Saturday, November 9, 2013

မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၃)

 ဒေါက်တာတင်ထွန်းဦး က ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦး။ သူက သုတစွယ်စုံ ဆိုတဲ့ စာအုပ်တိုက် လုပ်ထား တယ်။ မောင်သာချိုက တက္ကသိုလ်က နည်းပြတစ်ဦး။ သူက အိပ်မက်ဖူးဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခွင့် ကတ်ပြား ရထားတယ်။ သူတို့ကို ကျွန်တော် တိုင်မယ်။ ကျန်တဲ့သူတွေကို ရှာပြီးတိုင်မယ် ဆိုတော့ မလုပ်ပါနဲ့၊ မတိုင်ပါနဲ့တဲ့။ တကယ်တော့ ကျွန်တော် လည်း မတိုင်ဖြစ်ပါဘူး။ အဲဒီ စစ်ဆေးမှုကြောင့် တကယ်ပရိုမိုးရှင်းပေးမယ်ဆိုတော့ ခြောက်လ ထပ်နောက် ဆုတ်သွား ပါတယ်။ ခြောက်လ ပြည့်ပြီးတော့ မှ ကျွန်တော် တစ်ယောက်တည်းကို သက်သက် ပရိုမိုးရှင်း အော်ဒါ ထွက်ပေး ပါတယ်။ ကို ဆက်ဖတ်ရန် ..
စာတည်း။    ဆရာ ၁၉၈၁ ဇွန်လမှာ ပေဖူးလွှာမဂ္ဂဇင်း ပြန်ထုတ်တာ တွေ့ရတယ်။ စာတည်းက ဆရာ ခင်မောင်မြင့်၊ အမှုဆောင် စာတည်း သုံးယောက်က ဆရာမောင်သုခ၊ ဆရာအောင်မြင့်၊ ဆရာမျိုးမြင့်ညိမ်း၊ အုပ်ချုပ်ရေးမှူးက ဦးဝင်းနိုင်ဆိုပြီး တွေ့ရပါတယ်။ အဲဒီမှာ ဆရာက ''ပေလွှာဖူးသစ်'' ဆိုတဲ့ ကဏ္ဍကနေ ''ရင်ခုန်သံသီချင်းသည်'' ဆိုတဲ့ ခေါင်းစဉ်နဲ့ တေးထုတ်လုပ်သူတွေ နဲ့ တေးရေးဆရာတွေကြား မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာ အဲဒီပြဿနာတွေ ဆရာက ဖော်ထုတ်ပြီးရေး လိုက်တယ်။ အဲဒီကဏ္ဍလေး ဖြစ်ပေါ်လာပုံကို ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။    အဲဒါက ပေါ့ပ်အနေနဲ့ ကျွန်တော် လုပ်တာပါ။ အဲဒီတုန်းက ဘာတွေ ဖြစ်နေသလဲ ဆိုတော့ မိုးကြိုးငှက်ငယ်ဆိုတဲ့ အဖွဲ့က အရမ်းနာမည်ကြီးနေပါတယ်။ တစ်နှစ်ကို ၃၆၅ ရက်ရှိတာ၊ သူတို့ ပွဲခွင်က ၄၅၀ လောက် ရှိနေပါတယ်။ နေ့တိုင်း ကရတယ်။ နှစ်ပွဲ၊ သုံးပွဲ ကနေရတယ်။ သူတို့က စတီရီယိုသီချင်းတွေ နဲ့ကကြတယ်။

အဲဒီမှာ တေးရေးဆရာတွေက သူတို့ ခွင့်ပြုချက်မယူဘဲ ဒီမိုးကြိုးငှက်ငယ်လေးများအဖွဲ့က သူတို့သီချင်းတွေ သုံးပြီး စီးပွားရေးလုပ်စားနေပါတယ်။ သီချင်းရေးဆရာ လေး ငါး ခြောက်ယောက်ကနေ ပြီးတော့ ပုဏ္ဏက ပါတယ်၊ သုခမိန်လှိုင်ပါတယ်၊ ဦးကျော့မှူး ပါတယ်။ အဲဒီလူတွေ စုပြီး ကျွန်တော့်ကို ပြောတာ။ ပန်းဆိုးတန်းရဲ့ မောင်ချစ်ဆိုင်နားက အခန်းတစ်ခန်း မှာ ပြောကြတာကို ကျွန်တော် ရေးဖြစ်တာပါ။ ဒါပေမဲ့ သူတို့ ရင်ဖွင့်တာကို ရေးပေမယ့် ဘာမှ effect မဖြစ်ဘူး။ ကတဲ့အဖွဲ့က ကမြဲ ကနေ တပါပဲ။

စာတည်း။    ဆရာ ပေဖူးလွှာမှာပဲ ''သူတို့ချစ်တဲ့ အနုပညာကမ္ဘာ'' ဆိုပြီးတော့ အဆိုတော်တွေနဲ့ တွေ့ပြီးေ တာ့ သူတို့ တေးသီချင်းမူရင်းတွေ ကို ဖော်ပြ တယ်။ တေးရေးသူတွေ နဲ့ တေးဆိုသူတွေတွေ့ပြီးတော့ သူတို့ သီချင်း ခံစားချက်ကို ဖော်ပြတယ်။ ဆရာ အဲဒီဂီတလောကကို ၀ါသနာပါခဲ့ပုံ အစလေး ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။   ဂီတလောကနဲ့ ပတ်သက်တာကတော့ ကျွန်တော် ဘွဲ့ရပြီးတဲ့နောက်ပိုင်း ၁၉၆၇ နောက်ပိုင်းမှာ မျိုးမြင့်တို့က လူငယ်တွေအနေနဲ့ ရပ်ကွက်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင် တို့မှာ စတိတ် ရှိုးလုပ်မယ်ပေါ့။ အဲဒီတော့ လုပ်ချင်လုပ် ဆိုတော့ အစ်ကို ပါပေးမှ၊ လူကြီးတစ်ယောက် အနေနဲ့ ရပ်ပေးမှလို့ ပြောတယ်။ လုပ်ပေါ့ ဆိုတော့ သူတို့က ဘယ်သူ့ကို ခေါ်လာသလဲဆိုတော့ အဲဒီတုန်းက နာမည်လုံးဝမရှိ သေးပေမယ့် မြန်မာ့အသံမှာ Local Talent အနေနဲ့ သီချင်းဆိုနေပြီဖြစ်တဲ့ ဘိုဘိုဟန်ကို ခေါ်လာတယ်။ ဘိုဘိုဟန်က ပင်တိုင်ပေါ့။

တစ်ညလုံးအနေနဲ့ ကျွန်တော်တို့က အရက်ဖြူတိုက်ပြီး ဆိုခိုင်းပါတယ်။ ဘာရယ် တော့ မဟုတ်ဘဲ အပျော်သဘောနဲ့ ရပ်ကွက်ထဲမှာ လုပ်ကြပါတယ်။ ၃ ရက် လုပ်ကြတာပါ။ ကျွန်တော်တို့က ဘယ်သူနဲ့ ရင်းနှီးသလဲဆိုတော့ အဲဒီတုန်းက အပြင်မှာ အရမ်းနာမည်ကြီးနေတဲ့ မင်းမင်းလတ်နဲ့ ရင်းနှီးပါ တယ်။ ဆိုတော့ ကိုလတ်ကြီး တည်ညလောက် လာဆိုပေးပါလို့ ပြောတော့ သူက လာဆိုပေးပါတယ်။ ဘယ်လောက်ထိ သင်္ခါရသဘောနိုင်သလဲဆိုရင် ဘိုဘိုဟန် ဆိုနေတုန်းမှာ မင်းမင်းလတ် ရောက်လာရင် ကျွန်တော်တို့က ခင်ဗျား ခဏရပ်လိုက်၊ မင်းမင်းလတ် ဆိုပါစေလို့ တားလိုက်တယ်။ အဲဒီမှာ ဘိုဘိုဟန်ကြီး က ရပ်ပေးရရှာတယ်။ မင်းမင်းလတ်ကဆိုတယ်။ နောက်တော့ ဘိုဘိုဟန်က တအားအောင် မြင်သွားတယ်။ မင်းမင်းလတ်က သီချင်းမဆိုတော့ဘူး။

အဲဒီလိုနဲ့ ဂီတနဲ့ ဆက်နွှယ်သွားပြီးတော့ ကျွန်တော် ၁၉၇၇ မှာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတော့ ရန်ကုန်မြို့ထဲမှာ သူ့နေရာနဲ့သူ မြို့နယ်အလိုက် ဇာတ်ရုံတွေရှိတယ်။ ဗဟန်းမှာ သူ့ဇာတ်ရုံနဲ့ သူ ရှိတယ်။ မင်္ဂလာတောင်ညွန့်မှာရှိတယ်။ ကျွန်တော်တို့ ကျီတော်မှာလည်း ရှိတယ်။ စသဖြင့် သူ့ဇာတ်ရုံနဲ့ သူရှိတော့ ဇာတ်တွေက လှည့်ပြီး ကကြတယ်။ ဇာတ်ရုံတွေက Permanent ရှိကြတယ်။ သိမ်ဖြူကွင်းထဲမှာ လည်း ဇာတ်ရုံတစ်ရုံရှိတယ်။ ဇာတ်တွေ ၀င်တယ်။ ကျွန်တော်တို့က ... ဒါလည်း မျိုးမြင့်ပဲ သယ်လာတဲ့ အလုပ်ဗျ။ သူ့သူငယ်ချင်း ကိုကျော်လှိုင် ဆိုတဲ့ လူတစ်ယောက် ရှိတယ်။ အစ်ကို က အဖေနဲ့ လက်ဝှေ့ပွဲ လုပ်ဖူးတဲ့ အတွေ့အကြုံရှိတယ် ဆိုပြီး သူပဲခေါ်လာတာ။ ပွဲလုပ်ကြ မယ်ပေါ့။

ဒါပေမဲ့ ငွေရင်းက များမယ်။ တစ်ယောက်ကို ငါးထောင်လောက် ရင်းရမယ်။ နောက် တစ်ယောက်တော့ ခေါ်ဦးမှဆိုပြီး ခေါ်တော့ ရုပ်ရှင် မင်းသမီး ဒေါ်မေရှင်ရဲ့တူ၊ ကိုအောင်မြင့် ကို ခေါ်လိုက်တယ်။ အဲဒီတော့ ကိုကျော်လှိုင်ရယ်၊ ကိုအောင်မြင့် ရယ်၊ ကျွန်တော်ရယ် တစ်ယောက် ငါးထောင်စီ ထည့်ကြပြီးတော့ သိမ်ဖြူကွင်းရုံမှာ ပလေးဘွိုင်း သွင်းမယ် ဆိုပြီး ကိုသန်းနိုင်တို့ ပလေးဘွိုင်းကို စသွင်းဖြစ်တာပါ။ အဲဒီကနေ တောက်လျှောက် ပျဉ်းမနားတို့၊ မန္တလေး တို့၊ ပြည် တို့မှာ ပလေးဘွိုင်း၊ စတိတ်ရှိုးတွေ သွင်းဖြစ်သွားပါတယ်။ ဒါက စတိတ်ရှိုးကန်ထရိုက်ပေါ့။

စာတည်း။    သူတို့ကို စတိတ်ရှိုး သွင်းတုန်းက ၁၉၇၇ သိမ်ဖြူကွင်းမှာ ပလေးဘွိုင်းသန်းနိုင်နဲ့ ပထမဆုံးအကြိမ် ဆရာစခဲ့တဲ့ စတိတ်ရှိုးသွင်းတာကို ဖတ်ခဲ့ရပါတယ်။ အဲဒီတုန်းက သူတို့ရဲ့ စတိတ်ရှိုးကြေး က လေးထောင်လို့ ဖတ်ရပါတယ်။ ရယ်စရာလေး ပြောရရင် စတိတ်ရှိုးမှာ လူစုံချင်တဲ့ အတွက် ချိုပြုံးကို ထည့် မယ်လို့ ပလေးဘွိုင်းသန်းနိုင်က ဆရာ့ကို ပြောတယ်။ အဲဒီမှာ ဆရာရယ်၊ ဆရာ့ညီ ဆန်နီညိမ်း ရယ်၊ သူ့ သူငယ်ချင်းမင်းသား ကိုသုမောင်ရယ် ချိုပြုံးဆီ သွားခဲ့ကြတယ်။ ဟိုရောက်တော့ အဲဒီအချိန်က ချိုပြုံးက အရမ်းဟော့ ဖြစ်နေတာကြောင့် အဆိုတော်ကြေး ၁၂၀၀ တောင်းလိုက်တယ်။ ဆရာက အဆိုတော်ကြေး တော့မယူပါနဲ့၊ မိတ်ကပ်ဖိုးပဲ ယူပါဆိုပြီး ဈေးဆစ် တဲ့အတွက် ချိုပြုံးက ထအော်တယ် ဆိုတာလေး ဖတ်မိပါ တယ်။ အဲဒါလေး ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။      ဟုတ်တယ်ဗျ၊ အဲဒီကတည်းက သူနဲ့ခင်မင်ရင်းနှီးသွားတာ အခုထိပါပဲ။ မောင်နှမလို ပါပဲ။ သူက အဲဒီတန်းက အဆစ်တောင်းသေးတာဗျ။ သူ့ညီမ ရွှင်ပြုံးက မင်္ဂလာဆောင်မှာဆိုတော့ ရွှင်ပြုံး ကိုလည်း ခေါ်ပါဆိုပြီး။ ဟ ... ကျွန်တော်က ချိုပြုံးကို လာငှားတာဘယ့်နှယ် ရွှင်ပြုံးပါလာရတာလဲ ပေါ့။ သူက လုပ်ပါ။ ရှင်ကလည်း ခေါ်ပါဆိုပြီးတော့ သူ့ကို ၅၀၀ နဲ့ တည့်တဲ့အချိန်မှာ သူက ရွှင်ပြုံးကလည်း ၁၅၀ နဲ့တောင်းပေးတာ။ ပြီးတော့ ကျွန်တော်တို့က သူ့အမျိုးသား ဒေါက်တာမြင့်ဆွေကို အကူအညီတောင်း တာဆိုတော့ ဟိုက ဆိုပေးလိုက်ပါပေါ့။ ချိုပြုံးက ရှင်တို့က ၀န်ကြီးချုပ်ကို ကိုင်ပြီး ပြော မှတော့ ဆိုပေးရမှာပေါ့ဆိုပြီး လက်ခံလိုက်တာပါ။

စာတည်း။ ဆရာ ... ၁၉၈၃ ဇွန်လထုတ် ပေဖူးလွှာမဂ္ဂဇင်းမှာ ဆရာက သီချင်းတစ်ပုဒ် ချင်း ဖော်ပြ နေရာ ကနေ ''ထွက်ပြီး၊ ထွက်ဆဲ၊ ထွက်တော့မယ့် စီးရီး''တွေကို ပရိသတ်နဲ့ မိတ်ဆက်ပေး တဲ့ အစီအစဉ်ကို ပြောင်းခဲ့တာ တွေ့ရပါတယ်။ ''ဒီလ စီးရီးအညွှန်း''လို့ ခေါင်းစဉ်တပ်ထားပါတယ်။ အဲဒီကာလတုန်းက ဆရာတို့နဲ့ခေတ်ပြိုင် တခြားမဂ္ဂဇင်းတွေမှာ အဲဒီလို ကဏ္ဍမျိုး ရှိခဲ့ပါသလား ဆရာ။

ဆရာဝင်းငြိမ်း။         မရှိဘူး။

စာတည်း။      အဲဒီအကြောင်းလေး ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။      အဲဒီတုန်းက စီးရီးအညွှန်းဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ''၀င်းကိုကို'' ကလောင်နဲ့ လုပ်ခဲ့တာပါ။ ပထမပိုင်းတုန်းက သီချင်းတစ်ပုဒ်ချင်း၊ ကလေးတွေကြားမှာ ဟော့ဖြစ်တဲ့၊ ရေပန်းစားတဲ့ သီချင်းတွေကို မိတ်ဆက်ပေးတဲ့ကဏ္ဍ လုပ်ခဲ့ပါတယ်။ အဲဒီကာလက ကိုနေ၀င်းရဲ့ ''မိုးရဲရင် ဆောင်းရဲရမယ်'' သီချင်း။ ဆရာ စိုင်းခမ်းလိတ်ရဲ့ ''ဘီးကလေး''စသဖြင့် အဲဒီလို သီချင်းတွေကို လုပ်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော် တစ်လကို တစ်ယောက်ချင်း ရေးရတာကို စိတ်ထဲမှာ အားမရတဲ့ အတွက် ထွက်ပြီးသား စီးရီးတွေ၊ ထွက်တော့မယ့် စီးရီးတွေကို ခံစားသုံးသပ်ချက်တွေ နဲ့ ရေးခဲ့ပါတယ်။

စာတည်း။      ဟုတ်ကဲ့ပါ၊ ဆရာ အဲဒီကာလတုန်းက ပေဖူးလွှာ မဂ္ဂဇင်းရဲ့ တန်ဖိုးက ၇ ကျပ် ၅၀ ပြား။ စောင်ရေက တစ်သောင်းလို့ တွေ့ရပါတယ်။ ကျွန်တော် သိချင်တာက အဲဒီကာလတုန်းက ဆရာတို့ ရတဲ့ စာမူ ဥာဏ်ပူဇော်ခလေးကို ဆရာ မှတ်မိရင် ပြောပြပေးပါဦး။

ဆရာဝင်းငြိမ်း။      မှတ်မိတာပေါ့၊ မှတ်မိပါတယ်။ အဲဒီတုန်းက စာရေးဆရာ အင်တာဗျူးအတွက် တစ်ပုဒ်ကို ၅၀ ကျပ် ရပါတယ်။ ကျန်တာတွေလည်း ၅၀ ကျပ်ပါပဲ။ စီးရီးအညွှန်းအတွက်က ၂၅ ကျပ် ရတယ်။

စာတည်း။     အဲဒါက မဂ္ဂဇင်းရဲ့ အခြေအနေနဲ့ ပေးတာလား ဆရာ။ ဘယ်လို သတ်မှတ်ပြီးပေးတာပါပလဲ ဆရာ။

ဆရာဝင်းငြိမ်း။      ကိုယ့်ဟာကိုယ် အဆင်ပြေသလို ပေးကြတာပါ။ ယနေ့အထိ စာမူဟောင်းလို့၊ စာမူပေး လိုက်တယ် ဆိုပါတော့။ ကျွန်တော် ရေးနိုင်တဲ့ မာဂ္ဂဇင်းကို စာမူပေးပြီးရင် စာမူခကို မေးလည်း မမေးဘူး။ တောင်းလည်း မတောင်းဘူး။ ကျွန်တော်ကတော့ စာမူခ ဘယ်ရွေ့ဘယ်မျှရမှ ရေးတယ် ဆိုတာမျိုးမရှိပါ ဘူး။ ရေးပေးလိုက်တယ်။ ပေးသမျှကိုပဲ ကျွန်တော် လက်ခံပါတယ်။ စာမူခ ဆိုတာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် စာပေတိုက်တွေကသူ့စောင်ရေနဲ့ အဆင်ပြေသလို ပေးကြတာပဲ။

ကျွန်တော်က အဲလို တွက်တဲ့အတွက် ကိုယ် ရေးချင်ရေးမယ်၊ ကိုယ်မရေးချင်ရင် နောက် မရေးဘူး။ အခု အချိန်ထိကို အယ်ဒီတာတွေက စာမူ တောင်းသွားတယ်။ ဆက်တိုက် ဆက်တိုက် တောင်းတယ်။ စာမူသာ ပါသွားတယ်။ စာမူခ လာမပေးတဲ့ တိုက်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ အပြင်မှာ ရေးလည်း ရေးခဲပါတယ်။ ရေးသည့်တိုင်အောင်လည်း စာမူခကို မျှော်ကိုးတာမျိုး မဟုတ်ပါဘူး။ တခြားသူတွေကတော့ မျှော်ကိုးတယ် ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ပါဘူး။ စာရေးဆရာဆိုတာ စာမူခ ရသင့်တာချည်းပါပဲ။

စာတည်း။      ဆရာ ... ဆရာတို့ ပေလွှာဖူးသစ် ကဏ္ဍမှာတုန်းက အသစ် အသစ်တွေအတွက် စခဲ့တာ လို့ ဆောင်ပုဒ်မှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီကဏ္ဍတွေ စခဲ့တဲ့ စိတ်ကူးဖြစ်ပေါ်လာ ပုံလေး ပြောပြပါဦးဆရာ။

ဆရာဝင်းငြိမ်း။      အဲဒီ အချိန်တုန်းက တကယ် ပြောကြမယ်ဆိုရင် စာရေးဆရာကြီးတွေက အားကောင်း ကောင်းနဲ့ ရေးနေကြတုန်းရှိသေးတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့က နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက် ရည်ရွယ်ပြီးတော့ ပေလွှာဖူးသစ်ဆိုပြီးတော့ ကဏ္ဍလေး ဖွင့်ခဲ့တာပါ။

စာတည်း။     ဆရာက ဂီတလောကကိုလည်း စိတ်ဝင်စားတယ်။ မန္တလေးဇာတိဖွား လည်း ဖြစ်တယ်ဆိုတော့ ''မန်းတောင်ရိပ်ခို'' သီချင်းနဲ့ပတ်သက်ပြီး မေးခွန်းလေးတစ်ခု မေးပါရစေ ဆရာ။ ဆရာနဲ့ ဆရာမြို့မကိုပေါနဲ့ အင်တာဗျူးတုန်းက မြို့မကိုပေါ ပြောသွားတဲ့အထဲမှာ ဒီကနေ့ ကျွန်တော်တို့ သိထားတဲ့ မန်းတောင်ရိပ်ခို၊ မြနန္ဒာ သီချင်းဟာ မြို့မငြိမ်းရေးတဲ့ သီချင်းအဖြစ် သိထားပါတယ်။ ဒါပေမဲ့ မြို့မကိုပေါ ပြောပြတာက တကယ့်အဖြစ်မှာ အဲဒီလို မဟုတ်ဘူး။ အဆိုကျော် ကိုအံ့ကြီးတို့က မြို့မငြိမ်းရဲ့ တေးသီချင်း သုံးလေးပိုဒ်က သံပြိုင်ပုဒ်တွေယူပြီးတော့ သူတို့ဘာသာ ဖန်တီးစပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

ကျွန်တော် သိချင်တာက ကိုအံ့ကြီးတို့ ''မန်းတောင်ရိပ်ခို'' ဆိုတဲ့ အဲဒီသီချင်းကို အခုတော့ ''မြနန္ဒာ'' ဆိုပြီး ဂန္ထ၀င်ဖြစ်နေပါပြီ။ သီဆိုစဉ်က ဆရာမမြို့မငြိမ်း ရှိနေသေးလား ဆိုတာရယ်၊ ဘာတစ်ခုမှ မပြောခဲ့ ဘူးလား ဆိုတာရယ် သိချင်ပါတယ် ဆရာ။

ဆရာဝင်းငြိမ်း။     ဆရာမြိုကမငြိမ်း ရှိနေပါသေးတယ်။ ဆရာကိုပေါ ပြောတဲ့ဟာကတော့ ဆရာမြို့မငြိမ်း ဆုံးပြီး နှစ်ပေါင်း တော်တော်လေး ကြာတဲ့အခါ နောက်ပိုင်းမှာ သီချင်းနဲ့ ပတ်သက်ပြီး လေးနက်တဲ့ ပြဿနာ တွေရှိလာခဲ့ပါတယ်။ ဒီသီချင်းဟာ မြို့မငြိမ်းတစ်ယောက် တည်း ရေးခဲ့တာ မဟုတ်ဘူး။ နန်းတော်ရှေ့ ဆရာတင်လည်း ပါတယ်။ ပြီးတော့ ... သုံးယောက်ပဲဗျ။ အခုတော့ သုံးယောက် ရေးတာလို့ လက်ခံထားတယ်။

စာတည်း။     ဒါဆို ဆရာ။ သူဲ့ သံပြိုင်ပိုဒ်တွေကနေ ယူပြီး စပ်ဆိုခဲ့တာ မဟုတ်ဘးဆိုတဲ့ သဘောလား။

ဆရာဝင်းငြိမ်း။     အဲဒီလိုတော့ ကျွန်တော် အတိအကျ မပြောတတ်ဘူး။ အဆိုတော် ဦးအံ့ကြီး ကိုလည်း ရွှေအမြုတေ ဒီဘက်ခေတ်မှာ သူ နိုင်ငံခြားက ပြန်ရောက်လာချိန်မှာ မေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူက အဲဒီ အကြောင်းတွေ မပြောချင်ဘူး ဆိုလို့ ဆက်မမေးဖြစ်ခဲ့ပါဘူး။

စာတည်း။      ဆရာ့ကို နောက်တစ်ခုလောက် မေးပါရစေဦးဆရာ။     တေးသီချင်းနဲ့ ပတ်သက်လို့ ရသမြောက်ခြင်း၊ မမြောက်ခြင်းနဲ့ ပတ်သက်ပြီး မေးချင်လို့ပါ။ ဆရာ ဆရာမြို့မကိုပေါကို အင်တာဗျူးတုန်းက ဆရာမြို့မကိုပေါက ပြောဖူးပါတယ်။ ဆရာမြို့မငြိမ်းဟာ တေးသီချင်းတွေ စပ်ဆိုတဲ့ အခါ ''ငါက တစ်သက်စာ စပ်တာကွ''လို့ သူက ပြောသွားပါတယ်။ ဆရာကိုယ်တိုင်မျာတော့ သီချင်းတွေ ကို ခံစားတဲ့အခါ ဘယ်သီချင်းက ရသမြောက်တယ်၊ ရသမမြောက်ဘူး ဆိုတာ ဆရ့ရဲ့ စိတ်ကြိုက် ခံစားချက်လေးတွေနဲ့ ဘယ်လို ဆုံးဖြတ်သလဲ သိပါရစေ ဆရာ။

ဆရာဝင်းငြိမ်း။      ဆရာမြို့မငြိမ်းပြောတဲ့ ''တစ်သက်စာအတွက် ရေးတာကွ'' ဆိုတာ ဒီလိုလေ။ ဥပမာ- လူချွန်လူကောင်းသီချင်းက အခု ဖွင့်ရင်လည်း အခုထိ ရသမြောက်နေတုန်းပဲ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ''ပြိုင်ပွဲခေါ်'' တဲ့အခါကျတော့ သူတို့လည်း ၀င်ပြိုင်တယ်။ ဆုတွေ ဘာတွေ ရခဲ့ ကြတယ်။ အဲဒီအချိန်တုန်းက ဆရာမြို့မငြိမ်းက လူချွန်လူကောင်း သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့တယ်။ အဲဒီတော့ အခု ကျတော့ သူတို့ ပြန်ပြီးတော့ ရှက်သွားတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆုရခဲ့တဲ့ သီချင်းတွေကို ဘယ်သူမှ မသိတော့ဘူး။ ခေတ်ကာလနဲ့လည်း အံမ၀င်တော့ဘူး။ ဒါပေမဲ့ ဆုမရခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ ''လူချွန်လူကောင်း'' သီချင်းကျတော့ ခုအချိန်ထိ ခေတ်မီနေတုန်းပဲတဲ့။

သီချင်းတစ်ပုဒ်ရဲ့ ရသမြောက်မှု ဆိုတာ ဒါပါပဲ။ ခေတ်တိုင်း ခေတ်တိုင်း အံဝင်နေရမယ်။ ရသမြောက်ရမယ်။ ဒါပပါပဲ။ ဆိုကြပါစို့ဗျာ။ မိသားစု သီချင်းလေး တစ်ပုဒ်ရှိတယ်။ တိရစ္ဆာန်ရုံကို သွားကြတဲ့ သီချင်းလေး။ အဲဒီထဲမှာ သုံးဘီးကားတို့၊ အကြွေပေးလိုက်ပါလို့ ဆိုတဲ့ စာသားမျိုးတွေ ပါတယ်။ အဲဒါကျတော့ ဒီခေတ်မှာ အံမ၀င်ပါဘူး။ ဒါကို ဆိုလိုတာပါ။ ဆရာမြို့မငြိမ်း ရေးခဲ့တဲ့ သီချင်းတွေကျတော့ ခေတ်ကာလ ပြောင်းပေမယ့် အံဝင်နေသေးတယ်။

ဒီတော့ တေးသီချင်းတွေဟာ ကာလဘယ်လိုပဲ ပြောင်း ပြောင်း၊ ခေတ်နဲ့ အံဝင်နေသေးတယ်ဆိုရင် ဂန္ထ၀င်လို့ တင်စား သတ်မှတ်တယ်။ ကာလတွေ ဘယ်လိုပဲ ပြောင်းပြောင်း ရသမြောက်နေတယ်။ ဂန္ထ၀င်၊ ဂန္ထ၀င်နဲ့ အရမ်း အရမ်းပြောကြတယ်။ ဂန္ထ၀င်ဆိုတာ ဘာလဲ။ Definition မပဲါ၊ မသိဘဲ မပြောစေချင်ပါဘူး။ ဂန္ထ၀င်ဆိုတာ ခေတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေရမယ်။ အဲဒီလိုပဲ ကာလတွေ ဘယ်လိုပဲ ပြောင်းပြောင်း ခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတဲ့ ၀တ္ထု၊ ပရိသတ် လက်ခံနေတဲ့ ၀တ္ထုကို ဂန္ထ၀င်ဝတ္ထုလို့ ပြောလို့ရပါတယ်။ အရမ်းကာရော ဂန္ထ၀င်ဆိုတဲ့ စကားကို ပြောလို့ မရပါဘူး။ သွတ်သွင်းလို့ မရပါဘူး။

စာတည်း။ ဆရာ ... ဆရာနဲ့ အဆိုတော် ကိုအံ့ကြီးတို့ အင်တာဗျူးတဲ့အထဲမှာ ဆရာ မေးတဲ့ မေးခွန်းလေး တစ်ခုကို ကိုအံ့ကြီးက ဖြေသွားပါတယ်။ ၁၉၆၃ ခုနှစ်တုန်းက သူ့ရဲ့ညီ ဦးဘသိန်း နိုင်ငံခြားက ၀ယ်လာတဲ့ Ampex ဆိုတဲ့ အသံဖမ်းစက်နဲ့ အသံသွင်းယူခဲ့တဲ့ နန်းတော်ရှေ့ဆရာတင် ရေးတဲ့ ''ကျေးရွာဝါဒ'' သီချင်းဟာ စတီရီယိုခေတ်ရဲ့ အစလို့ ပြောသွားတာကို ဆရာ ကိုယ်တိုင် ကလည်း မှတ်ချက် ပေးခဲ့ပါတယ်။ အသံဖမ်းတဲ့ စနစ်ကို မူတည်ပြီး ပြောသွားတာလို့ သိရပါတယ်။ ဓာတ်ပြားခေတ်ရဲ့ အသံသွင်းစနစ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်နားမလည်လို့ ရှင်းပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။  ဒီလိုဗျ ... လူတွေက ပြောကြတယ်။ စတီရီယိုသီချင်း၊ မိုနိုသီချင်းဆိုပြီး ပြောကြတယ်။ တကယ်မှာက စတီရီယို၊ မိုနိုဆိုတာက အသံသွင်းတဲ့ စနစ်ကို ပြောတာ။ မိုနိုဆိုတာ သီချင်း ဖွင့်လိုက်လို့ရှိရင် သူက စပီကာဘယ်နှလုံးနဲ့ပဲ ဖွင့်ဖွင့်၊ သူက သီချင်းထဲက နေပြီးတော့ ဂီတသံရော၊ သီချင်းရော၊ ဥပမာ ... ဆိုင်းပါမယ်၊ တယောပါမယ်၊ နှဲပါမယ်၊ စသဖြင့် အားလုံးက Channel တစ်ခုတည်း က သွားတာ။ အဲဒါ မိုနို.
စတီရီယို ဆိုတာက တစ်ဖက်မှာက သီချင်းသံနဲ့၊ စန္ဒရားသံ ထွက်မယ်၊ တစ်ဖက်မှာက ဂီတသံ ထွက်မယ် စသဖြင့် တခြား Instrument အသံတွေ ထွက်မယ်။ အဲဒီလို ခွဲထွက်သွားခြင်းက စတီရီယို။

အဲဒီတော့ ''ကျေးရွာဝါဒ'' သီချင်းကို အဲဒီလို စတီရီယိုတိုက်နဲ့ ဖြစ်အောင် Ampex အသံဖမ်းစက်နဲ့ ဖမ်းခဲ့လို့ ပြောတပြါ။ အခု ပြောနေကြတာက စတီရီယိုသီချင်း စတီရီယိုသီချင်းနဲ့ ပြောနေကြတယ်။ အမှန်တော့ စတီရီယို သီချင်းဆိုတာ မဟုတ်ဘူး။ ပုံသဏ္ဍာန် အားဖြင့်လည်း မတူတော့ မတူတာ အမှန်ပါ။ သို့သော် နာမည်တပ်တာ မှားတယ်ဗျ။ စတီရီယို၊ မိုနိုဆိုတာ အသံထွက်စနစ်ကို မဟုတ်ဘူး။ သို့သော် ကလေးတွေ တော်တော်များများ နားလည်နေတာက စတီရီယိုနဲ့ မိုနိုပဲ နားလည်ကြတယ်။ သံစဉ်က မြန်မာသံစဉ်နဲ့ နိုင်ငံခြားကော်ပီသံစဉ်ရှိတယ်။ မြန်မာသံစဉ်ဆိုရင် မိုနိုဆိုပြီး ပြောကြတယ်။ မဟုတ်ဘူးဗျ။ အသံစုံထွက်တာနဲ့ အသံတစ်ခုပဲ ထွက်တာနဲ့ ကြည့်ပြီး စတီရီယို၊ မိုနို ခွဲရတာ။ သီချင်းနဲ့ မဆိုင်ဘူး။

ဆိုင်းတွေ ဘာတွေလည်း စတီရီယိုစနစ်နဲ့ အသံဖမ်းထားတာဆိုရင် အိမ်မှာ Sound Box တွေ ဘာတွေနဲ့ နားထောင်ကြည့်ရင် သိပ်နားထောင်လို့ ကောင်းပါတယ်။ တစ်ဖက်ကနေပြီးတော့ ပတ်မ၀ိုင်းက အသံ၊ တစ်ဖက်က နေပြီးတော့ တခြား Instrument တွေရဲ့ အသံကြားရမယ်။ သိပ်ကို နားထောင်လို့ ကောင်းတယ်ဗျ။ အထူးသဖြင့် အသံပတ်လည်ပြေးတဲ့ Sound Box စနစ်ဆိုရင် ပိုပြီး အရသာရှိပါတယ်။ ဆိုင်းဝိုင်းထဲမှာ ထိုင်နားထောင်နေရသလိုကို အရသာရှိပါတယ်။

ကလေးတွေ စတီရီယို၊ စတီရီယို ပြောရင်းနဲ့ စတီရီယို အဆိုတော်လို့ ပြောတဲ့ ကလေးတွေကိုယ်တိုင်က စတူဒီယိုနဲ့ မကွဲကြတာဗျ။ တစ်နေ့က ပွဲတစ်ပွဲမှာ Presenter လုပ်တဲ့ အဆိုတော် တစ်ယောက်က စတူဒီယို၊ စတူဒီယိုနဲ့ ပြောသွားတာ ကြားခဲ့ရသေးတယ်။ အမှန်တော့ Studio ဆိုတာ အသံဖမ်းတဲ့ အခန်းကို ပြောတာဗျ။ စတီရီယိုကမှ အမှန်။

စာတည်း။  ဆရာ ... ဆရာနဲ့ ဆရာစိန်ခင်မောင်ရီတို့ အင်တာဗျူးတဲ့အထဲမှာ ဆရာစိန်ခင်မောင်ရီ ပြော သွားတာလေးတွေ့ ရပါတယ်။ သူဟာ ရုပ်ရှင်ဝေဖန်ရေးတွေ အရေးပြောင်မြောက်တဲ့အတွက် ဒါရိုက်တာ တစ်ယောက် စာပေတိုက်မှာ လာစိန်ခေါ်တာခံရတယ် ဆိုတာတွေ၊ ထမင်း ဖိတ်ကျွေးပါရစေဆိုပြီး ၀ိုင်းရိုက်ဖို့ ကြံစည်ခံရတာတွေ ပြန်ပြောင်းပြောသွားတာ တွေ့ရပါတယ်။ ဒါတောင် ဒီကနေ့ခေတ် ရုပ်ရှင် ကားတွေကိုသာ ဆရာစိန်ခင်မောင်ရီ ဝေဖန်ရရင် ဘယ်လိုများ နေမလဲ မပြောတတ်ပါဘူး။ ဆရာ့အနေနဲ့ကော ဒီကနေ့ခေတ် မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုကားတွေကို ဘယ်လို မြင်ပါသလဲဆရာ။ ဆရာ့ကိုတော့ ချောင်းရိုက်ရဲတဲ့လူ ရှိမယ် မထင်ပါဘူး။ အဲဒါလေး ပြောပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။     ဒီကနေ့ခေတ်မှာလည်း ကားကောင်းတွေ ရှိပါတယ်။ ပရိသတ် အလိုလိုက်ရင်း လိုက်ရင်းနဲ့ မြန်မာ့ရုပ်ရှင်တွေဟာ အဆင့်အတန်း၊ အရည်အချင်း ကျဆင်းလာရတာပါ။ မင်းသား၊ မင်းသမီးအများကြီး သုံးရတယ်။ ဇာတ်တွေက ပေါချာချာဇာတ်တွေပါ။ ဟိုတုန်းကတော့ ကားတစ်ကား ကြည့်မယ်ဆိုရင် တကယ့်အနှစ်သာရ ရှိတဲ့ကားတွေ ကြည့်ရတယ်။ မင်းသားဆိုလည်း တစ်ယောက်ပဲ သုံးတယ်။ မင်းသမီးဆိုလည်း တစ်ယောက်ပဲ သုံးတယ်။ ဒါကြောင့်မို့ ခေတ်တစ်ခေတ်ကို မင်းသားခေတ်၊ မင်းသမီးခေတ် သုံးကြတယ်။ ကြည့်မယ်ဆိုရင် ရွှေဘပေါ့။ ရွှေဘခေတ်၊ တင်ညွန့် ခေတ်ပေါ့။ နောက် ဇေယျခေတ်၊ မင်းသမီးဆိုရင်လည်း ကြည်ကြည်ဌေးဆို ကြည်ကြည်ဌေးပေါ့လေ။ သို့သော် ဘယ်ကားပဲ ကြည့်ကြည့်၊ ဇေယျ၊ ကြည်ကြည်ဌေးက အတွဲများတယ်။ အခုကျတော့ အဲဒီလို မဟုတ်ဘူး။

ခန့်စည်သူရယ်၊ ပြေတီဦးရယ်၊ သူထူးစံရယ် ... ဘာညာပေါ့ဗျာ။ မင်းသားကလည်း လေး ငါး ခြောက်လက်၊ မင်းသမီး လည်း လေး ငါး ခြောက်လက်နဲ့ ရိုက်နေကြရတယ်။ ရိုက်တော့ လည်း ပေါချာချာဇာတ်တွေချည်းပဲ။ ဟိုတစ်နေ့ကပဲ ကျွန်တော် စဉ်းစားမိနေတယ်။ ဇာတ်ကား နာမည်တွေ က ဟော့ရှော့၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ လာထား အာဘွား ... တဲ့။ အဲဒီတော့ နာမည်တွေ က အစ ခပ်ချာချာ၊ ခပ်ပေါပေါ့ နာမည်တွေနဲ့ ဖြစ်ကုန်ပြီ။ ဟိုတုန်းက နာမည်မျိုးတွေ မဟုတ် တော့ဘူး။ ဒါဟာ ကျွန်တော် အသက်ကြီးသွား လို့၊ ခြောက်ဆယ်ကျော်သွား လို့ ခေတ်နောက်ကျ တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ နာမည်တွေကအစ သဘောမကျဘူး။

စာတည်း။     ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ဖတ်ဖူးတာပါ။ လူနာမည်တော့ မမှတ်မိတော့ပါဘူး။ ဒါရိုက်တာ ကြီးတစ်ဦးနဲ့ အင်တာဗျူးထားတာကို ဖတ်ထူးတာပါ။ အဲဒီမှာ အင်တာဗျူးတဲ့လူက ဒီကနေ့ ခေတ်မှာ ၀ါသနာ သရုပ်ဆောင်နဲ့ အသပြာသရုပ်ဆောင် နှိုင်းယှဉ်မယ်ဆိုရင် အသပြာ သရုပ်ဆောင်က ပိုများနေတာ တွေ့ရတယ်လို့ ဗျူးသွားပါတယ်။ သူ ဆိုလိုတဲ့ ၀ါသနာ သရုပ်ဆောင်ဆိုတာ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်မျိုး၊ အနေအထားမျိုးမှ ရိုက်တယ်ဆိုတဲ့ သရုပ်ဆောင်မျိုးကို ပြောတာပါ။

ဒီကနေ့ ခေတ်မှာတော့ အခြေအနေကို မူတည်ပြီး ရိုက်နေကြတဲ့ သရုပ်ဆောင်တွေက ပိုများတယ် ဆိုတာကို ဗျူးသွားတာ တွေ့ရပါတယ်။ နောက် တစ်ယောက်ရဲ့ အင်တာဗျူးကတော့ ဒါရိုက်တာ ချိုတူးဇော်ရဲ့ အင်တာဗျူးပါ။ သူ့ကို မြန်မာပရိသတ်အတွက် ဘာများ ပြောချင်သလဲလို့ မေးတော့ သူ ပြောသွားတာလေးကို ကျွန်တော် တော်တော်အံ့သြတုန်လှုပ်မိပါ တယ်။ မြန်မာ ဗီဒီယိုကားတွေ မကြည့်ပါနဲ့တဲ့။ ဒီကနေ့ခေတ် ရုပ်ရှင် အခြေအနေကတော့ သူတို့ဟာ သူတို့ပဲ သိနေပြီလို့ ပြောရမှာပါပဲ။ ဒီကိစ္စကို သိပ်လည်း မပြောတော့ပါဘူး ဆရာ။

ဆရာဝင်းငြိမ်း။     အဲဒါလေး ကျွန်တော် ပြောချင်တယ်ဗျ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ''မိုးညအိပ်မက်မြူ'' ၀တ္ထုကို ရိုက်ထားတဲ့ ရုပ်ရှင် ရုံတင်နေပါတယ်။ အဲဒီ ''မိုးညအိပ်မက်မြူ''ကို Version သုံးမျိုးစလုံး ကျွန်တော် ကြည့်ဖူးတယ်ဗျ။ ပထမဆုံး ရိုက်တာက ညွှန့်ဝင်း၊ ဒုတိယရိုက်တာက မန္တလေးသိန်းဇော်၊ အခု တတိယရိုက်တာက နေတိုး။ အဲဒီ ''မိုးညအိပ်မက်မြူ'' ဇာတ်မျိုးကို ဒီကနေ့ခေတ်မှာ ရှုံးမယ်ဆိုတာ သိရက် သားနဲ့ ထုတ်ရဲတဲ့သူက ထုတ်သလို ရိုက်ရဲတဲ့သူကလည်း ရိုက်သွားတယ်။ မနေ့ညက Facebook ထဲမှာ တစ်ယောက်က ဆိုးဆိုးဝါးဝါးကို ဝေဖန်ပါတယ်။

သူက မန္တလေးသိန်းဇော် ရိုက်တဲ့ကားကို ကြည့်ဖူးထားတယ်။ အခုကားမှာ မင်းသားကို ဝေဖန်တာပါ။ ညံ့တယ်၊ ဘာညာပေါ့ဗျာ။ ကျွန်တော်ကတော့ အခုကားကို ချီးကျူးထားတယ်။ ဟာသဇာတ်ရုပ်တွေ ခပ်များများ သရုပ်ဆောင်နေတဲ့ နေတိုးဟာ ဒီကားမှာ character သုံးမျိုး သရုပ်ဆောင်ရတယ်။ ဇာတ်ရုပ်သုံးမျိုးနဲ့ သရုပ်ဆောင်ရတယ်။ စိတ်ဝေဒနာသည်အဖြစ် တစ်မျိုး၊ တက္ကသိုလ်ကျောင်းသားအဖြစ် တစ်မျိုး၊ လူရွှင်တော်အဖြစ် တစ်မျိုး၊ အဲဒီလို သုံးမျိုး သရုပ်ဆောင် ရတယ်။ သူ ဟာသကားတွေထက် အများကြီး သရုပ်ဆောင်ပိုင်းမှာ အားစိုက်ခဲ့ရတယ်။ ကိုင်တွယ်နိုင်တယ်။ အဲဒီကားကို ကျွန်တော်နဲ့ ကိုလင်းနိုင်ဦး သွားကြည့်တော့ ဒေါ်ခင်လေးသိမ့်လည်း ရှိတယ်။

သီးသန့်ခေါ်ပြ တာပါ။ အဲဒီမှာ မသက်ရီ ၀တ်တဲ့ အ၀တ်အစားပိုင်းမှာ မိုးဟေကို၊ ကိုပြောတာ။ သူ ၀တ်တာက ကျွန်တော်တို့ အဘွားတွေခေတ်က ၀တ်တဲ့ မှန်နိုင်လွန်မျိုး ၀တ်တယ်။ အိပ်ရာက ထတာတွေမှာ သိပ်သေသပ်လွန်းနေတာ ရှိတယ်။ မှန်နိုင်လွန်နဲ့ အိပ်ရာထတာမျိုးမှာ ပြောစရာပေါ့လေ။ ဒါပေမဲ့ ကားက ခြုံငုံကြည့်မယ်ဆိုရင် ကားကောင်းတစ်ကားပါ။ ခက်တာက ပိုက်ဆံမရဘူး။ ကျွန်တော် ကြည့်ပြီးတာနဲ့ ပြောပြဖြစ်ပါတယ်။ ကားကောင်းတယ်။ ပိုက်ဆံတော့ မရနိုင်ဘူး။ လူတွေက ဟာသကားမှ ဟာသကား ဖြစ်နေတယ်။

ပိုက်ဆံတော့တိုင်း ပိုက်ဆံရသလားဆိုတော့ ဟာသကားတိုင်းလည်း မရဘူး။ တချို့ကားတွေ ကွဲတယ်။ အဲဒီတော့ ပရိသတ်က နိမ့်သွားသလား။ ဒီလိုလည်း ယတိပြတ်ပြောလို့မရဘူး။ ပရိသတ်က ဟာသတွေပဲ လိုက်နေလို့ ရိုက်နေသလား။ ၂၀၀၈ ခုနှစ်က အကယ်ဒမီပေးတော့ ဘယ်လိုမှ မမျှော်လင့်ဘဲနဲ့ ''အများနဲ့ မသက်ဆိုင်သောသူ''ဆိုတဲ့ ဟာသကားက ခန့်စည်သူ အကယ်ဒမီ ရသွားတယ်။ ခင်မို့မို့အေးလည်း ရတယ်။

ဒီနှစ်မှာတော့ စောင့်ကြည့်စရာ ဖြစ်လာညပီ။ ''မိုးညအိပ်မက်မြူ'' ပါတယ်၊ ''အတိတ်၏ အရိပ်'' ပါတယ်၊ ''ကြိုးကြာတောင်ပံခတ်သံ'' ပါတယ်၊ ''ကျောက်စက်ရေ'' ပါတယ်။ ဒီလေးကားက တကယ့် ဒရာမာ လေးကားပါ။ ကျန်တဲ့ ဆယ့်နှစ်ကားက ဟာသကားတွေ။ အဲဒီကားတွေထဲက ကျွန်တော်တို့ ဘယ်လို မှ မထင်မှတ်တဲ့ ''အတိတ်၏ အရိပ်'' ကားက တရုတ်မှာ ကျင်းပတဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ''အောင်သူရ'' က အကောင်းဆုံး သရုပ်ဆောင်ဆု ရထားတယ်။ အဲဒီတော့ ကျွန်တော် တို့ မြန်မာအကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ ဘယ်လိုလုပ်ကြမလဲ။ တော်တော် ကြည့်လို့ ကောင်းမယ့် ပွဲပဲလေ။ သိပ်ကြည့်ကောင်းမယ့်ပွဲပါပဲ။

ဆက်ဖတ်ရန်
.

5 comments:

မင်းအရိပ် said...

ပို့စ်အသစ်တွေ ထပ်တင်ပြီလားဆရာမ
ပို့စ်အသစ်တွေကို စောင့်မျှော်နေတာ :D

Anonymous said...

ဟုတ်ကဲ့ စာပြန်တင်ပါတော့မယ် ဖတ်သူ သိပ်မရှိလို့ အားတော့ သိပ်မရှိဘူး

ရွှေစင်ဦး

စုချစ် said...

ဖတ်သူရှိပါတယ်... မမရွှေစင်... တိတ်တိတ်လေး ကိုယ်ယောင်ဖျောက်ထားတာပါ... :)

Anonymous said...

လာမယ် ညီမ ရေ .. ဆက်ဆက်တင်မယ်

ရွှေစင်ဦး

Ne Myo Aung said...

အမရေ...ဆက်တင်ပါဗျာ။ စာပေါ့စာသွမ်းတွေများနေတဲ့ အွန်လိုင်းမှာ တန်ဖိုးအရှိဆုံး ဘလောဂ်တခုလို့ပြောလို့ရပါတယ်။ ကွန်းမန့်မပေးဖြစ်ပေမယ့် အမြဲတမ်းဖတ်ဖြစ်ပါတယ်။ အမကျန်းမာပြီး ဒီထက် စာပိုရေးနိုင်ပါစေ။ :p