Saturday, January 30, 2010
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၄)
ဝလုံးကိုဝိုင်းအောင်ရေးတတ်ပြီ
ဝလုံးကိုဝိုင်းအောင်ရေးရသော ကင်ဒါဂါတင် အတန်းသူ ကလေးများမှာ ကြက်တောင်စည်း ဘူးပွင့်ကလေး များနှင့် ချည်းလိုလိုဖြစ်သောကြောင့် ကျမ၏ဆံတိုကို သူတို့နဲ့ တူအောင်အပေါ်ပိုင်း ကစုစည်းထား လိုက်သည်။ သို့သော် အောက်ပိုင်းကဆံစများက ဆံရစ်ဝိုင်းလို မဟုတ်ဘဲပွစိပွ ရောင်း မြင်မကောင်း အောင်ရှိသည်။ မေမေထံမှာနားပူနားဆာ လုပ်လွန်း၍ သရက်ထည်စတခုကို လုံကွင်းအဖြစ်ချုပ်ပေးသည်။ အထပ်ဆင်နှင့် ဘာနှင့်မဟုတ်ပါ။ ၎င်းလုံကွင်းကိုဂါဝန်ပေါ်မှ နေ၍၀တ် သည်။ ထမီကဲ့သို့ မ၀တ်ဘဲ မနက် ကျောင်းသွားခါနီးမှ အချိန်မီလဲလှယ်ဆင်ယင်ရသောကျောင်း ၀တ်စုံများဖြစ်ပါသည်။
ဗူးပွင့်ကို အချိန်မှီချည်နှောင်ပေးရန် အိမ်ဦးခန်း၌ ဆွမ်းပွဲပြင်နေသော ဖွားဖွားမမသက်ကို မယားဒယား လုပ်၍ နားပူရပါသည်။ ဖွားဖွားလက် မအားသောအခါ ကြီးကြီးယုခေါ် ဖွားဖွားယုကို အပူ ကပ်ရသည်။
ကြာတော့ ဒီကိစ္စကို ဖခင်ဖြစ်သူဦးမြတ်ကျော် သိသွားပါသည်။ သူသည် စိတ်ဝင်စားစွာနှင့် သ္မီးဘာလို့ဒီလို ဆံပင်ကို စီးခိုင်းရဒါလဲကွယ်ဟု သဘောမတူသော လက္ခဏာနှင့်မေးသည်။ သ္မီးကို ကျောင်းက ၀ိုင်း,၀ိုင်း ပြောင်လို့ပါ။ ကုလားမလို့လဲ ပြောကြတယ်၊ ဒါကြောင့် ဗမာ့လုံချည်အင်္ကျီလဲ ၀ယ်ပေးပါ။ ဆံရစ်လဲ ကိုက်ပေးပါ ဟု အတိအလင်းဖွင့်၍ ပူဆာတော့သည်။ အမေနှင့် အဖွားတို့က လည်းသဘောတူ ခေါင်းရိပ်ပြီး ဆံရစ်ဝိုင်း ထားပေးလိုက်ပါတော့ဟု ထောက်ခံကြသည်။
(ခရော့ခ်)ဘ၀မှ ဆံရစ်ဝိုင်းဘ၀ရောက်အောင် အောက်ခြေကဆံပင်မျာကို သင်ဒုန်းဒါးနှင့်တင်၍ ရိတ်ချရန် အလုပ် စလေပြီ-ပဋ္ဌမ ဦးဆုံးနဖူးစက ဆံပင်များကို သင်ဒုန်းဒါးနှင့် ရိတ်ချလိုက်သောအခါ ဂျိကနဲရှိကနဲ မြည်သော အသံ နှင့် ဒါးကတုန်း၍လားမသိ စူးစူးဝါးဝါး နားကျင်လှသဖြင့် တခါထည်း ရုံးထပြေးမိပါသည်။ သင်ဒုန်းဒါး ကိုင်သူကို သူရဲသဘက် ကဲ့သို့ ကြောက်လန့် သွားမိသည်။ လာခဲ့-လာခဲ့ တပိုင်းတပြစ်ကြီး နဲ့ ဆိုပြီး လိုက်ခေါ်လေပြေးလေ နောက်ဆုံးအဖေ့ရင်ခွင်ထဲမှာသွား ပုံးနေမိသည်။ သည်တော့ ဖေဖေက ပြုံးသည်။ ဖေဖေအပြောသားနဲ့ သ္မီးကဆံရစ်ထားချင်ဒါကိုး ဟုဆိုရင် သူ့တွင် ကတုန်းဆံထောက်ညှပ်ရန် အမြဲ ၀ယ်ထားသော "စက်ကတ်ကျေး"နှင့် မနာ မကျင်ရအောင် ပြုပြင်ပေးစေသည်။ ဆံရစ်ဝိုင်း ကလေး များကိုလည်း ကတ်ကျေး နှင့် ညီညီဖြတ်ပေးစေသည်။ သို့ပေမင့် နဖူးတဲ့တဲ့ထိပ်မှ သင်ဒုန်းဒါးနှင့် ရိတ်ချ ထားသော ဒါးရာနှစ်ချက် က မညီမညာဖြူဖြူကြီး ပေါ်နေသောကြောင့် နောက်တနေ့ကျောင်းသွားရာ၌ ငါ့တော့ သူများနဲ့ တူလာပြီဟု စိတ်ထဲက ကြော့ကြော့မော့မော့ ဖြစ်ခဲ့သလောက် မှန်းချေ မပေါက်ဘဲ ရှိပြန် ပါသည်။ အကြောင်း ကတော့ ထိပ်ကသင်ဒုန်းဒါးရာကြီးကို လက်ညှိုးထိုးပြပြီး ဘူးသီးကြွက်ကိုက် ထားသလို ဘဲတော့ ဟုဝိုင်း၍ အလှောင် ခံရပါတော့သည်။
သို့ကြောင့် သင်ဒုန်းဒါးချက် မိထားသော ဆံပင်များ ရှည်မလာမချင်းကျောင်းသို့ မသွားတော့ဘဲ အရှက်ပြေ ဖေဖေနှင့်တောတက်ရာ လိုက်မည်ဟုဆိုကာ တောတက်ရာသို့ ပါလာခဲ့ပြန်သည်။ ဦးမြတ်ကျော် သည် တပည့် မြင်းစီးပုလိပ် အမှုထမ်း ယောင်္ကျားတွေချည်း အဖေါ်ပြု၍ တောတက် သောအခါ မြင်းနှင့် သွားလေ့ ရှိပါသည်။ အကောင်းသုံးတတ်သူဖြစ်သည့် ၀သီအတိုင်း တောက်တက် ဘို့ မြင်းကြီးနှစ်ကောင် ၀ယ်ထားရာ၌ မြင်းကုန်းနှီးကို ရေနံချောင်းမှ အမေရိကန် အင်ဂျင်နီယာတို့ နှင့် အတူပေါင်း၍ မှာယူ လိုက်သော ကောင်းဘွိုင်ခေါ် အမေရိကန်နွားကျောင်းသားများသုံးသော ထိပ်မှ အကောက်ကြီးနှင့် မြင်း ကုန်းနှီး အကြီးစားမျိုးကို သုံးပါသည်။ အင်္ဂလိပ်လုပ် အစိုးရသုံး မြင်းကုန်းနှီးများကို သူမကြိုက်ပါ။
ဗမာဖြစ် ရှေးမြင်းကုန်းနှီးများကိုမူကား သာ၍ပင်မနှစ်မြို့သူ ဖြစ်ပါ သည်။
တောတက်သော မြင်းကြီးနှစ်ကောင်တွင် အဖြူနှင့်အနီမှ အနီတကောင်က အလွန်လိမ္မာ၍ သဘော ကောင်း သည်၊ ကျောက်ပန်းတောင်းနယ်မှာလည်း မြင်ပုကလေး တမျိုးထွက်၍ ကျမအ တွက်ကလေးစီး မြင်းပု တကောင်ကိုလည်း ထားပေးသေးသည်၊ ကျမသည် မြင်းပုကလေးနှင့် မြင်းစီးခြင်း နိုင်နင်း လာသော အခါ များသောအားဖြင့် မြင်းအနီကြီးကို စီးစေသည်။ မြင်းစီး၍ တော လိုက်သောအခါ ဘောင်းဘီ နှင့် ရှပ်တို ကို ၀တ်၍ လက်ကိုင်ပုဝါ လည်ပင်ချီထားပြီး အပေါ်က ဦးစွန်းဖုတ် ကို ကက်ဦးထုပ် ဆောင်းထား သောကြောင့် ဘူးသီးကြွက်ကိုက် ဆိုသောဒဏ်ရာမပေါ်လာတော့ ပါ၊ ဟိုစဉ်အခါက သည်ဂိုက်မျိုးကို ဘာခေါ်မည် မပြောတတ်ပေမင့် ယခု ပြန်တွေးကြည့်လိုက်လျှိင် စကောက်လုင် ကလေးများ ခပ်ဆန်ဆန် ဖြစ်မည် ထင်ပါသည်။
တောလိုက်ပါ များသောအခါ ငယ်ရွယ်သူကျမ၏ စိတ်ဓါတ်များသည် ကြမ်းတမ်းလာသည်၊ တောတက် ရောက်တိုင်း သေနတ်ပစ် ထွက်ကြသူများနှင့် အတူပါသည်ု၊ မြင်းစီးပုလိပ်များနှင့် ရွားသားများပေါင်း၍ ဂျိုးတယ်ခြင်း, ခါထောင်ခြင်း, ပဒပ်ရိုက်ခြင်း စသည်များကို သူတို့နှင့်အတူ လိုက်၍ ကြည့်တတ်သည်၊ ပဒပ် ဆိုသည်မှာ ပုတ်သင်ညိုနှင့် ခပ်ဆင်ဆင်အကောင် တမျိုးဖြစ်၍ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ် တ၀ိုက် တွင်သာ ရှိတတ်ပါသည်။ ကျမ အဖေက လမ်းခရီးတွင် မြင်းပေါ်မှနေ၍ နှစ်လုံးပူး သေနတ်နှင့် ဂျိုးအုပ်များ ပစ်လိုက်သော အခါ မြင်းပေါ်မှခုန်ဆင်းပြီး ပြေး ကောက်တတ်လာသည်၊ မျက်ပေါက်ကျဉ်းနှင့် ပွေးဆိုသော အကောင် တမျိုးကို ရှာဖွေတူးဖေါ် သူများနှင့်လည်း ရောလိုက်တတ်သည်၊ တောသို့လိုက်တိုင်း တောလိုက် မုဆိုး စိတ်များ ငယ်ငယ် ရွယ်ရွယ်နှင့် သက်ဝင်လာပြီး ကြမ်းတမ်းလာသည်။
သို့သော် ကျောင်းပြန်တတ်ရသောအခါမူ မိန်းခလေးဘာဝ အဖေါ်အပေါင်း များနှင့် တွေ့၍ မိန်းမစိတ်, မိန်းမ သဘာဝကို ပြန်ရတတ်ပြန်သည်။ ကျောင်းအားရက်၌ အဖွါးအနားကပ်ရပြန် သောအခါ ဘုရာစကား၊ တရားစကား၊ နိပါတ်ပုံပြင် စကားများကြောင့် နူးညံ့ယဉ်ပါး လာရပြန်သည်။
တလလျှင် အနည်းဆုံးတပတ်လောက်တော့ ပုပ္ပါးတောင်တ၀ိုက်သို့ ဖခင်နှင့်အတူ မြင်းစီး ၍ တောတက် လိုက်သည်၊ ကျန်ရက်များမှာကျောင်းသွားသည်၊ ကျောင်းပိတ်ရက်တွင် အဖွားများ အနားကပ်၍ ဓမ္မသ၀န ဓမ္မဒေသနာကို ယဉ်ပါးခဲ့ရသည်၊ သို့ကြောင့် တလထဲမှာ တောလိုက်မြင်းစီး မုဆိုးစိတ်ဝင်လိုက်၊ ကျောင်း ကျတော့ ဦးစွန်းဖုတ်၌ စည်းကြိုးစီးခြင်း, ပန်းပန်ခြင်းစသော မိန်းကလေးသဘာဝ ပြန်ရလိုက်၊ ဥပုသ်နေ့ များ၌ ပရိတ်တရားနှင့် ဘုရားတပည့်တော် ဖြစ်လိုက် နှင့်ပင် မြန်မာစာတတိယတန်းကို စကောလားရှစ် နှင့် များ အောင်လိုက်သေးသည်၊ ထိုအချိန်မှာပင် ကျောက်ပန်းတောင်း၌ ၄-တန်း အထိ သင်သော အင်္ဂလိပ်ကျောင်းကလေး တကျောင်းက အတောက်တခေါက် လာဖွင့်ပြန်ရာ ကျမနှင့်တကွ ကျောင်းသား တ၀က်လောက်မှာ မြန်မာကျောင်း ရောအင်္ဂလိပ်ကျောင်းပါ နှစ်ဘက်ခွဲ၍ သင်ကြရသော အခွင့် အရေး လည်း ကြုံပြန်ရသေးသည်။
ယင်းသို့ တောတက်လိုက်သော ရက်ကတပိုင်း၊ ကျောင်းတက်ရသော ရက်က တ၀က်နှင့် ပင် နှစ်နှစ်ခွဲ လောက် နှင့် ကျောင်းသုံးဒေါင်းတံဆိပ် ဖတ်စာများမှတပါး အပြန်အပမှာ စာများကိုတွေ့ လျှင်လည်း မရမက စာလုံးပေါင်း ၍ ဖတ်သည်။
အင်္ဂလိပ်မဂ္ဂဇင်းများမှ အရုပ်များကို ဖခင်စားပွဲ မှ ယူ၍ကြည့်ခါ စားလုံးပေါင်းအတတ်လျှင် မေးပြီး ဖတ်ပြစေသည်၊ ဒါကိုဖခင်ဖြစ်သူက သဘောကျ၏။ မြန်မာ မဂ္ဂဇင်း၏ အမည်မှာ မြန်မာ့မဂ္ဂဇိန် ဟု မှတ်မိ ပါသည် အဖုံးမှာ စက္ကူချောဖြစ်၍ နောက်ဘက်မှာ ၀ှိုက်တဝေး ကုမ္ပဏီ ကုန်တိုက်က ကြော်ငြာစာ တခုတွင် နဘေထပ် နှင့်ရေးထားသည်၊ ၎င်းနဘေကာရံကို ရအောင်ဖတ်၍ အလွတ် ရွတ်ဆိုပြရသည်၊ 'ကြံပုံမချို့-ရန်ကုန်မြို့-ဥာဏ်စုံလို့ဆိုက်-စရိုက်မနှေး-အကြိုက်ပေးတဲ့- ၀ိုက်တဝေးတိုက်ကြီး မှာ ဇာနှင့်ပိုးဖဲ-တမျိုးတွဲပြီး- သိုးမွှေးလဲဝါ-ကတ္တီပါနှင့်' စသော စကားပြေ မဟုတ်သည့် နဘေကာရံ များကို မှတ်သား ခဲ့ရ ဘူးသည်၊ ထိုခေတ်က ကြော်ငြာပုံများမှာ စကားပြေ နှင့် မရေး ဘဲ နဘေကာရံ နှင့် လင်္ကာ အဖြစ် ရေး၍ ကြော်ငြာသည်၊ အချို့ကတေးထပ်ဒွေးချိုး လေးချိုးစသည်တို့ နှင့်ရေးစပ်ကြော်ငြာသည်၊ လူကြီးပိုင်းက အဓိပ္ပာယ် နားလည်သော်လည်း ခလေးများ ကတော့ ဘာမှ မသိ၊ ဆိုကောင်းရွတ်ကောင်း၍ ဆိုနေကြခြင်း ဖြင့် ကြော်ငြာ ပေးသလို ဖြစ်သွားသည်။
အင်္ဂလိပ်ဓါတ်ပြားနှင့် စက်သီချင်းကို အစောဆုံး ခေတ်အပိုင်းဆီလောက်က ၀ယ်ယူပြီးဖြစ်ရာ မြန်မာ ဓါတ်ပြားများ ဇာတ်ထုပ်များ စတင်ပေါ်ပေါက် လာသောအခါလည်း စောစောစီးစီးရောက် နေပြီဖြစ်၍ ထိုစဉ်က နာမည်ကျော်ရုပ်သေး မင်းသမီးဦးဖူးညို၏ ကိုကြီးနတ်နှင့် လင်ပျောက်ရှာတော် ပုံငိုချင်းများ၊ တောင်ယံတော် သီချင်းနှင့် မဒွေးလေး၏ ဂန္ဓမာတောင်သီချင်းကြီးများကို ဓါတ်ပြာထဲ က လေယူလေသိမ်း အတိုင်း ပုံတူကူးချသလို အလွတ်ရနေသောအခါ ဖခင်ဖြစ်သူက ပတ္တလားနှင့် လိုက်တီးပေးသည်၊ ဤတွင် စည်းဝင် စည်းထွက် မှန်နေသဖြင့် ဖေဖေ၏အဆိုတော်ဖြစ်မှန်း မသိဖြစ်ခါ ရုံးအားသော အချိန်တိုင်း သီချင်း အဆိုခိုင်း လေ့ရှိသည်၊ ကျမက သီချင်းဆိုပေးဘို့ စိတ်မ၀င်စားသောအခါ နိုင်ငံခြား ကုန်တိုက်များမှ ပို့ထားသော ကုန်ပစ္စည်းကြော်ငြာကတ်တလောက် ဖွင့်ပြပြီး ဒီထဲမှကြိုက်ရာ အရုပ်များမှာ ပေးမည်ဟု ချော့၍ သီချင်း အဆိုခိုင်းလေ့ရှိပါသည်။
သို့ကြောင့်အဆိုတော် လုပ်ခကစားစရာများမှာ လူနှင့်ရွေးမရသော ၃-နှစ်သ္မီးခန့်ရှိ ဒေါ်လီ ရုပ်ကြီးမှအစ တထွာတညိုအထိ အရုပ်များကို ၎င်း၊တကဲ့သံလမ်းနှင့် သွားသော မီးရထားများ၊ ကလေးကစားသော ရုပ်ရှင် ပြစက် ဖလင်ကားများနှင့် သုံးဘီးစက်ဘီး စသည်တို့မှာ ကြာသော်ခန်း လုံးပြည့်အနှံ့အပြား ဖြစ်နေပါသည်၊ ထိုကစားစရာ မျိုးများသည် ယခုခေတ်၌ နေရာမရွေးဝယ်၍ ရနိုင်သော်လည်း ထိုအချိန်ဆီကတော့ ရန်ကုန်ရှိ အင်္ဂလိပ်ပိုင် ကုန်ဆိုင်ခွဲများနှင့် အိန္ဒိယပြည်ကာလ ကတ္တားမြို့ရှိ ပင်မဆိုင်ကြီးများသို့ တကူး တကန့်မှာ ယူမှရပါသည်၊ ရောက်သောအခါမှာလည်း ကျေက်ပန်းတောင်း စားတိုက်မှပါဆယ်အဖြစ် မသယ်နိုင် ၍ ညောင်ဦးမြို့သင်္ဘောဆိပ် အထိ သွားရောက် ရွေးယူ ပစ္စည်းချပြီး နွားလှည်းနှင့် နှစ်ညအိပ် သယ်ယူ လာခဲ့ရသဖြင့် ကရိကထ အလွန်များပါ သည်၊ ထိုအထည်းမှပင် အနည်းဆုံးတလတကြိမ် လောက်တော့ အိမ်သုံးပစ္စည်းနှင့် ကစားစရာများ ကိုအနည်းနှင့်အများ သယ်ယူနေရမြဲဖြစ်ပါသည်။
အိမ်ဝိုင်းအတွင်း ခေါင်းရင်းဘက်တွင် နှစ်ခန်းပတ်လည် ဘုရားစင်နှင့် ၀တ်ကျောင်းဇရပ် တခုရှိသည်၊ ထို ၀တ်ကျောင်း ဇရပ်မှာဖခင်ဦးမြတ်ကျော်၏ အစ်ကိုအလတ်ကွယ်လွန်သူ မောင်မောင်ပုအတွက် အထိမ်းအမှတ် တခု အဖြစ် လှူဒါန်းဆောက်လုပ်ထားသည်၊ ဆွေမျိုးတစုမှ သက်ကြီးရွယ်အိုတို့သည် ညစဉ် ညတိုင်း ပန်းဆီမီးကို ကိုင်ဆောင်ကာ ဘုရားဝတ်ကျောင်းသို့ စုရုံး ရောက်လာကြပြီး ဘုရာရှိခိုး ၀တ်တက် ကြသည်၊ ပရိတ်ရွတ်ကြသည်၊ ပရိတ်ရွတ်ပြီးသောအခါ သဂြိုဟ် ပရမတ်စသော တရားစကားများကို ဘိုးဘိုးကြွယ် က (ဦးဘိုးဆွေ၏ညီ) ဟောပြောလေ့ ရှိသည်၊ ၀တ်တက်ဝတ်ကပ် လာသူများကို အလှည့်ကျ ကုသိုလ် ပြုသူများက တကိုယ်လျှင် ငှက် ပျောရွက် ဖက်ခွက်နှင့် ထည့်ထားသော လဘက်တခွက်ကျစီ ကမ်းသည်၊ ပျောင်းဖူးဖက် ဆေးပေါလိပ်နှင့်  မီးချစ် တခုစီပါသော နေ့လည်းပါသည် ၊ ဖွာဖွားမမသက်မှာ တောင်ဝှေး လည်းပါ သည်၊ ဖွားဖွားမမသက်မှာ တောင်ဝှေးအားထားရသူ ဖြစ်၍ ၀တ်ဇရပ်သို့ မဆင်းနိုင် သော်လည်း ဖွားဖွားယု နှင့် အတူ ကျမကလည်း အမြဲ လိုက်သွားတတ်သည်။
ဤသည်ကြောင့် ငါးပါးသီလ၊ ရှစ်ပါး သီလများ အလွတ်ရနေသည်၊ ပရိတ်ရွတ် ပရိတ်မွှန်းများကိုလည်း တကူးတက မသင်ရဘဲ ရွတ်နိုင်လာ သည်၊ သို့သော်ဘိုးဘိုးကြွယ် ပြောနေသောသဂြိုဟ်နှင့် ပရမတ် စကား တွေကိုတော့ နားလည်းမလည်၊ သဘောမပေါက်ဘဲရှိပါသည်။ သည်လိုနှင့်ပင် ကျမအသက် ၉-နှစ်ရွယ်တိုင် ရောက်ခဲ့သည်။ ကျောင်းတက်ရက် ပြတ်တောင်း, ပြတ်တောင်း နှင့် ပင် တတိယတန်း ကို စကောလားရှစ် အောင်ပါသည်၊ ဤအချိန်တွင် မန္တလေးမြို့ရှိ ဘိုးဘွား တို့ထံမှ သမီးကို နားထွင်း မင်္ဂလာပြုလုပ်ရန် အချိန် တန်ပြီဟု သတိပေးနှိုးဆော်စာများ ရောက်လာလေ့ရှိသည်၊ နားထွင်းမင်္ဂလာ ပြုလုပ်လျှင်လည်း တောမြို့ကလေးတွင် မပြုလုပ်စေလို၊ သူတို့မျက်မှောက်၌ မင်းမျိုးစိုးနွယ်တို့ ထုံးတမ်းစဉ်လာ အခမ်း အနား တွေနှင့် ပြုလုပ်စေလို၍ အခွင့်ရက်ရှည် ယူလာခဲ့ရန် အကြံပေးလေသည်။
မျက်နှာဖြူနှင့် အဆင်မပြေ
ထိုအချန်ကာလအတွင်းမှာပင် ဖေဖေဦးမြတ်ကျော်တွင် အဆင်မပြေချင်သော မျက်နှာဖြူရာဇာဝတ် ၀န်ကြီး အသစ်နှင့် လာ၍ဆုံစည်းရပြန်သည်၊ ဘိလပ်သား မျက်နှာဖြူများသည် သူတို့နိုင်ငံတွင် အလုပ်မရှိ ဆင်းရဲနွမ်းပါး သူများကို၎င်း၊ စစ်တပ်မှပိုလျှံနေသော လူများကို၎င်း၊ သူတို့နှင့် လက်သင့် ရာကို ၀ံသာနု ရက္ခံတတရား လက်ကိုင်ပြုကာ သူတို့ရာထူး အမျိုးမျိုးခန့်အပ်၍ ပို့လေ့ရှိခဲ့သည့် အားလျော်စွာ သာမန် စစ်မှုထမ်း တယောက်အား မြန်မာပြည်သို့ ပို့လိုက်ပြီး၊ ဒီကမျက်နှာဖြူ အရာရှိကြီးမျာက အတော်အသင့် သင်ကြားပြီး တောပိုင်း မြို့ငယ်များသို့ အလုပ်သင် မိုးကျရွှေကိုယ် ရာဇ၀တ်ဝန်ကြီး ဘ၀နှင့် လွှတ်လိုက် သူဖြစ်ပါသည်။
သို့ကြောင့် ၎င်းမှာ မြန်မာပြည်၏ ဗဟုသုတလည်းမရှိ၊ အလုပ်ဝတ္တရားကိုလည်း လုံးဝအုပ်စုံ နားမလည်ရုံ မက သူ့အ၀တ်အစား များကလည်း ခပ်စုပ်စုပ်ဖြစ်သည်၊ သူသည်မြင်းခြံ ဒိစတြိတ်ကို ကိုင် ရသူ ဖြစ်၍ မြင်းခြံ တွင် နေရသည်၊ နယ်များကိုနှစ်လ သုံးလတကြိမ် ဆင်း၍စစ်ဆေး ကြည့်ရှု သည်၊ နယ်အရာရှိတို့က တင်ပြသော ဒိုင်ယာယီ များကိုလည်း ကြည့်၍ နယ်အခြေ အနေကို လေ့လာရသည်။
ရာဇ၀တ်ဝန်ကြီး လာမည်ဆိုသောအခါ နယ်စီး အင်စပိတ္တော်ကြီးက တာဝန်အရပ်ရပ် ဂါတ်တဲအသီး သီးတို့ကို အကြောင်းကြားကာ အပြစ်တင်စရာ အချက်အလက် မရှိရလေအောင် ပြင်ဆင် စေခိုင်းထား ရသည်။ ဂါတ်တဲရောက်သော အခါယူနီဖေါင်းအပြည့် ဆင်ယင်ထားသော ပုလိပ်အရာ ရှိကြီးငယ်များက စစ်ရေးပြသည့် အလား ပုလိပ်ရေးပြရသည်။ မြန်မာပုလိပ်တို့၏ ရှေးခေတ်ခေါ်မှာ (ဒလိန်းပြ)သည်ဟု ပြောဆို သုံးစွဲ သည်ကို ကြားခဲ့ဘူးပါသည်။
"ဒလိန်းပြ"သောအခါ ယူနီဖေါင်း ၀တ်ထားသော နယ်စီးအင်စပိတ္တော်ကြီး၏ ဒါးလွယ်သည် ပြိုးပြိုး ပျက်ပျက် အရောင်ထွက်နေသာ ငွေရည်သုတ် အဘိုးတန် ဒါးလွယ်ကြီးဖြစ်နေသည်၊ ဒါးအိမ်မှ ဒါးကို ထုတ်ယူပြီး "ဆလု" လုပ်လိုက်သောအခါလည်း လျှပ်စီးလက်သလို ဖြစ်သွားသည်၊ ကျမ အမြင် မှတ်မိသမျှ ပြောရလျှင် အမေရိကန်ရုပ်ရှင် ဇာတ်လိုက် ရိုနယ်ကော်လ်မင်းတို့ ခေတ်က ဇန်ဒါ အကျဉ်းသမားရာဇ၀င် ဇာတ်ကား ထဲမှာ မင်းညီမင်းသားများကိုင်သော လက်ကိုင်ဂွင်းနှင့် ဒါးလွယ် ကြီးမျိုး ဆင်ဆင်ဖြစ်နေသည်။ 
ဒါကိုရာဇ၀တ်ဝန်ကြီးက ဗြိတိသျှအင်ပါယာ အ၀င်အိန္ဒိယလက်အောက်ခံ ပြည်မှတောနယ် ကလေး တွင် ဤလိုဒါးမျိုး ကိုင်ဆောင်သူ တွေ့ရသည်မှာ သူတို့ကိုစော်ကားနေသည်ဟု ယူဆသွားလေသ လားမသိ၊ မကြာခဏ ဒါးကိုမျက်စောင်းထိုး၍ ကြည့်ခြင်းခံနေရသည်၊ စစ်ဆေးရာ၌ ဘာအပြစ်မှ မတွေ့ရသော်လည်း သူ့မျက်နှာကြီးမှာ တင်းမာခက်ထရော်၍သာ နေပါတော့သည်။
ဤနှင့်လည်းမပြီးသေးပါ၊ ပုပ္ပါးတောင်ကိုသွားလို၍ လိုက်ပို့ရဦးမည်၊ သို့ကြောင့်မြင်းနှင့် တက်ကြရ မည် ဖြစ်ပါသည်။ သို့သော် သူ့မြင်းကလည်း နုပ်နုပ်- ကုန်းနှီးကလည်း စုပ်စုပ်ဖြစ်နေ၍ ဖေဖေ ဦးမြတ်ကျော် သည် သူ့မဒရပ်မြင်းဖြူကြီးကို အမေရိကန်မြင်းကုန်းနှီးတင်၍ ၀န်ကြီးစီးဘို့ရာ အစားထိုးပေးပြီး သူက မြင်းနီကြီး နှင့် သာမညကုန်းနှီး တင်းစီးကာ လိုက်ပါခဲ့သည်။
ဒါပေမဲ့ မျက်နှာမသာယာပါ၊ သူ့စိတ်ထဲတွင် သူတို့လက်အောက်ခံ နိုင်ငံငယ်ကလေးတခုရိ တောမြို့တွင် မဟာအရှက်တော် လာကွဲရလေခြင်းဆိုသော အယူအဆမာန်မာနနှင့် စိတ်ထဲမှာ အခဲမကြေဖြစ်သွားပြီး နောက်ပိုင်းအချိန်ကာလများ၌ အပြစ်အမျိုးမျိုးရှာ၍သာ နေလေတော့သည်၊ တခါတခါလည်း အလုပ်တွင် နစ်နာစေမည့် မှတ်ချက်မှတ်တမ်းများ ရေးသွားခြင်း၊ အထက်ကိုစာ တင်ခြင်း စသဖြင့် နိုင်ရာနှင့်ကိုင်၍ ညှဉ်းစ ပြုသည်ကို ခံရပါတော့သည်၊ ထို့ကြောင့်မန္တလေးမြို့ သို့သွားရန် ခွင့်စာကို အမြန်ဆုံး တင်ထားလိုက်သည် ထိုမျှမကသေး နယ်စီးအင်စပိတ္တော်ကြီး တဦးကို သူ့သဘောနှင့်သူ မပြုလုပ်နိုင် သေးသော အချိန်မှာပင် စစ်ဆေးစရာရှိသည်ဟု ရာထူးကို ၇-ရက်ခန့်ချထားခြင်းစသော အဓမ္မကိစ္စများ ပါဝင်လာလေသည်၊ သိုသော်ထိုစဉ်က မြင်းခြံနယ်ရှိ ဘိလပ်သား အရေးပိုင်ကြီး မစ္စတာတပ်စမှာ မန္တလေးက သိဟောင်း, ကျွမ်းဟောင်းများ ဖြစ်ခဲ့၍ ထိုကိစ္စကို သူတို့အချင်းချင်းအထက်သို့ အကြောင်းကြား လိုက်လေသလား မသိထိုရာဇ၀တ်ဝန် ကြီးအားရခိုင်တိုင်းသို့ ပြောင်းရွှေ့ ရမှီပင်ခွင့်စာ ကျလာသဖြင့် ကျမတိုကမီသားတစုမှာ ညောင်ဦး မြို့ ဆိပ်ကမ်းမှနေပြီး အဆန်စာပို့ သင်္ဘောကြီးနှင့် မန္တလေးမြို့ သို့ တပျော်တပါး ဆန်တက်လာပါ တော့သည်။
မန္တလေးမြို့သို့ ရောက်ကြပါပြီ၊ တမြို့တရွာတွင် ခွဲခွါနေထိုင်ရာမှ ပြန်တွေ့ရ၍ ၀မ်းသာအားရနှင့် စကား လက်ဆုံ ပြောမကုန်ဖြစ်ကြသော ဘိုးဘွားဆွေမျိုး၊ ပတ်ဝန်းကျင်က တမျိုး၊ မိတ်ဟောင်း ဆွေဟောင်း, တပည့်သားမြေးတို့က တသွယ်နှင့် ၀ိုင်းဝိုင်းလည် တိုးမပေါက်အောင် ဖြစ်နေသည်။ ကျမကိုလည်း တသိုက် တမြုံကြီးက ၀ိုင်းဝန်းမြှောက်စားပြီး ဘာဘဲ လုပ်လုပ် ချည်းကျူး မကုန် တော့သည် တကား။
အိမ်ဦးခန်းတွင် ၀က်မစွတ်မြို့စားမင်းကြီးသည် (ကျမက ဘိုးဘိုးဘုရား) ဟု ခေါ်သည်၊ ကျမဖခင်နှင့် အတူ အခြားသော ရှေးက မှုးကြီး, မတ်ရာတို့သား, မြေးများသာ ဖြစ်ကြသူယောကျာင်္း ဧည့်ပရိသတ်နှင့် အတူ နားထွင်း အလှူကိစ္စကို ဆွေးနွေးခန့်ခွဲ စီမံစပြုနေကြပါသည်။
နောက်ပိုင်း မိန်းမဆောင်တွင် ဖွားဖွားဝက်မစွတ် ၀န်ကတော်ကြီးက အမှုးပြု၍ မိန်းမဧည့်သည် များကို မေမေပါ ဧည့်ခံလျက် အလှုကိစ္စအတွက် အကြမ်းအားဖြင့် စီမံခန့်ခွဲနေကြသည်၊ မေမေသည် ထိုအချိန်က သားသ္မီး ၄-၅ယောက် မွေးဖွားခဲ့သော်လည်း အဖတ်မတင်ပါ၊ သို့ကြောင့်ယခုပါလာသော ကိုယ်ဝန် ပဋိသန္ဓေ မှာ မန္တလေးတွင် မွေးရသဖြင့် အဖတ်တင်လိမ့်မည်ဟု ယူဆကြသည်၊ ယူဆကြသည့် အတိုင်း ထိုခလေးမှာ ယောကျာင်္းကလေး ဖြစ်ပြီး အသက်ရှည်ခဲ့သည်၊ ထို့ကြောင့် ကျမတွင်မွေးချင်း အရင်းအချာ ဆိုလျှင် ၎င်းနောက်ဆုံးမွေး မောင်ငယ် တယောက်သာရှိပါသည်၊ အယူသီးသော ဘိုးဘွားမိ ဘများသည် ထိုခလေး ကို အဖတ်တင်စေခြင်းငှါ၊ ပုခက် တင်ခြင်း၊ အမည် ပေးခြင်း စသော အသိုင်းအ၀ိုင်း များကို မလုပ်ဘဲ နှိမ့်ချထားသည်။ သူ့ကိုအမည်သီးခြား ပေးထားခြင်းမရှိ၊ မောင်မောင်ဟုခေါ်ကြသည်၊ ၎င်းကို မောင်မောင် ဟု ခေါ်ကြသည်၊ ၎င်းမှာသူ့နာမည်မဟုတ်ပါ၊ မှုးမျိုးမတ်နွယ်တို့ ထုံးစံမှာ ယောကျာင်္းကလေး ဆိုလျှင် မောင်မောင် နှင့် မိန်းကလေး များဆိုလျှင် ခင်ခင်ချည်းဘဲဖြစ်၍ ထိုအခေါ်မှာ နန်းတွင်းအစဉ် အလာ ယဉ်ကျေးမှုအတိုင်း ဆင်းသက်လာခြင်းဖြစ်ပါသည်၊ ဘုရင့်သားတော်များက ကိုယ်တော်ထိပ်ခေါင်တင် စုဘုရား သားတော်များကလည်း ထိတင်, တင်တင် စသော အသုံးများနှင့် ရှေ့မှတင်၍ သုံးစွဲခေါ်  သဖြင့် ရှေးအခါ ကတော့ အမည်ကိုကြားရုံနှင့်ပင် ဘုရင့်သားတော်- သ္မီးတော်များ၊ အိမ်ရှေ့မင်းသားတော်- သ္မီးတော်များ၊ အိမ်ရှေ့မင်းသားတော်- သ္မီးတော်များနှင့် မှုးတော်-မတ်တော်ကြီးများ၏ သားမြေးများကို ခွဲခြား သိပြီးသား ဖြစ်သွားပါသည်။
ကျမအတွက် ပုခက်တင်မင်္ဂလာပြုစဉ် ဘိုးဘိုးဘုရားက ပေးထားတဲ့အမည်မှာ "ခင်လေးခင်" ဟူ၍ဖြစ် ပါသည်၊ ရခိုင်ပြည ဘုရင်ခံအဖြစ် ဘိုးတော်ဘုရားလက်ထက်၌ ခန့်အပ်ခြင်းခံရသော ကျောက်ဆောက် မြို့စား မင်းကြီးကတော်၏ အမည်မှာလည်း ခင်လေးခင်ဟု ခေါ်ပါသည်၊ ထိုရခိုင်ပြည်ဘုရင်ခံ  ကျောက် ဆောက်မင်းကြီးနှင့် မင်းကြီးကတော်မှာ ၀က်မစွတ်မြို့စားမင်းကြီး၏ အဘိုးနှင့်အဖွားများ တော်ပါသည်။
ဝက်မစွတ်မြို့စား မင်းကြီးက ငါ့မြေးအားငါ့အဖွား၏အမည်ကို ပေးမည် ဟု အလွန်ချစ်သော စေတနာနှင့် ပေးထားသော အမည် ဖြစ်ပါသည်၊ သို့သော်-ကျမသည် လူမှန်းသိချိန် ၌ ထိုအမည် ကို မနှစ်သက်မိပါ ၊  သို့သော် လူကြီးများရှိစဉ်အချိန်က ထင်ထင်ရှားရှား မပြောင်းလဲ ၀ံ့သော်လည်း ၁၂-နှစ် ၁၃-နှစ် အရွယ် စာ,နယ်,ဇင်း လောကသို့ဝင်ရောက် ရေးသားစကခင်ခင်လေးဟု အမည်ကို တိတ်တဆိတ် ကြိတ်၍ ပြောင်းထား ခဲ့ပါသည်။
အိမ်ဦးပိုင်းမှ နားထွင်းမင်္ဂလာ အခမ်းအနား အတွက် မီးကုန်, ယမ်းကုန် စီမံကိန်း ဆွဲကုန်ကြပါပြီ၊ တမြို့ တနယ်၌ အစိုးရအရာရှိ လခစားတဦး အနေနှင့် အနေအထိုင်,အသုံးအစွဲကြောင့်တခါ, တခါ ဓါတ် ယာယီ မသိ မျိုးရိုးဇာတိ နှင့် အင်အား အခြေခံကို မသိသော အထက်အရာရှိမျိုး နှင့် တိုးမိပါက အငြိုအငြင်ခံရ ကသိကအောက်ဖြစ်ရ သော်လည်း  မန္တလေးမြို့ပေါ် မှာတော့ မျိုးရိုးအခြေခံ နှင့် အင်အား ရှိသလို သုံးစွဲ ချဲ့ထွင်နိုင်ပါသည်၊ ကိုယ့်ပစ္စည်းနှင့် ကိုယ်လွတ်လပ်စွာ လှူဒါန်းချဲ့ထွင်နိုင်ပါသည်။
သံဃာတော်များကို လှူးရိုးစဉ်ဖြစ်သော လှူဖွယ်ဝတ္ထုများအပြင် ဖခင်ဦးမြတ်ကျော်သည် ၀ိုက်တဝေး နှင့် ဘောင်ရာဆောင်ဒင် ကုမ္ပဏီတို့မှတယောက်အိပ် ကြေးကုတင်၊ ဇာခြင်ထောင်နှင့် ယူနီဖောင်းသေတ္တာ များကို စောစောစီးစီးက ၀ယ်ယူထားသဖြင့် အိမ်ကြီးအောက်ထပ်၌ ကြမ်းစင်တခုထိုးကာ ကုန်လှောင် သော ဂိုဒေါင် တခုကဲ့သို့ ပစ္စည်းတွေ စုပုံတင်ထားရပါသည်၊ အိမ်မကြီးပေါ်တွင် နားထွင်းဆောင် ဟူ၍ အဆောင်သစ် တခု ထပ်ဆောင်စေသည်၊ ကျယ်သော ၀င်းခြံကြီးတခု အပြည့်၁၄- ခန်းမဏ္ဍပ်ကြီးထိုး၍ တဘက်မှာ သံဃာစင်တဘက်မှာ သင်းကြန်ဆောင်ဟု အဆောင်ငယ်တခုနှင့် အိမ်ကြီးနှင့် မျက်နှာချင်း ဆိုင်မှာ ဇာတ်စင်ကြီးတခုကိုပါ အခိုင်အမာ ဆောက်လုပ်စေသည်။
နားထွင်းရန် ထိုင်ရမည့်ညောင်စောင်းကိုလည်း အဟောင်းမကြိုက်ဟု အသစ် အလုပ်ခိုင်းသည်၊ နားထွင်း သူဝတ်ဆင်ရမည့် သိုရင်းအင်္ကျီစည်းပုံ စသည်များကို ရွှေချည်ထိုးရပ်၌ အသစ်ထိုးချုပ်စေသည်၊ နန်းတွင်း ယဉ်ကျေးဘွယ်ရားများ၊ ပြန်လည်ထုတ်ဖေါ်၍ နဂထာ ရွှေရောင်ကွမ်းအစ် များနှင့် ဖေါ့ရုပ်လုံး ငယ်၊ တို့ဖြင့် အနုအယဉ် လက်ရာမြောက် ချယ်လှယ်ထားသောဆေးဖုံ၊ လေးညှင်း၊ နာနတ်၊ ဖက်ပြောင်း ဆေးပေါ့လိပ် ရောင်စုံ စသည်များကို၎င်း၊ ရွှေငါးကြင်း, ငွေငါးကြင်း, ရွှေပုဇွန်, ငွေပုဇွန် စသော၊ ထမင်းခွန့် ထမင်းခံပွဲ အတွက် အရုပ်များ ကလပ်များ၊ ပူဇော်ပွဲ များကို အငှါး မသုံးဘဲ စိတ်တိုင်းတကျ ကိုယ်ပိုင် မှာလုပ် စေသည်၊ ဧည့်ခံပွဲ အတွက် မင်းမျိုးမင်းနွယ် တို့အတွက်တဆောင်၊ အနောက်တိုင်းသားတို့အတွက် တဆောင်၊ သူဋ္ဌေး သူကြွယ် ကုန်သည် စသူများ အတွက် က တဆောင် အခန်းခန်း ခွဲ၍ စီစဉ် ကြပါသည်။
ပဋ္ဌမကမ္ဘာစစ်နှင့် နားထွင်းမင်္ဂလာ ဆက်ပါမည်...
3 comments:
မေဓာဝီ said...
ခေတ်အဆက်ဆက် မင်းစိုးရာဇာမျိုးတွေကတော့ ဘာလုပ်လုပ်ချဲ့ကြတာပဲနော်။ ဒါကြောင့် ရှင်ဘုရင်တခါထွက် ... စကားပုံပေါ်လာတာထင်ပါရဲ့။
Anonymous said...
ပိုက်ပိုက်တွေ တော်တော်လေးပေါတယ်နော်..။
ဘာတွေလုပ်စားကြပါလိမ့်..။
မြစ်ကျိုးအင်း said...
ကြီးကျယ်ခမ်းနားပါပေ့ဗျာ