Wednesday, February 6, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၉)

ပညာရှင်John Wesleyက
မိမိရဲ့စွမ်းအားရှိသမျှနဲ့ အကောင်းဆုံးလုပ်ပါ။
အတတ်နိုင်ဆုံးလုပ်ပါ။
နေရာမရွေးလုပ်ပါ။
အချိန်မရွေးလုပ်ပါ။
ထိတွေ့ရသူမှန်သမျှလုပ်ပါတဲ့။
အသက်ရှင်နေသမျှလုပ်ပါတဲ့။
ဒီဆောင်ပုဒ်အတိုင်း စွမ်းအားရှိသမျှ လုပ်ပြီး ဘဝကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချတိုင်း စိတ်အားတင်း ရတယ် ဆိုပါတော့။
ကို ဆက်ဖတ်ရန် ..........

အပိုင်း (၄၁)

လူဆိုတာ ပထမအစသက်ရှူခြင်းကနေပြီး နောက်ဆုံးနှလုံးခုန်ရပ်တဲ့အထိ မျှော်လင့်ချက် တွေ၊ အိပ်မက်တွေ၊ စိုးရိမ် ပူပန်ခြင်းတွေ၊ အတွေးတွေ၊ ယုံကြည်ချက်တွေနဲ့ ဘ၀ခရီးကို လျှောက်နေကြတာနော်။ မိမိဖြစ်တည်ရာ ဘ၀ ကို ကျေနပ်လက်ခံနိုင်မှ နေသာထိုင်သာရှိ တာပါ။ ကျွန်မအနေနဲ့ သားသမီးမြေးတွေစုံ၊ အတူတကွနေရ လို့ စိတ်ချမ်းမြေ့ကြည်နူးစ ရာဆိုပေမဲ့ သားနဲ့ချွေးမရဲ့ အရိပ်အောက်မှာ မှီခိုသူအဖြစ် နဲ့ နေရာတာမို့ ရင်ထဲမှာ ဘ၀င် မကျဖြစ်နေမိတာအမှန်ပါပဲ။ တစ်သက်လုံး သူတစ်ပါးကို အရိပ်ပေးစောင့်ရှောက် လာသူက တစ်ခဏအတွင်းမှီခိုသူလာဖြစ်နေရတာမို့ မနေတတ်မထိုင်တတ်ပါပေါ့။ သားတို့၊ ချွေးမ တို့ကအမေ စိတ်အားငယ် မှာစိုးလို့ အထူးဂရုစိုက်ပြုစုကြပေမဲ့ ကိုယ့်စိတ်ကိုက အဲဒီလို မှီခို သူဘ၀မှာနေရတာ ကို အလိုလို နေရခက်နေမိတာပါ။

ဒီတော့ ကိုယ့်အိုး ကိုယ့်အိမ်လေး ဖြစ်တည်နိုင်အောင် ခင်ပွန်းသည်ကို အမြန်ရောက်လာ စေချင်လို့ သတင်းမေးပြန်တော့ လည်း ကိစ္စတွေက မပြတ်သေးတာကြောင့် ကြာဦးမယ် လို့အကြောင်းပြန်တာပဲ ကြားသိရ လို့ စိတ်အားပျက်ချင်ချင်ဖြစ်လာတယ်ပေါ့။ သုံးလကနေ ခြောက်လတိုင်ပေမဲ့ ရောက်လာဖို့ အရိပ် အယောင်တောင် မရှိသေး ပါဘူး။ သားကိုထပ်ပြီး အိမ်ပြောင်းနေဖို့ ညှိနှိုင်းပြန်တော့လည်း သားက လုံးဝလက်မခံ ပါဘူး။ အန်ကယ်မရောက် လာခင်သားကြီးတစ်ယောက်အနေနဲ့ သူ့မှာစောင့်ရှောက်ရမဲ့ တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွတ်တားလေတော့ ကိုယ့်ဟာကိုယ်သက်ပြင်းကျန်ချပြီး နေရပါတော့ တယ်။
ဘာမှမလုပ်နိုင် ဘဲ အခုလိုထိုင်စောင့်နေရတာ အချိန်တွေပုပ်လို့ တစ်ခုခုလုပ်ချင်တယ်ဆို တာသားကြီး ကို ပြောပြတော့ "မာမီ ဓာတ်ပုံဆိုင်ပြန်ဖွင့်ချင်လား"တဲ့။ ကိုယ်ဝါသနာပါရာ မြတ်နိုးရာအလုပ်မို့ လုပ်တော့ လုပ်ချင်သား။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မစိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု က ပျောက်ဆုံးနေလေတော့ "ဟင့်အင်း"လို့ပဲ ပြန်ဖြေမိပါတယ်။
အဲဒီ "ဟင့်အင်း" ဟာ ကျွန်မရင်ထဲကတကယ့်ဆန္ဒနဲ့ ထွက်လာတဲ့စကား မဟုတ်မှန်းသား ကရိပ်မိတယ် ထင်ပါရဲ့။ "လာ...အပြင်သွားကြရအောင်၊ မာမီ အ၀တ်လဲ"တဲ့။

ဒါနဲ့ ဘာမသိညာမသိ ကျွန်မအ၀တ်လဲပြီးလိုက်သွားပါတယ်။ သူခေါ်သွားတဲ့နေရာက ဓာတ်ပုံဆိုင်တွေလေ။ အမေရိကားက တိုးတက်တဲ့နိုင်ငံကြီးတစ်ခု ဖြစ်တာကြောင့် ဓာတ်ပုံဆိုင်ကြီးတွေလည်း ဟိန်းနေလိမ့်မယ်လို့ ကျွန်မတွေးထင် ထားခဲ့တာပါ။ တကယ် ရောက်သွားတော့ ဆိုင်ခန်းကလည်း အသင့်အတင့်ပဲ။ မြန်မာပြညက် ဓာတ်ပုံ ဆိုင်ကြီးတွေ ကမှ အများကြီးကျယ်ဝန်းပါသေးတယ်။ ပြင်ဆင်ထားပုံကလည်း သာမန်မျှပါပဲ။ စတူဒီယိုထဲ မှာ ထိုင်ခုံလေး နှစ်ခု သုံးခု၊ ဘက်ကရောင်းလည်း အရောင်နု၊ အရောင်ရင့်နဲ့ အနက်ဒီသုံး မျိုးပဲ၊ ရှင်းလို့။ အပိုပစ္စည်းဘာမှ မရှိပါဘူး။ မီးသုံးတာလည်း ရိုးရိုးလေး Back Lightတစ်ခု၊ Head Light တစ်ခု နဲ့ရှေ့ ရောင်ပြန်ပေးဖို့ မီးလုံးရှေ့မှာ ထီးလိုအကာတစ်ခုပဲ ဖွင့ိ ထားတာရှိပါတယ်။

ဒါပေမဲ့သုံးတဲ့ ကင်မရာကအစ Flash Light အပါအ၀င် အားလုံးကနောက်ဆုံးပေါ် ကျွန်မ မမြင်ဖူးသေးတဲ့ အမျိုးအစားတွေ ပါပဲ။ ဓာတ်ပုံဆရာကလည်း ပညာသားအပြည့်ပါ။ ကျွန်မ တို့လိုအလင်း အမှောင် မီးအားနဲ့ ကင်မရာ ကို စိတ်မှနးနဲ့ ဖွင့်ချလိုက်တာ မဟုတ်ဘူး။ စနစ်တကျ မီတာနဲ့ အလင်းအမှောင်ကို ချိန်ပြီးမှ အညွှန်း အတိုင်း လိုက်နာပြီး ရိုက်တာ မျိုးလေ။
ကျွန်မ လေ့လာကြည့် ရင်း အံ့သြနေမိပါတယ်။ မြန်မာပြည်က ဓာတ်ပုံဆိုင်တွေလို အလှပြု ပြင်ပေးသူလည်း မရှိ။ ခဲထိုး၊ ဆေးခြယ်၊ ပုံကူးသူ လုပ်သားတွေလည်း မရှိ။ ဓာတ်ပုံဆရာ တစ်ဦးတည်းနဲ့ စတူဒီယိုတစ်ခု။ ဒါပဲရှိတာပါ။ ကျွန်မ နား မလည်လို့ မေးကြည့်တော့မှ ဒီမှာ ရိုက်သမျှ ပုံခပ်များများက ဆေးရောင်စုံ ပုံတွေလေ။ ဖလင်ဆေး၊ ပုံကူး ကလည်း ဓာတ်ပုံ ဆိုင်မှာ မဟုတ်ပါဘူး။ အားလုံးက စက်တွေနဲ့ဆေး၊ စက်တွေနဲ့ကူးတဲ့ ဧရာမဓာတ်ပုံ Lab ကြီးတွေ ရှိနေတာ မို့ အဲဒီ Labတွေနဲ့ စီးပွားရေး ဆက်သွယ်ထားလိုက်ရုံပါပဲ။

ဓာတ်ပုံ Lab ကြီးတွေ က နေ့စဉ်ရိုက်ပြီးသား ဖလင်တွေလာယူ၊ အချိန်အတိုင်းအတာ အတိုင်းဆေးပြီး ကူးပြီး ပုံတွေ နောက်နေ့ လာပို့၊ အဆင်သင့်ဖြစ်ပြီးသားပုံကို ကိုယ်က အလွယ်တကူ ရိုက်သူရဲ့ လက်ထဲထည့် လိုက်ရုံပါပဲ။ ဒါလောက်အဆင်ပြေ လွယ်ကူနေတာ ဘာဖြစ်လို့ ဓာတ်ပုံဆိုင်မဖွင့်လဲလို့ မေးစရာရှိပါတယ်။ စတူဒီယို လုပ်ငန်း တစ်ခုတည်းက ဒီမှာမတွင်ကျယ်ပါဘူး။ ကိုယ်ကသိပ်တော်နေ ရင်တော့ လည်း အောင်မြင်မှု ရပြီး (တစ်ဖနီ) ဓာတ်ပုံဆိုင်ကြီးလို ထင်ပေါ်ကျော်ကြားနိုင်တယ်ပေါ့။ သာမန် သူလိုကိုယ်လို အနေအနေ အထား နဲ့တော့ ကြီးပွားရာအလုပ်တစ်ခု မဟုတ်ပါဘူး။

အကြောင်းရင်း ကတော့ မြန်မာအမျိုးသမီးတွေလို ဒီကမိန်းကလေး တော်တော်များများက တကူးတက အချိန် ကုန်ခံပြီး ဓာတ်ပုံဆိုင် မှာ သွားရိုက်တဲ့အလေ့အထိ သိပ်နည်းပါတယ်။ အိမ်မှာ ဓာတ်ပုံတွေ ပုံကြီးချဲ့ပြီး၊ နံရံ အပြည့် ချိတ်ထားတာမျိုးလည်း မရှိပါဘူး။ ကိုယ့်သား သမီးကလေး ငယ်ရွယ်စဉ်မျိုးမှာတော့ ဆိုင်မှာ သွားရိုက်လေ့ရှိကြတယ်ပေါ့။ နောက်တစ်ခု ကလည်းလူတိုင်းရဲ့ လက်ထဲမှာ ကင်မရာကိုယ်စီ ရှိထားကြတာ မို့ မွေးနေ့တွေ ဘာတွေ မှာကိုယ့်အိမ်မှာပဲ စိတ်ကြိုက်ရိုက်တာတို့၊ အပျော်ခရီးထွက်တဲ့အခါ မိသားစုရိုက်တာ မျိုး တွေကိုတန်ဖိုးထားတက်ကြတာကလည်း ရှိသေးတာကိုး။ ဒါ့အပြင် အခုခေတ်ပေါ်တဲ့ ကင်မရာတွေကလည်း တကယ် လွယ်မှ လွယ်၊ ခလုတ်နှိပ်တတ် ရင် ဓာတ်ပုံဖြစ်တဲ့ ကင်မ ရာမျိုးတွေမို့ (Phd ပီအိတ်ခ်ျဒီ) ကင်မရာ လို့တောင် နောင်ပြောင်ပြီး နာမည်ပေးထားကြ သေးတာမဟုတ်လားနော။်

စက်မှုပညာတွေက တိုးတက်နေတာကြောင့် အရင်ကလို ကိုယ့်ဟာကိုယ်အလင်းအမှောင် ချိန်စရာမလိုဘဲ အလို အလျောက် ချိန်သားကိုက်ပြီးသား အော်တိုမက်တစ် ကင်မရာမျိုး တွေဆိုတော့ (ပီအိတ်ခ်ျဒီ)ဆိုတာ Press here dummy တဲ့လေ။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လက်ညှိုးတစ်ချောင်းနဲ့ ခလုတ်နှိပ်တတ်ရင်လည်း ဓာတ်ပုံက သူ့အလိုလို ချိန် သားကိုက် ရိုက်ပြီးသား ဖြစ်နေတော့လည်း အချန်ကုန်ခံ၊ ငွေပိုအကုန်ခံပြီး တော်ရုံကတော့ ဆိုင် မှာ သွားမရိုက်လေဘူးပေါ။

ဒါပေမဲ့ မင်္ဂလာဆောင်တို့၊ ဘွဲ့နှင်းသဘင်မျိုးစတဲ့ ပြင်ပကို လိုက်ရိုက်နိုင်ရင်တော့ အကျိုး အမြတ် သိပ်များ ပါတယ်။ ဒီမှာ Service က တန်ဖိုးကြီးတာကိုး။ ကျွန်မကသာ အဲဒီအချိန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက် ဆုံးပြီး စိတ်ဓာတ်တွေကျနေတာကြောင့် မလုပ်ရဲ တာ။ ကျွန်မတို့ရဲ့ မိတ်ဆွေ ဦးလှဝင်း ဆိုရင် နယူးယောက် မှာ ထင်ရှားကျော်ကြားတဲ့ ဓာတ် ပု့ဆ၇ာတစ်ဦးအဖြစ် ရပ်တည်နေ တာ မြန်မာလူမျိုး အနေနဲ့ ဂုဏ်ယူဖွယ်ရာပါပဲ။ ကျွန်မ သတ္တိမရှိတာနဲ့ ဓာတ်ပုံဆိုင်ဖွင့်ဖို့ ကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပါတယ်။ သားကြီးဝင်း ကတော့ ကျွန်မဆန္ဒရှိရင် လုပ်ချင်လုပ်ရအောင်ဆိုပြီး သူကြည့်ထားတဲ့ ဆိုင်ခန်းနေရာလေး ကိုတောင် လိုက်ပြပါသေးတယ်။ နေရာက သားအိမ်နဲ့ မနီးမဝေး Shopping Center ထဲမှာ ပါပဲ။ ဆိုင်ခန်းခတွေ ကလည်း ဈေးကြီးပါဘိ။ ကိုယ်ကသူတစ်ပါးနဲ့ ပခုံးချင်း ယှဉ်နိုင်ဖို့ ရင်း နှီးစရာ ငွေကြေးအပြင် စနစ်တကျ အတတ်ပညာကလည်း လိုအပ်သေးတာမို့ လက်ရှိ အခြေအနေမှာ မိသားစုတာဝန်က ကြီးမာလာတာကြောင့် အတိမ်းအစောင်း မခံရဲဘဲ စွန့် စားဖို့အတွက် သတ္တိ မမွေးနိုင်တာနဲ့ စိတ်ကိုလျှော့်လိုက်ပါတယ်။

သားက ဒါဆိုရင် ဒီက စီးပွားရေးလုပ်ငန်း အခြေအနေတွေကို နားလည်ထားရအောင် ကျောင်းပြန်တက်ပြီး  Small Business Managementသင်တန်းယူဖို့ အကြံပေးပါတယ်။ အဲဒီလို အခြေခံသိနိုငအောင် သုံးလလောက် တက်ပြီး သင်ရတဲ့ရက်တိုသင်တန်းလေးတွေ ကဒီမှလွယ်လွယ်ကူကူနဲ့ တက်လို့ရပါတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့အချိန်တွေကို အလဟ ဿဖြုန်းမပစ်ဘဲ ၀င်ငွေရဖို့ဖြစ်စေ၊ အသိတရားနဲ့ ပညာရဖို့ဖြစ်စေ၊ ကုသိုလ်ရဖို့ပဲဖြစ်စေ၊ အကျိုးတစ်စုံတစ်ရာရှိရာ တစ်ခုခုတော့ လုပ်သင့်တာ မှန်တာကြောင့် သားအကြုံပြုတဲ့အ တိုင်း ကလေးတွေ အိမ်ပြန်ရောက်ချိန်မှာ မာမီ့အတွက်လည်း အဖော်ရှိပြီး မပူပင်ရတာမို့ ညဘက်ကျောင်း သွားတက်လိုက်ပါတယ်။

အမေက ကျောင်းသားဖြစ်ချိန်မှာ သမီးယမင်းက ကျောင်းပြီးလို့ ပညာစုံတာနဲ့ တစ်ခါ တည်းကြင်ရာပါစုံဖို့ ဖြစ်လာလေရဲ့။ ယမင်းရောက်ခါစမှာ သူတကာတွေကို အိမ်လွမ်းရော ဂါထလေတယ်ပေါ့။
"မာမီ့သမီးတွေ က အိမ်လွမ်းကြပြီဆိုရင် တစ်ယောက်က ဗိုက်နာ၊ တစ်ယောက်က ခေါင်း ကိုက်တာတဲ့" သားကြီးက သူ့ညီမတွေအကြောင်း ပြောပြပါတယ်။
"ကေခိုင် ရောက်ခါစတုန်းက ဗိုနာတယ်ဆိုပြီး အိပ်ရာထဲ သွားခွေခွေနေတာ။ ဘော်ဘီက တကယ်မှတ်ပြီး ပက်ပတိုဗစ္စမော်လ်တွေ တိုက်၊ ရေနွေးအိတ်တွေ ကပ်ပေးပေါ့။ ယမင်း ရောက်လာတော့လည်း ဒီအတိုင်း ပဲ။ ခေါင်းကိုက်တယ်ဆိုပြီး အိပ်ရာထဲ ခွေပြန်ရောလေ။ ဒီတော့မှ သားကလည်း သဘောပေါက် တာ မာမီရ"တဲ့။

အဲဒီလို ယမင်းအိမ်လွမ်းနာကျနေတယ် ဆိုတာ တက္ကဆက်ပြည်နယ်မှာနေတဲ့ အစ်မ        ကေခိုင်ကသိတော့ စိတ် မကောင်းဖြစ်ပြီး သူတို့အမေရိကားသွားဖို့ အကြံပြုကူညီပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ဖုန်းပြောဖြစ်တဲ့အချိန်မှာ "တို့ညီမလေး Home Sickဖြစ်နေတယ်ဟယ်၊ ၀ိုင်းပြီးအားပေးလိုက်ပါဦး"နဲ့ အကူအညီတောင်းလေတယ်ပေါ့။ ကာလီဖိုးနီးယား မှာ ရှိတဲ့ ကေခိုင့်သူငယ်ချင်းက ယမင်းကိုဖုန်းဆက်အားပေးရင် တစ်ဦးနဲ့ တစ်ဦးမမြင်ဖူး မသိဖူး တဲ့ ဖုန်းပေးမှာ ရင်းနှီးကျွမ်းဝင်သွားလိုက်ကြတာ လေထဲက ဖူးစာရှင်အဖြစ်နဲ့ အခုတော့ လက်ထပ် ယူကြဖို အထိတောင် ဆုံးဖြတ်ကြတဲ့အဆင့် ရောက်လာလေရဲ့။

သူငယ်လေးက ကျွန်မဆီရောက်လာပြီး ၀တ္တရားအရ လက်ထပ်ပေးဖို့ ခွင့်တောင်းလာ တော့သူ့မိဘများက မန္တလေး အဆက်အနွယ်၊ ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေ ဖြစ်နေတာမို့ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားအတိုင်း ကျွန်မလည်း သမီးစိတ်ချမ်းသာရေး ဦးစားပေး စဉ်းစားပြီး သူတို့အဖေ ဦးမြလှိုင်ဆီ အကြောင်းကြား လိုက်ပါတယ်။ ဦးမြလှိုင်က လည်းလက်ခံသဘောတူတာနဲ့ လက်ထက်ပွဲ လုပ်ပေးဖို့ စီစဉ်ရတော့ တယ်ပေါ့။ ကိုယ့်ဟာ ကိုယ်တောင်အခြေတကျ မဖြေစ်သေးဘူး။ အမေရိကားရောက်မဆိုင် မင်္ဂလာပွဲ နဲ့ စပြီးဈေး ဦးဖောက်ရပြန်ပါတယ်။
ကိုယ့်သမီး ဆိုတော့လည်း ထိုက်ထိုက်တန်တန် တင့်တင့်တယ်တယ် ဖြစ်စေချင်တာနဲ့ အရှေ့တိုင်းဆန်ဆန် မှန်စီရွှေချ ပွတ်လုံး တွေနဲ့ ခမ်းခမ်းနားနား ပြုပြင်ထားတဲ့ မိုင်ခိုင်းမှာပဲ ပွဲထိုင်ကျင်းပပေးပါတယ်။

ကျွန်မ လာကတည်းက သမီးတွေလက်ထပ်ရင် မြန်မာဆန်ဆန် ၀တ်ရအောင်ဆုပြီး မစ္စစ်ခိုင်ဆီမှာ ထိုင်မသိမ်းတွေ ချုပ်ယူ လာခဲ့ပြီးသားအပြင် ကိုဝင်းဦးဆီ ကလည်းသူကိုယ်တိုင် သီဆိုထားတဲ့ မင်္ဂလာ အခါတော်ပေး သီချင်း ကို ကက်ဆက်ခွေသွင်း ယူလာခဲ့တာမို့ မြန်မာဆန်တဲ့ မင်္ဂလာပွဲတစ်ခုကို ကျင်းပနိုင်ခဲ့ ပါတယ်။ သမီးကို လက်ထပ် ထိမ်းမြားပေးသူက လည်းကျွန်မတို့နဲ့ ဒီကျမှသိကျွမ်း ရတာ ဖြစ်ပေမဲ့ဆွေမျိုး ရင်းချာလိုချစ် တဲ့ ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာညွန့်လွင် နဲ့ ဂျင်းတာလွင်တို့ပါပဲ။ မြန်မာ့ ယဉ်ကျေးမှု အတိုင်း ပြုလုပ်တဲ့ ထူးထူးခြားခြား မင်္ဂလာပွဲတစ်ခုဖြစ်တာမို့ သတင်းစာတိုက် ကဓာတ်ပုံလာရိုက်ပြီး သတင်း အဖြစ်တောင် ဖော်ပြခံရပါသေးတယ်။

ကိုယ်ကိုယ်တိုင် မင်္ဂလာပွဲကို ဦးစီးဆောင်ရွက်ရမှ အရှေ့နဲ့အနောက် မတူကြတဲ့ အယူအ ဆ၊ ဓလေ့စရိုက်တွေ ကို လေ့လာခွင့်ရတော့တာပါပဲ။ ဒီမှာ တရားဝင်လက်ထပ်ကြတော့ မယ်ဆိုရင် လက်ထပ်လိုင်စင်ယူဖို့အတွက် မိန်းကလေး နဲ့ ယောက်ျားလေး နှစ်ဦးစလုံး သွေးစစ်ကြရပါတယ်။ မွေးလာတဲ့ သားသမီးတွေကို ထိခိုက်အန္တရာယ်ဖြစ်စေ မဲ့ ရောဂါမျိုး ၇ှိနေခဲ့ရင် လက်ထပ်ခွင့်လိုင်စင် ထုတ်မပေးပါဘူး။ အဲဒီရောဂါ ပျောက်ကင်းတဲ့ ထိ ကုသပြီး မှသွေးပြန်စစ်၊ ရောဂါကင်းစင်ပြီဆိုကာမှ လက်ထပ်ခွင့်ရတာပါ။ ဒါဟာကြိုတင် ကာကွယ်တဲ့ နည်းစနစ်တစ်ခုပါပဲ။ မဟုတ်ရင် မွေးလာတဲ့အပြစ်မဲ့ ကလေးတွေမှာ မိဘရဲ့ ဆိုးမွေတွေရပြီး လူစဉ်မမီတာတွေ ဖြစ်က်ုန်နိုင်တယ်ပေါ့။

အဲဒီ သွေးစစ်ထားတဲ့ လက်မှတ်ရဲ့တရားဝင်သက်တမ်းကလည်း တစ်လပဲရှိတာတဲ့။ ကျွန်မ ရဲ့ မိတ်ဆွေ မြန်မာဆရာဝန်တစ်ယောက်က ပြောပြဖူးပါတယ်။ သူ့လူနာတစ်ယောက်လက် ထပ်မယ် ဆိုပြီး သွေးစစ်ပြီးမှ အကြောင်းကြောင်းတွေကြောင့် လက်မထပ်ဖြစ်ဘဲ တစ်လ ကျော် သွားတော့ နောက်တစ်ခါ ပြန်စစ်၊ ဒုတိယအကြိမ်လည်း အဆင်မပြေလို့ တတိယ အကြိမ်စစ်ပြီးမှပဲ တကယ် လက်ထပ်ဖြစ်တော့ တာ ပဲ။ သူ့ခမျာ သုံးခါကြီးများတောင် သွေး ဖောက်ခံလိုက်ရတာ မသက်သာရှာပေဘူးနော်။
ရုံးတော် မှာ သွား လက်ထက်စာချုပ်ထိုး၊ လက်ထပ်လိုင်စင်ရပြီးပြီဆိုမှ ကိုးကွယ်ရာ ဘာသာ တရား ဘုရားကျောင်းတွေ မှာ နံနက်ပိုင်းမှာ ဘာသာရေးလက်ထပ်ပွဲ လုပ်ပြီးတာနဲ့ ကျွေး မွေးဧည့်ခံရာ ဟိုတယ်ကြီးတွေ ဖြစ်စေ၊ ကိုယ်ပါဝင်လှုပ်ရှားရာ ကလပ်ဟောက်စ်ခန်းမတွေ မှာဖြစ်စေ၊ ဒါမှမဟုတ် နာမည်ကြီး စားသောက် ဆိုင် ခန်းမတွေမှာ ဖြစ်စေ ဧည့်ခံပွဲလုပ်ကြ တာပါပဲ။ ထုံစံအတိုင်း စားကြ၊ ယမကာသောက်ကြ၊ ကိတ်မုန့် လှီးကြ၊ ကကြခုန်ကြ၊ ဂီတ ပိုင်းဆိုင်ရာငှားထားတဲ့ ဒီဂျေ ကောင်းရင်ကောင်းသလို ပွဲစည်ပြီး အချိန်တွေနေကုန် တဲ့ အထိပျော်ကြတာမျိုးပါ။

ဒီမှာ မင်္ဂလာဆောင်ရင် သတို့သမီးဘက်က အကုန်အကျခံရပါတယ်။ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ ဆို ရှေးခေတ် က စိန်တစ်ဆင်စာ၊ တိုက်တစ်လုံး၊ ကားတစ်စီးတင်ပြီး တောင်းကြရတာမျိုးရှိတယ်လို့ ပြောပြရင် ဒီက အမျိုးသမီးတွေ က တအံ့တသြဖြစ်ကြလေ ရဲ့။ နောက်ပြီးကျွန်မတို့ မြန်မာပြည်မှာ ကျင်းပလေ့ ရှိတဲ့ ရှေ့ခေတ်းက အင်းယားလိတ် လို့၊ စထရင်းဟိုတယ်တို့မှာလို လူပေါင်းလေငါးရာ ဖိတ်တဲ့ပွဲထိုင်မျိုးလည်း ဒီမှာ မရှိပါဘူး။ မင်္ဂ လာဆောင် တစ်ခုဆိုရင် သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးသင်္ဂဟနဲ့ အလွန်ဆုံးများတယ်ဆို ရင်တောင် လူတစ်ရာကျော်လောက် ပဲ ရှိတာမျိုးပါ။

ဖိတ်စာ ရေးပုံရေးနည်းလည်း ကွာခြားပါသေးတယ်။ သူတို့ဖိတ်စာမှာ အဖေ အမေရဲ့ နာမည်ကို လုံးဝထည့် မသုံးပါဘူး။ လက်ထပ်မဲ့ ကာယကံရှင် ဘယ်သူဘယ်ဝါ၊ ဒီနေ့ ဒီရက်၊ ဒီအချန်၊ ဘယ်နေရာမှာ လက်ထပ်ပြီး ဧည့်ခံပွဲ လုပ်ပါမယ် ဆိုတာလောက်ပဲ ရိုးရိုးနဲ့ရှင်းရှင်း ရေးထားတာ၊ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ၊ အလုပ်အကိုင်တွေ တစ်ခုမှ မပါပါဘူး။ ကျွန်မတို့ ဆီမှာတော့ မိဘရဲ့ဂုဏ်ထူးတွေနဲ့ အစချီပြီး ကိုယ်ပိုင်ရှိရှိသမျှ ဂုဏ်ပုဒ်တွေ ထုတ်ပြပြီး ရေးထားတာနော်။ တချို့ဆိုမိဘတင်မကသေးဘူး။ အဒေါ်၊ ဦးလေး၊ အစ်ကို၊ အစ်မတွေ တောင် ပါ လိုက်သေးလို့ များပြားလှတဲ့နာမည်တွေထဲက ဘယ်သူလက်ထပ်မှာလဲဆိုတာ မနည်းဖြဲပြီး ရှာကြည့်ရတာမျိုး ကြုံဖူးပါတယ်။

