Friday, February 1, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၈)

အပိုင်း (၄၀)

စာရေးဆရာ Dr. John Grayက အောင်မြင်မှုရဖို့ဆိုတာ သိမ်ငယ်တဲ့ အတွေးတွေ ကို ဖျောက်ပြီး ပြတ်သားတဲ့ စိတ်ဓာတ်တွေ ကို မွေးနိုင်မှဖြစ်တာတဲ့။ မိမိရဲ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ နဲ့ သင်ခန်းစာတွေ ကို မေ့ပစ်လို့ မရဘူး။ ဘယ်သူမဆို ဘ၀ခရီးမှာလည်း လဲပြိုပြုတ်ကျတဲ့အခါတွေရှိမှာပဲ။ ကျစမ်းပါစေ၊ ပြန်ထတတ်ဖို့ပဲ လိုတာပါတဲ့။
ကျွန်မအဖြစ်ကတော့ ကြုံလာတဲ့ လောကဒဏ်နဲ့ နပန်းလုံးရလို့ အရှုံးပေးလဲပြိုခဲ့ရတာတွေ ရှိခဲ့သလို ကိုယ့်ဟာကိုယ် အခြေတကျရှိနေပြန်တော့လည်း အေးအေးဆေးဆေးမနေပါဘဲ ကိုယ့်ဖောင်ကိုယ် ဖျက်ပြီး ရေဆန်ကူးချင်တတ်တာနဲ့ တစ်သက်တာနပန်းပွဲတွေနဲ့ မဆုံး နိုင်သောပြန်ထခြင်းတွေကို လုပ်ရဦးမဲ့ အဖြစ်ပါပဲ။
လူဆိုတာ တစ်ယောက်မှာ အကျိုးပေးတစ်မျိုးစီးနဲကဘ၀ခရီးကို လျှောက်လှမ်းနေကြတာ ပါ။ တချို့ကျတော့ သည်းထိတ် ရင်ဖိုဖြစ်ရတဲ့ Roller Casterဘီးတပ်ဖိနပ် စီးပြီး အမြန်နှုန်း နဲ့လျှောတိုက်လျှောက် လှမ်းနေကြ ရသလို တချို့ကျတော့ မြစ်ကြောအလယ် ဇိမ်ခံသင်္ဘော ပေါ်မှာအေးအေးဆေးဆေး စကားတပြောပြောနဲ့ သွားနေကျသူမျိုးတွေ လည်း ရှိရဲ့။

ဘယ် လိုနည်းနဲ့ပဲ လျှောက်လျှောက်ဘ၀ခရီးဆိုတာ ဖြောင့်ဖြူးချောမွေ့တတ်တဲ့ လမ်းမျိုးမဟုတ် တာသေချာလို့ အတက်တွေ၊ အဆင်းတွေ၊ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့အတူ ၀ဲဂယက်မုန်တိုင်းတွေက ရှိနေမှာပါပဲ။
ဆိုးတာတွေ ကြုံဖူးမှကောင်းတာရဲ့ တန်ဖိုးကို သိပြီး အဆိုးကလွတ်မြောက်တဲ့အခါ ကျော် လွှားနိုင်ခဲ့ တာကို ကျေနပ်ပီတိဖြစ်ရင်း ကိုယ့်ရဲ့အစွမ်းအစကို ပိုမိုယုံကြည်မှုလည်းရ၊ စိတ်ရဲ့ ရင့်ကျက်ခိုင်မာမှုလည်း တိုးတာ မို့ ချမ်းမြေ့ခြင်းအကျိုးကိုရတာပါ။ တစ်ဘ၀လုံးအတက် အကျမရှိ ဒုက္ခ သုခမရှိခဲ့ရင် ငြိမ်သက်နေတဲ့ သင်္ချိုင်းဂူ ထဲနေရသလို ဖြစ်မှာပေါ့နော်။
အသက်ရှင်နေရခြင်းကိုက ရုန်းကန်လှုပ်ရှားရခြင်းဖြစ်တာမို့ ကျွန်မလည်း ပြန်ထနိုင်ဖို့ အားယူနေဆဲ ဆိုပါတော့။ ရောက်ခါစမို့မသွားတတ်မလာတတ်သေးတဲ့အပြင် ကားလိုင်စင် ရလို့ ကား ထွက်မောင်းတော့ မြို့ထဲက ရိုးရိုးလမ်းတွေမှာ ဖြောင့်ဖြောင့်ဖြူးဖြူးမောင်းနိုင်ပါ ရဲ့။ မြို့ပြင်ဘက် ထွက်မောင်းလို့ တံတားနှစ်ဆင့် သုံးဆင့်တွေဖြတ်ရတဲ့အခါမျိုးကျရင်ရှိ ထားတဲ့သတ္တိတွေ ပျောက်ပြီး သည်းထိတ်ရင်ဖို ဘယ်လို တက်ပြီး ဘယ်လိုဆင်းရမှန်းမသိ လူကကတုန်ကယင် ဖြစ်တာမို့ အလွဲလွဲတွေဖြစ်ပါလေရော။

အမှန်က လမ်းမှာပြထားတဲ့ဆိုင်းဘုတ်တွေကို သတိရှိရှိနဲ့ ဖတ်မှတ်ထားရင်လွဲစရာအ ကြောင်းဘာမှမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ပျောက်တာဟာ အဆိုးဆုံးရန်သူပါ။ တံတားတွေတောင် မဖြတ်ရဲတာ မဟုတ်သေး ဘူး။ ဟိုင်းဝေးတွေပေါ်လည်း မမောင်းရဲလို့ သွားစရာရှိတိုင်း ယမင်းမအားတဲ့အခါ ယမင်း ရဲ့သူငယ်ချင်းမိန်းကလေးကိုလိုက်ပို့ခိုင်းရ တာအခါပေါင်းများစွာပါပဲ။ ကြာတော့ အားနာလာတဲ့အပြင် တစ်သက် လုံး သူတစ်ပါး ကို အားကိုးနေလို့ချည်းမဖြစ်သေးပါဘူးဆိုပြီး ကိုယ့်အားကိုယ်ကိုးရဲလာအောင် အားမွေး ရပါ တယ်။
"ဆယ်ကျော်သက် မိန်းကလေးတွေတောင် ဒီဟိုင်းဝေကားလမ်းကို ကျွမ်းကျွမ်း ကျင်ကျင် မောင်းနေနိုင်သေးတာပဲ။ ကိုယ်ကားမောင်းလာတာ ဒီမိန်းကလေးအသက်တောင် မက တော့ဘဲ အလေ့အကျင့် ရှိပါလျက်နဲ့ ဘာဖြစ်လိုက အစိုးရိမ်လွန်ကဲပြီး မမောင်းရဲရမှာလဲ၊ လက်တွေလုပ်မကြည့်ဘဲ စိတ်ကူး နဲ့ ထိုင်ကြောက်နေတာအဓိပ္ပာယ်မရှိဘူး မရွှေခင်"လို့ ကိုယ့်ဟာကိုယ် ဆုံးမရပါတယ်။ အဲဒီလိုရဲစိတ် ကလေး သွင်းပြီး တစ်နေ့လူနာသတင်းမေး စရာကိစ္စပေါ်လာတာနဲ့ သမီးကေသီိကို အဖော်ခေါ်ပြီးဟိုင်းဝေးပေါ် တက်လေ တယ်ပေါ့။

တက်ခါစတော့ ဟုတ်လို့ပါပဲ။ ကားတွေက မိုင်၆၀၊ ၇၀နှုန်းနဲက တဝေါဝေါသွားနေတာ မှန်ပေမဲ့ ကိုယ့်လိုင်း နဲ့ကိုယ်ဆိုတော့ပြဿနာမရှိပါဘူး။ ဘယ်လိုက ဘယ်လိုမောင်းရင်း ကျွန်မလိုင်းကူးသွားလေတယ်မသိဘူး။ ဘယ်ဘက်ဆုံးလိုင်းထဲရောက်နေပါလေရော။ လမ်းမကြီးပေါ်မှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တော့ ထွက်ရမဲ့ Exitကို ရောက် ခါနီးနေပြီး။ Exitကညာဘက်ဆုံး လိုင်းဘက်မှာရှိနေတာမို့ ပြန်ကူးဖို့မီးအချက်ပြ ကြိုးစား ပေမဲ့ ဘယ်လိုမှဝင်လို့မရဘူး။ ကားတွေကအရှိန်နဲ့လာနေတာ ဖြစ်တော့မ၀င်ရဲတာလည်း ပါတယ်ပေါ့။
အမှန်က ဘယ်ဘက်ဆုံးလိုင်းက အမြန်နှုန်းမောင်းရတဲ့လိုင်း။ ကိုယ်ကထွက်မှဆိုရင်Exit မတိုင်ခင် ခပ်စောစော ကတည်းက ကြိုပြီးညာဘက်ဆုံးလိုင်းကို ပြောင်းထားသင့်တာပါ။ ဒါတွေကျွန်မက နား မလည်တော့ လမ်းလယ်ကောင် မှာ ပြဿနာဖြစ်ပါလေရော။ ကျွန်မ ထွက်ရမဲ့ Exitကိုလည်းလွန်လာခဲ့တာတောင် လိုင်းပြောင်းမရသေးဘူး။ နောက်က ကပ်ပါ လာတဲ့ကားက ဟိုင်းဝေးပေါ် မှာကျွန်မ အိုးနင်းခွက်နင်းဖြစ်နေတာ ရိပ်မိသွားတယ်ထင်ပါ ရဲ့။ အလယ်လိုင်းကနေ ကျွန်မကား နဲ့ယှဉ်မောင်းရင်း လိုင်းကူးဖို့အချက်ပြပြီး လမ်းရှင်း ပေးပါတယ်။ အဲဒီလူရဲ့ကောင်းမှုနဲ့ လိုင်းကူးဖို့အလယ်လိုင်းရောက်၊ သူကတစ်ခါ ညာဘက်လိုင်းဝင်ပေးမှ ကျွန်မလည်း ညာဘက်ဆုံး လိုင်းပေါ် ရောက်တော့တာပဲလေ။ ထွက်ရမဲ့ Exitတစခုကျော်ပြီး ထွက်ပေါက်ရသွားမှ ကားပေါ်ကလူက လက်ပြနှုတ်ဆက် သွားလေရဲက။

