ဒီနှစ်မှာတော့ စောင့်ကြည့်စရာ ဖြစ်လာညပီ။ ''မိုးညအိပ်မက်မြူ'' ပါတယ်၊
''အတိတ်၏ အရိပ်'' ပါတယ်၊ ''ကြိုးကြာတောင်ပံခတ်သံ'' ပါတယ်၊ ''ကျောက်စက်ရေ''
ပါတယ်။ ဒီလေးကားက တကယ့် ဒရာမာ လေးကားပါ။ ကျန်တဲ့ ဆယ့်နှစ်ကားက ဟာသကားတွေ။
အဲဒီကားတွေထဲက ကျွန်တော်တို့ ဘယ်လို မှ မထင်မှတ်တဲ့ ''အတိတ်၏ အရိပ်'' ကားက
တရုတ်မှာ ကျင်းပတဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ''အောင်သူရ'' က
အကောင်းဆုံး သရုပ်ဆောင်ဆု ရထားတယ်။ အဲဒီတော့ ကျွန်တော် တို့ မြန်မာအကယ်ဒမီ
ရွေးချယ်ရေး အဖွဲ့ ဘယ်လိုလုပ်ကြမလဲ။ တော်တော် ကြည့်လို့ ကောင်းမယ့်
ပွဲပဲလေ။ သိပ်ကြည့်ကောင်းမယ့်ပွဲပါပဲ။ ကို ဆက်ဖတ်ရန်...
စာတည်း။ ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့ မြန်မာ အကဲဖြတ်အဖွဲ့တွေ ဘယ်လိုလုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ပရိသတ် အကဲဖြတ်တာလည်း စောင့်ကြည့်ရပါဦးမယ်။
ဆရာ ... ဆရာနဲ့ ဆရာငြိမ်းကျော်တို့ တွေ့ဆုံအင်တာဗျူးတဲ့ မေ၊ ၉၂ ပေဖူးလွှာထဲမှာ ဆရာက မေးခွန်းထုတ်ခဲ့ပါတယ်။ '' အခုနောက်ပိုင်းမှာ စာပေဘက်မှာရော၊ ရုပ်ရှင်ဘက်မှာရော ဂီတဘက်မှာပါ ဝေဖန်ရေးတွေ တော်တော်ခေတ်စားလာတယ် ဆရာ့အမြင်မှာ ဝေဖန်ရေးကို ဘယ်လို မြင် ပါသလဲ'' လို့ ဆရာက မေးခွန်းထုတ်ခဲ့ပါတယ်။
ကျွန်တော် သိချင်တာက အဲဒီ ၁၉၈၂ ကာလက စာပေဝေဖန်ရေးတွေကို ပရိသတ်က လက်ခံတဲ့ အတိုင်းအတာ၊ စာတစ်စောင်ကို ဝေဖန်လိုက်တယ်၊ ရုပ်ရှင်တစ်ကားကို ဝေဖန်လိုက်တယ်ဆိုရင် ပရိသတ်က အဲဒီအပေါ်မှာ လက်ခံခဲ့တဲ့ အတိုင်းအတာ၊ အဲဒီဝေဖန်ရေး အရမ်းအားကောင်းလာအောင် ပရိသတ်ဘက် က ဘယ်လိုမျိုး ပံ့ပိုးမှုတွေ လုပ်ခဲ့သလဲဆိုတာ သိချင်ပါတယ် ဆရာ။
ဆရာဝင်းငြိမ်း။ အဲဒီကာလတုန်းက စာဖတ်ပရိသတ်ဟာ ဝေဖန်ရေးကို အရမ်းကြိုဆိုတယ်။ ဝေဖန်ရေး ဆရာတွေကလည်းဝေဖန်ရေးမှာ ဘက်မလိုက်ခဲ့ကြဘူး။ ဆရာစိန်ခင်မောင်ရီဆိုရင် ရုပ်ရှင်ကြည့် ရင်တောင် မေတ္တာလက်မှတ်နဲ့ မကြည့်ဘူး။ ရုပ်ရှင်လက်မှတ် ၀ယ်ကြည့် တယ်။ မေတ္တာလက်မှတ် နဲ့ဆိုရင် ဝေဖန်တဲ့ အခါ အားနာနေမိမှာစိုးလို့ပါ။ စာပေဝေဖန်ရေးမှာလည်း ဆရာအောင်သင်းတို့က လက်သံပြောင်နေ တဲ့ အချိန်၊ ဝေဖန်ရေးကို ပရိသတ်အားလုံးက လက်ခံတယ်၊ ကြိုဆိုတယ်။ ဆရာတွေ ကလည်း လက်မတွန့်ဘဲ ဝေဖန်ကြတယ်။ အဲဒီတော့ ရုပ်ရှင်ရိုက်တဲ့သူတွေက သတိထားလာကြသလို၊ စာရေးတဲ့ သူတွေကလည်း သတိထားပြီး ရေးကြတယ်။ ဝေဖန်ရေးဟာ ရှိသင့်တဲ့ ကိစ္စလို့ အားလုံးက လက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့ ခု သွားမေးရင် ဂီတပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စာပေပဲဖြစ်ဖြစ် ဝေဖန်ရေး ရှိရင် ကောင်းတာ ပေါ့လို့ ပြောကြလိမ့်မယ်။ သို့သော် ဝေဖန်လိုက်ရင် တရားစွဲမယ် ဘာဖြစ်မယ် ဖြစ်နေတာ အများကြီးပဲ။ ရုပ်ရှင်မှာရော၊ စာပေမှာရော ရှိနေတယ်။ အခုမနက် အိမ်က ထွက်လာတုန်းကပဲ ဧည့်ခံပွဲ ကျင်းပတဲ့ လူတွေက ဂျာနယ်တစ်စောင်ကို တရားစွဲမယ်ဆိုပြီး ဖုန်းဆက်လာတယ်။ သူတို့ မကျေနပ်ဘူးတဲ့။ ကျွန်တော်က အဲဒီဂျာနယ်ကို သိတယ်။ ဒါကြောင့် နေပါဦး၊ တရားစွဲတယ်ဆိုတာ ပြဿနာတွေ များပါတယ်။ ကျွန်တော်ညှိနှိုင်းပေးပါဦးမယ် လို့ ပြန်ပြောခဲ့ရတယ်။ ရေးတဲ့သူ ကို ပြန်ဖြေရှင်းခိုင်းပါ့ မယ်၊ ကျေလည်အောင် ဖြေရှင်း ခိုင်းပါ့မယ် ဆိုတာမျိုး ပြောခဲ့ရပါသေးတယ်။ ဘာလုပ်မှာလဲ။ ဒါတွေဟာ သံသရာ ရှည်ပါတယ်လို့ ပြောပြခ့ပါတယ်။ ဒါကြောင့် ဝေဖန်ရေးကို ကြိုဆိုပါတယ်ဆိုတဲ့ ဒီခေတ် လူတွေဟာ အရမ်းကို Sensitive ဖြစ်တာ တွေ့နေရတယ်။
စာတည်း။ ဆရာ ... ဆရာ ပေဖူးလွှာမှာ စာရေးဆရာ၊ ဆရာမတွေနဲ့ အင်တာဗျူး မလုပ်ခင်မှာ အဲဒီ စာရေးဆရာ၊ ဆရာမရဲ့ ၀တ္ထုတွေဖတ်တယ်။ ဖတ်ပြီးမှ အင်တာဗျူးလုပ်တယ်လို့ သိရပါတယ်။ အဲဒီကာလ တုန်းက ဆရာဟာ ၀န်ထမ်းတာဝန်တွေက တစ်ဖက်၊ မဂ္ဂဇင်းတွေမှာ ပေါ့ပ်ကဏ္ဍကတစ်ဖက်။ ပြီးတော့ စာပေအင်တာဗျူးတွေက တစ်ဖက်ဆိုတော့ ဆရာ့ရဲ့ တစ်နေ့တာ အချိန်ဇယားကို ဘယ်လို စီစဉ်ခဲ့ပါသလဲဆရာ။ ဆရာ အလုပ်လုပ်တဲ့အခါ အချိန်ဇယားချပြီး လုပ်တတ်ပါသလားဆရာ။
ဆရာဝင်းငြိမ်း။ အဲဒီလို ကျွန်တော် မလုပ်ပါဘူး။ ကျွန်တော့် ကိုယ် ကျွန်တော် ဘောင်မခတ်ထားချင်တဲ့ အတွက် အဲဒီလိုမလုပ်ပါဘူး။ ရုံးအလုပ်တော့ ကျွန်တော် လုပ်ရပါတယ်။ ပြောရရင် အဲဒီအချိန်က ကျွန်တော့် ရာထူးက အလယ် ရောက်နေတာဆိုတော့ အောက်က တင်ပေးလိုက်တဲ့ အလုပ်တစ်ခုကို ကျွန်တော် သုံးစပ်ပြီးတော့ အပေါ်ကို တင်ပေးတယ်။ အပေါ်က ချပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို သုံးသပ်ပြီးတော့ အောက်ကို ချပေးလိုက်တယ်။ အဲဒီလိုပေါ့လေ။ ကျွန်တော့်မှာ အားလပ် ချိန် တော်တော်များများရှိတယ်။ ရှိတော့ စာရေးဆရာ အင်တာဗျူး လုပ်ရမယ်ဆိုတဲ့အခါ ဖတ်ရမယ့် စာအုပ်တွေ ကို ရုံးမှာပဲ ကျွန်တော် ဖတ်ပါတယ်။ အားတဲ့အချိန်တွေ ဖတ်တာပါ။ နုတ်စ်ဒေါင်း လုပ်တယ်။ နောက် သီချင်း နားထောင်ရင်တော့ အိမ်မှာ နာ်းထောင်ပါတယ်။ ရုပ်ရှင်ကြည့်ရင်တော့ သွားကြည့် ပါတယ်။ အချိန်ဇယားနဲ့ ဘောင်ခတ်မထားပါ ဘူး။
အခုအချိန်အထိ လည်း ဘောင်ခတ်မထားသေးဘူး။ ပြောရရင်တော့ ဘောင်ခတ်သင့်တဲ့ အချိန် ကို ရောက်နေပါပြီ။ ဒါပေမဲ့ အင်တာနက်မှာ ထိုင်လိုက်လို့ လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အခါ ကျွန်တော့် အကျင့်က ဂိမ်းကစားလေ့ရှိတယ်။ ဂိမ်းကို ကျွန်တော် တစ်ခါတလေကျရင် ည ၁၂ နာရီ၊ ၁ ချက် ရောက်တဲ့ အထိ ကစားတတ်တယ်ဗျ။ အဲဒါ မကောင်းတဲ့ အကျင့်ပါ။ တစ်ခါတလေကျရင်တော့ ကျွန်တော့်ဟာ ကျွန်တော် ဘရိတ်အုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် မှာ နှလုံးရောဂါ နဲ့ဆိုတော့ နောက်အကျဆုံး အိပ်ချိန် က ၁၀ နာရီဖြစ်သင့်တယ်။ ကျွန်တော့် အကျင့်က မနက်ဆိုရင် ၆ နာရီ မှာ နိုးတယ်။ ဘယ်အချိန်ပဲ အိပ်အိပ်ပါ။ ၁၂ နာရီမှာပဲ အိပ်အိပ်၊ ၃ နာရီပဲ အိပ်အိပ် မနက် ၆ နာရီ မှာ နိုးတယ်ဆိုတော့ ညဥ့်နက်တာ မကောင်းဘူး။ ဆိုတော့ ကျွန်တော် ဘောင်တော့ ခတ်မထားဘူး။ ကြုံသလို ပဲ လုပ်သွားတယ်။ မကောင်းတဲ့ အကျင့်တွေလည်း အများကြီးရှိပါတယ်။
စာတည်း။ ကျေးဇူးတင်ပါတယ် ဆရာ။ စာပေဝေဖန်ရေးနဲ့ ပတ်သက်ပြီးတော့ မေးခွန်းလေး တစ်ခု မေးပါ ရစေဆရာ။ ဆရာနဲ့ စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းတို့ အင်တာဗျူးကြတုန်းက ဆရာက ပြောခဲ့ ပါတယ်။ ''ဇာတ်သမား တော်တော်များများဟာဝေဖန်ရေးကို အော့ကြောလန်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ဝေဖန်မှု မရှိကြဘူး'' လို့ ဆရာက ပြောခဲ့ပါတယ်။ ဆရာ့မှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မျိုး၊ ပြင်ပမှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာတဲ့အခါမျိုးမှာ ဆရာ့ကိုယ်ဆရာ ပြန်ဝေဖန်ဆန်းစစ် တဲ့အလေ့အထ ရှိပါသလားဆရာ။
ဆရာဝင်းငြိမ်း။ ရှိပါတယ်။ ကျွန်တော့်ကို တစ်စုံတစ်ယောက်ကနေပြီးတော့ ''မင်း ရေးတာ အစွန်းရောက် တယ်၊ ဘာညာ'' ပြောရင် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ဝေဖန်သုံးသပ်တယ်။ အထူးသဖြင့် ကျွန်တော် အစွန်းရောက်တတ်တာ၊ ''ဝေလင်းဟန်'' ကလောင်နဲ့ ဂီတဝေဖန်ရေးတွေ ရေးတုန်းက အစွန်းရောက်တတ် ပါတယ်။ ဝေလင်းဟန်နဲ့ စီးရီးဝေဖန်ရေး ရေးခဲ့စဉ်ကပါ။ တစ်ခါတော့ မေဆွိနဲ့ မင်းယျာ နှစ်ယောက်တွဲ စီစဉ်တဲ့ စီးရီးတစ်ခုပါ။ နာမည်တော့ ကျွန်တော် မမှန်မိတော့ဘူး။ မောင်ကြေးမုံရေးပြီး စီစဉ်တဲ့ စီးရီးပါ။ မင်းယျာရဲ့ အသံ က မကောင်းဘူး။ ကျွန်တော် ''ဒီအခွေကို ဖနောင့်နဲ့တောင် ပေါက်ပစ်လိုက်ချင်တယ်'' လို့ ရေးခဲ့တယ်။ အဲဒါကို ဘယ်သူက ပွင့်ပွင့်လင်းလင်း ပြောသလဲဆိုရင် မေဆွိရဲ့ အဖေ ဦးခင်မောင်ညွန့် က ပြောတယ်။ မင်း ရေးတာ ကြမ်းတယ်။ ဟုတ်တယ်၊ ကျွန်တော် ရေးတာ ကြမ်းသွားတယ်။ အဲဒီလို ကိုယ့် ကိုယ်ကိုယ် ပြန်ကွန်ထရိုး လုပ်ခဲ့တာ ရှိပါတယ်။
လူတစ်ယောက်က ကိုယ့်ကို ပြောလို့ရှိရင် လူဆိုတာတော့ အကောင်းပြောရင် သာယာ တာပေါ့။ ရေးတာ ကောင်းတယ်၊ အင်တာဗျူးတာ ကောင်းတယ်ဆိုရင် ကျေနပ် တာပေါ့။ သို့သော် ဝေဖန်လိုက်တဲ့အခါကျတော့ နည်းနည်းတော့ တွန့်တာ အမှန်ပဲ။ တွန့်တော့ ပြန် Analyses လုပ်ကြည့်ရတယ်။ များသွားတယ်၊ မှားသွားတယ် ဒါတွေ ပြန်သိတယ်။ ဒါဟာ လုပ်လည်း လုပ်သင့်တဲ့ ကိစ္စ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဟာ အပြစ်ပြောလာပြီဆိုရင် ဘာကြောင့် အပြစ်ပြောလာ သလဲဆိုတာ ကိုယ်ပြန်သုံးသပ်မှသာ မှားနေရင် အချိန်မီ ပြန်ပြင်နိုင်တာကိုး။ မသုံးသပ်ဘူးဆိုရင် ဘယ်လို မှ ပြန်မတည့်နိုင်ဘဲ ကိုယ်ထင်ရာ ကိုယ်စိုင်းဖြစ်သွားမယ်။ လေ့လာသုံးသပ်မှုဆိုတာ ရှိကို ရှိသင့်ပါတယ်။ ကိုယ့်ကိုပြောရင် အပြောခံရလောက်အောင် ချို့ယွင်းချက်တစ်ခုရှိမယ်။ မရှိဘးဆိုရင်တော့ တမင်အပြစ်ရှာ တာလားဆိုတာ တွေ့မယ်။ ပြောလာပြီဆိုကတည်းက သူ ပြောတာ ဘာကြောင့်လဲဆိုပြီး ပြန်သုံးသပ်ဖို့ လိုပါတယ်။
စာတည်း။ ဆရာ ... ၁၉၈၀-၉၀ တစ်ဝိုက်က မြန်မာပြည်မှာ ရသစာပေ အကြီးအကျယ် တိုးတက်ခဲ့ပါ တယ်။ တချို့ ဆိုလည်း ၀တ္ထုတိုရွှေခေတ်လို့တောင် ပြောကြပါတယ်။ အဲဒီအချိန်တုန်း က မြန်မာရသ ၀တ္ထုတွေနဲ့အတူ နိုင်ငံတကာ ရသစာပေ၊ ဘာသာပြန်စာပေတွေ အရမ်းထွန်းကားနေ တာ တွေ့ရ ပါတယ်။ ကျွန်တော် သိချင်တာက မြန်မာရသစာပေ တိုးတက်မှု ရေစီးဟာ နိုင်ငံတကာ ရသစာပေ၊ ဘာသာ ပြန်စာပေတွေ အရှိန်အဟုန် ကောင်းတာကြောင့်လို့ အကျိုးသက်ရောက်မှု ရှိသလား၊ မရှိသလား ဆိုတာ ဆရာ့အမြင်လေး ပြောပြပေးပါဦးဆရာ။
ဆရာဝင်းငြိမ်း။ အဲဒီအချိန်တုန်းက နိုင်ငံတကာရသစာပေတွေ အရှိန်အဟုန် ကောင်းသလို မြန်မာရသ စာပေလည်း အရှိန်အဟုန်ကောင်းပါတယ်။ မဆိုင်တော့ မဆိုင်ဘူးဗျ။ ကိုယ့်ရေစီးနဲ့ကိုယ် သွားနေကြတာ ပါပဲ။ အဲဒီအချိန်တုန်းက စာဖတ်ပရိသတ်ရဲ့ စီးပွားရေး အခြေအနေကောင်းတယ်။ စာအုပ် တစ်အုပ်ကို တစ်ဆယ်လည်း ၀ယ်နိုင်တယ်။ ဆယ့်ငါးကျပ်လည်း ၀ယ်နိုင်တယ်။ အစိတ်ဆိုလည်း ၀ယ်နိုင် တယ်။ ဆရာ အထောက်တော်လှအောင်၊ ဆရာလင်းယုန်မောင်မောင်တို့ လုံးချင်းတွေ၊ ဘာသာပြန်တွေ ဆိုလည်း အနည်းဆုံး ဆယ့်ငါးကျပ်၊ နှစ်ဆယ်ပေးရတဲ့ စာအုပ်တွေပဲ။ ၀ယ်ဖတ်ကြတယ်။ အငှားဆိုင်လုပ် ငန်းသိပ်မထွန်းကားသေးဘူး။ ကိုယ်ပိုင်ဝယ်ပြီး စုကြတယ်။ အထောက်တော်လှအောင်ဆိုရင် သူ့စီးရီးလိုက် ၀ယ်ကြတယ်။ ကျွန်တော်ဆိုရင် တက္ကသိုလ်ဘုန်းနိုင် စီးရီးလိုက် ရှိတယ်။ မောင်သိန်းဆိုင် စီးရီးလိုက် ရှိ တယ်။ ၀င်းဦး စီးရီးလိုက် ရှိတယ်။ ကျွန်တော် ကြိုက်တဲ့ စာရေးဆရာဆိုရင် ၀ယ်စုထားတယ်။ ရုံးက Library လုပ်မယ်ဆိုတော့ စာအုပ်တွေ အကုန်လုံးလှူလိုက်တယ်။
စာတည်း။ ဆရာ ... ရသစာပေ ဖန်တီးရာမှာ ဒီကနေ့ထိ ပြောနေကြတာက စိတ်ကူးစိတ်သန်းနဲ့ အတတ် ပညာ။ အဲဒီအပေါ်မှာ အမြဲတမ်း ပြောကြပါတယ်။ ဘယ်ဟာ ပိုသာတယ်၊ ဘယ်ဟာပိုရှေ့တန်းရောက်တယ် စသဖြင့် ပြောကြပါတယ်။ နှစ်ခုစလုံးကတော့ အကျိုးရှိတာပါပဲ။ အဲဒီအပေါ်မှာ ဆရာ မြင်တာလေး ပြောပြ ပေးပါဦး ဆရာ။ ဆရာ ကိုယ်တိုင်ကလည်း ရသစာပေနဲ့ ပတ်သက်ပြီး စာအုပ်တွေ အများကြီး ကိုင်တွယ်လာ ခဲ့သူမို့ မေးကြည့်တာပါ။ ဗဟုသုတရဖို့ ပြောပြပေးပါ ဆရာ။
ဆရာဝင်းငြိမ်း။ စိတ်ကူးစိတ်သန်း ကောင်းသလို၊ အတတ်ပညာလည်း ကောင်းမှ၊ နှစ်ခု ဆုံမှ ရမှာပါ။ စိတ် ကူးကတော့ ကောင်းပြီး Presentation မကောင်းရင် မလှပတဲ့ ၀တ္ထုဖြစ်သွားမှာပါ။ အတတ်ပညာကတော့ တတ်ပါရဲ့၊ စိတ်ကူးက မကောင်းပြန်ရင်လည်း အဆင်မပြေနိုင်ပါဘူး။ အဲဒီတော့ စိတ်ကူးလည်း ကောင်းရ မယ်။ Presentation လည်းလှရမယ်။ ဒါမျိုးမှ ဖြစ်မှာပါ။ ဥပမာ-ဆရာမ ခင်ခင်ထူး ရေးတဲ့ ''မအိမ်ကံ''ကို ဖတ်ကြည့်မယ်ဆိုရင် ''မအိမ်ကံ''ကို ဘာကြောင့် ပရိသတ်စွဲသွားသလဲဆိုတော့၊ ဘာကြောင့် တစ်လပြီး တစ်လ ပရိသတ် စောင့်ဖတ်ရသလဲဆိုတော့ ဇာတ်က ဘာမှ မဟုတ်ဘူး။ သူ့ Presentation ကောင်းလို့ပါ။ နောက်လမှာ ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားအောင် အဆုံးကျ ရင် ဖြတ်ပစ် ခဲ့တယ်။ အဲဒါကြောင့်လည်း ပရိသတ်က ၃၆လလုံး စောင့်ဖတ်တဲ့အထိ ဖြစ်ခဲ့တာပါ။ အဲဒီလို ဖြစ်တာ ကို သာမန်စာဖတ်ပရိသတ်က နား မလည်နိုင်ဘူး။ စာရေးဖို့ သင်ယူနေတဲ့ ကလေးတွေကို ကျွန်တော် အမြဲပြော တယ်။ ခင်ခင်ထူး ရေးတာကို ကြည့်။ သူ ဘာကြောင့် အောင်မြင်သလဲ။ သူက အဆုံးသတ်မှာ နောက်လ ဘာဖြစ် မလဲဆိုတာ စိတ်ဝင် စားအောင် ဖြတ်ပစ်နိုင်တယ်။
စာတည်း။ ဆရာ ... အဲဒါက သူ့ဟာသူ ပေးကတည်းက တစ်လစာ ဖြတ်ပေးတာလား။ ဆရာတို့ အယ်ဒီတာ အဖွဲ့က တည်းဖြတ်တာလား ဆရာ။

ဆရာဝင်းငြိမ်း။ လုံးဝ ၀င်မပါပါဘူး။ သူ့ဟာသူ တစ်လချင်း ဖြတ်ပေးတာပါ။ ဖြတ်ပြီးလို့ရှိရင် ကျွန်တော့်ဆီကို ပိုပြီးတဲ့အခါ နောက်လအတွက် ချိတ်ပြီး ဖြတ်ပေးလိုက်တာ။ ဒီဘက်က အပိတ်နဲ့ ဟိုဘက်က အဖွင့်နဲ့ ချိတ်မိအောင် လုပ်ထားပြီးသား။ အဲဒါဟာ သူ မတတ်ဘူးဆိုရင် ဘယ်လိုမှ လုပ်လို့ မရဘူး။ ကျွန်တော့်ကို အခု ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာဝင်းစည်သူ ရဲ့ ပုံမနှိပ်ရသေးတဲ့ ၀တ္ထုရှည် သုံးပုဒ်ကို သူ့သားသမီးတွေ က ကျွန်တော့်ဆီ ပို့ပေးတယ်။ ကျွန်တော်လည်း ဆရာဝင်းစည်သူကို လေးစားတဲ့ စိတ်နဲ့ အခန်းဆက် ထည့်ပေးဖို့ အစအဆုံး ဖတ်ကြည့်တယ်။ ဖတ်ကြည့်တဲ့အခါကျတော့ အခန်းခွဲ လို့ ရအောင် ဖြတ်လို့မရဘူး။ သူကလည်း ရေးခဲ့တာ အခန်းဆက်အတွက် မဟုတ်ဘဲ လုံးချင်း အဖြစ် ရေးခဲ့တာကိုး။ လုံးချင်းထုတ်မှပဲ ကောင်းမယ်။ အခန်းဆက်အတွက် အဆင်မပြေဘူး။ အဲဒီလိုမျိုးလည်း ရှိပါ တယ်။
စာတည်း။ ဒါကတော့ ကျွန်တော့်ရဲ့ အမြင်ကို ပြောပြချင်တာပါ။
ရသစာပေ ရေးတဲ့အခါမျာ တချို့ကလည်း နိုင်ငံတကာ စာပေကို လေ့လာမှု အားကောင်းတယ်။ တချို့ကျတော့လည်း ပြည်တွင်းစာပေကို အားစိုက်လေ့လာတယ်။ သမိုင်းတစ်လျှောက် ယှဉ်ကြည့်လိုက်တဲ့ အခါမှာ နိုင်ငံတကာ ရသစာပေကို လေ့လာမှုအားကောင်းတဲ့ စာရေးဆရာ၊ ဆရာမအမည်တွေဟာ ပိုပြီး တွင်ကျန်နေတာ တွေ့ရပါတယ်။ အဲဒီမှာ ကြည့်ရင် နိုင်ငံတကာ စာပေလေ့လာမှု အားကောင်းတဲ့ ဆရာ၊ ဆရာမတွေက သမိုင်းမှာ ပိုတင်ကျန်တာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဆရာ့အမြင်လေး ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ ဟုတ်ပါတယ်။ ကျွန်တော်တို့မှာက စာရေးနည်း အတတ်ပညာကို သင်ပေး တဲ့ ကျောင်းတွေ မရှိဘူး။ သူတို့မှာက စာရေးနည်းဖြစ်ဖြစ်၊ ဘယ်အတတ်ပညာပဲဖြစ်ဖြစ် စနစ်တကျ သင်ပေး တယ်။ တက္ကသိုလ်တွေမှာ သင်ပေးတယ်။ အပြင်မှာလည်း သီးခြားအသက်မွေးမှုဖြစ်အောင် သင် ပေးကြတယ်။ သူတို့မှာက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဘာမှ မသင်ထားတဲ့ ကျွန်တော်တို့နဲ့စာရင် သူတို့မှာ က နည်းစနစ် ပိုပြီး ပြည့်ဝတယ်။ စိတ်ကူးစိတ်သန်းကတော့ ကျွန်တော်တို့မှာလည်း ရှိတာပါပဲ။ သို့သော် ကျွန်တော် တို့မှာ နည်းစနစ် မရှိဘူး။ သူတို့မှာ နည်းစနစ်ရှိတယ်။ အဲဒီတော့ နည်းစနစ် ပိုကျတဲ့သူ က အောင်မြင်တဲ့သဘောပါ။ ကျွန်တော်တို့မှာ သင်တန်းကျောင်းမရှိတော့ သူတို့စာတွေ ဖတ်ပြီး လေ့လာ ရတယ်။ လေ့လာတော့ နည်းစနစ်တွေ သိလာတယ်။ အဲဒီနည်းစနစ်အတိုင်း ရေးတော့ အောင်မြင် လာတာပေါ့။
စာတည်း။ စာရေးဆရာ၊ ဆရာမတွေဟာ မူအားဖြင့် အဆင့် ၄ ဆင့်ကို ဖြတ်သန်းကြတယ်လို့ ကျွန်တော် မှတ်သားမိပါတယ်။ ပထမအဆင့်က စာပေကို ၀ါသနာပါဖို့ စတင်လေ့လာအားထုတ်တဲ့ကာလ၊ ဒုတိယ အဆင့်က စာရေးဆရာ၊ ဆရာမ ဖြစ်အောင် ကြိုးစားတဲ့အဆင့်၊ တတိယအဆင့်က စာရေးဆရာ၊ ဆရာမ ဖြစ်ပြီး စာတွေရေးတဲ့ အဆင့်နဲ့ စတုတ္ထအဆင့်က စာကောင်းပေကောင်းတွေ တွင်ကျန်အောင် အားစိုက်ရေး သားတဲ့အဆင့်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဆရာ ... တကယ့်လက်တွေမှာကျတော့ စာရေးဆရာ။ ဆရာမ တော်တော်များများဟာ စတုတ္ထအဆင့်ထိ ရောက်မလာဖြစ်ကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည် အနေနဲ့ အဲဒီကိစ္စကို ဆရာ ဘယ်လို မြင်ပါသလဲ ဆရာ။
ဆရာဝင်းငြိမ်း။ စာဖတ်တယ်၊ စာရေးတယ်၊ စာရေးဆရာ ဖြစ်တယ်၊ စာရေးဆရာ ဖြစ်တယ်ဆိုရင် စာတွေတော့ ရေးကြတာပဲ။ စာကောင်းပေကောင်းတွင်ကျန်ရစ်အောင် ဖြစ်မလာဘူး ဆိုတာက ၀မ်းစာနဲ့ လည်းဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရေးရင်း ရေးရင်း ကုန်သွားတာနဲ့ဆိုင်တယ်။ ကုန်သွား တယ်ဆိုတာ ကို အစက ကျွန်တော် လက်မခံဘူး။ စာဖတ်တာ နည်းသွားတဲ့ သဘော။ ဘက်ထရီကို အားမသွင်း ဘဲ ဆက်သုံးရင် ကုန်သွားတဲ့သဘော။ Recharge လုပ်နေရမယ်။ အမြဲဖတ်ရမယ်။ ဒါမှ စိတ်ကူး စိတ်သန်းတွေ အမြဲ ရလာမယ်။ စာတစ်ပုဒ်ကို ဖတ်လိုက်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ဆင့်ပွားအတွေးရ လာမယ်။ စာတစ်ပုဒ်ကို ဖတ်လိုက်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ဆင့်ပွားအတွေးရလာမယ်။ ပွားလို့ရမယ်။ အဲဒီလို မဖတ်တဲ့စာရေးဆရာဟာ ကုန်သွားတာပဲ။ ကုန်သွားတယ်ဆိုတာ အစက ကျွန်တော်လက်မခံဘူး။ မဖြစ်နိင်ဘူး ထင်တာ။ စာမဖတ်ဘဲ တစ်နှစ်လောက် ... နှစ်နှစ်လောက် ရေးကြည့်၊ ကုန်သွားလိမ့်မယ်။ စာရေးဆရာကြီးတွေနဲ့ စာတွေမတွေ့ရတော့ဘူးဆိုတာ အဲဒါပါပဲ။ နာမည်ကြီးပါတယ်။ ဒါပေမ့ မရှိတော့ဘူး ကုန်သွားတယ်။
စောစောက နိုင်ငံစာပေ ဖတ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်ခု ထပ်ဖြည့်ပြောချင်ပါတယ်။ ရုပ်ရှင်သမားလည်း ထိုနည်းလည်းကောင်း စာဖတ်ဖို့ လိုတယ်။ နိုင်ငံခြားစာပေ လေ့လာဖို့ လိုပါတယ်။ နိုင်ငံခြားကားတွေ လေ့လာနေရမယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ အင်္ဂလိပ်စာဖတ်လို့၊ အင်္ဂလိပ်စာ လေ့လာလို့ရသွားတဲ့ ရုပ်ရှင်သမားတစ်ယောက်အကြောင်း ပြောပြမယ်။ ဆရာစိန်ခင်မောင်ရီနဲ့ အင်တာဗျူး တုန်းက သူက ကျွန်တော့်အိမ် လာခဲ့မယ်ဆိုပြီး အိမ်မှာ ထိုင်စကားပြောကြတယ်ဗျာ။ စကားပြောပြီးတော့ ကျွန်တော်က စာအုပ်စင်ပေါ်က စာအုပ်လေး တစ်အုပ်သူ့ကို ပြပြီး ဆရာ ဒါလေးတစ်ပုဒ် ဖတ်ကြည့် ပါဆိုပြီး ပေးဖတ်တယ်။ ဟစ်ခ်ျကော့ရဲ့ လက်ရွေးစင်ဝတ္ထုတိုတွေပါ။ ဆယ်ပုဒ်လား မသိဘူး ပါတယ်။ ကျွန်တော် ပြတဲ့ ၀တ္ထုကို သူ ဖတ်တယ်။ Death is a Dream ၀တ္ထုကို ဖတ်တယ်။ ဖတ်ရင်း တစ်မျက်နှာကျော်တော့ သူက ''ဒါ ဆောင်းအိပ်မက်ပဲကွ''တဲ့။ ဒါ ဆောင်းအိပ်မက် ... တဲ့။ ဆရာအစအဆုံး ဖတ်ကြည့်ပါ ဆိုတော့ ဖတ်တယ်။ အစအဆုံးတူတယ်။ အေးအေးသင်း အလောင်းကို ၀င်းဦးက ထမ်းပြီး အိမ်ပေါ်က ဆင်းလာ တယ်။ သုံးဘီးကားတစ်စီး လာနေတယ်။
ဖိုးပါကြီးက သုံးဘီးကား မောင်းလာတယ်။ ရပ်ပြီးတော့ သုံးဘီးကား သမားက ပြောတယ်။ ဒေါင်းသွားပြီ ထင်တယ် ဆရာတဲ့။ ဟုတ်တယ်ဗျာ ... ကျွန်တော့် မိန်းမ နည်းနည်းများသွားလို့ပါတဲ့။ ဘယ်သွားမလဲဆိုတော့ ကြံတောကိုတဲ့။ ဟာ ... ခင်ဗျား မနောက်ပါနဲ့ဆိုတော့၊ ဟုတ်တယ် ... ကျွန်တော် ဒီအလောင်းကို ကြံတောသွားမြှုပ်မလို့ ဆိုတော့ ဖိုးပါကြီး မောင်းပြေးရော။ အဲဒီ ဟာက အစ ပါတယ်။ မပါတာက ဘာလဲဆိုတော့ လက်ထပ်ပြီး အိမ်ကို ခေါ်လာတုန်းက တစ်နေရာမှာ ရပ်ပြီးတော့ မပြီးသေးသော ပန်းချီကား သီချင်း ဆိုတယ်။ ဒီတစ်ကွက်ပဲ။ ကျန်တာက အားလုံး တူတယ်။ သေတ္တာကြီးကို မ ပြီး သေတ္တာထဲက လက်ထွက်လာတာက အစ တူတယ်။
အဲဒီတော့ ဒါ ဘာအကျိုးကျေးဇူးလည်း ဆိုတော့ ၀င်းဦးသည် နိုင်ငံခြားစာဖတ်ခဲ့တဲ့ အကျိုးကျေးဇူးပဲ။ ရုပ်ရှင်ကား တစ်ကား သူ ရသွားတယ်။ ဒီတော့ ဆောင်းအိပ်မက် ဟာ နိုင်ငံခြားဇာတ် လို့ ပြောမလား၊ မြန်မာဇာတ် လို့ ပြောမလား၊ နိုင်ငံခြားကားလို့ပဲ ကျွန်တော် ပြောမယ်။ ဒါပေမဲ့ သူ အကယ်ဒမီတွေ ဘာတွေ ရသွားတယ်။ ဘာပြောမလဲ။
စာတည်း။ ဆရာ ... ဆရာ့စာအုပ်တွေ အမျိုးသားစာကြည့်တိုက်မှာ လေ့လာကြည့်တော့ ဆရာ မြသန်းတင့် အင်တာဗျူး (၁၉၉၂)၊ စာပေလူကြမ်းမင်းသား အောင်သင်းနှင့် တွေ့ဆုံခြင်း (၁၉၉၅)၊ ၀င်းငြိမ်းနှင့် စာရေးဆရာများ (၁)၊ (၂)၊ (၂၀၀၀) နှစ်ကြောင်းရေး တစ်ကြောင်းခြစ် (၂၀၀၂)၊ အထီးကျန်ည (၂၀၀၄)၊ အကယ်ဒမီဖက်ရှင် (၂၀၀၇)၊ အနှစ် (၂၀၀၇) (၂၀၀၈) (၂၀၀၉)၊ မင်းမှုထမ်း (၂၀၀၉) ဆိုပြီး တွေ့ ရပါတယ်။ ''အချစ်နဲ့ စစ်'' ဘာသာပြန် လုံးချင်းဝတ္ထုအပြင် တခြား ဘာစာအုပ်တွေ ဆရာထုတ်ခဲ့ပါသေးလဲ ဆရာ။
ဆရာဝင်းငြိမ်း။ ရှိပါတယ်။ ၀င်းငြိမ်းနှင့် စာရေးဆရာများက (၁)၊ (၂) (၃) အထိ လုပ်ခဲ့ပါတယ်။ အကယ်ဒမီ ဖက်ရှင်က တည်းဖြတ်တာပါ။
စာတည်း။ ဘာသာပြန်စာပေနဲ့ ပတ်သက်ပြီး ဆရာနဲ့ ဆရာနတ်နွယ် အင်တာဗျူးတုန်းက ဆရာက မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ ''ဘာသာပြန်တဲ့ နေရာမှာ မူရင်းစာရေးဆရာရဲ့ အာဘော်ကို တိတိကျကျ ပြန် ပါသလား၊ ဒါမှမဟုတ် ဆရာ့အာဘော်ကို ထည့်လေ့ရှိပါသလား။ ခြုံငုံပြီး ပြန်ပါသလား'' ဆိုတဲ့ မေးခွန်းဖြစ်ပါ တယ်။ ကျွန်တော် မေးချင်တာလည်း ဒီသဘောပါပဲ ဆရာ။ ဆရာ့ရဲ့အချစ်နဲ့စစ်၊ အထီးကျန် ည၊ မင်းမှုထမ်း ဆိုတဲ့ ဘာသပြန်ဝတ္ထုတွေကို ဘယ်လိုမူနဲ့ ဘာသာပြန်သလဲ ဆိုတာ ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ ကျွန်တော် ဘာသာပြန်တဲ့အခါမှာ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီး နားလည်အောင် စဉ်းစား တယ်၊ မြန်မာအငွေ့အသက်ဖြစ်အောင် ပြန်တယ်။ မူရင်းစာရေးဆရာရဲ့ အာဘော် မလွတ်စေရဘူး။ အင်္ဂလိပ်စာလုံး တစ်လုံးမှာ ''I'' ဆိုတဲ့စာလုံးတစ်လုံးဟာ မြန်မာလို တည့်တည့်ပြန်ရင် ''ကျွန်ုပ်''ပဲ။ ကျွန်ုပ် ဆိုတဲ့ နာမ်စား ဟာ ယောက်ျားအတွက်လည်းဖြစ်နိုင်တယ်။ မိန်းမအတွက်လည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ကျွန်တော် ဘာသာပြန်တဲ့အခါမှာ ''ကျွန်ုပ်'' ဆိုရင် စာဖတ်သူတွေအတွက် ထောက်နေမယ်၊ အဆင်မပြေ ဘူး။ ဒါကြောင့် ကျွန်တော်က မိန်းမဆိုရင် ''ကျွန်မ'' လို့ သုံးတယ်၊ ယောက်ျားဆိုရင် ''ကျွန်တော်''လို့ သုံး လိုက်တယ်။ ပြီးတော့ you'' ဆိုတဲ့ စာလုံးဟာ ''သင်''။ ဒီ သင်ဟာ ယောက်ျားလည်း ဖြစ်နိုင်တယ်၊ မိန်းမ လည်းဖြစ်နိုင် တယ်။ အလွှာစုံကို ''you'' ပဲသုံးတယ်။
အချစ်နဲ့စစ်ကို ဘာသာပြန်တုန်းက ဒိုင်ယာနာ ပြောတဲ့ နေရာမှာ ''ကျွန်မ'' လို့သုံးလိုက်တယ်။ သူ့ရည်းစား ဗိုလ်မှူးနဲ့ စကားပြောတဲ့ နေရာတွေမှာ အဆင်ပြေတဲ့ အသုံးအနှုန်းနဲ့ ကျွန်တော် သုံးလိုက်ပါတယ်။ အဲဒီလို ဘာသာပြန် တဲ့နေရာမှာ ဆရာဆူဒိုနင်က ကျွန်တော့်ကို ပြောဖူးပါတယ်။ ကျွန်တော့် Translation တွေ ကောင်းတယ်။ ဒါပေမဲ့ ဘာသာပြန်တဲ့လူရဲ့ ခံစားချက် ပါနေ တယ်တဲ့။ အဲဒီပွိုင့် တစ်ခု တွေ့တယ်ပေါ့။ ကျွန်တော်က ဘာသာပြန်တဲ့နေရာမှာ ထောင့်မနေအောင်၊ ဖတ်တဲ့ လူ အဆင်ပြေအောင် ပြန်တယ်။ ဒါမှလည်း ဘာသာပြန် ဖတ်တဲ့လူ ဖတ်ပျော်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က သူ့မူရင်း အာဘော်လည်း မပျက်အောင် ပြန်ပါတယ်။ ကျွန်တော့် အာဘော်တော့ မပါဘူး။ သို့သော် အသုံးအနှုန်း ဝေါဟာရကိုတော့ ချောမွေ့အောင် ဖလှယ်ပြီး ပြန်ပါတယ်။ ဆိုကြပါစို့။ ဆရာနေ၀င်းမြင့် ဘာသာပြန်တဲ့ ''ရေကန်သာ ကြာတိုင်းအေး''မှာဆိုရင် ဘာသာပြန်သူရဲ့ အရိပ်အငွေ့တွေ အများကြီး ပါတယ်။ သူက ရသသမား ဆိုတော့ ရသပိုင်းပိုပြီး ထိရောက်အောင် ဖွဲ့တဲ့သဘောပါ။
စာတည်း။ ဆရာ ... ဆရာ့ကို ပဟေဠိဆန်တဲ့ မေးခွန်းလေးတစ်ခုမေးပါရစေ ဆရာ။ ၀တ္ထုတစ်ပုဒ်ဟာ မဂ္ဂဇင်းရဲ့မူ၊ မဂ္ဂဇင်းရဲ့အာဘော်၊ မဂ္ဂဇင်းရဲ့ ပရိသတ်လှိုင်းရိပ်တွေနဲ့ ဒီမဂ္ဂဇင်းမှာ အဲဒီဝတ္ထုဟာ အဆင် မပြေဘူး။ အဲဒီဝတ္ထုဟာ တခြားမဂ္ဂဇင်းမှာ ဖော်ပြတဲ့အခါ ပရိသတ် ပြောစမှတ်ပြုသွားလောက်တဲ့ ၀တ္ထုဖြစ် သွားရတာမျိုး အယ်ဒီတာလောကမှာ ကျွန်တော် ကြားခဲ့ဖူးပါတယ်။ ဆရာ။ ဆရာကော ... အဲဒီလို ၀တ္ထုမျိုး ကြုံဘူးပါသလား ဆရာ။
ဆရာဝင်းငြိမ်း။ ကြုံဖူးပါတယ်။ ဆိုပါစို့။ ရွှေအမြုတေမှာ ၀တ္ထုတွေက သူ့လိုင်း နဲ့သူ ရှိပြီးသား။ အဲဒီကြား ထဲမှာ ဂမ္ဘီရ ၀တ္ထုလိုမျိုး ရောက်လာရင် ကျွန်တော် မသုံးနိုင်ဘူး။ ကျွန်တော်နဲ့ အဆင်မပြေဘူး။ ဒီဝတ္ထုမျိုး တခြား မဂ္ဂဇင်းမှာ ပါရင် ပရိသတ်အတွက် အဆင်ပြေသွားနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ မဂ္ဂဇင်း မှာတုန်း က ဖော်ပြခွင့်မရဘူး။ တခြားမဂ္ဂဇင်းမှာ ဖော်ပြခွင့်ရသွားတယ်။ ဒီလိုလည်း ရှိပါတယ်။
စာတည်း။ ဆရာ ... ပေဖူးလွှာမဂ္ဂဇင်းကို စာတည်းချုပ်အဖြစ် ကိုင်တွယ်ခဲ့တဲ့ ၁၉၉၁ သြဂုတ်လထုတ် အမှတ် ၁၁၈ မဂ္ဂဇင်းဟာ နောက်ဆုံးကာလအဖြစ် တွေ့ရပါတယ်။ အဲဒီကာလက အချိန်ပိုင်းလေးတွေ ဆရာ မှတ်မိသလောက် ပြောပြပေးပါဦး။
ဆရာဝင်းငြိမ်း။ အဲဒီကာလက ၁၉၉၁ သြဂုတ်လ ဆိုတော့ ကျွန်တော် အမေရိက က ပြန်ရောက် ခါစ ပေဖူးလွှာမဂ္ဂဇင်းကလည်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေပြီ။ အန်ကယ်ဦးမြလှိုင်ကလည်း အိပ်ရာထဲ လဲနေပြီ။ မျိုးမြင့်ညိမ်း ကလည်း မရှိဘူး။ ဒီမဂ္ဂဇင်းကို ဆက်လုပ်ဖို့ ဆရာမ မြနှောင်းညိုနဲ့ တိုင်ပင်ပြီး သူလည်း အိတ်ထဲကစိုက်၊ ကျွန်တော် လည်း စိုက်ပြီး ပေဖူးလွှာမဂ္ဂဇင်းကို ဆက်ရပ်တည်ကြပါတယ်။ တကယ့်တကယ် ကျတော့ အားမရှိ ဘဲ ရပ်လိုက်ရတယ်။ အဲဒါပါ။ ကျွန်တော်တို့ မနိုင်တော့တဲ့အတွက် ရပ်လိုက်ကြတာပါ။
စာတည်း။ ဆရာ့ရဲ့ ''၀င်းငြိမ်း စီစဉ် တည်းဖြတ် ထုတ်ဝေသည်'' ဆိုတဲ့ ရွှေအမြုတေ အတွဲ(၁)၊ အမှတ်(၁)၊ ၁၉၈၉၊ ဇူလိုင်လထုတ် မဂ္ဂဇင်းထဲမှာ အယ်ဒီတာအာဘော်ကို ဖတ်ခဲ့ရပါတယ်။ ဆရာ့ရဲ့ အာဘော်ထဲမှာ ''မဂ္ဂဇင်းအားလုံးနီးပါး တစ်ပုံစံတည်း ထွက်နေကြချိန်မှာ ကိုယ့်မဂ္ဂဇင်းကို ဘယ်လို ထုတ်မလဲလို့ စဉ်းစားကြည့်ပါတယ်။ အဖုံးကအစ ဘယ်သူနဲ့မှ မတူဘဲ မူကွဲချင်တယ်။ ဒါကြောင့် မြန်မာမဂ္ဂဇင်းလောကမှာ ဘယ်သူမှ မလုပ်သေးတဲ့ အဖုံးပုံစံနဲ့ စမ်းကြည့်လိုက်ပါတယ်'' လို့ ဖော်ပြထားပါ တယ်။ ကာတွန်းနဲ့ ကဗျာကဏ္ဍ ကို ချန်လှပ်ခဲ့တဲ့အတွက် ဝေဖန်ခံရတာမျိုး တွေ့ကြုံခဲ့ပါလား ဆရာ။
ဆရာဝင်းငြိမ်း။ ကြုံရပါတယ်။ ကိုယ်ပိုင်မဂ္ဂဇင်း လုပ်တော့မယ်ဆိုတဲ့ အခါကျတော့ အဲဒီတုန်းက မျိုးမြင့် ရှိတယ်။ သူလည်းပါတယ်။ အဲဒီကာလက မဂ္ဂဇင်းလုပ်မယ်ဆိုရင် တစ်ခါတည်း Print လုပ်ပြီး တင်ရတယ်။ တင်ပြီးလို့ရှိရင် စာပေစိစစ်ရေးက ဖြုတ်ပါဆိုတဲ့အခါ ဖြုတ်ရမယ့် စာမျက်နှာတွေကို ကဗျာပဲဖြစ်ဖြစ်၊ ကာတွန်းပဲဖြစ်ဖြစ် ဆုတ်ရမယ့် မျက်နှာကို ဆုတ်ပေးလိုက်ရတယ်။ နောက်ကျတော့ ဆုတ်တာက စာမျက်နှာတွေ လျော့တယ်ဆိုပြီး ငွေမင်ပိတ်တဲ့စနစ် ဖြစ်လာပါတယ်။ နောက်ပိုင်း ငွေမင်ပိတ်တာကလည်း ဖတ်လို့ရတယ်ဆိုတော့ မိတ္တူကော်ပီတင်ခိုင်းပြီး ဖြုတ်စရာရှိတာ ဖြုတ်တဲ့စနစ် ဖြစ်လာတယ်။ ကျွန်တော်တို့ မဂ္ဂဇင်းက တင်ထုတ်လုပ်တာဆိုတော့ ဒီဇိုင်းတွေ အကုန်လုံး အပြီးအစီး လုပ်ရတယ်။ အကုန်လုပ်ပြီးမှ ရုံးတင်ရတယ်။ စာပေစိစစ်ရေး ကို တင်ပြီးမှ ပုံနှိပ်ရတယ်။
အဲဒီတော့ ကျွန်တော်တို့ လုပ်ချင်တဲ့ဟာက ကာတွန်းဆိုရင်လည်း သာမန်ကာတွန်းမျိုး မဟုတ်တာမျိုး၊ ကဗျာ ဆိုရင်လည်း သာမန်ကဗျာမျိုး မဟုတ်တာ မျိုးကိုမှ လုပ်ချင်တယ်။ ထိထိရှရှ၊ ခပ်စပ်စပ်မျိုးကို လုပ်ချင်တယ်။ ကာတွန်းဆိုတာ စတိုင်ယာ လိုမျိုး လိုချင် တာ။ သာမန် ရယ်ရတာမျိုး မဟုတ်ဘဲ တွေးပြီးမှ ရယ်ရတာမျိုးကို လိုချင်တာ။ ဒါပေမဲ့ အဲဒီဟာတွေ ဖြုတ်ပါ လို့ရှိရင် ဇာတ်က တော်တော်ရှုပ်တယ်။ ကဗျာဆိုရင်လည်း ကိုယ် ကြိုက်တဲ့ဟာမျိုးက မလွတ်နိုင်တာတွေ ဖြစ်နေတယ်။ အဲဒီတော့ ကဗျာ၊ ကာတွန်း၊ မထည့်ဘဲနဲ့ ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ ညီအစ်ကိုက စလုပ်ခဲ့ကြတာပါ။ ကဗျာ၊ ကာတွန်းပါမှ မဂ္ဂဇင်းဖြစ်ရမလားဆိုပြီး လုပ်ခဲ့ကြတာပါ။
အဲဒီမှာ မဂ္ဂဇင်းလုပ်ပြီး တော့ ကဗျာမပါဘူး၊ ကာတွန်း မပါဘူးဆိုပြီး ၀ိုင်းပြောကြပါတယ်။ မဂ္ဂဇင်းဆိုတာ ကဗျာပါရမယ်၊ ကာတွန်း ပါရမယ်၊ ၀တ္ထုတိုပါရမယ်၊ ၀တ္ထုရှည်ပါရမယ်၊ ဆောင်းပါး ပါရမယ်ဆိုပြီး ကန့်သတ်ထားလို့မရဘူး။ ကိုယ် ကြိုက်တဲ့ ပုံစံနဲ့ လုပ်မှာပဲလေ။ ထုတ်ဝေသူက ကိုယ်ကြိုက်တဲ့ပုံစံနဲ့ လုပ်မှာပဲ။ အဲဒီအတွက် ကျွန်တော်တို့ ညီအစ်ကို အပြင်းအထန် တိုက်ခိုက်ခံရတယ်။ ထိုးနှက်ခံရတယ်။ အခုအချိန်အထိ လည်း ထိုးနှက်ခံရတုန်းပဲ။ ကျွန်တော် ပထမဆုံးလုပ်တဲ့ ၂၀၀၆ ခုနှစ် ရွှေအမြုတေ စာပေဆုပေးပွဲတုန်းကဆိုရင် ကဗျာဆုရတဲ့ ကဗျာဆရာက ''ကဗျာမထည့်တဲ့ မဂ္ဂဇင်းက ကဗျာဆုရတဲ့ အတွက် အများကြီး ၀မ်းသာမိပါတယ်''ဆိုပြီး ပြော သွားပါတယ်။ ကဗျာကို ကျွန်တော် ကျွန်တော် မထည့်ပေမယ့် ကဗျာကို ကျွန်တော် Appreciate ဖြစ်တယ်။ ကာတွန်းကို Appreciate ဖြစ်တယ်။ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော် မထည့်တာပါ။
စာတည်း။ ဆရာ့ရဲ့ ရွှေပေးစာကဏ္ဍတွေဟာ ဝေဖန်ဖို့၊ ရင်ဖွင့်ဖို့သာ ဖြစ်တယ်လို့ ရွှေအမြုတေ အစပိုင်း ကာလတွေကတည်းက ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ ပြီးတော့ဆရာ့မဂ္ဂဇင်းဟာ ပေါ့ ကဏ္ဍတွေ အတွက် ဦးစားပေးပြီး လုပ်ခဲ့တာလည်း တွေ့ရပါတယ်။ ဆရာဟာ အဲဒီကာလတုန်းက ပေဖူးလွှာ မျာလည်း ပင်တိုင်ဆောင်းပါးတွေ ရေးနေရတယ်။ အယ်ဒီတာအလုပ်လည်း လုပ်နေရတယ်။ ရွှေကိုလည်း တစ်ဦး တည်း မွမ်းမံတည်းဖြတ်နေတယ်ဆိုတော့ ဆရာ့အတွက် တစ်လ၊ တစ်လမနည်း ရုန်းကန် လှုပ်ရှား နေရမှာ တွေးမိပါတယ်။ အဲဒီကာလတွေမှာ ဆရာ့ကို ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ မိတ်ဆွေတွေ အကြောင်း ပြောပြ ပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ ကျွန်တော် အဲဒီတုန်းက ၀န်ထမ်းလုပ်နေပါတယ်။
ရွှေအမြုတေနဲ့ ပတ်သက်ပြီးတော့ ကိုမျိုး (မျိုးမြင့်ညိမ်း)က အဲဒီအချိန်မှာ ပေဖူးလွှာမှာ မလုပ်တော့ ဘဲ ရွှေအမြုတေကို ဇောက်ချလုပ်နေတယ်ဆိုတော့ ရွှေအမြုတေကို ကျွန်တော် သိပ်လှည့်ကြည့စရာ မလိုဘူး။ ကျွန်တော် ကြိုက်တဲ့ဝတ္ထုကို ရွေးပေးလိုက်ရုံပဲ။ ပေါ့ပ်ကတော့ အဲဒီအချိန်မှာ ကျွန်တော် တစ်ယောက်တည်း ရေးတာပါ။ ပေါ့ပ်ကတော့ အဲဒီအချိန်မှာ ကျွန်တော် တစ်ယောက်တည်း ရေး တာပါ။ ရွှေအမြုတေမှာ ရေးတယ်။ အပြင်လူမပါသလောက်ဘဲ။ ရွှေအမြုတေကို ထုတ်ဝေခွင့်ရတာ ၁၉၈၉ ဇူလိုင်လမှာ ရပါတယ်။ ရွှေအမြုတေ စထုတ်ပြီးတော့ ၁၉၉၀ အောက်တိုဘာလမှာ ကိုမျိုးက အထိန်းသိမ်းခံ တယ်။
အောက်တိုဘာမှာပဲ ကျွန်တော် လေဖြတ်တယ်။ အဲဒီအောက်တိုဘာမှာပဲ ပေဖူးလွှာ ဦးမြလှိုင်ဆုံးတယ်။ အဲဒီလိုဖြစ်သွားပြီး တဲ့အချိန် ၁၉၉၁ ဧပြီမှာ ကျွန်တော့်ရုံးက ကျွန်တော့်ကို အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့မှာ သင်တန်းတက်ဖို့ လွှတ်ပါတယ်။ နောက်မှာ ကျန်ရစ်ခဲ့တာက ရွှေအမြုတေ ကျန်ရစ်ခဲ့ ပါတယ်။ ပေဖူးလွှာမှာလည်း ကျွန်တော် မရေးဖြစ်တော့ဘူး။ ကျန်ရစ်ခဲ့တာက ကိုမျိုးလည်းမရှိဘူး။ ကျွန်တော် ကလည်း ခရီးသွားတော့ ကိုလင်းနိုင်ဦး တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ မဂ္ဂဇင်းမှာ ဘာလုပ် ဆိုပြီးမှာထားလို့ရပေမယ့် ကိုလင်းနိုင်ဥိးက စာမရေးသေးဘူးဆိုတော့ ကိုမင်းစိုးအောင်ဆိုတဲ့ သူက အများကြီး အကူအညီပေးပါတယ်။ သူ ၀ိုင်းလုပ်ပေးလို့ မဂ္ဂဇင်းပုံမှန် ထွက်ခဲ့ပါတယ်။ နောက်တစ်ယောက်က ဒီဇိုင်း မြင့်မောင်ကျော်ပါ။ သူလည်း ၀ိုင်းကူပြီးတော့ တစ်အုပ်လုံး ဒီဇိုင်းလုပ်ပေးပါတယ်။ ကျွန်တော် မရှိဘူး၏၊ ကိုမျိုး မရှိဘူး။ ဒါပေမဲ့ မဂ္ဂဇင်းက ရပ်မသွားဘဲ ကျန်တဲ့လူတွေက ဆက်လုပ်သွားပါတယ်။
စာတည်း။ ဆရာ့ရဲ့ စာပေဖြတ်သန်းမှုတစ်လျှောက်မှာ အစောပိုင်းကာလတွေကဆိုရင် ''၀င်းငြိမ်း ဆိုရင် ပြဿနာကို မီးထွန်းရှာတတ်တဲ့ ကောင်လို့ သတ်မှတ်သူတွေက သတ်မှတ်ကြတယ်''ဆိုပြီး ဆရာ ကိုယ်တိုင် မချင့်မရဲဖြစ်ရင်း ထအော်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ရွှေအမှတ် (၅)မှာပါတဲ့ ''ပြဿနာများနဲ့ ကျွန်တော်'' ဆိုတဲ့ ဆောင်းပါးမှာ ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့ စာပေအနုပညာသမားတွေ မှာ မောင်ရစ် သီအိုရီ ဆိုတာ ရှိပါတယ်။ မဟာဗန္ဓုလစစ်သူကြီးဟာ သူ့ရဲ့ မထင်မရှားရဲမက်ဘ၀လေးကနေ သူ့ကို မင်းပရိသတ် သိအောင် နန်းရင်ပြင် မှာ တံတောင်နဲ့ ထထောင်းခဲ့တဲ့ ဖြစ်ရပ်ရှိပါတယ်။ ကျွန်တော် သိချင်တာ က ဆရာ့ကို ''၀င်းငြိမ်း'' ရယ်လို့ ပရိသတ် မှတ်မှတ်ရရ ဖြစ်စေခဲ့တဲ့ စာပေပုံရိပ်မျိုး ဆရာ မှတ်မိသမျှ ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ မဟုတ်ဘူးဗျ။ ကျွန်တော့်ကို ၀င်းငြိမ်းလို့ သိစေခဲ့တာက စာပေအင်တာဗျူးတွေပါပဲ။ ဒါပေမဲ့ ဝေလင်းဟန် ဆိုပြီး ရုပ်ရှင်အောင်လံမှာ ဂီတဆောင်းပါးတွေ ရေးခဲ့တဲ့ ကလောင်က ပိုပြီး လူသိများ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးရီးများခဲ့ပါတယ်။ ဝေလင်းဟန်ကို ကျွန်တော်မှန်း မသိကြဘူး။ ကျွန်တော် နဲ့ အနီးကပ်နေ တဲ့ လူတွေလည်း မသိဘူး။ ပလေးဘွိုင်းသန်းနိုင်တောင်မှ ဝေလင်းဟန်ဟာ ကျွန်တော်မှန်း မသိဘူး။ အဲဒီလိုပဲ၊ အယ်လ်ခွန်းရီတို့၊ ပုလဲတို့လည်း မသိဘူး။ အဲဒီတော့ ရုပ်ရှင်အောင်လံ မှာတုန်းက ဝေလင်းဟန်ဆိုပြီး ၀င်းငြိမ်းနဲ့ အောင်မြင်တယ်။ ပေဖူးလွှာမှာတော့ စာရေးဆရာ များနှင့်တွေ့ဆုံခြင်းဆိုပြီး ၀င်းငြိမ်းနဲ့ အောင်မြင်တယ်။ ပြဿနာရှာတယ် ဆိုတာက မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေနဲ့ တွေ့တဲ့အခါ ကျွန်တော်က မေးရတယ်။ မေးတဲ့ မေးခွန်းတွေအပေါ်မှာ ကျွန်တော်က ပြဿနာ ဖြစ်ရတယ်လို့ ပြောကြတယ်။
ဥပမာဆိုရင်-အဲဒီတုန်းက ပြောရရင် ကျွန်တော့်မှာ ဘုရားသခင်ပေးတဲ့ Sense တစ်ခု ရှိတယ်လို့ ပြောရမြယ်။ အကြောင်းအရာတစ်ခုကို ကျွန်တော် ဖတ်ထားပြီးရင် ကျွန်တော်က မှတ်မိ နေတတ်တယ်။ အဲဒီ မှတ်မိနေတာက သူနဲ့ အကြောင်းတိုက်ဆိုင်ရင် ဖျတ်ခနဲ ပေါ်လာတတ်တယ်။ ဆိုကြပါ စို့။ အခုတော့ နှစ်ယောက်စလုး ကွယ်လွန်သွားကြပါပြီ။ စာရေးဆရာမ တက္ကသိုလ် မြစိမ်းကို အင်တာဗျူး လုပ်ရမယ် ဆိုတော့ ကျွန်တော် သွားပြီး အင်တာဗျူး လုပ်ပါတယ်။ လုပ်တဲ့အခါ ဆရာမရေးတဲ့ ''နောက်တိုး'' ဆိုတဲ့ ၀တ္ထုတစ်ပုဒ်အကြောင်း ပါလာတယ်။ နောက်တိုးက ဆိုင်းဆရာတွေ အကြောင်း ရေးတာပါ။ အဲဒီမှာ စိန်ဗေဒါအကြောင်း ရေးထားတယ်။ စိန်ဗေဒါကြီးရဲ့ဇာတိ ဘယ်မှာ မွေးဖွားတယ် ဆိုတာ တွေ ပါလာတယ်။ သူ ရေးတဲ့ စိန်ဗေဒါဇာတိကို ဖတ်ရတဲ့အခါ လူထုဒေါ်အမာ ရေးတဲ့ စိန်ဗေဒါ ရဲ့ ဇာတိနဲ့ ကွဲပြားနေတာကို ကျွန်တော် ဖျတ်ခနဲ သတိရမိတယ်။
ကျွန်တော် သံသယဖြစ်သွားပြီးတော့ ဘယ်ဟာ အမှန်ဆိုတာ မခွဲခြားနိုင်ဘူး ဖြစ်နေတယ်။ အဲဒါနဲ့ လူထုဒေါ်အမာရဲ့ စိန်ဗေဒါအကြောင်းကို ပြန်ရှာပြီး တိုက် ကြည့်တဲ့အခါ ဇာတိ ကွဲပြားနေတာ သေချာ သွားပါတယ်။ ဆရာမမြစိမ်းနဲ့ အင်တာဗျူးတဲ့အခါ ''နောက်တိုး'' ထဲမှာ ဆရာမ ရေးထားတဲ့ စိန်ဗေဒါရဲ့ ဇာတိနဲ့ လူထုဒေါ်အမာ ရေးတဲ့ စိန်ဗေဒါရဲ့ ဇာတိကိုကွဲပြားနေတဲ့ အကြောင်း ကျွန်တော် မေးမိတယ်။ ဒါ မေးသင့်တယ် ထင်လို့ ကျွန်တော် မေးမိတယ်။ ဒါ မေးသင့်တယ် ထင်လို့ ကျွန်တော် မေးတာပဲ။ ဆရာမ တစ်ယောက်က တစ်မျိုး ရေးတယ်။ နောက်တစ်ယောက်က တစ်မျိုး ရေးတယ်။ ဒါကို ကျွန်တော်တို့ ထက် နောက်ကျတဲ့ လူငယ်တွေ ဖတ်တဲ့အခါ ဘယ်ဟာ အမှန်ဆိုတာ ဝေခွဲ မရဖြစ်လိမ့်မယ်။ ဒီမေးခွန်းမေး တဲ့ အခါ ဆရာမ မြစိမ်းက ကျွန်မဟာ ကိုယ်တိုင်ကိုယ်ကျ လိုက်မေးမြန်းပြီး၊ လေ့လာပြီး ရေးတဲ့ စာရေးဆရာမ ပါ။
တပည့်တပန်းတွေ လွှတ်၊ မေးမြန်းပြီး ရေးတဲ့ စာရေးဆရာမ မဟုတ် ဘူး။ အဲဒီလို ပြောတယ်။ ဒီအဖြေနဲ့ ပတ်သက်ပြီး မန္တလေး ရောက်တဲ့အခါ အမေမာ ကို ဂါရ၀ပြုတယ်။ သူက ဘာပြောသလဲဆိုတော့ မင်း စာရေးဆရာတွေ ကို အင်တာဗျူး မေးတဲ့အခါ စာရေးဆရာချင်း ရန်တိုက်ပြီး မေးတယ်။ မင်း မေးခွန်းတွေကို ငါ မကြိုက်ဘူး။ ကျွန်တော်က ရှင်းပြတယ်။ မဟုတ်ဘူး အမေ … ကျွန်တော်က အမှန်ကို သိချင်လို့ပါ၊ တိုက်ပြီး မေးတာ မဟုတ်ပါဘူး ဆိုတော့ အမေက ဘာပဲဖြစ်ဖြစ် သူ ဖြေတဲ့အဖြေက အဲဒီလို မျိုး ဖြစ်နေတယ်။ နောက် အဲဒီလို မမေးပါနဲ့လို့ ပြောပါတယ်။
အဲဒီတော့ ကျွန်တော်က အမေမာ တို့နဲ့ ပတ်သက်ပြီး သူတို့ မကြိုက်တ့ဟာတွေကို ရှောင်တယ်။ ကျန်တဲ့ သူတွေတော့ မေးဖြစ်တယ်။ နောက် အထောက်တော်လှအောင်ကို မေးမြန်းတယ်။ ကျွန်တော် မေးတာက ''သတင်းစာ များသည် သမိုင်းကို ပြောနေကြသည်လို့ လူထုဦးလှက ရေးပါတယ်။ ဆရာကလည်း သတင်းစာဆရာ ဆို တော့ သတင်းစာများက သမိုင်းကို ပြောနေကြတယ် ဆိုတာကို ဆရာ ယုံပါသလား''။ အဲဒီလို မေးတော့ ဆရာ မဖြေဘူး။ မဖြေဘဲ သူက ပြန်မေးတယ်။ သတင်းစာများက သမိုင်း ကို ပြောနေကြသည် ဆိုတာကို မင်းကော ယုံသလားတဲ့။ ကျွန်တော်က မဖြေဘဲ ရယ်နေလိုက်တယ်။ အဲဒီတော့ သူက မင်း ရယ်နေတာ ငါ့ အဖြေပဲတဲ့။ မင်း ငါ့ကို မမေးနဲ့တဲ့၊ အဲဒါ ငါ့အဖြေပဲတဲ့။
ဆက်ရန်
.
1 comment:
စာပေမြတ်နိုးသူတွေအတွက် တကယ်ကို တန်ဖိုးရှိတဲ့ စာအုပ်ပါဆရာမ
အပင်ပန်းခံ စာရိုက်တင်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ :)
Post a Comment