Saturday, April 6, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆၁)

အထူးသဖြင့် နာမကျန်းချိန်မှာ အလေးထား ဂရုစိုက်ခြင်းမေတ္တာဟာ အစွမ်းထက်သော ဆေး တစ်ပါး ပါပဲ။ လူသားတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ထဲမှာ အသက်ရှင်နေရတာနဲ့တင် မပြီး သေး ပါဘူး။ ကိုယ်က မေတ္တာပေးဝေစရာ ချစ်ခင်ရသူ မိသားစုနဲ့ တကွ မိတ်ဆွေသင်္ဂဟအသိုင်း အ၀ိုင်းတွေ လိုအပ်သလို ကိုယ်က ချစ်ခြင်းကို ရယူခံစားဖို့ မေတ္တာများလည်း လိုအပ်တာအမှန်ပါ ပဲ။
အခု ထွက်ဖြစ်ခဲ့တဲ့ ခရီးကတော့ ပြန်လည်သန်စွမ်းလာအောင် Therapy ယူရသလို သမီးရဲ့စိတ် ဓာတ်ကြည်လင် ရွှင်လန်းစွာနဲ့ ကြံ့ခိုင်သန်စွမ်းစေဖို့ မောင်နှမတစ်တွေက ၀ိုင်းပေးလိုက်ကြ တဲ့ မေတ္တာ Theraphy တစ်ခုဆိုရင်လည်း မမှားပါဘူးလေ။
ကို ဆက်ဖတ်ရန် ....

အပိုင်း (၆၃)

Jon Bon Jovi က "ကိုယ့်ရဲ့ အနာဂတ်ခရီးကို ဘယ်လို သွားမယ်ဆိုတာ လျာထား ဖို့ မြေပုံတစ်ခု တော့လိုအပ်ပါတယ်။ ဒါပေမဲ့ ခဲတံနဲ့ဆွဲမှ ဖြစ်မယ်နော်"တဲ့။
ဟုတ်တယ်လေ။ အမြဲတမ်း အပြောင်းအလဲတွေ ရှိနေတတ်တဲ့ ဘ၀ခရီးကို တစ်သမတ်တည်း ပုံ သေကားကျ တွက်ပြီး မင်နဲ့ အပီအပြင်ရေးထားလို့ ရနိုင်တာမှ မဟုတ်ဘဲ။ လူသားတိုင်းနေ့စဉ်နဲ့ အမျှ လမ်းဆုံ လမ်းခွ ကိုရပ်နေတာပဲ။ ကိုယ့်ရဲ့တိုးတက်ကြီးပွားရာ ကြီးပွားကြောင်း ဘယ်လမ်းကို လိုက်ရမယ် ဆိုတဲ့ ရွေးချယ်မှုတွေကတော့ ကိုယ့်ရှေ့မှာ ရှိနေတတ်ပါတယ်။
တစ်ခါတလေ ကိုယ်က အလေးမမူမိလို့ မမြင်လိုက်ရတာ ဖြစ်ချင်ဖြစ်မယ်။ အခွင့်အလမ်းဆိုတာ မျက်မှောက် မှာ ရှိနေတတ်မြဲပါ။ ရွေးချယ်မှုပေါ်မှာ မူတည်ပြီး ဘ၀ခရီးလမ်းက ပြောင်းချင်ပြောင်း သွားပြန်ရော။

ကျွန်မရဲ့သား ကိုရွှေစင်လည်း ကမ္ဘောဒီးယားမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပေမယ့် ဌာနဆိုင်ရာ အတွင်း မှာ အလုပ်ခွင်သစ်တစ်ခု ပေါ်ပေါက်လာတာကြောင့် သားက စိတ် ၀င်စားပြီး လျှောက်လိုက်တော့ အားလုံးသော အင်တာဗျူးတွေအပြီး ရွေးချယ်ခြင်းခံရပါတယ်။ ဒီတော့ တစ် နှစ်ခွဲ နဲ့ ကမ္ဘောဒီးယားက တာဝန်ကို လူစားလွှဲထားခဲ့ပြီး ၀ါရှင်တန်ကို ပြန်လာရမယ်ဆိုတဲ့ သတင်းကောင်း ကိုကြားရတော့ ကျွန်မတို့မိသားစု ၀မ်းသာပီတိဖြစ်လို့ပေါ့။
စာဆို တစ်ဦးက လူသားတွေရဲ့ နှလုံးသားထဲက ကရုဏာ၊ စေတနာနဲ့အတူ လေးစားခြင်း၊ မြတ်နိုး ခြင်း၊ တန်ဖိုး ထားခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ ဒြပ်တွေ စုစုပေါင်း ပေါင်း စပ်လိုက်ရင် "မေတ္တာ" ဆိုတဲ့ အစွမ်းထက် ဆေးတစ်ပါး ရရှိနိုင်ပါမယ်တဲ့။

ကျွန်မသမီး မကေသီလည်း နိုင်ဂရာနဲ့ ကနေဒါနိုင်ငံ ခ၇ီးတစ်လျှောက် မိသားစု ညီအစ်ကို မောင်နှမ တွေရဲ့အားပေးစောင့်ရှောက်မှု မေတ္တာတွေ အပြည့်အ၀ ရလိုက်တာကြောင့် ကြည်ကြည် လင်လင် ရွှင်ရွှင်လန်းလန်း ရှိလာလေရဲ့။
မိသားစု တင်မကပါဘူး။ ကျွန်မရဲ့ သမီးတစ်ယောက်လို ချစ်ရတဲ့ နယူးယောက်ခ်က ချိုချိုဦးက လည်း တကူး တက ဖလော်ရီဒါ ကို ဆင်းလာပြီး ဆယ်ရက်ကြာ သူ့အစ်မ ကေသီကို ကူညီစောင့် ရှောက်ပြု စုပေးသေး တာပါ။ ချိုချိုဦးကလည်း ပြန်ရော ကမ္ဘောဒီးယားက သား ကိုရွှေစင် လည်း ပြန်ရောက်လာလေရဲ့။ သား ကလည်း အစ်မအိမ်မှာ အတူနေပြီး တစ်လှည့်အစ်မ ကိုဂရုစိုက်ပေါ့။
လူသားတစ်ယောက်အနေနဲ့ မွေးလာတော့လည်း အားကိုးရာမဲ့ သူတစ်ပါး အစောင့်အရှောက်လို တာပါပဲ။ ကြားကာလမှာ မကျန်းမာရင် အစောင့်အရှောက်က လိုအပ်မြဲမို့ ကိုယ်တတ်နိုင်တဲ့အခိုက် သူတစ်ပါး ကို စောင့်ရှောက်ခွင့် ကြုံတဲ့အခါ အပြည့်အ၀ပေးကြရင် အကောင်းဆုံး ဒါနမြောက်သော လက်ဆောင်တစ်ခု ဖြစ်တာပါပဲနော်။

အမေရိကား မှာ ရုပ်ဝတ္ထုတွေ ပြည့်စုံသလောက် တစ်ခုခု လိုအပ်ရင် စောင့်ရှောက်ပေးမဲ့ အသိုင်းအ ၀ိုင်းက အလွန် ရှားပါတယ်။ ကျွန်မတို့မှာ မိသားစုက ကြီးမားပေလို့ တစ်ယောက်အကူအညီ လိုအပ်ရင် တစ်လှည့်စီ ပြေးလာဖော်ရတာကြောင့် ခံသာသေးတာပါ။ သမီးကေသီလည်း သူ့မောင် ကိုရွှေစင်ပြန်ရောက် လာတော့ အားရှိကျေနပ်လို့ပေါ့။ အားလုံးထဲမှာ သူတို့ မောင်နှမက မြန်မာပို ဆန် ပါတယ်။ မြန်မာကဗျာ နဲ့ စာပေမြတ်နိုးတာလည်းတူ၊ မြန်မာသီချင်းတွေ နှစ်သက်သဘောကျ တာလည်း တစ်ထပ်တည်း မို့ အတွဲညီတာကြောင့် ပိုပြီးနီးစပ်ကြတယ်ပေါ့။

ဒီလိုနဲ့ သားလည်း နှစ်ပတ်ကြာ ခွင့်ရက်စေ့တော့ ၀ါရှင်တန်ကို သွားရပါရော။ သမီးကေသီလည်း စိတ်ကြည်ကြည် လင်လင် ဖြစ်ရုံမကဘူး၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတဲ့အတွက် ချိုင်းထောက် လွတ်လမ်းပြန်လျှောက်နိုင်ပြီမို့ ကျွန်မလည်း စိတ်အေးရပြီး အိမ်ကိုပြန်ပြောင်းလာဖြစ်တော့တယ်။ ကိုယ့် အိမ်လေး ကိုယ်ပြန်ရောက်တော့ တိတ်ဆိတ်ငြိမ်သက် အေးချမ်းစွာနဲ့ ခေတ္တခဏ ဘ၀ အမော တွေဖြေလိုက်ဦးမယ် စိတ်ကူးထားပါတယ်။ မထင်မှတ် ပြဿနာတစ်ခု ပေါ်လာပြန်ပါရော။
"ရယ်မောရခြင်း ဟာ အသက်ရှည်ဆေးတစ်ခွက်"တဲ့။

ကျွန်မမှာ သားသမီးတွေနဲ့ ပတ်သက်ပြီး အမောတွေရှိသလို ရယ်မောရတဲ့ အခါများစွာလည်း ကြုံရ သေးတာပါ။ ဒါကြောင့် ခုချိန်ထိ ကျန်းမာစွာနဲ့ အသက်ရှည်နေသလား မသိလို့ တစ်ခါတစ်ခါ အတွေးရောက် မိပါတယ်။ သန္တာစမ်းက အိမ်ကို ရောင်းဖို့ အစီအစဉ်လုပ်နေဆဲကာလ ကျွန်မ တစ် ယောက်တည်း အိမ်ကြီးတစ်လုံးနဲ့ နေနေတာကို သားသမီးတွေက ဘ၀င်မကျဘဲ အမေကို ဖုန်းတ ဂွမ်ဂွမ် ဆက်ပြီး မာ၏ သာ၏ တစ်လှည့်စီ ထောက်လှမ်းစစ်ဆေးကြလေရဲ့။
ဒီတော့ ကျွန်မ က သူတို့စိတ်မမောရအောင် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတဲ့ တစ်နေ့တာ စာရင်း ဇယား ကို သမီးကေသီဆီ မိုးလင်းတာနဲ့ အစီရင်ခံရပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့မို့ ဘာအစီအစဉ် မှမရှိ၊ ဘယ်မှမသွားဘဲ အိမ်လာကြည့်မဲ့သူများလာရင် အဆင်သင့်ရှိနေဖို့ စောင့်မယ် ဆိုတာပြောပြ ထားလိုက်တယ်ပေါ့။ ကေသီနဲ့ စကားပြောပြီး ဘုရားဝတ်ပြုတစ်နာရီလောက် ကြာ တော့ကားရေဆေးဖို့ သတိရတာ နဲ့ ဂိုဒေါင်ထဲက ထုတ်ပြီး အိမ်ရှေ့မှာ ရေဆေးနေလိုက်တာ အေးအေးဆေးဆေးပဲလေ။

ဝုန်းခနဲ ကားတစ်စီး အနားထိုးရပ်လိုက်သံ ကြားမှ ကြည့်လိုက်တော့ အငယ်ဆုံးသား အိန္ဒာရယ် မျက်စိ မျက်နှာပျက်ပျက်နဲ့...။
"မာမီက ဒီမှာ အေးအေးဆေးဆေးလုပ်နေ၊ သားတို့မှာ ပျာသွားရတာပဲ"တဲ့။ "အလိုတော်.... ဘာကိစ္စ ပျာကြ ရတာလဲ"လို့ သားပြောတာ နားမလည်နိုင်လို့ပြန်မေးတော့-
"မာမီ့သမီး ကေခိုင်ပေါ့။ မာ့မီဆိ ဖုန်းဆက်တာ ဘယ်သူမှဖုန်းမကိုင်လို့ ကေသီ့ဆီဆက်ပြီး မာမီ ဘယ်ရောက်နေ လဲမေးတော့ အိမ်မှာရှိတယ်။ ဘယ်မှမသွားဘူးပြောတယ်တဲ့။ အခါ အခါပေါင်းများ စွာဆက် တာမရလို့ မာမီတစ်ယောက်တည်း မူးလဲနေပြီလား၊ တစ်ခုခုဖြစ်နေပြီလား မသိဘူး၊ သားကို ခုချက်ချင်း သွားကြည့်ပြီး သူ့ ကိုပြန်ဆက်ရမယ်လို့ ခိုင်းလိုက်တာနဲ့ လာကြည့်ရတာ။ သားမှာ မောင်းသာလာရတယ်၊ တစ်လမ်း လုံး စိတ်ပူလိုက်ရတယ်။ ကေခိုင် ပြောသလို တစ်ခုခုများ ဖြစ်နေပြီလားမသိ။ တော်ပါသေးရဲ့၊ မာမီ့ ကို အဝေးကလှမ်းမြင်လိုက်ရမှ ရင်ထဲ ပေါ့သွားတော့ တယ်"တဲ့။

ကဲ...ကြည့်ပါဦး။ ကျွန်မမှာ ကိုယ့်အိမ်ရှေ့ ထွက်ပြီး ကားရေဆေးတာလေးတောင် သူတို့မှာ ပြဿ နာဖြစ် ရသေးတာကြောင့် ကိုဖိုးသဲ၊ မရွှေသဲတို့အဖြစ်ကို ကြည့်ပြီးရယ်ရပါရဲ့။ အဲဒီလို အဖြစ်သည်း အောင် စိတ်ပူတတ်ကြတဲ့ သားသမီးတွေအကြောင်းကို သိလို့ သောကဖြစ်စရာကြုံရင် တော်ရုံ ကိစ္စ လောက်တော့ သူတို့ကို အသိမပေးဘဲ ဖုံးဖိထားလိုက်တယ်ပေါ့။ ဖြစ်ချင်တော့ အားလုံးထဲမှာ အသည်းအကြောင်ဆုံး၊ ခံနိုင်ရည် မရှိဆုံး မကေသီနဲ့မှ သတင်းတစ်ခုက တန်းတိုးတာကြောင့် ပိုပြီး ရယ်စရာကောင်းတော့ တာပဲလေ။

တကယ်တော့ ဘာမှလည်း ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး၊ ကနေဒါနိုင်ငံခရီး မထွက်ခင်လေးမှာ ကျွန်မ လုပ်ရိုးလုပ်စဉ် ကျန်းမာရေး ဆေးစစ်ချက်တွေလုပ်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ နေထိုင် မကောင်းမှ ဆရာဝန် ဆီ ရောက်ကြတာမျိုးလေ။ ဒီမှာတော့ ကျန်မာရေး အာမခံရှိ ထားတာကြောင့် နှစ် စဉ် ဆေးစစ်တာတွေ လူတိုင်းလုပ်ကြရပါတယ်။ ထုံးစံအတိုင်း ဆီးစစ်၊ သွေးစစ် EKG စစ်၊ Mammogram ရိုက် စတာတွေအားလုံး အပြည့်အစုံလုပ်ကြည့်ရတာ၊ ကျန်တာတွေအားလုံး ကောင်းပေမဲ့ Mammogram ရိုက်ထား တဲ့ရင်သား မှာ အကျိတ်တစ်ခု တွေ့နေလို့ဆိုပြီး ဆေးရုံက ပြန်ခေါ်ပါတယ်။

 ကျွန်မမှာ ခုချိန်ထိ ဆီးချို မရှိ၊ သွေးတိုးမရှိ၊ နှလုံးအားနည်းတာမရှိ၊ ကျန်မာရေးကောင်းပေမဲ့ အသက် ၁၇နှစ် တစ်ခါ၊ ၂၄နှစ်တစ်ခါ ရင်သားမှာ အကျိတ်တွေ့တဲ့အတွက် နှစ်ခါခွဲစိတ်ကုသထားရ တဲ့ရာဇ၀င်က ရှိ ထားတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တဲ့အလားအလာ ရှိနေတယ်။ ကျွန်မရဲ့ ဆရာဝန်နဲ့ ညှိနှိုင်းပြီး ဆက်လက် ကုသမှုယူပါ ဆိုပါလေရော။
ဆရာဝန် နဲ့ ဆက်သွယ်လိုက်တော့ ကျွန်မရဲ့ သွေးစစ်ချက်ထဲမှာ သွေးဖြူဥတွေများနေတာတွေ့ရ ပါတယ်။ အဲဒါ ကင်ဆာ Risk ဖြစ်နိုင်တာကြောင့် ပေါ့ပေါ့ထားလို့မရဘူ။ Biopsy လုပ်ပြီး ဓာတ်ခွဲ ကြည့်ရမယ်။ အကျိတ် ကိုလည်း ခွဲထုတ်ရမယ်။ ဒါကြောင့် ခွဲစိတ်ဆရာဝန်နဲ့ ရက်ချိန်းယူပြီး ကျွန်မ ကိုဖုန်းပြန်ဆက် အကြောင်းကြား မယ်လို့ ပြောပါတယ်။

သားသမီးတွေ ကို ပြောပြလိုက်ရင် စိတ်ပူကြမှာစိုးတာနဲ့ ဘယ်သူ့ကိုမှ အသိမပေးဘဲ သားမက် ဂယ်ရီ ကတော့ ဆရာဝန်မို့ သူ့ကိုပဲ တိုးတိုးတိတ်တိတ် အကျိုးအကြောင်း ပြောပြပြီး သားသမီးတွေ ကိုမသိပါစေ နဲ့လို့ ပိတ်ထားရင်း ဆရာဝန်နဲ့ ရက်ချိန်းဖုန်းအခေါ်ကို စောင့်နေလိုက်တယ်ပေါ့။
နောက်တစ်နေ့ မနက် မိုးလင်းတာနဲ့ ဖုန်းသံတွေ ဆက်တိုက်ကြားရတော့တာပဲ။ တက္ကဆက်၊ ကယ်လိဖိုးနီးယား၊ ရှိကာဂို၊ ပင်ဆယ်လ်ဗေးနီးယား၊ ဖလော်ရိဒါနယ်အစုံက သားတွေသမီးတွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်လိုက်ကြတာ။
"မာမီ့သမီး ဘာဖြစ်တာလဲဟင်။ ညက ငိုကြီးချက်မနဲ့ Answering Machingမှာ သူ့ကိုချက်ချင်း ပြန်ခေါ်ပါလို့ အမှာ စကား ထားသွားတယ်။ သမီးတို့လည်းခုမှဖွင့်နားထောင် ဖြစ်တာ။ သူ့ခြေ ထောက်ကောင်းသွားလို့ လမ်းလျှောက်နိုင်ပြီ မဟုတ်လား။ အခု ဘာဖြစ်ပြန်တာလဲ"နဲ့ စိုးရိမ်တကြီး ၀ိုင်းမေးကြလေရဲ့။

သမီးကေသီ သူ့မောင်နှမတစ်တွေကို လူစေ့အောင် လိုက်ဖုန်းဆက်ဆဲ့ အချိန်က သန်းခေါင်နီးပါး ရှိနေပြီ ဆိုတော့ အားလုံးက အိပ်ကုန်ကြပြီပေါ့။ မနက်လင်းမှ သူထားခဲ့တဲ့ အမှာစကားကြောင့် သူတို့အစ်မ ဘာတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပြန်သလဲဆိုတာ သိချင်ဇောနဲ့ ကျွန်မကို ဆက်မေးကြတာ ပါ။ အကျိုးအကြောင်း ဘာမှ မသိတော့ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်လို့ပေါ့။ သမီး ကို မေးကြည့်ပြီး မှ ပြန်ဆက်မယ် ပြောရင်း နှစ်သိမ့်လိုက်ရပါတယ်။
တလွဲတချော်တွေ ဖြစ်ချင်တော့ ကျွန်မရဲ့ဆရာဝန်က ပြန်ခေါ်မယ်ပြောထားပြီး ကျွန်မကို မခေါ်ဘဲ ည ၁၁နာရီ ထိုးခါမှ ဂယ်ရီဆီကို ဖုန်းဆက်ပြောပြတယ်တဲ့။ သူတို့ချင်းရင်းနှီးခင်မင်တဲ့ ဆရာဝန်ချင်း ဖြစ်နေတာကြောင့် အချိန်မတော်ပေမဲ့ အားမနာကြေး ခေါ်လိုက်တာထင်ပါရဲ့။ အဲဒီတော့ အနား မှာ အတူရှိနေတဲ့ မကေသီက အားလုံးပြောသမျှ ကြားသွားပါလေရော။ အမေအတွက် စိုးထိတ် ပူပန်စွာ နဲ့ညီအစ်ကို မောင်နှမတွေကို သတင်းပို့ဖို့ မိနစ်မဆိုင်း ညကြီးသန်းခေါင်မှာ လူစေ့အောင် ဖုန်း တွေ လိုက်ခေါ်တာလေ။

ဒီဇာတ်လမ်းကို မသိလို့ ကျွန်မက ဖုန်းဆက်မေးတော့ ဖုန်းထဲမှာ ငိုလို့မပြီးနိုင်ဘူးလေ။ ခဏကြာ တော့ မျက်ရည်လည်ရွှဲနဲ့ လူကိုယ်တိုင်ရောက်လာပြန်ပါရော။ "မာမီ သမီးနဲကအတူ လာနေမှဖြစ် မယ်" တဲ့။ ခုချက်ချင်းပဲ တစ်စုံတစ်ခုဖြစ်တော့မဲ့အတိုင်းလေ။ သူအဖြစ်သည်းနေပုံကိုကြည့်ပြီး ကျွန်မက ရယ်တော့ "ဒါရယ်စရာ မဟုတ်ဘူး မာမီ"တဲ့။ ကျွန်မကို မကျေမနပ်နဲ့ ပြန်တွယ်လေရဲ့။
တကယ်က အကျိတ်တွေ့တာနဲ့ ကင်ဆာလို့ အတပ်ပြောနိုင်သေးတာ မဟုတ်ပါဘူး။ လိုအပ်တဲ့ ဓာတ်ခွဲဆေးစစ် ချက်တွေ လုပ်ရဦးမှာပါ။ မရေရာသေးတဲ့ ကိစ္စအတွက်နဲ့ ပူပင်သောကရောက်နေ တာမော လိုက်တာ။ ဒါကြောင့် သမီးကို မနည်းဖျောင်းဖျ တရားချ နှစ်သိမ့်ချော့မော့ပြီး ပြန်လွှတ်ရ ပါတယ်။ ဇာတ်လမ်း က ပြီးသလား မထင်လေနဲ့နော်။

သမီးပြန်သွားပြီး မကြာပါဘူး။ ဖုန်းတွေက လာပြန်ပါရော။ မကေသီ သတင်းဖြန့်ချိလိုက်တာနဲ့ ကျန်တဲ့ သားသမီးတွေ ပါ ရေကြောမြေကြောလိုက်ကြပြီး ဖုန်းဆက်သတင်းမေးရင်း ငိုကြပြန်လို့ အားပေးရ၊ နှစ်သိမ့်ရ၊ ဖျောင်းဖျရ။ တော်ရုံအားငယ်တတ်တဲ့ လူနာမျိုးဆိုရင် သူတို့အငိုသန်ကြပုံနဲ့ ကိုယ်ပါ စိတ်ဓာတ်ကျပြီး အသုဘဖြစ်လောက်ပါရဲ့။
ပြောကြပုံလည်း နားထောင်ပါဦး။ "ကီမိုပေးရင် ဆံပင်တွေအဖတ်လိုက် ပြုတ်ကြတာတဲ့နော်။ မာမီ အဲလိုဖြစ်တာ သမီးတို့ကြည့်ရက်မှာ မဟုတ်ဘူး"တဲ့ သူနဲ့၊ "ကီမိုပေးတဲ့အခါကျရင် အစားပျက် အအိပ်ပျက်တာ နဲ့ အရမ်းပိန်ချုံးသွားတာတဲ့။ မာမီ အဲလိုခံစားနေရရင် ဘယ်လိုလုပ်ကြမလဲ" မေးတဲ့သူနဲ့။

ကျွန်မမှာ သူတို့ပြောသမျှ နားထောင်ပြီး ရယ်လိုက်ရတာ။ ဒီအထဲ ဇာတ်တိုက်ထားတာမျိုးက လည်း ရှိပါသေးတယ်။ ညနေကျ ၀ါရှင်တန်က သားရွှေစင်ဖုန်းဆက်လာပါရော။ သူအသံက တိုးတိုး တိမ်တိမ်နဲ့ "မာမီ နေကောင်းလား"တဲ့။ သူ့အသံကြားရရုံနဲ့ ကျွန်မက သိလိုက်ပါပြီ။ "ကေသီ လာလား"တဲ့။ "အခုရော ကေသီ အနားမှာရှိလား"တဲ့။ စကားတွေချီ၊ နိဒါန်းတွေပျိုးနေတာနဲ့ ကျွန်မ ကရယ်ချင်လာပြီး "သားအစ်မ က သတင်းကြေညာပြီးပြီ မဟုတ်လား"မေးလိုက်တော့ "မာမီ ဘယ် လိုလုပ်သိလဲ"တဲ့။

ကျွန်မအော်ရယ်မိပါရော။ သူတို့ကို မွေးထုတ်ထားတဲ့ အမေပဲနော်။ ပါးစပ်ဟရုံနဲ့ ဘာဆို လိုတာ နောကျေနေပြီးသားပဲ မဟုတ်လား။ ဒီတော့မှ သားကဇာတ်ကြောင်းပြန်ပါတယ်။ ညက သူ့အစ်မ ဖုန်းခေါ်တော့ မအိပ်သေးတာနဲ့ စားပြောရတယ်တဲ့။ ကင်ကာဆိုရင် ကျွန်မစိတ်ဓာတ်ကျတော့မှာ ပဲ။ ဒါကြောင့် ညနေ ကျရင် သားက အားပေးဖို့ ဖုန်းခေါ်လိုက်၊ သူနဲ့ဂယ်ရီက လာစောင့်နေကြမယ်၊ အားလုံး ၀ိုင်းနှစ်သိမ့်အားပေးပြီး သူတို့အိမ်ကို တစ်ခါတည်းခေါ်သွားကြမယ်ပေါ့လို့ ဇာတ်တိုက် ထားကြတာတဲ့လေ။

ဒီသတင်းကို ကျွန်မအရင်ရပြီး သူတို့မသိအောင် ဖုံးဖိထားပြီး ခုမှ မတော်တဆပေါ်သွားတယ် ဆိုတာ မသိလေကြ ဘူး။ ဒါကြောင့် သူတို့ဖြစ်ပုံကို ကြည့်ရင်းကျွန်မမှာ ရယ်ရတာအမော။ အမှန် တော့ ရှင်တော်ဘုရားဟောကြေားတဲ့အတိုင်း တွယ်ငြိခြင်း သမုဒယသံယောဇဉ်ကြောင့် သူတို့ခမျာ ဆင်းရဲခြင်းသောကတွေ ဝေနေရရှာတာပါ။ သားသမီးတွေရဲ့ ခံစားချက်ကို စာနာမိတော့လည်း ပုထုဇဉ် လူသားပီပီ သူတို့ကို သနားစိတ်နဲ့ ရင်မှာနာကျင်မှု ခံစားရပြန်ပါရော။
ဒီလိုနဲ့ ဆေးရုံတက်ဖြစ်ပြီး ရင်သားက အကျိတ်ကို ခွဲစိတ်ထုတ်ယူတာပါ။ ဓာတ်ခွဲဆေးစစ်တာတွေ ရောပါ လိုအပ်တာ မှန်သမျှ လုပ်ကြည့်လိုက်တော့ ကံကောင်းထောက်မစွာ ကင်ဆာမဟုတ်ကြောင်း သိရပါတယ်။ မိသားစု အားလုံးလည်း ခုမှရင်ထဲက အပူလုံးကျပြီး ပြုံးနိုင်ကြတယ ဆိုပါတော့။

အဲလို ကျွန်မရဲ့ ကျန်းမာရေးကိစ္စ မရေမရာ ပြဿနာတွေ ဖြစ်နေဆဲကာလမှာ သမီးသူဇာက သားဦး ကိုယ်ဝန်ကြီးနဲ့မို့ စိတ်မဆင်းရဲစေချင်တာကောင့် လုံးဝအသိမပေးဖို့ မှာထားရပါတယ်။ ဆေးရုံက ဆင်းပြီးမှ သမီး ကိုပြောပြတော့ မရွှေချောက အေးအေးမနေလေဘူး။ ဗိုက်ကြီးတပြဲနဲ့ ချက်ချင်း ရောက်ချလာပြီး သူ မသိလိုက်ရကောင်းလာနဲ့ ငိုကြီးချက်မဖြစ်ရပြန်ပါရော။ ကျွန်မတို့ မိသားစုလောက် စာရင်းရှုပ်တာမျိုးလည်း ရှိအံ့ မထင်ပါဘူးနော်။
နှစ်ပတ်ကြာတော့ သမီးကို ချော့မော့နှစ်သိမ့်ပြီး အိမ်ပြန်ခိုင်းရပါတယ်။ အိမ်ထောင်ရှင်မဖြစ်နေပြီး အစ်မ ကို ပြုစုစောင့်ရှောက်ဖို့ ပြန်ရောက်လာလိုက်၊ အမေစောင့်ရှောက်ဖို့ ပြန်ရောက်လာလိုက် တစ်နှစ်တည်း အခေါက်ခေါက်ပြန်လာနေတာ ယောက်ျား သဘောကောင်းလို့ တောပါသေးတယ် ဆိုပေမဲ့ "ယောက်ျားနဲ့ ငါးကြာကြာ ပစ်ထားလို့"မရဘူး ဆိုတဲ့စကားရှိတယ် မဟုတ်လားနော်။

သမီးသူဇာ ပြန်သွားပြီး ကျွန်မလည်း စက်တင်ဘာလကုန်တဲ့အထိ အိမ်မှာ ကောင်းကောင်းအနား ယူလိုက်တယ်ပေါ့။ ခွဲစိတ်ပြီး တစ်လအကြာမှာ ဆရာဝန်က ပြန်လည်ဆေးစစ်မှုတွေ လုပ်တော့ အားလုံး အခြေအနေကောင်းကြောင်း သိရတာမို့ စိတ်အေးရတယ်ဆိုပါတော့။ ခြောက်လ ကြာရင် ထပ်ပြီးဆေးစစ်ဖို့ ရက်ချိန်းပေး ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်လက်ပေါ့ပါးသွားရတာ ကြောင့် အောက်တိုဘာလ တစ်လ လုံး တက္ကဆက်က သမီးကေခိုင်ဆီ တစ်လှည့်သွားလည်၊ နိုင်ဝင်ဘာကျ သားကိုရွှေစင်ရှိရာ ၀ါရှင်တန် ကို ခရီးဆက်ဖြစ်ပါတယ်။

သားနေတဲ့ ဗာဂျင်းနီးယားနဲ့ သမီးသူဇာရှိရာ အယ်လ်လစ္စဘက်မြို့က လေးနာရိလောက်ပဲ ဝေးတာ မို့ကျေးဇူးတော်နေ့ ရုံးပိတ်ရက်မှာ သားက လိုက်ပို့ပေးမယ် ဆိုတာနဲ့ သားအမိနှစ်ယောက်ကား မောင်းပြီးသွားလိုက်ကြသေးတယ်လေ။ ဗာဂျင်းနီးယားက တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေနဲ့ သာ ယာလှပလွန်းတာကြောင့် သဘာဝအလှတွေ ငေးမောရင်း အဆိုတော် ပုလဲနဲ့ ကိုစိန်လွင်၊ ကိုစိုးပိုင် တို့ရဲ့သီချင်းတွေ နားထောင်ရင်းလေးနာရီခရီးက တစ်ခဏလေး လို ရောက်သွားလေရဲ့။ သမီးက အမေနဲ့ အစ်ကိုရောက်လာတော့ ပျော် လွန်းလို့ ဆွေ့ဆွေ့ခုန်နေ တာပဲ။ ကျေးဇူးတော်နေ့ ပွဲ တော်စာကြက်ဆင်ကောင်လုံးကင်နဲ့ တခြားဖွယ်ဖွယ်ရာရာတွေ စုံအောင် ချက် ထားတာ တွေ့ရ တော့အိမ်ရှင်မ ပီပီသသ ဖြစ်နေတဲ့ သမီးကို ချီးကျူးရပါသေးတယ်။

သမီးဆီက ပြန်လာပြီး တစ်ပတ်ကြာတော့ ကျွန်မလည်း ဖလော်ရီဒါ ပြန်ဖြစ်ပါရော။ ခရစ္စမတ်ပွဲ တော်ရုံးပိတ်ရက်ကျတော့ မိသားစုတစ်တွေ ဆုံးဖြစ်ကြဦးမှာ ရှိသေးတယ်လေ။ အမေရိကား မှာ နေရတဲ့တစ်ရက် တစ်ရက်ကလည်း အကုန်မြန်သလား မပြောပါနဲ့တော့။ တစ်နှစ်ဆိုတာ ဟိုလှည့် ဒီလှည့် နဲ့ ကုန်သွားလိုက်တာ ဘာလိုလိုနဲ့ ၁၉၉၆နှစ်ဆန်းက ဖျတ်ခနဲ ရောက်လာတော့တယ်။
သမီးသူဇာ က ဖေဖော်ဝါရီလဆန်းမှာ မီးဖွားမှာဖြစ်လို့ မီးဖွားချိန်အမီ ဇန်န၀ါရီလကုန်လောက် သမီး ဆီသွား မယ် စိတ်ကူးနေဆဲမှာပဲ၊ ဇန်န၀ါရီ ၈ရက် မနက် ၄နာရီ အရုဏ်တက်လောက်မှာ ဖုန်းဝင်လာ လေရဲ့။ သမီး မီးဖွ့ားလို့ ဆေးရုံကို သွားရတော့မှာတဲ့။ ဆရာဝန်တွက်ပေးထားတဲ့ ရက်ထက် တစ်လနီးပါးတောင် စောနေတာမို့ ကျွန်မလည်း စိတ်ပူလို့ပေါ့။ ပိုပြီး စိတ်ပူစရာကောင်းတာက အဲဒီအချိန် မှာ နှင်းမုန်တိုင်းက အကြီးအကျယ် ကျနေခိုက်လေ။

ဆေးရုံမသွားခင် သမီးက စိတ်လှုပ်ရှားတဲ့အသံနဲ့၊ "သမီး၊ မာမီ့ကို ဦးသုံးကြိမ်ခိုက်ပြီး ကန်တော့ခဲ့ ပါတယ်။ သမီးရဲ့သားလေး ခြေလက်အင်္ဂါစုံအောင်လည်း ဆုတောင်းပေးပါနော်"နဲ့ မှာသွားတော့ ကျွန်မရင်ထဲမှာ နင့်သွားတော့တာပဲ။ ကိုယ်ဝန်ရှိစက ကြောင်ကလေးခြေပြတ်ပြီး သေသွားရတာ ခုထက်ထိ သူ့ရင်ထဲမှာ စွဲလမ်းနေဆဲ ဆိုတာ တွေးမိတော့ သမီးကိုပိုပြီး သနားရပြန်ပါရော။
"သမီး မီးဖွားရင် မာမီအနားမှာ နေပါနော်"နဲ့ အားကိုးတကြီး မှာထားပါလျက်နဲ့ အခု အရေးကြုံ တော့အမေက အနားမှာမရှိနိုင်တာအတွက်လည်း စိတ်မကောင်းဖြစ်၊ စိတ်ရှိတိုင်းပြောသွားလို့ ရနိုင်တဲ့နေရာ လည်း မဟုတ်၊ရင်ထဲမှာ သောကမျိုးစုံနဲ့ ပူလောင်လိုက်ရတာ။

အရေးကြုံတိုင်း ကျွန်မရဲ့ အားထားရာက ရှင်တော်ဘုရား တစ်ပါးပဲရှိပါတယ်။ ကောင်းကောင်းဆိုး ဆိုးဝမ်းသာစရာပဲ ကြုံကြုံ၊ ပူလောင်စရာပဲ တွေ့တွေ့ ရှင်တော်ဘုရားရှေ့မှောက်ရောက်အောင် သွားပြီး အားကိုးမှုနဲ့ လျှောက်ထားရတာတွေ အမျိုးစုံလို့ သက်တော်ထင်ရှားသာရှိရင် ပြုံးတော်မူ ပြီး "ချစ်သမီး ပြဿနာတွေကလည်း မပြီးနိုင်တော့ပါလား၊ သံသရာလွတ်ကြောင်း စဉ်းစားဖို့ ကောင်းပြီ"လို့ မိန့်လေမလား မသိ။
ကျွန်မအတွက် နံနက်ခင်း ဘုရားကို အာရုံပြုရခြင်းက တစ်နေ့တာအတွက် ငြိမ်းချမ်းခြင်းပါပဲ။ ညဦး တောင်းဆုပြုရတာကျတော့ တစ်ညတာအတွက် လုံခြုံစေတယ်လေ။ စိတ်အားငယ်တဲ့အခါ ဘုရား ရှင်ရှေ့မှောက် ရောက်တာနေဲ့ အားတက်စရာ ဖြစ်သလိုအထီးကျန်နေချိန်မှာ အနားမားမားရပ် သကဲ့သို့ ခံစား ရပြီး၊ ၀မ်းနည်းတဲ့အခါ ဖေဖေ နှစ်သိမ့်မှု ရစေတဲ့အပြင် သံသယ၀င်နေခိုက် အာရုံ ပြုလိုက်တာနဲ့ဆုံးဖြတ်မှုပေးနိုင်အောင် အလင်းရပြီး စိတ်ကျေနပ်စရာ ကြုံတဲ့အခါကျ ကြည်နူး ချမ်း မြေ့မှုကို ရပါရော။

ဒါကြောင့် ဘာလေးတစ်ခု မကြုံလိုက်နဲ့ ကလေးတစ်ယောက် ဖခင်ကို အားကိုးလိုတဲ့စိတ်မျိုးနဲ့ ရှင်တော် ဘုရားရှေ့မှောက် အမြဲရောက်လျက်မို့ အခုလည်း သမီးအတွက် အမျိုးစုံတောင်း ဆုတွေ ပြုနေဖြစ်တော့ တယ်ပေါ့။ အမေက အချိန်မီ မရောက်နိုင်ပေမဲ့ သူ့ခင်ပွန်းက အနားမှာရှိနေတာမို့ သမီးလည်းအားရှိမှာပါ။ အမေရိကား မှာ ၁၉၇၀ပြည့်နှစ်လောက်ကစပြီး Dr.F.LAMAZ ရဲ့နည်းစ နစ်အရ LAMAZ သင်တန်းရယ်လို့ ပေါ်ပေါက်လာပြီး ကိုယ်ဝန်ခြောက်လရှိတာနဲ့ လေးပတ်သင် တန်းတက်ရပါတယ်။

ကိုယ်ဝန်ဆောင်သူနဲ့အတူ ခင်ပွန်းပါတက်ပြီး သင်ရတာပါ။ သားဖွားခြင်းအကြောင်း အပြည့်အစုံ ပညာပေး တာတွေအပြင် မီးဖွားချိန် ဘယ်လိုအသက်ရှူရမယ်၊ ဘယ်ပုံအနေအထားနဲ့ညှစ်အားပေး ရမယ် စသဖြင့်တွေပေါ့။ ကလေးအဖေပါ မွေးခန်းထဲ ၀င်ခွင့်ပြုထားတာမို့ ကိုယ့်ဇနီးရဲ့ ခံစားရတဲ့ အာဝေဏိက ဝေဒနာတွေကို လက်တွေ့မြင်ခွင့်ရတာကြောင့် ကြင်နာယုယဖေးကူမ ပေးခြင်းနဲ့ မိခင်လောင်းရဲ့ စိတ်အားတိုးတက်စေတဲ့ သဘောလည်း ပါပါတယ်။
ကျွန်မလည်း နာရီဝက်တစ်ခါလောက် ဖုန်းဆက်ပြီး သမီးကို အားပေးရတာအမော။ ဒီလိုနဲ့ ညနေ ၈နာရီ ၃မိနစ်ကျမှ သားဦးလေးကို ချောချောမောမော မွေးဖွားကြောင်း သိရလို့ ရင်ထဲက သောက မီးငြိမ်းရတော့တယ်။ ဒါပေမဲ့ လုံးဝစိတ်အေးရတာ မဟုတ်သေးဘူး။ ကလေးက ၀မ်းက ကျွတ်ကျွတ် ချင်းမငိုဘူးတဲ့။ ကျွန်မသမီး ကေသီက "သူဇာ့သားမို့ သူ့အမေလို ငိုရကောင်းမှန်း မသိလို့ မငို တာဖြစ်မှာ" နဲ့ အပြေင်အပြတ် မှတ်ချက်ချနေသေးတာပါ။

တကယ်က ကလေးက တစ်လ စောမွေးတဲ့အတွက် အဆုတ်ကပြည့်ပြည့်၀၀ မဖွံ့ဖြိုးသေးလို့ မငို တာဆိုပြီး ကလေးအထူးကုဆရာဝန်ကြီးကို ချက်ချင်းအကြောင်းကြားပါတယ်။ ဆရာဝန်ကြီးက မိနစ်ပိုင်းသာ ရှိသေးတဲ့ ကလေး ကိုဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်မှာအပေါက်ရှိနေတာကြောင့် ချက်ချင်း (ICU)အခန်းမှာပို့ ကုသမှု ပေး ရတယ်တဲ့လေ။ ဒီတော့ကလေးအတွက် တစ်ခါစိတ်မော ရပြန်ပါရော။
သောကစိတ်နဲ့ နောက်တစ်နေ့အမီ သမီးဆီလိုက်သွားဖို့ကြိုးစားပေမဲ့ နှင်းမုန်တိုင်းက ရှိနေဆဲ မို့ လေယာဉ်ခရီးစဉ်တွေ ဖျက်ထားတာကြောင့် အဆင်မပြေဘဲ စောင့်နေရတာ ရင်တမမနဲ့ပါပဲ။ တော် ပါသေးရဲ့။ သုံးရက်ကြာတော့ ကလေးကလုံးဝ ကျန်းမာသွားပေလို့။ ကျွန်မလိုပဲ စိတ်ပူနေ တဲ့ ယောက္ခမက မြို့ချင်း သိပ်မဝေးလှတာမို့ နှင်းမုန်တိုင်းကြားထဲက ကားမောင်းပြီး အရောက်သွား လိုက် တာကြောင့် ကျေးဇူးတင်ရပါသေးတယ်။

စောစောက အစီအစဉ်အရ ကျွန်မတို့ မိခင်နှစ်ယောက် တစ်လစီ သွားစောင့်ရှောက်ပေးကြရင်း ဂျူတီ လဲကြမယ်ပေါ့။ ကျွန်မအရင်သွားမဲ့အစား သူကအရင်ရောက်နှင့်တာမို့ သမီးဆီ ဖေဖော်ဝါရီ လအလယ်ကျမှ သွားဖို့ လေယာဉ်လက်မှတ် ပြန်ပြောင်းနဲ့ အလုပ်ရှုပ်ရပါသေးတယ်။ နောက်တစ် နေ့မှာဆေးရုံက ပို့ပေးလိုက်တဲ့ ဗီဒီယိုအခွေတစ်ခု အမြန်ချောနဲ့ ရောက်လာလေရဲ့။ သူတို့ငွေရှာ နည်းရိုက်စားပုံက အတုယူလောက်ပါတယ်။
အခွေပေါ်မှာ နာမည်ထုးထားတာက "ဇက်ကရီ ကောင်းမြတ် ဘာဝစ္စ်တီ"ဆိုတဲ့ ကျွန်မမြေးရဲ့ နာမည် အပြည့်အစုံနဲ့နေလေ။ ဖွင့်ကြည့်လိုက်တော့ Pittsburgh Megee Woman's Hospital ဆို တဲ့ဆိုင်းဘုတ် နဲ့ ဆေးရုံပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ၁၉၉၆ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့ ဒီဆေးရုံမှာ မင်္ဂလာရှိသော သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ အစချီပြီး မိဘနာမည်၊ နေရပ်လိပ်စာ၊ မွေးဖွားတဲ့အချိန်၊ ကိုယ်အလေးချိန်၊ အရပ်အမောင်းစသည်တွေ ပြောပြချိန် ကလေးရဲ့ပုံတွေက ငိုတာရော၊ ပြုံးတာရော၊ မဲ့တာရောနဲ့အတူ ငိုက်လျက်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်လျက်စုံအောင် ရိုက်ပြထားပါတယ်။

နောက်ပြီး "ဇန်န၀ါရီ"ဆိုတာ "အဦးအစ"လို့ အဓိပ္ပာယ်ဖွင့်ပါသတဲ့။ ရိုမင်ဘုရား JANISက ကြီးစိုး တာမို့ "ဇန်န၀ါရီ"အမည် ဖြစ်တည်စေတယ်ပေါ့။ JANISရဲ့ ပုံသဏ္ဌာန်က မျက်နှာနှစ်ခုရှေ့မှာ တစ်ခု၊ နောက်မှာ တစ်ခုရှိလေတော့ ဒီလမှာ မွေးတဲ့ ကျွန်မမြေးက ရှေ့နောက် နှစ်ဖက်အမြင်ရလို့ အမှားအမှန် ဆင်ခြင်နိုင်သူပဲ ဖြစ်လေမလား။ ဒါမှမဟုတ် အပျိုချောတွေ အလယ်မှာ မျက်နှာများ သူပဲဖြစ်လေမလားမသိ။
ဒီလရဲ့ အထိမ်းအမှတ် ပန်းက "ဇော်မွေး"ပန်းဖြစ်သလို ကျောက်မျက်ရတနာက ဂါနက်ခေါ်တဲ့ ဂေါ် မုတ်ကျောက်အနီရောင်လို့ ဆိုပါတယ်။ ဂရိတိုင်းပြည်မှာတော့ ဒီနေ့ဟာ "အမျိုးသမီးများက ဇိမ်နဲ့ ဒူးနှန့်နေကြပြီး ယောက်ျားများက အိမ်ရဲ့ ဝေယျာဝစ္စမှန်သမျှ ကျုံးပြီး လုပ်ကြရတဲ့နေ့လို့ ပြောပြ တော့ဒီနေ့မှာမွေးတဲ့ ကျွန်မရဲ့ မြေးလေးလည်း "မစ္စတာအိုက်တိုးအနှော်ရှီး"ဆိုတဲ့ နာမည်ပဲ ပေးရတော့မလို။ တွေးရင်းသူတို့ ငွေရှာတော်ကြပုံကို ချီးကျူး မိပါရဲ့။"

ဒီလိုနဲ့ သမီးသူဇာဆီမှာ မြေးထိန်းရင်း သွားနေပေးလိုက်တာ မတ်လအလယ်လောက် ကျမှ ပြန် ရောက်တော့တာပဲ။ ဒီနှစ်ထဲမှာ မြေးအသစ်တိုးတဲ့ မင်္ဂလာသတင်း အပြင် နောက်ထပ် ရတဲ့ ကောင်းသတင်းတစ်ခုက သားကိုရွှေစင် ဇွန်လထဲမှာ မော်စကိုကို တာဝန် နဲ့ ပြောင်းရမယ်ဆိုတာပါ ပဲ။ ဒါကြောင့် သူ့ Russainစကားတွေ သင်ဖို့ ကျောင်းတက်နေရတယ်တဲ့။
သားက ဇွန်လ ၁၀ရက်နေ့မှာ မောစကို ထွက်ရမှာမို့ မသွားခင် မေလကုန်မှာ အမေဆီ ၁၀ရက် လောက်လာနေမယ်ပြောတာနဲ့ ကျန်တဲ့မောင်နှမတွေကလည်း သား မသွားခင် ဆုံကြရအောင် ဆိုပြီး တန်းစီရောက်လာကြပြန်ပါရာ။ ဒီအထဲမှာ ကလေးပိစီကွေးနဲ့ သမီးမသူဇာလည်း ပါသေး တယ်လေ။ မောင်နှမတွေ ဆုံမိကြတော့လည်း ထုံးစံအတိုင်းအပျော်လွန်ကြပေါ့။

သားကိုရွှေစင် ရောက်လို့မှနှစ်ရက်ပဲရှိသေးတယ်။ တစ်ညနေမှာ သားအငယ်ဆုံး အိန္ဒာဖုန်းဆက်လာ ပါတယ်။ "မာမီ သားကားတိုက်လို့ ဆေးရုံရောက်နေတယ်"တဲ့။
ကျွန်မတို့ အားလုံး ပျာသွားကြတာပဲ။ အသက်အန္တရာယ်စိုးရိမ်လောက်စရာ မရှိပါဘူးဆိုပေမဲ့ ၀င် တိုက်တဲ့ကား ရဲ့အရှိန်က ပြင်းထန်လို့ အသက်ကယ်လေအိတ် ပေါက်ထွက်သွားပြီး မျက်နှာနဲ့ လက်တွေမှာ အပွန်းအပဲ့ ဒဏရာတွေရလို့တဲ့။ တော်ပါသေးရဲ့။ လေအိတ် ကယ်ပေလို့ပါပဲ။ ဘာပဲ ဖြစ်ဖြစ်ကားတိုက်တယ် ဆိုကတည်းက ကျွန်မတို့မိသားစု ပျာယာခတ်ကုန်ကြပါပြီ။ ဆေးရုံအသွား ကားပေါ်မှာ သမီးကေခိုင်က ငို၊ ကေသီက ငို၊ ကျွန်မက ငိုကားနေရတဲ့ သားရွှေစင်လည်း ပါသမျှ သူတွေ အကုန်ငိုနေကြလို့ ဆေးရုံအမြန်ရောက်အောင် စက်ကုန်ဖွင့်မောင်းလေရဲ့။

ဘယ်လိုဆိုးဆိုးရွားရွား အခြေအနေမျိုးတွေ့ရမလဲ၊ ရင်တထိတ်ထိတ်နဲ့ ရောက်သွားတော့ ကိုယ်ချောလေးက Wheel Chairပေါ်မှာ ပြုံးစစနဲ့ ထိုင်လို့။ မျက်နှာနဲ့လက်တွေ၊ ရင်ဘတ်တွေမှာ တော့ အပွန်းအပဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့။ ဒီတော့မှ မောင်နှမတစ်တွေ ရယ်မောနိုင်ကြတော့ တယ်။ ကျွန်မ တို့ မိသားစု အဖြစ်သည်းကြပုံကလည်း တစ်ခါ တစ်ခါတော့ ရယ်ချင် စရာပါပဲ။ ရောက်လာကြရင် ပြုံးလို့ ပျော်လို့ ရွှင်လို့ မြူးလို့ ဟော....ပြန်တော့မယ်ဆိုရင် အသက် ဆုံးဆယ် ကျော် ဆေးဆယ်တွေကလည်း ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြပြန်ပါရော။

သားသမီးတွေကိုသာ ပြောနေတယ်။ ကျွန်မလည်း သူတို့နည်းတူစွာပါပဲ။ ကွေကွင်းရခြင်း ဆင်းရဲ ရဲ့ဒဏ်ကို ခံနိုင်ရည် စွမ်း ခုထက်ထ မရှိသေးတာ သေချာလှပါတယ်။ ဒါကြောင့် ဘယ်ခရီးပဲ သွား သွားအပြန်မှာ မျက်ရည်စ နဲ့ ပြန်ခဲ့ရတာက ရိုးနေပါပြိ။ အခုလည်း သားသမီးတွေ ပြန်သွားတော့ ရင်ထဲမှာ ဟာကျန်ခဲ့ တာပါပဲ။ သူတို့ကိုလွမ်းတနေဆဲမှာပဲ ကျွန်မနဲ့ ညီအစ်မအရင်းလို ချစ်တဲ့မရွှေ ဥတစ်ယောက် ကင်ဆာရောဂါကြောင့် ခွဲစိတ်ကုသပြီး ကီမိုပေးရမယ်ဆိုတာ ဖုန်းဆက်လာတော့ စိတ်ပူပန်စွာနဲ့ နယူးဂျာစီ ကို အပြေးအလွှားထွက်လာရပါတယ်။

အလွန်ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ မရွှေဥရဲ့ လက်ရှိကျန်းမာရေး အခြေအနေကိုမြင်ရတော့ ရင် ထဲမှာ ထိခိုက်ခံစားလိုက်ရတာ။ ကျွန်မတို့နှစ်ယောက် နေကုန်နေခန်း စကားတွေ အများကြီး ပြောဖြစ်ကြ ပါတယ်။ သေခြင်းတရားကို သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားတဲ့သူရဲ့ စိတ်ဓာတ် ကိုလည်းချီးကျူးအားကျရပါရဲ့။ ကာယကံရှင်က အားတင်းနိုင်သလောက် အားပေးဖို့ ရောက်လာ တဲ့ကျွန်မ က ခွဲခွာရတော့မဲ့ အချိန်ကာလကို တွက်ပြီး ရင်နာနာနဲ့ သူ့ကွယ်ရာမှာ မျက်ရည်ကျရ။
လူသားတိုင်း အပူအပန် ကင်းကြရတယ်ဆိုတာ မရှိကြပါဘူးနော်။ ကိုယ့်အတွက်ပူရ၊ ကိုယ့်မိဘ ကိုယ့် သားသမီး ကိုယ့်မိသားစုအတွက် ပူရ၊ ချစ်ရတဲ့မိတ်ဆွေ သူငယ်ချင်းအတွက် ပူရ၊ ငွေကြေး အတွက်ပူရ၊ အလုပ် အကိုင်နေရေး စားရေးအတွက် ပူရ၊ အဆိုးတကာ့အဆိုးဆုံးက ကွက်လပ် အ ဖြစ် ကဘယ်တော့မှ ဖြည့်ဆည်းမရနိုင်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာအတွက် ပူရ၊ မျက်ရည် ခန်းမှ တရားရမယ် ဆိုရင်တော့ ကျွန်မအတွက တရားနဲ့ ဝေးပါလေရဲ့။

မရွှေဥနဲ့အတူ ဆယ်ရက်ကြာမျှ နေခဲ့ပြီး စိတ်လက်မကြည်မလင်နဲ့ ဖလော်ရီဒါပြန်လာရပါတယ်။ တစ်နှစ်တစ်နှစ် မသွားမဖြစ်တဲ့ ခရီးတွေကလည်း ကုန်ပဲမကုန်နိုင်ဘူး။ သားသမီးတွေက တစ်နှစ် တစ်ခေါက် အမေ ရောက်မလာရင် မကျေမနပ်နဲ့ ပြဿနာရှာတတ်ကြတာကြောင့် အခုလည်း ရှီကာဂိုက သားကြီး ခင်မောင်ဝင်းခန့်ဆီ သွားဖို့ ပြင်ဆင်ရပြန်ပါရော။ ရှီကာဂိုမှာ ရှိနေခိုက် သမီးသူ ဇာက ဖုန်းဆက်လာပါတယ်။ သူ့သားအခု ခုနစ်လပြည့်ပြီမို့ ယောက်ျားဘက်က အဘိုး အဘွားများ ကသူတို့မြို့ မှာ ကင်ပွန်းတပ်ပွဲ လုပ်ပေးမှာတဲ့။ အဲဒီပွဲအမီ မာမီလာခဲ့ပါတဲ့လေ။ ခရီးတစ်ခု မပြီးခင် နောက်ခရီးတစ်ခုဆက်ဖို့ပေါ်လာတော့ ရှိကာဂိုကနေ Syracuseကို အသွားအပြန် လေယာဉ်လက် မှတ်လုပ်ရနဲ့ အလုပ်ရှုပ်ပေါ့။ ဒီပွဲကို ဖလော်ရီဒါက သမီးကေသီလည်း တက်ရောက်ဦးမှာမို့ ကျွန်မ တို့သားအမိ ပြန်ဆုံကြရဦးမှာလေ။

ကျွန်မရဲ့ခမည်းခမက်တွေက ဆွေးမျိုးအုပ်စုတောင့်ကြတော့ မိတ်ဆွေသင်္ဂဟ အသာထားဦး၊ သူတို့ ဆွေမျိုးနဲ့တင်ကို ခန်မအပြည့်နီးပါး ရှိနေပါပြီ။ မြန်မာတွေလို မိသားစုက သိုင်းသိုင်းဝိုင်းဝိုင်း ရှိကြတာ မို့ ကင်းပွန်းတပ်ပွဲက ပျော်စရာကောင်းပါရဲ့။ ကလေးက ခုနှစ်လသားသာဆိုတယ်။ ထွားလိုက်တာ ဧရာမကြီး။ သူတို့အတွက် လက်ပေါ်မှာ ပထမုဆံးကြီးရတဲ့ မြေးမို့ အဘိုးအဘွားက သည်းသည်းလှုပ်နေတာ ကြည့်ပြီး ကျွန်မလည်း ကျေနပ်ကြည်နူးရပါတယ်။
အချိန်တွေဖဲ့ခြေပေးလိုက်ရတာကြောင့် ရှီကာဂိုမှာ ကြာကြာနေဖို့ ရက်မကျန်တော့ဘဲ ဇူလိုင်လ ကုန်တာနဲ့ ဖလော်ရိဒါကို ပြန်ခဲ့ရပါရော။ အိမ်ရောက်လို့ ခရီးဆောင်သေတ္တာတွေရှင်းနေဆဲပဲ ရှိသေး တယ်။ မော်စကိုက သားကိုရွှေစင်က ဖုန်းဆက်လာပါတယ်။

"သား အိမ်အဆင်သင့် ဖြစ်ပြီ မာမီ...အခုလာခဲ့တော့လေ။ အောက်တိုဘာ၊ နိုဝင်ဘာကျရင် အရမ်း အေး တာတဲ့။ မော်စကိုရဲ့ အအေးဒဏ်ကို မာမီခံနိုင်မှာမဟုတ်ဘူး။ သား ထားခဲ့တဲ့ လေယာဉ်လက် မှတ် က Open Dateလုပ်ထားတာ။ လေယာဉ်လက်မှတ် ရက်တောင်းပြီး လာခဲ့လိုက်တော့"တဲ့။
အခုပဲ အိမ်ပြန်ရောက်လို့ သေတ္တာတောင် ပြီးအောင်မဖြေရသေးဘူး။ နောက်ခရီးတစ်ခုဆက်ဖို့ လုပ်ရဦးတော့မယ်လေ။ လေယာဉ်ရုံးကို ဆက်သွယ်စုံစမ်းတော့ အစောဆုံးသြဂုတ်လ ၉ရက်နေ့ မှာရမယ်ဆိုတာနဲ့ အဲဒီရက်ကိုပဲ ယူလိုက်ရတယ်ပေါ့။ ကျွန်မက အညာသူ၊ အအေးအလွန်ကြောက် တဲ့မိန်းမ။ သွားရမှာက မော်စကို ဆိုတာနဲ့ ကျောထဲက ချမ်းချင်နေပါပြီ။ ဒါပေမဲ့ စားရေးသူတစ် ယောက်အနေနဲ့ နေရာသစ်၊ အတွေ့အကြုံသစ်ဆိုတာ ရတနာတွေလိုပဲ၊ တန်ဖိုးရှိပစ္စည်း ဖြစ်တာ လို့အခါအခွင့်သာတဲ့အတွက် ကျေနပ်ဝမ်းသာနေမိပါတယ်။

အထူးသဖြင့် မော်စကိုဆိုတာ ကိုယ်နဲ့ ဘာမှမဆိုင်သလို ရောက်ဖို့ မပြောနဲ့စိတ်ကူးယဉ်အိမ်မက် ထဲ မှာတောင် ထည့်မမက်ဖူးတဲ့ နေရာမျိုးလေ။ ရှေးအတိတ်ကံ ရေစက်ကတွေက ဘယ်လို ရှိခဲ့ဖူး လေတယ်မသိ။ သားကိုအကြောင်းပြုပြီး ရောက်ရတဲ့နိုင်ငံတွေကလည်း ကျွန်မအတွက် အထူးအ ဆန်း စိတ်ဝင်စားစရာချည်း ဖြစ်နေပါတော့တယ်။
ရုရှားနိုင်ငံကို ကွန်မြူနစ်နိုင်ငံအဖြစ် စိတ်ကူးထဲမှာရှိထားတဲ့ပုံစံနဲ့ တကယ့်အမြင်လက်တွေ့က ကွားခြားလွန်းနေပါတော့တယ်။ အဆောက်အဆုံးတွေက ကြီးမှကြီး၊ လမ်းမကြီးတွေက ကျယ်မှ ကျယ်၊ တချို့လမ်းတွေဆိုရင် အသွားခုနစ်လမ်း၊ အပြန်ခုနစ်လမ်းနဲ့ ဆယ့်လေးလမ်းရှိတဲ့ အဝေး ပြေးလမ်းမတွေတောင် ရှိတာမို့ အံ့သြရပါရော။

သားနေ တဲ့ အိမ်ဝိုင်းထဲက ထွက်လိုက်တာနဲ့ အမေရိကား ပြန်ရောက်သွားသလား အောက်မေ့ရ တယ်။ ကျွန်မတို့ ဆီမှာ ရှိနေတဲ့ ပုံစံအတိုင်း Pizza Hutနဲ့ ကင်ကာကီ ကြက်ကြော်ဆိုင်နဲ့ မက်ဒေါ် နယ်လ်များ ဟိန်းလို့၊ လူတွေကလည်း တန်းစီပြီး ကြိတ်ကြိတ်တိုးဝယ်စားနေကြတာနော်။ ၀တ်စား ထားကြတာလည်း ပွဲထိုင်သွားကြတော့မဲ့အတိုင်း အပျံစားပါပဲ။
အမေရိကားမှာတော့ မက်ဒေါ်နယ်လ်ဆိုင်က Fast Food ဆိုင်မို့ တကူးတကလာစားကြသူက နည်းနည်း၊ သွားရင်ဟန်လွှဲ ကြုံသလို ဗိုက်ဖြည့်ကြတာမို့ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ လည်း ရောက်ချင်ရောက်သွားကြတာ တချို့များဆို ကားပေါ်ကတောင် ဆင်းတာမဟုတ်ဘူး။

Drive Throughtဆိုတဲ့ ကားပေါ်က အော်ဒါမှာတဲ့စနစ်နဲ့ ပြီးသွားကြတာမျိုးလေ။ ဒီမှာတော့ မက်ဒေါ် နယ်လ်ရှေ့မှာ ဂုဏ်ယူစွာနဲ့ဓာတ်ပုံရိုက်ကြ၊ ဗီဒီယိုရိုက်ကြမိုက ကျွန်မမှာ အထူးအဆန်းကို ဖြစ်လို့။
"ကမ္ဘာပေါ်မှာ အကြီးဆုံး မက်ဒေါ်နယ်လ်ဆိုင် ဘယ်မှာရှိလဲ မာမီ သိလား"တဲ့။ သားကမေးပါတယ်။ အဲဒီအကြီး ဆုံး မက်ဒေါ်နယ်လ်ဆိုင်က တစ်ချိန်တုန်းက ကွန်မြူနစ်တိုင်းပြည်ဖြစ်ခဲ့ဖူးတဲ့ မော်စကို မှာရှိတာ တဲ့လေ။ အခုလက်ရှိ ခြောက်ဆိုင်ရှိထားပြီးသား။ နောက်ထပ်ငါးဆိုင် ဖွင့်ဖို့ စီစဉ်နေဆဲပါ။ မကြာသေးခင် အချိန်တုန်း က ပေါင်းမုန့်တစ်လုံးရဖို့၊ သွားတိုက်ဆေးတစ်ဘူး ၀ယ်နိုင်ဖို့ တစ်နေ ကုန်နီးပါး တန်းစီ ခဲ့ရသူတွေ အခု ဆိုင်ကြီးတကာမှာ လိုတာမှန်သမျှ လွယ်လွယ်ကူကူ ၀ယ်လို့ရနေ ပါပြီ။

ပြည်ပက မြှုပ်နှံငွေများစွာနဲ့ ဘဏ်တိုက်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ဟိုတက်ကြီးတွေကလည်း ဟိန်းနေအောင် ဖြစ်လာသလိုနေရာတကာ လမ်းထောင့်တိုင်းမှာ ကိုကာကိုလ်ာတို့၊ ပက်စီ တို့ ကြော်ငြာတွေကလည်း အများအပြားတွေ့မြင်ရပါတယ်။ ရုရှားအမျိုးသမီး အများစုကလည်းချော်မှ ချော၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးသွယ်သွယ်၊ အသားဖြူဖြူ၊ မျက်ဝန်းညိုညိုနဲ့ အ၀တ်အစားက လည်းဖက်ရှင်ကျကျ တစ်ချိန်က ကွန်မြူနစ်တိုင်းပြည်ဖြစ်ခဲ့တယ် ဆိုတာတောင် ယုံနိုင်စရာ မရှိ အောင် အရာရာ က ပြောင်းလဲသွားပါပြီ။

ကျွန်မလည်း မော်စကို ရောက်တာနဲ့ တစ်ချီတည်း သန်ကြွယ်သူဌေး မီလျံနာဖြစ်သွားတော့တာပဲ။ အံမယ်...ကိုင်သုံးတာတောင် သောင်းတန်၊ သိန်းတန်ငွေစက္ကူကိုင်သုံးတာပါနော်။ သားက "မာမီ သုံးချင်တာ သုံးဖို့ ဒေါ်လာနှစ်ရာ ရူဘယ်လ်နဲ့လဲပြီး ယူလာခဲ့တယ်"ဆိုပြီး လက်ထဲလာထည့်တော့ တစ်သန်းနဲ့ ငါးသောင်းတောင်ဖြစ်နေပါရော။ တစ်ဒေါ်လာက သူတို့သုံးတဲ့ ရူဘယ်လ် ငါးထောင့် နှစ်ရာ့ငါးဆယ်နဲ့ ညီမျှပါတယ်။ ငွေစက္ကူက တစ်ရာတန်၊ နှစ်ရာတန်၊ တစ်ထောင်တန်၊ ငါးထောင် တန်၊ ငါးသောင်းတန်၊ တစ်သိန်းတန်နဲ့ ခြောက်မျိုးတောင်ရှိတာ။

ရောက်ခါစ သုညတွေ များလွန်းလို့ မတွက်တတ်ဘဲ တသ်စောင်းပေးရမှာ တစ်သိန်းတန်နဲ့ မှားပေး ခဲ့မိလို့ ဆယ့်ရှစ်ဒေါ်လာဖိုး အချောင်ပါသွားလေရဲ့။ ရုရှားနိုင်ငံမှာ ရူဘယ်လ်ရော ဒေါ်လာပါ တရား ၀င်သုံးစွဲခွင့်ရှိပါတယ်။ ဒါပေမဲ့ ကုန်တိုက်ကြီးတွေမှာ ဒေါ်လာကို ငွေစက္ကူအနေနဲ့ လက်မခံဘဲ Credit Card နဲ့ပေးတာမှ လက်ခံတဲ့စနစ် ဖြစ်နေပြန်ပါရော။ ဈေးတွေကလည်း တကယ်ကြီးပါ တယ်။ ကမ္ဘာမှာ စားဝတ်နေရေး ဈေးအကြီးဆုံးနိုင်ငံလေးခုထဲမှာ ဂျပန်နိုင်ငံက နံပါတ်တစ် ဖြစ်ပြီး၊ ရုရှားနိုင်ငံက နံပါတ်နှစ် ချိတ်တယ်လို့ ဆိုပါတယ်။ အစားအသောက်ရော၊ အ၀တ်အထည် အသုံး အဆောင် အားလုံး ဈေးကြီးလွန်းလို့ ဈေးဝယ်ထွက်တိုင်းဘုရားတရတာ အခါခါမို့ ကိုသိုလ်တော့ တော်တော်ရမှာပါ။
သွားရေးလာရေးက ဒီမှာအလွန်ကို အဆင်ပြေပါတယ်။ ကိုယ်ပိုင်ကားရှိစရာ မလိုပါဘူး။ ဘတ်စ် ကားနဲ့သွား မလား၊ မြေအောက်ရထားနဲ့ သွားမလား၊ ထရောလီ စီးမလား၊ အကုန်ဘယ်နေရာမဆို အလွယ်တကူ ရောက်နိုင်ငံရုံအပြင် လက်မှတ်ခကလည်း ပေါမှပေါ။ ခရိး နီးနီးဝေးဝေး ဈေးက အတူတူ ပါပဲ။ မြေအောက်ရထားဘူတာကြီးတွေကလည်း ကြီးကျယ်ခမ်းနားပါဘိ။ ကျောက်ရုပ်တု တွေ၊ ပန်းချီးကားတွေ နဲ့ ပြတိုက်ထဲ ရောက်နေသလား အောက်မေ့ရပါတယ်။

ဘယ်တိုင်းပြည် ရောက်ရောက ကိုယ်ကဘာသာစကား မတတ်ရင် ပြဿနာပါပဲ။ ရောက်လေရာမှာ ကျွန်မ လည်း ခြေရှည်ချင်တတ်သူ၊ လေ့လာလိုသူဆိုတော့ သားရုံးသွားတာနဲ့ အပြင်ထွက်ဖို့ လမ်းရှာပြီလေ။ ကံကောင်းထောက်မ စွာနဲ့ သားနေတဲ့ ၀ိုင်းထဲမှာ အမေရိကားက တာဝန်ထမ်း ဆောင်ဖို့ ရောက်နေကြတဲ့ မိသားစုတွေ ရှိ ပါတယ်။ သူတို့တစ်တွေနဲ့ အဖွဲ့ကြပြီးနေ့ခင်းဘက် စုပြီးမြိုကထဲထွက်ကြ၊ စကားလည်း မတတ်၊ လမ်းတွေလည်း မသိတော့ ဘယ်သူ့ဘယ်သူမှလည်း ဆရာတင်လို့ မရ။

သူတို့ ရုရှားစားတွေလည်း ဖတ်ရခက်ပါဘိ။ အက္ခရာတွေက အင်္ဂလိပ်စာလုံးပုံစံတော့ ဟုတ် ပါရဲ့။ မှောက်လျက်ရော၊ ပက်လက်ရော၊ ဇောက်ထိုးရော၊ ပြောင်းပြန်ရော ဖြစ်နေတာတွေက တစ်မျိုး၊ စာလုံးက တခြား အသံထွက်က တခြားအေးကြီး မြင်နေပါလျက်နဲ့ အသံက အာထွက်လိုထွက်၊ အဲဒီလိုပဲ အိတ်ခ်ျ က အင်န်ဖြစ်နေပြန်ရော၊ အိုင်ကလည်း အီးတဲ့။ အသံထွက်တွေက တလွဲစီဖြစ်နေ တဲ့အထဲမှာ ဘီအကြီးစားရော ဘီအသေးစားရော နှစ်လုံးတောင်ပါလိုက်သေးတယ်။ ဖတ်တတ်ဖို့ မပြောနဲ့ မှန်းကြည့်လို့တောင် မနီးစပ်နိုင်ပါဘူး။
အဲဒီစာလုံးတွေ ကြည့်ပြီး ဒီမလာခင် ရုရှားစာနဲ့ စကားသင်ခဲ့ရတဲ့သားကို သနားနေမိပါရဲ့။ ကျွန်မ တို့အုပ်စုက စာတစ်ခုံမှ မဖတ်တတ်ပေမဲ့ လူစည်စည်ဈေးတန်းရောက်ရင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်မွှေကြ၊ ဈေးကြီးလွန်းလို့ ဘာတစ်ခုမှ ၀ယ်နိုင်ကြတာ မဟုတ်ဘူး။ အတူပါလာတဲ့ လောဒတ်စ် ဆိုတဲ့ ဆရာဝန် မလေးက ဈေးနှုန်းတစ်ခု ဖတ်ပြီးတိုင်း "အံမယ်လေး ငါသွးသေလိုက်တော့မယ်" နဲ့အခါပေါင်း များစွာ သေလို့ တစ်ယောက်က ရင်ဘတ် သွားဖိရင်း "အသက်ရှိသေးရဲ့လား"နဲ့ နောက်ကြ ပြောင်ကြ။

မော်စကိုမှာ နေရင်ပိုက်ဆံအိတ်ကြီးကြီးကိုင်ဖို့တော့ လိုအပ်ပါတယ်။ အိမ်က မထွက်ခင်ကတည်း ကမပါမဖြစ် ထည့်ယူရမဲ့ ပစ္စည်းက စက္ကူလက်သုတ်ပ၀ါရယ်၊ ကိုယ်လက်သန့်စင်ဖို့ Toilet Paper ရယ်၊ ပလတ်စတစ် အိတ် လေးငါးလုံးရယ်ပေါ့နော်။ သွားရင်းလာရင်း ဆာလို့ တစ်ခုခုဝင်စားရင် ဆိုင်က လက်သုတ်ပ၀ါမပေးပါဘူး။ ကိုယ့်လက်သုတ်ပ၀ါနဲ့ ကိုယ်သုါံ်ရသလို တစ်နေရာရာမှာ အပေါ့အပါး သွားချင်မိရင်လည်း ကိုယ်လက်သန့်စင်ဖို့ ကိုယ်ဟာကိုယ်ပဲ တာဝန်ယူ ရတယ် ဆိုပါ တော့။ ဈေးဝယ်ရင် လည်း ကုန်တိုက်ကြီးများမှအပ ဘယ်သူကမှ အိတ်နဲ့ထည့်ပေးတာမျိုး၊ စက္ကူ တို့၊ ဖတ်တို့နဲ့ ထုပ်ပေးတာ မျိုး မရှိ၊ ကိုယ့်အိတ်ကိုယ် ဆောင်းထားပါမှ။
တိုင်းပြည် တစ်ခုနဲ့တစ်ခု မူဝါဒဆိုတာတွေပေါ် အခြေတည်ပြီး ကွဲပြားမှုတွေကရှိမှာပေါ့နော်။ အရင်က အစိုးရ ကပြည်သူ အားလုံးအတွက် နေရေးထိုင်ရေး အိုးအိမ်ကအစ ပေးထားပြီး ပညာရေး၊ ကျန်းမာရေး အစစ တာဝန်ယူထားခဲ့တာ မဟုတ်လား။ အခုမှ မူဝါဒ အပြောင်း အလဲတွေ ဖြစ်လာတာ နှစ်မကြာသေးတာကြောင့် သူတို့လည်း စနစ်သစ်နဲက စနစ်ဟောင်း အပြောင်းအလဲ မှာ ပြုပြင်စရာ တွေအများကြီး ရှိနေဦးမှာပါ။

မောက်စကိုမှာ စိတ်ဝင်စားစရာ ရာဇ၀င်များစွာ ရှိနေတာကြောင့် နှစ်လဆိုတဲ့ အချန်ကာလ မ လောက်နိုင်အောင်ပါပဲ။ ရေးစရာ အကြောင်းအရာတွေကလည်း များပြားလွန်းတာမို့ ကလျာနဲ့ မဟေသီမဂ္ဂဇင်းမှာ ဆောင်းပါးများစွာ ရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ စက်တင်ဘာလ ကုန်ခါနီး ပိုင်း ရောက်လာတာနဲ့ အအေးကပိုကဲလာလိုက်တာ အပြင်ထွက်ရင် ခေါင်းစွပ်တွေ၊ လက်အိတ်တွေ၊ လည်စည်းတွေအပြင် တစ်ကိုယ်လုံး နွေးထွေးနေအောင် သိုးမွေးထည်၊ သက္ကလတ်ထည်တွေ အထပ်ထပ် ၀တ်ထားရတာနဲ့ ပွဲဈေးတန်းမှာ ရောင်းတဲ့ ဖိုးဝရုပ်ပုံ ထွက်နေတော့တာပဲ။ တိုက်ခဲ့ တဲ့ လေကအေးလွန်းတာကြောင့် နှုတ်ခမ်းတွေတောင် တဆတ်ဆတ်တုန်တဲ့ထိ ဖြစ်လာတဲ့အချိန်မှာ ကျွန်မ ဆက်မနေနိုင်တော့ဘဲ စက်တင်ဘာလကုန်တာနဲ့ ဖလော်ရိဒါအရောက်ပြန်ပြေးခဲ့ရတော့ တယ်။

လေဆိပ်မှာ သမီးကေသီတို့ မိသားစုအားလုံး လာကြိုကြလေရဲ့။ "မာမီပြန်လာတာနဲ့အတော်ပဲ၊ သမီးတို့ Sea Ranch Lakesထဲမှာ အိမ်အသစ်ဝယ်လိုက်ပြီ၊ မာမီကို လိုက်ပြရဦးမယ်"တဲ့။
သမီးရဲ့ ဒူးပြဲအနာကြောင့် အတက်အဆင်းမလုပ်နိုင်လို့ လက်ရှိအိမ်ကိုရောင်းဖို့ တင်ထားပြီးက တည်းက သမီး တို့လည်း စိတ်ကြိုက်အိမ်ကို လိုက်ရှာနေတာ ကြာပြီလေ။ အထူးသဖြင့် သားသမီး တွေနဲ့ဆိုတော့ လုံခြုံ စိတ်ချရတဲ့နေရာဖြစ်ဖို့က ပိုအရေးကြီးတယ်မဟုတ်လား။ Sea Ranch Lakes ထဲမှာတော့ ကျွန်မလည်း စိတ်လက်ပေါ့ပါး ပျော်ရွှင် သွားရတယ်ပေါ့။
ကျွန်မအိမ် နဲ့ ဆယ်မိနစ်အကွာအဝေးပဲ ရှိတာမို့ တစ်အိမ်တစ်အိမ် ကူးဖို့လွယ်ကူတဲ့အပြင် သီးသန့်် အိမ်ရာနယ်မြေ ဖြစ်တာကြောင့် ကိုယ်ပိုင်မြို့တော်ဝန်၊ ကိုယ်ပိုင် ရဲအစောင့်အရှောက် နဲ့ဆို တော့ ကလေးတွေ အတွက် လွတ်လပ်စွာ သွားလာဆော့ကစားဖို့ စတ်ချလုံခြုံမှု ရှိပါတယ်။ နောက် ပြီးအတ္တလန္တိတ်ပင်လယ်ကမ်းခြေနဲ့လည်း လမ်းတစ်ခုပဲ ခြားတာဖြစ်တော့ ကျွန်မတို့ သားအမိ တစ်တွေညနေဘက် အပန်းဖြေ သဲသောင်ပြင်ပေါ် လမ်းလျှောက်ဖို့လည်း အကွက် အကွင်းကောင်း ရှုခင်း တစ်ခုပါပဲ။

ကောင်းတာတွေ အတွက် ၀မ်းသာပျော်ရွှင်ရတာတော့ဟုတ်ပါရဲ့၊ အိမ်ပြောင်းဖို့ပြင်ဆင်ရတဲ့ ကိစ္စ ကတော့ တကယ့်ကိုဦးနှောက်ခြောက်စရာပါပဲ။ ဆယ်နှစ်ဆယ်မိုးမက စုဆောင်းထားတဲ့ ပစ္စည်းတွေ ကအိမ်နဲ့အပြည့်၊ ပရိဘောဂတွေ အတွက် ပြောင်းရွှေ့တာဝန်ယူကုမ္မဏီတွေကို ဆက်သွယ်လိုက် တာနဲ့ကိစ္စပြတ် စိတ်သက်သာ ရပေမဲ့ စာရွက်စာတမ်းတွေက အစအသုံးအဆောင် အ၀တ်အထည် တွေကျတော့ ဘယ်ဟာ သိမ်း၊ ဘယ်ဟာပစ်ရမယ်။ စိစစ်ရတာကို တကယ့်အမောပါပဲနော်။
ကျွန်မ လည်း ပြန်ရောက်တာနဲ့ ကိုယ့်သမီးတစ်ယောက်တည်း အိမ်ပြောင်းတဲ့ကိစ္စနဲ့ ပတ်ချာလည် နေတာမမြင်ရက်လို့ သွားကူပေးရင်း အလုပ်ရှုပ်ပေါ့။ သိမ်းရင်း ရှင်းရင်းနဲ့ သားအမိနှစ်ယောက် စိတ်တူကိုယ်တူ အရာရာကို ဟာသနဲ့ ရှု့မြင်ရင်း ရယ်ပွဲဖွဲ့ရတာနဲ့ ပင်ပန်းတာတွေ ဘယ်ရောက် နေမှန်း မသိ၊ ပျော်လည်း ပျော်ရပါရဲ့။

တစ်နေ့တော့ စာရေးစားပွဲကိုရှင်းရင်း ထွက်လာတဲ့ ကဗျာစာအုပ်ကို သားအမိနှစ်ယောက်ခေါင်း ချင်းဆိုင်ပြီး ဖတ်လိုက်ကြတာ တစ်နေကုန်သွားလို့ ဘာမှမပြီးလိုက်ပါဘူး။ သူတို့မှောင်နှမတစ် တွေကျွန်မလိုပဲ ကဗျာစု ၀ါသနာ ပါကြပါတယ်။ အထူးသဖြင့် သူတို့ခေတ် ကနာမည်ကြီးတွေ ဖြစ် တဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) တို့၊ မောင်ပန်းမွှေး၊ မောင်ဆွေနွယ်၊ သစ္စာနီ၊ နွမ်ဂျာသိုင်း၊ မောင်မောက် (ဥက္ကလာ)စသည်တို့ရဲ့ ကဗျာတွေပေါ့။
ဒီလိုနဲ့နှစ်လနီးပါး သိမ်းရင်းထုပ်ရင်း ရှင်းလိုက်ကြတာ နိုဝင်ဘာလ ကုန်ခါနီးမှာ အိမ်သစ် ကို ပြောင်းဖြစ်တော့တယ်။ မကေသီအတွက် တာဝန်ကျေသွားတော့မှ ဒီနှစ်အတွင်းသွားဖို့ အကြွေး တင်နေ တဲ့ သမီးယမင်းဆီ ခရီးဆက်ရပါတယ်။ ကိုယ်ကတစ်ယောက်တည်းနဲ့ မျှဝေရတဲ့သားသမီး တွေကများတော့ သူတို့မှာလည်း အမေနဲ့တစ်နှစ် တစ်နှစ် ခဏလေးစီပဲတွေ့ကြရတာ မို့ အချိန်များများ မပေးနိုင် တာကြောင့် ရင်ထဲမှာတော့ မကောင်းဖြစ်ရတယ်ပေါ့။

ကျွန်မသားသမီးတွေအပေါ်မှာ မေတ္တာအကြွေးတွေ အများကြီးတင်နေတဲ့ အမေလေ၊ သူများတ ကာအမေလို မိစုံဖစုံ လုံခြုံတဲ့ဘ၀ကိုလည်း မပေးနိုင်ခဲ့တဲ့အပြင် ကိုယ်ကစီးပွးရေး ဦးဆောင်နေ ရသူ ဖြစ် တာကြောင့် သားသမီးတွေအတွက် ပေးရမဲ့အချိန်ကို ငွေကြေးနဲ့ လဲခဲ့ရပြန်ပါရော။
ဒါကြောင့် အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မပူမပင် မကြောင့်မကြ နေရတဲ့ကျွန်မရဲ့ အချိန်များစွာကို သးသမီးတွေ အတွက် ဖဲ့ခြွေပေးဝေရတာကို ကျွန်မ ကျေနပ်ကြည်နူးရပါတယ်။
မေတ္တာဆိုတာ ထိတွေ့ခြင်း၊ ဆက်နွယ်ခြင်း၊ ဂရုထားခြင်း၊ ဖြည့်စွမ်းပေးခြင်း၊ အတူရယ်မောခြင်း၊ အတူ ငိုကြွေးခြင်း စသည်စသည်တို့ပဲ မဟုတ်ပါလားနော်။

ဆက်ရန်
.

No comments: