Friday, January 29, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၃)

ဝိုးတဝါးလူ့ဘ၀မှ မှတ်မိသမျှ

သို့နှင့်မိုးကုတ်မြို့မှာ သုံးနှစ်ကြာခဲ့သည်၊ သုံးနှစ်ကြာသော်လည်း ငှက်ဖျားဆိုသော စကားကို နားမလည် ကြသလောက် ရှိကြပါသည်။ ဖခင်ဦးမြတ်ကျော်သည် သူကိုယ်တိုင်သော်၎င်း၊ ဇနီးနှင့် သ္မီးတို့အား၎င်း၊ အစား အသောက် အနေအထိုင်ကို အထူးဂရုစိုက်ပေးသည်၊ ယုတ်စွအုံး ဆန်ထမင်း နှင့်မြန်မာဟင်း များကို မစားစေဘဲ ပေါင်မုန့်နှင့်အာလူး ကြက်ဥ-ကြက်သား-ဆိတ်သား စသည်မှ တပါး အခြားအစားအစာ ကိုမစားရ၊ လက်လုပ်ချဉ်ပတ်များ နှင့် ပြင်ပမှရောင်းသော အစာကိုအဆိပ် အတောက်ကဲ့သို့ ရှောင်ကြဉ် စေခြင်း မီးဖိုထည်းမှ ကုလားလုပ်ကိုင်ပေးသော အစာသာလျှင် ငါတို့ စားရန်ဖြစ်သည်ဟု ယူမှတ် အစွဲနာ ခဲ့လေသည်။ ထို့ကြောင့် ၃-နှစ်ပတ်လုံး မည်သူမှအစားမှား၍ ဖျားနာခြင်းမရှိခဲ့ပေ၊ သို့သော် ကျန်ရစ်သူ ဘိုးဘွား မိဘတို့မှာ တနေ့မှစိတ်မချမ်းသာကြပါ၊ ရှေးအခါ ကရာဇ၀တ်ပြစ်မှုရှိသူများသာ မဲဇာရွှေလီ၊ ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကုတ်၊ မိုးမိတ်တို့ကိုပို့သည်ဟု နားလည်ထားသဖြင့် ငှက်ဖျားမိပြီး သေကုန်ကြ တော့မည် ဟု ယူဆကြသည်။

ထို့ကြောင့်သုံးနှစ် ပြည့်သောအခါ အထက်အစိုးရများကို ပြောင်းရွေ့ပေးရန် ၀က်မစွတ်မြို့စားကြီးက နားပူ လေတော့ သည်၊ သို့ကြောင့် မိုးကုတ်မြို့မှနောက်တနေရာသို့ ပြောင်းရွေ့လာရပြန်ပါသည်၊ မိဘများ သည် မိုးကုတ်ကို မခွဲချင်ကြပါ၊ မိခင်မှာမိုးကုတ်မြို့၏ အမွေရတနာ ပတ္တမြား ကျောက်ကောင်း တွေကို သေတ္တာငယ် နှင့်အပြည့်အသိပ် ၀ယ်ယူခဲ့သလို ကျမကလည်း အိမ်တံစက်မြိတ်အောက်တွင် ချင်းချင်းနီ နေသော ပတ္တမြားမြေမှ ပတ္တမြားအဖြုံးများကို ကျုံး၍ ကျုံး၍ ကောက်ယူကစားရင်း တစိတ်ဝင် ပိတ်ဖြူအိတ် နှင့် တလုံး ပါလာခဲ့သည်။

ကျမတို့ ပြန်လာသောအခါ တောလားဝန်တင် နှင့် မဟုတ်တော့ပါ၊ သပိတ်ကျင်း အထိ အရေးပိုင် ခေါ် သော ပြင်သစ်လူမျိုး မိတ်ဆွေတဦး ထံမှ ထရောလီလိုလို ကားလိုလို ယာဉ်တစ်မျိုး ကိုစီး၍ ပြန်လာ ကြရပါသည်၊ ပြောင်းရွေ့ရမည့်မြို့ကတော့ မြင်းခြံမြို့ဖြစ်ပါသည်၊ သို့သောမန္တလေးမြို့ရှိ လူကြီး မိဘများ အိမ်မှာ ၄-၆ရက်ခန့် ၀င်ရောက်နားနေပြီး မိုးကုတ်မြို့တွင်နေ့ခင်း, ထိုင်ခင်းသာယာပုံများကို ဖေါက်သယ်ချ သောအခါ သူတို့ပူပင်သလို မဟုတ်၍ တအံ့တသြ ၀မ်းသာနေကြသည်။

မြင်းခြံမြို့ သို့ရောက်သောအခါ အလွန်အေးသောနေရာမှ အလွန်ပူပြင်းသောနေရာသို့ ရောက်လာကြ ၍ အစတွင် မနေတတ်, မထိုင်တတ်ဖြစ်ကြသော်လည်း နောက်တော့နေတတ်လာပါသည်၊ ကံအားလျော်စွာ အရိပ်အာဝါသ ကောင်းသော တိုက်တတိုက်ကို ငှားရ၍သက်သာရာရသွားခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ကျမသည် ၄-နှစ် အရွယ်ခန့်ရှိ၍ အတော်ပြည့်ပြည့်စုံစုံ သိရှိနားလည်သော အရွယ်သို့ ရောက်လာသည်၊ အင်္ဂလိပ် ရုပ်ရှင်ကားတို ကလေးများကို တခါတရံ တအံ့တသြကြည့်ရစ် ပြုပါပြီ၊ ရုပ်ရှင်ကားဆို သော်လည်း ဇာတ်လမ်းမဟုတ်ပါ၊ သဘောင်္ခုတ်ခြင်း၊ မီးရထားမောင်းလာခြင်း၊ မြင်းများပြေးနေခြင်း၊ တခါတရံ လူတယောက် ကို လူတယောက်က လိုက်ဖမ်းလျှင် စည်ပိုင်းထဲ ၀င်ပုန်းသည်၊ နောက်လူ မှီလာ၍ ဖွင့်ကြည့် လျှင် မုန့်သေတ္တာ တွေဖြစ်နေသည် စသော ရုပ်ရှင်ပေါ်ဦးစက လှုပ်ရှားမှုကလေးတွေ ရိုက်ပြသည်ကိုပင် တအံ့တသြ ပရိသတ် သဘောကျပုံ တွေကို မှတ်မိခဲ့ပါသေးသည်။

မြင်းခြံမြို့မှာ ဘယ်လောက်ကြာသည်ဟု အတိအကျမမှတ်မိ၊ အများဆုံး ၂-နှစ်ခန့်ရှိမည်ထင်ပါသည်၊ သည်အခါတွင် မန္တလေးကအဘိုးအဖွားများ အလည်လာသည်ကို မှတ်မိသော်လည်း ကျောက်ပန်း တောင်းက အဘိုးအဖွားများလာသည်ကို မတွေ့ရဘူးပါ၊ နောက်မှသိရသည်ကား အဘိုးမြို့အုပ်ကြီး ဦးဘိုးဆွေသေဆုံးရှာပြီး အဖွားမြို့အုပ်ကတော်ကြီးမမသက်မှာလည်း လှည်းပေါ်မှလိမ့်ကျ၍ တင်ပါး တဘက်အနာရပြီး တောင်ဝှေးထောက်သွားနေရသည်ဟု သိရှိရသည်။

ထိုအဖြစ်အပျက် တို့မှာ ကျမလူမှန်းမသိတတ်သေးချိန်ကနှင့်တူပါသည်၊ နောက်တချီ မြို့ပြောင်း အလွဲ ကိစ္စ ပေါ်လာသည်၊ မြို့အုပ်ကြီးဦးဘိုးဆွေမရှိတော့၍ သြဇာအာဏာ ညောင်းခဲ့ဘူးသဖြင့် ဦးမြတ်ကျော် အုပ်ချုပ်ရန် သင့်တော်သည်ဟူသော အယူအဆနှင့် တနယ်လုံးစီးရသော တိုက်နယ် အင်စပက်တော်ကြီး ရာထူးဖြင့် ပြောင်းရွေ့လိုက်ပြန်သည်။

ထိုအချိန်၌ ကျမအသက်မှာ ၅-နှစ်ကျာ် ၆-နှစ်ခန့်ရှိပြီဖြစ်၍ တွေ့မြင်သမျှ မှတ်သားမိသော ထင်ထင် ရှားရှား တွေ့မြင်သမျှ မှတ်သားမိသော အရွယ်ဖြစ်ပါသည်၊ သို့ကြောင့် မြင်းခြံမြို့မှ ကျောက်ပန်း တောင်းမြို့ သို့သွားရသော ခရီးစဉ်ကိုပါ မှတ်မိပါသည်၊ ကျောက်ပန်းတောင်းမြို့သည် ပုပ္ပါးတောင်ခြေ တွင်ရှိ၍ အတွင်းကျသောအရပ်ဖြစ်ရာ မိတ္ထီလာဘက်မှလှည်းနှင့်သွားလျှင် လမ်းကြမ်း ဘောင်တက် တောင်ဆင်း တွေနှင့် ကျောက်ပုံချောင်းကိုဖြတ်၍ တလမ်း၊ မြင်းခြံမှတလမ်း၊ ရေလမ်းမှ သင်္ဘောနှင့် လာလျှင် ပုဂံညောင်ဦး မှာ ဆင်း၍ လှည်းနှင့် နှစ်ညဉ့်အိပ် မှ ရောက်သည်။

ယခုခေတ် ကဲ့သို့ ရေနံချောင်းမှ တိုက်ရိုက်ဖေါက်ထားသော ကတ္တရာစေး လမ်းများကို၎င်း၊ တောင်တွင်းကြီး မှ တဆက်တည်း ဖေါက်ထားသော အိပ်မက်ပင် မက်ကြသေးသည့်မဟုတ်ပါ၊ နှစ်ညဉ့်အိပ် လှည်းစီး ၍ လာရ သော်လည်း ဖုံထူသော သဲကြောင်းပေါ်မှာ ပေါင်းမိုးပိတ်နွားလှည်းကြီးတွေနှင့် တအိအိ မောင်းနှင် လာရသော ကြောင့် ပင်ပန်းနွမ်းနယ်မှုမရှိဘဲ သက်သက်သာသာ ရောက်သော ခရီးကို ရွေးချယ်၍ ရောက်လာ ကြသည်၊ ဖခင်၏ ဇာတိဌာနေ ဆွေမျိုးအသိုက်အအုံတို့ အလည်သို့ရောက်ရှိ လာသောအခါ အားလုံး ပျော်ပျော်ရွင်ရွင် ရှိကြသည်၊ ကျမအားချစ်ခင်မှုကို အရင်းထား၍ အားလုံးက ၀ိုင်းမြှောက်စားပြန်ရာ မူလက မိဘ၏ အလိုလိုက်မှု၊ ယုယမှုခံရသူ ဖြစ်နေသဖြင့် ဆိုးချင်သမျှဆိုး၊ တေချင်သမျှတေ နေတတ်အောင် ၀ိုင်းသင်ပေးသလို ဖြစ်လာလေသည်၊ ကျမ၏အဘိုး မြို့အုပ်ကြီး ဦးဘိုးဆွေကိုမှတ်မိသော အရွယ်တွင် မတွေ့ရတော့ဘဲ သူ၏ ဓါတ်ပုံကြီးများကိုသာ အစပြု၍ မြင်ရပါ သည်။

သို့သော်ဦးဘိုးဆွေမသေမီကတည်သွားသော မြို့အပြင်ကျောက်တောင် ကျောက်ကလပ်များထိပ် ရှိ ရွှေတောင်ဦး ဘုရား၊ ဦးဘိုးဆွေ၏ဖခင်နှင့်အစ်ကိုများ တည်ထားခဲ့သောမြတ်ရွှေကူဘုရားနှင့် အခြားသော ၎င်းတို့ဆွေမျိုး သားချင်းတစုတည်ထားသော ဘုရားတန်ဆောင်း, ဂူကျောင်းဇရပ်များ ကိုသာ တွေ့မြင် ရပါသည်၊ အဖွားဖြစ်သူမမသက်ကို စာရေးသူစ၍မြင်ရသော အချိန်မှာ ပိုးထမီရင်ကွဲ တပတ်ရစ် ကလေးနှင့် ကိုင်လွန်း၍ ချောပြောင် နေပြီဖြစ်သော ၀ါးတောင်ဝှေး ကလေးထောက်လျက် သား, ချွေးမနှင့်မြေး တို့ကို သူနေသော အိမ်ဝင်းကြီး အ၀မှ ၀မ်းသာရွှင်ပြုံးစွာ ကြိုလင့်နေသည်ကို တွေ့ရပါသည်။

အဖွား မမသက်သည် သားနှင့်ချွေးမ ကိုသီးခြား အိမ်ခွဲမနေစေလိုဘဲ သူနေသော အိမ်ကြီးမှာ အတူနေ စေသည်၊ အိမ်ကြီး ကလည်း ကျယ်ဝန်း၍ မူလနေသူမှာ မမသက်နှင့် ယောင်းမ (မြို့အုပ်ကြီး ဦးဘိုးဆွေ၏ နှမရင်း) မမယနှစ်ယောက်သာရှိ၍ ဆေးပေးမီးယူအိမ်ဖေါ်အမျိုးသ္မီးနှစ်ယောက် ရှိပါသည်၊ သို့သော် ခြံဝင်းကြီးမှာ အလွန်ကျယ်၍ သီးမျိုးစုံပွင့်မျိုးစုံတို့ကို စိတ်တိုင်းကျစိုက်ပျိုးထား သောကြောင့် ဥယျာဉ် သဘွယ်ရှိသည်၊ အိမ်မှာအုတ်တိုက်ခံပျဉ်ထောင်ပျဉ်မိုး၍ ၄-ဘက်ဆင်ဝင် အပြင် အုတ်ကလပ် များအစွန်း ထုတ်ထားသည်။ ၎င်းအုတ်ကလပ်မှာ ရှေးအခါက လူဆိုးများဝိုင်းလာ လျှင်အစောင့်များက အိမ်ပတ်လည် မှနေ၍ သေနတ်နှင့်ပစ်စရာသူရဲပြေး သဘောမျိုးပင်ဖြစ်ပါသည်၊ အလားတူ ဦးဘိုးဆွေ တို့ဆွေမျိုး ညီအကို သားချင်း တစုတို့၏ အိမ်ဝိုင်းများလည်း ဆက်ခါဆက်ခါ တပြေးတည်းတည်ရှိနေသည်၊ ၎င်းဝိုင်းများ ကိုစုပေါင်း ၍ ၀ါးချွန်ဝင်းထရံများခပ်ထားသည်ကို မှတ်မိသေးသည်၊ ကျောက်ပန်းတောင်း မြို့လယ်ဗဟို တွင်ရှိ၍ ထိုဆွေမျိုးတစု၏၀ိုင်းကို မင်းဝိုင်းဟု ခေါ်ကြသည်၊ ယခု၎င်းကိုအစွဲပြု၍ မင်းဝိုင်းရပ် ဟုခေါ်ဆဲပင် ဖြစ်ပါသည်၊ သို့သောသင်္ခါရသဘော အတိုင်းစစ်ဘေးဒဏ်ကြောင့် အိမ်ကြီးအိမ်ကောင်း များမရှိတော့ဘဲ အဘိုးနှင့်အဖွားမမသက်တို့ အုတ်ခံရှေးတိုက်အိမ်ကြီးမှာ ဗုံးဒဏ်ပိလျက်ပြိုပျက်သွားရာ မပြို၍ ကျွင်းကျန် နေရစ်သော အုတ်နံရံ တပိုင်းတစ များသာ ယခုအချိန် ထိရှိနေပါသည်။

ထိုအချိန်က မြို့အုပ်ဝန်ထောက်စသည်တို့မှာ အလွန်သြာဇာအာဏာရှိသည်။ နယ်များတွင် အရေးပိုင် ရာဇ၀တ် ၀န်ကြီး စသူတို့က သုံးလေးလရှိမှ တခါတလေလာတတ်သည်။ ဦးမြတ်ကျော် ရောက်လာသော အခါ အဖေဖြစ်သူမြို့အုပ်ကြီး ဦးဘိုးဆွေကို ခင်မင်ရင်းစွဲရှိခဲ့ကြသည့် တိုင်း မြို့ရောနယ်ပါ ချစ်ကြောက် ရိုသေ ရှိကြသည်။ တိုက်နယ်အင်စပိတ္တော်ရာထူးမှာ နယ်လှည့်ရသည်။ တလလျှင် ၁၅ရက်ခန့်က နယ်လှည် လို့ချည့်နေရသည်။ ဦးမြတ်ကျော်က နယ်လှည့်သွားတိုင်း ပုပ္ပါးတောင်ကို မရောက်၍မဖြစ်၊ ပုပ္ပါးတောင် တ၀ိုက်မှာ ရွာကြီးရွာငယ်ပေါင်းက ခြံရံတည်နေါသည်။ နယ်လှည့်ထွက်တိုင်း ဗိုလ်တဲရှိသော ပုပ္ပါးမြို့ တောင်ဇင်း၊ လက်ပန်ဖျား၊ ဆတ်ထိန်း၊ ကပ်ကုန်း သောဌာနများတွင် ညဉ့်အိပ်စခန်းချ၍ ပုလိပ်ဌာန များကို ကြည့်ရှုစစ်ဆေးရပါသည်။

ဗိုလ်တဲမရှိသောရွာများတွင် မြို့သူကြီးများအိမ်၌ တည်းခိုရသည်။ ၎င်းမြို့သူကြီးများမှာလည်း တစိမ်းတရံ ဆန်တွေမဟုတ်ကြဘဲ မြို့အုပ်ကြီးဦးဘိုးဆွေတို့၏ ဆွေမျိုးအကိုင်းအခက် အဆက် အနွယ် များသာ ဖြစ်ကြပါသည်။ ဦးမြတ်ကျော်သည် နယ်လှည့်ထွက်တိုင်းဇနီးနှင့် သ္မီးကိုခေါ်သွား လေ့ရှိသည်။ ထိုခေတ် အချိန်က နယ်လှည့်ရသည်မှာ နွားလှည်းများနှင့် ဖြစ်ပါသည်။ တခါတရံ လည်း လူကမြင်းစီး၍ ပစ္စည်း များကို လှည်းနှင့်တင်သည်။ ကျမကို မိဘများက အလွန်အကျွံ အလိုလိုက်သည်၊ အဘိုးအဖွား အဆွေအမျိုး အသိုက် အအုံ ကလည်း ၀ိုင်း၍မြောက်စားချစ်ခင်ကြသည်။ ရောက်လေရာဌာနတိုင်းကလည်းဝိုင်း၍ ချီပင့်ကြ ချစ်ခင်ကြသည်၊ ကျမကိုယ်၌ကလည်း လူလောက ကြီးထဲရောက်၍ လူမှန်းသိသောအချိန်ကစပြီး၊ မတောင့်မတ မကြောင့်မကြ နှင့် ချမ်းသာသုခကိုသာ မျက်ဝါး ထင်ထင် လက်တွေ့ခံစားရမှုတို့ကြောင့် ဆင်းရဲဒုက္ခ ဆိုသည်မှာ ဘယ်လိုဟာမျိုးခေါ်မှန်းမသိ အောင်ရှိနေသာ အရွယ်ဖြစ်ပါသေးသည်။

ထိုသို့ ပတ်ဝန်းကျင်၏ အလိုလိုက်မှုကြောင့် ဆိုးနွဲ့ပေတေမှုတွေက တဖြည်းဖြည်းတိုးလာသည်၊ ဖွားဖွား မမသက်သည် မနက်တိုင်းနိစ္စပါတ်ဘုရားကို ဆွမ်းပန်းကပ်လေ့ရှိရာ သူ့ဆွမ်းတော်ပွဲများမှာ မနက်တိုင်း ဘန်းကြီးဘန်းငယ် အသွယ်သွယ်နှင့်သစ်သီးမုန့်ပဲတို့ကို အလှအပချယ်လှယ်၍ ကပ်လေ့ရှိသည်၊ ခြံထဲမှ ထွက်သမျှ ခူးပေးရသောဘု၇ားပန်းများကိုလည်း ပီးကပြစ်မဟုတ်ဘဲ ပန်းထီးပန်းခိုင် သဖွယ် အလှအယဉ် ချယ်လှယ်ပြုပြင် လုပ်ကိုင်ပြီးမှ ကပ်လှူလေ့ရှိသည်၊ ကျမသည် တော့တက် မလိုက်သော နေ့ရက်များ၌ ဖွါးဖွါး၏ ဘုရားဆွမ်းပန်း အလှပြင်ဆင်နေခြင်းကို စိတ်ပါဝင်စားစွာ ထိုင်ကြည့်နေတတ်သည်၊ ထိုအခါ ဖွါးဖွါးသည် လက်မှပန်းခိုင်ပန်းထီးများ ပြုလုပ်ရင်းနှုတ်မှ လည်းကျမအားဒါနအကြောင်း, သီလ အကြောင်း ကုသိုလ်, အကုသိုလ်အကြောင်းတို့ကို ခလေးများ နားလည်လွယ်သော စကားတို့ဖြင့် ပြောကြားလေ့ ရှိသည်။

တခါတရံ နေ့ခင်းနေ့လည် ဆိုလျှင် ပုံဝတ္တုများကို စိတ်ရှည်လက်ရှည် ပြောကြားတတ်သည်၊ ဖွါးဖွါး ပြောကြားသော ပုံဝတ္တုများသည် ငါးရာ့ငါးဆယ်နိပါတ်တော်တည်းမှ ပုံများချည်းသာဖြစ်ပါသည်၊ ကျမအဘို့ ငယ်စဉ်က ကုလားမအထိန်း များနှင့်သာ နေလာရသဖြင့် ပုံဝတ္တုများကို တကြိမ် မှ နားမထောင် ဘူးပါ၊ သို့အတွက် ခလေးတိုင်း နားထောင်ပြီးသား သမရိုးကျဖြစ်သောရွှေယုန် ရွှေကျားပုံ တို့၊ ငန်းတော် ရေမြွေမင်း မဒွေး စသောပုံပြင်များကိုလည်း မကြားဘူးသေးပေ၊ ယခုစတင်ကြားရ သောပုံပြင်များမှာ အလွန် အဆင့်အတန်း မြင့်သောငါးရာ့ငါးပယ် နိပါတ်တော်ပုံပြင်များဖြစ်၍ ဘုရာလောင်း မျောက်မင်းနှင့် ဒေ၀ဒတ် တို့ ကအစ ဇာတ်ကြီးဆယ်ဘွဲ့မှ ဝေဿန္တရာ၌ ဂဏှာဇာလီ လှူခဏ်းမှာ ခလေးချင်း သနားပြီး မျက်ရည် များဖြိုင်ဖြိုင်ကျခဲ့ရသည်၊ သို့သော် ထိုစဉ်က တန်ဘိုးရှိသော နိပါတ်တော်များ၊ ဇာတ်ကြီး ဆယ်ဘွဲ့ များဟုသိနားလည်၍တော့မဟုတ်ပါ၊ ပဋ္ဌမဦးစွာကြားရဘူးသော ပုံပြင်များအဖြစ် အစွဲနာ၍ မှတ်မိနေ ခြင်းသာဖြစ်ပါသည်။

သို့ကြောင့် ကျောင်းမနေရသေး၍ စာတလုံးမှ မသင်ရမှီ ၆-နှစ်အရွယ်ကပင် ငါးရာ့ငါးဆယ် နိပါတ်တော်နှင့် ဇာတ်ကြီး ဆယ်ဘွဲ့ပါ ၀တ္ထုဇာတ်လမ်းများကို နောကြေအောင် မှတ်မိနေပြီဖြစ်ပါ သည်၊ မေမေသည် နောက်ပိုင်း အချိန်ျများတွင် သားသ္မီးကိုယ်ဝန်ရှိုလာ၍ တောတက်ရာသို့ မလိုက် နိုင်တော့ဘဲ အိမ်မှာ နေရစ် ရသောအခါ ကျမသည် အိမ်ခြံကြီးအတွင်းတွင် ပြေးလွှားကစားသည့် အခါကစား၍ ဖွားဖွားနှင့် အမေနားမှာ မျောက်ရှုံးအောင် ဆော့နေတတ်သဖြင့် မေမေက နားအေး အောင်ကျောင်းထားပေးမည်ဆိုသည်၊ ဖွားဖွားတို့ အိမ်နှင့် တလမ်းကြားတွင် ၇-တန်းအထိသင်ကြား ပေးသော မြန်မာစာသင်ကျောင်း တခု ရှိသည်၊ ထိုကျောင်းတွင် ရွယ်တူကစားဘက်တွေ ရှိ၍လည်း သူတို့နှင့်အတူ ကစားချင်သဖြင့် ကျောင်းထား မည်ဆိုသည်ကို သဘောကျမိသည်။

သို့သော် ကျောင်းထားသည်ကို သဘောမကျသူ့မှာ ကျမဖခင်ဦးမြတ်ကျော် ဖြစ်ပါသည်၊ သူ့အလိုက မန္တလေး နှင့် ရန်ကုန်ရှိကွန်ဗင့်ခေါ် အင်္ဂသီလရင် ကျောင်းများသို့တခါထည်း ကျောင်း အိပ်ကျောင်းစား ပို့ထားရန် ရည်ရွယ်ထားသူဖြစ်သောကြောင့် ဖြစ်ပါသည်၊ သို့သော်မေမေက ကျောင်းခွဲပို့ထားရန် ငယ်ပါ သေးသည်၊ တနှစ်စနှစ်နှစ်စ ဒီကဗမာကျောင်းမှာထားပြီး ဗမာစာကို ဘတ်တတ်အောင် သင်ပါစေဦးဟု ဆိုသဖြင့် သဘောတူ လိုက်ရသည်။

ကျောက်သင်ပုန်း ကျောက်တန်ကိုင်၍ ကျမသည် ကျောင်းသို့စတင်သွားပါပြီ၊ ကျောင်းမှာ ယောင်္ကျား လေးနှင့် မိန်းကလေး အများရှိပါသည်၊ ထိုခေတ်ထိုမြို့ရှိ ကျောင်းသားအားလုံးထဲတွင် ကျမတယောက်သာ လျှင် အင်္ဂလိပ်ဂါဝန် နှင့် သားရေဘိနပ်၊ ခေါင်းကိုဦးထုပ်ဆံပင်က (ခရော့စ်)ခေါ် အတို၊ ကျောက်သင်ပုန်းက တဘက် နှင့် တယောက်တည်း တဘာသာထီးထီးကြီး ဖြစ်နေပါသည်၊ မိန်းကလေးများ ဗမာအင်္ကျီ လုံချည်နှင့် ဆံရစ်ဝိုင်း ယောင်ထုံးသို့မဟုတ် ငယ်သူများကဆံရစ်ဝိုင်းမှ ကြက်တောင်စည်း ကလေး ဗူးပွင့်ခွဲ လျက်ရှိကြသည်၊ ယောင်္ကျားကလေးများကလည်း ဦးစွန်းဖုတ် ယောင်တုံးအချို့ ကထုံးပြောင် ကလေး တွေနှင့် ဖြစ်ကြသည်၊ ဗိုလ်ဆံတောက် ပင် ပေါ်ခါစဖြစ် ပါသည်။

သူတို့အနေနှင့် ကျမကျောင်းသို့ လာသောအခါ ထူးထူးဆန်းဆန်း ပြူးတူးပြဲတဲ ကြည့်ကြသည်၊ အချို့ ကလည်း ကုလားမဂါဂရာကြီးဝတ်လို့ ဟယ်ဟုတအံ့တသြပြောသည်၊ အချို့က ယောင်္ကျား လဲမဟုတ်ဘဲနဲ့ ဘွတ်ဘိနပ် စီးထားသတဲ့ လို့ဆိုသည်၊ အချို့ကလဲကျမ မကြားတကြား ကုလားမ ခြေတန်ရှည် လင်းမြွေ ကိုက်လို့သေဟု နောက်ကြပြောင်ကြသည်၊ ကျမကျောင်းလာ လျှင်အနဲဆုံး ၃-ခါ ၄-ခါတော့ ကုလားမ လာပြီ ကုလားမ ခြေတန်ရှည်စသော အသံများကို ကြားနေရသောအခါ ဘာလုပ်ရမှန်းမသိ အများနှင့် တစ်ယောက်တည်း ဆိုတော့ကြောင်စာစာ ဖြစ်နေ မိပါသည်။

ဝလုံးကို ဝိုင်းအောင်ရေးတတ်ပြီ ဆက်ရန်
.

3 comments:

Anonymous said...

ဖတ်ကောင်းတုန်း...အမရာ..

မီးပျက်သွားသလိုပဲ...ဟီးး


momiji

မေဓာဝီ said...

ကျမလည်း မိုးမင်းကြီးလိုပဲ ထမင်းစားချိန် စာလာဖတ်တယ် မရွှေစင်ဦးရေ ...
အဲဒီရှေ့ပိုင်းတွေ မေ့တေ့တေ့ ဖြစ်နေတာ။
ကုလားမခေါ်တဲ့အခန်းဖတ်တော့ ၀င်းဦးနဲ့ ၀ါဝါ၀င်းရွှေပါတဲ့ ရုပ်ရှင်ဇာတ်ကားတခုကို သတိရတယ်။ ငယ်ငယ်တုန်းက မြန်မာ့ရုပ်သံမှာ ပြန်ပြလို့ကြည့်ဖူးတာ။
ဝါ၀ါဝင်းရွှေက ကျောင်းကို ဂါဝန်နဲ့လာတော့ မစ္စဘူးယို ဂါဝန်တို ဒူးကိုမြှောက်တော့ စာခြောက်ရုပ်ဆိုပြီး စကြတာလေ။
အဲဒီတုန်းကတော့ ကွန်ဗန့်ကျောင်းမဟုတ်ရင် ဂါဝန်မ၀တ်ကြတော့ အထူးအဆန်းဖြစ်ပြီး စကြတာနေမှာနော်။

မြစ်ကျိုးအင်း said...

အပိုင်း၂ အထိ ဖတ်ပြီးပြီ
ကိုယ်မသိမမှီလိုက်တဲ့ခေတ်ကို ဗဟုသုတ ရတယ်။
ကျေးဇူးပါအမရေ