သူတို့တိုင်းပြည်မှာ တစ်ဦးကို တစ်ဦးကူညီဖို့ ၀န်မလေးတတ်ကြတာ တစ်ခုကတော့ ကျွန်မ တို့ မြန်မာပြည်အတိုင်းပါပဲ။ အဲဒီလို လက်တွေ့ကွင်ဆင်း မောင်းကြည့်လိုက်တော့မှ ဟိုင်းဝေးကို မောင်းရတဲ့ သဘောသဘာဝ ကို နားလည်သွားတာမို့ မောင်းရဲသွားတော့တာ ပါ။ မောင်းရဲတယ် ဆိုပေမဲ့ ကားမောင်းရင်း သမ္ဗုဒွေဂါထာတော်ကို ဖင်ပြန်ခေါင်းပြန်ရွတ်ရ တာလည်းအာပေါက်မတတ်ရှိပါသေးတယ်။ အဲဒီလိုကောင်းမောင်းတတ်ရုံနဲ့မပြီးသေးဘူး။ သွားတတ်လာတတ်ဖို့ လမ်းတွေကိုလည်းသိထားဖို့ လိုအပ်သေး တယ်လေ။
ဒီမှာက ဘယ်သွားချင်းသွားချင် နေရာစိမ်းဆိုရင် Directionမေးပြီးမှ သွားလေ့ရှိကြတာပါ။ မြို့ကြီးတွေကလည်း ကျယ်ဝန်း၊ တစ်မြို့နဲ့တစ်မြို့ဆက်လို့ ဆက်သွားမှန်းမသိနိုင်တာမို့ လမ်းပျောက်ဖို့က လွယ်ကူပါတယ်။ လမ်းပျောက် ရင် ဓာတ်ဆီဆိုင်တွေကို ၀င်မေးရင် အလွယ်တကူ ကူညီလမ်းပြပေး တတ်ကြတာ မို့ ကျေးဇူးတင်စရာပါပဲ။ မန္တလေးမှာ တစ်ပြ နှစ်ပြနဲ့ ခရီးအကွာအဝေးကို ပြောကြသလို အမေရိကားမှာက နာရီဝက် ခရီး၊ တစ်နာရီခရီး လို့အချိန်နဲ့တိုင်း ပြောတတ်ကြတယ်။ တစ်နေရာ တစ်နေရာ ကလည်း ဝေးကွာ လွန်းတာ ကိုး။ ဒီမှာကလမ်းတွေကကောင်း၊ မောင်းကြတဲ့ ကားတွေကလည်းကောင်း ဆိုတော့ တော် ရုံအကွာအဝေးခရီးလောက်ကို မမှုကြပါဘူး။ပဲခူးနဲ့ ရန်ကုန်ခရီးလောက်ကို နေ့စဉ်အလုပ် အသွားအပြန် လုပ်နေကြတာမျိုးလေ။

လမ်းတွေသိအောင် လေ့လာရင်းကြုံရတဲ့ ရယ်စရာအဖြစ်ကလေးတစ်ခုလည်းရှိပါသေး တယ်။ တစ်နေ့မှာ သားရွှေစင်၊ သမီးကေသီနဲ့ ကျွန်မ၊ သားအမိသုံးယောက်သားနေရာ တွေသိအောင်ဆိုပြီး ကားမောင်း ထွက်လာကြတာပေါ့။ K.Martဆိုတဲ့ ကုန်တိုက်ကြီးရှိတဲ့ လမ်းထ်ပ်မှာ ဘယ်ချိုးပြီးဆက်မောင်းသွားကြလို့ ခရီး အတော်ပေါက်တော့ ပြန်လှည့်လာ ကြပါတယ်။ K.Martဆိုင်းဘုတ်တစ်နေရာ တွေ့တော့ညာပြန်ချိုးခဲ့တာပါ။ ဘယ်ရောက်လို့ ရောက်မှန်းမသိတော့ဘဲ လမ်းပျောက်ပါလေရော။
"မာမီတို့ K.Martထိပ်မှာ်ဘယ်ချိုးတာ သေချာပါတယ်။ ဘာဖြစ်လို့ လာခဲ့တဲ့လမ်းပြန်မ ရောက်လဲ မသိ"နဲ့ မကျေမနပ် နဲ့ပေါ့။ နောက်မှသိရတာက K.Martဆိုတဲ့ ကုန်တိုက်ကြီးက ဒီတစ်ခုတည်းရှိတာမှမဟုတ်ဘဲ။ အမေရိကား မှာ ကုန်တိုက်ကြီးများစွာ၊ စားသောက်ဆိုင် များစွာက နာမည်တူ၊ အဆောက်အအုံ ပုံစံတူ၊ အသွေး အရောင် တူ ချိန်းစတိုးအဖြစ် နေရာ အနှံ့မှာရှိနေတာ မဟုတ်လားနော်။ ကိုယ်က ဒီတစ်ခုကို အသေပြုမှတ်ထားလို့မရဘူးဆို တာကိုယ်တွေ့ကြုံမှ တောကျတဲ့အဖြစ်ကို ပြောရယ်ရပါတယ်။

ဒီလိုနဲ့ ကားမောင်းနိုင်လို့ သွားတတ် လာတတ်ဖြစ်လာတော့ ကျွန်မက မြန်မြန်အခြေ တကျဖြစ်ချင်တာနဲ့ တစ်နေ့မှာ သားကြီးကို သူ့ရဲ့အိမ်အနီးအနားမှာ နေစရာအိမ်ခန်း တစ် ခုရှာကြရအောင် အကြုံပြတော့ သားက အကြီး အကျယ် ကန့်ကွက်ပါလေရော။
"အန်ကယ်ဦးကျော်ဇော ရောက်မလာသေးဘဲ မာမီအိမ်ခွဲဖို့ မစဉ်းစားပါနဲ့။ သားတို့နဲ့ အခါအခွင့် သင့်တုန်း အေးအေးဆေးဆေးပဲ နေပါဦး မာမီရာ။ ဒီအခွင့်အရေးမျိုး အမြဲတမ်း ၇နေမှာမဟုတ်ဘူး။ ခုမှ မိသားစုလေး တစုတစည်းနေရတဲ့ဟာ ဘယ်လောက်ချမ်းမြေ့ ကြည်နူးစရာကောင်းလဲ။ ဒီအချိန်လေးကို တန်ဖိုး ထားပြီး ခံစားကြည့်စမ်းပါ"တဲ့။
သူပြောတာ လည်း ဟုတ်ပါရဲ့။ နှလုံးသားရဲ့ခံစားချက်ဆိုတာည်း ခန္ဓာကိုယ်မှာ ခြေတွေ လက်တွေ၊ မျက်လုံးတွေ၊ နားရွက်တွေ စတဲ့ အစိတ်အပိုင်းတွေရှိလို့ လိုအပ်သလိုပဲ စိတ် အတွက်အရေးပါသော ပစ္စည်းတစ်ခုပါပဲ။ ကျွန်မဘ၀မှာ သားငယ်ဇာနည်မပါခဲ့တာက လွဲ ပြီးခုလိုသားသမီးမြေးတွေနဲ့ တစ်စု တစ်စည်း ပြန်နေ ရတာ လောကနိဗ္ဗာန်လို ချမ်းသာမှုကို ရတာအမှန်ပါပဲ။ ကိုယ့်မျက်စိအောက်မှာ မိခင်နဲ့တကွ သား သမီးတွေ ဝေေ၀စည်စည်နဲ့ ညညဆိုရင်ရုပ်မြင်သံကြားစက်ရှေ့မှာ စုထိုင်ကြပြီး မြန်မာပြည်က ယူလာတဲ့ လက်ဖက်တွေ သုပ်စားကြ၊ ကျွန်မသားသမီးတွေက ဟာသကလည်းအပြည့်ရှိကြတာမို့ သူတို့တစ်တွေ စုမိကျ ရင် အနားကလူ ပါးစပ်မပိတ်ရအောင် ရယ်နေရတာမျိုးဆိုတော့ ပိုပြီးပွဲစည်လေတယ် ပေါ့။

ကျွန်မအမေလည်း နားမကြားပေမဲ့ ရုပ်မြင်သံကြားကိုတော့ စိတ်အ၀င်စားသား။ မာမီအ တွက် လည်း မြေး မြေစ်တွေနဲ့ တစ်သိုက်တစ်ဝန်း ဖြစ်နေတာ စိတ်ပိုကြည်ပုံရတာမို့ တစ်မျိုး ကျေနပ်ပီတိဖြစ်ရပါတယ်။ ဒါကြောင့် မလာခင်က တိုင်ပင်စီစဉ်ထားခဲ့တဲ့အတိုင်း ဦးကျော်ဇောလည်း သုံးလလောက်ကြာ ရင် ရောက် လာနိုင်တော့မယ် ဆိုတဲ့အတွေးနဲ့ ဒီ အတွင်းတော့ သားပြောသလို စိတ်အေးချမ်းသာ နေလိုက်မယ်လေလို့ စဉ်းစားပြီး သားစ ကားကိုနားထောင်လိုက်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် အခြေချနိုင်ရေးကို လုပ်မယ် လို့အားခဲထား တယ်ပေါ့။
သမီးကေသီ ကလည်း အစကဘွဲ့လွန်တက်မယ် ရည်ရွယ်ခဲ့ပေမဲ့ လက်ရှိရပ်တည်နိုင်ဖို့ အတွက်ကြိုးစား ရမှာဖြစ်တာကြောင့် အလုပ်တစ်ခုအရင်ရှာဖို့ စိတ်ကူးရတော့တယ်။ သမီး ကဓာတုဗေဒအဓိက နဲ့ အောင်ခဲ့တာ မို့ သမီးကြီးကေခိုင်လို ဆေးရုံတို့၊ သုတေသနဌာန တို့စတဲ့ဓာတ်ခွဲခန်းဆိုင်ရာတွေမှာ အလုပ်ရဖို့အလားအလာ ၇ှိတာကြောင့် လျှောက်ဖို့ တိုက်တွန်းတော့...
"မာမီ ကလည်း နေ့တိုင်းဝတ်ရုံအဖြူကြီးတွေ ၀တ်ပြီးမျက်လုံးညောင်းအောင် သွေးတွေ၊ သလိပ်တွေ၊ ဓာတ်သတ္တု ပစ္စည်းတွေကို တစ်သက်လုံးမှန်ဘီလူးနဲ့ ထိုင်မကြည့်နိုင်ပါဘူး။ ပျင်းတာနဲ့ သေသွားနိုင် တယ်" တဲ့လေ။

"ဒါဖြင့် ဘာဖြစ်လို့ ဓာတုဗေဒ ယူခဲ့သေးလဲ"မေးတော့...
"သမီးက ယူချင်လို့မှမဟုတ်တာ။ အမှတ်က အဲဒီသတ်မှတ်တဲ့အထဲ ၀င်သွားလို့သာယူ ခဲ့ရတာဥစ္စာ"တဲ့။
ဒီတော့ လည်း သူ့ဘ၀အတွက် သူ့သဘောနဲ့ သူဟာသူကြိုက်ရာအလုပ်ရှာပေတော့ပေါ့ လို့ကျွန်မမျက်နှာ လွှဲလိုက်ပါတယ်။ ဟုတ်တယ်လေ။ ဘ၀မှာ ငွေကြေးတစ်ခုတည်းအတွက် ကိုယ်မပျော်ပိုက်တဲ့အလုပ်ကို လုပ်ရတာ ငရဲတမျှဆိုတာကိုယ်ချင်းစာနားလည်းနိုင်ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ တနင်္ဂနွေထုတ် သတင်းစာ မှာ အလုပ်ကြော်ငြာတွေရှာပြီး သူ့စိတ် ကြိုက်ရွေးလျှောက်လိုက်တာ ဖို့ဒ်လော်ဒါဒေးလ်မြို့က ဘဏ်တိုက် တစ်ခုမှာ အလုပ်ရသွား ပါလေရော။
သမီးကေသီ အလုပ်ရတော့ ကျွန်မတို့လည်း အားတက်သွားကြရတာပေါ့။ သားက ဦးကျော်ဇောရောက် မလာမချင်း သူတာဝန်ယူမယ်ပြောထားပေမဲ့ အိမ်ပေးတက်နေကြတာ ကတစ်ယောက် တည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ် မိသားစုက ခုနစ်ယောက်ကြီး တောင်ဖြစ်လို့ စားစရိတ်အပြင် ကုန်ကျတဲ့ေ၇ မီး ဆိုတာတွေက ရှိသေးတယ်လေ။

ကျွန်မ မိတ်ဆွေတစ်ဦးက မြန်မာပြည်က သူ့ရဲ့တူတစ်ယောက်လာနေလို့ ကုန်ကျစရိတ်ထဲမှာ အိမ်သာတက်လို့ ရေဆွဲချတာအတွက် ရေဂါလံဘယ်လောက်ကုန်တယ်ဆိုတာတောင် တစ်ခါကတွက်ပြဖူးတာမှတ်မိပါတယ်။ ဒါမျိုးတွေအပြင် ရောက်ခါစမှာ အထိုက်အလျောက် လိုအပ်တဲ့ အ၀တ်အစားတွေပါ ၀တ်ဆင်ရသေးတာမို့ မတန်မဆပိနေတဲ့ တာဝန်တွေက ပေါ့စေချင်တာလည်း အမှန်ပါ
အမေရိကားမှာ ကျွန်မသဘောအကျဆုံးကတော့ "အလုပ်ဟူသမျှ ဂုဏ်ရှိစွ"လို့ ခံယူထား ချက်ပါပဲ။ သူတစ်ပါး အားကိုးရမှာကို အသေအလဲကြောက်ကြပါတယ်။ သူဌေးသားပဲ ဖြစ်ဖြစ်မိဘက ဘယ်လောက်ပြည့်စုံ ကြွယ်ဝနေနေ သားသမီး က ငါသူဌေးသားပဲဆိုတဲ့စိတ် မာန်မျိုးမ၀င်ကြဘူး။ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်နဲ့ ကိုယ့်ဟာ ကိုယ်ပဲ ရပ်တည်နိုင်အောင် လုပ်ကြပါတယ်။
အသက်ငယ်ငယ်ကျောင်းသားအရွယ်လေးတွေ စပြီး ရပ်ကွက်ထဲမှာ ယောက်ျားလေးတွေ ကမြတ်ရိတ်၊ သတင်းစာ ပို့၊ စူပါမားကတ်တွေမှာ အိပ်တဲ့အလုပ်မျိုးတွေလုပ်၊ မိန်းကလေး တွေကရပ်ကွက်ထဲက မိဘရဲ့မိတ်ဆွေ သင်္ဂဟအိမ်တွေမှာ ညဘက် Babysitလုပ်နဲ့ ငွေရှာ ကြပြီးကိုယ့်စက်ဘီး ကိုယ်ဝယ်၊ အချိန်တန် လို့ ကားမောင်းသက်ပြည့်တဲ့အခါကျ ကားဝယ်၊ လိမ္မာတဲ့သားသမီးဆိုရင် တက္ကသိုလ်စရိတ်တောင် ကိုယ့်ဟာ ကိုယ် ရှာပြီးကျောင်းတက်ကြ တာပါ။ မိဘဆီက လက်ဝါးဖြန့်ရမှာတောင် မလိုလားကြတဲ့စိတ်ဓာတ်ရှိကြပါတယ်။

ကျွန်မသားသမီးတွေ အားလုံးလည်း တက်ညီလက်ညီ ရှိကြလို့ သူတို့လေးတွေရဲ့ အားမာန်ကို ရင်ထဲက ချီးကျူးရင်း ကျေးဇူးတင်ရပါတယ်။ အမေရိကားကို ရောက်တဲ့အချိန် မှာအငယ်ဆုံးသား အိန္ဒာက ၁၂နှစ်ပဲ ရှိသေးတယ်။ အများတကာ အကေးတွေလိုမြို့ရှာအ လိုက်ထုတ်ဝေတဲ့သတင်းစာကို ရပ်ကွက်ထဲ စက်ဘီးတစ်စီးနဲ့ အိမ်ပေါက်စေ့လိုက်ပြီး ကျောင်းအားချိန်မှာ အလုပ်လုပ်၊ ပိုက်ဆံစုပါတယ်။ သမီးအထွေး သူဇာက သားတို့ရဲ့ မိတ်ဆွေမိသားစုထဲက Babysitညဘက်မှာ လိုင်ရင်သွားလုပ်ပြီး သူကလည်းသူ့ဝင်ငွေနဲ့ သူ။
သားလတ်ရွှေစင် ကလည်း တက္ကသိုလ်တက်ရင်း အချိန်ပိုင်းနဲ့ အိမ်အနီးအနားက စတိုးဆိုင် တစ်ခုမှာလုပ်ရင်း သူ့စရိတ် သူရှာပါတယ်။ သမီးယမင်းလည်း ထိုနည်းတူစွာ ကျောင်းတစ် ဖက်၊ အလုပ်တစ်ဖက်နဲ့ ရသမျှဝင်ငွေလေး ထဲက မျှတပြီး မောင်းနှမတွေကို မုန့်ဖိုးပေးရှာ ရဲ့။ သူတို့ရဲ့မရှိမဲ့ရှိမဲ့ ၀င်ငွေလေးထဲက စီးကရက် အလွန်သောက်တတ်တဲ့ အဘွားအတွက် သားရွှေစင်က ဓာတ်မီးခြစ်ဘူးလေး ကအစ ချော့ ကလက်ပြား မျိုးလေးအထိ ဖဲ့ခြွေပြီးဝယ် လာပေးတတ်လို့ ကျွန်မအမေ ကလည်း ကျေနပ်ကြည်နူး လို့။

မိသားစုဆိုတာ မေတ္တာခရီးကိုအတူတူသွားနေခြင်းပါပဲ။ တစ်ဦးကိုတစ်ဦး အမြဲတမ်း အမှီပြု နေကြတဲ့ သဘောရှိတာမို့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်လက်တွဲပြီး ဖေးမခြင်းနဲ့ ရပ်တည်ကြတဲ့ အတွက် ပြဿနာတွေကို ကျော်လွှားနိုင်တာပါ။ လက်တွဲညီရင် ခရီးကြမ်းကို လည်းဖြတ်သန်းနိုင်တာပါပဲ။ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့။ လူးသားဟာ လူသားပဲ မို့အမြဲတမ်းအပြစ်ကင်းစင်တာမျိုးတော့ မဖြစ်နိုင် တာ သေချာပါတယ်။ အမှားအမှန်တွေ ပြုမိပြောမိတာ ရှိပေမဲ့ မေတ္တာအရင်းခံနဲ့ အရာရာကို ရယ်မောနှစ်လိုဖွယ်ရာအဖြစ် ရှုမြင်နိုင် ကြရင်ပျော်စရာကောင်းတဲ့၊ စည်းလုံးတဲ့ မိသားစုဖြစ်တာပါပဲနော်။

