Friday, February 22, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၅)

 အမှန်အတိုင်းပြောပါ သမီးရယ်၊ ဖုန်းမထားပါနဲ့။ ဖေဖေတရား နဲ့ ဖြေနိုင်ပါတယ်" လို့ ပြောတယ် တဲ့ လေ။
သူ့အဖေ နဲ့ ပြောပြီးတာနဲ့ သမီးကချက်ချင်းဖုန်းဆက်ပြောလာပါတယ်။ "မာမီတကယ်သေသွား တယ် ထင်ပြီးဖေဖေ ဖုန်း ဆက်လာတယ်။ တရားနဲ့ဖြေနိုင်ပါတယ်သမီး ရယ် နဲ့ ပြောတဲ့ ဖေဖေ့ အသံကြီး က လည်း ငိုသံပါကြီးနဲ့" တဲ့။
သြော်...နှစ်ပေါင်း များစွာ အတူလက်တွဲလာခဲ့တဲ့အပြင် သားသမီးတွေရဲ့ မိခင်တစ်ယောက်အနေနဲ့ သံယောဇဉ် တစ်မျှင်လောက်တော့ သူ့ရင်ထဲမှာ ကျန်ရှိနေသေးတယ် ထင်ပါရဲ့လေ။

အပိုင်း (၄၇)

ညီညွှန်မှုက အိမ်ရဲ့အလှ။
သစ္စာရှိမှုက အိမ်ရဲ့လုံခြုံခြင်း။
မေတ္တာထားရှိမှုက အိမ်ရဲ့ချမ်းမြေ့ခြင်းတဲ့။
လူတစ်ယောက်ရဲ့ ထိုက်တန်တဲ့ဘဝဆိုတာ အလုပ်ကောင်းတစ်ခု ရှိထားတာလား။ ခမ်းနားကြီးကျယ် တဲ့ အိမ်ကြီး ပိုင်ဆိုင် ထားတာလား။ နောက်ဆုံးပေါ် ကားသစ်ကြီး စီးနိုင်တာလား။ ဘဏ်ထဲက ငွေတွေ လား။ ခေတ်ပေါ်ဖျော်ဖြေ စရာ ပစ္စည်းမျိုးစုံ ဝယ်နိုင်တာလား။
ဒါမှမဟုတ် အထက် အချက်သုံးချက်နဲ့ ညီတဲ့အိမ်ရဲ့ ချမ်းမြေ့ခြင်းကို ပိုင်ဆိုင်ထားသူလား ဆိုတာ ခဏ ခဏ တွေးကြည့် မိပါတယ်။
ကျွန်မ တန်ဖိုးထားလိုလားတောင့်တမိတဲ့ ဘဝကတော့ ပစ္စည်းဥစ္စာနဲ့ ထိုက်ထိုက်တန်တန် ရှေးရှုမှုထက် အတွင်းနှလုံးသား ဆိုင်ရာ စည်းလုံးညီညွှတ်ခြင်းဆိုတဲ့ မိသားစုနဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်လေးတစ်ခု ပါပဲ။ အိမ် ဆိုတာ ခမ်းနားကြီးကျယ်မှုက အဓိက မဟုတ်ပါဘူးနော်။

ဘယ်လို အိမ်ကလေးပဲဖြစ်ဖြစ် လွတ်လပ်စွာနဲ့ လုံခြုံမှုရှိတဲ့နေရာ။ စိတ်ရော လူပါ ပန်းခဲ့သမျှ နားဖို့ရတဲ့ နေရာ၊ အားသစ် မာန်သစ် ဖြည့်ဆည်းတဲ့နေရာ၊ စိတ်ကျဉ်းကျပ်ရတဲ့ နေရာမျိုး မဖြစ်သင့်ပါဘူး။ ဒေါသနဲ့ ကင်းရာ ခြိမ်းခြောက်မှု ကင်းရာ ခွင့်လွတ်ခြင်းသာ ရှိရမဲ့နေရာပါ။ မိသားစုဆိုတာ အမြဲတမ်း တိုက်ဆိုင်မှု တော့ ရှိနေမှာ မဟုတ်တော့ ပါဘူး။ လူသားများပီပီ မှားယွင်းတာလည်း ရှိကြမှာပါပဲ။ ဒါပေမဲ့ ပွင့်ပွင့်လင်း လင်း ကိုယ့်အမြင် ကိုယ့် ခံစားချက်ကို ပြောပြနိုင်တဲ့နေရာ ဖြစ်မှ ပျော်စရာကောင်းပြီး စိတ်သက်သာ၊ လူသက်သာ ရှိမှာပါ။ အိမ်သူအိမ်သား တိုင်း လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့ အိမ်ထဲဝင်နိုင်မှ ချမ်းမြေ့တဲ့အိမ် လို့ ဆိုရမှာပါပဲ။

ကျွန်မတို့အိမ်မှာက အဲဒီလို လွတ်လပ်ပေါ့ပါးစွာနေရတာကြောင့် သားသမီးတွေတင်မကဘဲ သားကြီး ကမွေးထား တဲ့ မြေးတွေပါ စနေ၊တနင်္ဂနွေဆိုရင် တန်းစီပြီး Sleeping Bagခေါ်တဲ့ အိပ်ရာလိပ် နဲ့အတူ ရောက်လာကြလေရဲ့။ သူတို့တွေတင်မကသေးဘူး။ မျက်စောင်းထိုးအိမ်က လေးနှစ်အရွယ် 'မလစ္စာ' ဆိုတဲ့ ကလေးမလေးကလည်း မိုးလင်းတာနဲ့ 'ခင်ကြီး'ရေဆိုပြီး တံခါးလာခေါက်တော့တာနော်။ နေကုန် တဲ့ထိ အိမ်မပြန်တော့ပါဘူး။ ကျွန်မတို့ စားစားချင်း သွားသွားချင်း၊ နေရာတကာ ပါပြီး အိမ်သားတစ် ပိုင်း ဖြစ်နေတော့တာပဲ။
အရှေ့နဲ့အနောက် ယဉ်ကျေးမှု မတူတာတွေကလည်း ရှိပါသေးတယ်။ မြန်မာပြည်မှာ ရင်းနှီးရင် အစ်မ အရွယ် အစ်မ၊ အစ်ကိုအရွယ် အစ်ကို၊ အဒေါ်အရွယ်နဲ့လိုက်ပြီး ကိုကို၊ မမ၊ ဒေါ်ဒေါ်၊ ဘဘ၊ ဦးလေး၊ ဘွားဘွား နဲ့ ခေါ်ကြာတာမျိုးနော်။ မရင်းနှီး ရင်လည်း နာမည်ရှေ့က လူငယ်ဆို ကိုနဲ့မ၊ လူကြီးကျ ဦးနဲ့ ဒေါ် ထည့်ပြီး လေးလေးစားစား ခေါ်တာပါ။ နာမည်အတိုင်းခေါ်ရင် ဂါရဝတရားမဲ့ပြီး ရိုင်းတယ်လို့ ခံယူ ထားကြတာ မဟုတ်လားနော်။

ဒီမှာတော့ အဲလိုမဟုတ်ပါဘူး။ မလစ္စာကို ကလေးသေးသေးကလည်း အဘွားအရွယ် ကျွန်မကို နာမည် အတိုင်း 'ခင်ကြီး'လို့ ခေါ်လိုက် တာပါပဲ။ တစ်ခါတစ်ရံ ကိုယ့်မြန်မာချင်း ပေးစရာရှိလို့ ချက် လက်မှတ် ရေးပေးတဲ့ အခါ လေးစားသမှုနဲ့ နာမည်ရှေ့က ဒေါ်တပ်ပြီး 'ဒေါ်ခင်မကြီး' ရေးလာခဲ့ရင် ဘဏ်တိုက်က ဝန်ထမ်းနဲ့ စာရင်း ရှင်းရပြီ သာ မှတ်ရော့ပါပဲ။ 'ဒေါ်'က တခြားတစ်ယောက်လား။ ခင်ဗျားရဲ့ မှတ်ပုံတင် သက်သေခံဖြစ်တဲ့ ကားမောင်း လိုင်စင် ကတ်ပြားန်ာမည်က 'ခင်'၊ 'ဒေါ်'ဆိုတာနဲ့ မတူပါလား။ စတဲ့ မေးခွန်းတွေ ကို ရေလည်အောင် ဖြေရှင်း ရတာကလည်း အလုပ်တစ်ခုလို ဖြစ်လို့။
ဒီမှာက မိဘနာမည် Last Name ကို အဓိကထားကြတာမို့ အရာရာက Last Name နဲ့ သွားကြပါတယ်။ တယ်လီဖုန်း စာအုပ်မှာလည်း အက္ခရာစဉ်က Last Nameနဲ့ ဖော်ပြထား တာပါ။ ရောက်ခါစ က မြန်မာ ပြည်ပုံစံအတိုင်း တယ်လီဖုန်းတံပါတ်တွေကို ပထမနာမည် အက္ခရာစဉ်အောက်မှာ ကိုယ့် ဟာကိုယ် ရေးမှတ်ထားတာပေါ့။ ကျွန်မရဲ့ချွေးမ ဘော်ဘီက တစ်ဦးဦးရဲ့ နံပါတ်လိုလို ကျွန်မစာအုပ်ကို ကြည့်မိ ရင် သူ့မှာ ရှာလို့ မတွေ့ဖြစ်ပါလေရော။ ဒီလိုမတူညီမှုတွေကိုလည်း အံဝင်ခွင်ကျအောင် ပြုပြင်ယူရပါ သေးတယ်။
တစ်နေ့မှာ ချွေးမဘော်ဘီက 'မလစ္စာ'နဲ့ ပတ်သက်ပြီး သတိပေးပါတယ်။

'မာမီ မလစ`ာကို ချစ်လို့ နေရာတကာ တကောက်ကောက်ပါအောင် ခေါ်သွားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ 'မလစ္စာ'က မာမီ့မြေးအရင်း မဟုတ်ဘူးနော်။ သတိထားဦး'တဲ့။
'ဘာဖြစ်လို့လဲ'မေးတော့...
'မာမီ့အိမ် မှာ အစားအသောက်လည်းစား၊ ကားနဲ့လည်း တင်ခေါ်သွားနဲ့ တစ်နေ့နေ့ အခန့်မသင်ဖြစ် ပြီး ကလေး က ဗိုက်နာမယ်၊ ဝမ်းသွားမယ်၊ အစာအဆိပ်ဖြစ်မယ် ဆိုရင် မာမီ့အတာဆိုပြီး တရားစွဲခံရမှာ။ ကားပေါ်ပါလာလို့ မတောတဆ တိုက်မိ ခိုက်မိပြီး ဒဏ်ရာရရင်လည်း မာမီအတာ တရားစွဲခံရမှာ'တဲ့။
သူပြောမှ 'ဟုတ်ပေသားပဲ' လို့ တွေးမိတာပါ။ ဘာကြာသေးလဲ ကျွန်မတို့ ကုမ္ပဏီမှာ ကားရပ်တဲ့ Paking Lot ထဲက ကလေး တစ်ယောက် သူ့ဘာသာသူ ချော်လဲပြီး ခြေထောက်မျာ ထိခိုက်ဒဏ်ရာရသွားတာ ကုမ္ပဏီကို တရားစွဲ တာကြောင့် လျော်ကြေးတွေ မတန်တဆ ပေးလိုက်ရတာ သတိရမိပါတယ်။ ဒါ တောင် ဆိုင်ထဲမှာ ဖြစ်တာ မဟုတ်ဘူးနော်။ အိမ်မှာ လာလည်တဲ့ မိတ်ဆွေ ကိုယ့်အိမ်အတွင်း မတော် တဆ လဲပြိုကျလို့ ထိခိုက် ဒဏ်ရာ ရရင်လည်း အိမ်ရှင်ကို တရားစွဲတာမျိုးတွေ ရှိတတ်ပါတယ်။

ဟိုတစ်လော က သတင်းစာထဲမှာ အိမ်ထဲ ဝင်ခိုးရင်း ထိခိုက်ဒဏ်ရာရလို့ သူခိုးက အိမ်ရှင် ကို လျော် ကြေးတောင်း တရားစွဲလာတာ ဖတ်လိုက်ရပါတယ်။ အထူးသဖြင့် ဆရာဝန်တွေမှာ တစ်ခုခုလေး မတိမ်းချော် လိုက် နဲ့ လူနာရှင်က တရားစွဲတာ အများဆုံးခံကြရတာမို့ အလွန်အမင်း သတိထား ကုသ ကြရတာ ပါ။ ကျွန်မတို့ မြန်မာပြည်မှာတော့ ကိုယ့်ကံတရားအတိုင်းပဲဆိုတဲ့ သူတစ်ပါးကို အပြစ်မမြင်ဘဲ ကိုယ့်ကိုယ်ကိုယ် သာ ပုံချဖြေတတ်ကြတာမို့ ခံယူချက်သဘောထားချင်း ကွာခြားတဲ့နေရာမှာ တစ်ခါ တစ်ရံ မိမိရဲ့ စေတနာကို ဘရိတ်အုပ်ရတဲ့အခါတွေလည်း ရှိပါသေးတယ်။
ကိုယ့်စေတနာကို ဘရိတ်အုပ်ရတာကတော့ အကြောင်းအားလျော်စွာ ပြဿနာနည်းအောင် ဆင်ခြင် ပြီး လျှော့ ရတာမျိုးပါ။ အိမ်က မဟာစေတနာရှင် ကိုဇာနည်ရဲ့ စေတနာကိုလိုက်ပြီး ဘရိတ်အုပ်မရတဲ့ အခါ ကျတော့ ကျွန်မစိတ်မောရတာတွေလည်း ရှိပါလေရဲ့။ ကျွန်မအမေ ကွယ်လွန်သွားတော့ မာမီ့ရဲ့ လည်ပင်းမှာ အမြဲဆွဲထားတဲ့ ရွှေကြိုးနဲ့ ကြုတ်ကလေးကို အမေ့ကိုယ်စား ဆိုပြီး ယူဆွဲထားပါတယ်။ ကျန်တဲ့ပစ္စည်း အသီးသီးတွေကိုလည်း အဘွားအမှတ်တရအဖြစ် မြေးတွေကို တစ်ခုစီ ခွဲဝေပေးလိုက် တယ်ပေါ့။ သား ရွှေစင် ကို ပေးထားတဲ့ ရွှေလက်စွပ်ကို သားက မဝတ်လိုဘူးဆိုပြီး သူ့ညီ ကိုဇာနည်ကို ပေးလိုက်လေရဲ့။ အဲဒီလက်စွပ်ပေါ် မှာ မာမီက နာမည်အတိုကောက် အမှတ်အသားအဖြစ် Kဆိုတဲ့ အင်္ဂလိပ်စာလုံး ထွင်းထားပါတယ်။ စောစောပိုင်း တုန်းကတော့ အမြတ်တနိုး ဝတ်းထားတာ မြင်တွေ့ နေရပါတယ် KIMဆိုတဲ့ မိန်းကလေးနဲ့ ချစ်သူဖြစ်ကြပြီး သိပ်မကြာဘူး။ အဲဒီလက်စွက်က KIMရဲ့ လက်ပေါ် ရောက်နေပါလေရော။

KIMပြန်သွားတာနဲ့ ကျွန်မက စစ်တမ်းထုတ်တော့....
'ဟုတ်တယ်။ သားပေးလိုက်တာ။ K ဆိုတဲ့စကားလုံးက KIMအတွက် အတိုကောက် ဆိုတော့ အဓိပ္ပါယ် ရှိတယ်ဆိုပြီး အမှတ်တရ အနေနဲ့ ပေးလိုက်တာ'တဲ့။
တန်ဖိုးအနေ နဲ့ ကျွန်မက နှမြောတာမဟုတ်ပါဘူး။ အဘွားရဲ့ ပစ္စည်းတစ်ခုအနေနဲ့ တန်ဖိုးထား မထိန်း သိမ်း ရကောင်းလား ဆိုပြီး ရင်ထဲမှာ ခံစားရတာပါ။ တန်ဖိုးထားသင့်တဲ့အကြောင်း သားကို နားလည် အောင် အေးအေးဆေးဆေး ပဲ ပြောပြလိုက်ပါတယ်။
ခက်တာက ကျွန်မကလည်း ဗုဒ္ဓဘာသာကောင်းတစ်ဦးလို လိုက်နာကျင့်သုံးနိုင်ခြင်း မရှိဘဲ အရာရာကို စွဲလမ်းတွယ်တာ တတ်သူ တစ်ယောက်ဖြစ်နေခြင်းပါပဲ။ ဘုရားရှင်က စွဲလမ်းခြင်းတဏှာကို ပယ်ဖို့ အဓိက ဟောကြား ထားတာ မဟုတ်ပါလားနော်။ အခုတော့ ကျွန်မက အမေ့ပစ္စည်းမို့ တွယ်တာရတာနဲ့ ကိုယ့်မြန်မာ အနုပညာ ပစ္စည်းမို့ စွဲလမ်းရတာနဲ့ ပစ္စည်းအမျိုးစုံကို ပုံစံအမျိုးစုံနဲ့ တွယ်တာစွဲမက်နေခဲ့တာ ကို ဝန်ခံရပါမယ်။

တစ်နေ့ ကျောင်းက အရှေ့တိုင်းလေ့လာရေး Project တစ်ခုရှိတယ်။ အရှေ့တိုင်းသားဖြစ်တဲ့ ကိုဇာ နည်ကို အိမ်မှာရှိ တဲ့ အရှေ့တိုင်းနဲ့ သက်ဆိုင်ရာပစ္စည်းများ လက်တွေ့လေ့လာရအောင် ယူလာခဲ့ပါလို့ ဆရာမက မှာလိုက်တယ်တဲ့လေ။ အဲတော့ ကချင်လွယ်အိတ်တွေ၊ ပန်းပုရုပ်တွေ၊ ယွန်းထည်းနဲ့ ပုသိမ် ထီးတွေအပြင် ပန်းချီကားတွေပါ တစ်ပွေ့တစ်ပိုက် အိမ်ကထုပ်ပိုးပြီး ယူသွားလေရဲ့။ ပြန်လာလို့ ပစ္စည်း စာရင်း စစ်ကြည့်လိုက်တော့ ပန်းချီးဆရာကြီးဦးခင်မောင် ရေးဆွဲထားတဲ့ နန်းမြို့ရိုး၊ ပန်းချီကားတစ်ချပ် ပါမလာပါဘူး။ ကျွန်မ အကြိုက်ဆုံး ပန်းချီကားမို့ သတိထားလိုက်မိတာပါ။
'ဟုတ်တယ် မာမီ၊ ဆရာမက အဲဒီပန်းချီကားလက်ရာ သိပ်ကောင်းတာပဲနဲ့ ချီးကျူးမဆုံူး ဖြစ်နေတာနဲ့ သားက ပေးခဲ့လိုက်တာတဲ့'။

ဆရာကြီးဦးခင်မောင်ရဲ့ လက်ရာကို နောက်ထပ် ပြန်မရနိုင်တော့တာကြောင့် ရင်ထဲမှာ နှမြောတသ ဖြစ်မိပေမဲ့ သားက သဒ္ဓါများစွာနဲ့ ပေးထားပြီးဖြစ်တော့လည်း ကျွန်မ ပြောချင်တာတွေနှုတ်က မထွက် ရက်တော့ပါဘူး။ ကျွန်မသား ကိုဇာနည်က လူတွေပေါ်တင် စေတနာကောင်းတာ မဟုတ်သေးဘူး။ တိရစ္ဆာန်လေးတွေပေါ်မှာလည်းဒ စာနာစိတ်ထားတတ်ပါသေးတယ်
တစ်နေ့ ခြံနောက်ဘက်က သစ်ပင်ပေါ်က ဆင်းလာတာ လက်မှာလည်း သွေးသံရဲရဲနဲ့ တွေ့တော့ ကျွန်မ အထိတ်အလန့်ဖြစ်ပြီး....
'ဘာလို့ သစ်ပင်တက်ရတာလဲ၊ လက်မှာဘာဖြစ်သွားတာလဲ'နဲ့ ပျာပျာသလဲ ပြေးသွားပြီး မေးရပါတယ်။
'ဟို ပြိတ္တာငှက်မပေါ့'တဲ့။ သားကို ဆိတ်ထည့်လိုက်တာ။ သူ့အသိုက်ထဲက ငှက်ကလေး ပြုတ်ကျလာ လို့ စေတနာနဲ့လည်း တက်ပြီး ပို့ပေးရသေးတယ်။ ကျေးဇူးမတင်ဘဲ ဆိတ်လွှတ်လိုက်တာ'တဲ့လေ။
အဲဒီတော့ သူ့ကိုကြည့်ပြီး ရယ်ရပါတယ်။

"ငှက်ပဲသားရယ်။ ကျေးဇူးတင်ရကောင်းမှန်း ဘယ်သိပါ့မလဲ၊ သူ့အသိုက်ကို ဖျက်မယ်ထင်လို့ ကာ ကွယ်တာ ဖြစ်မှာပေါ့။ မင်းမို့လို့ပဲ အဲဒါလောက် အပင်မြင့်ကြီးကို တက်တယ်။ မတော်လို့ လိမ့်ကျရင် သေပေါက်နော်"လို့ သတိပေးတော့...
'မာမီကလည်း သားမှာ အမေနဲ့ခွဲနေလာခဲ့ရတာ ငှက်ကလေးကို အမေနဲ့ မကွဲပါစေနဲ့ဆိုပြီး တက်တင် ပေးတာပါ'လို့ ပြန်ဖြေတာကြားရတာနဲ့ ရင်ထဲမှာ နာကျင်ထိခိုက်သွားမိပါတယ်။ ကျွန်မဘဝ အမှားများ စွာ လုပ်ခဲ့တဲ့ အထဲမှာ သားလေးကို ဒီလို ထိခိုက်နာကျင်မှု ပေးခဲ့တဲ့အမှားကတော့ မိမိကိုယ်ကိုယ် ခွင့် လွှတ်နိုင်ခြင်း မရှိတဲ့ ကြီးစွာသော အမှားတစ်ခုပါပဲလေ။ တိုက်ဆိုင်မှုတစ်ခု ကြုံလာတိုင်း ရင်မှာ ဆန်းသစ်ခံစားရပါတယ်။

သားကတော့ ပြောပြီးပြီရော။ လက်ရှိ အမေ့ရင်ခွင်မှာမို့လား မသိဘူး။. အမြဲတမ်း တက်ကြွလန်းဆန်း လို့ပါပဲ။ သားသမီးတစ်တွေ မျက်စိအောက်မှာ တပျော်တပါး တစည်းတလုံးနဲ့ လှုပ်ရှားနေကြတာ မြင်ရ တာနဲ့ ကိုယ်ပါသူတို့ရဲ့ အပျော်တွေ ဟပ်ပြီး စိတ်လက်ကြည်လင်လို့ပေါ့။ ဒီအချိန်မှာ သမီးယမင်းက သူ့ သမီးငယ်လေးကို စောင့်ရှောက်ထိန်းကျောင်းပေးမဲ့သူ အခက်အခဲရှိနေတာကြောင့် မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ တီတီ ဒေါ်အေးမြင့်ကို ခေါ်ထားချင်တယ်လို့ ပြောလာပါတယ်။
ဒေါ်အေးမြင့်ကလည်း လက်ရှိအခြေအနေက တစ်ဦးတည်ဖြစ်နေတာမို့ လာမယ်ဆိုရင် အဆင်ပြေတယ် ဆိုပါတော့။ ဒေါ်အေးမြင့်အတွက် အမေရိကားပြည်ဝင်ခွင့် ဗီဇာကို ကျွန်မ ထွက်လာချိန်ကတည်းက လိုရမည်ရဆိုပြီး မိသားစုစာရင်းမှာ သွင်းထားပြီးသားပါ။ ကိုဇာနည့်အပေါ် သူကလည်း သားတစ် ယောက်လို ချစ်တာ မို့ ကိုဇာနည်ကို ခေါ်ယူတဲ့တစ်နေ့ သူက မခွဲနိုင်ဖြစ်နေခဲ့ရင် ကျွန်မလည်း ငရဲမများ လိုတာကြောင့် လိုက်လာလို့ရအောင် ကြိုတင်ပြင်ဆင် ထားခဲ့တာပါ။

ဒီလိုစီစဉ်ခဲ့မိတာ အခုတော့ ယမင်းအတွက် အဆင်ပြေစရာ ဖြစ်သွားတယ် လို့ ပြောရပါ မယ်။ ဒေါ်အေးမြင့် ကလည်း အကြောင်းကြား လိုက်တာနဲ့ လိုလိုလားလား ချက်ချင်းထ လိုက်လာတာ မို့ အရင် ကလို ဒီမှာ အားလုံး တစုတစည်းတည်း ဖြစ်သွားပါလေရော။ ယမင်းရဲ့ သမီးငယ်လေး ကင်ပွန်းတပ်ပွဲ အတွက် မာမီ လာခဲ့ပါ မှာတာနဲ့ အလုပ်က ခွင့်တစ်ပတ်ယူပြီး ကျွန်မ ကယ်လီဖိုးနီးယားကို လိုက်သွား ရပါသေးတယ်။
ယမင်းတို့နေတဲ့ လာ့အိန်ဂျယ်လိစ်မြို့မှာ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ခါစလေးပဲ ရှိပါ သေးတယ်။ မလေးရှားက ဆရာတော်ကြီး ဦးပညာဝံသက ဒေါ်လာငွေနှစ်သောင်း ယူလာတာကို ပထမဆုံး မတည်ငွေအဖြစ် ထည့် လိုက်ပြီး မြန်မာ ဒကာ၊ ဒကာမတွေကို စည်းရုံးလိုက်တာ ချက်ချင်း အောင်မြင်မှုနဲ့ အကောင်အထည်ဖော်နိုင် တာမို့ ဆရာတော်ကြီးရဲ့ အားထုတ်မှုကို ချီးကျူးစရာကောင်း လှပါတယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်တည်လာတော့ မြန်မာတွေအားလုံးလည်း အားတက်ကြ လို့ပေါ့။

ဘုန်းကြီးကျောင်းရှိနေတဲ့အတွက် ကင်ပွန်းတပ်ပွဲနေ့က ကျောင်းမှာရှိတဲ့ သံဃာတော်သုံးပါးကို ပင့်ပြီး ဆွမ်းကပ်ခွင့်ရတာ မို့ ကြည်နူးပီတိဖြစ်လို့ မဆုံးပါပဲ။ ဒါ ပထမဆုံးအကြိမ်ပြည်ပမှာ သံဃာတော်များကို ဖူုးမြော်ကန်တော့ရတာဖြစ်လို့ ကိုယ့်တိုင်းကိုယ့်ပြည် ပြန်ရောက်သွားတဲ့အတိုင်း စိတ်အားတွေရှိ သွား တာပါပဲ။ ဆရာတော် ဦးပညာဝံသနဲ့အတူ ပါလာတဲ့ ဆရာတော်ဦးသီလနန္ဒကလည်း ကျွန်မ စစ်ပြေး စဉ်ကာလ စစ်ကိုင်းတောင်ရိုး သစ်ဆိမ့်ချောင်မှာ အတူနေခဲ့ဖူးတာပါ။ အဲဒီတုန်းက ဆရာတော်က ကယ်လီကျောင်းသား၊ စစ်အတွင်းမှာ ကိုရင်စည်းခါစပါ။ ကျွန်မထက် နှစ်နှစ်လောက် ငယ်မယ်ထင်ရဲ့။
ပါရမီရှင်ဖြစ်လေတော့ ရဟန်းဘဝမှာ ပျော်ပိုက်ပြီး လူပြန်မထွက်တော့ဘဲ သာသနာ့တာဝန် ထမ်း ဆောင်လာတာ အခု မဟာစည်ဆရာတော်ကြီးနဲ့အတူ အမေရိကားကို ကြွလာတာ မကြာသေးဘူးတဲ့။ ဆန်ဖရန်စစ္စတိုမြို့မှာ အခြေချပြီးအမေရိကားမှာ သာသနာပြုဖို့ ဆရာတော်ကြီးက ရွေးချယ်ပြီး ထားခဲ့ တယ်ဆိုတာ သိရတော့ ကျွန်မ ပိုပြီ ဝမ်းသာသွားမိပါတယ်။ ဆရာတော်က စစ်ကြိုခေတ် ကယ်လီ ကျောင်းထွက်မို့ အင်္ဂလိပ်စာနဲ့ စကားပြောပိုင်နိုင် ကျွမ်းကျင်တာကြောင့် ပေးအပ်တဲ့ တာဝန်နဲ့ အဆင် ပြေလေတယ်ပေါ့။

လူသားတိုင်းဟာ ပန်းခင်းသော လမ်းပေါ်မှာ အမြဲတမ်း လျှောက်လှမ်းနေကြရတာမှ မဟုတ်ဘဲနော်။ လောကဓံ တရားရဲ့ အဆက်မပြတ် ထိုးနှက်ခြင်းခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုန်းကန်လှုပ်ရှား  ဘဝ ခရီးကို သွားနေကြရတာပါ။ အထူးသဖြင့် သူတစ်ပါး တိုင်းပြည်မှာ ရာသီဥတု မတူ။ ဘာသာစကား မတူ။ ယဉ်ကျေးမှု မတူ။ မိတ်ဆွေသင်္ဂဟ အသိုင်းအဝိုင်းပါ မတူတာတွေကြောင့် ပိုပြီးခက်ခဲစွာ သွားနေ ရတာမို့ ဘာသာတရား အထောက်အကူ မရှိရင် မလွယ်ကူပါဘူး။ ဘာသာတရားအတွက် ဆုံးမညွှန် ကြား တရားပြသပေးဖို့ ကျွန်မတို့ရဲ့ အားကိုးဆည်းကပ်ရာ သံဃာတော် အရှင်မြတ်များ ရှိနေခြင်းဟာ တန်ဖိုးမဖြတ်နိုင်သော ရတနာစု တစ်ခုပါပဲ။

ကျွန်မ ကယ်လီဖိုးနီးယားက ပြန်ရောက်တော့ ဦးကျော်ဇောက ဖုန်းဆက်လာပါတယ်။ သူ့အလုပ်အကိုင် အဆင်ပြေတဲ့ အကြောင်း၊ သူ့အတွက် ကားအသစ်တစ်စီး ဝယ်ရင်း ကျွန်မအတွက်လည်း တစ်စီးဆင်တူ ဝယ်လိုက်တဲ့ အကြောင်း ကျွန်မတို့မြို့မှာ ရှိတဲ့ ကားကိုယ်စားလှယ်ဆီမှာ သွားထုတ်ယူလိုက်ဖို့ ပြောပြ ပါတယ်။ ဒီမှာ ကားဝယ်တယ် ဆိုတာ ငွေကြေး တစ်ခါတည်း ပေးဝယ်တာမျိုး မဟုတ်ပါဘူး။ ကားရဲ့ တန်ကြေးရဲ့ တစ်ဆယ် ရာခိုင်နှုန်း Down Payment ပေးရင် ကားဝယ်လို့ရပါတယ်။ ကျန်တဲ့ငွေက ဘဏ်တိုက်ကို အရစ်ကျစနစ် နဲ့ လေးနှစ် ဆပ်ပေါ့။
အခုလည်း ဦးကျော်ဇော က Down Payment နှစ်ဆယ်ရာခိုင်နှုန်း ပေးသွင်းပြီး ထားတာမိုပ ကျွန်မ လက်ထဲ ကားရောက် ရင် ကျန်ငွေကို လေးနှစ်ဆပ်ရမဲ့ သဘောပါ။ ကားသစ်စီးရတာနဲပအတူ တာဝန် တစ်ခုလည်း ပိုလာမယ် ဆိုပါတော့။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့စေတနာကို လေးစားစွာနဲ့ပဲ ကျေးဇူးတင်ရတယ် ပေါ့။

ဘာလိုလို နဲ့ နွေကျောင်းပန်ရက် ရောက်ဖို့လည်း နီးကပ်နေပါပြီ။ ကိုဇာနည်အထက်တန်းကျောင်း ပြီး သွားရင် တက္ကသိုလ်ဝင် ဖို့ လပိုင်းပဲ ကျန်တော့တာပါ။ နောက်တစ်နှစ် ဆက်တိုက်ဆိုသလို အငယ်ဆုံး သား အိန္ဒာလည်း တက္ကသိုလ်ရောက်တော့ မှာမို့ သူတို့လေးတွေရဲ့ ရှေ့ရေးကို တွေးပြီး ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေက သက်တံရောင် လို လှပစွာနဲ့ ရောင်စုံဖြာနေလေရဲ့။ သက်တန့်ရဲ့ အလှကို လို ချင်ရင် မိုးရဲ့ဒဏ်ကိုလည်း ကြိုတင် ခံနိုင်မယ် ဆိုတဲ့စကားအတိုင်း ကျရောက်လာမဲ့ တာဝန်တွေရဲ့ ဒဏ် တွေ ခံနိုင်ဖို့ ကြိုတင်ပြင်ဆင်နေရဆဲပါပဲ။
တစ်မနက် သမီးသူဇာ ကျောင်းသွားခါနီး သူ့ကားသော့ ရှာမတွေ့လို့ဆိုပြီး ကျွန်မကိုလာမေးပါတယ်။ ကျွန်မလည်း ဝိုင်းကူရှာပေးတာ ဘယ်မှာမှ ရှာမတွေ့ပါဘူး။ ကားထဲများ မေ့ပြီးထားခဲ့လား သွားကြည့်ပါ ဦး  ခိုင်းလိုက်တော့မှ ပြူးပြူးပျာပျာနဲ့ ပြေးလာလေရဲ့။

'မာမီ သမီးကားလည်း မရှိတော့ဘူး။ တစ်ယောက်ယောက်များ ခိုးသွားပြီလားမသိ'နဲ့ ပြောပြီး ပျာယာ ခတ်တော့တာပဲ။ ကျွန်မကတော့ ဒက်ခနဲ တွေးလိုက်ပါတယ်။ ကားခိုးတဲ့သူက အိမ်ထဲထိတော့ ကား သော့ကို ဘယ်ဝင်ယူပါ့မလဲနော်။ သူ့မောင် ကိုဇာနည်ရဲ့ လက်ချက် ဖြစ်မယ်ဆိုတာ ပြောပြလိုက်မှ။
'သမီးကား တစ်ခုခုဖြစ်လာရင်တော့ မာမီ့သား အသိပဲ'တဲ့။
ကားသစ်ကလေးမို့ တသသလုပ်ထားတဲ့ မသူဇာ ဒေါသထွက်နေတာကို ချော့မော့ပြီး ကျွန်မပဲ ကျောင်း ချိန်မီအောင် အလုပ်သွားဖို့ထဲက အချိန်လုပြီး လိုက်ပို့ပေးရပါတယ်။ ရင်ထဲမှာတော့ တထိတ်ထိတ်နဲ့ ဘယ်အချိန် ဘာသတင်းကြားလေ မလဲနဲ့ တွေးပြီး သောကများနေမိတယ်ပေါ့။ ကားတစ်စုံတစ်ခု ဖြစ်မှာ ထက် လူ့အသက်အန္တရာယ် ကျရောက်မှာကို စိုးထိတ်နေရတာပါ။
သူ့ချစ်သူ ရည်းစားကလည်း သူဌေးသမီးမို့ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းပြီး ကျောင်းတက်နေ တာ မဟုတ်လား။ ကိုဇာနည်က ကျောင်းပိတ်ခါနီး အစ်မကားနဲ့ သူလည်း အပြိုင်ရှိုးပေးပြချင်တာနဲ့ ယူသွား လေ သလား မသိ။ အလုပ်မှာ ကျွန်မ လုံးဝ စိတ်မဝင်စားနိုင်ဘဲ တယ်လီဖုန်းသံ ကြားတိုင်း ရင်မပြီး နားထောင်နေ မိပါတယ်။ ထင်ထားတဲ့အတိုင်းပါပဲ။ နေ့ခင်း တစ်နာရီလောက်မှာ ဖုန်းဝင်လာလေရဲ့။

'မာမီ ခုချက်ချင်း ကျောင်းကိုလိုက်ခဲ့ပါ သား ကားတိုက်လို့'တဲ့။
ပြောတဲ့သူရဲ့အသံက သားကိုယ်တိုင် ဖြစ်နေတာကြောင့် 'တော်ပေသေးရဲ့'ဆိုပြီး အသက်ဖြောင့် ဖြောင့် ရှူနိုင်ပါတော့တယ်။ ကျောင်းကို အူယားဖားယားနဲ့ မောင်းသွားလိုက်တာ ဇောကပ်နေလို့ ဘယ်ရောက် သွားမှန်းတောင် မသိပါဘူး။ ဖြစ်ရပုံကိုလည်း ကြည့်ပါဦး။
လိုင်စင်မရှိဘဲ ကားမောင်းတာက တစ်မှု၊ ကျောင်းဝင်းအတွင်းမှာ သတ်မှတ်ထားတဲ့ မိုင်နှုန်း ထက် ကျော်ပြီးမောင်းတာကတစ်မှု၊ သူများကားကို ဝင်တိုက်တာက တစ်မှု။
အမှုက တစ်ခုတည်းမဟုတ်ဘူး သုံးမှုနဲ့လေ။ တစ်ချီတည်းနဲ့ သုံးမှုရအောင် ပြဿနာရှာနိုင်တဲ့သားမို့ ဆုချရမလားတောင် စဉ်းစားရမယ့်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် အရေးကြုံလာတော့လည်း ရင်ဆိုင်ဖြေရှင်း ရတော့တာ ပဲပေါ့။ ကျွန်မတို့မိသားစုနဲ့ ရင်းနှီးခင်မင်နေတဲ့ ဝတ်လုံကို  အကြောင်းကြား အမှုအပ်ရပါ သည်။

ဒီတိုင်းပြည်မှာ နေရင် မရှိမဖြစ်တွေက အသက်အာမခံ၊ နာရေး ဖျားရေးအတွက် ဆေးကုသခွင့်အာမခံ၊ အိမ်အာမခံ၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ ခိုးသူ၊ ဓားပြဘေး အားလုံး အကျုံးဝင်တဲ့ အာမခံ စတဲ့ အာမခံပေါင်းများစွာအပြင် အရေးကြုံတဲ့အခါ အားကိုးရဖို့ ရင်းနှီးသော ဝတ်လုံတစ်ဦးနဲ့ ဆရာဝန်ဦး လည်း လိုအပ်ပါသေးတယ်။
'သမီးကား တစ်ခုခုဖြစ်ရင် မာမီ့သားတော့ အသိပဲ'နဲ့ ကြိမ်းဝါးထားတဲ့ မသူဇာလည်း သူ့မောင် ကျောင်း ကပြန် လာတော့ မျက်နှာငယ်လေး ဖြစ်နေတာတွေ့ပြီး မဆူရက်။ မပြောရက်တဲ့အပြင် သူကပါ သွား ချော့နေလိုက်သေး ရဲ့။ သူ့တို့မောင်နှမ အထက်အောက်မို့ ပိုပြီး စည်းလုံးပါတယ်။ သူဇာငယ်ငယ်က ဝဝကစ်ကစ်ကလေး ရယ်။ အထွားကလည်းမြန်၊ ဝကလည်း ဝတော့ ဂါဝန်ကလေးတွေက ခဏနဲ့ မတော်ဖြစ်ကုန်ပါတယ်။ တစ်ခါက ဂါဝန်က ဝတ်ပေးတုန်းက ရှောရှောရှူရှူ ဝင်သွားပြီး ပြန်ချွတ်ကာမှ ချွတ်မရဘဲ တစ်နေ့တာကို အနားမှာရှိတဲ့ သူ့မောင်ကိုဇာနည်က အစ်မဖြစ်ပုံကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုပါလေရော။ အဲလို အဖြစ်သည်းကြတဲ့ မောင်နှမပါ။

သူ့မောင် ကိုဇာနည် မြန်မာပြည်က ရောက်လာတော့ မုန့်ဖိုးအတူတူရကြတဲ့ အထဲက သူ့မုန့်ဖိုးထဲက မောင် သုံးလိုသမျှကို ဖြည့်ဆည်းပေးသေးတာလေ။ ဒီမှာက လိုချင်ဖွယ်ရာပစ္စည်းက အမျိုးစုံရှိတာ မဟုတ်လားနော်။ အထူးသဖြင့် ဆယ်ကျော်သက်တွေအတွက် စိတ်ကူးယဉ်ချင်စရာ လက်ဆောင် ကတ်ပြားမျိုးစုံက လှလည်းလှ၊ ရေးထားတဲ့ စာသားလေးတွေ ကဗျာလေးတွေကလည်း ကောင်းမှ ကောင်း၊ ကတ်ပြားလှလှတွေ တစ်ပွေ့တစ်ပိုက် ဝယ်တော့တာပဲ။ သူ ဝယ်တဲ့ ကတ်တွေကလည်း တော်ရုံတန်ရုံ သာမန်ဆိုတဲ့ အရွယ်မဟုတ်ဘဲ တစ်တောင်လောက်ကြီးများတဲ့ စပယ်ရှယ်ကတ်မျိုး ကြီး တွေလေ။
'ရော့ သူဇာ၊ အဲဒါတွေ နင်ကျောင်းသွားရင် စာတိုက်က ပို့ပေးစမ်း'လို့ ခိုင်းလိုက်ပါရော ရိုးရိုးပို့ရင် ပျောက်မှာစိုးလို့ မှတ်ပုံတင်နဲ့ ပို့ခိုင်းတာပါ။ မှတ်ပုံတင်ုနဲ့ပို့ရတော့ တစ်ဒေါ်လာခွဲလောက်ကျမဲ့ကတ်က ခုနစ်ဒေါ်လာ၊ ရှစ်ဒေါ်လာ ဖြစ်တော့တာပေါ့။ ကတ်ပြားပေါင်း ဆယ်ခုနီးပါး ပို့ခိုင်းတဲ့လဆိုရင် မသူဇာ မုန့်ဖိုး ကုန်သလောက်ဖြစ်လို့ ကျောင်းဆင်းချိန် ဗိုက်မှောက်မနေရအောင် အိမ်က ထမင်းဘူး ဆောင်ရ ရှာပါတယ်။

အခုလည်း ညာဘက်တစ်ခြမ်းလုံး ပိန်ရှုံ့လာတဲ့ ကားအသစ်စက်စက်ကလေးကို ကြည့်ပြိး မောင်ကို မဆူရက်လို့သာ နေရတယ်။ မျက်နှာလေး ပျက်လို့။ တော်ပါသေးတယ်။ ကားအာမခ့ ရှိထားတာမို့ အာမခံကုမ္ပဏီက ပြင်ပေးပါတယ်။ ကျွန်မကတော့ ကျသင့်တဲ့ Deductible ငွေ အနည်းငယ်လောက် သာ ကုန်ကျတာမို့ ခံသာသေးရဲ့ပေါ့။ တစ်ခါ ထိဖူးဆိုရင် နောက်ကို သတိထားမောင်းဖြစ် မှာပါပဲလေ။ နောက် တစ်ခါ ပြဿနာကင်းအောင် ကားမောင်းလိုင်စင် ယူခိုင်းလိုက်ပါတယ်။
ဒီလိုနဲ့မကြာခင်မှာပဲ ကိုဇာနည် အလယ်တန်းကျောင်း ပြီးပါလေရော။ သူတို့ဒီပလိုမာဘွဲ့မယူခင်မှာ Promဆိုတဲ့ ကျောင်းဆင်းကပွဲ အကြီးအကျယ် လုပ်တာက ဒီမှာ ရိုးရာထုံးစံပါ။ အဲဒီပွဲက ယောက်ျား လေးဆိုရင် ဘိုးတွေ တိုင်တွေ ကုတ်အကျီတွေနဲ့ ဝတ်စုံပြည့်ဝတ်ရသလို မိန်းကလေးက Evening Grown ခေါ်တဲ့ ညနေဝတ်စုံနဲ့ တခမ်းတနား ဝတ်စားပြီး ကိုယ့အတွဲနဲ့ကိုယ် လာကြရတာမျိုးလေ။ အတွဲ မရှိတဲ့သူလည်း နီးစပ်ရာ အတွဲတွေရအောင် ရှာရပါသေးတယ်။ အတွဲမပါရင် သူတို့အမြင်က ဂုဏ်ငယ် သေးတာကိုး။

ကိုဇာနည်က အတွဲရှိပြီးသူမို့ အမျိုးသမီး KIMနဲ့အတူ တက်ကြမယ်ဆိုပါတော့။ ခက်တာက သူ့အတွဲက သူဌေးသမီးမို့ ကိုယ်တော်မြတ်ကလည်း အဆင့်မီ ရှိုးထုတ်ချင်ပါရော။ သူများတကာလို တော်ရုံတန်ရုံ ဝတ်စုံမဟုတ်ဘဲ အကောင်းဆုံးဝတ်စုံမှ တက်ရွေးပြီး ပူဆာလေရဲ့။ ကိုယ့်မှာ ခြိုးခြံရချိန်ဖြစ်ပေမဲ့ သူရဲ့ ကြိုးစားမှုလေးကို ချီးမြင့်တဲ့အနေနဲ့ပဲ သူ့စိတ်ကြိုက် ဝယ်ပေးလိုက်ရပါတယ်။ အဲဒီနေ့က prom မသွား ခင် KIMရဲ့ မိသားစုနဲ့အတူ ညစာ သွားစားကြသေးတာတဲ့။ KIMမိဘများကလည်း သမီးလေး နှစ်ယောက်တည်းရှိတာမို့ ကိုဇာနည်ကို သားတစ်ယောက်လိုပဲ အရေးပေးပြီး ချစ်ကြပါတယ်။
နွေကျေားင်းပိတ်ရက်မှာ လပိုင်းအနေနဲ့ ကျောင်းသူကျောင်းသားတွေကို ဦးစားပေပြီး အလုပ်ခန့်တဲ့ အစဉ်အလာ ဒီမှာရှိတာမို့ ကိုဇာနည်နဲ့ အိန္ဒာတို့ ညီအစ်ကိုနှစ်ယောက်လည်း ကျောင်းပိတ်ရက်မှာ အလုပ်ကိုယ်စီ ရလာကြပါတယ်။ ကိုဇာနည်က ပထမဆုံး ရလာတဲ့ လခနဲ့Waterbedတဲ့ ရေမွေ့ယာ တစ်လုံး ဝယ်လာလေရဲ့။
'မာမီ လာအိပ်ကြည့်စမ်းပါ ဘယ်လောက်ဇိမ်ကျလဲ။လှိုင်းစီးနေရတဲ့ အတိုင်းပဲ'တဲ့။ ကျွန်မကို ဇွတ်အတင်း ဆွဲပြီး တက်အိပ်ခိုင်းပါတယ်။ အိပ်နေကျ အိပ်ရာလိုတင်းတင်းမာမာ မဟုတ်ဘဲ လှုပ် တုတ် လှုပ်တုတ် ဖြစ်နေတာမို့ 'ကြိုက်ဘူးဟယ်'ဆိုပြီး ဆင်းလာခဲ့ရပါတယ်။ သားငယ် အိန္ဒာကတော့ တက္ကသိုလ်တက်တဲ့အချိန် ကားတစ်စီး ဝယ်နိုင်အောင် ဆိုပြီး ခုကတည်းက သူရတဲ့ လစာငွေကို ကျစ် ကျစ်ပါအောင် စုနေလေတယ်။

ကျောင်းပိတ်ရက်မို့ KIMကလည်း ကျွန်မတို့အိမ် တစ်ချိန်လုံး ဝင်ထွက်နေတာ အိမ်သားတစ်ပိုင်းပါပဲ။ သမီးသူဇာနဲ့လည်း အဖော်ကိုဖြစ်လို့ ရုပ်ရှင်အတူသွားကြ။ ဈေးအတူထွက်ဝယ်ကြ၊ ကျွန်မတို့ မိသားစု အားလုံး ကလည်းKIMကို ချစ်ကြတာကြောင့် ကိုဇာနည်နဲ့ ရန်ဖြစ်ရင်တောင် KIMဘက်က ဝိုင်းပါကြ သေးတာလေ။
ဒီအချိန်မှာ တက္ကဆက်ပြည်နယ်မှာနေတဲ့ သမီးကေခိုင်ရဲ့ သူငယ်ချင်း ကိုဂျင်မီနဲ့ ရေနံကုမ္ပဏီက အရာ ရှိ ကိုသက်ထွန်းတို့နှစ်ယောက် ဖလောရီဒါကို အလည်ရောက်လာကြပါတယ်။ ကိုဂျင်မီက သမီး ကေသီနဲ့လည်း ခင်တာမို့ ကျွန်မအိမ်မှာပဲ တည်းဖြစ်ပါတယ်။ ညညဆို ကိုဂျင်မီတို့နဲ့ သားတို့တစ်တွေ အုပ်စုဖွဲ့ပြီး လည်ကြပတ်ကြ၊ တစ်ခါတလေလည်း ညလုံးပေါက်လက်ဖက်သုပ်၊ ချင်းသုပ်ဝိုင်းနဲ့ စကား တွေပြောကြ၊ ဆိုကြ တီးကြနဲ့ တပျော်တပါးပါပဲ။

လူပျိုနှစ်ယောက်ဖြစ်တဲ့ ကိုဂျင်မီနဲပ ကိုသက်ထွန်းက တစ်အိမ်တည်း အတူနေကြတာတဲ့။ အခုလည်း အပျော်ခရီးကို စိတ်တူကိုယ်တူ အေးအေးဆေးဆေးကားမောင်းလာကြတာပါ။ သားတို့နဲ့ ခုမှတွေ့ရ တာဖြစ်ပေမဲ့ အဆို အတီး ဝါသနာတူကြတော့ ခဏလေးနဲ့ ရင်းနှီးကျွမ်းဝင်သွားကြလေရဲ့။ ပြန်ခါနီး တစ်ရက်နှစ်ရက် အလိုကျတော့ ကိုသက်ထွန်းက...
ဇာနည် အပြန်ကျရင် အစ်ကိုတို့နဲ့ လိုက်ခဲ့ပါလား။ တို့ကုမ္ပဏီမှာ ဂျူနီယာအော့ဖ်ဖဆာဘာတွေ ခေါ် နေတယ်။ မင်းကို သွင်းပေးမယ်။ မင်းအမေကို ပြောကြည့်ဆိုပြီး လိုလိုလာလား ခေါ်တာကို ကိုဂျင်မီက လည်း ထောက်ခံပြီး...
'အေး ဟုတ်တယ် လိုက်သာလိုက်ခဲ့ မင်းအစ်မ ကေခိုင်အိမ်မှာ မနေချင်ရင်လည်း တို့နဲ့ အတူတလာ နေ သုံးယောက်ပေါင်း လောင်းကျော်ရတာပေါ့ကွာ'တဲ့။
ကိုဇာနည်ကလည်း နှစ်ခါမခေါ်ရဘူး မာမီ သားလိုက်သွားမယ်နော်။ ကိုဂျင်မီတို့ကားနဲ့ တစ်ခါတည်း လိုက်သွားမယ်နော်နဲ့ တစ်နော်တည်း နော်ပြီး အမေကို အပူကပ်တော့တာပါပဲ။

ကိုသက်ထွန်းက ဇာနည်လိုက်မယ်ဆိုရင် သူတာဝန်ကျတဲ့ သဘောင်္ပေါ်မှာ အတူရဖို့ ခန့်ထားရေးတာ ဝန်ခံကို ပြောပေးမဲ့အကြောင်း အခွင့်အရေးတွေလည်း ကောင်း၊ လစာလည်းကောင်းတဲ့အပြင် ကြိုးစား တာနဲ့အမျှ တက်လမ်းတွေလည်း ကောင်းတာမို့ လူငယ်လူရွယ် လူလွတ်တွေအတွက်အလုပ်ဟာ အခွင့် အလမ်းတစ်ခုမို့ စိတ်ချလက်ချသာ ထည့်လိုက်ပါ။ သူတို့နဲ့အတူ ထားပြီ ညီငယ်တစ်ယောက်လို စောင့် ရှောက်ပါမယ်လို့ တိုက်တွန်းတာနဲ့ ကျွန်မဒီကိစ္စကို အလေးအနက် ထားပြီး စဉ်းစားပါတယ်။
သားသမီးတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်တော့ တက်လမ်းရှိတဲ့ အလုပ်မို့ သူ စိတ်ပါရင်လည်း လိုက် သွားပါစေ။ စမ်းကြည့်ပြီး မပျော်ရင်လည်း အချိန်မရွေး ပြန်လာနိုင်တာပဲ။ အခု ကျောင်းပိတ်ရက်ဖြစ် လို့ စမ်းကြည့်ချင်တယ် ဆိုရင် အခါအခွင့်ကောင်းတစ်ခုပဲ။ အကယ်၍ တက္ကသိုလ်တက်ချင်ရင် အချိန်မီ ကျောင်းဖွင့်ရက်မှာ ပြန်လာနိုင်တာပဲလို့ ပြောကြတာနဲ့ 'ဟုတ်ပါတယ်လေ'လို့ တွေးရင်း ကျွန်မ သဘော တူခွင့်ပြုလိုက်ရပါတယ်။

ဒီလိုနဲ့ ကုမ္ပဏီကြီးမျိုးမှာ အလုပ်ရဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ။ ခုဟာက ကံကောင်းထောက်မလို့ သာ မိတ်ကောင်းဆွေကောင်းနဲ့ တွေ့ပြီး လိုလိုလားလား အကူအညီပေးလို့ လွယ်လွယ်ကူကူ ရလိုက် တာလေ။ နောက်ပြီး အဲဒီရေနံကုမ္ပဏီက တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာဆိုတော့ သူ့အစ်မကြီး ကေခိုင် လည်း ရှိနေတာမို့ စိတ်မချစရာတော့ မရှိပါဘူး။
ကိုသက်ထွန်းပြောပြလို့ သိရတာက သူတို့ကုမ္ပဏီက ပင်လယ်ထဲ ဘယ်နေရာမှာ ရေနံရှိသလဲ ဆိုတာ လိုက်ရှာတဲ့ ရေနံရှာဖွေရေး လုပ်တာပါတဲ့။ ရေနံရှိတဲ့နေရာ တွေ့ထားပြီးဆိုရင် ကွန်ပျူတာနဲ့ တွက် ချက်ပြီး မြေပုံလုပ်၊ အဲဒီမြေပုံကို ရေနံ လက်တွေ့တူးတဲ့ ကုမ္ပဏီတွေကို ပြန်ပြီး ရောင်းစားတာပါ။
တစ်ခါ သဘောင်္ထွက်ရင် ပင်လယ်ပြင်မျာ ခြောက်ပတ်တိတိ နေကြရတယ်။ ခြောက်ပတ်ပြည့်တဲ့အခါ အိမ်ကို သုံးပတ်ပြန်ပြီး နားခွင့်ရှိတယ်တဲ့။ အဲလို အိမ်ပြန်ခွင့်ရတော့ ကုမ္ပဏီက တာဝန်ယူပြီး လေယာဉ် လတ်မှတ် အသွားအပြန် ကျခံသေးတာတဲ့လေ။ ဒါဆိုရင် ကျွန်မရဲ့သားလေးကို ခြောက်ပတ်တစ်ခါ မှတ်မှန်ပြန်တွေ့ရမှာမို့ မဆိုးလေဘူးပေါ့ ဆိုပြီး အတွေးနဲ့တင် ကြည်နူးလိုက်ရပါရဲ့။

ဒီလိုနဲ့ ကိုဂျင်မီတို့ ကိုသက်ထွန်းတို့ အပြန်မှာ သားကိုဇာနည် ပါသွားပါလေရော။ သဘောင်္မတက်ရခင် မှာ သမီးကေခိုင်နဲ့အတူ သွားနေဖို့ မှာလိုက်ရပါတယ်။ ကေခိုင်ကလည်း မိသားစုနဲ့ ဝေးနေတဲ့သူမို့ သူ့ မောင် ကိုဇာနည် ရောက်လာတာကို ဝမ်းတွေသာပြီး ဂရုတစိုက်နဲ့ မောင်အတွက် အိပ်ခန်းတစ်ခု သီးခြားရှင်းပေးထားလိုက်တယ်တဲ့။ ငယ်ငယ်ကတည်းက စွန့်စားတာ ဝါသနာပါသူ ဖြစ်တော့ သဘောင်္ တက်ရမဲ့ နေ့ကများ စိတ်တွေ လှုပ်ရှားပြီး သူ့မှာ အပျော်လွန်းလို့ ကျွန်မကို ဖုန်းဆက်ပြီး ပြောပြနေလေ သေးရဲ့။

အညာသူ ကျွန်မက ရေကြောက်သူပီပီ ပင်လယ်ထဲ သွားရမဲ့ သားအတွက် ရတတ်မအေးနိုင်လို့ အဲဒီနေ့ ကစပြီး  ဓာရဏပရိတ်နဲ့ ပဋ္ဌာန်းစတဲ့ ပရိတ်ဂုဏ်တော်တွေကို သူ့အတွက် အာပေါက်အောင် ရွတ်တော့ တာပဲ။ ကိုဇာနည်တစ်ယောက် လျော့သွားတာ အိမ်မှာ သိသိသာသာကို ခြောက်သွေ့သွားတာနော်။ ကျန်တဲ့ညီအစ်ကို၊ မောင်နှမတစ်တွေလည်း ကိုဇာနည်မရှိတော့ ငြိမ်လို့။
ကိုဇာနည်တို့ ကြီးပွားချင်တော့ နေ့ချင်းညချင်းပါပဲ။ ခြောက်ပတ်ပြည့်လို့ အိမ်ပြန်လာတဲ့နေ့က ကျွန်မ လက်ထဲ ဒေါ်လာတစ်ထပ် လာထည့်ပြီး 'သားဦးဦးဖျားဖျားလစာကို မာမီ့ကို ကန်တော့တာ'တဲ့။ မိခင် တစ်ယောက်အနေနဲ့ သားရဲ့ စေတနာရဲ့ မေတ္တာကို ထိတွေ့ခံစားရတော့ ကြည်နူးမျက်ရည် လည်မိပါ တယ်။ အလုပ်မှာ သူပျော်တဲ့ အကြောင်းနဲ့အတူ သူ့ရဲ့ အတွေ့အကြုံ အသစ်အဆန်းတွေကို အားပါးတ ရ ပြောပြနေလေရဲ့။ ကိုသက်ထွန်းကလည်း ညီငယ်တစ်ယောက်လို ချစ်ခင်ဂရုစိုက်ပြီး အစစ အရာရာ သင်ကြားပေးတဲ့ အကြောင်းအရာ၊  မကြာခင်မှာ ကွန်ပျူတာနဲပ ပတ်သက်တဲ့ သင်တန်းတစ်ခု တက်ရ မဲ့အကြောင်းတွေပါ ပြောပြနေလို့ ကျွန်မလည်း သားရဲ့ရှေ့ရေးအတွက် အားတွေတက်လို့ပေါ့။

သူ ပြန်လာတိုင်း လက်ထဲမှာ ငွေစရွှင်တာကြောင့် အသုံးအဖြုန်းကလည်း များပါတယ်။ တစ်နေ့ မြန်မာ ပြည် က ရောက်ခါစ မိသားစုတစ်စု လာလည်တာနဲ့ ကြုံတော့ ပါလာတဲ့ ကလေးငယ်လေးကို မုန့်ဖိုးဆို ပြီး ဒေါ်လာ ငါးဆယ် ပက်ခနဲ ပေးလိုက်လေရဲ့။ ကျွန်မက သူရတဲံလစာထဲက ထိုက်သင့်သလောက်ကို စုစုဆောင်းဆောင်း၊ လုပ်ထားစေ ချင်တယ်ပေါ့နော်။ အဲဒီလို စုဆောင်းနိုင်အောင် တိုင်းတိုင်းထွာထွာ ရှိစေချင်တာမို့....
'သားရဲ့ ကလေးကို မုန့်ဖိုးပေတယ်ဆိုတာ ငါးကျပ် တစ်ဆယ်ပဲ ပေးကြတာပါ။ မင်းဟာက ငါးဆယ်ကြီး များတောင် လွန်လှချည်ရဲ့'ပြောတော့....
'မာမီ ကလည်း မြန်မာပြည်က ရောက်ခါစဆိုတော့ ဒီမှာအားလုံးက အသစ်အဆန်းတွေဖြစ်နေတာ မဟုတ်လား စားကြည့်ချင်၊ သုံးကြည့်ချင်တာတွေက အများကြီး။ မာမီ မမှတ်မိဘူးလား သားရောက် ခါစက ပန်းသီးလုံး အနီရဲရဲကြီးတွေ ပလတ်စတစ်အိတ်နဲ့ အထုပ်လိုက်ရောင်းတာ တွေ့တော့ သဘော ကျပြီး တစ်ထိုင်တည်း စားပစ်လိုက်တာ။ အန်ယူပါရောလေ။ သူ့ခမျာလည်း အဲလို စားကြည့်ချင်တာ တွေ့ရင် စားပါစေဆိုပြီး သားက ပေးလိုက်တာပါ'တဲ့။

ဒီတော့လည်း သူ့ရဲ့စာနာတတ်တဲံ စေတနာကို လေးစားစိတ်နဲ့ မပြောရက်တော့ဘဲ နှုတ်ဆိတ်ရတော့ တာပါပဲ။ ဒီလိုနဲ့မကြာခင်မှာ ကွန်ပျူတာသင်တန်း တက်ရပါတယ်။ သက်ဆိုင်ရာ ရေနံရှာဖွေရေး လုပ်ငန်းနဲ့ ပတ်သက် တာတွေပေါ့။ သင်တန်းကျောင်းရှိရာနဲ့ အနီးကပ်ဆုံး ဟိုတယ်တစ်ခုမှာ သင်တန်း ကာလတစ်လျှောက် နေထိုင်ဖို့ ကုမ္ပဏီကပဲ တာဝန်ယံ စီစဉ်ပေးထားပါတယ်။ သင်တန်းပြီးလို့ နားခွင့် ရက်နဲ့ အိမ်ကို ပြန်လာတော့ သူ့မောင်နှမ တစ်တွေကို သူ နေခဲ့ရတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးက ဘယ်လို အကောင်းကြောင်း၊ ဘယ်လို ဇိမ်ကျကြောင်းတွေ ပြောုပတော့ သူ့အစ်မ ကေသီက...
'ဇာနည် ငါ့မောင်လည်း အမေရိကားရောက်မှ လေယာဉ်ပျံ ပထမတန်းစား First Classက စီးရတာနဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ နေရတာနဲ့ ကောင်းစားနေလိုက်တာ မတန်မရာတွေ ဖြစ်နေလို့ တော်နေ ဝမ်းစိမ်းပန်း သေမယ်နော'တဲ့ သူ့မောင်ကို မခံချင်အောင် စနေလေရဲ့။

ရေနံကုမ္ပဏီတွေကတော့ ထုံးစံအတိုင်း အခွင့်အရေးကို မတန်မဆ ပေးတတ်ကြပါတယ်။ အလုပ်ကြိုး စားရင်လည်း ကြိုးစားသလို တိုးတက်မှုရတာပါ။ သားကိုဇာနည်သင်တန်းက အောင်လက်မှတ် ရလာ တော့ အဆင့်မြင့်မြင်နဲ့ အမှတ်ကောင်းတာကြောင့် ချက်ချင်း ဂျူနီယာအော့ဘ်ဇာက Jr. Observer ကနေ Sr.Observer အဆင့် တိုးပြီး ခန့်ထားတာ ခံရပါတယ်။ အဲဒီလို စိတ်ပါလက်ပါ ကြိုးကြိုးပမ်းပမ်း လုပ်နေတော့လည်း အမေတစ်ယောက် အနေနဲ့ ကျေနပ်ဂုဏ်ယူရပါတယ်ပေါ့။
သူ့ရဲ့ လစာငွေထဲကလည်း လစဉ်ကျွန်မကို အိမ်စရိတ်ထောက်တဲ့အပြင် သူ့ညီအိန္ဒာတက္ကသိုလ်တက် တဲ့ စရိတ် ကိုလည်း သူ တာဝန်ယူမယ်လို့ ဆိုလာပါတယ်။ သားနှစ်ယောက်က ဝင်ငွေကောင်းတဲ့ အလုပ်ကိုယ်စသီနဲပ မားမားရပ်နိုင် လာတော့ ကျွန်မလည်း တစ်စထက်တစ်စ အသက်ရှူချောင်လာ တယ် ဆိုပါတော့။ ကျောင်းသားအနေနဲ့ အငယ်နှစ်ယောက်ပဲ ကျန်တော့တာမို့ တာဝန်တွေလည်း ပေါ့ ပါးစပြုလာပါပြီ။

သား ကိုဇာနည်ကို လုပ်ရည်ကိုင်ရည် ပြည့်ဝလာပြီမို့ ကိုသက်ထွန်းသဘောင်္ကနေ တခြားသဘောင်္ကို ပြောင်းပေးလိုက်ပါတယ်။ နားရက် သုံးပတ်ရတဲ့အခါ အမေအိမ်ပြန်လာတာ များပေမဲ့ တစ်ခါတစ်ရံ အစ်မကေခိုင်က သူ့ဆီမှာ နေပါ တားတဲ့အခါ အစ်မနဲ့ နေဖြစ်တယ်ပေါ့။ အဲလိုရက်တွေဆို မောင်နှမ နှစ်ယောက် ဈေးဝယ်ထွက်ကြ၊ တရုတ်တန်း၊ ကုလားတန်းက ဆိုင်တကာမှာ မွှေနှောက်စားကြနဲ့ ပျော် လို့ပါပဲ။
သဘောင်္ထွက်နေဆဲ ဆိပ်ကမ်းတစ်ခုခု ကပ်ရပြီဆိုရင် ကျွန်မဆီ အပြေးအလွှား ဖုန်းဆက်တော့တာပဲ။ အချိန်ကာလကလည်း ရွေးတာမဟုတ်ဘူးနော်။ သန်းခေါင်ကပ်ရင် သန်းခေါင်ဆက်။ အရုဏ်မတက်ခင် ကပ်လည်း ဆက်။ နေ့နေ့ညည ရောက်တဲ့အချိန် ဆက်တော့တာမို့ ကြာတော့ ကျွန်မလည်း ဆက်ခါစတုန်ကလို အထိတ်အလန့် မဖြစ်တော့ဘဲ ရိုးသွားပါတော့တယ်။
'မာမီ သားတို့ ဘယ်ဆိပ်ကမ်း  ရောက်နေတယ်'နဲ့ မနက်က ဆက်ပြီးရင်လည်း မပြီးသေးဘူး။ နေ့လယ် တစ်ခါထပ်ဆက်။ 'မာမီ ဘာလုပ်နေလဲဟင် အလုပ်များနေလား'နဲ့ စပ်စု။ ဟော... ညနေဘက် တယ်လီ ဖုန်း မြည်လာရင်လည်း ကိုဇာနည်လို့ အတပ်စောလို့ ရပါတယ်။ 'မာမီ မီးဖိုထဲမှာလား ခု ဘာဟင်ချက် နေလဲ'နဲ့ အမေးအမြန်းထူ။ ကျွန်မက ငွေကုန်ကြေးကျ မများစေချင်လို့...
'သားရယ်၊ ဈေးကြီးတဲ့အချိန်တွေ ဆက်နေတာ ညကျမှ အေးအေးဆေးဆေး ခေါ်ပါလား' ပြောမိရင်...
'မာမီကလည်း အောက်မေ့လို့ ဆက်တာပဲ အခု အောက်မေ့ရင် ခုဆက်ချင်တာပေါ့ ဈေးပေါတဲ့ အချိန် ထိ အောက်မေ့တာကြီးကို အောင့်ထားပြီး စောင့်ခေါ်ရမှာလား'တဲ့။

သူ့လခတစ်ဝက်လောက်က သူ့ချစ်သူ KIMနဲ့ ကျွန်မဆီခေါ်ရတဲ့ ဖုန်းဖိုးနဲ့ပဲ ကုန်လောက်ပါတယ်။ သူတို့ သဘောင်္ကပ်တဲ့ ဆိပ်ကမ်းတွေကလည်း အများသား အခု ကနေဒါ ရောက်လိုက်၊ တော်ကြာ အလပ်စ္စ ကာရောက်လိုက်။ အမေရိကားပြည်နယ်တွေက ဆိပ်ကမ်းတကာလည်း စုံလို့ အရွယ်နဲ့မလိုက်အောင် နေရာအနှံ့ ရောက်ခွင်ကြုံရတာလည်း သူ့ကုသိုလ်ထူးခြင်း တစ်ရပ်ပါပဲ။
အဲဒီလိုနဲ့ပဲ ကိုဇာနည် ပြန်လာတဲ့အခါ အိမ်က ပိုမိုဆူညံစည်ကား သိုက်မြိုက်လျက်၊ သူ ပြန်သွားတဲ့ အခါ ရင်မှာ ဟာပြီး ငြိမ်သက် တိတ်ဆိတ်လျက် ပုံမှန်လည်ပတ်နေပါတယ်။ တစ်နေ့မှာ မမျှော်လင့်ဘဲ တောင်ပုလုဆရာတော်ကြီးရဲ့ ကပ္ပိယအဖြစ် ပြည်ပထွက်တိုင်း လိုက်ပါလာလေ့ရှိတဲ့ ဦးမောင်မောင်ဆီ က ဖုန်းဝင်လာပါတယ်။ ဆရာတော်ကြီး ဆန်ဖရန်စစ္စကိုကို ရောက်နေတယ်တဲ့။ အဲဒါ ဆရာတော်ကြီး က ဒကာမကြီး ခင်မကြီး မလာဘူးလားနဲ့ မေးတာ နှစ်ခါရှိပြီလို့ ပြောပါတယ်။

တောင်ပုလုဆရာတော်ဘုရားကို နှစ်စဉ် မိတ္တီလာကနေ ရန်ကုန်ပင့်ပြီး ယာယီကျောင်းအဖြစ် သူတို့ တိုက်မှာ သီတင်းသုံး ဆည်းကပ်ပူဇော်ကြတဲ့ ဒေါက်တာဆာကားတို့ မိသားစုက ဦးမြလှိုင်မိသားစုနဲ့ အလွန်ခင်မင်ရင်းနှီးကြပါတယ်။ ဒါကြောင့် ဦးမြလှိုင်ရဲ့ အစ်ကိုကြီး ဦးဘသန်း၊ အစ်မ မမတင်။ မမသန်း တို့နဲ့အတူ ကျွန်မနဲ့ သားသမီးများကလည်း လိုက်ပြီး ရန်ကုန်မှာရှိခိုက် ဝေယျာဝစ္စကုသိုလ်များ နေ့စဉ် ယူပြီး တရားလည်း ဝင်ဖြစ်ကြတာကြောင့် ဆရာရင်း၊ တပည့်ရင်း ဖြစ်နေခဲ့တာ ကြာပါပြီ။

ဒေါတာဆာကားတို့ မိသားစု အိန္ဒိယပြည်ကို ပြန်သွားကြပြီးတဲ့နောက် ညီမဖြစ်တဲ့ ဒေါက်တာရီနာဆာ ကားက ဆန်ဖရန်စစ္စကိုက တက္ကသိုလ်မှာ ပါဠိပါမောက္ခအဖြစ် ရောက်လာပါရော။ သူ့နေရာနဲ့ မနီး ဘိုလ်ဒါကရစ်ဆိုတဲ့ အရပ်မှာ တောင်ပုလုဆရာတော်ကြီးးကို ပင့်ပြီး ကျောင်းဖြစ်အောင် မြန်မာအများစု နဲ့ စီစဉ်ကြိုးပမ်းလိုက်တာကြောင့် အောင်မြင်သွားပါတယ်။ နိုင်ငံခြားသား တော်တောများများ လာရောက်တရား အားထုတ်တဲ့နေရာပါ။ ပုံမှန်ကတော့ မြင်းခြံဆရာတော်ကြီး ကျောင်းထိုင်အဖြစ် ရှိနေ ပြီး တောင်ပုလုဆရာတော်ကတော့ သုံး လေးနှစ်တစ်ခါ  ကြွလာတတ်ပါတယ်။
ကျွန်မတိုပ ရောက်ခါစနှစ်က ဆရာတော်ကြီး ကြွလာပြီး အဲလိုပဲ 'ခင်မကြီး'ရော မေးတော့ ဦးမောင် မောင်က ဖုန်းဆက်အကြောင်းကြားပါရဲ့။ ရောက်ခါစလည်ဖြစ်လို့ အခြေတကျကလည်း မရှိသေးတဲ့ အပြင် ဖလော်ရီဒါနဲ့ ကာလီဖိုးနီးယားက ခရီးအတန် လှမ်းတာကြောင့် ဆရာတော်ကြီးကို ကိုယ်တိုင် သွားမဖူးနိုင်ဘဲ အလှူငွေပဲ ပို့ပြီး လှူလိုက်ရပါတယ်။ နောက်တစ်ခေါက် ကြွလာရင်တော့ ကြိုးစားပြီး ရောက်အောင် သွားမယ်လို့ အားခဲထားမိတယ်ပေါ့။

အခု ဦးမောင်မောင်က ဖုန်းဆက်လာတော့ ကျွန်မလည်း အခြေတကျလေး ဖြစ်နေပြီမို့ ချက်ချင်းပဲ ဘယ်နေ့ ဘယ်ရက် အရောက်လာခဲ့မယ် ဆိုတာ ဆရာတော်ကြီးကို လျှောက်ထားလိုက်ဖို့ မှာလိုက် ပါတယ်။ လေယာဉ်ကွင်းကို ဦးမောင်မောင်နဲ့ အဖွဲ့ကားနဲ့ လာကြိုကြပြီး ကျောင်းတည်ရှိရာ ဘိုလ်ဒါ ကရစ်ကို နှစ်နာရီလောက် ခရီးဆက်ရပါသေးတယ်။ ရောက်လို့အမောတောင် မဖြေရသေးဘူး ဆရာ တော်ကြီးကို သွားကန်တော့တော့ 'ကဲ ..ကဲ ရှစ်ပါးသီလ ယူ'ဆိုပြီး သီလပေးပါလေရော။ ပြီးတာနဲ့ တရားဆယ်ရက်ဝင်လို့ အမိန့်ရှိပါတယ်။

ခရီးကရှည်တော့ ကျွန်မ ဝမ်းကလည်း ဟာတာတ။ ကျောင်းရောက်မှ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ပေါင် မုန့်လေးဖြစ်ဖြစ် စားလိုက်မယ်။ စိတ်ကူးထားတာလည်း သီလယူလိုက်ရတာမို့ မတတ်သာတော့ဘူး ပေါ့။ အဲဒီနေ့က ဝမ်းတကြိုတ်ကြုတ်နဲ့ တရားစဝင်ရတာ နောက်ရက်တွေကျမှ အရှိန်လေးရပြီး နေသာ ထိုင်သာ ဖြစ်တော့တာလေ။ ရိပ်သာကလည်း ကျယ်ဝန်း၊ မြို့နဲ့လည်း ဝေးတာကြောင့် တိတ်ဆိတ် ငြိမ်သက်နေတာအပြင် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကင်းရာ သံဃာတော် အရှင်မြတ်များရဲ့ တရား ဓမ္မ အရိပ် အာဝါသအောက်မှာမို့ တရားဝင်ရတဲ့ ရက်တွေမှာ စိတ်ရဲ့ ငြိမ်းချမ်းမှု ရခဲ့တာ အမှန်ပါပဲ။
အိမ်ပြန်ရောက်တော့ သား ကိုဇာနည်လည်း ပြန်ရောက်နေခိုက် ကြုံတာနဲ့ ကျွန်မက ဝမ်းပန်းတသာနဲ့ ကြုံခဲ့ရပုံကို ဟာသနှော ပြောပြပါတယ်။ သားက သဘောကျစွာနဲ့ တဟားဟား ရယ်ပြီး...
'သား... အသက်နှစ်ဆယ့်တစ်နှစ်ပြည့်တဲ့နေ့ကျရင် မာမီ့အတွက် တောင်ပုလုကျောင်းမှာ သား ရဟန်း ခံပေးမယ်နော်။ မာမီ အဲဒီကျတော့ ရဟန်းအမ၊ မာမီလည်း တစ်ခါတည်း တရားဝင် သားအမိနှစ် ယောက် အတူတူကုသိုလ်ယူကြတာပေါ့။ သီလမယူခင် မာမီကို ကော်ဖီပူပူလေး တစ်ခွကတော့ တိုက် ကြပါလို့ သား မှာထားမယ်'လေတဲ့။

ကျွန်မရင်ထဲ မှာ သားရဲ့စကား ကြားရတော့ ကြည်နူးချမ်းမြေ့လိုက်တဲ့ ဖြစ်ခြင်းပါပဲ။ တစ်ခါတစ်လေ ကျွန်မတို့ တစ်တွေဟာ ကိုယ့်မှာရှိထားတဲ့ လက်ဆောင်ကောင်းတွေကို မေ့ထားတတ်ကြပါတယ်။ သူများက ပေးမှ ရရှိမဲ့ မေတ္တာကို ထိုင်မျှော်ပြီး စိတ်ပင်ပန်းနေတတ်ကြတယ်။ ကိုယ့်ကို ချစ်ကြတဲ့ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းအသိုင်းအဝိုင်းအပြင် သူလိုကိုယ်လို လှုပ်ရှားသွားလာ ကျန်းမာစွာ နေနိုင်ခြင်း၊ ကိုယ်လက်အင်္ဂါ နဲ့ အာရုံငါးပါး မချို့တဲ့ခြင်း စတဲ့ ပြည့်စုံမှုတွေရဲ့ တန်ဖိုးကို သိကြမယ်ဆို ရင် ဘဝမှာ နေရကျိုးနပ်တယ်လို့ ခံယူရမယ် ထင်ပါရဲ့နော်။

ဆက်ရန်
.

1 comment:

Thu said...

Ko Zany's generosity is "like father, like son".