Thursday, February 7, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄ဝ)

ကိုယ့်ရဲ့ထားရှိတဲ့ စေတနာကိုစော်ကားခံရတာအတွက် နှလုံးသားမှာ နာကျင်မှုကိုခံစားရ ထာက တစ်ဖက်၊ လူပီသစွာနဲ့ စိတ်ထားကောင်း ထားရှိလိုတာကတစ်ဖက် လွန်ဆွဲခဲ့ရ တဲ့ နေ့ ရက်ပေါင်း က များစွာပါပဲ။
နောက်ဆုံးတော့ " ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်နဲ့"ဆိုတဲ့ ဆုံးမစကားကို နှလုံး သွင်းလိုက် ပါတယ်။
 ရခဲ မျှသော လူ့ဘ၀ကိုရထားမှတော့ လူပီသတဲ့စိတ်ထားမျိုး ထားရှိနိုင်မှသာ လူ့ဘ၀ ရယူကျိုးနပ်ပေ မှာပေါ့နော်။ ရွေးချယ်တဲ့အခါ နှလုံသားရဲ့ခံစားချက်နောက် မလိုက်ဘဲလိပ် ပြာသန့်သန့်စိတ်ရှင်းရှင်း ရှိရာနောက် လိုက်ပြီး ဆုံးဖြတ်သင့်တမို့ ကျွန်မလက်ထဲမှာရှိဆဲ လိုအပ်တဲ့ စာရွက်စာတမ်းများကို ပို့ပေး လိုက် ပါတယ်။
နှစ်လလောက် ကြာပြီးတဲ့အချိန်မှာ ကျွန်မဆီ ကြေးနန်းတစ်စောင် ရောက်လာလေရဲ့။

"ခင်
မာယာမီလေဆိပ်မှာ ကြိုပါ"
အောက်မှာ လက်မှတ်ရေးထားသူက "ကျော်ဇော" တဲ့။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၄၂)

လူ့ဘ၀ဆိုတာလည်း Currentလို့ခေါ်တဲ့ ရေစီးကြောင်းလိုပါပဲ။ အပေါ်ယံမှာမြင်ရ တဲ့ ရေးစီး ကြောင်း တစ်ခုအောက် မှာ ဆန့်ကျင်ဘက်သွားနေတဲ့ ရေးစီးကြောင်းက တစ်ခု။
ခင်ပွန်းသည် ရောက်တော့မှာ ဆိုတော့အများကတော့ ပျော်ရွှင်စွာပြန်လည်ဆုံးစည်ကြလေသ တည်းဆိုတဲ့ အမြင်မျိုး နဲ့ပေါ့။ ကျွန်မရင်ထဲက လူမသိမမြင်နိုင်တဲ့ခံစားချက်ကတော့ ဇာတ်လမ်းတွေ ရှုပ်ထွေးနေခြင်းအတွက် အဖြေရှာ မရနိုင်တဲ့ ဆင်းရဲခြင်းနဲ့ပေါ့။
"အန်ကယ် ရောက်လာမှ မာမီအိမ်ခွဲနေပါ"လို့ ပြောထားတဲ့သားရဲ့ စကားအရ ရောက်လာ ရင်အဆင်သင့်နေဖို့ အိမ်ရှာတော့မယ် လုပ်တော့ မဟုတ်ရပြန်ပါဘူး။
"မာမီ အိမ်ငှားနေ ဖို့ စိတ်မကူးပါနဲ့၊ ကိုယ်ပိုင်အိမ် ၀ယ်ပြီးမှ ပြောင်းပါတဲ့"

"ဘာဖြစ်လို့လဲ"လို့ ပြန်မေးတော့...
"ဒီလိုလေ၊ အိမ်ငှားနေတာ မတန်ဘူးမာမီရ၊ မာမီတို့ မိသားစုက လူကြီးသုံးယောက်၊ ကလေးသုံးယောက် အားလုံး က ခြောက်ယောက်ဆိုတော့ အိပ်ခန်းသုံးခန်းပါတဲ့ အိမ်မျိုးမှ ဖြစ်မှာ။ အဲဒါဆို တစ်လကို အနည်းဆုံး ဒေါ်လာရှစ်ရာ ကိုးရာပေးရမှာ။ နှစ်ကုန်ရင် ပေးရမဲ့ အမြတ်ခွန်ထဲက ခုနှိမ်ယူခွင့်လည်းမ၇ှိတော့ နစ်နာ တယ်။ ကိုယ်ပိုင်အိမ်ဝယ်ရင် Mortgageဘဏ်တိုက်ကို ဆပ်ရတဲ့ငွေကလည်း ဒီလောက်ပဲ ပေးရ မှာ။ ပေးရ တဲ့ အတိုး ငွေကနှစ်ကုန်တဲ့အခါကျတော့ အမြတ်တော်ခွန်ထဲက ခုနှိမ်ယူခွင့်ရှိတာ ကိုယ့်အတွက် အကျိုးရှိ တယ်လေ"
"ဒါပေမယ့် အိမ်ဝယ်ဖို့ ငွေမှမရှိသေးတာ"

"အဲဒါကြောင့် မာမီ့ကို ပြောင်းဖို့မစဉ်းစားနဲ့ဦးလို့ ပြောနေတာပေါ့။ အန်ကယ်ရောက်လာ ရင်အလုပ်လုပ်မှာပဲ။ အန်ကယ်ရော၊ မာမီရော လုပ်တဲ့အလုပ်က ၀င်ငွေကို Down Payment ပေးစရာ ရအောင်စု၊ ဒီမှာအဲလို အိမ်တန်ဖိုးငွေ ရဲ့ ဆယ်ရာခိုင်နှုန်းလောက်ကိုယ် ကချေးပေးနိုင်ရင် အိမ်ဝယ်လို့ ရတယ်။ မြန်မာပြည် မှာလို ငွေကျေပေးဝယ်ရတာမျိုးမဟုတ် ဘူး။ ကားဆိုရင် ငါးနှစ်ဆပ်၊ အိမ်ဆိုရင် အနှစ်သုံးဆယ် ဖြစ်ဖြစ်၊ တစ်ဆယ့် ငါးနှစ်ဖြစ်ဖြစ် ဆပ်၊ လူတိုင်းအဲလို ၀ယ်ကြတာ။ အဲဒါအစိုးရက လူတိုင်းကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကား နဲ့ နေနိုင်အောင် လုပ်ထားတဲ့ စနစ်တစ်ခုပဲ"
"လိုအပ်တဲ့ငွေကို ဘဏ်တိုက်မှာ သွားချေးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်မှာခိုင်လုံမှုရှိတဲ့ ၀င်ငွေကောင်းကောင်း အလုပ်၇ှိ မှ။ နောက်ပြီးရိုးသားမှု ဆိုတဲ့သိက္ခာလည်းရှိမှ ချေးလို့ရ တာ။ အလကားသွားချေးလို့တော့ မရဘူးပေါ့။ ဒါကြောင့် ဒီမှာလူတိုင်းအဆင့်မီမီ နေချင် ရင်အလုပ်ကောင်းကောင်း၇ှိရတယ်။ Creditကောင်းကောင်း ၇ှိတယ်ဆို တဲ့ ရိုးသားတဲ့သိ က္ခာလည်း ၇ှိရတယ်။"

အိမ်ငှားလို့ ကုန်သွားတဲ့ငွေက အဖတ်မတင်ဘူး။ ဘဏ်ကိုလစဉ်ဆပ်၇တဲ့ Mortgage ကျ တော့အဖတ်တင်တယ်။ အနှစ်သုံးဆယ်ပြည့်ရင် ကိုယ်ကအိမ်ပိုင် သွားရော။ လေးငါးနှစ်နေ ပြီးပြန်ရောင်း ချင်ရင် လည်း အိမ်ဈေးမြေဈေးက တရိပ်ရိပ်တက်နေတာမို့ အမြတ်အစွန်း ကောင်းကောင်းရနိုင်တယ်။ အိမ်တို့မြေ တို့ ၀ယ်တာ အကောင်းဆုံးမြှုပ်နှံငွေပဲ။ နောက်ပြီး ကိုယ်ပိုင်အိမ်နဲ့ နေရတာက ပိုစိတ်ချမ်းသာ ပါတယ် မာမီရာ၊ စိတ်ကူးမလွဲပါနဲ့။ သားပြော တဲ့စကားကို နားထောင်စမ်းပါတဲ့။
ရှည်ရှည်ဝေးဝေး ရှင်းပြနေတဲ့ သားရဲ့စကားကို နားထောင်ရင်း အချိန်ယူရဦးမှာဆိုတဲ့ အခြေအနေကို ဘ၀င်မကျ ချင်ချင်ဖြစ်နေ တဲ့ ကျွန်မကို မျက်နှာရိပ်ကိုသတိထားမိသွားတယ် ထင်ပါရဲက။ အကင်းပါးတဲ့ ချွေးမဘော်ဘီက ပခုံးကို လာဖက်ပြီး..
"မာမီ Albertပြောတဲ့ စကားကြေင့် စိတ်အားငယ်သွားပြီလား၊ စိတ်မပူပါနဲ့ မာမီရယ်၊ မာမီ့ သားကကိုယ့်အိုး ကိုယ့်အိမ်နဲ့ အခြေတကျဖြစစေချင်လို့ စေတနာနဲ့အကြံပြုတာပါ။ အခုပြောတဲ့အတိုင်း အန်ကယ်ရောက် လာပြီး လေးငါးလကြိုးစားလိုက်ရင် ဖြစ်သွားမှာပဲ။ ဒီအတွင်းမြေးတွေနဲ့ ဒီမှာပျော်ပျော်နေပါဦး"တဲ့။

ကျွန်မ တွေတွေဝေေ၀ဖြစ်သွားပါတယ်။ သား ပြောသလို မိသားစုလေး ကိုယ်ပိုင်အိမ်နဲ့ တင့်တင့် တယ်တယ်ဖြစ်စေ ချင်တဲ့ဆန္ဒတစ်ဖက်မှာရှိသလို သားနဲ့ချွေးမအိမ်ပေါ်မှာအနေ ကြာလို့ အားနာတာက တစ်ဖက်၊ လေးလေးနက်နက် အကြုံပြုတဲ့ သားရဲ့စကားကိုလည်း နားထောင်သင့်တာအမှန်ပါပဲ။ ဘာဆုံးဖြတ် ရမလဲ မဝေခွဲနိုင်ခင်မှာ စိတ်မြန်လက်မြန်ရှိတဲ့ သားက...
"ကဲ..မာမီ၊ နက်ဖြန် ကျရင်ဘဏ်တိုက်သွား၊ Savingထဲမှာ မာမီစုထားတဲ့ငွေကို အာမခံ ထားပြီးငွေချေး ချင်တယ်လို့ပြော"
"ဘာအတွက်ငွေချေးရမှာလဲ"နဲ့ ကျွန်မကနားမလည်တာနဲ့ စကားဖြတ်မေးလိုက်တော့..
"အိမ်ဝယ်မယ် ဆိုရင် ကိုယ့်မှာ Creditကောင်းပါတယ်ဆိုတဲ့ အထောက်အထားက ရှိထားမှ ဖြစ်တာ။ အဲဒီချေးတဲ့ငွေ ကို မာမီထုတ်သုံးဖို့လည်း မဟုတ်ဘူး။ သူ့စည်းကမ်းအတိုင်းလ စဉ်မှန်မှန်ပြန်ဆပ်။ အဲဒီတော့မှ မာမီ က ယုံကြည်သူစာရင်း ၀င်သွားမှာလေ"တဲ့။

"အင်း...ဆန်းလည်းဆန်းပြားပေါ့၊ ကျွန်မကိုမြန်မာပြည်မှာတော့ ကြွေး၇ှိတယ်ဆိုရင် ခေါင်းပူရလွန်းလို့ လူတိုင်း က ကြိုးစားပြီး ကြွေးကင်းအောင် နေကြ၇တာနော်။ ဒီမှာကျမှပဲ ကြားဖူး၇တော့ တယ်။ ကြွေးယူဖူး သူ၊ ကြွေးကိုလည်း မှန်မှန်ဆပ်တဲ့ နာမည်ကောင်းရှိမှ အလုပ်ဖြစ်တာတဲ့။ ကိုယ်မကြားဖူး၊ မသိဖူးတာတွေကို သားသမီး ဆီက ပြန်ပြီးသင်ကြား နေရပါလား။ ဒီခေတ်က သိစရာတွေက သိပ်များတာမို့ လိုက်လို့ မမီအောင်ပါပဲနော်"
ကျွန်မ ရောက်ခါစမှာ ကြွေးဆိုတာနဲ့ ခေါင်းနာပန်းကြီးသွားသလို နောက်လေးငါးနှစ်အကြာ မှာမြန်မာပြည်က အစ်မအရင်း လိုချစ်တဲ့ ဒေါ်မြစိန်အလည်လာတာနဲ့ သူရှိရာ ဆန်ဖရန် စစ္စကိုကို သွားတွေ့တော့ မြင်မြင်ချင်း ကျွန်မလက် ကို ဆွဲပြီး အိပ်ခန်းထဲခေါ်သွားပါတယ်။
"ခင် လာလည်တာနဲ့ အတော်ပဲ။ အစ်မကြီးရောက်ကတည်း အိပ်လို့ကိုမပျော်ဘူး။ အခု ဒီအိမ်ကို သားက အကြွေးနှစ်သိန်း ယူပြီး ၀ယ်ထားသတဲ့။ ကဲ...ပြောစမ်းပါဦး။ ဒီဒေါ်လာနှစ် သိန်းဆိုတဲ့ငွေကို ဘယ်လို ပြန်ဆပ် ကြမလဲ" တဲ့။ ရင်ဖိပြီးမျက်လုံးအ၀ိုင်းသားနဲ့ ကျွန်မကို မေးတော့ရယ်ရပါသေးတယ်။

ဒီမှာတော့ လက်ငင်းအကျ ငွေပေးဝယ်နိုင်တဲ့ မီလျံနာသူဌေးတွေကလည်း ငွေကျေပေးမ ၀ယ်ကြ ပါဘူး။ ကြွေးစနစ်နဲ့ပဲ အားလု့းက လှုပ်ရှားနေကြတာပါ။ သူ့နည်းသူ့ဟန်နဲ့ တွက် ခြေကိုက်အောင်လည်း ဖန်တီးနိုင်ကြတာ မို့ ဒီပုံစံယန္တ၇ားကြီးကလည်း လည်ပတ်နိုင်တာ ပါ။ ကြောင်းကျိုးဆက်စပ်မှုတွေက ကျယ်ပြန်တာ မို့ အသေးစိတ်ပ မဖော်ပြတော့ပါဘူး။
ဒီလိုနဲ့ သား အကြံပေးတဲ့ အတိုင်း အိမ်ဝယ်ဖို့ ဆုံးဖြတ်ပြီး Creditနာမည်ရအောင်လည်း ဘဏ်တိုက်မှာ ကိုယ့်ငွေ ကိုယ်ချေးပြီးအတိုးပေးရပါသေးတယ်။ ဘယ်နေ့ဘယ်ရက်ကြိုပါ ဆိုတဲ့ကြေးနန်းအရ ဦးကျော်ဇောရောက်လာ မဲ့အချိန် မာယာမီလေဆိပ်ကို ကျွန်မနဲ့အတူ သားကြီးနဲ့ ချွေးမဘော်ဘီပါ သွားကြိုကြပါ တယ်။ အကြောင်းမသိရှာတဲ့ သားကလမ်းမှာ ကျွန်မကိုတောင် စနောက်နေလိုက်သေး တယ်လေ။ လေယာဉ် ဆိုက်လို့ ခရီးသည်တွေ တံခါးဝက ထွက်လာကြတော့ ကုန်လုသာနီးရော ဦးကျောဇောရဲ့ အရိပ်အယောင်တောင် မတွေ့ ရပါဘူး။ ဘယ်လိုများလဲလို့ စဉ်းစားနေဆဲ နောက်ဆုံးခရီးသည်တွေနဲ့အတူ ထွက်လာသူ က ကျွန်မရဲ့မိတ်ဆွေမမ ဖြစ်နေပါလေရော။ ဒါဆိုရင်ဦးကျော်ဇောလည်း အတူ ပါမှာ မမက အနားရောက် လာတာနဲ့။

"ဦးကျော်ဇောရော"လို့ မေးလိုက်တော့...
"မပါဘူးလေ၊ မမတစ်ယောက်တည်းလာတာ၊ ဟိုမှာ ကိစ္စတွေမပြတ်သေးလို့ ကြာဦးမှာ တဲ့"
ဒါဖြင့် လည်း ဘာဖြစ်လို့ ကြေးနန်းက ဦးကျော်ဇောနာမည်နဲ့ ရိုက်ရတာတဲ့လဲ။ ကျွန်မရဲ့ ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေး သွားပါတော့တယ်။ ဟန်မပျက် နှုတ်ဆက်ပြီး ချွေးမ ဘော်ဘီနဲ့လည်း မိတ်ဆက်ပေး လိုက်ရတယ်ပေါ့။ အပြန်တစ်လမ်းလုံ မမကစကားတွေ ရွှန်းရွှန်းဝေလာလေရဲ့။ အိမ်ရောက်တော့လည်း သားကြီးဝင်း နဲ့ ချွေးမဘော်ဘိက အမေ့ မိတ်ဆွေဆိုပြီး မမကိုဂရုတစိုက် ဧည့်ဝတ်ပြုကြပါတယ်။ ကျွန်မအမေ ကလည်း တစ်ရပ်တစ် ကျေးမှာရင်းနှီးခင်မင်တဲ့ မိတ်ဟောင်းဆွေဟောင်းပြန်ပြီး တွေ့ရတာမို့ ၀မ်းတွေသာလို့။ ကျွန်မရင်ထဲမှာသာ ပြောချင်တဲ့စကားတွေ မျိုချနေရတာနဲ့ ဗလုံးဗထွေး ဆို့ဆို့နင့်နင့်ဖြစ် နေတာပါ။

မမ ကို အကဲခတ်ကြည့်တော့လည်း သူ့အနေနဲ့ ဘာအမှားအယွင်းမှ မရှိခဲ့တဲ့ပုံစံနဲ့ ကြည်လို့ ရွှင်လို့။ ဒါကြောင့် လှပ်နေ တဲ့ အခြေအနေလေးကို ကျွန်မရဲ့ယိုးစွပ်လိုတဲ့ စကား တွေနဲ့အကျည်းတန်သွားအောင် မလုပ်တော့ပါ ဘူးလေ ဆိုပြီးနှုတ်ပိတ်ရေငုံထားလိုက်တဲ့ အပြင်ဦးကျော်ဇောအကြောင်းလည်း မာ၏ သာ၏ တစ်ခွန်းမှ ထုတ်ပြီး မမေးဖြစ်အောင် နှုတ်ကို စောင့်ထိန်းထားလိုက်ပါတယ်။ မကြားချင်၊ မမြင်ချင်၊ မသိချင်တာဟာ အကောင်း ဆုံးပါ ပဲ မဟုတ်လားနော်။

မမက ရောက်လာတာနဲ့ သူ့စားဝတ်နေရေးအတွက် အလုပ်ရှာချင်တယ်ဆိုတာနဲ့ တနင်္ဂ နွေနေ့မှာ ထုတ်ဝေတဲ့ သတင်းစာထဲက အလုပ်ခေါ်တဲ့ ကြောငြာတွေ ၀ိုင်းဖတ်ပြီးအဆင် ပြေမဲ့၊ အပ်စပ်မဲ့အလုပ်တွေကို ဖုန်းဆက် အင်တာဗျူးတောင်း ရတာပေါ့။ ကျွန်မရဲ့ ချွေးမ ဘော်ဘီက ဘုရား တရားအလွန်ကြည်ညိုတဲ့အပြင် ပရဟိတအလုပ် ကိုလည်း အလွန်အ မင်းဝါသနာပါတာ။ အားတဲ့အချိန်ဆိုရင် ဘုရားကျောင်းက ကြီးမှုးလုပ်ထား တဲ့ လူမှုဝန်ထမ်း ကိစ္စတွေနဲ့ရှုပ်ထွေး လုပ်အားပေးနေတာမျိုး။ မမရောက်လာတော့ ဒီကျရင် အနောက်တိုင်း လိုဝတ်မှာဆိုပြီး မြန်မာဝတ်စုံတွေ ယူမလာပါဘူး။ အနောက်တိုင်းဝတ်စုံလည်း ၀ယ်မ၀တ် နိုင်သေးတဲ့ ကာလမှာ အင်တာဗျူး သွားရမယ်ဆိုတော့ ပြဿနာပေါ့။

ဒီတော့ဘောဘီက ဘုရားကျောင်းကို ခေါ်သွား၊ သူတို့ဘုရားကျောင်းမှာ လိုအပ်သူတွေကို ကူညီဖို့ ဆိုပြီးပြည့်စုံကြွယ်ဝ သူ အများတကာက ပေးလှူထားတဲ့အ၀တ်အထည်တွေထဲက မမဆိုက်၊ မမအရွယ်ကိုရှာပြီး အိမ်မှာနေ၀တ် ဖို့ ၊ည၀တ်ဖို့၊ အလုပ်သွားဖို့ကအစ အမျိုးမျိုး ရှာပြီးအကျအန ဆင်ပေးသေးတာပါ။
အပြောအဆို ကလည်း ချိုသာ၊ အင်္ဂလိပ်စကားကလည်း သွက်လက်၊ ပညာအရည်အချင်း ကလည်ရှိ၊ အ၀တ်အစား အဆင်အပြင်ကအစ အနောက်တိုင်းသူတွေနဲ့ တစ်သားတည်း ကျ လေတော့ သိပ်ကြာကြောတောင် အလုပ်မရှာ လိုက်ရပါဘူး။ တစ်ခဏနဲ့ ထိုက်ထိုက်တန် တန်အလုပ် တစ်ခုရသွား ပါတော့တယ်။ အလုပ်ရခါစ ရက်တွေမှာတော့ ကျွန်မပဲဒိုင်ခံပြီး အကြိုအပို့လုပ်ပေး၇တယ်ပေါ့။ တစ်နေ့ ကားပေါ် မှာ စကားတစ်ခွန်းဆိုလာပါတယ်။

"ငါ့ညီမကို မမသိပ်သနားတာပဲ၊ ခင်က အိမ်ထောင်ရေး ကံမကောင်းဘူးနော်၊ အိမ်ထောင် မပြုဘဲ နေတာပဲကောင်းပါတယ်"တဲ့။
ကျွန်မ ပြန်မေးချင်တဲ့ စကားတွေ နှလုံးသားကနေ နှုတ်ခမ်းဝအထိရောက်လာပါရဲ့။ နှုတ်ခမ်း ကို တင်းတင်းစေ့ပြီး ပြိုကျတော့မဲ့ မျက်ဝန်းက မျက်ရည်တွေကို မျက်တောင်တဖျက်ဖျက် ခတ်ရင်းနဲ့ သိမ်း ဆည်းနိုင်အောင် ကြိုးစားရပါတယ်။ အမေး အဖြေတွေလုပ်ပြီး ဇာတ် ကြောင်းလည်းမပြန်ချင်တော့ပါဘူး။

ကျွန်မဆီက ခွန်းတုံ့မရတာနဲ့ သူလည်းစကားမဆက်တော့ဘဲ ရပ်သွားပါတော့တယ်။ ဒီလိုနဲ့ ပထမ Pay Check၊ ဒုတိယ Pay Check လစာငွေလေး ရလာတဲ့အခါ အလုပ်နဲ့နီးနီး အိမ်ခမ်းငှးပြီး နေတော့မယ် ဆိုပြီး ပြောင်းသွားလေ ရဲ့။ မမပြောင်းမယ်ဆို တော့မာမီကစိတ်မကောင်းတွေဖြစ်လို့။ မမလက်ကလေးကိုဆွဲပြီး "မကြာမကြာ လာလည် နော်"လို့ ၀မ်းပန်းတနည်းနဲ့ မှာနေရှာသေးတယ်။
ဒါပေမဲ့ ကျွန်မရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ မမတစ်ခေါက်မှ ပြန်လာမလည်ပါဘူး။ ကျွန်မအမေ ကွယ်လွန်တဲ့အချိန်မှာ သားကြီး က သတိရပြီး မမကိုဖုန်းဆက်အကြောင်းကြာခဲ့ပါတယ်။ ၀မ်းနည်းကြောင်း သ၀ဏ်လွှာလေး တစ်စောင် ပြန်ကြားပို့လာတာလွဲလို့ ကိုယ်တိုင်တော့ အသုဘပို့ရောက်မလာပါဘူး။

ဒီလိုပါပဲ၊ ဘ၀ခရီးမှာ ကိုယ်က ရယူတဲ့အခါတွေရှိခဲ့သလို ကိုယ်ကပေးဆပ် လိုက်ရတဲ့ အခါ တွေလည်း ရှိတတ်တာပါပဲ။ သံသရာဆိုတာက အရှည်ကြီး။ ပေးဆပ်စရာ ကြွေးတွေကိုယ့် မှာဘယ်လောက် ပါလာခဲ့သလဲမှ မသိနိုင်တာနော်။ သီယိုဆိုဖီအသင်းမှာ ပို့ချတဲ့စကား တစ်ခွန်းကို သတိရမိ ပါတယ်။ ပေးဆပ်စရာ ရှိရင်အကြွေး ကို စိတ်ကြည်ကြည်လင်လင် ထားပြီး အပြည့်အ၀ ကျေကျေနပ်နပ် ပေးဆပ်လိုက်မှ ကြွေးကကျေတာတဲ့။ တကယ်တော့ ကြွေးဟောင်းတွေဆပ်ရင်း ကြွေးသစ်မတင်မိဖို့က အရေးကြီးတာပါပဲလေ။
မမကိစ္စ တာဝန်ပေါ့သွားတာ ကျွန်မလည်အိမ်ဝယ်နိုင်ရေး ဦးတည်ပြီးအလုပ်ကောင်းကောင်း တစ်ခုရှာ လုပ်မှဖြစ်တော့မယ် လို့ စဉ်းစားမိပါတယ်။ ခက်တာက မာမီက ကျန်းမာရေး မကောင်းတဲ့အပြင် နားကလည်း လုံးဝမကြားသူဖြစ်တာမို့ အိမ်မှာအဖော်မ၇ှိဘဲတစ် ယောက်တည်းထားခဲ့လို့ မဖြစ်ပါဘူး။ ဘော်ဘီက အလုပ်မလုပ်ဘူး ဆိုပေမဲ့ စောစောက ကျွန်မရေးခဲ့တဲ့အတိုင်း သူ့မှာလူမှုဝန်ထမ်း ပရဟိတ ကိစ္စတွေနဲ့ နေ့စဉ်အလုပ်များနေတဲ့ သူပါ။ နောက်ပြီး မက်သဒစ်အမျိုးသမီးအဖွဲ့မှာလည်း သူကဥက္ကဋ္ဌအဖြစ် တာဝန်ယူထား လိုက်သေးတယ်လေ။ သူတို့ထား၇ှိနိုင်တဲ့ စိတ်စေတနာမျိုးကလည်း ရှးပါရဲ့၊

တစ်ခါတစ်ရံ မာမီမှာ အဖော်ရှိတဲ့အခါ သူလုပ်နေတဲ့ ပရဟိတနေရာတွေကို ကျွန်မ လိုက်သွားဖြစ်တဲ့ အခါတွေလည်း ရှိတာမို့ အတွေ့အကြုံက အစုံပါပဲ။ ဒီမှာဦးနှောက်ဥာဏ် အဆင့်မိအောင် မပြည့်စုံတဲ့ ကလေးတွေ ကို လူမှုဝန်ထမ်းဌာနက တာဝန်ယူပြီးသီးခြား ပညာသင်ပေးတဲ့ ဌာနတွေရှိပါတယ်။ အတန်းစာ သင်ပေးသလို သူတို့စိတ်ဝင်စားစရာ လက်မှုပညာတွေလည်း သင်ပေးတယ်ပေါ့။ ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး ကိုယ့်အားကိုယ် ကိုးနိုင်အောင် သက်မွေးဝမ်းကျောင်းပညာပေးခြင်းပါပဲ။ သင်ကြားပြသရတဲ့ဆရာ၊ ဆရာမ တွေ အတော်ကိုစိတ်ရှည်ရှည်ထားနိုင်ကြတာက တကယ်ချီးကျူးစရာတစ်ခုလို့ ကျွန်မ ကြည့်ပြီး သာဓုခေါ်မိပါရဲ့။

ကျွန်မ ချွေးမ ဘော်ဘီကအဲသလို ကရိကထခံပြီးစိတ်ရှည်ရှည်နဲ့ လုပ်အားပေးဆရာမ လည်းရက်ပိုင်းနဲ့ လုပ်ပါသေးတယ်။ ကျွန်မလည်း အထိုက်အလျောက်တော့ သူတစ်ပါး အပေါ်မှာ စာနာ တတ်သူ၊ စေတနာ ထားသူလို့ ကိုယ့်ဟာကိုယ် ထင်ထားမိပေမဲ့ လက် တွေ့ကျတော့ဘော်ဘီ ရဲ့ စေတနာမျိုး ကို လိုင်မမီတာ ၀န်ခံရပါတယ်။ တစ်နေ့ သူလုပ် အားပေးတဲ့ တခြားနေရာတစ်ခုကို လိုက်သွားမိတာ ခေါင်းတွေကိုက်ပြီး ညကျတော့  တစ်ညလုံးလည်း အိပ်လို့မရတော့ဘူး။ သူခေါ်သွားတဲ့နေရာက သက်ကြီးလူအိုထိန်းဌာန လေ။

ဒီမှာစားဝတ်နေရေး ရပ်တည်မှုအတွက် အများအားဖြင့် လူတိုင်းနီးပါး အလုပ်လုပ်ကြရပါ တယ်။ ရှေးခေတ် တုန်းကတော့ မြန်မာပြည်မှာလိုပဲ အိမ်ထောင်ဦးစီး တစ်ယောက်က စီးပွား ရှာရင် တစ်အိမ်လုံး ထိုင်စားနိုင်ကြတာပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ လက်ထပ်တာ ကလည်းဘ၀ရဲ့လုံခြုံမှုရဖို့အတွက် အားကိုးရှာ တာပါပဲ။ ယောက်ျားက စီးပွားရှာ၊ မိန်းမက သားသမီးတွေမွေး ပြုစုပျိုးထောင်ပေးပြီး အိုလာတဲ့ မိဘတွေကို ပြန်စောင့်ရှောက်။ ခုခေတ် ကျတော့သိပ္ပံပညာတွေ တိုးတက်လာတာနဲ့အမျှ လိုအပ်ချက်တွေကများလာပြီး ကုန်ကျစ ရိတ်တွေတက်လာတဲ့အခါ ယောက်ျားတစ်ယောက်တည်း ရှာစာနဲ့ မလုံလောက်တော့ ဘူးလေ။

အမျိုးသမီးတွေ လည်း ပညာတတ်တွေဖြစ်လာပြီး ယောက်ျားတွေနဲ့ ရင်ပေါင်တန်း အလုပ် တွေ လုပ်လာနိုင်တာကြောင့် မွေးထားတဲ့ ကလေးတွေကိုလည်း ကိုယ်တိုင်ထိန်းကျောင်းဖို့ အချိန်မပေးနိုင် တာမို့ နေ့ကလေးထိန်း ဌာနကိုပို့၊ မိအို ဖအိုတွေကိုလည်း လူအိုရုံပို့၊ တချို့ကျတော့ လည်း နေ့ကလေးထိန်းဌာနလို ဖွင့်ထားတဲ့သက်ကြီးလူအိုထိန်းဌာနကို ပို့ကြရပါတယ်။ အလုပ်မသွားခင်မှာ အဖေအို၊ မအေအိုတွေကိုချထား၊ ညနေအလုပ်က ပြန်မှလာကြို။

အဲဒီဌာနမျိုးတွေကို ဘုရားကျောင်းကလူမှုရေးအနေနဲ့ ထား၇ှိပေထားတာမို့ ဘော်ဘီက လည်းတစ်ပတ်တစ်ရက် လုပ်အားပေးသွားပါတယ်။ ပေးလှူခြင်းအမျိုးမျိုး ၇ှိတဲ့အထဲမှာ ငွေကိုပေးလှူခြင်း၊ လုပ်အား ကိုပေးလှူခြင်း၊ အချိန်ကိုပေးလှူခြင်း စသဖြင့်ပေါ့။ သူလည်း အချိန်နဲ့လုပ်အားကိုပေးလျူခြင်းလို့ ဆိုရမယ် ထင်ပါရဲ့။ သားသမီးတွေက ချထားခဲ့တဲ့ ဌာနကိုလာကြရရှာတဲ့ ဘိုးဘွားတွေခမျာ ရောဂါကလည်း အမျိုးစုံ၊ တချို့ကလူတွဲနဲ့၊ တချို့က Walkerဆိုတဲ့ လေးချောင်းထောက်လက်ကိုင်ထုတ်နဲ့၊ တချို့က Wheel Chair နဲ့ ကိုယ့်ဟာကိုယ် လျှောက်နိုင်တယ် ဆိုတာတောင်မှ ချည့်နဲ့နဲ့ ယိုင်ထိုးထိုး အမျိုးမျိုးပုံစံ နဲ့တွေ့ရ ပါတယ်။

တစ်ဦးစီ တစ်ဦးစီမှာလည်း ပြဿနာကိုယ်စီနဲ့ပါ။ ဒီတစ်ယောက်က ဆိးချို၇ှိလို့ အချို ရှောင် ရတာမျိုး၊ နောက်တစ်ယောက်က သွေးတိုရှိလို့ အငန်မတည့်တဲ့ဟာမျိုး၊ ကျွေးရမဲ့ အစားသောက်ကို မမှားမယွင်း ရအောင် စိစစ်ရသလို သောက်ရမဲ့ဆေး အမျိုးအမယ်စုံကို လည်းတစ်ဦးတစ်မျိုးစီ တိုက်ရသေး တာပါ။ ကျွေးမွေးသန့်စင်ပေးပြီးရင်လည်း သူတို့ကို အချိန်နဲ့အနားယူခိုင်၊ တစ်နေ့တာလုံး ဆိုတော့ မပျင်းရအောင် စာဖတ်ဝါသနာ ပါသူတွေ ကိုဘုရားစာ တရားစာဖတ်ရင်ဖတ်ပြ၊ ဖဲကစားဝါသနာပါသူတွေကို အဖော်လုပ်ပြီး ဖဲကစား ပေး၊ စကားပြောလိုသူတွေ ပြောလိုသမျှစိတ်ဝင်စားဟန်ပြပြီး နားထောင်ဆိုတဲ့ အဖော်မဲ့သူ ဘိုးဘွားတွေကို အဖော်လုပ်ပေးရတာလည်း ရှိပါသေးတယ်။

တချို့ကျတော့လည်း သတိတွေချို့ယွင်းကုန်တာမို့ တပိုတပါးသွားချင်ရင်တောင် မပြော ကြလို့ ကလေးငယ်တွေ လို ခါးတောင်းကျိုက်ပါ ၀တ်ပေးထားရတဲ့ဘိုးဘွားတွေလည်း ရှိသေးတာနော်။ အဲဒီဘိုးဘွားတွေ ကို ကလေးငယ်လို ရေအိမ်ပို့၊ သန့်ရှင်းရေး လုပ်ပေးရ တဲ့ထိအညစ်အကြေးတွေကိုပါ သုတ်သင်ပေး ရတာကြောင့် လုပ်အားပေးတွေရဲ့ စေတနာ ကိုလေးစားချီးကျူးစရာကောင်းတာပါ။
ကျွန်မလိုက် သွားတဲ့နေ့က အိုရခြင်း၊ နာရခြင်းရဲ့ ဆင်းရဲဒုက္ခတွေကို မျက်ဝါး ထင်ထင်မြင် တွေ့လိုက် ရတာမို့ ထိတ်လန့်တုန်လှုပ်စွာနဲ့ တရားရမိတာအမှန်ပါပဲ။ ကိုယ်ကပုထုဇဉ် လူသားပဲဖြစ်တော့ တရားသဘောကို လက်ခံမိပေ မဲ့ တွယ်ငြိနေတဲ့ သံယောဇဉ်နွံထဲက လည်းရုန်းထွက်နိုင်တဲ့ စိတ်စွမ်းအားမရှိတာကြောင့် တစ်ညလုံး တလူးလူး တလွန့်လွန့်နဲ့ အိပ်မရဖြစ်တော့တာပဲ။ ချွေးမဘော်ဘီကတာ့ ဒါမျိုးတွေရိုးနေပြီဆိုတဲ့ ပုံစံနဲ့လက်တွေ့ ကျ ကျသူလုပ်ပေးစရာ ရှိတာတွေကို ဆက်လက်လှုပ်၇ှားလျက်ပါ။

မာမီ့ကိုအိမ်မှာ ထားခဲ့ပြီးအလုပ်ထွက်လုပ်ရင် ဘော်ဘီက စောင့်ရှောက်ပေးမှာသေချာပေမဲ့ ကိုယ်က အရာရာတင်စီးသလို ဖြစ်မှာစိုးတာနဲ့ ကလေးတွေကျောင်းကပြန်လာတဲ့အချိန်ကျ မှမာမီနဲ့ အဖော် ထားခဲ့ပြီး ကျွန်မအလုပ်သွားတာက ပိုပြီးအဆင်ပြေနိုင်တာမို့ ညနေပိုင်း လုပ်ရမဲ့အလုပ်မျိုးကိုပဲ ဦးစားပေးပြီး ရှာရတော့တာပေါ့။ ဒီကကုန်တိုက်ကြီးတွေ ကုန်မျိုးစုံ ဆိုင်ကြီးတွေက ညဘက်ထိဖွင့်ကြတာကြောင့် ကိုယ်နဲ့ အဆင်ပြေမဲ့အချိန် ရှာရတာ အ ခက်အခဲမရှိပါဘူး။

ကျွန်မအလုပ်ထွက်လုပ်လို့ ၀င်ငွေလေးရလာသလို ကျွန်မရဲ့မိခင်မှာလည်း Social Securityခေါ်တဲ့ သက်ကြီး လစာ၊ အစိုးရက ထောက်ပံ့တဲ့ငွေ ရပါသေးတယ်။ ရောက်ခါစ တုန်းကတော့ ကိုယ့်ဟာကိုယ် အလုပ်ရှုပ်နေတာ နဲ့ပဲ ဒါတွေကိုရကောင်းစေ မစဉ်းစားမိပါ ဘူး။ အမေရိကားမှာ လူတိုင်းဆင်းရဲ ချမ်းသာမရွေး အသက်၆၉နှစ်ကျော် ရင် အစိုးရက ထုတ်ပေးတဲ့ သက်ကြီးလစာရကြပါတယ်။ တကယ်ကအစိုးရပေးတာ မဟုတ်ပါဘူး။ လူ တိုင်းကိုယ်လုပ်တဲ့ အလုပ်ကရရမဲ့ လစာငွေထဲက လစာထုတ်တိုင်း အစိုးရကိုပေးရမဲ့ အမြတ်ခွန်ရယ်၊ အသက်အရွယ် ကြီးတဲ့အခါ ထုတ်ပေးမဲ့ သက်ကြီးလစာ အတွက် ရယ်၊ ဆေးကုသ အာမခံကြေးရယ် အားလုံးဝင်ငွေ ရဲ့အချိုးကျကိုဖြတ်ယူထားလိုက်ပြီးသားပါပဲ။

ဒါကြောင့်ဒီမှာ လူတိုင်းအလုပ်ရှိဖို့ အရေးကြီးပါတယ်။ အလုပ်ရှိမှ ကိုယ့်ရဲ့စားဝတ်နေရေး ပြေလည်တာအပြင် ကိုယ့်မိသားစု ရဲ့ ဆေးကုသအာမခံလည်း ရှိထားတော့ ကျန်းမာရေး အတွက်စိတ်အေးရတယ်ပေါ့။ အမေရိကား မှာဆေးကုသမှုက အလွန်အမင်း ဈေးကြီးပါ တယ်။အာမခံ မရှိဘဲ ဆေးရုံးတက်လို့ကတော့ မွဲသွားနိုင်တာမျိုးပါ။ တစ်ခါက မြန်မာမိတ် ဆွေဇနီးမောင်နှံ အမေရိကားမှာ ရှိတဲ့သားဆီ အလည်လာခိုက် ခင်ပွန်းသည်က ရုတ်တ ရက်နေမကောင်းဖြစ်တာ နဲ့ ဆေးရုံတင်လိုက်ရတာ ICUမှာ နှစ်ရက်တည်းနေခဲ့တဲ့ ကုန်ကျ စရိတ် က ဒေါ်လာသောင်းကျော်ဖြစ်သွားလို့ ဆေးရုံကဆင်းတာနဲ့ ချက်ချင်းမြန်မာပြည်ကို ပြန်သွားကြလေရဲ့။
ဒီမှာအသက် ၆၉နှစ်ကျော်တဲ့ သက်ကြီးသူတွေအတွက် ဆေးကုသအခမဲ့ Medicareဆိုပြီး လည်း တာဝန်ယူထားပေးတဲ့ စနစ်ကရှိထားလို့ မာမီ့အတွက်ဆေးစစ်တာ၊ ဆရာဝန်ပြတာ အစစအတွက်တော့ ကျွန်မမပူရ ပါဘူး။ မာမီက နှလုံးရောဂါ ရှိတာမို့ လစဉ်မှန်မှန်ဆေးစစ် ရပါတယ်။ ကျွန်မှာမအလုပ်လေး တစ်ခုရှိ ထားပြီး ဆိုတော့လည်း သားသမီး၊ မိသားစုအ တွက်ပါဆေးကုသ အာမခံရထားတော့ စိတ်အေးရတယ်ပေါ့။

ဦးကျော်ဇောဆီကတော့ တစ်ခါတစ်ရံ စာအဆက်အသွယ်ရပါတယ်။ ကျွန်မရောက်ပြီး တစ် နှစ်၇ှိ တာတောင် ရောက်မလာသေးပါဘူး။ ကျွန်မလည်းကြာတော့အားနာနာနဲ့ သားအိမ် မှာနေသား တကျဖြစ် သွားပြီပေါ့။ မြေးတွေနဲ့ လုံးထွေးနေရတာ တစ်ခါတလေလည်း ကိုယ့် ဘ၀ကိုယ်မေ့ထားမိသလိုပါပဲ။ သူတို့နဲ့နေရ တာပျော်ရတဲ့ အချိန်တွေရှိသလို စိတ်ရှုပ်ရ တာမျိုးလည်းကြုံရပါရဲ့။ အထူးသဖြင့် "ခန့်ကိုကို" က မြန်မာပြည်အကြောင်းကို ပိုပြီးစိတ် ၀င်စားပါတယ်။
ခဏခဏလည်း လာစပ်စုတတ်ပါသည်။
"ဘွားဘွား...မြန်မာပြည်က အမေရိကားကို လှလားဟင်"
"လှတာပေါ့၊ ဘွားဘွားတို့နေတဲ့ ဖလော်ရီဒါလိုပဲ နေကိုအမြဲမြင်နေရတာ"

"ဘွားဘွားတို့၊ သားရဲ့ဒယ်ဒီတို့ မွေးခဲ့တဲ့ဇာတိ မန္တလေးမြို့မှာဆိုရင် ဟိုးရှေးရှေးတုန်းက ရှင်ဘုရင်တွေ နန်းစံခဲ့တဲ့ နန်းတော်မြို့ရိုးတွေ၊ ကျုံးတွေ၊ တံတားတွေ ပကတိအတိုင်းရှိ သေးတယ်။ မန္တလေးတောင် ဆိုတာလည်း သိပ်လှတာပဲ။ အဲဒီတောင်ပေါ်က တက်ကြည့် ရင်မန္တလေးတစ်မြို့လုံးရဲ့ ရှုခင်းကို မြင်ရတယ်"
"သားတို့ မြန်မာပြည်သွားရင် အဲဒီမန္တလေးကို ခေါ်သွားမှာလားဟင်"
"ခေါ်သွား မှာပေါ့၊ အဲဒီမှာ မြင်းနဲ့ဆွဲတဲ့ ရထားတွေလည်းရှိတယ်၊ ခန့်ကို စီးမယ် မဟုတ် လား"
"ဟုတ်လား၊ လူတိုင်းစီးလို့ရလား"
မြင်းနဲ့ဆွဲတဲ့ရထား ဆိုတာနဲ့တော်တော် တအံ့တသြဖြစ်နေလေရဲ့။ ရှားပါးပစ္စည်းဆိုတာ တန်ဖိုးရှိမြဲပါပဲနော်။ ကျွန်မတို့မြန်မာပြည်က ကားကတန်ဖိုးရှိပစ္စည်းဖြစ်ပေမဲ့ ကားထုတ် လုပ်ရာဒေသဖြစ်တဲ့ အမေရိကားမှာတော့ ကားကဖောခြင်းသောခြင်းပဲလေ။ ကားကိုလူ တိုင်းလိုစီးနိုင်ပေမယ့် မြင်းကျတော့ လူတိုင်းမစီးနိုင်ပါဘူး။ မြင်းကတန်ဖိုးကြီးတဲ့အပြင် မြင်းဇောင်းနဲ့ ဘာနဲ့အကျအနထားရတဲ့ စရိတ်ကကြီးတာမို့ သူဌေးတွေမှမြင်းကို အပျော် စီးနိုင်ကြတာပါ။

မြန်မာပြည်မှာ မြင်းလှည်းစီးလို့ရမယ်ဆိုတာနဲ့ ခန့်ကိုအတော်စိတ်ဝင်စားသွားပါပြီ။
"ဘွားဘွားယူလာတဲ့ ရှောက်သီးဆေးပြားတွေရော အများကြီးရှိလားဟင်"
"အို...အများကြီးပေါ့၊ တစ်မျိုးတည်းတောင် မကဘူး။ ဇီးပြားတို့၊ သရက်ပြားတို့၊ သံပရာ ပြားတို့အမျိုးစုံပဲ၊ သိပ်စားလို့ကောင်းတာ"
ခန့်ကို ကျွန်မပြောတာတွေ နားထောင်ပြီးတော့ သွားရည်တမြားမြားကျနေပုံရပါတယ်။
"ဘယ်တော့ခေါ်သွားမှာလဲဟင်။ လာမဲ့ဇွန်လကျရင် သားတို့နွေကျောင်းပိတ်နှစ်လခွဲ ရမှာ။ အဲဒီအချိန် သွားရအောင်နော်"
ကျွန်မက နားအေးအောင်..
"အေး...သွားတာပေါ့"လို့ ပြီးစလွယ် ပြောလိုက်မိတာပါ။

ည ဆယ့်တစ်နာရီလောက်ကျတော့ ကျွန်မတို့ အိပ်ခန်းတံခါးကို တဒေါက်ဒေါက်လာခေါက် သံကြားရတာနဲ့ အိပ်ပျော်ခါနီးဆဲဆဲခေါင်းထူးပြီး "ဘယ်သူလဲ" မေးလိုက်တော့..
"ခန့်ကိုပါ"တဲ့။
"၀င်ခဲ့လေ၊ ဘာလိုချင်းလို့လဲ၊ ခုချိန်ထိ မအိပ်သေးဘူးလား"
"မအိပ်သေးဘူး၊ ဘွားဘွားကိုမေးစရာ၇ှိလို့။ မြန်မာပြည်သွားရင် လမ်းစရိတ်ဘယ် လောက်ကျသလဲဟင်"
အချိန်မဟုတ် အခါမဟုတ်မှာ ဒီလိုမေးခွန်းလာမေးတာ ကျွန်မရယ်လည်း ရယ်ချင်၊ သူ့ကို စောစော စိတ်ဝင်စားအောင် မြန်မာပြည်အကြောင်းတွေ ပြောလိုက်မိတာ မှားသွားပြီလို့ တွေးလိုက်မိပါရဲ့။
"အသွား အပြန် ဆိုရင် တစ်ယောက်ကို ဒေါ်လာတစ်ထောင့်ခြောက်ရာ ကျတယ်" လို့ကိစ္စ ပြတ်ခပ်တိုတို ပဲ ဖြေလိုက်ပါတယ်။
"ဒီမှာ သားရဲ့စုဘူး ယူလာတယ်။ ဘွားဘွားရေပေးပါ၊ မြန်မာပြည်သွားဖို့ လမ်းစရိတ်လေ"
"သေလိုက်ပါတော့" လို့ ကိုယ့်ဟာကိုယ် ညည်းမိပါရဲ့။ ဆတ်ဆော့ပြီး အိပ်ရာဝင်ခါနီးမှ မြန်မာပြည်အကြောင်း သွားပြောမိတာ ကျွန်မအပြစ်ပါပဲ။

"မနက်မှ ရေပါ ခန့်ကိုရယ်၊ ဘွားဘွားအိပ်ချင်ပြီ"
"အခု ရေပေးပါ ဘွားဘွားရယ်၊ ဒါမှဘယ်လောက်လိုသေးလဲ ဆိုတာသိရင် ထပ်စုမလို့"
မျက်နှာငယ်လေးနဲ့ ပြောနေတော့လည်း ကျွန်မ မနေနိုင်တော့ဘူး။ အိပ်ရာကထပြီး သူ့စုဘူးရဲ့ အောက်ဘက်က အဖုံးကလေးကို ကလန့်ဖွင့်လိုက်ပြီး စားပွဲပေါ်မှာ မှောက်ချလိုက်ပါတယ်။ အကြွေစေ့မျိုးစုံ ထွက်ကျလာလေရဲ့။
တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ၊ သုံးဒေါ်လာ၊ လေးဒေါ်လာ စုစုပေါင်း ငါးဒေါ်လာနဲ့ ခြောက်ပြား။
" မြန်မာပြည် ရောက်ဖို့တော့ နီးပြီ "လို့။

သူ့စုဘူးထဲက အကြွေတွေကို ရေတွက်ပြီင်္း ကျွန်မ မှတ်ချက်ချလိုက်တော့ ဒါကို သူက အတည်ပြောတယ်မှတ်ပြီး ၀မ်းသာအားရနဲ့ အကြွေစေ့တွေပိုက်ပြီး ပြန်ထွက်သွားပါလေရော။ ဒီတော့မှ ကျွန်မလည်း  အိပ်ရပါတော့တယ်။ မိုးလင်ခါစ အိပ်ရာကနိုးလို့ ပြတင်းတံခါး ဖွင့်လိုက်တာနဲ့ လမ်းပေါ်က အိမ်ဘက်ကို ချိုးဝင်လာတဲ့ စက်ဘီးတစ်စီး တွေ့လိုက်ရတော့ စောစောစီးစီး ဘယ်သူများလဲပေါ့။ သေသေချာချာ ကြည့်လိုက်မှ ခန့်ကိုဖြစ်နေလေ ရဲ့။ တစ်အိမ်လုံး ဘယ်သူမှ မနိုးကြသေးဘူး။ ကျွန်မကသာ စောစောထတတ်သူမို့ နိုးနေတာ။ ဘယ်အချိန် က ဒီကောင် အိပ်ရာကထပြီး ဘယ်သွားပါလိမ့်နဲ့ ရင်ထဲမှာ ထိတ်သွားမိတာနဲ့ အပေါက်ဝကို အပြေးသွားပြီး...
" ခန့်ကို အစောကြီးရှိသေးတယ်၊ ဘယ်သွားတာလဲ "

ပြူးပြူးပျာပျာနဲ့ ကျွန်မက မေးတော့...
" ဟိုဘက်ကမ်းက မစ်ကီတို့အိမ် သွားတာပါ "တဲ့။
" ဘာကိစ္စ ဒီအချိန်ကြီး သွားရတာလဲ။ သူတို့ အိပ်ရာက နိုးပြီမို့လား "
" မနိုးသေးပါဘူး၊ သားက တံခါးသွားခေါက်တော့ နိုးပြီမို့လား "
" ဘာအရေးတကြီးရှိလို့ သွားခေါက်ရတာလဲ။ ဒီအချိန်သွားတာ လူကြီးတွေလည်း ဒီမှာ မနိုးသေးဘူး။ ပြောသွားတာ မဟုတ်ဘဲ ထွက်သွားတာ မင်းဒယ်ဒီနဲ့ မာမီ သိရင် ဘယ်လောက်ပူမလဲ။ နောက် ဒါမျိုးမလုပ်နဲ့၊ ကြားလား "
" အင်းပါ၊ အခုလည်း သားတို့ ကျောင်းပိတ်ကျရင် မြန်မာပြည်ကို သွားလည်ကြမလို့ ဆိုတာ မစ်ကီင်္ကို သွားပြောတာပါ "

ကြည့်ပါဦး၊ မိုးလင်းအောင် မစောင့်နိုင်ဘဲ သူများအိမ် အိပ်နေကြတုန်း တံခါးခေါက်နှိုးပြီး သွားပြောစရာလားနော်။ အင်း... ကျွန်မ စလိုက်တဲ့ မြန်မာပြည်ရောဂါက မသေးဘူးဆိုတာ တွေးလိုက်မိပါရဲ့။
ဇာတ်လမ်း က ဒါနဲ့တင် မပြီးသေးပါဘူး။ ကျွန်မ မျက်နှာသစ်၊ ဘုရားဝတ်ပြုပြီး ရှစ်နာရီလောက် နံနက်စာ စားဖို့ ကောဖီစားပွဲကို သွားထိုင်တော့...
" ဟော... ဒီပြက္ခဒိန်ကို ခဲတံနီတွေနဲ့ ဘယ်သူ လာခြစ်ထားတာလဲဟင်။ အားလုံးပွစိကို တက်လို့ "
ကျွန်မ ချွေးမဘော်ဘီ က မီးဖိုနံရံမှာ သူလုပ်စရာ၊ သွားစရာ ကိစ္စအ၀၀အတွက် ဇယားချ မှတ်သားထားတဲ့ ပြက္ခဒိန်လှလှလေး ပွစိတက်နေတဲ့ အဖြစ်ကို ကြည့်ရင်း မကျေမနပ်နဲ့ မေးနေပါတယ်။
" ခုနတုန်းက ခန့်ကို ကုလားထိုင်နဲ့ တက်ပြီး လုပ်နေတာ တွေ့တယ် မာမီ "နဲ့ ခန့်ညီက ဖော်ကောင် လုပ်ပါလေရော။

" လာစမ်း ခန့်ကို၊ ဒီပြက္ခဒိန်ကို ဘာလို့ ခြစ်ထားရတာလဲ " မေးတော့...
" မြန်မာပြည်သွားဖို့ ဘယ်နှရက် လိုသေးလဲဆိုတာ သား တွက်ထားတာ မာမီ "တဲ့။
တရားခံကတော့ ကျွန်မပဲပေါ့။ ဒါကြောင့် ကလေးတွေကို ပေါ့ပေါ့တန်တန်မပြောသင့်ဘူး ဆိုတာ သင်ခန်းစာရလိုက်ပါတယ်။ ကိုယ်တကယ်လုပ်ပေးနိုင်မှ ကတိခံတာအကောင်းဆုံးပါ ပဲ။ မလုပ်ပေးနိုင်၇င်လည်း အကျိုးအကြောင်းနဲ့ သူတို့နားလည်းလက်ခံနိုင်အောင် ရှင်းပြရ မှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရင်ထဲ မှာ တော်တော်ခံစားသွားမိပါတယ်။ တစ်နေ့ သောတစ်နေ့သောပြောထားမိတဲ့ စကားအတိုင်း ခန့်ကိုကို မြန်မာပြည်လိုက်ပို့နိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
အဲဒီတစ်နေ့ကတော်တော်နဲ့ ရောက်မလာပါဘူး။ ကိုးနှစ်သားအရွယ်က ပြောထားတဲ့စ ကားကခန့်ကို ဘွဲ့ရပြီးလို့ သူ့ဖခင်ပိုင်တဲ့ ကုမ္ပဏီမှာအရာရှိတစ်ယောက် ဖြစ်လာတဲ့အ သက်၂၈နှစ်အရွယ်ကျမှမြန်မာပြည်ကို လိုက်ပို့ဖြစ်ပါတော့တယ်။ ငယ်ငယ်ကလို ရှောက် သီးဆေးပြား ကြိုက်တဲ့အရွယ် မဟုတ်တော့လို့ ရှောက်သီးဆေးပြားတော့ မပူဆာပါဘူး။

မန္တလေးနဲ့ ပုဂံမှာမြင်းလှည်းစီးခဲ့ရတာတွေကိုလည်း သတောတွေကျ။ ကိုကျော်ကျော်နဲ့ မေးဘယ်လ်ရဲ့သမီး ယမင်းတို့မောင်နှမတွေက မန္တလေးတောင်ပေါ် ခေါ်သွားတမို့ ရှုမျှော် ခင်းလှတဲ့ မန္တလေးမှာလည်းပျော်လိုက၊ တည်းခိုတဲ့ ယဇနဟိုတယ်က လှမ်းပြီး ဖူးမြော်လို့ ရတဲရွှေတိဂုံစေတီတော်ကြီးကိုလည်း ကြည်နူးကြည်ညို မဆုံးနဲ့ အရုဏ်နဲကဆည်းဆာချိန် မှာဗွီဒီယိုရိုက်ရတာလည်းအမော။ အပျော်တာ့အပျော်ဆုံး ကတော့ ရွှေအမြုတွေမဂ္ဂဇင်း ဦးဝင်းငြိမ်းက ရုပ်ရှင်မင်းသမီး စိုးမြတ်နန္ဒာ ရဲ့မွေးနေ့ပွဲကိုခေါ်သွား တာနဲ့ မြန်မာပြည်က အပျိုချောတွေ တွေ့လာခဲ့ရလို့တဲ့လေ။
အဲဒီပွဲမှာ သူ့ဦးလေး ရွှေစင်ရဲ့သူငယ်ချင်းရစ်ချီမော်ဒယ်အေဂျင်စီ ပိုင်ရှင်ဒေါက်တာ ကျော်ဝင်းနဲ့ ဇနီးမီးငယ် တို့နဲ့ပါ ဆုံးခဲ့ပြီးသူတို့အဖွဲ့နဲ့ နိုက်ကလပ်တွေကို ပါသွားလိုက် တာမိုးလင်းခါနီးမှ ဟိုတယ်ကို ပြန်ရောက်လာပါတယ်။ အမေရိကားကိုပြန်မဲ့ရက်ရောက် တော့မြန်မာပြည်မှာပျော်လို့ သူဆက်နေချင်သေး တယ်။ ကျန်ခဲ့ရစ်မယ်တဲ့လေ။ အဖေက ထားခဲ့ရမလားနဲ့ ကျွန်မကိုလာမေးတော့ "ဘယ်ဖြစ်ပါ့ မလဲ၊ ဒါလောက်လည်ရ တော်ပြီပေါ့" ဆိုပြီးမပြန်ချင်သေးတဲ့ကောင်ကို တရွတ်ဆွဲခေါ်လာခဲ့ ရပါတယ်။ သွေးပြောတယ်ဆိုတဲ့ စကားကတကယ်ပဲထင်ပါရဲ့နော်။

သွေးပြောတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ မျက်လုံးပြာပြာ၊ ဆံပင်ရွှေဝါရောင်နဲ့ ခန့်ညီကလည်း သူ့ကိုယ်သူ မြန်မာဆိုပြီးဂုဏ်ယူသေးတာပါ။ တစ်နေ့ကျောင်းကစာသင် ခန်းထဲမှာ ဆရာကပထ၀ီသင်ရင်း လူမျိုးစုံအကြောင်းကိုလည်းပြောပြတယ်ပေါ့။ နေရာဒေ သအလိုက်ကမ္ဘာပေါ်မှာ လူမျိုးပေါင်းများစွာ၇ှိတဲ့ အကြောင်း ကိုသင်ပြရင်း လက်တွေ့အ တန်းသားထဲမှာ ကွဲပြားတဲ့လူမျိုးတွေလည်း ပါရှိတာမို့ လူမျိုးစု အလိုက်မတ်တတ်ရပ်ခိုင်း တယ်တဲ့။ အာဖရိကတိုက်နယ်သားလူမည်းတွေ မတ်တတ် ရပ်ပြပြီးတဲ့နောက် အရှေ့တိုင်း သားတွေကိုမတ်တတ်ရပ်ခိုင်းတော့ တရုတ်ကလေးတွေ၊ ထိုင်းကလေးတွေ၊ ဂျပန်ကလေး တွေနဲ့ အတူ ခန့်ညီညီကလည်း မတ်တတ်ရပ်ပြလိုက်တယ်တဲ့။
"Neil Khant မင်းကိုရပ်ခိုင်းတာမဟုတ်ဘူး။ အရှေ့တိုင်းသားတွေကို ရပ်ခိုင်းတာ၊ မင်းပြန် ထိုင်"လို့ ဆရာကပြောတော့...
"ဆ၇ာ...ကျွန်တော်ရဲ့ဖခင်က မြန်မာမို့ ကျွန်တော်လည်း မြန်မာလူမျိုးအရှေ့တိုင်းသားပါ" လိုက်ပြန်ဖြေတယ်တဲ့။

ကျောင်းက အပြန်ဒီနေ့ဖြစ်ပျက်ပုံကို လာပြန်ပြောပြတော့ ကျွန်မရင်မှာ ကြည်နူးပီတိစိတ် နဲ့နားထောင်းရင်း မျက်ရည်တောင်လည်မိပါတယ်။ "ဒါမှ ဘွားဘွားရဲ့မြေး"ဆိုပြီး ခန့်ညီကို တအားဖက်ရင်း မွှေးမွှေးတွေလည်း အများကြီးပေးပစ်လိုက်တယ်ပေါ့။ တစ်ခါကပါရီမှာ အတူဆုံခိုက်အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းပြောဖူး တဲ့ စကား တစ်ခွန်းကို အခုစာရေးရင်းသတိရမိပါသေးတယ်။ "မမခင်ရေ၊ မန္တလေးသား ဆိုတဲ့ အစွဲကသွေး ထဲမှာ ပါပြီးသားဗျာ"တဲ့။ အဲဒီစကားအရပြောရရင် ကျွန်မမြေးခန့်ညီလည်း မျက်လုံးပြာ၊ ဆံပင်ဝါ ပေမဲ့မြန်မာသေးကတော့ ရဲရဲတောက်ပါပြီးသားလို့ ဆိုရမယ်ထင်ပါရဲ့။ (မဟေသီမဂ္ဂဇင်း က"စင်တင်တဲ့စာ" ပင်တိုင်ဆောင်းပါးရှင် ဆရာဂိုးရှင့်၊ ဒါတော့ဇာတိစွဲ မလွန်တန်ကောင်း ပါဘူးနော်။)
ကျွန်မကမြန်မာအဘွားဆိုတော့ ကလေးတွေကိုလည်း မြန်မာစကား သင်ပေးထားတာပေါ့။ ခက်တာကအများနဲ့ တစ်ယောက်တည်းဆိုတော့ အလုပ်မဖြစ်ပါဘူး။ အငယ်ဆုံး ခန့်အောင်က အခါလည်ကျော်ကျော် နှစ်ခါ လည် နီးပါးမို့ စကားစပြောတတ်ခါစ မြန်မာလို့ နှစ်လုံးတွဲ စကားလေးတွေပြောတတ်နေပါပြီ။ ကျွန်မနဲ့တော အပြန် အလှန် အဆင်ချောလို့ပါ ပဲ။ သူ့အရွယ် အိမ်နီးချင်း ကလေးတွေ လာကစားတဲ့အခါ သူ့အရုပ်တွေ ကားတွေယူဆော့ တာတွေ့ရင် နောက်ကလိုက်ပြီး "ပေးပါ" "ပေးပါ"နဲ့ ပြန်လိုက်တောင်းနေရှာတာ။ ဟိုကလေးတွေက သူပြောတာနားမလည်တော့ ပြဿနာဖြစ်ပါလေရော။

တစ်ခါကလည်း သူ့အမေရှေ့မှာသွားရပ်ရင်း "ချီပါ" "ချီပါ"နဲ့ လက်ကလေးနှစ်ဖက် ကို မြှောက်ပြရင်းချီစေချင် လို့ပြောနေတာ အမေက cheeseချိစ္စပြား တောင်းတယ်ထင်ပြီးရေခဲ သေတ္တာထဲက cheeseတစ်ပြား ထုတ်ပေး လိုက်တော့ သူပြောတာ မဟုတ်လို့ ဘသားချော လေးကဒေါသ နဲ့ချိစ္စပြား ကို ပေါက်ထည့်ပစ်လိုက်ပါလေရော။ ဒါနဲ့ပဲ ကျွန်မလက်လျှော့ လိုက်ရပါတော့တယ်။ သားပြောသလို သားသမီးမြေးတွေနဲ့ ထိတွေ့နေခဲ့ရတဲ့ အချိန်ကာလ ထဲကအမှတ်တရ အဖြစ်အပျက်ကလေးတွေဟာ နှလုံးသားတစ်နေရာမှာ စွဲငြိပြီးအရာထင် သိမ်းဆည်းထား တဲ့ တန်ဖိုး၇ှိရတနာစုလေးတွေလိုပါပဲ။ နှစ်ပေါင်းကြာလို့ အတိတ်လမ်း ကို ပြန်လျှောက်ကြည့်မိ တဲ့ အခါ အပြုံးနဲ့နှလုံးအေးစေသော ဘ၀ရဲ့ပန်းချီကားချပ်လှလှက လေးတွေပါပဲနော်။
ဒီလိုနဲ့ ဦးကျော်ဇောရောက်လာမဲ့ရက်ကို လက်ချိုးရေတွက်မနေတော့ဘဲ ကိုယ်လုပ်စရာရှိ တာတွေလုပ်ရင်း ပုံမှန်လှုပ်ရှား လာခဲ့တာ ၁၃လမြောက်တဲ့အချိန်ကျတော့တစ်နေ့မှာ ဖုန်း တစ်ခုဝင်လာလေရဲ့။ ခေါ်တဲ့သူက သားကြီးရဲ့အင်္ဂလိပ်နာမည်နဲ့ Albertရှိလားလို့ မေးပါ တယ်။

"မရှိပါဘူး။ အလုပ်သွားပါတယ်။ ပြောစရာရှိရင်မှာခဲ့ပါ"လို့ပြန်ပြောတော့...
"မနက်ဖြန်ညနေ ဒယ်လ်တာလေကြောင်း ဖလိုက်နံပါတ် ဒီလောက်နဲ့ မစ္စတာကရောဇွာ မာယာမီလေဆိပ် ကို ရောက်မယ်၊ သွားကြိုဖို့ ပြောပေးပါ"တဲ့။
ဒါဆိုသူ့ရုံးကိစ္စဖြစ်မှာပဲလို့ တွေးလိုက်မိတာပေါ့။ အဲဒီအချိန်တုန်းက သားကြီးက ဘရား ဇီးလ်နိုင်ငံက သူတို့ရုံးခွဲတစ်ခု ကိုလည်း တာဝန်ယူပြီးကြီးကြပ်ရတာမို့ မကြာခဏခရီးထွက် ရပါတယ်။ ဟိုကတာဝန်ခံတွေ လာလိုက်၊ သူကသွားလိုက်ဆိုတော့ ဒီနာမည်က ဘရာဇီးသားတစ်ယောက် ဖြစ်လိမ့်မယ်ထင်ပြီး...
"နေဦး၊ Albertရဲ့ရုံးကို ဒီနံပါတ်နဲ့ခေါ်ပြီး ကိုယ်တိုင်ပြောပြလိုက်ပါ"လို့ပြောရင်းရုံးကနံပါတ် ကိုပေးလိုက်ပါတယ်။

အဲဒီလူ ဖုန်းချသွားသွားချင်း သားကိုလည်းဖုန်းဆက်ပြီး မစ္စတာကရောဇွာဆိုတာလာမှာမို့ လူတစ်ယောက်က အကြောင်းကြားတယ်။ ဘရာဇီးလ်ကလားမသိဘူး။ သားရဲ့ရုံးနံပါတ်ကို မာမီပေးလိုက်တယ်။ ဆက်လာလိမ့်မယ် ဆိုတာ ပြောပြထားလိုက်ပါတယ်။ တစ်အောင့် လောက်ကြာတော့ ဖုန်းမြည်လာပြန်ပါရော။
"ဘယ်က ဘရာဇီးလ်က မစ္စတာကရောဇွာရမှာလဲ၊ ရောက်မှာက အန်ကယ်ဦးကျော်ဇောဗျ" တဲ့။
"ဟင်"ခနဲ ကျွန်မအံ့သြသွားရပါတယ်။ လာမယ်ဆိုတာ စားလည်းမရေး၊ ကြေးနန်းလည်းမ ပို့၊ကိုယ်တိုင်လည်း ဖုန်းမဆက်လာဘဲ ဘယ်တစ်ယောက်ကကြားကနေ အကြောင်းကြားရ တာတဲ့လဲ။ နောက်ပြီးပြောတဲ့သူက မစ္စတာကရောဇွာဆိုပြန်တော့ ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်မေးရပါတယ်။
"ဟုတ်ပါတယ် မာမီရာ၊ သားသေသေချာချာမေးထားလိုက်တာပါ။ ပြောတဲ့သူကစားလုံး ပေါင်းဖတ်တာ အသံထွက်မမှန်လို့ ကရောဇွာဖြစ်နေတာပါ"တဲ့။

အဲဒီအသံထွက် မှန်အောင်မခေါ်နိုင်တာကလည်း အမေရိကားမှာပြဿနာတစ်ခုပါပဲ။ မြန်မာနာမည်တွေက အများအားဖြင့် (ကျော်)တို့ (မြင့်)များတာနော်။ စားလုံးပေါင်းက (Y) တွေ၊ (h)တွေ၊ (int)တွေပါလာပြီဆိုရင် ရှုပ်ကုန်တော့ တာပဲ။ ကျွန်မနာမည်မွေးကတည်းက အမေပေးထားတဲ့ "ခင်မကြီး" တစ်သက်လုံး ခင်မကြီးခေါ်တွင်လာပါလျက်နဲ့ ဒီကျမှ (ခင်မဂိုင်း)ဖြစ်ရတော့တာပဲ။ (ကြီး)လို့ အသံထွက်ကို (GYI)နဲ့ပေါင်းပေ မယ့် သူတို့က (Y)ပါတဲ့အတွက် (ဂိုင်း)လို့ခေါ်တာလေ။ သူတို့မှာ (ဂျီးဂျီး)ဆိုတဲ့နာမည်ရှိပါတယ်။ အဲဒါကို (GLI)နဲ့ပေါင်းတာပါ။ တစ်ခါတလေလည်း (GEE)နဲ့ပေါင်းတယ်။ (kyaw)ကျော်က (ကရော်)ဖြစ်၊ (MYINT)မြင့် က (မိုင်ရင့်)ဖြစ်၊ အဆိုးဆုံးကကျွန်မရဲ့သားရွှေစင်ကို "ရွှီ"လို့ အသံထွက်ခေါ်ကြခြင်းပါပဲ။ အတန်းထဲမှာ တစ်ရွှီတည်းရွှီနေကြတာကို သည်းမခံနိုင်ဘဲ ကျွန်မကိုလာမဲလေရဲ့။

"သားကို ရွှေစင်လို့ နာမည်မှည့်စရာလား။ ခေါ်ရခက်တဲ့ မိန်းမနာမည်ကြီး"တဲ့။
"မဟုတ်ပါဘူးသားရယ်၊ သားလှရွှေစင်၊ ထောင်နားဆင်လော့"ဆိုတာ အထင်ကရရှိတဲ့စာ ပါ။သားရွှေစင်ဆိုတာ အမေ့ရင်မှာထားရှိခံစားရတဲ့ချစ်ခြင်းမေတ္တာက သန့်စင်ပြီးသားေ၇ွှ ပိုပီတိတွေဝင်းအိနေတဲ့ သဘော။ တန်ခိုးကြီး တဲ့ရွှေစင် နဲ့နှိုးပြီး မြတ်မြတ်နှိုးနှိုးရွေးမှည့် ထားတဲ့နာမည်လှလှလေးပါလို့ မနည်းကြီးရှင်းပြလည်း မကျေနပ်နိုင်တာ နဲ့သူတို့ခေါ်လို့ လွယ်ကူနိုင်မဲ့ရှိပြီသား အင်္ဂလိပ်နာမည် ERICလို့ပြောင်းပေးလိုက်မှပဲ နာမည်ခေါ်တာ အ ဆင်ချော သွားလေရဲ့။ အမေရိကားရောက်မှ အတွေ့အကြုံတွေ အမျိုးမျိုး ရတော့တာ ပါပဲ လေ။
ဒီလိုနဲ့ အမှာစကားရထားတဲ့အတိုင်း နောက်တစ်နေ့ညနေမှာအရင်တစ်ခေါက်တုန်းကလိုပဲ ကျွန်မနဲ့ အတူသားကြီးဝင်း နဲ့ ချွေးမဘော်ဘီတို့ပါ အဖော်လိုက်ပြီး မာယာမီလေဆိပ်မှာ ဦးကျော်ဇော ကိုသွားကြိုကြ ပါတယ်။ တစ်ဆင့်စကားပါးထားတာဖြစ်လို့ လာသာကြိုရတာ၊ ရင်ထဲမှာတော့ ဟုတ်မှ ဟုတ်ရဲ့လား နဲ့ မယုံမရဲနဲ့ပါဘဲ။ တော်ပါသေးတယ်။ စောင့်ကြည့် နေဆဲလေယာဉ်ခရီးသည်တွေထဲမှာ ဦးကျော်ဇော ကိုတွေ့လိုက်ရ လို့ ၀မ်းသာအားတက် သွားရတယ်ပေါ့။

ရောက်မဆိုက် ဟိုဘက်မှာလုပ်ရကိုင်ရတာတွေ ခက်ခဲလို့မကြည့်ကြာသင့်ဘဲ ပိုကြန့်ကြာ သွားရတယ် ဆိုတာတွေလည်း ရှင်းလင်းပြောပြနေလေရဲ့။ ကျွန်မစောဒကမတတ်ဘဲ သူပြောသမျှ မယုံတစ်ဝက်နဲ့ နားထောင်နေလိုက်ပါတယ်။ ရင်ထဲက မကျေမလည်ရှိနေ တာတွေအတွက် မေးခွန်းတွေမေးလိုပေမဲ့ ဘ၀အသစ်ပြန်စရမဲ့အချိန်အခါမှာ တစ်ဦးနဲ့ တစ်ဥိးကတောကကဆ၊ မကြည်မလင်မဖြစ်ကြ ဘဲ မေတ္တာ နဲ့လက်တွဲပြီး ခြေလှမ်းညီညီ လျှောက်နိုင်ပါမှ အရာရာအဆင်ချောမှာမို့ မျက်ကွယ်က ကိစ္စကို ဘွာခတ်လိုက် ပါတော့ မယ်တွေးပြီးစိတ်ကိုလျှော့ထားလိုက်ပါတယ်။
အိမ်ကိုပြန်ရောက်တော့ ညနက်နေပြီဖြစ်တာကြောင့် ကလေးတွေအားလုံးလည်း အိမ်မော ကျနေကြပါပြီ။ ကျွန်မ မာမီတစ်ယောက်ပဲမအိမ်သေးဘဲ ထိုင်စောင့်နေလေရဲ့။ ဦးကျော်ဇောကိုပြန်တွေ့ရတော့ ၀မ်းတွေသာလို့ပေါ့။ သားနဲ့ချွေးမ ကလည်း အလိုက် တသိနဲ့ "ကဲ...အန်ကယ်ကလည်း ခရီးရှည်လေယာဉ်စီး လာရတာ မောရော့မယ်၊ နာကြဦး" ဆိုပြီးအိပ်ခန်းထဲဝင်သွားပါရော။ တကယ်လည်း ခရီးပန်း လာတာဖြစ် လို့ ပေါ့ပေါ့ပါးပါး ည၀တ်အင်္ကျီလဲပြီးတာနဲ့ နားဖို့ အိပ်ရာဖုံးတွေခွာ၊ လဲလျောင်း စရာ နေရာပြင်ပေး လိုက် တယ်ပေါ့။

သူအိပ်ရာပေါ် လှဲနေတုန်းကျွန်မလည်း သိမ်းစရာရှိတာတွေ သိမ်းခေါက်ရင်းဝတ်လာတဲ့ ကုတ်အင်္ကျီကို အင်္ကျီချိတ်မှာ ချိတ်ဖို့ယူလိုက်ပါတယ်။ အိတ်ထဲက ဖောင်းဖာင်းပွပွဖြစ်နေ တာနဲ့ ဆွဲထုတ်လိုက်တော့ လက်ကိုင်ပ၀ါရော၊ စီးကရက်ဘူး၊ မီးခြစ်နဲ့ရှူဆေးဘူးကအစ ပစ္စည်းတွေအမျိုးစုံပါလာလေရဲ့။ အဲဒါတွေ လက်တကမ်းသုံးနိုင် ဖို့ အိပ်ရာဘေးက စားပွဲပေါ် တင်ထားပေး လိုက်ပြီး နောက်အိတ် တစ်ခုကို နှိုက်လိုက်တော့ နိုင်ငံကူးလက်မှတ် PASS PORTစာအုပ်နီလေး ထွက်လာ ပါတယ်။ စာအုပ်ကြားမှာ ဓာတ်ပုံ တစ်ခု ညှပ်ထားတာနဲ့ ဖွင့်ကြည့်လိုက်မိတော့ ကျွန်မ မျက်လုံးတောင် ကျွန်မမယုံနိုင်အောင်ပါပဲ။
ဓာတ်ပုံ က ပုပ္ပါးတောင်တော် ဘက်ကရောင်းနဲ့ ဦးကျော်ဇောနဲ့ အမျိုးသမီးငယ်စုံတွဲပုံဖြစ် နေပါရော။

ကျွန်မက ပြီးတာတွေပြီးခဲ့ပါပြီ။ မျက်ကွယ်ကိစ္စတွေကို ဘွာခတ်လိုက်ပါတော့မယ်လို့ခံ ယူပြီးမေတ္တာ နဲ့လက်တွဲ ဖို့ ပြင်ဆင်ထားခါမှ ဒီဓာတ်ပုံကို မျက်ဝါးထင်ထင်မြင်ရတော့ တာလေ။ ရှုပ်ထွေးခဲ့တဲ့ ဇာတ်လမ်းတွေ ကို နိဋ္ဌိတံပြီးကျွန်မဆိပြန်လာခဲ့တာ ဖြစ်ခဲ့ရင်ဒီဓာတ် ပုံကနိုင်ငံကူးလက်မှတ်ထဲမှာ ညှပ်ပြီးပါလာစရာ မရှိပါဘူး။ အထင်ကရ၊ အမြတ်တနိုးနဲ့ ယူလာခြင်းကိုက အခြေအနေမှန်ကို ဖော်ပြဖို့ သိကြားစေသက်သေညွှန်းခြင်းပဲ မဟုတ်ပါ လားနော်။
ပြန်လည် ဆုံးစည်းရတဲ့နေ့ရဲ့ အနာတရဖြစ်တဲ့အမှတ်အသားလေးတစ်ခုပါပဲလေ။

ဆက်ရန်
.

No comments: