရုပ်ဆောင်တာကို ကြည့်ပြီးကတည်းက မင်းကို ဆရာမ ချက်ချင်း မှတ်မိတယ်။ အချိန် ဟာ သိပ်ကြာနေပေမယ့်လို့ ဆရာမကတော့ မင်းကို ကောင်းကာင်း မှတ်မိနေတယ်"
    ကျွန်မ၏ အတန်းပိုင်ဆရာမသည် ကျွန်မကို အပြင်ဘက်၌ မတ်တတ် ရပ်ခိုင်း ထားလေသလော၊ ကျွန်မ အံ့သြမိ ပါသည်။ ကျွန်မ ကျောင်းထုတ်ခံရခြင်းကို ထိုဆရာမ ပြောပြပြီးပါပြီ။
    ဤတွင် အလျဉ်းသင့်သဖြင့်၊ ကျွန်မ၏ မိခင်အကြောင်းကို ဖော်ပြလိုပါသည်။ ကျွန်မ အသက်နှစ်ဆယ် မပြည့် မချင်း အမေသည် ကျွန်မကျောင်းထုတ်ခံရသည့် အကြောင်းကို လုံးဝမပြောပေ။ ကျွန်မ အသက်နှစ်ဆယ် ပြည့်သောအခါမှ အမေက ထိုအကြောင်းကို ပြောပြသဖြင့် ကျွန်မသည် အမေ့ကို အထူး ကျေးဇူးတင် ပါသည်။
    "သမီး-သမီးဘာဖြစ်လို့ တိုမိုကျောင်းကို ပြောင်းရတယ်ဆိုတာ သိသလား"
    အမေသည် ကျွန်မကို မေးပါသည်။ ကျွန်မက မသိပါဘူးဟု ဖြေလိုက်သောအခါ အမေက ပြောပါသည်။
    "သမီး-ပထမဆုံးနေခဲ့တဲ့ မူလတန်းကျောင်းက ကျောင်းထုတ်ခံခဲ့ရလို့ပဲ"
    အကယ်၍ အမေကသာ ထိုအချိန်ထိုအခါက "သမီးသိပ်ဆိုးတာပဲ၊ သမီးအခုကျောင်းထုတ်ခံရ ပြီ၊ နောက်ထပ်ကျောင်းထုတ်ခံရဦးမယ် ဆိုရင် သမီးဘယ်ကျောင်းမှာ သွားနေမလဲ"ဟု ပြောမည်ဆို က ပြောနိုင် ပါသည်။ အမေ ကသာ ထိုသို့ပြောခဲ့လျှင် တိုမိုဂါကူးအန်ကျောင်းဝင်းထဲသို့ ကျွန်မပထမဆုံး ၀င်ရောက်သည့်နေ့က ကျွန်မသည် ပျော်ပျော်ရွှင်ရွှင် ဖြစ်နေလိမ့်မည် မဟုတ်ဘဲ၊ အားငယ်စိတ် ၀င်နေလိမ့် မည်ဖြစ်သည်။ အမေက ကျွန်မကို ကျောင်းထုတ်ခံခဲ့ရခြင်းနှင့် ပတ်သတ်၍ ဟိုတုန်းက လုံးဝမပြောခဲ့ပါ။ အမေ့လို မိခင်မျိုး ကျွန်မ ရခဲ့သဖြင့် ကျွန်မကံကောင်းပါသည်။
    စစ်ကြီး ဖြစ်နေစဉ် တိုမိုကျောင်း၏ မှတ်တမ်းတင် ဓာတ်ပုံ အနည်းငယ်ကို ရိုက်ယူ နိုင်ခဲ့ပါသည်။ ထိုဓာတ်ပုံများ ထဲတွင် အတန်းတင် စာမေးပွဲ အောင်သူများ၏ မှတ်တမ်းတင် ဓာတ်ပုံများသည် အကောင်းဆုံး ဖြစ်သည်။ အတန်းတင်စာမေးပွဲအောင်သူများသည် မိမိတို့အတန်း အလိုက် ဓာတ်ပုံများကို အမှတ်တရ ရိုက်ကြပါသည်။ စုဝေး ခန်းမကြီးရှေ့ တွင် ရိုက်ကြပါသည်။ "လာကြဟေ့-လာကြ၊ ဓာတ်ပုံ ရိုက်ကြမယ်" ဟု တယောက်ယောက်က နှိုးဆော်လိုက်လျှင် မသက်ဆိုင်သော အတန်းများမှ ကျောင်းသား များသည်လည်း ဓာတ်ပုံရိုက်မည့် နေရာသို့ ရောက်လာကြပြီး၊ သူတို့ပါ ၀င်ရောက် အရိုက်ခံကြပါသည်။ ထို့ကြောင့် ဓာတ်ပုံများကို ကြည့်ပြီး မည်သည့်အတန်းက စာမေးပွဲအောင်သူများ၏ ဓာတ်ပုံများဖြစ်သည်ကို ပြော၍မရနိုင်ပါ။ ဓာတ်ပုံကိစ္စနှင့် ပတ်သက်၍ မစ္စတာကိုဘာယာရှီသည် အလေးအနက်သိပ်မထားပေ။ သူ့အနေဖြင့် တိုမိုကျောင်းသား ကျောင်းသူများ ၏ ဓာတ်ပုံဖြစ်လျှင် ကျေနပ်ပါသည်။ ခွဲခြားသည့် အလုပ် မျိုးကို သူမလုပ်ပေ။
    တိုမိုကျောင်းအကြောင်းနှင့် ပတ်သက်၍ ကျွန်မတွင် ရေးစရာအကြောင်း များစွာ ရှိပါသည်။ သို့သော်လည်း စာရှုသူများအနေဖြင့် တော့တိုး-ချန်လို မိန်းကလေးငယ် တစ်ယောက်သည် အခြား အခြား သော လူများနှင့် အဆင်ပြေအောင်နှင့် အံဝင်ခွင်ကျပြီး ၀င်ဆံ့သူ ဘ၀သို့ ရောက်လာပုံကို သိရလျှင် ကျွန်မ အနေဖြင့် ကျေနပ်သည်။
    တိုမိုကျောင်းကဲ့သို့သော ကျောင်းများသာရှိလျှင် ကျောင်းထုတ်ခံရမှု့ များနှင့် ကျောင်းတွင်း အဆင် မပြေ မှုများ ရှိလိမ့်မည်မဟုတ်ဟု ကျွန်မထင်ပါသည်။ တိုမိုကျောင်းတွင် ကျောင်းလွှတ် လိုက်သော်လည်း မည်သည့် ကျောင်းသား မှ အိမ်သို့ ချက်ချင်းမပြန်ကြပေ။ နံနက်အချိန်တွင်လည်း ကျွန်မတို့သည် ကျောင်းသွား ဖို့ကိုသာ စိတ်စောနေကြပါသည်။ တိုမိုကျောင်းသည် ထိုသို့သော ကျောင်းမျိုးဖြစ်သည်။
    ဆရာကြီး ဆိုဆာကူးကိုဘာယာရှီကို တိုကျိုမြို့ အနောက်မြောက်ပိုင်းရှိ ရွာတစ်ရွာတွင် ၁၈၉၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့၍ မွေးဖွားခဲ့ပါသည်။ သူသည် ရေမြေတောတောင် သဘာဝနှင့် တေးဂီတသံသာများကို ချစ်ခင်မြတ်နိုးသူဖြစ်သည်။ ကလေးဘ၀က သူသည် အိမ်အနီးရှိ မြစ်ကမ်းနဘေးတွင် မတ်တတ်ရပ်ရင်း မလှမ်းမကမ်းရှိ ဟာရူးနာတောင်ထိပ်ကို ကြည့်နေလေ့ရှိသည်။ မြစ်ရေစီးသံများကို သူ၏နားထဲတွင် တေးဂီတသံ များအဖြစ် ကြားယောင်နေမိသည်။
    သူသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသော ဆင်းရဲသားမိသားစုတစ်စုမှ မွေးဖွား လာခဲ့သူ ဖြစ်သည်။ မွေးချင်းခြောက်ယောက် အနက် သူသည် အထွေးဆုံးဖြစ်သည်။ မူလတန်းအဆင့် ပညာရေး ပြီးဆုံးသောအခါ သူသည် လက်ထောက်ကျောင်းဆရာအဖြစ် အမှုထမ်းသည်။ ဆရာဖြစ် လက်မှတ် ရရှိရေး အတွက် သူသည် ခက်ခဲစွာ ကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော်လည်း သူသည် စိတ်မပျက်ဘဲ ဆက်လက်ကြိုးစားရာ၊ တိုကျိုမြို့ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းဆရာ အလုပ်ကိုရသည်။ ကျောင်းဆရာအလုပ်ကို လုပ်ကိုင်ရင်း သူသည် တေးဂီတပညာကို လေ့လာဆည်းပူးသည်။
ထို့နောက်သူသည် ဂျပန်တေးဂီတ ပညာရေးဌာနမှ ဖွင့်လှစ်သော တေးဂီတသင်တန်းသို့ တက်ခွင့်ရသည်။ သင်တန်းပြီးဆုံးသောအခါ သူသည် ဆီကီအီမူလတန်းကျောင်း၌ တေးဂီတနည်းပြဆရာအဖြစ် အမှုထမ်းခွင့် ရသည်။ မွန်းလွှဲပိုင်းအားလပ်ချိန်များ၌ သူသည် လမ်းလျှောက်ခြင်း၊ အပင်များစုဆောင်းခြင်း၊ စိုက်ပျိုးခြင်း၊ ပန်းချီရေးဆွဲခြင်း၊ သီချင်းဆိုခြင်းနှင့် ကျောင်းအုပ်ဆရာကြီး၏ ဟောပြောပွဲများကို နားထောင်ခြင်းဖြင့် အချိန် များကို ကုန်လွန်စေခဲ့သည်။ သူသည် ကျောင်း၌ တေးဂီတကို သင်ကြားပြသရင်း ကလေးများ အတွက် ရွှင်မြူးဖွယ်ရာ တစ်ခန်းရပ်ပြဇာတ်တိုတစ်ပုဒ် ရေးသားပြီး ကျောင်း၌ တင်ဆက်ကပြသည်။ ထိုပြဇာတ်တိုကို စက်မှုလုပ်ငန်းပိုင်ရှင်ကြီးတစ်ဦးဖြစ်သော ရွန်အိုင်ဝါဆာကီးဆိုသူသည် လွန်စွာ သဘောကျ နှစ်ခြိုက်သည်။ အိုင်ဝါဆာကီးသည် `ကျောင်း၏ အနုပညာအသင်း နာယက တစ်ဦး ဖြစ်သည့်အပြင် `ကျောင်းကိုလည်း `ငွေ ကြေးထောက်ပံ့မှု ပေးနေသူဖြစ်သည်။ သူသည် မစ္စတာ ကိုဘာ ယာရှီကို ဥရောပတိုက်၌ ပညာသင်ကြားရေး နည်းစနစ်များအားလေ့လာစေရန် `စေလွှတ်ဖို့ ထောက်ခံပြီး လိုအပ်သော ငွေကြေးများကိုလည်း ထောက်ပံ့သည်။
''သူတို့ကို သူတို့ရဲ့ ပင်ကိုစရိုက်အတိုင်း လွှတ်ထားပါ၊ သူတို့ရဲ့ ရည်ရွယ်ချက်၊ သူတို့ လုပ်ချင်တာတွေကို သွားမချုပ်ချယ်ပါနဲ့၊ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ ခင်ဗျားတို့ထက်တောင်မှ ကြီးချင်ရင် ကြီးနေမှာ''ဟု ပြောလေ့ရှိသည်။ ထိုကျောင်းမျိုးသည် ဂျပန်ပြည်တွင် ရှေးအခါက မရှိခဲ့ပေ။
၁၉၃၀ပြည့်နှစ်တွင် မစ္စတာကိုဘာယာရှီသည် ဥရောပတိုက်သို့ ခရီးသွားပြန်သည်။ သူသည် ဒါလ်ခရိုဇီထံမှ ပညာများကို ဆည်းပူးသည်။ ထို့နောက်သူသည် အမြို့မြို့အနယ်နယ်သို့ လှည့်လည်ပြီး ပညာရေးဆိုင်ရာ လေ့လာမှုများကို ပြုလုပ်သည်။ ဂျပန်ပြည်သို့   ပြန်ရောက်လျှင် သူ၏ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း တည်ထောင်ရန်ကိုလည်း စိတ်ကူးထားသည်။
၁၉၃၇ခုနှစ်တွင် သူသည် တိုမိုဂါကူးအန်ကျောင်းကို စတင်တည်ထောင်သည့်အပြင်၊ သူသည် ဂျပန်ယိမ်း အက နည်းသစ်အသင်း ကိုပါ တည်ထောင်သည်။
မစ္စတာကိုဘာယာရှီသည် တိုမိုကျောင်းကဲ့သို့သော ကျောင်းမျိုးကို စစ်ကြီးပြီးသောအခါ နောက်ထပ်မထူ ထောင် နိုင်သည်မှာ စိတ်မကောင်းစရာပင်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကဖြစ်ပါသည်။ ကိုဒန်းရှားစာအုပ်ထုတ်ဝေရေးဌာနမှ အယ်ဒီတာ တစ်ယောက် သည် ကျွန်မထံသို့ ရောက်လာခဲ့ပါသည်။ အမျိုးသမီး မဂ္ဂဇင်း တစ်စောင်တွင် တိုမိုကျောင်း အကြောင်း နှင့် ပတ်သက်၍ ကျွန်မ စာရေးခဲ့သည်ကို သူ သတိပြုမိသောကြောင့် ဖြစ်သည်။ ထိုအယ်ဒီတာ သည် ကျွန်မကို စာရေး စက္ကူများစွာ ပေးထားခဲ့ပြီး တိုမိုကျောင်းနှင့် ပတ်သက်၍ စာအုပ် အဖြစ် ထုတ်ဝေနိုင်အောင် ရေးပေးပါဟု ပြောပါသည်။ သို့သော် ကျွန်မသည် ထိုစာရွက်များအား အခြား အကြောင်း အရာ များကို ရေးသားခြင်း၌ အသုံး ပြုလိုက်မိပါသည်။ ထိုအယ်ဒီတာသည် ယခုအခါတွင် ကိုဒန်းရှား၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်လာပေသည်။ သူသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က အကြောင်း ကို မမေ့ပေ။
ကျွန်မသည်  ကိုဒန်းရှားမှ ထုတ်ဝေသော 'အမျိုးသမီးငယ်'မဂ္ဂဇင်းတွင် တိုမိုကျောင်းအကြောင်းကို အခန်းဆက် ဆောင်းပါးများအဖြစ် ၁၉၇၉ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၈၀ပြည့်နှစ် ဒီဇင်ဘာလအထိ ရေးသားခဲ့ ပါသည်။ မိရိုး-ချန်နှင့် တိုမိုကျောင်းမှ ကျွန်မ ကျောင်းနေဘက် သူငယ်ချင်းများက ကျွန်မကို အကူ အညီ များစွာ ပေးကြပါသည်။
တိုမိုကျောင်းသည် ယခုအခါတွင် မရှိတော့ပါ။ သို့သော်လည်း တစ်ချိန်က ရှိခဲ့သော တိုမိုကျောင်းအကြောင်း နှင့် ပတ်သက်၍ ယခုလို စာအုပ်ထုတ်ဝေရန် အခွင့်အရေးရခဲ့သဖြင့် ကျွန်မသည် လွန်စွာမှ ပျော်ရွှင် ကြည်နူးမိ ပါသည်။
ကျွန်မရေးသော စာအုပ်သည် မမျှော်လင့်ဘဲနှင့် ဂျပန်နိုင်ငံ၏ အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်လာ ပါသည်။ တစ်နှစ်အတွင်း၌ ၄,၅၀၀,၀၀၀ ရောင်းရခဲ့ရပါသည်။
ပို၍ အံ့သြစရာနှင့် ကြုံရသည်မှာ ကျွန်မ၏စာအုပ်ကို ဂျပန်နိုင်ငံပညာရေးဌာနမှ ကျောင်းသုံးဖတ်စာအုပ်အ ဖြစ်ဖတ်ရန် အားပေးသမှုပြုခဲ့သောကြောင့်ဖြစ်ပါသည်။
ကလေးများအဖို့ ယခုစာအုပ်သည် ပုံပြင်စာအုပ်သဖွယ်မျှသာ ဖြစ်ပါလိမ့်မည်။ အသက်ခုနစ်နှစ်နှင့်အထက် ကလေးများသည် အဘိဓာန်အကူအညီဖြင့် ဤစာအုပ်ကို ဖတ်ကြသည်ဟု ကျွန်မသိရပါသည်။ ကျွန်မ၏ ၀မ်း သာမှုသည် ပို၍တိုးလာပါသည်။
ရုပ်ရှင်ကုမ္ပဏီများ၊ ရုပ်မြင်သံကြားနှင့် ပြဇာတ်အဖွဲ့များက ကျွန်မ၏စာအုပ်ကို အသုံးပြုရန် ခွင့်တောင်းလာ ကြပါသည်။ သူတို့သည် စာအုပ်ပါအကြောင်းအရာအချို့ကို အနည်းငယ်ပြုပြင်ပြောင်းလဲပြီး တင်ဆက် လိုကြသည်။ သို့သော် ကျွန်မသည် ခွင့်မပြုပေ။ သို့သော်လည်း တေးဂီတပညာရှင် အာကီဟီရိုကိုမိုရီ၏ အကူအညီ ဖြင့် ကျွန်မက ဇာတ်ကြောင်းပြောသူ တာဝန်ယူကာ ဓာတ်ပြားသွင်းခဲ့ရာ အောင်မြင်မှု ရရှိခဲ့ ပါသည်။
ကျွန်မ၏ စာအုပ်ကို ကျောင်းဖတ်စာအုပ်အဖြစ် တရားဝင်သတ်မှတ်ထားပါသည်။ ပညာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ''လယ်သမား ကျောင်းဆရာ''ကို တတိယတန်း၌ လာမည့်နှစ်မှ အစပြု၍ သင်ကြား ရန် ပြဠာန်းထားပါသည်။ ''ကျောင်းစုတ် ကျောင်းအို''ကိုမူ စတုတ္ထတန်း၌ ပြဠာန်းထားပါသည်။ ကျောင်းဆရာ များသည် ဤစာအုပ်ကို သူတို့နည်း သူတို့ဟန်ဖြင့် အသုံးပြုလျက်ရှိနေကြပါသည်။ ဥပမာ အားဖြင့် ပန်းချီသင် တန်းများ၌ ဆရာများသည် စာအုပ်ပါအခန်းတစ်ခန်းကို ကျောင်းသားများအား ဖတ်ခိုင်းပြီးနောက် ကျောင်းသားများအား သူတို့ အနှစ်သက်ဆုံး ပုံများကို ရေးဆွဲချင်သလို ရေးဆွဲစေ သည်ဟု ကြားသိရပါသည်။
ကျွန်မသည် ဂျပန်နိုင်ငံ၏ ပထမဦးဆုံးဖြစ်သော နားမကြားသူများ၏ အပျော်တမ်းပြဇာတ်အဖွဲ့ကို တည်ထောင်လိုသည်မှာ ကြာလှပါပြီ။ ထိုလုပ်ငန်းကို ဤစာအုပ်မှရသော စာမူခငွေများနှင့် စာအုပ်အတွက် ချီးမြှင့်သော စာပေဆုမှ ဆုငွေများကို ပေါင်းစပ်ပြီးနောက် အကောင်အထည်ဖော်လိုက်ပါသည်။ နားမကြား သူ များ အပျော်တမ်းပြဇာတ် အသင်းကြီးတွင် အားတက်သရော ပါဝင်ဆောင်ရွက်မှုကို ဂုဏ်ပြုသည့် အနေဖြင့် ဂျပန်ဘုရင်မင်းမြတ်က တည်ခင်းသော ဥယျာဉ်ပါတီပွဲသို့ ကျွန်မ တက်ရောက် ခဲ့ရပါသည်။ ဂျပန်ဘုရင်မင်း မြတ်နှင့် ကျွန်မသည် စကားပြောခွင့်ရပါသည်။  ထိုဥယျာဉ်ပါတီပွဲသို့ ဂျပန်အမျိုးသား ဓာတုဗေဒ နိုဘယ်ဆုရှင် ကင်နီချီဖူကူအီ လည်း တက်ရောက်ခဲ့ပါသည်။ ထို့အပြင် လွန်ခဲ့သောနှစ်ကလည်း ကျွန်မသည် ၀န်ကြီးချုပ်၏ သဘောတူညီချက်ဖြင့် နိုင်ငံတကာမသန်စွမ်းသူများ အခမ်းအနား၌ ပါဝင် စကားပြောခွင့် ရခဲ့ပါ သည်။
ကျွန်မသည် ကျွန်မအလွန်ရေးလိုသော စာအုပ်ကို ရေးပြီးပါပြီ။ စာအုပ်က ကျွန်မကို စိတ်ပျော်ရွှင်ချမ်းသာမှု များကို ပေးခဲ့ပါကြောင်း။
တိုကျို။ ၁၉၈၂။                                      တက်ဆူးကိုးကူရိုယာနာဂီ
ဘယ်သူတွေ ဘာတွေဖြစ်နေကြသလည်း ဆိုတာနဲ့ မနက်ဖြန်မှာ နိဂုံးချုပ် ပါတော့မယ်..
.
5 comments:
Anonymous said...
Totto-chan, the Little Girl at the Window is a children book written by Japanese television personality and UNICEF Goodwill Ambassador Tetsuko Kuroyanagi. The book was published originally as 窓ぎわのトットちゃん (Madogiwa no Totto-chan) in 1981, and became an instant bestseller in Japan.[1] The book is about the values of the unconventional education that Kuroyanagi received at Tomoe Gakuen, a Tokyo elementary school founded by educator Sosaku Kobayashi during World War II, and it is considered her childhood memoir.[1][2]
http://en.wikipedia.org/wiki/Totto-chan,_the_Little_Girl_at_the_Window
ဒါကတော့ တရုပ်သံနဲ့ အဲ့စာအုပ်လေး..အမရေ.. နောက်ဆုံးပိတ်ကို wiki က တော့တိုးချန်မျက်နှာဖုံးလေးနဲ့ ပုံထည့် ချင်ဘူးလားဟင်..အမှတ်တရပေါ့..။
http://www.youtube.com/watch?v=PLDkSB_BzTQ&feature=related
အမ ..ဒီနေ့ မစ္စတာကိုဘယရှိ နာမည်နဲ့ရှာလိုက်တာ..ဒီစာအုပ်က best seller တဲ့ စာအုပ်အဖုံးလေးပါတွေ့တယ်။
ကျောင်းသုံးစာအုပ်ပြလိုက်တယ်တဲ့ ဂျပန်ဆရာမကို မန်းဒေးမှာတွေ့ပီးစာအုပ်ရှာခိုင်းလိုက်ဦးမယ်။ ဂျပန်လို ပြန်ဖတ်မယ်။
အမကျေးဇူးးးးးးးးးး
Anonymous said...
အမရေ တော့တိုးချန်ပြီးရင် ဘာတင်ပေးအုန်းမှာလည်း
တော့တိုးချန်ကို ပြီးလည်းပြီးစေချင်တယ် ပြီးလည်း မပြီးစေချင်ဘူး ကျောင်းမီးလောင်သွားပြီးကတဲက စိတ်တော်တော်ညစ်သွားပြီ သူတို့တွေဘာဖြစ်သွားကြလဲ အရမ်းသိချင်ပါတယ် စစ်ဆို ဘာစစ်မှ မကောင်းဘူးနော် အခုလည်း မကောင်း နောင်လည်း မကောင်း
ကျေးဇုးအထူးတင်ရှိပါကြောင်း
အမနေကောင်း ကျန်းမာပြီး သိန်းတစ်ထောင်ဆုကြီးပေါက်စေသော်ဝ် ဒါမှ အားပြီး အချိန်တိုင်းစာများများတင်ပေးနိုင်အောင်လို့
Unknown said...
တော့တိုးချန်လေး ပြီးသွားမှာကို နှမျှောနေတယ်အစ်မရယ်။
အင်ကြင်းသန့် said...
မမ...
မနက်ဖြန်ဆိုရင် ပြီးပြီပေါ့နော် :(
နှမြောတယ်....တကယ်ဆိုရင် အများကြီးဖတ်ချင်သေးတာ...
ချစ်ညီမလေး
မေဓာဝီ said...
အဲဒီလိုကျောင်းမျိုး ဘယ်တော့မှ မပေါ်တော့ဘူး ထင်တယ်နော်။
အဲဒီစာအုပ်ကို ကျောင်းသုံးပြဋ္ဌာန်းပေမဲ့ အဲဒီလိုကျောင်းမျိုးတော့ ဘယ်သူမှ မဖွင့်ကြဘူးလား။ ဖွင့်ဖို့ မကြိုးစားကြဘူးလား ... ဒါမှမဟုတ် မဖွင့်နိုင်ကြတာလား ... ?????