Thursday, February 7, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၉)

ဖျာပုံဘက်တွင် စက်သေနတ်ပစ်ပြီးနောက် ထိုလေယာဉ်ကြီးသည် လာလမ်းအတိုင်း ပြန်လာပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားပါတော့သည်။
“ဟေ့ ... ဟိုမှာ ကြည့်စမ်း၊ လေယာဉ်သုံးစီး လာနေတယ်”
“အေး ... ဟုတ်တယ်”
စကားပြော ၍ မဆုံးမီ၊ မြားဦးသဏ္ဍာန် ပျံသန်းလာသော လေယာဉ်သုံးစီးအနက်မှ တစ်စီးပြီးတစ်စီး ချပေးပါ သည်။ ကောင်းကင် တွင် ပွင့်၍ ထွက်လာသော လေထီးများမှာ မှိုပွင့်များအလား အလွန် လှပ ပါသည်။ ထိုနေ့က လက်နက်၊ စားသောက်ဖွယ်၊ အ၀တ်အထည် စည့် ပစ္စည်းပေါင်း ၃၉ ကွန်တိန်နာဖြစ် ပါသည်။
ကို ဆက်ဖတ်ရန် ...

လေထီးဖြင့် ကျလာသော လက်နက်များ၊ ရာရှင်များကို လှည်းများဖြင့် သူကြီး ဦးညွန့်အိမ်သို့ သယ်ယူသွား ကြပါသည်။ ကျွန်တော်၏ တာဝန်သည် လေထီးချစဉ် အတွင်းလုံခြုံရေးတာဝန် ထမ်းဆောင် ရခြင်း မျှသာ ဖြစ်သဖြင့် ယင်းလက်နက်များကို သယ်ယူရာတွင် ကွန်မြူနစ်ပါတိ၏ ကျေးရွာပြောက်ကျားများက တာဝန် ယူ သယ်ပါသည်။ ကျွန်တော်သည် မစားရ၀ခမန်းဖြစ်ရသော ယင်းလက်နက်များကို ကြည့်ရင်း မိမိတပ်စု အတွက် လောလောဆယ် ကိုင်ဆောင်နေရသော ဂျပန်လက်နက်များကို စိတ်ပျက်မိသည်။ သို့သော် ဘာမျှ မတတ်နိုင်သော ဘ၀၏ အကျိုးသက်ရောက်မှုမှာ မိမိကိုယ်ကို ဖြေသိမ့်ခြင်းနှင့် သက်ပြင်းအကြိမ်ကြိမ် ချမိ ခြင်းသာ လျှင် ဖြစ်ပါသည်။
နေလုံးကြီး သည် အနောက်ဘက်မိုးကုပ်စက်ဝိုင်းသို့ ၀င်အံ့ဆဲဆဲဖြစ်ခြင်းကြောင့် ဆည်းဆာ၏အလှ ပန်းနုရောင် အသွေး ကို ဆောင်လျက်ရှိနေပါသည်။ စောစောက လေထီးဖြင့်ချပေးခဲ့သော လက်နက်မျးကို သယ်ဆောင်သော ကျေးရွာပြောက်ကျားများ၏ လှည်းများသည် အစီအရီရွာတွင်းသို့ တအိအိလှိမ့်ဝင်လျက် ရှိနေသည် ကို တွေ့ရသည်။

“ဗိုလ်လေး မပြန်သေးဘူးလား”
“အေး၊ ပြန်တာပေါ့။ တို့တာဝန်ပြီးပြီပဲ။ ကိုစံယျ၊ ရဲဘော်တွေခေါ်ပြီး လူစစ် တန်းဖြုတ်လိုက်ပါဗျာ”
ရဲဘော်စံယျ သည် ကျွန်တော့်ထံမှ အမိန့်ရသောအခါ ကင်းချထားသော ရဲဘော်များရှိရာသို့ အပြေး သွားရောက်ခေါ်ယူ ပါသည်။ ရဲဘော်များသည် တာဝန်ရုတ်သိမ်းနေသည်ကို သိသော်လည်း မိမိသဘောဖြင့် ထွက်ခွာ လာခြင်းမပြုဘဲ ရဲဘော်စံယျ လာရောက်သည့်အထိ စောင့်စားလျက်ရှိနေပါသည်။ ကျွန်တော်သည် ကန်သင်းပေါ် တွင် ထိုင်ရင်း ရဲဘော်များ၏ စည်းကမ်းလိုက်နာမှုအတွက် ၀မ်းသာမိသည်။ ဤရဲဘော်များ သည် လေ့ကျင့်ပြီး တိုက်ပွဲအတွေ့အကြုံရှိသောဗမာ့ကာကွယ်ရေး တပ်မတော်သားများဖြစ် ကြသည်။ ကျွန်တော် တို့ ရန်ကုန်မှ တပ်ဖျောက်ထွက်လာခဲ့ပြီးသည့်နောက် ကျေးရွာများတွင် လှည့်လည် နေထိုင် ခဲ့သော် လည်း လေ့ကျင့်မှု မပျက်ခဲ့ကြပေ။ ကျွန်တော်သည် မိမိ၏ တပ်စုအား ရန်သူနှင့် ယှဉ်၍ တိုက်ခိုက်နိုင်ရန် အတွက် ဓားသွေးသကဲ့သို့ ရဲဘော်များအား လေ့ကျင့်ပေးထားပြီးဖြစ်ပါသည်။ မကြာမီ ရဲဘော်စံယျမှ ရဲဘော် များပြည့်စုံကြောင်း တန်းဖြုတ်ရန် ကျွန်တော့်အား သတင်းပို့ပြီး ရွာအတွင်းသို့ ၀င်ခဲ့ကြ ပါသည်။ သူကြီး ဦးညွန့်၏ အိမ်ကြီး တစ်ခုလုံး ပျားပန်းခတ်မျှ စည်ကားလှုပ်ရှားလျက်ရှိသည်။ ကွန်တိန်နာခေါ် သေနတ် များနှင့်ပစ္စည်းများ ထည့်သော ကျည်တောက်ကြီးများကို ထုနှက်ရိုက်ဖွင့်နေသော အသံများမှာလည်း ပန်းပဲဖိုမှ ထုရိုက်နေသော အသံကဲ့သို့ အဆက်မပြတ် ပေါ်ထွက်လျက်ရှိပါသည်။

“ကိုစံယျရေ ... ရဲဘော်တွေ ထမင်းကျွေးဖို့ ခေါ်သွားတာ့ဗျာ”
“ဟိုက် ... ကိုင်း ရဲဘော်တို့၊ ထမင်းစားရုံကို သွားကြမယ်။ တန်းစီ”
ရဲဘော်များ ထွက်သွားသောအခါ ကျွန်တော်သည် ပင်ပန်းနွမ်းနယ်စွာ ၀ါးကွပ်ပျစ်ပေါ်သို့ လှဲချလိုက်မိသည်။ ထိုအခါ ကောင်းကင်ပြင်သည် ကျွန်တော့်မျက်နှာပေါ်မှ မိုး၍ ကြည့်နေပါသည်။ ကျွန်တော်သည် တစ်ဖက် သို့ စောင်း၍ အိတ်ကပ်ထဲတွင် တွန့်လိမ်ခွေကောက်နေသော လေထီးချ စီးကရက်ဘူးမှ စီးကရက်တစ်လိပ်ကို ထုတ်၍ ပါးစပ်တွင် တပ်ကာ မှိန်းနေလိုက်သည်။ ထိုအခိုက်ဖြောက်ဟူသော အသံနှင့်အတူ မီးပွင့်ကလေး တစ်ချက်ပေါ် လာပြီး ကျွန်တော့်ပါးစပ်မှ စီးကရက်ကို မီးညှိရန် ဖိတ်ခေါ်လိုက်သည်။ ထိုသူ ကား လေထီးဆင်း ရဲဘော် ကိုဘသောင်းဖြစ်ပါသည်။
“ကိုမြလှိုင်ကြီး၊ တော်တော် မောသွားလားဗျ”
“မမော ပါဘူးဗျာ၊ စိတ်နည်းနည်းမောလို့ မှိန်းနေတာပါ”
“ဟက် ... ဟက် ... စိတ်မောတယ် ဟုတ်လား၊ ရှင်းပြစမ်းပါဦး”

ကျွန်တော်သည် ကိုဘသောင်း လှမ်းပေးသော ချွင်းဂန်းကို လှမ်းယူရင်း ပါးစပ်တွင် မြုံစားလိုက်သည်။ ထို့နောက် ကျွန်တော့် တပ်စု၏ ချို့တဲ့သော လက်နက်အခြေအနေကို ရှင်းပြပြီး ကျွန်တော့်တပ်စု၏ လေ့ကျင့်သားရမှု စိတ်ဓာတ်ပိုင်းများ ကို ၀ါဒဖြန့် ပြောကြားလိုက်ပါသည်။
“ကိုမြလှိုင် တပ်စုမှာ လူဘယ်နှစ်ယောက်လောက်ရှိလဲ”
“ခုတော့ အားလုံး ၃၅ ယောက်လောက်ရှိတယ်ဗျာ”
“ဒီလိုလုပ်ဗျာ။ ကျွန်တော် မေဂျဗွိုက်တို့နဲ့ တိုင်ပင်ကြည့်မယ်။ နောက်ညပီး ဒီကပြောက်ကျားခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့် မယ်။ ပြီးရင် အဖြစ်နိုင်ဆုံး ကျွန်တော် ဆောင်ရွက်ပေးမယ်“တကယ်လားဗျ”
“ဟာ ... ရဲဘော် ကလည်း တကယ်ပဲပေါ့ဗျ”
“ကျေးဇူး သိပ်တင်တယ်ဗျာ၊ ဒါထက် ဘယ်တော့ သိရမှာလဲ”
“အလွန်ဆုံး မနက်ဖြန်ပေါ့”

ကိုဘသောင်းသည် ၎င်း၏ကတိအတိုင်း ကျွန်တော့်တပ်စုအား လက်နက်တပ်ဆင်ပေးရေးကို မေဂျာဗွိုတ်တို့အား လည်းကောင်း၊ ပြောက်ကျားခေါင်းဆောင်(ကိုအောင်ခင်)ကိုထွန်းစိန်တို့အားလည်းကောင်း ပြောဆို၍ နောက်တစ်နေ့နံနက်သို့ ရောက်သည့်အထိ မစောင့်တော့ ဘဲ ထိုည၌ပင် ၃၀၃ ရိုင်ဖယ်အသစ် ၂၅ လက်၊ လက်ပစ်ဗုံး ၂၀၊ စတင်းဂန်း ၃ လက်တို့ကို ထုတ်ပေး လိုက်ပါသည်။ ထို့အတူ ကျွန်တော့်ထံမှ ဂျပန်လက်နက်များကို သိမ်းယူခြင်းမပြုဘဲ ကျွန်တော့် ကိုပင် ပြန်ပေးလိုက်ပါသည်။
ထိုအချိန်မှစ၍ လက်နက်အသစ်ကလေးများ ရထားသော ကျွန်တော်၏ တပ်စုသည် တာလွှတ်အံဆဲဆဲ ပြိုင်မြင်းများ ကဲ့သို့ ဖက်ဆစ်များနှင့် အလျင်အမြန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပါစေဟု တဖွဖွ ဆုတောင်းရင်း အားမွေး လျက်ရှိကြပါလေသည်။

စခန်းတစ်ခုလုံး လက်နက်စွဲကိုင် အသင့်ရှိနေကြပါသည်။
တမော့ဝရွာ၏ အရှေ့ယွန်းယွန်းဆီမှ တိုက်ပွဲဖြစ်နေသည်ဟု ခန့်မှန်းရပါသည်။ အဆက် မပြတ် ပေါ်ထွက် လာသော စက်သေနတ်သံများ၊ တစ်ချက်တစ်ချက် ပြင်းထန်စွာ မြည်ဟည်းသော စိန်ပြောင်းပစ် သံများကို ကြားရခြင်းကြောင့် တိုက်ပွဲပြင်းထန်နေဆဖြစ်ကြောင်းကိုလည်း သဘောပေါက်ပါသည်။ ထိုအချိန် တွင် ဗမာ့တပ်မတော်မှ ဗိုလ်မြတ်ကျော်နှင့် ကျွန်တော်တို့တပ်များ ရှိနေသော်လည်း ကျန်ပြောက်ကျား တပ်များမူ အများအပြားရှိပါသည်။ သို့သော် တိုက်ပွဲတစ်ခုကို စီမံကွပ်ကဲတိုက်ခိုက်ရန်ကိုမူ တိုက်ပွဲအတွေ့အကြုံမရှိသော ယင်းဒေသခံ ပြောက်ကျားများဖြင့် တိုက်ခိုက်၍ ရမည်ကားမဟုတ်ပေ။ သို့တစေ ဗိုလ်မြတ်ကျော်၏ တပ်ခွဲမှာ တမော့ဝရွာ ရှိ လူကြီးများ၏ လုံခြုံမှုကို တာဝန်ယူထားရသော တပ်ဖြစ် ခြင်းကြောင့် ဤနေရာမှ ထွကခွာသွားရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ခြင်းကြောင့် ဤနေရာမှ ဗိုလ်မြတ်ကျော်သည် အရေးအကြောင်း ပေါ်ပေါက်၍ ဆက်သား များ ရောက်ရှိ အကူအညီတောင်းလျှင် အဆင်သင့်ဖြစ်စေရန် ကျွန်တော့်တပ်စုအား ပြင်ဆင်ထားရန် ညွှန်ကားပြီး ၎င်း၏တပ်ခွဲကိုလည်း စနစ်တကျ ချထားစီစဉ်လျက် ရှိပါသည်။

မကြာမီ ဆတ်သား ရောက်ရှိလာပါသည်။ ဆတ်သားများ၏ သတင်းပို့ချက်အရ ဒေးဒရဲအပိုင် ပံကဒတ်ရွာတွင် ဖက်ဆစ် များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ယင်းပံကဒတ်ရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသော ကရင် တိုင်းရင်းသားများ နေထိုင်သော ညီညွတ်စည်းလုံးသော လယ်သမားရွာကြီးတစ်ရွာ ဖြစ်ပါသည်။ ရွာခံများဖြစ်ကြ သည့် စောထွန်းစိန်နှင့် စောအေးကျော်တို့မှာ ပံကဒတ်ရွာ၏ ပညာတတ် လူငယ် များဖြစ်ကြပြီး ယခုအခါ ကွန်မြူနစ်ပါတိ၏ စည်းရုံးမှုဖြင့် ဖက်ဆစ်တော်လှန်ရေး ရဲဘော်များ ဖြစ်လာကြပါ သည်။ ၎င်းတို့အား ဗိုလ်မြတ်ကျော် က တာဝန်ယူ သင်တန်းပေးခဲ့ပါသည်။
“ရဲဘော်၊ ရန်သူအင်အား ဘယ်လောက်ရှိလဲ”
“၆၀-၇၀ လောက်ရှိတယ် ထင်တယ်”
“အခြေအနေကို ပြောစမ်း”
“ရွာကို ၀ိုင်းထားတယ်”

ဆတ်သား ရဲဘော်ထံမှ အကျိုးအကြောင်း သိရပြီးနောက် ဗိုလ်မြတ်ကျော်သည် ကျွန်တော့်အား ခေါ်ယူ၍ တိုးတိုး တိတ်တိတ် မှာကြားပါသည်။ ၎င်း၏ မှာကြားချက်ကို ယခုလာသော ဆတ်သားသည် အမှန်တကယ် လာရောက်သတင်းပို့ခြင်း ဖြစ်နိုင်သကဲ့သို့ ရန်သူ၏ ထောင်ချောက် ထောင်ခြင်းလည်းဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ကျွန်တော့် တပ်စု မှ တပ်စိတ်တစ်စိတ်ကို ရှေ့ပြေးကင်းဖြစ်အထောက်တော်လွှတ်ပြီး နောက်ချန်လိုက်သွားရန် အမိန့်ပေး ပါသည်။ ၎င်းဆတ်သားကိုလည်း တစ်ပါတည်းခေါ်သွားရန် မှာကြားပါ သည်။ တိုက်ပွဲ တိုက်ရတော့ မည်ဖြစ်၍ ကျွန်တော်တို့လူသိုက် ပျော်ရွှင်ကြသည်။ ဖက်ဆစ်တော်လှန်ရေးကို နဖူးတွေ့ ဒူးတွေ့ ဆောင်ရွက်ကြ ရတော့မည်မဟုတ်ပါလား။

ရှေ့ပြေးကင်း တပ်စိတ်နှင့် ကျွန်တော်၏ တပ်စု နာရီဝက်ခန့်ခြား၍ ချီတက်ခဲ့ကြသည်။ ရှေ့ပြေးကင်း တပ်စိတ်ကို တပ်ကြပ်သောင်းအိ ခေါင်းဆောင်၍ ရဲဘော်များမှာလည်း တိုက်ရည်ဝသော ရဲဘော်များဖြစ်၍ ကျွန်တော် စိတ်ချ ပါသည်။ ယခုမူ လက်နက်များကပါ အသစ်များ ဖြစ်ခြင်းကြောင့် ပိုက စိတ်ချပါသည်။ ကျွန်တော်သည် မိမိတပ်ကို မိမိယုံကြည်သည်။ နောက်ဆုံး ဤတိုက်ပွဲတွင်အရေးမလှ၍ ရှုံးနိမ့်ခဲ့သော် ကျွန်တော်တို့အားလုံး တိုက်ပွဲတွင် ကျဆုံးခြင်းသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။ ဗိုလ်မြတ်ကျော်က ကျွန်တော့် လက်ကို နာနာညှစ်ရင်း စကားဆိုသည်။
“ရဲဘော်၊ သတိဝီရိယနဲ့ တိုက်နော်။ ရန်သူကို အထင်မသေးနဲ့”
“စိတ်ချပါ”
“အောင်မြင်ပါစေဗျာ၊ ကိုင်း ... ထွက်တော့”

ထိုအခိုက် ကျွန်တော်တို့အနီးသို့ ကွန်မြူနစ် ပြောက်ကျား တာဝန်ခံ ကိုအောင်ခင် (ကိုထွန်းစိန်) ရောက်ရှိလာ ပါသည်။ ၎င်းက ရန်သူအင်အားမှာ များပြားခြင်းကြောင့် ကျွန်တော်၏ တပ်စုအင်အားဖြင့် မလုံလောက်နိုင်ကြောင်း သို့ဖြစ်၍ ပြောက်ကျားတပ်ုတစ်စုကိုလည်း စစ်ကူဖို့လိုကြောင်း ပြောပါသည်။ ကိုအောင်ခင် ၏ ပြောစကားကို ကြားသောအခါ ကျွန်တော်က တုတ်တုတ်မျှ မလှုပ်ဘဲ ဗိုလ်မြတ်ကျော်ကို လှမ်းကြည့် လိုက်သည်။
“မလိုတော့ဘူး ထင်တယ် ကိုအောင်ခင်”
“ဟာ ... လိုတယ်ဗျ။ ကိုမြလှိုင်က နယ်မကျွမ်းဘူး။ ကျုပ်လူတွေက နယ်ခံတွေဗျ။ ကျွန်တော်က စိတ်ပူ လို့ ပြောတာ၊ နောက်ပြီး ရန်သူက ၁၀၀-၂၀၀ ဒီက လူ ၃၀ လောက်ဆိုတော့ အင်အားချင်း မမျှပါဘူး”
“အင်းလေ ... ကိုအောင်ခင် သဘောပေါ့။ ဒါပေမယ့် ကိုမြလှိုင်နဲ့တော့ တွဲတိုက်ပါဗျာ။ ခင်ဗျား တပ်စုကို ဗိုလ်မြလှိုင်ကို အပ်လိုက်ပါ”
“ဟာ ... ဘာဖြစ်မှာလဲ”

ကျွန်တော်သည် ကိုအောင်ခင်နှင့် ယခုလိုအချိန်၌ အငြင်းမပွားလိုပေ။မည်သို့ပင်ဆိုစေ ကိုအောင်ခင်သည် သူ့တပ်စုကို သူကိုယ်တိုင် ကွပ်ကဲ တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ကျွန်တော် က ကိုအောင်ခင်အား သဘောတူကြောင်း ပြော၍ တိုက်ခိုက်မည့် အစီအစဉ်ကို မေးရပါသည်။ အမှန်က တပ်မတော် တွင် အထက်အမိန့်သည် အဓိကဖြစ်သည်။ ကွပ်ကဲမှု ဆိုသည်မှာလည်း ဆင့်ကဲဆင့်ကဲ နာခံရမြဲဖြစ် သည်။ ယခု ဗိုလ်မြတ်ကျော်သည် တပ်မတော်အရာရှိတစ်ယောက် ဖြစ်သည်။ တာဝန်ဝတ္တရားအရလည်းကောင်း၊ ရာထူးအရ လည်းကောင်း ကျွန်တော့်ထက်လည်းကြီးသူဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်သည် ဗိုလ်မြတ်ကျော် ပေးသော အမိန့် ကို နာခံရမည်သာဖြစ်သည်။ ယခု ကိုအောင်ခင်နှင့် ကျွန်တော့်မှာ တိုက်ပွဲနှင့် ပတ်သက်၍ အစီအစဉ် ချမှတ်ဆောင်ရွက်ရန် မေးခြင်းဖြစ်ပါသည်။

“ဟ ... မြလှိုင် ရ၊ ရန်သူကို တိုက်တာပဲကွာ။ ရန်သူရှိတဲ့ဆီ တို့ပြောက်ကျားနည်းနဲ့ တိုက်ရမှာပေါ့။ မင်း ပြောနေတာနဲ့ အချိန်တွေ လင့်ကုန်ပြီ။ ငါ သွားနှင့်မယ်ကွာ”
ကျွန်တော်က ခေါင်းညိတ်ပြလိုက်သည်။ ကိုအောင်ခင်သည် သူ့တပ်စုကို သူခေါ်၍ အပြင်းချီတက်သွားပါ သည်။ ကိုအောင်ခင်တို့ တပ်စုကို အမည်းစက်ကလေးသဏ္ဍာန် မြင်သည့်အထိ ကျွန်တော် ကြည့်နေမိ သည်။ ထို့နောက် ကျွန်တော့် တပ်စုအား ဦးဆောင်၍ ချီတက်ခဲ့သည်။ ဤနေရာတွင် ကိုအောင်ခင်အား အပြစ်မဆိုလိုပေ။ အဘယ်ကြောင့် ဆိုသော် ကိုအောင်ခင်သည် စိတ်အားထက်သန်ခြင်း၊ ပူပင်ခြင်း စသည့် ဇောကပ်နေ သူဖြစ်ပါ သည်။ ထို့ပြင် ၎င်းသည် ကွန်မြူနစ်ပါတီ၏ တာဝန်ရှိသော ပြောက်ကျားခေါင်းဆောင် တစ်ဦးမဟုတ်ပါလား။

မကြာမီ ရှေ့ပြေးကင်း တပ်စိတ်မှ ရဲဘော်တင်လှ ရောက်ရှိလာသည်။ အချိန်မှ ညနေစောင်းဖြစ်သော်လည်း ကျနေသည် ကျွန်တော်တို့အား စူးစူးဝါးဝါး ပူလောင်စေပါသည်။ ကျွန်တော်တို့ တပ်စုသည် ခြောက်သွေ့၍ ပက်ကြားအက် များ၊ စပါးပင်ငုတ်များကို ပင်ပန်းစွာ နင်းခြေဖြတ်ကျော်လာခဲ့ကြရငြားလည်း စိတ်အဟုန်သည် တိုက်ပွဲ၌ သာ ရောက်ရှိနေပါသည်။
“ဆိုစမ်း တင်လှ။ မင်းတို့ တပ်စိတ် ဘယ်မှာလဲ”
“ရွာစည်းရိုးနဲ့ ကပ်လျက် ဇရပ်အောက်မှာ ရောက်နေတယ်”
“ဒီက ဘယ်လောက်ဝေးသလဲ”
“တစ်မိုင်ခွဲလောက်တော့ဝေးမယ်”
“ရန်သူ့အခြေအနေကို ပြောစမ်း”
“ဆုတ်သွားကြပြီ။ တပ်မတော်က လိုက်တိုက်နေတယ်။ ရွာမှာ စောထွန်းစိန်တို့ပဲ ကျန်ခဲ့တယ်”
“ဘယ်သူ့တပ်လဲ”
“ဦးဘလုံတပ်လို့ ပြောတယ်” (ဗုလ်ချုပ်တင်ဖေ၏ တော်လှန်ရေးအမည်။)

ကျွန်တော်တို့တပ်စု ပံကဒတ်ရွာသို့ ရောက်သောအခါ တိုက်ပွဲပြီးစီး၍ မောပန်းစွာ ပြန်လာသော ဗိုလ်လတင်ဖေကို တွေ့ရပါသည်။ ဗိုလ်တင်ဖေသည် လုံချည်ကို ပုခက်လုပ်၍ သယ်ဆောင်လာသော ဗိုလ်လောင်း ဗိုလ်ရအတွက် လွန်စွာ စိတ်ပူပင်လျက် ရှိပါသည်။ ကျွန်တော်တို့တပ်စု ရောက်ရှိကြောင်း သတင်းပို့ပြီးသော အခါဗိုလ်လတင်ဖေက ဗိုလ်ရအား အလျင်အမြန်တမော့ဝရွာသို့ သယ်ဆောင်ရန် အမိန့် ပေး ပါသည်။ ထိုညက လသည် ထိန်ထိန်သာနေပါသည်။ လယ်ကွင်းပြင်ကြီး မှာ ငွေရောင်အဆင်း ကဲ့သို့ ဖြူဖွေး လှနေပါသည်။ ကျွန်တော်တို့သည် ဗိုလ်အသက်ရှင်ရေးအတွက် တစ်ယောက်တစ်လှည့် အပြေးထမ်းဆောင် သယ်ယူ လာခဲ့ကြသည်မှာ ည ၈ နာရီခန့်တွင် တမော့ဝရွာသို့ ရောက်ရှိပါသည်။

“မြလှိုင် မင်း တပ်စုက ဆတ်သားတစ်ယောက် ပေးစမ်း”
“ရပါတယ်”
“သွက်သွက်လက်လက်ကောင်မှ ဖြစ်မယ်ကွ”
“ကိုသောင်းအိကို ပေးမယ်။ မဖြစ်ဘူးလား”
“အေး၊ ကောင်းတယ်”
ဗိုလ်လကျာ်ခိုင်းစေချက်အရ ကျွန်တော်သည် တပ်ကြပ်သောင်းအိကို ဆတ်သားအဖြစ် တာဝန်ပေးရန် ဗိုလ်လက်ျာထံ သို့ ခေါ်ခဲ့ပါသည်။ ဗိုလ်လက်ျာသည် ဒေးဒရဲမြို့နယ်အတွင်းမှ ကျုံသင်၊ သဲကုန်းစသော ရွာများ တွင် ဖစ်ဆစ်များနှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်မှ အရာရှိနှင့် ရဲဘော်အချို့ ကျဆုံး သွားခဲ့ကြောင်း၊ တပ်မတော်မှ အရာရှိကြီးအချို့ ဖက်ဆစ်များ ဖမ်းဆီး၍ ဒေးဒရဲ အချုပ်ခန်း၌ ထားရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဒေးဒရဲမှ မြေအောက် အဆက်အသွယ်များ၏ အကူအညီဖြင့် စုံစမ်းရယူရန်နှင့် တပ်မတော် မှ အရာရှိကြီးများမှာ မည်သူမည်ဝါ ဖြစ်သည်ကိုပါ သိရှိရန် လိုအပ်ကြောင်း၊ အသေးစိတ် မှာကြား ပါသည်။ ဗိုလ်လက်ျာထံမှ ပြန်လာသောအါ ကျွန်တော်နှင့်အတူ ဗိုလ်တင်အေး (အမ်-တင်အေး၊ ပန်းချီ၊ ပန်းပု ကျောင်းအုပ်ကြီး)လည်း အတူလိုက်ပါလာလေသည်။
“ကိုသောင်းအိ၊ သေသေချာချာ သတင်းမှန် ယူခဲ့ဖို့ လိုတယ်နော်”

“စိတ်ချပါ ဗိုလ်လေး”
ကိုတင်အေးသည် ကိုသောင်းအိအား အထက်ပါစကားကို ပြောပြီးနောက် စိတ်မချမ်းသာဘဲ ဆရာကြီးသခင်စိုး ၏ ပြောကြားချက်အရ ဗမာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးနှင့် အချို့အရာရှိများ ဒေးဒရဲအချုပ်ခန်းတွင် ဖက်ဆစ်တပ် မှ လက်ရဖမ်းဆးထားကြောင်း၊ ယင်းသတင်း ခိုင်လုံမှု အတည်ပြုပြီး သည်နှင့်တစ်ပြိုင်နက်၊ ဖက်ဆစ်များ၏ စခန်းများကို မဟာမိတ်တို့ အကူအညီဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး၊ ဒေးဒရဲ အချုပ်ခန်းအတွင်းမှ တပ်မတော် မှ ထိပ်တန်းအရာရှိကြီးနှင့် အရာရှိများအား အသေခံတပ်ဖြင့် ၀င်ရောက် စီးနင်း ထုတ်ယူရန်ဖြစ်ကြောင်း ပြောပြပါသည်။
“ကိုသောင်းအိ၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မလုပ်နဲ့နော်။ အကောင်းဆုံးကတော့ ခင်ဗျား ဂွကလေးစခန်းကို ၀င်ပြီး ကိုအောင်မင်း (မြေတိုင်းစာရေးကိုတင်)တို့နဲ့ ဆက်သွယ်ပြီး ဒေးဒရဲကို ဆက်သွားတာ ကောင်းတယ်”

“ကောင်းတယ်၊ ဘာဘာညာညာတော့ မပြောနဲ့ ဒေးဒရဲမြေအောက် အဆက်သွယ်ကို ဂွကလေးမှာ အဆင်သင့် တွေ့ချင်လဲ တွေ့မယ်”
“စိတ်ချပါကွာ”
ကိုသောင်းအိကို ကျွန်တော်နှင့် ကိုတင်အေးတို့သည် တမော့ဝရွာနယ်နိမိတ်အဆုံးသို့ လိုက်၍ပို့ကြသည်။ ကိုသောင်းအိသည် တာဝန်ဝတ္တရားများကို တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်၍ ပြန်လာနိုင်ပါစေဟု ကျွန်တော် ၏ စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။ သို့သော် ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပေ။
အကြောင်းမူ ...။
ဗိုလ်လက်ျာ သည် ကျွန်တော်နှင့် ကိုတင်အေးအား ကိုသောင်းအိကု အကြိုလွှတ်ခဲ့သည်။ ဗိုလ်လက်ျာ၏ ခိုင်းစေချက် အရ ကျွန်တော်နှင့် ကိုတင်အးတို့သည် ကိုသောင်းအိအား အထောက်အကြိုပြုရန် တမော့ဝရွာ၏ စွန်လယ်တဲ တစ်ခုတွင် နှစ်ယောက်သား အိပ်၍ စောင့်နေခဲ့ကြသည်။ ကွင်းပြင်များကို ဖြတ်၍ တိုက် လာသော လေပူသည် ကျွန်တော်တို့အား ချော့၍ သိပ်သကဲ့သို့ ရှိစေပါသည်။
“ကိုမြလှိုင်၊ အိပ်ချင် အိပ်လေ”
“အိမ်က မိန်းမကို လွမ်းတယ်ဗျာ”

ကျွန်တော့်စကားကို ကြားသောအခါ လူပျိုကြီး ကိုတင်အေးက တဟက်ဟက်ရယ်မောသည်။ အမှန်က ကိုတင်အေးသည် အိမ်ထောင်သည် မဟုတ်ရကား ကျွန်တော့်အား ကိုယ်ချင်းမစာတတ်နိုင်စေ။ ကျွန်တော်သည် ချစ်သူသန်းသန်း အား လက်ထပ်ပေါင်းသင်းခဲ့သည့်နောက် အိမ်ထောင်သည်တစ်ဦး၏ တာဝန်ကို တိတိပပ မထမ်းဆောင်နိုင် ဘဲ နိုင်ငံရေးနောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့သူ ဖြစ်သည်။ ယခုလည်း ကျွန်တော့် အနေဖြင့် လူငယ်ပီပီ ဇနီးသည်အား လွမ်းဆွတ်သတိရနေမိသည်မှာ အမှန်ဖြစ်ပါသည်။ သို့တစေ ယင်းသို့ လွမ်းဆွတ် တမ်းတမှုကိုပင် အချိန်ယူ စဉ်းစားရသောဘ၀ မဟုတ်သဖြင့် စိတ်ပျက်မိလေသည်။

“မရယ်နဲ့ ကိုတင်အေး။ ခင်ဗျား မိန်းမ မရှိတော့ ကိုယ်ချင်းမဟာတတ်ဘူးပေါ့ဗျာ”
“ဖက်ဆစ်တော်လှန်ရေးကြီးပြီးတော့ တွေ့ကြရမှာပေါ့ဗျာ။ အဲဒီအခါမှာ ခင်ဗျားမိန်းမက ပန်းကုံးစွပ်ဖို့ အသင့်စောင့်နေမှာပါ”
“အင်း ... ဟင်း ... ဟင်း ... ။ မိန်းမက ပန်းကုံးစွပ်မလား။ ယောက်ခမုတ်ကြီးက အိမ်ပေါ်က ကန်ချမလား ဆိုတာ တစ်ခုခုတော့ ဖြစ်မှာပါ”
ကျွန်တော် အိပ်ပျော်သွားသည်။

အိပ်ပျော်သော တဒင်္ဂသည် သုခနှင့် ပြည့်စုံလှသည်။ နေပူမရှောင်၊ မိုးရွာမရှောင် သွားလာရှုပ်ရှားနေသော ကာလများသည် အသက်ကို အရင်းတည်ထားရသည်။ အမြဲသတိရှိစွာ သွားလာရသဖြင့် အလိုလို သွေးက လန့်နေသည်။ ကျွန်တော်တို့ မျက်စိများသည် ကျီးများကဲ့သို့လည်းကောင်း။ ကျွန်တော်တို့၏ လှုပ်ရှားမှုသည် သားကောင်နှင့် ရန်သူကို ရှာဖွေနေရသော မုဆိုးကဲ့သို့လည်းကောင်းရှိပါချေသည်။ ကျွန်တော်တို့အဖို့ အိပ်စက် နားနေခြင်းမှာ နေ့နှင့်ညခွဲခြား၍လည်းမရခဲ့ပေ။ ရသောအချိန် တွေ့သောနေရာတွင်သာ ခေတ္တ နားနေ အိပ်စက်ခြင်းမျှသာ ပြုလုပ်ရမြဲဖြစ်သည်။ ယခု ကျွန်တော် အိပ်ပျော်သွားပါသည်။ အိပ်ပျော်သောအခါ စစ်သားဘ၀ ၏ ကြမ်းတမ်းသော အသိတရားများ ပျောက်ကွယ်လျက် လှပသော အိပ်မက်များ ကို မြင်မက် လေသည်။ ပြန်လည် နိုးကြားမလာမီအတွင်း အိပ်မက်ကမ္ဘာသည် တစ်ဘ၀၏ အလှအပ များ ဖြစ်ပါသည်။

“ကိုမြလှိုင်၊ ကိုသောင်းအိ တစ်ယောက် ပြန်လာနေပြီဗျ”
အိပ်မှုန်စုံမွှားဖြင့် ကိုတင်အေး ညွှန်ရာသို့ ကြည့်လိုက်ပါသည်။ မှန်ပါသည်။ အလွန်ဝေးလံသော ကွင်းထီးထီး၏ အလယ် တွင် မည်းမည်းသဏ္ဍာန်တစ်ခုသည် လှုပ်ရှားလျက်ရှိသည်။ ကိုတင်အေးက လက်ထဲမှ မှန်ပြောင်းဖြင့် ကြည့်ရင်း အင်္ကျီအပြာ ၀တ်ထားသော လူတစ်ယောက်သည် ခြေကုန်သုတ်၍ လာနေကြောင်း ပြောပြနေပါသည်။
”ရော့.... ကြည့်စမ်း ခင်ဗျား ရဲဘော် မဟုတ်လား”
ကျွန်တော်က မှန်ပြောင်းကိုတလှည့်ယူ၍ြ့ကည့်လိုက်မိသည်။ ကိုတင်အေး ပြောသကဲ့သို့ပင် အင်္ကျီအပြာ ဝတ်ထားသော လူတစ်ယောက် ကျွန်တော်တို့ ရှိရာသို့ ဦးတည်လျက် ရှိနေသည်ကို တွေ့ရသည်။ ကိုသောင်းအိ သည် ခရီးမထွက်မီ အကျီင်္အပြာကို ဝတ်ဆင်ထားခဲ့သည်ဖြစ်၍ ယခု လာနေသူမှာ ကိုသောင်း အိပင် ဖြစ်ပေ လိမ့်မည်။

”ကိုသောင်းအိပဲ ဖြစ်မှာပါ”
မှန်ပြောင်းဖြင့် ကြည့်၍ လူတစ်ယောက်မှန်း သိရသော်လည်း ကျွန်တော်တို့ ရှိရာသို့ ၎င်းရောက်လာရန် နာရီဝက် ခန့် လာရဦးမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်သည် ကိုတင်အေးအား ကိုသောင်းအိ နှင့် ကျောင်းနေဖက် သက်တူရွယ်တူ မဟုတ်သော်လည်း တို့ဗမာ အစည်းအရုံး ဖွဲ့စည်းသောအလခါ ကျွန်တော် တို့နှင့်အတူ အလုပ်အမှုဆောင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည် ထိုအချိန်မှာပင် အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်သည် ဘဝဖြင့် ဖျာပုံမြို့မှ ဦးတင်ဦး၏ သစ်ဆိုင်တွင် စာရေးလုပ်ရင်း တပ်မ တော်တွင် ဆက်လက်ထမ်းဆောင်ခဲ့ပြီး ယခု ကျွန်တော်တပ်စုတွင် တပ်စိတ်မှူးအဖြစ် ပါဝင်လာခဲ့ပါသည်။
”ကိုသောင်အိ လာရင်တော့ သတင်းစုံသိရမှာပဲ။ ဗိုလ်ချုပ် ဗိုလ်လက်ျက သိပ်စိတ်ပူနေတယ်ဗျ”
”အရေးကြီးတာက သတင်းမှန်ဖို့နဲ့ အချိန်မီဖို့ပဲ လိုပါတယ်”

စောစောက မသဲကွဲသောအရာသည် ယခုသဲကွဲစွာ မြင်ရပါပြီ။ အင်္ကျီ အပြာဝတ်ထားသော လူတစ်ယောက်သည် ကျွန်တော်တို့ ရှိရာသို့ စိုက်စိုက်မတ်မတ် လာလျက်ရှိနေသော်လည်း မည်သူ မည်ဝါဟု တပ်အပ်မပြောနိုင်သေး သဖြင့် မှန်ပြောင်းဖြင့်ပင် မည်သူမည်ဝါ ဖြစ်ကြောင်း စူးစမ်း ရပြန်ပါသည်။
”ကိုမြလှိုင် ကျွန်တော် တို့ဆီ လာနေတဲ့သူဟာ ကိုသောင်အိတော့ မဟုတ်ဘူးဗျ။ ခင်ဗျားကြည့်စမ်းပါဦး”
ကိုတင်အေး ၏ စကားကြောင့်ကျွန်တော်ရင်ထဲတွင် ထိတ်လန့်မှု တစ်ခုကို ရရှိလိုက်မိပါသည်။ အဘယ် ကြောင့် ဆိုသော် ကိုသောင်းအိသည် မည်သည့် အကြောင်းကြောင့် ပင်ဖြစ်စေ ယနေ့ စခန်းသို့ ပြန်လည်ရောက် ရှိရမည် ဖြစ်ပါသည်။ အကယ်၍ ကိုသောင်းအိ တစ်ယောက် မဟုတ်ဘဲ အခြားသူတစ် ယောက်သာဖြစ်ပါမှု ကိုသောင်းအိသည် ရန်သူတို့၏ ထောင်ချောက်တွင် နောက်ထပ်တိုးဝင်လာသူ ဖြစ်ပေလိမ့်မည်။ ယင်းသို့ စဉ်းစားရင်း ကျွန်တော်သည် ကိုတင်အေး ကမ်းပေးသော မှန်ပြောင်းကို လှမ်းယူ၍ ကြည့်လိုက်မိပါသည်။

”ဟုတ်တယ် ကိုသောင်းအိ မဟုတ်ဘူး ဒါပေမယ့် ဗိုလ်မြတ်ကျော်နဲ့တော့ တူတယ်ဗျ”
”ဟုတ်ပြီ ဟုတ်ပြီ ဗိုလ်မြတ်ကျော် ဖြစ်နိုင်တယ်”

ဟေ့လူတွေ ဘာကြောင်ကြည့်နေတာလဲ ရော့ လေထီးရာရှင်”
ဗိုလ်မြတ်ကျော်သည် သိုင်း၍လွယ်ထားသော စစ်လွယ်အိတ်အတွင်းမှ လေထီးရှာရှင် ၂ ဘူးကို ကျွန်တော်တို့ ထံသို့ ပစ်ပေးလိုက်ပါသည်။ ရာရှင်ဘူးများ ၀ါးကြမ်းခင်းပေါ်သို့ ကျသွားသည့်တိုင်အောင် ကျွန်တော် တို့ ကောက်ယူခြင်းမပြုသေးဘဲ ဗိုလ်မြတ်ကျော်အား စိန်းစိန်းကြည့်ကာ မေးလိုက်မိပါသည်။
“ဗိုလ်မြတ်ကျော် ခု ဘယ်က လာတာလဲ“
“ဂွကလေး၊ အောင်မင်းတို့ဆီက ပြန်လာတာလေ ဘာဖြစ်လို့တုန်းဗျ“
“ သြော် ... ကိုသောင်းအိကို ဗိုလ်ချုပ်လျက်ာက ဒေးဒရဲလွှတ်လိုက်တာ ပြန်ရောက်မလာလို့ စိတ်ပူနေတယ်ဗျ“
“ဘာပြောတယ်၊ ကိုသောင်းအိ ဟုတ်လား“

“ဟုတ်တယ်“
“သောင်းအိဟာ ဘယ်ကလဲ ရဲဘော်လား “
“ဟုတ်တယ်လေ၊ ကျွန်တော့်တပ်စုက တပ်ကြပ်ကလေးပဲဗျ“
“ဟာ ... အောင်မင်း ကျုပ်ကို တစ်ပတ်ရိုက်လိုက်ပြီဗျို့၊ အကျိုးတော့စည်းကုန်ပြီ ထင်တယ်ဗျာ“
ဗိုလ်မြတ်ကျော်၏ ပြောပြချက်အရ ကိုသောင်းအိသည် ကျွန်တော်တို့ ညွှန်ကြားလိုက်သည့်အတိုင်း ဂွကလေး ရွာသို့ရောက်၍ အောင်မင်းထံတွင် ဒေးဒရဲမှ အခြေအနေများကို စုံစမ်းသည်။ ယင်းစုံစမ်းချက်ကို အောင်မင်းက သံသယဖြစ်ကာ ကိုသောင်းအိကို ဖမ်းဆီးလိုက်ပါသည်။ တော်လှန်ရေးကာလဖြစ်သဖြင့် ယင်းသို့ အောင်မင်းက ကိုသောင်းအိကို ဖမ်းဆီးခြင်းသည် လုပ်သင့်လုပ်ထိုက်သော ကိစ္စဖြစ်သည်ကို ကျွန်တော် လက်ခံနိုင်ပါသည်။

သို့သော် ဗိုလ်မြတ်ကျော်၏ နောက်ဆက်တွဲ ပြောစကားအရ ရဲဘော်သောင်းအိအား သိလိုက်ရပါသည်။ ယင်းစကားရပ်သည် ကျွန်တော့်ရင်ကို မီးကဲ့သို့ လောင်မြိုက်ခဲ့ရပါသည်။ ကျွန်တော်သည် အောင်မင်း၏ သတ်ဖြတ်မည် အထိရက်စက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ယင်းသို့ထင်မြင်သည်မှာလည်း အကြောင်း နှစ်ချက် ရှိပါသည်။ ပထမအကြောင်းအချက်မှာ အောင်မင်း(ခ)မြေတိုင်းစာရေးမောင်တင်သည် ကိုသောင်း အိအား ငယ်ပေါင်းကြီးဖော်အဖြစ် တစ်မြို့ထဲ၊ တစ်ပိုင်းတည်း နေထိုင်လာခဲ့ခြင်းနှင့် ဒုတိယအချက်မှာ ဤမျှ ကြီးသေးသော တာဝန်တစ်ခုကို ထမ်းရွက်ရန် တာဝန်ဖြင့် လာရောက်သူတစ်ဦးအား အကြောင်း အမျိုးမျိုးကြောင့် သင်္ကာမကင်း ဖြစ်သည့်တိုင်အောင် စေလွှတ်တာဝန်ပေးလိုက်သော တမော့စ၀စခန်းသို့ အထောက်တော်စေ လွှတ်၍ ဟုတ်မဟုတ် စုံစမ်းနိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ကျွန်တော်သည် ဗိုလ်မြတ်ကျော်၏ နောက်ဆက်တွဲ စကားရပ်ကြောင့် အသက်ရှူခြင်းကို ခေတ္တမျှပင် ရပ်ထားလိုက်မိသည်။
“အောင်မင်းက ဖက်ဆစ်သူလျှိုဆိုပြီး လက်ပြန်ကြိုးတုပ်ပြီး တွဲလောင်းချထားတယ်ဗျ။ ကျုပ်လည်း ရဲဘော် မှန်းမသိ လို့ သတ်မယ့်အတူတူဆိုပြီး သူ့အင်္ကျီချွတ်ဝတ်လာခဲ့တာပဲ။ ကိုင်း အချိန်ရှိတုန်း ဗိုလ်ချုပ်လက်ျာဆီ သတင်း ပို့ပြီး တားကြရင် ကောင်းမယ်။ ကျုပ်လည်း ပြန်လိုက်ခဲ့မယ်ဗျာ။ အောင်မင်း ကျုပ်ကို တစ်ပတ်ရိုက် လိုက်တာပဲဗျို့“
ကျွန်တော်နှင့် ဗိုလ်တင်အေးတို့နှစ်ယောက် ဗိုလ်လက်ျာဆီသို့ အပြေးရောက်ရှိသတင်းပို့ခဲ့နိုင်သော်လည်း ဗိုလ်လက်ျာ ထံမှ ခွင့်ပြုချက်ရရှိပြီး တားမြစ်ရန် စီစဉ်နေချိန်တွင် အောင်မင်းတို့လူသိုက် ၎င်းတို့ဖမ်းဆီးထားသော ရဲဘော်သောင်းအိ သည် ၎င်းတို့လက်မှ သေနတ်ကို ၀င်ရောက်လုယူရန် ကြိုးစားသဖြင့် ပစ်သတ်လိုက်ရကြောင်း သတင်း လာပို့သွားတော့သည်။

ထိုအချိန်သည် ကျွန်တော်တစ်ယောက် အရူးကဲ့သို့ အော်ဟစ်မိပါသည်။ ကျွန်တော့်အား မည်သူမည်ဝါက ဆွဲလွဲခေါ်ယူခဲ့ သည်ဟု ကျွန်တော် မသိလိုက်မိဘဲ လူတစ်ယောက်၏ အသိစိတ်လုံးလုံး ပျောက်ဆုံးခဲ့ရပါသည်။ ကျွန်တော် သတိရလာသောအခါ ကျွန်တော့်အား ၀ိုင်းဝန်းဖျောင်းဖျလျက်ရှိသော တပ်မတော် အရာရှိ များကို တွေ့ရပါ သည်။ ကျွန်တော်သည် ကလေးငယ်သဖွယ် ကျူကျူပါအောင် ငိုချလိုက်မိသည်။ အားရအောင် ငိုလိုက်ပြီးနောက် အောင်မင်း အား လက်စားချေရန် သံန္နိဋ္ဌာန်ချလိုက်မိပါသည်။
“ဗိုလ်မြလှိုင်၊ ဗိုလ်ဘစိန်နဲ့ ဆက်သွယ်ပြီး ဖက်ဆစ်ကို တိုက်ပါ“
ဗိုလ်တင်ဖေ၏ အမိန့်ဖြင့် ကျွန်တော်သည် ထိုအချိန်မှစ၍ တမော့ဝစခန်းကို ကျောခိုင်းခဲ့ပါသည်။
နေနှင့်ဦးတော့ အောင်မင်းရေ ...။

တမော့ဝစခန်းကို ကျောခိုင်းခဲ့သော်လည်း ရဲဘော်သောင်းအိ ရေတိမ်နစ်ခဲ့ရသော ရင်မှဒဏ်ရာက မပျောက်။ စဉ်းစားမိလေတိုင်း တနုံ့နုံ့ခံစားရသည်။ တမြေ့မြေ့ဆွေးရသည်။ နာကြည်းစိတ်များ ရင်္ပ သိုလှောင် ရသော အခါ နှောင်းကာလ ၏ အကြောင်းအချက်များက နှိုးဆွပေါ်ပေါက်လာရပြန်သည်။
တပ်မတော် ကကောင်တွေဟာ မျက်ကန်းမျိုးချစ်တွေ၊ သေရဲတာနဲ့ တိုင်းပြည်ချစ်တာကလွဲလို့ ဘာသဘောတရား ခံယူချက်မှ မရှိတဲ့ကောင်တွေဟူသော ကွန်မြူနစ်ဆရာကြီးများ၏ တပည့်သားမြေးများ အား လက်သိပ်ထိုးပြောစကားများကို ပြန်လည်ကြားယောင်လာခဲ့ပါသည်။ ထို့အတူ မြင်ယောင်ဝိုးတ၀ါး ပြန်ပေါ်လာသော အချက်တစ်ခုသာ ရှိပါသေးသည်။
တစ်နေ့သော ရက်တစ်ရက်။

ဖျာပုံမြို့မှ ဆက်သားရောက်လာသည်။ ဆက်သား၏ သတင်းပို့ချက်အရ ဖက်ဆစ်တပ်မတော်မှ စစ်သားများ ယခုည တမော့ဝစခန်းသို့ ၀င်ရောက်တိုက်ခိုက်မည့်သတင်းဖြစ်သည်။ သတင်းမှလည်း ယုတ္တိတန်ပါသည်။ အဘယ်ကြောင့်ဟူမူ တမော့ဝစခန်းသို့ လေထီးချပေးစဉ်က လက်နက် ခဲယမ်းမီးကျောက်များ၊ အ၀တ်အထည်၊ အစားအသောက် များ ထည့်သည့် ကွန်တိန်နာခေါ် သံကျည်တောက်ကြီးများကို တမော့ဝ ချောင်းဝ သို့ထွက် ၍ မြစ်အတွင်း ၌ ပစ်ချဖျောက်ဖျက်ခဲ့လေသည်။ သို့သော် ရေကျသောအခါ ယင်းပစ္စည်းများ အားလုံး သောင်စပ် ၌ အစီအရီ တင်နေသည်ကို ရန်သူများက တွေ့ရှိပြီး သဲလွန်စရခဲ့ခြင်းဖြစ်ပါသည်။ ဆက် သားထံမှ သတင်း ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့အား စခန်းတစ်နေရာသို့ ရွေ့ထားရန်၊ ထို့အတူ နိုင်ငံရေးခေါင်းဆောင်ကြီး သခင်စိုးကိုလည်း အလားတူ လုံခြံသည့်စခန်း သို့ ပြောင်းရွှေ့ ထားရန် ဖြစ်ပါသည်။ ဒုတိယတာဝန်မှာ တမော့ဝကျေးရွာအား ဖက်ဆစ်တို့ မဖျက်ဆီးနိုင်ရန် အသက်ပေး ကာကွယ် ရန်ဖြစ်ပါသည်။ ထို့နောက် လူကြီးများ ရွှေပြောင်းရေးတာဝန်ကို ဗိုလ်သန်းထွန်း တပ်စုမှလည်းကောင်း၊ ကွန်မြူနစ်ပြောက်ကျား ကိုအောင်ခင်တို့ကလည်းကောင်း တာဝန်ယူ၍ တိုက်ခိုက် ရေးတာဝန်ကို တမော့ဝချောင်းဝ တွင် ကရင်ပြောက်ကျား စောထွန်းစိန်နှင့် တစ်ဖက်ကမ်းရှိ ဦးတင်ကြိုင်တို့ အဖွဲ့က လည်းကောင်း၊ ဌာနချုပ် အဆောက်အအုံနှင့် တမော့ဝရွာကို ကျွန်တော့် တပ်စုကလည်းကောင်း၊ တမော့ဝ အရှေ့ဘက်ကမ်း ဗိုလ်လက်ျာ၏စခန်းကို ဗိုလ်မြတ်ကော် တပ်ကလည်းကောင်း အသီးသီး ခွဲဝေ ဆောင်ရွက်ကြ ပါသည်။

ထိုညက ကျွန်တော်တို့ မျှော်လင့်ထးသကဲ့သို့ ရန်သူများက ၀င်ရောက်တိုက်ခိုက်ခြင်း မပြုဘဲ ဖျာပုံမြို့မှ နှစ် ထပ်သင်္ဘောတစ်စီးနှင့် မော်တော်ကြီး တစ်စင်းတို့ကို ဆွဲ၍ ပုသိမ်သို့ ရေလမ်းမှ ချီတက်သွားပါသည်။ ယင်းသို့ ချီတက်လာသည် ကို ကနစိုကွင်းတွင် ရောက်ရှိနေသော ဗိုလ်ဟန်သိမ်း (ယခင်စားသောက်နှင့် အဖျော်ယမကာ ကုန်သွယ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး)၏ တပ်မှ တိုက်ခိုက်လိုက်လေသည်။ ဖက်ဆစ် တပ်များမှ ခုခံ တိုက်ခိုက်သဖြင့် တိုက်ပွဲမှာ ၁ နာရီခန့် ကြာမြင့်၍ ရန်သူအချို့ ကျဆုံးပြီး ရိက္ခာနှင့် စစ်ပစ္စည်း များကို ဗိုလ်ဟန်သိမ်းတို့ ရရှိလိုက်လေသည်။ ဗိုလ်ဟန်သိမ်းတို့တပ်နှင့် တိုက်ပွဲဖြစ်နေချိန်တွင် ရန်သူများ တမော့ဝရွာသို့ ချဉ်းနင်း ၀င်ရောက်လာမည်ဟု ထင်မှတ်၍ လိုအပ်သည်များကို အသင့်စီစဉ် စောင့်နေသော် လည်း ရန်သူများ သည် မိုးစင်စင်လင်းသည့်အထိ ပေါ်မလာကြတော့ဘဲ ကစဥ့်ကလျားဖြင့် ပုသိမ်သို့ ဆက်လက် ချီတက်သွားကြောင်း ရှမ်းကွင်းကြီးရွာမှ ပြောက်ကျားတာဝန်ခံ ကိုတင်ကြိုင်တို့ထံမှ ဆတ်သား လွှတ်လိုက်သဖြင့် သိရှိကာ ကျွန်တော်တို့ တပ်များကို ပြန်လည်ရုပ်သိမ်းထားခဲ့ကြပါသည်။ ကျွန်တော်တို့ စုရုံးမိကြသောအခါ နံနက် ၆နာရီခန့် ရှိပါပြီ။ ဗိုလ်မြတ်ကျော်၊ စောထွန်းစိန်နှင့် ကျွန်တော်တို့ စုရုံး၍ ကင်းလဲ ရန်ကိစ္စ၊ အချို့ရဲဘော်များအား ခေတ္တအိပ်စက်နားနေရန် ကိစ္စကို တိုင်ပင်ကြပါသည်။ ထိုအခိုက် ကျွန်တော့် တပ်စုမှ တပ်ကြပ်တင်ဦးက ၀က်အူချောင်းများ၊ ထောပတ်ဘူးများ၊ သကြားဘူးများကို ပွေ့ပိုက်၍ ယူလာပါ သည်။

“ဟ ... ရဲဘော် ဘယ်က ဟာတွေလဲကွ၊ များလှချည်လား”
“ဟို ... ဟို အခန်းထက တွေ့တာ”
“ထားလိုက်၊ ပြန်ထားလိုက်။ ဒါ ဆရာကြီး သခင်စိုးအတွက် ထားတာကွ”
ကျွန်တော်က ယင်းသို့ပြောခိုက် ဗိုလ်မြတ်ကျော်က တပ်ကြပ်တင်ဦး ယူလာသောပစ္စည်းများကို လှမ်းယူ လိုက်ပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများကို အားရပါးရ သပ်က ကျွန်တော့်ပေါင်လို လက်ဖြင့်ပုတ်၍ ပြောလာပါသည်။
“လုပ်မနေနဲ့ ကိုယ့်လူ။ ဒါတွေ အားလုံး ကြော်ပြီး ကျိတ်ပစ်ရမယ်။ တို့များ ရဲဘော်တွေ ငယ်လှသကွာ၊ ရွေး-ရဲဘော်တစ်ယောက် လာစမ်း ဟိတ်”
ဗိုလ်မြတ်ကျော် သည် ရဲဘော်လက်သို့ ၀က်အူချောင်းတွဲကြီးနှင့်တကွ ထောပတ်ဘူးများကို အပ် လျက် ကြော် လှော် ခိုင်းပါသည်။ ရဲဘော်များကလည်း ၀က်အူချောင်းများ ကို ထောပတ်နှင့် ပင် ကြော် လိုက်ကြသေး သည်၊ ထို့ပြင် သကြားများကို သောက်ရေအိုးထဲ ထည့်၍ လက်ဖြင့်မွှေကာ ရှာလပတ်ရည် အဖြစ် သောက် လိုက်ကြ ပါတော့သည်။

ထိုနေ့နံနက်က အစားအသောက် ငတ်လှသော ကျွန်တော်တို့တစ်တွေ ပျော်လိုက်သည့် ဖြစ်ခြင်း။ သို့သော် ကြာကြာမပျော်လိုက်ရပေ။ ညနေစောင်းတွေ ခေါင်းဆောင်ကြီး ပြန်ရောက်လာပါသည်။ ထိုအခါ ကိုအောင်ခင်က ခရီးရောက်မဆိုက် ကျွန်တော့်အား ဆရာကြီး၏ ရိက္ခာများကို မတန်မရာ စားသောက်ရကောင်းလား ဟု ပြောဆိုက ဒေါသူပုန်ထပါလေသည်။ ကျွန်တော်ကမူ မည်သူ့အားမျှ လွှဲချမနေ တော့ ဘဲ ခေါင်းငုံ့ခံလိုက်ပါတော့သည်။

ကျွန်တော်သည် ဆွေးမြည့်နာကြည်းစိတ်များဖြင့် ရင်၌ ပြည့်လျှံလာသောအခါ အနာဟောင်းများကို စဉ်းစား ရင်း မိမိဦးတည်ဆောင်ရွက်လျက်ရှိသော ဖက်ဆစ်တော်လှန်ရေးဟူသော ဦးတည်ချက်နှင့်အတူ မြစ်ဝကျွန်းပေါ်ရှိ ကျွန်မြူနစ် ပါတီ ကိုလည်းကောင်း၊ ကွန်မြူနစ်ပါတီ၏ လက်အောက်ခံ ပြောက်ကျား ရဲဘော်များကို လည်းကောင်း၊ နိုင်ငံရေးမှူးဆိုသူများကိုလည်းကောင်း ရန်သူအဖြစ် မြင်လာခဲ့ပါ သည်။ ထို့ထက် အခါအခွင့်သင့် လျှင် ရဲဘော်သောင်းအိ ကိုယ်စား လက်စားချေမည်ဟူသော သန္နိဋ္ဌာန်ချထားလိုက်ပါသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ် ဆန့်ကျင်ရေး သမား မြလှိုင်အဖြစ် ဘ၀ကူးပြောင်း ရောက်ခဲ့ရပါသတည်း။

ဆက်ရန်
.

No comments: