Saturday, March 2, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅ဝ)

ဆရာတော်ကြီးအဖွဲ့က ကျွန်မတို့ ဖလော်ရီဒါကနေ တက္ကဆက်ပြည်နယ်ကိုကြွပါမယ်။ အဲဒီကနေ ၀ါရှင်တန်နဲ့ ရှီကာဂိုမြို့တွေ အထိကြွပြီး ဆန်ဖရစ်စစ္စကိုကိုပြန်ကြွမှာပါ။ သက်တော်၈၉နှစ်ရှိပြီမို့ ဆရာတော်ကြီး ကို နောက်တစ်ခါ ဖူးမြော်ခွင့်မှ ကြုံပါဦးမလားဆိုတဲ့ အတွေး နဲ့ ပြန်ကြွမယ့်နေ့ မှာ ခြေတော်စုံကို ဦးခိုက်ကန်တော့တဲ့ အချိန်မှာ ကျွန်မ မျက်ရည်ကျမိပါတယ်။
တကယ်လည်း အဲဒါနောက်ဆုံး ဖူးမြော်ကန်တော့ခွင့်ကြုံလိုက်ရခြင်းပါပဲ။ ဒါကြောင့်ဘယ်သူနဲ့မဆို ဆုံစည်း ရခိုက် ဟာ တန်ဖိုးအရှိဆုံးအချိန်အဖြစ်နှလုံးသွင်းပြီး မိမိရဲ့အကောင်းဆုံးကိုပေးနိုငအောင် ကြိုးစားရမှာပဲ ထင်ပါရဲ့နော်။

အပိုင်း (၅၂)

ဘ၀ခရီးဆိုတာ အဝေးပြေးကားလမ်းပေါ်မှာ မောင်းသွားရသလိုပါပဲ။ တစ်ခါတလေ လမ်းက ညီညာဖြောင့်ဖြူး လို့၊ တစ်ခါတစ်လေလည်း ချောက်တွေ ကျင်းတွေနဲ့ ခယောင်း တောဖြစ်လိုဖြစ်၊  ဒါပေမဲ့ အသက်ရှင်နေ သမျှ ရပ်ထားလို့မရ။ ဘယ်ကို ရောက်မယ်မှန်း မသိတဲ့ အနာဂတ်ကြီးဆီကို ထိုးထွင်းပြီး ဆက်သွားနေကြ ရတာပဲ။ ခရီးမိုင်တိုင်တွေ တစ်ခုပြီး တစ်ခု ဖြတ်ကျော်မိလေ အတွေ့အကြုံက ပိုပြီး စုံလေပေါ့့နော်။
ဘ၀ရဲ့ တိုးတက်မှုအတွက် လှုပ်ရှားနေရမြဲမို့ ကြုံလာတဲ့ မုန်တိုင်းတွေကြောင့် အသည်းကွဲမယ်။ မျက်ရည်တွေ  အိုင်ထွန်းအောင် ငိုချင်လည်း ငိုရမယ်။ စက်ရုက်တစ်ရုပ် လိုနေရတာ အဓိပ္ပာယ်မဲ့ ချင် မဲ့သွား မယ်။ ဘ၀အမောတွေက လူတိုင်းကြုံရမဲ့ ကိစ္စတွေပါပဲ။ ဒါဟာ ကမ္ဘာပျက်သွားတာ မဟုတ်သေးဘူးလို့ ကိုယ်ဟာ ကို ပြန်အားပေးနိုင်မှာပါ။
အချိန်ဆိုတာ ရပ်ထားလို့ မရသလို အချိန်နဲ့အတူ ကုန်ဆုံးရတဲ့ဘ၀ကလည်း တည်ငြိမ်မှု မရှိ ပါဘူးလေ။ ကောင်းတာတွေ ဖြစ်လိုက်၊ ဆိုးတာတွေ ကြုံလိုက် သံသရာလည်နေကြရ တာ။

ကျွန်မတစ်ယောက်တည်းမှ မဟုတ်တာ။ သက်ရှိလူသားတိုင်း ကြုံတွေ့ရတဲ့ ဓမ္မတာ တရားမို့ ကြုံလာရင် သင့်တင့် စွာ နှလုံးသွင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ကြမ်းတမ်းတဲ့ ဘ၀ရိုက်ချက်တွေကို ကြီးမားတဲ့ စိတ်ခွန်အား အဖြစ် ပြောင်းလဲလာနိုင်မှာ ပေါ့နော်။
သေချာတာ တစ်ခုက သဘာဝနိယာမအရ အရာခပ်သိမ်းဟာ ပြောင်းလဲခြင်းသဘော ရှိတာ မို့ မုန်တိုင်းပြီး သွားရင် သာယာလှပ အေးချမ်းငြိမ်သက်သွားမြဲပါပဲ။ တစ်နေ့ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ကျွန်မရဲ့ သူငယ်ချင်း ဒေါ်စောရင် (ဒေါန်အော့ဘရေး) ဆိုသူ အလည်ရောက်လာပါတယ်။ အမေရိကား ရောက် မလာခင် လန်ဒန် မှာတည်းက ကျွန်မရဲ့ ဘ၀အမောတွေကို တစ်ဆင့်စကား ကြားလာခဲ့ပြီးပြီမို့ အကျိုး အကြောင်း သတင်းမေး ပါ ရော။ သူငယ်ချင်းမို့ ကျွန်မလည်း မခြွင်းမချန် ကိုယ်ရေး မှန် သမျှတွေ ပြောပြ လိုက်တာပေါ့။
နားထောင်ရင်း မျက်ရည်တွေ စီးကျနေရာက ဖျတ်ခနဲ ထပြီး ကော်ဇော်ပေါ်မှာ ဒူးထောက် ရင်းလက်အုပ်ချီ လို့ ရုတ်တရက်မို့ သူဘာလုပ်တာပါလိမ့်နဲ့ နည်းမလည်နိုင်ဘဲ အူကြောင် ကြောင်ကြည့်နေမိပါသည်။

''ဘုရားသခင် .....ခင်မကြီး ကို စမ်းသပ်သလို မစမ်းသပ်တော်မူပါနဲ့။ သူ့လိုခံနိုင်ရည် စွမ်းမရှိလို့ ကြိုတင် သိရှိအောင် လျှောက်ထားပါတယ်။ သည်းခံခွင့်လွှတ်တော်မူပါဘုရား'' တဲ့။ မျက်ရည်စက်လက်နဲ့ အတည်ပေါက် လေးလေး နက်နက် ဒူးထောက် ဆုတောင်းနေ တဲ့ သူ့ပုံကို ကြည့်ပြီး ကျွန်မ မထိန်းနိုင်ဘဲ တအား ရယ် မိတော့တယ်။
''ဟဲ့....ဒေါန်ရဲ့ ကိုယ်ဖြစ်တိုင်း မင်းပါ လိုက်ဖြစ်ပါ့မလား။ လူတိုင်း ကိုယ့်အကျိုးပေးနဲူ့ကိုယ် ဖြစ်ကြတာ။ မင်းနဲ့ မဆိုင်ပါဘူး ဟယ်။ ထပါနဲ့ သူကိုဖျောင်းဖျပြီး ချော့ရပါသေးတယ်။ ကျွန်မ သူငယ်ချင်း အကြောက်လွန်ပုံများ စာဖွဲ့လောက် ပါရဲ့။
ကျွန်မဆီက ပြန်သွားပြီး သိပ်မကြာလိုက်ဘူး။ မျက်စိမှာ တိမ်ဖြစ်လို့ ခွဲရတော့ ခွဲစိတ်နေ ဆဲ ဆေးရုံ ခုတင်ပေါ် မှာ အကြောက်လွန်ပြီး shock ရသွားတာကြောင့် ကွယ်လွန်သွားခဲ့ရပါ တယ်။ ဒီအဖြစ်ကို ကြား ရတော့ ကြောက်ရွံ့ခြင်း၊ စိုးထိတ်ခြင်း၊ ပူပန်ခြင်းစတဲ့ စိတ်ရဲ့ခံစားမှု မှန်သမျှ ဘယ်အရာမှ အစွန်း မရောက်အောင် နှလုံးသွင်းနိုင်ဖို့ အရေးကြီးတယ် ဆိုတာ တွေးမိပြီး၊ မသေသင့်ဘဲနဲ့ သေဆုံးသွားရတဲ့ ကျွန်မ သူငယ်ချင်းကို နှမြောတသ မဆုံးပါပဲ။
ဒီလိုနဲ့ နွေပြီးရင်ဆောင်း၊ ညပြီးရင် နေ့၊ အဆိုးပြီးရင် အကောင်းဆိုတဲ့ လောကဓံအလှည့် လေးတွေပဲ ကျွန်မ ဆီရောက် လာကြပြန်ပါတယ်။

ဒီနှစ်ထဲမှာပဲ သမီးလေးကေသီလည်း သူရည်မှန်းကြိုးစားခဲ့တဲ့ မဟာ ဘွဲ့ တစ်ခု ထပ်ရတဲ့အပြင် ချစ်သူ သက်ထား ပါ ရလာလေရဲ့။ အလုပ်မှာ တွေ့ကြုံသိကျွမ်းရာက တစ်စတစ်စ ကျွမ်းဝင်လာပြီး အခုတော့ တစ်သက်တာ လက်တွဲဖို့အထိ အလေးအနက် ဖြစ်လာပါတယ်။ ပထမဆုံး သူရည်မှန်းတဲ့ ချစ်သူကို မိသားစု နဲ့ တွေ့ဆုံအသိပေးဖို့ အိမ်ခေါ်လာတဲ့နေ့ကအဖြစ်ကို ကျွန်မသမက်က ခုထက်ထိ ရယ်ပွဲဖွဲ့ ပြောပြ လို့မဆုံးဘူး။
အဲဒီနေ့ က ရှီကာဂိုက သားကြီးလည်း ရောက်နေဆဲကာလ။ ကျွန်မကို သမီးက ကြိုတင်ပြီး ဖုန်းဆက် ပြောပြထားပါတယ်။ မာမီ၊ ဂယ်ရီကို အိမ်ခေါ်လာပြီး မိသားစုနဲ့ မိတ်ဆက် ပေးမလို့ ကိုကိုက ဆူမှာလား ဟင်' တဲ့ ။ ဒီအသက်အရွယ် ရှိနေပေမဲ့ အစ်ကိုအကြီး အဖအရာ မို့ သူတို့ အစ်ကိုကို ချစ်ကြောက် ရိုသေကြပါတယ်။
ပြောထားတဲ့အတိုင်း ရောက်လာကြတော့ အိမ်ရှင်ဖြစ်တဲ့ သမီးက ရှေ့ဆောင်ဝင်လာ ရမဲ့အစား၊ ဂယ်ရီကို အရင်တွန်းဝင်ခိုင်းပြီး နောက်ကနေ ဂယ်ရီကိုယ်နဲ့ ပုန်းကွယ်ပြီး အထဲဝင်ဖို့တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာ အပေါက်ဝမှာ အကြာကြီးတဲ့။

နောက်ဆုံးတော့ မကေသီကို ရှေ့ကသွားခိုင်းတာ မရတာနဲ့ စိတ်မရှည်နိုင်လို့ သူပဲ ရှေ့ဆောင်ဝင်ခဲ့ပြီး သားကြီး ''၀င်း 'နဲ့ ကျွန်မကို ကိုယ်ဟာကိုယ်ပဲ မိတ်ဖွဲ့ နှုတ်ဆက်ရတော့တာတဲ့လေ။ အနောက်နိုင်ငံသား တစ်ယောက်အနနဲ့ ကြီးသူကို လေးစားရိုသေ ကြောက်ရွံ့တတ်ကြတဲ့ အရှေ့တိုင်းစိတ်ဓာတ် ကို မကြုံဖူးတော့ နားမလည်နိုင်ပေဘူးပေါ့။ ခုတော့လည်း လူစုံရင် ရယ်စရာတစ်ခုအဖြစ် ပြောစရာ တွင် ကျန်ရစ်ခဲ့တော့ တာပါပဲ။
သမီးကေသီ နဲ့  ဂယ်ရီ ကျွန်မတို့နဲ့ တွေ့ဆုံပြီး မကြာခင်မှာ လက်ထပ်ဖြစ်ပါတယ်။ သူ့အိုး သူ့အိမ်နဲ့ အခြေတကျ ဖြစ်သွားတော့လည်း မိခင်တစ်ယောက်အနေနဲ့ ရင်အေးရတာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း လက်လွတ် လာလိုက်တာ အခုဆို အထွေးဆုံးသမီး သူဇာလည်း သူ့ပညာနဲ့၊ သူ့အလုပ်အကိုင်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အခြေရောက်နေပါပြီ။ အငယ်ဆုံးသား အိန္ဒာ တစ်ယောက်ပဲ ကျောင်းသား အနေနဲ့ ကျန်တော့တာမို့ တာဝန်ပေါ့စ ပြုလာပြီဆိုပါတော့။
ဒီကြားထဲ မှာ ဘန်ကောက်မှာ ရောက်ရှိနေတဲ့ ဦးကျော်ဇောဆီက စာရောက်လာပါတယ်။ သူအမေရိကား ကို ပြန်လာတော့မယ်။ လေယာဉ်ကွင်းမှာ ကြိုပေးပါတဲ့ပ။ သူထွက်သွားပြီး တစ်လတစ်ခါ၊ နှစ်လတစ်ခါ လိုမျိုး စားရေး လာတတ်တာမို့ အဆက်အသွယ် ရှိနေဆဲပါပဲ။ ဆက်ဆံရေးက အရင်လို ရင်းနှီးမှုမျိုးတော့ မဟုတ် ပါဘူး။ အပြီးသွားတဲ့ သူက ဘာကိစ္စ ပြန်လာမှာလဲ မေးနေရင် အဖြေစကားက ရှည်ရှည်ဝေးဝေး ကြားနေ ရမှာကြောင့် မမေးတော့ဘဲ ပြောထားတဲ့နေ့မှာ လေဆိပ်ကို သွားကြိုလိုက်ပါတယ်။ ကားမောင်းလာရင်း လမ်းတစ်ခု ထဲ ချိုးဝင်လိုက်တော့... ဘယ်သွားမလို့လဲ တဲ့ ဟိုတယ်ကို သွားတာလေ လို့ အေးအေးဆေးဆေး ပဲ ပြန်ဖြေလိုက်ပါတယ်။

သြော် ခင်က ဒီလိုလား တဲ့။
မြတ်စွာဘုရား စာချုပ်စာတမ်းနဲ့ ခွဲခွာပြီးကာမှ အိမ်ကို ပြန်လာချင်သေးတာလား မသိ။ အိမ်ထောင်ရေးကို ကျွန်မ တကယ် စိတ်ကုန်သွားပါပြီ။ အိမ်ထောင်တစ်ခု တည်မြဲဖို့ စွမ်းဆောင်နိုင်တဲ့ အားအင်တွေလည်း မရှိတော့ ပါဘူး။ ကိုယ်ဘက်က အရည်အချင်း မဲ့ခဲ့ တာကြောင့် အိမ်ထောင်အဆက်ဆက် ပျက် ခဲ့ရတာ ဖြစ်မှာ မို့ ကိုယ် မကျွမ်းကျင်တဲ့ နယ်ပယ် မှာ ဧကရီနေရာ မရနိုင်တဲ့အတူ လက်မြှောက် အရှုံးပေး လိုက် တာသာ အကောင်းဆုံး အဖြေ ဖြစ်မှာပါနော်။
ဦးကျော်ဇော လည်း ကျွန်မ ပို့ထားခဲ့တဲ့ ဟိုတယ်မှာ တစ်ညပဲ အိပ်ပြီး နောက်တစ်နေ့ မီရာလေယာဉ်နဲ့ တက္ကဆက်ပြည်နယ် မှာ ရှိတဲ့ သူ့ညီမတွေဆီ ထွက်သွားလေရဲ့။ ဒီတစ်ခါတော့ ကျွန်မကိုယ်ကျွန်မ Congratulation လုပ်လိုက်ပါတယ်။ ပျော့ညံ့လွန်းလှ တဲ့ နှလုံးသားကို အခုမှ အနိုင်ယူလိုက်နိုင်လို့ပါပဲ။
အခုတော့ ကျွန်မ ဘ၀လေး က ပူပင်စရာမရှိ၊ ကြောင့်ကြစရာ မရှိ၊ ရှိးရှင်းငြိမ်သက်အေးချမ်း လို့ပါပဲ။ အချိန်တန် အလုပ်သွား။ ပြန်လာတော့ သားတွေ၊ သမီးတွေနဲ့အတူ တသိုက်တ၀န်း စားကြသောက်ကြ၊ ပြီးတာ နဲ့ သူတို့ ကြည့်နေတဲ့ ရုပ်မြင်သံကြားလေး ခဏတစ်ဖြုတ် ၀င်ကြည့်၊ ခြံထဲဆင်း စိုက်ထား တဲ့ အပင်လေးတွေနှိုက် ရေလောင်းရင်း၊ ပေါင်းသင်ရင်း ပရိတ်ရွတ်။
မအိပ်ခင် ကိုယ့်အခန်းထဲမှာ စာထိုင်ရေးလိုက်ရင် ဟော..တစ်ခါတည်း စာဖက်သူတွေနဲ့ စကားလက်ဆုံ ကျသွားပြီး အာရုံက မြန်မာပြည် ရောက်သွားလိုက်တာ၊ ကျေနပ်လို့၊ ကြည်နူးလို့ လက်ရှိနေရာ ကိုတောင် မေ့သွားသလောက်ပါပဲ။ စာအုပ်အဖော်ရှိတဲ့သူဟာ ညအိပ်ရာဝင်မှာ ဘယ်တော့မှ တစ်ယောက် တည်း မဖြစ်ဘူးတဲ့။
ဟုတ်ပါ့။

ကျွန်မမှာ အဖော်လုပ်မဲ့ စာအုပ်တွေက အများကြီး၊ ကုန်အောင် မဖတ်နိုင်သေးတဲ့ စာအုပ်တွေက အိပ်ရာဘေးမှာ အပုံလိုက်။ ဒီလိုနဲ့ အေးချမ်းငြိမ်းသက်တဲ့ ဘ၀လေး သံသရာလည်နေပါတယ်။ ကျွန်မ အခြေချနေထိုင်တဲ့ ဖလော်ရီဒါပြည်နယ်က ရာသီးဥတု အားဖြင့် မြန်မာပြည်နဲ့ တော်တော်တူတာပါ။ နွေမှာ တအားပူတာမှန်ပေမဲ့ ဆောင်းကျ ရန်ကုန်လိုပဲ အေးအမကဲလှပါဘူး။ အထက်ပြည်နယ်တွေလို စနိုးလည်းကျလေ့ မရှိတော့ ကျွန်မတို့ မြန်မာများအနေနဲ့ အဆင်ပြေတယ် ဆိုရမှာပေါ့။
ဒါကြောင့် အထက်ဘက်မှာ အအေးကဲတဲ့ ဆောင်းရာသီ ရောက်တိုင်း ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ ဆရာတော် ဦးသီလနန္ဒကို ဖလော်ဒါကြွဖို့ ကျွန်မနှစ်စဉ်ပင့်ပါတယ်။ ဆရာတော် ကြွ လာတဲ့အခါ မြန်မာများအပြင် ဗုဒ္ဒဘာသာကို စိတ်ဝင်စားကြတဲ့ အနောက်တိုင်းသားတွေကို ပါ ဖိတ်ပြီး တရားဆွေနွေးကြ၊ တရားထိုင်ကြ လုပ်ဖြစ် ပါတယ်။ ဆရာတော်က ကြွလာရင် မြန်မာမိသားစုတွေ ဆွမ်းပင့်ကျွေးကြတာမျိုး၊ လုပ်တာတင် မကျေနပ် ဘူး။ တရားထိုင်မှ တရားဆွေးနွေးပွဲလုပ်မှ ကြွလာရကျိုး နပ်တယ်လို့ ယူဆတာမို့ ကြိုးစား လုပ်ဖြစ်ရ တယ်ပေါ့။
 
အနောက်တိုင်းသားတွေလည်း အမေးအမြန်းထူပါ့။ ဆရာတော်က အင်္ဂလိပ်စကား ကျွမ်းကျင် စွာ ပြောနိုင်သူ မို့ တော်ပါတော့တယ်။ တစ်ခါတလေလည်း မေးတဲ့ မေးခွန်းတွေ က ရယ်ရတာလည်း ရှိသေးတယ်။ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်က ဗုဒ္ဓဘာသာမှာ သံသရာ ဆိုတဲ့ ဘဝများစွာ ရှိတယ် ဆိုတာ ဟုတ်ပါသလားတဲ့။ အကယ်၍ ရှိတယ်ဆိုရင် နောက်ဘဝမှာ သူနဲ့ အခုသူမွေးထားတဲ့ ခွေးနဲ့ ပြန်ပြီး အတူ ဆုံဖြစ်ပါ့မလားတဲ့ သူ့ခွေးကို အတော်သံယောဇဉ်ကြီးပုံရပါရဲ့။
ဆရာတော် က တပြုံးပြုံးနဲ့ သူမေးသမျှ မေးခွန်းတွေကို စိတ်ရှည်စွာနဲ့ တရားတော် နဲ့ အညီ ဖြေရှင်းဟောကြားပါတယ်။

ပရိသတ်ရှင်းတော့ "ဒကာမကြီး ဖလောရီဒါမှာ ဘုန်းကြီးကျောင်း တစ်ခု ဖြစ်မြောက်ဖို့ လိုပြီ"တဲ့။ ဆရာတော်ဘုရား တိုက်တွန်းတာနဲ့ ကျွန်မတို့ ဖလောရီဒါဗုဒ္ဓဘာသာ အသင်းလေးတစ်ခု ဖွဲ့စည်းခြင်း ဖြစ်ပါသွားပါတယ်။ မြန်မာဗုဒ္ဒဘာသာ မိသားစုကလည်း နှစ်ယောက်နဲ့ တစ်ဝိုင်းဆိုတာလို နည်းပါးသေး တာကြောင့် ရှိရှိသမျှလေးနဲ့ပဲ တစ်ယောက်က ဥက္ကဌ တစ်ယောက်က အတွင်းရေးမှုးနဲပ ရာထူးတွေ ယူ လိုက်တာနဲ့ ကုန်သွားပါလေရော။
အဲဒီ အချိန်တုန်း က အမေရိကားမှာ မြန်မာဘုန်းကြီးကျောင်းတွေ အစပျိုးကြဆဲပဲ ရှိပါသေး တယ်။ ပြည်ထောင်စု တစ်ခုလုံးမှ ဆရားတော် 11ပါးနဲ့ ဘုန်းကြီးကျောင်း 6ကျောင်းတည်း ရှိတာမို့ အား နည်းသေး တယ် ဆိုရမှာပေါ့ အနောက်တိုင်းသားတွေက ဗုဒ္ဓဘာသာ ဟိန္ဒူဂိုဏ်းတွေ အမျိုးစုံက လည်း အချို့နေရာတွေ မှာ ရောထွေးနေတာမို့ သာသနာပြုဖိုပ ကြွလာကြတဲ့ ဆရာတော်ကြီးများ တစ်ခါတစ်ခါ ရှင်းပြ ရတာ မလွယ်ကူလှပါဘူး။ ကျွန်မတို့လည်း အားခဲပြီးသာ ကြိုးစားရတာ။

အခက်အခဲများစွာ ရှိမယ်ဆိုတာတော့ လက်ခံထား ရပါတယ်။ ဒီလိုနဲ့ ကိုယ်ရေးကိုယ်တာ အချိန်လေးတွေထဲက လူမှုရေးရာ၊ သာသနာရေးရာ ကိစ္စလေးပါ တက်အားသမျှ အချိန်ပေးပြီး လှုပ်ရှားနေ ရင်း နေလာတာ ခြေထောက်ဗွေပါတဲံ သမီး မကေသီက တစ်နေ့မှာ စကားစလာပါတယ်
"မာမီ သမီးတို့ မက္ကဆီကိုနိုင်ငံကို သွားလည်မလို့ ဂယ်ရီအမေလည်း ပါမယ်။ မာမီပါလိုက်ခဲ့နော်"တဲ့ ကျွန်မ ကလည်း ခရီးသွားမယ်ဆို နှစ်ခါမခေါ်ရဘူး။ "အေး.. လိုက်မယ်။ လိုက်မယ်"နဲ့ ဖြေလိုက်ပါ တယ်။ ဖလောရီဒါနဲ့ မက္ကဆီကိုက ပင်လယ်ကွေ့လေးပဲ ခြားတာမို့ မာယာမီကနေ လေယာဉ် စီးလိုက်တာမက္ကဆီကိုမြို့ကို သုံးနာရီ ရောက်သွားပါပဲ။ လေဆိပ်ကနေမြို့ထဲ ဟိုတယ်ကို အသွား၊ ဘယ်နေရာကြည့် လိုက်၊ ကြည့်လိုက် လူတွေ ကြိတ်ကြိတ်တိုး စည်းကားနေတာ ကိုတွေ့ရ ပါတယ်။ကမ္ဘာပေါ်မှာလူဦးရေအများဆုံးမြို့ကြီးလေးမြို့ထဲမှာ ဂျပန်က တိုကျိုမြို့နဲ့မက္ကဆီကိုမြို့လည်းပါဝင် တယ်ဆိုတာ သိရပါတယ်။
မက္ကဆီကို ခရီးသွားမှတ်တမ်းစာအုပ် ရှာမတွေ့တော့လို့ အသေးစိတ်မမှတ်မိတော့ပါဘူး။ တစ်ဖက် ကတောင်၊ တစ်ဖက်ကပင်လယ်ကွေ့နဲ့မို့ သာယာလှပတာ အလွန်ပါပဲ။ အာကိုပူလ် ပင်လယ် ကမ်း ခြေ ကိုလည်းရောက်ခဲ့ပါတယ်။ ရေကူးကြသူ၊ နေပူလှန်းကြသူတွေနဲ့ စည်ကား လိုက်။ အဲဒီမှာ လည်းကြိတ်ကြိတ်တိုး ပါပဲ။ အမှတ်တတရရှိခဲ့တဲ့ နေရာလေးတစ်ခုကိုလည်းသတိရမိပါသေးတယ်။ ထိုးထွက်နေ တဲ့ တောင်စွန်းနှစ်ခုကြားထဲမှာရေလက်ကြားလေး တစ်ခုရိှပါတယ်။ တောင်ကြီးက လည်းအမြင့်ကြီး ရယ်။ ရေလက်ကြားကလည်း တကယ့်ကျဉ်းကျဉ်းလေး။
တောင်ထိပ် မှာ စားသောက်ဆိုင်လည်းရှိတယ်။

အဲဒီစားသောက်ဆိုင်ကနေပြီး စွန့်စားခန်းတစ်ခု ကိုကြည့်လို့ရမယ်ဆိုပြီး ဂယ်ရီက ကျွန်မ တို့တစ်တွေ ကိုခေါ်သွားပါတယ်။ တောင်ထိပ်အစွန်း ရောက်အောင်ကို ကားနဲ့အချိန်ယူပြီး မနည်းသွား ရတာပါ။ တောင်ထိပ်ဖျားမှာတက်ပြီး တည်ထားရ တဲ့စားသောက်ဆိုင်ဖြစ်တော့ ဈေးကလည်း ကြီးပါဘိခြင်း။ စွန့်စားခန်း ကိုကြည့်ဖို့ တစ်ယောက်ကို ဒေါ်လာနှစ်ဆယ်ပေးပြီး လက်မှတ်ဝယ်ရပါသေးတယ်။
စွန့်စားခန်း ဆိုတာ ဘာများလဲပေါ့။ သူများတွေကတော့ မပြောတတ်ဘူး။ ကျွန်အတွက်တော့ တကယ့်သည်းထိတ်ရင်ဖိုပါပဲ။ မျက်နှာချင်းဆိုင်ဘက်မှာရှိတဲ့တောင်စွန်းလေးမှာ လူငယ်လေး တစ် ယောက် ရပ်နေပါတယ်။ ဟိုးအမြင့်ကြီးတောင်စွန်းပေါ် ကနေ အောက်မှာ ရှိတဲ့ ရေလက်ကြား ထဲအ ရောက် ဒိုင်ဗင်ထိုးပြမှာတဲ့လေ။ ထိုးချရမဲ့နေရာက ကျဉ်းကျဉ်းလေးအပြင် မတော်တဆ အချန် အဆ မှားသွားရင် တိုက်မိနိုင်တဲ့တောင်ကမ်းပါးယံက ထိုးထွက်နေတဲ့   ကျောက်တုံးကျောက်စွန်းတွေ နဲ့ အန္တရာယ် ကလည်းရှိသေးတာနော်။
တွေးကြည့်မိရုံလေး နဲ့ကိုကျွန်မရင်တုန်နေမိပါပြီ။ လောကမှာ လုပ်စားစရာတွေ အများကြီး။ ဈေးရောင်း မလား၊ လယ်ထွန်မလား၊ ယာလုပ်မလား၊ ဆိုက်ကားနင်းမလား၊ လခစားလုပ်မလား၊ အမျိုးစုံရှိတဲ့ထဲက အခုလို အသက်နဲ့ရင်းရတဲ့အလုပ်ကို ဘာဖြစ်လို့များလုပ်ချင်တာပါလိမ့်နော်။ သူ့အမေကတော့ တစ်နေ့တစ်နေ့ သားအတွက်ရင်မ နေရတာနဲ့ပဲ နှလုံးရေဂါနဲ့ ကိစ္စချော လောက်ပါရဲ့။
ဘာမှ သွေးမတော်သားစပ်တဲ့ကျွန်မတောင် အခုကြည့်ရင်းရင်မ ပြီးဘုရားတနေမိပါတယ်။ ဒီသူငယ် လေး ကဘေးကင်းရန်ကင်းရှိပါစေနဲ့ ဆုတောင်းရတာအဆက်မပြတ်ပါပဲ။ ခုချခါနီးတော့ ကမ်းပါး အစွန်းမှာ ရှိတဲ့ မယ်တော်မာရီ ရုပ်တုတော်ရှေ့မှာလက်အုပ်ချီပြိးဆုတောင်းနေတာမြင်ရတော့ ကျွန်မ မှာ ရင်ကိုဆို့လို့ မျက်ရည်ဝိုင်း လာသေးတယ်။ သူဆုတောင်းပြီးလို့ ဒိုင်ဗင်ထိုးချမဲ့နေရာမှလည်း ရပ်ရောကျွန်မ ကပျာကယာ ကျောပေး ထားလိုက်ပါတယ်။ ဒီမြင်ကွင်းဘယ်လိုမှ မရှုမြင်ရက်တော့ ပါဘူး။
နှုတ် ကလည်း တဖွဖွဆုတောင်းလိုက်ရတာအမော။

ကျွန်မဖြစ်ပျက်နေပုံကို သမီးကေသီက တွေ့ သွားတော့် မာမီဘာလုပ်နေတာလဲ၊ ဒီဘက်လှည့်ကြည့်လေ၊ ဒိုင်ဗင်ထိုးတာ ကို သေသေချာချာ မြင်ရ အောင် ဒီထိလာကြည့်ရတဲ့ဟာတဲ့။
ကျွန်မလက်ကာပြလိုက်တော့ စိတ်ပူတတ်တာသိတဲ့ သမီးကရယ် ပါလေရော။ တော်ပါသေး ရဲ့။ မောင်မင်းကြီး သားလေး ဘေးမသီရန်မခနဲ့ ချောချောမောမောပင်လယ်ရေပြင်ထဲကျသွားပေလို့ ကျွန်မနေ့လယ်စာ ကို ဖြောင့်ဖြောင့်စားနိုင်တာပါ။ ကျွန်မတို့ စားသောက်ပြီးချိန်ကျတော့ စောစောက ဒိုင်ဗင် အလှထိုးပြခဲ့တဲ့ချာတိတ် ကလေး ရောက်လာပါရော။ အားလုံးက ကွန်ဂရက်ကျူ လေးရှင်းတွေလုပ်ပြီး ၀ိုင်းချီးကျူးကြ၊ လက်ဆွဲနှုတ်ဆက်ကြ ၀ိုင်းဝိုင်းကိုလည်လို့ ကျွန်မအနားကို ရောက်လာတော့။
"ဒါလောက် အသက်နဲ့ရင်းပြီးစွန့်စားရတဲ့အလုပ်ကို ဘာဖြစ်လို့လုပ်တာလဲ"မေးလိုက်မိပါတယ်။
"ကျွန်တော် က စွန့်စားရတာကို ပျော်လို့ပါ"တဲ့လေ။
ဘုရား၊ ဘုရား ကျွန်မမွေးထားတဲ့သားတွေထဲမှာ ဒါမျိုးလုပ်စားချင်တဲ့သားပါမလာပေလို့ ကျေးဇူး တင်ရပါသေး တယ်နော်။

မက္ကဆီကိုမြို့မှာ ကြည့်စရာ၊ လည်စရာတွေလည်းတော်တော်စုံအောင် ရောက်ဖြစ်ပါတယ်။ အများစု ကရိုမင်ကက်သလစ် ဘာသာ ကိုးကွယ်သူများဖြစ်ကြလို့ ရှေးဟောင်းဘုရားရှိခိုးကျောင်းကြီးများစွာ လည်း ဥရောပမှာ တုန်းကပုံစံမျိုးအတိုင်းရုပ်လုံး ရုပ်တုပေါင်းများစွာနဲ့ ခမ်းနားကြီးကျယ်လှ ပါုတယ်။ ရှေးနှစ်ပေါင်း များစွာ က ရှိထားတဲ့ ပစ်ရမစ်တွေကိုလည်း ရောက်ဖြစ်ပါတယ်။ အီဂျစ်ပြည်မှာ၇ှိတဲ့ ပစ်ရမစ်ပုံစံနဲ့ တစ်ထပ်တည်း ပါပဲ။ မာယန်အင်ဒီးယန်းများတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခုက နေ၊ တစ်ခုက လတဲ့။ နှစ်ခု ယှဉ်တွဲလို့။
ယဇ်ပူဇော်တဲ့ပလ္လင်၇ှိရာထိပ်ဖျားထိ ကျွန်မတို့အရောက်တက်ခဲ့ကြပါတယ်။ လှေကားထစ်တွေက ခြေထောက်ကိုအတည့်ချလောက်အောင် မကျယ်တာ ဘာဖြစ်လို့လဲမသိဘူး။ ပစ်ရမစ် နှစ်ခ်ုစလုံး ကိုခြေဖ၀ါးဘေးတိုက်ချပြီး တက်ရတာ ကတ်သီးကတ်သတ် အနိုင်သား။ မက်ဆီကင်လူမျိုးတွေက အသားညိုညို၊ အရပ်ပုပုမြန်မာတွေနဲ့ ရုပ်ရှည် အတော်ဆင်ပါတယ်။ ရှေးသရောအခါက မွန်ဂိုလူ မျိုးတွေအလာစကာဘက်ကနေ အောက်ဘက်ဆင်းပြီး တဖြည်းဖြည်းနဲ့ မက္ကဆီကိုဘက် ရောက် လာကြတယ်အဆိုပါတယ်။
မက္ကဆီကိုမြို့မှာ မြန်မာပြည်မှာလို သရက်သီးစိမ်းတွေကိုခြမ်းပြီး ဆားနဲ့ငရုတ်သီးမှုန့်တွေလူး၊ တုတ်ထိုး ထားတာမျိုးက လမ်းပေါ်မှာတွန်းလှည်းနဲ့ မောင်းတဒူဒူထုပြီးရောင်းတဲ့ နောင်နောင် သရက်သီးလှည်း မျိုး လည်း တွေ့ရပါတယ်။ သမီးကေသီက အဲဒီတွန်းလှည်းလည်းတွေ့ရော..
မာမီရ ဟိုမှာနောင်နောင်သည်မြန်မာပြည်ကအတိုင်းပဲ။ ကြည့်ပါဦး၊ သမီးတော့မနေနိုင်ဘူး။

စားရ လိမ့်မယ်နဲ့ ပြောပြောဆိုဆို ၀မ်းသာအားရနဲ့ လမ်းဖြတ်ကူးပြီး ၀ယ်လေရဲ့။ သူယောက်ျား ဂယ်ရီက လည်းဘုမသိဘမသိ ပါသွားတာ။
ဝမ်းလျှော ကုန်မယ်၊ မစားနဲ့လို့ ကျွန်မကအော်ပြီး တားနေတဲ့ ကြားထဲက ဂယ်ရီရော့...စာကြည့်၊ သိပ်ကောင်းတာ နဲ့ လောကွတ်ချောတာ မြင်ပေမဲ့ တားမရတာကြောင့် လက်ပိုက်ကြည့်နေလိုက် ရပါ တယ်။ နေ့တောင်မကူးပါဘူး။ တစ်နာရီလောက်လည်းကြာရောလင်မယားနှစ်ယောက် ၀မ်းလျှော လိုက်ကြတာ ဟိုတယ်ပြန်ြ်ပီး အိပ်ရောပေါ် ပက်လက်ဖြစ်ကုန် တဲ့ထိပါတဲ့။ မြို့ပြင် ဘက် တောရွာတွေ မှာလည်း ဘေးကကျောင်းတုံးကြီး တွေပေါ်မှာ အ၀တ် ထိုင်လျှော်ဖွပ်နေကြ သူတွေနဲ့ ရေးတွင်း က ရေငင်ပြီးအိုးနဲ့ခေါင်းပေါ် ရွက်သက်သွားကြတာလည်းမြန်မာတွေနဲ့ တစ်ပုံစံတည်း။ တစ်ခုပဲကွာတာက သူတို့ အမျိုးသမီးတွေ ဂါဝန်ပွပွကြီး ၀တိထားတာပါပဲ။
မာမီရေ..ကြည့်ပါဦး။ သမီးတော့ ၃၈လမ်းဈေးထဲက အဒေါ်ကြီးတွေကို ဂါဝန်ဝတ်ပေးသလိုပဲ မြင်မိတယ်။ မတူဘူးလား တဲ့။ ဈေးတစ်ခုရောက်တော့ ကြက်သွန်ရော၊ ငရုတ်သီးတွေ၊ အသီး အရွက် တွေဖြန့်ခင်းထားတဲ့ပုံစံကို ကြည့်ပြီး ကျွန်မကို လှမ်းပြောနေလေရဲ့။
မက္ကဆီကိုက ငွေလည်းထွက်ပါတယ်။ ငွေသတ္တုတူးဖော်ရာ မိုင်းတွေရှိတဲ့မြို့ကို ရောက်ကြခိုက် လိုက်လေ့လာ ရင်း ငွေထည်ပစ္စည်းတွေလည်းဝယ်ကြပေါ့။ တစ်ညမှာ ညစာနဲ့ရိုးရာပဲါရှိတယ် ဆိုတဲ့နေ ရာကိုသွားကြပါတယ်။ သွားရတဲ့ ခရီးကလည်းတောင်ဘက်လမ်းမှ ကျဉ်းကျဉ်းလေးရယ်။ ကားတစ်စီးနဲ့တစ်စီ မရှောင်သာလို့ တစ်စီးလာတာတွေ့ရင် အဝေးကြီးကတည်း က ဘေး ကပ်ရပ် ပြီး စောင့်ပေးရတာမျိုးပါ။ တော်ကြီးကလည်း ထူထဲပါဘိ။ ညဘက်မို့ မှောင် ကလည်းမှောင်၊ လမ်းမီးကလည်းမရှိ၊ ကားအသွားအလာကလည်းပြတ်၊ တစ်နာရီ နီးပါးမောင်းတဲ့ ထိ လူသူရိပ်တောင် မတွေ့ရတော့ ကျွန်မတို့ လန့်တောင် လာတယ်။ တော်ထဲခေါ်လာပြီးတို့များသတ်ထားလေမလား ပေါ့။
ဟန်ကိုယ်ဖို့သာ လုပ်နေရတာ ရင်ထဲက တထိတ်ထိတ်ပါပဲ။

တော်ပါသေးရဲ့ တောင်ကလပ်တစ်ခု ရောက်မှ ဧရာမဟိန်းနေတဲ့ ရိုးရားပွဲကြီးကို တွေ့ရပါတယ်။ Bull Fight ခေါ်တဲ့ နွားနဲ့ သတ်ကြ တဲ့ ပွဲလည်းပါရဲ့။ မက္ကဆီကင်အမျိုးသမီးတွေ ဂါဝန်အတွန် အတွန့်ကြီးတွေ ဝဲဝေ့ပြီး ကကြတဲ့ မြူးမြူး ကြွကြွ အကလည်း ပါသေးရဲ့။ အမျိုးသားတွေရဲ့ သံစုံတေးဂီတနဲ့ အဆိုအကလည်း မြိုင်မြိုင် ဆိုင် ဆိုင် ရှိရဲ့။ တခြား တခြား ဖျော်ဖြေရေးတွေလည်း စုံလို့ပါပဲ။
မြန်မာပြည်ကို အမှတ်တရ ဖြစ်စေတာ တစ်ခုလည်း ပါပါသေးတယ်။ ကျွန်မတို့ တန်ဆောင်တိုင် အခါ ကျရင် ချောတိုင်တက်ပွဲ လုပ်ကြတာလေ။ အခုခေတ်တော့ ရှိမှ ရှိပါ့သေးရဲ့လား။ မသိဘူး ကျွန်မတို့ ငယ်ငယ်က ချောတိုင်တက်ပွဲပါရင် သွားသွားပြီး မော့ရတာ။ တိုင်ကိုချောဆီင်္တွေ သုတ် ထားတာမို့ တက်ရတဲ့ သူခမျာလည်း သက်သာတာမဟုတ်ဘူး။ အပေါ်ရောက်အောင် ကုပ်ကပ် တက်လိုက်၊ အောက်လျှောက် ကျလိုက်နဲ့ ကြည့်ရတာကိုက အသည်းယားစရာ။
အခုလည်း ချောတိုင်တက်နေတာ မြန်မာပြည်က ပုံစံအတိုင်းပါပဲ။ ချောတိုင်ထိပ်မှာ ဆုငွေထုပ် ချိန်ထားတာ မို့ မရမက ကုပ်ကပ်တက်နေလေရဲ့။ တောဓလေ့ရိုးရာ ခြေဆန့်ကတဲ့ ပွဲတော့ အတွဲ ကိုယ်စီ ကကြတာပါပဲ။ ပရိသတ် ညလည်း ရှေကဆုံးက ရောက်နေကြတဲ့ ကျွန်မနဲ့ ဂယ်ရီအမေ အဘွားကြီးနှစ်ယောက်ကို အတူတွဲကဖို့ လာဆွဲတော့ ကန့်လန့်ကန့်လန့် ပါသွးကြပြီး သူတို့နဲ့ စီးချက်ညီ ဝင်ကခဲ့ရပါသေးတယ်။
သမီးကေသီ ကိုလည်း လာဆွဲခေါ်နဲပ သူလည်း တစ်ပွဲဝင်နွှဲလိုက်သေးရဲ့။ ရိုးရာပွဲက ပြန်တော့ နံနက်နှစ်နာရီ ရှိနေပါပြီ။ တောကြီးမျက်မည်းထဲမှာ လာကြည့်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက လည်း အမြောက်အမြား။ အပြန်ခရီး မှာတော့ ရှင်လောင်းလှည့်သလို ကားတန်းကြီးက ရှည်လျား စွာနဲ့မို့ လာတုန်း ကလို သောကမများဘဲ စိတ်လက်ပေါ့ပါး ပျော်ရွှင်လို့။
ခရီးတစ်ခါ ထွက်ရင် အတွေ့အကြုံတွေက တစ်မျိုးစီ ရတာမို့ပါပဲ။

သမီးကေသီက အသားညိုညိုမို့ သူ့ကိုမက္ကဆီကင် အမျိုးသမီးထင်ပြီး Spanish လို လာစကားပြောကြ တာကလည်း ရှိသေးတယ်။ သမီးက သူ Spanish စကားမတတ်ပါဘူးလို့ ပြောရင် မယုံကြ ဘူး။.
"ဒီလိုပဲ အမေရိကားရောက်သွားပြီးရင် ဘဝင်မြင့်ကုန်ကြပြီး ကိုယ့်ဘဝကိုယ် မေ့သွားကြတာပေါ့" ခနိုးခနဲ့ပြောတော့ သမီးက စိတ်တိုပြီး "ဒီမှာကြည့် ငါရဲ့နိုင်ငံကူးလက်မှတ်။ ငါ မြန်မာအရှေ့တိုင်း သူ။ မက္ကဆီကင် မဟုတ်ဘူုး"နဲ့ ပြန်အော်ပါလေရော။ ကျွန်မနဲ့ ဂယ်ရီတို့ သားအမိကတော့ ဘေးက ကြည့်ပြီး ရယ်ရတာအမော။
မက္ကှဆီကိုက ပြန်ရောက်တော့လည်း ပုံမှန်ဘဝနဲ့ လည်ပတ်မြဲပေါ့။ တစ်ညနေမှာ သမီးကေသီနဲ့ ဂယ်ရီ တို့ ရောက်လာပါတယ်။ "မာမီ အဝတ်လဲ။ယိုးဒယားဆိုင်မှာ ညစာသွားစားရအောင်"တဲ့ ခါတိုင်းလည်း မကြာခဏ သွားစားနေကျမို့ ကောက်ကာငင်ကာ လိုက်သွားလိုက်ပါတယ်။ မီနူးမှာ စားလိုတာတွေ မှာစားထား လိုက်ကြပြီး အေးအေးဆေးဆေး စကားပြောနေကြရာက ဂယ်ရီက "ကဲ ပြောလေ"တဲ့။ သူ့မိန်းမကို လက်တို့လိုက်ပါတယ်။
သမီးက ရှက်ရယ် ရယ်နေတယ်။ စကားတစ်လုံးမှ ထွက်မလာဘူး။ ဒီတော့ ဂယ်ရီက မနေနိုင် တော့ဘူး။ "မာမီ ဝမ်းသာရမဲ့ သတင်းကောင်း သတင်းကောင်း ပေးမလို့၊ မာမီသမီးကို မေးကြည့်" တဲ့ ကျွန်မလည်း စစချင်းတော့ ဘာများလဲပေါ့ဆိုတဲ့ အနေနဲ့ လှမ်းကြည့်တော့ မကေသီက "သူက မာမီမြေး ရတော့မှာကို ပြောခိုင်းနေတာလေ"တဲ့
 ဒီတော့မှ "ဟယ်.. ဟုတ်လား"ဆိုပြီး ဝမ်းသာပီတိနဲ့ သမီးရဲ့ပါးလေးကို မွှေးလိုက်ပါတယ်။ အခု ဆိုရင် ခုနှစ်ယောက်မြောက် ဖြစ်မဲ့ မြေးလေးရလေဦးမယ်ပေါ့။

တစ်ဦးတည်းသော သမီးဖြစ်ခဲ့လို့ အထီးကျန်နိုင်ခဲ့တဲ့ ကျွန်မ၊ အခုကျတော့ ကျွန်မရဲ့ လိုအင်ဆန္ဒအတိုင်း သားတွေ၊ သမီးတွေအပြင် မြေးတွေနဲ့ပါ သာယာဝေစည်နေတာမို့ ရင်မှာ ကြည်နူးပီတိ ဖြာရပါတယ်။ ကျွန်မတို့မိသားစု လည်း တဖြည်းဖြည်း တိုးပွားလာလိုက်တာ ခုဆိုရင် သားကြီး  ခင်မောင်ဝင်းခန့်နဲ့က သားချည်းလေး ယောက်၊ သမီးယမင်းက သမီးတစ်ယောက်၊ သားတစ်ယောက် ဆိုတော့ မြေးခြောက်ယောက်တောင်  ရှိနေ ပါပြီ။

မြေးယောက်ျားလေးတွေက ငါးယောက်၊ မိန်းကလေးက တစ်ယောက်တည်ရှိသေးတာကြောင့် ဒီတစ်ခါ မြေး မိန်းကလေးရရင် ကောင်းမှာပဲ ဆိုပြီး တောင့်တမိပါတယ်။ ကျွန်မတို့ ခေတ်အခါတုန်း က မွေးလာပြီဆိုတဲ့ အခါမှ သမီးလား သားလားဆိုတာ သိကြရတာပါ။ လူကြီးသူမတွေက ကိုယ် ဝန်ဆောင် အထိုင်လေးရင် မိန်းကလေး၊ သွက်ရင် ယောက်ျားလေးနဲ့ အကဲခတ်ပြီး ပြောတာတွေ နားထောင်ရင်းသာ စိတ်ကူးယဉ်ရတာနော်။ အခုခေတ်အခါကျတော့ ဒီလိုမဟုတ်တော့ပါဘူး။ သိပ္ပံ ပညာတွေ ထွန်းကားလာပြီဖြစ်လို့ ကိုယ်ဝန်လေးငါးလ ရှိတာနဲ့ ဆိုနိုဂရမ်ရိုက်ကြည့်ပြီး ကြိုကြို တင်တင် ကျားမ ခွဲခြားသိနိုင်နေပါပြီ။
သမီးကေသီလည်း ကိုယ်ဝန် ငါးလရှိတော့ သူများနည်းတူ ဆိုနိုဂရမ်ရိုက်ကြည့်တဲ့ အခါကျ "မာမီ ရေ သမီးမွေးမှာ မိန်းကလေး"တဲ့ ဆိုပြီး ဝမ်းသာအားရ ဖုန်းဆက်လာပါတယ်။ လိုချင်နေတဲ့ မြေး မိန်းကလေး ဖြစ်လို့ မိသားစုတစ်ခုလုံး ကျေနပ်မဆုံး၊ ကြည်နူးမဆုံးပါပဲ။ မွေးမလာသေးဘူး။ အမေနဲ့ အဘွား က ခုကတည်းက သမီးမိန်းကလေးဆိုတာနဲ့ နာမည်လှလှလေးတွေ ပေးဖို့ ရွှေးနေကြပါပြီ။
"မာမီ Jade ဆိုတဲ့ နာမည်လေး မလှဘူးလားဟင်။ သမီးတို့ မြန်မာပြည်ရဲ့ ကမ္ဘာကသိတဲ့ တွင်းထွက် တန်ဖိုးကြီး ရတနာလည်း ဖြစ်တယ်။ နောက်ပြီး သမီးဖကတ်ထားဖူးတဲ့ Jade ရဲ့ ကောင်း ခြင်းငါးဖြာကိုလည်း မာမီ့ကို ပြောပြရဦးမယ်"

Charity, for its luster,
Rectitude, for its translucence,
Wisdom, for its purity of sound when struck
Equity, for its sharp edges that injure none,
Courage, for its con be broken but no bent တဲ့။
မကောင်းဘူးလားဟင်။ သမီးလေးကို အဲဒီကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတာမျိုးဖြစ်အောင် Jade လို့ နာမည်ပေးမယ်။ မြန်မာနာမည်တော့ မာမီပဲရွှေး”တဲ့။

မိခင်ရဲ့ မေတ္တာဆိုတာ မွေးမလာသေးတဲ့ ရင်သွေးလေးအပေါ်မှာကို အကောင်းတကာ့ အကောင်း ဆုံးဖြစ်စေချင်တဲ့ စေတနာတွေ သွန်းဖြိုးဝေဆာနေတာနော်။ ဒါကြောင့် သားသမီးနဲ့ ဆတူ မိခင် စိတ်ဆိုတာ တစ်ပြိုင်တည်း တစ်ချိန်တည်း သန္ဓေတည်လာသလား မသိဘူး။း မိန်းမသားတစ် ယောက်ဟာ မိခင်ဘဝ ရတာနဲ့ သားသမီးက နံပါတ်တစ် ဦးစားပေး ဖြစ်သွားတော့တာပဲ။ မိခင် လောင်းဖြစ်တဲ့ မကေသီတင် မွေးလာမဲ့ သမီးလေးအတွက် စတ်လှုပ်ရှားနေတာ မဟုတ်ဘူး မောင် တွေ၊ ညီမတွေကပါ ဝိုင်းဝိုင်းလည် စိတ်လှုပ်ရှားနေကြပြီး 'ဒီဗိုက်ကြီးက ဘယ်တော့မွေးမှာလဲ'နဲ့ အစ်မ ရောက်လာရင် ဗိုက်ကို ပွတ်ပြီးမေးတဲ့သူ နဲ့ ဗိုက်ထဲက ကလေးလှုပ်နေတာကြုံနေတဲ့အခါ ဒါ ခြေထောက်လာ၊ လက်လားနဲ့ ရအောင် အပေါ် က အတင်းဆွဲကြည့်ချင်သူနဲ့ တဟဲ့ဟဲ့ လုပ်နေရတဲ့ အထိပါပဲ။ ဒီလိုနဲ့ မွေးရက်ကလည်း တဖြည်းဖြည်း နီးကပ် လာပါရော။ သားဦးဆိုတော့လည်း သမီး က အားငယ်တယ် ထင်ပါရဲ့။ "သမီးမွေးရင် မာမီအနား မှာ နေနော။ ဆေးရုံကို လိုက်ခဲ့နော်"နဲ့ တဖွ ဖွ မှာနေပါတယ်။ ကျွန်မလည်း အစစအနား မှာ နေပြီး စောင့်ရှောက်ပေးမယ် ဆိုတာ အာမခံထားပြီး သားပါပဲ။
ဖြစ်ချင်တော့ဒီရက်ထဲမှာ ဧည့်သည်က ဆုံပြီးကျလေရဲ့။ ပါရီမှာ အခြေချ နေထိုင်တဲ့ ကျွန်မရဲ့ သူငယ်ချင်းဒေါ်မြစိန်တို့က သားရှိရာ ဆန်ဖရန်စစ္စကိုကို လာလည်ရင်း ကျွန်မဆီကို ဝင်ခဲ့မယ်လို့ ဖုန်းဆက် ပါတယ်။ သမီးကေသီ မွေးခါနီးလို့ သမီးဆီ သွားနေရမယ်ဆိုတာ ပြောပြလိုက်ရင် အားနာ ပြီး မရောက် လာမှာ စိုးတာနဲ့ မပြောပြတော့ဘဲ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အထူးသဖြင့် အစ်မ ရင်းတမျှ ချစ်ခင်ရတဲ့ အစ်မကြီး ဒေါ်မြစိန်ကိုလည်း မတွေ့ရတာ ကြာပြီ တွေ့ချင်တာလည်း ပါတယ် ပေါ့။
တစ်ရက်တည်းမှာပဲ ဘီတီတရားသားကော်ဖီက အဆိုတော် ကိုအံ့ကြီးကလည်း သူ အမေရိကား ရောက် လာလို့ ကျွန်မဆီ အလည်လာချင်တယ်ဆိုပြီး ဖုန်းဆက်ပါလေရော။ ကိုယ့်ပြဿနာတွေ ပြောပြနေ ရင်လည်း သူတို့ အနေခက်မှာစိုးတာနဲ့ မပြောတော့ဘဲ လာခဲ့ လို့ ပြောလိုက် ပါတယ်။ ဒီလို နဲ့ ပါရီက ဧည့်သည်နဲ့ မြန်မာပြည်က ဧည့်သည်ဆုံပြီး တစ်ရက် တည်း မှာ ရောက် လာကြလေရဲ့။
သမီးက ဗိုက်နာပြီဆိုတာနဲ့ အရေးပေါ် ပြေးရမှာမို့ စားစရာတွေ ရေခဲသေတ္တာနဲ့ အပြည့်ဝယ်ထည့် ပြီး အဆင်သင့် လုပ်ထားရပါတယ်။ ဖြစ်လာခဲ့ရင် ဧည့်သည်ချင်း တစ်ဦးကိုတစ်ဦး စောင့်ရှောက် ပြီး ကြိုက်သလို သာ ချက်စားကြပေတော့ဆိုပြီး မီးဖိုပါ အပ်ထားလိုက်ပါတယ်။ ကျွန်မသားတွေ၊ သမီး တွေကလည်း အလုပ်နဲ့၊ ကျောင်းနဲ့ တစ်နေကုန်အိမ်မှာ ရှိကြတာမဟုတ်ဘူးလေ။ မြန်မာပြည်မှာလို အိမ်ဖော်မိအေးတို့၊ မခွေးတို့ကလည်းမရှိ။ ကိုယ်ထူကိုယ်ထ လုပ်ရတဲ့ အမေရိကားမှာ ဧည့်သည် လာရင် ဝတ္တရားကျေဖို့ အလွန်ခက်ခဲလှပါတယ်။
တွက်ထားတဲ့ အတိုင်းပါပဲ။

ဧည့်သည်တွေ ရောက်ပြီး နှစ်ရက်လောက်ရှိတော့ လင်းအားကြီး အချိန် ဖုန်းမြည်လာပါရော။ မကေသီ ဗိုက်နာနေလေပြီတဲ့။ ဒါနဲ့ ကျွန်မလည်း အဆင်သင့် ပြင်ဆင်ထား ပြီးသား လက်ဆွဲအိတ်ယူပြီး ကသော ကမျော သွားရပါတယ်။ ဆေးရုံရောက်တော့ ဂယ်ရီမျက်နှာ နဲ့ အားလုံးက ဂရုတစိုက် ပါပဲ။ မွေးခန်းထဲ ပို့ရလောက်အောင် သားအိမ်က မပွင့်သေးတာနဲ့ တွဲလျက် အခန်းထဲမှာ ထားပြီး ဆရာဝန်၊ ဆရာမများက လိုအပ်တာမှန်သမျှ ဝိုင်းဝိုင်းလည် လုပ်ပေးနေကြပါ တယ်။
ကျွန်မလည်း အနားမှာနေပြီး ပရိတော်တွေ ရွတ်ဖတ်ပေါ့။ သမီးနဲ့ တက္ကသိုလ်မှာ ကျောင်းအတူ တက်ခဲ့တဲ့ သူငယ်ချင်းမေရီ လည်း ရောက်လာပြီး ကျွန်မနဲ့အတူ စောင့်ပေးပါတယ်။ ဂယ်ရီလည်း သမီးရဲ့အနားက တစ်ဖဝါးမခွာ ရှိနေလေရဲ့။ ဒါပေမဲ့ တစ်မနက်ခင်းလေးပဲ နေနိုင်ရှာတယ်။ နေခင်းကျတော့ ခွဲစိတ်ခန်း ဝင်စရာ ရှိလို့ဆိုပြီး တာဝန်ရှိရာသို့ အချိန်မီ ပြေးရပါရော။ အနာစိပ်လာ လို့ ကျွန်မက လွယ်လွယ် ကူကူ မွေးလိမ့်မယ် ထင်ထားတာ။ သမီလည်း ဇောချွေးတွေ ပြန်နေပြီ။ ညစ်အားရလာပေမဲ့ ကလေးက မထွက်ဘူး။ နောက်ဆုံးတော့ သမီးရဲ့ညပ်ရိုးက ကျဉ်းနေတာ ကြောင့် ဗိုက်ခွဲမွေးပေးဖို့ ဆရာဝန်က ဆုံးဖြတ်လိုက်ပါတယ်။
တော်ပါသေးရဲ့ ဂယ်ရီလည်း အချိန်မီ ပြန်ရောက်လာပေလို့ ခွဲစိတ်ခန်းထဲကို ဂယ်ရီပါ အတူ လိုက်သွားနဲ့ စိတ်အားရှိရပါတယ်။ ကျွန်မနဲ့မေရီ နှစ်ယောက်သား ခွဲစိတ်ခန်းအပြင်က စောင့်ရင်း ချောမောပါစေလို့ ဆုတောင်းနေရတာလည်း အမော။ ရပ်ဝေးက မောင်နှမတွေကလည်း အကြောင်း ကြားဖို့ မှာထားတာနဲ့ ဘောလုံးပွဲ ရီပို့ဒ်ကျနေတာပဲ။ မေရီက အခု ဘယ်အခြေအနေ ရှိနေ၊ အခု မွေးခန်းထဲ ဝင်သွားပြီနဲ့ သူပဲ ဖုန်းတစ်လုံးနဲ့ ပြောပြနေတာ နားထောင်ပြီးလည်း ပြုံးရ ပါတယ်။
မနက်မိုးလင်းက စကာ ညဆယ်နာရီကျော်မှ မွေးဖြစ်တော့တာပဲ။ ချောချောမောမော မွေးဖွားပြီး ကြောင်း ဂယ်ရီကခွဲစိတ်ခန်းထဲက ထွက်လာပြီးပြောပြပါတယ်။ ကလေးက ကိုးပေါင်ခွဲတဲ့။ ပိန်းသေး သေးမကေသီဗိုက်ခွဲမွေးရတာ ဘာဆန်းပါတော့မလဲ။ ခွဲခန်းထဲကတွန်းလှည်းလေးနဲ့ ဆရာမက တွန်းထုတ် လာတော့ ကလေးက လသားအရွယ်နဲ့တူနေတာကြောင့် မေရီနဲ့ကျွန်မက လှည့် လို့တောင်မကြည့်မိဘူ။ အဲဒါ ဘေဘီဂီးစကီးလို့လာပြောကာမှ အပြေးသွားကြည့်ရတယ်။
လူ့လောက ထဲရောက်လာခါစ ပူပူနွေးနွေးပဲရှိသေးတဲ့မြေးလေးရဲ့ ပန်းနုရောင်နုနုမျက်နှာလေးကို တစ်ချက်ငုံ့ပြီးမွှေးလိုက်ပါတာ ရင်ထဲမှာ နွေးထွေးသွားအောင် ချမ်းမြေ့ကြည့်နူးရပါတယ်။ အင်္ဂါသမီး မို့ နေ့နံလိုက် ခန့်စန္ဒီလို့ နာမည်လေးရွေးဖြစ် သွားတော့ တယ်။ မေ့ဆေး အရှိန်မပြေ့ တပြေ ဖြစ်နေသေး တဲ့သမီးကို ၀င်ကြီးပြီး အိမ်ပြန်လာတော့ သန်းခေါင်တိုင်နေ ပါပြီ။
ဧည့်သည်တွေကိုတစ်နေ့လုံး ပစ်ထားရတာ အားနာပေမဲ့ အခြေအနေအရမတတ်သာတာကြောင့် ခွတ်လွတ်ဖို့ပဲတောင်းပန်းရပါတော့တယ်။

တော်ပါသေးရဲ့။ နှစ်ဦးစလုံးကမိသားစုလိုရင်းနှီးသူများ ဖြစ်ပေလို့အဆင်ပြေကြတယ်ဆိုပါတော့။ ဗိုက်ခွဲမွေးရတာကြောင့် သမီးလည်းဆေးရုံမှာသုံး လေးရက်ဆက်နေလိုက်ရသေးတယ်။
ချောချောမောမောမွေးဖွားပြီးလို့ အမေရောသမီးပါ ကျန်းကျန်းမာမာရှိကြတယ်ဆိုတော့ ကျွန်မ လည်း စိတ်ပေါ့သွား ရပါတယ်။ ဒါကြောင့်ဧည့်သည်တွေကို လိုက်ပို့စရာတွေပို့ဖို့ အစီအစဉ်တွေ ဆွဲလို့ပေါ့။ သမီးဆေးရုံ ကဆင်းတဲ့ည၁၁နာရီခွဲလောက်မျာ တယ်လီဖုန်းမြည်လာတာနဲ့ ကောက် ကိုင်လိုက်တော့ ဂယ်ရီ ဆီကဖြစ်နေပါရော...။
"မာမီ၊ မာမီသမီးရှိုက်ကြီးတငင်နဲ့တအားငိုနေတယ်။ ကျွန်တော်ချော့တာလည်း မရဘူး။ ဘာဖြစ်လဲ ဆိုတာလည်း မေးလို့မရဘူး။ ကလေးကလည်းငို၊ အမေကလည်းငို၊ နှစ်ယောက်စလုံး ပြိုင်တူ ငိုနေကြတာ ကျွန်တော်မလုပ်တတ်တော့ဘူး။ မာမီလာနိုင်ရင်လာပါဦး၊ မာမီ့ကိုဒုက္ခ ပေးရတာတော့ အားနာပါတယ်"တဲ့။
ဂယ်ရီရဲ့အသံကပါ တော်တော်စိတ်ဓာတ်ကျနေပုံရပါတယ်။

ဒီအချိန်ကြီးမှာ ခေါ်ရတာသူလည်း မတတ်နိုင်လွန်းလို့ဖြစ်မှာဆိုတော့ တွေးမိပြီး ကျွန်မ ချက်ချင်း အိပ်ရာကထ၊ ကပျာကယာအ၀တ်လဲ ပြီး လိုက်သွားရပါတယ်။ နာရီဝက်လောက်မောင်းရတာမို့ သူတို့အိမ်ရောက်တော့ သန်းခေါင်တိုင်နေ ပါပြီ။ ကျွန်မမှာသူတို့အိမ်သော့အပိုတစ်ချောင်းရှိထားတာကြောင့် တံခါးဖွင့် လိုက်ပါတယ်။
ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးဖြစ်ပျက်နေပုံကို ကြည့်ပြီး ကျွန်မတအား ရယ်ချင်သွားတော့ တာပဲ။ ဆေးရုံ ကပြန်လာတဲ့အဝတ်အစား အတိုင်းပဲ ရှိသေးတယ်။ ည၀တ်အင်္ကျီတောင် မလဲရရှာသေးဘူး။ ညာဘက်က တ၀ါးဝါးငိုနေတဲ့ သမီးကိုတစ်ဖက်က ချီလို့၊ ဘယ်ဘက်လက်က တရှုပ်ရှုပ်ငိုနေတဲ့ဇနီး ကိုတွဲလို့ ရေချိုးခန်းမှာ ရပ်လျက်သားတွေ့ ရပါတယ်။
မကေသီ က ဗိုက်ခွဲထားတဲ့ ဒဏ်ရာကနာလို့ ရေချိုးခန်းဝင်ချင်တာမထနိုင်တာကြောင့် တွဲပို့ရတာတဲ့။ သမီး ကလည်း တ၀ါးဝါးငို။

"ကလေးကငို၊ သေးကစို၊ တံတိုကပျောက်၊ လင်ကငေါက်"ဆိုတဲ့ မြန်မာ စကားပုံကို ဂယ်ရီ အတွက်ပြောင်းပြန် လှန်ရမလား မသိပါဘူး။ ကျွန်မကိုတွေ့တော့ မျက်နှာငယ်လေးနဲ့။
"မာမီ ရယ် သူတို့နှစ်ယောက် အငိုတိတ်အောင် ဘာလုပ်ပေးရမှန်းကို မသိတော့ဘူး"တဲ့။ သမီးကလည်း ကျွန်မ ကိုတွေ့မှ ဟီးချပြီး ငိုပြန်ပါလေရော။ "မာမီ ကလေးက ငိုနေတာ ဘာလုပ်ပေးရမှန်းလည်းမသိဘူး။ သမီးဗိုက်ခွဲ ထားတဲ့ ဒဏ်ရာကလည်း တအားနာလို့ မလှုပ်နိုင်ဘူး" တဲ့။ ဒီလိုဖြစ်ပျက်ခံစားရတာကို သူတို့ အနောက်နိုင်ငံမှာတော့ (ဘေဘီဘလူ) ¬(baby blue)ရောဂါ လို့ခေါ်ပါတယ်။ မိခင်အသစ်စက်စက်တွေ အတွေ့အကြုံ မရှိသေးတာကြောင့် မွေးလာတဲ့ ကလေး ပိစိကွေးနီတွေးတွေးလေးကို ဘယ်လို ကိုင်တွယ်ရမှန်းမသိ။ ဘယ်လိုစောင့်ရှောက်ရမှန်းလည်းမသိ။ ဘယ်လိုအလိုဖြည့်ရမှန်းမသိဖြစ်ပြီး အားငယ် ၀မ်းနည်းကြတဲ့ စိတ်ရဲ့ခံစားမှုပါပဲ။
ကျွန်မတို့အရှေ့တိုင်း မှာတော့ လူနေမှုစနစ်တွေကွာြး့ခားတယ်လေ။ အိမ်ထောင်စုမှာ အဘိုးရော၊ အဘွားရော၊ ဒွေးတော်၊ မိကြီးတွေရော၊ အတူတကွ တသိုက်တ၀န်းနေကြတာဖြစ်တော့ အတွေ့အကြုံရှိ ထားပြီးသား လူကြီးတွေက မွေးခါစကလေးကို ၀ိုင်းဝန်းစောင့်ရှောက်ဖော်ရကြတာမို့ မိခင် ပူပူနွေးနွေး အနေနဲ့ ကြောင့်ကြစရာ မရှိပါဘူး။ အနောက်တိုင်းမှာက အိမ်ထောင်ရက်သား ကျပြီးရင် တသီးတခြား နေတတ်ကြတော့ အရေးကြုံတဲ့အခါ အားကိုးစရာ ခက်ခဲတာကြောင့် မိခင်ဖြစ်စ ကလေးမတွေ အားငယ် စိတ် ၀င်ကြရတာ ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။
အဲဒီညမှာ ကျွန်မက သမီးကေသီနဲ့အတူ အိပ်ပြီး၊ ကလေးကို ကျွန်မတို့နှစ်ယောက်ကြားထဲမှာ ထား သိပ်လိုက်တယ်ပေါ့။ မအိပ်ခင်မှာ အမေ့နို့အ၀ တိုက်ထားလိုက်ပါတယ်။ သေးစိုဝတ်တွေ လဲပြီး နွေးနွေးထွေးထွေးလေးဖြစ်အောင်စောင်ပါးလေးနဲ့ထွေး၊ရင်ဘတ်ပေါ်မှာလည်းစောင်ခေါက်ကလေးတင် သိပိလိုက်တော့ညလုံးပေါက် အိပ်ရှာပါတယ်။ ကျွန်မတို့ အိပ်ရာဝင်တဲ့အချိန်ကလည်း နှောင်းလှ
တဲ့ တစ်ချက်ကျော် ဖြစ်နေပြီလေ။

အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ အိပ်မက်တွေ ဘာတွေ မက်လို့၊ ရှိုက်ကြီးတငင်ငိုသံတစ်ခု ကြောင့် ကျွန်မ လန့်နိုး အိပ်မက်တန်းလန်း နဲ့ နိုးလာပါရော။ ကြည့်လိုက်တော့ သမီးကေသီရယ်
 ကျွန်မဘေးမှာ ငိုရှိုက်လို့ ကောင်းနေဆဲ။
'ဟဲ့....သမီး ဘာဖြစ်တာလဲ။ ဘာဖြစ်လို့လဲ နဲ့ ပျာပျာသလဲ မေးမှ
 သမီး မောင်လေးဇာနည်ကို သတိရလို့။ သူရှိရင် ကလေးကို ပြေးလာကြည့်မှာ မာမီရဲ့။ သူက ကလေး ချစ်တတ်တော့ လက်ပေါ်က ချမှာ မဟုတ်ဘူး။ ရင်ထဲမှာ မခံရပ်နိုင်ဘူး မာမီရယ်။ သမီးသိပ်အောက်မေ့နေတာပဲ။ မောင်လေးကို ရှိစေချင်လိုက်တာ တဲ့။
ဟော ... တကယ်အံ့သြဖွယ်ရာ ကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။

ကျွန်မက အိပ်မက်မက်နေတာ။ သားဇာနည် က ရောက်လာတာတဲ့။ ကျွန်မက ၀မ်းသာအားရနဲ့  သားပြန်လာ တာ အတော်ပဲ။ မင်းအစ်မ သမီးလေးမွေးတယ်။ ဟောဒီမှာ လို့ ကလေးကို ပြတော့ ဟုတ်တယ်။ သား သိလို့ လာကြည့်တာ မာမီ တဲ့။ သားကလည်း ရွှင်ပြုံးလို့၊ ဒီအခိုက်မှာပဲ ရှိုက်သံ ကြောင့် ကျွန်မ လန့်နိုးသွားရတာ။ သားကို တွေ့ရတာ။ တကယ့်အတိုင်း ဖြစ်နေချိန် သမီးက ခုလို ပြောလိုက်တော့ ကျွန်မ ရင်ထဲမှာ မခံရပ်နိုင် ပွင့်အန်ကျလာပြိး သမီးနဲ့အတူ ဖက်ငိုမိပါတော့တယ်။
ကျွန်မ သားလေး မသေပါဘူး။
ကျွန်မ နဲ့ တကွ ညီအစ်ကို မောင်နှမအားလုံးရဲ့ နှလုံးသားထဲမှာ သားဟာ အမြဲရှင်သန်လျက် အတူ တကွ ရှိနေဆဲပါ။
   
ဆက်ရန်
.

6 comments:

Anonymous said...

[url=http://buyviagrapremiumpharmacy.com/#aovti]viagra online[/url] - generic viagra , http://buyviagrapremiumpharmacy.com/#wdhph buy viagra

Anonymous said...

[url=http://buycialispremiumpharmacy.com/#nrypn]buy cialis online[/url] - buy cialis , http://buycialispremiumpharmacy.com/#usimd generic cialis

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဘလော့အလည်ထွက်နေတာအစ်မရေ :)

Anonymous said...

[url=http://viagraboutiqueone.com/#mufbz]cheap viagra[/url] - order viagra , http://viagraboutiqueone.com/#thwst buy generic viagra

Anonymous said...

[url=http://buyonlineaccutanenow.com/#cxwtd]accutane cost[/url] - cheap accutane , http://buyonlineaccutanenow.com/#qvkjz buy cheap accutane

Myint Thein (Geologist),CA said...

ဘီအက်စီ(ဓာတုဗေဒ)နဲ့အောင်တာက ကေသီခန့်လား