Saturday, March 16, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၁)

ကျွန်မက အိပ်မက်မက်နေတာ။ သားဇာနည် က ရောက်လာတာတဲ့။ ကျွန်မက ၀မ်းသာအားရနဲ့  သားပြန်လာ တာ အတော်ပဲ။ မင်းအစ်မ သမီးလေးမွေးတယ်။ ဟောဒီမှာ လို့ ကလေးကို ပြတော့ ဟုတ်တယ်။ သား သိလို့ လာကြည့်တာ မာမီ တဲ့။ သားကလည်း ရွှင်ပြုံးလို့၊ ဒီအခိုက်မှာပဲ ရှိုက်သံ ကြောင့် ကျွန်မ လန့်နိုးသွားရတာ။ သားကို တွေ့ရတာ။ တကယ့်အတိုင်း ဖြစ်နေချိန် သမီးက ခုလို ပြော လိုက်တော့ ကျွန်မ ရင်ထဲမှာ မခံရပ်နိုင် ပွင့်အန်ကျလာပြိး သမီးနဲ့အတူ ဖက်ငိုမိပါတော့ တယ်။
ကျွန်မ သားလေး မသေပါဘူး။
ကျွန်မ နဲ့ တကွ ညီအစ်ကို မောင်နှမအားလုံးရဲ့ နှလုံးသားထဲမှာ သားဟာ အမြဲရှင်သန်လျက် အတူ တကွ ရှိနေဆဲ ပါ။
ကို ဆက်ဖတ်ရန် ..........

အပိုင်း (၅၃)

တစ်ခါတလေ ကိုယ်ရင်ဖွင့်လိုတဲ့ အကြောင်းအရာတွေကို စိတ်ရှည်စွာ နားထောင်ပေးခဲ့သူလိုသလို ကိုယ့်ကို အပြုံးနဲ့ နှစ်သိမ့်ပေးမဲ့သူလည်း လိုပါတယ်။ တစ်ခါတလေ အကြာင်နာနဲ့ ကိုယ့်ကို ဂရုစိုက်မဲ့သူ လိုသလို အရေးကြုံ တဲ့ အခါ လိုအပ်ချက်တွေကို အလိုက်တသိ ဖြည့်ဆည်းပေးနိုင်မဲ့သူလည်း လိုပါ တယ်။
တစ်ခါတလေ ကိုယ့်ရဲ့ကောင်းဆိုးတွေကို နားလည်မှုရှိစွာနဲ့ မျှဝေခံစားပေးမဲ့သူ လိုအပ်ပြန်ရော။
'လိုအပ်ချိန် တိုင်းမှာ အဆင်သင့်ရှိနေတတ်သူက 'မိခင်'ပဲ ဖြစ်ပါတယ်'လို့ စာရေးဆရာ KAREN RAVN က ဆိုပါတယ်။
သမီးကေသီအတွက် မိခင်ဖြစ်သူက ကျွန်မက အနီးအနားမှာ ရှိနေတာမို့ အဆင်ပြေလေတယ်ပေါ့။ အိမ်ကဧည့်သည်တွေခမျာတော့ အချင်းချင်း ရိုင်းပင်းစောင့်ရှောက်ပြီး နေကြလေရဲ့။ အစ်မကြီး ဒေါ်မြ စိန်က ကျွန်မ နှစ်အိမ့်တစ်အိမ် ကူပြီး ဗျာများနေတာကို မကြည့်ရက်လို့ မီးဖိုထဲမှာ ဒိုင်ခံချက်ထားပြီး သူတို့အတွက် နောက်ဆံမတင်းဖို့ ပြောရှာပါတယ်။ မြန်မာပြည်မှာတော့ ဧည့်သည်ဆိုတာ လက်ဆေး စားရုံပဲနော်။ အိမ်ရှင် မအားလည်း အိမ်ဖော်တွေက လိုလေသေးမရှိ တာဝန်ယူကြတာမို့ ပူစရာ မရှိပါ ဘူး။

အမေရိကားမှာ အရာရာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး နေရတာကြောင့် လူနေမှုစနစ်က ကွာ ခြားပါတယ်။ တော်ရုံတန်ရုံ ပြည့်စုံသူများလည်း အိမ်ဖော်မထားကြပါဘူး။ အိမ်ဖော်က တစ်နာရီကို အနည်းဆုံး ဒေါ်လာတစ်ဆယ်ပေးပြီး ငှားရတာမို့ တစ်ပတ်မှာ တစ်ရက်လောက်ပဲ အိမ်ရှင်းဖို့၊ တိုက်ချွတ်ဆေးကြော ဖို့ အတွက်ပဲ ခေါ်ထားတာမျိုး ရှိပါတယ်။ အိမ်ဖော်က သူ့ကားနဲ့သူလာ၊ အလုပ် ချိန် ပြီးရင် ပြန်သွားကြတာပဲ။ အနောက်တိုင်းသားတွေက ကျွန်မတို့ အရှေ့တိုင်းသူတွေလို လုံးလုံးထွေး ထွေး နေလေ့ မရှိဘူး။ အလုပ်ကို အလုပ်လိုပဲ ဆက်ဆံကြတာပါ။ ကျွန်မ တို့ မြန်မာပြည်နေခဲ့စဉ် က အိမ် ဖော်ဆိုပေမဲ့ မိသားစုတစ်ပိုင်းလို နေကြတာပါ။

သမီးမကေသီ ကလေးငယ်နဲ့ လုပ်တတ်ကိုင်တတ် နေသားတကျလေး ဖြစ်သွားမှ ကျွန်မလည်း အိမ်ပြန် လာရတော့တယ်။ အဆိုတော် ဦးအံ့ကြီးကတော့ ကျွန်မ မရှိလည်း သူ့ရဲ့ပရိသတ်တွေက တမ်းတမ်းစွဲ ဖြစ်နေ တ်ာကြောင့် ဟိုအိမ်ကဖိတ်၊ ဒီအိမ်ကဖိတ်နဲ့ ဝိုင်းဝိုင်လည်လိုက်စားနေရတာနဲ့ အိမ် မှာတောင် မကပ်ပါဘူး။ တစ်နေ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးညွှန့်လွှင် ရဲ့အိမ် မှာ မြန်မာမိသားစု အားလုံးကို ဖိတ်ပြီး ကိုအံ့ကြီး ရဲ့ တစ်ကိုယ်တော် အဆိုပွဲကျင်းပတာ မိုးလင်းခါနီးမှ လူစု မကွဲတော့ တာ ပဲ။
အဲဒီပွဲ မှာ ကျွန်မလည်း အနှစ်လေးဆယ်လောက် ပြန်ငယ်သွားသလို ခံစားရပါတယ်။ ကျွန်မနဲ့ ကိုအံ့ ကြီးတို့ ညီအစ်ကို တစ်တွေ ဘီတီဘရားသားမိသားစုက ဆွေမျိုးတစ်ပိုင်း ရင်းနှီးချစ်ခင်ကြတာ မဟုတ် လား။ ကိုအံ့ကြီး တို့ နာမည်ကြီးတဲ့ အချိန်တုန်းက မိတ်ဆက်လိုကြတဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည် နေတာလေ။ ကျွန်မ ဆီလာလာပြီး မိတ်ဆက်ခိုင်းကြတာမို့ ကျွန်မပါရောပြီး မျက်နှာပွင့်ခဲ့ရသေးတာပါ။ အခုလည်း သူ့ပရိသတ်တွေ အမေရိကားမှာ ဝိုင်းဝိုင်းလည်နေဆဲပါပဲ။

ဒီလိုနဲ့ ဧည့်သည်တွေလည်း ပြန်သွား၊ ကျွန်မလည်း ယူထားတဲ့ ခွင့်ရက်တွေများနေတာနဲ့ အလုပ်ပြန် သွားပြီး အချိန်ပိုတွေပါ ဖြည့်လုပ်ပေးနေရတာနဲ့ မအားနိုင်ဖြစ်နေဆဲ တစ်ရက်မှာ သားရွှေစင်က 'မာမီရေ... ဖေဖေ့ ဆီကစာရတယ်။ နောက်နှစ်ထဲမှာ အမေရိကားကို လာလည်ရကောင်းမလား စိတ်ကူး တယ် လို့ ရေးလာတယ်'တဲ့။
'သူလာချင် ရင်လည်း ခေါ်လိုက်တာပေါ့ သားရယ် သူလည်း သားသမီးတွေနဲ့ ခွဲခွာနေရတာ ဆယ်နှစ် တောင် ကျော် လာပြီဆိုတော့ လွမ်းရှာမှာပဲ'လို့ ကိုယ်ချင်းစာစိတ်နဲ့ သားကို ပြောမိပါတယ်။ အဲဒီအချိန် က ဦးမြလှိုင် ရဲ့ဇနီး ဒေါ်ခင်မြင့် က ကွယ်လွန်သွားတာ သိပ်မကြာလှသေးပါဘူး။ ဒါကြောင့်မို့ စိတ်ပြေ လက်ပျောက် သားသမီးတွေကို လာတွေ့လိုတာလည်း ဖြစ်နိုင်ကောင်းပါတယ်။
သူ့အဖေ လာမယ် ဆိုတော့ လိုအပ်မဲ့ စာရွက်စာတမ်းတွေအတွက် အပြန်အလှန်စာရေးမှာရ၊ လူဝင်မှု ကြီးကြပ်ရေး နဲ့လည်း ဆက်သွယ်ရ၊ သားလည်း အလုပ်တွေရှုပ်ပေါ့။ ကျွန်မတို့ မြန်မာပြည်က သတင်း ကား ကလည်း ပျံ့လွယ်တာ အလွန်ပါပဲ။ မကြာပါဘူး။ ကိုဝင်းဦးဆီက စာတစ်စောင် ရောက်လာပါ တယ်။

'မမခင်ကြီး ပြန်ပေါင်းထုပ်ကြတော့မယ်ဆို' တဲ့။
'စာပေလောက မှာ သတင်းတွေဖြစ်နေတယ်။ ပေဖူးလွှာဦးမြလှိုင် အမေရိကားကို သွားတော့မှာ။ ဟိုကျ မမခင် နဲ့ ပြန်ပေါင်းထုပ်ကြမှာလို့ ပြောတယ်။ အဲဒီလို ပြန်ပေါင်းထုပ်ဖြစ်ရင် ကျွန်တော်တို့က အတိုင်း ထက် အလွန် ဝမ်းသာ မှာပဲ။ ကြားတဲ့အတိုင်း မဟုတ်ဘဲ မမခင်တစ်ကိုယ်ရေ နေမြဲဆိုရင်လည်း ကိုယ့် အစ်မကို နားလည် စွာ နဲ့ လက်ခံမှာပဲ။ ကိုယ် စိတ်ချမ်းသာမဲ့လမ်းကို ကိုယ့်ဟာကိုယ်ပဲ ရွေးချယ် ဆုံး ဖြတ်ပေါ့' လို့ ရေးလာ ပါ တယ်။
ကျွန်မကလည်း ယောက်ျားနဲ့ ကွဲနေတဲ့လူလွတ်၊ ဦးမြလှိုင်ကလည်း မိန်းမဆုံးပြီးခါအစ တစ်ကိုယ်ရေ သမားမို့ ပတ်ဝန်းကျင် က တစ်နဲ့တစ်ပေါင်း နှစ်လုပ်ပြီး ထင်ကြေးနဲ့ အဖြေထုတ်လိုက်ကြတာ ထင်ပါရဲ့။ စာဖတ်ပြီး ကျွန်မ မှာ ပြုံးရပါတယ်။ ဦးမြလှိုင်က တစ်ယောက်တည်းလာမှာ မဟုတ်ပါဘူး။ ဒေါ်အေးမြင့် နဲ့ တူမလေး တစ်ယောက် ပါအ ဖော်ပါဦးမှာပါ။

မြန်မာပြည်နဲ့ အမေရိကားက ပထဝီအနေအထားအရ ကမ္ဘာတစ်ခြမ်း ခြားနေတဲ့အပြင် အဲဒီအချိန် က နိုငငံတော်ရဲ့ ဥပဒေအရ သွားလာဆက်ဆံရေး တင်းကျပ်ဆဲကာလ ဖြစ်တာကြောင့် ဆက်ဆံရေး နယ်ပယ် ကလည်း ကျဉ်းသေးတဲ့အတွက် မကြာခဏ သတင်းမှားတွေ ရတတ်ပါတယ်။ တစ်ခါမှာ ကျွန်မ သူငယ်ချင်းတစ်ယောက် က စာရေးလာပါတယ်။ 'မင်းရဲ့မိတ်ဆွေကြီး အတွင်းဝန်ဦးလှဆောင် ကွယ်လွန် သွားပြီ'တဲ့။
သူ့စာဖတ်ပြီး ကျွန်မ မှာ မျက်ရည်ကျရသေးတယ်။ ချက်ချင်း ကျန်ရစ်သူဇနီး (မြတ်မြတ်ကျော်)ဆီကို လည်း စာတစ်စောင် ရေးလိုက်တယ်ပေါ့။ ကိုဆောင် ဆုံးတဲ့အတွက် စိတ်မကောင်းကြောင်း၊ ၀မ်းနည်း ကြောင်း အပြင် သူ့ကိုလည်း စိတ်အားတင်းဖို့ နှစ်သိမ့်စကားလည်း ပြောရင်းပါပဲ။ တစ်လလောက်ရှိ တော့ကျွန်မဆီ စာတစ်ဆောင်ရောက်လာပါရော။ စာအိတ်ပေါ်ကလက်ရေးက ကိုဆောင့်လက်ရေး။

စာအိတ်ကိုင်ကြည့်ရင်း ကျွန်မအူကြောင်ကြောင်ဖြစ်လို့ ဟောတော့.. ဘယ်လိုပါလိမ့်။ ကိုယ်ထင်ပြတာ ဆိုရင် လည်း သရခြောက်တယ်ပြောရရဲ့၊ အခုဟာက သူ့လက်ရေးနဲ့ကဆိုတော့လည်း တွေးရခက် ကြီး။ သိချင်ဇော နဲ့ စာကိုကပျာပယာဖောက်လိုက်ပါတယ်။
"ကိုယ်မသေ ပါဘူး ခင်ရ။ ကျန်းမာပကတိ ချမ်းသာစွာ ရှိလျက်ပါဗျာ"တဲ့။ ကျခဲ့ရတဲ့မျက်ရည်တွေ ကို တောင်မနှမြောနိုင်ဘဲ ကျွန်မမှာ စာဖတ်ပြီး ၀မ်းသာလိုက်ရတာ။ ဒီလိုနာရေးတင်မကဘူး။ ဘယ်သူနဲ့ ဘယ်သူ ယူလိုက်ပြီတို့၊ ဘယ်သူနဲ့ ဘယ်ဝါကွဲသွားပြီ ဆိုတာမျိုးတွေလည်း မကြာခဏ ကြားရ တတ် သေးလို့ နောက်ဆိုရင် ခလုတ်တိုက်သလား၊ ဖားဖြုတ်ကိုက်သလား မရေရာဘဲ မမေးရဲတော့ပါဘူး။

ဒီလိုနဲ့ အလုပ်အားတဲ့ရက်တွေမှာ မြေး "ခန့်ခန္ဒီ"ကို သွားထိန်းရင်း ကျွန်မမှာ အပျင်းကိုပြေလို့။ သမီး ကိုမိသားစုနဲ့အတူ ကိုလိုရာဒိုကိုလည်း နှင်းလျှောစီးတဲ့ခရီး လိုက်သွားဖြစ်ပါသေးတယ်။ အဲဒီအချိန်မြေး (ခန့်စန္ဒီ)က ငါးလသမီးပဲ ရှိသေးတယ်။ ကျွန်မတို့ အုပ်စုမှာသမီးကေသီတို့ မိသားစုအပြင် သူတို့ရဲ့ သူငယ်ချင်း မေရီတို့ ဇနီးမောင်နှံလည်း ပါရဲ့။ သမီးကြီးကေခိုင်ပါ ပါလိုက်သေးတာမို့ တပျော်တပါးပါ ပဲ။

သူတို့တစ်တွေ နှင်းလျှော်စီးထွက်နေတဲ့အချိန် ငှားထားတဲ့ အဆောင်မှာ ကျွန်မက စာတစ်အုပ် နဲ့ နှပ်လိုက်၊ မြေးခန့်စန္ဒီနဲ့ ဆော့လိုက်ကျန်ရစ်ခဲ့သော သမီးတွေက မာမီပါလိုက်ခဲ့ပါ၊ ကိုယ်မစီးလည်း သူများတွေ စီးတာ အပျင်းပြေ ကြည့်ရတာပေါ့တဲ့။ ဒါနဲ့ အအေးခံနိုင်အောင် အနွေးထည်တွေ အထပ် ထပ်ဝတ်၊ ခေါင်းစွပ် ခြေစွပ်တွေအပြင် လက်အိတ်တွေ ဘာတွေစွပ်ပြီး ထွက်လိုက်တော့ ဖိုးဝရုပ် ပုံစံကို ပေါက်လို့။
တောင်ထိပ်ကို ရောက်အောင် လျှပ်စစ်ဓာတ်ကြိုးနဲ့ သွယ်ထားတဲ့ ကေဘယ်လ်ကားလေးတွေနဲ့ တက် ရပါတယ်။ နှစ်ဦးစီ မျက်နှာချင်းဆိုင် ထိုင်ပြီးလေးယောက်စီး ကားလေးတွေပေါ့။ ကားခက တစ်ယောက် ကို ဒေါ်လာတစ်ဆယ် ပေးရပါတယ်။ ဆီးနှင်းတွေ ဖြူဖွေးနေအောင်ဖုံးထားတဲ့ တောင်ပေါ် ကိုအခုလို အပေါ်စီး ကမြင်ရတာ သိပ်လှတာပါပဲ။ လေကလည်းသန့်ရှင်းလတ်ဆတ်အေးမြလို့။ စကီးစီးတဲ့ သူတွေကို လည်း လှမ်းမြင်နေရတယ်။
တော်တဲ့ တတ်တဲ့ သူတွေကတော့ ခါးကလေး လှည့်လိုက်။ ဒူးကလေး နွဲ့ပြီး အားယူလိုက် နဲ့ လျှောခနဲ လျှောခနဲ ကွေ့ကောက် ဆင်းသွားလိုက်ကြတာ စက်ရုပ်ကလေးတွေကို သံပတ်ပေး လွှတ်လိုက် တဲ့ အတိုင်းပဲ။ ဒီအထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ ဟိုယိုင်ဒီထိုးပြီး တအိအိ ဆင်းလာသူမျိုး လည်း ကြိုးကြားကြိုးကြား တွေ့ရတတ်သေးတယ်။

"ကြည့်ထား၊ ကြည့်ထား၊ မာမီ့သမီးကေခိုင် စီးတာအဲဒီပုံစံမျိုး"တဲ့။ ကေသီက သူ့အစ်မကို မခံချင် အောင်နှိမ်ပြီး စလိုက်တော့။
"အောင်မယ်... သမီးက သူ့လိုပြာကလောင်ခတ်စီးတာ မဟုတ်ဘူး။ မာမီ့သမီးက အရှိန် မထိန်းနိုင် ဘဲ ရှေ့က လူကြီးဝင်တိုက်ပြီးဖင်ထောင် ရက်ကျတာ။ သမီးက သူ့လိုဘယ်တော့မှ ပုံမပျက် ဘူး"တဲ့။ ညီအစ်မနှစ်ယောက်သား စကားအနိုင်လုတာ နားထောင်ရင်း ရယ်ရပါသေး တယ်။ တောင်ထိပ်ရောက် တော့နွေးထွေးသွားအောင် ကော်ဖီပူပူလေး သောက်ကြမယ်ဆိုပြီး စားသောက် ဆိုင် မှာ ဆင်းကြတယ် ပေါ့။
ကော်ဖီနဲ့မုန့်မှာထားဆဲ တစ်ဖက် ကိုလှည့်ကြည့်လိုက်တော့ လူတစ်အုပ် တောင်ပေါ်ကို တက်လာကြ တာဝတ်ထား တဲ့ ဂျာကင်အင်္ကျီတွေကလည်း အဆင်တူ အ၀ါရောင် တောက်တော်တွေနဲ့။ အနား ရောက် လို့ ကြည့်လိုက် မှ အနက်ရောင်ထင်းထင်းနဲ့ ဂျာကင်မှာ ရေးထားတဲ့ စာတန်းကိုဖတ်လိုက်မိပါ တယ်။ "မျက်မမြင် စကီး သမား များ"တဲ့။

အံ့ပါရော။ မျက်စိမမြင်တာ အေးအေးမနေကြသေးဘူးနော်။ မြင်ရဘဲနဲ့ လယ်လိုများ စကီးလုပ်ကြမလဲ မသိဘူး။ ကျွန်မတော်တော်စိတ်ဝင်စားသွားမိပါတယ်။ ဒါနဲ့ သူတို့အုပ်စုရှိရာ သွားပြီးကိုယ့်ကိုယ်ကို မိတ်ဆက် ရင်း စပ်စုမိတယ်ပေါ့။ မျက်မမြင်အဖွဲ့ကို ကြီးကြပ်သူက "ဂျူဒီ"ဆိုတဲ့အမျိုးသမီးပါ။ သူ့က မျက်မမြင် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဝိဇ္ဇာဘွဲ့ ရထားတာတဲ့။
 
သူ့တာဝန် က အချိန်ဇယားတွေ ဆွဲပေးဖို့၊ လူထုနဲ့ဆက်ဆံရေးကိစ္စ အ၀၀တွေစီစဉ်ပေးဖို့၊ စကီးလုပ် ဖို့အတွက် လေ့ကျင့်ရေးဆရာတွေ လမ်းပြတွေနဲ့ ညှိနှိုင်းညွှန်ကြားပေးဖို့ပါ။ သူတို့ကို စကီး လုပ်နိုင် အောင်သင်ကြားပေးသူက ဒုတိယကမ္ဘာစစ်မှာ ဆုတံဆိပ်တွေများစွာ ရခဲ့တဲ့ စစ်ဝန်ထမ်းပောင်း "ကာ နယ်နီဗင် "ပါတဲ့။ မျက်မမြင်များကို သာမန်လူတွေကို စကီးစီးနိုင်အောင် ဘယ်လိုများ သင်ကြားပေးလဲ ဆိုတာ သိချင်လှ လို့ အဲဒီမှာပဲ တွေ့ဆုံမေးမြန်းပြီး စန္ဒာမဂ္ဂဇင်း မှာ နှစ်လ ဆက်ဆောင်းပါး ရေး သားဖော် ပြပြီးဖြစ်တာကြောင့် အကျယ်မချဲ့လိုတော့ပါဘူး။

ကျိုးကျိုးကန်းကန်း ကိုယ့်ကိုယ်ကိုယ် ဒုက္ခိတလို့သဘောမထားဘဲ ဘ၀ကိုမရှုံးမပေးလိုတဲ့ သူတို့ရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ကတော့ လေးစားချီးကျူးဖွယ်ရာပါပဲနော်။ အဲဒီလိုစိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ကိုယ့်ကိုယ် ကိုယ်ယုံကြည် ကိုးစားဖို့၊ လေးစားဂုဏ်ယူတတ်ဖို့တွေ ဖြစ်လာအောင် စိတ်ဓာတ်မြှင့်တင်ပေး တဲ့ စေတနာ့ ၀န်ထမ်းတွေ ကလည်း များစွာရှိတာမို့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ ချို့ယွင်းပေမယ့် ကိုယ်အား ကိုယ် ကိုးနိုင်ပြီး လူတန်းစေ့ ဘ၀ကို ရရှိကြတဲ့အပြင် တချို့များနိုင်ငံကျော် အောင်မြင်သူတွေ ဖြစ်လာတဲ့အထိ ထွန်းပေါက်သူ များလည်း ရှိပါတယ်။ ဂီတမှာ စတားတွေ ဖြစ်နေကြတဲ့ ရေးချားလ်စ် တို့၊ စတီဗီးဝမ်းဒါး တို့ နှစ်ယောက်စလုံး မျက်မမြင်တွေပဲလေ။

ဒီလို ဇွဲမာန်မျိုးကို မြင်ရတော့လည်း ကိုယ့်ဘ၀ရဲ့အရှုံးတွေက သူတို့တစ်တွေနဲ့စာရင် ဘာမှ မဟုတ် သေးပါလားလို့ တွေးရင်း ဖြေသာရာရပါရဲ့။ ဘာလိုလိုနဲ့ နှစ်ကုန်ခရစ္စမတ်အချိန်ရောက်လာပါရော။ ခရစ္စမတ်ပွဲတော် ရောက်တိုင်း သမီးကေသီတို့အိမ်မှာ ကျွန်မတို့မိသားစုဖြစ်ကြတယ်ပေါ့။ မကေသီက ကြက်ဆင် အကောင်လိုက်ကင် စတဲ့ပွဲတော်စာတွေလည်း စားရင်းလက်ဆောင်ပစ္စည်းတွေလည်း ဖွင့်ကြ ရင်း တပျော်တပါး ပါပဲ။
ကျွန်မရဲ့မြေး ခန့်စန္ဒီတောင် တောက်တောက်ပြေးနေပါပြီ။ စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောတတ်ခါစ အရွယ် ကတည်းက စာအုပ်ဆိုရင် အသေကြိုက်တာနော်။ အခုလည်းကိုယ်စီကိုယ်ငှ ရကြတဲ့ လက် ဆောင် ပစ္စည်းတွေ ဖြေကြည့်ကြတော့ သူလည်းရထားတဲ့ ဝေစုလက်ဆောင်ထုပ်တွေကို တစ်ခုပြီးတစ် ခုဖြေနေ ပါတယ်။ အရုပ်ကလေးဆိုရင် ဖြေပြီး ချထားလိုက်၊ အင်္ကျီလှလှ၊ ဖိနပ်လှလှလေးတွေရလည်း ဖွင့်ပြီးချထား လိုက်နဲ့ လက်ဆောင်ထုပ်တစ်ခုထဲမှာ ပုံပြင်စာအုပ်ကလေးတွေ လည်း တွေ့ရောခြေ လေးနှစ်ဖက်ရှေ့ ဆင်းပြီး အေးအေးဆေးဆေး တစ်ရွက် စီလှန်ကြည့်နေလေရဲ့။

"ဟေး.. ဘိုဘို၊ ကျန်တဲ့အထုပ်တွေ ရှိသေးတယ်လေ။ ဒီမှာရော့ ဖွင့်ဦး"လို့ သူ့အမေကအထုပ်တွေ လှမ်းပေးပေ မဲ့ ဘယ်လိုမှ ဖွင့်ခိုင်းလို့ မရတော့ဘူး။ ရထားတဲ့ စာအုပ်ကလေး ကိုပဲ နှစ်နှစ်သက်သက် ကျေကျေနပ်နပ်နဲ့ ကြည့်နေတတော့တာ။ ဒါတောင်စာဖတ်တတ်တဲ့အရွယ် မဟုတ်သေး ပါဘူး။သူ့သ မီးပြောမရတော့ မကေသီက "အဲဒါ အဘွားတူတာ"တဲ့။ ကျွန်မကိုသာ ဆွဲထည့်နေ တာ တကယ်က အဖေရော အမေရောကကလည်း စာပေမြတ်နိုးတဲ့ စာအိုးတွေပါပဲ။
အဲဒီလို ကျွန်မ တို့တစ်တွေ အားလုံးလက်ဆောင်ထုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ရှုပ်ယှက်ခတ်နေကြဆဲ ဂယ်ရီ က "နောက်ဆုံးလက်ဆောင်တစ်ခု ကျန်သေးတယ်"တဲ့။
သမီးငယ် သူဇာက "ဘယ်မှာလဲ၊ မရှိတော့ပါဘူး။ ဒီမှာအကုန်ဖွင့်ပြီးပြီးလေနဲ့" ဖဲပြားတွေ၊ ရောင်စုံစက္ကူ စတွေ နဲ့ လက်ဆောင်ပစ္စည်းထုပ်တွေက ထွက်လာတဲ့ အမှိုက်ပုံကို လက်ညှိုးထိုးပြတော့...
"ဟောဒီမှာ" ဆိုပြီး ဂယ်ရီက သူ့ဇနီးမကေသီရဲ့ ဗိုက်ကို ပွတ်ပြပါတယ်။

ကျွန်မတို့လည်း မထင်မှတ်တဲ့လက်ဆောင်မို့ အားလုံးအံ့အားသင့်လို့။
"တကယ်လား၊ တကယ်လားနဲ့"၀ိုင်းမေးကြတာ ဆူညံသွားတာပဲလေ။ လာမဲ့နှစ်သစ်ထဲမှာ ကျွန်မတို့ မိသားစုအတွက် မြေးလေးတစ်ယောက် တိုးဦးမှာမို့ ကြည်နူးပျော်ရွှင်တဲ့အပြုံးတွေနဲ့ အမှတ်တရ ခရဂစ္စမတ်နေ့ ဖြစ်သွားတော့တာပါပဲ။
သမီးရဲ့ ကိုယ်ဝန်ငါးလထဲရောက်တော့ လုပ်နေကျအတိုင်း ဆရာဝန်က ဆိုနိုဂရမ်ရိုက်ကြည့်ပါတယ်။။ ဒီတစ်ခါမွေး မှာ ယောက်ျားလေးတဲ့။ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်ဆို အတော် ပဲ။ ပြည့်စုံပြီဆိုပြီး သူတို့ဇနီးမောင်နှံလည်း ပျော်မဆုံး ဖြစ်နေကြလေရဲ့။ သားလေးတစ်ယောက် ရထား ပြီးရင် အများအားဖြင့် ကလေးထပ်မယူကြတော့ပါဘူး။ သားသမီးတစ်ယောက် အဌာရသစုံနဲ့ လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ စရိတ်စက ကြီးမားတဲ့အပြင် တာဝန်လည်း ကြီးလွန်းလှပါ တယ်။
သမီးကေသီ လည်း အခုကိုယ်ဝန်က ဒုတိယမြောက်မို့ အတွေ့အကြုံရထားပြီးဖြစ်နေလို့ ပထမသမီး တုန်း ကလောက်ပြဿနာမရှိတော့ပါဘူး။ ဒါကြောင့် ကျွန်မတို့ မိသားစုတစ်တွေလည်း မွေးဖွားမဲ့ရက်ကို လက်ချိုးရေတွက် ရင်း အေးအေးဆေးဆေး ကြည်ကြည်နူးနူးနဲ့ စောင့်မျှော်နေကြ ဆဲကျွန်မရဲ့နှလုံးသားကို နာကျင် တုန်ခါသွားစေတဲ့သတင်းဆိုးတစ်ခုက လုံးဝကို မမျှော်လင့်တဲ့ အချိန် မှာရောက်လာလေရဲ့။

တစ်မနက် လင်းအားကြီး လေးနာရီလောက်မှာ တယ်လီဖုန်း မြည်လို့ အိပ်ချင်မူးတူးနဲ့ ကောက်ကိုင် လိုက်ပါ တယ်။ ခေါ်တဲ့သူက ကိုဝင်းဦးပါ။
"မမခင် ကျွန်တော်စကားပြောဖို့ သုံးမိနစ်ပဲ အချိန်ရတယ်။ ခု အရေးကြီးတဲ့ကိစ္စပြောမလို့။ စိတ်မကောင်း လည်း မဖြစ်နဲ့။ ကျွန်တော် အူမကြီးကင်ဆာဖြစ်လို့ မနက်ဖြန်လန်ဒန်ကို ဆေးကုဖို့ ထွက်ရမယ်။ ကျွန်တော် ရှိရှိ မရှိရှိ စန္ဒာကို စာမူ မပြတ်အောင်ပို့ပါနော်။ ကျွန်တော်စိတ်ချ သွားမယ်။ ဟိုကျမှ ထပ်ခေါ်ဦး မယ်"တဲ့။ ပြောရင်းဖုန်းလိုင်းက ပြတ်သွားပါတယ်။
သားဇာနည်ဆုံးပြီးကတည်းက ကျွန်တယ်လီဖုန်းဖြေရမှာကို ကြောက်နေခဲ့မိတာ ခုတစ်ခါလည်းမထင် မှတ် တဲ့ သတင်းဆိုးကြားလိုက်ရတော့ ရင်ထဲမှာကျင်စက်နဲ့ တို့ခံလိုက်ရသလို လှိုက်ခါ နာကျင် သွား တော့တာပဲ။ နှလုံးသားမှာ ဒဏ်ရာတစ်ခု မကျက်သေးဘူး။ နောက်ထပ် ဒဏ်ရာတစ်ခု ဖြစ်ရပြန်ပြီ။ "အူမကြီးကင်ဆာ"တဲ့။ ကုလို့မှရပါ့မလား။ ကျွန်မစိတ်ပူလိုက်ရတာ။ ပြန်ပြီးမအိပ်နိုင်တော့တာနဲ့ ကိုယ် လက် သန့်စင်ပြီး ဘုရားဝတ်ပြု၊ ကိုဝင်ဦးအတွက် ဆုတောင်းမေတ္တာတွေ ပို့ရပါတယ်။
ကျွန်မ ဆီ ရေးလာတဲ့ စာတွေထဲမှာတော့ အပါသား။ သူ မကြာခဏ ၀မ်းချုပ်နေလို့ မြန်မာဆေး စားနေ တယ်။ မမခင်ရော မြန်မာဝမ်းနုတ်ဆေးတို့၊ လျက်ဆားတို့၊ သွေးဆေးတို့ ယူမလားသူပို့ပေး မယ်လေတဲ့။

သူ့စာဖတ်ပြီး ကျွန်မလည်းဒါလောက် စိုးရိမ်စရာကောင်းတဲ့ ကင်ဆာရောဂါရဲ့ လက္ခဏာဆိုတာ မတွေးမိ တာကြောင့် အလေးအနက် ပြန်မရေးဖြစ်ခဲ့ပါဘူး။ အခုတော့မောင်ငယ်တစ်ယောက်လို ချစ်ရတဲ့ မိတ်ဆွေကောင်း တစ်ယောက် အတွက် သောကများရပြန်ပါပြီ။ စန္ဒာက ကျွန်တော့ဘ၀၊ ကျွန်တော့်အသက် လို့ သူအမြဲကြွေးကြောခဲ့တဲ့အတိုင်း ကျွန်တော်ရှိရှိ မရှိရှိ စန္ဒာကို စာမူမပြတ်အောင် ပို့ပေးပါလို့ အမှာ စကား ထားသွားတာအတွက် ကြေကြေကွဲကွဲ ခံစားရပြီး မျက်ရည်တောင် ကျမိပါ တယ်။
ကျွန်တော် ရှိရှိ၊ မရှိရှိဆိုတဲ့ စကားက သူ့ကိုယ်သူ အားမရတဲ့ သဘောဆောင်နေတာမို့လည်း ပိုပြီး စိတ်ပူမိ တယ်ပေါ့။ 

သူပြောတဲ့အတိုင်း လန်ဒန်ရောက်ပြီး ရောက်တစ်ရေက် ကျွန်မဆီ ဖုန်းဆက်လာပါ တယ်။ သူ့အတွက် ကံကောင်းထောက်မ တဲ့အချက်က ကိုဝင်းဦးရဲ့ အစ်မဒေါ်တင်တင်ဦးက အဲဒီအချိန် မှာ လန်ဒန်မြန်မာသံရုံး မှာ သူ့ခင်ပွန်းက အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ဆဲလေ။ အစ်မရင်း တစ်ယောက်လုံး လူခံ ရှိနေတာမို့ နေရေးထိုင်ရေး အဆင်ပြေတာအပြင် အားရှိစရာလည်း ဖြစ်တာ ကြောင့်ထင်ပါရဲ့။ သူ့အသံက တက်ကြွ လို့။
"မမခင် ရဲ့ ၆၄နှစ်မြောက် မွေးနေ့လက်ဆောင်ကို စပယ်ရှယ်ပေးမလို့ ပုံတူပန်းချီးကားကို ပန်းချီးဆရာ ဦးသောင်းဟန် နဲ့ ဆွဲပြီးယူလာခဲ့တယ်သိလား"တဲ့။ ကျိုးမှာစိုးလို့ လိပ်ပြီးလက်နဲ့ ကိုင်ယူလာ ခဲ့ရတာ။ ဆေးရုံက ဆင်းမှ မမတင်ကို ပို့ခိုင်ပေးလိုက်မယ်လို့ ပြောပြနေတာ သူ့မှာဘာမှ ပူစရာမရှိတဲ့ အတိုင်း လေ။

အရေးထဲမှာ ကျွန်မက ပန်းချီကားတွေဘာတွေ စိတ်မ၀င်စားနေနိုင်ပါဘူး။ သူ့ရောဂါ အခြေအနေကိုပဲ သိချင်စိတ်စောနေ တာမို့ ဒါကိုပဲဦးထားမေးရပါတယ်။ ဆေးရုံမှာ ဆရာဝန်ကြီးနဲ့ ချိန်းထားပြီးပြီ။ လိုအပ်တဲ့ စစ်ဆေးမှုတွေအတွက်လည်း ပြင်ဆင်ထားပြီးသား။ မမခင်ဘာမှပူမနေနဲ့တဲ့။ သူကရုပ်၇ှင် မင်းသားမို့ ရုပ်ရှင်မင်းသား မို့ အကယ်ဒမီရှော့တွေ လုပ်ပြနေသလားလည်းမသိ။
သူက မပူနဲ့ဆိုပေမဲ့ ကင်ဆာဆိုကတည်းက ကျွန်မစိတ်ပူနေရတာမို့ သူမသိအောင် အစ်မဒေါ်တင်တင်ဦး ကို ခေါ်ပြီးစကားသွင်းထားရပါတယ်။ ခွဲစိတ်ြပီးတာနဲ့ အကျိုးအကြောင်းအမှန်အ တိုင်းပြောပြပေးပါလို့ ကျွန်မတို့နှစ်ယောက် ကွယ်ရာမှ သူ့အကြောင်းတွေစုံနေအောင် ပြောဖြစ်ကြ ပါတယ်။ အဓိကကတော့ သူရဲ့ ကျန်းမာရေးအတွက်ပါပဲ။

ကျွန်မစိတ်ပူနေမှန်း သိလို့ သားရွှေစင်က "မာမီ ကိုဝင်းဦးဆီ သွားကြည့်လိုက်ပါလား၊ သားလေယာဉ် လက်မှတ် ၀ယ်ပေးလိုက် မယ်" လို့ ပြောရှာပါ၇ဲ့။ တကယ်လည်း ကျွန်မသွားကြည့်လိုက်ချင်ပါတယ်။ တင်တင်ဦး ကလည်း "အားရှိသွားအောင် မမခင်လာခဲ့ပါလား"ခေါ်တာမို့ သွားဖို့စဉ်းစားပေမဲ့ ကျွန်မ သွား လို့တွေ့ရတာထက် ပိုပြီးအရာရောက်မဲ့ ဆေးကုဖို့ငွေကြေး လိုအပ်တာမဟုတ်လားနော်။

ပြည်ပမှာဆေးကုသရတာ ကျန်းမာရေးအာမခံ မရှိရင် အလွန်အမင်း ဈေးကြီးလှပါတယ်။ ဒါကြောင့် သား ပေးလာတဲ့လေယာဉ်လက်မှတ်ဖိုးငွေ ကို တင်တင်ဦးနဲ့တိုင်ပင်ပြီး ကိုဝင်ဦးဆေးကုသစရိတ် ထဲ ထည့်ပေး ဖို့ ပို့ပေးလိုက်ပါတယ်။ တကယ်က မေတ္တာဆိုတာ နီးတာ ဝေးတာ၊ တွေ့ရတာမတွေ့ရတာနဲ့ မဆိုင် ပါ ဘူး။ လိုအပ်ချိန်မှာ ဖြည့်ဆည်းနိုင်ဖို့က အဓိကပါပဲ။

ကိုဝင်ဦး က ဆေးရုံမှ ခွဲစိတ်ပြီးပြီးချင်း အခြေအနေကောင်းတယ် ၉၅ရာခိုင်နှုန်းအောင်မြင်မှု ရှိတယ် ဆိုတဲ့ သတင်းစကားကို တင်တင်ဦး က ဖုန်းဆက်ပေးလာလို့ သိရတာကြောင့် ကျွန်မလည်း ၀မ်းတွေ သာလို့။ ဘုရား မှာ ဆုတောင်းရင်း မေတ္တာပို့ရတာလည်း အကြိမ်များစွာပါပဲ။ ကိုဝင်းဦးကို ချစ်ခင်တာ တင်မကဘူး။ ဘက်စုံတော်လွန်း လှတဲ့ အနုပညာရှင် ကြယ်တစ်ပွင့်လည်း ဖြစ်တာမို့ ကျန်းမာစေချင်၊ အသက်ရှည်စေချင် တဲ့ ဆန္ဒလည်း ပါပါတယ်။

ကိုဝင်ဦး က တစ်ခေတ်မှာတစ်ယောက်ဆိုရလောက်အေင် ထူးခြားတဲ့ ပါရမီရှင်ဖြစ်သလို စိတ်စေတနာ ကောင်းသူ လည်းဖြစ်တာမို့ ကိုယ့်ထက်ဆယ်နှစ်တိတိငယ်ရွယ်သူဖြစ်ပေမဲ့ သူ့ကိုလေးစားကြည်ညို ပါ တယ်။ ကျွန်မသိသလောက် သူသာမချမ်းသာရှိရမယ် သူ့ရဲ့ တပည့် လက်သားတွေ အတွက် စီးပွားရေး ထူထောင်ပေးခဲ့တာတွေလည်း အများကြီး။ သူစင်တင်ပေးလို့ ထွန်းတောက် သွားကြတဲ့ အနု ပညာကြယ်ပွင့်တွေလည်း တစ်ပုံတစ်ပင်ရှိနေကြဆဲပါ။ ကျွန်မကိုလည်း သူ့ရဲ့စန္ဒာစင်မြင့် မှာ တင်ပေးခဲ့ တာကြောင့် စာပေကျေးဇူးရှင်လို့ ဆိုနိုင်ပါသေးတယ်။

ဘုရားက လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတဲ့အခါ ပေကြိုးကိုခေါင်းမှာပတ်ပြီး တိုင်းတာ မဟုတ်ဘူး။ နှလုံးသားမှာတိုင်းတာတဲ့။
ကိုဝင်းဦးရဲ့ နှလုံးသားက သူနဲ့ထိတွေ့ဆက်ဆံရတဲ့သူတိုင်း အပေါ်မှာကြီးပွားအောင်မြင်စေလိုတဲ့ စိတ်၊ တိုးတက်ချမ်းသာစေလိုတဲ့ စိတ်နဲ့အမြဲတမ်းပံ့ပိုးကူညီချင်တဲ့ မေတ္တာစေတနာတွေ ပြည့်လျှံနေ တာမို့ တန်ဖိုး ရှိသူ လူသားတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ကိုဝင်ဦးဆေးရုံက ဆင်းပြီး အစ်မ ဒေါ်တင်တင်ဦး ရဲ့ အိမ်မှာပဲအနားယူရင်း ဆေးကုသမှုဆက်လက်ယူရဆဲ တင်တင်းဦးနဲ့ စကားပြော ဖြစ်တော့...

"မမခင့်မောင်က စန္ဒရားတီးမပျက်၊ အိမ်လည်းမပျက်ပါပဲ"တဲ့။ ညီမ ၀မ်းကွဲ ဖြစ်တဲ့ ဘီဘီစီ က ဒေါ်ခင်မြဆွေ (နီနီ) နဲ့လည်းဈေးဝယ်နေ့တိုင်းထွက်သေးတာတဲ့လေ။ ကျွန်မဆီ ဖုန်းဆက်တော့တောင် သူကီမိုယူရရင် ဆံပင်တွေ ကျွတ်မှာမို့ ရှပ်ရှင်ရိုက်တဲ့အခါ သုံးရအောင် ဆံပင်အတုတွေ ရှာထားပေးပါ ဦးလို့မှာနေသေးတာ မို့ စိတ်ဓာတ်မကျဘူးဆိုတာ သိသာပါတယ်။

ဒီဇင်ဘာကျရင် အင်္ဂလန်ကို ဆေးစစ်ဖို့ ပြန်လာရမယ်။ အဲဒီကျတော့ အမေရိကားကို လှည့်ဝင်ပြီး မှ မြန်မာပြည် ပြန်မယ်လို့လည်း စိတ်ကူးတွေ ယဉ်နေလိုက်ပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ရင် မပေဖို့၊ မတေဖို့ ကျန်းမာရေးအထူးဂရုစိုက်ဖို့တွေလည်း ဖုန်းပြောဖြစ်တိုင်း အထပ်ထပ်မှာရပါတယ်။ အမေရိကား မှာ သူဖြစ်တဲ့ "ကိုလုံး" ကင်ဆာနဲ့ အသက်ရှည်နေကြသူတွေကို အများ အပြား တွေ့ ဖူးတာ ကြောင့်ကျွန်မအနေ နဲ့ သူ့ကိုအသက်ရှည်ဦးမယ်လို့ ယုံကြည်မျှော်လင့် ထားမိတယ်ပေါ့။

ဒီလိုနဲ့ ကျွန်မရဲ့ ၆၄နှစ်မြောက်မွေးနေ့ကို ရောက်လာပါရော။ ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြား မွေးနေ့ လက်ဆောင်နှစ်ခုရပါတယ်။ တစ်ခုက ကိုဝင်းဦး လန်ဒန်ကနေပို့ပေးလိုက်တဲ့ ကျွန် မနဲ့ ပုံတူ ပန်းချီးကားချပ်ကြီးပါ။ ကျွန်မအသက် ၂၄နှစ်အရွယ်က မြန်မာဆန်ဆန်ဆံထုံးမှာ သဇင် ပန်းတွေ ဝေနေ အောင်ပန်ပြီး ရိုက်ထားတဲ့ဓာတ်ပုံတစ်ခုကို ကိုဝင်ဦးက ပန်ချီးဆ၇ာကြီး ဦးသောင်းဟန် ဆီမှာ ပုံတူဆွဲ ခိုင်းပြီး ပို့ပေးလိုက်တာလေ။

ဦးသောင်းဟန်ရဲ့ လက်ရာဆိုတော့ ပန်ချီးကားက အသက်ဝင်လိုက်တာ။ အိမ်ကိုလာတဲ့ သူတိုင်းက ချီးကျူး တာ ခံရပါတယ်။ နောက်လက်ဆောင်တစ်ခုကတော့ သမီးကေသီနဲ့ သူ့ခင်ပွန်း ဂယ်ရီဆီက ရတဲ့ လက်ဆောင် ပါပဲ။ မွေးနေ့မတိုင်ခင် မိသားစု ဆုံကြမြဲဖြစ်တဲ့ စနေနေ့မှာ နေ့လယ်စာ စားပြီးကြ တော့ဈေးဝယ်သွားရအောင် မာမီပါလိုက်ခဲ့ပါလား ခေါ်တာနဲ့ သမီးတို့နဲ့အတူ လိုက်သွားဖြစ် ပါတယ်။

ကြုံတုန်း ခဏလေး ကားဝင်ကြည့်လိုက်ဦးမယ်နဲ့ ဂယ်ရီက ကားရောင်းတဲ့နေရာ တစ်ခုထဲ ချိုးဝင်လိုက် ဆော့ကိုယ်စိတ်စားတဲ့ကိစ္စ မဟုတ်တာကြောင့် ကျွန်မက သူ့တို့အထဲဝင်မပါဘဲ ဧည့်ခန်းက မဂ္ဂဇင်း တစ်အုပ် ကို လှန်ဖိတ်နေလိုက်ပါတယ်။ ၀ိုင်းထဲမှာရပ်ထားတဲ့ ကားသစ်တွေကလည်း အရောင်စုံ၊ အမျိုး အစားစုံပါပဲ။
သမီးကေသီ က "မာမီ ထွက်ခဲ့ပါဦး၊ သမီးတို့ကားတစ်စီးယူမလို့ ကူကြည့်ပေးပါဦး"ဆိုတာနဲ့ မကောင်း တတ် လို့ ထွက်ကြည့်ပေးရတယ်ပေါ့။ ဂယ်ရီက "မာမီ ဒီကားအရောင်လေး မလှဘူးလား၊ ဟိုကား အ ရောင်လေး မဆန်းဘူးလားနဲ့" မေးတော့လည်း "အင်း လှပါရဲ့၊ ဆန်းပါရဲ့"လို့ အလိုက်သင့်ပဲ ဖြေဖြစ်ပါ တယ်။

ကိုယ်က ကားအကြောင်းလည်း နားမလည်၊ ကားဝယ်ဖို့လည်း စိတ်မ၀င်စားတော့ အထောက်အကူ မဖြစ်လေ ဘူးပေါ့။ ဒီတော့ သမီးကေသီက "မာမီသမီး ရွေးထားတဲ့ ဒီနှစ်စီးကြည့်ပါဦး။ မာမီဆိုရင် ဘယ်ကား နဲ့ ဘယ်အရောင်ကို ရွေးမလဲဟင်"တဲ့။
"မာမီက အဖြူရောင်ပဲ ကြိုက်တာမို့ ဒီကားကို ရွေးမှာ"လို့လည်းပြောလိုက်ရော မရွှေကေသီက အူယား ဖားယား ဂယ်ရီကို လှမ်းခေါ်ပြီး "ဒီမှာ ဒီကား ဒီကား"နဲ့ လက်ညှိုးထိုးပြလေရဲ့။ ကျွန်မ စိတ်ထဲ မှာတော့ "သြော်... သူ့ဟာသူ ရွေးရခက်နေတာကြောင့် အမေကိုရွေးခိုင်းတာ ဖြစ်မှာ" လို့ တွေးရင်း လက်ထဲက မဂ္ဂဇင်း ဆက်ဖတ်နေလိုက်ပါတယ်။ နာရီဝက်လောက်ကြာတော့မှ လင်မယားနှစ်ယောက် တပြုံးပြုံးပြန်ရောက် လာကြပြီး...
"မာမီ့ ဘာသာ အိမ်ပြန်တော့"ပြောရင်း လက်ထဲ ကားသော့်တစ်ခု လာထည့်ပါတယ်။

"ဟင်...ဘာဖြစ်လို့လဲ"နဲ့ နားမလည်နိုင်လို့ ပြန်မေးတော့...
"မာမီ့အတွက် သမီးတို့က ၀ယ်ပေးတဲ့မွေးနေ့လက်ဆောင် ကားလေ"တဲ့။
ကျွန်မ အဲဒီနေရာမှာတင် ရှိုက်ကြီးတငင်နဲ့ ထိင်ငိုလိုက်ပါရော။ ဂယ်ရီက ခြေမကိုင်မီ လက်မကိုင်မီ ကျွန်မ ငိုတော့ ဘာလုပ်ရမှန်း မသိရှာဘူး။
"ကျွန်တော် တို့က မာမီ့ကိုချစ်လို့ မေတ္တာရဲအထိမ်းအမှတ်နဲ့ လက်ဆောင်ပေးတာ မာမီက၀မ်းသာရ မှာ၊ ဘာဖြစ် လို့ ငိုတာလဲ"တဲ့။ ပျာပျာသလဲ ပခုံးလာဖတ်ရင်း ရှင်းပြလေရဲ့။
သားသမီးတွေ ဆီက မေတ္တာကို ရရှိတာအတွက် ရင်ထဲမှာ လှိုက်ခါနေအောင် ၀မ်းသာပီတိဖြစ်ရတာ အမှန်ပါ။ ဒါပေမဲ့ သားသမီးတွေဆီက တန်ဖိုးကြီးပစ္စည်းတွေ လက်ခံရယူရတိုင်း ကျွန်မရဲ့ရင်မှာ နာကျင်မှုဝေဒနာ ကို ပြင်းပြစွာ ခံရမြဲပါပဲ။ မိခင်တစ်ယောက်အနေနဲ့ ကျွန်မကသာ ပေးလို့တဲ့ဆန္ဒရှိပေ မဲ့မေတ္တာ ကလွဲပြီး ကျွန်မမှာ ထိုက်တန်စွာ ပေးနိုင်လောက်အောင် ပြည့်စုံတဲ့အခြေအနေ မရှိတာကြောင့် ပိုပြီး ခံစားမိတာလည်း ပါပါတယ်။

အခုလည်းတန်ဖိုးကြီး ပစ္စည်းတစ်ခုဖြစ်လို့ လက်ခံမယူရက်ဘဲ မျက်ရည်တွေ သွန်ချမိ လိုက်တာ ပါပဲ။ နောက်မှ ကိုယ့်စိတ်ကိုယ် မနည်းပြန်ထိန်ြး်ပီး သမီးကေသီနဲ့ သမက်ဂယ်ရီကို ကျေးဇူးတင်စကား ဆိုရ ပါတယ်။ ဒါကြောာင့် ကျွန်မရဲ့ ၆၄နှစ်မြောက် မွေးနေ့က အမှတ်တရပဲ ဆိုပါတော့လေ။

ဒီနှစ်ထဲမှာ အမှတ်တရတွေက အများကြီးပါပဲ။ ကျွန်မရဲ့မွေးနေ့ပြီးလို့ နှစ်လပဲရှိသေးတယ်။ ဇူလိင်လ ၁၅ရက်နေ့မှာ သမီးကေသီက သားလေး(ခန့်သီဟ)ကို ချောမောစွာ မွေးဖွားပါတယ်။ မိသားစုထဲမှာ သားယောက်ျားလေးတစ်ယောက် တိုးလာတယ်ဆိုတော့ အားလုံးက ပျော်မဆုံးပဲပေါ့။ ဒီတစ်ခါ ကလေး မှာတော့ သမီးက အတွေ့အကြုံရှိထားပြီးသားဖြစ်တဲ့အပြင် ကလေးကိုတာဝန်ယူတဲ့ နာနီရှိ ထားပြီးသား ဖြစ် လို့လည်းအမေဖြစ်တဲ့ ကျွန်မ မကြောင့်ကြရတော့ပါဘူး။
ဒီလိုနဲ့မကြာခင် ဦးမြလှိုင်တို့ ရောက်ရှိလာတော့မှာမို့ ကျွန်မသားရွှေစင်လည်း အလုပ်တွေ လှုပ်နေ ရှာလေ ရဲ့။ သူ့အဖေအတွက် အဆင်သင့်နေဖို့အိမ်ရှာရ၊ အိမ်ရပြန်တော့လည်း လိုအပ်ပရိဘောဂတွေ ၀ယ်ရ၊ လှပတင့်တယ်အောင် ခင်းကျင်းပြင်ဆင်ရနဲ့ လူလည်းမော၊ စိတ်လည်းမော၊ ငွေလည်းမောပေါ့၊ အမေရိကားမှာ စားစရိတ်ထက် နေစရိတ်က ပိုပြီးမြင့်မားပါတယ်။

အိမ်တစ်ခုငှားရင် အိမ်လခက ဈေးကြီးရုံမကဘူး။ ပထမလရယ်၊ နောက်ဆုံးလရယ်၊ အိမ်ထဲက ပစ္စည်း ပစ္စယတွေ ပျက်စီး ခဲ့သော် လျော်ကြေးအဖြစ် အာမခံတစ်ခခရယ် သုံးလကြိုတင်ပေးထားရတာက ရှိသေး တယ်။ ပြီးရင် တယ်လီဖုန်းသယ်ခ၊ မီးသွယ်ခတွေက လာပြန်ပါရော။ အဖေကို ချစ်တဲ့သားက အဖေလာမယ် ဆိုကတည်းက လိုလေသေးမရှိလုပ်ထားရှာတာ။ တစ်နေ့ဦးမြလိင် မရောက်ခင်တစ် ပတ်လောက်အလိုမှာ ကျွန်မ ကိုလာပြောပါတယ်။
"မာမီ...သားဖေဖေတို့အတွက် ရောက်လာရင် နေဖို့အိမ်ပြင်ထားတာ အခုအားလုံး အဆင်သင့်ဖြစ် နေပြီ၊ ဘာလိုသေးလဲ ဆိုတာ မာမီလိုက်ကြည့်ပေးပါလား"တဲ့။

ဒါနဲ့ သားနဲ့အတူလိုက်သွားပါတယ်။ ရွေးပြီးငှားထားတဲ့ နေရာလေးကလည်းနေရာကောင်း။ စည်းကား တဲ့မြို့လယ်က လမ်းမကြီးပေါ်မှာဖြစ်တဲ့အပြင် အစားအသောက်အစုံဝယ်လို့ရတဲ့ စူပါမားကတ်ကြီးနဲ့ မျက်စောင်းထိုး။ တစ်ခေါ်လောက် လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာက ပစ္စည်းမျိုးစုံ အရောင်း ဆိုင် တွေ စုပေါင်းဖွင့်ထားတဲ့ ဧရာမ Mall ကြီးမို့ သွားရေးလာရေး လွယ်ကူရုံမကဘူး၊ လိုအပ်တဲ့ပစ္စည်းအစုံ လည်း လက်တစ်ကမ်း ၀ယ်ယူလို့ရအောင် အဆင်ပြေလှတာမို့ နေရာရွေးတော်တဲ့ သားကိုချီးကျူးရပါ တယ်။

အိမထဲဝင်လိုက်တော့လည်း ဧည့်ခန်းမှာ၊ မီးတိုင်နဲ့၊ ဆိုဖာခုံနဲ့၊ ကော်ဖီစားပွဲနဲ့ ရုပ်မြင်သံကြား တီဗီစက် နဲ့၊ ဗီဒီအာရ်နဲ့ အပန်းဖြေစရာပစ္စည်းတွေပါ သူ့နေရာနဲ့သူထည့်ထားတာအကျအန။ လာကြမဲ့သူက သုံးယောက်မို့ အိပ်ခန်းက နှစ်ခန်း၊ ခုတင်နဲ့မှန်တင်ခုံနဲ့ အိပ်ရာခင်းပြီးသား၊ ခေါင်းအုံးတွေ၊ စောင်တွေ လည်းအပြည့်အစုံ ထည့်ထားပြီးသား။ အိပ်ရာဖုံးတွေ၊ ခန်းဆီးတွေကလည်း အခန်းနဲ့လိုက်ဖက်တဲ့ အရောင်အသွေး ဆင်တူ။ သွားတိုက်တံ၊ သွားတိုက်ဆေးနဲ့ ဆပ်ပြာမုတ်ဆိတ်ရိတ် ကရင်အဆုံး လိုအပ်သမျှ ပစ္စည်းတွေလည်း မျက်နှာသစ်ကန်ဘေးမှာ အဆင်သင့်။ မျက်နှာသုတ်ပ၀ါတွေက အလွယ် တကူယူသုံးဖို့ တောင်းတစ်ခုထဲမှာ အလိပ်လိုက်လှလှပပ စီလို့။

ထမင်းစားခန်းမှာလည်း ကျကျနန ပြင်ဆင်ထားလိုက်တာ။ စားပွဲခင်းနဲ့ လက်သုတ်ပ၀ါကအရောင်တူ။ ထမင်းစား ပန်းကန် ဇွန်းခက်ရင်းနဲ့ အဆင်သင့်ပြင်ထားပုံက မဂ္ဂဇင်းထဲက အတိုင်း၊ မီးဖိုထဲမှာလည်း အိုးခွက် အပြည့်အစုံအပြင် အရန်သင့်ချက်ဖို့ ဆန်၊ ဆီ၊ ဆား၊ အိုဗာတင်း၊ ကော်ဖီ၊ နွားနို့၊ လိမ္မော်ရည်နဲ့ အသီးအနှံတွေ ပါ ထည့်ထားပြီးသား။ ဖရီဆာထဲမှာသားငါးတွေက အပြည့်။ အသေးစိတ် စဉ်းစား စိတ်ကူး ပြီး တစ်ခုစီပြည့်စုံအောင် လုပ်ထားလိုက်ပုံကိုကြည့်ပြီး သားရဲ့ထားရှိတဲ့မေတ္တာနဲ့ စေတနာ အလေး အနက်ကိုခံစား မိပါတယ်။
 
ကျွန်မက သူပြင်ဆင်ထားတာတွေကို သဘောတကျနဲ့ ချီးကျူးတော့ သားရဲ့မျက်နှာ နုနုလေးက ကြည်နူးစွာ နဲ့ ပြုံးလို့။ တကယ်ဘာမှမလိုဘူးလားဟင် တဲ့။
ရင်ထဲမှာ "စေတနာ"ဆိုတဲ့ သဒ္ဓါစိတ်ကလေးတစ်ခု ရှိထားရင် အရာခပ်သိမ်းပြီးပြည့်စုံတာပါပဲနော်။
ဖေဖေ ဒီရောက်လာရင် သူ့အိမ်နဲ့သူ စိတ်လွတ်လက်လွတ်နေရတော့စိတ်ချမ်းသာမှာပါနော် "မာမီ"တဲ့။ သူ့အဖေ ဒီရောက်လာပြီး မပျော်မှာ ကိုလည်း ကြောင့်ကြာနေရှာတယ် ထင်ပါရဲ့။ လောကမှာ စုန်ရေသာ ရှိတယ်၊ ဆန်ရေ မရှိဘူးလို့ အဆိုပြုခဲ့တဲ့ မြန်မာစကားစုဟာ အခါခပ်သိမ်းမမှန်ပါလားလို့ ကျွန်မအတွေး တစ်ခု ၀င်လာမိပါတယ်။

အခု သားစီစဉ်ထားသမျှတွေဟာ မနည်းမနော ကုန်ကျထားရတာ ဖြစ်မှာအပြင်လူသုံးယောက်စာ လေယာဉ် စရိတ် အသွားအပြန် ၀ယ်ရတဲ့ လက်မှတ်ဖိုးကလည်း တန်ဖိုးသေးမှာမဟုတ်ပါဘူး။ နေထိုင်သမျှ ကာလပတ်လုံး တာဝန်ယူရမဲ့ စားဝတ်နေရေးအပြင် ဆေးကုသစရိတ် ဆိုတာမျိုးကအစ ရှိနေသေးတာမို့ သား ကို သနားမိတာကြောင့် အပြန်ခရီးကားပေါ်မှာ "သားရယ်၊ ဖေဖေဒီမှာ လာနေတဲ့အခိုက် အိမ်ထောင်နှစ်ခု ကို တာဝန်ယူရတာ သားပင်ပန်းပါတယ်။ မာမီကို ပေးတဲ့ငွေလျှော့ ပေးပါလား။ သားရဲ့ညီ၊ ညီမတွေ လည်း တာဝန်ပေါ့စပြုပြီပဲ မာမီရပ်တည်နိုင်ပါတယ်"ပြောတော့..
"ဖေဖေရောက် လာတာနဲ့ မာမီကို တာဝန်မယူဘူးဆိုရင် ဘယ်မျှတပါ့မလား၊ သားနိုင်လို့သားလုပ်ပေး တာပဲ။ သား စိတ်မကောင်းအောင် ဒီစကားမျိုး မပြောပါနဲ့"လို့ မကျေမနပ်ဆိုလေတာနဲ့ ကျွန်မလည်း လက်လျှော့နှုတ်ဆိတ်နေ လိုက်ရတော့တယ်။
ဦးမြလှိုင် တို့ ရောက်လာမဲ့နေကျတော့ သားရွှေစင်၊ သမီးသူဇာနဲ့ သားငယ် အိန္ဒာ တို့မောင်နှမ သုံး ယောက်ကားနှစ်စီးနဲ့ မာယာမီလေဆိပ်မှာ သွားကြိုကြလေရဲ့။ ကွဲကွာနေရတဲ့အဖေကို ၁၂နှစ်ကြာ မှ ပြန်တွေ့ရမှာကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြပုံပါပဲ။ သူတို့ပြန်လာရင် ဘာသတင်းတွေ ကြားရမလဲ လို့ တွေးရင်း ကျွန်မပါ ရောပြီးစိတ်စောနေမိပါသေးတယ်။

လေဆိပ်က ကြိုပြီးနေထိုင်ဖို့ ပြင်ဆင်ထားတဲ့ အိမ်မှာနေသားတကျ ဖြစ်အောင်ထားခဲ့ပြီးမှ ပြန်လာကြ တာမို့နေအတော်စောင်းမှ ရောက်လာကြပါတယ်။ သားရွှေစင်က ရောက်မဆိုက်ကျွန်မ ခုတင်ပေါ်မှာ ပစ်ထိုင် ချပြီး ရှိုက်ကြီးတငင်ငိုပါလေရော။
"ဟဲ့သား ဘာဖြစ်လာတာလဲဟင်။ ဘာလို့ ဒါလောက်တောင် ငိုရတာလဲ သားရယ်။ မာမီ့ကိုပြောပါဦး" နဲ့ကျွန်မ ပျာပျာသလဲ ဘာလုပ်ရမှန်းမသိ ဖြစ်ပြီးမေးတော့ တော်တော်နဲ့မဖြေနိုင်ဘဲ အားပါးတရ ငိုချ ပြီးခါ မှ...
"ဖေဖေရုပ် အရမ်းကျသွားတာပဲ မာမီ၊ ဖေဖေ အိုသွားတာကိုကြည့်ပြီး သားသိပ်ဝမ်းနည်းသွားတာပဲ"တဲ့။
အစ ကတော့ ဒါလောက် ငိုကြီးချက်မဖြစ်လာတာ ခရီးရောက်မဆိုက် အဖေနဲ့ဘာတွေများ ပြဿနာဖြစ် လာပြီလဲ နဲ့သူ့အဖြေကို ရင်မပြီးနားထောင်နေမိတာပါ။

"ဖေဖေအိုသွား လို့ ငိုတာ"ဆိုတာလည်း ကြားလိုက်ရရော ကျွန်မရယ်လည်း ရယ်ချင် သားကိုလည်း သနားတဲ့စိတ် နဲ့ စိတ်မကောင်းဖြစ်ပြီး အဲဒီအချိန်က ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်ရင်း "ငို၍ ရယ်၍ မရသော မျက်နှာ"များ ဖြစ်နေမလားမသိ။
စဉ်းစားကြည့်ပါဦးနော်။ သူသူငါငါ လူတာအိုနေကြတာပဲ မဟုတ်လား။ ကျွန်မကိုယ်တိုင်လည်း အိုနေတာပဲ။ အမေ ကိုနေ့တိုင်းမြင်တွေ့နေရတော့ အိုနေမှန်း သူသတိမထားမိဘူးပေါ့။ ၁၀နှစ်ကျော်၊ ၁၂နှစ်နီးပါး မတွေ့ရတဲ့ အဖေကိုသူ့စိတ်ထဲမှာ သူထွက်လာခဲ့တုန်းကရုပ်ပဲလို့ ရှိနေလိမ့်မယ်ထင်ပါရဲ့။ ၁၀နှစ်၊ ၁၅နှစ်ဆို တဲ့ ရုပ်ဟာအများကြီး ကွာသွားပြီဆိုတာမေ့နေပုံရပါတယ်။ သားကလူကောင်ကြီး ထွားပြီး ကျားကျား လျားလျား ရှိပေမဲ့ သူရဲ့နှလုံးသားက အလွန်အမင်း နူးညံ့လွန်းလှပါတယ်။
"ကြားဖူးကြလားနော်၊ အဖေ အိုလို့ငိုရသတဲ့"
ကျွန်မ တို့ မိသားစုဖြစ်ပျက်ပုံတွေကတော့ စာဖွဲ့စရာချည်းပါပဲ။ ဒီလိုနဲ့နောက်တစ်နေကျတော့ သားက "ဖေဖေ က မာမီ့ ကိုလာတွေ့ချင်လို့တဲ့ ခေါ်ခဲ့ရမလား"လို့ မေးပါတယ်။
ကျွန်မ မှာ ဦးမြလှိုင်နဲ့ ပတ်သက်ခြင်း ချစ်ခြင်း မုန်းခြင်းလည်းမရှိ၊ ပကတိကြည်လင်တဲ့ စိတ်ပဲရှိတာမို့ "ရပါတယ်၊ ခေါ်ခဲ့ပေါ့ သားရယ်" လို့ဖြေလိုက်ပါတယ်။
ဦးမြလှိုင် ကိုတွေ့ရတော့ အသက်အရွယ်အရ ရင့်ရော်သွားတာမျိုးရှိပေမဲ့ အရယ်အပြုံးအပြောအဆိုက အစအရင် ကပုံစံအတိုင်း နူးညံ့သိမ်မွေ့ဆဲပါပဲ။

"ခင့်ကို ကိုယ်တောင်းပန်ချင်လို့ လာခဲ့တာ"တဲ့။
ကျွန်မရင်ထဲမှာ ငယ်ရွယ်စဉ်ကလို အတေးအမှတ်၊ မကျေမနပ်နဲ့နာကြည်းမှု၊ တုံ့ပြန်လိုမှုဆိုတာတွေ စိုးစဉ်းမှ မရှိတော့ပါဘူ့း။
"တောင်းပန်စရာကိစ္စ ဘာမှမရှိတော့ပါဘူး"လို့ကျွန်မအပြုံးနဲ့ ပြန်ပြောနိုင်ခဲ့ပါတယ်။
"မဟုတ်သေးဘူးလေ၊ ကိုယ်မသေခင်မှာ ရင်ရှင်းသွားချင်လို့ပါ ခင်ရယ်။ ကိုယ် ခင့် အပေါ်မှာပြုမိ မှား၊ ပြောဆိုမိမှားမှန်သမျှကို ခွင့်လွှတ်ပါလို့ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရရင် ကျေနပ်ပါပြီ"တဲ့။
မီလျံနာ ကအစ ဆင်းရဲသားအထိ အသက်ရှင်နေတဲ့ လူသားတိုင်းမှာ "နောင်တ"ရှိကြတဲ့သူချည်းပါပဲ။

နှလုံးသား ဆိုတာ တစ်ကိုယ်လုံး သွေးတွေလည်ပတ်စေဖို့ ညှစ်ထုတ်ပေးနေတာတင် မဟုတ်သေးဘူး နော်။ ကိုယ်တစ်ဦး တည်း သိတဲ့အမှားအမှန်တွေကိုလည်း အမြဲတမ်းစစ်တမ်းထုတ်တဲ့ အလုပ်ကိုလည်း လုပ်နေသေး တာ။ မမှန်တာ တစ်ခုခု၊ စည်းကမ်းတစ်ခုခု ဖောက်မိတာနဲ့ ရင်ခုန် နှလုံးတုန်ဖြစ်ရပြီ ဆိုက တည်းက "ကိုယ့်လူမင်းမှားနေပြီနော်"လို့ သတိပေးနေခြင်းပါပဲ။

ကိုယ်မှားလို့ သူများလက်ညှိုးထိုး ကဲ့ရဲ့တာက တစ်ပတ်နဲ့ ပြီးသွားနိုင်သေးတယ်။ ရင်ထဲက နှလုံးသား အသံ က ကဲ့ရဲ့ပြီဆိုရင် တစ်သက်စာ ခံရပြီမှတ်တော့ပါပဲ။ ကိုယ့်အမှားကို အမှားမှန်း သိပြီး ပြုပြင် ဖို့ နောက်ကျသွားတဲ့တိုင်အောင် ဖွင့်ဟ၀န်ခံ တောင်းပန်လိုက်ရရင် ရင်ရှင်းသွားစမြဲပါပဲ။
ဦးမြလှိုင် ကျွန်မအပေါ်မှာ မှားခဲ့တာတွေရှိသလို ကျွန်မအနေနဲ့လည်း လက်တွဲခဲ့ကြတဲ့ သက်တမ်းအ တွင်း မာန်မာနထားပြီး ပြောမှားဆိုမှား၊ အတွေးမှားအမြင်မှားတွေနဲ့ မှားယွင်းမှု အမြောက်အမြား ရှိခဲ့မှာ သေချာပါတယ်။ ဒါကြောင့်...
"ပြောမှား ဆိုမှား ပြုမိမှားအားလုံးအတွက် ခင့်ကိုလည်း ခွင့်လွှတ်ပါလို့"ကျွန်မလက်အုပ်ချီ ကန်တော့ ရင်းဦးမြလှိုင် ကို တောင်းပန်လိုက်ပါတယ်။
ဘ၀ ဆိုတာ ဆုပ်ကိုင်ထားခြင်းနဲ့ စွန့်လွတ်ခြင်းကြားမှာ ဖြစ်တည်နေကြတာပါပဲလေ။

ဆက်ရန်
.

No comments: