Tuesday, April 2, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၈)

အဲဒီ ခရွိုင်စယ်လာကား ကလည်း ပြောလိုက်တာ အမျိုးကိုစုံလို့။ "ဓာတ်ဆီ နည်းနေပြီ" "ရှေ့မီး ဖွင့်ပါအုံး"တို့ "ပိတ်ပါဦး" တို့၊ တံခါးက ချက်မကျရင်လည်း ပြော၊ ကားပေါ်ထိုင်လို့ခါးပတ် မပတ်ရ သေးရင်လည်းပြော၊ တစ်ခါတလေတော့ ကိုယ်ကမေ့ တတ်သူမို့ သူသတိပေးပြောဖော် ရတာအ တွက်ကျေးဇူးတင်ပါရဲ့။ တစ်ခါ ကတော့ ဟိုင်းဝေးပေါ်ရောက်ကာမှ "ကားကအင်ဂျင်ပူနေ တယ်။ အမြန်ဆုံး ကားပြင်ဆိုင်ယူသွား စစ်ဆေးပါ" တဲ့။
သိတဲ့ အတိုင်း ဟိုင်းဝေးပေါ် တက်မိရင် Exitတစ်ခုနဲ့ တစ်ခုက အဝေးကြီး။ ဟိုင်းဝေးပေါ် မရောက်ခင် က ပြောပါလားလို့ ကားနဲ့ကျွန်မရန်ဖြစ်ကြရသေး တယ်။ နောက်တော့ လည်း ကျေအေးပီး အနားမှာ အဖော်ကောင်း တစ်ယောက် ပါသလို အားကိုးရှိလို့။ အခု ကား အသစ်ကြီး ရတာကြောင့် သူ့ကိုခွဲခွာရမယ် ဆိုရင် ကျွန်မလွမ်းနာကျရဦးမှာပဲ။ ဘ၀နေ၀င်ချိန် ဆည်းဆာ ကာလမှာ ကျွန်မအတွက် မထင်မှတ်ဘဲ ရောက်ရှိလာကြတဲ့ အပြောင်း အလဲဖြစ်ရပ်တွေ ကို တွေးရင်း ကံတရားရဲ့ ဆန်းကြယ်လှပုံကို အံ့မခန်းဖြစ်ရပါတော့တယ်။တကယ်တော့ ဘ၀ ဆိုတာ ကောင်းတစ်လှည့် ဆိုးတစ်ခါနဲ့ ဒီရေကို တက်လိုက် ကျလိုက်ပဲ မဟုတ် ပါ လားနော်။
ကို ဆက်ဖတ်ရန် .........

အပိုင်း (၆၀)

ဘ၀ဆိုတာ ကြိုတင်ပြီး မသိမမြင်နိုင်တဲ့ အကြောင်းတရားတွေထဲမှာ တိုးဝင်ပြီး လျှောက်လှမ်းနေကြရတာ မဟုတ်လားနော်။ ကောင်းရာက ဆိုး၊ ဆိုးရာက ကောင်း ရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့ လောကဓံ တရားရှစ်ပါးက အချိန်အခါမရွေး လူသားအားလုံးဆီကို ရောက်ရှိလာနေတာကတော့ သေချာလှပါရဲ့။
ကျွန်မအဖြစ်ကိုပဲ ကြည့်ပါဦး။ ဆယ်ကျော်သက် အရွယ်လေးထိတော့ သူလို ကိုယ်လို ကျောင်းသူဘ၀မှာ အပူအပင် ကင်းမဲ့စွာနဲ့ ပျော်ရွှင်ချမ်းမြေ့လို့။ လူလားမြောက်ခဲ့တဲ့ အချိန်ကစပြီး ကြုံခဲ့ရတဲ့ ဒုက္ခပေါင်းများစွာ၊ အခက်အခဲ အပြောင်းအလဲပေါင်း များစွာတွေနဲ့ နပန်းလုံးရင်း ရုန်းကန်ကျော်လွှားခဲ့ရတာ အမောတကော ပါပဲ။
Jill Wolf ရေးထားတဲ့ စာလေးတစ်ပုဒ်ကို သတိရမိပါသေးတယ်။
ဘ၀ဒီရေကျလို့ စိတ်မလျှော့နဲ့။ တက်ဖို့အလှည့် ရောက်လာဦးမယ်ဆိုတာ သတိထားရမယ်။

သံသယနဲ့ အဖြေရှာမရတာတွေအတွက် စိတ်မလျှော့နဲ့။ မိမိအတွက် သင်ခန်းစာတစ်ခုရဖို့ အလားအလာ ဆိုတာ သိထားပါ။
မိုးမှောင်ကျလို့ စိတ်မလျှော့နဲ့ အရုဏ်ဦး ရောက်တော့မယ်။ ပန်းတိုင်နီးနေပြီဆိုတာ သိထားပါ။
တာအဝေးဆုံး ပြေးခဲ့ရတာအတွက် စိတ်မလျှော့နဲ့။ ပန်းတိုင်နီးနေပြီဆိုတာ သိထားပါ။
တောင်ထိပ်မြင့်လွန်းတယ်လို့ စိတ်မလျှော့နဲ့။ ရည်မှန်းချက် မြင့်မားရမယ်ဆိုတာ သိထားပါ။
ရှုံးတော့မယ် အထင်နဲ့ စိတ်လျှော့ရပ်မပစ်နဲ့။ စမ်းသပ် မကြည့်သေးသမျှ အရှုံး အနိုင် မသိပါဘူးတဲ့။

အားလုံးသော ဒုက္ခဆင်းရဲ အခက်အခဲ အကျပ်အတည်း ပြဿနာတွေဟာ အစဉ်တည်မြဲနေခြင်း မရှိပါဘူး။ စိတ်မလျှော့ဘဲ ရင်ဆိုင်ကြိုးပမ်းခဲ့ရင်၊ အချိန်တန်တော့ ပြီးဆုံးသွားရင် ကောင်းတဲ့အလှည့် ရောက်ရှိလာမြဲ လို့ Jill Wolf ပြောသလို လက်ခံနိုင်ဖို့တော့ လိုအပ်တာပေါ့နော်။ ဒါမှ စိတ်အားတင်နိုင်ပြီး အခက်အခဲကို ရင်ဆိုင်မှာပါ။ ရှုံးနိမ့်မယ်လို့ ထင်နေရင် ရှုံးတာပဲ။ ဖြစ်နိုင်မှာ မဟုတ်ပါဘူး တွေးလိုက်တာနဲ့ သတ္တိက ထွက်ကို မလာတော့ဘူး။
ဒါကြောင့် ဘယ်လို လောကဓံမျိုးပဲ ရောက်ရှိလာလာ မိမိကိုယ်ကိုယ် ယုံကြည်မှု သတ္တိမွေးပြီး ရတနာသုံးပါး အပေါ် အားထားမှုရှိရင် အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာပဲလို့ ကျွန်မ ခံယူထားပါတယ်။ ဟိုတုန်းက ကြုံခဲ့ရတဲ့ အုံ့ဆိုင်းမည်းမှောင်နေတဲ့ ဘ၀မုန်းတိုင်းထဲက ထွက်ခွင့်သာခဲ့ပြီး အခုလို နေခြည်ဖြာတဲ့ ဘ၀ ဆည်းဆာချိန်လေးကို ကံကောင်းထောက်မစွာနဲ့ ရောက်ရှိလာတော့လည်း ချစ်မြတ်နိုးရတဲ့ သားသမီးတွေ တစ်သိုက်တစ်ဝန်းနဲ့ ပုထုဇဉ်လူသားပီပီ ကိုယ့်ဘ၀ကိုယ် ကျေနပ်ကြည်နူးမိပြန်ပါရော။

ဒီလိုနဲ့ ပါရီက နိုဝင်ဘာလကုန် ပြန်လာပြီး အေးဆေးငြိမ်သက်တဲ့ သိုက်မြုံလေးထဲမှာ ခေတ္တခဏ အပန်းဖြေ ဦးမယ် စိတ်ကူးပေမဲ့ ခရစ္စမတ်ပွဲတော် ကာလက စောင့်ကြိုနေပြီလေ။ လူတိုင်းလူတိုင်းအတွက် အလုပ်ရှုပ် ရသော အချိန် မို့ ပြောရမယ် ထင်ပါရဲ့။ ကိုယ်က လူမျိုးမတူ ဘာသာခြားပေမဲ့ အသိုင်းအ၀ိုင်းနဲ့ နေရတာမို့ လူမှုရေး ကိစ္စတွေက ကင်းကွာမရတာကြောင့် ရင်းနှီးခင်မင်တဲ့ မိတ်ဆွေပေါင်းများစွာဆီက ပို့လာ တဲ့ နှစ်သစ်ကူးဆုတောင်းလွှာ ကတ်ပြားတွေ ရောက်လာသမျှ ယဉ်ကျေးမှုအရ တုံ့ပြန်ရတာမို့ ကတ်ပေါင်း ရာချီ နီးပါး ရေးရ၊ လိပ်စာတပ်ရ၊ တစ်ခါတလေ ကြိုတင်ဝယ်ထားတဲ့ ကတ်ပြားတွေ မလောက်ငလို့ စတိုးဆိုင်တွေ မှာ ပြေးဝယ်ရ။
မိသားစုကလည်း တစ်နှစ် တစ်နှစ် ပွားများလာလိုက်တာ သားသမီးတွေတင်မကဘူး။ ချွေးမတွေ၊ သမက် တွေ၊ မြေးတွေအပြင် ခမည်းခမက်တွေအတွက်ပါ သူတို့ ထုံးတမ်းစဉ်လာအရ လက်ဆောင် ပစ္စည်းတွေ ၀ယ်ရ၊ ရင်းနှီးချစ်ခင်တဲ့ မိတ်ဆွေသင်္ဂဟတွေအတွက်လည်း ချန်ထားလို့ မရတာမို့ တစ်နေ့ တစ်နေ့  ဈေးဝယ် ထွက်ရတာကလည်း အလုပ်ကြီးတစ်ခုပါပဲ။

ဒါနဲ့တင် ပြီးသေးတာ မဟုတ်ဘူး။ အိမ်ရောက်တော့ လက်ဆောင်ပစ္စည်း အရွယ်စုံကို စက္ကူပုံးလှလှ၊ ပက်ကင် စက္ကူလှလှ၊ ဖဲကြိုးလှလှတွေနဲ့ စိတ်ရှည်လက်ရှည် ရှုမောဖွယ်ရာ ဖြစ်အောင် ထုပ်ရပိုးရ။ ရပ်ဝေးနေ သူတွေ အတွက် ခရစ္စမတ်ပွဲတော်ချိန် အမီရောက်ဖို့ စာတိုက်သွားပို့ရ။ ကိုယ့်ရှေ့က ရှည်လျားစွာ တန်းစီနေ သူတွေ ရဲ့ နောက်ကမှာ ကပ်ရပ်ပြီး ယောနိသောစိတ်နဲ့ အချိန်ကြာစွာစောင့်ရ။
ဘယ်လောက်ပဲ အချိန်တွေကုန်ကုန်၊ အလုပ်တွေများများ၊ လက်ဆောင်ဖိုးငွေတွေ ဒလဟော ထွက်သွား သွား ခရစ္စမတ်ပွဲတော်စိတ်နဲ့ ပျော်ရွှင်တက်ကြွလို့ပါပဲ။ လမ်းကြီး လမ်းငယ်အသွယ်သွယ်မှာ ခရစ္စမတ် အပြင်အဆင်တွေနဲ့ ထိန်ထိန်လင်းနေသလို အိမ်တိုင်းမှာလည်း ရောင်စုံ ထွန်းညှိထားတဲ့ မီးတွေနဲ့ ဝေဆာ လှပလို့။ ဘယ်နေရာရောက်ရောက် ငြိမ့်ညောင်းသာယာ ကြည်နူးဖွယ် ခရစ္စမတ် ဓမ္မတေးသံသာတွေ ကြားနေရတာ မို့ ဘာမှမဆိုင်တဲ့ ကျွန်မတို့တောင် သူတို့တစ်တွေနဲ့ရောပြီး စိတ် တက်ကြွ ပျော်ရွှင်ကြည်နူး ရပါ သေးတယ်။

အဲဒီရက်တွေမှာတော့ ဟိုမိတ်ဆွေက ဖိတ်၊ ဒီမိတ်ဆွေက ဖိတ်နဲ့ အိမ်မှာ မီးခိုးတိတ်ရက်တွေက ခပ်များများ ပါပဲ။ ခရစ္စမတ် ပွဲတော်ရက်မှာတော့ သမီးကေသီမှာ မိသားစုအားလုံး ဆုံကြပြီး စပါယ်ရှယ် ချက်ထားတဲ့ ကြက်ဆင် ပွဲတော်စာနဲ့အတူ လက်ဆောင်ပစ္စည်းတွေ ဖွင့်ကြပေါ့။ တစ်ဦးနဲ့တစ်ဦး ရကြတဲ့ လက်ဆောင်တွေ ကို ပြကြ ရင်း ကျီစယ် နောက်ပြောင်ကြ ရယ်မောကြ တစ်ခန်းလုံးလည်း ဆုတ်ဖြဲထားတဲ့ လက်ဆောင်ထုပ် စက္ကူတွေ နဲ့ ရှုပ်ပွလို့။ လက်ဆောင်ထုပ်တွေ ကုန်ပြီဆိုပြီး ရှင်းမယ်အလုပ် သမီးကေသီက "ဟောဒီမှာ မာမီ အတွက် နောက်ဆုံး ဖွင့်စရာကျန်တဲ့ အိတ်တစ်ခု" ဆိုပြီး လှမ်းပေးပါတယ်။
ဖွင့် လိုက်တော့ လေယာဉ်လက်မှတ်တစ်စောင် ဖြစ်နေလေရဲ့။ "သမီးတို့ ကေခိုင်ဆီမှာ တူတူစုပြီး နှစ်သစ် ကူးကြ မယ်လေ။ အဲဒါ မာမီ အိမ်ပြန်ရင် အချိန်မီ အထုပ်ပြင်ပေတော့" တဲ့။

ကဲ ... မကေသီလုပ်ပုံ မလွန်ဘူးလားနော်။ ၁၉၉၂ ခုနှစ်တစ်ခုလုံး ခရီးတွေ များခဲ့ရပြီး အခုနှစ်ကောင် မကူးရ သေးဘူး။ သူ့မှာ ခရီးက ရှာထားနှင့်ပြီးနေပြီ။ ဒီပုံစံနဲ့ဆို ကျွန်မလည်း အိမ် မကပ်ရဘဲ လေယာဉ်ပေါ် မှာ တဲထိုးနေရတော့မဲ့အတိုင်းမို့ လေယာဉ်လက်မှတ် ကိုင်ထားရင်း သူ့ကို မျက်စောင်းခဲတော့ ရယ်ကျဲကျဲ မျက်နှာနဲ့ ...
"မာမီ ညည်းညူဖို့ စိတ်ကူးမနေနဲ့ဦး၊ ဖေဖော်ဝါရီလကျရင် သမီးမွေးနေ့ကို ရောက်တော့မှာ။ ဂယ်ရီကို စပါယ်ရှယ် လက်ဆောင် ပေးရမယ်လို့ ပူဆာထားပြီးပြီ။ ဘာလဲသိလား။ သမီးနဲ မာမီ မြန်မာပြည် ကို ပြန်လည်ကြမလို့"တဲ့။
ကြည့်ပါဦး။ ပြည်တွင်းခရီးတင် မဟုတ်သေးဘူး။ ပြည်ပခရီးပါ ရှာထားပြီးနေပြီလေ။ ကျွန်မ သမီး ဘယ်လောက် အထိ ခရီးသွားဖို့ ၀ါသနာကြီးသလဲဆို "စီးပွားရေးအဓိက"နဲ့ "မဟာ"ဘွဲ့ယူဖို့ ကျောင်းတက်ခဲ့ စဉ်တုန်း က အတွဲသူငယ်ချင်း မေရီနဲ့ နှစ်ယောက်သား စိတ်တူကိုယ်တူ အဖွဲ့ကျပြီး ကလေးနှစ်ယောက် ရပြီးခါမှ လေယာဉ်မောင်း ပိုင်းလော့ကျောင်း ကို အတူတက်ကြဖို့ အစီအစဉ် လုပ်ကြသေးတာပေါ့။

သူ့ခင်ပွန်း ဂယ်ရီ ကို ပြောပြတော့ "ကေသီရေ ... စဉ်းစားပါဦး ကလေးတွေက "ပိုင်းလော့" လိုတာ မဟုတ် ဘူး။ "အမေ" လိုတာပါနော်" လို့ သတိပေး ကန့်ကွက်ပေလို့ပဲ။ မဟုတ်ရင် မကေသီ ယောက်ျားနဲ့ ကလေးတွ ကို ထားခဲ့ပြီး လေယာဉ်မောင်းရင်း ဘယ်နှစ်ခေါက် ဘယ်နှစ်ခါကမ္ဘာကို ပတ်လေမယ် မသိပါဘူး။
ခရီးသွား ဖို့ တစ်ချိန်လုံးပဲ လမ်းရှာနေတတ်လို့ သူ့ကို "မလမ်းရှာ" လို့ ကျွန်မ နာမည် ပေးထားပါတယ်။ ကုန်ကုန်ပြော ရရင် အာကာသကို လေ့လာဖို့ ဒုံးပျံနဲ့ တင်ပေးလိုက်တဲ့ အပိုလို အမှတ် (...) ထဲက မျောက်ကလေးကိုယ်စား လိုက်သွားမလား။ မေးခဲ့ရင်တောင် နှစ်ခါ မစဉ်းစားဘဲ အာကာသထိ အပြေး အလွှား လိုက် သွားမှာ သေချာပါရဲ့။
သမီး ကိုသာ ဝေဖန်နေတာ။ တကယ်ကတော့ ကျွန်မလည်း ဘာထူးလို့လဲ။ မကြီး မငယ်နဲ့ သမီး သွားလေ ရာပါတဲ့ "မလေးရှား" ရဲ့အမေ "ဒေါ်ပါရာ" ဖြစ်နေတာပဲ မဟုတ်ပါလားနော်။ အခုလည်း နှစ်သစ်ကူးပွဲတော် အမီ သမီးကေခိုင်တို့ဆီ အရောက်သွားဖို့ ပြင်ဆင်ရပြန်ပါရော။

တစ်ပတ်ကြာမျှ တက္ကဆက်ပြည်နယ်မှာ တစုတဝေး လည်ပတ်ကြပြီးတဲ့နောက် ဇန်န၀ါရီလေးရက်နေ့ ညမှာ ဖလော်ရီဒါ ကို ပြန်ရောက်ကြပါတယ်။
"မာမီ ... မြန်မာပြည်ကို ဖေဖော်ဝါရီလကုန်လောက် သွားရအောင်နော်။ အချိန်မရှိတော့ဘူး။ ခုကတည်း က လေယာဉ်လက်မှတ် စုံစမ်းဖို့ ဗီဇာလျှောကို့ တွေးမိပြီး လုပ်မှဖြစ်မှာ"တဲ့ ခရီးရောက်မဆိုက် နောက်ခရီး အတွက် လာလာသွားလေရဲ့။
တကယ် တွက်ကြည့်လိုက်တော့လည်း ကြားမှာ ခုနစ်ပတ်လောက်ပဲ အချိန်ရှိတာမို့ ဒီရက်ထဲမှာ တယ်လီဖုန်း တစ်လုံးနဲ့ လေယာဉ်လက်မှတ် စုံစမ်းရေ၊ မြန်မာသံရုံးနဲ့ ဆက်သွယ်ပြီး ပြည်ဝင်ခွင့်ဗီဇာကိစ္စ မေးမြန်းရနဲ့ အလုပ်တွေ ရှုပ် လို့။ သုံးလေးရက်ပဲ ရှိသေးတယ်။ ၈ရက်နေ့ နေ့ခင်းမှာ ဖုန်းမြည်လာလို့ ကိုင် လိုက်တော့။

"မာမီ ... သမီး ကားတိုက်လို့"တဲ့ ကတုန်ကယင်နဲ့ ပြောလိုက်တဲ့ သမီးကေသီရဲ့ အသံကိုလည်း ကြားရော ကျွန်မ ထိတ်ထိတ် ပျာပျာ ဖြစ်သွားတော့တာပဲ။
ဘယ်ထိသွားလဲ။ ခုဘယ်မှာလဲ။ 991 ကို ခေါ်ပြီးပြီလား။ ဂယ်ရီကိုရော ပြောပြီး ပြီလား နဲ့ မေးခွန်းပေါင်း မြောက်မြား စွာကို ချောက်ချားစွာနဲ့ မေးမိပါတယ်။
တော် ပါသေးရဲ့။ အသက်ဆုံးပါးလောက်တဲ့ ဒဏ်ရာ မဟုတ်ပေလို့ ညာဘက်လက်ကို ထိသွားတာတဲ့။ အခု ဆေးရုံ သွားရတော့မှာမို့ ကျွန်မကို လိုက်မလာဘဲ သူ့သားအငယ် ကိုသီဟကိုသာ ကျောင်းကကြိုပြီး အိမ် မှာ ခေါ်ထားလိုက်ပါလို့ မှာပါတယ်။
ကျွန်မ စိတ်ထဲမှာတော့ ဘ၀င်မကျပါဘူးပေါ့။ အမေ စိတ်ပူမှာစိုးတာနဲ့ လျှော့လျှော့ပေါ့ပေါ့ ပြောလေသလား ဆိုတဲ့ အတွေးနဲ့ ကျောင်းကြိုပြီးတာနဲ့ တစ်ဆက်တည်း ဆေးရုံ လိုက်သွားပါတယ်။ အပြင်ခန်းမှာ ထိုင်စောင့် ရင်း ရင်တမမနဲ့ပါပဲ။ ဆရာဝန် အခန်းက ထွက်လာတော့ မကေသီရဲ့ ညာဘက်လက် တစ်ခု လုံး ကျောက်ပတ်တီးကြီးနဲ့ ဖြစ်နေပါရော။

"နာချင် ချက်ချင်း၊ သေချင် ချက်ချင်း" ဆိုတဲ့ သင်္ခါရတရားကို ဆင်ခြင်လိုက်မိပါတယ်။
"ဆရာဝန်က သမီး ကားမမောင်းရဘူးတဲ့။ ကျောက်ပတ်တီး သုံးပတ် စီးထားရမယ်လို့ ပြောတယ်"
"အေး ... ဒါဆိုလည်း သက်သာသလို နေဦးပေါ့ကွာ။ ကလေးတွေ ကျောင်းပို့ ကျောင်းကြို မာမီ လုပ်ပေးလို့ ရပါတယ်" နဲ့ သမီး ကို အားပေးရင်း အိမ်ကို လိုက်ပို့တော့ ကားပေါ်မှာ ခရီးသွားဖို့ကိစ္စ သတိရတာနဲ့ ...
"မြန်မာပြည် သွားဖို့ ကိစ္စ ဘယ်လိုလုပ်မလဲ။ ဖျက်လိုက်ရင် ကောင်းမယ် ထင်တယ်နော်" မေးတော့ ...
"မဖျက်ပါ နဲ့ မာမီရာ၊ ပတ်တီးက ဒီလကုန် ဖြေရမှာပဲ။ ဖေဖော်ဝါရီလ တစ်လလုံး ရှိသေးတယ်။ သမီးတို့က ၂၈ရက်နေ့မှ ထွက်မှာပဲဟာ၊ ရပါတယ်"တဲ့။ သူ စိတ်မလျှော့သေးတာနဲ့ ကျွန်မလည်း လုပ်စရာရှိတာတွေ ဆက် လုပ်ပေါ့။
တစ်နေ့ တစ်နေ့ ကျောင်းပို့ရ၊ ကြိုရတဲ့အပြင် ကျောင်းဆင်းပြီးတော့လည်း သူတို့ရဲ့ အဋ္ဌာရသ ၁၈ ပါးမကတဲ့ ဘဲလေးအကသင်တန်း၊ စန္ဒရားသင်တန်း၊ တင်းနစ်သင်တန်း၊ ကရာတေးသင်တန်း စတဲ့ သင်တန်းများ စွာ တွေလည်း ကြိုရပို့ရ၊ တစ်ဖက်မှာလည်း မြန်မာပြည် သွားဖို့ကိစ္စ လုံးပန်းရ။

မြန်မာပြည် ပြန်ဖူးပြီး ဖြစ်ကြတဲ့ ဟူစ္စတန်က "နွဲ့နွဲ့သွင်"နဲ့ နယူးယောက်က စာရေးဆရာမ "ရီတာအောင်" တို့ကို မြန်မာပြည် လက်ဆောင် ဘာယူသွားရရင် ကောင်းမလဲနဲ့ ဆရာတင်ပြီး မေးကြည့်တော့ 'Made In U.S.A' တံဆိပ် ပါဟာ မှန်သမျှ အကုန်ယူသွား" လို့ နှစ်ယောက်စလုံးက တစ်ပုံစံတည်း ညွှန်းကြလေရဲ့။
'Made In U.S.A' ကလည်း အမေရိကားမှာ ရှာမှရှား။ ကုန်ထုတ်လုပ်သူတွေက လုပ်အား သက်သာ တဲ့ ပြည်ပမှာ စက်ရုံတွေ တည်ပြီးမှ ပြည်တွင်းကို ပြန်သွင်းတာ ဖြစ်တော့ ၀ယ်မယ်လို့ ကိုင်ကြည့်သမျှ ပစ္စည်း က ချိုင်းနား၊ ကိုးရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရှရီလာကာလုပ်တွေချည်း ဖြစ်နေရုံ မကဘူး။ "လစ္စတလေဘွန်း" ဒီဇိုင်းနာတွေ ဆို Made In Myanmar တောင် ပါလိုက်သေး။
အဲဒီတော့ ကုန်တိုက်ကြီးမှန်သမျှ ခြေတိုအောင်သွား၊ မနည်း ချောင်ကြိုချောင်ကြား မကျန် ဖြဲရပြီး ရှာနိုင်ပါမှ USA Made က ရနိုင်တာ မို့ ဈေးဝယ်ထွက်ရတာလည်း အချိန်တွေကုန်ပေါ့။ ဒီအထဲက ကျွန်မသမက် ဂယ်ရီ က သူကိုယ်တိုင် ဆရာဝန်မို့ ပူပူပင်ပင်နဲ့ အရှေ့တောင်အာရှတိုက် ရောဂါကာကွယ်ရေးဌာနကို လိုအပ်ချက်တွေ ညွှန်ကြားဖို့ တောင်းခံလိုက်တော့ ပြန်လာတဲ့ စာရင်းကြီးက ရှည်လျားစွာနဲ့ မင်နီ မင်ဝါတွေ တားလို့။

ကျွန်မတို့ သားအမိ ထိုးလိုက်ရတဲ့ဆေးတွေ လက်ကြီးကို ရောင်ကိုင်းပြီး ဖျားတဲ့နေ့တောင် ပါလိုက်သေး တယ်။ အသားဝါရောဂါဆေး၊ ၀မ်းရောဂါဆေး၊ ငှက်ဖျားဆေး၊ တိုက်ဖွိုက်ဆေးနဲ့ စုံတကာစုံ လို့ပါပဲ။ မြန်မာ ပြည်လေး တစ်ခေါက် သွားဖို့အရေး မောရတဲ့ကိစ္စတွေက မြောက်မြားစွာပါပဲ။
"မာမီ ... သမီးသူငယ်ချင်း ညိုညိုအေးတို့၊ ရင်ရင်တို့၊ မာလာခင်ညိုတို့၊ မြသဇင်ညွန့်တို့တစ်တွေလည်း ဘယ်ရောက် ကုန်ကြလဲ မသိဘူးနော်။ သမီးတို့ ပြန်ဆုံကြရင် ပျော်မှာနော်" လို့ သမီးက တမ်းတမ်း တတနဲ့ ပြောပြန်တော့ အမေလုပ်တဲ့ ကျွန်မ မနေနိုင်ဘူး။ သားတစ်ယောက်လို ချစ်ခင်အားကိုးရတဲ့ ကိုဝင်းငြိမ်း (ရွှေအမြူတေ) ကို လှမ်းပြီး စာရေး၊ ဖုန်းဆက်ပြီး သမီးသူငယ်ချင်းတွေကို ဆက်သွယ်နိုင်ဖို့ ရှာပုံတော် ဖွင့် ခိုင်းရ။
"မာမီ သမီးတို့ ပြန်တဲ့အချိန် မမလှ ရန်ကုန်မှာရှိရင် ကောင်းမှာ။ မမလှနဲ့ တူတူ လည်ကြရရင် ပျော်စရာ ကောင်းမှာ" နဲ့ သူချစ်တဲ့ မမလှကို သတိတရနဲ့ အားကိုးစကား ဆိုလာတော့ အဆက် အသွယ် ပြတ်နေတဲ့ ဒေါ်လှလှ (လာရှိုး)ကို မြေလှန်ရှာဖို့ ညီမတစ်ယောက်လို ချစ်ခင်အားကိုး ရတဲ့ ဒေါ်မြင့်မြင့်ကြည် (ညွှန်မှူး ရ/သုံး)ဆီကို စာတစ်တန် ပေတစ်တန် ရေးပြီး အကူအညီတောင်းရ။

ကျွန်မမှာ တောင့်တတိုင်း စွမ်းဆောင်ပေးနိုင်အား ရှိကြတဲ့ မေတ္တာနဲ့ တော်စပ်ထားရသော မောင်၊ ညီမ၊ သားသမီးတွေ မြန်မာပြည်မှာ အားကိုးစရာ ရှိနေပေလို့ပဲ တစ်လအတွင်းမှာ အားလုံးတွေ့လို ဆုံလိုသူတွေနဲ့ အဆက် အသွယ် ရတာကြောင့် ၀မ်းသာကြည်နူး ကျေးဇူးတင်ရှိမဆုံး ဖြစ်ရပါတယ်။
"ကြံတိုင်းလည်း မဖြစ်" ဆိုတဲ့ စကား မှန်လေစွလို့ လက်ခံရတဲ့ နေ့ကတော့ ဇန်န၀ါရီ ၂၉ရက်နေ့ပါပဲ။ သုံးပတ်ပြည့် လို့ သမီးလက်က ကျောက်ပတ်တီးဖြုတ်ဖို့ ချိန်းထားတဲ့အတိုင်း ဆရာဝန်ဆီ သွားပြ ရပါတယ်။ ဆေးခန်းက ထွက်လာတဲ့ သမီး မျက်နှာက မသာမယာနဲ့လေ။
"ဆရာဝန် က ပြောတယ် မာမီ၊ သမီးလက်က မကောင်းသေးဘူးတဲ့။ မနက်ဖြန် MRI ရိုက်ရမယ်တဲ့။ သူ့စိတ်ထင် ခွဲစိတ် ရမယ်လို့ ပြောလိုက်တယ်" လို့ ပြောပြတဲ့ သမီးအသံက တိုးတိတ်စွာနဲ့ စိတ်ဓာတ်ကျပုံရ လို့ ကျွန်မရင်ထဲ ထိခိုက်နာကျင် ရပါသေးတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ MRI ရိုက်ကြည့်ရတယ်ပေါ့။ MRI က ရိုးရိုး ဓာတ်မှန် လို မဟုတ်ဘဲ ဓာတ်ရောင်ခြည်နဲ့ အတွင်းကျကျ ရောဂါအနေအထား ရှာနိုင်တာမို့ အဖြေရတဲ့နေ့ ကျတော့ သမီးရဲ့ လက်အတွင်းမှာ Ligaments လို့ခေါ်တဲ့ အမာရွတ် အမှေးတစ်ရှူးတွေ ကွာ ထွက်ပြီး အတွင်းမှာ လုံးထွေးကုန်ဆိုတာ သိရပါတယ်။

ဆရာဝန် က ချက်ချင်း ဆေးရုံတက်ပြီး ခွဲစိတ်ကုန်သရမယ် ဆိုတာနဲ့ ၃၁ရက်နေ့မှာ သမီးကို ဆေးရုံတင် လိုက်ပါရော လက်ကို ခွဲစိတ်ကုသပြီး ကျောက်ပတ်တီး တစ်လကြာမျှ စည်းထားရပါတယ်။ ပတ်တီးဖြုတ်ပြီး တာ နဲ့ မပြီးသေး ဘူး။ လက်ကို နဂိုနေ ပြန်ဖြစ်ဖို့ လေ့ကျင့်ခန်း Therapy က တစ်ပတ်ကို သုံးခါ သွားယူရဦး မှာတဲ့လေ။ လုံးဝအကောင်း အတိုင်း ပြန်ဖြစ်ဖို့ ကုသချိန် ခြောက်လကြာမှာလို့ ပြောလိုက်တော့ "ပြည်တော် ပြန်" ရောဂါသည်းနေတဲ့ မကေသီ စိတ်ဓာတ်ကျရော ဖြစ်တော့တာပဲ။
ခရီးသွား ဖို့ ဆရာဝန်က ခွင့်မပြုတာကြောင့် ဖေဖော်ဝါရီလ ၂၈ရက်နေ့ ထွက်ရမဲ့ အစီအစဉ်တွေကိုလည်း ဖျက်ရ၊ သမီးခမျာ သူစိတ်ကူးယဉ်ထားတဲ့အတိုင်း မသွားရလို့ မျက်နှာလေးကို ငယ်နေတာပါပဲ။ ဘ၀မှာ အကောင်း နဲ့ အဆိုးက ရာသီဥတုလို တစ်လှည့်စီ လာနေကြတာပါပဲ။ တစ်သက်လုံး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ တွေ ပြည့်ဝပြီး အဆင်ချောနေတဲ့သူဆိုတာ ရှိနိုင်တာမှ မဟုတ်တာနော်။ ဖြစ်လာတာကိုပဲ လက်ခံပြီး ရင်ဆိုင် ရမှာက ကိုယ့်တာဝန်ပါ။
ဒီအချိန် မှာ ပါရီ ရောက်နေတဲ့ သား "ရွှေစင်" ဆီက သတင်းကောင်းကောင်း တစ်ခု ကြားရပါတယ်။

"မာမီ ... သား မတ်လထဲမှာ စပိန်ကို ပြောင်းရမယ်"တဲ့။
သူ့ရဲ့ အလုပ်တာဝန်က တိုင်းပြည်တစ်ခုမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရတာမို့ ပြောင်းရဖို့ အချိန်တန် တဲ့အခါ ဘယ်တိုင်းပြည်တွေ ရောက်လေမလဲ စိတ်စောနေရတာ မဟုတ်လား။ ကိုယ့်စိတ်ကြိုက် ငါးနိုင်ငံထဲ က ရွေးချယ် ခွင့် ရှိထားတာမို့ အဆင်တော့ ပြေပါတယ်။ အခုလည်း စပိန်နိုင်ငံကို သွားရမယ်ဆိုတာ သိရတော့ ၀မ်းသာကြည်နူးရတယ်ပေါ့။
ကျွန်မမှာ မိသားစုက ကြီးတော့ တစ်ဦး အဆင်မပြေချိန် တစ်ဦးက အဆင်ပြေစတဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ ပျော်လိုက်ရ၊ ၀မ်းနည်းလိုကရ၊ ကြည်နူး ဂုဏ်ယူလိုက်ရ၊ ပူပန်သောကရောက်လိုက်ရနဲ့ တစ်ယောက်တည်း အမေဘ၀မှာ ခုနစ်ထွေမင်းသမီး တက်ကနေရတဲ့ အတိုင်းပါပဲ။ အခုလည်း သမီးကေသီ အတွက် စိတ်မကောင်းဖြစ်ရ၊ သား ရွှေစင်အတွက် ၀မ်းသာ ဂုဏ်ယူရတဲ့အထဲမှာ သမီးထွေး မသူဇာက သူ့ချစ်သူနဲ့ ဒီနှစ်ထဲမှာ လက်ထပ်လိုကြောင်း ခွင့်တောင်းစကား ဆိုလာပါရော။

ကျွန်မတို့က လက်ခံသဘောတူမယ် ဆိုရင် သူငယ်လေးကိုယ်တိုင် နယူးယောက်က လာပြီး စေ့စပ် ကြောင်း လမ်း ပါမယ်တဲ့။ အသက်အရွယ်အားဖြင့် သမီးက သုံးဆယ်ကျော်လို့ တစ်နှစ်တောင် စွန်းနေ ပါပြီ။ "သမီးကညာ အခါမလင့်သာ" အရွယ်ကို လွန်လို့ ဟိုဘက်တောင် ရောက်နေပြီ ဆိုပါတော့။ ဒါ့အပြင် သူ့ပညာ၊ သူ့အလုပ်အကိုင်၊ သူ့အိမ်နဲ့ တသီးတခြားလည်း ရပ်တည်နိုင်နေပြီ ဖြစ်တာကြောင့် သူကိုယ်တိုင် ရွေးချယ်ထားတဲ့ ဘ၀ကြင်ဖော်ကို လေ့လာကြည့်ပြီး သင့်မြတ်တယ်ဆိုရင် လက်ခံရတော့မှာပဲ။
သူငယ်လေးက ရည်ရည်မွန်မွန် ရိုးရိုးသားသား ဖြစ်တာကြောင့် အနီးအနားမှာ ရှိတဲ့ သမီးကေသီနဲ့ သူ့ခင်ပွန်း ဂယ်ရီတို့နဲ့ တိုင်ပင်ညှိနှိုင်းကြပြီး စေ့စပ်ကြောင်းလမ်း လက်စွပ် ယူလာပြီး ခွင့်တောင်းတာကို လက်ခံ သဘောတူလိုက်ကြပါတယ်။
မရွှေသူဇာ က သူ့လက်ထပ်ပွဲကို မင်္ဂလာရှိသော ရက်လည်းဖြစ်၊ မှတ်မှတ်ရရလည်း ရှိ ရအောင် မြန်မာနှစ်ဆန်း တစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့ ကို ရွေး မှာ တဲ့လေ။ ပြည်ပရောက်နေပေမဲ့ မြန်မာ စိတ်ဓာတ်လေး မပျောက်ဘဲ တန်ဖိုး ထားဖော်ရတာအတွက် ကျွန်မမှာ ၀မ်းသာ ပီတိ ဖြစ်ရပါသေးတယ်။ သူ့မင်္ဂလာဆောင်အတွက် ကျွန်မတို့တစ်တွေ ၀င်ပါစရာမလိုဘဲ စိတ်ကူးယဉ် စွာ နဲ့ သူ့ဘာသာသူ စီစဉ်ဖန်တီး နေလိုက်တာမှ အကွက်ကို စေ့လို့။

ငယ်ငယ်တုန်း က ညကြီးမှောင်မှောင် ကားဂိုထောင်ထဲ မေ့ကျန်ခဲ့တာကိုတောင် ငိုရကောင်းမှန်းမသိ ဘဲ လက်မကြီးစုပ်ရင်း ငြိမ်သက်နေတဲ့ ကလေးမက ခုကျတော့သွက်လက်ဖျတ်လက်စွာနဲ့ ဖန်တိး နိုင်စွမ်းတွေ ရှိနေတာ ကို ကြည့်ပြီး ကျွန်မမှာ တအံ့တသြဖြစ်ရပါသေးတယ်။ လူသားတစ်ယောက်ရဲ့ စွမ်းရည် ဆိုတာ မွေးကတည်းက ပါထားပြီးသား။ အချိန်ကာလနဲ့လိုက်ပြီး တိုးတက်ပြောင်းလဲလာ တာပဲ ကွာခြားပါတယ်။ အခါလည်အရွယ်မှာ တောင်တစ်လှမ်း မြောက်တစ်လှမ်းနဲ့ ကြိုးပမ်းရင်း လမ်းစလျှောက်တတ်သွားသလို ဆယ်ကျော်သက်မှာ ကားမောင်းနိုင်နေကြပြီလေ။ လူငယ်ပိုင်း ရောက်တော့ အလုပ်အကိုင်နဲ့တကွ အရာရာကို စီမံဖန်တီးနိုင်စွမ်းရှိလို့။ အမှန်က မိမိမှာ ရှိထား ပြီးသားစွမ်းအင်ကို ယုံကြည်စိတ်နဲ့ အသုံးချသွားဖို့ပဲ လိုအပ်တာ ထင်ပါရဲ့။

သမီးက သူ့လက်ထက်ပွဲမှာ သတို့သားအရံလေးယောက်၊ သတို့သမီးအရံ လေးယောက်စီစဉ် ထားတဲ့အထဲမှာ သူ့အစ်ကိုရွှေစင်နဲ့ သူ့မောင်အငယ် အိန္ဒာတို့ကို သတို့သားအရံအဖြစ်ပါစေ ချင်တယ်ဆိုတာနဲ့ သားရွှေစင်လည်း စပိန်ကနေ မင်္ဂလာပွဲအတွက် တကူးတက ပြန်လာရပါ တယ်။ အစ်ကို အကြီး အဖအရာဖြစ်တဲ့ သားကြီးခင်မောင်ဝင်းခန့်က သူ့ညီမကို မခင်ကိုယ်စားအနေနဲ့ သတို့သား လက်ကို သူတို့ထုံးတမ်းစဉ်လာအရ ပေးအပ်ရတယ်ပေါ့။
မြန်မာထုံးတမ်းအရ စုလျားရစ်ပတ် လက်ထပ်ပေးသူများကတော့ ကျွန်မတို့နဲ့ မိသားစုလိုလေးစား ချင်ခင်တဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာညွန့်လွင်နဲ့ ဇနီးဂျင်ဒါလွင်တို့က မေတ္တာနဲ့ ဆောင်ရွက်ပေးကြပါတယ်။ ပြည်နယ်တစ်ခုစီက အစ်မနှစ်ယောက်ဖြစ်တဲ့ "ကေခိုင်"နဲ့ "ယမင်း"တို့ ပါရောက်လာကြတော့ မိသားတစ်စုလုံး ပြန်လည်ဆုံစည်းရတဲ့ပွဲမို့ မိခင်ကျွန်မမှာ ကြည်နူးမဆုံး ပျော်မဆုံးပေါ့။

ဖလော်ရီဒါ မှာ လုပ်တဲ့လက်ထက်ပွဲပြီးတော့ သတို့သားဘက် မိသားစုတွေက သူတို့နေရာ နယူး ယောက် မှာလည်း မင်္ဂလာဧည့်ခံပွဲ ကျင်းပလိုသေးတယ် စီစဉ်ထားပြန်တော့ အဲဒီဧည့်ခံပွဲအတွက် ကျွန်မမလည်း "ဒေါ်ပါရာ" အနေနဲ့ နယူးယောက်ကို လိုက်သွားရပြန်ပါရော။ အဲဒီမှာ သတို့သား ဘက်ကဆွေမျိုး အုပ်စုတောင့်တော့ ဧည့်ခံပွဲကလည်း ကြီးကျယ်ခမ်းနားပါဘိ။ အငယ်ဆုံးသားမို့ အမေကအရိပ်ကြည့်ပြီး အစစ ဖြည့်ဆည်းပေးနေပုံက အီတာလျံလူမျိုး ဖြစ်ပေမဲ့ မိသားစုစိတ်ရှိပုံ ချင်းမြန်မာတွေအတိုင်းပါပဲ။
ကျွန်မ တို့ ခမည်းခမက်နှစ်ယောက်လည်း ရေစက်နီးကြလို့လား မိသဘူး။ ခုမှတွေ့ရ၊ သိရပေမဲ့ တစ်သက်လုံး ပေါင်းလာကြတဲ့သူတွေလို ရင်းနှိးချစ်ခင်သွားတာ။ ကျွန်မပြန်တော့ လေယာဉ်ကွင်း လိုက်ပို့ပေး တဲ့ "အနီတာ"က မျက်ရည်စက်လက်နဲ့ ကျန်ခဲ့လေရဲ့။ လူမျိုးခြားကြပေမဲ့ လူသား ချင်း မေတ္တာစပ်ကြဖို့သာ အဓိကပါပဲနော်။
သတို့သား ရဲ့အလုပ်က ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ရှိတာမို့ သမီးသူဇာလည်း သူ့အလုပ် က အပြီးအပိုင် ထွက်လိုက်ရပြီး သျှောင်နောက်ဆံထုံး ပါသွားလေရဲ့။ မိခင်ဆိုတာ သားသမီးကို ထာဝစဉ် ရင်ခွင် ပိုက်ထားလိုပေမဲ့ အတောင်အလက် စုံတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အ ရပျံသန်းလိုရာကို သွားဖို့ စွန့်လွတ်နိုင်စွမ်း အားအင်ကိုလည်း ကြိုးစားပြီး မွေးရပါသေးတယ်

အနီးကပ်နေတဲ့ သမီးတစ်ယောက် လျော့သွားတော့ ကျွန်မရင်ထဲမှာ ဟာကျန်ခဲ့တာပါပဲ။ တဖြည်း ဖြည်းနဲ့ တစ်ယောက်ပြီး တစ်ယောက် ဝေးသွားလိုက်ကြတာ ခုဆိုရင် အနီးအနားမှာ သမီး "ကေသီ"နဲ့ သားအထွေး "အိန္ဒာ" တို့ နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ သမီးကေသီရဲ့ လက်က လည်း တစ်လပြည့်တော့ ကျောက် ပတ်တီးခွာပြီး ဓာတ်မှန်ပြန်ရိုက်နဲ့ ဆေးစစ်တာတွေလုပ်ရပါ သေးတယ်။ နဂို အတိုင်းဖြစ်အောင် လေ့ကျင့်ခန်းတွေ တစ်ပတ်လုံး သုံးကြိမ်သွားရမှာတွေရှိနေတာ ကြောင့် မြန်မာပြည် ခရီးစဉ် ကို ဇူလိုင်လ ၈ရက်နေ့ထိ ရွှေ့ထားလိုက်ရတယ်ပေါ့။
၁၆နှစ်ကြာ မျှ ခွဲခွာလာခဲ့ရတဲ့ ကိုယ့်အမိမြေကို ပထမဆုံးအကြိမ် ပြန်ရတော့မယ် ဆိုတဲ့ ခံစားချက် ကတစ်သက် မှာ မေ့နိုင်စရာမရှိတဲ့ နုလုံးသားရေးရာ တစ်ခုပါပဲ။ "မိမိဇာတိ၊ မိမိမွေးရပ်မြေ၊ မိမိအိမ် ဆိုတာ နိဗ္ဗာန်ရဲ့ တစ်စိတ်တစ်ဒေသ လို့ ဆိုရိုးစကားရှိတယ် မဟုတ်လားနော်။" လူကိုယ်တိုင် မဆိုထားနဲ့။ အတွေးနဲ့ ရောက်ရတာတောင် ရင်ထဲမှာ ပျော်စရာကောင်းလှနေပြီ။
ကျွန်မ တို့ သားအမိနှစ်ယောက် မြန်မာပြည်သွားကြမယ် စပြီး စီစဉ်ကတည်းက စိတ်ကူးနဲ့ အခေါက် အခါအခါ ရောက်နေတာ အကြိမ်ပေါင်း မရေတွက်နိုင်အောင်ပါပဲ။ တစ်နေ့ တစ်နေ့ သမီး ကေသီ စိတ်ကူးနဲ့ ရောက်တိုင်း ပြောသမျှ နားထောင်ရတာလည်း မသက်သာဘူး။

"မာမီ ဟိုကျရင် တခြားဘာမှ မစားဘဲ ပုစွန်တုပ်ကြီးတွေ စားကြရအောင်နော်။ ၁၉လမ်းက ကြေး အိုးပြုတ် လည်း သောက်မယ်။ ရွှေဘုံသာလမ်းလေး ထဲက ကြက်ကင်စားမယ်။ နောက်ပြီး တရုတ် တန်းက ဒူးရင်းသီး အလုံး လိုက်ကြီးတွေ ခွဲခိုင်းပြီး တစ်ဝ ကို စားပစ်လိုက်မယ်။ ဟိုလေ ပူတူးတူးနဲ့ မြူးမြူးကြွကြွ အချဉ်ထုပ်တွေ အများကြီး စားရဦးမယ်"
"ရင်ရင်တို့၊ ညိုညိုတို့၊ မာလာခင်ညိုတို့နဲ့ တူတူ သမီးတို့နေခဲ့တဲ့ တက္ကသိုလ်ကျောင်းကြီးကို လည်း သွားကြည့်ရင်း ခြေရာဟောင်းတွေ ပြန်ရှာရဦးမယ်။ မမလှနဲ့လည်း ဗိုလ်ချုပ်ဈေးပတ်ရင်း ဈေးဝယ်ရဦးမှာ"
စိတ်ကူး နဲ့ ဈေးဝယ်ထွက်၊ စိတ်ကူးနဲ့ သူငယ်ချင်းတွေနဲ့ လျှေက်လည်၊ စိတ်ကူး နဲ့မြန်မာ အစားအ သောက်တွေအမျိုးစုံစားရင်း သူ့မှာကြည်နူးလိုက်ရတာ အမောပါပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်မ ဆီ စိုးထိတ်စွာနဲ့ ရောက်လာပြီး...
"မာမီ...သမီးသူငယ်ချင်း တစ်ယောက် သမီးတို့လိုပဲ အမေရိကားကို ရောက်နေတာ ၁၅နှစ်ရှိပြီ။ သူ့ဇာတိ "ကိုလံဘီယာ" ကို ပြန်လည်တာ ဟိုမှာမိသားစုအားလုံးကလည်း ရှိတာဆိုတော့ ပြန်တွေ့ ရမှာ အတွက်စိတ်တွေ အရမ်း လှုပ်ရှားနေတာ လေယာဉ်မှုးက "အခု ဘိုဂါဒါ"လေဆိပ်ကို ဆင်းပါ တော့မယ်" လို့ ကြေညာတဲ့အသံလည်း ကြားရော၊ အသက်ရှူလို့မရဖြစ်ပြီး သတိလစ် သွားတာ တဲ့။ လေယာဉ်မယ်တွေ က အပြေးအလွှားအောက်စီဂျင်ပေးမှ သတိပြန်ရတာလို့ ပြောတယ်။ သမီးတို့ လည်းသူ့လို နှာနှပ် ယူရမယား မသိဘူးနော်"နဲ့ ပူပူပင်ပင် လာပြောလို့ပြော။

ဒီလိုနဲ့ တကယ်သွားဖြစ်ကြပြီဆိုတော့ သားအမိနှစ်ယောက်စလုံး စိတ်လှုပ်ရှား လိုက်ကြ တာ အောက်ဂျင်စီ ပဲ ပေးရမလို၊ နှာပဲနှပ်ရမလို အခြေအနေပါပဲ။
မာယာမီ ကနေ လေယာဉ်စီးရတာ တစ်နေ့နဲ့ တစ်ညတာ ခရီးက စိတ်ကိုအတန်အသင့် ထိန်းထား နိုင်ပေ မဲ့ နောက်တစ်နေ့ရန်ကုန်လေးဆယ့်ငါးမိနစ်ကြာ ခရီးကတော့ တစ်သက်တာမှာ သည်း မခံ နိုင်လောက်အောင် ကြာ ရှည် လွန်းလှတယ် အထင်ရောက်ရလို့ လက်ကနာရီကိုကြည့်မိတာ အကြိမ်ပေါင်း မရေ တွက်နိုင်အောင်ပါပဲ။
ရင်ထဲက နှလုံးခုန်သံ တဒိုင်းဒိုင်းကလည်း ပွင့်ထွက်လုမတတ် မြည်ဟိန်းနေတာ အတိုင်း သားကြား နေရပါတယ်။ ကျွန်မသီး "ကေသီ" ကတော့ စိတ်လှုပ်၇ှားရင် ပြုတတ်မြဲ သူ့ထုံးစံအတိုင်း အိမ်သာ ကိုအခေါက်ခေါက်ခါခါ ကူးနှင့်ပြီးနေပြီလေ။
ကျွန်မတို့ စီးလာတဲ့ လေယာဉ်ရဲ့ဘီး ရန်ကုန်လေဆိပ်ရဲ့မြေကြီးကို ဒုန်းခနဲ ထိလိုက်သံနဲ့အတူ ကျွန်မရဲ့နှလုံးသားမှာလည်း ပေါက်ကွဲမှုတစ်ခုလို တုန်ခါသွားတော့တာပဲ။

"ရောက်ပြီး၊ မွေးရပ်ဌာနီ၊ ကိုယ့်တိုင်းပြည်ကို ရောက်လေပြီ"ဆိုတဲ့ အသိက မျက်နှာကို ၀င်းပသွားစေ ပါတယ်။
သားအမိနှစ်ယောက် ပျော်ရွှင်တက်ကြွစိတ် အပြည့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖြစ် ကြတော့ သမီးက "မာမီ သမီးတို့ တကယ်ရောက်လာတာနော်" အိမ်မက်လည်း မဟုတ်ဘူးနော်။
"လေယာဉ် ရဲ့ လှေကားပေါ်က ပထမဆုံး မြန်မာ့မြေကို ခြေချခွင့်ရလိုက်ချိန်မှတြော့ အတိုင်း မိသ သောပီတိနဲ့ ကြည်နူးမှုကို ခံစားရပါတယ်။ တစ်သက်တာ ဘယ်သော အခါမှ ပြန်တွေ့ဆုံ ခွင့်ကြုံ တော့ မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့မိတဲ့ ချစ်သူ ခင်သူမိတ်ရင်းဆွေရင်းတွေကို အခုပြန်တွေ့ရ တော့မယ်ဆိုတဲ့ အသိ က နှလုံးသားကို တုန်ခါနေအောင် ချမ်းမြေ့ပျော်ရွှင်စေတာမို့ ခရီးပန်းတဲ့အ ထဲကလူက ရွှင်လန်း တက်ကြွပေါ့ပါးနေလေရဲ့။"

ပထမဆုံး တွေ့ရသူကတော့ လေဆိပ်အ၀င်ဝမှာ ရပ်ကြိုနေတဲ့ ဒေါ်လှလှ(လားရှိုး) ပါပဲ။ ကျွန်မတို့ သားအမိကို ပြေးလာဖက်ရင်း လူသေတဲ့အတိုင်း ရှိုက်ကြီးတငင် ငိုနေလို့ အနားက ဖြတ်သွားတဲ့ တိုးရစ် တစ်ယောက်က "ပြန်တွေ့ကြတာအတွက် ပျော်ရမှာ ဘာလို့ငိုနေတာလဲ"နဲ့ သူ့ကို ပခုံး ပုတ် ပြီးနှစ်သိမ့်သွားရပါသေးတယ်။ အားလုံးသော စစ်ဆေးမှုတွေပြီးလို့ အပြင်လည်း ထွက်လာရော ကျွန်မ အစ်ကိုလေး ဦးခင်မောင်မောင် မိသားစုအားလုံးရော၊ မန္တလေးက ရန်ကုန်ထိ တကူးတက ဆင်းလာကြိုတဲ့ သူငယ်ချင်း "လှလှမြင့်" နဲ့ "တင်ဦးရီ"အပြင် ကိုဝင်းဦးရဲ့ ချစ်သက်ထား "အိုင်းရင်း တင်လှ"နဲ့အတူ "ကိုဝင်းငြိမ်း"(ရွှေမြုတေ)၊ နောက်ပြီးလာကြိုမယ် ပြောမထားဘဲ အံ့အားသင့် အောင် လုပ်ပြီး ရောက်လာကြတဲ့ "ဒေါ်မြင့်မြင့်ကြည်"နဲ့အတူ တိုင်းမင်းကြီးကတော် "ဒေါ်ခင်မြမူ" (ဒေစီ)လည်း ပါရဲ့။

အားလုံးက ၀မ်းသာလှိုက်လှဲစွာနဲ့ ဖက်လဲတကင်း ကြိုဆိုကြတာမို့ မေတ္တာရောင်ပြန်တွေဟပ်ပြီး ရွှင်မြူးတက်ကြွနေတော့တာပဲ။ သမီး "ကေသီ"တို့ လူငယ်ဝိုင်းကလည်း ၀ုန်းဒိုင်းကြဲ အော်ဟစ် ရယ် မောဆူညံနေကြလေရဲ့။ ကျွန်မက သမီးရဲ့သူငယ်ချင်း အားလုံးနဲ့ အဆက်အသွယ်ရထားပြီးသား ဆိုတာသမီး "ကေသီ"ကို မပြောဘဲ လုံအောင် ဖုံးဖိထားခဲ့တာမို့ ခုလိုလေဆိပ်မှာ မထင်မှတ်ဘဲ အားလုံးက လာကြိုနေတာ တွေ့ရတော့ မကေသီ အတိုင်းမသိ ၀မ်းသာပြီး ခုန်ပေါက်ပျော်ရွှင်နေ တော့တာလေ။
သူ့သူငယ်ချင်းတွေ အားလုံးကလည်း စိတ်ထားမပြောင်းဘဲ သူငယ်ချင်းကောင်း ပီသကြပါတယ်။ ကျွန်မက ရန်ကုန် မှာရှိကြတဲ့ "ညိုညိုအေး"နဲ့ "ရင်ရင်"တို့နှစ်ယောက်ကို စည်းရုံးရေးအဖွဲ့အဖြစ် တာဝန်ပေးထား လိုက်တာလေ။ သူတို့ အစည်းအရုံးကောင်းလို့ စီးပွားရေးကိစ္စနဲ့ ရောက်နေတဲ့ "မြသဇင်ညွန့်"ကလည်း သူငယ်ချင်းကြိုဖို့ အချိန်မီပြန်လာ၊ တောင်ငူရောက်နေတဲ့ "မာလာခင်ညို" ကလည်း ခင်ပွန်းက ရှေ့တန်းရောက်နေလို့ ကလေးသုံးယောက်ကို အိမ်မှာဒီတိုင်း ထားခဲ့ဖို့ စိတ်မ ချတာနဲ့ ကျောင်း ခွင့်တစ်ပတ် ယူပြီး ရန်ကုန်ကို မိသားစုလိုက် ဆင်းလာကြိုကြတာပါ။

ဒီလို လှိုက်လှဲတဲ့ မေတ္တာမျိုးဘယ်မှာ ရှာတွေ့နိုင်ပါ့မလဲနော်။ "သူငယ်ချင်းကောင်းရထားသူ ဆိုတာ ဘ၀ရဲ့ အကောင်းဆုံး ရလဒ်ကို ရရှိထားခြင်း"ဆိုတဲ့ စကားဟာအမှန်ပါပဲ။ တစ်ဦးနဲ့တစ်ဦးမထိတွေ့ ရဘဲအချိန်တွေ ဘယ်လောက်ကြာကြာ စစ်မှန် တဲ့ မေတ္တာဆိုတာ အပြောင်းအလဲ မရှိတာကို လက်တွေ့မျက်မြင် ခံစားရတာ မို့ မိတ်ဆွေကောင်းများရဲ့ လှိုက်လှဲလေးနက်တဲ့ စေတနာ သဒ္ဓါစိတ် ကိုကျေးဇူးတင်မဆုံး၊ တန်ဖိုး မဆုံး ဖြစ်ရပါတယ်။
အစ်ကိုလေး ဦးခင်မောင်မောင်အိမ်မှာ ယောက်မ "ဒေါ်ကြည်ကြည်သန်း"နဲ့ မနက်နှစ်နာရီထိုးတဲ့ ထိထိုင် စကားပြောကြပြီး တစ်အိမ်လုံးသာ အိမ်မောကျကုန်တယ်။ ကျွန်မတို့ သားအမိနှစ်ယောက် အပျော်လွန်နေတဲ့ စိတ်ကြောင့် တစ်မှေးမှ အိပ်ချင်စိတ်မရှိဘဲ ဆယ်ကျော်သက်တွေလို ရယ်မောလို့ မဆုံးနဲ့ အရှိန်သတ် မရ ဖြစ်နေကြတော့တယ်။ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ရဲ့ မှတ်တိုင်များစွာ ထဲမှာ မြန်မာပြည် ပြန်ရောက်တဲ့နေ့က ပျော်ရွှင်ခြင်းရဲ့ အထွက်အထိပ် မှတ်တိုင်တစ်ခုအဖြစ်လည်း ပါဝင် တယ် လို့ ပြောရမှာပါ။

တစ်မှေးမှ မအိပ်လိုက်ရဘဲ သမီးရဲ့ သူငယ်ချင်းတွေက ရွှေတိဂုံဘုရားကို အရုဏ်တက်အမီ လိုက်ပို့ ကြမယ်ဆိုပြီး လာခေါ်တာနဲ့ လိုက်သွားပြန်ပါရော။ ရောင်ခြည်ဦးမှာ ရွှေတောင်ကြီးလို ၀င်းထိန်နေ တဲ့ စေတီမြတ်ရဲ့ မြင်ကွင်းက ချမ်းမြေ့မှု အနန္တ၊ ကြည်နူးမှုအနန္တ၊ အေးချမ်းမှုအနန္တနဲ့ ယှက်ဖြာတဲ့ပီတိတွေ ရင်ထဲမှာ လှိုက်ခါလာတော့တာပဲ။ ဘုရားရှင်တော်မြတ် ကိုယ်စားတော်ရှေ့မှာ ဦးခိုက်ကန်တော့တဲ့အချိန်မှာ စိတ်ကိုမထိန်းနိုင်ဘဲ ကျွန်မငိုရှိုက်မိပါတော့တယ်။ ဝေးကွာလှစွာသော နေရာက လာရတဲ့ခရီးဟာ ရှင်တော်မြတ်ဘုရားကို ဦးခိုက်ခွင့်ရတာ တစ်ခုတည်းနဲ့ကို့ လာရကျိုး နပ်အောင် တန်သွားပြီလို့ ရင်ထဲမှာ ခံစား ရပါတယ်။
နောက်ရက်တွေမှာတော့ ဒေါ်လှလှ(လာရှိုး)က တာဝန်ယူလိုက်ပို့ပေးမဲ့အညာခရီးအတွက်ပြင်ဆင် ဖို့လိုအပ်တာကြောင့် အဆင်ပြေအောင် လှလှ အိမ်ကိုပြောင်းလာခဲ့ပါတယ်။ လှလှကလည်း ကျွန်မ တို့ကို ကြိုဖို့ လာရှိုးက တကူးတက ဆင်းလာရုံတင်မကဘူး။ ပုံဂံညောင်ဦး၊ ပုပ္ပား၊ မန္တလေး၊ စစ် ကိုင်း၊ ပြင်ဦးလွင်ထိ လိုက်ပို့ပေးဖို့ ကားတစ်စီ အဆင်သင့်ဝယ်ထားပြီး ယာဉ်မောင်းနဲ့ပါ စောင့်နေ ရှာတာပါ။

လှလှမြင့်ကလည်း ရောက်တဲ့နေ့မှာပဲ ကျွန်မ ပိုက်ဆံအိတ်ထဲ အထုပ်ကြီးတစ်ထုပ်ကို မဆံ့မပြဲ ထိုးသိပ်ထည့်ပြီး "အဲဒါ မြန်မာပြည်မှာ မင်းသုံးဖို့အတွက်"တဲ့။
ကိုယ့်ရပ် ကိုယ့်မြေ ကိုယ့်ဌာန ပြန်လာရတာ တယ်ဟုတ်ပါလားနော်။ အသက်ခုနစ်ဆယ်နားနီးနေ တဲ့ အဘွားကြီး ကို ကလေးတစ်ယောက်လို မုန့်ဖိုးပေးမဲ့သူနဲ့၊ သွးလိုရာ လိုက်ပို့မဲ့သူနဲ့၊ စားချင် တာမှန်သမျှ ပို့ပေး၊ လိုက်ကျွေးကြေသူတွေနဲ့ ၀ိုင်းဝိုင်းကို လည်လို့။ မိခင်ရင်ခွင်ထဲရောက်နေတဲ့ ကလေးတစ်ယောက် လို လိုတရအဖြစ်မို့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့ရက်တိုင်း ဟာ ပျော်ရွှင်ဖွယ်ရာ အတိ ဖြစ်နေတာပဲလေ။
အိုရင်းတင်လှ (စန္ဒာရုပ်ရှင်)နဲ့ သားကိုဝင်းငြိမ်း (ရွှေအမြုတေ)တို့ကလည်း ကားတစ်စီးနဲ့ သွား တွေ့လိုရာ စာပေ မိတ်ဆွေတွေဆီ အနှံ့လိုက်ပို့ရင်း လမ်းမှာ စကားတွေ တစ်ဝပြောကြ၊ ညီမ ကလျာမဂ္ဂဇင်းတိုက်မှာ ဆရာမောင်ဆုရှင် နဲ့ ဆရာမြသန်းတင့်တို့ကို တွေ့ဆုံခွင့်ကြုံရပြီး အဲဒီစ ကားဝိုင်းလေးက အစပျိုးခဲ့တဲ့ ကျွန်မ ရဲ့ ပတ္တမြားခင် ရန်ပုံငွေအဖွဲ့ ဖြစ်တည်မှုကိုကြုံရပြီး အဲဒီစကား ၀ိုင်းလေးက အစပျိုးခဲ့တဲ့ ကျွန်မရဲ့ ပတ္တမြားခင် ရန်ပုံငွေအဖွဲ့ ဖြစ်တည်မှုကို အကောင်အထည်ဖော် ဖို့စဉ်းစားတိုင်ပင်လို့ မပြီးခင်မှာပဲ အညာခရီးထွက်ဖြစ်သွားပါရော။

သုံးပတ်ကြာပဲ မြန်မာပြည်မှာ နေနိုင်တာမို့ သွားလိုရာ နေရာတိုင်း ရောက်ဖို့ အချိန်မပေးနိုင်တာ ကြောင့် အညာခရီးကို တစ်ပတ်နဲ့အပြီး ပြေးပြေးလွှားလွှား သွားရပါတယ်။ သူငယ်ချင်းလှလှမြင့် ကတော့ သရဲခြောက်သလို ကိုယ်ထင်ပြပြီး ပြန်သွားတဲ့ ကျွန်မကို အကြီးအကျယ် မကျေနပ်စွာနဲ့ ကျန်နေခဲ့လေရဲ့။ မန္တလေးမှာရှိတဲ့ အမျိုးတွေကိုလည်း လူစုံအောင်တောင် မတွေ့ဖြစ်ခဲ့ရပါဘူး။ မမမာ (လူထုဒေါ်အမာ) ကိုတောင် မဟာမြတ်မုနိဘုရားဖူး သွားရင်း လမ်းအကြုံပုဆိန်ပေါက် ဦးသုံးကြိမ်ချခဲ့ရတာလေ။
ရန်ကုန်ပြန်ရောက်တော့ အချိန်က တစ်ပတ်ပဲ ကျန်ပါတော့တယ်။ သမီး ကေသီလည်း သူ့သူငယ် ချင်းတွေနဲ့ လုံးထွေးပြီး ဈေးဝယ်ထွက်၊ ကျွန်မလည်း ကိုယ်သံယောဇဉ်ရှိခဲ့တဲ့ မန္တလေးအသင်း တိုက် ကိုရောက်အောင်သွားပြီး မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ဆုံဖြတ်ကြတော့ ကွယ်လွန်သွား ကြပြီဖြစ်တဲ့ လုပ်ဖော် ကိုင်ဖက်တွေကို သတိရလို့ ကျန်ရစ်သူ မိသားစုတွေနဲ့ ဖက်ပြီးငိုရ၊ ကျွန်မကို အသင်း စတင်တည်ထောင်ခဲ့သူ ၁၅ဦးထဲက တစ်ဦးအဖြစ် ဂုဏ်ပြုဧည့်ခံပွဲ လုပ်ပေးတော့ အသင်းသူ အသင်းသား အားလုံးနဲ့ ဆုံတွေ့ခွင့်ရလို့လည်း ပျော်ရွှင်ကြည်နူးရပါတယ်။

မြန်မာပြည် ကို ရောက်ရောက်ချင်း နှစ်ရက်သာ အိမ်မှာ မြင်လိုက်ရပြီး လှစ်ခနဲပျောက်သွားတဲ့ ညီမ ကိုမျှော်နေ တဲ့ အစ်ကိုလေးကလည်း မြန်မလာကောင်းလားနဲ့ လှမ်းပြီး တဆူဆူ လုပ်နေလေ ရဲ့။ တွေ့ရမဲ့ ဆွေမျုးတွေကလည်း တစောင့်စောင့်နဲ့မို့ နောက်ဆုံးတော့ တစ်ဦးစီ လိုက်တွေ့ဖို့ အချိန် မရတာ နဲ့ "ကိုကိုလေး နဲ့ မင်နီအိမ်မှာပဲ ဆွေမျိုးတွေအားလုံး စုပေးပါတော့"လို့ အလိုက်မသိစွာ အစ်ကို နဲ့ ယောက်မကို အပူကပ် ဒုက္ခပေးရပါတယ်။
ဝမ်းကွဲ ညီအစ်ကိုမောင်နှမ၊ တူတူမတွေ စုလိုက်တော့ လူပေါင်း သုံးဆယ်ကျော်မျှ တပျော်တပါးပါ ပဲ။ ၁၆နှစ်တာ မျှ ကင်းကွာနေရတဲ့ နှစ်အတွင်းမှာ ကွယ်လွန်သွားကြတဲ့ ညီအစ်ကိုမောင်နှမတွေကို လည်းပြန် မတွေ့နိုင်ရလို့ စိတ်မကောင်းဖြစ်ရတာလည်း တစ်ပိုင်းခံစားရပါသေးတယ်။ တွေ့ဆုံရတဲ့ ခဏလေး မှာအတိုးချပြီး မိသားစု သတင်းတွေ ဖလှယ်ကြနဲ့ တစ်နေ့တာ အချိန်ကလေးက ကုန် သွားပါလေရော။

နောက်နေ့တွေ မှာတော့ ကျွန်မအညာခရီးထွက်ခိုက် ဒေါ်မြင့်မြင့်ကြည်က ဂရုတစိုက်နဲ့ ပတ္တမြားခင် ရန်ပုံငွေ ဖွဲ့စည်း ဖို့ အစီအစဉ်တွေ အဆင်သင့် လုပ်ထားပြီးနေတာကြောင့် လိုအပ်သူတွေနဲ့ လိုက် တွေ့ဆုံရ၊ သွေးရင်းသားရင်းတာမျှ ချစ်ခင်ရတဲ့ ညီမကလျာ၊ သားကိုဝင်းငြိမ်း၊ မန္တလေးအသင်း ညီမ တင်တင်လှ၊ ဦးမောင်မောင်ကြီးနဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တို့နဲ့ ဒေါ်မြင့်မြင့်ကြည်တို့ပါ စုဝေး ကြပြီးအသင်း ကို တာဝန်ယူဖို့ ဖွဲ့စည်းကြနဲ့ မပြန်ခင်မှာ ကိစ္စပြီးပြတ်အောင် လုံးပန်းရပါတယ်။
မြန်မာပြည် ပြန်လာခွင့် ကြုံရခိုက်လေးမှာ ရင်ထဲမှာ ကြာမြင့်စွာကတည်းက ဆန္ဒရှိနေတဲ့ ငွေပသာပင် အလှူကလေး အထမြောက်သွားရတာအတွက် ကြည်နူးမဆုံး၊ ကျေနပ်မဆုံး၊ ၀မ်းသာ မဆုံးနဲ့ ကူညီသူအားလုံးကိုလည်း ကျေးဇူးတင်ရှိလို့မဆုံး ဖြစ်ရပါတယ်။

ဒီလိုနဲ့ ပြန်ရမဲ့ရက်ကို ရောက်လာပါရော။ ပျော်ခဲ့ရတဲ့ရက်တွေ ကုန်ဆုံးတော့ မျက်ရည်စက်လက်နဲ့ အထုပ် အပိုးတွေ ပြင်ရဆင်ရ၊ ထည့်ရသိမ်းရ၊ တော်ပါသေးရဲ့၊ တူမလေးတွေဖြစ်တဲ့ င်္သိဂီခင်နဲ့ ရတနာတို့က ၀ိုင်းကူလာ ထုပ်ပေးပေလို့ပါပဲ။ ချစ်သောသူအားလုံးကို ထားခဲ့ရပြီးထွက်ခွာလာခဲ့ရ တဲ့အပြန်ခရီးကတော့ တက်ကြွမှု လုံးဝ မရှိတဲ့ ပကတိ စက်ရုပ်တစ်ခုလိုပါပဲ။
ကိုယ့်ဇာတိမြေဆိုတာ ကမ္ဘာပေါ်မှာ ထူးခြားမွန်မြတ်တဲ့ ရတဲ့နေရာ၊
ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့နေရာ၊
မေတ္တာစေတနာ ကရုဏာ သဒ္ဓါတွေအားလုံး ထုံးမွှန်းခံစားခွင့် ရတဲ့နေရာ၊
နှလုံးသားရှိတဲ့နေရာ၊
ယုံကြည်အားထား လုံခြုံမှုရှိတဲ့နေရာ၊

တွယ်တာမှု သံယောဇဉ်တွေနဲ့ ထွေးပိုက်ခြင်း ခံရတဲ့နေရာ၊
သုခဘုံတမျှ ချမ်းမြေ့ပျော်ရွှင်ဖွယ်အတိ ဖြစ်တဲ့နေရာ၊
အဲဒီနေရာကား ဝေးကွာလှစွာသော နေရာတစ်ခုဆီသို့ ဦးတည်ထွက်ခွာခဲ့ရပါပြီ။
အတိတ်ကံတရားအရ ပြည်ပမှာ အခြေချရပေမဲ့ နှလုံးသားကတော့ အမိမြေမှာ ထာဝရတည်ရှိနေ ဆဲ ဆိုတာ သေချာလှပါရဲ့။

ဆက်ရန်
.

2 comments:

Anonymous said...

ဖတ်ရင်းနဲ့ မျက်ရည်တောင်ဝဲပါရဲ့ 

တို့ လည်း အိမ်ပြန်တုန်းက အဲလိုပဲ ခံစားရလို့ လေ..


SD

Thu said...

So thrill, a talented writing.