Sunday, January 31, 2010
တော့တိုး-ချန်
နိဂုံး
သူတို့တစ်တွေ အခုဘာလုပ်နေကြသနည်း။ ကျွန်မနှင့် အတူတူမီးရထားတွဲစာသင်ခန်းတွင် အတူတူ ''ခရီးသွား'' ခဲ့ကြသူများ ဘာလုပ်နေကြသနည်း။
အာကီရာတာဟာရှီ
တိုမိုကျောင်းအားကစားပြိုင်ပွဲနေ့တွင် ဆုတံဆိပ်အများဆုံးရရှိသော တာကာဟာရှီသည် နောက်ထပ်အရပ် မြင့်လာခြင်းမရှိသော်လည်း မီဂျီတက္ကသိုလ်သို့ တက်ရောက်ခွင့်ရသော အီလက်ထရွန်နစ်အင်ဂျင်နီယာဘွဲ့ ကို ရရှိခဲ့လေသည်။
သူသည် ယခုအခါဝယ် ဂျပန်ပြည်အလယ်ပိုင်း ယာမာနာရေကန်အနီးရှိ အီလက်ထရွန်နစ်ကုမ္ပဏီကြီးတစ်ခု တွင် မန်နေဂျာဖြစ်နေပါသည်။
ကျွန်မသည် သူနှင့်သူဇနီးကို တွေ့ဆုံရန် ဟန်မာမတ်ဆုသို့သွားပါသည်။ သူ၏ဇနီးသည် သူ့အကြောင်းကို ကောင်းစွာသိထားသူဖြစ်ပါသည်။ တိုမိုကျောင်းအကြောင်းကို ခင်ပွန်းဖြစ်သူက သူမကို ပြောပြထားသည့်အ တွက် သူမသည် တိုမိုကျောင်းသူတစ်ဦးကဲ့သို့ပင် တိုမိုကျောင်းအကြောင်းကို သိထားပါကြောင်းဖြင့် ကျွန်မ ကို ပြောပြပါသည်။ သူမ၏ခင်ပွန်းသည် အခြားသူများနှင့် ယှဉ်လိုက်လျှင် ခန္ဓာကိုယ်မှာ ပုပုကလေး ဖြစ် နေသော်လည်း အထူးခိုင်မာကြောင်းဖြင့် ကျွန်မကို ပြောပြပါသည်။
တာကာဟာရှီက သူသည် တိုမိုကျောင်းသို့ ပထမဆုံးစတင်ရောက်ရှိသည့်နေ့က ကျောင်းတွင် ကိုယ်အင်္ဂါမ သန်မစွမ်းသူအချို့ကို မြင်တွေ့ရသဖြင့် စိတ်သက်သာရာရခဲ့ကြောင်း၊ တိုမိုကျောင်း၌ ပညာ သင်ကြား ရသည် မှာ စိတ်ပျော်ရွှင်သောကြောင့် အိမ်ပြန်ရမှာကိုပင် စိတ်မပါကြောင်း ပြောပြပါသည်။
ဆရာကြီး ကိုဘာယာရှီသည် မိမိကို စိတ်အားမငယ်ဖို့ အမြဲအားပေးစကားပြောကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အ၀ထားဖို့ အမြဲတိုက်တွန်းကြောင်း၊ လူအများ၏ နောက်ဘက်တွင် နေလေ့ရှိသော မိမိအား ဆရာကြီးက လူရှေ့သို့ခေါ်ထုတ်ကာ အစစအရာရာကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ဖြင့် ရင်ဆိုင်ရန် အလေ့အ ကျင့်များ ပြုလုပ်ပေးကြောင်း တာကာဟာရှီက ပြောပြပါသည်။
တာကာဟာရှီအား ယခုကဲ့သို့ လူတော်တစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးသောအချက်များတွင် သူ၏ကောင်း မွန်သော မိသားစု၊ ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဆွေမျိုးအသိုင်းအ၀ိုင်းများ ပါဝင်လေသည်။
မည်သို့ပင်ရှိစေ ဆရာကြီးက ကျွန်မကို ''မင်းဟာ တကယ့်ကို လိမ္မာတဲ့ မိန်းကလေးငယ်တစ်ယောက်ဖြစ် တယ်၊ မင်းသိရဲ့လား''ဟု အားပေးစကားပြောသလို သူ့ကိုလည်း ''မင်း ဒါကို လုပ်နိုင်တယ်''ဟူ၍ အားပေး လေ့ရှိရာ ထိုအားပေးချက်သည် သူ၏ဘ၀ကို ကောင်းအောင်ပြုပြင်ပေးရာ၌ အလွန်ထိရောက်မှုရှိခဲ့ သည်ဟု ကျွန်မ ယုံကြည်ပါသည်။
ဟာမာမတ်ဆုမှ ကျွန်မပြန်ခါနီးတွင် တာကာဟာရှီသည် ကျွန်မမေ့နေသည့် အကြောင်းအရာတစ်ခုကို ပြောပြ ပါသည်။ သူက ''သူသည် တိုမိုကျောင်းသို့ လာသည့်အခါ လမ်းခရီး၌ အခြားကျောင်းမှ ကျောင်းသား များ၏ အနိုင်ကျင့်မှုကို အမြဲလိုလိုခံရလေ့ရှိကြောင်း၊ ကျောင်းသို့ရောက်သောအခါ သူသည် မျက်နှာ မကောင်းဘဲ စိတ်အားငယ်နေလေ့ရှိရာ ကျွန်မက သူ့ကိုကြည့်ပြီး ဘာဖြစ်လာသလဲဟု မေးလေ့ ရှိကြောင်း၊ အကျိုးအကြောင်းကို သိရသောအခါ ကျွန်မက ကျောင်းဝင်းအပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်သွားလေ့ရှိ ကြောင်း၊ ခဏအကြာတွင် ကျွန်မပြန်ရောက်လာပြီး 'သူတို့မရှိကြတော့ဘူး၊ နောင်ကို ဒီလိုဖြစ်မှာ မဟုတ်တော့ဘူး'ဟု ပြန်ပြောကြောင်း၊ ထိုအခါ သူသည် အလွန်ပင်ဝမ်းသာမိကြောင်း''ဖြင့် ပြန်ပြောပါသည်။
''နင်က အဲဒီလို ပြုလုပ်ပေးတဲ့အတွက် ငါလေသိပ်ကို ပျော်သွားတာပဲ''ဟု ခွဲခွာခါနီးတွင် တာကာဟာရှီက ပြောပါသည်။
ထိုအကြောင်းကို ကျွန်မမေ့နေပါသည်။ ကျွန်မသည် သူ့ကိုအလွန်ကျေးဇူးတင်မိပါသည်။ ယခုလိုသတိပြန်ရ စေသောကြောင့် တာကာဟာရှီကို ကျွန်မအလွန်ပင် ကျေးဇူးတင်ပါသည်။
မိရိုး-ချန် (မိရိုးကာနီကိုး)
ဆရာကြီးမစ္စတာ ကိုဘာယာရှီ၏ တတိယသမီးဖြစ်သူ မိရိုး-ချန်သည် ကူနီတာချီ ဂီတကောလိပ်၏ ပညာရေး ဌာနမှ ဘွဲ့လက်မှတ်ရခဲ့ပါသည်။ သူမသည် ထိုကောလိပ်ကျောင်း၌ပင် တေးဂီတဆရာမအဖြစ် အမှုထမ်း လျက်ရှိပါသည်။ သူမသည် ငယ်စဉ်ကတည်းက လမ်းလျှောက်ရာ၌လည်းကောင်း၊ ကိုယ်လက် လှုပ်ရှားရာ၌ လည်းကောင်း တေးဂီတသံစဉ်အတိုင်း အချက်ကျကျ လှုပ်ရှားလေ့ရှိကြောင်းကို ဖခင်ဖြစ်သူ မစ္စတာ ကိုဘာယာရှီသည် ကောင်းစွာသတိပြုမိခဲ့လေသည်။
ဆက်ကိုး မတ်ဆူယာမ (မစ္စက်ဆိုက်တို)
တိုမိုကျောင်းသို့ ကျွန်မ ပထမဦးဆုံး ကျောင်းစတက်သည့်နေ့က ကျွန်မဆုံတွေ့ခဲ့သည့် ယုန်အရုပ်ပါသော ဂါဝန် လှလှကလေးကို ၀တ်ဆင်ခဲ့သော မျက်လုံးပြူးပြူးနှင့် မိန်းကလေး ဆက်တိုး-ချန်သည် တိုကျို အမျိုးသမီး တက္ကသိုလ်တွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် အမှုထမ်းလျက်ရှိနေပါသည်။ သူမသည် ဂျပန် တောင်တန်း ဒေသတစ်ခုတွင် တောင်တက်ရင်း တွေ့ခဲ့သူတစ်ဦးနှင့် အိမ်ထောင်ကျနေပါသည်။ သူတို့၏ သားဦး အမည်ကို သူတို့စတင်တွေ့ဆုံရာ တောင်တန်း၏အမည်ဖြစ်သည့် ''ယာဆူတာကာ''ဟု ခေါ်တွင် စေပါသည်။
တာအိဂျီ ယာမာနိုအုချိ
ကျွန်မကို မယူဘူးဟု ပြောခဲ့သော တာအိဂျီ-ချန်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသော ရူပဗေဒပညာရှင်တစ် ယောက်အဖြစ်သို့ ရောက်ရှိနေပါပြီ။ သို့သော်သူသည် ယခုအခါတွင် ဂျပန်ပြည်တွင် မရှိဘဲ အမေရိကန်ပြည် သို့ရောက်နေပါသည်။ သူသည် အမေရိကန်ပြည်၌ပင် အိမ်ထောင်ကျနေပါသည်။
ကူနီယို အိုအိ
ကျွန်မ၏ ကျစ်ဆံမြီးကို ဆွဲခဲ့သူ အိုအိသည် သစ်ခွပန်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် အောင်မြင်မှုရရှိနေပါသည်။ သူ သည် တိုမိုကျောင်းမှ ထွက်ခဲ့ပြီးနောက် အခြားမည်သည့်ကျောင်းတွင်မျှ ပညာမသင်ကြားတော့ပေ။ သူသည် သစ်ခွပန်းစိုက်ပျိုးရေးအလုပ်တွင် ကျွမ်းကျင်သောကြောင့် ဂျပန်ပြည်အနှံ့သို့ ခရီးထွက် နေရ ပါသည်။ ကျွန်မ သည် အလွန်အလုပ်များနေသော အိုအိနှင့် တယ်လီဖုန်းဖြင့်သာ စကားပြောခဲ့ရပါသည်။ သူစကား ပြောသော လေသံသည် တိုမိုကျောင်းတုန်းက လေသံအတိုင်းပင်ဖြစ်ပါသည်။ မည်သို့မျှ ပြောင်းလဲ ခြင်းမရှိပါ။
ယိုအိချိ-မီဂီးတာ
မီးသင်္ဂြုံလ်ထားသော ပြာများကို ယူခဲ့မည်ဟု ရွှတ်နောက်နောက်ပြောသော မီဂီးတာသည် သီးနှံစိုက်ပျိုးရေး ဘွဲ့တစ်ခုကို ရရှိခဲ့ပါသည်။ သို့သော်သူသည် ပုံဆွဲခြင်းအလုပ်ကိုသာ စိတ်အားထက်သန်သဖြင့် စိုက်ပျိုးရေး အလုပ်ကို မလုပ်တော့ဘဲ ပန်းချီကျောင်းသို့ တက်ရောက်ကာ ဘွဲ့လက်မှတ်ကို ရယူပြီးနောက်၊ ကိုယ်တိုင် ဂရပ်ဖစ်ဒီဇိုင်း ကုမ္ပဏီတစ်ခုကို တည်ထောင်ထားလေသည်။
ရာရိုး-ချန်
တိုင်းပြည်အတွက် စစ်မြေပြင်သို့ သွားရောက်ကာ တာဝန်ထမ်းဆောင်ခဲ့ရသော ကျောင်းစောင့်ကြီး ရာရိုး-ချန်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသောအခါ ပြန်ရောက်လာပါသည်။ သူသည် နိုဝင်ဘာလ(၃)ရက်နေ့ တွင် ကျင်းပမြဲဖြစ်သည့် တိုမိုကျောင်းသားဟောင်းများ မိတ်ဆုံပွဲသို့ မပျက်မကွက် တက်ရောက်လေ့ရှိပါ သည်။
မြန်မာပြန်သူ - မြသိန်း
.
နောက်ဆုံးအပိုင်းတွင် ပုံလေးများ ထည့်ရန် အကြံပေးခဲ့သော ညီမငယ် မိုမိဂျိ နှင့် တော့တိုး-ချန် ကလေး အား ချစ်ခင်စွာ အားပေး ဖတ်ရှု ခဲ့သော စာချစ်သူများ အား အထူး ကျေးဇူးတင် လျှက်......
ကမ္ဘာကြီး ကောင်းကျိုးအတွက် အလေးထား လုပ်ဆောင်ခဲ့သော လူသားများအား ထာဝရလေးစား လျှက်...
ရွှေစင်ဦး
တော့တိုး-ချန် ပြီးရင် ဘာတင်မလည်း ဆိုတဲ့ စာချစ်သူများ အတွက် မြန်မာပြည်၏ဟယ်လင် ဦးမြင့်ဆွေ (ဖြူး) ဘာသာပြန်.. မူရင်း HELLEN OF BURMA BY HELEN RODRIGUEZ အား တင်ပေး ပါမယ်..ဒါလည်း ဖြစ်ရပ်မှန်ပါဘဲ..အားလုံးဘဲ စိတ်ဝင်စားမယ်ထင်ပါတယ်..
စာချစ်သူများ အား အစဉ်လေးစားလျှက်
.
4 comments:
မြတ်နိုး said...
တော့တိုးချန်လေး ..သိမ်းသွားပီ..စိတ်မကောင်းလိုက်တာ..
တိုမိုကျောင်းလေးလည်းမရှိတော့ဘူး..ဆရာကြီးလည်းမရှိတော့ဘူး.. လွမ်းစရာကောင်းတဲ့ကျောင်းလေး... အဲ့လိုကျောင်းမျိုးလေးတက်ခွင့်ရချင်လိုက်တာ..
စာရေးဆရာမရဲ့ အမေကလည်း သိပ်တော်တယ်နော်.. လက်ရှိအမေတွေ ကလေးတွေကို ဆုံးမပြုစုပျိုးထောင်တဲ့နေရာမှာ အတော်အသုံးတည့်လှတယ်။
အမရေ.. အသစ်တဲ့မဲ့စာက မဖတ်ဖူးသေးဘူး။ စောင့်ဖတ်မယ်နော်..။
ကျေးဇူးအရမ်းတင်ပါတယ်။
မေဓာဝီ said...
တော့တိုးချန်ကို ဖတ်ရတာ မ၀ဘူး။ ဆက်ဖတ်ချင်သေးတယ်။ သူတို့တွေအားလုံး အောင်မြင်တဲ့သူတွေ ဖြစ်ကြတာပဲနော်။ တော်လိုက်ကြတာ ... ။
မြန်မာပြည်၏ ဟယ်လင် တင်ပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ မဖတ်ဖူးသေးဘူးရှင့်။
ဒါနဲ့ ကျမငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ "အာဇာနည်မောင်နှမ ဇိုရာနဲ့ ရှုရာ" တို့ "ဆီရောဇာ" တို့ရော မရွှေစင်ဦးဆီမှာ ရှိလားမသိဘူး။
အင်ကြင်းသန့် said...
မမရေ...
တော့တိုးချန်လေးပြီးသွားပြီ...ဟင့် :(
ဘာပဲပြောပြော မမကိုအရမ်းကျေးဇူးတင်ပါတယ်...
မမရဲ့ စာဖတ်သူတွေအပေါ်မှာထားတဲ့ စေတနာကို ညီမလေးတကယ် လေးစားပါတယ်
ဒါနဲ့မမဆီမှာ မိုးမိုး(အင်းလျား) ရဲ့ “နာမကျန်းသည် အိုနှင်းဆီ” ရှိလားဟင်....
ညီမလေးက ၇နှစ် ၈နှစ်သမီးလောက်မှာ ၀တ္ထုစဖတ်တာ...ပထမဆုံးဖတ်တဲ့ ၀တ္ထုက အဲဒီ ၀တ္ထုပဲ....
ချစ်ညီမလေး
လသာည said...
ဝတ္တုလေးက အရမ်းကောင်းတယ် ဖတ်ရတာ စိတ်လည်းမကောင်းဘူး..:'(