Sunday, February 24, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၇)

အိမ်ပြန်ရောက်တော့ ဦးကျော်ဇောရော၊ သားအိန္ဒာရော နဲ့ သမီးသူဇာပါ မိသားစုအခန်းထဲက ရုပ် မြင်သံကြားက ဇာတ်လမ်း တစ်ခု ကို ကြည့်နေကြတာ တွေ့တာနဲ့ သူတို့အနားမှာ ၀င်ထိုင်ရင်း ကျွန်မလည်း ကြည့်နေမိ ပါတယ်။ တစ်အောင့်လောက်ကြာတော့ တယ်လီဖုန်းမြည်လာပါရော။ ဇာတ်လမ်းထဲမှာ ဇောကပ်နေကြလို့ ဘယ်သူ မှ ထ မကိုင်ကြပါဘူး။ ကျွန်မ က ထိုင်သာနေတာ စိတ်ပါ ၀င်စားစွာကြည့်နေတာ မဟုတ်လို့ မီးဖိုထဲက အနီးဆုံး တယ်လီဖုန်း ကို သွားကိုင်ထူးလိုက် ပါတယ်။
တစ်ဖက် က ရှိုက်ကြီးတငင် ငိုယိုနေတဲ့ သမီးကေသီရဲ့အသံ ဗလုံးဗထွေးနဲ့မို့ ဘာများလဲပေါ့။
"မာမီ အခုပဲ သမီး ရဲ့မောင်လေး ဇာနည်ဆုံးသွားပြီတဲ့" ရုတ်တရက် မီုးကြိုးပစ် ချတာ ခံလိုက်ရတဲ့ အတိုင်း ကျွန်မလိပ်ပြာလွင့်စဉ်သွားသလို ခံစားလိုက်ရ ပြီး တယ်လီဖုန်း ကိုင်ရက် ကြမ်းပြင်ပေါ် ပုံကျ သွားပါလေ ရဲ့။
ကို ဆက်ဖတ်ရန် ...

အပိုင်း (၄၉)

ကျွန်မ ခေါင်းထဲမိုက်ခနဲ အမှောင်ကျသွားရာက ဝေေ၀၀ါးဝါး ဖြစ်နချိန်မျာ ခန္ဓာကိုယ်က ဘယ်လို ဓာတ် သဘာဝတွေ ပြောင်းလဲဖောက်ပြန်သွား လဲ မသိပါဘူး။ ချမ်းလိုက်တာမေးတွေပါ ခိုက်ခိုက်တုန် လာ ပါတယ်။ တစ်စုံတစ်ဦး က ကျွန်မကို ပွေ့ဖက်ထားရင်း လက်ထဲက ဖုန်းကိုဖြုတ်ယူလိုက်တာ သိလိုက်တာနဲ့ အတူ စကားပြောနေသံ သဲ့သဲ့ကိုလည်း ကြားမိပါတယ်။
နားထဲမှာ "မောင်လေး ဇာနည်ဆုံးပြီတဲ့"ဆိုတဲ့ အသံက ပဲ့တင်ထပ်နေဆဲပါပဲ။
"မဟုတ်ပါစေနဲ့၊ မဟုတ်ပါစေနဲက၊ ဘုရားရှင် ကယ်တော်မူပါ။ ဘုရားရင်ကယ်တော်မူပါ"ဆိုတာ ရင်ထဲမှာ အသံတိတ် ထပ်တလဲလဲ ရေရွတ်ဆုတောင်းနေမိပါတယ်။ ကျွန်မသားလေး ပြန် လာရင်း လေယာဉ်ပျက် ကျသွားတာ လား။ ငိုလို့လည်းမရ၊ ရင်ထဲမှာ ဆို့ကျပ်လာတာလည်ချောင်းဝ အထိ ပါပဲ။ လူကလည်း တဆတ်ဆတ်တုန်နေ တာနဲ့ ဦးကျော်ဇောက့ ကျွန်မကို ပွေ့ထူပြီး ဧည့်ခန်းက ဆိုဖာပေါ်မှာ လှဲနေစေ ပါတယ်။ စောင်တွေ အထပ်ထပ် ခြုံထားပေမဲ့ ခိုက်ခိုက်တုန် ချမ်းတာက မပြေ နိုင်ဘူး။ ဟိုးကျောရိုးခြင်ဆီ ထဲကနေ စိမ့်အေးပြီး အဲလို ချမ်းပုံမျိုး မကြုံဖူးပါဘူး။

အံ့သြစရာ ကောင်းလိုက်တာ။ ရင်ထဲမှာ နှလုံးသား က အပူဒီဂရီကုန်နဲ့ မီးတောင်လိုတစ်စစီ ပေါက် ကွဲတာ ခံစားနေ ရပြီး ခန္ဓာကိုယ် သွေးသားတွေက ပြောင်းပြန်ခိုက်ခိုက်တုန် ချမ်းနေတာမို့ စောင် အထပ်ထပ်ခြုံ ထားပေမဲ့ မထိရောက် ပါဘူး။ သမီးသူဇာနဲ့ သားအိန္ဒာတို့ နှစ်ယောက်သား ရှိုက်ကြီး တငင်ငိုနေကြသံကို ကြားနေ ရတယ်။ ကျွန်မ မထူနိုင် မထနိုင်ဘူး။ စောင်ခြုံအောက်မှာ ဓာတ်လိုက် ခံရသလို ဆတ်ဆတ်ခါ တုန်နေဆဲ ပါပဲ။ သိပ်မကြာဘူး။ သမီးကေသီနဲ့ သားရွှေစင်တို့ ရောက်လာကြလေရဲ့။ သားနဲ့သမီး မျက်နှာ မြင်တော့ မှ ကျွန်မရှိုက်ကြီးတငင်နဲ့ ငိုဖြစ်တော့တယ်။ ဒီတော့မှ မျက်ရည်တွေကတာကျိုးသလို ကျလာ တာပါ။ သူတို့လည်း စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ကျွန်မကို တင်းတင်းဖက်ထားရင်း အမေနဲ့ အတူရော ငိုကြတော့ တယ်။

"သားညီလေး ဆုံးသွားပြီတဲ့။ ဟုတ်လို့လား သားရယ်"လို့  မယုံနိုင်လို့ ကျွန်မက မေးတော့ သားက ခွန်းတုံ့မပြန်ဘဲ မျက်ရည်လုံးကြီးတွေ ပါးပေါ် လိမ့်ဆင်းကျလာပါတယ်။ ဒါဆိုဟုတ်လို့ပဲ ပေါ့။ ကျွန်မသားလေး ဘာဖြစ် သွားတာလဲ။ နှုတ်က မေးမထွက်ဘဲ ခေါင်းထဲမှာပဲ မေးခွန်းတွေက ပတ်ချာလည်နေပါတယ်။ တကယ်ပဲ သားလေး ဆုံးပါး သွားတယ်ဆိုတာ ဖြေလိုက်မှာကို ကျွန်မ မကြားရဲဘူး။ သိလည်းသိချင်၊ ကြားလည်းမကြားရဲနဲ့ ကျွန်မနှလုံးသားရော ဦးနှောက် ပါ ဆူဝေနေပါ တော့တယ်။
ဦးကျော်ဇော အကြောင်းကြားလိုက်တယ် ထင်ပါရဲ့။ ကျွန်မတို့မိသားစု ဆရာဝန်ဒေါက်တာနိုင်ဝင်း ရောက် လာပါတယ်။ "ဒေါ်ခင်မကြီး စိတ်ကိုကြိုးစားပြီး ထိန်းထားနော်။ အချမ်းသက်သာသွား အောင် ဒီဆေးပြားလေး ကို သောက်လိုက်ပါ"ပြောရင်း နို့တစ်ခွက်နဲ့အတူ ကျွန်မကိုဆေးတိုက်ပါ တယ်။ ကျွန်မစက်ရုပ် တစ်ခုလို ပေးလာတဲ့ဆေး ကို မြိုချ လိုက်တယ်။ စကားပြောလိုစိတ် လည်း မရှိပါ ဘူး။ ဦးကျော်ဇောနဲ့ အတူ ဒေါက်တာနိုင်ဝင်း တို့ တစ်ဖက်ခန်းမှာ သွားထိုင်ကြရင်း အကျိုးအ ကြောင်းစုံ ပြောနေကြပုံရပါတယ်။

ဒီတော့မှ သေချာပြီ ဆိုတာ လက်ခံရတော့တယ်။ စိတ်ကို မနည်းထိန်းထားပြီးကာမှ "ပြောပါဦး သမီးရယ်၊ မာမီ့သားလေး တကယ်သေသွား တာလား၊ သမီးဘယ်လို သိတာလဲ"နဲ့ သမီး ရဲ့လက် မောင်းကို လှုပ်ခါပြီး မေးကြည့် ရပါတယ်။
သမီးက မျက်ရည်အပြည့် မျက်လုံးနဲ့ ကျွန်မကို မပြောရက်သလို ပြန်ကြည့်နေပါရော။
"ပြောပါ သမီးရယ်၊ လေယာဉ်ပျက်ကျတာလား၊ သင်္ဘောမှောက်တာလား၊ လူသတ်ခံရတာလား"နဲ့ တဖွဖွေမေး မှ.. "မဟုတ်ပါဘူး၊ ဘာဖြစ်တာမှန်း မသိရသေးပါဘူး။ ရုံးချုပ်က ကေခိုင့်ကို ဖုန်းနဲ့ အကြောင်းကြား တာတဲ့။ မာမီ့ ကို သူကမပြောရက်လို့ သမီးကတစ်ဆင့်ပြောခိုင်းတာ။ သူလည်းဟိုဘက် မှာ ဖုန်းပြောရင်း ငိုနေတယ်။ ကိုကိုနဲ့ ယမင်း တို့ကိုလည်း အကြောင်းကြားပြီးပြီ။ သူတို့လည်း မီရာ လေယာဉ်နဲ့ လာကြလိမ့်မယ်"
ကျွန်မ တို့ မိသားစုအတွက် ကမ္ဘာပျက်ခြင်းပါပဲ။

ရင်ထဲမှာ ခံစားရတဲ့နာကျင်မှုက ကြီးမားလွန်းတော့ ဘယ်လိုရင်ဆိုင် ကျော်လွှားရမလဲ မသိနိုင်တော့ပါဘူး။ တစ်ဘ၀ စာ မပြောနဲ့၊ အခု ခဏလေးအတွက်တောင် စဉ်းစားလို့မရနိုင် အောင်ပါပဲ။
လူ့ဘ၀ မှာ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ အလုတ်ပြုတ်တာ၊ အိမ်ထောင်ပျက်တာ၊ နေစရာအိမ် မရှိတာ၊ ထိခိုက်ဒဏ်ရာ ရတာ၊ နာမကျန်းဖြစ်ပြီး အိပ်ရာပေါ် ဗုန်းဗုန်းလဲရတာ စသဖြင့် မမျှော်လင့် ဘဲသတင်းဆိုး အမျိုးစုံ ရှိတဲ့အထဲ မှာ ချစ်ရသူ ကွယ်လွန်ဆုံးပါးရခြင်းပါပဲ။
အခုလည်း ဒီသတင်းကြောင့် ဘယ်လိုရပ်တည်ရမှန်းမသိ၊ ဘယ်သူ့ကိုကိုးစားရမှန်းမသိ၊ ဘယ်သူ့ ဆီမှာ သက်သာရာ ရှာရမှန်း မသိ၊ ဆောက်တည်ရာလည်း ရှာလို့မရနိုင်။ ခင်မကြီးဆိုတဲ့ ပညတ်နဲ့ ရုပ်ခန္ဓာက ကျန်ရစ်ခဲ့ပြီး စိတ်နဲ့ နာမ်က သားနဲ့အတူ ကွယ်လွန်ဆုံးပါးသွားလေသလား မသိ။ အသက်ရှူနေတာကလွဲရင် လူသေ တစ်ယောက် လို မလှုပ်မယှက်ချင်လောက်အောင် လေးလံပျော့ ခွေသွားတော့တာပဲလေ။

သားရွှေစင် က ရုံးချုပ်ကို ဖုန်းဆက်ပြီး အခြေအနေကိုမေးနေသံ ကြားနေရပါတယ်။ ဒါဟာသတင်း မှားတာပါလို့ များ ပြန်ပြောသံ ကြားရမလားလို့ ရင်ထဲမှာမ၀ံ့မရဲနဲ့ မျှော်လင့်နေမိသေးတယ်။ ရုံးချိန် မဟုတ်တဲ့ ညဘက်ကြီးဖြစ်နေတော့ လည်း ဆက်သွယ်ရတာ ခက်ခဲနေပြန်ပါရော။ ပြည်တွင်းမှာ ဖြစ်တာဆိုရင် မီရာလေယာဉ် နဲ့လိုက်သွား လို့ ရနိုင်သေးရဲ့။ အခုဖြစ်တာက ပင်လယ်ထဲက သင်္ဘောပေါ်မှာမို့ အခက်ဖြစ်နေ တာကြောင့် မသေမချာ မချင့်မရဲပါပဲ။

ဒေါက်တာနိုင်ဝင်းလည်း မပြန်သေးဘဲ ကျွန်မကို မကြာမကြာ သွေးပေါင်ချိန် တိုင်းကြည့်နဲ့အနီး ကပ်စောင့်ရှောက်ပေးနေ ပါတယ်။ သူကိုယ်တိုင်လည်း သားဇာနည်ဆုံးတယ်ဆိုတာ မယုံနိုင်ဘူး။ ကျွန်မရဲ့ သားသမီးတွေ ထဲမှာ ကိုဇာနည်က အရပ်အမြင့်ဆုံး၊ ဗလအတောင့်ဆုံး၊ တော်ရုံတန်ရုံ ဖြစ်လို့များတော့ ဇာနည် ဆိုတဲ့နာမည် အတိုင်း ဘာမထီ ဆိုတဲ့အထဲကပါပဲ။ ခုနောက်ဆုံးတစ်ခေါက် ပြန်လာတုန်းကတောင် မတော်တဆ လက်မှာထိသွား လို့ ဒေါက်တာနိုင်ဝင်းရဲ့ ဆေးခန်းမှာ သွားချုပ်လာခဲ့ရသေးတာ။ ချုပ်ရိုးဖြုတ် ရ မဲ့နေ့ ဒေါက်တာနိုင်ဝင်း က ဖုန်းဆက်ခေါ်တော့ သူ့ဟာသူ ချုပ်ရိုးဖြုတ်ထားလိုက်ပြီတဲ့။ အဲလို ပေပေတေတေ ကောင်စား မျိုးလေးပါ။

ကျွန်မနဲ့ ဇန်န၀ါရီလ ၃၁ရက်နေ့က ဖုန်းအကြာကြီးသားနဲ့ ပြောဖြစ်သေးတာပဲ။ အဲဒီတုန်းက ရွှင် လို့မြူးလို့။ ရက်သုံးပတ် အတွင်း ဒီအခြေအနေဖြစ်သွားရအောင် ကျွန်မသားလေးဘယ်လို အန္တ ရာယ်များ ကြုံရရှာပါလိမ့် ဆိုတဲ့ သိချင်စိတ်ကလည်း စောနေမိပြန်ပါရော။ အဖြစ်အပျက်မှန်ကို သိဖို့ စောင့်ရတဲ့မိနစ်တိုင်း၊ စက္ကန့်တိုင်းက ပူလောင်လှ တဲ့ ငရဲတစ်ပိုင်းပါပဲ။
တစ်အိမ်သားလုံး အိပ်နိုင်ဖို့ ဝေးလို့တစ်မှေးတောင်မမှေးဖြစ်ကြဘူး။ တယ်လီဖုန်းမြည်သံကြား တိုင်းခေါင်းထောင်ပြီး နာစွင့်နေ ကြရတယ်။ ဖုန်းကလည်း တစ်ညလုံးမစဲမြည်နေတော့တယ်။ ရှီကာဂိုက သားကြီးက ဆက်လိုက်၊ သမီး ယမင်းနဲ့ ကေခိုင်က ဆက်လိုက်၊ ကျွန်မရဲ့အခြေအနေကို စိတ်ပူပြီး နာရီဝက် တစ်ခါလောက် ဆက်မေးနေကြတာပါ။ ကေခိုင်က ရုံးချုပ်နဲ့ တစ်မြို့တည်းမို့ အထက်အရာရှိ အိမ်အထိ ဆက်ပြီး အခြေအနေ ကို အမြန်ဆုံးသိနိုင်ဖို့ သူလည်းကြိုးစားဆက် သွယ်နေရှာတယ်။ ရုတ်တရက် ဘာမှအတိအကျ မသိရသေးတာ မို့ ကျွန်မတို့အားလုံး ဘ၀င် မကျ နိုင်ကြဘူးပေါ့။

ကျွန်မ အတွေးအာရုံထဲမှာ သားရဲ့ ပုံရိပ်က ရင်သန်လှုပ်ရှားနေဆဲပါပဲ။ အမြဲတမ်းရွှင်လန်းတက်ကြွ ရယ်မောနေတတ် တဲ့ မျက်နှာလေးနဲ့ပါ။ ပြီးခဲ့တဲ့အခေါက် ပြန်လာတုန်းက "သား မာမီ့အတွက် အသက် ၂၁နှစ်ပြည့် ရင် ရဟန်း ခံမယ်။ မာမီလည်း ရဟန်းအမဖြစ်ရရော၊ သားအမိနှစ်ယောက် ကုသိုလ်အတူတူ ယူကြမယ်လေ" တဲ့။
ပီတိဖြစ်ခဲ့ရ တဲ့ ဒီစကားလေးနားထဲက မထွကအောင်စွဲနေမိတာပါ။ ဟော...အခု အသက်ကို တွက် ကြည့်တော့ သားက နှစ်ဆယ်ပြည့်ပြီး လို့ ခြောက်လနဲ့ ဆယ်ရက်စွန်းခါစပဲ ရှိရှာသေးတယ်။ နောက်ထပ်ငါးလနဲ့ ရက်နှစ်ဆယ် ဆိုရင် သားကိုရဟန်းအဖြစ် မြင်ရတော့မှာနော်။ ကျွန်မဆက်မ တွေးနိုင်ဘဲ မျက်ရည်တွေ သာ ဖြိုင်ဖြိုင်ကျ လာ ပါတော့တယ်။

ကျွန်မဘ၀ မှာ သိတတ်တဲ့အရွယ်က စပြီးမိသားစုအတွင်းမှာ သေခြင်းတရားတွေအခါခါ ရင်ဆိုင် ခဲ့ဖူးပါတယ်။ ဘွား သေးဖူး တယ်၊ ဘိုးသေဖူးတယ်၊ အချစ်ဆုံး သူငယ်ချင်း သေးဖူးတယ်၊ ခင်ပွန်း သေဖူးတယ်၊ အမေလို ချစ်ရ၊ အားကိုးရ တဲ့ ယောက်မ သေဖူးတယ်၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ဘွားလေးတွေ၊ သေဖူးတယ်။ ကျွန်မရဲ့ ရင်မှ ဖြစ်ရတဲ့ ခြောက်လသားငယ်လေး (လင်း)သေဖူး တယ်။ တစ်သက်လုံး မကွဲမကွာနေခဲ့တဲ့ မိခင်သေဖူး တယ်။ မိခင်ဆုံးခဲ့စဉ်က အပြင်းထန်ဆုံး ခံစားရ ချက်လို့ ကျွန်မထင်မှတ်ခဲ့မိတာ။ အခုကြုံရတဲ့ အရွယ်ကောင်း သားလေး ဆုံးပါးရ လို့ ခံစားရတဲ့ နာကျင်ဆင်းရဲ ပူလောင်ခြင်းက အဆများ စွာ ပြင်းထန်လွန်းလေ တာ ပြောပြနိုင် စွမ်း မရှိအောင်ပါပဲ။

မိုးကြိုးရှစ်စိတ် ခွဲခံရတာကမှ တဒင်္ဂနဲ့ ပြာဖြစ်သွားနိုင်တာမို့ သက်သာမှုရှိနိုင်ပါသေးရဲ့။ လက်ရှိ ခံစားရတဲ့ အဖြစ်ကတော့ တစ်သက်တာလုံး တမြည့်မြည့်နဲ့ နှလုံးကျွမ်းရင်းတသသ လွမ်းမောတမ်း တနေရ မှာ နောက်ဆုံး ထွက်သက်ထိ ဖြစ်မှာပါပဲ။
မိသာစု တစ်ညတာလုံး စိတ်ပင်ပန်းဆင်းရဲခြင်းနဲ့ ရောက်လာမဲ့သတင်းကို စောင့်နေကြရတာ။ မနက် လေးနာရီလောက် ကျမှ ဖုန်းဝင်လာပါတယ်။ ကိုဇာနည် နေ့လယ်စာစားပြီး ရုတ်တရက် လဲကျသွား တာတဲ့။ လဲကျ လို့ စားပွဲဇောင်းနဲ့ ခိုက်မိပြီး နဖူးကွဲသွားတဲ့ဒဏ်ရာ ရှိတယ်။ သင်္ဘောနဲ့ အနီးဆုံးဆိပ်ကမ်းက ဆရာဝန် ကို လာစစ်ဆေးကြည့်ပေး ဖို့ အကြောင်းကြားထားပြီးပြီ။ ဆရာဝန် ဆီကတိတိကျကျ သိရတဲ့ မှတ်ချက် ရမှ ထပ်ပြီး ဖုန်းဆက်ပါမယ် ဆိုတာ သင်္ဘောသတင်းပို့ပါ တယ်။ ဒီတော့လည်း ဘာမှမတတ်နိုင် ဘဲ နောက်လာမဲ့ သတင်းကိုမျှေရပြန်ပါရော။

ဒါလောက်သန်သန်မာမာ ထွားထွားကျိုင်းကျိုင်းကြီးက ဘာဖြစ်လို့ ရုတ်တရက်လဲကျရတာပါလိမ့်။ နဖူးကွဲတဲ့ ဒဏ်ရာ က သွေးအထွက်လွန်ပြီး ဆုံးသွားတာများလား။ ဒါမှမဟုတ် ဦးနှောက်ကို ထိသွား တာလားစသည် စသည် ကို နားမလည် တဲ့ ဆေးပညာဆိုင်ရာတွေကို စဉ်းစားရင်း ဒေါက်တာနိုင်ဝင်း ကို လည်းဖြစ်နိုင်ခြေ အကြောင်း ကို အားကိုးတကြီးနဲ့ မေးကြည့်ရပါတယ်။
ဒေါက်တာနိုင်ဝင်း က နဖူးထိလို့ သေလောက်အောင် မဖြစ်နိုင်ပါဘူး။ လဲကျရတဲ့အခြား အကြောင်း တစ်ခုခု ရှိလိမ့်မယ် ဆိုတာပဲ ပြောပြပါတယ်။ သူလည်း ဒါလောက်ကျန်းကျန်းမာမာ သန်သန်စွမ်း စွမ်းလူငယ် တစ်ယောက် ဒီလို ဖြစ်ရတယ်ဆိုတာ နားမလည်နိုင်အောင်ပါပဲ။

ကျွန်မတို့အားလုံး အဖြေရှာမရ၊ ဘ၀င်မကျ နဲ့စိတ်ပင်ပန်းဆင်းရဲကြီး စွာ စောင့်စားရတဲ့အချိန်တွေ ကို ဖြတ်သန်း ရပါ တယ်။
နောက်တစ်နေ့ မနက်မှာ သားကြီးခင်မောင်ဝင်းခန့်၊ သမီးကြီးကေခိုင်နဲ့ သမီးလတ်ယမင်းတို့ မိသားစုတွေ တစ်သုတ်ပြီး တစ်သုတ် ရောက် လာကြတာမို့ အိမ်သားတွေအားလုံးလည်း တစ်နေ့ တည်းတစ်ချိန် စီ လေဆိပ်မှာ သွားကြိုနေကြ ရတာနဲ့ အလုပ်တွေရှုပ်ပေါ့။ သားသမီးတွေ ရောက်လာ လို့ပိုအားရှိရမဲ့အစား သူတို့ ရဲ့ ကြေကွဲနေ တဲ့ မျက်နှာလေးတွေ ကြည့်ပြီး ကျွန်မစိတ်ထိခိုက် ၀မ်းနည်းလာတာ တစ်ယောက် လာတိုင်းတစ်ခါငို နဲ့ မျက်ရည်မိုးတွေ ရွာတော့တာပဲ။

တယ်လီဖုန်းသံ က မပြတ် မြည်နေတော့တယ်။ ဦးကျော်ဇောလည်း သတင်းမေးကြတဲ့ မိတ်ဆွေ တွေကိုဖြေကြား ရတာက တစ်မျိုး။ လိုအပ်တဲ့ကိစ္စတွေ စီမံဆောင်ရွက်ရတာတစ်ဖက်နဲ့ ရှုပ်လို့၊ ရုံးချုပ်နဲ့ အဆက်အသွယ် လုပ်ရတဲ့ကိစ္စတွေကိုတော့ သားကြီး(၀င်း)နဲ့ သမီး(ကေခိုင်)တို့ မောင်နှမ က တစ်ယောက်တစ်လှည့်စီ ကြိုးစား ဆက်သွယ်မေးမြန်းနေကြပါတယ်။
ကြန့်ကြာနေရတဲ့အကြောင်းရင်းက သားကိုဇာနည် က မြန်မာနိုင်ငံသား။
သေဆုံးတာက ရေနံ ရှာတဲ့ အမေရိကန်သင်္ဘောပေါ်မှာ
လက်ရှိတည်နေရာက ကရေးဘီးယန်းပင်လယ်ထဲမှာ။

ဒီတော့ ရေနံကုမ္ပဏီက သက်ဆိုင်ရာ ဆိပ်ကမ်းတာဝန်ကျ အစောင့်အရှောက်အဖွဲ့ကို အကြောင်း ကြားရပါ တယ်။ အဲဒီအဖွဲ့က သင်္ဘောပေါ်မှာ လာပြီစစ်ဆေးမယ်။ ရိုးရိုးတန်းတန်း ရောဂါနဲ့ သေ ဆုံးတာဆိုရင် ပြဿနာ မရှိဘူး။ နီးရာဆိပ်ကမ်းမြို့ကို ရုပ်ကလ်ာပ် သယ်သွားမယ်။ အဲဒီကတစ်ဆင့် မာယာမီလေဆိပ်ကို ပို့ပေးမယ်ပေါ့။
တစ်စုံတစ်ခု မှုခင်းကြောင့် ဖြစ်တဲ့ ကိစ္စဆိုရင်တော့ FBI စုံထောက်အဖွဲ့ကို အကြောင်းကြားရမယ်။ စစ်ဆေးရေးတွေ လုပ် မယ်။ ရုပ်ကလာပ်ပြန်ရို့ ကြာမယ်။ သင်္ဘေက ရေဒီယိုနဲ့ ပို့တဲ့သတင်းက ရုံးချုပ်က တစ်ဆင့်ပြီး တစ်ဆင့် ရောက်လာပါတယ်။ ကိုဇာနည်က မြန်မာနိုင်ငံသား ဖြစ်နေတဲ့အ တွက်လိုအပ်တဲ့ စာရွက် စာတမ်းတွေ ဖြည့်ဖို့ ရုံးချုပ်က အရာရှိတစ်ဦး လိုက်သွားပြီး ဆောင်ရွက်နေ ဆဲတဲ့။
သေပြီး မှ ကျရတဲ့ ငရဲ က ဘယ်လောက်ဆင်းရဲမယ် ဆိုတာကျွန်မမသိဘူး။

ရှင်လျက်ရောက်ရတဲ့ ငရဲရဲ့ ပူလောင်ခြင်းဒဏ်ကတော့ ပြင်းထန်စွာရှိလှပါရဲ့။ သတင်းစကြားတဲ့ အချိန်ကစပြီး ဒေါက်တာ နိုင်ဝင်း က စိတ်ငြိမ်းဆေးတွေ တိုက်ထားပေမဲ့ တစ်မှေးမှ အိပ်ချင်စိတ်လည်း မရှိ၊ စားလည်း မစား ချင်၊ ရင်ထဲက အပူဒဏ် နဲ့ ပေါင်းလိုက်တော့ လူက အရုပ်ကြိုးပြတ်လို အိပ်ရာပေါ်မှာ ပုံလျက် သား ပါပဲ။ အကျိုးအကြောင်း လည်း ၂၄နာရီကြာတဲ့ထိ ရေရေရာရာမသိ၊ မျက်စိနဲ့လည်း တပ်အပ်မမြင်ရ၊ စိတ်ကိုသာ မထိန်းနိုင်ရင် အရူးတစ်ပိုင်း ဖြစ်လောက်ပါတယ်။
ဒီလိုနဲ့ စောင့်ရင်း တစ်ရက် ကုန်သွားပြန်ပါရော။ မိသားစုတစ်စုလုံး စိတ်ရော ကိုယ်ပါ နွမ်းနေကြ ပါ ပြီ။ နောက်တစ်နေ့မနက် အစောကြီးမှာ သားကိုအလုပ်သွင်းပေးခဲ့တဲ့ အရာရှိ ကိုသက်ထွန်း သင်္ဘောပေါ် ကနေ ရေဒီယိုဖုန်း နဲ့ ဆက်သွယ်လာပါတယ်။ သူတို့လည်း ဒီသတင်းကြားတော့ လုံးဝ မယုံနိုင်ကြဘူးတဲ့။ ဇာနည် ဒီလို မဖြစ်ခင် နှစ်နာရီလောက်က သူတို့ ကုမ္ပဏီပိုင် တခြားသင်္ဘော တစ်စီးနဲ့ ပင်လယ်ထဲမှာ ဆုံမိ ကြတော့ ဇာနည် က ပျော်လို့ ရွှင်လို့၊ တစ်ဦးနဲ့တစ်ဦး ပြောင်ကြ နောက်ကြ စကြသေးတာမို့ သူ့ကိုတွေဲ့ခဲ့တဲ့ သင်္ဘောသားတွေ အားလုံးက ယူကျုံးမရဖြစ်နေကြ တယ်လို့ ပြောပြပါတယ်။

ကိုဇာနည် အတွက် နောက်ဆုံးအချိန်မှာ ကံကောင်းချက်တစ်ခုကတော့ သူ့ကိုအလွန်ချစ်တဲ့အရာရှိ က တာဝန် နဲ့ရောက်နေတာ မို့ ဖြစ်တဲ့ အခိုက် အနီးကပ်ဂရုစိုက်စောင့်ရှောက်မှု အားလုံးရသွားတယ် ဆိုတာ သိရလို့ နည်းနည်းတော့ ဖြေသာသေး ရဲ့ပေါ့။ ကိုသက်ထွန်းနဲ့ပြောပြီး မရှေးမနှောင်းမှာပဲ ရုံးချုပ်က သတင်းဝင် လာပါတယ်။ ဆရာဝန် ရဲ့ ဆေးစစ်ချက်ရပြီ။
"ဦးနှောက်သွေးကြောပေါက်တဲ့ ရောဂါ" တဲ့။ ကျွန်မ ချုံးပွဲချငိုမိပါတယ်။

အနားမှာရှိတဲ့ ဒေါက်တာနိုင်ဝင်း က "စိတ်ကိုဖြေနိုင်အောင် ကြိုးစားပါ ဒေါ်ခင်မကြီးရယ်။ ဒီရောဂါ ဖြစ်လာရင် အသက်ရှုည် ဖို့ မလွယ်ပါဘူး။ ဒါက ကြိုပြီးသိရတာ နည်းတယ်။ ကြိုသိရင် ခွဲစိတ်ကုသ လို့ရသေးတယ်။ တစ်ခါတလေ ခေါင်းကိုက်တာ မျိုး ဖြစ်တတ်တယ်။ ဒီကောင်ကြီး က ပေပေတေ တေနဲ့တော်ရုံဖြစ်လည်း မှုမှာ မဟုတ်ဘူး။ ဒါကမွေးရာပါ ဦးနှောက်ထဲ မှာ သွေးကြောကပါးပြီး ပူစီဖောင်းလို တဖြည်းဖြည်းဖောင်း တက်လာတာ နောက်ဆုံးဗြုန်းခနဲ ပေါက်သွားတဲ့ အချိန်မှာ သတိလစ်ပြီး လဲကျသွားတာ ဖြစ်မယ်။ ပေါက်တာနဲ့ သတိလစ် သွားတာ ဆိုတော့ သူ့ဟာသူ တောင်ဘာဖြစ်လို့ဖြစ်မှန်း သိမှာ မဟုတ်ဘူး။ ဝေဒနာ မခံစားလိုက် ရတာကိုပဲ ကျေနပ်ပါ လို့ ကျွန်မကို စိတ်ဖြေနိုင်အောင် အကျိုးအကြောင်းရှင်းပြပါတယ်။"

ဝေဒနာခံစားရသည်ပဲဖြစ်စေ၊ မခံစားရသည်ပဲစ်ြစေ သားတစ်ယောက်လုံး ဆုံးပါးလိုက်ရတာမို့ ဖြေပါဆိုပေမဲ့ ခုချက်ချင်းတော့ ဖြေလို့ မပြေနိုင်ပါဘူး။ သားအကြောင်းတွေးမိတိုင်း ရင်ထဲက နှလုံးသားက တစ်စစီ ကြွေကျနေ သလို နာကျင်ခံခက်လှပါတယ်။
သားကြီး ခင်မောင်ဝင်းခန့်က ကျွန်မအိပ်ရာဘေး လာထိုင်ပြီး ကျွန်မလက်ကို သူ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင် ထားရင်း "အခုအကျိုးအကြောင်း သိရပြီးပြီ။ စိတ်ကို တင်းပါ မာမီရယ်။ ဒါပေမဲ့ ဖြစ်လာ တော့ ရင်ဆိုင်ကြရမှာပဲ။ ခုလုပ်ရမဲ့ အသုဘ ကိစ္စအတွက် အားလုံးမာမီ့ရဲ့ စိတ်တိုင်းကျဖြစ်ဖို့ သားတို့မောင်နှမတစ်တွေ တာဝန်ယူပြီး စီစဉ်ပေး မယ်။ ကုမ္ပဏီ ကလည်း သိပ်ပြီး စိတ်မကောင်း ဖြစ်နေကြတယ်။ မာမီ့ဆန္ဒအတိုင်း ဖြစ်ရအောင် သူတို့ ကလည်း ကူညီပါ့မယ်လို့ အကြောင်းကြား တယ်"။

ဦးကျော်ဇောရော၊ သားသမီးတွေအားလုံးပါ ကျွန်မအနား ၀ိုင်းနေကြတယ်။ သူတို့ကိုယ်တိုင် ပရိဒေ ၀မီး ခံစားနေရရုံ မကဘူး။ ကျွန်မအတွက်ပါ စိုးရိမ်သောကရောက်နေကြပုံ ရပါတယ်။
"အင်းလေ၊ ကျွန်မ အားတင်းရပေမှာပေါ့။ သေခြင်းတရား ဆိုတာ ကြီးငယ်ရွယ်လတ် ဘယ်သူမှ လွတ်နိုင်စရာ ရှိတာမှ မဟုတ်ဘဲ။ လက်မခံချင်ပေမဲ့ အဖြစ်မှန်ကို လက်ခံရတော့မယ်။ လောကဓံဆို တာထွက်ပြေး လို့ရတာမဟုတ်ဘူး။ ရင်ဆိုင်နိုင်မှ၊ လက်ခံနိုင်မှ"
ဦးနှောက်နဲ့ တွေးပြီး ကြိုးစားအားတင်းချိန်မှာ နှလုံးသားက မနာခံနိုင်ဘဲ မျက်ရည်တွေ သွန်ချ၊ ဆန္ဒပြနေဆဲပါ။ ဦးနှောက် နဲ့ နှလုံးသားတိုက်ပွဲဝင်ရတယ် ဆိုပါတော့။ နေ့ခင်းဘက်မှာ ကုမ္ပဏီက ဖုန်းထပ်ဝင်လာပြန်ပါရော။ သားရဲ့ရုပ်ကလာပ် ကို အနီးဆုံး ဆိပ်ကမ်းကနေပြီး မာယာမီလေဆိပ် အရောက်ကုမ္ပဏီက တာဝန်ယူ ပို့ပေးမယ်ဆိုတဲ့ အကြောင်းကြားခြင်းပါ။ ရောက်ရှိမယ့် အချိန်၊ လေကြောင်းကုမ္ပဏီနဲ့ လေယာဉ်အမှတ် ကိုလည်း ပေး ပါတယ်။

မာယာမီ ကို ရောက်ရင်လည်း ဥပဒေအရ အမေရိကားက ဆရာဝန်နဲ့ ဆေးစစ်ချက်ထပ်ပြီးယူ အတည်ပြုရဦး မှာတဲ့။ အဲဒီကိစ္စတွေပြီးမှ အသုဘဂေဟာကို ပို့ရမှာပါ။ အစီအစဉ်အတွက် ကျွန်မရဲ့ ဆန္ဒကိုမေးကြတာနဲ့ ပထမဦးဆုံး ကျွန်မတို့ကိုးကွယ်ဆည်းကပ်တဲ့ ဆန်ဖရန်စစ္စကိုက ဆရာတော် ဦးသီလနန္ဒကို ပင့်ပေး ဖို့ ပြောရပါတယ်။ အသုဘအစီအစဉ်ကိုတော့ မာမီ့တုန်းကလုပ်ခဲ့တဲ့အတိုင်း သန္တာစမ်းက အသုဘဂေဟာမှာ ရုပ်ကလာပ် ကို ထားမယ်။ ဖေဖော်ဝါရီ ၂၅ရက်နေ့ မှာ အသုဘရှု ပြီးဆရာတော် ဦးလီလနန္ဒက တရားဟောမယ်၊ သရဏဂုံ တင်ပေးမယ်၊ မီးသင်္ဂြိုဟ်ပြီး ပြာကို နောက် တစ်နေ့မှာ အတ္တလန္တိတ်သမုဒ္ဒရာမှာ ရေမျှောမယ်ဆိုတော့ သမီးယမင်း က အဲဒီအစီအစဉ်အတိုင်း ကောင်းတယ်မာမီ။ သူ့ပြာကို ရေထဲမျှောလိုက်တာ သူမှာဝဋ်ရှိခဲ့ရင် လည်း ဒီဘ၀နဲ့ ကျေတာပေါ့ တဲ့။
"ယမင်းကလည်းဟယ်၊ ဘာလို့ ၀ဋ်ရှိရမှာလဲ" နဲ့ အနားမှာရှိတဲ့ ကေသီက နားမလည်တဲ့ ပုံစံနဲ့ ၀င်မေးတော့...
ဟုတ်တယ် ကေသီ ရဲ့၊ ကာလီဖိုးနီးယား တို့ဆီ လာလာတုန်းက ပြောသွားတယ်။ အမေရိကား လာခါ နီးကြီးကြီးအုံး တို့ ဖေဖေတို့ ကိုးကွယ်တဲ့ ဖျာပုံဆရာတော်ကြီး က သွားကန်တော့ တော့ သူ့ကို "ရေနဲ့ အန္တရာယ် ရှိတယ် သတိထား"လို့ အမိန့်ရှိလိုက်တာတဲ့။

ဒါနဲ့တို့က "ဘာဖြစ်လို့ ရေနဲကပတ်သက်တဲ့ သဘောင်္ အလုပ် လုပ်ရတာလဲ"နဲ့ ဆူရသေးတယ်။ ဒီအလုပ်မှာ သူပျော် လို့ လုပ်တာတဲ့။ ဆရာတော်ကြီး အမိန့် ရှိထားတာ မာမီ့ကို သွားပြောမနေနဲ့ ဦး။ မာမီသိရင် စိတ်ပူပြီး အတင်းအလုပ် က ထွက်ခိုင်းနေလိမ့်မယ်ဆိုပြီး တို့ကိုပိတ်ထားခိုင်းခဲ့ သေးတာ။
"ဟင်...ဒါဆို မှန်နေတာပေါ့နော်။ ရေနစ်တာ မဟုတ်ပေမဲ့ ရေတွေပတ်လည်ဝိုင်းနေတဲ့ ပင်လယ်ထဲ မှာဖြစ်တာ။ ရေ နဲ့တော့ ပတ်သက်နေသေးတာပဲ" ကေသီက စိတ်မကောင်းစွာနဲ့ ထောက်ခံနေ လေရဲ့။
"သြော်... အမေစိတ်ပူမှာ မဖြစ်စေချင်တဲ့သား၊ အခု အမေရင်ကျိုးနေတာကို မြင်နိုင်စွမ်းရင် ဘယ်လို နေလေမယ် မသိ။ မျက်ရည်တွေ ဝေ့၀ဲကျလာတာနဲ့ အတွေးစကို ဇွတ်ဖြတ်ရပါတယ်။"
ညနေဘက်မှာ ရုပ်ကလာပ်ရောက်လာမယ် ဆိုတော့ ကျွန်မသားလေးကို ပြေးကြိုပြီး ကြည့်ချင်လိုက် တာ။ ခါတိုင်း အိမ်ပြန်လာတိုင်း လေဆိပ်မှာ ကျွန်မပြေးကြိုနေကျလေ။ လေယာဉ်ပေါ်လာ ဆင်းလာ ရင် ဟိုးအဝေးကြီး ထဲက အမေကိုမြင်တာနဲ့ လှမ်းပြီးလက်တပြပြနဲ့ အနားရောက်လာမှ ကလေး တစ်ယောက်လို သိုင်းဖက် တတ်သေးတာပါ။ အခုလည်း ကျွန်မလိုက်ကြိုမယ်ပြောတော့ မလိုက်ပါ နဲ့လို့ ဇွတ်တားတာနဲ့ ကျန်ရစ်ခဲ့ပေမဲ့ စိတ်က သားဆီရောက်နေလေရဲ့။

မာယာမီ ကို သွားတဲ့အုပ်စု မိုးကြီးချုပ်မှ ပြန်ရောက်လာပါတယ်။ ကိစ္စတွေပြီးပြတ်တဲ့ထိ စီစဉ်ဆောင် ရွက်နေရလို့ တဲ့။ အမေရိကားပြည်အ၀င်ဝမှာ သက်ဆိုင်ရာ ဆရာဝန်ရဲ့မှတ်ချက်ကိုလည်း ထပ်ပြီး ယူဖို့ လိုအပ်ပါတယ်။ အမေရိကား ဆရာဝန်ရဲ့ ဆေးစစ်ချက်ကလည်း "ဦးနှောက်သွေးကြော ပေါက်ခြင်း"ဆိုတာ ထပ်တူ အတည်ပြုလိုက်တာ မို့ သားကွယ်လွန်ရခြင်းရဲ့ အကြောင်းကို အသေ အချာသိရတော့တာပေါ့။
ဒီဘ၀မှာ သီလနည်း လို့ သက်တမ်းစေ့ မနေရတဲ့ သားလေးအတွက် ရင်နာရတာကလွဲပြီး ကျွန်မ တို့ ရှင်သေမင်း ကို အန်မတုနိုင်ခဲ့ကြဘူးလေ။
သားရဲ့ ဈာပနအတွက် စီစဉ်ရတော့မယ် ဆိုတော့ မြန်မာပြည်မှာရှိတဲ့ ဖခင်ဦးမြလှိုင်ဆီလည်း လှမ်း အကြောင်းကြား ဖို့ တိုင်ပင်ရပါတယ်။ ဦးမြလှိုင်မှာ သွေးတိုးနဲ့ နှလုံးရောဂါရှိတာကြောင့် တိုက်ရိုက် အသိ မပေးရဲ ပါဘူး။ ရုတ်တရက် ဒီသတင်းကြားလိုက်ရင် စိတ်ထိခိုက်ပြီး တစ်စုံတစ်ရာဖြစ်သွားမှာ လည်းစိတ်ရိမ် ရပါသေးတယ်။ ဒါကြောင့်ဦးမြလှိုင် ရဲ့ အစ်ကိုအကြီးဆုံး ဦးဘသန်းနဲ့ အစ်မအကြီးဆုံး မမတင်တို့အိမ်ကိုပဲ လှမ်း အကြောင်းကြားပြီး ဦးမြလှိုင် ကို အဆင်ပြေအောင် ကြည့်ပြီး အသိပေးဖို့ ပြောရတယ်ပေါ့။

ကိုကိုကြီး ဦးဘသန်းတို့ကလည်း ကျွန်မတို့နည်းတူ ဦးမြလှိုင်ရဲ့ ကျန်မာရေးအတွက် စိုးရိမ်တာကြောင့် တစ်စုံ တစ်ခု ဖြစ်ခဲ့ရင် အဆင်သင့်စောင့်ရှောက်မှု ပေးနိုင် ဖို့ တူတော်သူ သမား တော်ကြီး ဒေါက်တာလှရွှေကို အပါခေါ်ပြီး ပြောပြ ရတယ်တဲ့။ ဦးမြလှိုင် ကတည်း ကျွန်မထက်မက စိတိထိခိုက်ရှာမှာ မလွဲပါဘူး။ကျွန်မကမှ ကျန်တဲ့ သားသမီးတွေ အနားမှာပတ်လည်ဝိုင်းနေသေး တယ်။ သူ့မှာအဲဒီအချိန်မှာ ဇနီးဒေါ်ခင်မြင့်(ခိုင်)နဲ့ သားစိုးမြလှိုင်နှစ်ယောက် ပဲ အနားမှာရှိတာပါ။ သားရဲ့ရုပ်ကလာပ်ကလေးတောင် မြင်တွေ့ခွင့် မရတာ မို့ ဖြေနိုင် ဖွယ် မရှိတာသေချာ လှပါတယ်။

ဦးမြလှိုင် ကို အသိပေးအကြောင်းကြားပြီးတဲ့နောက် သူ့ရဲ့ချစ်သူ KIM ကိုလည်း အသိပေးရဦးမဲ့ တာဝန် ကျွန်မ တို့မှာ ရှိတာကြောင့် ဘယ်လိုပြောရမလဲ ဆိုတာ မောင်နှမတစ်တွေ စုပြီးတိုင်ပင်ကြ လေရဲ့။ သူတို့ တိုက်ရိုက်ပြောမဲ့ အစား သူ့မိဘနှစ်ပါးကတစ်ဆင့် ပြောပြရင်စိတ်ထိခိုက်ပြီး အလူးအလဲဖြစ်သွားခဲ့သော် ထိန်းသိမ်နှစ်သိမ့်ဖျောင်းဖျပေးနိုင် မှာ မို့ သူ့ဖခင်ကိုပဲ ဖုန်းဆက်ပြီး သားကြီးက သတင်းပါးလိုက်ရပါတယ်။ ကျွန်မ တို့ ထင်ထားတဲ့အတိုင်း ကလေးမလေး လည်း ချစ်ဦးသူ ဆုံးရတာ မို့ ဆောက်တည်ရမရ ဖြစ်တော့ တာပဲ။
ဘ၀မှာ လူတိုင်းအတွက် လောကဓံတရာူးရဲ့ ရိုက်ချက်ဒဏ်တွေ ပြင်းထန်အောင် ခံစားကြရတာ ဓမ္မတာ ပါပဲ။ သေခြင်း တရားက ပြေးမလွတ်သလို လောကဓံရှစ်ပါး ရဲ့ဒဏ်ကပြေးလွတ်နိုင်သူရယ် လို့တစ်ယောက်မှ မရှိပါ ဘူးလေ။ တစ်ဦးနဲ့တစ်ဦး အချိန်အခါနဲ့ အတိုင်းအတာသာ ကွားခြားကြ တာပါ။ တစ်သက်တာလုံး ဒုက္ခဆင်းရဲခြင်း ကင်းသူက ရှားမှရှားပါပဲ။ အခုလည်း KIM ခမျာ ငယ်ငယ် ရွယ်ရွယ်နဲ့ ချစ်သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲရဲ့ဒဏ် ကို အလူးအလဲ ခံစားနေရရှာပြီပေါ့။

ကိုဇာနည် ကို ၀မ်းက မလွယ်ခဲ့ရပေမဲ့ သားငယ်တစ်ယောက်လို ချစ်ခဲ့တဲ့ ဒေါ်အေးမြင့်လည်း ယမင်း တို့မိသားစု နဲ့အတူ ရောက်ရှိလာခဲ့တာ မို့ သားဇာနည်အတွက် သူလည်း ကျွန်မကဲ့ သို့ ရင်ကွဲနာ ကျလျက်ပါပဲ။ ချစ်သောသူများ နဲ့ ရှင်ကွဲကွဲရခြင်းသော်လည်းကောင်း၊ သေကွဲကွဲရခြင်းသော် လည်းကောင်း ကြုံဖူးသူတိုင်း ခံစားရ တဲ့ ပြင်းထန်သော ဆင်းရဲခြင်းဝေဒနာကတော့ ထပ်တူထပ်မျှ ဖြစ်ကြမှာ မလွဲပါဘူး။
ဒီလိုနဲ့ ကျွန်မ တို့အိမ်မှာ ရပ်ဝေးရပ်နီး ဧည့်သည်တွေနဲ့ ပြည့်ကျပ်နေလေရဲ့။ ကျွန်မကတော့ ဘယ်သူမှ ဧည့်ခံ စကားပြောနိုင်စွမ်း မရှိတာကြောင့် အိပ်ရာပေါ် မှာ လဲရက်ပါပဲ။ ဦးကျော်ဇော နဲ့ သားသမီးတွေပဲ စီမံ လှုပ်ရှားနေကြ ပါတယ်။

ဆရာတော် ဦးသီလနန္ဒကိုလျှောက်ထားလိုက်တော့ အသုဘ အမီ မီရာလေယာဉ်နဲ့ ကြွလာမယ်လို့ အမိန့်ရှိပါ တယ်။ ယမင်းရဲ့သမီး ကပ်ပွန်းတပ်ပွဲမှာ ဆရာတော်နဲ့ ပထမဦးဆုံး ဆုံခဲ့ရပြီးနောက် မာယာမီမြို့မှာရှိတဲ့ အမေရိကန် ရိပ်သာတစ်ခုက ဆယ်ရက်စခန်း တရားပြဖို့ဆရာတော်ကို နှစ်စဉ် ပင့်ဖိတ်ပါတယ်။ အဲဒီ အစီအစဉ် ပြီးတာနဲ့ ကျွန်မအိမ်မှာ တစ်ပတ်ဆယ်ရက် ပင့်ဖြစ်ပါတယ်။ ရှိတဲ့ မြန်မာမိသားစုတွေနဲ့အတူ ဗုဒ္ဓဘာသာ ကို စိတ်ဝင်စားတဲ့ အမေရိကန်တွေပါ ဆရာတော်နဲ့လာပြီး တရားဆွေးနွေးဖြစ်တာမို့ ဆရာတော် တစ်ခေါက်ကြွ တိုင်း အကျိုးများလှပါတယ်။ ကျွန်မရဲ့ သားသမီးတွေ အားလုံးကလည်း ဆရာတော်ကို ဆရာရင်း လို ရင်းနှီးပြီး လေးစားချစ်ခင် ကြည်ညို ကြပါတယ်။ ဒါကြောင့် ဆရာတော်ဘုရားကြွလာမယ်ဆိုတာ ကျွန်မတို့ မိသားစု အတွက် တအား ပါပဲ။

ကိုဇာနည်ရဲ့ ကုမ္ပဏီကလည်း ဘယ်လောက်ထိ သူ့အပေါ်မှာ ကောင်းကြလဲဆိုရင် အသုဘအ တွက်ကျွန်မတို့ စိတ်တိုင်းကျ ကြိုက်သလို စီစဉ်ပါ။ ကျသင့်ငွေအားလုံးကို သူတို့ကုမ္ပဏီက တာဝန် ယူပေးပါမယ်လို့ အကြောင်းကြား လာပါတယ်။ အသုဘတစ်ခုဆိုရင်ဒီအမေရိကားမှာက ကျွန်မ ဆောင်းပါး အမှတ် -၄၀ မှာ ရေးပြခဲ့တဲ့အတိုင်း ဒေါ်လာသောင်း နဲ့ချီပြီး ကုန်ကျရတာမျိုးပါ။ ဒါကြောင့်သူတို့ရဲ့ ထားရှိတဲ့စေတနာ ကို လေးစားစွာနဲ့ ကျေးဇူးတင် ရှိရပါတယ်။ လိုအပ်တာမှန် သမျှအစွမ်းကုန် လုပ်ပေးတာမို့ သားဇာနည်အပေါ် မှာ လုပ်သားကောင်း တစ်ယောက်အဖြစ် တန်ဖိုးထားတာ သိသာထင်ရှားလှပါတယ်။

သားဇာနည်က အပေါင်းအသင်းလည်းများ ချစ်သူခင်သူလည်း ပေါတာမို့ သတင်းစာထဲ နာရေး ကြော်ငြာပါပြီး တဲ့နောက် သတင်းမေးသူတွေ၊ ဖုန်းဆက်သူတွေကို ဖြေရှင်းပြောပြလို့ မဆုံးနိုင် အောင်ပါပဲ။ အသုဘရှုဖို့ အတွက် ဂေဟာ ကို ထွက်ခါနီးဆဲဆဲမှာ တစ်ခါမှ မမြင်ဖူး၊ မသိဖူးတဲ့ အဘွားအိုကြီးတစ်ယောက် ပန်းစည်းကို ကိုင်ပြီးရောက် လာလေရဲ့။ သတင်းစာမှာ ဇာနည်ရဲ့ နာရေးကြောငြာတွေ့လို့ပန်းလာပို့တာပါတဲ့။ ဇာနည်က သူ့ကို ကူညီစောင့်ရှောက်ခဲ့ပေးဖူး တဲ့ ကျေးဇူးတရားရှိကြောင်းနဲ့ သူ စိတ်မကောင်းဖြစ်ရကြောင်း ပါ ပြောပြသွား ပါသေးတယ်။ ဘယ်သော ကာလက ဘာတွေကူညီခဲ့လေတယ်ဆိုတာ ကျွန်မတို့ မသိပါဘူး။ အသုဘဂေဟာ မှာလည်း တစ် ခါမှ မသိဖူး၊ မမြင်ဖူးတဲ့ မျက်နှာစိမ်းများစွာ လာကြတာလည်း တွေ့ရပါတယ်။

ကျွန်မတို့ ရောက်တော့ ဈာပနခန်းမထဲမှာ ပရိသတ်အပြည့်ပါပဲ။ သားရဲ့ရုပ်ကလာပ်တင်ထားရာ ပတ်ပတ်လည် မှာ ပန်းတွေ ပန်းတွေ ရောင်စုံးဖူးပွင့်နေလေရဲ့။ အလယ်တည့်တည့်မှာ ထားတဲ့ ဧရာမပန်းအိုးကြီးက သူရဲ့ရေနံ ကုမ္ပဏီ က ပို့ပေးတာတဲ့။ ကျွန်မသားလေး နဖူးမှာ နည်းနည်းထိထား တဲ့ဒဏရာကလွဲလို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်ပျော်နေ သလိုပါပဲ။ ပစ်ရက်စရာ လုံးဝမရှိပါဘူး။ ရင်ဘတ်ပေါ်မှာ ယှက်တင်ထားတဲ့ သားရဲ့ လက်ကလေး နှစ်ဖက် ကို ဆုပ်ကိုင်ရင်း "သားရယ်"လို့ တစ်ခွန်းသာ ခေါ်နိုင်ပါတယ်။
နှလုံးသားတွေ ကြွေကျ ကုန်သလို ရင်ထဲမှာ နာကျင်မှုက အတိုင်းအဆမရှိ ပြင်းထန်လွန်တာနဲ့ ယိုင်လဲ ကျမသွားရအောင် ကိုယ့်ကိုယ်ကိုယ် မနည်ပြန်ထိန်းရပါတယ်။ မျက်ရည်လည်း မဆည်နိုင် တော့ပါဘူး။ မိခင် တစ်ယောက်အနေနဲ့ မကြည့်ရက်၊ မမြင်ရက်နိုင်တဲ့ မြင်ကွင်းတစ်ခုပါပဲ။ ပရိသတ် အလယ်မှာမို့ ရုပ်ပျက် ဆင်းပျက် မဖြစ်စေရအောင် ကြိုးစားအားတင်းနေဆဲမှာပဲ "မာမီခဏလေး ထိုင်လိုက်ဦးနော်"လို့ ကျွန်မကို တွဲထား တဲ့ သားသမီးတွေက ရှေ့တန်းခုံတစ်ခုံမှာ ထိုင်ခိုင်းပါတယ်။

သားရဲ့ချစ်သူ KIMက ကျွန်မကို လာဖက်ပြီး ရှိုက်ကြီးတငင်ငိုလေရဲ့၊ ဖက်ထားတဲ့ ကျွန်မ တို့ နှစ် ယောက် ရဲ့မျက်ရည်တွေ ပေါင်းစည်းကုန်တော့တာပါပဲ။ အသုဘရှုလာတဲ့သူတိုင်း ရုပ်ကလာပ်ကို ကြည့်ပြီး မျက်ရည် မကျသူ မရှိသလောက်ပါပဲ။ ဆရာတော်ဦးသီလနန္ဒကိုယ်တော်တိုင်တောင် ကိုဇာနည် ကို သရဏဂုံတင်ပြီး အမျှပေးဝေ ရင်း မျက်ရည်ကျတာ တွေ့ရပါတယ်။
ဈာပန ကို လာကြတဲ့ ပရိသတ်တွေထဲမှာ အစ်ကို၊ အစ်မတွေရဲ့ လုပ်ငန်းဆိုင်ရာ ဌာနက မိတ်ဆွေ တွေရော၊ ကိုဇာနည် ရဲ့ အပေါင်းအသင်း မိတ်ဆွေတွေပါ လူမျိုးခြားတွေ အများအပြားပါဝင် ကြတာမို့ ပထမဦးဆုံး ကျွန်မတို့ ရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာညွန့်လွင်က ကြွရောက်လာတဲ့ ပရိသတ် ကို ကျွန်မတို့ မိသားစုရဲ့ကိုယ်စား အစီအစဉ် များကိုကြေညာပြီး ကျေးဇူးတင် စကား ပြောကြားပေး ပါတယ်။

ဆရာတော်ကြီး ဦးသီလနန္ဒက နိုင်ငံခြားသားများပါ နားလည်ရအောင် အင်္ဂလိပ်ဘာသာနဲ့ တရား ဟောပါတယ်။ ဘုရားရှင် လက်ထက်တော်တုန်းက သားသေသွားတဲ့ မိခင်ငယ်တစ်ဦးဟာ သားကို ပွေ့ပြီး "ဘုရားရှင် ကယ်တော် မူပါ။ ဘုရားရှင်ရဲ့ တန်ခိုးတော်နဲ့ သားကို အသက်ရှင်အောင် ပြန် လုပ်ပေးပါ"လို့ ငိုကာယိုကာ နဲ့ တောင်းပန်ပါတယ်တဲ့။ ဘုရားရှင်က "ကောင်းပြီး သမီးငယ်၊ လူမ သေဖူးတဲ့အိမ်က မုန့်ညင်းစေ့ရအောင် ရှာပြီး ယူလာခဲ့ပါ" လို့ အမိန့်ရှိလိုက်တော့ သားကိုရှင်စေ ချင်တဲ့ဇောနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် မုန့်ညင်းစေ့ လိုက်တောင်း ရှာပါတယ်။

ဒီအိမ်ကလည်း အဖေ သေဖူးတာနဲ့၊ ဟိုအိမ်ကလည်း အမေသေဖူးတာနဲ့၊ နောက်အိမ်တွေ ဆက် သွားပြန်တော့ လည်း လင်သေဖူးတာ၊ သားသေဖူးတာ၊ မယား သေဖူးတာ၊ သမီးသေဖူးတာ၊ အဘိုး သေဖူးတာ၊ အဘွား သေဖူးတာ၊ ဒွေးတော၊ မိကြီး၊ ဦးလေးကြီး စသဖြင့်သေဖူးတဲ့အိမ်တွေချည်း ဖြစ်နေပါတော့တယ်။ ရွာရိုး တစ်လျှောက် အိမ်ပေါက်စေ့ရှာပေမဲ့ မုန်ညင်းစေ့ရဖို့ အခက်အခဲဖြစ်နေ ပါရော။
ဒီတော့မှ ကိုယ်တစ်ယောက်တည်း သားသေတဲ့ ပရိဒေ၀ခံစားရတာ မဟုတ်ပါလား။ လူသားမှန် သမျှ မိသားစု တိုင်း သေခြင်းတရားကို ကြုံရစမြဲဆိုတဲ့ အသိတရားရပြီး ဘုရားရှင်ထံ ပြန်လာ လျှောက်တဲ့အခါကျမှ ဘုရားရှင် က တရားဟောကြားတော်မူပါတယ်။ မိမိလက်တွေ့အဖြစ်နဲ့ ဘုရားရှင်ရဲ့ တရားတော်ကို ယှဉ်ပြီး နှလုံးသွင်း လိုက်နိုင်တော့မှ မိခင်ငယ်လေးဟာ အကျွတ် တရားရသွားပါတယ်ဆိုတဲ့ ပုံပြင်လေးနဲ့ မိသားစုတိုင်း ကြုံတွေရမြဲ အနိစ္စတရား ကို ဟောကြား တရားပြပါတယ်။

သားလေး ကို ဆရာတော်ဘုရားက သရဏဂုံတင်ပေးပြီးတဲ့နော်က သားရဲ့အလုပ်က ရေနံကုမ္ပဏီ ကအမြန်ချော နဲ့ အချိန်မီ ပို့ပေးလိုက် တဲ့ အမိန့်ပြန်တမ်းစာကို ဒေါက်တာညွန့်လွင်က ဖတ်ပေး ပါတယ်။
"အခု အချိန်ကစပြီး သားမှာ အလုပ်တာဝန် မရှိတော့ဘူး။ ကောင်းရာမွန်ရာ ဘုံဘ၀မှာ လွတ်လပ် စွာ သွားနိုင်ပါပြီ" တဲ့။
ပရိသတ်အာလုံး မျက်ရည်ဖြိုင်ဖြိုင်ကျကြပါတယ်။
အသုဘရှု အချိန်စေ့တာ နဲ့ သားရဲ့ရုပ်ကလာပ်ကိုသိမ်းဖို့ တာဝန်ရှိပုဂ္ဂိုလ်များက စောင့်နေကြပါ ပြီ။
သားလေး ရဲ့ နဖူးစ အေးအေးစက်စက်ကလေး ကို ကျွန်မ နောက်ဆုံးအကြိမ်နမ်းလိုက်စဉ်မှာ မျက်ရည်ပေါက်တွေ သား မျက်နှာလေးပေါ် ကျကုန်တော့တယ်။ ဒေါ်အေးမြင့်နဲ့ မောင်နှမတစ်တွေ ရော၊ သားရဲ့ ချစ်သူ KIMလေး ပါ ရှိုက်ကြီးတငင် ငိုကြလေရဲ့။

သားရဲ့ရင်ဘတ်ပေါ်မှာ မိသားစုက တင်ပေးထားတဲ့ နှင်းဆီဖူးအဖြူ ဆွတ်ဆွတ် ပန်းစည်းကြီး ကို တွေ့မိပါတ်။ နှင်ဆီဖူး လို သားမျက်နှာငယ်ငယ်နုနုထွေးထွေးလေးက အပြစ်ကင်းစင် ကြည်လင် အေးချမ်း လို့။
ကျွန်မ သားလေး ကောင်းရာမွန်ရာ ဘုံဘ၀ကို ရောက်ရှိပါစေ။
ဖြစ်တည်ရာ ဘ၀မှာချမ်းသာပါစေလို့ အမျှပေးဝေရင်း ဆုတောင်းမိပါတယ်။
ဒါဟာ တကယ့်အဖြစ်အပျက် ပါလား ဆိုတာ ကျွန်မယုံနိုင်သလိုပါပဲ။

ရုပ်မြင်သံကြားမြင်ကွင်းလည်းမဟုတ်၊ သတင်းစာဖတ်ရင်း သိရတဲ့ သတင်းလည်းမဟုတ်။ ကျွန်မ မျက်စိနဲ့ တပ်အပ်မြင်နေရ တဲ့ အဖြစ်တစ်ခုပါပဲ။ မိုးကြိုးပစ်ချသလို တိုက်ရိုက်လာထိတဲ့ ပြင်းထန် တဲ့ဒဏ်ချက်ပါပ။
ကျွန်မ သားလေးကို ထားခဲ့ရတော့မှာ ထာဝရခွဲခွာရတော့မှာဆိုတဲ့ အသိက ဘ၀တစ်ခု လုံး မှောင်ကျသွားခြင်း ပါပဲ။
အမှောင်ထဲက ထွက်နိုင်မဲ့ တစ်ခုတည်းသော အလင်းရောင်က ရှင်တော်ဘုရား ရဲ့ တရားဓမ္မပဲ ဖြစ်ပါတယ်။

ဆက်ရန်
.

8 comments:

Anonymous said...

So sad to read
I m crying.

နော်နော် said...

ချစ်တဲ့သူတွေနဲ့ ကွေကွင်းရမဲ့ဒဏ်....ပြီးတော့ ကိုယ်ကိုယ်တိုင် ထွက်ခွာသွားရမှာရယ်.....တွေးမိတယ်။
ညီမ နော်နော်

Anonymous said...

Feel really so sad

ma yu said...

သနားလိုက် စိတ်မကောင်းဖြစ်လိုက်ရတာ အန်တီရယ်

Thu said...

Aunty Khin, you give many lessons to us, unfolding the short term of life.

Anonymous said...

make me cry...... tearing.
Really so sad to read.


Myatnoe

Anonymous said...

I m crying.....sadly...
:'(

Anne

Anonymous said...

Auntie Khin,
You still have 7 children, I lost my both sons, and I understand hw you feel,May God bless you.