ဖိတ်စာဝေတာလည်း မတူပြန်ဘူး။ ကျွန်မတို့ဆီမှာ သပ်ရပ်အောင်လို့ နာမည်ကို လက်နှိပ် စက်နဲ့ ရိုက်ကြတာ များတယ်။ ဖိတ်ရင်လည်း ဂါရ၀တရားရှေ့ထားပြီး ရင်းနှီးသူဖြစ်ရင် လေးလေးစားစား လူကိုယ်တိုင် သွားပြီး ပို့ကြတာ မဟုတ်လားနော်။ ဒီမှာတော့ ဖိတ်စာ အားလုံးကိုလက်နဲ့ရေးမှ လေးစားရာကျတယ်ဆိုပြီး ကိုယ်တိုင် လက်ရေးနဲ့ ရေးရပါတယ်။ စက်နဲ့လုပ်သမျှထက် လက်နဲ့လုပ်တာကို တန်ဖိုးထားတဲ့တိုင်းပြည်ပါ။ ဆွယ်တာချင်း အတူ တူစက်နဲ့ရက်တဲ့ ဆွယ်တာက ဒေါ်လာနှစ်ဆယ်သုံးဆယ်ပေးရပြီး လက်နဲ့ထိုးတဲ့ ဆွယ် တာကျဒေါ်လာ တစ်ရာလောက် ပေးရတတ်တာမျိုးလေ။ လုပ်အားကို တန်ဖိုးထားတဲ့ သဘောပေါ့။

ဒီတော့ ဖိတ်စာအားလုံးကို လက်နဲ့ရေးရပါတယ်။ ဖိတ်တဲ့အခါကျတော့လည်း ကပ်လျက် အိမ်က မိတ်ဆွေကို ဖိတ်ချင်ရင်တောင် ကိုယ်တိုင်သွားမပို့ဘဲ စာတိုက်ကတစ်ဆင့်ပို့ရတာ နော်။ ယမင်းလက်ထပ်ပွဲအတွက် ဖိတ်စာဝေ ရတော့ သူတို့အမေရိကန် ထုံးစံအတိုင်း အမေရိကန် မိတ်ဆွေများကို စာတိုက် ကပို့၊ မြန်မာမိတ်ဆွေများကျ ကိုယ်တိုင်ကိုယ်ကျ သွားဖိတ်နဲ့ အလုပ်ကို ရှုပ်လို့။
လက်ဖွဲ့ ပစ္စည်းဝေပုံ တစ်ခုကတော့ လက်တွေ့ကျတာကြောင်း နည်းယူသင့်တယ်လို့ ကျွန်မ ထင်မိပါတယ်။ ဒီမှာလက်ထပ်တော့မယ် ဆိုရင်ဖိတ်စာကိုအနည်းဆုံးနှစ်လ၊ သုံးလ လောက်ကတည်းက ကြိုတင်ပြီး ပို့ထားတာပါ။ ဖိတ်စာထဲမှာ လာမဲ့ လူဦးရေနဲ့ လာရောက် ချီးမြှင့်နိုင်၊ မချီးမြှင့်နိုငဆိုတာ အကြောင်းပြန် ကြား ဖို့ နောက်ဆုံးနေ့ရက် သတ်မှတ်ပြီး (RSVP) ကတ်ပြားလေးတစ်ခု ဖိတ်စာနဲ့အတူ ထည့်ပေး လိုက်ပါတယ်။ အကြောင်းပြန်ဖို့ အလွယ်တကူရှိအောင်လည်း တံဆိပ်ခေါင်းကပ်ပြီးသား၊ လိပ်စာရေးပြီး သား စာအိတ်ပါ ထည့်ပေးလိုက်သေးတယ်လေ။

လာနိုင်မယ်လို့ အကြောင်းပြန်ကြားထားတဲ့ ဧည့်သည်စာရင်းကို တိတိကျကျ ကာယကံရှင် ကသိထားရပြီး ဆိုတော့ စီစဉ်ရတဲ့ကိစ္စမှာ လွယ်ကူသွားတာပေါ့နော်။ မြန်မာနိုင်ငံမှာတော့ ဇနီးမောင်နှံနှစ်ဦးကို ဦးတည်ပြီး ဖိတ် လိုက်တာ ဖြစ်ပေမဲ့ သားတွေသမီးတွေပါ အားလုံးခေါ် လာတတ်တော့ တစ်ရာဖိတ်ထားရင် အပိုငါးဆယ် စာလောက်တော့ ဆောင်ထားမှဖြစ်တာ ပါ။ နောက်ပြီးကျွန်မတို့နဲ့ မတူတဲ့ သူတို့ရဲ့ယဉ်ကျေးမှုတစ်ခုကလည်း ရှိသေး တယ်။ မင်္ဂလာ လက်ထပ်ပွဲဖြစ်စေ၊ ကလေးမျက်နှာမြင်ရင်ဖြစ်စေ (ရှာဝါ)ပေးတဲ့ အလေ့တစ်ခု ရှိပါတယ်။
မိန်းကလေး တစ်ဦး လက်ထပ်တော့မယ်ဆိုတာ သိရင်သူရဲ့သူငယ်ချင်းအပေါင်းအသင်း တွေကစုကြပြီး တစ်အိမ် မှာ ဆယ်ဦး၊ ဆယ့်ငါးဦး (Wedding Shower)လုပ်ဖို့ ဖိတ်ပါ တယ်။ ဧာည့်ခံတဲ့ အိမ်ရှင်က အကျွေးအမွေး တာဝန်ယူကျွေး တယ်ပေါ့။ ဖိတ်ထားတဲ့ သူငယ်ချင်း ဆယ်ဦးလောက်က အိမ်ထောင်ရှင်ဖြစ်လာလို့ ကိုယ့်အိုး ကိုယ့်အိမ် ထူထောင် တဲ့အခါအသုံးလိုမဲ့ပစ္စည်းတွေကို လက်ဆောင်အဖြစ် ယူလာပေးကြပါတယ်။ အပေါင်းအ သင်းများ ရင် များသလို ဟိုသူငယ်ချင်းအိမ်က ရှာဝါ၊ ဒီသူငယ်ချင်းအိမ်က ရှာဝါနဲ့ မင်္ဂလာ ပွဲမတိုင်ခင်မှာပါ ၀က်ဒင်းရှာဝါလေးငါးခု က ရတဲ့ပစ္စည်းတွေက မနည်းမနောဖြစ်နေပါပြီ။

အဲဒီလိုပဲ မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရှိလာရင်လည်း ဘေဘီရှာဝါဆိုပြီး မမွေးခင် ကတည်းက သူငယ်ချင်းတွေ က တစ်အိမ် တစ်လှည့် ရှာဝါပေးကတာ ကလေးပစ္စည်းတွေ ၀ယ်ဖို့ မလိုလောက်အောင် ပြည့်စုံနေတတ်ပါတယ်။ ဒါတင်မကသေးဘူး။ လက်ထပ်ပွဲကျ တော့လည်း တစ်ခါထပ်ပြီး လက်ဆောင်ပေး ရပါတယ်။ ဒီမှာတော့ လက်ထပ်ပြီးတယ်ဆိုရင် မိဘအိမ်မှာမနေတော့ဘဲ ကိုယ့်အိုးကိုယ့်အိမ် တစ်ခါ တည်း ထူထောင်ကြတာပါ။ တချို့ လည်းအိမ်က အဆင်သင့်ဖြစ်ပြီးသား။ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် အနောက် တိုင်းနိုင်ငံ သားတေါက အရှေ့တိုင်းသူတွေလို စိတ်ရွှေ မမက်ကြဘူး။ လက်ဝတ်ရတနာထက် ကိုယ့် ရဲ့ အဆင့်အတန်းအခြေအနေကို စိန်နာကပ် ၀တ်မပြဘဲ စီးတဲ့ကား၊ နေတဲ့အိမ်နဲ့ ပြလေ့ရှိပါ တယ်။
ပညာကောင်းကောင်းရှာ၊ အလုပ်ကောင်းကောင်းရပြီဆိုတာနဲ့ ကားကောင်းကောင်း ၀ယ်စီး တော့ တာပဲ။ နောက် တစ်ဆင့် အိမ်ကောင်းကောင်းဝယ်ပေါ့။ အိမ်ဝယ်ပြီးရင် အိမ်ကိုမွမ်းမံ ပြင်ဆင်လှပနေအောင် "သ"တတ်ကြတာ သူတို့ ၀ါသနာလေ။ အိပ်ခန်းပစ္စည်းတွေက ဆင်စွယ်ရောင်ဆိုရင် ခန်းဆီး၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စသည်တွေ ကလည်း သူနဲ့လိုက် ဖက်တဲ့အရောင်းမျိုး ကိုမှ ရွေးပြီး သုံးတာပါ။ ရေချိုးခန်း၊ မီးဖိုကအစ သူ့အရောင်းနဲ့သူ။

ဒီတော့ လိုအပ်တဲ့ပစ္စည်းတွေကိုယ်က လက်ဖွဲ့ပေးချင်ရင်တောင်မှ သူ့စိတ်ကြိုက်အရာင် ဖြစ်ပါဦးမှနော်။ ဒါကိုဖြေရှင်းတဲ့နည်းလည်း သူတို့ဆီမှာရှိပါတယ်။ လက်ထပ်တော့မဲ့သတို့ သမီးကသူလိုအပ်နေတဲ့ တစ်အိမ်ထောင်စာ ပစ္စည်းအားလုံးကို အမျိုးအမည်၊ နာမည်နဲ့ တကွအရောင်ကိုပါ တစ်ခါတည်းချရေး၊ ဘယ်လို အမျိုးအစား၊ ဘာတံဆိပ်ဆိုတာတောင် အသေးစိတ်ပဖော်ပြနိုင်ပါသေးတယ်။ ဒီကကုန်တိုက်ကြီးတွေ ဆိုတာ ကလည်း အပ် ကအစ ရေခဲသေတ္တာ၊ အ၀တ်လျှောက်စက် ဆိုတာမျိုးတွေအထိ ရောင်းတာမဟုတ်လားနော်။

သတို့သမီးက ပြုစုထားတဲ့ စာရင်ရှည်ကြီးကို သူ့စိတ်ကြိုက်နာမည်ကြီး ကုန်တိုက်ကြီး တစ်ခုကိုယူသွားပြီး မှတ်ပုံတင် ထားလိုက်ပါတယ်။ လက်ဖွဲ့လိုသူတွေက ဘယ်မှာမှတ်ပုံ တင်ထားလဲဆိုတာ မေးကြည့်ရတာပေါ့။ ဆိုပါတော့ (မေစီ)မှ တင်ထားတယ်၊ (ဘလူမင်ဒေးလ်)မှာ တင်ထားတယ် ပြောလိုက်ရင် လက်ဖွဲ့လိုသူက သွားကြည့်၊ သူလို တဲ့ပစ္စည်းနဲ့ ကိုယ်မှန်းထားတဲ့ ငွေနဲ့အံကိုက်ပစ္စည်းတွေ့ရင် ငွေချေခဲ့ရုံပါ။ ကုန်တိုက်ကြီး က တာဝန်ယူပြီး သတို့သမီးဆီအရောက် ပို့ပေးပါတယ်။ ကိုယ်တိုင်မသွားချင်လို့ တယ်လီ ဖုန်းနဲ့ လှမ်းမေးရင်လည်း ရတယ်။ တို့က ဒေါ်လာတစ်ရာအတွင် ၀ယ်ပေးချင်တယ် ပြော လိုက်တဲ့ အခါ ရောင်းတဲ့ကလေးမကရာတန်အတွင်း လိုအပ်ပစ္စည်းရွေးပေးပါတယ်။ ဖုန်းပေမှာ ကိုယ့်ရဲ့ Credit ကတ်ပြား နံပါတ်ပေးလိုက်ရုံနဲ့ ငွေချေပြီးသားကိစ္စ ပြတ်လေ ရော။ ကိုယ်တိုင်ထုပ်ပိုးစရာလည်း မလို၊ ပွဲထိုင်အရောက် မ, သယ်သွား စရာလည်း မရှိဘဲ လွယ်လွယ်နဲ့ ကိစ္စပြီးလေတယ်ပေါ့။

အကယ်၍ ကိုယ်ပေးချင်တဲ့ ငွေအတိုင်းအတာအတွင်း ပြည့်မီတဲ့ ပစ္စည်းကမရှိတော့ဘဲ ထောင်ဂဏန်းလို ပစ္စည်းမျိုးပဲ ပေးဖို့စာရင်းမှာ ကျန်တော့တယ်ဆိုရင်လည်း ပူစရာမရှိပါ ဘူး။ ကိုယ်ကဒါလောက်ပဲ ပေးဖို့ ရည်မှန်း ထားတယ်။ နောက်ပေးလိုတဲ့သူတွေနဲ့ ဖက်စပ် ပေးပါရစေလို့ ဆိုင်ကရောင်းသူကို ပြောပြရင် သူက တစ်ထောင်တန် ပစ္စည်းကို ဆယ်ဦးစပ်၊ ငါးဦးစပ်ဆိုသလို စီစန်ဖန်တီးပေးတာမို့ ပေးရတဲ့သူအနေနဲ့လည်း လိုအပ်တဲ့ ပစ္စည်း ဖြည့်ဆည်းနိုင်တာမို့ ကုသိုလ်ရ၊ လက်ခံယူသူအနေနဲ့လည်း ကိုယ်လိုအပ်တာ ပြည့်စုံ သွားတဲ့ အတွက် စိတ်ကြည်နူးပျော်ရွှင်ရတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ လက်ထပ်ပြီးတာနဲ့ အိုးအိမ် ပစ္စည်းအပြည့် အစုံရသွားတာ ဖြစ်လို့ လက်တွေကကျတဲ့ နည်းစနစ်တစ်ခုပါပဲ။

လက်ထပ်ပြီးတာနဲ့ သျှောင်နောက်ဆံထုံးပါ ဆိုတဲ့အတိုင်း သမီးယမင်းကို သတို့သား နောက်ထည့်လိုက်ရတော့ ရင်ထဲမှာ ဟာကျန်ခဲ့တာပါပဲ။ သားသမီးဆိုတာ ကိုယ့်ရဲ့အသွေး အသားနဲ့ ရင်းထားတဲ့ ကိုယ်ပွားလေး ဖြစ်တာမို့ ချစ်မြတ်နိုးစွာ နဲ့ အရုပ်ကလေးတစ်ခုလို ရင်ခွင်ထဲမှာ ထည့်ပြီးတစ်သက်လုံး သိမ်းဆည်းထားလို့ ရတာမျိုးမှ မဟုတ်တာ။ ခွဲခွာချိန် တန်ရင်ခွဲခွာရစမြဲပါပဲ။ လူသားမှန်သမျှ ရေစက်ရှိသလောက် ကာလအတွင်းမှာပဲ အတူနေ ခွင့်ရကြတာပါ။ ဘာပဲဖြစ်ဖြစ် အခုခွဲခွာရခြင်းက တစ်နယ်စီ ဝေးနေပေမဲ့ အချိန်မရွေး ဖုန်း ခေါ်ပြီး စကားပြောခွင့်ရနေတာကြောင့် စိတ်ထဲမှာ နည်းနည်းတော့ ဖြေသာနေသာ ရှိပါ သေးတယ်။

သမီးယမင်းက ညီအစ်မတစ်တွေထဲမှာ သွက်လည်းအသွက်ဆုံး၊ စွာလည်း အစွာဆုံးက လေးမဖြစ်လို့ သူတစ်ယောက်အိမ်မှာလျော့သွားတာ သိသိသာသာ တိတ်ဆိတ်ငြိမ်သက် နေတော့တာပဲလေ။ အိမ် မှာ ပြောစမှတ်ဖြစ်ပြီး ကျန်ရစ် ခဲ့တဲ့ သူ့စွာပုံလေး တစ်ခုကိုလည်း ပြောပြရပါဦးမယ်။ အမေရိကားရောက် လာပြီး ကျောင်းလည်းတက်ရင်း၊ အချိန်ပိုင်းအလုပ် ကလေးတစ်ခုလည်း လုပ်ရင်း သွားရေးလာရေးအတွက် လိုအပ် တဲ့ ကားလေးတစ်စီးလည်း သူ့ဝင်ငွေကလေးနဲ့ သူစုပြီးဝယ်ထားလေတယ်ပေါ့။ အမေရိကားကို စာသင်ဖို့ ပို့တော့ မယ်ဆိုကတည်းက လိုအပ်တဲ့ အဋ္ဌာရသအဖြစ် ကားမောင်းလည်း သင်ပေးလိုက်ပြီးသား ပါပဲ။ ဒါကြောင့်ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်လို့ အဆင်ပြေနေတယ်ဆိုပါတော့။

ကားဝယ်ပြီး လေးငါးလပဲ ရှိသေးတယ်။ တစ်နေ့မှာ သူ့ကားမောင်းမရတော့ဘူး။ ပြင်ဆိုင် ကိုပို့တော့မှ အင်ဂျင် တစ်ခုလုံး လောင်သွားတယ် ဆိုတာသိရတော့တာပါ။ အင်ဂျင်တစ်ခု လုံးလောင်သွားတဲ့ အကြောင်းရင်း က လည်းကြည့်ပါဦး။ ကားထဲမှာ အင်ဂျင်ဝိုင်း တစ်စက်မှ မကျန်အောင်မောင်းထားတာတဲ့လေ။ အစ်ကိုက အင်ဂျင်ဝိုင် မစစ်ဆေးဘဲ တစ်စက်မှမ ကျန်အောင်မောင်းရသလားနဲ့ ဆူတော့ ရှိုက်ကြီးတငင် ငိုပြီး...
"ကားလိုက်ဝယ်ပေး တဲ့နေ့ အစကတည်းက အင်ဂျင်ဝိုင် ထည့်မောင်းရတယ်ဆိုတာ ကိုကို က ပြောပြထားပါလား။ ကိုကိုက မပြောဘဲယမင်းက ဘယ်လိုလုပ် သိပါ့မလဲ"နဲ့ ငိုရင်းနဲ့ ပြန်ရန်တွေ့တာတဲ့။
"မာမီ့ သမီး ရန်တွေ့ကောင်းတာနဲ့ သားတို့မှာ ရယ်လိုက်ရတာ၊ ကားမောင်းပြီးအင်ဂျင်ဝိုင် ထည့်ရတယ် ဆိုတာတောင် သူ မသိဘူးလေ"

သားပြောပြလို့ ကျွန်မပါ ရောရယ်ရပါတယ်။ ဟုတ်လည်းဟုတ်ပါ့။ ကျွန်မအပြစ်က နံပါတ် (၁)လို့ ဆိုရမှာပါ။ သူတို့ကားမောင်းသင်တဲ့အချိန်မှာ ယာဉ်မောင်းမောင်စိုးညွန့်ကလည်း ရှိနေတာကိုး။ ကားကဆေးပြီး တိုက်ပြီး သား။ ဓာတ်ဆီတွေ၊ အင်ဂျင်ဝိုင်တွေကလည်း အပြည့်ဖြည့်ထားပြီးသား။ အဆင်သင့်ရှိနေတဲ့ ကားပေါ် ကို ကြော့ကြော့လေး တက်မောင်း သင်ခဲ့တာဆိုတော့ သူမသိတာ အပြစ်မဆိုသာပါဘူး။ အကြောင်းရှိလို့ ယူမောင်း သွားရင် လည်းမောင်းစိုးညွန့် လိုအပ်တဲ့ ကားကိစ္စမှန်သမျှ တာဝန်ယူဖြည့်ဆည်းထားနေကျမို့ သူတို့ညီအစ်မတွေ က အနေသာကြီးဖြစ်နေတာပါ။
ကားပေါ် မှာထိုင်၊ စတီယာရင်ကိုင်တယ် ဆိုကတည်းက လူသတ်လက်နက်တစ်ခုကိုင်ထား တာနဲ့အတူတူပါပဲ။ သတိလေး တစ်ချက် ချွတ်ချော်တာနဲ့ သူတစ်ပါးအသက်သော်လည်း ကောင်း၊ ကိုယ့်အသက်သော် လည်းကောင်း အန္တရာယ်ဖြစ်တော့မှာလေ။ ဒါကြောင့်ကား မောင်းတဲ့အခါ သတိရှိနေဖို့ သိပ်လိုအပ်ပါတယ်။

ဒါတင်မကဘူး။ စက်နဲ့ လှုပ်ရှားရတဲ့ ပစ္စည်းဖြစ်လို့ တစ်ခုခုချို့ယွင်းတာနဲ့ ကြုံရမဲ့ဘေးအန္တရာယ်က မသေး ပါဘူး။ ကိုယ်မောင်း မဲ့ကား ဆီရှိရဲ့လား။ အင်ဂျင်ဝိုင်ရှိရဲ့လား။ ကားဘီးတာယာတွေရော လေလျော့နေသလား၊ တင်းနေသလား ကအစ စစ်စစ်ဆေးဆေးနဲ့ မောင်းနိုင်ပါမှ ကိုယ်လည်း အန္တရာယ်ကင်း၊ သူတစ်ပါးလည်း အန္တရာယ် ကင်းနိုင်တာပါ။ သမီးကိုအဲဒီလိုအသေးစိတ် ညွှန်ပြမထားမိတာ ကျွန်မရဲ့ချို့ယွင်းချက်မို့ တရားခံ အမှတ် (၁)တာဝန်ရှိသူက ကျွန်မလို့ ဆိုရမှာပါပဲ။
ဒီလိုနဲ့ ယမင်းမရှိတော့တဲ့နောက်မှာ သမီးကေသီကလည်း အလုပ်သွားရတာ ခရီးက လှမ်းတာကြောင့် သူအလုပ်လုပ်တဲ့ ဘဏ်တိုက်နဲ့ နီးနီးမှာ လုပ်ဖော်ကိုင်ဖက် ဒေါ်ရသီဆို တဲ့အမေရိကန်မိန်းကလေးတစ်ဦးနဲ့ အခန်းဖော် လုပ်ြပီး ပြောင်းနေချင်တယ်လို့ ခွင့်တောင်း လာပြန်ပါတယ်။ အရွယ်လည်းရောက်၊ ကိုယ့်အလုပ်အကိုင် နဲ့ကိုယ် ဖြစ်နေကြပြီဆိုတော့ လည်း ဘ၀ရဲ့ ကောင်းဆိုတွေ ကို ဝေဖန် ပိုင်းခြားနိုင်ပြီဖြစ်တဲ့အတွက် သူအဆင်ပြေသလို နေပါစေဆိုပြီး လိုက်လျော ခွင့်ပြုလိုက် ပါတယ်။ တစ်နည်းအားဖြင့်လည်း သားကြီးအိမ်မှာ တစ်ပြုံတစ်မကြီးသောင်တင်နေရတဲ့အဖြစ်က ထိုက်သင့် သလောက် တာဝန်ပေါ့ပါးစေ လို တဲ့စေတနာလည်းပါတယ် ဆိုပါတော။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာတော့ သမီးကအိမ်ပြန်လာပါတယ်။ အိမ်ခွဲသွားလို့ သူ့မှာ အကုန်အကျ စရိတ်စက တက်လာတာကြောင့် မလုံလောက်မှာစိုးတာနဲ့ လစဉ်ကျွန်မကို ကန်တော့ငွေကို လက်မခံဘဲ ပြန်ပေးတော့ သူက၀မ်းနည်းပြီး ငိုပါလေရော။
"သမီး တတ်နိုင်လို့ ကန်တော့တာပါ။ သမီးကုသိုလ်ရေအောင် မာမီယူပါ"တဲ့။ သမီး ရဲ့ စေတနာ ကို ထိတွေ့ခံစား ရတော့ ကျွန်မပါ ရောပြီးမျက်ရည်ကျပေါ့။ မိခင်ဆိုတာ ကိုယ်က သာသားသမီး ကို ပေးချင်ကျွေးချင်ပြုစုချင်တာ။ သားသမီးဆီက ရယူရတာ၊ ထားရှိတဲ့ မေတ္တာအတွက် ၀မ်းသာကြည်နူးစရာ မှန်ပေ မဲ့ မယူရက်သလိုပါပဲ။ ဒါဟာမိခင်တိုင်းရဲ့ ခံစားချက်မျိုးဖြစ်မှာပါ။ အထူးသဖြင့် ရောက်ခါစမို့ သူတိုကမှာ အရာရာ ပျိုးထောင်ကြရဆဲ လေ။ အ၀တ်အစားကအစ၊ စီးတဲ့ဖိနပ်အထိ သူ့နေရာ သူ့ဌာနနဲ့လိုက်ဖက်အောင် ထိုက် ထိုက်တန်တန်ဝတ်ဖိုက မြန်မာပြည်က ယူလာနိုင်ခဲ့တာမှ မဟုတ်ဘဲ၊ အ၀တ်အစားထည်လဲ လုံလောက်အောင် ရှိထားဖို့ အပြင်စာရေး၊ နေရေး လိုအပ်တဲ့ပစ္စည်းတွေလည်း ၀ယ်ဖြည့် ရဦးမှာမို့ မပြည်စုံသေး တဲ့ အထဲက တာဝန်သိတဲ့ သမီးကို အားလည်းနာ၊ သနားလည်း သနားမိပါတယ်။

သားကြီးက လက်ရှိနေရေး စားရေး စောင့်ရှောက်ထားသလို အိမ်ထောင်ခွဲ သမီးနှစ် ယောက်ကလည်း အထိုက်အလျောက် လိုအပ်တာတွေ မကြာခဏ ပို့ပေးလာတတ်ကြတဲ့ အပြင်အနားမှာရှိတဲ့ သမီးကလည်း တစ်တပ်တစ်အား ထောက်ပံ့ထားတဲ့အတွက် ဆင်းရဲ ဒုက္ခမရောက်ကြပေမဲ့ ခင်ပွန်းသည် ကလည်း ရောက်မလာသေး။ ကိုယ့်ဟာကိုယ်လည်း အခြေအတကျမဖြစ်သေး။ သားကြီးအိမ်မှာ အလွန်ဆုံးနေရ သုံးလ လို့ တွက်ထားရာက ခြောက်လမက ကြာလာတော့ စိတ်အားတွေလျော့လာတယ်ပေါ့။ ဒီအချိန် မှာ မြန်မာ ပြညက်ရောက်လာတဲ့ စာတွေတွေက အားဆေးတစ်ခွက်လို အထောက်အကူပြုနေ လို့ တော်ပါတော့ တယ်။

သူငယ်ချင်းလှလှမြင့်က တစ်လကိုအနည်းဆုံး ဆယ်စောင်လောက်ရေးပါတယ်။ ကျွန်မ တို့ နှစ်ယောက်အပြန် အလှန် ရေးကြတဲ့ စာတွေက ဇာတ်ကြီးဆယ်ဘွဲ့အတိုင်း အစုံပါပဲ။ သူ့ အိမ်မှာ အပ်ကျတာ ကအစ ရေးပြော သလို ကျွန်မကလည်းလေတိုက်လို့ သစ်ရွက်ကြွေ တာအဆုံးအကုန်ရေးပြောတာမို့ ကမ္ဘာခြားနေပေမဲ့ စာလေးတွေ က ပေါင်းကူးထားလို့ လူချင်းမဝေးသလို ထိတွေ့ခံစားရပါတယ်။ သူငယ်ချင်းနဲ့ အနေနီးသလို လက်တွဲဖော်ခင် ပွန်းနဲ့ ပို၍နီးသင့်ပါလျက်နဲ့ စကြ၀ဠာကြီးတစ်လုလု့း ခြားနေသလို ဘာသတင်းမှ မကြားရ၊ မသိရ၊ ဘယ်လိုနေ့လို့ စားသောက်နေမှန်းလည်းမသိ။ တစ်ခါတစ်ရံ ရောက်လာတဲ့စာထဲ မှာလည်း ဘာမှရေရေ ရာရာ မပါ။ လုပ်ရမဲ့ကိစ္စတွေက မပြီးပြတ်သေးလို့ ကြန့်ကြာနေတာ လောက်ပဲကြားသိရပါတယ်။ အိမ်ပေါ် ထပ်မှာနေတဲ့ ကျွန်မတို့အိမ်ရှင်ဒေါ်ခင်မေတင့်ဆီက ရတဲ့စာထဲမှာတော့...

"မမခင်ကို အရမ်းလွမ်း၊ အရမ်းအောက်မေ့တာပဲ။ လွမ်းလို့ မမခင်စီးတဲ့ကားလေးကို အပေါ်ထပ်ကနေ အလွမ်းပြေကြည့် မိတိုင်း တင့်မှာ ရင်နာရလွန်းလို့ မျက်ရည်တောင်ကျမိ တယ်။ မမခင် ကိုပြေးလာပြီး ပြောပြ ချင်တာတွေက ရင်ထဲမှာအပြည့်အသိပ်ပါပဲ။ ဘယ်လို မှပြောမထွက်နိုင်လို့ မျိချနေရတယ်"တဲ့။
တင့်တင့်စာကို ဖတ်ပြီး "ဟင်...ဘယ်လိုများလဲ"ဆိုတာ တအံ့တသြဖြစ်မိတဲ့စိတ်နဲ့အတူ တစ်ပြိုင်တည်း အိပ်မောကျနေ တုန်း ရပ်ကွက်ထဲမှာ မီးလန့်သံချောင်းခေါက်သံကြားလိုက် ရသလိုစိုးထိတ်သွားမိတယ်ပေါ့။ တင့်တင့် ကို ဘာတွေဖြစ်နေသလဲဆိုတာ ပွင့်ပွင့်လင်းလင်း ရေးဖို့မေးမြန်းကြည့်တော့လည်း လင်မယားကြား ၀င်မပါကောင်းဘူးဆိုတဲ့ ရှေးရိုးစား လက်ခံထားလေသလားမသိ။ ဘာမှ ဒီကိစ္စနဲ့ပတ်သက်တာ ထည့်ရေး မလာတော့ ပါဘူး။ အိမ်ထောင်တစ်ခုမှာ ကိုယ်က ယုံကြည်ကိုးစားပြီး ဘ၀လက်တွဲဖော်အဖြစ် ၇ှိထားတဲ့ခင် ပွန်းကိုနောက်ကွယ် မှာ ဘာတွေလုပ်နေသလဲဆိုတာ လိုက်မေးမြန်းစုံးစမ်း၇တယ်ဆိုတဲ့ အလုပ်လုပ်ရတာ ဇနီးတစ်ယောက် အနေနဲ့ သိက္ခာကျလှပါတယ်။ ဒါကြောင့် ဘယ်သူ့ဆီ မှမေးမြန်းမနေဘဲ ကာယကံရှင်ဆီပဲ တိုက်ရိုက် ဘာတွေလုပ်နေလဲဆိုတာ မေးကြည့်လိုက် ပါတယ်။

သူကတော့ ပတ်စာခွာ ဖျာသိမ်းလုပ်ရတဲ့ ဒုက္ခများစွာကိုစာရင်းချပြီး ဒါကြောင့်အချိန်တွေ ကုန်၊ ငွေတွေကုန်ကြောင်းရှင်းပြလေတယ်ပေါ့။ ဟုတ်သင့်သလောက်လည်း ဟုတ်တာမို့ ကျွန်မဘာမှ အရေးမဆို ဘဲ စိတ်လျှော့ထားလိုက်ပြီး နေလာရာက တစ်နေ့မှာ နှစ်နဲ့နှစ် ပေါင်းလေးဆိုတဲ့ အဖြေမျိုးထွက်ပေမဲ့ စာနှစ်စောင် က တစ်ပတ်လောက်စီခြားပြီး ရောက် လာပါတယ်။ တစ်စောင်က မြန်မာပြည်မှာကျန်ခဲ့တဲ့ ကျွန်မရဲ့ သားလေး ဇာနည့်ဆီက၊ တစ်စောင်က အမေရိကားကိုလာလိုလို့ ကျွန်မအကူအညီပေးဆဲ မိတ်ဆွေ ရဲ့သမီး ဆီက ကေသီ့ဆီ ရေးတဲ့စာပါ။
သားဇာနည်စာထဲမှာ သူတို့နဲ့တိုက်ချင်းကပ်လျက် ရန်ကင်းမှာနေတဲ့ အန်တီဒေါ်မာတီ ကွယ်လွန် သွားတဲ့ အကြောင်း၊ အန်တီမဆုံးခင်း သုံးလေးလလောက်တုန်းက သူ့ကိုခေါ်ပြီး မင်းမာမီ ဆီ စာရေး၊ မောင်ကျော်ဇောကိုအမြန်လိုက်လာခဲ့ဖို့ ခေါ်ခိုင်းလို့ မှာတယ်တဲ့။ ဘာဖြစ်လို့ ခေါ်ခိုင်း တယ် ဆိုတာ လည်း သားကိုပြောပြတယ်။ သားကမာမီ စိတ်ဆင်းရဲမှာ စိုးလို့ မပြောရက်တာနဲ့ မရေးတာတဲ့။ အန်တီကြီးဆုံး သွားတော့ သားစိတ်မကောင်းတာ နဲ့ခုမှထည့်ရေးလိုက်ရတာလို့ ရေးထားပါတယ်။ ဘာကြောင့် ဆို ဖော်ပြ မထားပါဘူး။

အန်တီဒေါ်မာတီဆိုတာက ဦးကျော်ဇောရဲ့ အဒေါ်အရင်းခေါက်ခေါက်ပါ။ ကျွန်မကိုလည်း အင်မတန်ချစ်တော့ အခြေအနေ ကိုထိန်းသိမ်းစေချင်တဲ့ စေတနာနဲ့ သားကိုပြောပြတာ ထင်ပါရဲ့။ သား စာကလည်း ပဟေဠိဖြစ်နေတာနဲ့ ဘာကိုဘယ်လို တွေးရမှန်းမသိပါဘူး။ တစ်ခုခုဆိုတာကတော့ သေချာနေလေပြီပေါ့။ စနေ၊ တနင်္ဂနွေ သမီးကေသီ ရောက်လာမှ သူ့နာမည်နဲ့ရထားတဲ့စာကို ပေးလိုက်တော့ သမီးကဖတ်ပြီးတာနဲ့ မာမီ ဖတ်ကြည့်ပါဦးဆို ပြီးကမ်းလာပါတယ်။
စာပါအကြောင်းအရာ က သူတို့သားအမီအမေရိကားကို လာဖို့ပြင်ဆင်နေတဲ့ အကြောင်း၊ သူ့အမေ ရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စ၊ ဗီဇာကိစ္စအ၀၀ကိုလည်း အန်ကယ်ဦးကျော်ဇောက အစအဆုံး လိုက်လုပ်ပေးတာမို့ အဆင်ပြေတဲ့ အကြောင်း၊ မကြာခင် လက်ထဲရတော့မယ် ထင်တာအပြင် ဦးကျော်ဇောရဲ့အဒေါ် ဒေါ်မာတီရဲ့ အသုဘမှာ ၇ရက် ၇လီညလုံးပေါက် ဖဲချရတာ ပျော်စရာကောင်းကြောင်း၊ သူ့အမေ အမေရိကား ရောက် လာပြီးမှာ သူ့ကိုခေါ်ရ မှာမို့ စောင့်ရမဲ့အချိန်တွေကို သည်းမခံနိုင်ကြောင်း စုံလို့ ရေးထားလေရဲ့။

ဒီစာနှစ်စောင် ဖတ်ပြီးတာနဲ့ ကျွန်မအဖြေတစ်ခါတည်း ရသွားပါတယ်။ ကျွန်မမိတ်ဆွေဆီ ကလည်း သူမကြာခင် နိုင်ငံကူးလက်မှတ် ၇တော့မယ်ထင်ကြောင်းရေးလာတဲ့ စာကလည်း ရထားတာ မကြာသေး ပါဘူး။ "အင်း...မရွှေခင်၊ နှလုံးသားနဲ့ ဦးနှောက် နပန်းပွဲကျင်းပလေ ဦးပေါ့"လို့ ကိုယ့်ဟာကိုယ် တစ်ကိုယ်ကြား ပြောမိပါရဲ့။ ကျွန်မထားရှိခဲ့တဲ့ ကတိစကား အတိုင်းရောက်လာမဲ့ မိတ်ဆေါကို လက်ခံခေါ်တင် ထားရင် ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းကြီး ကဆက်ပြီး ကပြအသုံးတော်ခံလေဦးမှာ မလွဲပါ ဘူး။ ခေါ်ယူလက်မခံဘဲ ထားရင်လည်း လူ တစ်ယောက်အနေနဲ့ ကတိစကား မတည်ဖြစ်ဦးမဲ့အပြင် ကျွန်မရဲ့ စိတ်ထားပြောင်းလဲ မှု ကြောင်းသူတို့အခြေအနေ ပျက်ပြားရဦးမယ်။ ကဲ....စဉ်းစားပေတော့ ဆိုတဲ့ ဖြစ်ရပ်တစ်ခု ပါပဲ။

George Mooreဆိုထားတဲ့ စကားလေးတစ်ခွန်းကို သတိရမိပါသေးတယ်။ "ဘ၀မှာ အခက်ခဲဆု့း အလုပ်တစ်ခု ဟာ ဆုံးဖြတ်ချက်ချနိုင်ဖို့ ရွေးချယ်ရခြင်းပဲ"တဲ့။ ဟုတ်ပါရဲ့။ ဆုံးဖြတ်ချက်ဆိုတာ တကယ် လည်းကြောစရာ ကောင်းတာမျိုးနော်။ ဘယ်ဆုံးဖြတ်ချက်မျိုး ပဲဖြစ်ဖြစ် မိုးကြိုးပစ်သလို ဒက်ထိမှန်တယ် မဆိုနိုင် ပါဘူး။ အခြေအနေအရ ကောင်းဆိုးတွေ ပါလာမှာပဲ။ အရှုံးအမြတ်တွေ ၇ှိနေမှာပဲ။ ၀မ်းသာပျော်ရွှင်စရာ၊ ဒါမှမဟုတ် စိတ်ပင်ပန်း ဆင်းရဲစရာကြုံရမှာပါပဲ။ တစ်ခုခုရွေးလိုက်ရတိုင်း ကိုယ်မသိတဲ့ အကြောင်းတရား တစ်ခုခု နဲ့တော့ရင်ဆိုင်တိုက်ပွဲလုပ်ရတော့မှာလေ။ လက်ရှိအခြေအနေကိုပဲ သုံးသပ်ကြည့်ပါဦး။ ကိုယ်ရွေးချယ် ခဲ့မိတဲ့လမ်း၊ ကိုယ်ဆုံးဖြတ်ချက်ချခဲ့လို့ အမေရိကားဆိုတဲ့ မြေပေါ်ကို ရောက်လာရတာ။ ကိုယ်မသိတာတွေ အများကြီး ရင်ဆိုင်နေရဆဲမှာ နောက်ထပ်ဆုံးဖြတ် ဖို့ ပြဿနာတစ်ခုက တက်လာပြန်သေးတယ်။

ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ကိစ္စမို့ အချိန်ဆွဲစဉ်းစားနေဆဲမှာ မြန်မာပြည်က စာတစ်စောင် ထပ်ရောက်လာပြန်ပါရော။ ရေးလိုက်သူက အိမ်ချင်းကပ်လျက်နေတဲ့ မိန်းကလေးဆီကပါ။
"မမခင်ရေ၊ စိတ်မကောင်းဖြစ်စေမဲ့ ဒီသတင်းကို ရေးပြောပြရတာ ကျွန်မကိုယ်တိုင်လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အဝေးရောက်နေတဲ့ မမခင်သိသင့်တယ် ထင်လို့ရေးပြော တာပါ။ မမခင်လည် သွားရောသိပ်မကြာဘူး။ သားအမိနှစ်ယောက် မမခင့်အိမ်ပေါ် ရောက်လာကြတာ။ အစကတော့ ခေတ္တလာတည်းတဲ့ ဧည့်သည် လို့ အောက်မေ့တာ။ အခုမှ မဟုတ်တာသေချာလို့ ရေးလိုက်တာပါ။ မမခင့်ကားပေါ်မျာ မိန်းကလေးက အန် ကယ်ကြီးဘေးမှာ အမြဲတမ်းပါတယ်။ တစ်နေ့ကျွန်မနဲ့ အနီးကပ်တွေကတာ။ အန်ကယ် ကနှုတ်မဆက်ဘဲ မမြင်ဟန်ဆောင်ပြီး မျက်နှာလွှဲသွားတယ်။ ဘာတွေဖြစ်ကုန်လဲဆိုတာ မမခင်ဒီစာရရင် မေးမြန်းကြည့်ပါဦး"တဲ့။

ဒီတော့မှ တင့်တင့်ရေးခဲ့ဖူးတဲ့ စာအကြောင်း ဇာတ်ရည်လည်တော့တာပါပဲ။ ကျွန်မကို ချစ်တဲ့သူတွေက ကျွန်မ ဘက်က နာပြီးရေးလာကြတာကို နာ်းလည်းသဘောပေါက်မိပါ တယ်။ ကျွန်မကို အသိမပေးဘဲ အိမ်ပေါ်ထိ တက်နေကြတယ် ဆိုတာကတော့ စောင့်စည်းရမယ့်နယ် လွန်နေပြီဆိုတာကို လက်ခံ လိုက် မိတာကြောင့် ရင်ထဲ မှာ ခွင့်မလွတ် ချင်လောက်အောင်မကျေမလည် ဖြစ်သွားမိပါတယ်။ သမီးက ငယ်ရွယ်သေးသူ မို့ ထောက်ထား ရမဲ့ အသိတရားမရှိရင်တောင် ကျွန်မထက်အသက်ကြီးတဲ့ မိခင်ကသိသင့်ပေ တာပေါ့လို့ သူတစ်ပါး ကိုအပြစ်ဖို့တွေးရင်း မကျေနပ်စိတ်နဲ့ မကြည်မလင် ဖြစ်နေတယ် ပေါ့။

လူ့ဘ၀ဆိုတာ ရှုပ်ထွေးလှတဲ့ ဒုက္ခဘုံလို့ ရှင်တော်ဘုရားက ဟောကြားခဲ့ပါတယ်။ ကျွန်မ ရရှိထားတဲ့ လူ့ဘ၀က သူတကာတွေထက် ပိုရှုပ်ထွေးလှပါလားလို့ တွေးကြည့်ရင်း ဘာဖြစ်လို့ ရှုပ်ထွေးရလဲဆိုတာ အဖြေရှာကြည့်တော့ ကိုယ့်ရဲ့ပျော့်ညံ့ချက်တွေကို ပြန် မြင်မိပြန်ပါတယ်။ ကိုယ့်တွင်းကိုယ်တူးတဲ့ နေရာမှာတော့ ခင်မကြီးတို့က နံပါတ် (၁)လို့ ပြောရမလားမသိပါဘူး။ ကိုယ့်ဟာကိုယ် သားတွေ သမီးတွေ၊ မိခင်ရဲ့ဝေယျာဝစ္စတွေနဲ့ လုံးချာလိုက်နေတဲ့အထဲက တစ်စုံတစ်ဦးက အကူအညီလာတောင်းတိုင်း မနိုင်ဝန်လိုက် ထမ်းချင်တတ် တဲ့ စိတ်ဓာတ်ကလည်း ရှိနေပြန်တော့ဝင်ကူညီရင်း ပြဿနာတက်တာတွေ လည်း အခါပေါင်းများ စွာ ကြုံတွေ့ရဖူးပြီးပါပြီ။
မှတ်သလား ဆိုတော့ မမှတ်ပါဘူး။ အခုလည်း ကျွန်မရဲ့မိတ်ဆွေ အမေရိကားသွားလိုလို့ အကူအညီတောင်းတ သံရုံး လိုက်ပို့ပြီး ဆက်သွယ်ပေးလိုက်ရုံ ကူညီလိုက်ရင် ကိစ္စပြတ်ပါ ရဲ့။ အမေရိကားရောက်တဲ့အခါ သူ့မှာ လူခံတစ်ယောက် မှ မရှိပါဘူး။ ရောက်ခါစမှာ နေ ရေး၊ စားရေး ပြဿနာတွေက ရှိသေးတယ်။ မမတော့ ခင့်ကိုပဲ အားကိုး ရမှာ။ အခြေတကျ မဖြစ်ခင်မှာ အတူနေပါရစေဆိုတော့ ကိုယ့်ဘယ်လိုအခြေအနေမှာ ရှိမယ်ဆိုတာ မသိသေး ဘဲနဲ့အမြော်အမြင်မရှိတဲ့ ကျွန်မက မာမီ့အတွက်တောင် အဖော်ရသေးရဲ့ဆိုပြီး ၀မ်းပန်းတ သာနဲ့ "ရပါတယ်" လို့ အာမဘန္တေ ခံလိုက်သေးတယ်လေ။

ဒါကြောင့်လည်း ဦးကျော်ဇောကို လိုက်အပ်တဲ့အကူအညီရှိခဲ့ရင် ကူညီပေးလိုက်ပါ။ ကျွန်မ မိတ်ဆွေလည်း အဖော် ရအောင် အတူတူလာခဲ့ကြလို့တောင် မှာထားခဲ့သေးတာပါ။ သေ သေချာချာတွေးကြည့်တော့ ဘယ်သူမပြု မိမိမှု၊ ကိုယ့်တွင်းကိုယ်တူးတာပဲ မဟုတ်လား နော်။ သူတို့အတူတူ ရောက်လာခဲ့ရင်လည်း ရှိထားတဲ့ ကတိစကားအတိုင်း ခေတ္တနေခွင့်ပြု ရမှာတော့ဟုတ်ပါရဲ့။ ကိုယ့်အိုးကိုယ့်အိမ် ပြဿနာမဟုတ်ပေမဲ့ သားကြီးအိမ် မှာ သောင် တင်နေ၇ဆဲ။ အိမ်နဲ့လူကလည်း အပြည့်ဖြစ်နေတာမို့ သားကတော့ ကိုယ့်သားမို့ ထားပါ တော့။ ချွေးမရဲ့မျက်နှာကို ဘယ်လိုကြည့်ရမှန်းတောင် မစဉ်းစားတတ်တော့ပါဘူး။
လက်ရှိနေရေး ထိုင်ရေးကလည်း အခြေအနေမပေး၊ ကျွန်မရဲ့မိတ်ဆွေအပေါ်မှာလည်း စိတ်က မကြည်မလင် ဖြစ်နေတာမို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပို့မပေးဘဲထားလိုက် ရင်ပြဿနာက ရှင်းသွားမှာ ပါပဲ။ အဲဒီနည်း နဲ့ ဖြေရှင်းလိုက်နိုင်တာကတော့ မှန်ပါရဲ့။ ဒီလို လုပ်မိတဲ့အတွက် ကျွန်မလိပ်ပြာကရော သန့်ပါ့ မလား။ သူတစ်ပါးရရှိနိုင်တဲ့ အခွင့်အရေး တစ်ခုကိုပိတ်ပင်လိုက်တာဟာ တရားမျှတမှုရော ရှိပါ့မလား။ ကျွန်မအတွေးတွေ က ပတ်ချာလည်နေပါတယ်။ သူတစ်ပါးမကောင်းတာနဲ့ ကိုယ်ပြန်မကောင်းနိုင်ဘူးဆိုတဲ့ စိတ်ထား ကရော လူပီသမှု ရှိပါ့မလား။ ကျွန်မကိုယ်ကျွန်မ မေးခွန်းပေါင်းမြောက်မြားစွာ ထုတ်နေမိပါတယ်။

ကိုယ့်ရဲ့ထားရှိတဲ့ စေတနာကိုစော်ကားခံရတာအတွက် နှလုံးသားမှာ နာကျင်မှုကိုခံစားရ ထာကတစ်ဖက်၊ လူပီသစွာနဲ့ စိတ်ထားကောင်း ထားရှိလိုတာကတစ်ဖက် လွန်ဆွဲခဲ့ရတဲ့ နေ့ရက်ပေါင်းက များစွာပါပဲ။
နောက်ဆုံးတော့ " ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်နဲ့"ဆိုတဲ့ ဆုံးမစကားကို နှလုံး သွင်းလိုက်ပါတယ်။
 ရခဲ မျှသော လူ့ဘ၀ကိုရထားမှတော့ လူပီသတဲ့စိတ်ထားမျိုး ထားရှိနိုင်မှသာ လူ့ဘ၀ ရယူကျိုးနပ်ပေ မှာပေါ့နော်။ ရွေးချယ်တဲ့အခါ နှလုံသားရဲ့ခံစားချက်နောက် မလိုက်ဘဲလိပ် ပြာသန့်သန့်စိတ်ရှင်းရှင်း ရှိရာနောက် လိုက်ပြီး ဆုံးဖြတ်သင့်တမို့ ကျွန်မလက်ထဲမှာရှိဆဲ လိုအပ်တဲ့ စာရွက်စာတမ်းများကို ပို့ပေးလိုက် ပါတယ်။
နှစ်လလောက် ကြာပြီးတဲ့အချိန်မှာ ကျွန်မဆီ ကြေးနန်းတစ်စောင် ရောက်လာလေရဲ့။

"ခင်
မာယာမီလေဆိပ်မှာ ကြိုပါ"
အောက်မှာ လက်မှတ်ရေးထားသူက "ကျော်ဇော" တဲ့။

ဆက်ရန်
.

No comments: