"ဒီကဆင်းသွားကြ ငါ့ညီတို့ ... "
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဦးလေးဓ
"ဦးလေးအရွယ် မဟုတ်သေးပါဘူး ငါ့ညီရယ်။ ဟွတ် ... ဟွတ် ... ဟွတ် ... "
"ဆောရီးဗျာ၊ ဒါနဲ့ မြင်းလှည်းခ"
"နေပါစေ ငါ့ညီရယ်။ မင်း နောင်တော် သခင်လှဖေကို ပြောလိုက်။ သထုံဟောတုန်းက တစ်ခန်းကျော် က မြင်းသမားသိန်းမောင် က လိုက်ပို့ပေးတယ်လို့ကြားလား"
"တောက် ... တောက် ... တောက် ... တောက်"
လမ်းပေါ် သို့ လိမ့်ထွက်သွားသော မြင်းခွာသံလေးသည် ကျွန်တော်၏ နားတွင် အလွန် သာယာသော တေးသံ လွင်လွင်နှင့်မခြား ခံစားလိုက်ရသည်။ ကို ဆက်ဖတ်ရန် ....
ဘောက်တူပေါ်တွင် ကျွန်တော်၊ ကိုသိန်းဖေ၊ ကိုစံယျတို့ သုံးဦးထိုင်လျက် လှော်ခတ်လာခဲ့ကြသည်။ ကိုသိန်းဖေ ၏ လက်တွင် လယ်ထွန်တစ်လက် ပါလာသည်။ မုန့်သေတ္တပုံးအလွတ်တွင် ရေနံဆီ မီးခွက်တစ်ခုကို ထွန်းညှိ ထားသဖြင့် မီးရောင်မှိန်မှိန်သည် ဘောက်တူတစ်ဝိုက်တွင်သာ ရေးရေးပျံ့လွင့်လျက် ရှိသည်။ ကိုသိန်းဖေ ကတော့ ကမ်းဘေးဝဲယာသို့ မျက်စိကစား၍ လယ်ထွန်ကို ပစ်လိုက်ဖော်လိုက်လုပ်နေသည်။
ယနေ့ည ဗိုလ်လက်ျာနှင့်အဖွဲ့ စခန်းသို့ရောက်ကြမည်။
ကျွန်တော့်ရင်များ ခုန်နေသည်။ မုန့်သေတ္တထဲ၌ ထည့်၍ ထွန်းထားသော မီးကို လေတိုး၍ ငြိမ်းသေမသွားရန် ဂရုစိုက် ရသည်။ ကိုစံယျကမူ ဘော်တူပဲ့ကို ထိန်းထားရင်း ဖာပုံမြစ်အတွင်းမှ သွားလာနေ သောလှေ သမ္ဗန်များကို အကဲခတ်စောင့်ကြည့်လျက် ရှိနေပါသည်။ ကျွန်တော်တို့လူသိုက်ချောင်းဝသို့ လာရောက်စောင့်နေ သည်မှာ ၂ နာရီကျော်မျှ ကြာမြင်ခဲ့သော်လည်း မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရသဖြင့် ဆက်လက်စောင့်ဆိုင်း ရန် စဉ်းစားရသည်။ ထိုအချိန်တွင် ဓနိပင်များကြားမှ ခြင်ရိုင်းများမှာ တဆစ်ဆစ်စုပြုံကိုက်သဖြင့် တစ်ကိုယ်လုံး ယားယံလျက် ရှိပါသည်။
“ဘယ်အချိန်အထိ စောင့်ကြမလဲ၊ ကိုသိန်းဖေ”
“သန်းခေါင်ကျော်တဲ့ အထိတော့ စောင့်သေးတာပေါ့။ ရေလှည့်မသင့်ရင် ချိန်းတဲ့ အချိန် ရောက်ချင် မှ ရောက်တာဗျ”
“စောင့်ရမယ့်အတူတူ အရုဏ်တက်အထိပဲ စောင့်ကြမယ်ဗျာ၊ မဟုတ်ရင် ဗိုလ်ချုပ်တို့ ဒုက္ခရောက်နေလိမ့်မယ်”
မှန်ပါသည်။ ရန်ကုန်တွင် ဗိုလ်လက်ျာနှင့်တွေ့စဉ်က မှာကြားလိုက်သည်။ မှာယနေ့ညညဦးပိုင်း တွင် ရောက်အောင် လာမည်ဟု မှာကြားလိုက်သော်လည်း ရေလမ်းခရီးဆိုသည်မှာ မီးရထား၊ မော်တော်ကား များ ကဲ့သို့အချိန်မှန်ချင်မှမှန်နိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ ကျွန်တော်တို့ တာဝန်သည် လာ သည်ဖြစ်စေ၊ မလာ သည် ဖြစ်စေ၊ အချိန်ကုန်သည်အထိ စောင့်ရမည်သာဖြစ်ပါသည်။
“ကိုမြလှိုင်၊ ညောင်းရင် လှေဝမ်းထဲမှာ ခဏလှဲနေပါလား”
“လှုပ်လှုပ် ... လှုပ်လှုပ်နဲ့ မူးတယ်ဗျ၊ မအိပ်တတ်ဘူး။ ကိစ္စမရှိဘူး၊ စောင့်တာပေါ့”
ထိုအခိုက် သမ္ဗန်တစ်စီး ခပ်လှမ်းလှမ်းမှ လမုပင်တန်းတွင် ၀င်ဆိုက်လိုက်သည်ကို မြင်လိုက်ရပါသည်။ ကျွန်တော်တို့ သုံးဦးသည် သမ္ဗန်ရှိရာသို့ လှော်ခတ်သွားရန် သင့်မသင့် စဉ်းစားရင်း ဘောက်တူကို ရပ်တန့် စေရန် ထိန်းထားလိုက်သည်။
“အချက်ပြကြည့်ရအောင်လား”
“နေဦး၊ ခဏစောင့်ကြည့်ဦးမယ်”
“ဟိုမှာ သမ္ဗန်ပေါ်က မီးထွန်းလိုက်ပြီ”
ကျွန်တော်က ၀ှက်ယူလာသော ဆီစိမ်စက္ကူအစိမ်းကို ဘောက်တူပေါ်မှ မီးခွက်ပေါ်တွင် အုပ်လိုက်သည်။ ထိုအခါ သမ္ဗန်ပေါ် မှ မီးရောင်သည် ငြိမ်းသတ်သွားကာ ကျွန်တော်တို့ရှိရာသို့ လှော်ခတ်လာပါတော့သည်။ သမ္ဗန်ကြီး နီးကပ် လာသောအခါ ကျွန်တော်တို့ဘောက်တူကို ဦးလှည့်လိုက်ပြီး လမ်းပြခေါ်ဆောင်လာခဲ့ပါ သည်။ ထိုညဥ့် က ဗိုလ်လက်ျာနှင့် အဖွဲ့အား စခန်းသို့ ခေါ်ဆောင်လာခဲ့ကြပြီး၊ လုံခြုံစွာ သိုဝှက်ထားနိုင်ခဲ့ပါ သည်။
ဗိုလ်က်ျာတို့အဖွဲ့တွင် လူပေါင်း ၈ ဦးခန့် ပါဝင်ခဲ့ကြသည်။ ဗိုလ်လက်ျာ၊ ဗိုလ်ထွန်းဖေ၊ ဗိုလ်မြသန်း၊ ကိုတင်အေး (အမ်တင်အေး)၊ ရဲဘော်လှညိမ်းနှင့် အခြားသုံးဦးတို့ ဖြစ်ကြသည်။
“မြလှိုင်၊ တို့နက်ဖြန်ည၊ တမော့ဝကို ရွှေ့ချင်တယ်”
“ဒီမှာ ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ဘူး၊ တတော့ဝမှာ ဌာနချုပ်ထားဖို့ တို့စီစဉ်ခဲ့ပြီးပြီ”
ထိုညက ကျွန်တော်တို့အားလုံး တရေးမျှမအိပ်ရဘဲ ဖျာပုံမြို့နယ်အတွင်း သွားလာရမည့် အစီအစဉ် များ ရေးဆွဲကြပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်အရ မြောင်းမြတွင် စောကြာဒိုး၊ ဗိုလ်ဘနီတို့ အားလုံးကို ဖက်ဆစ် တို့က ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။ ကျွန်တော်တို့တာဝန်များ ခွဲဝေပြီးသောအခါ ကျွန်တော်သည် ဗိုလ်လက်ျာ ၏ ဌာနချုပ်နှင့် စစ်ရေးတာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်ရသော တာဝန်ကို ပေးအပ်ခြင်း ခံ ရပါသည်။
“မြလှိုင်၊ မင်းမှာ တပ်သားအင်အား ဘယ်လောက်ရှိလဲ”
“တပ်စု တစ်စုရှိတယ်”
“တပ်စိတ်တစ်စိတ် ငါခေါ်သွားမယ်”
ဗိုလ်လက်ျာ ၏ အစီအမံများအရ ကျွန်တော်သည် တိုက်ခိုက်ရေးတာဝန်များ မဟုတ်ဘဲ ဆက်သွယ်ရေး တာဝန် များ ဖြစ်ခြင်းကြောင့် စိတ်ပျက်အားလျော့မိသည်။ အမှန်က ကျွန်တော်သည် စစ်တိုက်လိုသောသူ တစ်ယောက် ဖြစ်သည်။ သို့သော် စစ်သားဆိုသည်မှာ အထက်မှ ပေးအပ်သော အမိန့်ကို တသွေမတိမ်း လိုက်နာရ သူဖြစ်သဖြင့် ဆင်ခြေလဲရန်အကြောင်း မရှိပါချေ။ ဗိုလ်လက်ျာက အနုပညာသမားပီပီ ကျွန်တော် တို့ တည်ဆောက်ထားသော စခန်းကို မှတ်ချက်ချပါသည်။
“မင်းတို့စခန်းက သာယာတယ်ကွ။ မိန်းမခိုးလာဖို့ကောင်းတဲ့ နေရာပဲ”
ရဲဘော်ကြီး စံယျသည် ဗိုလ်လက်ျာ၏ မှတ်ချက်ကို ကြားရသောအခါ သူ့မျက်နှာ လေးထောင်းကြီးကို ရှုံ့၍မဲ့မဲ့ကြီးဖြစ် သွားပါသည်။ ရဲဘော်ကြီးစံယျမှာ ဗိုလ်လက်ျာစခ်းချမည်ဆို၍သာ ဤမျှလုံခြုံသော၊ ဤမျှသေသပ်သော ဤမျှ သာယာသော နေရာဖြစ်သည့် သူတို့မိပိုင် ခြံမြေကြီး ကိုရှင်းလင်း တည်ဆောက် ခဲ့ ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် ထိုညတစ်ညလုံး နောက်နေ့တစ်နေ့လုံး လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ကိုယ်ကျ တာဝန် ယူ ဆောင်ရွက်ပါသည်။ လူကြီးတစ်ယောက်အတွက် လုံခြုံမှုတာဝန်သည် ကြီးမားလွန်းရကား ကျွန်တော့်ရင်များ သည် အလိုလို ပူလောင်လျက်ရှိပါသည်။
“လာဗျို့ ကိုဝက်ကြီး၊ ဘာထူးလဲ”
“သိပ်ထူးတယ်”
“ပြောလေ”
ကိုဝက်ကြီးသည် တုံ့ဆိုင်းဆိုင်း ဖြစ်နေသဖြင့် အားမလို အားမရ ဖြစ်ရပါသည်။ သို့သော် ဗိုလ်လက်ျာ ရှိနေသဖြင့် အော်ငေါက်ဆူပူခြင်းမပြုဘဲ ကိုဝက်ကြီးပြောမည့်စကားကို သည်းခံစောင့်ဆိုင်းနေမိ သည်။ ထိုအခါတွင် မှ ၀မ်းနည်းစိတ်မကောင်းသော အမူအရာဖြင့် တစ်ခွန်းချင်း ပြောလာသည်။
“မင်းအမေ၊ မင်းဦးလေး၊ မင်းအဒေါ်၊ မင်းမိန်းမတွေကျိုပန်ကင်ပေက စစ်နေတယ်”
“ရော် ... ဘယ်တုန်းကလဲ”
“ဒီနေ့မနက်ကပဲ”
“ဘာဖြစ်သေးလဲ”
“သန်းကြည်အပြောကတော့ နေပူလှန်းတယ်တဲ့”
ကိုဝက်ကြီး ၏ စကားအဆုံးတွင် ကျွန်တော် မျက်ရည်ကျမိသည်။ ကျွန်တော်တို့တစ်တွေသည် မိဘနှစ်ပါး အား လုပ်ကိုင်ကျွေးမွေးပြုစုသော သားကောင်းများမဟုတ်ပေ။ သို့တစေ မိဘမေတ္တာသည် ကြီးမားစွာဖြင့် ခွင့်လွှတ်ခ့သည်။
ယခု ကျွန်တော်တို့ကြောင့် မိဘများကို ကင်ပေတိုင်က ညှဉ်းပန်းမှု ပြုလေပြီ။ ညှင်းပန်းမှု၏ နောက်ဆက်တွဲကား ...
သတ်ဖြတ်ခြင်းပင်။ ယင်းသတင်းကြောင့် ဗိုလ်လက်ျာ တမော့ဝသို့ ခရီးထွက်ရန်ကို ခေတ္တရွှေ့ဆိုင်းလိုက်ပြီး ဖျာပုံ မှ မိခင်ကြီးနှင့် မိသားစုများ အခြေအနေကို သိရှိရန် ရဲဘော်ညွန့်မောင်နှင့် ရဲဘော်နှစ်ဦးအား တိတ်တဆိတ် ဖျာပုံသို့ စေလွှတ်လိုက်ပါသည်။ ဖက်ဆစ်များသည် တပ်မတော်၏ လှုပ်ရှားမှုများကို နယ်အနှံ့၊ ရွာအနှံ့ ပိုက်စိပ်တိုက် လျက် ရှာဖွေလျက် ရှိပါသည်။ သို့သော် ကျေးရွာများတွင် တပ်မတော်သားများမှာ ရွာသူရွာသား များနှင့် ရောနှောနေထိုင်ခြင်း၊ ရွာခံလုပ်သားပြည်သူများ၏ ဖက်ဆစ်တော်လှန်ရေးစိတ် ပြင်းပြ ခြင်းတို့ကြောင့် လုံခြုံမှု ရှိသင့်သလောက် ရှိနေပါသည်။
ကျွန်တော် တို့သည် ရဲဘော်ညွန့်မောင်ကို ဖျာပုံသို့ စေလွှတ်လိုက်ပြီးနောက် တမော့ဝရွာသို့ ဗိုလ်လက်ျာ မရောက်ရှိသေးကြောင်းကို ရဲဘော်သောင်းအိနှင့် ရဲဘော်မြကြည်တို့အား သတင်းပို့လွှတ်လိုက်ပါသည်။
ကျွန်တော်သည် မိခင်နှင့် ဇနီးဖြစ်သူတို့၏ စိတ်မအေးစရာသတင်းများကို ရင်မ၍ ဘ၀င် မကျနိုင်အောင် စောင့်မျှော်နေသော်လည်း လွှတ်လိုက်သော ရဲဘော်ညွန်မောင်နှင့်အဖွဲ့မှာ ညနေ နေ၀င် သွားသည်အထိ ပေါ်မလာဘဲ ရှိနေပါသည်။ ဗိုလ်လက်ျာ အား နောက်ထပ် သတင်းထောက် လှမ်းရန် အတွက် လူလွှတ်ရန်ပြော ကြားသောအခါ ဗိုလ်လက်ျာက ထိုနေ့ည အချိန်ကုန်သည် အထိ စောင့်ကြည့်ပြီးနောက် အခြေအနေများ မထူးလျှင် ကိုယ်တိုင်လိုက်သွား၍ စုံစမ်းဆက်သွယ်ရန် ပြောကြားပါသည်။
အချိန်အခါမှာ လမိုက်ရက်ကာလဖြစ်၍ စခန်းအတွင်း ထွန်းညှိထားသော မီးတိုင်မှလွဲ၍ အပြင်၌ မည်းမှောင်လျက်ရှိသည်။ စခန်းချထားသည့် နေရာမှာလည်း ထူထပ်သော ဓနိတောကြီး၏ အလယ် တွင် ဖြစ်သဖြင့် နှစ်ဖာလုံခန့်မှပင် မြင်နိုင်ဖွယ် မရှိပေ။ စိုစွတ်ခြင်း၊ သစ်ပင်၊ မြက်ပင်၊ ဓနိပင်များ ထူထပ်ခြင်းကြောင့်၊ ခြင်ကောင်များ၏ အော်မြည်သံမှာ လေယာဉ်ပျံကဲ့သို့ပင် ကြားနေရသည်။ ကင်းပုန်းများ မှာ မြေတွင်ဝပ်၍ ကင်းစောင့်နေကြရသဖြင့် ခြင်၊ ဖြုတ်စသော သတ္တ၀ါများ၏ ပွဲတော်ကြီးပမာဖြစ်လျက် ရှိပါသည်။
ည ၈ နာရီ ခန့် ဖြစ်သည်။
မည်းမည်းသဏ္ဍာန်နှစ်ခုသည် လှေပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
“ဟိတ် ... ရပ်”
ကင်းပုန်းမှ ရဲဘော်များသည် ထိုမသဲမကွဲသဏ္ဍာန်နှစ်ခု၏ ဘေးသို့ အလျင်အမြန် တိုးကပ်လိုက်ပြီးနောက် သေနတ်ဖြင့် ထောက်ထားလိုက်ကြသည်။ မလှမ်းမကမ်းမှ ရဲဘော် ၃ ဦးမှလည်း အသင့်အနေအထားဖြင့် သေနတ်ကို ချိန်ထားလိုက်ကြသည်။
“ဟန်ရင်၊ ရွှေလုံး၊ တို့ ရဲဘော်တွေပါ ...”
“နေဦး ...”
ရဲဘော်တစ်ယောက်သည် ကျွန်တော့်ထံသို့ သတင်းပို့ရန် ရောက်ရှိလာသည်။ ရဲဘော်ရောက်လာသဖြင့် မိမိ မျှော်နေသော ရဲဘော်ညွန့်မောင် ပြန်ရောက်သည်ဟု ထင်ကာ ပျော်ရွှင်မိပါသည်။ သို့သော် ကင်းရဲဘော်က ဟန်ရင်နှင့် ရွှေလုံးဆိုသူဖြစ်ကြောင်း ပြောကြားသောအခါ တူးမြောင်းရွာတွင် ချန်ရစ်သော ရဲဘော်များဖြစ် ကြောင်း သိရှိကာ ၎င်းတို့အား တွေ့ဆုံရန် ကင်းရဲဘော်နောက်မှလိုက်သွားပါသည်။ ကျွန်တော် သည် ရဲဘော် ဟန်ရင်နှင့် ရဲဘော်ရွှေလုံးတို့အား နွားတင်းကုပ်အတွင်းသို့ ခေါ်ယူသွားကာ အကျိုးအကြောင်း မေးမြန်း ရပါသည်။ ရဲဘော်ဟန်ရင်၏ ပြောပြချက်အရ ဖက်ဆစ်တပ်များသည် ဗမ့တပ်မတော် သားများ ရှိသည်ဟု သတင်းရသည့်ရွာများသို့ တပ်နှင့်ဝိုင်း၍ ရှာဖွေလျက်ရှိကောင်း ကျိုက္ဘာရွာမှ ကျွန်တော်တို့ ထွက်ခွာလာခဲ့ပြီး တစ်ပတ်လောက်အကြာတွင် ဗိုလ်ထွန်းညို (ဗိုလ်မြသန်း)တို့ အဖွဲ့ ကျိုက္ကဘာ သို့ ရောက်ရှိခဲ့ကြပြီး ဖက်ဆစ်တော်လှန်ရေးတရား ဟောခဲ့ကြောင်း၊ ဗိုလ်ထွန်းညိုတပ် ထွက်ခွာသွားပြီး မကြာမီ ဖက်ဆစ်တပ် များ ရောက်ရှိလာပြီး ကျိုက္ဘာရွာမှ အိမ်တစ်ချို့ကို မီးတင်ရှို့လိုက် ကြောင်း၊ ကျီးနှစ်ပင်ရွာသို့ တစ်ဖန် ၀င်ပြီး ရွာသူရွာသားများအား အချို့ကို ဖမ်းဆီး၍ အချို့ကို ရိုက်နှက်ကြောင်းနှင့် ဗိုလ်မျိုးချစ်၏တပ်သည် ကဒါရွာ တွင် စခန်းချလျက်ရှိပြီး ဗိုလ်အောင်စိန်၏ တပ်သည် ကျုံကဒွန်းရွာသို့ ၀င်ရောက်စီးနင်းကြပြီး ကျုံကဒွန်းဂါတ် မှ လက်နက်များအားလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း တို့ဖြစ်ပါသည်။
“ကြားရတာကတော့ အားရစရာပဲဗျ။ ဒါထက် ဦးသုခ (ဗိုလ်ဘစိန်)တို့ အခု ဘယ်မှာ ရှိကြသလဲ”
“ကဇောင်း၊ ၀ဲကြီးဘက်မှာ ရှိကြတယ်”
ရဲဘော် ဟန်ရင်၊ ရဲဘော် ရွှေလုံးတို့ထံမှ ရရှိသောသတင်းများကို ဗိုလ်လက်ျာထံသို့ သွားရောက်၍ ချက်ချင်း သတင်းပို့ပါသည်။ ဗိုလ်လက်ျာသည် ဗိုလ်ဘစိန်၊ ဗိုလ်တင်ဖေတို့နှင့် ဆက်သွယ်ရန် ကျွန်တော့်အား တာဝန်ပေးပြီး ရဲဘော် ညွန့်မောင်တို့ ပြန်ရောက်မရောက် မေးမြန်းသဖြင့် မရောက်သေးကြောင်း ပြောလိုက် ရပါ သည်။ ဗိုလ်လက်ျာသည် မည်သို့မျှ မှတ်ချက်မချသော်လည်း ၎င်းကိုယ်တိုင် ကျွန်တော်တို့ မိခင်အိုကြီး နှင့် အိမ်သူ အိမ်သားများအတွက် သောကရောက်လျက်ရှိကြောင်း ၎င်း၏မျက်နှာပေါ်တွင် ပေါ်လွင်လျက် ရှိနေပါ သည်။
“မနက်ဖြန်၊ ကျွန်တော် လိုက်သွားမယ်”
“ကောင်းတယ်၊ သိုသိုသိပ်သိပ် သွားဖို့လိုတယ်”
ဗိုလ်လက်ျာ ထံမှ ပြန်လာပြီး ရဲဘော်ဟန်ရင်နှင့် ရဲဘော်ရွှေလုံးတို့အား ဗိုလ်ဘစိန်ထံသို့ ဆက်သွယ်ရန် ညွှန်ကြားပြီး ဗိုလ်လက်ျာ ၏ ဌာနချုပ်မှာ တမော့ဝရွာတွင် ရှိမည်ဖြစ်ကြောင်း မှာကြားလိုက်ပါသည်။ ရဲဘော် ဟန်ရင် တို့ပြန်လည် ထွက်ခွာသွားသောအခါ အရှေ့ဘက်ဆီမှ အရုဏ်ဦးသည် မျက်နှာပေါ်စပြုလျက်ရှိပါပြီ။
နံနက် ဝေလီဝေလင်းအချိန်၊ ရဟန်းတစ်ပါးနှင့် နောက်ပါ ကပ္ပိယတစ်ဦးတို့သည် ဖျာပုံမြို့၏ သုသာန်ဘက်ဆီမှ ဖြတ်လျက် မြို့တွင်းသို့ ၀င်ရောက်လာခဲ့သည်ကို ၀ိုးတ၀ါး တွေ့လိုက်ရပါသည်။ ယင်းသင်္ကန်း ၀တ်ကား ကျွန်တော်ဖြစ်၍ နောက်မှပါသူ ကပ္ပိယမှာ ရဲဘော်ကြီး စံယျတို့ဖြစ်ပါသည်။ ဖက်ဆစ် တော်လှန်ရေး ကိစ္စအ၀၀ ကို ဆောင်ရွက်နေစဉ်အတွင်း အောင်မြေဘုံသာကျောင်းတိုက် သိမ်အတွင်း၌ စည်းဝေးခဲ့သည့်ညက အရေးအကြောင်း ရှိလျှင် အသုံးပြုရန် ဦးစတိလထံမှ သင်္ကန်းတစ်စုံ အစွန့်ခံခဲ့ရာ ယခု ယင်းသင်္ကန်းသည် ကျွန်တော် တို့ နှစ်ဦးအား ဖက်ဆစ်တို့ချထားသော ကင်းများကို လွယ်ကူစွာ ဖြတ်ကျော် နိုင်ခဲ့လေပြီတကား။
ကျွန်တော်တို့ အောင်မြေဘုံသာကျောင်း ပရ၀ဏ်အတွင်းသို့ ရောက်သောအခါ ကျီးများ နိုးစစ ပြုနေပါပြီ။ ကျွန်တော်သည် ဆရာတော် ဦးအာစရ ကျောင်းသင်္ခန်း၏ နောက်တွင် မိခင်ကြီး ဆောက်လုပ်လှူဒန်းထား သော ဇရပ်ရှိရာ သိ့ သော့သော့ပင်လှမ်းလိုက်သည်။ ယင်းဇရပ်တွင် တစ်ဦးဦး အမှန်ရှိပေလိမ့်မည်ဟု တွက်ဆ ခဲ့သည့် အတိုင်း တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်ရာ သမ္ဗုဒ္ဓေဂါထကို မတိုးမကျယ် ရွတ်ဖတ် သရဇ္ဈယ်လျက် တံခါးရှိရာ သို့ ထလျှောက်လာသည့် မိခင်ကြီးအသံကို ကြားလိုက်ရသည်။
“အင်း ... မေမေ ဘာမှ မထိခိုက်ပါစေနဲ့”ဟု စိတ်ထဲမှ တိုးတိုး ဆုတောင်းလိုက်သည်။ ကျွန်တော်၏ ဆုတောင်းသံ ကလေး မဆုံးမီ တံခါးတစ်ချပ်ပွင့်လျက် မိခင်ကြီး၏ မျက်နှာကို မြင်လိုက်ရသည်။ စိတ်၏ ပင်ပန်းမှု၊ ဘ၀ တစ်လျှောက်လုံး လောကဓံကို ရင်ဆိုင်လာခဲ့ရရှာသော မိခင်ကြီးသည် အလွန်အိုမင်းရင့်ရော် လျက်ရှိနေပါ သည်။ ကျွန်တော် သည် မျက်ရည်မကျမိရန် အားတင်းထားရသည်။ ထို့နောက် ...
“မေမေ ...”
“ရော် ... သား ... သား မောင်မောင်၊ ဘယ်လို ဖြစ်လာပြန်တာတုန်းကွယ်”
ကျွန်တော်က ဒူးထောင့်၍ မိခင်ခြေဖမိုးစုံကို ဦးတိုက်လိုက်သည်။ ထိုအခါ ကျွန်တော့် မ်ျလုံးစုံမှ မျက်ရည်များ သည် မိခင်ကြီး၏ ခြေဖမိုးပေါ်သို့ ရွာသွန်းချလိုက်လေပါတည်း။ မိခင်က ကျွန်တော့် လက်မောင်းကို ကိုင်၍ ဇရပ်အတွင်းသို့ဝင်ရန် ပြောသည်။ ကျွန်တော်သည် ၀မ်းနည်းခြင်းစိတ်ဇောကြောင့် ထိုအချိန်က မိခင်ငိုလေ သည်၊ မငိုလေသည်ကိုပင် မမှတ်သားမိခဲ့ပါချေ။ ကျွန်တော်က ဗိုလ်လက်ျာနှင့် ကျွန်တော်တို့ ကျန်းမာစွာဖြင့် အတူတကွ ရှိနေကြောင်း၊ စိုးရိမ်ပူပန်ရန် မရှိကြောင်းများကို ပြောပြပြီးနောက် မိခင်ကြီးနှင့်တကွ ညီ အစ်ကို မောင်နှမ များအား ကင်ပေများက နေပူလှမ်းကြောင်း ကြားသိရသဖြင့် စိတ်ပူနေကြောင်း ပြောပြသော အခါ မိခင်ကြီး သည် ယဲ့ယဲ့မျှ အသံထွက်၍ ရယ်လိုက်သည်။
“နေပူလှန်းလှန်း၊ လည်သည်းခွာခွာ၊ သံရည်ပူလောင်းလောင်း စိတ်ပူစရာ မဟုတ်ပေါင် သားရယ်”
“ဘယ်နှစ်ရက်လောက် ခေါ်ညှဉ်းကြသလဲ”
“နှစ်ရက်ထဲပါကွယ်”
“သြော် ... မေမေရယ်”
ကျွန်တော်က မိခင်အား ဤသို့ ယောင်ယမ်းခေါ်လိုက်မိသည်။ မိခင်သည် ကျွန်တော့်အား ညှာတာစွာဖြင့် အားမာန်တင်းထားဟန်ပြုသည်။ သို့သော် ကျွန်တော်ကမူ မိခင၏ ရင်တွင်းမှ ခံစားချက်ကို အလိုလို သိမိနေ ပါသည်။ ကျွန်တော်နှင့် မိခင်ကြီး စကားပြောသံကြောင့် အဒေါ်အပျိုကြီး နှစ်ယောက်နှင့် ကျွန်တော့် အစ်မ နှစ်ယောက် သည် ဆွမ်းချက်ဇရပ် အဆောင်မှ ကူးလာကြသည်။
“မိုးလင်းပြီ သား၊ တော်ကြာ လူစိမ်းတွေ မြင်ရင် သား ဒုက္ခတွေ့လိမ့်မယ်”
ထို့နောက် မိခင်ကြီးနှင့် အဒေါ်အပျိုကြီးတို့နှစ်ဦး ဇရပ်ပေါ်မှဆင်း၍ ဆရာတော် ဦးအာစရအား ကျွန်တော့် အား တစ်နေ့တာ ကျောင်းပရိဝဏ်အတွင်း နေထိုင်ခွင့် တောင်းကြပါသည်။ ဆရာတော်၏ ခွင့်ပြုချက်အရ ထိုနေ့ တစ်နေ့တာ ကို ဆရာတော်၏ ကျောင်းသင်္ခန်းအတွင်း အိပ်ဆောင်တွင်း၌ တစ်နေကုန်ခိုအောင်းနေထိုင် ခဲ့ကြရလေသည်။
စခန်းသို့ ပြန်ရောက်သောအခါ လွှတ်လိုက်သော ရဲဘော်ညွန့်မောင်တို့အဖွဲ့ ရောက်နှင့်နေသည်ကို တွေ့ရပြီး၊ ဗိုလ်လက်ျာနှင့် ယင်းညမှာပင် တမော့ဝရွာသို့ ခရီးထွက်ရန် အသင့်ဖြစ်နေကြောင်း ပြောလာပါ သည်။
“မြလှိုင် ... မင်းတို့မနက်ဖြန်ညကို ငါ့ဆီ လိုက်ခဲ့ကြဦး”
“ဟုတ်ကဲ့”
“တို့ကိုလိုက်ပို့မယ့် ရဲဘော်တွေ အသင့်ဖြစ်နေပြီလား”
“ဖြစ်နေပါပြီ”
ဗိုလ်လက်ျာတို့အဖွဲ့ကို ၃ စု ခွဲ၍ ကျွန်တော်တို့ တမော့ဝသို့ ပို့ပေးပါသည်။ ရှေးဦးစွာ ဗိုလ်လက်ျာ၊ ဗိုလ်မြသန်း၊ ဗိုလ်တင်အေး (အမ်တင်အေး) တို့ ၃ ဦးကို ကိုသိန်းဖေခေါင်းဆောင်၍ သမ္ဆန် တစ်စင်းဖြင့် ခေါ်ဆောင် သွားပါသည်။ ကျန်ရဲဘော်များကို ကိုသောင်းအိ ခေါင်းဆောင်၍ ခေါ်ဆောင်စေပြီး ကျန်ရဲဘော် များ မှာ ခြေလျင်ခရီးဖြင့် သလိပ်ကြီးရွာသို့ သွားရောက်ကြပြီး ထိုမှတစ်ဆင့် ရွာခံသခင်မှင်တို့အဖွဲ့မှ လိုက်လံ ပို့ဆောင်ပေးကြပါသည်။
ရက်ပေါင်းများစွာ၊ အစားပျက် အအိပ်ပျက် တာဝန်များ၏ ဖိဒဏ်ကို ကျွန်တော် မခံနိုင်တော့ပေ။ သို့ဖြစ်ရာ ဗိုလ်လက်ျာတို့ လူသိုက်အား ပို့လွှတ်လိုက်ပြီးနောက် ကျွန်တော်တစ်ယောက် အိပ်ရာပေါ်တွင် ဘုံးဘုံးလဲပါ တော့သည်။ ကျွန်တော် အပြင်းဖျားနေသဖြင့် ဗိုလ်လက်ျာ မှာကြားခဲ့သော နောက် တစ်နေ့ ရောက်ရှိရန် အစီ အစဉ်များကိုဖျက်၍ အဖျားသက်သာမှ လာရောက် မည်ဖြစ်ကြောင်း သတင်း ပို့ခိုင်းလိုက်ရပါသည်။ ကျွန်တော်၏ အဖျးက သက်သာမှုမရှိ။ ဆေးမရှိ၊ အစားကောင်း၊ မစားရသဖြင့် ၅ ရက်ခန့် ကြာသွားသည်။ ထိုအချိန်တွင် မမျှော်လင့်ဘဲ ဖျာပုံမြို့ ၅ လမ်းမှ ဒေါက်တာလှရွေ၏ မိတ်ဆွေများဖြစ်ကြသော ဇ၀နဆေး တိုက်ပိုင်ရှင် ဦမောင်မောင်ကြီးနှင့် ဇနီး ဒေါ်အေးခင်တို့အား ရဲဘော်ကြီး စံယျတို့လူသိုက် တိတ်တဆိတ် ပင့်လာခဲ့ကြပါတော့သည်။ ဦးမောင်မောင်ကြီးတို့ လင်မယားမှာ ကျွန်တော့် အား ဆေးထိုးဆေးတိုက်ဖြင့် ၂ ရက်မျှ စခန်းတွင် နေထိုင်သွားကြသည်။ ထို့ပြင် ထိုးဆေး များ၊ ဆေးထိုးတံများကိုပါ ထားခဲ့ကြလေသည်။ ဤအခိန် ဤအခါမှစ၍ ကျွန်တော်တစ်ယောက်ကိုယ့်တင်ပါး ကိုယ်လှ န်၍ ဆေးထိုးသော အတတ်ကို တတ်ခဲ့ရလေသည်။
တမော့ဝ စခန်း။
ငှက်ဖျားပျောက်လျှင် ပျောက်ချင်း တမော့ဝစခန်းသို့ ထွက်လာခဲ့သည်။ တမော့ဝ စခန်းသည် ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲရာတွင် အရေးပါသော သမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်သည်။ တမော့ဝရွာသည် အိမ်ခြေ တစ်ရာခန့်ရှိသည်။ ရွာသူရွာသားများသည် သူကြီးဦးညွန့်၏ သြဇာကို လေးစားစွာ လိုက်နာကြ ကုန်သည်။ ထိုမှဆင့်ကဲ ဆင့်ကဲ ဦးညွန့်၏ ဆွေမျိုးညီအစ်ကို မောင်နှမများက ရွာသူရွာသား များအပေါ် ဦးဆောင်ကြ သည်။ တမော့ရွာ၏ ညီညွတ်မှုသည် အံ့သြဖွယ်ပင်။
ထို့ကြောင့် တမော့ရွာကို မြစ်ဝကျွန်းပေါ် ဖက်ဆစ်တော်လှန်ရေး၏ စစ်ရေး နိုင်ငံရေး ဌာနကြီးတစ်ခု အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ တမော့ဝစခန်းသို့ ကျွန်တော်လာရာ တွင် တမော့ချောင်းဝသို့ ၀င်လျှင်ပင် ဖြန့်ကျက်ထားသော ကရင်ပြောက်ကျား စောထွန်းစိန်၏ တပ်နှင့်တွေ့ရ ပါသည်။ ထိုမှချောင်းရိုးတစ်လျှောက် ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းမှုအောက်မှ ရွာခံ ပြောက်ကျားများကို အဆက်မပြတ် တွေ့ရသည်။ ဤနေရာမျိုး သို့ ဖက်ဆစ်ရန်သူများ တိုးဝင်တိုက်ခိုက်ရန် မလွယ်ကူကြောင်း ကျွန်တော် မှတ်ချက်ချမိသည်။
သူကြီး ဦးညွန့်၏ အိမ်တံတားသို့ ကျွန်တော်၏လှေ ကပ်လိုက်သည်နှင့် တစ်ပြိုင်နက် မုတ်ဆိတ်မွေး၊ ပသိုင်းမွှေး တို့ဖြင့် မူလရုပ်ကိုပင် မမှတ်မိနိုင်သော ဗမာ့တပ်မတော်မှ ဒုဗိုလ်တစ်ဦး ဆင်းလာပြီး ကျွန်တော့်အား စစ်ဆေး ပါသည်။ ၎င်းအသံကို ကြားတော့မှပင် ဗိုလ်မြတ်ကျော် (ကွယ်လွန်သူ ပန်းချီကျောင်းအုပ်ကြီး ဦးမြတ်ကျော်)ဖြစ်ကြောင်း သိလိုက်ပါသည်။
“ဟေး ... ဗိုလ်မြတ်ကျော်”
“ဟ ... ဗိုလ်မြလှိုင် ...ရွေး ... မိုးချုပ်ပါပကောလား၊ ရဲဘော်ရ”
“စခန်းက မှောင်မှ ထွက်လာတာ၊ လမ်းမှာလဲ ၁၀ ခါလောက် အစစ်ဆေးခံရတော့ အချိန်သိပ်လင့်သွား တယ်”
“ထမင်းစားပြီးကြပြီလား”
“ဟင့်အင်း၊ ဒါထက် ဗိုလ်ချုပ်လက်ျာတို့ ရှိလား”
“ရှိတယ် ...၊ စားပြီးမှ သွားသတင်းပို့ကြတာပေါ့။ ကိုင်း ... တက်ကြ။ အားလုံး ဘယ်နှစ်ယောက်လဲ”
“ကျုပ်ပါ၊ ၅ ယောက်”
“ဗျို့ ဦးစိန်၊ ဒီရဘြော် ၅ ယောက် ထမင်းကျွေးပါဦး”
ထမင်းဝိုင်းသို့ ထိုင်မိသောအခါ ဗိုလ်မြတ်ကျော်နှင့် စကားပြောနေရသဖြင့် ထမင်းကို ကောင်းစွာ မစားနိုင်ဘဲ ရှိပါသည်။ ဗိုလ်မြတ်ကျော်သည် လောလောဆယ် ဂွကလေးရွာတွင် ကွန်မြူနစ်ပြောက်ကျားများ တပ်ခွဲတစ်ခွဲ ခန့်ရှိ၍ ဗိုလ်အောင်မင်း (မြေတိုင်းစာရေး ကိုတင်)က ဦးဆောင်လျက်ရှိပါသည်။ ဗိုလ်မြတ်ကျော် သည် ဗိုလ်အောင်မင်း တို့အဖွဲ့အား လက်နက်အသုံးချနည်းနှင့် တိုက်စိပ်တိုက်ပွဲ၊ တပ်စုတိုက်ပွဲ၊ ညတိုက်ပွဲ များ အတွက် လေ့ကျင့်သင်ကြားပေးနေရကြောင်း သိရှိရပါသည်။
“ဒီမယ် ဗိုလ်မြတ်ကျော်”
“ဆို ... ဘာလုပ်ပေးရမလဲ”
“ရဲဘော် ကြည့်ရတာ၊ တောပုန်းကြီး စံဖကျနေတာလဲ၊ ဒါထက် လက်နက်တွေ တယ်ကောင်းပါလားဗျ။ ကျုပ်ရဲ့ အစုတ် အပြတ်တွေ နဲ့ တစ်ခြားစီပဲ။ ဟင်း ... ဟင်း၊ လဲကိုင်လိုက်ပြီး ငပုတွေ လိုက်ဆော်ပစ်လိုက်ရ ရင်အား ဘာပြောကောင်းမလဲ”
“ဒါတွေ အဲယာဒရော့ပ် တွေဗျ။ ဗိုလ်ချုပ်နဲ့ တွေ့တော့ တောင်းပေါ့ဗျာ။ ပေါပါတယ်။ ရပါတယ်”
ကျွန်တော်သည် ဗိုလ်မြတ်ကျော် ခါးတွင် ချိတ်ထားသော ၄၅ ဘို့၊ ပစ္စတို၊ လက်ထတွင် ကိုင်ထားသော စက်သေနတ် ကလေး (နောင်သောအခါစတင်းဂန်း) တို့ကို ကိုင်ကြည့်မိသည်။ မှန်ပါသည်။ ယင်းလက်နက် များကို ကျွန်တော် မမြင်ဘူးသေးပါ။ ယင်းလက်နက်များမှာ မဟာမိတ်တို့က လေယာဉ်ပေါ်မှ မကြာသေးမီက ချပေးသော လက်နက်များဖြစ်ပါသည်။
“ကိုင်း ... စားပြီး ရင် ဗိုလ်လက်ျာဆီ သွားသတင်းပို့ရအောင်။ ခင်ဗျား ရဲဘော်တွေတော့ ဒီမှာပဲ နားခိုင်း လိုက်ပါ”
“ဒါဆို သွားစို့”
“ဆရာစိန့်၊ ဗိုလ်မြလှိုင် ရဲဘော်တွေတော့ ဒီမှာပဲ နေရာချပေးလိုက်ပါ။ လာ ... ရဲဘော်”
ဗိုလ်မြတ်ကျော်နှင့် ကျွန်တော်သည် တမော့ချောင်း အရှေ့ဘက်ကမ်းသို့ လှေတစ်စင်းဖြင့် ကူးခဲ့ကြသည်။ ဗိုလ်လက်ျာ ယခုနေထိုင်သော နေအိမ်မှာ သူကြီး ဦးညွန့်၏ ညီမအိမ်ဖြစ်၍ ရွာမနှင့် ချောင်းတစ်ခုခြားပါ သည်။ အိမ်မှာ သွပ်မိုး ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်၍ သီးသီးခြားခြား ရှိပါသည်။ ဗိုလ်လက်ျာ၏ လုံခြုံရေး ကင်းတပ်ဖွဲကို ဗိုလ်သန်းထွန်း ၏တပ်မှ တာဝန်ယူ၍ တမော့ဝရွာသို့ ဗမာ့တပ်မတော်မှ ရဲဘော်များအားလုံး ကို ဗိုလ်မြတ်ကျော်က အုပ်ချုပ်ပြီး ကွန်မြူနစ် ပြောက်ကျားများကို ကိုစိန်ထွန်း (ကိုအောင်ခင်၊ ဗကပ ကျဆုံး)က အုပ်ချုပ်လျက် ကရင်ပြောက်ကျားများမှာ ကရင်ပြောက်များစောထွန်းစိန်က အုပ်ချုပ်ပါသည်။ တမော့ဝရွာတွင် လက်နက်တပ်ဆင်ပြီး ရဲဘော်အားလုံး၏ အင်အားမျာ ၃၀၀ ခန့်ဖြစ်ပါသည်။
“ဗိုလ်ချုပ်၊ ဗိုလ်မြလှိုင်နဲ့ ရဲဘော်တွေ ရောက်လာပြီ” ()()()()
“အေး ... အတော်ပဲ၊ မင်းကို ခိုင်းစရာရှိတယ်”
“ဟုတ်ကဲ့၊ ဒါပေမယ့် ကျွန်တော် လက်နက်တွေ လဲချင်တယ်”
“ဟုတ်တယ် ဗိုလ်ချုပ်၊ သူ့တပ်စုကို လက်နက်အသစ် ထုတ်ပေးလိုက်ရင် ကောင်းမယ်”
“မဖြစ်သေး ဘူးကွ၊ ခု ရှိတဲ့လက်နက်တွေက သခင်စိုးက သူတို့ ပြောက်ကျားတွေကို ပေးဖို့ ဖယ်ထား တာ ဖြတ်ကျော်ရ”
“မကုန်နိုင်ပါဘူး ဗိုလ်ချုပ်။ နောက်ပြီး ပြောက်ကျားရဲဘော်တွေထက်စာရင် ဗိုလ်မြလှိုင်တပ်စုက လေ့ကျင့် ပြီးသား ရဲဘော်ဟောင်းတွေ ဆိုတော့ ပိုကောင်းမယ် ထင်ပါတယ်”
“လောလောဆယ်တော့ ခဏနေဦးကွာ”
ဗိုလ်လက်ျာ၏ နောက်ဆုံးစရားအရ ဗိုလ်မြတ်ကျော်တစ်ယောက် ဆက်၍ ပြောရန် အကြောင်းမရှိတော့သဖြင့် ကျွန်တော့်ဘေးတွင် ငူငူကြီး ထိုင်နေပါသည်။ ဗိုလ်လက်ျာကမူ ကျွန်တော့်အား တပ်စုတစ်စုလုံး တမော့ဝရွာ သို့ ပြောင်းရွှေ့လာပြီးနောက် တမော့ဝတွင် တပ်စွဲထားသော တပ်မတော်အောက်တွင် ဆက်လက်ဆောင်ရွက် ရန်နှင့် ကျွန်တော် တာဝန်မှာ ၎င်းကိုယ်တိုင် ခိုင်းစေသော ကွန်မြူနစ်ပြောက်ကျားများနှင့် ဆက်သွယ်သော တာဝန် ကို ထမ်းဆောင်ရန် ဖြစ်ပါသည်။
ကျွန်တော်နှင့် ဗိုလ်မြတ်ကျော်တို့ နှစ်ယောက် ဗိုလ်လက်ျာထံမှ ပြန်လာသောအခါ ညဥ့်တစ်ချက် တီးပင် ကျော်နေပါပြီ။ သို့သော် စခန်းကြီး တစ်ခုလုံးမှာ နီးနီးကြားကြား တက်တက်ကြွကြွဖြင့် ပျော်ရွှင်ဖွယ် အလှူအိမ်ကြီး ပမာ ရှိနေပါသည်။ ကျွန်တော့်အား ဗိုလ်မြတ်ကျော်က သူကြီးညွန့်အိမ် အပေါ်ထပ် သို့ ခေါ်ဆောင်သွားပါသည်။ သူကြီးအိမ်အပေါ်ထပ်တွင် ကွန်မြူနစ် ပြောက်ကျားတပ်ဖွဲ့များ ရှိပါသည်။
“ ဟေး ... မြလှိုင်၊ မင်း ဘယ်တုန်းက ရောက်လဲ”
“ဟာ ကိုထွန်းစိန်၊ ခင်ဗျား ဒီမှာလား”
“အေးကွ။ ဒါ တို့ဌာနချုပ်လေကွ”
“ရော် ... ဟုတ်ပြီ၊ တယ်ကြီးပွားနေပါလား”
“ဒါပေါ့ ... ဒါပေါ့”
ကိုထွန်းစိန်သည် ကျွန်တော့်ကို လေယာဉ်မှ ချပေးထားသော ကေရာရှင်ဘူးများ၊ ဘီစကွတ်မုန့်များ၊ စီးကရက် များဖြင့် ဧည့်ခံပါသည်။ ကျွန်တော်သည် စားရင်း သောက်ရင်း မျက်စိကစား၍ ကြည့်လိုက်မိရာ၌ ၃၀၃ ရိုင်ဖယ် အသစ်များ၊ ဘရင်းဂန်းများ၊ စတင်းဂန်းများ၊ လက်ပစ်ဗုံးများ၊ မီးလောင်ဗုံးများ၊ ခဲယမ်း မီးကျောက် သေတ္တာ များ တောင်ပုံရာပုံကို တွေ့ရပါသည်။
“ကိုထွန်းစိန် လက်နက်တွေ များလှချည်လားဗျ။ သွားရည်ကျတယ်ဗျာ”
“များဆို လေထီးနဲ့ ချပေးထားတာကွ။ ဆရာကြီး (သခင်စိုးကို ဆိုလိုသည်)ရဲ့ တပ်အတွက် ဖယ်ထားတာလေ”
“ဆရာကြီးက နိုင်ငံရေးခေါင်းဆောင်ကြီးပဲ၊ တပ်မလိုပါဘူးဗျ”
“ဟ ... ဒီမောင်၊ တော်တော်ဒုန်ဝေးနေပါပြီ။ တို့တစ်တွေဟာ ဆရာကြီးရဲ့ ပြောက်ကျားတွေပေါ့ကွ”
“ဒါဆိုလည်း ငါတို့ အတွက်လို့ ရှင်းရှင်းပြောပါဗျာ၊ ကျုပ်ကို နည်းနည်းပေးလိုက်ပါလားဗျာ”
“ငါ့တပ်က လက်နက်တပ်ဆင်ပြီးပါပြီ။ ဒါတွေက နောက်ထပ်ဖွဲ့စည်းမယ့် တပ်တွေအတွက်ကွ။ မင်းတို့ တပ်မတော် အတွက် တို့ ခွဲပေးပြီးပြီပဲ”
“လုပ်ဗျာ၊ ခင်ဗျား ထဲက နည်းနည်း ကျုပ်ကို ခွဲပေးပါလား”
“မဖြစ်နိုင်ပါဘူးကွာ၊ ဒါပေမယ့် မင်းကိုင်ဖို့ စတင်းဂန်းတစ်လက်၊ လက်ပစ်ဗုံး ၅ လုံးနဲ့ ကျည်ဆန် ၁၀၀ တော့ ပေးလိုက်မယ်”
ကျွန်တော်နှင့် ဗိုလ်မြတ်ကျော်သည် လေးပင်သော ခြေလှမ်းများဖြင့် ကျွန်တော့် ရဲဘော် များ နေထိုင်သည့် တဲဆီ သို့ လျှောက်လာခဲ့ကြပါသည်။ သူကြီးအိမ်ပေါ်တွင် တွေ့ခဲ့ရသော လက်နက်များ ကို မြင်ခဲ့ရသော ကျွန်တော်သည် မိမိတွင်ရှိသော ဂျပန်ရိုင်ဖယ် မီးကျိုးမောင်းပျက်များကို စိတ်ပျက်မိလေသည်။ စစ်သား ဆိုသူအဖို့ လက်နက်သည် မက်မေတွယ်တာဖွယ် ရတနာပင် မဟုတ်ပါလား ...။
“ဗိုလ်မြလှိုင်၊ ခင်ဗျား စိတ်မကောင်းဖြစ်လာသလား”
“အင်း ...”
“ဒါအစပဲ ရှိသေးတယ်။ နောက်ကို အများကြီး တွေ့ရဦးမယ်။ ကျုပ်တော့စိတ်ကို လျှော့ထားလိုက်ပြီ။ မဟုတ်ရင် ... တောက်”
ကျွန်တော့် အား တဲဝအထိ လိုက်ပို့ပြီးသောအခါ ဗိုလ်မြတ်ကျော် တစ်ယောက် နှုတ်ဆက်၍ ပြန်သွားပါသည်။ တဲအတွင်းဘက် တွင် ကင်းစောင့်နေသော ရဲဘော်စိတ်မောင်နှင့် တွေ့ရသဖြင့် ကျန်ရဲဘော်များ ကို နှိုးရန် ပြောလိုက်မိပါသည်။
“ခရီးသွားရဦးမှာလား ဗိုလ်လေး”
“မဟုတ်ပါဘူးကွာ၊ သွားသာ နှိုးလိုက်ပါ”
ရဲဘော်များကို ကျွန်တော်က ကိုထွန်းစိန် ပေးလိုက်သော ကရာရှင်ဘူး ၂ ဘူးကို ဖွင့်၍ ကျွေးလိုက်ပြီး စီးကရက်ဘူး ကိုလည်း ချပေးလိုက်ပါသည်။ ထို့နောက် ရဲဘော်များအား သူကြီးအိမ်ပေါ် တွင် တွေ့ခဲ့သော လေထီးချ လက်နက်ပုံကြီးနှင့် လက်နက်သစ်များ တပ်ဆင်ဖွဲ့စည်းထားပုံကို ပြောပြမိပါသည်။
ရဲဘော်များသည် ထူးဆန်းသော ပုံပြင်ကို နားထောင်နေကြရသည့်နှယ် ...။
ဖျာပုံမြို့နယ်အတွင်း အရှေ့မှအနောက်၊ တောင်မှမြောက် လက်လှော်လှေဖြင့် တစ်ဖုံ၊ ခြေလျင် တစ်နည်း စေလွှတ် လိုက်သော တာဝန်မျးကို ထမ်းဆောင်နေခဲ့ရသည်မှာ တစ်ပတ်ခန့် ကြာမြင့် သွားပါ သည်။ တပ်မတော်၏ သတင်းများကား ဟိုမှသည်မှ ပျံ့နှံ့လျက်ရှိပါသည်။ ဖျာပုံမြို့နယ်အတွင်း ဗိုလ်ဘစိန် ၏ တိုက်ပွဲအတွေ့အကြုံရှိပြီးသော ၎င်း၏တပ်သည် ဖက်ဆစ်များကို အမဲလိုက်သကဲ့သို့ ခြေရာခံလိုက်၍ တိုက်ခိုက် ခဲ့ကြသည်မှာ ပွဲတိုင်းကျော်များ ဖြစ်နေပါသည်။
ယခုတစ်ပတ် တမော့ဝရွာသို့ ပြန်လာရာတွင် ပွဲကြီးပွဲကောင်းနှင့် လာတိုးနေပါသည်။ အဘယ်ကြောင့်ဆိုသော် သူကြီးအိမ်ပေါ်တွင် မဟာမိတ်တပ်မှ လေထီးဆင်းများ ရောက်ရှိနေကြပါသည်။ ၎င်းတို့မှာ မေဂျာဗွိုင်တို၊ ၀ိုင်ယာလက်အော်ပရေတာ ချင်းရဲဘော် ချာလီနှင့် ကိုဘသောင်း (ယခု မြန်မာ့ ထွက်ကုန် သွင်းကုန် ကော်ပိုရေးရှင်း) တို့ ဖြစ်ကြသည်။ စခန်းတစ်ခုလုံး ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြပါ သည်။
“ဆရာစိန့်၊ ဘာတွေ အလုပ်များနေတာလဲဗျ”
“ဗိုလ်လေး၊ မသိသေးဘူးလားဗျ”
“ဟင့်အင်း၊ ဘယ်သိမလဲ၊ ဘာတွေဖြစ်နေလို့လဲ”
“ဟင်း ... ဟင်း ... ဘာမှ မဖြစ်ပါဘူး။ ဒီညနေ ရွာနောက်က ကွင်းထဲမှာ လက်နက်တွေ လေထီးနဲ့ လာချပေးမှာဗျ”
“ဟာ ... တယ်ဟုတ်ပါလားဗျို့”
ထိုသတင်းကြောင့် ကျွန်တော့် ရင်ထဲတွင် အလိုလို ပျော်နေပါသည်။ မကြာမီ ကျွန်တော်တို့ တပ်မတော်မှ ရဲဘော်များ အား လေထီးချရာတွင် လုံခြုံရေးအတွက် တာဝန်ချထားပေးပါတော့သည်။ ကျွန်တော့် တပ်စုမှာ ကွင်း၏ မြောက်ဘက်တွင် တာဝန်ယူစောင့်ရပါသည်။ ကျွန်တော်တို့တစ်တွေ မှာ နေ့လယ်တစ်နာရီ ခန့်ကပင် နေပူကျကျဲ ကွင်းထီးထီးတွင် ကင်းစောင့်နေကြရပါသည်။ သို့သော် ပူရမှန်း၊ ပင်ပန်းရမှန်း မသိနိုင် ဘဲ ပျော်ရွှင်ကြပါသည်။ မမျှော်လင့်သော မမြင်ဘူးသော အတွေ့အကြုံကို တွေ့ကြရမည် မဟုတ်ပါလား...။
ညနေ လေးနာရီခန့်တွင် ကွင်း၏ အလယ်တည့်တည့်၌ တီပုံသဏ္ဍာန် ပိတ်ဖြူကြီးတစ်ခု ကို လေထီးဆင်းမေဂျာဗွိုင်တို ကိုယ်တိုင် ကြီးကြပ်ခင်းကျင်းပါသည်။ ထို့နောက် တီသဏ္ဍာန် စာလုံး၏ထိပ်တွင် မီးဖိုရန် မီးစာများ စုစေပါသည်။ ထိုသို့ဆောင်ရွက်ပြီး၍ မကြာမီပင် ကြီးမားသော လေယာဉ်ကြီးတစ်စင်း သည် ကွင်းကိုဖြတ်၍ နိမ့်နိမ့်ပျံသွားပါသည်။ ယင်းလေယာဉ်မှာ ရှေ့ပြေးလေယာဉ်ဖြစ်၍ ဖျာပုံဘက်ဆီသို့ ၏ ဦးတည်မောင်းနှင် သွားပြီး မကြာမီ ဖျာပုံမြို့ဆီမှ စက်သေနတ်ပစ်သံများ ကြားလိုက်ရပါတော့သည်။ ယင်းဆောင်ရွက်မှုသည် နောင်သောအခါ လေထီးချလျှင် ရှေ့ပြေးလုပ်လေ့ရှိသော လုပ်နည်း လုပ်ဟန်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
ဖျာပုံဘက်တွင် စက်သေနတ်ပစ်ပြီးနောက် ထိုလေယာဉ်ကြီးသည် လာလမ်းအတိုင်း ပြန်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့သည်။
“ဟေ့ ... ဟိုမှာ ကြည့်စမ်း၊ လေယာဉ်သုံးစီး လာနေတယ်”
“အေး ... ဟုတ်တယ်”
စကားပြော ၍ မဆုံးမီ၊ မြားဦးသဏ္ဍာန် ပျံသန်းလာသော လေယာဉ်သုံးစီးအနက်မှ တစ်စီးပြီးတစ်စီး ချပေးပါ သည်။ ကောင်းကင် တွင် ပွင့်၍ ထွက်လာသော လေထီးများမှာ မှိုပွင့်များအလား အလွန်လှပပါသည်။ ထိုနေ့က လက်နက်၊ စားသောက်ဖွယ်၊ အ၀တ်အထည် စည့် ပစ္စည်းပေါင်း ၃၉ ကွန်တိန်နာဖြစ်ပါသည်။
ရှုမ၀၊ တွဲ ၃၅၊ မှတ် ၄၁၇၊ ဖေဖော်ဝါရီ ၁၉၈၂။
ဆက်ရန်
.

No comments:
Post a Comment