Tuesday, November 19, 2013

မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၅)

ဒီမေးခွန်း မေးတဲ့အခါ ဆရာမ မြစိမ်းက ကျွန်မဟာ ကိုယ်တိုင် ကိုယ်ကျ လိုက်မေးမြန်းပြီး၊ လေ့လာပြီး ရေးတဲ့ စာရေးဆရာမပါ။ တပည့်တပန်းတွေ လွှတ်၊ မေးမြန်းပြီး ရေး တဲ့ စာရေးဆရာမ မဟုတ် ဘူး။ အဲဒီလို ပြောတယ်။ ဒီအဖြေနဲ့ ပတ်သက်ပြီး မန္တလေး ရောက်တဲ့အခါ အမေမာ ကို ဂါရ၀ပြုတယ်။ သူက ဘာပြောသလဲဆိုတော့ မင်း စာရေးဆရာတွေကို အင်တာဗျူး မေးတဲ့အခါ စာရေးဆရာချင်း ရန်တိုက်ပြီး မေးတယ်။ မင်း မေးခွန်းတွေကို ငါ မကြိုက်ဘူး။ 

ကျွန်တော် က ရှင်းပြတယ်။ မဟုတ်ဘူး အမေ … ကျွန်တော်က အမှန်ကို သိချင်လို့ပါ၊ တိုက်ပြီး မေးတာ မဟုတ်ပါဘူး ဆိုတော့ အမေက ဘာပဲဖြစ်ဖြစ် သူ ဖြေတဲ့အဖြေက အဲဒီလိုမျိုး ဖြစ်နေတယ်။ နောက် အဲဒီလို မမေးပါနဲ့လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်က အမေမာ တို့နဲ့ ပတ်သက်ပြီး သူတို့ မကြိုက်တ့ဟာတွေကို ရှောင်တယ်။ ကျန်တဲ့ သူတွေတော့ မေးဖြစ်တယ်။
 နောက် အထောက်တော်လှအောင်ကို မေးမြန်းတယ်။ ကျွန်တော် မေးတာက ''သတင်းစာ များ သည် သမိုင်းကို ပြောနေကြသည်လို့ လူထုဦးလှက ရေးပါတယ်။ ဆရာကလည်း သတင်းစာဆရာ ဆိုတော့ သတင်းစာများက သမိုင်းကို ပြောနေကြတယ် ဆိုတာကို ဆရာ ယုံပါသလား''။ အဲဒီလို မေးတော့ ဆရာ မဖြေဘူး။ မဖြေဘဲ သူက ပြန်မေးတယ်။ သတင်းစာများက သမိုင်းကို ပြောနေကြသည် ဆိုတာကို မင်းကော ယုံသလားတဲ့။ ကျွန်တော်က မဖြေဘဲ ရယ်နေလိုက်တယ်။ အဲဒီတော့ သူက မင်း ရယ်နေတာ ငါ့ အဖြေပဲတဲ့။ မင်း ငါ့ကို မမေးနဲ့တဲ့၊ အဲဒါ ငါ့အဖြေပဲတဲ့။ ကို ဆက်ဖတ်ရန် .............. 

စာတည်း။      ဆရာ ရုပ်ရှင်အမြုတေမှာ ဝေလင်းဟန် ကလောင် နဲ့ ဂီတလောက ဖြစ်ရပ်တွေ ရေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။ နောက်ပိုင်းမှာ ရုပ်ရှင်အမြုတေမဂ္ဂဇင်းနဲ့ လုံးဝမပတ်သက်တော့ ပါ ကြောင်း၊ ဝေလင်းဟန်၊ ၀သုနြေ္ဒ တို့က ကြေညာခဲ့တာလေး ဖတ်ရလို့ပါ။

ဆရာဝင်းငြိမ်း။      အဲဒါက ဒီလိုဗျ။ ကျွန်တော် ပေဖူးလွှာ ကို ရေးနေတဲ့ အချိန်မှာ ကိုအေးကြူလေးက စာအုပ်တစ်အုပ် လုပ်ကြရအောင်ဆိုပြီး လာတိုင်ပင်တယ်။ ကျွန်တော်က လုပ်ရအောင် ကတ်ပြားမှ မရှိဘဲ လို့ ပြောတော့ သူက ရတယ်၊ တက္ကသိုလ်ယဉ်ယဉ်လဲ့ဆီမှာ ကတ်ပြားရှိတယ်။ ကတ်ပြား ရှိရင် လုပ်လေဆိုပြီး ကျွန်တော် ရယ် … ကို အေးကြူလေးရယ်၊ နောက် မောင်ဗေဒါပါ လုပ်မယ်ဆိုပြီး သုံးယောက် စီစဉ်ကြပါ တယ်။ ဒါပေမဲ့ တကယ့်တကယ် စကြတော့ ကိုဗေဒါ မပါဖြစ်ဘူး။ ကိုအေးကြူလေးနဲ့ ကျွန်တော် နှစ်ယောက်တည်း လုပ်ဖြစ်တယ်။ လုပ်နေရင်းနဲ့ ရုပ်ရှင်အမြုတေ က အောင်မြင် လာတယ်။ အောင်မြင်လာ ချိန်မှာ ကျွန်တော့်စိတ်ထဲ ဘာဖြစ်လာသလဲဆိုတော့ ကတ်ပြားငှားပြီး လုပ်နေရ တာ မွေးစားသားတစ်ယောက်ကို ချစ်နေသလိုပဲလို့ ထင်ရတယ်။ အဲဒီအချိန်က ရွှေအမြုတေကို မလုပ်သေးဘူး။

ကိုယ်မပိုင်တဲ့ ကိစ္စတစ်ခုကို လုပ်နေရသလိုမျိုးပါ။ လုပ်တဲ့အခါ အားစိုက်ပြီး အောင်မြင်အောင် လုပ် တယ်။ အောင်မြင်လာတဲ့အခါ ပိုင်ရှင်က ပြန်သိမ်းသွားတာမျိုး ရှိတတ်တော့ လုပ်ရတာ မဖြောင့်ဘူ။ ပိုင်ရှင် က ပြန်သိမ်းသွားရင် ပက်လက်လန်ပြီး ကျန်ခဲ့မယ်။ အဲဒီအတွက် ကျွန်တော်က ရွှေအမြုတေကို ပျိုးထောင် ပါတယ်။ ဒီတော့ ရုပ်ရှင်အမြုတေရယ်၊ ရွှေအမြုတေရယ် နှစ်ခုရှိလာတယ်။ အဲဒီမှာ ယဉ်ယဉ်လဲ့က ဘပြောသလဲ ဆိုတော့ ကိုဝင်းငြိမ်းက ရွှေအမြုတေကိုပဲ အားစိုက်တယ်။ ရုပ်ရှင်အမြုတေကို သိပ် အားမစိုက်တော့ဘူး ဆိုပြီး မြင်လာတယ်။  မြင်လာတော့ ကျွန်တော်က ရုပ်ရှင်အမြုတေကို မလုပ်တော့ဘူး ဗျာ ဆိုပြီး ပြန်ပေးလိုက်တယ်။

အဲဒီလိုနဲ့ သတ်သတ်စီ ဖြစ်သွားပြီဆိုတော့ ကျွန်တော့်ကလောင်တွေကိုရုပ်ရှင်အမြုတေ မှာ မရေးတော့ ဘဲ ရွှေမှာပဲ ရေးတော့တယ်။ ၀သုနြေ္ဒ က ကိုမြတ်ခိုင် ကလောင်ခွဲပါ။ သူကလည်း ရုပ်ရှင် အမြုတေမှာ မရေးတော့ဘဲ ရွှေအမြုတေမှာပဲ ပြောင်းရေးတော့တဲ့အတွက် အဲဒီကြော်ငြာကို ထုတ်ဖြစ်လိုက် တာပါ။

စာတည်း။    ဆရာ့ရဲ့ ရွှေချစ်သူမှ ရွှေချစ်သူသို့ဆိုတဲ့ ပေးစာကဏ္ဍထဲမှာ အဲဒီခေတ်ကာက မဂ္ဂဇင်းထုတ်ဖို့ ဆိုရင် ကုန်သွယ်ရေး စက္ကူဝယ်ခွင့်မရဘူး။ ပုံမှန်မဂ္ဂဇင်း မဟုတ်တဲ့အတွက် ၀ယ်လို့မရတာပါ ဆိုတဲ့အကြောင်းလေး ဖတ်ရပါတယ်။ ကျွန်တော်လည်း အသက်လေးဆယ်မို့ ကုန်သွယ်ရေးလောကကို နားလည်ပါတယ်။ ဒါပေမဲ့ ဆရာ့အကြောင်းကို လေ့လာမယ့် နောင်လာနောက်သားတွေအနေနဲ့ ကုန်သွယ် ရေးခေတ် မှာ မဂ္ဂဇင်း ထုတ်တဲ့အခါ စက္ကူကို လျှောက်လွှာတင်ပြီး ၀ယ်ရတယ်ဆိုတာ သိချင်မှ သိပါမယ်။ ဆရာ ကြုံတွေ့ခဲ့ရတဲ့ စက္ကူအခက်အခဲတွေ၊ ကုန်သွယ်ရေးကာလ မဂ္ဂဇင်းတစ်အုပ် ဖြစ်အောင် ကြိုးစားရတာ တွေ ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။     အဲဒီတုန်းက စက္ကူက အပြင်မှာမရှိဘူး။ ဗမာစက္ကူမထွက်သေးဘူး။ ထုတ်ဝေသူ ကတ်ပြားရှိတဲ့ သူတွေကို ကုန်သွယ်ရေး အမှတ်(၉)မှာ လျှောက်လွှာတင်ပြီး ၀ယ်ရတယ်။ ကတ်ပြားရှိတဲ့ သူ တွေကို ကုန်သွယ်ရေးအမှတ်(၉)မှာ လျှောက်လွှာတင်ပြီး ၀ယ်ရတယ်။ ကတ်ပြားရှိတဲ့သူတွေက စက္ကူကို ၀ယ်။ ပုံနှိပ်ပြီးတော့ ကားပေါ်မှာ ထွက်သမျှ စာအုပ်တွေကိုတင်၊ တင်ပြီးတော့ ကုန်သွယ်ရေး ဂိုဒေါင်မှာ မဂ္ဂဇင်းတွေ အစည်းလိုက် စည်းပြီး သွားအစစ်ခံရတယ်။ သူ့မှာ စောင်ရေ ၁၀၀၀ ထုတ်တယ်ဆိုရင် ၁၀၀၀ လုံး ကားပေါ်တင်ပြီး သွားပြရတယ်။ အဲဒီက ကုန်သွယ်ရေးဝန်ထမ်းက ကားပေါ်တက်ပြီး တစ်စည်းကို ဘယ်နှအုပ် စည်း ထားလဲ စစ်တယ်။

စစ်ပြီးလို့ သူက လက်မှတ်ထိုးပေးလိုက်တော့မှ ဒီစာအုပ်ကို ဖြန့်ချိခွင့် ရတြယ်။ ကျွန်တော်တို့ ရွှေအမြုတေကို တင်ထုတ်လုပ်တဲ့ ကာလမှာတုန်းကကျတော့ စက္ကူမရဘူး။ တင်ထုတ်ဖြစ်တဲ့အတွက် စက္ကူမရဘူး။ စက္ကူမရတော့ စက္ကူက အရမ်းအခက်အခဲဖြစ်တယ်။ စက္ကူက ပြတ် သွားပြီး ဗမာစက္ကူက မထွက်သေးတော့ အရမ်းအခက်အခဲ ဖြစ်တယ်။ မဂ္ဂဇင်းတင်ထုတ်ဆိုတာ ဒီဇိုင်းတွေ အကုန်လုံးလုပ်ရတယ်။ တစ်အုပ် လုံးပြီးအောင် လုပ် ရတယ်။ ဓာတ်ပုံတွေပါ ရုံးကိုတင်။ တင်ပြီးတော့မှ လွတ် တဲ့ဟာတွေကို ရိုက်ရတာပါ။
စာတည်း။    ရွှေ အမှတ်(၁၅)။ ၁၉၉၀၊ ဒီဇင်ဘာလထုတ်မှာ ဆရာ ဆေးရုံတက်ခဲ့ရတ်ဆိုတဲ့ သတင်းတိုလေး ဖတ်ခဲ့ရပါတယ်။ ဦးနှောက်သွေးကြောမျှင်ငယ်တစ်ခု ပိတ်သွားလို့ ၂၇ ရက်လုံးလုံး ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဝေဒနာ စဖြစ်လာခဲ့ပုံလေး ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။    အဲဒါ ဖိအားတွေ များတယ်လို့ပဲ ပြောရမှာပဲ။ နံပါတ်တစ်က ကျွန်တော့်ညီ မျိုးမြင့်ညိမ်း အဖမ်းခံ ရတယ်။ နံပါတ်နှစ်က အန်ကယ်ဦးမြလှိုင် ဆုံးသွားတယ်။ တစ်လတည်းမှာ ဆက်တိုက်ဖြစ် တာဆို တော့ အဲဒီမှာ ကျွန်တော် Stroke ရတယ်။ အန်ကယ် ဦးမြလှိုင် ရက်လည်ပြီး တစ်ရက်၊ နှစ်ရက်မှာ ညပိုင်း မှာ ဇက်ထိုးတယ်။ အသက် ၄၄ နှစ်ပေါ့။ ၁၉၉၀ အောက်တုဘာ ၂၀ ရက်ညမှာ ဇက်ထိုးတယ်။ ထုံးစံ အတိုင်း အက်စပရင် ဆေးသောက်ပြီး အိပ်လိုက်တယ်။ မနက် အိပ်ရာထတော့ ထုံးစံအတိုင်း အမေက မနက်စာ စားဖို့ ကြက်ဥကြော်ပေးတယ်။ စားပြီးတော့ ကျွန်တော် အရမ်းအိပ်ချင်တယ်ဆိုပြီး ပြန်အိပ်တယ်။ အိပ်နေတုန်း ကျွန်တော့်ညီက အစ်ကို့ ဖုန်း လာတယ်ဆိုတော့ ဖုန်းထပြောတယ်။ မင်းသား ကျော်သူဆီက ဖုန်း ဆက်လာတာပါ။ ပြီးတော့ ကျွန်တော် ပြန်အိပ်နေတယ်။

အမှန်တော့ အဲဒါ သွေးတိုးနေတာ။ သွေးတိုး ရှိမှန်းလည်း မသိတော့ အိပ်ချင်တယ်ဆိုပြီး အိပ်နေတာ။ နောက်တစ်ခါ ဖုန်းလာတော့ ကျွန်တော့်ညီအငယ် ဆုံးက လာနှိုးပြန်တယ်။ သူက ရေချိုးခန်းထဲ ၀င်တော့ မှာမို့လို့ သဘက်လေး ပခုံးပေါ် တင်ရင်း လာနှိုးတာပါ။ ကျွန်တော် ထလိုက်တော့ ဘယ်ဘက် ခြေထောက် ကို ခုတင်ပေါ်က ချလိုက်ချိန်မှာ ဒုန်းဆို ကျသွားတယ်။ ညာဘက် ခြေထောက်ကို ချပြီး လမ်းလျှောက်တော့ လူက လေးနေတယ်။ ဒါလည်း မသိသေးဘူး။ အမှန် ဆိုရင် ဖုန်းကိုင်ရင် ညာဘက်လက် က ကိုင်နေကျ။ အဲဒီနေ့ကမှ ဘာဖြစ်မှန်း မသိဘူး။ ဘယ်ဘက်လက်က ကိုင် မိရက်သားဖြစ်သွားတယ်။ သွားကိုင်လိုက်တဲ့အခါမှာ တယ်လီဖုန်းက ပြုတ်ကျသွားပြီး ဘယ်ဘက်လက်က တန်းလန်းကြီးဖြစ်သွားတယ်။ ကျွန်တော် သိလိုက်တယ်။ ကမန်းကတန်း တယ်လီဖုန်း တင်ထားတဲ့စင်ကို ကိုင်ထား မိတယ်။ လဲသွားမှာစိုးလို့။ ကျွန်တော့်ညီက ကျွန်တော့်ကို သံသယဖြစ်နေတဲ့ အတွက် ရေချိုးခန်းထဲ မ၀င်သေး ဘဲ စောင့်ကြည့် နေတယ်။ ကျွန်တော် ခေါင်းခါပြတော့ သူက ချက်ချင်း ပြေးလာပြီး ကျွန်တော့် ကို ပွေ့တော့ သူ့ကို မှီလိုက်ရတယ်။ အဲဒီတော့မှ လေဖြတ်သွားပြီဆိုတာ သိလိုက် တာ။

အမေက သူ့မှာ ဘာ Sense ရှိထားမန်းမသိဘူး။ သူ့များ လေဖြတ်ရင် သုံးဖို့ဆိုပြီး လိမ်းရတယ် ဆိုတဲ့ လေးညင်း တို့ ဘာတို့နဲ့ လုပ်ထားတဲ့ ဆေးပုလင်းသူ့မှာ ရှိနေတယ်။ သူ့ဟာသူ လုပ်ထားတာ။ သူက ပုလင်းကြီး ဆွဲလာပြီး လက်တွေ၊ ခြေတွေ လိမ်း၊ သင်္ဃန်းကျွန်းက အနှိပ်ဆရာ ခေါ်စမ်း ဘာညာဆိုပြီး လုပ် နေတုန်း ကျွန်တော်က မဟုတ်ဘူး၊ ကျွန်တော့်ကို ဆေးရုံပို့၊ ဆေးရုံပို့ပေးပါပေါ့။ ကျွန်တော် လေဖြတ်တာ က ပါးစပ် ပါမသွားဘး။ စကားပြောနိုင်တယ်။ ခြေထောက်နဲ့ လက်နဲ့ အဓိက ဖြတ်သွားတာမို့ စကားပြောနိုင် တယ်။ ကျွန်တော်က ဆေးရုံပို့ပါပဲ။

အဲဒီတုန်းက ကျွန်တော် လခစား လုပ်နေချိန်၊ စာအုပ်လုပ်ငန်းလည်း လုပ်နေချိန် ဒါပေမဲ့ ၂၁ ရက်နေ့ဆိုတော့ စာအုပ်ကလည်း ပိုက်ဆံမပေါ်သေးဘူး။ အဲဒီအချိန်က လက်ထဲမှာ ပိုက်ဆံ ၉၀ ပဲရှိတယ်။ တော်တော်ကြီး တုန်လှုပ်ချောက်ချား သွားတယ်။ ဒီပိုက်ဆံ ၉၀ နဲ့ ဒီဝေဒနာကို ကုဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမဲ့ အဲဒီအချိန်က  Private ဆေးရုံ မရှိသေးတော့ အရှေ့ပိုင်းဆေးရုံပဲ ပို့ပေးတယ်။ အဲဒီကဆရာမကြီးက Round လှည့်ရင်း လေဖြတ်တာဆိုတော့ ဦးနှောက်နဲ့ အာရုံကြောဆေးရုံ သွားပါဆိုတော့ ဦးနှောက်နဲ့ အာရုံ ကြောဆေးရုံ ကို ပြောင်းတက်ခဲ့ရတယ်။ အဲဒီမှာ တစ်လနီးပါး ကုသခဲ့ရတယ်။ ခြေထောက်က ဆွဲနိုင် သွားနိုင်ပေမယ့် လက်ကတော့ မရဘူး။ ပခုံးက ဟသွားတယ်။ တန်းလန်းကြီး ဖြစ်ဖြစ်နေတယ်။

ကျွန်တော် ဇက်ထိုးတုန်းက ညာဘက်က ထိုးတာ။ ဦးနှောက်သဘောက ညာထိုးရင် ဘယ်ဖြစ် တာကိုး။ ကျွန်တော့်လိုပဲ အလားတူ ဖြစ်ခဲ့တာက မိုးမိုး(အင်းလျား)ပါ။ သူလည်း ညဘက် ဇက်ထိုးတယ်ဆိုပြီး အက်စပရင် ဆေးသောက်ပြီး အိပ်ခဲ့တယ်။ နောက် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတယ်။

စာတည်း။    ဟုတ်ကဲ့ပါ။ ဆရာ ဆေးရုံတက်နေစဉ် ကာလတုန်းက ပန်းလေးတွေ တဖြုတ်ဖြုတ် ကြွေ သ လို လူ့လောကထဲက ထွက်ခွာသွားသူတွေကို ကြည့်ပြီး နောက်နောင် အပုပ်ချစာပေမျိုးတွေ မဖော်ပြတော့ဘူး ဆိုတဲ့ အတွေးဝင်လာပြီး ဆရာ့အယ်ဒီတာ့အာဘော်ထဲ မှာ ထည့်ကြော်ငြာခဲ့ပါတယ်။ ဆရာက မဂ္ဂဇင်းလော ကမှာလည်း ကျင်လည်နေတယ်။ ဂီတ ရုပ်ရှင်အသိုင်းအ၀ိုင်းမှာလည်း ကျင်လည်နေတယ်ဆိုတော့ အဲဒါတွေ နေ့တိုင်း ကြားနေရတဲ့ လောက ထဲကနေ ဘယ်လိုလုပ် ခွဲထုတ်မလဲ။ တကယ့် အနှစ်သာရရှိတဲ့ သတင်းမျိုး ကို ချည်းဖြစ်အောင် ဘယ်လိုလုပ် ပြင်ဆင်မှာလဲဆရာ။

ဆရာဝင်းငြိမ်း။     ဒီစာနယ်ဇင်းလောကမှာ စောစောက ခင်ဗျား ပြောခဲ့သလို မဟာဗန္ဓုလထုံး နှလုံးမူခဲ့တဲ့ စာနယ်ဇင်း သမားတွေ အများကြီးရှိခဲ့တယ်။ ဒါတွေကတော့ ပါစင်နယ်ကိစ္စတွေ၊ မင်းသမီးတစ်ယောက်ရဲ့ အတွင်းရေး၊ မင်းသားတစ်ယောက် ရဲ့ အတွင်းရေး၊ ဒါမျိုးတွေကို ဘယ်သူဘယ်ဝါမှန်းသိအောင် နာမည် ကတော့ သုံးလုံး၊ ဗုဒ္ဓဟူးနံနဲ့ စတဲ့ …။ ဒီလိုမျိုး ရေးတာတွေက ပရိသတ်က စိတ်ဝင်စားတာတော့ မှန်ပါတယ်။ တစ်ဖက်က ကာယကံရှင်ဘက်က ကြည့်တော့ တော်တော်လေး နစ်နာတာတွေ့ရတယ်။ အရင် ကတော့ အဲဒါမျိုးတွေ ကျွန်တော် ကြိုက်ပါတယ်။ နောက်ကျတော့ ဆေးရုံမှာ ကျင်လည်ရင်း ကျွန်တော် စဉ်း စားမိတော့ ဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ တကယ် မဆိုင်ဘူး။ သရုပ်ဆောင်တစ်ယောက်ကို ကြည့် မယ်ဆိုရင် ပိတ်ကားပေါ်က သူ့ရဲ့ သရုပ်ဆောင်မှု၊ ဖန်သားပြင်ပေါ်က သရုပ်ဆောင်မှုသာ ကျွန်တော်တို့နဲ့ ဆိုင်တယ်။

နောက်ကွယ်ကိစ္စ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ သူလည်း ပုထုဇဉ်လူသား တစ်ယောက်ပဲ ဖြစ်တဲ့ အတွက် ဖောက်ပြန်တာ ရှိချင်ရှိမယ်၊ ကောင်းတာ ရှိချင်ရှိမယ်၊ ဆိုးတာ ရှိချင်ရှိမယ်၊ အရက်သောက် ချင် သောက်မယ်၊ ဘိန်းရှူချင် ရှူမယ်၊ ရှိနိုင်တယ်။ ဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ စာပေသမားနဲ့ မဆိုင် ဘူးလို့ ကျွန်တော် ထင်တယ်။ အစပိုင်းမှာ ဒါတွေ ကောင်းတယ်လို့ထင်တယ်။ နောက်တော့ မကောင်းဘူး၊ မရေးသင့်ဘူးလို့ မြင်လာတယ်။ ဒီနည်းနဲ့ နာမည်မကြီးချင်ဘူး။ ရွှေအမြုတေကို ဒီနည်းနဲ့ မအောင်မြင်စေ ချင်ဘူး။ အဲဒါတွေ ကျွန်တော် မထည့်တော့ဘဲ ရိုးရိုးရသစာပေဘက် ကို သွားတယ်။ ပေါ့ပ်ဆိုရင်လည်း ပေါ့ပ် နဲ့ပတ်သက် တဲ့ ရုပ်ရှင်ကားတွေအကြောင်းရေးတယ်။ ကောင်းခြင်း၊ မကောင်းခြင်းက ကျွန်တော်တို့နဲ့ မဆိုင် ဘူး။ ကျွန်တော်တို့က တင်ပြဖို့ပဲရှိတယ်။ ဂီတလည်း ထို့အတူပဲ။ ဗီဒီယိုလည်း ထို့အတူပဲ။ ကျွန်တော် ရေးပေးခဲ့တယ်။ အခုထိ အဲဒီလိုပဲ ကျွန်တော် ခံယူပါတယ်။ သိပ်ကြိုက်တဲ့ကားဆိုရင်တော့ ကြိုက်တဲ့ အကြောင်း ရေးတယ်။ သိပ်မကြိုက်တဲ့ကားဆိုရင်တော့ သင့်သလိုပဲ။

ကျွန်တော်တို့ဆီမှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ ရေးနေတဲ့သူတွေမှာ မကွဲပြားတာ ရှိတယ်။ ပရီဗျူးနဲ့ ရီဗျူး၊ ပရီဗျူးဆိုတာက ကျွန်တော်တို့ကို ဦးဦးဖျားဖျား ကြည့်စေချင် လို့ ပြတာ။ အဲဒါ ပရီဗျူး၊ ရီဗျူး ဆိုတာက ခံစားသုံးသပ်စေချင် လို့ ပြတာ။ ပရီဗျူးပြတာကို ကြည့်ပြီး ဝေဖန်လိုက်မယ်၊ အားနည်းချက်တွေ ကို ထောက်ပြလိုက်မယ်ဆိုရင် သူ့မှာ စီးပွားရေးအရ ထိခိုက်မယ်။ ပရီဗျူးမှာ နိုင်ငံတကာ ရုပ်ရှင် အကြောင်း ရေးသူတွေလည်းပဲ ဘယ်တော့မှ ထိခိုက်အောင် မရေးဘူး။ ကောင်းတာ၊ မကောင်းတာကို မဝေဖန်ဘူး။ ကြိုက်ရင်တော့ ကောင်းတယ် ပြောတယ်။ ရီဗျူး ဆိုတာတော့ ရုံတင်နေပြီဖြစ်တဲ့ အတွက် ကောင်းတာ၊ ကောင်းတာ ထောက်လို့ရတယ်။ အခုဟာက ပရီဗျူးနဲ့ ရီဗျူး ရောနေကြပြီးတော့ ကိုယ့်ကို ဦးဦးဖျားဖျား ပြတာ ကို အခွင့်ကောင်းယူပြီး အားနည်းချက်တွေ ထောက်တာရှိတယ်။ ကျွန်တော် ကတော့ အဲဒါ မဖြစ်သင့် ဘူးလို့ ထင်ပါတယ်။ ဒါက ကျွန်တော့် ခံယူချက်ကို ပြောတာပါ။ ကျန်တဲ့သူတွေတော့ မပြောတတ်ဘူး။

များသောအားဖြင့် ပရီဗျူး ပြတာ ကြုံရပါတယ်။ ''မိုးညအိပ်မက်မြူ'' ဆိုရင် တစ်ရုံလုံးမှာ ကျွန်တော် နဲ့ ကိုလင်းနိုင်ဦး နှစ်ယောက်တည်း။ တစ်နေ့ကပဲ ''ကျောက်စက်ရေ'' ပြတုန်းက ဆိုရင် ကျွန်တော်နဲ့ ကိုလင်း ရှိတယ်။ ပရိုဂျူဆာ ရှိတယ်။ ဒါရိုက်တာ ရှိတယ်။ လေးယောက်ပဲ။ ဒါရိုက်တာက ဆင်ဆာ လုပ်ထားတာတွေ စင်လား၊ မစင်လား လာကြည့်တာဆိုတော့ မင်းသား၊ မင်းသမီးသော် လည်းကောင်း၊ ရုပ်ရှင်ပရိုဂျူဆာသော် လည်းကောင်း ကျွန်တော်နဲ့ အဆင်ပြေတယ်။ တစ်ခါ ဆက်ဆံပြီးရင် နောက်ထပ် မိတ်ပျက်သွားတာမျိုးမဟုတ်ဘဲ ရေရှည်ဆက်ဆံလို့ရတယ် ဆိုတာ အဲဒါပဲလေ။ ပရီဗျူးကို ရီဗျူး မလုပ်ဘူး။

ပရီဗျူးကို ပရီဗျူးပဲ ထားတယ်။ မင်းသား၊ မင်းသမီးနဲ့ ပတ်သက်လို့လည်း နောက်ကွယ်က သတင်းတွေကို မရေးတဲ့အတွက် ပရိသတ်အပေါ် သစ္စာဖောက်တယ်လို့ ကျွန်တော် မမြင်ဘူး။ ကျွန်တော်နဲ့ မဆိုင်တဲ့အတွက် ကျွန်တော် မရေးတာ။ အဲဒီတော့ ဘာဖြစ်လာသလဲဆိုတော့ မင်းသား၊ မင်းသမီးတွေ၊ သူတို့အတွင်းရေးတွေ ကျွန်တော့်ကို ပြောရဲတယ်။

စာတည်း။      ဟုတ်ကဲ့ဆရာ၊ ကျွန်တော် တွေ့တယ်။ ဆရာ အမေရိကရောက်နေတုန်းက ကိုကိုင်ဇာနဲ့ မမေခလာတို့ အကြောင်းကို ဆရာမပြောချင်တဲ့အတွက် ကိုကိုင်ဇာကို ''ညီလေး မင်း ပြောကွာ ''ဆိုပြီး အင်တာဗျူး ကတည်းက ကျွန်တော် ရိပ်တော့ ရိပ်မိခဲ့ပါတယ်။ သူကိုယ်တိုင် ပြောတာ ပိုထိရောက်မယ် လို့ မြင်တာပဲလို့ပါ။

ဆရာဝင်းငြိမ်း။   ဟုတ်တယ်၊ ကျွန်တော် မပြောဘူး။ သူတို့အတွင်းရေးတွေကို မပြောဘူးဆိုတဲ့အတွက် မင်းသား၊ မင်းသမီးတွေ ကျွန်တော့်ကို အိတ်သွန်ဖာမှောက် ပြောဖို့ ၀န်မလေးဘူး။ တချို့ကိစ္စတွေဆိုရင် သူတို့မိဘတွေကို မပြောရဲတဲ့ ကိစ္စကိုတောင် ကျွန်တော့်ကို ပြောရဲတယ်။ တချို့သရုပ်ဆောင်တွေဆိုရင် ညရှုတင်တွေ ပြီးလို့ ည ဆယ့်နှစ်နာရီ၊ တစ်ချက်မှန်းမသိ သူတို့ပြောစရာရှိတဲ့ ကိစ္စတွေ ထည့်ပြောတဲ့အတွက် ကျွန်တော်က နာမည်တွေ ထည့်မပြောနဲ့၊ ဖုန်းဆိုတာ လိုင်းပူးတတ်တယ်ဆိုပြီး ကလေးတွေကို တားရတယ်။ အဲဒီတော့ သူများ မသိတဲ့ အတွင်းရေးတွေကို ကျွန်တော် သိတယ်။ သို့သော် မရေးတဲ့အတွက် သူတို့ရဲ့ ဘယ်လို ပြောမလဲ၊ တိုးတိုးဖော်ပေါ့၊ တိုင်ပင်လို့ရတဲ့သဘော။

ဒါကြောင့် မင်းသား၊ မင်းသမီး အများစုက ညီ၊ ညီမတွေလို၊ တူ တူမတွေလို၊ သားသမီးတွေလို များသောအားဖြင့် ဖြစ်သွားကြတယ်။ ပြီးတော့ စာရေးဆရာ၊ ဆရာမတွေလည်း အဲဒီလိုပဲ။ ကျွန်တော် အင်တာဗျူးလုပ်ပြီးတဲ့ဆရာ၊ ဆရာမတွေဟာ ကျွန်တော်နဲ့ မောင်နှမတွေလို၊ ညီအစ်ကိုတွေလို၊ သားအဖ တွေလို ဖြစ်သွားကြတယ်။ သူတို့ ခိုင်းစရာရှိရင် ခိုင်းတယ်။ ပြောစရာရှိရင် ပြောတယ်။ အကူအညီတောင်း စရာရှိရင် တောင်းတယ်။ ကျွန်တော် အကူအညီ တောင်းရင်လည်း ပေးတယ်။ ဒါပေမဲ့ ရွှေအမြုတေအတွက် မူတစ်ခုထားတာက ရွှေအမြုတေနဲ့ ပတ်သက်တဲ့ မူဟာ ဒီကနေ့အထိ အဲဒီစာရေးဆရာ၊ ဆရာမတွေဆီ စာမူ ပေးပါလို့ မတောင်းဘူး။ ဘာကြောင့်လဲဆိုတော့ တောင်းစာမူဆိုရင် ကျွန်တော် Commit ဖြစ်ပြီးသားဆိုတော့ ကျွန်တော် ထည့်ရမယ်။ ကြိုက်ချင်လည်း ကြိုက်မယ်။ မကြိုက်ချင်လည်း ထည့်ရမယ်။ မကြိုက်ဘဲ ထည့်ရမှာစိုးလို့ ကျွန်တော် မတောင်းဘူး။

နောက်တစ်ခုက ရွှေအမြုတေကနေပြီးတော့ နာမည်ကြီးသွားတဲ့ စာရေးဆရာမတစ်ယောက် ကျွန်တော့်ကို ရန်တွေ့ဖူးတယ်။ ၃၃ လမ်းမှာ ရုံးခန်းရှိတုန်းကပါ။ "ရှင်က ကျွန်မဆီက ဘာလို့ စာမူမတောင်းတာလဲ"တဲ့။ ကျွန်တော် က ပြောတယ်။ "ခင်ဗျားဟာ ခင်ဗျား လုံးချင်းဆယ်အုပ်မကလို့ အုတ် တစ်ရာပဲ ရေးရေး၊ ဘာကြီး ပဲဖြစ်နေနေ၊ ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် ရွှေအမြုတေ လုပ်နေတယ်၊ ခင်ဗျား ရေးချင်တဲ့ဆန္ဓရှိရင် စာမူပေး၊ ကျွန်တော် ဖတ်ကြည့်မယ်၊ ကြိုက်ရင် သုံးမယ်၊ မကြိုက်ရင် ပြန်ပေး မယ်"ဆိုတော့ "ရှင်က အဲဒီလိုလား" တဲ့။ "အဲဒီလိုပဲ"လို့ ကျွန်တော် ပြောလိုက်တယ်။

သူနောက်နေ့ကျတော့ စာမူတစ်ပုဒ်ပေးတယ်။ ကျွန်တော် မကြိုက်ဘူး။ ပြန်ပေးလိုက်တယ်။

စာတည်း။    ဟုတ်ကဲ့ပါဆရာ။ အဲဒီဆရာမကို ဆရာတို့ ရွှေအမြုတေ စခဲ့တုန်းက ဆရာနဲ့ နာမည်ဆင်နေ လို့ မောင်နှမ လားတောင် အမေးခံခဲ့ရတာ ကျွန်တော် ဖတ်လိုက်ရပါသေး တယ်။ နောက်ထပ် မေးချင်တာ တစ်ခု က ဆရာတို့ ရွှေအမြုတေ စခဲ့တုန်းက ထုတ်ဝေသူ အဆင့်ဆင့် ပြောင်းခဲ့တာ တွေ့ရါတယ်။ ဦးမြတ်ကျော်၊ ဒေါ်ခင်ခင်စိန်၊ ဦးတင်အုန်း စသဖြင့် နောက်ဆုံး ဦးဥာဏ်လှိုင် နဲ့ကျမှ ဆက်တိုက် ထုတ်ဖြစ် သွား တယ်။ အဲဒီမှာ ပြင်းထန်တဲ့ လှိုင်းဂယက်တစ်ခု ရှိခဲ့တယ်လို့လည်း ကြားရပါတယ်။ အဲဒါလေး ပြောပြပေး ပါ ဦးဆရာ။

ဆရာဝင်းငြိမ်း။   ရွှေအမြုတေ ထုတ်ဝေသူက ပထမဆုံး ကျွန်တော် "၀င်းငြိမ်း" နဲ့ ထုတ်တာပါ။ ဟိုအစ ပထမ မှာ ကျွန်တော် ပြောခဲ့သလိုပေါ့။ တိုင်တဲ့လူ ရှိတဲ့အတွက် ကျွန်တော် အဲဒီတုန်းက ညွှန်ကြားရေးမှူး လုပ်နေတဲ့ ဦးကြည်ထူး ကို သွားပြောတဲ့အခါ မင်းအမေ နာမည်နဲ့ ပြောင်းလိုက်ကွာဆိုတော့ အမေ့နာမည် နဲ့ ပြောင်းလိုက်တယ်။

အဲဒီတော့ အမေ့နာမည်နဲ့ ယာယီကတ်ပြား ထွက်လာတယ်။ "မြဲ" ရဖို့ ဆိုရင် အဲဒီတုန်းက SB က ခေါ်စစ်တယ်။ အမေ့ကို SB က ခေါ်စစ်တော့ မောင်သ်ာက နဲ့ အမျိုးတော်နေတယ် ဆိုပြီးတော့ မပေးနိုင်ပြန် ပါဘူး တဲ့။ အဲဒါကြောင့် ထုတ်ဝေသူ တစ်ခါ ပြောင်းရပြန်ရော။ ဦးကြည်ထူး ကို သွားပြောတော့ သူက ဒီလောက်တောင် ရှုပ်လှတာကွာ၊ မင်းနဲ့ ဘာမှ မပတ်သက်တဲ့သူကိုသာ ပေးလိုက်တော့တဲ့။ အဲဒီတော့ ကျွန်တော် က ရွှေအမြုတေကို ထုတ်မယ်လို့ ပြောတဲ့အချိန်မှာ ဒီစာအုပ်ဟာ ဘယ်လိုပုံစံမှန်း မသိသေးဘဲနဲ့ သူ ထုတ်ဝေမယ်၊ သူ ဖြန့်ချိမယ်ဆိုတဲ့ ဦးဥာဏ်လှိုင်ကို ကျွန်တော် ပေးလိုက်ပါတယ်။ ခင်ဗျားပဲ ယူလိုက် တော့ ဆိုပြီး။

ဒီနေရာမှာတော့ ကျွန်တော် မခြွင်းမချန် ပြောရပါတော့မယ်။ ပေးလိုက်တဲ့အခါ ဦးဥာဏ်လှိုင် က ကျွန်တော့်ကို သူ့ ၃၇လမ်းအိမ် မှာ ခေါ်ပြီးတော့ ရှေ့နေနဲ့ စာချုပ် ချုပ်တယ်။ ဒီရွှေအမြုတေကို သူ့ရဲ့ သားစဉ် မြေးဆက် ပိုင်ဆိုင်ကြောင်း လက်မှတ်ထိုးခိုင်းတော့ ကျွန်တော် ထိုးပေး လိုက်ပါတယ်။ ရှေ့နေပြန်သွားတော့ ဦးဥာဏ်လှိုင် ကို ကျွန်တော် မေးတယ်။ ဦးဥာဏ်လှိုင်၊ ခင်ဗျား လိုချင်တာ ရွှေအမြုတေလား လို့။ ဟုတ်တယ် တဲ့။ ရွှေအမြုတေ ကို ကျွန်တော်ပေးလိုက်ပြီပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ ရှေ့နေကို ခင်ဗျား ပြန်မေးကြည့်။ အဲဒီတုန်း က ကျွန်တော်လည်း ရှေ့နေသင်တန်း တက်ထားပြီးသား ဆိုတော့ ကျွန်တော် သိတယ်လေ။ ခင်ဗျား ရှေ့နေကို ပြန်မေးကြည့်လိုက်။ ခင်ဗျား ကျွန်တော့် ကို ရွှေအမြုတေ အတွက် ပိုက်ဆံ ဘယ်လောက် ပေးထားပြီးပြီလဲဆိုတာလို့။ ပဋိညာဉ်မြောက်တယ် ဆိုတာ ပစ္စည်းတစ်စုံတစ်ရာအတွက်ကို အဖိုးစားနား တစ်စုံတစ်ရာ ပေး ရတယ်။ ပေး မှ ပိုင်ဆိုင်မှု ရမယ်။ ပေးမှ ပဋိညာဉ်မြောက်တယ်။ သူနဲ့ ကျွန်တော်နဲ့ကြားမှာ ကျွန်တော် ဘာမှ မယူတဲ့ အတွက် ခင်ဗျားရှေ့နေ ပြန်မေးကြည့်လိုက်ပါ ဆိုတော့။

ခင်ဗျား ရွှေအမြုတေ လိုချင်ရင် ရွှေအမြုတေ ယူလိုက်၊ ကျွန်တော်က နောက်ထပ် ပလက်တီနံအမြု တေတို့၊ စိန်အမြုတေတို့ ထပ်လုပ်လို့ ရတယ်။ အရေးကြီးတာက ခေါင်းပါဗျာလို့။ ဒါတွေက အရေးမကြိးပါဘူး လို့။ သူက မဟုတ်ပါဘူး တဲ့။ ကျွန်တော်ကလည်း ခင်ဗျားကို စတာပါ။ စာချုပ်စာတမ်းကြီးနဲ့ ယူလို့ ပြောပြတာ ပါဆိုတော့ သူက ရှင်းပြပါတယ်။ အခုအချိန်အထိလည်း ပြောပါတယ်။ ရွှေအမြုတေကို ဦးဝင်းငြိမ်းက မလုပ် တော့ဘူးဆိုရင် ကျွန်တော်တို့ ဆက်မထုတ်ပါဘူး၊ ကတ်ပြားကို ဘောင်သွင်းပြီး ချိတ်ထားမှာ ပါတဲ့၊ ပြောပါ တယ်။

စာတည်း။     ဆရာ … ဆရာတို့ ရွှေအမြုတေ အာဘော်တွေကို လေ့လာတဲ့အခါမှာ ဝေဖန်ရေးကို အထူးတလည် ဖွင့်ပြီး ကြိုဆိုထားတာ တွေ့ရပါတယ်။ ဒါဟာ အတိုက်အခံများတဲ့ သူတွေရဲ့ ဓလေ့စရိုက်လို့ လည်း ကောက်ချက်ချမိပါတယ်။ ကျွန်တော် သိချင်တာက ဆရာ့ ရဲ့ ရွှေအမြုတေ ဟာ ဝေဖန်ရေး ပေးစာတွေ ကြောင့် ပရိသတ်ကြားမှာ ပိုပြီး ထိရောက်မှု ရှိ၊ မရှိ ဆိုတာရယ်၊ လူတွေ ဟာ ဝေဖန်ပါဆိုရင် သူတစ်ပါးကို ဝေဖန်တာမှာ လက်မတွန့်ကြပေမယ့် ကိုယ့်ကို ဝေဖန်ပါလို့ ဖွင့်ပေးတဲ့ကိစ္စဟာ တော်တော်လေးကို မလွယ် လှပါဘူး။ ဒီဖိတ်ခေါ်သံတွေဟာ ဆရာ့မဂ္ဂဇင်းကို အများကြီး အထောက်အကူ ပြုခဲ့သလားဆိုတာ သိချင်ပါ တယ် ဆရာ။

ဆရာဝင်းငြိမ်း။    အဲဒီ ကာလတုန်းက သပြေမဂ္ဂဇင်းမှာ ဦးသပြေ ရဲ့ အမေးအဖြေကဏ္ဍတွေပါတယ်။ ဒါပေမဲ့ အဲဒါတွေက ဆရာ ဦးတည်ငြိမ်က ဟာသအဖြစ်နဲ့၊ စတိုင်ယာအဖြစ်နဲ့ ရေးခဲ့တာတွေ ပါတယ်။ ကျွန်တော့် ရှေ့မှာ တခြားပေးစာကဏ္ဍတွေ မရှိဘူးလို့ ထင်တယ်။ သပြေမှာက မေးခွန်းတွေက ကာရန် ထပ်ပြီး မေးတာ မျိုးတွေ၊ နှစ်ကြောင်းလောက်နဲ့၊ တစ်ကြောင်းလောက် နဲ့ မေးတာ၊ ပြန်ဖြေတာ မျိုးတွေပါတယ်။

ကျွန်တော် ဖိတ်ခေါ်လိုက်တဲ့ ပေးစာကဏ္ဍက တိုင်းမဂ္ဂဇင်းမျာ ပါတဲ့ Letter for editor ဆိုတဲ့ပုံမျိုး။ တိုင်းမှာ ပါတဲ့ ဘယ်အပတ်ထုတ် မဂ္ဂဇင်းက ဆောင်းပါးက ဘာဖြစ်တယ်ဆိုတဲ့ ဥပမာမျိုး။ ပရိသတ်ရဲ့ အမြင်တွေ၊ Commit တွေဖော်ပြတာကို ကျွန်တော်က သဘောကျတယ်။ ကျွန်တော့်ရဲ့ ရွှေအမြုတေမှာ ဘယ်လထုတ်က ပါတဲ့ ဘယ်ဝတ္ထု၊ ဘယ်သူ ရေးတာက ကောင်းတယ်။ ဘယ်လို ဆိုတာတွေ ကျွန်တော် က ထောက်စေချင် တယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ပရိသတ်က အဲဒီလို မဟုတ်ဘူးဗျ။ သူတို့နာမည် လေးတွေ ပါစေချင်၊ ဖော်ပြခံချင် တာ ဖြစ်သွားတယ်။

အခုထွက်မယ့်လမှာဆိုရင် လူတစ်ယောက် ရေးလိုက် တာ တော်တော်ဆိုးတယ်ဗျ။ သူ ဘာရေးထားသလဲ ဆိုရင် ဆရာမ ခင်ခင်ထူးရေးတဲ့ ''ကြိုးတန်း'' ၀တ္ထုကို ရုပ်ရှင်ရိုက်ရင် သိပ်ကောင်းမှာပဲ။ ဒါရိုက်တာ ၀ိုင်းကို ရိုက်ခိုင်း ရင် ကောင်းမှာပဲတဲ့။ နောက်တစ်ခါ ရွှေအမြုတေ ပြန်လည်တူးဖော်ခြင်းမှာ ဖော်ပြထားတဲ့ မဟူရာ (လွိုင်ကော်) ရဲ့ ''မေတ္တာလေညင်းသင်းစေ သား''၀တ္ထုကို ရုပ်ရှင်ရိုက်ဖို့ တိုက်တွန်းပေးပါတဲ့။ ကျွန်တော် ပြန်ပြောတဲ့ အခါ နာမည်ပါရုံတာ့ မကြိုးစားပါနဲ့၊ ''ကြိုးတန်း'' ၀တ္ထုကို ဒါရိုက်တာ မီးပွားက ရိုက်ပြီး ကျော်ဟိန်း၊ ကျော်ရဲအောင်၊ ထွန်းအိန္ဒြာဗို၊ စိုးမြတ်သူဇာ တို့နဲ့ ရိုက်ပြီး လို့ မြန်မာတစ်ပြည်လုံး ပြပြီးပါပြီ။ အဲဒီလိုပဲ မဟူရာ (လွိုင်ကော်)ရဲ့ ''မေတ္တာလေညင်းသင်းစေ သား'' ၀တ္ထုဟာ လည်း ဗီဒီယိုခေတ်ဥိးမှာ ဒါရိုက်တာမောင်နန္ဒနဲ့ ဗီဒီယို နှစ်ကားတွဲ ရိုက်ထားပြီးသား။ အဲဒီ တော့ နာမည် ပါရုံတော့ မကြိုးစားပါနဲ့၊ မလုပ်ပါနဲ့ဗျာလို့ ကျွန်တော ပြန်ဖြေထားတယ်။

ကျွန်တော် အပြင်မှာ ပြောတာတွေ ပြန်ကြားရတာတွေ ရှိပါတယ်။ အဲဒီပေးစာတွေနဲ့ ပတ်သက်လို့ ကျွန်တော် ပြန်ကြားမိတာတွေ တော်တော် ရှိပါတယ်။ ကျွန်တော့်တူမ ဖြစ်တဲ့ ကိုမျိုးရဲ့သမီး အခု အမေရိက ရောက်နေတဲ့သမီး ပါ။ သူ ဂျပန်မှာ နေတုန်းက သူငယ်ချင်းတွေက ပြောတယ်။ နင့် ဦးလေး ဖြေတာတွေက သိပ်ရင့်တာပဲတဲ့။ စကားပြောတာ မာတယ်ပေါ့ဗျာ။ ကျွန်တော့် သမီး ကလည်း ပြန်ပြော လိုက်တယ်။ အေး … အဲဒီမာတာကိုပဲ နင်တို့ ဖတ်နေကြတာမို့လားတဲ့။

ဒါကလည်း ခုနက ဟာမျိုးပေါ့ဗျာ။ ကြိုးတန်း ကို ရုပ်ရှင်ရိုက်ပါဆိုတာမျိုးကို ကျွန်တော် အဲဒီလို ပြန် မပြောရင် ဘယ်လိုလုပ် ပြန်ပြောမလဲ။ စာဖတ်တယ် ဆိုတာကလည်း ကျွန်တော့်အဖေ ခဏခဏ ပြောလေ့ ရှိပါတယ်။ ဘာလဲ ဆိုလို့ရှိရင် မန္တလေးသားတစ်ယောက်တဲ့။ စာမတတ်တဲ့ မန္တလေးသား တစ်ယောက်ပေါ့ဗျ။ ကိုတင်မောင် ဆိုတဲ့လူ ရန်ကုန် ရောက်လာတယ်တဲ့။ အဖေက မန္တလေးသားဆိုပေမယ့် မန္တလေးသား တွေကို ပြောရင် သိပ်နှိမ်တာပဲလို့ မန္တလေးက လူတွေက ပြန်ပြောလေ့ရှိတယ်ဗျ။ အဲဒီ ကိုတင်မောင် က မိန်းမနဲ့ စိတ်ဆိုးပြီး ရန်ကုန် ရောက်လာတယ်တဲ့။ တစ်လလောက် နေတော့ မိန်းမဆီက စာရောက်လာ တယ်။ သူက စာမဖတ်တတ်တော့ မိတ်ဆွေတစ်ယောက်ဆီ သွားတယ်။ ဖြစ်ချင်တော့ အဲဒီမိတ်ဆွေ ကလည်း သူ မရောက်ခင်လေးမှာ မိန်းမနဲ့ ရန်ဖြစ်ထားတယ်။ သွေးဆူနေတဲ့ အချိန်။ သူ ရောက်လာပြီး သူငယ်ချင်း ဒီစာလေး ဖတ်ပြစမ်းပါကွာ ဆိုတော့၊ ပေး ဆိုပြီး ဖတ်ပြတယ်။ စာထဲမှာ ဖတ်ပြ တာ လေသံတင်းတင်း နဲ့ဆိုတော့ ''ကိုတင်မောင်၊ ရှင် ရန်ကုန်ထွက်သွားတာ တစ်လရှိပြီ၊ ကျွန်မ ကလေးတွေ နဲ့ ဒုက္ခရောက်နေပြီ၊ ရှင် ပြန်ခဲ့၊ ဒါပဲ''။

အဲဒီတော့ သူက ''ကောင်မ … လေသံက မာနေတာပဲ၊ မသွားဘူးကွာ'' ဆိုပြီး စာပြန်ယူသွား တယ်။ နောက်တစ်လလောက် နေတော့ သူ လွမ်းလာတယ်၊ လွမ်းတော့ ပထမ ဖတ်ခိုင်းတဲ့လူ မဟုတ်ဘဲ နောက် တစ်ယောက် ကို သွားဖတ်ခိုင်းတယ်၊ ဖတ်ခိုင်းတော့ သူငယ်ချင်းက -
    ''ကိုတင်မောင် … ရှင်လည်း ရန်ကုန်သွားတာ တစ်လရှိပြီ၊ ကျွန်မလည်း ကလေးတွေနဲ့ ဒုက္ခရောက် နေပြီ၊ ရှင် ပြန်ခဲ့ ပါ။ ဒါပဲ'' ဆိုတော့ ''ကောင်မ အခုမှ လေသံပြောင်းသွားတယ်'' ဆိုပြီး ပြန်သွားတယ်ဗျ။
    ကျွန်တော် ပြောချင်တာ စာဖတ်တယ်ဆိုတာက ဖတ်တဲ့သူရဲ့ စိတ်ခံယူချက်ပေါ်မှာ မူတည်တယ်။ ဒေါသ သင့်တဲ့လူ ဖတ်ကြည့်မယ်ဆိုရင် ဒေါသသံပါနေမယ်။ ချိုသာတဲ့သူ ဖတ်ကြည့်မယ်ဆိုရင် ချိုသာမှု ပါနေမယ်။ ခုနနင့်ဦးလေးက သိပ်လေသံမာတာပဲဆိုတာ သူတို့ ခံယူချက်ကိုက မာနေတာကိုး၊ ကျွန်တော် တော့ ရိုးရိုးစာရေးတာပဲ၊ ဒီထဲမှ အသံမှ မပါဘဲဟာ။

စာတည်း။    ဆရာ … အဲဒီပေးစာကဏ္ဍကို ပြောရရင် အောင်မြင်တယ်လို့ ပြောရမှာပဲ။ မငှားဖြစ်တောင်မှ ဆိုင်မှာ မဂ္ဂဇင်းကို လှန်ကြည့်လိုက်ရင် အဲဒီပေးစာကဏ္ဍကို လှန်ကြည့်ဖြစ်တာ တွေ့ရပါတယ်။ ဒါဟာ မဂ္ဂဇင်း အတွက် အများကြီး ထိရောက်တယ်လို့ ပြောရမှာပဲ ဆရာ။

ဆရာဝင်းငြိမ်း။     ဟုတ်တယ်၊ တချို့က အဲဒီကဏ္ဍကို ဦးစားပေးပြီး သီးသန့်လုပ်နေတာ။ တကယ့်တကယ် ဒီကဏ္ဍကို စလုပ်ဖြစ်တာက တိုင်းမဂ္ဂဇင်းကလိုမျိုး ဖြစ်စေချင်လို့ လုပ်တာပါ။ ဒါပေမဲ့ အများစုက ဖြစ်လာတာ က ဘယ်သူ့ကို ပြောပြပေးပါ။ အရမ်းကြိုက်တာပဲ။ နေတိုးက ဘာဖြစ်တယ်၊ ကျော်ကျော်ဗိုက ဘာဖြစ်တယ်၊ အဲဒီလိုမျိုးတွေပေါ့ဗျာ။ အဲဒီလို ဖြစ်လာတော့ ကျွန်တော် အရမ်းစိတ်ညစ်တယ်။ ရှေ့မှာတော့ ဦးဝင်းငြိမ်း ကျန်းမာရေး ဂရုစိုက်ပါ၊ ဘာညာ ဆိုတာ ကျွန်တော့်ကို ဂရုစိုက်တာရတယ်၊ အိုကေ။ ပြီးတော့ ဒါကို မပယ် လိုက်ပါနဲ့နော် ဆိုတာက ပါလာတယ်။ ရှည်လို့ပယ်တာလား၊ ဒါမျိုးတွေ။ တချို့စာတွေက အရမ်းရှည်တယ်။ ကျွန်တော်က ကလေးတွေ စာစီပြီးတဲ့အခါ၊ ကျွန်တော် စာပြန်ရမယ်ဆိုတဲ့အခါ ဖြုတ် ဖြုတ် ဖြုတ်ဆိုပြီး တချို့ဟာတွေ ဖြုတ်ခိုင်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြုတ်ရတာက ပရိသတ် သိဖို့ မလိုတဲ့ အကြောင်း အရာမျိုးတွေ ဖြုတ်ပစ်လိုက်တယ်။

အတတ်နိုင်ဆုံးကတော့ ပေးစာနဲ့ ပတ်သက်ပြီး ထားတဲ့မူက ပေးစာ တော်တော်များများဟာ မင်းသား၊ မင်းသမီးရဲ့ လိပ်စာ သိချင်လို့ မေးကြတာများတယ်။ ကျွန်တော် လုံးဝ မပေးဘူး၊ လုံးဝမဖော်ပြဘူး။ ကျွန်တော် တစ်ခါလုပ်ပေးတယ်။ လိပ်စာစာအုပ် တစ်အုပ် သတ်သတ်လုပ်ပေး လိုက်တယ်။ လိပ်စာနဲ့ ဖုန်းနံပါတ် ကို မဖြေတဲ့အတွက် သူတို့လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို စာအုပ်တစ်အုပ် သီးသန့် စီစဉ်ပြီး မေတ္တာလက်ဆောင် ထည့်ပေးတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ဖြန့်ချိတဲ့အခါ ရွှေအမြုတေက သတ်သတ်၊ လိပ်စာစာအုပ် က သတ်သတ်ဖြစ်ပြီး ရောင်းစားကြတယ်။ ဖြစ်သွားတာ ကြာပါပြီ။

စာတည်း။    ဆရာ ရွှေအမြုတေမဂ္ဂဇင်းဟာ ဖျော်ဖြေရေးမဂ္ဂဇင်းအနေနဲ့ ရသနယ်ပယ်မှာပါ ပူးတွဲပြီး ရပ် တည်နေတာကို ပရိသတ် နှစ်မျိုးလုံးကို လက်ခံလာတာ ကြာပါပြီ။ အဲဒီလို ရပ်တည်နိုင်တာ ရွှေပေးစာကဏ္ဍ တေါကြောင့်လား။ ခေတ်ကို နားလည်လို့လား၊ ကံတရားကြောင့်လား၊ ဆရာ ဘယ်လိုမျိုး ခွဲခြားပြီး ဖြေမလဲ ဆရာ။ ပထမ ဆရာဖျော်ဖြေရေးသက်သက် လုပ်တယ်။ နောက် ရသနယ်ကို ၀င်တော့လည်း နှစ်ခုလုံး အောင်မြင်တယ်။ အဲဒါရဲ့ အဓိက သော့ချက်က ဘာဖြစ်မလဲ ဆိုတာ ပောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။    ဒီ Quality မဂ္ဂဇင်းတွေဆိုတာ အဓိကအားဖြင့် ကြော်ငြာလုပ်တဲ့ မဂ္ဂဇင်းတွေပါ။ သူတို့ မဂ္ဂဇင်းတွေမှာ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကြော်ငြာက ပါတဲ့ article တွေရဲ့ အဆပေါင်းများစွပိုတယ်။ ကျွန်တော် မဂ္ဂဇင်းတစ်အုပ် ကို မှတ်မှတ်ရရ ကြော်ငြာရေးခိုင်းကြည့်တယ်။ ကြော်ငြာက စာမျက်နှာ ၂၀၀ ကျော် ပါတယ်။ ဖတ်စရာဆောင်းပါးက ၄၆ မျက်နှာပဲ ပါတယ်။ ဒါဟာ သူတို့ စီးပွားရေးအရ သူတို့ အောင်မြင်တာကို ကျွန်တော် ဘာမှ မနာလိုမဖြစ်ပါဘူး။ သူတို့ လုပ်တတ်သလို လုပ်တယ်။ သူတို့ လုပ်စား တတ်သလို လုပ်စားထားတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ လုပ်တတ်သလို ရသဘက်က လုပ်တယ်။ ကြော်ငြာ ကျွန်တော်တို့မှာမရဘူး။ အင်မတန်နည်းပါတယ်။ ဒါပေမဲ့ Circulation ကျတော့ သူတို့ထက် အများကြိးများတယ်။

အဲဒီတော့ ကြော်ငြာအများကြီး ပါတဲ့ မဂ္ဂဇင်းရဲ့ Circulation က ကျွန်တော်တို့လောက်တော့ မများဘူး။ ကြော်ငြာရှင်တွေ အတွက် အဓိကလုပ်တာ ဖြစ်တဲ့အတွက် market မှာ ကျွန်တော်တို့လောက် မများဘူး။ ရသမဂ္ဂဇင်းတွေတောင် သူတို့ထက် များပါတယ်။ လေးပါတယ်ဆိုတဲ့ မဂ္ဂဇင်းတွေတောင် သူတို့ထက် များ ပါတယ်။ ကျွန်တော်ကတော့ မလုပ်တတ်တာထက် မလုပ်ချင်တာ။ ရသ စာပေမဂ္ဂဇင်းတွေ ဖရိုဖရဲ ဖြစ်ရတာ အဓိကကတော့ ခေတ်ရေစီးောကာင်းကိုလည်း နားလည်နေရမယ်။ အယ်ဒီတာတွေက နားလည်ရမယ်။ ခေတ်က ဘာတွေကို တောင်းဆိုနေသလဲ။ မဂ္ဂဇင်းမျက်နှာဖုံး ရွေးတာက အစပေါ့။ တစ်လ တစ်လကို တော်တော် ချင့်ချိန်နေရတယ်။ ဘာတွေ ဖြစ်နေပြီလဲ။ မျက်ခြည် ပြတ်လို့မရဘူး။

ကျွန်တော် ဒီလ နိုဝင်ဘာ အထူးထုတ် ၂၀၁၀ ပြည့်နှစ်၊ ၂၁ နှစ်ပြည့်အတွက် ထုတ်မယ်ဆိုတော့ ဘယ်သူတွေ ဘယ်သူတွေကို ပရိသတ် အာရုံစိုက်နေသလဲ လေ့လာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို သွားတွေ့တယ်။ လူတွေ စိတ်ဝင်စားနေတယ်။ သာမန် တွဲရိုက်ထားတဲ့ ပုံတွေကတော့ ရှိတယ်။ မသုံးချင် ဘူး။ ဇာတ်ကားတွေထဲက ပုံတွေနဲ့ မဖော်ပြချင်ဘူး။ အဲဒီလို မပြချင်တဲ့အတွက် ပြင်ဦးလွင်အထိ လိုက် သွားပြီးရိုက်တယ်။ မင်္ဂလာဝတ်စုံနဲ့ ရိုက်တယ်။ အနိုင်ကျင့်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ့်တကယ်တော့ သူတိုတတွေက မင်္ဂလာဝတ်စုံနဲ့ မရိုက်ချင်ဘူး။ ဝေးသေးတယ်။

သူတို့ မင်္ဂလာဆောင် တဲ့ ကာလနဲ့ ဝေးသေး တဲ့အတွက် မရိုက်ချင်ဘူး။ တကယ်လို့ ဓာတ်ပုံအဖွဲ့နဲ့ လင်းနိုင်ဦး တို့ကိုချည်း လွှတ်လိုက်မယ်ဆိုရင် သူတို့ ငြင်းလွှတ်လိုက်လို့ ရတယ်။ ကျွန်တော်ကိုယ်တိုင် လိုက်သွားတဲ့ အခါကျတော့ ကျွန်တော် မန္တလေး-တံတားဦး လေဆိပ် ရောက်တဲ့အခါ လင်းနိုင်ဦးဆီက ဖုန်း ၀င်လာတယ်။ ''အစ်ကို၊ အိန္ဒြာကျော်ဇင်က မင်္ဂလာ ၀တ်စုံနဲ့ မရိုက်ချင်ဘူး'' လို့ ပြောနေတယ်တဲ့။ ''အဲဒါဆို အူဝဲ ကို ဖုန်းပေးလိုက်၊ ငါ ပြောမယ်'' ဆိုပြီး ဖုန်းပေး ခိုင်းလိုက်တယ်။ ကျွန်တော်က ''အူဝဲ၊ သမီး မရိုက်ချင်ဘူးလား'' ဆိုတော့ ''မရိုက်ချင်ဘူး''့။ ခင်စန်းဝင်း ကို ပြောထားတာက Evening Gown ထည့်ပေးပါဆိုတာ ကို မင်္ဂလာဝတ်စုံနဲ့ ဖြစ်နေတယ်။ သမီး မရိုက်ချင်ဘူး တဲ့။ ''ဟုတ်ပြီ မရိုက်ချင်ရင် ငါပြင်ဦးလွင် ကို လာစရာအကြောင်း မရှိတော့ဘူး၊ ဒီညနေ ဖလိုက်နဲ့ ရန်ကုန် ပြန်တော့မယ်'' ဆိုတော့၊ ''မဟုတ်ပါဘူး ဦးရယ်၊ ပြင်ဦးလွင် မှာ လာနားလိုက်ပါလား'' တဲ့။ '' ငါ နားဖို့လာတာ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ လာတာ၊ အဲဒီအတွက် ကို သမီး မရိုက်ဘူးဆိုရင် ဦး ပြန်မယ်'' ဆိုတော့၊ ''မဟုတ်ပါ ဘူး ဦးရယ်၊ သမီး က တခြားမဂ္ဂဇင်းတွေကိုလည်း ငြင်းထားလို့ပါ'' တဲ့။ ''အိုကေ၊ ရွှေအမြုတေကို တခြားမဂ္ဂဇင်းတွေနဲ့ တန်းတူ စဉ်းစားတယ် ဆိုရင် ပြန်မယ်''ဆိုတော့ လက်လျှော့သွားပြီး ''ရိုက်ပါ့မယ်'' ဖြစ်သွားတယ်။

ရိုက်ပေးတယ်။ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရိုက်တာက၊ ကျွန်တော် ကမနက် ၈ နာရီခွဲ မှာ တံတားဦးလေဆိပ်ကို ရောက်တယ်။ မန္တလေး က ကျွန်တော်တို့ သတင်းထောက်ကို မှာထားပြီးတော့ ဟိုတယ်မှာ အထုပ်ချပြီးတာနဲ့ တောက်လျှောက် သူ စီစဉ်ပေးတဲ့ ကားနဲ့ ပြင်ဦးလွင်ကို တက်တယ်။ ကျွန်တော် ဟိုရောက်တော့ မင်္ဂလာဝတ်စုံနဲ့ ရိုက်တောင် ရိုက်ပြီးနေပြီ။ ဒုတိယ၀တ်စုံ ပြောင်း နေတုန်း ကျွန်တော် ရောက်တာ။ ကိုဥာဏတို့၊ ကိုလင်းတို့ ရိုက်ပြီးနေကြပြီ။ ရိုက်ရင်းရိုက်ရင်း နဲ့ ညနေ ၃ နာရီ ထိုးသွားတယ်။ တကယ်တော့ သူတို့ကို ဗီဒီယို အဖွဲ့တွေ က စောင့်နေရတာ။ တခြားသရုပ်ဆောင်တွေ ကရိုက်နှင့်နေကြပြီ။ သူတို့ကိုတော့ စောင့်နေကြ တာပေါ့။ ကျော်ဇောလင်း တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားကို ထုတ်လုပ်တဲ့ ကိုဝင်းကြည် တို့ကိုရော ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ တန်ဖိုး ရှိတဲ့ နယ်မှာ ထွက်ရိုက်ရတဲ့ အချိန်တွေ ကို ဖဲ့ပေးပြီး စောင့်နေကြတဲ့အတွက်ပါ။ သူတို့ စောင့်နေပေးတဲ့ အချိန်တွေကို ကျွန်တော် လေးပုံ သုံးပုံလောက် ယူလိုက်တာပါ။

အဲဒါ ရိုက်ပြီးတဲ့အချိန်မှာ (ရိုက်ရင်းတန်းလန်းနဲ့) ''အင်တာဗျူးအတွက် ငါ့ကို နာရီဝက် အချိန်ပေး ဦး နော်''ဆိုတော့ သူတို့ တွန့်သွားကြတယ်။ ဘယ်အချိန်က စကြိုက်တာပဲ၊ ဘာလဲ မမေးနဲ့နော် တဲ့။ မေးမှာဆို တော့ ''ဟာ ဦးကလည်း၊ မဖြေချင်ဘူး''ဖြစ်ရော။ ''မဖြေချင်လည်းရတယ်၊ ငါ့ဟာငါ ကြည့်ရေးလိုက်မယ်'' ဆို တော့ နည်းနည်းအီလည်လည် ဖြစ်သွားကြတယ်။ ဒါပေမဲ့ ထိုင်လိုက်တဲ့ အခါကျတော့ အားလုံး ပြောပါတယ်။ ဒါက ရွှေအမြုတေမှာ ပထမဦးဆုံးပါမယ့် သူတို့ရဲ့ အထူးသတင်းပါ။

စာတည်း။      ။  ဆရာ ... အလင်းတန်းဂျာနယ်ကို ဆရာ စတင်ကိုင်တွယ်ခဲ့တဲ့ပုံကို ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။    ။  ဂျာနယ်ခေတ် ဖြစ်လာတယ်ပေါ့ဗျာ။ ကျွန်တော် ဂျာနယ် မလုပ်ချင်ဘူး။ ပင်ပန်းတယ်။ တစ်ပတ် တစ်ပတ် အချိန်မီဖို့ရာ မနည်းလုပ်ရမှာဖြစ်တယ်။ ပြီးတော့ တစ်ဖက်မှာလည်း ရွှေအမြုတေက ရှိ နေတယ်။ သိပ်အပင်ပန်းမခံချင်ဘူး။ ဒါကြောင့် လာပြောသမျှ လူတွေကျွန်တော် ငြင်းတယ်။ တစ်ရက်ကျတော့ ရာမ ရောက်လာတယ်။ သူက ''အစ်ကို ဂျာနယ်လုပ်မယ်၊ ဂျာနယ် လုပ်ရမယ်''တဲ့။ ကတ် ပြားငှားပြီးပြီ။ အစ်ကို့နာမည်နဲ့ ငှားလိုက်တယ်။ ဟင်္သာတမြင့်ငွေဆီက ငှားလိုက်ပြီတဲ့။
   
အစ်ကို ပင်ပန်းမယ်ဆိုရင် ကိုဦးဆွေ ကို ခေါ်လိုက်မယ်။ နှစ်ယောက်လုပ်ပေါ့တဲ့။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော့်မှာက လင်းနိုင်ဦး တစ်ယောက်ပဲရှိတာလေ။ ကိုဦးဆွေ ရမယ်ဆိုရင်တော့ သူ့ကို လိုချင်တာ လေးပြောပြီးလုပ်ကြတာပေါ့ဆိုပြီး လုပ်ဖြစ်တယ်။ ဒါပေမဲ့ ရာမ လုပ်တဲ့အချိန်မှာ အလင်းတန်း ဂျာနယ်က ရှုံးတယ်။ ရာမကလည်း အင်မတန် အလုပ်များတဲ့သူဆိုတော့ စီးရီးတွေလုပ်တာရှိတယ်၊ ရုပ်ပြတွေ လုပ်တာ ရှိတယ်။ ဒါရိုက်တာလည်း ဖြစ်ချင်သေးတယ်။ အဲဒီလို သူ့မှာ အလုပ်တွေက သိပ်များတော့ ချာပလတ်လည်နေပြီး ဒီအလင်းတန်းဂျာနယ် ကို ရှုံးရှုံးရှုံးဖြစ်နေတယ်။

အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်း ဗိုလ်မှူးကြီးဇော်သန်းက သူ့ရဲ့ ယဉ်ကျေးမှုဌာနက ၀န်ထမ်းဆွေ သက်သာချောင်ချိရေးအတွက် ဆိုပြီး ထုတ်ဝေခွင့်ကတ်ပြားလျှောက်တာ နှစ်ခုရတယ်။ တစ်ခုက ကုမုဒြာ။ တစ်ခုက ပျိုးခင်း။ သူကတစ်ခုယူပေးတဲ့။ အဲဒီအချိန်မှာပဲ နောက်တစ်ယောက်က ဂျာနယ်လုပ်ချင်တယ်လို့ လာပြောနေသူ ရှိနေပြန်တယ်။ ကိုဇော်ထူးအောင်ပေါ့။ ကဲ ... အဲဒါဆို ကုမုဒြာယူမယ်ဆိုပြီး ယူလိုက်တယ်။ ပျိုးခင်းကို မြတ်ခိုင် က သူ ယူမယ်ဆိုပြီး ပျိုးခင်းကို ယူလိုက်တယ်။ အဲဒီလိုနဲ့ အလင်းတန်းနဲ့တွဲပြီး ကုမုဒြာကို ထုတ်ကြ တယ်။ အဲဒီတုန်းက အလင်းတန်းက အမှတ် ၇၀ ကျော်၊ ၈၀ လောက်သွားနေပြီ။ ရာမလည်း သိန်းတစ်ရာ လောက်ရှုံးနေပြီ။ ကျွန်တော်က ရာမကို ပြောတယ်။ ရှုံးနေရင် ရပ်လိုက်။ ရှုံးနေပြီလို့ သူ ပြောရတာက ပုံနှိပ် စက်ရိုက်တဲ့သူက ဘိုင်းနင်း (binding) ကိုယူသွားပြီး သူ့ဟာသူ ဖြန့်တယ်။

ရှုံးနေပြီဆိုပြီး ပိုက်ဆံတောင်းတဲ့ အခါ ရာမက ထုတ်ပေးတယ်။ ကျွန်တော်လည်း ရာမ ရပ်လိုက်တော့ ဆိုတော့ သူက ''အစ်ကို့နာမည်ကြီးနဲပမို့ မရပ်ချင်ဘူး''တဲ့။ ''မဟုတ်ပါဘူး၊ ငါ့နာမည် သိန်းတစ်ရာ မတန်ဘူး၊ ရှုံးနေရင် ရပ် လိုက်လို့'' ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်တဲ့ အလုပ် ရှုံးနေတာကို ကျွန်တော် မခံချင်ဘူး။ အဲဒီခေတ်က သိန်းတစ်ရာဆိုတာ နည်းတဲ့ငွေကြေးမှ မဟုတ်ဘဲ။ ရပ်လိုက်ပါဆိုတာ သူက မရပ်ဘူး။ ဆက် လုပ်တယ်။ အဲဒီအချိန်မှာ ကုမုဒြာကို ထုတ်တယ်။ ကုမုဒြာကလည်း ရှုံးတယ်။ ရှုံးတယ် ဆိုတော့ ကျွန်တော် လည်းမလုပ်တတ်တော့ဘူး။ ကျွန်တော်က ကိုယ် လုပ်တဲ့ အလုပ် အောင်မြင်ချင် တယ်။ နောက်တော့ ရာမ က အမှတ် ၉၀ လောက် မှာ မနိုင်တော့ဘူး။ အစ်ကို ကျွန်တော် လက်လျှော့ပြီ တဲ့။ ကိစ္စမရှိဘူး၊ နေ နေ ဆိုပြီး ကုမုဒြာထုတ် တဲ့ ကိုဇော်ထူးအောင်ကို ပြောတယ်။ ကိုဇော်ထူးအောင် ကုမုဒြာ ကို ဆက်မထုတ်နဲ့၊ အလင်းတန်းကို ပြောတယ်။

ကိုဇော်ထူးအောင် ကုမုဒြာကို ဆက်မထုတ်နဲ့၊ အလင်းတန်းကို လက်လွှဲယူလိုက်၊ အလင်းတန်း မရှုံးဘူးဆိုတာ ကျွန်တော် သိနေတယ်၊ စိတ်က ထင်နေတယ်ဆိုတော့ ကိုဇော်ထူးအောင်က ကုမုဒြာ ကို ပြန်လွှဲပေးလိုက်တော့ တစ်ယောက်က လက်လွှဲယူသွားတယ်။ ကုမုဒြာက တခြားလူ ဆက်လုပ်ပြီး အလင်းတန်း ကို ကိုဇော်ထူးအောင် ဆက်လုပ်တယ်။ ကိုဇော်ထူးအောင် လက်ထဲ ရောက်လာပြီးချိန်မှာ ပထမအပတ် မှာ ပဲ အဖြေပေါ်တယ်။ အလင်းတန်း ကို ပုံနှိပ်တော့ တစ်နေရာ။ အဖုံးကို တစ်နေရာ၊ အတွင်း ကို တခြား၊ ဖြန့်ချိတော့ တခြား လုပ်လိုက်တော့ အဖြေက ပထမအပတ် မှာတင် ဘွားခနဲ ပေါ်လာတယ်။ တခြားမှာ မဟုတ်ဘူး။ 

ကျွန်တော့် ရုံးခန်းဘေးက ဂျာနယ်ရောင်းတဲ့ အဒေါ်ကြီး ဆိုင်မှာတင် ပေါ်လာတယ်။ ပထမ ပေးထားတဲ့ စာရင်း အတိုင်း အဲဒီဆိုင်မှာ စောင်ရေ ၅၀ သွားချတော့ အဒေါ်ကြီးက ဘာလုပ်တာတုံးတဲ့၊ ဟ - အရင်စာရင်းမှာ စောင်ရေ ၅၀ ဆိုလို့ ၅၀ ချတာလေ ဆိုတော့၊ ဘာလဲ ... ကျွန်မက စောင်ရေ ၁၅၀ တဲ့။
အဲဒီတစ်ဆိုင် မှာ စသိတာပဲ။ တစ်ပြည်လုံးကို ဖြန့်ချိရေးက ဦးတင်စိုးတို့။ ဒီဆိုင်မှာတင် ဒီလောက် ကွာ သွားပြီဆိုရင် တစ်ပြည်လုံးဆိုတော့ တွက်လို့ရသွားပြီ။ အဲဒီမှာ စောင်ရေအမှန် ရောက်သွားပြီး ဒုတိယအပတ်၊ တတိယအပတ်ကစပြီး ဆက်လုပ်ဖြစ်သွားတာပါပဲ။

စာတည်း။      ။ ဆရာတို့ လက်ရှိရုံးခန်း ကို ၃၃ လမ်းက ရွှေ့လာတာ ဘယ်တုံးကလဲ ဆရာ။

ဆရာဝင်းငြိမ်း။     ။ ၂၀၀၀ ပြည့်နှစ် မေလပါ။

စာတည်း။     ။ ဟုတ်ကဲ့ပါဆရာ။ ဆရာ ... ကျွန်တော်တို့ဆီမှာ အဓိကအားနည်းတဲ့ အချက်က ထိန်းသိမ်းတဲ့ အချက်၊ ထိန်းသိမ်း တဲ့ ဓလေ့စရိုက်ပေါ့နော်။ ရှေ့ကလုပ်တဲ့လူတွေက လုပ်သွားတယ်။ လုပ်ငန်းကို အကောင်အထည်ဖော်သွားတယ်။ နောက်က လူတွေက အဲဒီလုပ်ငန်းကိုရော၊ ထိန်းသိမ်းတဲ့ အတတ်ပညာရော အရမ်း ကို အလေ့အထ နည်းပါးတယ်၊ အဲဒီတော့ ဒီစာပေမဂ္ဂဇင်းလုပ်ငန်းတွေကိုပဲကြည့် ကြည့်၊ တခြား စာပေတိုက်တွေကိုပဲ ကြည့်ကြည့် မအောင်မြင်ကြဘူးဆိုတာ တွေ့ရတယ်။ ဆရာ့အနေ နဲ့ ရွှေအမြုတေ တို့၊ အလင်းတန်းတို့ကို နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့နေအောင် ဘယ်လို အစီအစဉ် ချထားတာများ ရှိပါသလဲ ဆရာ။

ဆရာဝင်းငြိမ်း။     ။ အလင်းတန်းကတော့ အရင်တုန်းက သတင်းအများစုကို ကျွန်တော် ရေးတယ်။ နောက် ပိုင်းတော့ သတင်းထောက်လေးတွေ ခန့်ထားပါတယ်။ သတင်းထောက်လေးတွေကို ဂိုက်လိုင်းချပေးတယ်။ ဘယ်လို သတင်းတွေ လိုချင်တယ်။ ဘယ်သူ့ဆီသွား၊ ငါ့နာမည်ပြော။ အဲဒီလိုတွေ လုပ်တဲ့အခါမှာ သူတို့ ကျွန်တော် ပြောသလို လုပ်တာတွေရှိပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့် စိတ်တိုင်းကျရသလားဆိုတော့ ရာနှုန်း ပြည့်စိတ်တိုင်းကျမရဘူး။ အဲဒီတော့ ကိုယ်ကိုယ်တိုင်ကတော့ ၆၅ နှစ်လောက် ရှိလာပြီဆိုတော့ စိတ်ရှိ သ လောက်ကိုယ်သွားဖို့ မနိုင်နိုင်တော့ဘူး။ သိပ်အပင်ပန်းမခံနိုင်တော့ဘူး။ အထူးသဖြင့် နှလုံးရောဂါ ရလာတဲ့ အခါ သိပ်အပင်ပန်းမခံနိုင်တော့တဲ့အတွက် သူတို့ရတဲ့ သတင်းလေးတွေကိုပဲ ကိုယ်က မချစ်သော် လည်း အာင့်ကာနမ်း သဘော လက်သင့်ခံလိုက်ရတာပေါ့။ ရေရှည်ဆက်ပြီး တည်တံ့ဖို့ဆိုတာတော့ မဂ္ဂဇင်းကတော့ ကိုမျိုးလည်း ရှိနေတာမို့ သိပ်စိတ်မပူဘူး။

အလင်းတန်း ကတော့ ပေါ်ပင်လုပ်ငန်းလည်း ဖြစ်တယ်၊ ဂျာနယ်ခေတ်တစ်ခေတ်လည်း ဖြစ်တယ် ဆိုတော့ ကျွန်တော်တို့ ရထားတဲ့ဟာကလည်း အနုပညာလိုင်းဖြစ်နေတယ်။ အနုပညာလိုင်းဆိုတော့ အကန့် အသတ်ရှိတယ်။ အနုပညာဆိုတာကို ဘယ်လောက် ရေရှည်မှာ လူတွေက စိတ်ဝင်စားမလဲဆိုတာရယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ စားဝတ်နေရေးက အဓိကဖြစ်နေတယ်။ အနုပညာဂျာနယ် တစ်စောင် ဖတ်ဖို့ ဆိုတာက လူတွေမှာ သူတို့အားမှ၊ အပျင်းပြေဖတ်တဲ့ဟာမျိုး ဖြစ်နေတာဆိုတော့ အလင်းတန်းကို ကျွန်တော့်နောက်မျိုးဆက်တွေအထိ တည်တံ့ဖို့ကို သိပ်တော့ မမျှော်လင့်ဘူး။

ရွှေအမြုတေကတော့ အရှိန်လည်း ရှိတယ်။ ကိုမျိုးက ဟိုးကတည်းက လုပ်နေတာဆိုတော့ အခု ကျွန်တော် က စာမူ ရွေးပေးရုံလောက်ပဲ ရှိတယ်။ အခု ဒီဘက်ပိုင်း တစ်လ၊ နှစ်လပိုင်းမှာ မျက်စိ က တော် တော်လေးမကောင်းတဲ့အတွက် စာမူတွေ သိပ်မဖတ်နိုင်တော့ဘူး။ တချို့စာမူတွေဆိုရင် စကင်ဖတ်၊ စာလုံးပွိင့် ကို ကြီးခိုင်းပြီး ဖတ်ရတယ်။ မနေ့က စာမူတစ်ပုဒ်ဆိုရင် ပို့လာတဲ့သူက နာမည်ကြီးပဲ။ ၀တ္ထုတို လို့ ရေးထားတယ်။ ကျွန်တော် ဖတ်ကြည့်တဲ့အခါ တကယ်လို့ ၀တ္ထုတိုဆိုရင်လည်း ကျွန်တော် တို့ ရွှေအမြုတေရဲ့ စံမဟုတ်ဘူး။ ၀တ္ထုတိုဖတ်ပြီး ကျွန်တော် ဘာမှ မှတ်ချက်မပေးသေးဘဲနဲ့ ကိုမျိုး၊ မင်း ဖတ် ကြည့်စမ်းပါ ဆိုပြီး ပေးဖတ်လိုက်တယ်။ သူ့ဆီက ဘာထွက်လာမလဲ နားထောင်ချင်လို့၊ ဘာဖြစ်လို့လဲ အစ် ကိုတဲ့။ ဖတ်လိုက်ပါကွာ ဆိုတော့ သူ ဖတ်တယ်။ ဖတ်ပြီးတော့ သူက ဘာမှလည်း မပါဘူး။ မဟုတ်ဘူးတဲ့။ သူ့ဟာက ၀တ္ထုလည်းမဟုတ်ဘူး၊ ဆောင်းပါးလည်း မဟုတ်ဘူး၊ အက်ဆေးလည်း မဟုတ်ဘူး။ ဘာမှန်းကို မသိတာ။ ဒါက နာမည်ရ စာရေးဆရာ တစ်ယောက် ရေးထားတာ။ အဲဒီတော့ ငါတို့က ပယ်လိုက်တယ် ဆိုရင် မိုက်ရိုင်းရာ ကျဦးမယ်။ ဒီတော့ ရွှေအမြုတေနဲ့ အံမ၀င်လို့ပါလို့ ပြန်ပေးလိုက်။ ဒါမျိုး နှစ်ခါ သုံးခါ ကြုံဖူး ပါတယ်။

စာတည်း။     ။ ဟုတ်ကဲ့ပါ ဆရာ၊ ဆရာ အသက် ၄၄ နှစ်တုန်းက လေဖြတ်ဝေဒနာကြောင့် ဆေးရုံတွေမှာ တစ်နှစ်ကျော် ကျင်လည်ခဲ့ရတယ်။ အသက် ၆၄ နှစ်တုန်းကလည်း နှလုံးရောဂါကြောင့် အရေးပေါ် ကုသမှု ခံယူလိုက်ရတယ်။ ဘာပဲပြောပြော၊ အခုအချိန်မှာ ဆရာဟာ ကျန်းမာရေးကို အထူးဂရုစိုက်ရတော့မယ့် ကာလ ကို ရောက်နေတယ်။ ဒီအချိန်မှာ ဆရာ စာအုပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုစာအုပ်မျိုးတွေ ရေးချင် သလဲ ဆရာ့စာပေအနုပညာနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ချင်တယ်ဆိုတာလေး ပြောပြပေးပါ ဆရာ။

ဆရာဝင်းငြိမ်း။ ။ အခု အမေရိက သွားတယ်။ သွားပြီး ပြန်လာတဲ့အချိန်မှာ လုပ်ချင် တာတွေ တော်တော်လေး များပါတယ်။ စာအုပ်တွေကို ဖတ်ခဲ့ရပါတယ်။ ၀ယ်တော့ ၀ယ်ချင်ပေမ့် သိပ် မ၀ယ်ဖြစ်ခဲ့ဘူး။ အရမ်းလို ချင်နေတဲ့ စာအုပ် ၃ အုပ်ပဲ မဖြစ်မနေ ၀ယ်ဖြစ်ခဲ့ပါတယ်။ ဈေးကြောင့် မဟုတ်ဘူး။ သယ်ရ တဲ့ စရိတ်ကြောင့် ကျွန်တော် မယူနိုင်တာ။ သုံးအုပ်စလုံးကို ကျွန်တော် ဘာသာပြန်ချင်တယ်။ မိုက်ကယ်ဂျက်ဆင်စာအုပ်ကို Idea မှာ ဘာသာပြန်ပေးနေတယ။ အင်ဂျလီနာဂျိုလီကိုရွှေမှာ ဘာသာပြန်နေ တယ်။ နောက်ရေးချင်တာ တစ်ပုဒ် ကျန်သေးတယ်။ ရစ်ချတ်ဘာတန်နဲ့ လိစ်ဇ်တေလာတို့ရဲ့ အချစ် ဇာတ်လမ်း စာအုပ်ကလည်း ကောင်းတယ်။

နှစ်အုပ်ကတော့ ရေးနေပြီ။ ရစ်ချက်ဘာတန်နဲ့ လဇ်တေလာအကြောင်းကို ရွှေမှာရေးဖို့ဟာ ကိုမျိုးက အစ်ကို့ ရစ်ချက်ဘာတန်တို့၊ လဇ်တေလာတို့က အစ်ကိုတို့သာ စိတ်ဝင်စားတာ၊ ကလေးတွေ စိတ်မ၀င်စားဘူး။ အင်ဂျလီနာဂျိုလီပဲရေးပါ၊ ဟော့ဖြစ်နေတယ်ဆိုလို့ ဂျိုလီ့အကြောင်း ရေးနေတာ။ ဂျိုလီတောင်မှ One Chapter ပြီးဖို့ကို ၂ လ ရေးရတယ်။ သူက chapter ၁၆ ခု ရှိတယ်။ Chapter တစ်ခုကို ၂ လဆိုတော့ ၃၂လရေး ရမှာ။ ဒါကို ကျွန်တော် ရေးနိုင်ပါ့မလားလို့ ကျွန်တော့် ကျန်းမာရေးကို စိတ်မချဘူး ဖြစ်နေပါတယ်။ ပြီးတော့ ခြေထောက်က ရောင်နေတယ်။

အဲဒီအတွက် ဒီဇင်ဘာလမှာ Medical Check Up သွားရဦးမယ်။ နိုဝင်ဘာအစမှာ ဂျိုလီကို စရေးနေပါတယ်။ ဆုံးအောင် ရေးနိုင်ပါ့မလားလို့ သံသယရှိနေပါ တယ်။ ကျွန်တော် ဟိုဟာကိုလည်း ရေးချင်သေးတယ်။ ရစ်ချက်တေလာတို့ကို ရေးချင်သေးတယ်။ ရစ်ချက် တေလာတို့ကို ရေးချင်သေးတယ်။ ပြီးတော့ နှစ်ကြောင်းရေး၊ တစ်ကြောင်းခြစ် ဆိုတာလည်း ရေးနေတယ်။ ရေးစရာဆောင်းပါးတွေက အများကြီး ပဲ။ စာရေးတာ ၀ါသနာပါတဲ့ လူငယ်တွေအတွက် ရေးချင်တယ် အများ ကီးပဲ။ ရေးဖို့ ရှိတယ်။ ကောင်းတာတွေကလည်း အများကြီး။ ဒါပေမဲ့လို့ ဘယ်လို ပြောရမလဲ၊ မပျံ့နှံ့တဲ့ နေရာမှာလည်း မရေးချင် ဘူး။ ဒါကြောင့် တောင်းတိုင်းလည်း မပေးဖြစ်တာတွေရှိတယ်။ အဲဒီအတွက် ရွှေ မှာပဲ ရေးနေပါတယ်။ အဲဒါလေးတွေ ပြီးအောင် ရေးချင်တယ်ဗျာ။

စာတည်း။     ။ ဟုတ်ကဲ့ပါ၊ ဆရာ ပြီးအောင် ရေးနိုင်မှာပါ ဆရာ။ ဆရာတို့ရဲ့ ရွှေအမြုတေ ဆုပေးပွဲ ဟာ နိုင်ငံတကာက မြန်မာစာဖတ်ပရိသတ်တွေကြားကို ရောက်တဲ့အထိ ပျံ့နှံ့တယ်၊ အောင်မြင်တယ်ဆရာ။ အဲဒီဆုပေးပွဲနဲ့ ပတ်သက်ပြီး ဆုပေးပွဲတစ်ပွဲ ဖြစ်ဖို့ ဘက်ပေါင်းစုံက စဉ်းစားရတယ်၊ စီစဉ်ရတယ်။ ဆရာတို့ အဲဒီလို စီစဉ်တဲ့ အခါ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။ 
    ။  ဒီဆုပေးပွဲ လုပ်ဖြစ်တာက တကယ့်တကယ်ကျတော့ ကျွန်တော်က စာနယ်ဇင်းတွေနဲ့ စုပေါင်းပြီးတော့ လုပ်တဲ့ပွဲမျိုး ဖြစ်ချင်တာ။ ပုဂ္ဂလိက စာနယ်ဇင်းတွေက စုပေါင်းပြီးတော့ ဒီပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့ ဆုပေးပွဲမျိုး ကျွန်တော် လုပ်ချင်တာ။ အားလုံးပါပြီးတော့ လုပ်စေချင်တာပါ။ အဲဒါကို ကျွန်တော့် ပွဲမစမီ ၂၀၀၄ ခုနှစ်ကတည်းက ခေါင်းထဲမှာရှိတယ်။

ရှိတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ မြတ်ခိုင်ကို ပြောတယ်။ မြတ်ခိုင်၊ အခု စာနယ်ဇင်းသမားတွေ လုပ်တဲ့ ကာရာအိုကေပြိုင်ပွဲတို့၊ မော်ဒယ်ပြိုင်ပွဲတို့၊ ဒါမျိုးတွေ လုပ်မယ့် အစား စာပေဆုပေးပွဲ လုပ်သင့်တယ်။ သူ့ကို လေး ငါး ခြောက်ကြိမ်မက ပြောဖူးတယ်။ ပြောတော့ သူက ''အစ်ကို၊ အဲဒါ မလွယ်ဘူး''တဲ့။ ''မလွယ်လည်း နေကွာ'' ဆိုပြီး တစ်ယောက်တည်း လုပ်မယ်ဆိုပြီးတော့ ကျွန်တော် ပထမဆုံး စ တိုင်ပင်ဖြစ်တာက ဆရာထက်မြက်ပါ။ ဒါက မဖြစ်နိုင်ဘူး၊ တစ်ယောက်တည်း ဆိုတော့ ကျွန်တော့်မှာ တခြားအလုပ်တွေကလည်း ရှိသေးတယ်။ ဒီတော့ ဆရာထက်မြက်နဲ့ တိုင်ပင်တယ်။ သူက စာလည်းရေးတယ်၊ ဇာတ်ညွှန်းတွေလည်း ရေးနေတယ် ဆိုတော့ သူ့ကို ခေါ်တယ်။ ဆရာ တခြားလူ တွေလည်း ခေါ်ပေးပါဆိုတော့ ဇတ်ညွှန်းသမားတွေ ခေါ်လာပြီး ကျွန်တော်တို့ တိုင်ပင်ကြပြီး ဒါကို စလုပ်တယ်။ ပထမနှစ် လုပ်တယ်။ ဒုတိယနှစ်လည်း ပြဿနာမရှိသေးဘူး။

တတိယနှစ်မှာ ပြဿနာစလာပြီ။ ဒုတိယနှစ်လည်း ပြဿနာမရှိသေးဘူး။ တတိယနှစ်မှာ ပြဿနာစလာပြီ။ စာပေဆုပေး ပွဲတွေ မလုပ်ရတော့ဘူးလို့ အသံထွက်လာတော့ ကျွန်တော် တို့ကိုတော့ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ရွှေအမြုတေစာပေဆုပေးပွဲတော့ ခွင့်ပေးလိုက်လို့ ပြောတဲ့အတွက် ပြဿနာမရှိဘူး။ ရတယ်။ ကျွန်တော် လုပ်တာကလည်း နိုင်ငံတော်က ချီးမြှင့်နေတဲ့ စာပေဆုတွေနဲ့အပြိုင် မဟုတ်ဘူး။ အမျိုးသား စာပေဆု ရှိမယ်။ စာပေဗိမာန်စာတည်းစာပေဆု ရှိမယ်။ ဒါတွေက နိုင်ငံတော်က ပေးတဲ့ စာပေဆုတွေ။

ဆီမီးဂါးဗားမန့်လို့ ပြောလို့ရတာက ပခုက္ကူဦးအုန်းဖေ စာပေဆုရှိမယ်။ ထွန်းဖောင်ဒေးရှင်းရှိမယ်။ သုတစွယ်စုံရှိမယ်။ ဆရာဝန်တင်ရွှေရှိမယ်။ ဒီလေးခုက စာပေနဲ့ စာနယ်ဇင်းက တာဝန်ယူပြီး လုပ်တာ။ သူတို့ရွေးပေးတာ ကျွန်တော် အမှန်မမှားဘူးဆိုရင် အလှူရှင်က ၂၀ ရာခိုင်နှုန်းပါပြီး သူတို့က ၈၀ ရာခိုင်နှုန်း ပါတယ်။ အဲဒီလို ရွေးကြတာပါ။ ပြီးတော့ သူတို့ ရွေးတာက လုံးချင်းတွေ၊ ပေါင်းချုပ်တွေကို ရွေးတာပါ။

ကျွန်တော်တို့ မဂ္ဂဇင်းလိုင်းမှာ မရှိဘူး။ ကျွန်တော်က မဂ္ဂဇင်းသမားဖြစ်တဲ့အတွက် ဒါကို လုပ်ချင် တယ်။ ကျွန်တော် ပထမဦးဆုံး တိုင်ပင်ဖြစ်တဲ့သူတော့ရှိပါတယ်။ ဆရာဦးမျိုးသန့်(မောင်ဆုရှင်)ကို လူချင်း ရင်းနှီးတဲ့အတွက် သွားတိုင်ပင်တော့ သူက ခဏလေးစောင့်လိုက်တဲ့။ နောက် သုတစွယ်စုံပထမဆုံး စာပေ ဆုပေးပွဲလုပ်တယ်။ Science နဲ့ ပတ်သက်တဲ့ စာပေတွေကို ဆုပေးတဲ့ပွဲ၊ ထရိတ်ဒါးမှာ လုပ်တယ်။ လုပ်တော့ ပြန်ကြားရေးဝန်ကြီးရဲ့ Speech ထဲမှာ ဘာပါလာသလဲဆိုတော့ ဒီလို စာပေဆုပေးပွဲတွေ ထွန်းကားသင့်တယ်ဆိုတာ ပါလာတယ်။ ပါလာတော့ ချက်ချင်းပဲ ၀န်ကြီး မိန့်ခွန်းပြောနေတာ မဆုံးသေးခင် ကျွန်တော် ထသွားပြီးတော့ ဆရာဦးမျိုးသန့်ကို ''ဆရာဟိုမှာ ပြောနေပြီ'' ဆိုတော့ သူက ''လုပ်တော့ လုပ် တော့''တဲ့။ ဒါကြောင့် လုပ်ဖြစ်ခဲ့တာမို့ ဆရာဦးမျိုးသန့် ကျေးဇူးတွေလည်းပါပါတယ်။

နောက်ပြီးတော့ တခြားပုဂ္ဂလိကစာပေဆုတွေ တားမြစ်ပေမယ့် ရွှေအမြုတေစာပေဆုကိုတော့ ၀န်ကြီးကိုယ်တိုင်က ''မင်းတို့ Watch လုပ်ပြီးပေးလိုက်''လို့ ပြောတဲ့အတွက် တတိယနှစ်မှာ ကျွန်တော် သူတို့ဆီ သွားတွေ့ပါတယ်။ သွားတွေ့တဲ့အခါကျတော့ သူတို့ ဆယ်ယောက် တက်မယ်။ ဆုကို စာရင်းကြိုသိချင်တယ်လို့ပြောပါတယ်။ ဆုရစာရင်း ကြိုပေးထားရပါတယ်။
စတုတ္ထအကြိမ် ဆုပေးပွဲမှာတုန်းက ဘာဖြစ်လာလဲဆိုတော့ ဆုရွေးချယ်ရေးအဖွဲ့ကို သူတို့ဘာသာ ဖွဲ့မယ်၊ ကျွန်တော် က member တစ်ယောက်အနေနဲ့ပါလို့ရတယ်။ ဆုကို သူတို့ရွေးမယ်ဆိုပြီး ဖြစ်လာပါ တယ်။ ဒါကြောင့် စတုတ္ထအကြိမ် ဆုပေးပွဲတုန်းက ကျွန်တော် ပြောခဲ့ပါတယ်။ ပဉ္စမအကြိမ် ကတော့ ဖြစ်ချင်မှဖြစ်တော့မယ်ဆိုပြီး ပြောခဲ့တာပါ။ သူတို့ရှေ့မှာပဲ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ပဉ္စမအကြိမ် လုပ်တော့မယ်လို့ ကျွန်တော် စာတင်လိုက်တဲ့အခါ ဥက္ကဋ္ဌက အစည်းအဝေးတောင် မခေါ်ဘဲ ကျွန်တော့် ဘာသာ ဆက်လုပ်ပါလို့ ခွင့်ပြုလာတဲ့အတွက် ဆက်လုပ်ဖြစ်ခဲ့တာပါ။

စာတည်း။     ။ ဟုတ်ပါပြီ ဆရာ။ ဆရာ Teen မဂ္ဂဇင်းနဲ့ ပတ်သက်ပြီး အားမလို အားမရ ဖြစ်တာလေးတွေ ရှိရင်လည်း ပြောပြပေးပါဦးဆရာ။

ဆရာဝင်းငြိမ်း။      ။ Teen မဂ္ဂဇင်းကို မူလ ရည်ရွယ်တုန်းကတော့ ရွှေအမြုတေလိုပဲဗျ။ ပေါ့ပ်အတွက် ရည် ရွယ်တယ်။ ကလေးတွေကို ပေါ့ပ်န့ ပတ်သက်တာတွေပါမယ်။ ၀က်ဆိုက်တွေအကြောင်းပါမယ်။ ဖက်ရှင်တွေအကြောင်းပါမယ်။ ဒါမျိုးတွေ လုပ်ချင်တယ်။ ကိုမျိုးတို့ကကျတော့ စိတ်ကူးစိတ်သန်းတွေက ဘယ်လိုပြောရမလဲ။ နည်းနည်းအမြင့်ပေါ့။ အမြင့်ကို လိုချင်တယ်။ ကျွန်တော်က အနိမ့်နဲ့ ကလေးတွေကို ဆွဲချင်တယ်။ ရပြီဆိုတော့မှ ပေးချင်တဲ့ ဒဿနကို ကလေးတွေကို ပေးချင်တယ်။ ကျွန်တော်က အဲဒီအပေါ်မှာ သိပ်တော့ ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးပေါ့လေ။

စာတည်း။    ။ ဟုတ်ကဲ့၊ နောက်ဆုံးမေးခွန်းပါ ဆရာ။ ဆရာကဆရာ့မိသားစုနဲ့ ပတ်သက်လာရင် သံယောဇဉ်ကြီးလွန်းတာ မကြာခဏ တွေ့ရပါတယ်။ ဆရာလိုလားတဲ့ မိသားစုပုံစံလေးရှိရင်ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။    ။ မိသားစုတစ်စု ဆိုတာတော့ဗျာ၊ ဇာတ်အဖွဲ့တစ်ဖွဲ့လိုပေါ့။ သူက ဦးစီးဦးဆောင် လိုတယ်။ ဇာတ်ဆရာ လိုတယ်။ ဇာတ်ဆရာမရှိတော့ဘူးဆိုရင် ဇာတ်ခေါင်းကွဲသွားမယ်။ လူရွှင်တော်လည်း တခြား အဖွဲ့ရောက်သွားမယ်။ မင်းသမီးလည်း တခြားအဖွဲ့ရောက်သွားမယ်။ မင်းသား လည်းရောက်သွား မယ်။ မင်းသမီး လည်း တခြားအဖွဲ့ရောက်သွားမယ်။ မင်းသားလည်း ရောက်သွားမယ်။ ကျွန်တော်က အဲဒီလို မဖြစ်ချင်ဘူး။ မိဘဆိုတဲ့ ဇာတ်စီး တဲ့လူ နေရာက မိဘနှစ်ပါး မရှိတော့ဘူးဆိုတဲ့အခါ ကျွန်တော်က စုစုစည်းစည်း နဲ့ တိုင်တိုင်ပင်ပင် တစ်ဦး မိသားစုကိစ္စ တစ်ဦးက ဖြေရှင်းရင်းနဲ့ အဲဒီလို အုံအုံ ကျင်းကျင်းဖြစ်စေ ချင်တယ်။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့ ဖြစ်လာတ့အခါကျတော့ ကျွန်တော် ကပဲ လောဘကြီးနေတာလားမသိပါဘူး။ 

ကိုယ့်လမ်း ကိုယ်လျှောက်ကြရတယ်။ ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့် လမ်းကိုယ် လျှောက်ကြတော့ ညီအစ်ကို မောင်နှမ ဆိုတာ ကလည်း အိမ်ထောင်တွေ ရှိလာကြတော့ သူတို့ မိသားစုဟာ သူတို့ ဘ၀ ဖြစ်လာတယ်။ အဲဒီလို သူတို့ ကမ္ဘာလေးတွေ သူတို့ကမ္ဘာလေးတွေ ကိုယ်စီ ရှိလာကြတယ်။ ကျွန်တော် က အိမ်ထောင်မရှိတော့ ညီအစ်ကို မောင်နှမပေါ်မှာ သံယောဇဉ်ကြီးတယ်။ တကယ်လို့ ကျွန်တော့်မှာသာ မိသားစု ရှိတယ် ဆိုလို့ရှိရင် သူတို့လိုဖြစ်ချင်ဖြစ်သွားမယ်။ ဒါပေမဲ့ ကျွန်တော်က အခုထက်ထိ အိမ်ထောင် မရှိသေးဘဲ နဲ့ နေတဲ့အခါကျတော့ တစ်မျိုးပေါ့။

အဲဒီလိုပေါ့ဗျာ။ ကိုယ့်လမ်း ကိုယ် လျှောက်ကြရတာတော့ ဟုတ်ပါပြီ။ မိဘနေရာကို ကိုယ် ရောက် နေပြီးတော့ အဖေ လို တစ်မျိုး၊ အမေလို တစ်မျိုး ကိုယ်က အဆိုး အကောင်း အားလုံးကို ကိုယ် သိ ချင်နေပြီး တော့ သူတို့ကို မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်ရလေအောင် ဆုံးမပေးတယ်။ ဒါပေမဲ့ တကယ် စဉ်းစား ကြည့်တဲ့အခါကျတော့လည်း ကိုယ်နဲ့က သိပ်မဆိုင်တော့ဘူးလို့သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ မိသားစုနဲ့ "Affair" ဖြစ်သွားပြီး ကိုယ်ကသာ ပူနေတာ၊ တကယ့်တကယ်တော့ ကိုယ်က "Out of Bound" ဖြစ်သွားပြီး တကယ်တမ်းမှာ ကိုမျိုး ရဲ့ သားကို ကျွန်တော် ပြောရင်တောင် မဆိုင်ဘူးလေ။ သူ့အဖေ စကား ပဲ သူ နားထောင်မှာပေါ့။ အဲဒီလိုပေါ့ဗျာ။ ကိုမျိုး သား အကြီးဆိုရင် ကိုမျိုး မိန်းမ ဘားလမ်း ဆေးရုံ မှာမွေးပြီး ၃ ရက်သား ကတည်းက ကျွန်တော် ခေါ်သွားတာ။

သူ့မိန်းမ နေမကောင်းတဲ့ အတွက် ဆေးရုံမှာ နေခဲ့ရတယ်။ ခေါ်သွားပြီးချိန်မှာ ကျွန်တော့်အဖေ က မြေးဦးဆိုတော့ သူတို့နဲ့ သိပ်မယ်ဆိုပြီး ခေါ် သိပ်တယ်။ မနက်ကျတော့ အဖေက မင်းကလေး မင်းထိန်း တဲ့၊ ငါတို့ မအိပ်တတ်ဘူး။ ပြန်ခေါ်သွား၊ ပြန်ခေါ် သွားဆိုတော့ နောက်နေ့ကစပြီး ကျွန်တော်နဲ့သိပ်တယ်။ အိပ်တဲ့ အခါ သူ့ရင်ဘတ်ပေါ် လက်တင်ပြီးတော့ အိပ်တယ်။ အင့်ခနဲ ဖြစ်သွားရင် ကျွန်တော် ချက်ချင်း နိုးအောင် လို့။ သေးပေါက်ရင် ကျွန်တော် အနှီးလဲပေး၊ နို့ဘူးဖျော်နို့ဘူးတိုက် ကျွန်တော် အဲဒီလို လုပ်ခဲ့ရတယ်။ လုပ်ခဲ့ရတာ။ အဲဒီအချိန်က သူ့အဖေကလည်း မရှိနဲ့။ ဒီကောင် အသက် ၃၀ အထိ ကျွန်တော် သားအရင်း လို ချစ်ခဲ့တာပါ။ ကျွန်တော်က ကိုယ့်သား ကိုယ့် သားနဲ့ ဖြစ်သလို သူကလည်း အဖေအရင်း တစ်ယောက်လို ချစ်ခဲ့ပါတယ်။ သူ့မိန်းမ ကို ပြောရင် ငါ့မှာ အဖေ နှစ်ယောက်ရှိတယ်။ ဒါလည်း ငါ့အဖေ လို့ ပြောပါတယ်။

တကယ့်တကယ် ကျတော့ သူတို့သားသမီး က သူတို့ သားသမီးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ နာရေးဖြစ်သွားတဲ့ အခါကျတော့ (ကျွန်တော့်မှာ ဘယ်လောက်တောင် အပူအပင်များလိုက်သလဲဆိုတော့ ၂၀၀၅ ခုနှစ် သြဂုတ်လ ၁၉ ရက် ဆိုတော့ ၉ လနဲ့ ၉ရက်ပဲကွာတယ်။ တကယ့်အချစ်ဆုံး နှစ်ယောက်ကို ၉လနဲ့ ၉ရက်မှာ ကျွန်တော် ပစ်လိုက် ရတယ်။ ကျွန်တော် မဆည်နိုင် မဖြေနိုင် ဖြစ်နေတဲ့အချိန်) နာရေးကြော်ငြာကို သတိရ လို့ ပြန်ကြည့်လိုက်တဲ့အခါ ကိုမျိုးရဲ့ ကြော်ငြာ က သူနဲ့ သူ့မိန်းမရဲ့ နာမည်ပဲပါတယ်။ ကျွန်တော့် နာမည် မပါဘူး။ သူကလည်း ကျွန်တော့်ရှေ့မှာ ငိုရင် ကျွန်တော် စိတ်ထိခိုက်မှာစိုးလို့။ သူ့သောက နဲ့သူ ဖြစ်နေရှာတယ်။ တကယ် တွက် ကြည့်ရင်တော့ ကျွန်တော်ကသာ ပူနေတာ။ သူက တကယ့် အဖေအရင်း ပဲ။ ကိုယ်တောင် ကြေကွဲသေးတာပဲ။ သူက သူ့သားဆိုတော့ ပိုကြေကွဲမှာပေါ့။ ကျွန်တော်က သတင်းစာ ကို ကြည့်ပြီး " မင်းက ငါ့သားလေး ဆုံးတာ၊ ငါ့နာမည်တောင် မထည့်ဘူး" ဆိုတော့ သူက "အစ်ကို က အဲဒီတုန်းက ပြောမှ မပြောတာ" တဲ့။ ဒါ တကယ်စဉ်းစားကြည့်တော့လည်း ကိုယ်က ဘာမှမဆိုင်ဘူး။ ကိုယ်က လောဘတွေ ကြီးနေတာ၊ တစ်စုတစ်စည်းတည်းဖြစ်ချင်တာ။ တကယ်တော့ နိယာမတရားအရပဲ။

စာတည်း။      ။ ဆရာ ... ရွှေအသစ်တွေနဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေရှိရင် ဆရာ ပြောပြေးပါဦး။

ဆရာဝင်းငြိမ်း။   ။ ရွှေအသစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာက ဟိုတစ်နေ့ကပဲ လူ တစ်ယောက် စာရေးလာတယ်။ စာမူတစ်ပုဒ် ကို တစ်နှစ်ခွဲလောက် စောင့်ရတာ၊ အဆုံးအဖြတ် ရဖို့ စောင့် ရတာ ဟာ သူတို့အတွက် fair မဖြစ်ဘူးတဲ့။ ကျွန်တော် သိတယ်။ fair မဖြစ်ဘူးဆိုတာ ကျွန်တော် သိတယ်။ သို့သော် စာမူဝင် တဲ့ အားက တစ်လကို အပုဒ် ၁၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ ဖတ်တာက အပုဒ် ၁၀၀လုံး ရတယ်။ အဲဒီအထဲက ၁ ပုဒ်ကို ရွေးလို့ရတယ်။ သို့သော် ၁၀၀ ထဲက ရွေးလို့ရှိရင် အတန်အသင့် ကောင်းတဲ့ ၀တ္ထုတွေက ကျန်ခဲ့မယ်။ အကောင်းဆုံး ၃ပုဒ်ကို ၁၀၀ ထဲက ရေးရင် ရွေးလို့ ရတယ်။ အဲဒီအခါ အတန်အသင့် ကောင်းတာတွေက ကျန်ခဲ့မယ်။ ဒါကြောင့် တစ်လကို ၆၀ ပဲ ဖတ်တယ်။ ဒါကြောင့် အတန် အသင့်ကောင်း တဲ့ ၀တ္ထုတွေအတွက် အခွင့်အရေးရှိလာတယ်။ ကျွန်တော်တို့ တစ်လကို ၆၀ ပဲ ဖတ်တဲ့ အတွက် ၄၀ လောက် က ဝေးသွားတယ်။

အဲဒီလို တင်ရင်းတင်ရင်း အပုဒ်က ထောင်နဲ့ချီဖြစ်သွား တယ်။ အခု ဒီဇင်ဘာ ၂၀၁၀ မှာ ရွေးတဲ့ဝတ္ထုဆိုရင် တစ်နှစ်ခွဲ ကြာသွားတယ်။ ကျွန်တော် စိတ်မကောင်း ဘူး။ သို့သော် ကျွန်တော် မတတ်နိုင်ဘူး။ ကျွန်တော့်ဘက် က reason က အဲဒါပါ။ ကျွန်တော် ဘယ်လိုမှ မတတ်နိုင်ဘူး။ ကျွန်တော့်ဘက်က reason က အဲဒါပါ။ ကျွန်တော် ဘယ်လိုမှ မတတ်နိုင်ဘူး။ ၁၀၀ ထဲက ၁ ပုဒ်၊ ၂ ပုဒ်ကို ရွေးမလား။ ၆၀ ထဲက ၁ ပုဒ်၊ ၂ ပုဒ် ကို ရွေးမလား။ တချို့ကလည်း အပုဒ်ရေများများ ရေးကြ တယ်။ တစ်ယောက်တည်း ၅ ပုဒ်၊ ၆ ပုဒ်လောက် ရှိတယ်။ အံ့သြစရာကောင်းအောင် ရေးကြတယ်။ ၅ ပုဒ်၊ ၆ ပုဒ်က အရည်အချင်း ရှိလားဆိုတော့ ၁ ပုဒ်မှ မရှိဘူး။ ကျွန်တော် ဖြစ်စေချင်တာက ၁ ပုဒ်ကောင်းကို ရေး၊ သေသေချာချာ ပြန်ဖတ်၊ သူများကို ဖတ်ခိုင်း။ ကိုယ့်အနီးအနား စာဖတ်ဝါသနာပါတဲ့ သူတွေကို ဖတ်ခိုင်း၊ ထပ်ခါတလဲလဲပြင်၊ အဲဒီလိုမျိုး ဆိုရင် ရောက်လာတဲ့အခါ ကျွန်တော့်ဆီမှာ မဆိုးတဲ့ အဆင့်လောက် ဖြစ် သွားမယ်။ နောက်တစ်ခုက စကားပြောနဲ့ စကားပြော မခွဲခြားတတ်ကြဘူး။ စကားပြောနဲ့ စကားပြေ ရောနေ တာ ကို ဘယ်လိုမှ လက်သင့် ခံ လို့ မရဘူး။

ဒီဇင်ဘာလ ပေးစာထဲမှာဆိုရင် ကျွန်တော့်ကို မေးတယ်။ ဆရာ က စကားပြောနဲ့ စကားပြေ ရောတာကို မကြိုက် လို့ ပြောနေတယ်။ စာရေးဆရာအချို့က စကားပြောနဲ့ စကား ပြေရောပြီး ရေးနေကြတယ်။ သူတို့ ရေးခွင့်ရပြီး ကျွန်တော်တို့ ရေးခွင့်မရဘူးလားတဲ့။ ကျွန်တော်ကတော့ ရွှေအမြုတေမှာ စကားပြောနဲ့ စကားပြေ မရောတာ ကိုရွေးတယ်။ ရောလာရင်လည်း ပြင်ပစ်တယ်။ ကျွန်တော် ပြန်လည် တူးဖော်ခြင်းအတွက်ကို ပေဖူးလွှာ အဟောင်းထဲက စာရေးဆရာမ တစ်ယောက်ရဲ့ ၀တ္ထုကို သုံးမလို့ ဖတ်ကြည့်လိုက်တဲ့အခါ စကားပြော၊ စကားပြေရောနေတယ်။ အဲဒီအတွက် ဆရာမကို ကျွန်တော် မေးတယ်။ စကားပြော၊ စကားပြေ ရောနေတယ်၊ ကျွန်တော် ပြင်လိုက်ရမလား ဆိုတော့ သူက "ဟာ မပြင်ပါနဲ့၊ အဲဒါ စတိုင် လုပ်ထားတာ" တဲ့။ တကယ့်တကယ်တော့ အဲဒါ စတိုင်လုပ်ထားတာ မဟုတ် ဘူး၊ မှားရေးတာ။ အဲဒီတော့ ကျွန်တော် လည်း အဲဒီအပုဒ်ကို မသုံးတော့ဘဲ ပယ်လိုက်ပြီး တခြားအပုဒ်ကိုပဲ ရွေးသုံးတယ်။ ကျွန်တော် တို့ဆီမှာ စကားပြောနဲ့ စကားပြေ ရောတာကိုတော့ လက်မခံဘူး။ အားနည်းချက် က ရွှေအသစ်တွေ မှာ စကားပြော၊ စကားပြေ ရောတာ၊ စာမျက်နှာ နှစ်ဖက်ရေးတာ၊ လက်ရေးလက်သား ညစ်ပတ်နေတာ အများကြီး ပါတယ်။ ကျွန်တော်တို့ကလည်း သြော် ... သူတို့ ကြိုးစားထားတာဆိုပြီး ဂရု စိုက်ဖတ်တယ်။ မရ ရအောင် ဖတ်ရတာ မျက်စိ တော်တော် ဒုက္ခရောက်တယ်။

ကျွန်တော် တို့က အဲဒီလိုမျိုး ဆန်ခါစိပ်စိပ်နဲ့ တိုက်တဲ့အတွက် ရွှေအသစ်လို့ တင်ပေးလိုက်တဲ့ ကလောင်သစ်က ဒေါင်ဒေါင်မြည်တာတော့ အမှန်ပဲ။ ကျွန်တော်တို့ တင်ပေးလိုက်တဲ့ ရွှေအသစ် တော်တော် များများ တခြားမဂ္ဂဇင်းတွေမှာ ၀င်ရေးနေတာ။ နေရာရနေတာ တွေ့ရတဲ့အတွက် ၀မ်းသာတယ်။ ကိုယ့်သား သမီးတွေလိုပဲ။ သို့သော် ကျွန်တော် တင်ပေးလိုက်တဲ့ တချို့ ကလောင်သစ်တွေက တခြားမဂ္ဂဇင်းက ဖွင့် ထားတဲ့ အသစ်ကဏ္ဍမှာ ၀င်ရေးတာတော့ ကျွန်တော်မကြိုက်ဘူး။ ရွှေမှာ အသစ်အဖြစ် ၂ ခါ ပါပြီး ရိုးရိုး ၀တ္ထုတွေမှာ ၀င်ရေးနေပြီး တခြားမှာ အသစ်အဖြစ် ၀င်ရေးနေတာတော့ ကျွန်တော် မကြိုက်ဘူး။

စာတည်း။
     ။  ဟုတ်ကဲ့၊ ဆရာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ဆက်ရန်
.

No comments: