Sunday, January 31, 2010
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၅)
ပဋ္ဌမကမ္ဘာစစ်နှင့် နားထွင်းမင်္ဂလာ
ယင်းသို့ ပုံကြီးချဲ့ နေကြသည့် ကြားထည်းမှာ ဗြုံးကနဲ ပထမကမ္ဘာစစ်ကြီး ဖြစ်လာပါသည်၊ စစ်ကျေညာ သော နေ့ကဆိုလျှင် တအိမ်သားလုံး မျက်လုံးတွေပြူးပြီး ယနေ့နက်ဖြန်ဆိုသလို ဂျာမဏီက လာ၍ သိမ်းတော့ မလိုလိုကြောက်ရွံ့နေကြသည်၊ မိန်းမပိုင်း ကတော့ ခက်တာပါပဲ၊ အလှူအတွက် ပစ္စည်းတွေ ကလဲ ၀ယ်ချမ်း စုဆောင်း ပြီးပြီ၊ ထွက်ပြေးရရင် ဒါတွေမသယ်နိုင်တော့ ဘူးဟု ညည်းတွားကြသည်၊ အချို့ ကလည်း မြန်မြန် လှူဖြစ်အောင်ဖြစ်သလို လှူလိုက်ပါစို့ဆိုသည်။ စစ်ကို မကြုံဘူးသူတွေဖြစ်၍ အလွန် ဝေးကွာသည့် ဥရောပနိုင်ငံမှာ ဖြစ်နေသောအင်္ဂလိပ်နှင့် ဂျာမန် တို့၏ ပထမကမ္ဘာစစ်မှာ မြန်မာပြည်နှင့် အနီးအနား မှာ ဖြစ်နေသလို စိတ်ဓါတ်ချောက်ချားနေကြ သည်၊ "ကျုံးပေါ်တီပေါ်လို့ ပြည်တော်အပ်ရမည်" ဟူသော အတိတ်တပေါင်ကို ရွတ်သူကရွတ်၍၊ မှန်အိမ်မှာစာနီနဲ့ ဂျာမနီမုံ့ဖက်ထုပ် ဆိုပြီး ည, ညလယ် ရောင်းတာကို နိမိတ်ကောက်သူ ကကောက်၊ မုန့်ဖက်ထုပ်သည်ကို ပုလိပ်ဘက်မှ လိုက်ဖမ်းကုန်ပြီ  ပြောသူက ပြောနှင့် တသောသော တကြိတ် ကြိတ်နှင့် စိတ်ဓါတ်လှုပ်ရှားနေကြသည်ကို တွေ့မြင် နေရပါသည်။
"ဗေဒါပင် ကမ်းကပ်တော့၊ နန်းအပ်မှအေးလိမ့်မည်" ဆိုသော တပေါင် ကြောင့်၊ အင်္ဂလန်ပြည် ပဉ္ဇမြောက် ဂျော့ဘုရင်က ဂျမဏီပြည့်ရှင်ဘုရင် ကိုင်ဇာကိုထီးနန်း အပ်ရမှာသေချာသည် ဟုလည်း တိုးတိုးပြော နေကြသည်ကို ကြားရသည်၊ ထိုခေတ်က ဘယ်ကစ၍ ရောက်လာသည်မသိရသော ဗေဒါပင်ကလေး များကို အိမ်တိုင်း၌ အင်ဒုံတွင်ရေထည့်ပြီး အလှစိုက်လေ့ရှိကြသည်၊ နောက်ပိုင်းပွားများ လာသဖြင့်အင်း အိုင် ချောင်း မြစ်တို့မှာ ဗေဒါပင် တွေပြည့်ကြပ်လာပြီး ရေစီးမရှိသော အင်းအိုင်တို့တွင် ရေကိုမမြင်ရ အောင်ပိတ် ဖုံးလာသည်၊ ဒါကို တပေါင်ဆရာတို့က မိမိတို့နီးစပ်ရာ လဘက်ရည်ကြမ်းဝိုင်းတွင် ပဲပြုတ် ဆီဆမ်း နှင့်မြီးရင်း ယခင်ကသင်္ဂြိုဟ်ပရမတ် ငြင်းကြမည့်အစား ဂျာမဏီ ပထမကမ္ဘာစစ် တရားကို နှီးနှော နေကြ ပါသည်။
သို့သော် ရက်မှလသို့ကူးလာသောအခါ ရိုးသွားပြီးကြောက်ရွံ့စိုးရိမ်မှုတွေ ပြေသွားကြပါသည်။ အင်္ဂလိပ် သတင်းစာ မြန်မာသတင်းစာများ၌ပါလာသော စစ်သတင်းကိုလေ့လာနားထောင်ရုံမှတပါး စိုးရိမ် ကြောက်ရွံ့မှု့ များ လျော့ပါးသွားကြပါသည်၊ ဘိုးဘိုးဝက်မစွတ်မြို့စားမင်းကြီးမှာ မင်းတုန်း ဘုရင်ကြီးနှင့် သီပေါမင်း တို့နှစ်ဆက်တိုင် အနောက်တိုင်းသို့ သံတမာန်အဖွဲ့ဝင်အဖြစ် သွားတိုင်း ပါဝင်ခဲ့ရ၍ အင်္ဂလန်၊ ပြင်သစ်၊ အိန္ဒိယပြည် ဆင်မလား စသည်များကိုရောက်ဘူးပြီး အခြားသော မှူးတော် မတ်တော်ကြီး များကဲ့သို့ သို့ဆောင်းစကားနှင့်သိုးဆောင်းစာကို တော်သင့်လျှောက်ပတ် ရုံမျှ တတ်မြောက် နားလည် ခဲ့သူ ဖြစ်ခြင်းကြောင့် မြန်မာပြည်နှင့်အင်္ဂလန်ပြည်ဂျာမဏီပြည်တို့ မည်မျှ ဝေးကြောင်း၊ သူတို့ နိုင်ငံတွင် ဖြစ်ပွား နေသော စစ်ဘေးစစ်ဒဏ်မှာမြန်မာပြည်က တိုက်ရိုက် ထိခိုက်နိုင်ပျက်စီးစေနိုင်မည့် အရိပ် အယောင် မရှိ ကြောင်းကို ဆိုင်ရာမင်းယောက်ျားပိုင်းတွင် ရှင်းလင်း ပြောနေရသည်ကို တွေ့မြင် နေရ ပါသည်၊ ဖေဖေဦးမြတ်ကျော်ကလည်း အင်္ဂလိပ်ဘာသာ နှင့် ဂျာနယ်မှာပါရှိသော စစ်သတင်းနှင့် ဓာတ်ပုံ များ ကို၎င်း၊ မြေထဲပင်လယ်နှင့်ဘလက်စီးခေါ် ပင်လယ်နက်ကို ဆက်ထားသောတူရကီပြည်နှင့် ဘူလ်ဂေး ရီးယားပြည်အကြားရှိ ဒါလင်နယ်ရေ လက်ကြားတိုက်ပွဲမှ ရေငုတ်သင်္ဘောများနှင့် တိုက်ခိုက်ကြ ပုံများ ကို၎င်း၊ ရှင်းလင်းပြောပြ၍ စစ်ဗဟုသုကို ဖြန့်ရင်းပင် အလှူနေ့ရက်ချိန်းက တစ, တစနီးကပ် လာပါ သည်။
နေ့ရက်ကို ဘိတ်စာများ ကမ်းပြီးလေပြီ၊ အလှူကိစ္စပုံကြီးချဲ့ လက်စတွေကိုလည်းဆက်လက်လုပ် ကိုင်စီမံလျက်ခြေသွက်နေကြပါပြီ။ အကျွေးအမွေးက မင်းမျိုးမင်းနွယ်တို့အကြိုက် နန်းတွင်းသုံး အချိုအုပ်-အဆိမ့်အုပ်-အချဉ်အုပ်- လဘက်အုပ်စသည်များဖြစ်၍ ဦးမြတ်ကျော် အကြိုက်က ကိတ်မုန့်စုံ နှင့် အိုက်စကရင် တို့ကို မေမြို့ ဗီယာနာကဖီး ခေါ် အင်္ဂလိပ်မုန့်တိုက် ကြီးမှ မှာယူပြီးဧည့်ခံ ဘွိုင်ကုလား များပါ အသုံးပြု ပါသည်၊ ထိုခေတ်က ဗီယာနာကဖီးမှာ ရန်ကုန်မြို့နှင့် အင်္ဂလိပ်တွေ အနေများသော မေမြို့ မှာသာ ရှိပါသေးသည်၊ မန္တလေးမြိှု့ရှိ ဧည့်ခံပွဲများမှာ မြန်မာဆန်ဆန်သာ ကျွေးမွေးဧည့်ခံမြဲဖြစ်၍ အင်္ဂလိပ် မုန့်တိုက် များ မပေါ်လာသေးသော အချိန်အခါ ဖြစ်ပါသည်။
ဇာတ်ပွဲများ ထိုအခါက တဟုန်ထိုး အလွန်လူကြိုက်များသော ဘာဂျာဘအေးခေါ် ဇာတ်မင်းသား ခေါင်း ဆောင်သည့် ဇာတ်ဖြစ်၍ နေ့ပိုင်းထိုင်ဆိုစန္ဒယားဝိုင်းမှာ အဆိုတော် ဦးလူကြီးနှင့် ဒေါ်စိန်သုံ ဒေါ်စိန်ဆင် ကြီး တို့ဖြစ်ပါသည်။
သို့သော် အလှူမတိုင်မီတနေ့ညဉ့်မှာ၊ ဆိုင်းဝင်သည်ဟုထုံးစံရှိ၍ ဆိုင်းတီးရသည်၊ ဆိုင်းနှစ်ဝိုင်းကို ၀င်းပေါက်ဝ ရှိ ကျောက်လမ်းမပေါ် မှာ အရှေ့ဘက်အပေါက်တွင်တ၀ိုင်း၊ တောင်ဘက်အပေါက်တွင် တ၀ိုင်း တီးစေ သည်၊ ထိုဆိုင်းဝိုင်းနှစ်ဝိုင်းမှာ ဆိုင်းဆရာ-ဆရာစိန်နှင့်စိန်ဗေဒါကြီး တို့ ညီအစ်ကို အပြိုင်ကြဲ စေသော ဆိုင်းပွဲ များဖြစ်ပါသည်။
ညဉ့်ဦး ဆိုင်းပွဲများ စည်ကားနေချိန်တွင် ရင်းနှီးသောဧည့်သည်များ တဖျောက်ဖျောက် လာလျက်ရှိ သည်၊ မဏ္ဍပ်တွင်း၌ လှူဘွယ်ဝတ္တုပစ္စည်းပဒေသာပင်များလည်း ပြင်ဆင်သူကပြင်ဆင်ကြသည်၊ ထိုအချိန်တွင် အလှူဒကာ ပျောက်နေသဖြင့် လိုက်ရှာရသည်၊ ဘယ်မှာမှ ရှာ၍မတွေ့၊ ဧည့်သည်များ ကလည်း မေးလှသည်၊ မေမေစိတ်ပူနေသည်ကိုလည်း တွေ့ရသည်။ ခဏကြာသောအခါ ကိုမြတ်ကျော် ၏ အိမ်တော်ပါ ငယ်တပည့်ဖြစ်သူ တဦးက မေ့မေ့အနား တိုးတိုး လာပြောသည်။
(မောင်မောင် ရယ်လေ မျက်နှာသုတ်ပ၀ါကြီး ခေါင်းပေါင်းရုပ်ဖျက်ပြီး၊ ဆရာစိန့်ဆိုင်းဝိုင်းကြီးထဲမှာ ၀င်တီး နေတာ တွေ့ခဲ့ရပါတယ်ဟု ဆိုလေသည်၊ အမေက လူတွေသိမှာ ရှက်လှချီရဲ့ဟုပြောပြီး အရေးတကြီး လက်တို့ ၍ အခေါ်ခိုင်းလိုက်သည်ကို မြင်ရပါသည်)
ကျမအဘို့တော့ သူတို့အလှူကိစ္စအတွက်လှုပ်ရှားမှုတွေကို ဘာမှ နားမလည်ခဲ့သော်လည်း မှတ်သား မိသမျှ မင်းခမ်း မင်းနားနှင့် ချဲ့ကြသလောက်မှာ အတော်ကလေး ပင်ပန်း လိုက်ပါသေးသည် ။ အလှူ မတိုင်မှီ ၂-ရက်ခန့်ကလှူသောဘုရား ဆင်းတုတော်တဆူနှင့် စာတိုက်ကျောင်းဆောင်များ ကိုအတီးအမှုတ် နှင့် သွားပင့်ကြရသည်၊ ဘုရားကိုတင်၍ပင့်သော မှန်စီရွှေချရှေးကယာဉ်ရထားတခု ကို ဆွေမျိုးတသိုက်က ပိတ်ဖြူကြိုး နှင့်ဆွဲရသည်၊ နောက်မှယောကျာ်းများက ညင်ညင်သာသာတွန်း ပေးကြသည်၊ ယာဉ်ရထား၏ ရှေ့ပိုင်းမှာ မြန်မာဘုရင် လက်ထက်က စောင်းတီးရာ၌ နာမည်ကြီး တဦးဖြစ်သော ဒေ၀ဏ္ဍန္ဒာ မောင်မောင်ကြီး ပဉ္ဇသီခနတ်သား ကဲ့သို့ ၀တ်ဆင်ပြီး စောင်းတော်ပိုက်ခါ တီးလာသည်၊ ဒေ၀ဏ္ဍန္ဒာ မောင်မောင်ကြီးမှာ ရဟန်းဘောင် ၀င်ထားရာမှ ခေတ္တလူဝတ်လဲထားချိန် ဖြစ်၍၀က်မစွတ်မြို့စားကြီးက တူရင်း သားရင်း ကဲ့သို့ ခင်မင်ခဲ့ သူဖြစ်၍ တကူးတတန်လာရောက်ကူ ညီခြင်းဖြစ်ပါသည်၊ ထိုနည်းအတူပင် ရွှေဘိုမြို့ ၌နေထိုင်သော အဝေးရောက်မင်း ဦးအောင်ကြီးက လည်းရှေးနန်းစဉ်ထုံးစံအတိုင်း သူကိုယ်တိုင် စည်တော်ကြီး သီချင်းများကို သီဆိုတီးရွမ်း၍ သင်းကြန် ဆောင်ဆင်းသောအခမ်းအနားမှာ ကူညီ ပါသည်။
သင်းကြန်ဆောင်ဆင်းရသော အဓိပ္ပာယ်မှာ အလှူပွဲ မ၀င်မှီ ဘုရားပင့်သောနေ့ ညနေပိုင်း တွင် ရွှေချည်ထိုး ရာမှ ပြီးစီးသော စည်းပုံ၊ ထမီ၊ သိုရင်းအကျီများ နှင့် နားသမည့် စိန်အပ်တစုံကို ကလပ် များမှာ တင်လျက် ကန်တော့ပွဲနှင့် အန္တရယ်ကင်းပရိတ်နာထားရသည်၊ နောက်တနေ့ သင်းကြန် ဆောင်သို့ ဆင်းရန် ပုဏ္ဏား များက အချိန်အခါရွေးပြီး စောင့်ရသည်၊ အချိန်ကျ၍သင်းကြန်ဆောင် အဆင်းမှာ စည်တော်ရွမ်း ရပါသည်၊ အဝေးရောက်မင်း၏ စည်တော်ကြီးအဖွဲ့က သင်းကြန်ဆောင် ရှေ့မှာရှိပါသည်၊ သင်းကြန် ဆောင်ကို ရောက်သောအခါ ခေါင်းလျှော်ဟန်ဆံပင်အဖျားကို သရော် ကင်ပွန်းရေနှင့် ပုဏ္ဏားမများ (ပုဏ္ဏားမ ကို ဆိုလိုသည်)က စတိအဖြစ် လျှော်ပေးခြင်း လက်သဲ, ခြေသဲတို့ကို စတိမျှသာ လှီးပေးခြင်း ပြုပြီး မနေ့က ပရိတ်နာထားသော ကုလပ်နှင့်သိုရင်းအကျီ စသည်များကိုအချိန်နာရီနှင့်ကိုက်ညီအောင် စ၍ ၀တ်ရသည်၊ ၀တ်ပြီးသောအခါအိမ်ပေါ်ကို ပြန်တက်လာရသည်၊ ရွှေချည်ထိုးထည်ကြီးတွေကို သယ်ပိုး ၀တ်ဆင် လာရသည်မှာ အလွန်လေးလံ ပြီးထူလွန်းလှသဖြင့် ချွေးတလုံးလုံး နှုင့် ဒုက္ခခံ လိုက်ရသည့် ဖြစ်ခြင်း၊ သို့ပေမင့် သူတို့ လူကြီးများ ၏ အယူအဆနှုင့်ဝါဒက ဒါတွေကိုမလုပ်လျှင်ဘဲ ငရဲကြီး ရတော့ မလိုလို။
နောက်တစ်နေ့ ဧည့်ပရိတ်သတ်များ အလယ်၌ဒါကြီးတွေကို ၀တ်ပြီး ထိုင်ရဦးမည်ကို ကြိုတင်စိုးရိမ် မိသည်၊ သို့သော် ရှောင်မရတိမ်းမရသော ကိစ္စဖြစ်သည်၊ နားထွင်းရန်ညောင်စောင်းမှာ ထိုင်ရလေပြီ ပုဏ္ဏးတော် တွေက ကြွက်ကြွက်ညံအောင် ရွတ်ကြ, ဘတ်ကြ ပူဇော်ပွဲမြှောက်သူထမင်းခွန့် ထမင်း ခံလုပ်သူ တွေနှင့် အနားတွင်ဆူနေကြသည်၊ ပီးတော့မှအနာတရနားကို စိန်ထိပ်အပ်နှင့် ထိုးဖောက် ခြင်းခံ ရသည်၊ နားထွင်းပေးသူက မင်းတုန်းမင်းတရားကြီး သမီးတော်ချွန်းတော်မြို့စား ထိပ်ခေါင် တင်ဖြစ် ပါသည်။
ထိုအချိန် ကစပြီး နာလွန်းသဖြင့်ပူထူသွားပြီး ဘာမှ မမှတ်မိတော့ဘဲ အခန်းထဲ ပြန်ပို့လိုက်ကြသည် အထိ အော်မငိုမိ ရန် အတော် ကြိုးစား ထားရပါသည်။
နောက်ပိုင်း မှာတော့ ၀ဋ်ကျွတ်သွားပြီ ဟု အ၀တ်ထူ ကြီးတွေ ချွတ်ပစ်ပြီးဝမ်းမြေုာက် ၀မ်းသာရွယ်တူ ကလေး များနှင့် မုံ့တွေ စားလိုက် ပွဲကြည့်လိုက်နှင့် အချိန်ကုန်ခဲ့သည်။ ငွေကုန်လူပန်းနှင့် တခမ်းတနား လုပ်ခဲ့သော ကိစ္စများမှာပြီးစီး၍ ပြန်လည်သိမ်းဆည်းနေရသည့် နေ့ရက်ကလည်း အတော် ကုန်သွားကြ ပါသေး၏
အခွင့်မှာ ၆-လယူလာခဲ့ရာ ၃-လတိတိကျန်နေသေး၍ မန္တလေးမှာပင် အနားယူ နေကြပါသေးသည်၊ ထိုအတွင်း ဘိုးဘိုးမစွတ်မြို့စားမင်းကြီးသည် ကျမအားနေ့စဉ်အပါးသို့ခေါ်ထားပြီး စာဖတ်ခိုင်းသည်၊ ဖတ်ရသော စာမှာ ဦးကုလား မဟာရာဇ၀င် အထိဖြစ်၍ ဖတ်ပြရင်းနားမလည်သော ခက်ဆစ် အဓိပ္ပာယ်များ ကို စိတ်ရှည်, လက်ရှည်ရှင်းပြသည်၊ ဓမ္မစကြာသုတ်မှ အနတ္တလက္ခဏာသုတ်အထိ ကျောက်ပန်းတောင်း ၀တ်ကျောင်း ဇရပ်မှာ လူကြီးများနှင့်ရောနှောရွတ်ခဲ့၍ အလွတ်ရနေသော ကြောင့်အကျက်မခိုင်းတော့ဘဲ၊ ငါ့မြေးကစိတ်ကြမ်းကိုယ်ကြမ်းရှိသည်၊ သို့ကြောင့်သင်္ဂြုလ် ၉-ပိုင်း ကုန်အောင်ကျက်ရမည်ဟု ဆိုကာ တနေ့ စာကျက်မှတ်၍ အလွတ်ရသောအခါ နောက်တနေ့ သင်္ဂြုလ်ကိုရုပ်ခွဲပေးသည်။ သင်္ဂြုလ်ကျမ်း ကိုသင်လျှင် လူပျော့ပြောင်းနူးညံလာသည်၊ သဒ္ဒါတတ် လျှင် နှုတ်သွက် လျှာသွက်ရှိသည်ဟု အယူ ရှိကြ ပါသည်။ သို့ကြောင့်သင်္ဂြုလ်တတ်လျှုင်ပျော့ သဒ္ဒါ တတ်သျှင်ဆော့သည်ဟူ၍ စကားပုံရှိပါသည်၊ ကျမကို ပျော့ပြောင်း နူးညံ့လာစေခြင်းငှါ သင်္ဂြုလ်ကို စ၍ သင်ပေးရသည်ဟု ဆိုပါသည်။
ဘုရားထူးဦးချဝါ၀ရ
အနောက်ပိုင်း မိန်းမ ဆောင်ဘက်သို့ ၀င်လာလျှင်တော့ ဖွားဖွားဝန်ကတော်ကြီးအနားမှာ မိန်းမ ဧည့်သည် တွေ မပြတ်ပါ၊ သူတို့သည်ရှေးကနန်းတော်သူ အပျိုတော်ကြီးငယ်နှင့်မြို့စားရွာစားများ ဖြစ်ကြပါသည်၊ ကျမ ထိုင်၍ နားထောင်လျှင် နန်းတွင်းတုံးကရှေးဟောင်းနှောင်းဖြစ်ဖြစ်သူကို ပြန်ပြောနေကြခြင်း၊ သီပေါမင်း ပါတော်မူစဉ်က ဘယ်သို့ဘယ်ပုံထိတ်လန့်၍ ပြေးဝင်ပုန်းအောင်း ခဲ့ရခြင်းစသည်များသာ ဖြစ်ပါ သည်၊ သူတို့ထိုင်ပုံနေပုံများမှာ အလွန်ညောင်းညာဘွယ် ကောင်းပါ သည်။ ကြမ်းပေါ်မှာ သင်ဖြူချော ကလေး ခင်းပြီး ကြုံ့ကြုံ့ ၀ပ်၍ မေးထောက်ခါ တဘက်ကဖက်ဖြူ ဆေးပေါ့လိပ်ကြီးတွေ သောက်ရင်း စကား ပြောလေ့ ရှိကြပါသည်။ သူတို့အပါးသို့ ကျမရောက်သွား လျှင် သူတို့ကဲ့သို့ ပျော့ပျော့ ပြောင်း ပြောင်း မနေတတ်သောကြောင့် ကိုယ် အမူအရာ အားဖြင့် ကျွတ်ဆပ်ဆပ် ကြွစောင်းစောင်း ဖြစ်နေပုံ ရပါ သည်။
တယောက်ကို တယောက်ကြီးစဉ်ငယ်လိုက် ထူးလိုက်ရသည့် 'ဘုရား'ကလည်း အမောတကောပင် အိမ်ကို ဆွေထဲ မျိုးထဲက ဧည့်သည်လာလျှင် ထိုင်, ထိုင်ခြင်းရှိခိုးဦင်္းချကြသည်၊ ပြန်ခါနီးလျှင်လည်း ရှိခိုးဦးတင်းပြီးမှ ပြန်ရသည်၊ သည်ကိစ္စမှာ သေးငယ်သည့်ကိစ္စမဟုတ်ပါ၊ ၀ါကြီးဝါငယ်ကြီးစဉ်ငယ် လိုက်ဦးချကံတော့ရသော အလေ့ အထ ဖြစ်၍ သူတို့မှာ အပန်းမကြီးသော်လည်း ကျမအဘို့မှာ အကျင့် မရှိ၍ အထူး အဆန်း ဖြစ်နေ ပါသည်၊ တခါတလေလည်း ဖွားဖွားမမသက်ပြောဘူးသော ၀ိဋဋူပမင်းသားနှင့် သာကီဝင် တွေ တွေ့သော အခါ ငယ်ရွယ်သူတွေကို ရှိမခိုးစေရအောင် ဖွက်ထား သည်ဆိုသော ၀တ္တုထဲက အပိုဒ်တခုကို သွား၍ သတိရကာ ဧည့်သည်ပြန်ခါနီး ဒီဥစ္စာမျိုးတွေ မလုပ်ရအောင် ကပြာကယာ ပြေးရှောင် ထွက်သွား မိသည်။ ဒါတောင်မှ မရအရခေါ်ပြီးခိုင်းကြပါသေး သည်၊ ဂေါရဝေါစနိဝါတောစဆိုသော မင်္ဂလာ တရားတော် အရ ပြုလုပ်ကြရခြင်း ဖြစ်စေကာမူ ဧည့်သည်လာတိုင်း, လာတိုင်းဂါရဝေါစတွေ ခဏ, ခဏ လုပ်ရ သည်မှာ ကြာတော့ ခလေးပီပီ လက်ညောင်း လာသောကြောင့် လစ်ပြေးခြင်း သာ ဖြစ်သည်၊၊
တခါတခါမှာလည်း ကျမကိုယ်တိုင် ဂါရဝေါစခံရပါသေးသည်၊ဤအခါမျိုး၌ကျမမှာ မျက်လုံးပြူးတူး ပြဲတဲနှင့် မနေတတ်၊ မထိုင်တတ်ဖြစ်သွားရပါသည်၊ ( ကိုယ်တော့် မေမေ ဘုရားကခေါ်နေတယ် လဘုရာ့) ဆိုသော စကားလုံး မျိုးပင်၊ သူတို့သည်အိမ်ဖေါ်များ၏ သားသ္မီး ကလေးတွေဖြစ်၍ ကျမနှင့် ကစားဖေါ် ကစား ဘက်များဖြစ်ကြသည်။ ရွယ်တူကလေးချင်းချင်း သူတို့ကဘုရားထူးကြ ရပြန်သည်၊ ဒါတွေ မန္တလေးမြို့ရှိ နန်းတွင်းအဆက် အနွယ် အိမ်တိုင်းမှာ တွေ့ရစမြဲ ဖြစ်ပါသည်၊ သူတို့သည်ရှေးက အစဉ်အလာအတိုင်း အကျင့် မပျောက်ကြပါ၊ ရှေးခေတ်တပည့် လက်သား ဟောင်းများသည် မြန်မာဘုရင်မရှိ၍ မိမိ ဆရာသမား များ တန်ခိုး အာဏာ မှေးမိန်လာသော်လည်း အရိုအသေ တရားမပျက်ကြပါ၊
ကျေးဇူးသစ္စာ ကိုလည်း သိတတ်ကြသူကများပါသည်၊ ကျမကိုယ်တိုင် သိမှီသော အရွယ်တွင် ၀က်မစွတ် မြို့စား ကြီး ဘိုးဘိုးဖွားဖွားတို့အိမ်၌ ရှေးက (ငွေဝယ်ကျွန်နှင့်လက်ဆောင်ရကျွန်) ခေါ်သည့် အမျိုးသ္မီး များကို အင်္ဂလိပ်အစိုးရ လက်ထက်၌ အထားရသဖြင့် သူ့နေရာဋ္ဌာနသို့ ပြန်လွတ်လိုက်ရာဝယ် အချို့မှာ အိမ်ထောင် ရက်သားကျ၍ ချမ်းသာကောင်းစားနေသည့်တိုင် အောင်မမေ့မပျက် တနှစ် တကြိမ် လာရောက် ၍ ကံတော့ကြသည်ကို တွေ့မြင်လိုက်ရ ပါသေးသည်၊ ၄င်းနည်းတူပင် မှူးတော်  မတ်တော် မြို့စားကြီး များ၌ အဆောင်ကိုင်များ၊ အဆောင်ကိုင်မှူး၊ ဝေါထမ်းဆင်ထိန်းစသူတို့လည်း ကိုယ့်စီးပွား ကိုယ်ရှာ စား၍ ချမ်းသာကြီးပွား သွားသည်တိုင်အောင် မမေ့မပျောက် တစ်နှစ်တကြိမ် လာရောက်၍ ကံတော့ ကြသည်ကို တွေ့မြင်လိုက်ရ ပါသေးသည်၊ ၄င်းနည်း တူပင်မှူးတော်မတ်တော် မြို့စားကြီးများ၌ အဆောင်ကိုင်များ၊ အဆောင်ကိုင်မှူး၊ ဝေါထမ်း ဆင်ထိန်းစသူတို့လည်း ကိုယ့်စီးပွား ကိုယ်ရှာစား၍ ချမ်းသာ ကြီးပွားသွားသည် တိုင်အောင် မမေ့မလျော့ လာရာက်ကံတော့ တတ်ကြပါသည်။
ငွေကုန်ကြေးကျ စရိတ်စကတွေ ကလည်း မများသေးသော အချိန်ဖြစ်ပါသည်၊ အောက်မြန်မာ ပြည်မှ အင်္ဂလိပ် လက်အောက် သို့အနှစ်-၅၀ ခန့်စော၍ရောက်သောကြောင့် အနောက်တိုင်း အစားအသောက် အနေ အထိုင်များ ရောနှောလာသော်လည်း အထက်မြန်မာပြည် မန္တလေး မြို့မှာတော့ ခေတ်နောက်ကျ လျက်ရှိပါသေးသည်။ အိမ်ခြေတရာလျှင် (၁၀) ဦးလောက်မှ အိမ်မှာလဘက်ရည်ကာဖီ ဖျော် သောက်လေ့ မရှိကြသေးသည်ကို ကျမ ၉-နှစ် ၁၀-နှစ်ရွယ်အထိ သိမြင်ခဲ့ရပါသည်။ ကာဖီဆိုင်ကိုကာဖီ ရှပ် ဟုခေါ်သည်။ ၄င်းဆိုင် များမှာ အင်္ဂလိပ်ကျောင်းသား များ ကာလသားများသာ ၀င်ရောက် သောက်လေ့ရှိပါသည်။
ယောကျာ်းများသည် ဆံပင်ထားကြသည်၊ လူပျိုကာလသားများးက ဆံပင်ကို ခပ်စောင်းစောင်း ထုံးလျက် ခေါင်းပက်လက် ပေါင်းသည်။ ဆင်ကပေါင်းဟုလည်း ခေါ်သည်၊ ယခုခေတ် ဇာတ်မင်းသားများ ပေါင်းပုံနှင့် ခတ်ဆင်ဆင် တူပါသည်။ လူအိုများကတော့ ဆံပင်ထုံးပြီးပုဝါကို အုပ်ပေါင်း၊ ပေါင်းလေ့ရှိကြသည်ကို သိမှီ တွေ့မြင် လိုက်ပါသေးသည်၊ အင်္ဂလိပ်ဆံတောက်၊ ဗိုလ်ဆံ တောက်ဟု အင်္ဂလိပ်ကျေင်းသား တချို့တလေ အစပြု၍ ထားလာကြကိုပင် မြန်မာ့ဦးစွန်းမပယ် စကောင်းဟု အရေးတကြီး တားဆီး ပြောဆို နေကြ သည်ကိုလည်း မှတ်မိသေးသည်၊ သို့သော် အောက်မြန်မာပြည်မှာတော့ ဗိုလ်ဆံတောက် ညှပ်ခြင်း၊ လဘက်ရည် ကာဖီအချိုသောက်ခြင်း စသည်များ ယဉ်ပါးနေကြပြီ ဖြစ်သည်ဟု သိရှိရပါသည်။
သို့နှင့် ခွင့်ရက်စေ့ ခါနီးသောအခါ အစိုးရထံမှ မည်သည့်အရပ်သို့သွားရမည် ဆိုသောအမိန့်စာ ကို စောင့်ရင်း ဖေဖေဦးမြတ်ကျော် သည် ကျမအားမန္တလေးကွန်ဗွင့် ကျောင်းတွင် ဘော်ဒါထား ခဲ့မည်ဟု ၀တ်စုံများ မှာယူခြင်း၊ သေတ္တာအိပ်ရာများဝယ်ခြမ်းစေ ခြင်းပြုပါသည်၊ ဤတွင်အဖေနှင့် အမေတို့ သ္မီး ကျောင်းထားရေး ကိစ္စကို စိတ်ကူးတမျိုးစီဖြစ် လာပါသည်၊ ဖခင်က ဂါဝန်ဝတ် ကျောင်းမှာ ထား၍ အင်္ဂလိပ်စာ ကို တန်းကုန်သင်နိုင်သရွေ့ သင်ပေးလိုသည်။ အမေကတော့  မိန်းကလေးဖြစ်၍ ခွဲမထားချင်ပါ၊ သ္မီးကို အလုပ်၊လုပ်စား စေမည်မရည်ရွယ်၍ အတူနေပြီး အင်္ဂလိပ်စာ အသင့် အတင့် ဘတ်တတ်ရုံ လောက်သာ ထပ်သင်စေလိုသည်။ ထိုခေတ်ကမိန်းမပိုင်း အထက်မြန်မာပြည်မှာ မိန်းကလေးများကို အလွန်ဆုံး ၁၂- နှစ်သ္မီးထက်ပို၍ ကျောင်းမထားလို သောအစွဲလမ်း လျှိ့ဝှက်ချက်တခုရှိသည်။
ဤအထဲမှာ အထူး သဖြင့် မေမေ၏  အသိုက်အအုံ အသိုင်းအ၀ိုင်းများသည် ကျောင်းထားမည့် အကြောင်းကို သိသွား ကြသည် နှင့် တပြိုင်ထည်း ရင်တမမနှင့် ဖြစ်ကုန်ကြသည်၊ ဒီကလေး ဂါဝန်ဝတ် ကျောင်းမှာ သွားပို့ထားရင် ယေရှုခရစ်မကြီး ဖြစ်သွားတော့မှာဘဲဟုဆို ကြသည်။ ဤအဆိုက မိခင်ဖြစ်သူကိုပို၍ စိုးရိမ် သောက ဖြစ်သွား စေသဖြင့် ဖခင်အား ပြင်းပြင်းထန်ထန် တားမြစ်ပါတော့သည်။ ဖေဖေဦးမြတ်ကျော်၏ ရည်ရွယ် ချက်မှာ အများနှင့် တစ်ယောက်ဖြစ်သောကြောင့် လက်မြှောက် အရှုံးပေးလိုက် ရပါတော့သည်။
ဤသို့သော အကြောင်းများ ကြောင့် ခွင့်ရက်စေ့၍ အစိုးရဋ္ဌာနမှ မကွေးမြို့သို့ ပြောင်းရွှေ့ အလုပ်ဝင် စေရန် အကြောင်းကြားစာ ရောက်လာသောအခါ ကျမသည် မန္တလေးတွင် မနေရစ်ခဲ့ရတော့ဘဲ မကွေး မြို့သို့ စာပို့သင်္ဘောကြီးနှင့် စုန်ဆင်းလိုက်ပါ လာခဲ့ရပြန်ပါသည်။ မကွေးမြို့တွင် တနှစ်ခွဲခန့် နေရသော အခါ အိမ်နှင့် မျက်နှာချင်းဆိုင် မှာအင်္ဂလိပ် ၇-တန်းကျောင်းတခုရှိသည်၊ ကျမကို ကျောင်းထားရန် စိတ်ကုန် သွားဟန်ရှိ၏။ ဘာမှမပြောတော့ဘဲ နေသည်၊ မေမေကလည်း အိမ်ရှေ့တွင် ကျောင်းရှိ နေသားနင့် ဆက်လက် ထားပေးရန် ဂရုမစိုက်ဘဲ တလနီးပါး အချိန်ကုန် သွားသည်၊ သို့သော် ကျမ ကျောင်းထား ပေးဘို့ပူဆာတော့မှာ အိမ်နီးချင်းဖြစ်သူ ပုလိပ်ရုံးစားရေး ကြီးတယေက်ကို သွားရောက် ကျောင်းအပ် ပေးလိုက်စမ်းပါဟု ခပ်ပေါ့ပေါ့ပင် ပြော၍ ထည့်လိုက် သည်။
ထိုကျောင်း မှာ ၅-တန်းအထိ ရောက်လာပြီးရွှေဘို့မြို့သို့ ပြောင်းရွှေ့လာခဲ့ရပြန်ပါသည်။ ရွှေဘိုမြို့ တွင်လည်း တနှစ်ခွဲခန့် ကျောင်းဆက်နေရပါသေးသည်၊ ၆-တန်းမှလွန်၍ ၇-တန်းစာမေးပွဲ ၀င်ရခါနီးတွင် မန္တလေး သို့ ရွှေ့လာရ၍ ကျမ၏ကျောင်းစာ သင်တန်းသည် ဤတွင်နိဋ္ဌိတံခဲ့ရပါသည်။ သို့သော် ရွှေဘိုမြို့ တွင် နေထိုင်ခဲ့ရစဉ်အခါ ကျမအဘို့ရာဇ၀င် အမှတ်အသားဘက်မှကိုယ်တွေ့ မျက်မြင် အမြတ်ထွက် ခဲ့ရသည်များ ကို စာပေရေးသား နေသော အခါရောက် မှ တန်ဘိုးကို နားလည် မိပါသည်။
ကျမ၏ဘိုးဘိုးဝတ်မစွတ် မြို့စားကြီးသည် မကွေးမြို့၌ နေစဉ်က တကြိမ်အလည် လာဘူးသည် ၊ ရွှေဘိုမြို့ ရောက်သော အခါလည်း တကြိမ် ရောက်လာသည်။ အဝေးသို့ခွဲ ထည့်လိုက်ရသော သ္မီးကိုအချစ်ပိုပုံရသည်၊ သ္မီးနှင့် သားမတ် တို့ကလည်းအခလည် ရောက်တိုင်းပြုစုယုယရာ၌ လိုလေသေးမရှိအောင် ၀တ္တရား ကျေကြ ပါသည်။
မကွေးမြို့သို့ ရောက်လာစဉ်ကလဲ မကွေးမြသလွန် ဘုရားကုန်းတော်သို့ တက်လျှင် ကျမကအတူပါခဲ့ ရသည်။ ဧရာဝတီမြစ်နဖူးရှိ မကွေးမြသလွန်ဘုရားကုန်းအောက်မှနေ၍ မင်းဘူးမြို့ တဘက်ကမ်း ရှိ စက္ကိန်းတဲ့ ဘုရား သမိုင်း၊ မကွေးမြတ်သလွန် ဘုရားသမိုင်း မလွန်မြို့ရှိ မြသပိတ် ဘုရားသမိုင်း နှင့် လယ်ကိုင်း ကျောင်းတော်ရာ သမိုင်းများ ပါဝင်သော ရွှေစက်တော်ဘုရားသမိုင်းကို မြေးငယ်အားစိတ် လက်ရှည် စွာဖြင့် ပြောပြ တတ်လေသည်။
ယခုရွှေဘိုမြို့သို့ အလည်ရေက်လာသောအခါမူကား မြို့ခံလူကြီးတချို့မှာ ရတနာ ပုံနေပြည်တော် ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ပြီးနောက ရေကြည်ရာမြတ်နုရာ ဆိုသလိုပြောင်းရွေ့နေထိုင်လျက်ရှိသော နန်းတွင်း အဆက်အနွယ် အရာရိုအရာခံဟောင်းများနှင့် မြို့စားရွားစား သီပေါမင်းအပျိုတော် ဟောင်း များလည်း ရှိကြသည်။ သူတို့သည် ရှေးအဆက်အနွယ် ဟောင်းများကိုတယောက် လာ ရောက်တွေ့ ကြသည်၊ ရှေးဟောင်းနှောင်းဖြစ်ပြောကြေသည်။ ဗဟုသုတနှီးနှောဖလှယ် တတ်ကြ သည်။
သူတို့တစုနှင့် ဘိုဘိုဝက်မစွတ် မင်းကြီးသည် ကျမကိုခေါ်ကာရွှေဘို၏ ရှေးဟောင်းရာဇာဝင်၊ အင်းဟင်္သာ ဆင်း၍ ဟင်္သာမုဆိုးလေးနှင့်ခွင်းရာ၌ မုဆိုးဘိုရွာက ထန်းသုံးတပ်သားများနှင့် အလောင်း မင်းတရားကြီး အကြောင်းနှင့် ကုသိုလ်ကောင်းမှုများဖြစ်သော အလောင်းမင်းတရားကြီး ၏ ချက်မြှပ်ရာ ရွှေချက်သို စေတီ၊ အလောင်းဘုရား၏ ဂူ၊ အလောင်းမင်းတရားကြီး၊ အောင်မြေနင်း ရာဋ္ဌာန၊ ဇမ္ဗူဆီမီး၊ ရွှဂူကြီး၊ ရွှေလင်းပင်၊ ရွှေခြသေ့င်္၊ ရွှေစေတီစသော ဘုရားစေတီများနှင့် မဟနန္ဒာ ကန်တော်ကြီး- ကန်ဦးစေတီစသော ကောင်းမှုတော်များကို  မှတ်မှတ်ရရရှိအောင် ပြောပြလေ သည၊ မဲဇာ တောင်ခြေ ရတုကို အလွတ် ဆိုခဲ့သော်လည်း ထိုအထဲမှ အဓိပ္ပါယ်များကို ပြတ်ပြတ်သား သားယခုမှပင် ကိုယ်တွေ့ မျက်မြင် ရာဇာဝင် နောက် ကြောင်းခံကာ လေးလေးနက်နက် သိရှိရပါသည်။
ရွှေဘိုမြို့၌ နေစဉ်အခါက အိမ်နှင့်မနီးမဝေး မှာနေထိုင်သော "မကျီးကန်-ခင်လေး"ခေါ်သီပေါမင်း၏ နန်းမတော်ကြီးစုဘုရာလတ်၏ အပျိုတော်မကျီးကန်ရွာစားသည် ထိုအခါက အိုမင်းမစွမ်းရှိ၍ စိန်ကုန် ကျောက်ကုန်များ ရောင်းရန်အစိုးရ အရာရှိများ အိမ်သို့ဝင်ထွက်သွားလာနေ သူဖြစ်သည် တွင် အရာရှိပိုင်း ကလည်း သနားသဖြင့် တတ်အားသရွေ့ ၀ယ်ယူကြသည်။
 ကျမတို့ရောက် သောအခါ ပင်ပန်းစွာသွားလာနေမည့်အစား အိမ်မှာလာနေရန် မေမေကခေါ်ထားပါသည်၊ ထို့ ကြောင့်အများအားဖြင့် အိမ်တွင်ညဥ့်အိပ်ညဥ့်နေ လာရောက်ခါ ကျမနှင့်အတူအိပ်ပါသည်၊ သူမအိပ် ခင်ကျမအား သီပေါမင်းနှင့် စုဘုပြောပြတတ်ပါသည်၊ သူ၏သခင်ရင်းများဖြစ်သောကြောင့်လည်း အလွမ်း ပြောပြောပြနေသည်ဟုဆိုပါသည်၊ တခါတခါလည်း ပြောရင်းပြောရင်းမှ မျက်ရည်များသုတ် သည်ကို တွေ့ရပါရော အဆိုးပါဒွေးရောယှက်တင် ဖြစ်နေပါသည်၊ သူသိထားသော အတွင်းရေးများ သည် အခြား သော နန်တော်သူတို့ သိရှိကြသော ရှုဒေါင့်မြင်ကွင်းမျိုးထက်ပင် ပိုပိုသာသာကြားသိ ရပါသည်၊ သူသည် ထိုအချိန်အခါက အတွင်းကျကျနေရ၍ စုဘုရားလတ်၏ ခိုင်းစေတော်မှုသမျှကို မြတောင်မြို့စားမင်သ္မီး ဘ၀မှ နန်းမတော်ကြီး စုဘုရားလတ်ဘ၀အထိ ပိပိယိယိအကျိုးတော်ဆောင် ခဲ့ရသူဖြစ်ကြောင်း သိရှိ ခဲ့ရပါသည်။
ထိုအခါမှာ ပထမကမ္ဘာစစ်က ဘော်လန်ဒီရာစစ်သား စုဆောင်းခြင်း၊ စစ်စရိတ်ငွေချေးခြင်း၊ ဘိလပ် မှ "မွန်တေဂူ"၏ ကတိများပေးခြင်းစသည်တွေ လွန်ခဲ့ပြီးစစ်ပြေငြိမ်းစ ဖြစ်မည်ထင်ပါသည်၊ မြန်မာ ပြည်သို့ အိန္ဒိယဘုရင်ခံချုပ်ကြီး လတ်ကစ်ဘက်ပြတ်သွားသူ လာမည်ဆို၍ မြန်မာပြည်က လက်ဖ တင်နင် ဂေါ်ဝါနာ ခေါ် ဒုတိယဘုရင်ခံက အစပြုပြီး အစိုးရအရာရို ဋ္ဌာနအားလုံးအလုပ်များ ကြရပါ သည်၊ ကျမ ဖေဖေ ဦးမြတ်ကျော် သည် မန္တလေးအထိသွား၍ အလုပ်ဝတ္တရားဆောင်ရွက်ရပါသည်။
၎င်းမှပြန်လာသော အခါရွှေဘိုမြို့မှနေ၍ ရန်ကုန်မြို့သို့ မြို့မရာဇ၀တ် ၀န်ထောက်ကလေး ရာထူး  နှင့် ပြောင်းရွှေ့ ရန် စာရောက်လာပြန်ပါသည်။
သို့သော် ဦးမြတ်ကျော်သည် ရုတ်တရက်မော၍ နှလုံးသွေားအားနည်းခြင်း၊ ချောင်းဆိုးလျှင် သွေးပါလာ ခြင်း စသော ရောဂါဖြစ်လာသည်၊ အပရိကပင် မှတ်ထင်၍ ဆရာဝန်ခေါ်ပြရာရောဂါ အခြေအနေ မဆိုးမှီ အနားယူ ဆေးစားစေချင်ကြောင်းကို ဆရာဝန်က အကြံပေးလေသည်၊ ဦးမြတ်ကျော် အလိုက ဆေးလည်း စားမည်၊ ရန်ကုန်လည်း အလုပ်လက္ခံရန်သွားမည်၊ ၂-မျိုးဆုံး ဖြတ်သည်။
မုန်းတိုင်းတချီစ, လေပြီ ဆက်ရန်
.
5 comments:
Anonymous said...
အမဆီက စာကိုစောင့်ရတာ..ကိုယ့်ကျောင်းစာတောင်ဆက်မလုပ်နိုင်အောင်ပဲ..။
အရမ်းကောင်းတယ်..အမရာ။ ဗဟုသုတလဲရတယ်..
မင်းမျိုးမင်းနွယ်တွေရဲ့ ဘုရား ထူးတာကိုလည်းရီချင်တယ်..
ခေတ်ပီးသွားတာတောင်ကျန်ခဲ့သေးတယ်..ဟီးး
ရောဂါ..ရောဂါဆိုတဲ့ သီချင်းလေးကို သွားသတိရမိသေးတယ်။
ရွှေရတုမှတ်တမ်း said...
ရွှေစင်သမီးတွေ စာရိုက်တာ သတ်ပုံတွေမှားလိုက်တာဒါပေမဲ့ဖတ်လို့ရပါတယ်
မြစ်ကျိုးအင်း said...
အမရေ အပိုင်း ၅ လည်း ဖတ်ပြီးပြန်ပြီ။
မြန်မာတွေရဲ့ ပွဲလမ်းသဘင်တွေက ချဲ့ရင်ချဲ့ သလောက် ကျယ်ပြန့်တာပါပဲလား
မောင်မောင် said...
ကျေးဇူးတင်ပါတယ် မရွှေစင်ဦး ရေ ဗဟုသုတတွေလဲ
အပုံကြီးရတယ်။ မြန်မာရာဇ၀င်လဲသိရတယ်။ခေတ် အခြေ အနေ ကိုလဲ မျက်စိထဲ မြင်ယောင်မိတယ်။
အမြဲလာအားပေးနေပါတယ်။
ခင်မင်ရပါသော
မောင်မောင်
မောင်မောင် said...
ကျေးဇူးတင်ပါတယ် မရွှေစင်ဦး ရေ ဗဟုသုတတွေလဲ
အပုံကြီးရတယ်။ မြန်မာရာဇ၀င်လဲသိရတယ်။ခေတ် အခြေ အနေ ကိုလဲ မျက်စိထဲ မြင်ယောင်မိတယ်။
အမြဲလာအားပေးနေပါတယ်။
ခင်မင်ရပါသော
မောင်မောင်