Wednesday, April 3, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၉)

တွယ်တာမှု သံယောဇဉ်တွေနဲ့ ထွေးပိုက်ခြင်း ခံရတဲ့နေရာ၊
သုခဘုံတမျှ ချမ်းမြေ့ပျော်ရွှင်ဖွယ်အတိ ဖြစ်တဲ့နေရာ၊
အဲဒီနေရာကား ဝေးကွာလှစွာသော နေရာတစ်ခုဆီသို့ ဦးတည်ထွက်ခွာခဲ့ရပါပြီ။
အတိတ်ကံတရားအရ ပြည်ပမှာ အခြေချရပေမဲ့ နှလုံးသားကတော့ အမိမြေမှာ ထာဝရတည်ရှိနေ ဆဲ ဆိုတာ သေချာလှပါရဲ့။
ကို ဆက်ဖတ်ရန် ............

အပိုင်း (၆၁)

ဘ၀မှာလူသားတိုင်း ကိုယ်တန်ဖိုးထားရာ တစ်ခုခုတော့ နှလုံးသားထဲမှာ ရှိနေတတ်မြဲပါပဲ။
မောင့်အဲဗားရက်စ်တက်နိုင်မှာ၊ နိုင်ငံတော်က ချီးမြှင့်တဲ့ ဆုတံဆိပ်ကြီးရမှ၊  ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်မှ စိတ်ရဲ့ ကျေနပ်မှုကို ရယူနိုင်တာ မဟုတ်ပါဘူး။
ကိုယ်တန်ဖိုးထားရာ တစ်ခုခုကို လုပ်နိုင်ခွင့်ရရှိခိုက်ခြင်းအားဖြင့်လည်း စိတ်ရဲ့ အထွတ် အထိပ် ရောက်အောင် ကျေနပ်မှု ရတာပါပဲနော်။
ကျွန်မ အဖို့တော့ ကိုယ့်ဇာတိရပ်မြေကို မသေခင်မှာ ပြန်လည်ခြေချခွင့် ကြုံလိုက်ရတာအတွက် ကျေနပ် မဆုံး၊ ကြည်နူးမဆုံး ဖြစ်ရတာနဲ့အတူ ချစ်သောသူများနဲ့ အတူတကွ ကုန်ဆုံးခဲ့ရတဲ့အချိန် ကာလလေးတွေ ကို တသသနဲ့ တန်ဖိုးထားရင်းလွမ်းမောရတဲ့ "အိမ်လွမ်းနာ"ကိုလည်း ရင်ထဲမှာ တနင့်တပိုး ခံစားရပါသေး တယ်။

ကျွန်မနည်းတူ သမီးလည်း ခံစားတမ်းတရှာတယ် ထင်ပါရဲ့။
"မာမီ သမီးတို့ စင်ဒရယ်လားပုံပြင်ထဲကလို ဖြစ်နေပြီနော်"တဲ့။
"၁၂နာရီ ဒေါင်ခနဲ ထိုးသံကြားလိုက်တာနဲ့ အချိန်စေ့ပြီ ဆိုပြီး ပြေးလွှားပြန် လာလိုက် တာ မြင်းဆယ်ကောင်က တဲ့ ရထားလည်း ဖရုံးသီးကြီးပြန်ဖြစ်၊ စင်ဒရယ်လား လည်း မင်းသမီးလေး အဖြစ်က မိထွေးရဲ့ အိမ်မှာ တံမြက်စည်းပြန်ကိုင်ပြီး အမှိုက်ကျုံး ကျွန်ခံရတဲ့ဘ၀ ပြန်ရောက်သွားရသ လိုပဲမဟုတ်ဘူးလားဟင်"
သမီးပြောတာ သဘောကျပြီး ကျွန်မမှာ ရယ်လိုက်ရတာ။ ဟုတ်ပါရဲ့။ မြန်မာပြည် မှာတုန်းက ရွှေမင်းသမီး တမျှ ခံစားခဲ့ရတဲ့ အဆောင်အယောင် အပြုအစုခံရတာတွေ အမေရိကားရောက်တာနဲ့ တစ်ခါ တည်း ပျောက်ကွယ် သွားတော့တာပါပဲ။ ဟိုမှာတော့ "ရေဆာလိုက်တာ ဆိုတာနဲ့ ရေခပ်ပေး မဲ့သူက အဆင်သင့်။ "ပူလိုက်တာ"တစ်ခွန်း ညည်းရုံနဲ့ အနားမှာ ယပ်ခတ်ပေးသူနဲ့ စားတော့ လည်း ထမင်းပွဲရှေ့ရောက်၊ အ၀တ်အစား ကျလည်း လျှော်ပြီးသား၊ မီးပူတိုက်ပြီးသား၊ သွားမယ်ဆို ကားက အဆင်သင့်၊ ယာဉ်မောင်း က တံခါးဖွင့်တောင် စောင့်နေသေးတာမျိုးနော်။"

ဒီလို အပြုအစုနဲ့ စောင့်ရှောက်မှုက မြန်မာပြည်မှာသာ ရနိုင်တာပါ။ အမေရိကားမှာတော့ အရာရာ ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကားကိုယ်မောင်း အားလုံးကိုယ်လုပ်မှပြီးတဲ့ ကိစ္စတွေ ချည်းဖြစ်နေတော့ စင်ဒရယ်လား လို အိမ်ကျွန်ဘ၀ ပြန်သက်ဆင်းရတဲ့အတိုင်းပါပဲ။
"ပျော်ခဲ့ရတာ နဲ့ လွမ်းရတာ မကာမိအောင်" "ခံစားရင်း အိမ်လွမ်းနာ"ကို အချိန်ယူပြီး ကိုယ့်ဟာကိုယ် ပဲကုစားရ ပါတော့တယ်။ သမီးကေသီကတော့ ပြန်ရောက်တာနဲ့ အချိုးကိုပြောင်း လို့။ မျက်နှာမှာ သနပ်ခါး ဘဲကြားရိုက်နဲ့။ မြန်မာသီချင်းတွေလည်း အချိန်ပြည့်ဖွင့်နားထောင်နေ တာကြောင့် မြန်မာစကားတစ်လုံးမှ မတတ်ကြ တဲ့ သူ့သားသမီးတွေတောင် "ကိုကို ယောက်ျားမ ဟုတ်ဘူး"တို့၊ "ဒီလို ဒီလို ချစ်တယ်တအား"တို့ စတဲ့ ပုလဲသီချင်းတွေကို အလွတ်ရပြီ လိုက်ဆိုနေ ကြတာလေ။

ဒီလိုနဲ့ ကျွန်မတို့ သားအမိနှစ်ယောက် နေ့ရှိသမျှ မြန်မာပြည်အကြောင်း အပ်ကြောင်းထပ်အောင် စားမြုံ့ပြန် လို့ ကောင်းနေကြဆဲမှာ စပိန်နိုင်ငံ ရောက်ရှိနေတဲ့ သားအလတ် "ကိုရွှေစင်"က "မာမီ လာ ခဲ့တော့လေ၊ သားဒီမှာ အခြေတကျ ရှိနေပြီပဲ"နဲ့ ဖုန်းဆက်လာတော့ အမောမပြေနိုင်သေးဘဲ စပိန်နိုင်ငံ ကို အောက်တိုဘာလဆန်းမှာ ထွက်ဖို့ပြင်ဆင်ရပြန်ပါရော။
တော်ပါသေးရဲ့။ အမေရိကားနဲ့ စပိန်က နီးပေလို့။ မာယာမီကနေ စပိန်ပြည်ရဲ့မြို့တော် မဒရစ် အရောက် ၈နာရီကြာ မျှပဲ လေယာဉ်စီးရတာကြောင့် မဆိုးလှပါဘူး။ မဒရစ်မြို့က ပါရီနဲ့ ခပ်ဆင် ဆင်တူပါတယ်။ ထုထည်ကြီးမား တဲ့ ရာဇ၀င်ရှိ ရှေးဟောင်းအဆောက်အအုံတွေရော၊ လမ်းထ်ပ်တွေ မှာရုပ်တုကြီးတွေ ရှိနေပုံ ကရော ပါရီအတိုင်းမို့ မဒရစ်မြို့ကို Poor Man's Paris လို့တင်စားတတ် ကြတယ်တဲ့။
ရာသီဥတု က အမြဲသာနေပြီး ကောင်းကင်က ပြာလွင်နေတာမို့ ပါရီနဲ့ ဒါတစ်ခုတော့ ကွားခြားလေ တယ်ပေါ့။ ကျွန်မတို့ တိုင်းတစ်ပါးသားတွေကသာ စပိန်လို့ ခေါ်တာနော်။ သူတို့လူခံတွေက Espana အက္စပါးညားလို့ ခေါ်ပါတယ်။ ပြည်တွင်းသုံးငွေက Pasetes ပါစေးတက္စတဲ့။ အမေရိကန် တစ်ဒေါ်လာက သူတို့ငွေ ပါစေတက္စ ၁၃၀နဲ့ ညီမျှပါတယ်။

ထုံစံအတိုင်း ပစ္စည်းတစ်ခု ၀ယ်ပြီဆိုတိုင်း ကျွန်မမှာ ၁၃၀နဲ့ စားရတာ အမောလေ။ အမေရိကန် ဒေါ်လာနဲ့ တွက်ပြီးတာ နဲ့ ရင်မရတာလည်း အခါခါပါပဲ။ ဈေးကြီးလှပါတယ်ဆိုတဲ့ ပါရီထက်တောင် မဒရစ် က ဈေးပိုကြီးပါသေးတယ်။ မဒရစ်မှာ ဈေးဝယ်ထွက်ချင်ရင် သူတို့ရဲ့ မီယက္ခတာအချိန်ကို သတိပြု ရပါတယ်။ အမေရိကားမှာလို ဆိုင်တွေက တစ်နေကုန်ဖွင့်ကြတာမဟုတ်ဘူး။
မနက် ၉နာရီ မှာ ဖွင့်တဲ့ဆိုင်တွေက နေ့ခင်း ၁ နာရီထိုးတာနဲ့ ပိတ်ကြပါလေရော။ အိမ်ပြန်ပြီး နေ့ လယ်စာ စား၊ တစ်ရေးတမော အိပ်ကြသေးတာတဲ့။ အဲဒါ ညနေ ၄နာရီမှ ပြန်ဖွင့်တာနော်။ ညနေပိုင်း ၄နာရီကနေ ည ၈နာရီ ဆိုင်ပိတ်ပြီး သိမ်းကြတာပါ။ နေ့လယ်နေ့ခင်း အရေးတကြီး ပစ္စည်းဝယ် ချင်လို့ကတော့ မလွယ်လေ ဘူး။ နားနေချိန် Fiesta က သူတို့အတွက် အရေးကြီးပါတယ်။

စားသောက်ဆိုင်တွေကလည်း ည၈နာရီကျော်မှ ဖွင့်ကြတာမို့ ကျွန်မအတွက်တော့ အားလုံးအထူး အဆန်း ကိုဖြစ်လို့။ လမ်းပေါ်မှာကားတွေကလည်း တ၀ီဝီမောင်းနေကြတာ ညဥ့်နက်လို့ သန်းခေါင် ကျော်လည်း သွားနေကြ ဆဲ။ မနက်သုံးလေးနာရီထိ ကားဆက်က ပြတ်တယ်ကို မရှိပါဘူး။ လူတွေကလည်း အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေး၊ ယောက်ျားလေးတွေ အုပ်စုလိုက် ဆယ်ယောက် ဆယ့်ငါးယောက်လောက် လက်တွဲပြီး သွားနေကြတာ နေ့ညမရွေးပါပဲ။
"ဟဲ့...သူတို့တွေ အိပ်မှ အိပ်ကြသေးရဲ့လား"လို့ သားကို မေးကြည့်တော့ "အမေရိကားနဲ့ တခြားစီပဲ မာမီ၊ ဒီမှာက အားလုံးအေးအေးဆေးဆေးပဲ။ သူတို့ရဲ့ လက်သုံးစကားက "Life Is Fiesta- And The Fiesta Is Outside" ဘ၀ဆိုတာ ပွဲတော် ပဲ။ ပွဲတော်ဆိုတာ ပြင်ပမှာ ရှိတာ"လို့ ခံယူထားကြတာ။

"အမေရိကားမှာသာ လူတွေ အသေအလဲ အလုပ်လုပ်ကြရတာ မာမီ၊ ဒီမှာက မနက်ဆို လက်ဖက် ရည်ဆိုင် ထိုင်၊ ညနေအလုပ် က ပြန်တော့ ယမကာအခန်းမှာ အချိန်ဖြုန်းရင်း စကားပြောကြ၊ တေးဂီတမှာ နစ်မြော သူမြော၊ ကလိုသူက ကကြ၊ တစ်ယောက်နဲ့ တစ်ယောက် သိသိမသိသိ ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံကြတာပဲ။ စားသောက်ဆိုင်တွေမှာ တစ်ခါညစာ ထိုင်စားရင်သုံးနာရီ ကြာတယ် မာမီရဲ့။ ဘ၀ကိုအေးချမ်းပျော်ရွှင်စွာနဲ့ အချိန်ပေးပြီးနေကြတဲ့ လူမျိုးတွေလေ"
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘ၀ကိုအေးချမ်းစွာ နေနိုင်ရင်လည်း ကောင်းလေခြင်းပါပဲ။ အမေရိကား မှာတော့ လူတွေက အချိန်နဲ့ စက်ပြီး လှုပ်ရှားရလွန်းတာကြောင့် စက်ရုပ်တမျှ ဖြစ်နေကြပါပြီ။ Spanish လူမျိုးတွေအနေနဲ့ ပွဲကြိုက်တဲ့နေရာမှာ မြန်မာလူမျိုးတွေအတိုင်း သူတို့မှာလည်း ၁၂ရာသီပွဲတော်တွေနဲ့ မပြတ်စည်ကားရုံမကဘူး။ ရုပ်ရှင်ရုံတွေကလည်း မြို့နဲ့မလိုက်အောင် များ ပြားလှစွာပါပဲ။ ရုံတိုင်းကြိတ်ကြိတ်တိုးနေတာမို့ ပျော်ရွှင်စွာ စိတ်အာရုံခံစားနေကြသူများလို့ ဆိုနိုင် လောက်ပါရဲ့။

နှစ်စဉ်နှစ်တိုင်းလည်း မတ်လမှာရုပ်ရှင်ပွဲတော် ကျင်းပမြဲလေ။ ကမ္ဘာအရပ်ရပ်က ရုပ်ရှင်ထုတ်လုပ် သူများနဲ့ ဒါရိုက်တာတွေတက်ရောက်ကြတဲ့ ပွဲပေါ့။ စပိန်နိုင်ငံရဲ့ ရာသီဥတုက အမြဲနေသာပြီး သာယာလှပလွန်းတဲ့ သဘာဝရှုခင်းတွေက ရုပ်ရှင်လုပ်ငန်းရှင်များကို ဆွဲဆောင်လေသလားမသိ။ စပိန်နိုင်ငံမှာ ရိုက်ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားတွေ ဖြစ်တဲ့ Dr Zhivago တို့ Indiana Jones တို့ Elcid နောက်ပြီး The Last Crusade ရုပ်ရှင် ထဲက ရှုခင်းတွေ ဘယ်လောက်လှလဲဆိုတာ ကိုယ်တိုင် ရောက်ခါမှပဲ သဘောပေါက်ရပါတယ်။
မဒရစ် မှာ ကြည့်စရာ လည်စရာတွေ များပြားလှပါတယ်။ စပိန်က "ပီကာဆို"စတဲ့ ကမ္ဘာကျော် အနု ပညာသည် များထွန်းကားရာ အရပ်ဖြစ်တဲ့အပြင် အပျောအပါးတွေ စုံလေတော့ ကမ္ဘာလှည့်ခရီး သည်တွေ အလာများတာကြောင့် မနှစ်က မှတ်တမ်းအရတိုးရစ်တွေဆီက ရတဲ့ဝင်ငွေ ၁၉ဘီလျံ ရှိပါတယ်တဲ့။

မဒရစ်မှာ ရောက်ခိုက်မကြည့်မဖြစ် သွားသင့်တဲ့ နေရာကတော့ Royal Palaceနန်းတော်၊ Pardo ကမ္ဘာကျော် ပြတိုက် နဲ့ ခမ်းနားကြီးကျယ် ထည်ဝါလှစွာသော Cathedrals ဘုရားကျောင်းများစွာ ပါပဲ။ မဒရစ်မြို့ပြင် ၇မိုင်ဝေး တဲ့ နေရာမှာလည်း Vally of the Fallen ဆိုပြီး ခမ်းနားကြီးကျယ်စွာ ဂုဏ်ပြု တည်ဆောက်ထားတဲ့ စပိန်နိုင်ငံတော်အတွက် အသက်ပေးကာကွယ်ရင်း ကျဆုံးသွားကြတဲ့ စစ်သည်တော် များရဲ့ သင်္ချိင်းကလည်း ရောက်သင့်သော နေရာတစ်ခုပါပဲ။
 မဒရစ်မြို့ နဲ့ မိုင် ၄၀အကွာမှာ စပိန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် Toledoရှိပ်သေးတယ်။ ဒုတိယ မြောက် ဖိလစ်ဘုရင်ရဲ့ လက်ထက်မှာ မဒရစ်မြို့ကို နန်းစိုက်မြို့တော်အဖြစ် ပြောင်းလိုက်ပေမဲ့ စစ် တပ်၊ ခံတပ်နဲ့ စစ်ပညာသင်ကျောင်း ကတော့ Toledoမှာရှိနေဆဲပါပဲ။ သားကရုံးပိတ်ရက်တွေမှာ အမေကို စိတ်ရှည်စွာ နဲ့ ရောက်သင့်ရောက်ထိုက်တဲ့ နေရာမှန်သမျှ အပင်ပန်းခံ၊ ငွေကုန်ခံပြီး လိုက် ပို့ပေးတာကြောင့် ကျွန်မ ပင်တိုင်လစဉ် ရေးနေတဲ့ ကလျာမဂ္ဂဇင်းအတွက် ခရီးသွားဆောင်းပါးတွေ ရေးနိုင်တာမို့ အထောက် အကူပြုတဲ့သား "ကိုရွှေစင်"ကို ကျေးဇူးတင်ရပါသေးတယ်။

စပိန်နိုင်ငံကို ရောက်ခဲ့လျက်နဲ့ Bull Fightလို့ခေါ်တဲ့ (နွားရိုင်းသတ်ပွဲ)ကို မကြည့်ရင် မပြည့်စုံဘူး ဖို့အများ အဆိုရှိပေမဲ့ သူတစ်ပါး ထိခိုက်နာကျင်မှုကို ကျွန်မရဲ့နှလုံးသားက လက်ခံနိုင်တဲ့ စွမ်းအင် မရှိလို့ အဲဒီပွဲတွေ ကိုတော့ မျက်နှာလွှဲခဲ့ရပါတယ်။
အဲ...မျက်နှာမလွှဲဘဲ ငေးမောချီးကျူးရအောင် လိုက်ကြည့်ရသူများကတော့ စပိန်သူလေးတွေပါပဲ။ ဆံပင်က အမည်း၊ အသားအရေက နိုနှစ်ရောင် ဖြူဖွေးပြီး မျက်ခုံး မျက်လုံး ထင်းထင်းဆိုတော့ အများစုက အချော အလှ စာရင်းဝင်တွေချည်း ဖြစ်နေတော့တာပေါ့။ ဒါကြောင့် စပိန်နိုင်ငံကို လူပျို လူလွတ် ပြောင်းလာရင် အိမ်ထောင်ကျမြဲလို့ ဆိုကြတာ ထင်ပါရဲ့။
ကျွန်မသား ကိုရွှေစင်လည်း ကြာကြာနေဖြစ်ရင် ကျွန်မအတွက် စပိန်သူချွေးမ ချောချောလေး ရလေ မလားမသိ။ အခုတော့ စပိန်ကိုရောက်လိုက် ၆လအကြာ အစီအစဉ်တစ်ခုပေါ်လာလေရဲ့။ ၀ါရှင်တန် ရုံးချုပ်မှာ ရှိတဲ့သားရဲ့ အထက်အရာရှိက နေရာသစ်၊ ဌာနသစ်မှာ သူ့အတွက် အခွင့်အ လမ်း၊ အတွေ့အကြုံ သစ်တွေ ရနိုင်မှာမို့ စိတ်ဝင်စားခဲ့သော် သွားမလားလို့ သားကိုမေးပါတယ်။

အခါအခွင့် ဆိုတာ ကိုယ့်အိမ်တံခါးကို မကြာခဏ ခေါက်လေ့ရှိတာမျိုး မဟုတ်ဘူးနော်။ ကြုံကြိုက် လို့လာခေါက်တဲ့ အခိုက်မှာ ကိုယ်က တံခါးဖွင့်လက်ကမ်းကြိုဆိုတတ်ဖို့လည်း လိုပါသေးတယ်။ ဒီအခါအခွင့်ဟာ ကိုယ့်အတွက် ဘယ်လောက်ထိ အကျိုးများနိုင် မလဲဆိုတဲ့ ကြောင်း ကျိုးကောင်းဆိုး တွေကိုတော့ သေသေချာချာ ပိုင်းခြား စိတ်ဖြာ ဝေဖန် တွက်ကြည့်သင့်တာသာ အမှန်ပါပဲ။
ကမ္ဘောဒီးယားက ကိုယ့်ဇာတိ အရှေ့တိုင်းနိုင်ငံချင်းမို့ ဘာသာတရား ယဉ်ကျေးမှုနဲ့ အစားအ သောက်ကအစ မခြားနားတာကြောင့် စိတ်ဝင်စား လက်ခံစရာကောင်းတာ မှန်ပေမဲ့ အခုမှ ပြဿ နာပေါင်းများစွာက တည်ငြိမ်စပြုတဲ့ နိုင်ငံတစ်ခု အခြေအနေရှိသေးတာမို့ ရုံးအသစ်၊ ဌာနအသစ်မှာ ရင်ဆိုင်ရမယ့် စိတ်ခေါ်မှု တာဝန်များစွာကိုလည်း ကြုံရဦးမှာ သေချာပါတယ်။ သားကတော့ အတွေ့ အကြုံသစ်တွေနဲ့ စွန့်စားကြိုးစားလိုစိတ် စိတ်အားထက်သန်သူဖြစ်လို့ ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို မမှုဘဲ လက်ကမ်းရောက်ရှိလာတဲ့ အခါအခွင့်ကို လက်ခံဖို့ ဆုံးဖြတ်ပါတယ်။

ကမ္ဘောဒီးယားမှာ ဖွင့်မဲ့ ဌာနသစ်က ၁၉၉၄ခုနှစ်၊ ဇန်န၀ါရီလမှာ စရာမှာကြောင့် ကြိုတင်ပြင်ဆင်မှု တွေနဲ့ ညွှန်ကြားချက်တွေ ယူဖို့ သားလည်းဝါရှင်တန်ကို ချက်ချင်းပြန်ရမယ် ဖြစ်ပါလေရော။ တော် ပါသေးရဲ့။ ကျွန်မတို့ သားအမိ စပိန်မှာ တော်တော်နှံ့စပ်အောင် လည်ပြီးဖြစ်ပေလို့ ကျန်တဲ့ရက် တွေမှာ ပစ္စည်းသိမ်းကြပြီး အမေရိကားကို တစ်ရက်တည်း ပြန်ဖို့ ပြင်ဆင်ရတယ်ပေါ့။ ရယ်စရာ လည်းကောင်းပါရဲ့။ အိမ်က တစ်ချိန်တည်း အတူတကွထွက်ကြပေမဲ့ စီးရတဲ့လေယာဉ်က တစ်စီး စီ။ သားက၀ါရှင်တန်ကို ဦးတည်တဲ့ လေယာဉ်နဲ့ထွက်၊ ကျွန်မက မာယာမီကို သွားမဲ့လေယာဉ်ပေါ် မှာတက်၊ ဘ၀ခရီးဆိုတာလည်း အလားတူပါပဲ။ အရင်းနှီးဆုံး သားနဲ့အမိပင်ဖြစ်သော်ငြားလည်း ကိုယ့်ကံအကြောင်းတရားနဲ့ကိုယ် တစ်ခရီးစီ နှင်ကြရစမြဲပါပဲနော်။

ဒီလိုနဲ့ စပိန်နိုင်ငံက အောက်တိုဘာလကုန်မှာ ပြန်လာပြီး အိမ်မှာ နှစ်ပတ်လောက်ပဲနားချိန် ရပါ တယ်။ နိုဝင်ဘာလထဲမှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ပွဲတော်အမီ သားကြီးခင်မောင်ဝင်းခန့်ကို မိသားစု ဆီလာပါ့မယ် ကတိခံထားမိတာကြောင့် ရှီကာဂို တစ်ခေါက်ခရီးဆန့်ရပြန်ပါရော။ မိခင်ဆိုတာ သားသမီးတွေ အတွက် အဝေးကပေးရတဲ့ မေတ္တာနဲ့ လုံလောက်သေးတာမဟုတ်ဘူး။ ကိုယ်ပိုင် အချိန်လေးတွေ ကိုလည်း ဖဲ့ခြွေပြီး အတူတကွ ကြည်ကြည်နူးနူးနေရတဲ့ ကာကလေးတွေ နဲ့လည်း မေတ္တာနှောင်ကြိုးဖွဲ့ရသေးတာပါ။
ဖလော်ရီဒါ ကို ပြန်ရောက်တော့ ဒီဇင်ဘာလဆန်းနေပြီလေ။ ခရစ္စမတ်ပွဲတော်ရက်မှာ ၀ါရှင်တန်က သား ကိုရွှေစင် အိမ်ပြန်လာတာနဲ့ မိသားတစ်စု သက်ဝင်လှုပ်ရှား ပိုပြီးပျော်ရွှင်ချမ်းမြေ့ ကြည်နူးရ တယ်ပေါ့။ နှစ်ဆန်း ဇန်န၀ါရီ ၃ရက်နေကျတော့ တာဝန်သစ်ထမ်းဆောင်ဖို့သားက ကမ္ဘောဒီယား နိုင်ငံကို ထွက်ခွာသွားရပါတယ်။
ဘ၀မှာ တွေ့ကြုံဆုံပွဲ ငိုတစ်ခါ ရယ်တစ်လှည့်တွေက များပြားလှပါရဲ့။ သားရောက်လို့ ပျော်ရွှင် တက်ကြွနေရာ က ခွဲခွာရတော့မယ် ဆိုတော့လည်း မျက်ရည်လည်ရွှဲနဲ့ ရင်နာပြီးကျန်ခဲ့ရပါရော။ ဒါပေမဲ့ ကျွန်မသား က ပြည်ပဘယ်နိုင်ငံမှာပဲ ရောက်ရှိနေနေ အမေဆီကို နေ့စဉ်ဖုန်းဆက်တတ် သူဖြစ်တာကြောင့် တကယ်တမ်း အလှမ်းဝေးနေတယလို့ မဆိုနိုင်ပါဘူးလေ။ ချစ်ခြင်းမေတ္တာက မိုင်ပေါင်း ကုဋေကုဋာအဝေးကိုလည်း အနီးရောက်လာအောင် ဆွဲဆောင်နိုင်တဲ့စွမ်းအား ရှိပါတယ် နော်။

ဒီလိုနဲ့ သားသွားလို့ တစ်လလောက်ပဲ ရှိသေးတယ်။ ကျွန်မရဲ့သမက် ဂယ်ရီက သူ့ဇနီးကေသီ ရဲ့ မွေးနေ့အတွက် ဘဟားမားကျွန်းစုကို အပျော်ခရီးထွက်ကြမယ်လို့ စီစဉ်ပြန်ပါရော။ ကျွန်မတို့နဲ့ အတူလိုက်မဲ့ တက္ကဆက်ပြည်နယ်က သမီးကေခိုင်လည်း အချိန်မီရောက်ရှိလာပါတယ်။ ထွက်မဲ့ မနက်ကျ ရှီကာဂိုမှာရှိတဲ့ သားကြီးခင်မောင်ဝင်းခန့်ကို နှုတ်ဆက်ဖို့ ဖုန်းဆက်လိုက်တော့ သူ့အတွင်း ရေးမှူး အမျိုးသမီးက...
"မစ္စတာခန့်တို့ မိသးစုခုပဲလေယာဉ်ကွင်း ဆင်းသွားကြပါပြီ"တဲ့ လေ။
"ဟင်...သူတို့ ဘယ်ကို သွားကြတာလဲ"လို့ တအံ့တသြနဲ့ ပြန်မေးမိတာပေါ့။
"အဲဒီ ဖလော်ရီဒါကို လာကြတာလေ။ ရှင်တို့မိသားစုအားလုံး စုပြီး ဘဟားမားကို သွားကြမှာဆို၊ ရှင်မသိဘူးလား"တဲ့။ ကဲ...ကျွန်မသိတာအတွက် သူကတစ်ပြန် ပြန်ပြီးအံ့သြနေပြန်ပါရော။

ကျွန်မက ဖုန်းကိုင်ထားရင်း ကြောင်နေဆဲ သူက ပျာပျာသလဲနဲ့ "မစ္စတာခန့်က သူလာမှာကို ရှင် ၀မ်း သာအောင် တမင် Surpriseလုပ်ချင်လို့ အသိမပေးတာလား မပြောတတ်ဘူး။ တကယ်ရှင် မသိဘူးဆိုရင် ဆက်ပြီး မသိဟန် ပဲဆောင်နေလိုက်ပါနော်။ ကျွန်မပြောတယ်လို့ မပြောလိုက်ပါနဲ့" လို့ထပ်ပြီး မှာနေပါသေးတယ်။
ကျွန်မတို့ မိသားစု စာရင်းရှုပ်ပုံကတော့ ဒီက တီဗွီမှာ နေ့ခင်းဘက် ပုံမှန်လာတဲ့ ဇာတ်လမ်းတွဲ Soap Operaထက်တောင် ပိုပါဦးမယ်။ မနေ့က သားကြီးနဲ့ ဖုန်းပြောတုန်းက "မာမီတို့ သားအတွက်ပါ ပိုပျော် လာခဲ့ကြနော်" နဲ့တောင် သူကခပ်တည်တည်မှာလိုက်သေးတာပါ။ ဟော... အခုတော့ မိသားတစ်စု လုံး လေယာဉ်ပေါ် ရောက်နေကြပြီလေ။
အနားမှာရှိ တဲ့ သမီးတွေက ကျွန်မဖုန်းပြောတာ နားထောင်ရင်း ပဟေဠိ အဖြေညှိကြလေရဲ့။

"ဒါ ကိုကို လုပ်တာမဖြစ်နိုင်ဘူး။ မာမီ့သမက်ရဲ့ မဟာအကြံအစည်နေမှာ။ ကိုကိုတို့ မိသားစုပါမယ် ဆိုတာ သမီးကို လုံးဝ ပြောထားတာမဟုတ်ဘူး။ သိတယ်မဟုတ်လား။ သူက Surpriseလုပ်ရမှ ကျေနပ်တဲ့သူလေ"
"အေး... ဟုတ်တယ်။ ဒါဆို ခုတို့ သိထားပြီး ဆိုတာ ဂယ်ရီကို ပြန်မပြောနဲ့။ ဟိုကျမှ အကြီးအ ကျယ်အံ့သြပြလိုက်ကြရအောင်"
ကျွန်မတို့ သားအမိသုံးယောက် ပေါင်းပြီး တန်ပြန်စစ်ဆင်ရေးတွေ လုပ်ရင်း ကျေနပ်စွာနဲ့ ရယ်မော ကြရပါသေးတယ်။ လေဆိပ်ခန်းမထဲမှာ ဘဟားမား ထွက်ဖို့ ထိုင်စောင့်နေကြရတဲ့အချိန်ထိ သားကြီးတို့ မိသားစုရောက်လာကြမယ်ဆိုတာ ဂယ်ရီက တစ်လုံးတစ်ပါဒမှ မဟလေဘူး။ သူ့ဟာ သူတော့ ဟုတ်လှပြီ ဆိုပြီး ကျေနပ်နေတဲ့ပုံပါ။ မကြာပါဘူး။ မိသားစုထဲမှာ စပ်အစုတက်ဆုံး သမီးကေခိုင်က ကျွန်မကို လက်ကုပ် ရင်း လေသံတိုးတိုးနဲ့ "မာမီ ဟိုမှာ ကိုကိုတို့ လာနေကြပြီ။ အသာနေ လှည့်မကြည့်နဲ့"လို့ သတင်းပေးပါတယ်။ သူတို့ခမျာ ကျွန်မကို မမြင်အောင် အကာ အကွယ်တွေ ယူရင်းကွေ့ ပတ်ပြီး နောက်ဘက်က ၀င်လာကြရရှာတာကို ရယ်ချင်ရယ်နဲ့ မသိဟန် ဆောင်ပြီး ခပ်တည်တည် လုပ်နေရသေး တယ်။

 မြေးအငယ်ဆုံးကောင် ခန့်မောင်မောင်က ကျွန်မကို နောက်ကနေ သိုင်းဖက်လိုက်တော့မှ အထိတ်တလန့် ပုံစံနဲ့ "အမေ့...ဗုဒ္ဓေါ.."ွေ ဘာတွေ တရင်း ကျွန်မကအကြီးအကျယ် အံ့အားသင့်ပြလိုက်တဲ့အပြင် သမီးနှစ်ယောက်ကပါ "ဟော..ကိုကိုတို့ ဘယ်လိုရောက်လာကြတာလဲ"နဲ့ အကယ်ဒမီရှော့နဲ့ အံ့သြပြလိုက်မှ ဂယ်ရီရော သားကြီးခင်မောင်ဝင်းခန့်တို့မိသားစုပါ တဟားဟားနဲ့ ရယ်မောင်း သဘောကျနေလေရဲ့။ တစ်ခါ တလေလည်း သူတစ်ပါး စိတ်ချမ်းသာ ပျော်ရွှင်စေဖို့ သိလျက်နဲ့ သဘောကျနေလေရဲ့။ တစ်ခါတ လေလည်း သူတစ်ပါးစိတ်ချမ်းသာပျော်ရွှင်စေဖို့ သိလျက်နဲ့ မသိဟန်ဆောင်ရတဲ့ အကြောင်းတ ရားတွေလည်း ဘ၀မှာ အကြိမ်အါများစွာ ကြုံရတတ်ပါသေးတယ်နော်။
ဘဟားမားက ကျွန်မတို့ နေတဲ့မြို့နဲက ဘယ်လောက်မှ ဝေးကွာတာ မဟုတ်ပါဘူး။ မာယာမီမြို့ ကနေမိုင် ၅၀ပဲဝေး ပါတယ်။ ကျွန်းပေါင်း ၇၀၀ကျော်နဲ့ Keysလို့ခေါ်တဲ့ကျွန်းပီစီကွေးလေးတွေ ၂၅၀၀စုပေါင်းထားတဲ့ ကျွန်စုလေးပါပဲ။ လူဦးရေက နှစ်သိန်းနဲ့ ငါးသောင်းပဲရှိတာ ဖြစ်ပေမဲ့ တစ်နှစ် တစ်နှစ်လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေက သုံးသန်းခွဲရှိပြီး တိုးရစ္စလုပ်ငန်း တစ်နှစ်မှာ ဒေါ်လာ ၁.၃ဘီလျံ ၀င်ငွေရှိတာတဲ့လေ။ ဘဟားမားက ကျွန်းပေါင်းများစွာရှိပေမဲ့ တကယ်လူနေ တဲ့ကျွန်းက ၃၀လောက်ပဲ ရှိတာပါ။ လူနေအများဆုံးကျွန်းကတော့ ဘဟားမားရဲ့ မြို့တော် Nassau ရှိတဲ့ Providenceကျွန်းနဲ့ Free Port မြို့ရှိတဲ့ Grand Bahamas ကျွန်းပါပဲ။

လကမ္ဘာကနေ ကမ္ဘာမြေကြီးကို ပြန်ကြည့်ကြတဲ့ အာကာသယာဉ်မှုးများရဲ့ အဆိုအရ ဘဟားမားက ကမ္ဘာမှာ အလှဆုံးမြင်ကွင်း တစ်ခုလို့ ဆိုညွှန်းကြလေရဲ့။ ပင်လယ်ရဲ့ ကြည်လင်ပြီး ပြာပုံက သဘာဝအလှတစ်ပါး ဖြစ်နေတာမို့ ငြိမ်သက်အေးချမ်းစွာ အပန်းဖြေ လိုသူများ အတွက် တော့ကွန်းခိုရာ နေရာကောင်း တစ်ခုပါပဲ။ လောဘနဲ့ လောင်းကစား ၀ါသနာပါသူများအတွက် လည်းCasinoတွေရှိတဲ့အပြင် အကောက်ခွန်လွတ် Duty Freeဆိုင်တွေလည်း ရှိတော့ ကမ္ဘာအရပ် ရပ်ကအပန်းဖြေရင်း ဈေးဝယ်ထွက်ကြသူတွေလည်း အများအပြား တွေ့ရပါတယ်။
အားကစားဝါသနာ ပါသူတွေအဖို့ ကောင်းကင်နဲ့ မြေပြင်မက ရေပေါ်ရေအောက်ကစားမျိုးစုံ ရှိနေ တာကြောင့် ပျော်မွေ့ဖွယ်ရာ ကစားကွင်းတစ်ခုလို့ ပြောနိုင်ပါရဲ့။ အစားအသောက်ကလည်း  ပင်လယ်စာ ရေထွက်ပစ္စည်းတွေ လတ်လတ်ဆတ်ဆတ် ရနိုင်တာမို့ ဧည့်သည်တော်တွေအဖို့ ဘဟားမားက အကြိုက်တွေ့စရာ နေရာလေးတစ်ခုပါပဲ။

ကျွန်မတို့ ရောက်တဲ့ညနေမှာပဲ ဂယ်ရီက ပင်လယ်ကမ်းခြေလေး က ရေထွက် ပင်လယ်စာ ကောင်း ကောင်း ရတဲ့ စားသောက်ဆိုင်မှာ ညစာကျွေး ပါတယ်။ ဘဟားမားကျွန်းရဲ့ နာမည်ကြီး ပွဲတောစာ ခရုသုပ်လည်း ပါလေတယ်ပေါ့။ မြန်မာပါးစပ်နဲ့ ခံတွင်းတွေ့စရာ ချဉ်ချဉ်စပ်စပ်သုပ်ထားတာမို့ အားလုံး မိသားစု စားလိုက်ကြတာ တရှူးရှူးတရှဲရှဲနဲ့ ဘယ်နှပွဲစာ မှာမိမှန်းတောင် မသိတော့ပါဘူး။
နောက်တစ်နေ့ မြို့ထဲ ပတ်ဖြစ်တော့ သူတို့ပွဲတော်စာ ခရုသုပ်ဆိုင်တွေက လမ်းဘေးမှာ စီတန် လို့။ ပန်းဆီရောင် ရဲနေတဲ့ ဧရာမခရုသင်းကြီးတွေလည်း ဆိုင်ပေါ်မှာ ခင်ထားတာ အပြည့်။ စားမဲ့သူလာပြီ ဆိုကာမှ အဲဒီခရုအဲဒီခရုသင်းကြီးထဲက အကောင်ကို လက်နဲက ကျွမ်းကျင်စွာ နှိုက် ကလော်ယူထုတ်ပြီး စဉ်းတီးတုံးပေါ်မှာ အရှင်လတ်လတ် တောက်တောက်စဉ်းတော့တာလေ။ ပြီးမှ သံပရာရည် ရွှဲရွှဲ၊ ငရုတ်သီးမှုန့်ရဲရဲနဲ့ သုပ်ပေးလိုက်တာပါ။
အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်မတို့တစ်တွေ ဘုရားတ ကြရင်း ဘယ်သူမှ ခရုသင်းကောက်သုပ် ကိုယောင် လို့မှ မတို့မိအောင် ဝေးဝေးက ရှောင်ဖြစ်ကြတော့တာပဲ။ ဘဟားမားမှာ ကြည့်စရာ၊ လေ့လာ စရာတွေကလည်း အမျိုးအမည်စုံပါဘိ။ ကျွန်မတို့တည်းတဲ့ Paradise Island ပေါ်က Atlantis ဟိုတယ်ရဲ့ အောက်ထပ်မှာ ကမ္ဘာမှာ အကြီးဆုံးရေအောက်ကမ္ဘာ ငါးအလှပြ ဖန်အိမ်ကြီး ကလည်း အံ့မခန်းစရာပါပဲ။

ဒါတင်မကသေးဘူး။ တကယ့် ပင်လယ်ရေအောက်ကမ္ဘာကို လေ့လာချင်သေးရင် ပင်လယ်ရဲ့ အတွင်းပိုင်း ထိ ရောက်အောင်သွားပြီး Glass-Bottom Boatခေါ်တဲ့ မှန်ချပ်ခင်းထားတဲ့ သင်္ဘော ထဲ ကနေရေအောက်ကမ္ဘာ ကို ကြည့်လို့ရပါတယ်။ သဘာဝ အတိုင်းဖြစ်တည်နေ တဲ့ ကျောက်ခက် ချောက်နွယ် ကျောက်ပန်းနဲ့တကွ အမျိုးအမည် မဖော်နိုင်လောက်အောင် အသွေး အရောင် စုံနဲ့ ပုံသဏ္ဍာန် ခြားနားလှတဲ့ ရေသတ္တ၀ါတွေဆိုတာ အံ့မခန်း ဆန်းကြယ်လှပါရဲ့။
ညနေဘက်ကျတော့လည်း ဒင်နာနဲ့ရှိုးတွဲလျက် ညစာစားလျင်း ရိုးရာကပွဲတွေ ကြည့်လိုကကြည့်၊ ခေတ်နဲ့အမိပြေးနေတဲ့ တေးဂီတနဲ့ ကပွဲတွေ ရွေးသွားလို့ကသွား၊ ကိုယ်ကြိုက်ရာ ရွေးချယ်စ ရာကလည်း အများအပြားရှိပါတယ်။ ကျွန်မမြေးတွေကတော့ ရေပေါ်ရေအောက် ကစား ရတာတွေ ကိုစိတ်ဝင်တစား ရှိကြလေရဲ့။ Dolphin ငါးအုပ်စုတွေ ရှိရာ ပင်လယ်ဘက်ထိ မိနစ်နှစ်ဆယ် လောက် မော်တော်မောင်းသွားကြပြီး ငါးတွေနဲ့အတူ ဖက်လဲတကင်းကျော်သပ် ရင်သပ် ခေါင်းသပ် လုပ်ရင်း ရေအတူတူ ကူးတာကိုလည်း တစ်ယောက်ကို ဒေါ်လာသုံးဆယ်ပေးပြီး လုပ်ကြသေးတာ လ။

Virgin Beachလို့ခေါ်တဲ့ လူသူကင်းဝေးရာ ကျွန်းက ငွေသောင်ယံကမ်းခြေကိုလည်း တကူး တက ရောက်ဖြစ်ပါတယ်။ လှိုင်းပုတ်သံနဲ့ အုန်းပင်က အုန်းလက်တွေကို လေတိုးသံကလွဲပြီး ဘာသံမှ မကြားရအောင် တိတ်ဆိတ်ငြိမ်သက်လွန်းတာကြောင့် မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းဆီ ငေးမော ရင်းကမ္ဘာတစ်ခြမ်းက ချစ်သူတွေကို အလွမ်းဝေခဲ့ရတာလည်း ရှိရဲ့။
စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ Para-Sailingလို့ခေါ်တဲ့ ကောင်းကင်အမြင့်ပေါ် တက်ပြီး လေထဲမှာ ရွက်လွင့်ခြင်းပါပဲ။ သင်္ဘောနဲ့ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ဖောင်ကြီး တစ်ခုဆီ သွားကြရပါတယ်။ ဖောင်ပေါ်မှာ ရွက်လွှင့်ဖို့ လေထီးကလည်း အဆင်သင့်၊ လွှင့်တင်ပေးကြမဲ့ အမျိုးသမီးသုံးဦးကလည်း အဆင်သင့်။ အဲဒီလိုရွက်လွှင့်တက်ဖို့ တစ်ဦးကိုဒေါ်လာ ၂၅စီပေးရပါ တယ်။

ကောင်းကင်ပြာပြာမှည ရွက်လွှင့်နေကြတဲ့ လေထီးရောင်စုံတွေကလည်း အများအပြားပါပဲ။ တန် ဆောင်တိုင် မှာ မီးပုံးပျံတွေ လွှင့်ကြသလို ကောင်းကင်မှာ ရောင်စုံလွှင့်နေကြတာ နေနဲ့ ညပဲကွားပါ တယ်။ လေထီး အလယ်က ထိုင်ခုံမှာ လူက၀င်ထိုင်၊ ပြုမကျအောင် သေသေချာချာ တုပ်နှောင်ပြီးမှ ခလုတ်ဖြုတ်ပြီး လွှင့်ထုတ်လိုက်တာပါ။ ပင်လယ်ပြင်ထဲမှာမို့ အတားအဆီးမရှိ တိုက်ခတ် တဲ့ လေအားကောင်းကောင်းနဲ့ မိုးပေါ်ကို အရှိန်နဲ့ တက်သွားတော့တာပဲလေ။
ကျွန်မမြေးတွေက ပျော်ကြလွန်းလို့ ကိုယ့်အလှည့်ရောက်မှာကို မစောင့်နိုင် မအောင့်နိုင်ဘဲ နေရာ လုကြ၊ မဟာဗန္ဓုလမျိုး လို့ ဆိုရလောက်အောင် သတ္တိကောင်းတဲ့ သမီးကေသီတစ်ယောက်ပဲ သူ့ အလှည့်ရောက် တိုင်းနောက်က လူနောက်မှာ ပြေးပုန်းနေလေရဲ့။ နောက်ဆုံးပုန်းစရာလူ မကျန် တော့ မှ လေထီးပေါ် ရောက်တော့တယ်။ အလုတ်ဖြုတ်ပြီး လွှင့်တက်လိုက်တာနဲ့ "အမယ်လေး... ကယ်ကြပါဦး၊ Help Help နဲ့ ဆူညံသွားအောင် အော်ရင်းဟစ်ရင်း လေထီးနောက် ပါသွားလေရဲ့။"
တက်မဲ့သူ ကုန်တော့ ချောင်မှာကပ်နေတဲ့ ကျွန်မကို ဂယ်ရီက လက်ဆွဲပါလေရော။ "အမယ်လေး.. မလုပ်ပါ နဲ့၊ မလုပ်ရဲပါဘူး" နဲ့ အကျောက်အကန် ငြင်းတော့..
"ကလေး ကိုးယောက် မွေးထားတဲ့ သတ္တိတွေ ဘယ်ရောက်ကုန်ပြီလဲ မာမီ၊ လေထီး တက်စီးရတာ ကလေးမွေး ရတာလောက် စွန့်စားရတာ မဟုတ်ပါဘူး"တဲ့။ သူပဲ ပုံခိုင်းတက်လေတယ်။

နောက်တစ်နေ့မှာတော့ ဂယ်ရီက အပိုင်လုပ်လာလေရဲ့။ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ မပြောဘဲ "သင်္ဘော စီးကြမယ်၊ ရေကူးဝတ်စုံတွေ အင်္ကျီအောက်မှာခံပြီး ၀တ်လာခဲ့ကြ၊ ရေကူး လို့ ကောင်းတဲ့နေရာ တွေ့ရင် ကူးကြဆော့ကြတာပေါ့"တဲ့။
သင်္ဘော တစ်စီးစာ လူက ၃၀ပဲပါတာပါ။ တစ်ယောက်ကို ဒေါ်လာငါးဆယ်ပေးစီးရပါတယ်။ ကမ်းက ခွာပြီး မကြာခင် ကပ္ပတိန်က ခရီးသည်များကို နှုတ်ခွန်းဆက်စကားဆိုရင်း ရှင်းပြတာက အခုခရီးက ပင်လယ် ရဲ့အတွင်းဘက် ထိ သွားရမှာမို့ သုံးနာရီခွဲကြာမျှ ခုတ်မောင်းရပါမယ်။ အစီအစဉ်က Deep Sea Walking (ပင်လယ်ကြမ်းပြင်ပေါ် ဆင်းပြီးလမ်းလျှောက်ခြင်း)လို့ ကြေညာလိုက်တော့ ကျွန်မ တို့အားလုံး အထိတ်တလန့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြူးပြဲသွားတော့တာ ပဲ။ တကယ်လည်း အံ့သြကြလို့။
ဂယ်ရီက ထုံးစံအတိုင်း မဟာ Surpriseကြီး အောင်မြင်သွားတာကြောင့် ကျေနပ်စွာနဲ့ သူ့ရဲ့စေတ နာကိုရှင်းပြပါတယ်။

Deep Sea Walking သွားကြရအောင်လို့ ပြောရင် ကျွန်မတို့က "မသွားချင်ပါဘူး"နဲ့ ငြင်းဆန် ကြမှာ သေချာတာကြောင့် တမင်တကာ မပြောဘဲ ခေါ်လာခဲ့တာတဲ့။ အထူးသဖြင့် ကျွန်မက စားရေးသူ ဆိုတာ ထူးခြားတဲ့ အတွေ့အကြုံကို ကိုယ်တွေ့လေ့လာသင့်တယ်ပေါ့။ မြန်မာပြည်က စာဖတ်ပရိတ်သတ်တွေကို မျှဝေခံစားလို့ရအောင် ကျွန်မကို အဓိကထားရောက်ဖူးစေချင်လို့ တမင်စီစဉ်ခဲ့တာတဲ့လေ။
ရွှေသမက်က မြန်မာပြည်က စာဖတ်ပရိသတ်တွေအပေါ် စေတနာ အပိုကောင်းလိုက်တာနဲ့ သတ္တိခဲ ပတ္တမြားခင် တစ်ယောက် သေပေါက်တိုးတော့တာပါပဲ။ ကျွန်မက ရေဆို အသေကြောက် တတ်တဲ့ အညာသူ။ ခါးလယ်လောက်ရောက်တဲ့ ရေတောင်ကြောက်တတ်တဲ့ မိန်းမက ပင်လယ်ရဲ့ အလယ်ကောင်ကြမ်းပြင်ထိ ဆင်းကြည့် ရမယ်ဆိုတာ တွေးကြည့်ရုံနဲ့ကို အသက်ကထွက်ချင်နေ ပြီလေ။ သင်္ဘောပေါ်က ခရီးသည်တွေ လှည့်ကြည့်လိုက်တော့ အားလုံးကအရွယ်ကောင်း လူငယ် လူရွယ်လေးတွေချည်း။ အသက် ၇၀အဘွားကြီးဆိုလို့ ကျွန်မတစ်ယောက်တည်းပါတာမို့ သေဖော် ညှိစရာ သက်ကြီးရွယ်အိုလည်း တစ်ယောက်မှ မမြင်မိတာကြောင့် စိတ်အားငယ်ချင်လာလေရဲ့။

ဒါပေမဲ့ ထူးထူးခြားခြား ရေးစေချင်တဲ့ စေတနာနဲ့ ဒါလောက်ငွေကုန်ကြေးကျခံလုပ်ပေးထားပါ လျက်နဲ့ ကျွန်မက သူရဲဘောကြောင်ပြီး "မဆင်းရဲပါဘူး"ပြောလို့က စေတနာကို စော်ကားရာ ရောက်ဦးမှာပါ။ ၇နှစ်၊ ၈နှစ်အရွယ် ကျွန်မရဲ့ မြေးလေးတွေတောင် သတ္တိရှိရှိနဲ့ ဆင်းရဲမှတော့ ကျွန်မ ရော ဘာကိုတွေးကြောက်စရာရှိလဲနဲ့ ကိုယ့်ဟာကိုယ် သတ္တိမွေးလိုက်တော့လည်း အကြောက်တွေ ပြေ သွားပါတော့တယ်။
တကယ်လည်း ငွေကုန်ရကျိုးနပ်တဲ့ အတွေ့အကြုံကောင်းတစ်ခုပါပဲ။ ကမ္ဘာအရပ်ရပ်ကလာကြတဲ့ တိုးရစ္စတွေအတွက် တည်ထောင်ထးတဲ့ ကိုယ်ပိုင်လုပ်ငန်း တစ်ခုပါ။ သင်္ဘောကပ္ပတိန် ခရစ္စက ရေအောက်ကမ္ဘာရဲ့ ဆန်းကြယ်လှပပုံကို ရိုက်ထားတဲ့ ဗီဒီယိုခွေကိုပြသရင်း ကျွန်မတို့ ပင်လယ် ကြမ်းပြင်ကို ဆင်းကြတဲ့အချိန်မှာ ဆောင်ရန် ရှောင်ရန်တွေကို သေသေချာချာရှင်းပြပါတယ်။

ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲ သုံးနာရီခွဲကြာမျှ ခုတ်မောင်းလာပြီးတဲ့နောက် ရေအောက် ကမ္ဘာကို ဆင်းကြည့်ရမဲ့နေရာရောက်တော့ သင်္ဘောကို ကျောက်ချရပ်လိုက်ပါရော။ ရေအောက်ကို ဆင်းဖို့ကိစ္စ စောစောကတည်းက ကပ္ပတိန်ခရစ္စကိုယ်တိုင် လူရွေးပြီး လေးယောက်တစ်တွဲနဲ့ နံပါတ်စဉ် ပေးထားပြီးသားမို့ ကိုယ့်အတွဲနဲ့ကိုယ် အဆင်သင့်အနေအထားနဲ့ စောင့်နေကြရပါ တယ်။ အဲဒီအချိန် မှာ အားလုံးအပေါ်အ၀တ်တွေ ချွတ်ပြီး ရေကူးဝတ်စုံကိုယ်စီနဲ့ ဖြစ်နေကြပြီလေ။ တာဝန်ယူမဲ့ ကပ္ပတိန် ကိုယ်တိုင်လည်း ရေငုပ်ဝတ်စုံ လဲထားပြီးသားပါ။
ပင်လယ်ကြမ်းပြင်ကို ဆင်းဖို့ သင်္ဘောဝမ်းဗိုက်ဘေးကနေ ကြိုးလှေကားတစ်ခု ချလိုက်ပြီး ခိုင်မြဲ အောင်လုပ်သားတွေက ပြင်ဆင်နေကြလေရဲ့။ လှေကားရဲ့ အောက်ဆုံးမှာ ကပ္ပတိန် ခရစ္စက စောင့် နေပါတယ်။ အဆင်သင့်ဖြစ်တော့ လေးယောက်တစ်တွဲ ပေးထားတဲ့ နံပါတ်စဉ်အတိုင်းခေါ်ပြီး ဆင်း ခိုင်းတာ ကျွန်မက အုပ်စုနံပါတ် ၂။ အတူတွဲဆင်းရမဲ့သူက ဂျပန်ကလာတဲ့ ကာမီဇိုဆိုတဲ့ မိန်းက လေးပါ။

လေးယောက်တစ်တွဲ ဆိုပေမဲ့ ကြိုးလှေကားက ကျဉ်းတော့ နှစ်ယောက်တစ်တွဲ ဆင်းရတာ။ ကြိုး လှေကားပေါ် ရောက်လို့ ခိုင်မြဲအောင် တွယ်မိပြီဆိုမှ ခေါင်းပေါ်ကို အောက်ဆီဂျင်ပါတဲ့ သံခေါင်း စွပ် Helment ကြီးကို ပခုံးပေါ် ရောက်တဲ့ထိ မပြီးစွပ်ပေးလိုက်ပါရော။ တစ်ထစ်ချင်း နင်းပြီး ဖြည်း ဖြည်းချင်း ဆင်းရတာ။ ရေကြောက်တဲ့ကျွန်မ ဒူးတော့အတုန်ချင်သား။ ဒါဟာ ရနိုင်ခဲသမျှ အတွေ့ အကြုံသစ်တစ်ခု ဖြစ်တဲ့အပြင် ဂယ်ရီပြောသလို ကျွန်မချစ်တဲ့စာဖတ်သူများတွက်လည်း စိတ်ဝင် စားစရာ အကြောင်းအရာ တစ်ခုခုရနိုင်တာပဲဆိုတဲ့ အကောင်းမြင်အတွေးနဲ့ အားပေးရင်း သတ္တိ မွေးလိုက်တော့လည်း အကြေက်ပြေပြီး တက်ကြွစိတ်တွေ ၀င်လာလေရဲ့။

တစ်ထစ်ချင်းဆင်းရင်း ရေအောက်ကိုရောက်တာနဲ့ ခေါင်းပေါ်ကဆယ်ပိဿာလောက်လေးတဲ့ Helment ကြီး ကရေဖိအားကြောင့် တစ်ခါတည်း ခေါင်းပေါ်မှာ ဘာမှမရှိတော့ သလို ပေါ့ပါး သွား တော့ တာပဲ။ အောက်အဆင်းမှာ ကပ္ပတိန်ခရစ္စက လက်ကမ်းထိန်းပေးရင်း ကျွန်မကိုဖေးကူချပေး ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ပင်လယ်ရဲ့ကြမ်းပြင်ကို ခြေချခွင့် ကြုံရမယ်လို့ စိတ်ကူးနဲ့တောင် မတွေးမိဖူးပါဘူး။ ဘ၀ရဲ့ ထူးခြားတဲ့ မှတ်တိုင်လေး တစ်ခုပါပဲလေ။
မြေပြင်ပေါ်မှာ မတ်တတ်ရပ်သလို ရေအောက်မှာ မရပ်ကြဖို့ ညွှန်ကြားထားတာမို့ ဒူးနှစ်ဖက်စလုံး ကွေးပြီးကွတတပုံစံနဲ့ ရပ်ရတာကြောင့် ကာတွန်းရုပ်ထွက်နေမှာ သေချာပါတယ်။ ဒါ့အပြင်လေး ယောက်စလုံး တစ်ဦးနဲ့တစ်ဦး လက်တွဲမဖြုတ်ကြဖို့လည်း ညွှန်ကြားထားသေးတာပါ။ အဲဒီလို တွဲထားပေလို့ပါပဲ။ မဟုတ်ရင်ကိုယ်က ပေါ့ပြီး ရေပေါ်ရောက်သွားမှာလေ။ အောက်ဆီဂျင်ပါတဲ့ Helment ဆောင်းထားတာတောင် ရေအောက် ရောက်တာနဲ့ အသက်ရှူရတာ နည်းနည်းခက်ပါ တယ်။

အသက်ရှူရကျပ်လာရင် မကြာမကြာ သမ်းပေးပါလို့ ဆိုတဲ့ညွှန်ကြားချက်အရ ပါးစပ်ဟပြီး တ၀ါးဝါး သမ်းရသေးရဲ့။ Helmetက ပခုံးအထိအလုံစွပ်ထားတာမို့ ပါးစပ်ဟပေမဲ့ ရေမ၀င်ပါဘူး။ ရှေ့ဘက်မှာ မှန်ကာထားတာ ဖြစ်လို့ မြင်ကွင်းကောင်းစွာ ရပါတယ်။ ကပ္ပတိန်က ခြောက်ပေ လောက်ရှည်တဲ့ တုတ်တစ်ချောင်းကိုယူလာပြီး လက်နှစ်ဖက်နဲ့ အဲဒီတုတ်ကိုကိုင်ကြပါလို့ စာတန်း ထိုးပြတော့ လေးယောက်သားတုတ်ကို မြဲမြဲကိုင်ထားမှ အဲဒီအတွဲလိုက်ကြီးကို သူက ဦးဆောင်ပြီး ခေါ်သွားပါတယ်။
မြေပြင်ပေါ်က ပန်းဥယျာဉ်ထက် အဆပေါင်းများစွာ လှပတဲ့ဥယျာဉ်ကြီးထဲဖြတ်သွားရတာ စိတ်ဝင် စားစရာကောင်းလိုက်တာ။ သဘာဝအရဖြစ်တည်နေတဲ့ ကျောက်ဆောင်ကျောက်ခဲ ကျောက်း ပန်းခက်ကျောက်နွယ်တွေဆိုတာ အရောင်စုံအသွေးစုံ ပုံသဏ္ဍာန်စုံ သက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီ ကားကြီးတစ်ချပ်ကို ကြည့်ရသလိုပါပဲ။ ရေကလည်း ကြည်လင်နေတာ မှန်သားရောင်အတိုင်း။ ငါးလေးတွေကလည်း အရောင်အသွေးအမျိုးစုံ ကူးခပ်နေကြတာ လှမှလှ။
အုပ်ဖွဲ့လာတဲ့ ငါးတွေကျွန်မတို့ရှေ့ကို ဖြတ်လာရင် ဒီဟာဘာငါးမျိုး ဖြစ်တယ်ဆိုတာ ကပ္ပတိန်က စာတန်းထိုးပြီး ပြောပြပါတယ်။ ဧရာမ ပင်လယ်ပုစွန်ကြီးတွေ ကလည်း ကျောက် ခက်ကျောက်နွယ် တွေကြားမှာ ၀င်လိုက် ထွက်လိုက် လုံးလုံးရှည်ရှည် ပုပုဝိုင်းဝိုင်း ပုံသဏ္ဍန်စုံ ခရုကောင်တွေ က လည်းအများအပြား တစ်ခါမျမြင်ဖူးမတွေ့ဖူးတဲ့ ရေသတ္တ၀ါတွေကလည်း အနန္တ။

ငါးတွေကို အစာကျွေးဖို့ ကပ္ပတိန်က သူ့ခါးမှာ ချိတ်လာတဲ့ အထုပ်ကလေးကို ကျွန်မတို့ကို ပေး တာနဲ့လက်တစ်ဖက် က တုတ်ကိုမြဲမြဲကိုင်ရင်း ကျန်တစ်ဖက်နဲ့ ကျွေးတော့ ငါးအုပ်ကြီးက အလု အယက် စား လိုက်ကြတာ ကို ကြည့်ပြီးလည်း ပီတိဖြစ်ရပါရဲ့။ ကြမ်းပြင်ပေါ်က ဧရာမခရုကြီးတွေကို ကောက်ပြီး ကပ္ပတိန် က ကျွန်မတို့ကို ကိုင်ခိုင်းရင်း ရေအောက်ပိုလာရွိုက် ကင်မရာနဲ့လည်း ဓာတ်ပုံ ရိုက်ပေး ပါသေးတယ်။
ရေအောက်ကမ္ဘာကို လျှောက်ကြည့်ရင်း ကျောက်ခက် ကျောက်တက်တွေရဲ့ အမျိုးအမည်ကိုလည်း သိရအောင် စာတန်းထိုးပြပါသေတယ်။ တချို့ကျောက်ခတ်တွေက အပင်လို အပွင့်လို ပုံသဏ္ဍန် ဖြစ်ပေမဲ့ သက်ရှိရေသတ္တ၀ါကောင်တွေ ဆိုတာသိရလို့ ကျွန်မတို့မှာ အံ့သြလိုက်ရတာ။ အစာကျွေး လိုက်ရင် သတ္တာဝါတွေ အတိုင်း ပါးစပ်ဟပြီး စားကြတာနော်။ Sponge လို့ခေါ်တဲ့ ရေမြှုပ်ကလည်း လူတွေလို အသက်ရှူလို့။ Brain Coral ကျ တကယ့်လူရဲ့ ဦးနှောက်ပုံသဏ္ဍာန် အတိုင်း ဖြစ်နေတာ အံ့သြဖွယ်ရာပါပဲ။ Fire Coral ဆိုတာကလည်း ရေအောက်နေပြီး သူ့ကိုထိမိ ရင်မီးလို ပူတာတဲ့လေ။

အပြာ၊ အ၀ါ၊ အနီ၊ ခရမ်းအပြင် အသွေးအရောင် ဆန်းပြားလှတဲ့ ကျောက်ခက်ကျောက်နွယ်တွေ သဘာဝအရ ဖြစ်တည်နေတာ အမျိုးမည်ပေါင်း နှစ်ထောင်ကျော်တောင် ရှိတာပါတဲ့။ ရေအောက် ကမ္ဘာရဲ့အံ့ဖွယ်တစ်ပါး ဆိုရလောက်အောင် ထူးခြားဆန်းပြားလွန်းလှတာမို့ ကျွန်မတို့ လျှောက် ကြည့်လို့မဆုံး စိတ်ဝင်စားလို့ကောင်းနေတာ အချိန်ကိုတောင် သတိမထားမိပါဘူး။ အသက်ရှူရ တာနည်းနည်းခက်ခဲလာတော့မှ ဆက်နေလို့ဖြစ်ပါမလား စဉ်းစားမိပေမဲ့ အခြေအနေဆိုးသေးတာ မဟုတ်လို့ ကြိုးစားပြီး နေလိုက်ပါတယ်။
ကပ္ပတိန်ကတော့ မှာထားပြီးသားပါ။ အကယ်၍ အသက်ရှူ ခက်လာရင် ဆက်မနေပါနဲ့ သူ့ကို လက်ညှိုးထောင်ပြပြီး အပေါ်တက်မဲ့ ပုံသဏ္ဍာန်ညွှန်ပြပါ။ သူချက်ချင်း တင်ပေးပါမယ်၊ အန္တရာယ် မဖြစ်စေ ရပါဘူးတဲ့။ မကြာပါဘူး။ သတ်မှတ်ထားတဲ့ ၂၅မိနစ်စေ့ပြီ ဖြစ်တာနဲ့ ကျွန်မတို့လေး ယောက် လက်ပြန်တွဲကြပြီး ကွတကွတနဲ့ ကြိုးလှေကားအရောက် ပြန်လျှောက်သွားရင်း အပေါ်ကို နှစ်ယောက်စီ တစ်ထစ် ချင်း တက်ကြမယ်ပေါ့။ အားလုံးက ဒီအတွေ့အကြုံကို ကျေနပ်ပျော်ရွှင် ကြတာမို့ ကပ္ပတိန် ကို ကျေးဇူးတင်စကား ၀ိုင်းပြောကြလေရဲ့။

ရေအောက်မှာ ရိုက်လာခဲ့တဲ့ ပိုလာရွိုက်ကင်မရာက ဓာတ်ပုံတွေရလို့ တစ်ပုံကိုဒေါ်လာ ၁၅ပေးပြီး လည်း အလုအယက် ၀ယ်ကြပါသေးတယ်။ အပြန်ခရီးကတော့ ကမ္ဘာအရပ်ရပ်က လာကြသူချင်း ရင်းနှီး ခင်မင်သွားကြပြီး ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေ ဖလှယ်ကြပြောဆို ရယ်မော ကြနဲ့ နေကုန်လို့ သင်္ဘောဆိပ်ကမ်းကိုကပ်မှ လူစုကွဲပါတော့တယ်။
ဘဟားမား တစ်ပတ်ခရီးစဉ်က မိသားစုအားလုံး စိတ်လှုပ်ရှားခြင်းများစွာနဲ့ ပြီးဆုံးသွားလေရဲ့။
သူ့ဇနီး "ကေသီ"ရဲ့ မွေးနေ့ပွဲကို ထူးထူးခြားခြား ပျော်စေချင်တဲ့ ဆန္ဒနဲ့ ညီအစ်ကို မောင်နှမ မိသားစုအားလုံးကို တာဝန်ယူ ဖိတ်ကြားပြီး စိတ်ဝင်စားရာမှန်သမျှ အတွေ့အကြုံစုံအောင် သေသေ ချာချာရွေးချယ် စီစဉ်ပြီး လိုက်ပို့ပေးတဲ့ သမက်ဂယ်ရီရဲ့ မေတ္တာစေတနာကိုလေးစား တန်ဖိုးထား ရင်း ကျေးဇူးတင်၇ှိမဆုံး ဖြစ်ရပါတယ်။

ဒီလိုနဲ့ မိသားစု မောင်နှမတွေ တွေ့လိုက် ဆုံလိုက် ပျော်လိုက် အချိန်တန်တော့လည်း ကိုယ့်အလုပ် ရှိရာ ပြန်လိုက်၊ ခွဲခွာရလိုက်နဲ့ ဘ၀သံသရာလည်နေရမြဲပါပဲ။ ပြည်နယ်တစ်ခုစီမှာ အခြေချနေကြရတာမို့ ခရီးက မနီးကြပေမဲ့ မိသားစု ကြီးမားလွန်းတာကြောင့် တစ်ခုမဟုတ် တစ်ခု နဲ့ပြန်ဆုံကြဖို့ အကြောင်း၇ှိနေတာ ဆိုတော့ တစ်နှစ်မှာ အခါများစွာ ပြန်လည်ဆုံဖြစ်ကြတာပါ ပဲ။
ဟော...အခုပဲကြည့်လေ၊ သမီးကေသီနဲ့ ကျွန်မရဲ့မွေ့နေ့က သုံးလပဲ ကွားခြားတာမို့ မေလဆန် ၁၄ရက်နေ့ကျရင် သားသမီးတွေ ပြန်လည်စုစည်းဖြစ်ကြဦးမှာပါ။ ဒီနှဏ်က ကျွန်မရဲ့အသက် ၇၀ ပြည့်မှာကြောင့် ထူးထူးခြားခြား မှတ်မှတ်ရရ မွေးနေ့ကျင်းပပေးချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ သားသမီး တွေက စီစဉ်လှုပ်ရှားနေကြလေရဲ့။ အဲဒီသတင်းကို ကြားတဲ့ ကျွန်မရဲက ၀မ်းမနာသား သုံးယောက်က...
"ဟာ..မဖြစ်ဘူး။ ဒီနှစ် ၇၀ပြည့်မာမီရဲ့ စပါရှယ်မွေးနေ့ပွဲကို ကျွန်တော်တို့ သားသုံးယောက် အတူ တာဝန်ယူလုပ်ကြမယ်လို့ တိုင်ပင်ထားကြပြီးသား"နဲ့ အရေးဆိုပါလေရော။

အဲဒီ ၀မ်းမနာသား သုံးယောက်ကောက်ရပုံလည်း ပြောပြရဦးမယ်။ တစ်နေ့ကျွန်မနေတဲ့ သန္တာစမ်း မြို့မှာဓာတ်ပုံပညာနဲ့ပက်သက်တဲ့ဟောပြောပွဲတစ်ခု လုပ်တော့ ဓာတ်ပုံဝါသနာပါတဲ့ ကျွန်မရဲ့ မိတ်ဆွေ ဒေါက်တာနိုင်ဝင်းက အဲဒီဟောပြောပွဲကို အတူသွားရအောင်လို့ အဖော် စပ်ပါတယ်။ ဟောပြောပွဲခန်းမ အ၀င်ကျတော့ ၀င်ကြေးအဖြစ် လက်မှတ်ဝယ်ရတယ်ပေါ့။ တစ်ဦးစီဆိုရင် တစ်စောင် ၁၅ဒေါ်လာ၊ မိသားစုကျ တစ်စောင် ၁၀ဒေါ်လာတဲ့။
ဖြတ်ထိုးညဏ်လျင်တဲ့ ဒေါက်တာနိုင်ဝင်းက နှစ်ဆယ်တန် တစ်ရွက်ထုတ်လိုက်ပြီး "ဒါကျွန်တော့် အမေ"ဆိုပြီး ချက်ချင်း အမေတော်ထည့်လိုက်လေရဲ့။ ဒီလိုနဲ့ စာမချုပ်၊ လက်မှတ်မထိုး ကိုးလ မလွယ်လိုက်ရဘဲ သား တစ်ယောက် ကောက်ရလိုက်တယ်ဆိုပါတော့။ မြန်မာတွေ ဆုံမိကြလို့ ပွဲစည်ပြီဆိုရင် ဒေါက်တာနိုင်ဝင်းက ကျွန်မ ကို "ဒါ ကျွန်တော့်မာမီ၊ အမေဖြစ် မွေးစားထားတာ"နဲ့ ထုတ်ဖော်လေ့ရှိပါတယ်။

ဒီတော့အနားမှာရှိကြတဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါကတာညွန့်လွင်နဲ့ မျက်စီအထူးကု ဆရာဝန်ကြီး ဒေါက်တာလင်း တို့ကလည်း "အမယ်...ခင်ဗျား တစ်ယောက်တည်း ကျိတ်ပြီး အမေ တော်ထားလို့ ဘယ်ရမလဲ။ ကျွန်တော်တို့လည်း အမေ တော်ရမှာပေါ့"နဲ့ ၀ိုင်းပြီး အမေတော် တာနဲ့ နေရင်း ထိုင်ရင်း သားသုံးယောက် ဖြစ်သွားပါလေရော။
တကယ်လည်း အားကိုးရတဲ့ သားတွေပါ။ ကျွန်မတို့ အမေရိကားကို ရောက်လာကတည်းက တစ် မိသားစုလုံး ဖျားနာ နေမကောင်းဖြစ်တိုင်း အခမဲ့ ဆေးကုသပေးခဲ့တာပါ။ ကျွန်မမိခင် ဆုံးခါနီးမှာ လည်းဒေါက်တာနိုင်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး ညအထိဘေးက ထိုင်စောင့်ကြည့်ရှုပေး ခဲ့တာလေ။ ကျွန်မတို့တင်မဟုတ်ပါဘူး။ ရပ်ဝေးရပ်နီး လာသမျှ မြန်မာမှန်သမျှကို ဒေါက်တာညွန့် လွင်၊ ဒေါက်တာလင်း၊ ဒေါက်တာနိုင်ဝင်း သုံးယောက်စလုံး ကုသိုလ်ဖြစ် ကြည့်ရှုစောင့်ရှောက်ပေး ကြမြဲပါပဲ။

အထူးသဖြင့် ဖလော်ရီဒါက မြန်မာလူနည်းစု ဖြစ်တော့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်စွာနဲ့ မိသားစု အကြီးကြီး တစ်ခုလို စည်းလုံးကြည့်ရှု့ စောင့်ရှောက်ကြတာမို့ ချမ်းမြေ့ကြည်နူးစရာကောင်းပါ တယ်။ ကျွန်မမှာ ၀မ်းမနာသားတွေတင်မကဘူး။ ၀မ်းမနာ သမီးပေါင်းလည်း အများအပြားရှိပါသေး တယ်။ မေတ္တာဆိုတာ ခွဲဝေခံစားခြင်းပဲ မဟုတ်လားနော်။
မေတ္တာရှိရင် စေတနာရှိတယ်။
စေတနာရှိရင် စာနာစိတ်ရှိတယ်။
စာနာစိတ်ရှိရင် အလေးထားဂရုစိုက်ပါတယ်။
အမှန်က အသေးအမွှား ကိစ္စလေးတွေကို သတိတရ ဂရုစိုက်တာ။ ကြီးစွာသော အားထုတ်ရတာမျိုး မဟုတ်ပါဘူး။

သူတစ်ပါး နေသာထိုင်သာရှိသွားအောင် လှိုက်လှိုက်လှဲလှဲ အပြုံးကလေးနဲ့ ဖော်ဖော်ရွေရွေ ဆက် ဆံတာ။ ၀မ်းနည်းအားငယ်နေသူကို ပခုံးလေးဖက်၊ လက်ကလေးကိုင်ပြီးနှစ်သိမ့်တာ၊ သူတစ်ပါး တိုင်းပြည် မှာ ရောက်ခါစ အထီးကျန်အဖော်မဲ့ ဖြစ်နေသူကို ဖုန်းကလေးဆက် စကားပြောဖော် လုပ် ပေးတာ၊ ရင်ဖွင့်လိုသူ ကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတာ၊ ပြဿနာဖြစ်နေသူကို ၀ိုင်းကူပြီး အကြံဥာဏ်ပေးတာ၊ သူတစ်ပါးရပ်ရွာမှာ ကိုယ့်အားကိုယ်ကိုးရဲအောင် အားမာန်သွင်းပေးတာ။
စသည် စသည်တွေဟာ ရင်ထဲက စေတနာနဲ့ လုပ်ပေးရတာ။ တစ်ပြားတစ်ချပ်မှာ ကုန်ကျရတာ မဟုတ်ပေမဲ့ လက်ခံရရှိသူအနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အားအင်တစ်ခုဖြစ်စေတာ အမှန်ပါပဲ။ အမေရိကားမှာ ရုပ်ပစ္စည်းသာ ပြည့်စုံကြွယ်ဝတာနော်။ တစ်ဦးနဲ့တစ်ဦး အချိန်မမေပးနိုင်မှုကြောင့် စိတ်အာဟာရကတော့ အလွန်ချိုတဲ့လှပါတယ်။ အထူးသဖြင့် မိဝေးဖဝေး တစ်ကိုယ်ရေ လာပြီး ပညာရှာ၊ ဥစ္စာရှာကြတဲ့ မိန်းကလေးငယ်လေးတွေအနေနဲ့ တစ်ခါတစ်ရံ အားငယ်စရာကောင်းတဲ့ အချိန်အခါတွေလည်း ကြုံကြရတယ်ပေါ့။

အနီးအနားမှာ အမေငုတ်တုတ်ရှိနေတဲ့ ကျွန်းမရဲ့ သားသမီးတွေတောင် အရေးကြုံတိုင်းအမေကို တပြီးကောင်းကောင်းဆိုးဆိုး တိုးတိုးဖော်အဖြစ် ပြောတတ်ကြသေးတာ။ သူတို့ခမျာလည်း အမေလိုရှာမှာပဲ ဆိုတဲ့ စာနာစိတ်နဲက ကျွန်မရဲ့ မရှိမဲ့ရှိမဲ့ အချိန်လေးတွေကို ဖဲ့ခြွေပြီးသူတို့ ပြောသမျှ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးလိုက်၊ ကိုယ့်အတွေ့အကြုံတွေလည်း ခွဲဝေခံစားစေပြီး သင်ခန်းစာ ပေးစရာရှိပေး၊ ၀မ်းနည်းစရာကို ရယ်စရာအဖြစ် မြင်အောင် ဟောသနှောတန်လည်း နှောရင်း စိတ်လက်ပေါ့ပါးစရာ ပြောလိုက်နဲ့ မေတ္တာနဲ့ စိတ်ရဲ့အာဟာရ ဆေးပေးဝေ ဖြစ်တာကြောင့် အငှားအမေလုပ်ရင်း သမီးတွေပါ တိုးပွားလာပြန်ပါရော။

အမေအဖြစ် မွေးစားလိုက်ကြတဲ့ သားသုံးယောက်က ကျင်းပပေးတဲ့ အသက် ၇၀ပြည့်မွေးနေ့ပွဲ မှာ တော့ကမ္ဘောဒီးယားကို တာဝန်နဲ့ ရောက်ရှိနေတဲ့ သားအလတ် ကိုရွှေစင်မှာအပ ကျန်ရှိတဲ့ သားသ မီးအားလုံးနဲ့ မြေးများပါ ပြည်နယ်အသီးသီးက ရောက်ရှိလာရုံမကဘူး ကျွန်မရဲ့ ၀မ်းမနာ သားသမီးပေါင်း များစွာ၊ မိတ်ဆွေပေါင်းများစွာနဲ့ တသိုက်တ၀န်း ကျင်းပဖြစ်တာမို့ ဘ၀ရဲ့အမှတ် တရပျော်ရွှင် ရသော နေ့များထဲက တစ်နေ့အဖြစ် မှတ်တိုင်တူရမဲ့ နေ့ထူးနေ့မြတ် တစ်ခုပါပဲ။
ကဗျာဆရာမလေး Laura Mae Atley Gibson က "အသက်ကို နှစ်နဲ့မတွက်ပါနဲ့ ချစ်မြတ်နိုး ရတဲ့ မိတ်ကောင်းဆွေကောင်း ဘယ်နှဦးရှိလဲဆိုတာနဲ့ ရေတွက်ကြည့်ပါတဲ့"
ဒါဆိုရင် ကျွန်မအသက်ကရတနာသုံးပါး ဂုဏ်ကျေးဇူး၊ ချစ်ခင်သော မိတ်ကောင်း ဆွေကောင်းများ ဂုဏ်ကျေးဇူး အပြင် ချစ်ခင်သော စာဖတ်သူများ ဂုဏ်ကျေးဇူးနဲ့ ၇၀ဟိုတယ် ဘယ်လောက်များ ပိုနေမလဲဆိုတာ လက်ချိုး ရေတွက်ကြည့်ရဦးမှာပေါ့နော်။

 ဆက်ရန်
.

1 comment:

Anonymous said...

[url=http://buynolvadexonlineone.com/#ampbf]cheap nolvadex online[/url] - nolvadex 10 mg , http://buynolvadexonlineone.com/#hokvs nolvadex online without prescription