Thursday, January 28, 2010

တော့တိုး-ချန်

သူလျှိတစ်ယောက်

တိုမိုကျောင်း မှ ကလေးများသည် ယာဆူအာကီ-ချန်ကို သတိရသဖြင့် စိတ်မကောင်း ဖြစ်နေကြသည်။ အထူးသဖြင့် နံနက်စောစောကျောင်းတက်ချိန်တွင် သူ့ကိုပို၍သတိရကြသည်။ ယာဆူအာကီ-ချန် သည် ကျောင်း နောက်ကျခြင်းမဟုတ်၊ ကျောင်းသို့ ဘယ်တော့မျှ လာတော့မှာမဟုတ် ကြောင်းကို သူတို့ စဉ်းစားမိ သောအခါ ပို၍ပင် စိတ်မကောင်း ဖြစ်ကြသည်။ ရက်တွေကြာလာသော အခါ သူတို့၏၀မ်းနည်းခြင်းသည် တဖြည်းဖြည်း လျော့နည်း လာလေတော့သည်။

တော့တိုး-ချန်သည် သူမကြီးလာရင် ဘာအလုပ်လုပ်ရင် ကောင်းမလဲ ဆိုသည်ကို ယခုတလော စဉ်းစား လျက်ရှိသည်။ သူမသည် ဟိုး....ခပ်ငယ်ငယ်တုန်းက လမ်းပေါ်က အတီးအမှုတ်သမား ဖြစ်ချင်ခဲ့သည်။ ထို့နောက် ဘဲလေးကချေသည် ဖြစ်ချင်ပြန်သည်။ တိုမိုကျောင်း သို့ ပထမဆုံး လာရောက်စဉ် က သူမသည် မီးရထား လက်မှတ်ရောင်းသမား ဖြစ်ရရင် ကောင်းမှာပဲဟု စိတ်ကူး ရပြန်သည်။

ယခုအခါတွင် သူမသည် အခြားအလုပ်တစ်မျိုးမျိုးလုပ်ရင် ကောင်းမှာပဲဟုတွေးတောမိပြန်သည်။ သူနာပြု ဆရာမ အလုပ်လုပ်ရရင် မကောင်းဘူးလား၊ သူမစဉ်းစားကြည့်သည်။ ဤတွင် သူမသည် ဒဏ်ရာရ စစ်သည်များကို သွားကြည့်စဉ်က မြင်တွေ့ခဲ့ရသည်များကို သတိရလိုက်သည်။ ဆေးရုံမှ သူနာပြု ဆရာမ များသည် လူနာများကို ဆေးထိုးပေးကြသည်။ ဆေးထိုးရသည့် အလုပ်သည် အတော်ကလေးကို ခက်ခဲ သည်။ ဒီလိုဆိုရင် ဘာအလုပ်လုပ်မလဲ၊ သူမကိုယ်ကို သူမ မေးလိုက်သည်။ ထိုအခိုက် သူမသည် ရုတ်တရက် ပျော်သွားသည်။

''ငါဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ထားတာရှိပြီးသားပဲ''
သူမသည် တာအီး-ချန် ရှိရာသို့ သွားသည်။ တာအီး-ချန် သည် သိပ္ပံလက်တွေ့ခန်းတွင် လက်တွေ့ စမ်းသပ်မှု တစ်ခုပြုလုပ်နေသည်။ သူသည် အရက်ပြန်ကို မီးရှို့နေသည်။
''သူလျှို တစ်ယောက်ဖြစ်ရရင် ကောင်းမလားလို့ ငါစဉ်းစားနေတယ်''
သူမ က တာအီး-ချန်ကို ပြောလိုက်သည်။

တာအီး-ချန်သည် မီးလောင်နေသော အရက်ပြန်များကို ကြည့်နေရာမှ တော့တိုး-ချန်ဘက် လှည့်ကြည့် လိုက်သည်။ ထို့နောက်သူသည် ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲလိုက်ပြီးလျှင် အကြာကြီးစဉ်းစားပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
''သူလျှို တစ်ယောက် ဖြစ်ဖို့ရာ မလွယ်ပါဘူး၊ ပါးပါးနပ်နပ်သိပ်ရှိရမယ်။ ဒါ့အပြင် နင့်အနေနဲ့ ဘာသာ စကား အမျိုးမျိုး ကို တတ်ထားဖို့လိုတယ်''
ထို့နောက် သူသည် တော့တိုး-ချန်ကို အသေအချာစူးစိုက်ကြည့်ရင်း '' ပထမ အချက်အနေနဲ့ မိန်းမ သူလျှို ဟာ ရုပ်ချောရမယ်'' ဟုပြောလိုက်သည်။

တာအီး-ချန်က ထိုသို့ပြောလိုက်သောအခါ တော့တိုး-ချန် သည် သူ့ကို ရဲရဲ မကြည့်တော့ဘဲ သူမ၏ မျက်လွှာ ကို အောက်သို့ စိုက်ချလိုက်သည်။ ခဏအကြာတွင် တာအီး-ချန်သည် သူ၏စကားကို ဆက်ပြော ပြန် သည်။ ယခုတစ်ကြိမ်တွင် သူသည် တော့တိုး-ချန်ကို ကြည့်၍ မပြောတော့ဘဲ အခြားနေရာကို ကြည့်၍ ပြောလိုက်သည်။
''ပြီးတော့ နောက်တစ်ချက် ရှိသေးတယ်၊ စကားများတဲ့သူဟာ သူလျှိုတစ်ယောက် မဖြစ်နိုင်ဘူးလို့ ငါထင် တယ်''

တော့တိုး-ချန် သည် ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူမ သူလျှိုတစ်ယောက် မဖြစ်နိုင်ဘူးဟု သူပြော သောကြောင့် မဟုတ်။ သူလျှို တစ်ယောက်ဖြစ်နိုင်ရေးနှင့် ပတ်သတ်ပြီး သူပြောသည့် အချက်များမှာ မှန်သော ကြောင့်ဖြစ်သည်။ တာအီး-ချန် ပြောပြတော့မှ သူမသည် သူမ ကိုယ် သူမ ပြန်လည် ဆန်းစစ် ကြည့်မိသည်။ သူမတွင် သူလျှိုတစ်ယောက် ဖြစ်နိုင်မည့် အရည်အချင်းများ မရှိကြောင်း နားလည် လိုက်သည်။ ထို့ကြောင့် သူလျှိုအလုပ်လုပ်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
''တာအီး-ချန်ဟာ ငါနဲ့အသက်တူတူပါပဲ။ ဒါပေမဲ့လို့ သူဟာငါ့ထက်ပိုပြီး ဗဟုသုတ ကြွယ်ဝတယ်''
တော့တိုး-ချန်သည် စိတ်ထဲမှ ပြောလိုက်သည်။

တာအီး-ချန်သည် ထူးချွန် ထက်မြက်မည့် သူတစ်ယောက် ဖြစ်လာမှာမလွဲဟု တော့တိုး-ချန်မှတ် ထားလိုက် သည်။
ထို့နောက်သူမသည် တာအီး-ချန်ကို ခပ်ပြုံးပြုံးကြည့်လိုက်ရင်း ပြောလိုက်သည်။

''ကျေးဇူးတင်ပါတယ်၊ ငါသူလျှို မလုပ်တော့ဘူး၊ နင်ကတော့ တစ်နေ့မှာအရေးပါ အရာရောက် တဲ့သူ တစ်ယောက် ဖြစ်မှာ မလွဲဘူးလို့ ငါထင်တယ်''
တာအီး-ချန်သည် သူ့ခေါင်းကို လက်ဖြင့်ကုတ်လိုက်ပြီးနောက် သူ၏ရှေ့စားပွဲပေါ်တွင် ဖွင့်ထားသော စာအုပ် ကို ကြည့်နေလိုက်သည်။
တော့တိုး-ချန်မှာမူ သူလျှိုမဖြစ်နိုင်ရင် ဘာအလုပ်လုပ်ရရင်ကောင်းမလဲဟု တွေးတောရင်း တာအီး-ချန် အနား ၌ပင် ဆက်ရပ် နေမိသည်။ ခပ်စောစောက တာအီး-ချန် ရှို့ထားသော အရက်ပြန်မီးသည် ယခုထိ တောက်နေဆဲ ပင်ရှိနေပါသည်။

အဖေ့တယော

စစ်ကြီးသည် တော့တိုး-ချန်နှင့် သူမ၏မိသားစုကိုပါ ဒုက္ခပေးစပြုလာလေပြီ။ သူမ၏ အိမ်နီးနားချင်း ယောက်ျား ကလေးများသည်လည်းကောင်း၊ လူကြီးများသည်လည်းကောင်း၊ အလံများကို ကိုင်ဆောင်ကာ ''ဘင်ဇိုင်း'' ဟု ဟစ်အော်ကြွေးကြော်ကာ ထွက်ခွာသွားနေကြရ သည်။ ဈေးဆိုင်များပေါ်မှ စားကုန် သောက်ကုန် များသည် တဖြည်းဖြည်း ကုန်ခန်းလျက်ရှိသည်။ တိုမိုကျောင်း၌ နေ့လယ်စာစားချိန်တွင် ကြားနေရသော ''ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုး၊ တောင်ကုန်းများပေါ်မှ တစ်မျိုးမျိုး'' အစားအစာ များကိုရှာရန် သိပ်မလွယ်တော့။ အမေသည် ဟင်းချက်စရာရရှိရေးအတွက် အခက်အခဲနှင့်ကြုံနေရသည်။ အစစ အရာရာကို ချွေချွေ တာတာ ရယူနေရသည်။ ဘယ်လိုပင် ကြိုးစားရှာစေကာမူ သကြားလုံး များကိုပင် ရရှိရန်မလွယ်ပေ။ တော့တိုး-ချန်တွင် မုန့်ဝယ်စားရန် ပိုက်ဆံများရှိသော်လည်း မုန့်များကို ၀ယ်၍ မရတော့။

ထိုအတောအတွင်း အချို့လူများက အဖေ့ကို လက်နက် ခဲယမ်းမီးကျောက် စက်ရုံတွင် စစ်သီချင်း များကို တယော ဖြင့် ဖျော်ဖြေပေးဖို့ တိုက်တွန်း စကားပြောလာကြသည်။ ထိုသို့ သွားရောက်ဖျော်ဖြေ ပေးလျှင် ဆန်၊ သကြားနှင့် အခြားအစားအစာများ မလွဲမသွေရမည်ဟုပြောသည်။ အဖေသည် တယောထိုး တော်သူ ဖြစ်သောကြောင့် ဆုတံဆိပ်များကိုလည်း ရရှိထားသူဖြစ်ရာ အခြားလက် ဆောင် အများအပြားကိုလည်း ရနိုင်သည်ဟု အဖေ၏ မိတ်ဆွေ တစ်ယောက်က ပြောပါသေးသည်။

''ရှင် ဘယ်လိုသဘောရလဲ၊ သွားမှာလား''
အမေက အဖေ့ကို မေးသည်။
ပြဇာတ်များနှင့် အခြားဖျော်ဖြေမှုများသည် တဖြည်းဖြည်း နည်းပါးလာသည်။ နည်းပါး လာရသည့် အကြောင်း များအနက် ပထမအချက်မှာ အတီးအမှုတ်သမားများသည် အခြားတာဝန်များ ထမ်းဆောင် ခေါ်ယူခြင်း ခံရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သံစုံတီးဝိုင်းများတွင် တီးမှုတ်မည့်သူများ လိုအပ် လျက် ရှိလာသည်။ ရေဒီယိုအသံလွှင့်မူ အစီအစဉ်များတွင် စစ်ပွဲနှင့်ပက်သက်သော အစီအစဉ်များက ပိုမို လာသည်။ ထို့ကြောင့် အဖေနှင့်သူ၏အပေါင်းအသင်းများသည် အလုပ်များ များ မလုပ်ကြရတော့။

အမေ၏ မေးခွန်းကို ပြန်မဖြေမီ အဖေသည် ခပ်ကြာကြာ စဉ်းစားလိုက်သည်။ ပြီး....
''အဲဒီလို နေရာမျိုးမှာ ငါ တယောသွားမထိုးချင်ဘူး''ဟု ပြောလိုက်သည်။
''ရှင့်ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ကျွန်မထင်တယ်၊ ကျွန်မလည်း သဘောမတူပါဘူး၊ အခြားတစ် နည်းနည်း နဲ့ ကျွန်မတို့ စားသောက်ဖို့ ရှာကြတာပေါ့''
အမေက ပြောလိုက်သည်။

တော့တိုး-ချန်သည် အစားအသောက်များကို ယခင်ကလို မစားရ မသောက်ရ တော့ကြောင်းကို အဖေ ကောင်းစွာ သိသည်။ ပိုက်ဆံရှိသော်လည်း အစားအစာများက မရှိ။ လက်နက်ခဲယမ်းမီး ကျောက်စက်ရုံ သို့သွား၍ တယောထိုးပြီး ဖျော်ဖြေမှုပြုလုပ်လျှင် သူ၏မိသားစုများသည် ဖောဖောသီ သီ စားနိုင်မည်ကို အဖေ ကောင်းစွာသိပါသည်။ သို့သော်အဖေသည် သူ၏အနုပညာကို အလွန်တန် ဖိုးထားသည်။ ဤသည်ကို အမေ ကလည်း သိသည်။ ထို့ကြောင့် အမေသည် အဖေ့ကို မတိုက်တွန်း ပေ။

အဖေက သူ၏သမီးကို ၀မ်းနည်းစွာဖြင့် ပြောလိုက်သည်။
''အဖေ့ကို ခွင့်လွှတ်နော် တော့စကီ''
တော့တိုး-ချန်သည် အနုပညာအကြောင်း၊ ၀ါဒသဘောတရားအကြောင်းနှင့် အလုပ်အကြောင်းများ နှင့် အလုပ် အကြောင်းများကို အသက်ငယ်လွန်းသူဖြစ်သောကြောင့် ဘာမျှမသိသေးပေ။ သို့သော် အဖေသည် တယောကို ချစ်လွန်းသောကြောင့် စွန့်ပစ်ခြင်းခံနေရသူဖြစ်ကြောင်းကို သူမကောင်းစွာ သိထား၏။ အဖေ၏ မိဘဆွေမျိုးများသည် တယောကို ချစ်ရမလားဆိုပြီး အဖေ့ကို စွန့်ပစ်ထားကြ သည်။ အဖေ့ကို စကား မပြောကြပေ။ အဖေ့တွင် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့ခဲ့ရသော အချိန် များရှိခဲ့သည်။ သို့သော် အဖေသည် သူ၏တယောကို ဘယ်တော့မျှမစွန့်လွှတ်ပေ။ ထို့ကြောင့် အဖေသည် သူမ နှစ်သက်သော နေရာ၌ တယောမထိုးသည်မှာ အလွန်မှန်ကန်သည်ဟု တော့တိုး-ချန် စဉ်းစားမိလေသည်။

တော့တိုး-ချန်သည် အဖေ၏ အနီးတွင် ခုန်ဆွခုန်ဆွပြုလုပ်ရင်း ပျော်ရွှင်သောအသံဖြင့် ပြောလိုက်သည်။
''သမီးစိတ်ထဲ ဘယ်လိုမှမဖြစ်ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ သမီးလည်းပဲ အဖေ့တယောကို ချစ်တယ်''
နောက်တစ်နေ့တွင် တော့တိုး-ချန်သည် သူမအိမ်အနီးရှိ ဘူတာရုံဘက်သို့သွားပြီး မုန့်ပဲသားရေစာ များကို သွားရှာ သည်။ သို့သော်ရှာမတွေ့ပေ။ ရှာမတွေ့သော်လည်း သူမစိတ်မပျက်ပေ။ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် ရမှာမလွဲဟု သူမ မျှော်လင့်လျက်ပင်။

ကတိ

နေ့လယ်စာကို စားသောက်ပြီးသောအခါ ကလေးများသည် သူတို့၏ စားပွဲကုလားထိုင်များကို နေရာတကျ ပြန်ထားကြရသည်။ ထိုအခါ စုဝေးခန်းမကြီးသည် ရှင်းသွားလေသည်။
''ကနေ့တော့ ဆရာကြီးရဲ့ ကျောကုန်းကို ငါပထမဆုံးတက်ခွစီးမယ်''
တော့တိုး-ချန်သည် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူမသည် ထိုအလုပ်ကို သိပ်လုပ်ချင်လေသည်။ သို့သော် သူမက စိတ်ကူးရုံသာရှိသေးသည်။ အခြားကလေးများသည် ဆရာကြီး၏ ကျောကုန်းပေါ် ရောက်ကုန် ကြလေပြီ။ စုဝေးခန်းမကြီး၏ အလယ်တွင် တင်ပျဉ်ခွေထိုင်လေ့ရှိသော ဆရာကြီး၏ ကျောကုန်းပေါ် နှင့် ပေါင်ပေါ် သို့ သူ၏ တပည့်ငယ်ကလေးများသည် သားသမီးများက ဖခင်၏ ကိုယ်ပေါ် တက်ဆော့ သလို ဆော့ ကြသည်။

ထိုအခါမျိုးတွင် ဆရာကြီးက ''ဟေး.... တော်တော့၊ ဆင်းကြတော့၊ ဆင်းကြတော့၊ တော်ပြီ''ဟု အော်လေ့ ရှိသော်လည်း ၏မျက်နှာမှာ ရယ်ရလွန်းသောကြောင့် အနီရောင်သန်းနေသည်။ ဆရာကြီးက ဘယ်လို အော်သော်လည်း ကလေးများသည် သူ့ကိုယ်ပေါ်မှ မဆင်းပေ။ ထို့ကြောင့် နောက်ကျသော ကလေးများ သည် ဆရာကြီး၏ ကျောကုန်းပေါ်သို့ ရောက်ဖို့ မလွယ်တော့ပေ။
ဆရာကြီး၏ ကျောကုန်းပေါ်သို့ ပထမဆုံးတက်ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်သော တော့တိုး-ချန်သည် စုဝေး ခန်းမကြီးကို စောင့်ကြည့်လျက်ရှိသည်။ ဆရာကြီး ခန်းမကြီးနားသို့ ရောက်သည်နှင့် သူမသည် ဆရာကြီး ကို ပြောစရာတစ်ခုရှိပါတယ်ီ'' ဟု ပြောလိုက်သည်။

''ဘာပြောစရာရှိလို့လဲ''
ဆရာကြီးသည် ၀မ်းမြေက်သောအသံဖြင့် မေးလိုက်သည်။ ထို့သို့မေးရင်း ဆရာကြီးသည် ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေချိတ်၍ ထိုင်ချလိုက်သည်။ ဆရာကြီးထိုသို့ ထိုင်လိုက်သည်နှင့် တစ်ပြိုင် နက် တော့တိုး-ချန်သည် ဆရာကြီး၏ ကျောကုန်းပေါ်တက်ရန် အစီအစဉ်ကို ဖျက်လိုက်သည်။ သူမသည်ဆရာကြီးနှင့် မျက်နှာချင်း ဆိုင်ထိုင်ပြီး သူမ ပြောချင်သည်များကို ပြောမည်ဟု ဆုံးဖြတ် လိုက်သည်။ ထို့ကြောင့်သူမသည် ဆရာကြီး နှင့် နီးကပ်စွာ မျက်နှာချင်းဆိုင်ထိုင်ကာ သူ့မမျက်နှာကို အချိုသာဆုံး ထားလိုက်သည်။ အမေက ပြောလေ့ရှိသည့် ချစ်စရာကောင်းသော မျက်နှာပေးမျိုးဖြစ် သည်။
ဆရာကြီး သည် သူ၏ကိုယ်ခန္ဓာကို ကိုင်းညွှတ်ရင်း ထပ်မံမေးလိုက်ပြန်သည်။

'' ဘာပြောမလို့လဲ''
တော့တိုး-ချန်သည် ချိုသာစွာနှင့် ဖြည်းညင်းစွာပြောလိုက်သည်။ သူမ၏လေသံမှာ အစ်မကြီးက မောင်လေး တစ်ယောက်ကို ပြောသည့်လေသံမျိုးဖြစ်သည်။
'' ကျွန်မ လူကြီးဖြစ်လာရင် ဒီကျောင်းမှာ စာလာသင် ပေးချင်တယ်၊ တကယ့်ကို လာသင် မှာပါ ''
သူမက ထိုသို့ပြောလျှင် ဆရာကြီးသည် ပြုံးလိမ့်မည်ဟု သူမမျှော်လင့်ထားသည်။ သို့သော် ဆရာကြီးသည် မပြုံးဘဲ မှင်သေသေ ဖြင့် ပြောလိုက်သည်။
'' တကယ်လား၊ ကတိတည်စေနော်''

သူသည် သူမကို အမှန်တကယ် စာလာသင်ပေးစေလိုသေ ဆန္ဒသူ့မှာရှိပုံရသည်။
တော့တိုး-ချန်သည် သူမ၏ ဦးခေါင်းကို အားပါးတရ ညိတ်လိုက်ရင်းပြောလိုက်သည်။
'' ကျွန်မ ကတိပေးပါတယ်''
သူမ၏ ရင်ထဲဝယ် ကျောင်းဆရာမတစ်ယောက် ဖြစ်လိုစိတ်အမှန်တကယ် ဖြစ်ပေါ်လာ သည်မှာ ထင်ရှား ပါသည်။

ထိုအချိန်ဝယ် သူမသည် တိုမိုကျောင်းသို့ ပထမတန်းကျောင်းသူအဖြစ် ပထမဆုံး စတင် ရောက်သည့်နေ့က ဆရာကြီး၏ ရုံးခန်း၌ ဆရာကြီးနှင့် စတွေ့ပုံကို စဉ်းစားလိုက်မိသည်။ ထိုအချိန် မှုာ အတန်ကြာခဲ့လေပြီ။ ဆရာကြီးသည် သူမ၏ပြောစကားများကို နာရီခပ်ကြာကြာစိတ်ရှည်စွာဖြင့် နားထောင်ခဲ့သည်။ သူမ စကား ပြောပြီး သောအခါ '' မင်းဟာ အခုအချိန်ကစပြီး ဒီကျောင်းရဲ့ ကျောင်းသူတစ်ယောက်ဖြစ်သွာပြီ'' ဟ ပြောလိုက်သော ဆရာကြီး၏ လေသံမှာ မေတ္တာကို အရင်းခံသော လေသံဖြစ်လေသည်။ ထိုအချိန်မှစ၍ သူမသည် မစ္စတာကိုဘာယာရှီအပေါ် တစ်နေ့တစ်ခြားပို၍ပို၍သာ အချစ်ပိုလာခဲ့သည်။ သူ့အတွက်သူမ ဘယ်လို အကူအညီမျိုး ပေးရပေးရ ပေးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။

သူမက ကတိပေးလိုက်သောအခါ ဆရာကြီးသည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။ ထုံးစံအတိုင်း ပင် သူ့တွင် သွားအချို့မရှိသည်ကိုပင် သူဂရုမပြုတော့။ တော့တိုး-ချန်သည် သူမ၏ လက်ညှိုးသေးသေး ကလေးကို ထောင်ပြလိုက်သည်။ ဆရာကြီးကလည်း သူမအတိုင်း ပြန်လုပ် လိုက်သည်။ ဆရာကြီးသည် ပြုံးနေသည်။ တော့တိုး-ချန်သည်လည်း ပြုံးနေသည်။ သူမသည် တိုမိုကျောင်းတွင် ဆရာမအဖြစ် အမှုထမ်း မည်။ အံ့သြစရာကောင်းသော စိတ်ကူးပင် ဖြစ်သည်။

''ငါဆရာမဖြစ်ရင် စာများများ မကျက်ခိုင်းဘူး၊ အားကစားများများလုပ်ခိုင်းမယ်၊ အချက်အပြုတ် အလုပ်ကို အပြင်မှာ လက်တွေ့လုပ်ခိုင်းမယ်၊ လမ်းများများ လျှောက်ခိုင်းမယ်''
တော့တိုး-ချန် စိတ်ကူးထားသည်။

ဆရာကြီးသည် ၀မ်းသာလျက် ရှိသည်။ သူမသည် တိုမိုကျောင်း၌ ဆရာမတစ်ယောက်ဖြစ်လာမှာ မလွဲဟု သူသည် သေချာပေါက် ယူဆထားလိုက်သည်။
တိုမိုကျောင်း၌ ကျောင်းအုပ်ဆရာကြီးရှေ့တွင် သူ၏တပည့်မတစ်ယောက်က ကျောင်းဆရာမအ ဖြစ် အမှုထမ်းပါမည်ဟု ကတိပေးနေစဉ် အမေရိကန်ဗုံးကြဲလေယာဉ်ပျံများသည် ဂျပန်နိုင်ငံ၏ ကောင်းကင်ယံ သို့ ရောက်ရှိလာလေပြီဖြစ်သည်။

ရော့ကီ မရှိတော့ပါ
.

4 comments:

Anonymous said...

ama, I read already.
Both are interesting for me.
These days ,I am so busy.
But I ever visit to your blog.
I love to read.


ama, Thanks.....really thanks.


momiji

အင်ကြင်းသန့် said...

မမရေ...
မပျက်မကွက်လာတယ်..
အင်း....မီညလေးမှာဆိုရင်လည်း သူလျှိုတစ်ယောက်ဖြစ်နိုင်မယ့်အရည်အချင်း မရှိပါဘူး (ရုပ်ချောရမယ်...စကားမများရဘူးဆိုလို့လေ) :))
တော့တိုးချန်လေးက ပြီးတော့မှာဆိုလို့စိတ်မကောင်းဘူး

ချစ်မီညလေး

Welcome said...

sis
visited and read u r nice post..

thz 4 all..

မေဓာဝီ said...

မအားလို့ ခုမှဖတ်ရတယ် မရွှေစင်ဦးရေ ..
ကျမလဲ သူလျှိုတယောက် မဖြစ်နိုင်တော့ဘူး။ :P
တော့တိုးချန်လိုပဲ ကျမလဲ ဆရာမတယောက် ဖြစ်ချင်တယ်။ အဲဒီလို ကျောင်းလေးတကျောင်း ဖွင့်ချင်တယ်။

အဲ .. ဒီနေရာလေး နဲနဲမှားနေသလားလို့၊ ပြန်စစ်ကြည့်ပါအုံး။
"ငါဆရာမဖြစ်ရင် စာများများ မကျက်နိုင်ဘူး"
အဲဒီနေရာမှာ "မကျက်ခိုင်းဘူး" ဖြစ်ရမယ် ထင်တယ်။

ကျေးဇူးအများကြီးတင်တယ်နော်။ နောက်တပိုင်း မျှော်နေပါတယ်။