ကျွန်မတို့မှာ အခြေမကျသေးတာမို့ အရာရာခြိုးခြံနေရတဲ့အချိန်ဖြစ်တာကြောင့် တစ်ဖက် မှာစိတ်ပင်ပန်းစရာကာလ မှန်ပါရဲ့။ ဒါပေမဲ့ သားသမီးမြေးတွေနဲ့ ထွေးထွေးပိုက်ပိုက် သိုက်သိုက်ဝန်းဝန်း ရှိနေတော့လည်း စိတ်အပန်းပြေစရာလေးတွေရှိနေလို့ ဖြေသာနေသာ ရှိပါတယ်။ မြန်မာပြည်က ထွက်မလာခင် သမီးတွေ က "မာမီရေ...တခြားဘာမှ မပါချင်နေ၊ ဆီးပြားရယ်၊ ရှောက်သီးဆေးပြားရယ်၊ အချဉ်ထုပ်တွေ ရယ်တော့ ပါအောင်ဆက်ဆက် ယူခဲ့ပါနော်"နဲ့ တကူးတက မှာကြတာကြောင့် သေတ္တာထဲ ဆံ့သမျှ ဖိသိပ်ထည့်ယူလာခဲ့ပါ တယ်။ ရောက်ပြီဆိုတော့ သမီးတွေကိုခွဲတမ်းချပေးရင်း အနားမှာရှိ တဲ့ မြေးခန့်ကိုကို လည်း ရှောက်သီးဆေးပြားတစ်ထုပ် ပေးလိုက်တယ်ပေါ့။
"ခန့်ကို စားကြည့်မလား၊ ဒါမြန်မာပြည်က ကင်ဒီ"လို့ ပြောတော့သမီးကေခိုင်က "အံမယ် လေး... အဲဒါသူသိပ်ကြိုက်တာ၊ သမီးကားရေဆေးချင်ရင် သူ့ကို ရှောက်သီးဆေးပြားပေး ပြီးရေပန်း ခိုင်းရတယ်"တဲ့။

ကြည့်ပါဦး။ ဒီကောင်ကလည်း ရှောက်သီးဆေးပြား မျက်နှာနဲ့ လုပ်တာပဲတဲ့လေ။ ခန့်ကို ကမြန်မာ ရုပ်ပေါက် သလို မြန်မာအစာမှန်သမျှလည်း အကုန်ကြိုက်တာပဲ။ တစ်နေ့ကျွန်မ ဆီရောက်လာပြီး "ဘွားဘွား... အန်တီကေသီ စားနေတဲ့ ချောကလက်ထမင်း စားချင် တယ်"ဆိုပြီး လာပူဆာ ပါတယ်။ ချောကလက် ထမင်းဆိုတာ တစ်ခါမှမကြားဖူးလို့ ကျွန်မ လည်းအူလည်လည်နဲ့ ထမင်းစားခန်းဘက် လိုက်သွားကြည့်တော့ သမီးကေသီ က ပုံးရှည် ကြီးနဲ့ ထမင်းနယ်စားနေတာ ဖြစ်နေလေရဲ့။ ဟုတ်လေသား၊ ပုံးရည်ကြီး လူးထားတဲ့ ထမင်း က ချောကလက်ရောင် ထွက်နေတာကိုး။ ဒီတော့မှ သူဆိုလိုတဲ့ ချောကလက်ထမင်း ကိုသဘေပေါက် ရတော့တယ်။

ပုံးရည်ကြီးတင်မကသေးဘူး။ သရက်သီးသနပ်လည်း အသေကြိုက်တာပါ။ သရက်သီးသ နပ်ကိုအသားလွန် မုန့်စား သလို ပုလင်းတစ်ဝက်ကုန်အောင် ဒီအတိုင်းထိုင်စားလိုက်မှာ ကျွန်မမှာ အံ့သြယူရတဲ့ အထိပါပဲ။ မြန်မာပြည်က ဘယ်ကလေးမှ သရက်သီးသနပ်ကို မုန့် လိုစားတာမတွေ့ဖူးပါဘူး။ ကျွန်မမြေး ကတော့ စပယ်ရှယ်လို့ ပြောရမယ်ထင်ပါရဲ့။
ခန့်ညီ ကတော့ သူ့လိုမဟုတ်ဘူး။ ဟင်းထဲမှာ ငရုတ်သီးအရောင်တင်လောက်ကလေးပါရုံ နဲ့တရှူးရှူးတရှဲရှဲ မျက်ရည် လည်း အ၀ိုင်းသားဖြစ်နေပါပြီ။ အစပ်သက်သာအောင် ဟင်းခွက် ထဲ ရေခဲ တုံးတွေ ပြေးဆွဲလာထည့်လိုထည့်၊ ဖြစ်သလိုစားလို့ ရအောင်ရှာကြံပြီး လုပ်စားရှာတယ်။ တစ်ခါတလေ လုံးဝ မစားနိုင်တဲ့ အခါမျိုးကျ ဟင်းမပါဘဲထမင်းအဖြူကို ဆားဖြူးစားလိုစား၊ ခန့်ညီကကြေးမများတတ်ဘူး။ ပူလည်း မပူဆာတတ်ဘူး။ ကျွန်မက သနားလို့..
"ခန့်ညီ မစားနိုင်ဘူးလား"မေးရင် သူကအားနာတဲ့မျက်နှာနဲ့..
"သားက မြန်မာစာတွေ စားနေမကျလို့ မစားနိုင်တာပါ"လို့ တောင်းတောင်းပန်ပန်လေသံ နဲ့ချေချေငံငံ ရှင်းပြတတ်ပါသေးတယ်။ သမီးတို့နာမည်ပေးထားတဲ့အတိုင်း အမြဲတမ်းခပ် ငြိမ်ငြိမ်ပဲလေ။ အားနေရင်လည်း စာတစ်အုပ် နဲ့ ချောင်ကုပ်ပြီး ဖတ်နေတတ်တာပါ။

ကျွန်မ တို့ ရောက်ပြီးလေးငါးရက် ရှိတော့ခန့်ကိုက သာစာစီစာကုံးရေးလာတယ်။ ဘွားဘွားဖတ်ကြည့်ပါဦးလို့ လာပြတာ နဲ့ ဖတ်ကြည့်တော့...
ကျွန်တော် သည်ကနေ့ သိပ်ပျော်ပါသည်။
ကျွန်တော့ဘွားဘွား မြန်မာပြည်ကရောက်လာ၍ ပျော်ပါသည်။ ကျွန်တော်တို့အားလုံး ဘွားဘွားကို မာယာမီလေဆိပ် မှာ သွားကြိုကြပါသည်။ ဘွားဘွားနေတဲ့ မြန်မာပြည်ဆိုတာ ကျွန်တော်တို့အိမ်နဲ့ မိုင်အဝေးကြီးဖြစ် လို့ နာရီတွေအများကြီးကြအောင် လေယာဉ်စီးလာ ရသည်တဲ့။ အိမ်ရောက်တော့ ကမ္ဘာလုံးမြေပုံ မှာ ကျွန်တော်မြန်မာပြည်ကို သွားရှာကြည့်ပါ သည်။ မြန်မာပြည်က ကျွန်တော်တို့နေတဲ့ ဖလော်ရီဒါ ရဲ့ ဟိုဘက်တစ်ခြမ်းမှာ ရောက်နေ တာတွေ့ရပါသည်။
ဘွားဘွားနေတဲ့ မြန်မာပြည်ကို ကျွန်တော်သွားချင်ပါသည်။
ဘွားဘွားယူလာတဲ့ မြန်မာကင်ဒီတွေ စားချင်လို့ဖြစ်ပါသည်။

မြန်မာကင်ဒီက ချဉ်ချဉ်လေးတွေမို့ ဒီက ကင်ဒီချိုချိုကြီးတွေထက် ပိုပြီးအရသာရှိပါသည်။ မြန်မာပြည်က လာသော ဘွားဘွား ကို တွေ့ရလို့ ကျွန်တော်ပျော်သလို မြန်မာကင်ဒီတွေ များများစားရလျှင်လည်း ကျွန်တော် သိပ်ပျော်မည် ဖြစ်ပါသည်...တဲ့။
ရှစ်နှစ်သား ရဲ့ စာစီစာကုံးကို ဖတ်ပြီး ကျွန်မ သဘောကျသွားတာနဲ့။
"ဟေ့...ကေခိုင်၊ ကေသီတို့၊ ယမင်းတို့ ဒီမှာလာပြီး ဖတ်ကြည့်ပါဦး။ တို့မြေးခန့်ကိုရေး ထားတဲ့အက်ဆေးက အကျအနပဲဟေ့"ဆိုပြီး သမီးတွေကို လှမ်းခေါ်ပြတော့..
"ကဲ..တွေ့တယ်မဟုတ်လား၊ သမီးတို့နာမည်ပေးထားတဲ့ ခန့်လိမ်ဆိုတာ။ ရှောက်သီး ဆေးပြားစားချင်တာနဲ့ မဟုတ်ကဟုတ်က စာတစ်ပုဒ်လုပ်လာပြီး သွယ်ဝိုက်သောနည်းနဲ့ အဘွားဆီက လာချူတာလေ"တဲ့။
"ဘယ်လိုသဘောနဲ့ပဲ ရေးရေး သူ့ခံစားချက်ကို ခုလိုရေးပြနိုင်တာကိုတော့ သမီးတို့က ချီးကျူးဖော်မရ ဘဲနဲ့"လို့ ကျွန်မက ရှေ့နေလိုက်တော့...
"မာမီ့မြေးက တော်ပါပေတယ်။

ပတ္တမြားခင်ရဲ့မြေး "ကျောက်ခဲကိုကို"လို့တောင် ကလောင်နာမည်တစ်ခု ထပ်ပေးလိုက်ချင်သေးတယ်"တဲ့ လေ။
သူတို့ညီအစ်မတစ်တွေနဲ့ ကျွန်မစကားနိုင်အောင် မပြောနိုင်ပါဘူး။ သူတို့နာမည်အပေး ကောင်းတာကို လက်တွေ့ပြရလို့ ကျေနပ်နေကြလေရဲ့။ ဟုတ်လည်း ဟုတ်ပေါ။ အငယ် ဆုံးကောင် ခန်ကအောင်အောင် ကလည်း သူလိုချင်တာမရရင် တအီအိလုပ်နေတာမို့ "ခန့်အီအီ"ဆိုတဲ့ နာမည်နဲ့ကလည်း အလိုက်သား။
ကျွန်မရောက်တဲ့ အချိန်မှာ ခန့်အောင်အောင်က တစ်နှစ်သားအရွယ်ပဲ ရှိပါသေးတယ်။ စကား မပြောတတ်သေးပေ မဲ့ သူတို့အမေရိကန် နှုတ်ဆက်နည်းနဲ့တော့ လူတွေ့တိုင်း "ဟိုင်း"တတ်နေပါပြီ။ အခန်းစေ့၊ လူပြည့်ဖြစ်နေတာကြောင့် သူ့မိဘတွေရဲ့အိပ်ခန်းထဲမှာ ကလေးခုတင်လေးနဲ့ သီးခြား အိပ်ရ တာလေ။ အရှေ့တိုင်းသူ အမေတွေလို သားသမီးကို ရင်ခွင်မှာထွေးပြီး မအိပ်မချင်း ချော့သိပ်ကြတဲ့ ဓလေ့လည်းမရှိဘူး။ ည ၈နာရီထိုးလို့ ကလေးအိပ်ချိန်ရောက်ပြီဆိုရင်၊ ရေချိုးပေး၊ ည၀တ်အင်္ကျီလဲပြီး နို့တစ်ပုလင်းနဲ့ သူ့ခုတင် လေးထဲသွားချသိပ်ထားခဲ့တာအပြင် အိပ်ခန်းတံခါးကိုပါ တစ်ခါတည်း ပိတ်ထားလိုက်ပါ လေရော။

ကလေးက မအိပ်ချင်သေးလို့ ခုတင်ပေါ်မှာ ၀က်ဝက်ကွဲ ငိုနေရင်လည်း ငိုချင်သလောက်ငို၊ ငိုတယ် အဆုတ် အတွက်အားအင်ဖြစ်စေတယ်လို့ ခံယူထားပြီးအဖေ အမေကအနေအစား မပျက်ပါဘူး။ အရှေ့တိုင်း သူဖြစ်တဲ့ အဘွား ကျွန်မမှာသာ နေမထိထိုင်မသိကလေးကို ပြေးပွေ့ပြီး ရင်ခွင်မှာထွေး ပိုက်ရင်း ချော့ သိပ်ပေးချင်ပေမဲ့ သူတို့ရဲ့ထားရှိတဲ့ စည်းကမ်း ကိုလည်းကိုယ်က ၀င်စွက်ဖက်သင့်တာမဟုတ်လို့ ရင်ထဲက မချမ်းမြေ့တာကို မသိမမြင်ရ အောင်ကိုယ့်အခန်းတံခါး ကိုယ်ပိတ်ပြီးပုတီးစိပ်ရင်စိပ်၊ တရားမှတ်ရင် မှတ်နဲ့ စိတ်ပြောင်း နိုင်ဖို့ကြိုးစားရတယ်ပေါ့။ အရှေ့နဲ့အနောက်ဆိုတဲ့အတိုင်း သားသမီးကိုထိန်းကျောင်းကြပုံ ချင်း ကလည်း ကွာဟပေ တာကိုးနော်။
သားကြီး ၀င်းကလည်း ပါးပါတယ်။ ကလေးငိုတိုင်း သူ့အမေအခန်းတံခါးပိတ်နေတာကို သတိထား မိတယ် ထင်ပါရဲ့။ တစ်နေ့မှာ ငိုနေတဲ့ သားငယ်ကိုပွေ့ချီပြီး ကျွန်မရင်ခွင်ထဲလာ ထည့်ပေးပါတယ်။ အဲဒီကတည်းက သူ့မိခင် ရဲ့တင်းကျပ်တဲ့ စည်းကမ်းလည်း ပျက်ပါလေ ရော။ ညနေအိပ်ချိန်ရောက်ပြီဆိုတာနဲ့ ခန့်အောင်က ကျွန်မ ရင်ခွင်ထဲ တိုးတော့တာပဲ။ ကျွန်မကထွေးပိုက်သိပ်ပေးတာကို ဇိမ်ကျကျခံပြီး အိပ်ပါတော့တယ်။

"မာမီ ရောက်တာနဲ့ ကိုကို့သားတွေက ပျက်စီးတော့မှာပဲ"လို့ ခန့်အောင်ရဲ့အဖြစ်ကို ကြည့်ပြီး ကေသီက မှတ်ချက် ချတော့...
"အံမယ်လေး..အကြီးနှစ်ကောင်ပါ ပျက်စီးရင် တို့နေစရာရှိမှာဟုတ်ဘူး"ဆိုပြီး သမီးယမင်း က သူတို့သောင်းကျန်း ပုံတွေကို တစ်ထောင့်တစ်ညပုံပြင်တစ်ခုလို တစ်ညမှာပြောပြပါ တယ်။
"သမီး က ကျောင်းသွားဖို့ မနိုးမှာစိုးတာနဲ့ ခန့်ကိုနဲ့ ခန့်ညီကို မနက်ကျ နှိုးပေးပါဆိုတာ မှာထားရတယ်။ သူတို့နှစ်ယောက် က မိုးလင်းတာနဲ့ TVရှေ့မှာ ရောက်နေကြပြီလေ။ ဒီကောင်တွေက နှိုးစက်ထက်တောင် စိတ်ချရသေး တယ် မာမီရဲ့။ တစ်ယောက်ပြီးတစ် ယောက်သမီးအိပ်ရာက မထမချင်း လာနှိုးနေတာပဲ"
"ဒါဖြင့် သမီးတူလေးတွေက အားကိုးရသားပဲဟယ်"
"အင်း...အားကိုးရလွန်းလို့ စိတ်တိုရတဲ့အခါတွေလည်း ရှိသေးတယ် မာမီရဲ့။ သမီးက ကျောင်းကို ၇နာရီ အရောက်သွားရတယ်ဆိုတော့ ၆နာရီလောက်ထပြီး အပြေးသွားမှ အတော်ဖြစ်တာမို့ အစောကြီးထရတာ။ တနင်္ဂနွေတစ်ရက်ပဲ အိပ်ရေး၀၀ အိပ်ရတာမို့ အားခဲအိပ်နေတာ၊ ခန့်ကိုရယ် သမီးကို လာလှုပ်နှိုးပြီး "ဒီနေ့ တနင်္ဂနွေနေမို့ အိပ်ရေးဝ အောင်အိပ်တဲ့"အိပ်ပျော်နေတဲ့သူကို နှိုးပြီးပြောတလေ။ သမီးဖြင့်စိတ်တိုလွန်းလို့ ထကန် ချင်စိတ်ပေါက်လာတာပဲ"တဲ့။

"သမီးကို အိပ်ပါစေဆိုတဲ့ စေတနာနဲ့ လာပြောတာပဲကွာ။ ဒေါသဖြစ်စရာလား"ပြောတော့..
"မာမီ့သမီး ဒီကောင်တွေရဲ့ဒဏ်ကို တကယ်ခံရတာနော်။ တစ်ခါတုန်းက သူ့ဆီကို သမီး တက္ကဆက်ကနေ တစ်ည ဖုန်းဆက်တော့ ဖုန်းထဲမှာ ယမင်းရယ် ရှိုက်ကြီးတငင်ငိုလိုက်တာ။ ဘာဖြစ်တာလဲ ဆိုတာ မေးတော့တော်တော် နဲ့ မဖြေနိုင်ဘူး။ ငိုလို့ဝမှ ပြောပြတော့ သမီး ဖြင့်ရယ်လိုက်ရတာ။ အဲဒါသူငိုတယ် ကို ရယ်ရကောင်းလားနဲ့ ဒေါသဖြစ်နေသေးတယ်သိ လား"တဲ့။ အနားမှာရှိတဲ့ ကေခိုင်က၀င်ပြောတာနဲ့..
"ဟုတ်လား၊ ဘယ်လိုဖြစ်တာလဲ"လို့ကျွန်မက မေးတော့...
"မာမီ့မြေးတွေပေါ့။ ခန့်အောင်က အဲဒီတုန်းက မွေးခါစ လသားလေးပဲ ရှိသေးတယ်။ ကိုကိုတို့က ပါတီသွားတော့ သမီးနဲ့ကျန်ရစ်ခဲ့ကြတာ။ ထုံစံအတိုင်း ခန့်အောင်က ဗိုက် နာလို့လား၊ သူ့ဟာသူဘာအလိုမကျလဲ မသိပါဘူး။ အီလိုက်တာ လုံးဝအောက်ချလို့ မရဘူး။ ချီပြီး ချော့နေရတယ်။ အကြီးနှစ်ကောင်ကို ငြိမ်ငြိမနေကြပါလို့ တောင်းပန်ထားရ တာပေါ့။"

"သူတို့နှစ်ကောင်က ငါးမိနစ် တစ်ခါလောက်သတ်နေကြတာ မာမီရဲ့။ ခန့်ကိုက ပြဿနာ စစပြီးလုပ်တာပဲ။ ခန့်ညီက အစတော့ ငြိမ်ခံသေးတယ်။ မခံနိုင်တဲ့အဆုံးကျမှ ထသက် တာ၊ အဲတော့ ခန့်ကိုပဲ တအီအီငိုပြီး ရန်တွေ့ပြန်ရော။ အငယ်ကောင်က သူ့ကိုအရာမ ၀င်တော့ဘဲသူ့ဟာသူ သွားနေရင်လည်း မပြီးသေးဘူး။ ခန့်ညီက သူနဲ့လာမကစားလို့ ဆိုပြီးအတိုင်အတော်တွေ ထူနေပြန်လို့ နာမအေးရဘူး။"
"ကလေးကို ချော့ရတာက တစ်ဖက်၊ သူတို့ပြဿနာကို ဖြေရှင်းရတာက တစ်ဖက်။ အဲ... အတိုင်းအတော မရှိလို့ ငြိမ်နေပြီး ဘာသံမှမကြားရပြန်ရင်လည်း ကြောက်ရပြန်သေး တယ်။ ခန့်အောင်ရဲ့ အခန်းထဲကနေ ထွက်ကြည့်လိုက်တော့ ဘသားချောနှစ်ယောက် ပြန်တည့်နေကြပြီး ရေခဲသေတ္တာထဲက စားစရာမှန်သမျှ အကုန်ရှေ့မှာချပြီး ပျော်ပွဲစား ကျင်းပနေကြတာလေ။ ရေခဲမုန့်တွေဆို အရည်တွေပျော်ပြီး ကြမ်းပြင်ပေါ်မှာ စီးဆင်းနေ လိုက်တာ ဒီအရှည်ဆုံးဖြစ်တဲ့ မစ္စစ်စီပီမြစ်နဲ့ အပြိုင်ပါပဲ။ ပန်းသီးတွေ၊ ကိတ်မုန့်တွေဆို တာလည်း အတုံးအရုံး။

"ခန့်အောင်ကိုလည်း တစ်ဖက်က ချီးရင်း နှစ်ကောင်စလုံးကို နားရင်းနာနာအုပ်ပြီး သူတို့ အခန်းထဲကို ကိုယ်စီဝင်နေကြလို့ ဟောက်လည်းဟောက်၊ တံခါးပါ ပိတ်ထားခဲ့ရတယ်။ ရေခဲသေတ္တာရှေကက အမှိုက်ပုံကို သွားရှင်း မယ်ကြံခါရှိသေး၊ တယ်ဖီဖုန်းက မြန်လာပြန် ရော မာမီရယ်။ ဒါနဲ့ သမီးလည်း ကပျာကယာ ခန့်အောင်ကို သူ့ခုတင်ပေါ်မှာ ပြေးတင်ထား ခဲ့ပြီးဖုန်းသွားဖြေတော့ ၀ါရျင်တန်က အန်တီရီလေးရဲ့သမီး၊ သမီးတို့ရဲ့ ကာစင်ဘေဘီခေါ်တာဖြစ်နေလို့ စကားပြောနေတာ အိမ်ရှေ့က တံခါး လူခေါ်ခေါင်း လောင်းကမြည်သံကြားတော့ သမီးလည်းလန့်သွားတယ်ပေါ့။ ညကြီးဆယ့်တစ်နာရီမှာ ဘယ်သူများလာသလဲလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဘေဘီကို စကားဖြတ်ခဲ့ပြီး အခန်းဆီးကြားက အသာလေးသွားချောင်းကြည့်ရတယ်"။
"ဘယ်က ဧည့်သည်မှမဟုတ်ဘဲ မာမီ့မြေးစုတ်ခန့်ကို ဖြစ်နေလေရဲ့။ သမီးမသိအောင် နောက်ဖေးပေါက်က လှည့်ထွက်သွားပြီး အိမ်ရှေကခေါင်းလောင်းကို သွားတီးတာလေ။"

"ဒါဘာလုပ်တာလဲ"လို့ သမီးကဒေါသဖြစ်ဖြစ်နဲ့ ဟောက်တော့ ဧည့်သည်လုပ်တမ်းကစား တာတဲ့မာမီရယ်။ အဲဒါကစားစရာအချိန်လား။ သမီးဖြင့်ထိတ်ထိတ်ပျာပျာကိုဖြစ်လို့။ သူ့ကို ခေါင်းနာနာခေါက်၊ အထဲဆွဲသွင်းပြိး တက်မတက်ငိုနေတဲ့ ခန့်အောင်ကိုပြေးချီ၊ ချော့လိုက် ရတာလက်ကို အံသေလို့။ နာရီဝက်လောက်ရှိမှ ကိုယ်တော်ချောလေး အိပ်ပျော်သွားတာ နဲ့ခုတင်ပေါ် ချသိပ်ခဲ့ရတယ်။
"သမီးလည်း မောမောနဲ့ အခန်းထဲကထွက်လိုက်ပါတယ်။ အိမ်သာသုံး စက္ကူလိပ်ကြီးကို မိုင်ပေါင်းများစွာ မဆုံးနိုင်တဲ့ခရီးထိဖြေပြီး မာမီ့မြေးတွေက ဆော့ထားကြတာ အိမ်သာထဲ ကနေဧည့်ခန်း အလယ်ကိုရောက်တဲ့အထိ စက္ကူအထွေးကြီးက ရွှေစကြာဖြန့်ချီနေတာ တွေ့လိုက်ရတော့ ဒေါသဖြစ်ရတာ ဒီဂရီ ကုန်ပါပဲ မာမီရာ။
"ဒီစက္ကူထွေးကြီး ပဲ အရင်ရှင်းရမလား။ ရေခဲသေတ္တာရှေ့ကအမှိုက်ပုံကိုပဲ အရင်ရှင်းရမ လားနဲ့ဘာလုပ် ရမှန်းမသိဖြစ်နေတုန်း တယ်လီဖုန်းမြည်လာလို့ သွားကိုင်တော့ ကေခိုင် ဖြစ်နေတာနဲ့ သမီးလည်း တစ်ခါတည်း အော်ဟစ်ပြီးထိုင်ငိုပစ်လိုက်မိတာပေါ့"

သမိးရဲ့ပုံပြင်ကို နားထောင်ရင်းအဲဒီအချိန်ထိ ဖြစ်ပျက်နေပုံတွေကို မျက်စိထဲ မြင်ယောင် တာနဲ့ ကျွန်မ ကလည်း ကေခိုင့်နည်းတူရယ်ရပါတယ်။ ယောက်ျားလေးတွေဆိုတော့လည်း ငယ်ရွယ်စဉ် ကာလမှ ဆော့ပေမပေါ့။ မိသားစုဆိုတာ ငိုခြင်း၊ ရယ်ခြင်း၊ ချစ်ခြင်း၊ ဒေါသဖြစ် ရခြင်း၊ ခွင့်လွှတ်ခြင်း သည်းခံရခြင်းတွေ ပေါင်းစည်းနေတဲ့ ကမ္ဘာလေးတစ်ခုသို့ သမီးယမင်းကို ပြောပြရပါတယ်။ တစ်ခါ က ဒေါသဖြစ်ရ၊ စိတ်ညစ်ရ၊ ငိုကြွေးခဲ့ရတဲ့အဖြစ် တွေကနှစ်ပေါင်းကြာမှ ပြန်လှည့်ကြည့်ရင်း ရယ်မောဖွယ်ရာ အမှတ်တရ အနေနဲ့ လှပတဲ့ အရိပ်ကလေး ဖြစ်ကျန်ရစ်ခဲ့တာပါပဲနော်။

ကျွန်မတို့ ရောက်တဲ့အချိန်မှာ ကလေးတွေလည်း နည်းနည်းကြီးလာလို့ အရင်ကလောက် ရန်မဖြစ်ကြတော့ပါဘူး။ ဟိုတုန်းကလို တစ်ယောက်တစ်ခန်း နေရတာမဟုတ်တော့ဘဲ ညီ အစ်ကိုနှစ်ယောက် တစ်ခန်းတည်း အတူပေါင်းနေရတဲ့အခါကျ နှစ်ဦးသဘောတူ စတိတ်ရှိုး လုပ်တမ်း ကစားကြလေရဲ့။ သူတို့အိပ် ဖို့ လုပ်ပေးထားတဲ့ နှစ်ထပ်ခုတင်ပေါ်ကနေ အိပ်ရာခင်းတွေ အောက်ထိဖြန့်ချကြပြီး ကန့်လန့်ကာလုပ်၊ စာကြည့်စားပွဲက စတတ်ရှိုး စင်မြင့်ဘ၀ပြောင်းအဲဒီပေါ်မှာ ညီအစ်ကိုနှစ်ယောက် တက်ကြပြီး ကြိုးခုန်တဲ့ကြိုးက လက်ကိုင်ဘုလုံးနှစ်ခုကို တစ်ယောက်တစ်ဖက်စီ ကိုင်ကြတဲ့မိုက်ကရိုဖုန်းစတိုင်လ်နဲ့ သီချင်းတွေကို သံကုန်ဟစ်ရင်းခုန်ပေါက် တော့တာပဲ။ ကျွန်မတို့မိသားစုက ပွဲကြည့်ပရိ သတ်လုပ်ရင်း သြဘာတွေပေးရ လက်ခုပ်တွေ တီးရပေါ့။ တစ်ခါတလေ သူတို့စတိတ်ရှိုးမှာ မြန်မာပြည်က ယူလာတဲ့ ကြေးစည်တွေ၊ ရကွင်းတွေ၊ ဗုံမောင်းတွေတောင် ပါလိုက်သေး လို့အမေရိကန်ရော့ခ်စတားတွေထက် ချီးကျူးဂုဏ်ပြုရပါရဲ့။
သူတို့ ကို ကြည့်ပြီး စိတ်လက်ပေါ့ပါး ရွှင်ပျော်စေရတဲ့ အချိန်အခါအသေးစားလေးတွေက အများကြီးပါပဲ။ အတူပေါင်းစည်းနေခဲ့ ရတဲ့ စိတ်ရဲ့အာဟာရလေးတွေပဲ ဆိုပါတော့။ သားသ မီးမြေးတွေနဲ့ စည်ဝေ လို့ ပျော်ရွှင်ရတဲ့အခါတွေရှိသလို ကိုယ့်မွေးရပ်မြေဌာနကို တမ်းတ ပြီးရင်နာအောင် ခံစားရတဲ့အခါတွေလည်း ရှိတာပါပဲ။

သမီးယမင်းရောက်ခါစက ရေးထားတဲ့စာထဲကလို တိုက်ကြီးတွေ မိုးထောင်နေတာ ဘာ လုပ်ရမှာလဲ ဆိုတဲ့အတိုင်း ဘယ်လောက်ခမ်းနားတာတွေ၊ ကြီးကျယ်တာတွေ မြင်ရတွေ့ရ ပေမဲ့ဒါတွေဟာ ကိုယ် နဲ့ဘာမှ မဆိုင်သလိုပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမဟုတ်တာကို သိနေ တာမို့ ရင်ထဲမှာတစ်ခုခု လိုအပ်နေသလို ဟာတာတာကြီး ခံစားနေရပါတယ်။
လူ့ဘ၀မှာ လိုအပ်ချက်တွေကလည်း အများသားနော်။ သားသမီးမြေးတွေနဲ့ အတူတကွ နေရ လို့ပြီးပြည့်စုံပြီလို့ ပြောမရပါဘူး။ ဦးကြီး ဦးလေး၊ ဒွေးဒေါ် မိကြီးတွေကအစ ၀မ်းကွ ညီ အစ်ကိုမောင်နှမ စတဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းအပြင် ပြောမနာ ဆိုမနာချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်း အပေါင်းအသင်း ဆိုတာမျိုးကလည်း ရှိပါဦးမှဘ၀မှာနေပျော်တာပါ။ ကျွန်မရင် ထဲမှာဟာပြီး လိုအပ်နေတာက အဲဒီအသိုင်းအ၀ိုင်းနဲ့ "မြန်မာ"ဆိုတဲ့ အနံ့အသက်ကလေး ဖြစ်မှာပါပဲ။ ဒါတောင်ကျွန်မအမိမြေက ခွာလာတာရက်ပိုင်း လပိုင်းလေးပဲရှိသေးတာနော်။ နှစ်ပေါင်းများစွာ မြန်မာဆိုတဲ့ အငွေ့အသက်နဲ့ ဝေးကွာသူများရဲ့ခံစားချက် ဘယ်လိုရှိ တယ်ဆိုတာ သိရတဲ့နေ့လေးတစ်နေ့ အကြောင်း လည်း ဖောက်သည်ချရပါဦးမယ်။

ကျွန်မတို့ ရောက်ခါစမို့ ချွေးမဘော်ဘီကအနီးအနားမှာရှိတဲ့ ပင်လယ်ကမ်းခြေတို့၊ မြို့ထဲ ကိုစတဲ့ကြည့်သင့်ကြည့်ထိုက်တဲ့ နေရာလေးတွေကို လိုက်ပို့ပေးပါတယ်။ တစ်နေ့မှာ နက္ခတ်တာရာတွေ ကို လေ့လာတဲ့အကြောင်းအရာစုံ ပြသထားတဲ့ နက္ခတ်တာရာပြတိုက်က ပြန်လာကြတော့ ညဆယ့်တစ်နာရီ ရှိနေပါပြီ။ ရောက်မဆိုက်သားကြီးဝင်းက"မာမီ့ကို တွေ့ဖို့ဧည့်သည်လာလိမ့်မယ်"လို့ ဆီးပြောပါတယ်။

"ဒီအချိန်ကြီးလား၊ ဘယ်သူလဲ"လို့ ကျွန်မက တအံ့တသြနဲ့ မေးတော့...
"မစ္စတာဂျမား တဲ့။ ရန်ကုန်က ဂျမားရုပ်ရှင်ရုံတွေဘာတွေ ပိုင်ခဲ့တဲ့သူလို့ပြောတာပဲ။ အမေ ရိကန်အမျိုးသမီးနဲ့ အိမ်ထောင် ကျပြီး ဒီရောက်နေတာနှစ်နှစ်ဆယ်ကျော်ပြီတဲ့။ မြန်မာ တစ်ယောက်နဲ့မှ မတွေ့ဖူးသေးဘူး။ သားတို့ အိမ်က ရေကူးကန်ဆေးတဲ့သူက သူတို့ ရေကူးကန်လည်းဆေးတယ်တဲ့။ သားကလည်းထွက်လာတာ ၁၆နှစ်ရှိပြီ ဆိုတော့ သူမေး တာတွေမသိတော့ဘူး။ သားအမေရောက်နေတယ။ အမေ့ကိုမေးလို့ ပြောတာနဲ့ အခု မာမီ ကို လာတွေ့မှာ။ မိုးချုပ်လည်း ကိစ္စမရှိဘူး။ ပြန်ရောက်တဲ့အချိန် ဆက်ပါ၊ တွေ့ချင်လို့ ပါပြောထားတာ လာပါစေ မာမီရယ်၊ ရောက်ပြီဆိုတာ သားဆက်လိုက်မယ်"တဲ့။

အဲဒီလိုနဲ့ သန်းခေါင်အချိန်မှာ ဧည့်သည်မစ္စတာဂျမားတို့ ဇနီးမောင်နှံရေက်လာကြလေရဲ့။ သူကကျွန်မ ကို တွေ့တွေ့ချင်း "ခန့်ခန့်ကြီး" အဖြစ် မှတ်မိပြီးဝမ်းသာအားရ နှုတ်ဆက်ပါ တယ်။ "မြန်မာစကား မပြောရတာကြာ လို့ အရသာရှိလိုက်တာဗျာ"တဲ့။. တွေ့တာနဲ့ တစ်ထိုင်တည်း မြန်မာစကားတွေ တစ်ဝကြီး ပြောတော့တာပါပဲ။ မြန်မာစကားတစ်လုံးမှ နားမလည်ရှာတဲ့ သူ့ဇနီးကို ကျွန်မက ကြားထဲက အားနာနေမိတာနဲ့ သူ့ကိုလည်း တစ် လှည့်ပေးပြီး အင်္ဂလိပ်လိုပြောရသေးတယ်ပေါ့။ မစ္စတာဂျမာက ရုပ်ရှင်မင်းသား ကိုမောင်မောင်တာ နဲ့ ငယ်သူငယ်ချင်းတဲ့။ မိတ်ဆွေတွေ သတင်းမေး၊ မြန်မာပြည် သတင်း မေးနဲ့သူမေးသမျှ ကျွန်မထိုင်ဖြေရတာ နံနက်သုံးနာရီထိုးတာတောင် စကားစက ဖြတ်မရ သေးပါဘူး။

သူပြောသလို မြန်မာစကား တစ်ဝကြီးပြောဖော မရှိတာကလည်း လွမ်းစရာဖြစ်မယ် ထင်ပါ ရဲ့နော်။ နောက် တစ်ဦး လွမ်းရပုံကိုလည်း စာနာစိတ်နဲ့ နားထောင်ရင်းပြုံးရလို ငိုရမလိုဖြစ် ရပါတယ်။ တစ်ခါက မိချီဇင် က ပြောင်းလာ တဲ့ ဒေါ်လှကြည်ဆိုတာနဲ့ တွေ့တော့...
"ညီမရယ်၊ မိချီဇင် မှာ နေခဲ့ရတဲ့ တစ်သက်လုံးမြန်မာဆိုတာ တစ်ယောက်မှ မတွေ့ဘူး၊ မြန်မာပြည်ကို လွမ်း လိုက်တာ၊ တစ်နေ့ခြံထဲ မှာ စာကလေးတစ်ကောင်တွေ့တာ တကယ့်ကို မြန်မာပြည်က စာကလေးအတိုင်းပါပဲ။ အဲဒီစာကလေး ကို ကြည့်ပြီးမြန်မာပြည် ကိုလွမ်းလွမ်းနဲ့ မမငိုတော့တာပဲ"တဲ့။

အမိမြေက မခွာဖူးသေးသူတွေအဖို့ ဒီလိုခံစားချက်လေးတွေကို နားလည်နိုင်ဖို့ခက်ခဲမှာ အမှန်ပါပပဲ။ ကျွန်မ အနေနဲ့ ကိုယ်လည်း လွမ်းရသူမို့ ဒေါ်လှကြည်ရဲ့ခံစားချက်ကို မျှဝေခံ စားလို့ရပါတယ်။ စွန့်ခွာရခြင်း မှန်သမျှထဲမှာ အမိမြေကိုစွန့်ခွာရခြင်းက လူတိုင်းရဲ့နှလုံး သားမှာဘာနဲ့မှ အစားထိုးပြီး ဖြေလို့မရနိုင်တဲ့ လစ်ဟာခြင်း ကွက်လပ် တစ်ခုအဖြစ် ဖြစ်မှာ ပါပဲ။
အဲဒီလို အများနည်းတူ လွမ်းရတာတွေကို မျိုသိပ်ရင်း ရပ်တည်နိုင်ရေးကိုလည်း ကြိုးစားရ ပါတယ် သမီးကေသီ က သူ အလုပ်သွားရေးအတွက်ရော မိသားစုပါ သုံးနိုင်ဖို့ ကားဟောင်းလေးတစ်စီး ဝယ်ဖြစ် ပါတယ်။ ရွှေဇင်နဲ့ ကေသီတို့မောင်နှမ ဖြစ်သလို မျှတသုံးကြရင်း ကားအားတဲ့ အခါ ရည်ရွယ်ရင်းဖြစ် တဲ့ မြန်မာပြည်ထွက် လက်ဆောင်ပ စ္စည်းအရောင်းဆိုင်လေး ဖွင့်နိုင်ဖို့လိုက်ပြီး လေ့လာကြည့်တယ်ပေါ့။

ဆိုင်ခန်းနေရာတွေက ဒီမှာ အလွန်ကိုဈေးကြီးလှပါတယ်။ အခွန်အခကလည်းကြီး၊ ရေဖိုးမီးဖိုးကလည်း တစ်လတစ်လ မသက်သာပါဘူး။ ဆိုင်တိုင်း အအေးစက်ကလည်း ဖွင့်ထားရသေးတာနော်။ အဆင့်မီ ပြင်ဆင် ထိန်းသိမ်းစရိတ်ကလည်း မနည်းပါဘူး။ ဒါ့အပြင် အာမခံတွေလည်း ဝယ်ထားရပါတယ်။ သဘာဝ ရေဘေး၊ မီးဘေး၊ လေဘေး ဆိုတာမျိုးမကဘူး။ ဆိုင်ခန်းထဲ ဈေးဝယ်လာသူ မတော်တဆ ချော်လဲတာတို့၊ ထိခိုက်ဒဏ်ရာရတာတို့ ဖြစ်ခဲ့ရင် ဆိုင်ရှင်မှာ တာဝန်ရှိတဲ့ အတွက် လျော်ကြေးပေးရတ ကအစ ဥပဒေရှိတဲ့ တိုင်းပြည်မို့ ဆိုင်တစ်ဆိုင် မတည်နိုင်ဖို့ စရိတ်စက အလွန်မြင့်မားတယ်ဆိုတာ နားလည်ရတော့ ကျွန်မတို့ စိတ်ကူးယဉ်ခဲ့သလောက် မလွယ်မှန်း သိရတာကြောင့် စိတ်ဓာတ်ကျချင်ချင် ဖြစ်လာပါတယ်။

ကိုယ်ပိုင်ဆိုင် မတည်နိုင်ရင်လည်း ရှိထားပြီးသား ဆိုင်ကြီးတွေကို ပစ္စည်းသွင်းခွင့်ရရင် မဆိုးလှဘူး။ အမြတ် နည်းရင်နည်း အလုပ်ဖြစ်ဖို့က အဓိကဆိုပြီး နမူနာပစ္စည်းတွေ ပိုက်ပြီးလိုက်ပြပြန်တော့လည်း သူတို့ဆိုင်ကြီးတွေ မှာ တိုက်ရိုက်ဆက်သွယ် ရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေ ရှိပြီးသားမို့ ကျွန်မက ပစ္စည်းတွေကို စိတ်မဝင်စား ပါဘူး။ အရှေ့တိုင်းပစ္စည်းတွေ အဓိထားပြီးရောင်းတဲ့ Asia World ဆိုတဲ့ ဆိုင်ကြီးကို သွားပြတော့ မြန်မာပစ္စည်း သူ့ဆိုင် မှာ မရှိသေးပါဘူး။ အများအားဖြင့်က ထိုင်း၊ ဂျပန်၊ တရုတ်နဲ့ ဖိလစ်ပိုင်က ပစ္စည်းတွေမို့ သူကနည်းနည်းစိတ်ဝင်စားပါတယ်။
ဒါပေမဲ့ သူလိုချင်တာက နှစ်မျိုးတည်းရယ်၊ တစ်ခုက ယွန်းနဲ့လုပ်ထားတဲ့ တစ်တောင်လောက်ရှိတဲ့ ဇီးကွက် ရုပ်ကြီး။ သူက အလှအပပစ္စည်းအဖြစ် သုံးလို့ရတဲ့အပြင် ဘူးတစ်ခုလို အဖုံးအပိတ်နဲ့ လုပ်ထားတာမို့ အသုံး လည်း ဝင်တာမို့ ကြိုက်ပါတယ်။ နောက်တစ်ခုက ကနုကမာနဲ့လုပ်ထားတဲ့ အဖုံးအပိတ်ပါတဲ့ ဆပ်ပြာခွက်ပါ။ အဲဒီနှစ်မျိုး အတွက် သူက ဈေးပါ တစ်ခါတည်းဖြတ်ပေးလိုက်ပါတယ်။ ဒီဈေး ဒီဈေးနဲ့ ရရင် ယူမယ်ပေါ့။

ကျွန်မလည်း ဝမ်းသာအားရနဲ့ ဆက်သွယ်ထားခဲ့တဲ့ ကျိုင်းတုံစတိုးက ဒေါ်မိမိလေးကို အကြောင်းကြား လိုက်တယ်ပေါ့။ ပစ္စည်း က အနည်းဆုံး တစ်ကရိတ်စာပို့ရမှာပါ။ ပစ္စည်းဈေးအပြင် ပိုးခ၊ ထုတ်ခ၊ ရွေးယူရမယ့် အကောက် အခွန်ခစတဲ့ ကုန်ကျစရိတ်တွေ အသေးစိတ်တွက်ရပါတယ်။ အဲဒီအချိန်က မြန်မာကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ အနေနဲ့ အမေရိကားကို တိုက်ရိုက်လာတဲ့ သင်္ဘောမရှိပါဘူး။ သင်္ဘောနှစ်ဆင့်ပြောင်းရမယ်။ အဲဒီလိုအခက်အခဲ ရှိလို့ အာမခံကြေးတွေ၊ ဘာတွေလည်းဝယ်ရမယ်စတဲ့ စရိတ်တွေ စုတွက်လိုက်တော့ ဝယ်ယူပေး တဲ့ ဈေးထက် ကျော်လွန်နေပါလေရော။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပြန်တာနဲ့ ဝယ်သူ ကို ဈေးညှိနှိုင်းရင်း အကျိုးအကြောင်းကို ရှင်းပြပေမဲ့ သူ့အနေနဲ့လည်း တိုးမပေးနိုင်တဲ့အတွက် လက်လျှော့ လိုက်ရတယ် ဆိုပါတော့။

ရည်မှန်းခဲ့တဲ့အလုပ်ကလည်း မအောင်မြင်။ သုံးလနဲ့ ရောက်လာမယ်ဆိုတဲ့ ဦးကျော်ဇော ကလည်း ရောက်မလာသေး။ သားကြီးအိမ်မှာ ထင်မှတ်တာထက် ပိုပြီး ကြာအောင် သောင်တင်နေ ရတာကအတွက် ချွေးမကို အားနာ၊ အပြောင်းအလဲက ဘယ်သူမပြု၊ မိမိမှုမို့ ကိုယ့်ရဲ့ အဆုံးအဖြတ်မှားလေ ပြီလားဆိုတဲ့ အတွေးနဲ့ တုန်လှုပ်ချောက်ချားတဲ့ စိတ်တွေ ဝင်လာပါတော့တယ်။ အဲဒီလို ပျော့ညံ့စိတ်တွေ ဝင်လာတိုင်းလည်း မာန်အားတင်းခဲရင်း အတင်းနှင်ထုတ်နေရတာလည်း အမောတ ကောပါပဲ။
သားကိုချည်း တာဝန်မပုံချင်လို့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ ဆုံးဖြတ်ချက်တစ်ခုချပြီး ကမ္ဘာတစ်ခြမ်းတောင် ရောက်အောင် လှမ်းလာပြီးတော့မှာတော့ လွယ်လွယ်နဲ့ စိတ်လျှော့ဖို့မသင့်ဘူးဆိုတာ ခံယူမိပါတယ်။ တစ်လမ်းနဲ့ အဆင်မပြေရင် နောက်တစ်လမ်း ကို ပြောင်းသွားကြည့် ရမှာပါပဲ။ ရွေးချယ်ခွင့် အများကြီး ရှိတဲ့နေရာမှာ ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းနေသေးသမျှ ကြိုးစားအားထုတ်ရမှာက ကျွန်မရဲ့ တာဝန်ပါ။

ပညာရှင်John Wesleyက
မိမိရဲ့စွမ်းအားရှိသမျှနဲ့ အကောင်းဆုံးလုပ်ပါ။
အတတ်နိုင်ဆုံးလုပ်ပါ။
နေရာမရွေးလုပ်ပါ။
အချိန်မရွေးလုပ်ပါ။
ထိတွေ့ရသူမှန်သမျှလုပ်ပါတဲ့။
အသက်ရှင်နေသမျှလုပ်ပါတဲ့။
ဒီဆောင်ပုဒ်အတိုင်း စွမ်းအားရှိသမျှ လုပ်ပြီး ဘဝကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချတိုင်း စိတ်အားတင်းရတယ် ဆိုပါတော့။

ဆက်ရန်
.

No comments: