Thursday, April 4, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆ဝ)

ကဗျာဆရာမလေး Laura Mae Atley Gibson က "အသက်ကို နှစ်နဲ့မတွက်ပါနဲ့ ချစ်မြတ်နိုး ရတဲ့ မိတ်ကောင်းဆွေကောင်း ဘယ်နှစ်ဦးရှိလဲဆိုတာနဲ့ ရေတွက်ကြည့်ပါတဲ့"
ဒါဆိုရင် ကျွန်မအသက်ကရတနာသုံးပါး ဂုဏ်ကျေးဇူး၊ ချစ်ခင်သော မိတ်ကောင်း ဆွေကောင်းများ ဂုဏ်ကျေးဇူးအပြင် ချစ်ခင်သော စာဖတ်သူများ ဂုဏ်ကျေးဇူးနဲ့ ၇၀ဟိုတယ် ဘယ်လောက်များ ပိုနေမလဲဆိုတာ လက်ချိုး ရေတွက်ကြည့်ရဦးမှာပေါ့နော်။
ကို ဆက်ဖတ်ရန် ...

အပိုင်း (၆၂)

ဘာလိုလိုနဲ့ ကျွန်မအသက် ၇၀ပြည့်ခဲ့ပါပြီ။ "အသက်ကို နှစ်နဲ့မတွက်ပါနဲ့၊ ဘာတွေဖြစ်ခဲ့သလဲ ဆိုတဲ့ လုပ်ဆောင်ချက်တွေ နဲ့ တွက်ပါ"တဲ့။ တချို့ကလည်း "မိတ်ကောင်းဆွေကောင်း ဘယ်နှဦးရှိ လဲဆိုတာနဲ့ တွက်ပါ" လို့ပြောလိုပြော။
"အသက်ကို ကျခဲ့ရတဲ့ မျက်ရည်နဲ့ မတွက်ဘဲ ရယ်မော်ခဲ့ရတဲ့ အခါတွေနဲ့ တွက်ပါ"ဆိုလို့ဆို။ ဘယ်လို ပဲဖြစ်ဖြစ် ကိုယ်တန်ဖိုးထားရှိရာ ခံယူချက်အတိုင်း အကြံပြုကြတာမို့ အားလုံးကောင်းပါ တယ။ သင့်မြတ်ပါသည် လို့ ဆိုရမှာပါပနြော်။ ကျွန်မကတော့ အသက်ကို အသက်အတိုင်းပဲ တွက် ချင်ပါတယ်။ အသက် ၃၀ မှာ လာမေးရင်လည်း အသက် ၃၀၊ ၇၀မှာလာမေးရင်လည်း ၇၀ပဲ။

အဲဒီ အသက်ထဲက ငယ်ရွယ်စဉ် ချစ်သူရလို့ ပျော်ရွှင်ရတဲ့နှစ်တွေ၊ ရယူချင်တဲ့ သားလေးတွေ သမီးလေး တွေထွန်းကားလာလို့ တက်ကြွကြည်နူးရတဲ့နှစ်တွေ၊ ၀ါသနာပါရာ လုပ်ငန်း က အောင်မြင်ခဲ့ လို့ ကျေနပ်နှစ်သိမ့်ရတဲ့ နှစ်တွေ၊ သားသမီးတွေ ပညာကိုယ်စီနဲ့ လူလားမြောက်ကြပြီး အောင်မြင်စွာ ရပ်တည်နိုင်ကြ လို့ ၀မ်းသာပီတိဖြစ်ရတဲ့ နှစ်တွေချည်းပဲ အသိအမှတ်ပြုပြီး လူမမည် ကျောင်းသူ အရွယ်မှာ အနီးကပ်ဆုံး ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဘွားမေ ကွယ်လွန်ခဲ့လို့ နှလုံးသားမှာ ပထမ ဆုံးနာကျင်ကြေကွဲရမှု ကြုံ ရတဲ့နှစ်တွေ၊ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကြောင့် ပိုင်ဆိုင်မှုမှန်သမျှ ဆုံးရှုံး ပြီးကုန်းကောက်စရာ မရှိအောင် မွဲပြာကျ သွားရတဲ့နှစ်တွေ၊ ဆယ်ကျော်သက်အရွယ်မှာ တစ်ဦးတည်းသေားအားထားရာမိခင်က စိတ်ဝေဒနာ ရှင်ဖြစ်သွား လို့ ဘယ်ကိုဦးတည်ရမှန်းမသိအောင် အားငယ်ချောက်ချားခဲ့ရတဲ့ နှစ်တွေ၊ ငယ်ရွယ်သူ ဘ၀ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့လို့ ဖြတ်သန်း ခဲ့ရတဲ့ မပြေလည်သော အိမ်ထောင်သက်နှစ်တွေ၊ တစ်သက် တာ မကွဲမကွာ အရိပ်ကြည့်စောင့် ရှောက်ခဲ့ရတဲ့ မိခင်နဲ့သေကွဲကွဲလို့ ခံစားခဲ့ရတဲ့နှစ်တွေ၊ အဆိုးတကာ့ အဆိုးဆုံး ရင်မှာဖြစ်ရတဲ့သားလေးကို အရွယ်ကောင်း အချိန်ကောင်းမှာ မရဏသေမင်းလက် အပ်လိုက်ရ လို့ ဘ၀ပျက်မတတ် နှလုံးသားပဲ့ကြွေခဲ့ရတဲ့ နှစ်တွေ စတဲ့နှလုံးသားမှာ အမာရွတ် ထင်ကျန်ခဲ့ရတဲ့ အရှုံးတွေ အဆုံးပါ ၀င်တဲ့နှစ်တွေကို နုတ်ယူပြီး ဆန်ခါတင် ပျော်ရွှင်ရတဲ့နှစ်တွေချည်းသက်သက် မတွက်ချင် ပါဘူး လေ။

တကယ်က လူ့ဘ၀်ဆိုတာ ပန်းခင်းသောလမ်းချည်း မဟုတ်သလို ကြယ်ကြွေသော ညချည်း လည်း မဟုတ်တာ အမှန်ပါပဲ။ အကောင်းနဲ့အဆိုး နှစ်မျိုးစလုံးကြုံရမြဲ ဓမ္မတာမို့ ကောင်းတဲ့နှစ်ရော ဆိုးတဲ့နှစ်တွေ ပါ အပြည့်အ၀ရေတွက် မှ ဘ၀ရဲ့အဓိပ္ပာယ်ပီပြင်လေမယ်ပေါ့။
အခုလည်း အသက် ၇၀ဆိုတာ လူ့ဘ၀သက်တမ်းပြည့် နေခဲ့ရပြီးပြီမို့ နောက်ထပ် ကျန်းမာစွာနဲ့ အသက်ရှင်ခွင့် ရမဲ့ရက်တွေကို ကျွန်မအတွကိ အပိုဆုပေါက်သော ကာလများအဖြစ် ကျေးဇူးတင်ရှိ စွာ နဲ့တန်ဖိုး ထားနေတတ်ဖို့ ကြိုးစားပြင်ဆင်ရဦးမှာပါ။ လောလောဆယ် မှာတော့ ကိုယ့်မိသားစုနဲ့ ကိုယ်စာရင်း ရှုပ်ရင်း မအားနိုင်၊ မနားနိုင်ခရီးတွေ များနေရဆဲပါပဲ။
ကမ္ဘောဒီးယား ကို ရောက်ရှိသွားတဲ့ သားကိုရွှေစင်ကလည်း သူအခြေတကျဖြစ်ပြီဆိုတာနဲ့ အမေကို လှမ်းခေါ်နေပြီလေ။ ဒါကြောင့် သြဂုတ်လထဲမှာ ကမ္ဘောဒီးယားခရီးစဉ်ပြင်ဆင်ရပြန်ပါရော။ ဖနွမ်းပင် ပိုချင်တောင်လေဆိပ်ကနေ မြို့ထဲကို ဖြတ်မောင်းလာတော့ မြင်ကွင်းက မစိမ်းသလိုပဲ။ လမ်းတွေရော ရပ်ကွက်တွေရော အိမ်ပုံစံတွေရော အားလုံးက ကျွန်မတို့ ကြီးပြင်းခဲ့ရတဲ့ စစ်ကြို ခေတ် မန္တလေး ပုံစံအတိုင်းပါပဲ။

"ဟယ်...ပျော်စရာကောင်းလိုက်တာ။ ခုဖြတ်မောင်းသွားတဲ့လမ်းက မန္တလေးကျောက်သွေး တန်း ပြန်ရောက် သလိုပဲ"နဲ့ ကျွန်မက စိတ်လှုပ်ရှားစွာနဲ့ပြောတော့ သားကကျေနပ်နေလေရဲ့။ ကိုယ်က အရှေ့တိုင်းသူ ဆိုတော့ အရည်တူ အသွေးတူ၊ ဓလေ့ထုံးစံတူ၊ ယုံကြည်မှုဘာသာရေးတူ၊ ယဉ်ကျေးမှုတူ၊ အစားအသောက် ပါ တူတဲ့နေရာမို့ ရောက်တာနဲ့ တစ်ခါတည်း အံဝင်ခွင်ကျ ဖြစ် သွားတော့တာပဲ။ အဲ....ဘာသာစကား မတူတာ တစ်ခုကတော့ ပြဿနာပေါ့။
ခမာ စကားကို သွက်သွက်ပြောနိုင်တဲ့ World Vision ကဒေါက်တာကြည်မင်း ပြော စကားအရတော့ မြန်မာစကားနဲ့ အလွန်နီးစပ်လို့ သင်ယူရင် လွယ်လွယ် တတ်နိုင်ပါတယ်တဲ့။ ဖနွမ်းပင်မှာ ပိုပျော် စရာကောင်းတာက တာဝန်နဲ့ ရောက်နေကြတဲ့ မြန်မာမိသားစုတွေ တော်တော်များများ ရှိနေကြ လို့ ပါပဲ။ ဒေါက်တာကြည်မင်းနဲ့ သားကိုရွှေစင်ဆိုရင် KG သူငယ်တန်း ကတည်းက ဒဂုံ အထက(၁) ကျောင်းမှာ လည်ပင်းဖက်ကြီးလာခဲ့တဲ့ ငယ်သူငယ်ချင်းတွေလေ။ မထင်မှတ်ဘဲ ဖနွမ်ပင်မှာ ပြန်တွေ့ ကြရတော့ ပျော်မဆုံးပေါ့။

ခမာအများစုက အင်္ဂလိပ်စကား မပြောနိုင်ကြပါဘူး။ ဒါကလည်း အနှစ နှစ်ဆယ် ခံခဲ့ရတဲ့ ပြည်တွင်း စစ်ရဲ့ ဒဏ်တင်မကဘဲ ခမာနီများ လက်အောက် ရောက်ခဲ့စဉ်ကာလက လူတန်းစား တစ်ပြေးညီဖြစ် ရမယ်ဆိုပြီး ပညာတတ်တွေကို သတ်ခဲ့သေးတာ မဟုတ်လားနော်။ Killing Field ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်ရင် ခမာနီများရဲ့ ရက်စက်မှုကို သဘောပေါက်နိုင်မှာပါပဲ။ အမျိုးစုရဲ့ သုံးပုံတစ်ပုံ လူပေါင်း နှစ်သန်းကျော်တောင် အသတ်ခံခဲ့ရတာမို့ အခုမှ အိမ်မက်ဆိုးတစ်ခု လွတ်မြောက်ခါစ ပြန်လည်ထူ ထောင်ရဆဲ ကာလ လို့ ပြောရမှာပါ။
ကမ္ဘောဒီးယား မှာ အစားအသောက်ကတော့ တကယ်ပေါပါပဲ။ ကမ္ဘောဒီးယားသုံးငွေကို riel ရီးလ် လို့ခေါ် ပါတယ်။ သူတို့ဆီမှာ ငွေအကြွေသုံးတာမရှိဘူး။ ငွေစက္ကူကလည်း အားလုံးမှ သုံးမျိုးပဲရှိ တာ။ တစ်ရာတန်၊ နှစ်ရာတန်နဲ့ ငါးရာတန်ဆိုတော့ တွက်ရတာလွယ်ကူပါဘိ။ အမေရိကန်ဒေါ်လာ ကိုလည်း တရားဝင် သုံးခွင့်ပြုထားပါတယ်။ တစ်ဒေါ်လာ က သူတို့ငွေ ရီးလ် ၂၅၀၀နဲ့ ညီမျှပါတယ်။ ကမ္ဘောဒီးယားရောက်မှ ဈေးဝယ်ထွက်ရင် ခါတိုင်းလို "အမယ်လေး"တပြီး ရင်မမ ရဘဲ ပေါလှချည်း ရဲ့နဲ့ ကျွန်မအတွက် ပွဲတော်ကြီးကိုဖြစ်လို့။ ငွေနည်းနည်းနဲ့ တစ်ထမ်းတစ်ပိုး အမျိုးအမည်စုံ ၀ယ် လို့ရတာတွေကြည့်ပြီး ပျော်လိုက်ရတာ။

အမေရိကားမှာ မြင်ရခဲမျှ ဖြစ်တဲ့ ဒူးရင်းသီးတွေဆို ကောင်းမှကောင်း။ ခွဲလိုက်ရင်း ၀င်းဝါနေ တဲ့ ရွှေဒင်္ဂါးမျိုးလေ။ ကြက်မောက်သီး၊ မင်းဂွတ်သီး၊ သြဇာသီးတွေကလည်း ၀ယ်ချင်စရာ တောင်ပုံရာ ပုံ။ ဒီတော့နှစ်ပါင်း များစွာက ငတ်ခဲ့သမျှ အတိုးချပြီး ဒူးရင်းသီး၊ သြဇာသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီးတွေ ခြင်းလိုက်ဝယ်ပြီး နေ့တိုင်း အ၀ထိုင်စားပစ်လိုက်တာ လေးငါးရက်လည်း ရှိ ရော အပူတွေကန်ပြီး လည်ပင်းတွေနာ၊ ဘာတစ်ခုမှမျိုးမရ၊ အသံလည်းမထွက်တော့ဘဲ အိပ်ရာထဲ လဲတော့ တာပဲ။
အရေးပေါ် အစွမ်းထက်တဲ့ Anti Bioticဆေးတွေ သောက်လည်း မသက်သာ။ သားသိသွားတော့ ဆူခံ လိုက်ရတာ မပြောနဲ့တော့။ ၀ယ်ထားပြီးသား ခြင်းလိုက် ဒူးရင်းသီး၊ သြဇာသီးတွေအားလုံး အမှိုက်ပုံး ထဲ ရောက်သွားကြပါလေရော။ ကမ္ဘောဒီးယားမှာ အစားတွေ စုံသမားမမေးနဲ့။ ကျွန်မတို့ မန္တလေးမှာသာ ရတဲ့ ပုရစ်ကြော်တို့၊ စာကလေးကြော်တို့အပြင် သူတို့ခမာများစွာနဲ့ ပွဲတော်စာ ဖားကောင်လုံး အစာသွတ် နဲ့ ဥထဲကပေါက်ပြီးခါစ ကြက်မွေးကင်း ပေါက်လေးတွေ ပြုတ်ထားတာ မျိုးလည်းရှိပါသေးတယ်။

ရေထွက် ပစ္စည်း ငါး၊ ပုစွန်တွေကလည်း လတ်လတ်ဆတ်ဆတ် မြန်မာပြည်က အတိုင်း။ ဧရာမ ပုစွန်ထုပ်ကြီးတွေ တစ်ကီလိုမှ ဆယ်ဒေါ်လာဆိုတာ အများဆုံး၊ အနောက်တိုင်းမှာလို အလေးချိန် နဲ့ဈေးနှုန်း အတိအကျ ကပ်ထားတာမဟုတ်လိုက ဈေးလည်းဆစ်၇၊ အလေးခိုးတာလည်း ဂရုစိုက် ကြည့်ရ နဲ့ ဈေးသွားဝယ်ရတာ လမ်း ၃၀ဈေးထဲ ပြန်ရောက်နေသလို ရှေးဖြစ်ဟောင်း အောက်မေ့ ဖွယ်ပါပဲ။
ကျွန်မ တို့ ရောက်ခဲ့တဲ့ အချိန်တုန်းက ပြန်လည်ထူထောင်ခါစမို့ ပြည်သူလူထုသုံးယာဉ်အဖြစ် ဘ၀တ်စ် ကားတွေ မရှိသေးပါဘူး။ မော်တော်ဆိုင်ကယ် အသေးစား စကူတာလေးတွေပဲ ပြေးဆွဲ နေတာမို့ လမ်းပေါ် မှာ စကူတာလေးတွေ မွမွကြဲနေတာပဲ။ သွားလိုရာ လက်တားပြီး နောက်က ထိုင်ခုံပေါ် တက်ထိုင် သွားလိုက်ရုံပါပဲ။ နောက်တစ်ခု အားကိုးရတဲ့ ယာဉ်က ဆိုက်ကားပါ။ မြန်မာ ပြည်ကဆိုက်ကားပုံစံနဲ့တော့ မတူဘူး။ ခရီးသည် ထိုင်တဲ့ခုံက ရှေ့က၊ နင်းတဲ့သူက နောက်ဆို တော့မျက်နှာချင်းဆိုင် ယာဉ်တိုက် မှု ဖြစ်လို့ကတော့ ခရီးသည်က အရင်ကြွမဲ့ ပုံစံပါပဲ။ အဲဒီ ဆိုက်ကားမျိုးကို Cyclo "စီကလို"လို့ ခေါ်ပါတယ်။

စီကလို နဲ့ တစ်အိမ်ထောင်လုံး ပစ္စည်းတွေတင်ပြီး ပြောင်းလာတာမျိုးလည်း တွေ့ရ။ ကုန်ပစ္စည်း အမျိုးစုံ တင်တာ မျိုးလည်း တွေ့ရ၊ သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေလို့ပါပဲ။ ဖနွမ်ပင်က မြို့ တော်ဆိုပေမဲ့ ကားနဲ့ နာရီဝက်လောက် ပတ်လိုက်ရင် တစ်မြို့လုံး နှံ့သွားအောင် ရောက်နိုင် တာမို့ သိပ်မကြီး လှပါဘူး။ မြို့လယ် Central ဈေးနဲ့ ရုရှားဈေးရယ်လို့ ဈေးကြီးနှစ်ခုရှိတော့  ကျွန်မတို့ မြန်မာမိတ်ဆွေတွေ စုမိကြရင် အဲဒီဈေးနှစ်ခုကို တစ်နေကုန် ခြေရာချင်းထပ်အောင် သွား ပတ်ကြတာပါပဲ။
ဈေးကလည်း ပေါ၊ အရှေ့တိုင်းကြိုက်ပစ္စည်းကလည်း စုံတော့ ပြန်လာရင်အထုပ်ကြီး အထုပ်ငယ် သယ်ကြရတာ အမော။ ဈေးကလည်း ဆစ်တတ်ပါမှ။ ကျွန်မတို့ အရှေကတိုင်းထုံးစံအတိုင်း တစ်ကျပ် နဲ့ ရောင်းမဲ့ပစ္စည်းကို တစ်ဆယ်ကစ ဈေးဆိုတာမျိုးလေ။ ကျွန်မလည်း အိမ်ကပ်တယ် ကိုမရှိရပါဘူး။ အရှေ့တောင်အရှေ့ဘက် ဒါရိုက်တာဦးလှအောင်ရဲ့ ဇနီး မDixie နဲ့ထွက်လိုက်၊ UNDP ကအရာရှိ ဦးစိုးရဲ့ ဇနီး မစမ်းရီနဲ့ သွားလိုက်၊ ဒေါက်တာကိုကြည်မင်းဇနီး တင်တင်စီနဲ့ ပါ လိုက်ညနေတိုင်ကျ လည်း မြန်မာတွေ စုကြပြီး တစ်အိမ်တစ်လှည့် ညစာစုစားကြရင်း ပြောကြဆို ကြ၊ အတွေ့အကြုံတွေ ဖလှယ်ကြ ရင်း ရယ်မောကြ။

ကျွန်မတို့မှာ ပြောစရာ ပုံပြင်တွေကလည်း အမြဲတမ်း တစ်ယောက် တစ်မျိုးရှိနေတတ် ပါတယ်။ ဒေါကတာကြည်မင်းတို့က လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စောရောက်နေတာဆိုတော့ ဖရိုဖရဲဖြစ် နေဆဲကာလလေ။ ရောက်ခါစ နိုဝင်ဘာလထဲမှာ ဘုရင်သီဟာနုရဲ့ မွေးနေ့ကျင်းပလို့ ညဘက် မှာ တစ်မြို့လုံး ဗြောက်အိုးတွေ ဖောက်ကြတာကို မြို့ဝင်စီးတယ် အထင်နဲ့ ကလေးတွေ တရွတ်ဆွဲပြီး စားပွဲအောက် ၀င်ပုန်းနေကြတာတဲ့။ ဒီဇင်ဘာကျတော့ ပြဿနာတစ်ခု ကြုံပြီး သေနတ်နဲ့ ထိန်း သိမ်းတာ ကို ဗြောက်အိုးဖောက်တယ် အထင်နဲ့ အေးအေးဆေးဆေးနေတာ ကျန်ဆည်တစ်ခု ရွှီခ နဲမြည်ပြီး ၀ရန်တာပေါ် ကျလာမပြေးပုန်းရတာတဲ့။ ကမ္ဘောဒီးယားမှာ သေနတ်သံနဲ့ ဗြောက်အိုးသံ က ခွဲလို့ရတာမဟုတ်ဘူးလေ။ တရုတ်နှစ်သစ်ကူးမှာ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲ ဗြောက်အိုးတွေ ဖောက်ကြ တာက သေနတ်သံ အတိုင်းပါပဲ။

UNDP မှာလုပ်တဲ့ ဦးစိုးအတွေ့အကြုံလေးးက တစ်မျိုး။ သူ့ဇနီးမစမ်းရီ မြန်မာပြည်က ပြန်လာမဲ့ ရက်မှာသွားကြိုတော့ လေယာဉ်မမီလိုက်လို့ ပါမလာဘူးတဲ့။ မိန်းမ မပါလို့ စိတ်တိုတိုဖြစ်ချင်ရတဲ့ အထဲမှာ ကားထဲမှာ ထိုင်စောင့်နေတဲ့ ယာဉ်မောင်းက "My wife no come"လို့ ဆီးပြီးသတင်းမေး တော့ စိတ်ဆိုးရလည်း အခက်၊ အင်္ဂလိပ်စကားမကျွမ်းရှာတဲ့ ယာဉ်မောင်းဆိုလိုတာက "ဆရာဇနီး မပါလာဘူးလား"ပေါ့နော်။ နေရင်းထိုင်ရင်း ကိုယ့်ဇနီးက သူများဇနီးဖြစ်လိုက်ရတော့ ဦးစိုး ပိုပြီး စိတ်တိုစရာ ဖြစ်တော့တာပဲ။

ခမာစကား မတတ်တဲ့ ကျွန်မအဖြစ်က တစ်ဖုံ။ သားက တစ်ကိုယ်ရေသမားမို့ အိမ်မှာချက်စားတာ မဟုတ်ဘူး။ ကြုံသလို အပြင်မှာစားတာ များပါတယ်။ အမေရောက်တဲ့အခါမျိုးမှာ အိမ်ထမင်း အိမ် ဟင်းစားရတာလေ။ အိမ်ဖော် ကလေးမလေး ရှိပေမဲ့ မနက်လာညပြန်၊ သန့်ရှင်းရေးနဲ့ အ၀တ် လျှော် မီးပူ တိုက် ဒါလောက်ပဲ လုပ်ရတာ။ တစ်နေ့ ကြက်သားဟင်းချက်မယ် စိတ်ကူးနဲ့ ဖရီဇာထဲ ကကြက်တစ်ကောင် ထုတ်ပြီး အခဲပျော်အောင် လက်ဆေးကန်ထဲမှာ ထားခဲ့ပါတယ်။
နေ့ခင်းရောက် မှာ အခဲပျော်လောက်ပြီ ဆိုတဲ့အတွေးနဲ့ သွားကြည့်တော့ ထားခဲ့တဲ့ကြက်က မရှိလေ ဘူး။ နေရာ အနှံ့ လှန်လှောရှာလည်း မတွေ့၊ ဒါနဲ့မီးပူတိုက်နေတဲ့ ကလေးမ "စုခ"ကို သွားမေတော့ သူ ကလည်း မရေလည်။ ကိုယ်ကလည်း သူနားလည်အောင် ပြောပြဖို့ ခမာစကားက မတတ်။ လက်ဟန်ခြေဟန်ပြ မေးလည်း သဘောမပေါက်။ နောက်ဆုံးတော့ ကြက်မခွပ်သလို လက်မောင်းနှစ်ခု ကွေးခတ်ပြမှ နားလည်သွားပေလို့ တော်ပါသေးရဲ့။
သူက ခေါင်းခါခါ လက်ခါခါလုပ်ရင်း ကျွန်မကို အပြင်မှာရှိတဲ့ အမှိုက်ပုံးဆီဆွဲခေါ်သွားပြီး အဖုံးကို ဖွင့်ပြတော့ ညနေ စာဖြစ်ရမဲ့ ကြက်က အမှိုက်ပုံရဲ့အလယ်မှာ တင့်တယ်စွာစံပယ်နေတာ ကြည့်ပြီး ကျွန်မမှာ တအံ့ တသြဖြစ်လို့။ နားမလည်နိုင်တာနဲ့ ခြံတံခါးဝမှာ လုံခြုံရေးအတွက် အစောင့်ချထား တဲ့ဝန်ထမ်းတွေ ကို ခေါ်ပြီးဘာသာပြန်ခိုင်းရပါတယ်။

ကြက်ကြီးက မာခဲနေတာ နဲ့ မကောင်းဘူးဆိုပြီး မီးဖိုသန့်ရှင်းရေး လုပ်တုန်းက အမှိုက်ပုံးထဲ ပစ် ထည့်လိုက်တာ တဲ့လေ။ ဖရီဇာက ထုတ်ခါစမို့ မာခဲနေတယ်ဆိုတာ သူ့ခမျာနားမလည်ရှာတော့ လည်း ကိုယ်ကခွင့်လွှတ်စွာနဲ့ ရယ်မောရင်း ဘာသာပြန်နဲ့ ရှင်းပြလိုက်ရပါသေးတယ်။ ကမ္ဘောဒီး ယားမှာ နေခဲ့ရတဲ့ ရက်တွေ က ရယ်မောပျော်ရွှင်ရတာတွေ ရှိသလို စာနာစိတ်နဲ့ ၀မ်းနည်းကြေကွဲ နာကျင်ရခဲ့အခါတွေလည်း ရှိပါတယ်။
ဖနွမ်ပင်မြို့နဲ့ နာရိဝက်ခရီးလောက်သာ ဝေးကွာတဲ့ ကမ္ဘာကျော်အောင် တုန်လှုပ်ချောက်ချား စရာ ကောင်းတဲ့ Killing Field တို့၊ လူသားတွေရဲ့ ဦးခေါင်းခွံအရိုးပေါင်း ထောင်သောင်းနဲ့ စုပြီးတည် ထားတဲ့စေတီတော် တို့၊ အစိုးရလက်ထက်မှာ ပြတိုက်အဖြစ်ပြောင်းလဲထားတဲ့ ခမာနီများ ကြီးစိုး ခဲ့စဉ် က ညှဉ်းပန်းနှိပ်စက်ခြင်း ပြုလုပ်ရာ အကျဉ်းထောင်စခန်းတို့က ရက်စက်မှုရဲ့ ရုပ်ကြွင်းပုံ ရိပ်များကို မြင်ရတော့ ကံဆိုး မိုးမှောင်ကျခဲ့တဲ့ ခမာများအတွက် လူသားချင်း စာနာစိတ်နဲ့ မျက်ရည် ကျတဲ့ထိ ခံစားရပါတယ်။

ကျွန်မတို့ ရောက်တဲ့ အချိန်မှာတော့ ကမ္ဘောဒီးယားက တိုးတက်ကြီးပွား စည်ပင်နေပါပြီ။ ရုံးအား ရက်တွေ ရောက်တိုင်းကျွန်မတို့ သားအမိနဲ့ ဒေါက်တာကြည်မင်း မိသားစုအတူ လျှောက်လည် ကြတာနေရာ အနှံ့ ပါပဲ။ ဘုရင်သီဟာနုရဲ့ နန်းတော်ကလည်း အရှေ့တိုင်းဆန်ဆန် အနုပညာ မြောက်စွာဆောက် ထားတာ ခမ်းနားပါဘိ။ နန်းဦးငွေဘုရားမှာ ကြမ်းခင်း ထား တာတောင် ငွေသား စစ်စစ် နဲ့ပြုလုပ်ထားတဲ့ ငွေအုတ်ချပ်တွေ စီခင်ထားတာမို့ ခြေချရက်စရာတောင် မရှိပါဘူး။
၁၃၇၃ခုနှစ်က ဗုဒ္ဓရဲ့ရုပ်ပွားတော်ကို ဌာပနာပြီး တောင်ထိပ်ပေါ်မှာ တည်ထားတဲ့ Wat Phanom စေတီတော် ကလည်း အရာရာ အောင်မြင်အောင် ဆုတောင်းပြည့်တဲ့ဘုရားအဖြစ် တန်ခိုးကြီးပါ တယ်။ မဲခေါင်မြစ်ကမ်းဘေး မှာ လှပခမ်းနားစွာ တည်ရှိနေတဲ့ အခန်း ၃၈၀ပါ ကမ္ဘောဒီးယားနား (ကြယ်ငါးပွင့်) ဟိုတယ်ကြီးကတော့ ခမ်းနားကြီးကျယ်လှတယ်လို့ ဖနွမ်ပင်မြို့ရဲ့ ကျက်သရေ ဆောင် လို့ ပြောနိုင်လောက် ပါရဲ့။

ဂျပန်တံတားကနေ မဲခေါင်မြစ်ရဲ့ တစ်ဖက်ကမ်းကို ကူးလိုက်ရင်တော့ မြို့တော်ရဲ့ အငွေ့ အသက် တွေ ကင်းပြီး တကယ့်တောရွာ သဘာဝအလှလေးတွေ ခံစားရင်း ခမာတို့ရဲ့ ရိုးရာသရေစာအမျိုး စုံကိုမြည်းစမ်းကြည့်နိုင် တာမို့ တစ်မျိုးပျော်စရာကောင်းပြန်ပါရော။ ကျွန်မတစ်သက်တာ မေ့နိုင်စရာ မရှိအောင် ချီးကျူး စွဲလမ်းစိတ်နဲ့ အံ့မခန်း ဖြစ်ခဲ့ရတာကတော့ သားကိုရွှေစင် တကူးတက လိုက်ပို့ ပေးတဲ့ Angkor Wat ခရီးစဉ်ပါပဲ။ ဖနွမ်ပင်ကနေ ပြည်တွင်းလေကြောင်းနဲ့ Siem Reap ကို လေး ဆယ့်ငါးမိနစ်ကြာ စီးပြီးမှ ကား နဲ့တစ်ဆင့်သွားရတာပါ။ Angkor Wat ဆိုတာ ကမ္ဘာရဲ့ အံ့မခန်း ဌာနကြီးတွေထဲမှာ တစ်ခု အပါအ၀င် ဆိုတာကိုတော့ ကြားသိခဲ့ရဖူးပါရဲ့။ မျက်မြင်ကိုယ်တွေ့ ရောက်ခဲ့ရမှ အဆမတန် အံ့သြ ကုန်နိုင်ဖွယ်ရာအဖြစ်ခံစားရပါတော့တယ်။

တကယ့်တောကြီးမျက်မည်းထဲမှာ အိမ်မက်ကမ္ဘာတစ်ခုထဲရောက်ရှိနေသလို စံထားလောက်အောင် ကြီးကျယ် လွန်းလှပတဲ့ ခမာများရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး သရုပ်ဖော်ရှေးဟောင်းဗိသုကာရုပ် ကြွင်း တစ်ခုပါပဲ။ ခမာဘုရင် Surya Varman ဒုတိယ ၁၁၈၁ ခုနှစ်မှာ Angkor Wat ကို တည်ဆောက် ခဲ့တာပါ။ မယုံရင်ပုံပြင် လို့ ပြောနိုင်လောက်အောင် ထုတည်ကြီးမား ဆန်းပြားလွန်း တာကြောင့် လူသားတွေဘယ်လို အင်အား နဲ့ ဘယ်လောကြာကြာ အချိန်ပေးပြီး တည်ဆောက်ခဲ့သ လဲဆိုတာ အဖြေရှာဖို့ ခပ်ခက်ခက်ပါပဲ။
နယ်ခံ ခမာလူမျိုးတွေရဲ့ လက်ခံယုံကြည်ချက်ကတော့ ဒါဟာ လူသားတွေ ဆောက်ခဲ့တာမဖြစ် နိုင်ဘဲနတ်နဲ့ ဘီလူးတွေ တူတူတည်ဆောက်ခဲ့တာတဲ့လေ။ သူတို့ညွှန်းလည်း ညွှန်းချင်စရာ။ တစ်ချိန်က ကမ္ဘာမှာ ကြီးကျယ် လှခဲ့တဲ့ ဧရာမမြို့ကြီးတို့၊ အီဂျစ်နိုင်ငံက ပိရမစ်ဆိုတာတွေထက် ပိုပြီး နက်နဲဆန်းကြယ်နေတာ မဟုတ်လားနော်။

ဒီလို ထုထည်ကြီးမားဆန်းပြားခမ်းနားလှတဲ့ ဘာသာရေးအဆောက်အအုံများ အပါအ၀င် မြို့တော် ကြီး တစ်ခုလုံးဟာ နှစ်ပေါင်းလေးရာကျော်ကြာမျှ လူ့လောကအလယ်က ပျောက်ကွယ် ဆိတ်သုဉ်း သွား၇ တယ် ဆိုတာ ယုံနိုင်ဖွယ်မရှိအောင် ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ၁၈၆၀ခုနှစ်မှာ ပြင်သစ်နိုင် ငံသားရုက္ခဗေဒနဲ့ သဘာဝလေ့လာရှင် Henri Mouthotဆိုသူက အရှေ့တောင်အာရှတစ်ဝိုက်က ထူးခြားတဲ့ ငှက်အမျိုးများ လိုက်ရှာရင်း နဲ့ ထူတပ်လှတဲ့ တော်ကြီးအလယ်မှာ သစ်ပင်နွယ်ပင်တွေ နဲ့ဖုံးကွယ်နေတဲ့ Angkor Wat ကိုတွေ့ရှိ သွားတာပါ။
Henri Mouthotရဲ့ အစီရင်ခံစာအရ ပြင်သစ်အစိုးရနဲ့ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးအဖွဲ့က ၁၈၆၆ ခုနှစ်မှာ သစ်ပင်ချုံနွယ်တွေနဲ့ ပိတ်နေတဲ့ Angkor Watကို တာဝန်ယူပြီး တူဖော်ရှင်းလင်း ပေးခဲ့တာကြောင့် ကမ္ဘာရဲ့ အံ့ဖွယ်တစ်ပါးအဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်ပေါ့။

Angkor Wat ရဲ့ အလှဟာ နေ့မှာကြည့်ရင် တစ်မျိုး၊ အရုဏ်ဦးမှာတစ်ဖုံ၊ နေလုံးကွယ်ခါနီး ဆည်း ဆာချိန်မှာ တစ်ကဏ္ဍ၊ လရောင်ဖြာတဲ့ညမှာတစ်လီ အမျိုးမျိုးကွဲပြားခြားနားစွာနဲ့ လူသားတွေရဲ့ နှလုံးသားကို ညှို့ယူ ဖမ်းစားနိုင်တယ် ဆိုတဲ့ စကားအမှန်ပါပဲ။ ကျွန်မတို့ရောက်ရှိချိန်မှာ မိုးတွေ စွေ နေဆဲမို့ မိုးစက် မိုးပေါက်တွေ အောက်က Angkor Wat ရဲ့အလှက ရင်ကိုလွမ်းမောဖွယ်ရာတွေနဲ့ ဆီးကြိုနေသလိုပါပဲ။
တခြားမြို့ဟောင်းတွေနဲ့မတူ ကျုံး၊ မြို့ရိုး၊ ရင်တား ဆိုတာတွေကလည်း ထူးခြားလှပါရဲ့။ ကျုံးရေတွေ ကတော့ ကောတဲ့နေရမှာ ကောနေပါပြီ။ မြို့ရိုးတစ်ပတ်လုံးမှာ ဆင်တပ်မတော် ကြီးတစ်ခုလုံး ချီတက် လာသလို ကျောက်သားပေါ်မှာ ဆင်ရုပ်ပေါင်းမြောက်မြားစွာ ထွင်းထုထားတဲ့ ပန်းပုလက်ရာတွေကို ကြည့်ပြီး ဘယ်လောက် အချိန်ယူ ထုထွင်းရမလဲ ဆိုတာ တွေးကြည့်မိပါသေး တယ်။

မုခ်ဝကနေ အဝေးမှာ လှမ်းမြင်ရတဲ့အဆောက်အအုံ ပုံသဏ္ဍာန်က ဟိုန္ဒူယဉ်ကျေးမှုတွေ လွှမ်းမိုးခဲ့ တဲ့ပုံရိပ်ကို သတိပြုမိပါတယ်။ တကယ်လည်း ဟိန္ဒူနဲ့မဟာယာန ဗုဒ္ဓဘာသာနှစ်မျိုးစလုံး ရောထွေး ယှက်နွယ်နေ တဲ့ အထောက်အထားတွေ အမြောက်အမြားပါပဲ။ ဟိန္ဒူအယူအရ စကြ၀ဠာရဲ့ ဗဟို တည့်တည် မှာ တည်ရှိတဲ့ Mount Meruမှာ ထောင်ထွက်ငါးခု ရှိတာကို ကိုယ်စားပြုတဲ့သဘောနဲ့ Angkor Wat ကိုလည်း ပြာသာဒ် ငါးခုနဲ့ တည်ဆောက်ခဲ့တာပါတဲ့။
ဒါလောက်ကြီးမား တဲ့ အဆောက်အအုံကြီးတစ်ခုလုံးကို ဧရာမ လေးထောင့်ကျကျ ကျောက်တုံးကြီး တွေနဲ့ တည်ဆောက် ခဲ့တာပါ။ ဒီကျေက်တုံးကြီးတွေကို လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်နီးပါးက ဘယ်လို ပစ္စည်းတွေ နဲ့ ဖြိုခွဲပြီးဒီနေရာအရောက် သယ်ခဲ့ကြသလဲ၊ လေးထောင့်အနားညီဖြစ်အောင် ဘယ်ပုံ ဖြတ်ညှိနိုင်ခဲ့ သလဲ။ လူပေါင်းထောင်သောင်းကုဋ ကုဋာနဲ့ လုပ်လို့တောင် မလွယ်ကူသော ကိစ္စ တစ်ခုပါ။ အဲဒါတွေထားပါဦး။ မိုင်ပေါင်းရှည်စွာ လေးဖက်လေးတန် စင်္ကြံတစ်လျှောက် ကျောက် နံရံရှိရှိသမျှ ကလည်း လူရုပ်၊ နတ်ရုပ်၊ စစ်သည်တော်ရုပ်စသဖြင့် အဲဒီခေတ်အခါက ဘ၀သရုပ်ဖော် ပန်းပုတွေ ထွင်းထား တာတွေ ရှိပါသေးတယ်။

အဲသလောက် များပြားလှစွာ ကျောက်ဆစ်ပန်းပုတွေ ထုနိုင်လောက်အောင် တစ်တိုင်းပြည်လုံး အနုပညာရှင် ပန်းပုဆရာတွေ ပဲ ဖြစ်ကုန်ကြသလား။ ကျောက်တုံးကြီးတွေပေါ်မှာ အနုပညာမြောက် စွာထုထွင်းရမဲ့ အချိန်ကာလ ကိုလည်း တွက်ကြည့်ပါဦးနော်။ ကျွန်မတို့ သားအမိကိုယ့်မျက်စိရှေ့ အောက်မှာမြင်ရသမျှကို အဖြေ ရှာမရဘဲ အံ့သြငေးမော်နေမိတော့တယ်။ ရင်ပြင်ကျယ်ကြီးကနေ အပေါ်ဆုံးပစ္စယံကိုတက်ရမဲ့ အုတ်လှေကား ကတော့ ပစ်ရမစ်ပေါ် တက်ခဲ့ရတဲ့အတိုင်း မတ်စောက် ပုံက ထပ်တူပါပဲ။
Angkor Wat ကနေ အပေါ်စီးမြင်ရတဲ့ မြင်ကွင်းက ပုံဂံမြို့ဟောင်းကို သဗ္ဗညုစေတီ အထက်ပစ္စယံ ကမြင်ရတဲ့ပုံစံကို လွမ်းမောဖွယ်ရာ ရှုခင်းမို့ အမိမြေကို လွမ်းမိပါသေးတယ်။ အရာရာကလည်း တိတ်ဆိတ်ငြိမ်သက် လို့ ပတ်ဝန်းကျင်တစ်ခုလုံး လူရိပ်တောင် မတွေ့ရပါဘူး။ အောင်မြင်ကျော် ကြားမှုနဲ့ ရင်သန် လှုပ်ရှားခဲ့တာတွေ လည်း တစ်ချိန်ကျရပ်ဆိုင်း မေ့လျော့်တဲ့ အိမ်မက်တွေ ဖြစ်ကုန် တာပါပဲနော်။

ခန်းမဆောင်တွေထဲက ဘုရားရှင်ရုပ်ပွားတော တွေ့တဲ့နေရာတိုင်း ကျွန်မတို့ သားအမိ ဦးခိုက် ပူဇော်ကန်တော့ဖြစ်ပါတယ်။ ဖူးမြော်ရသမျှ ရုပ်ပွားတော်မြတ်များ သဘာဝရဲ့ လေဒဏ်မိုဒဏ် ရာသီ ဥတုဆိုးဒဏ်တွေကို နှစ်ပေါင်းတစ်ထောင်နီးပါး ခံနိုင်ခဲ့ပါရဲ့နဲ့ လွဲမှားတဲ့စိတ်ထားနဲ့ လောဘမောဟ များကြတဲ့ လက်ရှိခေတ် မသမာသူ လူသားများရဲ့ ဒဏ်ကြောင့် တချို့ရုပ်ပွားတော်များ ခေါင်းပြတ်၊ လည်ပြတ်ဖြစ်ကုန် ရပါရော၊ နှစ်ပေါင်းထောင်သက် ရှိတဲ့ ရှေးဟောင်း ရုပ်ပွားတော် ခေါင်းတွေ ဟာ နိုင်ငံရပ်ခြားက ရှေးဟောင်းပစ္စည်းကုန်သည်ကြီးတွေ လက်ထဲမှာ ဒေါ်လာငွေသိန်းသောင်း တန်တဲ့ ကုန်ပစ္စည်းဖြစ် ကုန်တာ တွေးပြီး ကြေကွဲရင်နင့်ရပါတယ်။

Angkor Wat ရဲ့မြောက်ဘက်မှာရှိတဲ့ Bayon Templeကလည်း ကြိးကျယ်ခမ်းနား တစ်မျိုး ထူးခြား နေပြန် ပါရော။ မုခ်ဦးကနေ ၀င်ရာ လမ်းမကြီးရဲ့ ၀ဲယာတစ်လျှောက် ကျောက်သားနဲ့ ထုထားတဲ့ ဧရာမ နတ်ရုပ်ကြီးတွေက တန်စီလို့နေပါတယ်။ Bayon ကို ၁၁၈၁ခုနှစ် သတ္တမမြောက်ဘုရင် Jayavarman က တည်ဆောက်ခဲ့တာပါ။ အဲဒီအချိန်က မဟာယနဗုဒ္ဓဘာသာ လွှမ်းမိုးချိန်ဖြစ်လို့ ဗောဓိသတ္တ ရုပ်ပွားတော်ပုံများ ဖြစ်ပါတယ်။ ကျောက်တုံးတွေနဲ့ ထုဆစ်ထားတဲ့ ဧရာမ ဗုဒ္ဓရုပ်ပွား တော်ရဲ့ မျက်နှာတော်များဟာ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာကို မူထားတာမို့ စကြာဝဠာက သတ္တ၀ါများ အားလုံးကို ကရုဏာတော်မျက်လုံးနဲ့ လွှမ်းခြုံပြီး ကြည့်နေသလားတောင် အောက်မေ့ရပါတယ်။
အဲလောက် ကြီးမားတဲ့ ရုပ်ပွားတော်ကြီးတွေက တစ်ခုတည်း မဟုတ်ဘူးနော်။ လေးမျက်နှာတည် ထားတဲ့ကျောက်သား မုခ်ဦးတွေဟာ ၅၄နေရာရှိတာမို့ လုပ်အားတွေ ဘယ်လောက်သုံးရမလဲဆို တာ တွက်ကြည့်ပါတော့။ ကမ္ဘောဒီးယားနိုင်ငံက ပင်ကို သယံဇာတပေါများ တဲ့ နိုင်ငံဖြစ် ပါတယ်။ ရွှေနဲ့ ကျောက်မျက်ရတနာများ ထွက်တဲ့အပြင် မဲခေါင်မြစ်ကို အားကိုးပြုပြီး စပါးကလည်း တစ်နှစ် ကိုနှစ်သီး သုံးသီး စိုက်နိုင်တာကြောင့် ဖွံ့ဖြိုးပြည့်စုံတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တာမို့ လူအင်အားတွေ ဒါ လောက်သုံးပြီး ကုသိုလ်ရေးလုပ်ခဲ့ကြတာ ဖြစ်နိုင်မှာပါပဲ။

ကမ္ဘောဒီးယားကို ရောက်လာတဲ့ ရှေးခေတ် ခရီးသည်များက "ကမ္ဘာမြေပေါ်မှာ ဖြစ်တည်နေတဲ့ နတ်ပြည်က နန္ဒ၀န်ဥယျာဉ်ကြီးတစ်ခု"လို့ ဆိုစမှတ်ပြုပါတယ်။ သုတေတစ်ဦးကလည်း ကမ္ဘောဒီး ယားက တရုတ် လိုအုပ်ချုပ်ရေးနဲ့ ပညာရေးမထားခဲ့ဘူး။ အိန္ဒယလို စာပေ၊ ကိုးကွယ်ရာ၊ အဘိဓမ္မာ နဲ့ယဉ်ကျေးမှုတွေ မကျန်ခဲ့ဘူး။ ဒါပေမဲ့ အရှေ့တိုင်းရဲ့ ဗိသုကာအတတ်နဲ့ တန်ဆာဆင်မွန်းမံမှု အတတ်မှာ အထွတ် အထိတ် ရောက်ခဲ့တာကို ပြသနိုင်တဲ့ တန်ဖိုးအရှိဆုံးရုပ်ကြွင်းတစ်ခုပဲ။ လူ့သမိုင်း ကို နှစ်ပေါင်း တစ်ထောင်ကျော် တည်အောာင် ရာဇ၀င်အဖြစ် ကျန်ခဲ့နိုင်တာကို ချီးကျူး မှတ် တမ်းပြုခဲ့ပါတယ်။

အဲဒီလို ထူးခြားဆန်းပြားလှတဲ့ ကမ္ဘာ့အံ့ဖွယ်တစ်ပါး အပါအ၀င် နေရာတစ်ခုကို ရောက်နိုင်ခွင့်ရ အောင် တကူးတက လိုက်ပို့ပေးတဲ့ သားကိုရွှေစင်ကိုလည်း ကျေးဇူးတင်ရှိမဆုံးပါပဲ။ ကမ္ဘောဒီးယား မှာနေရခိုက် အတွေ့ အကြုံတွေကတော့ စာဖွဲ့မကုန် များပြားလှတဲ့ အပျော်ရက်များလို့ ဆိုနိုင်ပါရဲ့။ သားနဲ့ အတူနေခဲ့တာ နှစ်လကြာလို့ ပြန်တော့မယ် ပြင်ဆင်ဆော့ လက်ပြခြေပြနဲ့ ရင်းနှိးချစ်ခင်ခဲ့ ရတဲ့အိမ်ဖော် ကလေးမ "စုခ"တစ်ယောက် ငိုလိုက်တာတစ်ရက်နဲ့ မပြီး၊ သုံးလေးရက်ဆက်တိုက် ငိုမဆုံးဖြစ်နေပါရော။ သူ့ကို ချော့မော့ရင်း ကျွန်မပါရောပြီးငိုပေါ့။ "မေတ္တာမှာ ဘာသာစကား မလို ဘူး"ဆိုတာ လက်တွေ့ဖြစ်ရပ် တစ်ခုပါပဲနော်။

နေရပ်မြေ ဖလော်ရီဒါကို ပြန်ရောက်ပြီး ခရီးက အပန်းဖြေလို့ တစ်လကျော်ကျော်လည်းရှိရော ကာလီဖိုးနီးယား မှာနေတဲ့ သမီးအလတ် "ယမင်း"က ခွဲစိတ်ကုသစရာ တစ်ခုနဲ့ ဆေးရုံတက်ရမယ် ဆိုတာကြောင့် သမီးဆေးရုံတက်အမီ ထိတ်ထိတ်ပျာပျာ်နဲ့ လိုက်သွားရပါတယ်။ ခွဲစိတ်ဆေးစစ် ကြည့်လိုက် မှ ရောဂါက စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်လို့ ရင်မောသက်သာသွားရပါတယ် ဆိုပါ တော့။ ဘာပဲဖြစ်ဖြစ် ရောဂါကြီးကြီး သေးသေး သားသမီး အားကိုးရာ လိုအပ်ချိန် အနားမှာ မားမား ရပ်လိုကြတာ မိခင်တိုင်းရဲ့ ဆန္ဒဖြစ်မှာပါ။
ဒီလိုနဲ့ အပျော်ခရီးတွေ သွားရင်းပျော်လိုက်၊ မထင်မှတ်တဲ့ သောကခရီးတွေပေါ်လာတော့လည်း သွားရင်း စိတ်မောလိုက်နဲ့ အကောင်းအဆိုး သံသရာလည်နေရတဲ့အထဲမှာ ဟော...အခုကျ မင်္ဂလာ ခရီး ထွက်စရာ ပေါ်လာလေရဲ့။ ရှိကာဂိုမှာ အခြေချတဲ့သားကြီး ခင်မောင်ဝင်းခန့်ရဲ့ ဒုတိယသား "ခန့်ညီညီ"က လက်ထပ် ဖို့ ဒီဇင်ဘာလ ၁၀ရက်နေ့ကို ရွေးပြီးပြီတဲ့လေ။ သူတက်တွဲမဲ့ ဘ၀ကြင် ဖော်မိန်းကလေး "မီရှယ်လ်" က အထက်တန်းကျောင်းမှာကတည်းက အတူတွဲလာခဲ့တဲ့ သူငယ် ချင်းချစ်သူ ငယ်ကျွမ်းဆွေ ဆိုပါတော့။

လက်ရှိ မြေး ၈ယောက်ထဲမှာ ပထမဆုံး ဈေးဦးပေါက် မင်္ဂလာပွဲ ဖြစ်တာကြောင့် မိသားစုအားလုံးက စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်နေကြလေရဲ့။ အနယ်နယ် ရောက်ရှိနေကြတဲ့ ကျွန်မသားသမီးတွေ ရှီကာဂို မင်္ဂလာပွဲ မှာ တစ်ခါပြန်ဆုံဖြစ်ကြပြန်ပါရော။ ကမ္ဘောဒီးယားရောက်နေတဲ့ သားအလတ် "ရွှေစင်" တစ်ယောက် ပဲ ခရီးက ဝေးကွာလွန်းတာမို့ မလာဖြစ်နိုင်ပါဘူး။
ကျွန်မရဲ့သားကြီး ခင်မောင်ဝင်းခန့်လည်း အကျိုးပေး ကောင်းတယ်လို့ ပြောရမလား မသိ။ သားချည်း လေးယောက်ထွန်းကားထားလို့ တစ်ယောက်တစ်မျိုး တေကြ ပေကြမလား ကျွန်မက တွေပြီး စိတ်ပူနေ မိတာပါ။ အရွယ်ရောက်လာကြတော့လည်း ညီအစ်ကိုတစ်တွေ စုပြီး ကြိုးနဲ့သီ ထား သလားအောက်မေ့ ရတယ်။ ဘာလုပ်လုပ် ဘယ်သွားသွား လေးယောက်အတွဲလိုက်ကြီး။ အခု အစ်ကိုအလတ် က လက်ထပ်မယ်ဆိုတော့လည်း မိသားစုထဲမှာ မိန်းကလေးတစ်ဦး တစ်ယောက်မှ မရှိခဲ့ဖူး တာကြောင့် မရီးတော်ရမဲ့ "မီရှယ်လ်"ကို အစ်မတစ်ယောက် ကောက်ရကြတဲ့အတိုင်း အားလုံးက ၀ိုင်းပြီး ဖူးဖူးမှုတ် ထားကြလေရဲ့။

အရှေ့တိုင်းနဲ့ အနောက်တိုင်းမူညီတဲ့ ခံယူချက်ကလေးတွေရှိပါတယ်။ ဒီမှာ သားသမီးတွေ အသက် ၁၈ပြည့် လို့ အခြေခံပညာရေးကျောင်းပြီးတာနဲ့ အိမ်ကထွက်၊ တက္ကသိုလ်သွား၊ ဘွဲ့ရ ပြီရင်အလုပ်ဝင်၊ ကိုယ့်အိမ်နဲ့ကိုယ့်ကားနဲ့ ကိုယ့်ဘ၀ကိုထူထောင်ကြတာက ပုံမှန် လူနေမှု စနစ် တစ်ခုပါပဲ။ မိဘကို မှီခိုပြီး နေသူမျိုးက ခပ်ရှားရှား၊ လက်ထပ်ပြီး မိဘအိမ်မှာ အတူနေသူဆိုတာ မရှိ သလောက်ပါပဲ။
ကျွန်မမြေးတွေ ကျတော့ တစ်ဖက်မှာ အမေဆီက အနောက်တိုင်း ခံယူချက်တွေ ရှိထားပေမဲ့ မြန်မာ လို အုပ်ချုပ်ထားတာမို့ အဖေက အဖြူဆို ဘယ်သူကမှ မမည်းရဲကြပါဘူး။ တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ ရခဲ့ပြီးတဲ့တိုင် ခန့်ညီညီ က မိဘအိမ်မှာ မြန်မာမိသားစုတွေလို အတူနေရဆဲ။ အလုပ်အကိုင်ကျတော့လည်း အဖေ့ဆန္ဒအရ အဖေ့ကုမ္ပဏီမှာ ၀င်လုပ်ရ၊ အခု လက်ထပ်ပြီးတော့ လည်းအဖေက ကိုယ်ပိုင်အိမ် ၀ယ်နိုင်အောင် ငွေစုပြီးမှ ပြောင်းရမယ်ပြောထားလို့ အောက်ထပ်မှာ သူတို့ဇနီးမောင်နှံ တစ်နှစ်ကြာ နေကြပြီး ငွေ စုကြဦးမှာတဲ့လေ။

တချို့က ချမ်းသာခြင်းကို ဥစ္စာဓနငွေကြေးဆိုတာတွေနဲ့ တိုင်းတာကြတယ်။ ကျွန်မကတော့ တစ်ဦးတည်း သမီး အထီးကျန် ဘ၀က လာခဲ့ရတာမို့ ချမ်းသာခြင်းကို သိုက်ဝန်းတဲ့ မိသားစုကြီးနဲ့ တိုင်းတာလိုပါတယ်။ ကျွန်မ ရဲ့ သားသမီး ကျွန်မရဲ့မြေးမြစ်တွေဟာ ညီအစ်ကို မောင်နှမ၊ ဦးလေး အဒေါ်၊ မိဘနှစ်ပါးနဲ့ အဘိုး အဘွားတွေ ရဲ့ မေတ္တာကို အချိန်အခါမလပ် ရနိုင်တာမို့ လုံခြုံချမ်းမြေ့ တဲ့ဘ၀ ရကြတဲ့အတွက် သူတို့ကို ကြည့်ပြီး ကျေနပ်ပီတိ ဖြစ်ရတယ်ပေါ့။
ဒီလိုနဲ့ ၁၉၉၅နှစ်သစ် ကို အေးချမ်းစွာနဲ့ ကြိုဆိုဖြစ်တယ်ဆိုပါတော့။ နှစ်ဦးမှာ သမီးသူဇာက လာလိုက်၊ မြေး ခန့်ကိုကို နဲ့ ခန့်အောင်အောင်က ရောက်လာလိုက်နဲ့ ကျွန်မလည်း သားသမီး မြေးတွေနဲ့ အိမ်မှာ ပွဲစည်ရတော့လည်း တစ်လ တစ်လ ခဏလေးနဲ့ ကုန်သွားသလိုပါပဲ။ မတ်လ ကုန် Spring Break နွေဦးကျောင်း ပိတ်ရက်တွေကတော့ သမီးကေသီတို့ မိသားစုက ကိုလိုရာဒိုမှာ နှင်းလျှောစီးတဲ့ ...သွားကြလေ ရဲ့။ ပြန်လည်းလာရော မရွှေကေသီ နှင်းလျှောစီးကောင်းခဲ့တာ ကြောင့်ချော်လဲရာက ဒူးနှစ်ဖက် စလုံး ဒဏ်ရာဒဏ်ချက်နဲ့ ဆေးရုံတက်ရတော့တာပဲ။

ဆရာဝန်က ဒူးနှစ်ဖက်စလုံးကို ခွဲစိတ်ကုသရမယ်လို့ ပြောပါတယ်။ တစ်ခါတည်း ခွဲလို့မရဘဲ ဒူး တစ်ဖက်ကို တစ်ခါစီ ခွဲရမှာတဲ့။ ဒါကြောင့် ဘယ်ဘက်ဒူးကို အရင်ခွဲစိတ်ရပါတယ်။ အိမ်ပြန်လာ တော့ ချိုင်းထောက်ကြီးနဲ့ပေါ့။ သမီးမှာ ထိခိုက်ဒဏ်ရာရတယ်ဆိုတော့ အနီးကပ်ပြုစုစောင့်ရှောက် ဖို့သမီး အိမ်မှာပြောင်းနေရပါတယ်။ မိသားစုဆိုတာ တစ်ဦးကိုယ်တစ်ဦး မေတ္တာနဲ့ အမှီပြုနေ ကြရ တာ မဟုတ်လားနော်။ ကျွန်မနဲ့ သမီးကေခိုင် ချိုင်းထောက်ကိုယ်စီနဲ့ ဒုက္ခိတဘ၀ရောက်တုန်းက လည်း သမီးကေသီ ပဲ အမေနဲ့အစ်မကို အိမ်မှာအတူခေါ်ထားပြီး တာဝန်ယူပြုစုခဲ့တာပါ။ အလေး ထားဂရုစိုက် တာဝန်ယူမှု မှန်သမျှက မေတ္တာရဲ့အတိုင်းအတာကို ပြသခြင်းပါပဲ။

ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး တစ်သက်လုံး ကျန်းကျန်းမာမာသွားသွား လာလာလှုပ် လှုပ် ရှားရှားနေလာရာက ဒူးတစ်ဖက်ခွဲပြီး တစ်လအကြာနေက်တစ်ဖက် ထပ်ခွဲပြီးချိန်မှာ ချိုင်း ထောက်ကြီး နဲ့ နေရတဲ့ဘ၀ကို ငြီးငွေ့ပြီး သမီးစိတ်မကျစဖူး ကျလာပါရော။ စိတ်ဓာတ်ကျမှန်း သိ လို့သူရဲ့ သူငယ်ချင်းတွေကလည်း ဂရုစိုက်ကြပါတယ်။ ကားပေါ်မှာ သက်သက်သာသာ ထိုင် လိုက် နိုင်အောင် ခေါင်းအုံးတွေ သုံးလေးဆင့် ပြင်ဆင်ပြီး အိမ်နားက ပင်လယ်ကမ်းခြေတစ်လျှောက် သမီး စိတ်အပန်းပြေရအောင် ညနေတိုင်း ကားမောင်းလိုက်ပို့ပေးသူနဲ့ နေ့လယ်နေ့ခင်း ကြိုက် တတ်ရာ အစားအစာတွေ ယူလာပြီး အိမ်မှာအဖော်လုပ်ပေးကြရင်း အားပေးနှစ်သိမ့်သူနဲ့။
သူ့ခင်ပွန်း ဂယ်ရီ ခမျာလည်း ဆေးရုံ ၁၁ရုံ တာဝန်ယူထားသူမို့ ခွဲစိတ်ခန်းတကာလှည့် ခွဲစိတ်ရတဲ့ အထဲက အချိန်ဖဲ့ပြီး ဇနီးကို ဂရုစိုက်ဖေးမအားပေးရရှာသေးတာပါ။ အဝေးရောက် မောင်နှမတွေက လည်း တစ်ချိန် လုံး ဖုန်းဆက်ပြီး သူတို့ ညီမကို နှစ်သိမ့်ကြ၊ အထွေးဆုံးညီမ "သူဇာ"ကတော့ တခြားမောင်နှမတွေလို အလုပ် တာဝန် မရှိတာကြောင့် သူ့အစ်မအနားမှာ ပြုစုပေးဖို့ အပြေးရောက် လာလေရဲ့။

"ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါး"ဆိုတဲ့ စကားဟာ အမှန်ပါပဲ။
ဘယ်လောက်ပဲ အားလုံးက ၀ိုင်းဝိုင်းလည် ဂရုစိုက်ကြတယ်ဆိုပေမဲ့ နှစ်သိမ့်ရုံ၊ အားပေးရုံ ကူညီပြုစု စောင့်ရှောက်ရုံလောက်သာ လုပ်ပေးနိုင်ကြတာပါ။ ကိုယ်ချစ်ရသူ ဝေဒနာခံစားနေရတာကို မကြည့် ရက်လို့ ကိုယ်စားလွှဲယူဝင်ခံစားပေးချင်ပေမဲ့ ရတာက မဟုတ်။ ဒီတော့သမီးခမျာ ခံစားရတဲ့ ဝေဒ နာကတစ်မျိုး၊ မစွမ်းဆောင်နိုင်လို့ အိမ်ရှင်မဘ၀ ခင်ပွန်းအပေါ်မှာလည်း တာဝန်မကျေနိုင်။ မိခင် အနေနဲ့ သားသမီးလေးတွေ အနားကပ် ပူဆာသမျှ မဖြည့်ဆည်းနိုင်တဲ့ အပြင် ကိုယ်ကိုယ်တိုင် လည်းခါတိုင်း လို ဖြီးဖြီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်နဲ့ တက်တက်ကြွကြွ သွားသွားလာလာ စိတ်သွားတိုင်း ကိုယ် မပါနိုင်တာကြောင့် ချမ်းမြေ့ပျော်ရွှင်စရာ ကောင်းလှတဲ့ သမီးဘ၀လေးက တစ်စစီ ခြွေချသလို အားငယ်စရာကောင်းနေတာပေါ့။
အရေးထဲ တစ်ပူပေါ် နှစ်ပူဆင့်ရတဲ့ အဖြစ်ကလေးတစ်ခုကလည်း ကြုံရပါသေးတယ်။ တစ်နေ့ခင်း သမီးငယ်မသူဇာက ဆေးဝယ်ဖို့ သွားရာက ပြန်အလာမှာ ခြံဝင်းတံခါးကို ဖွင့်လိုက်တော့ ၀င်းတံ ခါးသံဆူးချောင်းတွေရဲ့ ကြားထဲမှာမွေးကင်းစ ကြောင်လေးတစ်ကောင်က ညပ်ပြီး ပါလာပါလေ ရော။ ဘယ်ကကြောင်မက ခြံထဲရောက်လာပြီး သားပေါက်ထားလဲဆိုတာလည်း မသိ၊ ခြံတံခါးက ကားထဲကနေ ခလုတ်နှိပ်ပြီး ဖွင့်လို့တဲ့ အော်တိုမတ်တစ်တံခါးဖြစ်တာ့ ကြောင်ပေါက်စလေး သံဆူး ချောင်း ထဲရောက်နေတာ လည်း လှမ်းမမြင်နိုင်။

သမီးကေသီ ကို သတင်းလာမေးကြတဲ့ မေရီတို့ ဇနီးမောင်နှံက ကျွန်မတို့ကို နှုတ်ဆက်ပြီးအထွက် မှာကြောင်လေး ညပ်နေတာ ကို အတွင်းဘက်က လှမ်းမြင်ရပြီး အော်ကြလို့ သိရတာပါ။ မေရီရဲ့ ခင်ပွန်း အကူအညီ နဲ့ ကြောင်လေးကို ဆွဲထုတ်လို့ရတာ ခြေထောက်ကလေး နှစ်ချောင်းက စိစိ ညက်ညက်ကြေပြီး ခန္ဓာကိုယ် ကနေ ပြုတ်ကျတော့မတတ် တွဲလောင်းကြီး ဖြစ်နေတာ မကြည့်ရက် နိုင်စရာပါပဲ။
သမီးသူဇာ က သူ့ကြောင့်ဒီလိုဖြစ်ရပါတယ်ဆိုပြီး ရှိုက်ကြီးတငင် ငိုရင်းနဲ့ ကြောင်ကလေး ကိုသူ ကိုယ်တိုင် တိရစ္ဆာန်ဆေးရုံကို ခေါ်သွားလေရဲ့။ အရေးပေါ်ဆေးရုံတင်ခ ဒေါ်လာ ၁၂၀ကုန်တာသာ အဖတ်တင်ပြီး ကြောင်ကလေးကို ကယ်တင်ခွင့်မရလိုက်ဘဲ သေသွားပါတော့တယ်။

ဘယ်ဆီဘယ်က ရောက်လာမှန်းမသိတဲ့ ကြောင်ကလေးကို မျက်စိတစ်မှိတ်လောက်သာ မြင်တွေ့ ရတာဖြစ်ပေ မဲ့ ကြုံရတဲ့အဖြစ်ဆိုးကြောင့် သနားစာနာစိတ်နဲ့ တစ်အိမ်လုံး ရှိုက်ကြီးတငင်ငိုလိုက် ကြတာ တကယ့် အသုဘအိမ်အတိုင်း။ အထူးသဖြင့် သမီးသူဇာက အဆိုးဆုံး။ သူကြောင့် ဖြစ်ရလေ ခြင်းဆိုတဲ့ စိတ်နဲ့ ၀မ်းနည်း မဆုံး ဖြစ်နေလေရဲ့။ ဒါ့အပြင် သူ့မှာခံစားချက် ပိုကဲတာက လည်းအကြောင်းရှိပါတယ်။ ဖလော်ရီဒါ ကို ထွက်မလာခင် တစ်နေ့ကပဲ ဆရာဝန်နဲ့ စစ်ဆေးတော့ ၀မ်းကြာတိုက်မှာ သားသမီး ရတနာလေး သန္ဓေတည်နေပြီဆိုတဲ့ မင်္ဂလာ သတင်းကိုရလာခဲ့လို့ပါ ပဲ။

"မာမီ ကြောင်လေး အဲဒီကြားထဲမှာ ရှိနေတယ် ဆိုတာ သမီးတကယ်မသိလို့ ဖြစ်သွားတာပါ။ သမီး မှာအခု ကိုယ်ဝန်နဲ့ ငရဲကြီးပြီး ၀ဋ်လိုက်ရင် ဘယ်လိုလုပ်မလဲဟင်"နဲ့ ပြောရင်း အမေ့ရင်ခွင်ထဲ အားကိုးတကြီးဝင် တိုးရင်း ရှိုက်ကြီး တငင်ငို။
"ဟုတ်တယ် မာမီ၊ သမီးအိမ်က ၀င်းတံခါးကြောင့် ဖြစ်တာဆိုတော့ သမီးလည်း ငရဲကြီး ၀ဋ်လိုက် မလား မသိဘူး။ သမီးခြေထောက်တွေ ပြန်မကောင်းရင် ဘယ်လိုလုပ်မလဲဟင်"နဲ့ မေးရင်း သမီး ကေသီပါ တရှိုက်ငင်ငင်ဖြစ်။
"စေတနာ မပါရင် အကုသိုလ်မမြောပါဘူး သမီးရယ်"နဲ့ နှစ်ယောက်စလုံး ကို ချော့ရ၊ နှစ်သိမ့် ရ၊ ဖျောင်းဖျရတဲ့ အထဲက မြေးခန့်စန္ဒီကလည်း တစ်မှောင့်။ အမေနဲ့ အဒေါ်နှစ်ယောက်ကြားထဲမှာ သူပါ ရောငိုနေရင်းက...
"ဘွားဘွား အခုဆို ကြောင်လေးက ကောင်းကင်ဘုံကို ရောက်သွားပြီပေါ့နော်။ ဒီလိုဖြစ်ရတာ ၀မ်းနည်း ပါတယ်လို့ သူ့ဆီတောင်းပန်စာ ရေးချင်တယ်။ ကောင်းကင်ဘုံကို စာထည့်လို့ရမလား ဟင်"တဲ့။

ကိုးနှစ်သာ ရှိသေးတဲ့ မြေးရဲ့ဆန္ဒကို "ဟင့်အင်း"မပြောရက်တာနဲ့ "အေး...အေး... သွားရေးချေ" ဆို ပြီးပြောလိုက်ရပါတယ်။ အခုဒီဆောင်းပါးကိုရေးနေဆဲ တစ်ပတ်လောက်အရင်က ကျွန်မ သိမ်းထား တဲ့ "ကောင်းကင်ဘုံ က ကြောင်းကလေးသို့"လိပ်စာနဲ့ စာလေးပြန်တွေ့တာနဲ့ ဒီအဖြစ်ကို သတိရ ပြီးပြုံးမိ ပါသေးတယ်။
၇နှစ်ကြာပြီး တဲ့ အခုချိန်မှာသာ ပြန်လှည့်ကြည့်ရင်း ပြုံးနိုင်တာနော်။ ဖြစ်ဆဲအချိန်တုန်းက ကျွန်မမှာ အရူးမီးဝိုင်း။ ချိုင်းထောက်နဲ့ ဝေဒနာရှင်သမီးကိုလည်း အားမငယ်စေချင်။ ကိုယ်ဝန်ရခါစ မိခငလောင်း သမီးကို လည်း စိတ်မထိခိုက်စေလို။ ငယ်ရွယ်နုနယ်သေးတဲ့ မြေးလေးရဲ့ နှလုံးသားမှာ လည်းဒဏ်ရာ ရမှာစိုးလှတာမို့ ကာကွယ်ရ၊ အမေတစ်ယောက်ရဲ့ဘ၀ကလည်း မလွယ်လှပါရဲ့။
ကျွန်မရဲ့သားသမီးတွေထဲမှာ သမီးကေသီက စိတ်ဓာတ်ရော၊ ခန္ဓာကိုယ်ဖွဲ့ စည်းပုံပါအပျော့ဆုံး။ မိသားစု အတွင်း တစ်ခုခု အဆိုးကြုံတိုင်း အများထက် သမီးက ပိုခံစားတတ်မြဲပါ။ သား ဇာနည် တုန်းကလည်း ဗုန်းဗုန်းလဲ မတတ် ခံစားခဲ့ရှာတာပါ။ ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင်လည်း သူက ပိုနာတတ်သေးတာနော်။ နန်းမတော်မယ်နု နဲ့ ဘယ်နှဝမ်းကွဲ ညီမတော်ကြလဲ လို့တောင် ပြောရမ လိုဆိုတဲ့ အထဲကလေ။

အခုလည်း ပထမ ဒူးခွဲစိတ်ပြီးတဲ့ ရက်က တွက်လိုက်ရင် ချိုင်းထောက်နဲ့ နေရတာ သုံးလကျော်ခဲ့ ပါပြီ။ ဒုတိယ ဒူးခွဲပြီးတဲ့နောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း Therapy တစ်ပတ် သုံးကြိမ်း သွားလုပ်ရင်း လမ်းပြန်လျှောက်နိုင် ဖို့ လေ့ကျင့်နေရဆဲပါပဲ။ ချက်ချင်း "ဥုံဖွ"နဲ့ ပျောက်နိုင်တဲ့ ရောဂါမျိုး မဟုတ်တော့ လည်း စိတ်ရှည်ရှည်ထားပြီး ကုသရတာပေါ့။ ကျန်တဲ့မောင်နှမတစ်တွေက သူတို့ရဲ့အစ်မ စိတ်ဓာတ်ကျနေမှန်း သိတော့ စိတ်ကြည်လင်ပျောရွှင်သွားအောင် လာမဲ့ဇူလိုင် ၄ရက်၊ အမေရိကန်ပြည်ထောင်စု ရဲ့ လွတ်လပ်ရေးနေက နှစ်ပတ်လည်ရုံးပိတ်ရက် ဟောလီဒေးမှာ အတူစုပြီး အပျော် ခရီးထွက်ကြဖို့ စီစဉ်ကြလေရဲ့။

ပြည်နယ်အသီးသီးက မောင်နှမတစ်တွေ စုရပ်အဖြစ် ဆုံကြဖိုက "သူဇာ့"အိမ်ကိုရွေးချယ်ကြပါ တယ်။ သွားလည်မှာက အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ နှစ်ခုကြားမှာ တည်ရှိနေတဲ့ နာမည်ကျော် နိုင်ဂရာရေတံခွန်ကြီးဆိုတော့ သူဇာနေတဲ့ Pittsburgh မြို့နဲ့ ၈နာရီခရီးပဲဝေးတာမို့ အဆင်ပြေ တယ်ပေါ။ နိုင်ဂရာရေတံခွန်မှာ နှစ်ရက်ကြာ နေပြီးကနေဒါနိုင်င့က တိုရန်တိုမြို့ကို ကူးကြဦးမှာလေ။
မောင်နှမတွေအားလုံး ဆုံမိတော့ပွဲတော်ကြီးပါပဲ။ အခန်းအပြည့် လူအပြည့်အပြင် ဧည့်ခန်းမှာ လည်းတန်းစီိပ်တဲ့သူက အိပ်၊ ခုတင်ပေါ် နေရာရထားသူလည်း ကြမ်းပေါ်က အုပ်စုထဲ လာတိုးလို တိုး၊ ညလုံးပေါက်နီးပါး မအိပ်ဘဲ တရုန်းရုန်ဖြစ်နေပုံက မျက်စိနောက်ချင် စရာ ကောင်း လှပါရဲ့။ နောက်တစ်နေ့မှာက ဗင်ကားအကြီးကြီးတစ်ခု ငှားပြီး ခရီးစထွက်ပါတယ်။ ခရီး တစ်လျှောက်လုံး ကားပေါ်မှာစားကြ သောက်ကြ အကြောင်းကြောင်းတွေ ပြောကြရင်း တဟားဟား ရယ်မောကြ စကြနောက်ကြ ပြောင်ကြဆိုတော့ သမီးကေသီရဲ့ မျက်နှာလေး နည်းနည်းတော့ လန်းဆန်းလာပါ တယ်။

ကနေဒါ နယ်ခြားစခန်းကို ဖြတ်ကျော်ပြီးမှ နိုင်ဂရာ ရေတံခွန်အနီးက ဟိုတယ်မှာ တည်းကြပါတယ်။ ကနေဒါဘက်က မြင်ရတဲ့ နိုင်ဂရာရေတံခွန် ရှုခင်းက ညဦးယံရဲ့ မီးရောင်စုံအောက်မှာ အသက်ရှူ မှားလောက်အောင် လှပလွန်းပါရဲ့။ မြောက်ပိုင်းရောက်လာလို့ နွေအခါပေမဲ့ ရာသီဥတုက အေးမြ မြလေ။ ညနေစာ စားအပြီး ကမ်းနားတစ်လျှောက် လမ်းလျှောက်ကြတော့ လမ်းမလျှောက်နိုင်ရှာတဲ့ သမီးကေသီက Wheel Chair ကြီးနဲ့ပေါ့။ အငယ်ဆုံးကောင် "အိန္ဒာ"က သူ့အစ်မကို ဂရုတစိုက်နဲ့ Wheel Chair ကိုတာဝန်ယူတွန်းလေရဲ့။
နောက်တစ်နေ့ မနက်အစောကြီးမှာ ဂယ်ရီက အားလုံးအတွက် လက်မှတ်ဝယ်ပြီး နိုင်ဂရာရေတံ ခွန်ကြီး တစ်လျှောက် သင်္ဘောနဲ့ သွားကြည့်ကြဖို့ ခေါ်သွားပါတယ်။ ရေစိုခံအောင်လို့ သင်္ဘောပေါ် တက်တာနဲ့ မိုးကာ အင်္ကျီအပြာရောင်တွေ လူစေ့ဝတ်ဖို့ ထုတ်ပေးတာနဲ့ အားလုံးဆင်တူဝတ်သွား ရတာ တပျော်တပါးပါးပဲ။ နိုင်ဂရာရေတံခွန်မှာ နှစ်ရက်ကြာလည်ကြပြီး တိုရန်တိုမြို့အထိ ခရီးဆက် ကြဖို့ နောက် တစ်နေ့မနက် ကားနဲကထွက်ကြပြန်ပါရော။

ခရီးတစ်လျှောက်လုံး မောင်နှမတစ်တွေက အစ်မမျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ လိုလေသေး မရှိဝိုင်းဝန်းဂရုစိုက်ကြတာ မြင်ရတော့ မိခင်ဖြစ်တဲ့ ကျွန်မရင်မှာ ကျေနပ်ကြည်နူးစိတ်နဲ့အတူ ချမ်း မြေ့မှုကို ခံစား ရပါတယ်။ သူတစ်ပါး ခံစားမှုကို စာနာ နားလည်ပေးခြင်းက လည်း မေတ္တာရဲ့ သင်္ကေတ တစ်ခုပါပဲ။ မေတ္တာနဲ့ ရှုမြင်ရင် တစ်ဦးရင်ထဲမှာတင် တိုးတိုးတိတ်တိတ်ကလေး ပြောတဲ့ စကား ကိုလည်း ကြားနိုင်တယ်၊ တစ်ယောက်မျက်လုံးရဲ့ အရိပ်ကို တစ်ယောက်ကြည့်တာနဲ့ ခံစား ချက်ကို သိနိုင်တာ မဟုတ်လားနော်။

အထူးသဖြင့် နာမကျန်းချိန်မှာ အလေးထား ဂရုစိုက်ခြင်းမေတ္တာဟာ အစွမ်းထက်သော ဆေးတစ်ပါး ပါပဲ။ လူသားတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ထဲမှာ အသက်ရှင်နေရတာနဲ့တင် မပြီး သေးပါဘူး။ ကိုယ်က မေတ္တာပေးဝေစရာ ချစ်ခင်ရသူ မိသားစုနဲ့ တကွ မိတ်ဆွေသင်္ဂဟအသိုင်း အ၀ိုင်းတွေ လိုအပ်သလို ကိုယ်က ချစ်ခြင်းကို ရယူခံစားဖို့ မေတ္တာများလည်း လိုအပ်တာအမှန်ပါ ပဲ။
အခုထွက်ဖြစ်ခဲ့တဲ့ ခရီးကတော့ ပြန်လည်သန်စွမ်းလာအောင် Therapy ယူရသလို သမီးရဲ့စိတ် ဓာတ်ကြည်လင် ရွှင်လန်းစွာနဲ့ ကြံ့ခိုင်သန်စွမ်းစေဖို့ မောင်နှမတစ်တွေက ၀ိုင်းပေးလိုက်ကြတဲ့ မေတ္တာ Therapy တစ်ခုဆိုရင်လည်း မမှားပါဘူးလေ။

ဆက်ရန်
.

No comments: