Thursday, February 21, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၄)

"ရွှေလ၀င်း" က အရှေ့တိုင်း စားသောက်ကုန်ပစ္စည်း ရောင်းတဲ့ဆိုင် ပိုင်တာမို့ သူ့ဆီက အလုပ်အကိုင် စီးပွားရေး ကိစ္စတွေ ကို လေ့လာချင်လို့ ပြောင်းလာတဲ့ အကြော်ငးလည်း ပြောပြတာနဲ့ ကျွန်မလည်း "အင်း" လိုက် ရင်း သူပြောသမျှကို နားထောင်နေလိုက်တယ်ပေါ့။
တစ်ဦး နဲ့တစ်ဦး ဝေးကွာသွားပြီး ဆိုတော့လည်း သူ့ပြဿနာ၊ သူ့ရည်မှန်းချက်တွေက ကိုယ်နဲ့ မဆိုင်လေတော့ ဘူး မဟုတ်လားနော်။ ထားရှိခဲ့ဖူးတဲ့ မေတ္တာနဲ့ ကျေးဇူးတရားကို ထောက်ထားတဲ့ အနေနဲ့သာ အကောင်း ဆုံးစေတနာ ထားချက်တွေကို ၀င်ရောက်စွက်ဖက်ခြင်း မပြုသင့်တာ ကျွန်မ နားလည် လက်ခံထားမိ ပါတယ်။
ပြောင်းလဲ တဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး လူ့စိတ်ဆိုတာလည်း ပြောင်းလဲ စေတတ်တယ် တဲ့။
တရားဝင် ကွာရှင်းပြတ်စဲခြင်းလည်း မရှိ။ အတူနေထိုင်ခြင်းလည်း မရှိပါဘဲနဲ့ တယ်လီဖုန်းနဲ့ အမြဲ တမ်း ဆက်သွယ်နေ တတ် တဲ့ သူတစ်ဦးကို ကျွန်မဘယ်လို တံဆိပ်ကပ်ပြီး အသိအမှတ်ပြုရမလဲ ဆိုတာ တွေးရ ခက်နေ ပါ တော့ တယ်။
ကို ဆက်ဖတ်ရန် ....
 

အပိုင်း (၄၆)

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် ကာလမှာ နတ်တစ်ပါးက ညဥ့်သန်း ခေါင် အခါသမယ မှာ လာရောက်လျှောက်ထားပါတယ်။
''အရှင်ဘုရား... လူတို့၏ မှီရာတည်ရာသည် အဘယ်နည်း"
"လောက၌ လွန်မြတ်သော အဆွေခင်ပွန်းကား အဘယ်နည်း"
"အသင်နတ်သား... လူတို့၏ မှီရာ တည်ရာသည် သားသမီးသာတည်း"
"ဤလောက၌ လွန်မြတ်သော အဆွေခင်ပွန်းကား မယားတည်း"လို့ ဘုရားရှင်က ဖြေကြားတော်မူ တာကို သံယုတ္တိနိကာယ် ဒေဝတာသံယုတ်မှာ ဖတ်ရဖူးပါတယ်"
'မယား'က လွန်မြတ်သော အဆွေခင်ပွန်း ဖြစ်တယ်လို့ ဆိုခဲ့ရင် အမျိုးသမီးတစ်ယောက်အတွက် "ကြင်ရာတော် လင်သား" ဟာ လွန်မြတ်သော အဆွေခင်ပွန်း ဖြစ်ရမှာပေါ့နော်။

လွန်မြတ်သော အဆွေခင်ပွန်း အနားမှာမရှိပေမဲ့ မှီရာ တည်ရာ သားသမီးများစွရဲ့ မေတ္တာအင်အားတွေ က ရှိနေတာမို့ ကျွန်မဘဝက နေပျော်တယ်လို့ ဆိုရမှာပါပဲ။ နေရာစိမ်းတစ်ခုမှာ အခြေကျခါစမို့ ရုန်းကန် ရဆဲ ဖြစ်လေတော့ မိုးပေါ်က ကြယ်ပွင့်တွေလို မတောက်ပနိုင်တဲ့တိုင်အောင် ကိုယ့်အိမ်ခန်းလေးထဲမှာ တင် ထွန်းလင်းနိုင် တဲ့ မီးတိုင်လေးအဖြစ်ကိုပဲ လုံလောက်ပါပြီလို့ သဘောထားပြီး ကိုယ့်ဘဝကိုယ် နှစ် သိမ့်ကျေနပ် ပါတယ်။
    သားသမီးတွေလည်း သူတို့အပေါင်းအသင်း၊ သူတို့သူငယ်ချင်းတွေနဲ့ ပျော်အောင်နေတတ်ကြ ပါပြီ။ သားရွှေစင်နဲ့ မင်းရှင်မော်နိုင်ရယ်၊ ဝိန်နဲ့ ဘီလ်ဆိုတဲ့ အမေရိကန်သူလေး နှစ်ယောက် ရယ် လေးယောက်ပေါင်း ပြီး သောကြာ၊ စနေ ညဘက်ဆိုရင် အိမ်နဲ့မဝေးလှတဲ့ ပင်လယ်ကမ်းခြေမှာ သွား ထိုင်တဲ့အခါထိုင်၊ ဒါမှမဟုတ် တေးဂီတ အဖွဲ့ကောင်းကောင်းရှိတဲ့ ကလပ်တစ်ခုခုမှာ သွားနားထောင်တဲ့ အခါ နားထောင် နဲ့ အေးအေးဆေးဆေး အချိန်ဖြုန်းလေ့ ရှိ သလို သားလတ် ကိုဇာနည်က ပါပလို အပါအဝင် သူငယ်ချင်းအုပ်စုနဲ့ အိမ်မှာ တီးဝိုင်း ဖွဲ့ပြီး ဆိုကြ တီးကြ ဆိုကောင်းကောင်းရှိလို့ မိုးသိပ်ချုပ် သွားရင်လည်း အိမ်မပြန်ကြဘဲ ကိုဇာနည့် အိပ်ခန်း က ကြမ်းပြင်ပေါ်မှာ တန်းစီပြီး အိပ်ကြ။

ကျွန်မ က မနက်စောစော ထလေ့ရှိသူပါ။ ကိုယ်လက်သန့်စင် ဘုရားဝတ်ပြုပြီးတာနဲပ ဥပါဒသတ္တိသုတ် တော်၊ ဓာရဏပရိတ်တော်၊ ပဋ္ဌာန်းစတဲ့ ပရိတ်တော်တွေကို တိပ်ခွေဖွင့်ပြီး နာလေ့ရှိပါတယ်။ တစ်နေ့မှာ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်နဲ့ တပည့်သံဃာတော်အားလုံး စုရွတ်ထားတဲ့ ပဋ္ဌာန်းတရားအခွေ ဖွင့် လိုက်ကာပဲ ရှိသေး ဝုန်းဝုန်း ဝုန်းဝုန်း နဲ့ ကိုဇာနည့်အခန်းထဲက ကောင်လေးတွေ ပြေးထွက်လာလိုက်ကြ တာ ကျွန်မက ဘာများဖြစ်ပါ လိမ့်  ပူပင်စိုးရိမ်စိတ်နဲ့ မေးကြည့်မိမှ နောက်ပါလာတဲ့ ကိုဇာနည်ကို စပ်ဖြဲ ဖြဲမျက်နှာနဲ့။ ဘာမှ မဟုတ်ပါဘူး မာမီ ရာ။ ထ...ထ...နဲ့ အားလုံး လိုက်နှိုးပြီး ပြေးလာကြည့်ကြတာတဲ့။
ဘာသာစကား မတူကြတော့လည်း ပရိတ်တရားအသံက သူတို့အတွက် အံ့သြစရာဖြစ်အောင် ကြုံရတော့ တာပေါ့လေ။ ဘာသာစကား မတူတာကြောင့် သူတို့က ကိုယ့်ရဲ့ ကိုးကွယ်ရာတရားကို မသိ သလို၊ ကြီးပြင်း ရာ ဒေသမတူတော့လည်း သူတို့နဲ့နေထိုင်မှု အစဉ်အလာတွေကို ကိုယ်ကမသိ။

တစ်ခါက ကျွန်မအလုပ်ုက ပြန်ရောကတော့ သားကိုဇာနည်က ဆီးပြီးတိုင်တယ်။
"မာမီ နောက်ဘက်ခြံ က အဘွားကြီးက သားကိုခေါ်ပြောတယ်။ ခြံထဲက သားတို့သစ်ပင်ကြီးကို သူတို့ ဘက် အကိုင်းတွေ ထွက်နေလို့ ခုတ်ပေးပါတဲ့။ သူတို့က မခုတ်ပေးဘူးဆိုရင် သစ်ပင်ဖြတ်သမားကို ခေါ် ခုတ်ခိုင်းမယ် တဲ့။ ပြောပုံကလည်း အငေါ်တူးတူးရယ်။ ဒါနဲ့ သားက အမြင်ကတ်လို့ "Go Ahead" လို့ ပြောလိုက်တယ်"တဲ့။
သား က ပေါ့ပေါ့တန်တန် ပြောတာဖြစ်ပေမယ့် ကျွန်မက ကိုယ့်ဘက်ဂျက်ထိမှာမို့ အထိတ်အလန့် ဖြစ် သွား ရပါတယ်။
"အမလေး၊ Go Ahead မိလုက်ပါနဲ့သားရယ်။ သစ်ပင်ဖြတ်သမား ခေါ်ခုတ်ရင် ဒေါ်လာနှစ်ရာလောက် ပေးရမှာ။ သူ တို့က ခေါ်ခိုင်းရင် ကျသင့် တဲ့ ဘီလ်ကျ မာမီတို့က ပေးရမှာ မသက်သာဘူး"ဆိုမှ။
"ဟင် ဟုတ်လား။ သစ်ပင်ခုတ်တာကို မတရားသဖြင့် ဈေးကြီးလှချည်လား။ ဘာများခက်လို့လဲ" ပြောပြောဆိုဆို ကားဂိုဒေါင်ထဲ က (ချိန်းစော) လွှကြီး ယူသွားပြီး သူကိုယ်တိုင် မီရာ ကိုင်းတွေကို တဝုန်းဝုန်းနဲ့ တိုက်ချနေလေ ရဲ့။ စိတ်မြန်လက်မြန် လုပ်ထည့် လိုက်တာ တစ်ညနေနဲ့ သစ်ကိုင်းတွေ အကုန်ရှင်းပြီးသား ဖြစ်သွားပါလေရော။

ကျွန်မတို့နေတဲ့ ဖလော်ရီဒါက စည်းကမ်းဥပဒေတွေကလည်း များပြားလှပါဘိ။ ထန်းပင်တွေကို ပြည် နယ်ရဲ့ အလှအပ အဖြစ် စိုက်ထားတာ မို့ ခုတ်ခွင့်မရှိပါဘူး။ ကိုယ့်ဝင်းကိုယ့်ခြံထဲက ထန်းပင်တောင် ကိုယ့်ဆန္ဒနဲ့ ခုတ်ခွင့် ရှိတာ မဟုတ်ဘူးနော်။ ထန်းပင် တစ်ခု ခုတ်ပစ်ရင် ဒဏ်ငွေ ဒေါ်လာငါးရာ။ အကယ် ၍ ဒီထန်းပင် ကိုယ့်ဝင်းခြံထဲ မှာ မရှိစေချင်တော့ဘူး ဆိုရင် ပြောင်းစိုက်လို့ ရပါတယ်။ ထန်းတစ်ပင်ရဲ့ ဈေးးကလည်း ထောင်ချီပြီး တန်တာ မို့ ကျောင်းတွေ၊ ပန်းခြံတွေ ကို ပေးလှူလို့ရပါတယ်။ အဲဒီ ပေးလှူ လိုက်တဲ့ ထန်းပင်ရဲ့ တန်ဖိုးငွေ ကို နှစ်ကုန်တဲ့ အခါ အကောက်ခွန်ပေးရငွေ ထဲက ခုနှိမ်ခွင့်ရှိတာမို့ တချို့ က ပေးလှူကြတာ တွေ့ရဖူးပါတယ်။

ကျွန်မ ပါးစပ်ဆော့မှုကောင့် ဒဏ်ငွေပေးဆောင်ရမဲ့ အဖြစ်တစ်ခုလည်း ကြုံရဖူးပါရဲ့။ တစ်ခါက ကားနဲ့ ဖြတ်သွား ရင်း လမ်းဘေး ပလက်ဖောင်းမှာ စိုက်ထားတဲ့ ဝက်မလွတ်အုန်းပင်က ညွှတ်နေအောင် သီးနေ တဲ့ အုန်းသီး ခိုင်ကြီး ကြည့်ပြီး....
"ဟိုမှာ သားရေ ကြည့်ပါဦး။ အုန်းသီးတွေ ပြွတ်ခဲနေတာပဲ ဇွန်းခြစ်သာ စားလိုက်ရ သိပ်ကောင်းမှာ" လို့ ပြောလိုက်မိပါတယ်။
ညနေကျ ကိုဇာနည် နဲ့ ပါပလို နှစ်ယောက်သား အုန်းသီးခိုင်ကြီးထမ်းပြီး ရောက်လာပါရော။
"ဟယ်... ဘယ်က အုန်းသီးတွေ ရ လာတာလဲ" မေးကြည့်တော့။
"မာမီ ပြခဲ့တဲ့ အပင်က သွားချိုင်ခဲ့တာလေ"တဲ့။

ကျွန်မ 'ဘုရားတ'သွားရတော့တာပဲ။ ပလက်ဖောင်းပေါ်မှာ စိုက်ထားတဲ့ အပင်က နိုင်ငံတော်ပိုင် ပစ္စည်း လေ။ ခူးယူ ခွင့် ရှိတာမှ မဟုတ်တာ။ ကံကောင်းထောက်မစွာ ကင်းလှည့်တဲ့ရဲကားနဲ့ မကြုံခဲ့ပေလို့ပေါ့။ မဟုတ်ရင်တော့ အမေ ကို စားစေချင် တဲ့ စေတနာပိုမှုကြောင့် အုန်းသီးဖိုး ဒေါ်လာငါးရာ ထွက်သွားမှာ သေချာလှပါတယ်။ သား ကို ဥပဒေ စည်းကမ်းတွေ နားလည်ဖို့၊ ရိုသေဖို့ ရှင်းပြပြီး ဆုံးမရပါတယ်။
ဒီလိုနဲ့ နေတတ် ထိုင်တတ်ကလေးလည်း ရှိရော သိပ်မကြာလိုက်ဘူး။ ကိုဇာနည်ကျောင်းမှာ ချစ်သူ သက်ထားရည်းစား ရလာလေရဲ့။ တစ်နေ့ကျောင်းက ပြန်လာပြီး ကျွန်မကို မိန်းကလေးဓာတ်ပုံတစ်ခု လာပြ ပါတယ်။
"မချောဘူးလား မာမီ"တဲ့ ကြည့်လိုက်တော့ ကလေးမလေးက ရွှေဝါရောင် ဆံပင်နဲ့ ချောချောလှလှ လေးရယ်။

'သားနဲ့ ဘယ်မှာတွေ့တာလဲ'လို့ စပ်စုရတယ်ပေါ့။
'ကျောင်းကလေ။ သားနဲ့ အတန်းတူတူပဲ မာမီရဲ့။ ဒီမှာ သူ့ရဲ့လိပ်စာကတ်ပြား။ မာမီဖတ်ကြည့်ပါဦး။ ဘယ်လိုလဲ မသိဘူး။ သူရဲ့ Last Name နဲ့ လမ်းနာမည် ကလည်း အတူတူပဲ'တဲ့။
ကျွန်မ ယူကြည့်လိုက်တော့ ဟုတ်ပါရဲ့ သားပြောတဲ့အတိုင်း သူ့နာမည်နဲ့ လမ်းနာမည်ကလည်း တစ်ထပ် တည်း ဖြစ်နေပါတယ်။
'ဒါဆို ကိုယ်ပိုင်လမ်း ဖြစ်ရင်ဖြစ်မှာပေါ့။ သားကောင်မလေးက သူဌေးသမီးလား မှ မသိ'လို့ အထင်နဲ့ မှတ်ချက်ချ လိုက်မိပါတယ်။
နောက် သုံးလေးရက်ရှိတော့...
'မာမီ ပြောတာ ဟုတ်တယ်။ KIM က နေ့လယ် မုန့်စားဆင်းချိန်မှာ သားကို သူ့အိမ်လိုက်ခဲ့ဆိုပြီး ခေါ် သွားတာ။ ခြံဝင်းကြီး က အကျယ်ကြီး။ သူတို့ အပျော်စီးတဲ့ မြင်းတွေလည်း ရှိတယ်။ အဲဒီမြင်းဇောင်း ကြိးက သား တို့ အိမ်ထက်တောင် ကြီးသေးတယ်။ သားဖြင့် သူ့အိမ်ကြည့်ပြီး ဖျားသွားတာပဲ'တဲ့။
'ကိုယ်တော်ချော သူဌေးသမီး ကြိုက်မယ်ကြံရင် သူဌေး လို ထားနိုင်ဖို့ စာကြိုးစားပေတော့'လို့ သားကို ပြောရ ပါတယ်။

အဲ.... သူဌေးသမီးကြိုက်မိကာမှ ပြဿနာက တက်ပါလေရော။ ဒီဇင်ဘာကျောင်းပိတ်ရက်ရောက်တော့ ကလေးမ က သူတို့မိသားစုနဲ့ အတူ ဖလော်ရီဒါရဲ့ အနောက်ဘက်ကမ်းခြေမှာ ရှိတဲ့ 'ဟင်နဘယ်(လ)' ကျွန်းကို အပန်းဖြေ ခရီး ထွက်သွားပါတယ်။ ကိုဇာနည်ကိုလည်း သူရှိမဲ့နေရာရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ် တွေ ဆက်သွယ် ရအောင် ပေးထားခဲ့တာပေါ့။ ဒါတွေကို စောစောက ကျွန်မ မသိခဲ့ပါဘူး။ လကုန်လို့ တယ်လီဖုန်း ဘီလ် ရောက်လာတာနဲ့ ဖွင့်ကြည့်လိုက်ကာမှ တယ်လီဖုန်းဖိုး ဘီလ်က ခါတိုင်းလို တစ်ရာ ဝန်းကျင်မဟုတ် ဘဲ ဒေါ်လာခုနစ်ရာကျော် ဖြစ်နေလေရဲ့။
မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ မှားနေပြီဆိုတဲံ အတွေးနဲ့ တယ်လီဖုန်းခေါ်ထားတဲ့ နံပါတ်တွေကို စစ်ကြည့် ကာမှ ကျွန်မအိမ် ကနေ စင်နဘယ်(လ) ကျွန်းကို ခေါ်ထားတဲ့ ဧရာမစာရင်းရှည်ကြီးကို တွေ့ရတော့ တာလေ။ ခေါ်တဲံ အချိန်တွေ ကိုလည်း ကြည့်ပါဦး အလွန်ဈေးကြီးတဲ့ နေ့ခင်း အချိန် ဖြစ်နေတဲ့အပြင် ပြောတဲ့ ကာလ ကလည်း တော်ရုံ တန်ရုံ သုံးလေးမိနစ် မဟုတ်ဘဲ။  မယ်ဘွဲ့ မောင်ဘွဲ့တွေ နာရီနဲ့ချီ ပြီး ပြောထားတာ မို့ ဒေါ်လာခုနစ်ရာ ကျနေတာ မဆန်းလေဘူးပေါ့။

အမေရိကား မှာ အချိန်အခါအလိုက် တယ်လီဖုန်းဈေးနှုန်းတွေ ကွာခြားပါတယ်။ မနက်ရှစ်နာရီက ညနေ ငါးနာရီ အတွင်း အလုပ်ချိန်ဖြစ်တာမို့  ဈေးနှုန်းက အပြည့်ပေးရပြီး၊ ညနေ ငါးနာရီက ညဆယ်နာရီ အတွင်း ခေါ်ရင် 35 ရာခိုင်နှုန်း သက်သာ ပါတယ်။ အပေါဆုံးကတော့ ညဆယ့်တစ်နာရီက နောက် တစ်နေ့ မနက်ရှစ်နာရီအတွင်းနဲ့ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ 65 ရာခိုင်နှုန်း သက်သာ တာကြောင့် အများအားဖြင့်  အဲဒီလို အချိန်တွေမှာ သုံးရတာ ပိုပြီး တွက်ခြေကိုက်လေတယ်ပေါ့။
အခုတော့ သိပ္ပံပညာတွေက ထွန်းကားလာတာမို့ လူတိုင်း ကလေးကအစ ဆယ်လူလာဖုန်းတွေ ကိုင် နိုင်နေကြတဲ့ အပြင် တယ်လီဖုန်းကုမ္ပဏီတွေက ဈေးအပြိုင် လျှော့ပေးနေကြတာကြောင့် ဖုန်းဖိုးက ပြဿနာ မဟုတ်တော့ သလောက် ဖြစ်နေပါပြီ။ ကျွန်မ ပြဿနာကြုံရတဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်ပိုင်း က တယ်လီဖုန်း ကလည်း  မရှိမဖြစ်ပစ္စည်း ဖြစ်နေတာမို့ မတတ်သာဘဲ အောင့်သက်သက်နဲ့ ပဲ တယ်လီဖုန်း ဖိုး ဘီလ်ကို ပေးချေလိုက်ရပါတယ်။

သားကိုလည်း ပြောချင်ရင် ဈေးသက်သာတဲ့အချိန်ကျမှ စောင့်ခေါ်ဖို့ ပြောပြဆုံးမရတယ်ပေါ့။ သူပြော ထားတဲ့ ဖုန်းဖိုးတွေ အဲလောက်ကျတယ်ဆိုတာ သိရတော့ မျက်နှာလေးငယ်ပြီး စိတ်မကောင်းဖြစ်လို့ 'သားအလုပ်ရှာပြီး မာမီ့ ဖုန်းဖိုး ပြန်ပေးပါ့မယ်'နဲ့ ပြောရှာပါရဲ့။ တကယ်လည်း သူ့မှာ အလုပ်အကိုင်နဲ့ အခြေတကျဖြစ်တော့ 'သားပြောခဲ့ တဲ့ ဖုန်းဖိုး'ဆိုပြီး ကျွန်မကို ပြန်ပေးပါတယ်။ ဆယ်ကျော်သက် အရွယ် မအူမလည် အချိန်တွေ မှာတော့ ဘယ်ကလေးမဆို အမှားအယွင်းတွေ လုပ်မိတတ်ကြတာပါပဲ နော်။
ဒီလိုနဲ့ ကျွန်မတို့မိသားစုလေး မရှိမရှားနဲ့ ပုံမှန်လည်ပတ်လို့ အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်းလှုပ် ရှားနေကြပါတယ်။ သမီးသူဇာလည်း သူ့စုငွေလေးနဲ့ ကားတစ်စီး ဝယ်ဖြစ်သွားတာကြောင့် သွားရေး လာရေး ပိုအဆင်ပြေ လာတယ် ဆိုပါတော့။ ဒီအချိန်မျာ ဦးကျော်ဇောက သူ့ညီ ကိုရွှေလဝင်းရဲ့ အရှေ့တိုင်း စားသောက်ကုန် ပစ္စည်းဆိုင်ကို လက်ပြောင်းဝယ်ယူလိုက်တဲ့အကြောင်း ပြောပြလို့ သူ့ဟာ သူ ရည်မှန်းချက် အတိုင်း အဆင်ပြေနေရင်လည်း ကောင်းပါရဲ့ဆိုတဲ့ အတွေးနဲ့ ဝမ်းသာရပါတယ်။

နောက်ထပ် ဝမ်းသာရတဲ့ အကြောင်းတစ်ခုကတော့ သမီးယမင်းဆီက ကျွန်မအတွက် ပဉ္စမမြောက်မြေး လေး တစ်ယောက် တိုးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ အထူးသဖြင့် ယမင်းမွေးမှာက သမီးလေးတဲ့လေ ကျွန်မမှာ လက်ရှိ သားကြီး ခင်မောင်ဝင်းခန့် က မွေးထားတဲ့ မြေးလေးယောက်စလုံးက သားယောက်ျား လေးတွေချည်းပဲ။ အခုရမဲ့ မြေး က သမီးလေးဆိုတော့ ပိုပြီးပျော်သွားရတယ်ပေါ့။
ကျွန်မတို့ခေတ်တုန်းကတော့ မွေးလာမဲ့ ကလေးကို ယောက်ျားလေး ဖြစ်မလား၊ မိန်းကလေးဖြစ် မလား ဆိုတာ ကို အထိုင်အထကို လူကြီးတွေက အကဲခတ်ပြီး ပြောကြတာပါ။ အထိုင်အထ ပေါ့ပါးရင် ယောက်ျားလေး၊ အထိုင်အထ လေးကွေးရင် မန်းကလေးတဲ့။ နောက်တစ်မျိုးကလည်း လွယ်ထားတဲ့ ကိုယ်ဝန်ဆောင်ရဲ့ဗိုက်က ချွန်ထွက်နေ ရင် ယောက်ျားလေး။ ဝိုင်းဝန်းရင် မိန်းကလေးနဲ့ အကဲဖြတ်လေ့ ရှိတာပေါ့။ တကယ်မွေးပြီ ဆိုတော့လည်း မွေးလူနာမိခင်အဖို့ ဇောချွေးပြန်အောင် ဗိုက်နာတဲ့အထိကပဲ သိချင်စိတ်စောနေတတ်လို့ စိတ်လှုပ်ရှား ရတာလည်း အရသာတစ်မျိုးပေါ့နော်။

အခုခေတ် ကျတော့ ဒီလိုမဟုတ်တော့ပါဘူး။ ကိုယ်ဝန်ရှိပြီး ငါးလကျော်ပြီးဆိုတာနဲ့ ဆိုနိုဂရမ် ရိုက် ကြည့်လိုက် ရင် မွေးမဲ့ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား ဆိုတာ ကွဲကွဲပြားပြား သိထား နိုင်တာမို့ ရင်ခုန်လှုပ်ရှား စရာတွေ မရှိတော့ဘဲ ရရှိလာမဲံသား သို့မဟုတ် သမီးအတွက် ကြိုတင်ပြင်ဆင် မှုတွေ လုပ်ထားနိုင် တာကြောင့် တစ်နည်းလည်း ကောင်းပါရဲ့ ဆိုပါတော့။
ဘယ်လောက်ပဲ ပြင်ဆင်မှုတွေ လုပ်ထားလုပ်ထား မွေးဖွားရတဲ့အချိန်ကမှ အားငယ်စရာ အကောင်း ဆုံးဆိုတာ မွေးဖွားဖူးတဲ့ မိခင်တိုင်းရဲ့ ခံစားချက်မို့ သိကြမှာပါပဲ။ အထူးသဖြင့် အတွေ့အကြုံ မရှိသေး တဲ့ သားဦး ဆိုရင် ပိုဆိုးလေသေးတာပေါ့။ ဘယ်လောက်ပဲ လွယ်လွယ်ကူကူ မွေးတတ်သူပဲ ဖြစ်ပါစေ နဖူးက ဇောချွေး မပြန်ဘဲ ကလေးတစ်ယောက် အပြင်ကို ရောက်မလာပါဘူး။ တကယ်တော့ မွေးဖွား ချိန်က နာရီပိုင်း ပဲ ကြာတာပါ။

လွယ်ကူတဲ့သူက ဗိုက်နာချိန် 12 နာရီမှာ မွေးပြီး ခက်ခဲသူကတော့ 24နာရီအတွင်း မွေးကြတာချည်းပါပဲ။ 24နာရီထက် ပိုသူများလည်း ခြွင်းချက်အနေနဲ့ ရှိနိုင်ကောင်းပါရဲ့။
24နာရီအတွင်း မမွေးနိုင်ဘူး ဆိုရင် ဒီမှာတော့ ဗိုက်ခွဲပြီး မွေးပေးလိုက်တာပါ။ ရိုးရိုးပဲ မွေးမွေး၊ ဗိုက်ခွဲ မွေးမွေး ခံစားကြရတဲ့ အာဝေဏိက ဝေဒနကတော့ မိန်းမသားတွေအတွက် အတူတူချည်းပါပဲလေ။ မွေးဖွားတဲ့ အချိန် မှာ ချောချောမောမောမှ ရှိပါ့မလား၊ ဘယ်လောက် အတိုင်းအတာထိ နာဦးမှာလဲ အချိန်ကာလ ဘယ်လောက် ကြာအောင် ခံစားရမှာလဲဆိုတဲ့ ကိုယ့်အတွက် စိုးရိမ်ကြောင့်ကြ ဗျာပါဒ အပြင် မွေးလာမဲ့ ကိုယ့် ရင်သွေးလေး ခြေလက်စုံလင် ကိုယ်အင်္ဂါတွေ ပြည့်စုံအောင်မှ ပါပါ့မလား ဆိုတဲ့ သောက လည်း ဆောင်းလိုက်သေးတာမို့ စိတ်ရောကိုယ်ပါ ဆင်းရဲခြင်းတွေနဲ့ ရင်းရတဲ့ ဒုက္ခတစ်ခုပါပဲ။
မွေးရမှာ သမီးဦး ဖြစ်နေတော့ အတွေ့အကြုံ မရှိသေးတာမို့ သမီးယမင်းလည်း အမျိုးမျိုး တွေးပြီး အားငယ်ရှာ တယ် ထင်ပါရဲ့။

'မာမီ သမီး ကလေးမွေးရင် အနားမှာ လာနေပေးရမှာနော်။ သမီးတစ်ယောက်တည်း မမွေးရဲ့ ဘူး ကြောက်တယ်'လို့ ဖုန်းဆက်လာတော့...
'သမီးယောက်ျား Lamaze Class တက်ထားတာ မဟုတ်လား။ သမီးမွေးတဲ့အခါ Coach အနေနဲ့ အနားမှာ ရှိနေမှာပဲ ဟာ။ ဘာကြောက်စရာရှိလဲလို့ ကျွန်မ အားပေးရပါတယ်။' Lamaze Class ဆိုတာ အမေရိကားမှာ 1970 ပြည့်နှစ်လောက်ကစပြီး ပေါ်ပေါက်လာတဲ့ သင်တန်းတစ်ခုပါ။ ဒေါက်တာ Flamaze ဆိုသူက မိခင်လောင်းတွေ အတွက် ခင်ပွန်းဖြစ်သူများ သားဖွားချိန်မှာ ဇနီးရဲ့အနီး အတူ တကွ ရှိနေသင့်တယ်။ အားငယ်ချိန် မှာ မေတ္တာ အကြာင်နာတရားတွေနဲ့ ဝိုင်းကူပြီး စောင့်ရှောက်သင့် တယ်လို့ ယူဆတာကြောင့် သားဖွားဖြင်း ကိစ္စရပ်တွေ ကို သိသင့်တဲ့ ပညာပေးသင်တန်းတစ်ခု စတင် တည်ထောင်ခဲ့တာပါ။ တည်ထောင်ခဲ့သူ ကို အကြောင်းပြပြီး Lamaze Clase လို့ အမည်တွင်လေတယ် ပေါ့။

ကိုယ်ဝန်ရှိလို့ ခြောက်လပြည့်ပြီဆိုတာနဲ့ ဇနီးမောင်နှ့ အတူတကွ သားဖွားရေးကိစ္စတွေကို နားလည် တက်ကျွမ်း ဖို့ သင်တန်း လေးပတ် တက်ကြရပါတယ်။ သင်တန်းက တစ်ပတ်မှ တစ်ခါတစ်နေ့မှာ နှစ်နာ ရီတည်းပါပဲ။ သင်တန်းချိန် မှာတော့ သားဖွားခြင်းအကြောင်း အခြေခံကစပြီး အပြည့်အစုံ သိရအောင် ပညာပေး ရုပ်ရှင်တွေ ပြသလို ဟောပြောပို့ချတာတွေလည်း ပါရဲ့။ ဒါ့အပြင် လုပ်ရမဲ့ နေ့စဉ်လေ့ကျင့် ခန်းတွေကိုပါ သင်ပါတယ်။ ဗိုက်နာတဲ့အချိန်မှာ ဘယ်လိုအသက်ရှူရမယ်။ ဘယ်လို အနေအထား နေ ရမယ်။ မွေးခါနီး ဆိုရင်လည်း ကလေးထွက်လာအောင် ဘယ်ပုံ ညစ်အားပေးရမယ် ဆိုတာမျိုးကအစ သိသင့်သိထိုက် လုပ်ဆောင် ထိုက်တာ မှန်သမျှ သင်ကြားပြုသပေးပါတယ်။

မီးဖွားချိန်က အရေးအကြီးဆုံးမို့ ခင်ပွန်းက ဇနီးမိခင်လောင်းရဲ့ အနားမှာ အနီးကပ် Coach နည်းပြ တစ်ယောက်လို သင်ကြားထားတဲ့အတိုင်း လုပ်စေတယ်ပေါ့။ အာဝေဏိဝေဒနာကို အပြင်းအထန် ခံစား နေရသူ အဖို့ မေတ္တာအကြင်နာနဲ့ ယုယမှု အထူလိုအပ်ချိန် ဖြစ်တာကြောင့် ခင်ပွန်းသည်က ခါးကလေး ကို တယုတယ ပွတ်သပ်ပေးတာမျိုး၊ အကြင်နာစကားလေးနဲ့ အားပေးရင်း နှိပ်နယ်ပေးတာမျိုးလေး တွေ ခံစားရတဲ့ အခါဝေဒနာက တစ်ဝက်လောက် သက်သာစေမှာ အမှန်ပါပဲ။ ချစ်ကြင်မြတ်နိုးအားကိုးရ သူကိုယ့်အနားမှာ ရှိတော့ လည်း ခံနိုင်ရည်ပိုရှိလာစေတာအပြင် ခင်ပွန်းသည်ဘက်ကလည်း ကိုယ့်ဇနီး နအနေနဲ့ ရင်သွေးတစ်ယောက် လူ့လောကထဲ ရောက်လာဖို့ ဘယ်လောက်ခွန်အားတွေစိုက်ပြီး ပင်ပန်းဆင်းရဲခြင်းနဲ့ ရင်းရလဲဆိုတာ ကို မျက်စိအောက်မှာ လက်တွေ့မြင်လိုက်ရတော့ လေးစားစိတ် နဲ့ဂရုဏာပိုစရာ လည်း ဖြစ်တောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစွာနဲ့ အိမ်ထောင်ရေးအုတ်မြစ်လည်း ပို၍ခိုင်မြဲစေတယ်ပေါ့နော်။

ဒါကြေင့်သမီးယမင်းကို ခင်ပွန်းသည်အနားမှာ ရှိတာပဲလို့ တမင်တကာ အားကိုးစေချင်တဲ့ စေတနာနဲ့ စကားဆို ခဲ့ပေမဲ့ နားမ၀င်ပါဘူး။
"လာခဲ့ပါ မာမီရယ်။ မာမီအနားမှာမရှိဘဲ သမီးမမွေးရဲပါဘူးနဲ့"တစ်နေ့တစ်ဆယ့်ခြောက်ခါ ဖုန်းဆက် ပူဖာရင်း ဂျီကျနေတာ နဲ့ ကျွန်မ စိတ်မောရပါတော့တယ်။ သမီးရောက်ရှိနေတဲ့ ကာလီဖိုးနီးယားပြည် နယ်ကလည်း မိုင်းပေါင်းသုံးထောင်ကျော်ခရီး နီးနီးနားနားလည်းမဟုတ်။ အိမှာထားခဲ့ရမှာကလည်း အားလုံး က ကျောင်းသား အရွယ်တွေ။ လူကြီးရယ်လို့လည်း တစ်ယောက်တလေမှ မရှိ။ သားသမီး တစ်ယောက်စီ အတွက် စောင့်ရှောက်ပေးနိုင်ဖို့ ရုပ်ရှင်ထဲကလို ရှစ်ကိုယ်ခွဲလို့ရနိုင်ရင်လည်း ကောင်း လေစွလို့ တွေးမိပါရဲ့။

နောက်ဆုံးတော့ သမီးအားငယ်စိုးရွံ့နေတာကို မကြည့်ရက်နိုင်တာနဲ့ သမီးအနားမှာ သွားစောင့်ရှောက် ပြုစုပေး မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အလုပ်ကခွင့်တစ်လယူဖို့ အထက်အရာရှိကို သွားတော့ပြောပြ ပါတယ်။ ကျွန်မရဲ့ လုပ်သက်ခွင့် က နှစ်ပတ်ပဲ ရှိတာမို့ ကျန်တဲ့နှဏ်ပတ်ကို လစာမဲ့ တင်ပေမဲ့ မရပါ ဘူး။ လိုချင်တဲ့ခွင့်မရတော့ မကျေမနပ် နဲ့ ပြန်လာခဲ့ရတယ်ပေါ့။ အဲဒီညက လက်ရှိအခြေအနေကို ဘာလုပ်သင့်သလဲနဲ့ စဉ်းစားလိုက်တာ အိပ်လို့တောင် ကောင်းကောင်းမပျော်ပါဘူး။
သူတစ်ပါးတိုင်းပြည်မှာ ကိုယ့်မိသားစုလေးပဲ ရှိတာနော်။ ဒီမိသားစုလေး စည်းစည်းလုံးလုံးနဲ့ လိုအပ်ချိန် တစ်ဦး လိုအပ်ချိန် တစ်ဦး စောင့်ရှောက်နိုင်မှသာ အဓိပ္ပာယ်ရှိတဲ့ မိသားစုလေး ဖြစ်ပေမှာ ပေါ့။ မိသားစုတစ်ခုမှာ အဓိက လိုအပ်ချက်က ငွေလား၊ အချိန်လား၊ မေတ္တာလား၊ ကျွန်မဝေခွဲမရနိုင် ဖြစ်နေပါတယ်။

ဒီအလုပ်မှာဆက်နေရင် ကျွန်မအတွက် အလားအလာ ကောင်းမယ်၊ ၀င်ငွေကောင်းမယ်၊ ဒါပေမဲ့ မိသားစုအတွက် အချိန်ရှားပါးမယ်။ ကျွန်မလုပ်ခဲ့တဲ့ ပထမအလုပ်ကို ပြန်စဉ်းစားကြည့်ပါတယ်။ ၀င်ငွေ အားဖြင့် အနည်းငယ် ကွာခြားမှုရှိတယ်။ ဒါပေမဲ့ လွပ်လပ်တယ်။ ကျွန်မရဲ့ရိုးသားမှု၊ ကြိုးစားမှုတွေကို အသိအမှတ်ပြုတဲ့ အတွက် ကျွန်မလက်၊ ကျွန်မခြေ လုပ်ပိုင်ခွင့်တွေရှိတယ်။ ကျွန်မမှာ မိသားစုက ကြီးမားတယ်။ ဒါကြောင့် အရေးအခင်း ပေါ်တိုင်းမိခင် တစ်ယောက်အနေနဲ့ အနားမှာ မားမားရပ်နိုင်ဖို့ ငွေကြေးထက် အချိန်က ပိုအရေးကြီးတယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်တစ်နေ့ ကျွန်မရဲ့ အလုပ်ဟောင်း ကုမ္ပဏီကို ပြန်ဆက်သွယ်ကြည့်တော့ တာဝန်ခံက ၀မ်းသာ လှိုက်လှဲစွာ နဲ့ အချိန်မရွေး ပြန်လာခဲ့ပါလို့ ကြိုဆိုပါတယ်။ ဒီဘက်မှာ အလုပ်အတွက် သေချာတယ် ဆိုတာ သိလည်း သိရော လက်ရှိအလုပ်က ထွက်စာတင်လိုက်ပါတယ်။ ကျွန်မအလုပ်က ထွက်လိုက်တဲ့ အကြောင်းအရင်း ကို သားကြီးခင်မောင်ဝင်းခန့်က သိတော့ ဆုံးဖြတ်တာ မှားတယ်လို့ ဝေဖန်ပါတယ်။ သားလတ် ရွှေစင် ကတော့ မှားတယ် မှန်တယ်မပြောဘဲ "မာမီ စိတ်ဖြောင့်ဖြောင့်သာ သွားပါ။ သားအိမ်ကို ကြည့်စောင့်ရှောက် ထားလိုက်မယ်၊ ဘာမှမပူနဲ့'တဲ့။

သမီးကေသီ ကလည်း "မာမီစိတ်ချသွား။ သမီးလည်း ရှိတာပဲ"လို့ ပြောရှာပါတယ်။့ ပထမဆုံးအကြိမ် ကလေးတွေ ချည်း ထားသွားရမှာမို့ ရင်ထဲမှာတော့ ဘ၀င်မကျလှဘူးပေါ့။ အစ်ကိုတွေ အစ်မတွေ လက်တစ်ကမ်း မှာ ရှိနေတာမို့သာ နည်းနည်းတော့ စိတ်အေးရသေးတာပါ။ ဒါတောင် စိတ်ကမဖြောင့် လို့ သူတို့မာ၏ သာ၏ကိုနေ့စဉ်ဖုန်းဆက်ပြီး သတင်းမေးနေရတာနော်။ တစ်နေ့သားရွှေစင်နဲ့ ဖုန်းပေါ်မှာ စကားပြော ရင်း....
"ဘယ်လိုလဲ မင်းအစ်မရော လာရဲ့လား၊ ဂရုစိုက်ရဲ့လား"မေးကြည့်တော့...
"အင်း.. .လာပါတယ်။ မာမီ့သမီး နှိပ်စက်ထားလို့ သားတစ်ညလုံး ကောင်းကောင်းမအိပ်လိုက်ရဘူး"
"ဘယ်လို ဖြစ်တာလဲ"မေးမှ...
"ညက သားအိပ်ပျော်ခါစ ပဲ ရှိသေးတယ်။ ဖုန်းဆက်လာတယ်။ သူ့ဟာသူ ရုပ်မြင်သံကြားက သရဲကား ကိုကြည့်ပြီး တစ်ယောက်တည်း မအိပ်ရဲလို့ သူနဲ့အဖော်လုပ် စကားပြောနေပေးပါဆိုတာနဲ့ အိပ်ချင် ရက်ပြောနေရ တာပေါ့။ မိုးလင်းခါနီးမှ ဖုန်းချသွားတာ။ သားခေါင်းကိုမးနောက်ကျန်ခဲ့တာပဲမာမီရာ"တဲ့။

"အင်း...စောင့်ရှောက်မဲ့ ပုဂ္ဂိုလ်က ရုပ်ရှင်ထဲက သရဲကိုတောင်ကြောက်သေးတယ် ဆိုတော့ အားကိုး လောက်ဖွယ် ပါပဲ"လို့ တွေးရင်း သက်ပြင်းချမိပါရဲ့။
ကျွန်မ လည်း သမီးလေး အားရှိပါစေဆိုတဲ့ စေတနာနဲ့ အလုပ်ကိုတောင် စွန့်လာခဲ့ပေမဲ့ ဘ၀ဆိုတာ ပုံသေ ကားကျ မြေပုံဆွဲသလို သေချာပေါက်လျာထားပြီး လုပ်လို့မရတဲ့ သဘာဝမို့ ထွက်မလာခင် သုံး ရက်အလိုမှာ သမီး က ရေမြွှာပေါက်ပြီး ဆေးရုံ ရေက်သွားတာနဲ့ သားဖွားချိန်ကိုမမီလိုက်ပါဘူး။ ဆရာ ၀န်ထွက်ပေးထားတဲ့ ရက်ထက် ကလေးက နှစ်ပတ်ခွဲ စောပြီးမွေးလာတာမို့ ဖန်လာတဲ့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရပါတော့တယ်။

ဒါပေမဲ့ ဆေးရုံကဆင်းချိန် မိခင်အသစ်စက်စက်အနေနဲ့ ကလေးကိုမကိုင်တတ်မလုပ်တတ်သေးတဲ့အ ခါမှာအမေအနားမှာရှိနေတာကြောင့် သမီးမျက်နှာလေးက ကြည့်လို့ရွှင်လို့ အားမာန်တွေအပြည့်ဖြစ် နေပုံပါပဲ။
"မာမီ အချိန်မီရောက်မလာနိုင်တော့ မွေးခန်းထဲမှာ သမီးကြောက်လိုက်တာ။ အားငယ်လိုက်တာ။ ဘုရားကိုပဲ အားထားပြီး တစ်ချိန်လုံး ဘုရားစာတွေ ရွတ်နေရတယ်"လို့ သမီးက အိပ်ရာပေါ် ကျွန်မ လက်ကလေးကို အားကိုးတကြီးနဲ့ ဆုပ်ကိုင်ရင်း ပြောပြတော့ ရင်ထဲမှာနင့်သွားလိုက်တာ မျက်ရည် လည်တဲ့အထိပါပဲ။ ကျွန်မဖတ်ထားဖူး တဲ့ စာလေးတစ်ပိုဒ်ကိုလည်း သွားသတိရမိပါတယ်။
အားငယ်မှု နဲ့ စိတ်ဓာတ်ကျနေရင် ဗိုက်တာမင် GIနဲ့ ဗိုက်တာမင် PI လိုအပ်တယ်တဲ့။ GI တိုတာက God ဘုရားကို အားကိုးဖို့နဲ့ PIဆိုတာက Parent မိဘဆီအားပေးမှုကို ယူဖို့လို့ ဆိုထားတာပါ။ လိုက်နာမှတ်သားစရာကောင်းတဲ့ ဆောင်ပုဒ်လေး တစ်ခုပါပဲနော်။

ကျွန်မတို့မိသားစုမှာ နောက်ထပ် သမီးလေးတစ်ယောက် တိုးပွားလာတာမို့ ကျွန်မမောင်နှမ အားလုံး လည်းပျော် လို့ရွှင်လို့ အဝေးကနေ ဖုန်းတွေ တဂွမ်ဂွမ်ဆက်ပြီး စိတ်ဝင်စားစွာနဲ့ စပ်စုကြရင်း သတင်း တွေမေးကြ၊ သမီးဆိုဆိုတော့ အဖေရော၊ အမေရော အရူးအမူးဖြစ်ပြီး ဂုဏ်ယူပြောပြလို့ မဆုံးပါပဲ။ ကလေးဆီ က အဲ့ခနဲအသံကြားတာနဲ့ လင်မယားနှစ်ယောက် အပြေးအလွှား ရောက်သွားကြပါပြီ။ ခြေ မကိုင် လက်မကိုင်မီ "မာမီ နို့ဘူးဖျော်တာ ရေများ နည်းနည်းပူသွားလား၊ ဒီခေါင်းအုံးလေးက သမီးအ တွက်နည်းနည်း များ မာနေလား"နဲ့ အဖြစ်ကလည်း သည်းနေကြပါသေးတယ်။
ကိုယ်သားသမီး ရမှ ကိုယ်သိကြတာ ဓမ္မတာမို့ အပြစ်မဆိုလိုပါဘူးလေ။ ဒီလိုနဲ့ သမီးလည်းကလေးနဲ့ လုပ်တတ် ကိုင်တက် ချီတက်ပိုးတတ်နေသားတကျ ရှိလာပါပြီ။ သားဖွားခွင့်ခြောက်ပတ် ပြည့်တဲ့ခါ အလုပ်ပြန်သွား ရမှာမို့ ကလေးကြည့်ပေးမဲ့သူ ရှာရတော့တယ်ပေါ့။ ကျွန်မနေနဲ့ ကိုယ့်မြေလေးကို ထိန်းပေးချင်ပေ မဲ့ ဥမမည် စာမမြောက်ကြသေးဘဲ အငယ်သားသမီးတွေရဲ့ တာဝန်ကရှိနေသေးတာမို့ အချိန် တန် အိမ်ပြန်ရဦးမှာလေ။

ပြန်မဲ့ညမှာ သားအမိနှစ်ယောက်ထိုင်ပြီး စကားတွေပြောကောင်းနေလိုက်ကြတာ ည ၁၁နာရီတိုင်ပါ ရော။ ဒီအချိန်မှာ ဖုန်းသံက မြည်လာလို့ ဘယ်သူများလဲပေါ့။ ယမင်းက ထသွားပြီးဖြေပါတယ်။
"မဆင်းပါနဲ့ဟယ်။ မနက်ဖြန် မာမီလည်း ပြန်လာတော့မဲ့ဟာ။ အေးအေးဆေးဆေးနေစမ်းပါ။ အလား ကားမင်းတို့လုပ်တာနဲ့ မာမီစိတ်မကောင်းဖြစ်ရဦးမယ်"နဲ့ သမီးက တောင်းတောင်း ပန်ပန် ချော့ပြော နေသံ ကိုကြားရတော့ ကျွန်မစိတ်ပူသွား တာပေါ့။ နောက်ပြီးဖလော်ရီဒါက ကာလီဖိုးနီးယားထက် သုံးနာ ရီစေတာကြောင့် ဟိုမှာနာရီပြန်နှစ်ချက်ဖြစ်နေပြီမို့ ပိုပြီးထိတ်လန့်တကြား ဖြစ်မိပါတယ်။
"သမီး ဘယ်သူဆင်းမှာတဲ့လဲ။ ဘာတွေဖြစ်ကုန်ကြပြီလဲ"နဲ့ ပျာပျာသလဲ မေးတော့...
"နေဦး မာမီ။ သမီး မေးလိုက်ဦမယ်"တဲ့
"ဟဲ့....သမီးကိုယ်တိုင်ပြောနေတဲ့ဟာ။ မေးရဦးမှာလား"လို့ ကျွန်မစိတ်မရှည်သံနဲ့ ပြောမိပါတယ်။

"မာမီ့သားတွေ အားလုံးက အသံတူတူပဲဟာ။ သမီးခွဲခြားလို့မှ မရဘဲ၊ မေးရဦးမှာပေါ့"ဆိုပြီး မေးလေမှ ကိုဇာနည် အိမ်ပေါ်က ဆင်းမင်းဆိုတာ သိရတာပါ။
အဖြစ်က ဒီလိုတဲ့လေ။ တယ်လီဖုန်းဖိုး ဒေါ်လာ ၇၀၀ပေးရပြီးကတည်းက ဖုန်းဆက်ချင်ရင် ဈေးသက် သာတဲ့အချိန် မှ ဆက်လို့ ပြောထားတဲ့အတွက် ကိုဇာနည်က ည၁၁နာရီ ထိုးထာတာကိုထိုင်စောင့်ပြီးမှ သူ့ကောင်မလေး ဆီ ဆက်လေတယ်ပေါ့။ သားငယ် အိန္ဒာကတည်း ကျွန်မကို သတင်းကောင်းတစ်ခု ပါးစရာ ရှိတာကြောင့် သူ့ အစ်ကို ဖုန်းပြောပြီးအောင် ထိုင်စောင့်နေတယ်ပေါ့။ နာရီဝက်ကြာလည်း မပြီး၊ တစ်နာရီကြာ လည်း မပြီး၊ ၁၂နာရီထိုး တဲ့ထိ ပြောမပြီးတော့ သူ့အစ်ကိုကို "မာမီ့ဆီ ဖုန်းဆက်စရာရှိ တယ်၊ ဖုန်းချပေးပါ" လို့ ပြောတယ်တဲ့။
အစ်ကို က "အင်းပါ"ဆိုပြီး ဆက်ပြေလိုက်တာ ၁၂နာရီခွဲတော့ အငယ်ကောင်ကလည်း ထပ်လောလေ တယ်။ အဲဒီမှာ ညီအစ်ကိုနှစ်ယောက် ရန်ထဖြစ်တော့တာပဲ။ အနားမှာရှိတဲ့ အစ်မသူဇာက ရန်ပွဲကို ၀င်ဖျန်ဖြေ ပါရဲ့။ မောင်တွေကို ပြောမရ တာနဲ့ အဲဒီနားမှာတင် ထိုင်ပြီး အော်ငိုပါလေရော။

ဒီတော့ ကိုဇာနည်က နားငြီးတယ်။ နင်တို့နဲ့မနေဘူး။ အိမ်ပေါ်က ဆင်းမယ်ဆိုပြီး အစ်မယမင်းကို ဖုန်း ဆက်အကြောင်းကြားတာတဲ့လေ။ ကြာဖူးကြရဲ့လား။ အိမ်ပေါ်ကဆင်းမဲ့သူက သူသိရှင်ကြား မိုင်းသုံး ထောင်ခရီးကို လှမ်းအကြောင်းကြားရတာတဲ့။ ကျွန်မ သားသမီးတွေဖြစ်ပျက်နေပုံက ရယ်ရမလား၊ ငိုရ မလားတောင် မသိတော့ပါဘူး။ ဒါနဲ့ ကျွန်မက ငိုယိုနေဆဲဖြစ်တဲ့ သမီးသူဇာကို ဖုန်းပေါ်မှာ မေးကြည့်ရပါတယ်။
"နေပါဦး၊ အဲသလောက် သမီး တို့ ပြဿနာဖြစ်နေတာ။ သမီးအစ်ကို ကိုရွှေစင်က ဘာမှမပြောဘူး လား"မေးတော့...
"သူမှ မသိဘဲ။ အိပ်ရာထဲမှာ အိပ်ပျော်နေတာ နိုးတောင်မနိုးဘူး"တဲ့ လေ။
"ကဲ...ဒါဖြင့် သွားနှိုးချေ"လို့ ခိုင်းရပါတယ်။

အိမ်ချင်မူးတူး နဲ့ ကိုရွှေစင် ဖုန်းလာထူးလေရဲ့။ "သားညီက အိမ်ပေါ်က ဆင်းမလိုတဲ့။ ကြည့်လည်းပြော ဦး"ဆိုတော့..
"ဘယ်သူလဲ၊ မဆင်းပါဘူး။ ဒီမှာအားလုံးရှိနေတာပဲ"တဲ့လေ။ ဒါနဲ့တစ်အိမ်တည်းနေပြီး ဘာမှမသိလိုက် တဲ့သားကို မိုင်သုံးထောင်ကျော်မှာ ရောက်နေတဲ့ အမေက ဖြစ်ကြောင်းကုန်စင်ရှင်းပြမှ ဟင်.. ဟုတ်လားတဲ့ ခုမှ သားလည်း ဇာတ်ရည်လည်သွားပုံရပါတယ်။
"သား ကြည့်ထိန်း ထားလိုက်ပါမယ်။ မာမီစိတ်ပူမနေနဲ့။ ဒီကောင်တွေ အလကား။ ဘာမဟုတ်တာနဲ့ ရန်ဖြစ်နေကြတာ"နဲ့ သားက တာဝန်ုယူလိုက်တာမို့ ကျွန်မလည်းစိတ်လက်ပေါ့ပါးပြီး အိပ်ရာဝင်လိုက် ပါတယ်။ အိပ်ရာပေါ်မှာ တစ်နာရီလောက် တလူးလူးတလွန့်လွန့် ဖြစ်ရင်း စိတ်ကိုလျှော့ဖို့ကြိုးစာပေမဲ့ အမေဆိုတော့ သားသမီးဇော ကပ်ပြီး အိပ်လို့မပျော်ပါဘူး။ အေးအေးဆေးဆေးမှ ဖြစ်ကြရဲ့လား၊ သိချင်တာနဲ့ ဖုန်းလှမ်းဆက် လိုက်ပါတယ်။ ဖုန်းလာကိုင်သူက သမီးသူဇာပါ။

"သမီး မောင်တွေပြေလည်သွားကြပြီလား။ ဘယ်လိုလဲ"မေးကြည့်တော့...
"မာမီ့သား အိမ်ပေါ်က ဆင်းသွားပြီ"တဲ့။ ကျွန်မရင်ထဲ ဒိန်းခနဲ ဆောင့်သွားတော့ တာပဲ။
"သမီး အစ်ကို က မတားဘူးလား"နဲ့ အလောတကြီးမေးမိပါတယ်။
"အခန်းထဲ ပြန်သွားအိပ်ပြီ ဆိုတာသေချာမှ သူကထွက်သွားတာ။ အဝေးကြီးဆင်းသွားတာ မဟုတ်ပါ ဘူးမာမီရဲ့။ သမီးကားထဲ မှာ သွားအိပ်နေတာပါ"တဲ့။
ဒီတော့မှ ရင်ထဲက အလုံးကြီးကျသွားရပါတော့တယ်။ ကြည့်ပါဦး ဆင်းဖြစ်အောင် ဆင်းသွားလိုက်သေး တယ်လေ။ မိသားစုဘ၀ဆိုတာ ဒီလိုပါပဲ။ အဖြစ်အပျက်အမျိုးစုံနဲ့ အချိန်အခါ အသေးလေးတွေ စုစည်း ထားခြင်းပါပဲ။ ရယ်စရာတွေ၊ စိတ်တိုချင်စရာရော၊ နားလည်မှုလွဲချော်နေတာမျိုးတွေရော၊ ခံစားချက် အမျိုးစုံ ပါပဲနော်။ ပျော်စရာကောင်း တဲ့ မိသားစု ဖြစ်လို့ စိတ်ရှည်မှုတွေ၊ သည်းခံခွင့်လွှတ်ရခြင်းတွေနဲ့ မတန်တဆ များပြားလှတဲ့ အခြားအရည်အချင်းတွေလည်း လိုအပ်ဦးမယ် ထင်ပါရဲ့။

ငယ်တုန်းမှာ သားသမီးကိုစောင့်ရှောက်ပြုစုရတာက လွယ်ပါသေးတယ်။ နို့တိုက်ရုံ၊ အ၀တ်အစား ဆင် ပြီးသန့်ရှင်းပေးရုံ၊ ဘေးအန္တရာယ်က ကာကွယ်ပေးရုံလောက်ပဲ ရှိတာပါ။ အရွယ်တွေ တဖြည်းဖြည်း ရလာ တာနဲ့ ကောင်းတာ၊ မကောင်းတာ ခွဲခြားတတ်ဖို့ သွန်သင်ရ၊ ညွှန်ကြားရ၊ ပဲ့ပြင်ရ၊ တစ်ခါတလေ အလိုလိုက်ချင်ပေမဲ့ "ဟင့်အင်း"ပြေရ၊ ချော့ရ၊ ခြောက်ရ၊ လျှော့ရ၊ တင်းရ၊ မလွယ်လိုက်တဲ့ ဖြစ်ခြင်းပါပဲ လေ။
ကျွန်မပြန်ရောက်လာတော့ ကားပေါ်မှာ အိပ်တဲ့သားလည်း အခန်းထဲပြန်ရောက်လာလေရဲ့။ ညီအစ်ကို တစ်တွေဘာမှဖြစ်မထားတဲ့အတိုင်း လုံးထွေးလို့ပါပဲ။ ကျွန်မလည်း အလုပ်ခွင့်က တစ်လကြီးတောင် နားထားရတာမို့ ပြန်ရောက်တဲ့တစ်ရက်ပဲ အနားယူပြီး နောက်တစ်နေ့မှာ အလုပ်ဝင်ဖို့ ကုမ္ပဏီကို သတင်းပို့လိုက်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မပြန်ရောက်လာလို့ ၀မ်းတွေသာလို့။ အိမ်နဲ့ အလုပ်ကတစ်မြို့တည်းမှာမို့ သွားရေးလာရေး အဆင်ပြေတယ်ဆိုပါတော့။

သားသမီးတွေလည်း သူတို့ကျောင်းစာနဲ့ သူတို့လုံးချာလိုက်ပြီး မအားနိုင်ကြပါဘူး။ အထူးသဖြင့် သားလတ်ရွှေစင်က ကျောင်းပြီးခါနီးပြီမို့ အလုပ်ဝင်ဖို့ စိတ်ကြိုက်ရှာရင်းလိုက်စုံစမ်းကြည့်နေလေရဲ့။ သူက စွန့်စွန့်စားစား ထူးထူးဆန်းနဲ့ ကမ္ဘာ့အနှံ့ ခရီးသွားရတာတွေကို ၀ါသနာပါပါတယ်။ သူ့ဟာသူ လျှောက် စုံစမ်းရင်း ရလာတဲ့ အလုပ်တစ်ခုက သူနဲ့အံကိုက်ပါပဲ။ Satellite Tracking တဲ့။ ၀န်ထမ်းနှစ် ရာပဲနေရတဲ့ ကရေးဘီးယန်းပင်လယ်ထဲက လူသူမရှိ ကျွန်းတစ်ခုပေါ်မှာ သွားနေရမှာတဲ့လေ။ လေးလ မှာတစ်ခါ အိမ်ပြန်ခွင့်ရှိတာဆိုတော့ အလုပ်သဘာဝကို ကြိုက်ပေမဲ့ မိသားစုကို ထားခဲ့ရမှာ ၀န်လေး တာနဲ့အဲဒီအလုပ်ကို လက်မခံဘဲ ပယ်လိုက်ရပါတယ်။

တစ်နေ့ ကျွန်မတို့ မိသားစုရဲ့ အစဉ်အလာ အားလုံးဆုံနေကျ စနေနေ့ နေ့လယ်စာစားပွဲမှာ အဲဒီ အကြောင်းကို စကားစပ်မိပြီး ပြေပြတော့ သာိးကြီး ခင်မောင်ဝင်းခန့်က Bendix Aero Space မှာ လည်းအလုပ်သစ်တွေခေါ်နေတယ်။ စိတ်ဝင်စားရင်လျှောက်ပါလားလို့ သူ့ညီကိုသတင်းပေးလိုက်တာ နဲ့လျှောက်လွှာတင်လိုက်တော့ မကြာခင်မှာပဲ အင်တာဗျူးလုပ်ဖို့ အကြောင်းကြားစာ ရောက်လာပါ တယ်။ သားအလုပ်ရပြိဆိုတာ သတင်းကောင်း ကြားရတဲ့နေ့က ကျွန်မပျော်မဆုံးပါပဲ။ သားကိုယ်တိုင် လည်း ၀မ်းသာအားတက်နေပုံရပါတယ်။

"အိမ်အတွက် ပေသွင်းရတဲ့ Mortgage ကိုဒီလကုန်က စပြီး တာဝန်ယူမယ်မာမီ။ သားမှာ ၀င်ငွေရှိလာ ပြီပဲ။ မာမီအဲဒီအတွကိမပူနဲ့တော့"တဲ့။
အရွယ်နဲ့မလိုက် တာဝန်သိတတ်တဲ့ သားရဲ့မျက်နှာနုနုလေးကို ကြည့်ပြီး ရင်ထဲမှာ နင့်သွားအောင် ခံစားလိုက် ရပါတယ်။ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ဆိုတာ လူငယ်တို့သဘာဝ အပေါင်းအသင်း သူငယ်ချင်းတွေ နဲ့ ပျော်လို့ပါးလို့ သုံးလို့ဖြုန်းလို့ ကောင်းတုန်းအရွယ် မဟုတ်လားနော်။ အမေနဲ့ ဦးပဲအတူထမ်းပြီး မိသားစုရဲ့ တာဝန်ကို ယူမယ်ဆိုတဲ့ စကားကြောင့် ရင်ထဲမှ ကျေးဇူးတင်စိတ်နဲ့အတူ သားရဲ့စေတနာ ကို လေးစားတန်ဖိုး ထားမိပါတယ်။

ကျွန်မအတွက် လစဉ် ဘဏ်တိုက်ကို ပေးသွင်းရတဲ့ အိမ်ဖိုးက အဓိကထားရတဲ့ အရေးအကြီးဆုံးပြဿ နာမို့သားတာဝန်ယူလိုက်တာအတွက် ခေါင်းအတော်ပေါ့သွားရပါတယ်ဆိုပါတော့။ ဒီအချိန်မှာ သားရဲ့ သူငယ်ချင်း စစ်တပ်ထဲဝင်ဖို့ လျှောက်လိုက်တာ ရသွားတာနဲ့ တာဝန်ရှိရာ North Carolwa ကို ပြောင်းသွားရပြန်ပါရော။ အိမ်မှာသားတစ်ယောက်လို အချိန်ကြာမြင့်စွာ အတူနေခဲ့တာမို့ မင်ူးရှင် ပြောင်းသွားတာ ကျွန်မရင်ထဲမှာ ဟာကျန်ခဲ့တာပါပဲ။ ကျန်တဲ့ သားသမီးတွေကလည်း မင်းရှင်ကို လွမ်း ကြလို့ပေါ့။
တစ်ခါတော့ ဘယ်သူ က စလိုက်တဲ့ ကောလဟလလည်း မသိပါဘူး။ မြန်မာပြည်က ကျွန်မနဲ့ ရင်းနှီး ခင်မင်တဲ့ သူငယ်ချင်း တစ်ဦးက သမီးကေသီဆီ စာတစ်စောင်ရေးလာပါတယ်။ စာပါအကြောင်းအရာ ကကျွန်မ ကားတိုက်ခံ ရပြီး သေသွားတဲ့သတင်း ကြားရတဲ့အတွက် ၀မ်းနည်းကြောင်း သတင်းမေးထား တာပါ။ အဲဒီစာဖတ်ပြီး ကျွန်မ တို့အားလုံး ရယ်ဖွဲ့ရပါသေးတယ်။

သတင်းက ဒါနဲ့တင်မပြီးသေးဘူး။ ၾသစေၾတးလ်။ ကနေဒါ စတဲ့နိုင်ငံတွေ ရောက်နေတဲ့ ကေသီရဲ့ သူငယ်ချင်းတွေ ဆီကလည်း ကျွန်မကွယ်လွန်သွားတာအတွက် စိတ်မကောင်းဖြစ်ရကြောင်း စာတွေ ထပ်ရောက် လာပြန်ပါရော။ တစ်စတစ်နဲ့ ဟိုလူ့ဆီက စလာ။ ဒီလူ့ဆီက စာလာနဲ့ ဒီသတင်းက တော်တော်ပြန့်နေပုံပါပဲ။ ကျွန်မက "တို့များ တုံးကျော်တာ၊ အသက်ရှည်ဦးမယ်ဟေ့"နဲ့တောင် နောက်ပြောင်ပြောရပါသေးတယ်။
တစ်နေ့တော့ ဦးမြလှိုင်က သမီးယမင်းဆီ ဖုန်းဆက်လာတယ်တဲ့။
"သမီးမာမီ ကားတိုက်လို့ ဆုံးသွားတယ် ဆိုတာ ဟုတ်သလား"လို့ မေးပါတယ်။
"ကြံကြံဖန်ဖန် ဖေဖေကလည်းမဟုတ်ပါဘူး"လို့ ယမင်းက ပြန်ပြောတော့ ဦးမြလှိုင်က မယုံဘူးတဲ့။

"အမှန်အတိုင်းပြောပါ သမီးရယ်၊ ဖုန်းမထားပါနဲ့။ ဖေဖေတရားနဲ့ ဖြေနိုင်ပါတယ်"လို့ ပြောတယ်တဲ့ လေ။
သူ့အဖေ နဲ့ ပြောပြီးတာနဲ့ သမီးကချက်ချင်းဖုန်းဆက်ပြောလာပါတယ်။ "မာမီတကယ်သေသွား တယ် ထင်ပြီးဖေဖေ ဖုန်းဆက်လာတယ်။ တရားနဲ့ဖြေနိုင်ပါတယ်သမီး ရယ်နဲ့ ပြောတဲ့ ဖေဖေ့ အသံကြီးက လည်း ငိုသံပါကြီးနဲ့" တဲ့။
သြော်...နှစ်ပေါင်းများစွာ အတူလက်တွဲလာခဲ့တဲ့အပြင် သားသမီးတွေရဲ့ မိခင်တစ်ယောက်အနေနဲ့ သံယောဇဉ် တစ်မျှင်လောက်တော့ သူ့ရင်ထဲမှာ ကျန်ရှိနေသေးတယ် ထင်ပါရဲ့လေ။

ဆက်ရန်
.

No comments: